← Chapters

သွေးမိစ္ဆာကို ထောင်ချောက်ဆင် ဖမ်းပြီ

Vol. 18 Ch. 191

သွေးမိစ္ဆာကို ထောင်ချောက်ဆင် ဖမ်းပြီ

Vol. 18 Ch. 191

ချန်ရွှေ့တာ လာပြီးကတည်းက ချန်ကျိုးလုသည် စုန့်ဝမ်ဆီသို့ နေ့စဉ် လာရောက်လေ့ရှိသည်။ စုန့်ဝမ်ကို ဧည့်ဝတ်ကျေပွန်စွာ ဂရုစိုက်ဟန်ဖြင့် လာရောက်လေ့ ရှိသော်လည်း အမှန်တကယ်တွင်မူ စောင့်ကြည့်နေခြင်း ဖြစ်သည်။ စုန့်ဝမ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အခန်းထဲမှ မထွက်ခဲ့သဖြင့် ချန်ကျိုးလုနှင့် ချန်ရွှေ့တာတို့မှာ သူ့အပေါ် သတိထားမှု တဖြည်းဖြည်း လျော့ကျလာသည်။

စုန့်ဝမ် တံခါးဖွင့်ပြီး ထွက်လာသည်။

"အကြီးအကဲကျော့ ထွက်လာပြီလား၊ ဒါဆို ငါ အခုပဲ သွားလိုက်မယ်။ ဆေးမှုန့် အဆင်သင့်ဖြစ်ပြီဆိုတော့ သွေးမိစ္ဆာကို သုတ်သင်နိုင်မှာပါ။ အဲဒီအခါ မင်းမိသားစုအတွက် လက်စားချေပြီး ချန်မိသားစုမှာ ငြိမ်းချမ်းရေး ပြန်ရလာမှာပါ"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

စုန့်ဝမ် ချန်မိသားစု၏ ခန်းမဆောင်ကြီးသို့ ရောက်သည်နှင့် ဆေးဖော်စပ်ခန်းမှ ထွက်လာသော ကျော့ရွှေယွင်ကို မြင်လိုက်ရသည်။ ရက်အတော်ကြာ ဆေးဖော်စပ်ခဲ့ရသဖြင့် ကျော့ရွှေယွင်၏ မျက်နှာမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။

ချန်ရွှေ့တာက ကျော့ရွှေယွင်ကို ဝမ်းသာအားရ နှုတ်ဆက်နေသည်။

"ကျွန်တော်တို့ ချန်မိသားစုအတွက် ဆေးမှုန့်ကို မနားမနေ ဖော်စပ်ပေးတဲ့အတွက် အကြီးအကဲကျော့ကို ကျေးဇူးတင်ပါတယ်။ အချိန်က အရေးကြီးနေလို့ ဒီညမှာပဲ ဆေးမှုန့်ကို အသုံးပြုပြီး သွေးမိစ္ဆာကို မျှားခေါ်ဖို့ စီစဉ်ထားပါတယ်။ သွေးမိစ္ဆာကို ဖမ်းဆီးဖို့ အကြီးအကဲ နှစ်ယောက်လုံးရဲ့ အကူအညီကို လိုအပ်ပါတယ်၊ အဲဒီအပေါ်မှာ ဘယ်လို သဘောရပါသလဲ"

"မိသားစုခေါင်းဆောင် ပြောတာ မှန်ပါတယ်။ ဆေးမှုန့်က ဆေးအိုးထဲက ထွက်လာတာနဲ့ ဆေးအာနိသင် တဖြည်းဖြည်း လွင့်ပြယ်သွားမှာမို့ အမြန်ဆုံး အသုံးပြုရပါမယ်"

ကျော့ရွှေယွင်က ပြောပြီးသည်နှင့် စုန့်ဝမ်ကို ကြည့်လိုက်သည်။

စုန့်ဝမ်ကလည်း "အကြီးအကဲကျော့ သဘောပါ။ ကျွန်တော် အကောင်းဆုံး ကူညီပေးပါ့မယ်"ဟု ဖြေလိုက်သည်။

"အကြီးအကဲ နှစ်ယောက်လုံး သဘောတူတယ်ဆိုတော့ ဒီညပဲ လုပ်ကြရအောင်။ ကျွန်တော့်မိသားစုရဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်တဲ့ သွေးမိစ္ဆာကို အပြီးတိုင် သုတ်သင်ဖို့ ကူညီပေးကြပါ။ အကြီးအကဲတို့ ဧည့်ဆောင်ကို ပြန်ပြီး နားနေကြပါ။ ကျွန်တော် မိသားစုဝင်တွေနဲ့ ညှိနှိုင်းပြီး ထောင်ချောက်ဆင်ဖို့ အစီအရင် ပြင်ဆင်လိုက်ပါဦးမယ်"

ချန်ရွှေ့တာ ထွက်သွားပြီးနောက် စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့သည် ချန်မိသားစု၏ နောက်ခြံဝင်းရှိ ဧည့်ဆောင်ဆီသို့ ဦးတည်သွားကြသည်။

လမ်းသွားရင်း ကျော့ရွှေယွင်က "အကြီးအကဲဝူ... ဒီည သွေးမိစ္ဆာကို သုတ်သင်ပြီးရင် တာဝန်ပြီးဆုံးပါပြီ။ ဒီတာဝန်က ရှင့်အတွက် အပန်းဖြေခရီးထွက်သလိုပဲနော်" ဟု နောက်ပြောင် ပြောဆိုလာသည်။

စုန့်ဝမ်သည် ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။

"စိတ်မပူပါနဲ့ စီနီယာအစ်မ... ဂိုဏ်းကို ပြန်ရောက်ရင် တာဝန်ရေးရာခန်းမကို အမှန်အတိုင်း တင်ပြပေးပါ့မယ်။ ကျွန်တော် ရသင့်တဲ့ အခွင့်အရေးထက် ပိုမယူပါဘူး"

ကျော့ရွှေယွင်သည် စုန့်ဝမ်ကို အထင်အမြင်သေးစွာ ကြည့်ရင်း "ရှင်က နားလည်လွယ်သားပဲ" ဟု ပြောပြီး ဧည့်ဆောင်ရှိရာသို့ သန်းသွားသည်။

ချန်မိသားစု၏ ဧည့်ဆောင်များမှာ သီးခြားစီ တည်ရှိသော လုံးချင်းအိမ်များ ဖြစ်သဖြင့် စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့မှာ သီးခြားအိမ်များတွင် နေထိုင်ကြသည်။

……..

ညရောက်သည်နှင့် အမှောင်ဖုံးကာ ချန်မိသားစုနယ်မြေ တစ်ခုလုံး အမှောင်ထု လွှမ်းခြုံပြီး ငြိမ်သက်နေသည်။

စမ်းချောင်းဘေးက လယ်ကွင်းထဲတွင် ဝိညာဉ်စပါးပင်များ ရင့်မှည့်ချိန် ဖြစ်သဖြင့် ရွှေရောင်သန်းနေသော စပါးနှံများမှာ လေးလံစွာ ငိုက်စိုက်ကျနေသည်။ ထိုအခိုက် ထူးဆန်းသော ရနံ့တစ်ခုမှာ လယ်ကွင်း အလယ်ဗဟိုမှတစ်ဆင့် ပျံ့လွင့်လာသည်။ ဤရနံ့မှာ လူသားများအတွက် ဆွဲဆောင်မှု မရှိသော်လည်း မိစ္ဆာသားရဲများအတွက်မူ မလွန်ဆန်နိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

ရုတ်ချည်းဆိုသလို အလျား ဆယ်ပေကျော်ရှိသော ကျားမိစ္ဆာတစ်ကောင် ရုတ်တရက် ပေါ်လာပြီး လယ်ကွင်း အလယ်ဗဟိုသို့ ပြေးသွားသည်။ ကျားမိစ္ဆာ လယ်ကွင်း အလယ်ဗဟိုနှင့် ပေသုံးရာခန့်အရောက် ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် နှစ်ပိုင်း ကွဲထွက်သွားပြီး သွေးများ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် စပါးခင်းထဲမှ သွေးမိစ္ဆာ ပေါ်ထွက်လာပြီး ကျားမိစ္ဆာ၏ နှလုံးကို ဆွဲထုတ်ကာ ဝါးမြိုစားသောက်ရင်း လယ်ကွင်း အလယ်ဗဟိုသို့ ဦးတည်သွားသည်။

သွေးမိစ္ဆာမှာ အတော်လေး ဉာဏ်ကောင်းသည်။ လယ်ကွင်းထဲတွင် ခဏတာ ပုန်းအောင်းနေခဲ့ပြီး ချန်မိသားစုမှ ကျင့်ကြံသူများ စောင့်ကြည့်နေခြင်း မရှိကြောင်း သေချာမှ ထွက်ပေါ်လာပြီး ကျားမိစ္ဆာကို သတ်ဖြတ်လိုက်သည်။

ဤအချိန်တွင် သွေးမိစ္ဆာမှာ အတော်ပင် စိတ်ကျေနပ်နေသည်။ ချန်မိသားစုမှ အမျိုးသမီး တစ်ဒါဇင်ကျော်ကို ပြန်ပေးဆွဲခဲ့သည့် ညကတည်းက အဖိုသတ္တဝါတစ်ဦး၏ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ ၎င်း၏ မိတ်လိုက်လိုစိတ်ကြောင့် ယခင်ကထက် ပို၍ စိတ်လှုပ်ရှားနေပြီး သတိလည်း လျော့နည်းလာသည်။ မိမိကိုယ်ကို အထင်ကြီးစိတ်လည်း စွဲကပ်လာသည်။

လယ်ကွင်း အလယ်ဗဟိုတွင် ထူးဆန်းသော ရနံ့သာမက ၎င်း၏ သွေးသားအတွင်းမှ ထွက်ပေါ်လာသော ဆွဲဆောင်မှုတစ်ခုလည်း ရှိနေသည်။ ဤသွေးသားအတွင်းမှ ဆွဲဆောင်မှုမှာ ၎င်းကို အဆက်မပြတ် လမ်းပြပေးနေပြီး ချန်မိသားစုဝင်များကို သတ်ဖြတ်ကာ သူတို့၏ အသားနှင့် သွေးအဆီအနှစ်ကို စားသုံးရန် လမ်းပြပေးနေခြင်း ဖြစ်သည်။ လယ်ကွင်း အလယ်ဗဟိုတွင် ချန်မိသားစုဝင်များ ရှိနေပြီး စားသုံးခံရန် စောင့်ဆိုင်းနေသည်ဟုပင် ထင်မြင်လာသည်။

မကြာမီမှာပင် သွေးမိစ္ဆာသည် ဝိညာဉ်လယ်ကွင်း၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အဝါရောင် အမှုန့်ပုံတစ်ခု ရှိပြီး ဆွဲဆောင်မှုရှိသော ရနံ့မှာ ထိုအမှုန့်များထံမှ ထွက်ပေါ်နေသည်။ အဝါရောင်အမှုန့်ဘေးတွင် ချန်မိသားစုဝင်များ၏ သွေးအဆီအနှစ်များ ပါဝင်သော ကြွေဇလုံတစ်ခု ရှိသည်။

သွေးမိစ္ဆာသည် စိတ်မထိန်းနိုင်ဘဲ ကြွေဇလုံးအနား တိုးကပ်သွားစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး လမ်းကြောင်းပြောင်းကာ လယ်ကွင်းအစွန်သို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။ မိစ္ဆာသားရဲများသည် အမြဲတစေ သားရဲများသာ ဖြစ်သည်၊ နတ်ဆိုးသားရဲမျှားခေါ်မှုန့်၏ ဆွဲဆောင်မှုအောက်သို့ ကျရောက်သွားသည့်အချိန်တွင် ၎င်းမှာ ချန်မိသားစု၏ ထောင်ချောက်ထဲသို့ ကျရောက်ရန် ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။

သွေးမိစ္ဆာ လယ်ကွင်းအပြင် မရောက်မီမှာပင် အစီအရင် အကာအကွယ်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာပြီး လှောင်ပိတ်ထားလိုက်သည်။ သွေးမိစ္ဆာသည် အစီအရင် အကာအကွယ်ကို ဖျက်ဆီးရန် ကြိုးစားသော်လည်း တန်ပြန်သက်ရောက်မှုကြောင့် အစီအရင်အတွင်းသို့ ပြန်လည် လွင့်စင်သွားသည်။

ချန်ရွှေ့တာသည် အစီအရင်ထိန်းချုပ်တံဆိပ် ကိုင်ကာ အစီအရင် အပေါ်တွင် ဝဲပျံပြီး အားရကျေနပ်စွာ ရယ်မောနေသည်။

"ဟား ဟား ... မိစ္ဆာကောင်၊ မင်း ဒီနေ့ မလွတ်မြောက်နိုင်တော့ဘူး၊ အေးဆေးပဲ အညံ့ခံလိုက်တော့ ဟားဟားဟား..."

သွေးမိစ္ဆာသည် ချန်ရွှေ့တာကို မုန်းတီးစွာ မော့ကြည့်ရင်း သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး၊ လေထဲရှိ ချန်ရွှေ့တာကို တိုက်ခိုက်ရန် ကြိုးပမ်းသည်။

ချန်ရွှေ့တာသည် အစီအရင်ထိန်းချုပ်တံဆိပ်ကို လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် အစီအရင်အတွင်းရှိ ရွှေရောင်အလင်းတန်းများ ပိုမို ပြင်းထန်လာသည်။

"ဂရီး..."

သွေးမိစ္ဆာသည် ရွှေရောင်အလင်းတန်းများကို မခံနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

ချန်ရွှေ့တာသည် သွေးမိစ္ဆာကို အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ အစီအရင်ကို ဆက်လက် ထိန်းချုပ်ထားရာ ရွှေရောင်အလင်းတန်းများမှာ ပိုမို ပြင်းထန်လာသည်။ သွေးမိစ္ဆာမှာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရင်း လူးလိမ့်နေသည်။ ၎င်း၏ သွေးရောင် အသားအရေမှာ ရွှေရောင်အလင်းတန်းကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း ညိုမည်း ပုပ်သိုးလာသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာပြီးနောက် သွေးမိစ္ဆာ၏ အော်ဟစ်သံနှင့် ရုန်းကန်မှုများမှာ အားနည်းသွားပြီး အသက်ရှူနှုန်းမှာလည်း သိသိသာသာ လျော့ကျသွားသည်။

ချန်ရွှေ့တာသည်လည်း အစီအရင်ကို စွမ်းအင်ပေးခြင်း ရပ်လိုက်သည်။

"ဘာလို့ ရပ်လိုက်တာလဲ မိသားစုခေါင်းဆောင်ချန်၊ ဘာလို့ ဒီမိစ္ဆာကို အပြီးမသုတ်သင်တာလဲ"ဟု ကျော့ရွှေယွင်က အံ့ဩတကြီး မေးလိုက်သည်။

"သွေးမိစ္ဆာက ကျွန်တော့်ရဲ့ မိသားစုဝင် ထောင်နဲ့ချီ သတ်ဖြတ်ခဲ့ပြီး လူတွေရဲ့ နှလုံးသားထဲမှာ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော့် မိသားစုဝင်တွေရှေ့မှာ ဒီမိစ္ဆာကို သတ်ဖြတ်ပြပြီး သူတို့ရဲ့ ကြောက်ရွံ့မှုတွေ ဖယ်ရှားပေးရမယ်" ဟု ချန်ရွှေ့တာက ရှင်းပြသည်။

ကျော့ရွှေယွင်သည် ခေါင်းညိတ်လိုက်ပြီး အစီအရင် အလယ်ဗဟိုရှိ သွေးဇလုံကို တစ်ချက်ကြည့်ကာ ထပ်မံ၍ မမေးတော့ပေ။ သွေးမိစ္ဆာကို ဖမ်းဆီးပြီးပြီ ဖြစ်ရာ တာဝန်မှာ ပြီးဆုံးပြီဟု သတ်မှတ်နိုင်သည်။ ဤအချိန်တွင် သူမသည် ချန်ရွှေ့တာသည် ရိုးရှင်းသူတစ်ယောက် မဟုတ်ကြောင်း သဘောပေါက်လာသည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက ပိုကောင်းသည်၊ ချန်ရွှေ့တာ ဘာလုပ်လုပ် ၎င်းမှာ ချန်မိသားစု၏ကိစ္စသာ ဖြစ်ပြီး တာဝန်ဖြင့် ရောက်ရှိလာသည့် ဂိုဏ်းအကြီးအကဲ တစ်ဦးအနေဖြင့် သူမနှင့် သက်ဆိုင်ခြင်း မရှိပေ။

ချန်ရွှေ့တာသည် ပိတ်မိနေသော သွေးမိစ္ဆာကို ငေးကြည့်နေပြီး သူ့မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ဖုံးဖိမရအောင် ပေါ်လွင်နေသည်။ သွေးမိစ္ဆာကို အတန်ကြာ ငေးကြည့်နေပြီးမှ ကျော့ရွှေယွင်ဘက် ပြန်လှည့်လာသည်။

"အကြီးအကဲကျော့... ခင်ဗျားက ချန်မိသားစုအပေါ် ကျေးဇူးရှိပါတယ်။ ရက်အနည်းငယ်လောက် ဒီမှာ ထပ်နေပေးဖို့ တောင်းဆိုချင်ပါတယ်။ သွေးမိစ္ဆာကို သတ်ပြီးရင် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ချင်ပါတယ်"

ထိုအခိုက် အဝေးမှ စောင့်ကြည့်နေသော စုန့်ဝမ် ရုတ်တရက် ပျံသန်းလာပြီး "မိသားစုခေါင်းဆောင်ချန်... ဒီလောက်ထိ ယဉ်ကျေးစရာ မလိုပါဘူး။ ကိစ္စပြီးဆုံးသွားပြီဆိုတော့ အကြီးအကဲကျော့နဲ့ ကျွန်တော် ဒီညပဲ ဂိုဏ်းကို ပြန်ပြီး အစီရင်ခံရဦးမယ်"ဟု ဆိုလိုက်သည်။

ချန်ရွှေ့တာက ခေါင်းခါလိုက်သည်။

"မဟုတ်တာဗျာ။ ကျွန်တော်တို့ ချန်မိသားစုက အခြေတည်အဆင့် မိသားစုငယ်လေး ဖြစ်ပေမဲ့ အကြီးအကဲတို့က ကျွန်တော်တို့ကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တာပါ။ အကယ်၍ ချန်မိသားစုက ကျေးဇူးမဆပ်ခဲ့ရင် ကျင့်ကြံသူလောကမှာ ကဲ့ရဲ့စရာတစ်ခု ဖြစ်သွားပါလိမ့်မယ်။ ချန်မိသားစုမှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပေးပါ။ သွေးမိစ္ဆာကို ဖြေရှင်းပြီးရင် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်ချန်... ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ အကြာကြီး မနေနိုင်ပါဘူး။ ကျွန်တော် ဒီညပဲ ထွက်ခွာတော့မယ်။ အကြီးအကဲကျော့... ခင်ဗျားကော"

ကျော့ရွှေယွင်သည် စုန့်ဝမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။ ပုံမှန်အားဖြင့် စုန့်ဝမ်သည် စီနီယာများအား အလွန် နာခံတတ်ပြီး အေးဆေးသောသူ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ ချန်ရွှေ့တာက ဆုလာဘ်များ ပေးမည်ဟု ကတိပေးထားသော်လည်း ချန်မိသားစုမှ အမြန်ဆုံး ထွက်ခွာရန် အတင်းအကျပ် ပြောဆိုနေသည်မှာ မူမမှန်ပေ။ အစီအရင် အလယ်ဗဟိုရှိ သွေးအနှစ်သာရ ဇလုံအကြောင်းကို တွေးမိရင်း ကျော့ရွှေယွင်မှာ စုန့်ဝမ်သည် သူမ ဆေးဖော်စပ်နေစဉ်အတွင်း တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်နိုင်သည်ဟု နားလည်သွားသည်။

"မိသားစုခေါင်းဆောင်ချန်... အကြီးအကဲဝူ ပြောတာ မှန်ပါတယ်။ ချန်မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စက ဖြေရှင်းပြီးသွားပါပြီ၊ ကျွန်မတို့ ဆက်နေဖို့ အကြောင်းမရှိတော့ပါဘူး။ ဒီညပဲ ပြန်ပါမယ်”

စုန့်ဝမ်က အကြောင်းမဲ့ ပြောနေခြင်း မဟုတ်။ လွန်ခဲ့သော သုံးရက်က ကူပိုးကောင်များ လှည့်လည်စစ်ဆေးရင်း ချန်မိသားစုမှ ဆယ်မိုင်ကျော် ဝေးကွာသော နေရာတစ်ခုတွင် ကြီးမားသော သွေးကန်တစ်ခု ပါဝင်သည့် မြေအောက်လှိုဏ်ဂူကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသွေးကန်မှာမူ ခမ်းခြောက်နေပြီ ဖြစ်သည်။ လှိုဏ်ဂူ၏ ထောင့်တစ်နေရာတွင် ရုပ်အလောင်း အမြောက်အမြားကို ပုံထားသည်။ ရုပ်အလောင်းများပေါ်တွင် ပိုးကောင်များ တွားသွားနေကြသည်။

သွေးမိစ္ဆာသည် သွေးထုတ်ရန်အတွက်သာ လူများကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ သွေးများကို စုဆောင်းကာ သွေးအဆီအနှစ်များ ပေါင်းစပ်ထုတ်လုပ်ရန် သွေးကန်ကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ချန်မိသားစု၏ လူဦးရေ လျင်မြန်စွာ လျော့ကျသွားရခြင်းမှာ သွေးမိစ္ဆာကြောင့်သာ မဟုတ်ဘဲ မိမိတို့၏ ဆွေမျိုးသားချင်းများ၏ သစ္စာဖောက်မှုကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။

ချန်ရွှေ့တာ၏ မိသားစုဝင်များကို သတ်ဖြတ်ခြင်းမှာ သေချာပေါက် နောက်ကွယ်မှ အကျိုးအမြတ် တစ်စုံတစ်ခု ရှိနေပေမည်။ စုန့်ဝမ်သည် ချန်မိသားစု၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လိုခြင်း မရှိသဖြင့် ထွက်ခွာလိုခြင်း ဖြစ်သည်။

……….

All Chapters