← Chapters

မြွေလူသားတွေ သားစပ်မွေးမြူနေတာလား

Vol. 18 Ch. 185

မြွေလူသားတွေ သားစပ်မွေးမြူနေတာလား

Vol. 18 Ch. 185

နတ်ဆိုးအင်မော်တယ်

စာစဥ်(၁၈)

စုန့်ဝမ် အတွေးထဲ နစ်မျောနေချိန် လင်းယုန်ကြီးသည် ကျိုးစစ်ယိကို သယ်ဆောင်လျက် မြေပြင်သို့ ညင်သာစွာ ဆင်းသက်လာသည်။ ကျိုးစစ်ယိ၏ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လှသည်။ ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ထိခိုက်ရုံတင်မကဘဲ အရိုးအမြောက်အမြားလည်း ကျိုးသွားခဲ့သည်။ ထို့ကြောင့် ကုသရေးဆေးပြားကို တိုက်ကျွေးပြီး အဆောင်သို့ ပြန်ပို့ကာ ဒဏ်ရာများကို ကု​သစေရသည်။

ကျိုးစစ်ယိမှလွဲ၍ ဝိညာဉ်သားရဲမွေးမြူရေးခြံအတွင်းရှိ အခြားသူ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိကြပေ၊ သို့သော် တိုက်ပွဲ၏ နောက်ဆက်တွဲဒဏ်ကြောင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးသွားခဲ့သည်။

ဝတ်စုံနက် နှစ်ယောက်သည် အစမှအဆုံးတိုင် မွေးမြူရေးခြံတွင်းရှိ မည်သည့် ချီစုစည်းခြင်း တပည့်ကိုမျှ တိုက်ခိုက်ခြင်းမရှိခဲ့ပေ။ သူတို့၏ ရည်ရွယ်ချက်မှာ လျိုကျန်း မြွေလူသားကို မဖမ်းဆီးနိုင်စေရန် ဟန့်တားနှောင့်ယှက်ရုံသာ ရည်ရွယ်ခြင်း ဖြစ်ပုံရသည်။

သုံးရက်အကြာတွင် ကျိုးစစ်ယိသည် သူမ၏ဒဏ်ရာများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူမ ထွက်လာသည်နှင့် လျိုကျန်း၊ ကျိုးစစ်ယိနှင့် စုန့်ဝမ်တို့သည် အမြင့်ဆုံးအဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် စုဝေးဆွေးနွေးကြသည်။

"အကြီးအကဲလျို... မြွေလူသားရဲ့ သဲလွန်စများ ရသေးလား" ဟု ကျိုးစစ်ယိက မေးလိုက်သည်။

မူလက မြွေလူသားမှာ အစီအရင်ထဲတွင် ပိတ်မိပြီး ဖမ်းမိရန် သေချာနေချိန်တွင် မည်သူမှန်းမသိသော ဝတ်စုံနက် နှစ်ဦး၏ နှောင့်ယှက်မှုကြောင့် လွတ်မြောက်သွားသည့်အပြင် သူမကိုပါ သေလုမျောပါးဖြစ်အောင် တိုက်ခိုက်ခဲ့သဖြင့် ကျိုးစစ်ယိမှာ ထိုရလဒ်ကို လက်မခံနိုင်ဘဲ မကျေမချမ်း ဖြစ်နေသည်။

လျိုကျန်းသည်လည်း ကျယ်ပြန့်လှသော ရေအိုင်ကြီးကို ကြည့်ရင်း စိတ်ပျက်အားလျော့နေသော အမူအရာ ပေါ်လာသည်။

"ဒီကောင်က သူ့အော်ရာကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ဒီလိုကျယ်ပြန့်တဲ့ ရေအိုင်ကြီးထဲကို တစ်ခါ ထွက်ပြေးသွားပြီဆိုရင် ပြန်ရှာဖို့ မလွယ်တော့ဘူး"

"ဒါဆို ဝတ်စုံနက် နှစ်ယောက်ကော၊ သူတို့သတင်း စုံစမ်းလို့ ရလား။ သူတို့ကို အပိုင်းပိုင်း မဖြတ်ရရင် ကျွန်မ ဒေါသပြေမှာမဟုတ်ဘူး" ဟု ကျိုးစစ်ယိ ပြောသည်။

လျိုကျန်း စိတ်ပျက်လက်ပျက် ခေါင်းခါပြသည်။

"အဲဒီနှစ်ယောက်နဲ့ ပတ်သက်ပြီးတော့လည်း ဘာသဲလွန်စမှ မရှိဘူး"

"အဲဒီ ဝတ်စုံနက်တွေက ဘာလို့ မြွေလူသား ထွက်ပြေးနိုင်အောင် ကူညီပေးရတာလဲ။ သူတို့နဲ့ မြွေလူသားကြားမှာ တစ်ခုခု ပတ်သက်နေတာများ ရှိမလား” ဟု ကျိုးစစ်ယိက မေးမြန်းသည်။

လျိုကျန်း၏ မျက်နှာ မည်းမှောင်သွားည်။

"ဒီမြွေလူသားက ငါကိုယ်တိုင် မွေးမြူထားတာ။ သူတို့နဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ၊ အဲဒီနှစ်ယောက်က တမင်တကာ ပြဿနာလာရှာပြီး ငါတို့ကို ဒုက္ခပေးနေတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း အဲဒီ ဝတ်စုံနက် နှစ်ယောက် တစ်ခါလာဖူးတယ်၊ မြွေလှောင်အိမ်ကို တိတ်တဆိတ် ဖွင့်ပေးခဲ့လို့ အစိမ်းရောင်မြွေ အများကြီး လွတ်သွားခဲ့ဖူးတယ်"

"သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးလုပ်တာလဲ" ဟု ကျိုးစစ်ယိက ဇဝေဇဝါဖြင့် မေးသည်။

"ဘယ်သူသိမှာလဲ။ ဖြစ်နိုင်တာက သူတို့မှာ ဂိုဏ်းအပေါ် ရန်ငြိုးရှိတာ၊ ဒါမှမဟုတ် ငါ့အပေါ် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရှိတာ၊ ဒါမှမဟုတ် လိုက်ရှုပ်ရတာကို ပျော်နေတာ ဖြစ်နိုင်တယ်။ ဒီဖြစ်ရပ်ကြောင့် ငါတို့ မြွေလူသားကို ပြန်ဖမ်းဖို့ အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး" ဟု လျိုကျန်းက ပြန်ဖြေသည်။

ထိုအချိန်တွင် တိတ်ဆိတ်နေသော စုန့်ဝမ်က ကြားဝင်ပြောလိုက်သည်။

"အကြီးအကဲလျိုမှာ မြွေလူသားကို မျှားခေါ်တဲ့ နည်းလမ်းရှိတာပဲ၊ နောက်တစ်ကြိမ် ထွက်လာအောင် ပြန်မျှားခေါ်လို့ ရတာပေါ့ မဟုတ်ဘူးလား"

လျိုကျန်းက ခေါင်းခါပြသည်။

"အဲဒီသတ္တဝါက ဉာဏ်ရည် အရမ်းမြင့်တယ်၊ နောက်တစ်ခါ အဲဒီလို အလွယ်တကူ လှည့်စားခံမှာ မဟုတ်ဘူး"

"ဒါနဲ့ မြွေလူသားကို ဘယ်လိုနည်းလမ်းနဲ့ မျှားခေါ်ခဲ့လဲဆိုတာ ကျွန်တော် သိချင်မိတယ်" ဟု စုန့်ဝမ်က မေးလိုက်သည်။

လျိုကျန်းက ကျိုးစစ်ယိကို အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်၏။

"ဒါက အကြီးအကဲကျိုးကြောင့်ပါ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သားရဲတွေ မွေးမြူတဲ့နေရာမှာ အဲဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ငါ့မှတ်တမ်းတွေကို လေ့လာပြီးတော့ ငါ ဒုတိယအဆင့် မြွေလူသားကို ဘာကြောင့် အောင်အောင်မြင်မြင် မွေးမြူနိုင်ခဲ့လဲဆိုတဲ့ အကြောင်းရင်းတွေကို ခွဲခြား သိမြင်သွားတယ်။ လွန်ခဲ့တဲ့ ခြောက်လအတွင်း စမ်းသပ်မှု အကြိမ်တစ်ထောင်ထက်မနည်း လုပ်ခဲ့ပြီး နောက်ဆုံးမှာ ခန္ဓာကိုယ်မျှခြေ တည်ငြိမ်တဲ့ မြွေလူသားတစ်ကောင်ကို ထပ်ပြီး မွေးမြူနိုင်ခဲ့တယ်။ ပိုတန်ဖိုးရှိတာ အဲဒါက အမ ဖြစ်နေတာပဲ။ ဒီကမ္ဘာပေါ်မှာ စစ်မှန်တဲ့ မြွေလူသား နှစ်ကောင်ပဲ ရှိတာ။ အကြီးအကဲကျိုးက မြွေလူသားအမရဲ့အနံ့ကို ရရင် အထီး​ကောင် သေချာပေါက် လာလိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်။ မျိုးပွားခြင်းဆိုတာ သက်ရှိအားလုံးရဲ့ ဗီဇပဲ မဟုတ်လား။ ဒါကြောင့် ငါတို့က နေ့တိုင်း အမကောင်ရှိတဲ့ ကန်ထဲက ရေတွေကို ရေအိုင်ကြီးထဲ ဖောက်ချပေးတယ်။ ဒီရေထဲမှာ မြွေလူသားအမကောင်ရဲ့ ထူးခြားတဲ့ အနံ့တွေ ပါသွားပြီး အထီး​ကောင်ကို ဆွဲဆောင်တဲ့ ငါးစာအဖြစ် အသုံးဝင်ခဲ့တာပေါ့"

စုန့်ဝမ်၏ မျက်နှာမှာ အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

"နောက်ထပ် ဒုတိယအဆင့် မြွေလူသား တစ်ကောင်ကို ထပ်မွေးမြူနိုင်ခဲ့တာလား"

"မြွေလူသားအမက မွေးကင်းစပဲ ရှိသေးတာ၊ ဒုတိယအဆင့်ကို မရောက်သေးပါဘူး" ဟု ကျိုးစစ်ယိက ဂုဏ်ယူမှုကို မဖုံးကွယ်နိုင်ဘဲ ပြန်ဖြေသည်။

စုန့်ဝမ်သည် သူမကို တစ်ချက် စောင်းငဲ့ကြည့်မိသည်။ သူသည် ကျိုးစစ်ယိကို အမြဲတမ်း ရိုးသားဖြူစင်ပြီး မရှုပ်ထွေးသူဟု ထင်ခဲ့ပြီး၊ လူသားသန္ဓေသားနှင့် သားရဲသန္ဓေသားကို ပေါင်းစပ်သည့် ဤကဲ့သို့သော လူမဆန်သည့် စမ်းသပ်မှုများကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် သူမ၌ အလွန်နက်ရှိုင်းသော အကြံအစည်များ ရှိနေသည်ဟု မဆိုလိုသော်လည်း၊ ရိုးရိုးရှင်းရှင်း စိတ်နှလုံး ကောင်းမြတ်သူတစ်ဦး မဟုတ်သည်မှာ သေချာလှသည်။

ကျိုးစစ်ယိနှင့် ပထမဆုံး တွေ့ခဲ့စဉ် ဝေ့တင်းက သူမကို ဝိညာဉ်သားရဲတောင်ထိပ် ဒုတိယတောင်သခင်၏ သမီးဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်။ ဆေးဖော်စပ်ခြင်းပညာရပ်ကို စိတ်ဝင်စားသောကြောင့် အခြေတည်အဆင့် တက်ပြီးနောက် ဆေးတောင်ထိပ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုကြည့်ရသည်မှာ သူမ၏ ဆေးဖော်စပ်ခြင်း ပါရမီမှာ အတော်ပင် ထူးခြားပြီး သားရဲမွေးမြူခြင်း ပညာရပ်တွင်လည်း ပါရမီနှင့် ကျွမ်းကျင်မှုမှာ အလွန်မြင့်မားလှသည်။

စုန့်ဝမ်အနေဖြင့် ကျိုးစစ်ယိ ဝိညာဉ်သားရဲတောင်ထိပ်မှ ထွက်ခွာပြီး ဆေးတောင်ထိပ်သို့ ဝင်ရောက်ခဲ့ခြင်းကို စိတ်ဝင်စားလာသည်။

"ဒါနဲ့ လွန်ခဲ့တဲ့ သုံးရက်က အန္တရာယ်ကြုံနေချိန်မှာ ကူညီပေးခဲ့တဲ့အတွက် ဂျူနီယာဝူကို ကျေးဇူးတင်ပါတယ်"

ကျိုးစစ်ယိက မတ်တတ်ရပ်ကာ စုန့်ဝမ်ကို ကျေးဇူးတင်ကြောင်း ပြောပြီး ဂါရဝပြုလိုက်သည်။

စုန့်ဝမ်က ကပျာကယာ လက်ကာပြလိုက်သည်။

"စီနီယာမအစ်မကျိုး... အားနာစရာ မလိုပါဘူး။ ကျွန်တော်တို့က ဂိုဏ်းတူတွေပဲ၊ ပြီးတော့ စီနီယာအစ်မက ကျွန်တော့်ကို အများကြီး စောင့်ရှောက်ပေးခဲ့တာပဲ။ ကူညီပေးရတာ ကျွန်တော့် တာဝန်ပါ"

"အသက်ကယ်တဲ့ကျေးဇူးကို ပေါ့ပေါ့တန်တန် သဘောထားစရာလား။ မင်းမှာ ဝိညာဉ်သားရဲ မရှိသေးဘူး မဟုတ်လား၊ ဂိုဏ်းကို ပြန်ရောက်ရင် မင်းနဲ့ သင့်တော်မယ့် ဝိညာဉ်သားရဲတစ်ကောင် ရှာဖို့ ငါ သေချာပေါက် ကူညီပေးမယ်" ဟု ကျိုးစစ်ယိက ကတိပေးသည်။

"စီနီယာအစ်မရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ငွေကြေးအခြေအနေက ဝိညာဉ်သားရဲတစ်ကောင် မွေးမြူဖို့ အရမ်းကျပ်တည်းနေလို့ လက်မခံပါရစေနဲ့" ဟု စုန့်ဝမ်က ကျိုးစစ်ယိ၏ ကမ်းလှမ်းမှုကို ပါးပါးနပ်နပ် ငြင်းပယ်လိုက်သည်။

စုန့်ဝမ်အတွက် သာမန်ဝိညာဉ်သားရဲများသည် သူ့စွမ်းအားကို တိုးတက်စေမည် မဟုတ်ဘဲ၊ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် အရင်းအမြစ်နှင့် အချိန်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် စုန့်ဝမ်က စကားလမ်းကြောင်း လွှဲပြီး "စီနီယာအစ်မကျိုး... ကျွန်တော်တို့ တာဝန်ပြီးသလောက် ရှိပြီဆိုတော့ ဘယ်တော့ ပြန်ကြမလဲ” ဟု မေးလိုက်သည်။

"ငါတို့ ထွက်လာတာ ခြောက်လ ရှိပြီ၊ တကယ်လည်း ပြန်ဖို့ အချိန်တန်ပါပြီ။ မနက်ဖြန်ပဲ ခရီးစထွက်ကြမယ်"

"မင်းတို့နှစ်ယောက်က ဂိုဏ်းကို ပြန်တော့မှာလား" ဟု လျိုကျန်းက မေးသည်။ ကျိုးစစ်ယိ ခေါင်းညိတ်ပြသောအခါ သူက ဆက်ပြောသည်။

"မင်းတို့နှစ်ယောက်က ငါ့ကို အချိန်အကြာကြီး ဒုက္ခပေးနေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တာပဲ။ ငါ့မှာ မင်းတို့ကို ပေးစရာ ဘာမှမရှိပေမယ့် မင်းတို့ရဲ့ အားထုတ်မှုတွေကို သေချာ တင်ပြပေးပါ့မယ်။ ဂိုဏ်းက မင်းတို့ကို ရက်ရက်ရောရော ဆုချလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

…….

သုံးရက်အကြာတွင် စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့ ဆေးတောင်ထိပ်သို့ ပြန်ရောက်လာကြသည်။

ရောက်ရောက်ချင်း ဝေ့တင်းထံ သွားကာ တာဝန်ပြီးဆုံးကြောင်း အစီရင်ခံကြသည်။ ဝေ့တင်းက မဟာယန်နိုင်ငံရှိ ဝိညာဉ်သားရဲမွေးမြူရေးခြံတွင် ဖြစ်ပျက်နေသည်များကို လုံးဝ မသိရှိပေ။ သူရရှိသော တာဝန်သတင်းတွင် ကျောက်စိမ်းမြွေများ မွေးမြူရာ၌ အဆင်မပြေဖြစ်နေသည်ဟူ၍သာ ပါရှိသည်။

ထို့ကြောင့် စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့က တာဝန်ပြီးဆုံးကြောင်း အစီရင်ခံသောအခါ ဝေ့တင်းက အရေးတယူ မလုပ်ပေ။

"မင်းတို့နှစ်ယောက် တစ်ပတ်လောက် အနားယူလိုက်ကြဦး။ ငါ တာဝန်ပြီးဆုံးကြောင်း ဂိုဏ်းကို အစီရင်ခံပြီးရင် မင်းတို့အတွက် ဆုလာဘ်တွေ မကြာခင် ထွက်လာလိမ့်မယ်"

စုန့်ဝမ်နှင့် ကျိုးစစ်ယီတို့သည် သူတို့၏ ကိုယ်ပိုင်လိုဏ်ဂူများသို့ ပြန်ခဲ့ကြသည်။

နောက်တစ်နေ့ ညနေပိုင်းတွင် စုန့်ဝမ်သည် ဆေးတောင်ထိပ်၏ တောင်ခြေရင်းရှိ ဆိတ်ငြိမ်သော ဝါးတောထဲသို့ ရောက်ရှိလာသည်။ သူရောက်ရှိလာချိန်တွင် တစ်စုံတစ်ယောက်မှာ ထိုနေရာ၌ စောင့်ဆိုင်းနေနှင့်ပြီးသား ဖြစ်သည်။ ထိုသူ၏အမည်မှာ ဟောက်ချွမ်ဖြစ်ပြီး ဆေးတောင်ထိပ်၏ အပြင်စည်းတပည့်တစ်ဦး ဖြစ်ကာ ချီစုစည်းခြင်း အဋ္ဌမအဆင့်ရှိသူ ဖြစ်သည်။

စုန့်ဝမ်အနေဖြင့် သူကိုယ်တိုင် အဝါရောင်မှိုများကို အမြောက်အမြား ဝယ်ယူနေပါက မလိုအပ်ဘဲ အာရုံစိုက်ခံရမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ဆေးတောင်ထိပ်ရှိ တပည့်များအကြား နာမည်ကောင်းရှိသော ဟောက်ချွမ်ကို အဝါရောင်မှို တစ်ပွင့်လျှင် ဝိညာဉ်ကျောက်တုံး ၃၀ ပိုပေးကာ ကိုယ်စား ဝယ်ယူပေးရန် ကမ်းလှမ်းခဲ့သည်။

စုန့်ဝမ် ရောက်လာသည်ကို မြင်သောအခါ ဟောက်ချွမ်က အရိုအသေပေး နှုတ်ဆက်သည်။

"နှုတ်ခွန်းဆက်ပါတယ် စီနီယာ"

စုန့်ဝမ်သည် ဟောက်ချွမ်နှင့် အရောင်းအဝယ်လုပ်တိုင်း ဝတ်ရုံရှည်ဝတ်ပြီး မျက်နှာဖုံးစွပ်ကာ ဖုံးကွယ်ထားသဖြင့် ဟောက်ချွမ်သည် စုန့်ဝမ်နှင့် ပတ်သက်၍ ဘာမှမသိပေ။

အရောင်းအဝယ်ပြုလုပ်မည့် နေရာများကိုလည်း စုန့်ဝမ်က ရွေးချယ်ပြီး အချိန်နီးကပ်မှသာ ဟောက်ချွမ်ထံ အသိပေးလေ့ရှိသည်။ အရောင်းအဝယ် မပြုလုပ်မီ တစ်ရက်အလိုတွင် ဟောက်ချွမ်၏ နေအိမ်၌ ကူပိုးကောင်တစ်ကောင် တိတ်တဆိတ် ထားရှိကာ လှုပ်ရှားမှုများကို စောင့်ကြည့်လေ့ရှိသည်။ အကယ်၍ တစ်စုံတစ်ရာ သင်္ကာမကင်းဖွယ် တွေ့ရှိပါက စုန့်ဝမ်သည် ချိန်းဆိုထားသည့်အတိုင်း ပေါ်လာလိမ့်မည် မဟုတ်ပေ။ စုန့်ဝမ်ကို စိတ်ကျေနပ်စေသောအချက်မှာ ယခုအချိန်အထိ သူတို့၏ အရောင်းအဝယ်များမှာ အလွန်ပင် ချောမွေ့နေခြင်း ဖြစ်သည်။

ဟောက်ချွမ်သည်လည်း ဤအပေးအယူအပေါ် စိတ်ကျေနပ်မှု ရှိသည်။ သူ့အနေဖြင့် ဆေးတောင်ထိပ်မှ အဝါရောင်မှို ဆယ်ပွင့်မှ အပွင့်နှစ်ဆယ်အထိ လစဉ် ဝယ်ယူနိုင်ပြီး၊ ၎င်းတို့ကို ပြန်လည်ရောင်းချပြီးနောက် ဝိညာဉ်ကျောက် ရာနှင့်ချီပြီး အမြတ်ရနေသည် မဟုတ်ပါလား။

လူချင်းတွေ့သည်နှင့် ဟောက်ချွမ်က စကားဆိုလာသည်။

"စီနီယာ... ပြီးခဲ့တဲ့အကြိမ် ကျွန်တော့်ကို ဆက်သွယ်တုန်းက အပြင်သွားစရာရှိတယ်လို့ ပြောခဲ့ပေမယ့်၊ အခုလို လနဲ့ချီ ကြာသွားလိမ့်မယ်လို့ မထင်ထားဘူး။ ဒီကြားထဲ ကျွန်တော် စုထားတဲ့ငွေတွေ အကုန်လုံးကို အဝါရောင်မှို ဝယ်တဲ့နေရာမှာ သုံးလိုက်ရတယ်၊ စီနီယာ ပြန်လာတာ နောက်ကျနေတော့ ကျွန်တော် တကယ်ကို အခက်တွေ့နေခဲ့တာပါ"

စုန့်ဝမ်သည် ဟောက်ချွမ်၏ ညည်းတွားမှုကို အရေးမစိုက်ဘဲ "ဒီတစ်ခါ မှိုဘယ်နှစ်ပွင့် ပါလာလဲ"ဟု မေးသည်။

"၃၄ ပွင့် ပါပါတယ်"

"အိုး .. ဒီတစ်ခါ ဒီလောက်တောင် များတာလား၊ ကောင်းတယ်" ဟု စုန့်ဝမ်က စိတ်ကျေနပ်စွာ ပြောလိုက်ရင်း ဟောက်ချွမ်ထံသို့ သိုလှောင်အိတ်တစ်ခု ပစ်ပေးလိုက်သည်။ "ဒီမှာ ဝိညာဉ်ကျောက် ရှစ်ထောင် ရှိတယ်၊ ပိုတာကို ယူလိုက်ပါ"

"ကျေးဇူးတင်ပါတယ် စီနီယာ" ဟု ဟောက်ချွမ် စိတ်လှုပ်ရှားစွာ ပြောရင်း သိုလှောင်အိတ်ကို ဖမ်းယူပြီးနောက် သိုလှောင်အိတ်တစ်ခုကို စုန့်ဝမ်ထံ ပြန်ပစ်ပေးလိုက်သည်။

စုန့်ဝမ်သည် ဝိညာဉ်အာရုံဖြင့် သိုလှောင်အိတ်အတွင်းရှိ မှိုများ အခြေအနေ ကောင်းမွန်ကြောင်း စစ်ဆေး အတည်ပြုပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်။

….

နောက်ရက်အနည်းငယ်တွင် စုန့်ဝမ်သည် လိုဏ်ဂူအတွင်း၌သာ အချိန်ကုန်လွန်ခဲ့ပြီး သွေးပေါက်ကွဲဆေးလုံးကို ဆက်လက် သုတေသနပြုနေသည်။ အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားနေရသော်လည်း ထိုနောက်ဆုံးခြေလှမ်းမှာမူ အမြဲတမ်း ဝေးကွာနေဆဲ ဖြစ်သည်။

ကြိုးပမ်းမှုတိုင်းမှာလည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့သည်။

ရှစ်ရက်မြောက်နေ့တွင် စုန့်ဝမ် ကျိုးစစ်ယိထံမှ သူ့အတွက် သတင်းကောင်းတစ်ခု စောင့်နေသည်ဟု ဆိုကာ ဆေးဖော်စပ်ခန်းသို့ အမြန်လာရန် အကြောင်းကြားချက်ကို လက်ခံရရှိခဲ့သည်။

စုန့်ဝမ်လည်း ပစ္စည်းများ အလျင်အမြန် ရှင်းလင်း သိမ်းဆည်းပြီး ဆေးဖော်စပ်ခန်းသို့ အပြေးသွားခဲ့သည်။

ဆေးဖော်စပ်ခန်းသို့ မရောက်မီမှာပင် ကျိုးစစ်ယိသည် လေထဲတွင် လှပစွာ ပျံဝဲလျက် တစ်စုံတစ်ယောက်ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

"စီနီယာအစ်မကျိုး... ဘယ်သူ့ကို စောင့်နေတာလဲ” ဟု စုန့်ဝမ်က သူမအနားသို့ ဓားပျံဖြင့် ပျံသန်းသွားရင်း မေးလိုက်သည်။

"ဂျူနီယာမောင်လေးဝူကိုလေ" ဟု ကျိုးစစ်ယိက ပြန်ဖြေရင်း သိုလှောင်အိတ်တစ်ခု ပစ်ပေးလိုက်သည်။

စုန့်ဝမ်သည် သိုလှောင်အိတ်ကို ဖမ်းယူစစ်ဆေးလိုက်ရာ ဝိညာဉ်ကျောက်တုံးပေါင်း နှစ်သောင်းတိတိ ရှိနေသည်ကို တွေ့လိုက်ရသည်။

"စီနီယာအစ်မ ... ဒါက ဘာလဲ"

"ဟိုတစ်နေ့က မင်း ငါ့ကို ကယ်ခဲ့တယ်လေ၊ အဲဒါအတွက် ကျေးဇူးဆပ်ဖို့ ဝိညာဉ်သားရဲတစ်ကောင် ရှာပေးမယ်လို့ ငါ ကတိပေးခဲ့တာ။ ဒါပေမဲ့ မင်းက ဝိညာဉ်သားရဲကို ငြင်းခဲ့တော့ ဝိညာဉ်ကျောက်တွေနဲ့ပဲ ကျေးဇူးတင်ကြောင်း ဖော်ပြရတာပေါ့" ဟု ကျိုးစစ်ယိက ရှင်းပြသည်။

စုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို လက်ခံသင့်၊ မခံသင့် ဝေခွဲရခက်နေသည့်ပုံစံ ဟန်ဆောင်ပြလိုက်သည်။

"ကျွန်တော်က လုပ်သင့်တာ လုပ်ခဲ့ရုံပါ၊ ဒီလောက် တန်ဖိုးကြီးတဲ့ ဆုလာဘ်ကို မရထိုက်ပါဘူး။ ကျွန်တော် လက်မခံနိုင်ပါဘူး။ စီနီယာအစ်၊ ဒါတွေကို ပြန်ယူပါ

ကျိုးစစ်ယိက ပြုံးရင်း ခေါင်းခါလိုက်သည်။

"ဂျူနီယာမောင်လေး... ဒါကို လက်ခံလိုက်ပါ။ ဒီတာဝန်က အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဆိုတော့ ဂိုဏ်းကနေ ရရှိတဲ့ ဆုလာဘ်တွေက ဒီဝိညာဉ်ကျောက်တုံး နှစ်သောင်းထက် အများကြီး ပိုပါတယ်"

စုန့်ဝမ်လည်း ဆက်မပြောတော့ဘဲ သိုလှောင်အိတ်ကို သိမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"

စုန့်ဝမ်အတွက်မူ ဤဝိညာဉ်ကျောက်နှစ်သောင်းမှာ မထင်မှတ်ဘဲ ရရှိသော ဆုလာဘ်ပင် ဖြစ်သည်။

ကျိုးစစ်ယိသည် လူ့အသက်ကို တန်ဖိုးမထားသော်လည်း၊ သူမအပေါ်ရှိသော ကျေးဇူးနှင့် ရန်ငြိုးများကိုမူ အလွန်ပင် ရှင်းလင်းစွာ ခွဲခြားထားသူဖြစ်သည်။ စုန့်ဝမ်ကို ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးခြင်းမှာ စုန့်ဝမ်သည် ငွေကြေးကျပ်တည်းနေသည့် လက္ခဏာများကို မကြာခဏ ပြသလေ့ရှိခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။

"မောင်လေးဝူ... သွားကြစို့။ ဂိုဏ်းက ငါတို့အတွက် ဆုလာဘ်တွေ ပေးဖို့ ရှိတယ်"

………..

All Chapters