အခန်း (၁၀၂)
Vol. 11 Ch. 102
အခန်း (၁၀၂)
" သမိုင်းထဲမှာ ဖုစုက နည်းနည်းရှေးရိုးစွဲဆန်ပေမယ့် စိတ်သဘောထားကြီးပြီး ကြင်နာတတ်သလို ပညာလည်းရှိတယ်လို့ကြားဖူးတယ်။ သူက ဒီလိုအရူးတစ်ယောက်ကို လွှတ်ပြီး ငါ့ကို ခြိမ်းခြောက်ခိုင်းမှာမဟုတ်ဘူး။ "
ကျောက်ဖုန်းက ဖုစုနှင့် ပက်သက်သော သမိုင်းမှတ်တမ်းများကို သိရှိထားသည်။ ထို့ကြောင့် ကျောက်ဖုန်းက ထိုလူမှာ ဖုစုလွှတ်လိုက်ခြင်းမဟုတ်ဘဲ သူ၏ လက်အာက်မှ ဦးနှောက်မရှိသော လူတစ်ယောက် လွှတ်လိုက်ခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
စခန်း၏ အပြင်ဘက်တွင် မန်ကျားက မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ကျသွားသည်။
" သခင်လေး အဆင်ပြေရဲ့လား။ "
" ငါတို့ရဲ့ သခင်လေးကို ဒီလိုလုပ်ရဲတယ်ပေါ့။ "
မန်ကျား၏ ကိုယ်ရံတော်များက အပြေးအလွှား ရောက်လာကြပြီး ကျောက်ဖုန်း၏ ကိုယ်ရံတော်များကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ သို့သော် ကျောက်ဖုန်း၏ ကိုယ်ရံတော်များက သူတို့ကို တစ်ချက်ကြည့်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားကြသည်။
" ကျောက်ဖုန်း " မန်ကျားက စခန်းဘက်သို့ လှည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ " ငါ မန်ကျား ဒီအရှက်ကွဲမှုကို မှတ်ထားမယ်။ မင်းကို ဒီအတိုင်း လွှတ်မထားဘူး။ "
ကျောက်ဖုန်းကတော့ ထိုအရာများကို လုံးဝဂရုမစိုက်ပေ။ အကယ်၍ ၎င်းက ချင်နိုင်ငံမဟုတ်ဘဲ အခြားနိုင်ငံမှာသာ ဖြစ်ခဲ့လျှင် သူက အထက်တန်းလွှာများကို အနည်းငယ် ရိုသေပေလိမ့်မည်။ သို့သော် ချင်နိုင်ငံတွင် ထိုမိသားစုဟောင်းများက ဘုရင်အာဏာအောက်တွင် ဖိနှိပ်ခံထားရလေသည်။
ထို့အပြင် ချင်ဘုရင်ရင်ကျန့်က မိသားစုသစ် အထက်တန်းလွှာများကို မြှောက်စားခဲ့ပြီး သူတို့၏ တိုးတက်လာမှုက မိသားစုဟောင်းများဆီမှ အာဏာများကို ခွဲယူလိုက်သကဲ့သို့ ဖြစ်သွားသည်။
ကျောက်နိုင်ငံ၊ ဟန်တန်မြို့။
" အရှင်မင်းကြီး ချင်နိုင်ငံက သံတမန်က ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်။ " လျန်ပိုက ရှေ့ထွက်ပြီး ပြောလိုက်သည်။
" သူ့ကို ခေါ်လိုက်။ " ကျောက်ယန်က လက်ဝှေ့ရမ်းလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်အရ ချင်သံတမန် အခစားဝင်စေ။ " ကျောက်ယန်၏ ဘေးမှ အရာရှိက ကျယ်လောင်စွာ အော်လိုက်သည်။
ထို့နောက် ချင်နိုင်ငံ၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူနှစ်ယောက်က ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့က မီချီနှင့် ယောင်ကျားတို့ဖြစ်သည်။ ခန်းမထဲသို့ ရောက်သည်နှင့် သူတို့နှစ်ယောက်က ကျောက်ယန်ကို အရိုအသေပေးလိုက်ကြသည်။
" ချင်သံတမန် မီချီက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" ချင်သံတမန် ယောင်ကျားက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
သူတို့နှစ်ယောက်က အလွန်နှိမ့်ချသော အမူအရာနှင့် ဦးညွှတ်ထားကြသည်။
" မင်းတို့ ချင်နိုင်ငံနဲ့ ငါစကားအများကြီး မပြောချင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောကြ။ ရင်ကျန့်က မင်းတို့ကို ဘာလို့ လွှတ်လိုက်တာလဲ။ " ကျောက်ယန်က အေးစက်စွာ မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက ကျောက်နိုင်ငံနဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ဆိုဖို့ ရောက်လာတာဖြစ်ပါတယ်။ " မီချီက ကျယ်လောင်စွာ ပြောလိုက်သည်။
" ရင်ကျန့်က ငါနဲ့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုချင်တာလား။ " ကျောက်ယန်က အံ့အားသင့်သွားပြီး လှောင်ပြုံးပြုံးလိုက်သည်။
" ချင်နဲ့ ငါ့ရဲ့ကျောက်နိုင်ငံကြားမှာ ဘယ်လိုပက်သက်မှုမျိုး ရှိတယ်ဆိုတာ မင်းတို့ သိတယ်မဟုတ်လား။ ချင်က ဘာလို့ ရုတ်တရက်ကြီး မကျူးကျော်ရေးစာချုပ် ချုပ်ဆိုချင်တာလဲ။ အကြောင်းပြချက်က ဘာလဲ။ မင်းတို့က ငါ့ကို အရူးများမှတ်နေတာလား။ "
မီချီက ချက်ချင်း ပြန်ဖြေလိုက်သည်။ " ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ ငြိမ်းချမ်းရေးလိုလားမှုက စစ်မှန်ပါတယ်။ ချင်နဲ့ကျောက်ကြားက စစ်ရေးပဋိပက္ခတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ "
" ရင်ကျန့်က အကြောင်းပြချက်မရှိဘဲ ဒီလောက်ထိ သဘောထားကြီးတယ်ဆိုတာ ငါယုံဖို့ခက်နေတယ်။ အဲ့ဒီစာချုပ်အကြောင်း နောက်မှဆွေးနွေးကြတာပေါ့။ အခုသွားကြတော့။ " ကျောက်ယန်က ဂရုမစိုက်သော အမူအရာနှင့် လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
မီချီနှင့် ယောင်ကျားတို့က စိုးရိမ်တကြီး ဖြစ်သွားကြပြီး မီချီက ဦးညွှတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " အရှင်မင်းကြီး တကယ်လို့ ကျောက်နိုင်ငံက ချင်နဲ့ မကျူးကျော်ရေး စာချုပ် ချုပ်ဆိုမယ်ဆိုရင် ချင်နိုင်ငံက ကျောက်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပေးဖို့ အသင့်ရှိပါတယ်။ "
၎င်းကို ကြားသောအခါ ကျောက်ယန်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာပြီး အမတ်များကလည်း တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
" ချင်နိုင်ငံမှာ တစ်ခုခုဖြစ်နေတာလား။ မဟုတ်ရင် ရင်ကျန့်က စာချုပ်ချုပ်ဖို့ ဘာလို့ ဒီလောက်အသည်းအသန်ဖြစ်နေတာလဲ။ " ကျောက်ယန်က တွေးလိုက်သည်။ သို့သော် သူက အခြေအနေကို မသိဘဲ ဆုံးဖြတ်ချက်မချပေ။ သူက ထက်မြက်ျသာ ဘုရင်တစ်ပါးမဟုတ်သော်လည်း အရူးတစ်ယောက်တော့မဟုတ်ပေ။
" ချင်သံတမန်တွေကို နားနေဆောင်ကို ခေါ်သွားပြီး အနယးယူခိုင်းလိုက်။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။
ကျောက်နန်းတော်မှ ကိုယ်ရံတော်အချို့ ဝင်လာပြီး ထွက်ပေါက်ဘက်သို့ ညွှန်ပြလိုက်သည်။ " ချင်သံတမန်တို့ ကြွပါ။ "
" ကျွန်တော်မျိုးတို့ကို သွားခွင့်ပြုပါဦး။ " မီချီနှင့် ယောင်ကျားတို့က စိတ်ပျက်သွားကြသော်လည်း ဘာမှမတတ်နိုင်ပေ။
" ဝန်ကြီးတို့ ချင်မှာ တစ်ခုခုဖြစ်နေတာလား။ ရင်ကျန်က ကျောက်နိုင်ငံနဲ့ စာချုပ်ချုပ်ဆို့ဖို့ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲ။ " ကျောက်ယန်က ဝန်ကြီးများဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ချင်နိုင်ငံမှာ ပြည်တွင်းရေးပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်ပါတယ်။ " စကားပြောလိုက်သူက ကျောက်နိုင်ငံ၏ စစ်သေနာပတိချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ဖန်ရွှမ်ပင်ဖြစ်သည်။
" ပြည်တွင်းရေးပြဿနာတစ်ခုခုလား။ " ကျောက်ယန်က မျက်မှောင်ကြုတ်သွားသည်။
" ဝန်ကြီးချုပ်က အောင်မြင်သွားပြီလား။ မဟုတ်သေးဘူး။ တကယ်လို့ ဝန်ကြီးချုပ် အောင်မြင်သွားရင် ချင်သံတမန်တွေက ဒါကို သေချာပေါက်ထည့်ပြောမှာပဲ။ "
" ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ချင်က ဟန်နယ်မြေကို သိမ်းပိုက်ပြီးတဲ့နောက်မှာ တစ်ခုခုဖြစ်ပျက်ခဲ့တာ ထင်ပါတယ်။ " ဖန်ရွှမ်က ချက်ချင်း ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ယန်က ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်သည်။ ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
" အစီရင်ခံပါတယ်။ ဟန်နယ်မြေက အရေးကြီးသတင်းရောက်လာပါတယ်။ " ကျောက်စစ်သည်တစ်ယောက်က တံဆိပ်ကပ်ထားသော လျို့ဝှက်အစီရင်ခံစာကို ကိုင်ပြီး အပြေးအလွှား ဝင်လာသည်။
" အမြန်ယူခဲ့စမ်း။ " ကျောက်ယန်က ပြောလိုက်သည်။
ဘေးမှ အရာရှိက အစီရင်ခံစာကို ယူပြီး ချက်ချင်း ဆက်သလိုက်သည်။ ကျောက်ယန်က ၎င်းကို ဖွင့်ဖတ်လိုက်သောအခါ ချင်နိုင်ငံ မဟာမိတ်တောင်းဆိုရသည့်အကြောင်းရင်းကို နားလည်သွားသည်။
" ဟားဟား...." ကျောက်ယန်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ " ရင်ကျန့်က ကျောက်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ချင်တာ ဟန်နယ်မြေမှာ ပုန်ကန်မှုတွေ ဖြစ်နေလို့ကိုး။ ဟန်နယ်မြေ အနှံ့အပြားမှာ ပုန်ကန်မှုတွေ ဖြစ်နေပြီး ချင်နိုင်ငံကို အထိနာစေခဲ့တာပဲ။ စပါးကျီတွေအတော်များများတောင် မီးရှို့ခံလိုက်ရတယ်။ "
" ဒါဆိုရင်တော့ " ဖန်ရွှမ်က ချက်ချင်း နားလည်သွားသည်။ " ကျွန်တော်မျိုးတို့ ကျောက်နိုင်ငံက အဲ့ဒီအခွင့်အရေးကို သုံးပြီး သူတို့ကို တိုက်ခိုက်မှာကို ချင်နိုင်ငံက စိုးရိမ်နေတာ ဖြစ်ရမယ်။ ဒါကြောင့် သူတို့က မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတာပဲ။ "
" မှန်တာပေါ့။ " ကျောက်ယန်က ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ " ငါတို့ ကျောက်နိုင်ငံက ဟန်နယ်မြေနဲ့ မထိစပ်နေပေမယ့် ဝေနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ငါက အမိန့်စာတစ်စောင်တည်းနဲ့ ဝေနိုင်ငံကို ဖြတ်ပြီး ချင်ကို တိုက်ခိုက်ဖို့ စစ်သည်တွေ အချိန်မရွေး လွှတ်လို့ရတယ်။ "
" ဟန်နယ်မြေမှာ ရှုပ်ထွေးနေတော့ ရင်ကျန့်လည်း အကြံကုန်နေပြီထင်တယ်။ ရင်ကျန့် ရင်ကျန့် နောက်ဆုံးတော့ မင်းငါ့ကို ကြောက်သွားပြီပေါ့။ "
" ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ချင်နဲ့ ဒီစာချုပ်ကို လုံးဝမချုပ်သင့်ပါဘူး။ " ထိုအချိန်တွင် စစ်သေနာပတိချုပ်တစ်ယောက်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။ သူကတော့ ကျောက်မင်းဆက်များကို အလုပ်အကျွေးပြုခဲ့သော စစ်သေနာပတိချုပ် လျန်ပိုပင်ဖြစ်သည်။ ကျောက်ပြည်သူများက သူ့ကို ချင်နိုင်ငံ၏ စစ်နတ်ဘုရားပိုင်ချီနှင့် ရင်ဘောင်တန်းနိုင်သော စစ်နတ်ဘုရားတစ်ပါးအဖြစ် တင်စားကြသည်။
ချန်ဖျင်တိုက်ပွဲတွင် လျန်ပိုက စစ်တပ်ကို ဦးဆောင်ပြီး ပိုင်ချီကို တားဆီးထားနိုင်ခဲ့သည်။ သူရှုံးနိမ့်ခဲ့ရသည့်အကြောင်းရင်းမှာ ကျောက်ဘုရင်က ချင်နိုင်ငံ၏ သွေးခွဲသောစကားများကို ယုံကြည်ပြီး တိုက်ပွဲအလယ်တွင် စစ်သေနာပတိချုပ် လဲခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ပိုင်ချီက ကျောက်စစ်တပ်ကို လျေမှုန်းပြီး ချန်ဖျင်ကို အောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် ကျောက်နိုင်ငံ၏ အင်အားက ကျဆင်းသွားပြီး တစ်လောကလုံးကို ပေါင်းစည်းရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။
" စစ်သေနာပတိချုပ်ရဲ့ စကားအရဆို ငါက အဲ့လောက်တောင် အယုံလွယ်တဲ့သူလား။ " လျန်ပို၏ စကားကို ကြားသောအခါ ကျောက်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
" ကျွန်တော်မျိုးမရည်ရွယ်ပါဘူး။ " လျန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။ " ဒါပေမယ့် ချင်နိုင်ငံသားတွေက အရမ်းကောက်ကျစ်ပါတယ်။ ကျွန်တော်မျိုးတို့ အထူးသတိထားမှရပါလိမ့်မယ်။ "
" ဒီကိစ္စကို ငါကိုယ်တိုင်ဆုံးဖြတ်မယ်။ " ကျောက်ယန်က ပြောလိုက်သည်။ " တခြားကိစ္စမရှိရင် ညီလာခံသိမ်းမယ်။ ဝန်ကြီးဖန် မင်းနေခဲ့ဦး။ "
ဝန်ကြီးများ အားလုံး ထွက်သွားပြီးနောက် ခန်းမထဲတွင် ဖန်ရွှမ်တစ်ယောက်သာ ကျန်နေခဲ့သည်။
" စစ်သေနာပတိချုပ် " ကျောက်ယန်က လှေကားထစ်များမှ ဖြည်းညင်းစွာ ဆင်းလာပြီး ပြုံး၍ မေးလိုက်သည်။ " ငါမင်းကို ဘာလို့နေခိုင်းခဲ့တာလဲဆိုတာ သိလား။ "
" အရှင်မင်းကြီးက နယ်မြေချဲ့ထွင်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါး ဖြစ်ချင်လို့ပါ။ " ဖန်ရွှမ်က ပြုံးပြီး ပြန်ဖြေလိုက်သည်။
" ဟားဟားဟား...." ကျောက်ယန်က အားရပါးရ ရယ်မောလိုက်သည်။ " စစ်သေနာပတိချုပ်က ငါ့စိတ်ကို တကယ်သိတာပဲ။ "
" ငါ နန်းတက်ကတည်းက နန်းတွင်းမှာရော ပြည်သူတွေကြားမှာပါ ငြင်းခုံမှုတွေ မပြတ်ခဲ့ဘူး။ သူတို့ကို နှုတ်ပိတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက နယ်မြေချဲ့ထွင်တာပဲ။ ရင်ကျန့်က ဟန်ကို သိမ်းပိုက်ခဲ့တယ်။ ငါကလည်း နိုင်ငံတစ်ခုကို သိမ်းပိုက်ပြီး ကျောက်နိုင်ငံရဲ့ နယ်မြေကို ချဲ့ထွင်ရမယ်။ စစ်သေနာပတိချုပ်က ငါ့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ယန်က ဖန်ရွှမ်ကို ပြောလိုက်သည်။
" ကျွန်တော်မျိုး အသက်ပေးပြီး အရှင်မင်းကြီးကို အလုပ်အကျွေးပြုပါမယ်။ " ဖန်ရွှမ်က ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။