အခန်း (၁၀၃)
Vol. 11 Ch. 103
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၀၃)
" ငါမင်းကို စစ်သည်သုံးသိန်းပေးမယ်။ " ကျောက်ယန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းများဖြင့် ပြည့်နှက်သွားသည်။ " သူတို့ကို ယန်နိုင်ငံရဲ့ နယ်စပ်ကို လျို့ဝှက်ချီတက်ခိုင်းလိုက်။ အချိန်ကျတာနဲ့ ချက်ချင်း တိုက်ခိုက်ပါ။ "
" အရှင်မင်းကြီး ကျောက်နိုင်ငံက ယန်ကို တိုက်ခိုက်တဲ့အခါ ချင်က ကျွန်တော်မျိုးတို့ကို လာတိုက်ခိုက်မှာ စိုးရိမ်ရပါတယ်။ " ဖန်ရွှမ်က သတိပေးလိုက်သည်။ " ကျွန်တော်မျိုးတို့ လျန်ပိုပြောတာကိုလည်း ထည့်စဉ်းစားရပါမယ်။ တကယ်လို့ ကျွန်တော်မျိုးတို့ စစ်တပ်ကို ရွှေ့လိုက်တဲ့အချိန်မှာ ချင်က ဝင်တိုက်ရင် ကျွန်တော်မျိုးတို့ ဒုက္ခရောက်ပါလိမ့်မယ်။ "
" စိတ်ချပါ စစ်သေနာပတ်ချုပ် " ကျောက်ယန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " ငါ့မှာ လျို့ဝှက်အစီအစဉ်ရှိပါတယ်။ ငါ့အစီအစဉ်သာ အောင်မြင်ရင် ယန်ကို တိုက်ခိုက်ဖို့ လမ်းကြောင်းက ဖြောင့်ဖြူးနေလိမ့်မယ်။ ပြီးတော့ ချင်က ငါတို့ကို လုံးဝ လာမတိုက်စေရဘူး။ ရင်ကျန့်က ငါ့ခြေဖဝါးအောက်မှာ နင်းခြေခံရဖို့ ကံပါလာပြီးသားပဲ။ "
ချင်နိုင်ငံ၊ ယုံမြို့။
ချင်နိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သော ယုံမြို့၏ ခံစစ်က အလွန်ခိုင်ခံ့ပြီး ရှန်းယန်မြို့တော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံးမြို့ဖြစ်သည်။ မြို့တော်ဟောင်းဖြစ်သောကြောင့် ထိုနေရာတွင် နန်းတော်လည်း ရှိနေသည်။
ညအချိန် ယုံမြို့၏ နောက်တံခါးရှိ ကင်းစောင့်များ မရှိသော အချိန်ခဏတွင် ဘေးတံခါးတစ်ခု ပွင့်လာပြီး နန်းတွင်းအရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က တံခါးအပြင်ဘက်သို့ အချက်ပြလိုက်သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်က တံခါးမှ ဝင်လာကြပြီး နန်းတွင်းအဆောင်များဆီသို့ ပြေးဝင်သွားကြသည်။ နန်းတွင်းအဆောင်များထဲတွင် မယ်တော်ကြီးကျောက်ကျိနေထိုင်သော တဟွာနန်းဆောင်ရှိသည်။ ယခုအချိန်တွင် နန်းဆောင်တစ်ခုလုံးက အမှောင်ကျနေပြီး အထဲမှ အစေခံများကလည်း အိပ်ပျော်နေကြသည်။
အပြင်ဘက်တွင် အစောင့်ခြောက်ယောက်က စောင့်ကြပ်နေသည်။ ချင်ဘုရင်က ထိုနေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး သူကိုယ်တိုင်မှလွဲ၍ ဘယ်သူမှဝင်ခွင့်မပြုပေ။ လောင်အိုက်နှင့် ပက်သက်သော အရှုပ်တော်ပုံပြီးနောက် ထိုနေရာက လုံခြုံရေးပိုမိုတင်းကျပ်လာပြီး နန်းတွင်းအရာရှိများပင် အဆင့်ဆင့်စစ်ဆေးပြီးမှ ဝင်ခွင့်ရှိလေသည်။
ကျောက်ကျိက လောင်အိုက်၏ ပုန်ကန်မှုကြောင့် သူမ၏ ကလေးနှစ်ယောက် သတ်ဖြတ်ခံရပြီးနောက် သူမက စိတ်ဝေဒနါရှင်တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမက မကြာခဏ ငေးငိုင်နေပြီး မူမမှန်သောအရာများကို လုပ်တတ်သော်လည်း မယ်တော်ကြီးဟူသော အဆင့်အတန်းကြောင့် သူမကို သေချာစောင့်ရှောက်ထားကြသည်။
နန်းတွင်းသမားတော်နှင့် အစေခံများ၏ ပြုစုမှုကြောင့် သူမက အသက်ရှင်နေသော်လည်း ညတိုင်းတွင် အိပ်ပျော်ရန် အိပ်ဆေးများ သောက်နေရသည်။
အမှောင်ကျနေသော ညဉ့်သန်ခေါင်ယံအချိန်တွင် အကြည့်ဆယ်ခုကျော်က တဟွာနန်းဆောင်၏ အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်များအပေါ်သို့ ကျရောက်နေသည်။
ရွှီး ရွှီး ရွှီး....
လေထုကို ထိုးခွင်းသွားသော မြားသံများက အမှောင်ထဲမှ ထွက်ပေါ်လာသည်။ အစောင့်ခြောက်ယောက်က သတိမထားမိခင်မှာပင် စူးရှသော နာကျင်မှုကို ခံစားလိုက်ကြရသည်။ သူတို့၏ လည်ပင်းကို မြားများက ထိုးဖောက်သွားသောကြောင့် လည်ပင်ကို ဆုပ်ကိုင်ရင်း နာကျင်စွာ လူးလိမ့်နေကြသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူများက အပြေးအလွှား ရောက်လာကြသည်။
သူတို့က အရှိန်နှင့် ပြေးလွှားနေခြင်းဖြစ်သော်လည်း ခြေသံမထွက်ဘဲ ပေါ့ပါးသွက်လက်နေသောကြောင့် အထူးလေ့ကျင့်ထားသူများဖြစ်သည်မှာ ထင်ရှားသည်။ သူတို့က ဓားမြှောင်များကို ထုတ်ပြီး အသက်ငင်နေသော အစောင့်များကို အပြတ်ရှင်းလိုက်သည်။
အစောင့်အားလုံးသေဆုံးသွားပြီးနောက် ခေါင်းဆောင်ဖြစ်သူက လက်ဝှေ့ရမ်းပြလိုက်သည်။ သူ၏ လက်အောက်ငယ်သားနှစ်ယောက်က ချက်ချင်း ရှေ့တိုးလာပြီး တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။
နန်းဆောင်ထဲတွင် အစေခံတစ်ယောက်က တံခါးပွင့်လာသည်ကို မြင်သောအခါ သူမက မေးလိုက်သည်။ " ဘယ်သူလဲ။ "
သူမ သတိမထားလိုက်မိခင်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူများက အတွင်းသို့ ဝင်လာကြသည်။ ရုတ်တရက် ကျရောက်လာသော လူသတ်ငွေ့များကြောင့် အစေခံမိန်းကလေးက အသိဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" လုပ်ကြံသူတွေ...." သူမ အော်လိုက်သည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က ရှေ့တက်လာပြီး ဓားရောင်တစ်ချက် လင်းလက်သွားကာ သူမ၏ လည်ပင်းကို လှီးဖြတ်သွားသည်။
နန်းဆောင်ထဲမှ အခြားအစေခံများကလည်း ထိုဆူညံသံများကြောင့် လန့်နိုးလာကြသည်။
" လုပ်ကြံသတ်ဖြတ်သူတွေ... မြန်မြန် မယ်တော်ကြီးကို ကယ်တင်ကြ။ " အစေခံများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသော်လည်း အနက်ရောင်ဝတ်စုံနှင့်လူများက ချက်ချင်း ရောက်လာကြပြီး အမြန်ဆုံး ရှင်းလင်းလိုက်ကြသည်။
ကုတင်ပေါ်တွင် ကျောက်ကျိက အိပ်ပျော်နေဆဲဖြစ်ပြီး အနက်ရောင်ဝတ်စုံနှင့်လူများက သူမဆီသို့ ရောက်လာကြသည်။
" ဒါက မယ်တော်ကြီး ကျောက်ကျိပဲ။ သူမကို အမြန်ခေါ်သွားကြ။ " ယ
အနက်ရောင်ဝတ်စုံနှင့်လူများက ကျောက်ကျိကို အိပ်ယာခင်းများဖြင့် ပတ်ပြီး နန်းတောင်ထဲမှ ထွက်သွားကြသည်။ သူတို့ဆုတ်ခွာသွားချိန်တွင် ကင်းလှည့်နေသော အစောင့်များက ဆူညံသံများကြာပြီး ရောက်လာကြသည်။ နန်းဆောင်ရှေ့မှ အလောင်းများကို မြင်သောအခါ သူတို့က ထိတ်လန့်သွားကြသည်။
" လုပ်ကြံသတ်ဖြတ်သူတွေရှိတယ်။ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို မြန်မြန်ခေါ်ကြ။ " အစောင့်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး ယုံမြို့၏ နန်းတွင်းတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ကျောက်ကျိ၏ နန်းတောင်နှင့် မလှမ်းမကမ်းတွင် နောက်ထပ် ကြီးမားသော နန်းဆောင်တစ်ခု ရှိနေသည်။ ထိုဆးညံသံများကို ကြားသောအခါ အမျိုးသမီးတစ်ယောက်က ကုတင်ပေါ်မှာ ထထိုင်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ။ ဘာလို့ဒီလောက်ဆူညံနေတာလဲ။ "
အစေခံအချို့ အပြေးအလွှားဝင်လာကြပြီး သူမရှေ့တွင် ဒူးထောက်လိုက်ကြသည်။ " မယ်တော်ကြီးဟွာယန် မယ်တော်ကြီးကျောက်ရဲ့ နန်းဆောင်ကို လုပ်ကြံသူတွေ ကျူးကျော်လာပါတယ်။ "
" လုပ်ကြံသတ်ဖြတ်သူတွေလား။ " ဟွာယန်က မျက်မှောင်ကြုတ်သွားပြီး ထရပ်လိုက်သည်။ " ကျောက်ကျိကို လုပ်ကြံဖို့လား။ "
" ယုံမြို့က အစောင့်တပ်မှူး တုဆွေ မယ်တော်ကြီးကို တွေ့ခွင့်တောင်းပါတယ်။ " ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
" သူ့ကို ဝင်ခွင့်ပေးလိုက်။ " မယ်တော်ကြီးဟွာယန်က အမိန့်ပေးလိုက်သည်။
သူမ၏ အမိန့်ကြောင့် အစေခံများက သူမကို ကွယ်ရန် ဇာပါးလိုက်ကာတစ်ခု ချလိုက်ပြီး ခန်းမထဲမှ ဖယောင်းတိုင်များကို မီးညှိလိုက်ကြသည်။
" မယ်တော်ကြီးဟွာယန်ရဲ့ အမိန့်အရ တပ်မှူး ဝင်လို့ရပါပြီ။ "
ထို့နောက် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီး ဦးညွှတ်လိုက်သည်။ " မယ်တော်ကြီးကို ဂါရဝပြုပါတယ်။ "
" ဘာတွေဖြစ်နေတာလဲ။ " ဟွာယန်က လေးနက်စွာ ပြောလိုက်သည်။
" မယ်တော်ကြီးကျောက်... ပြန်ပေးဆွဲခံလိုက်ရပါတယ်။ " တုဆွေက တုန်ယင်စွာ ပြောလိုက်သည်။
ဟွာယန်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ထရပ်လိုက်သည်။ " ဘာပြောတယ်။ ကျောက်ကျိအဖမ်းခံလိုက်ရတယ်ဟုတ်လား။ မင်းတို့ ကိုယ်ရံတော်ငါးထောင်က နန်းတော်ကို စောင့်ကြပ်နေတာလေ။ ဘယ်လိုလုပ် ဒီလောက်ထိပေါ့ဆရတာလဲ။ "
" မယ်တော်ကြီး...." တုဆွေက သူ့ကိုသူ ထိန်းချုပ်ပြီး ပြောလိုက်သည်။ " ယုံမြို့ နန်းတော်ထဲမှာ သူလျိုရှိပါတယ်။ အဲ့ဒီလူက နန်းတော်ရဲ့ တည်ဆောက်ပုံနဲ့ ကင်းလှည့်တဲ့အချိန်ဇယားတွေကို သိနေသူပါ။ သူက အစောင့်လဲနေတဲ့အချိန် နောက်တံခါးကို ဖွင့်ပြီး အပြင်လူတွေကို ပေးဝင်ခဲ့တာပါ။ "
" ပြီးတော့ သူတို့က အရမ်းကျွမ်းကျင်ကြပါတယ်။ သူတို့က နန်းတွင်းကိုယ်ရံတော်တွေကို တားဆီးဖို့အတွက် လူနှစ်ဆယ်ကျော်ကို ထားခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့ လူတွေက သူတို့ကို ဝိုင်းတိုက်ခိုက်ခဲ့ပေမယ့် လူအင်အားများတာတောင် သူတို့ကို မရှင်းနိုင်ခင် ကိုယ်ရံတော် ၁၁ယောက် သေဆုံးခဲ့ပါတယ်။ "
" ဒီလူတွေက အထူးလေ့ကျင့်ထားတဲ့သူတွေပါ။ ဒါ့အပြင် သူတို့အားလုံးက အသေခံစစ်သည်တွေပါ။ ကျွန်တော်မျိုး သူတို့ကို အရှင်ဖမ်းခဲ့ပေမယ့် နှစ်ယောက်ကို ဖမ်းမိတဲ့အချိန်မှာ သူတို့က အဆိပ်သောက်ပြီး အဆုံးစီရင်သွားကြပါတယ်။ "
" ကျွန်တော်မျိုး တာဝန်ပျက်ကွက်ခဲ့ပါတယ်။ " တုဆွေက ခေါင်းငုံ့ပြီး ပေါလိုက်သည်။
၎င်းကို ကြားသောအခါ ဟွာယန်က အတွေးနက်သွားသည်။ " ညဉ့်သန်ခေါင်အချိန်မှာ ကျောက်ကျိကို ပြန်ပေးဆွဲတယ်။ ပြီးတော့ အတွင်းလူရဲ့ အကူအညီပါပါနေတယ်။ ဒါက အချိန်အကြာကြီး ကြံစည်ထားတာဖြသ်ရမယ်။ ပစ်မှတ်ကတော့ တကယ်ကျောက်ကျိပဲ။ "
" ဒါပေမယ့် ကျွန်တော်မျိုး နားမလည်တာက " တုဆွေက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ " မယ်တော်ကြီးကျောက်ကျိက နာမည်ခံသက်သက်ပဲလေ။ အရှင်မင်းကြီးအုပ်ချုပ်ကတည်းက သူမမှာ အာဏာမရှိတော့ဘူး။ သူမကို ပြန်ပေးဆွဲတာက ချင်နိုင်ငံရဲ့ ဒေါသကို ဆွပေးသလိုဖြစ်တာကလွဲရင် ဘာအကျိုးရှိမှာလဲ။ "
မယ်တော်ကြီးဟွာယန်က လှောင်ပြုံးပြုံးလိုက်သည်။ " သူမမှာ အာဏာမရှိတော့ပေမယ့် သူမက ရင်အာရဲ့ မိခင်ပဲလေ။ တကယ်လို့ သူမက ရန်သူလက်ထဲရောက်သွားပြီး သူ့ကို ခြိမ်းခြောက်ဖို့ အသုံးချရင်တော့ တကယ်ကပ်ဘေးတစ်ခုပဲ။ "
" ကျွန်တော်မျိုးကို ကယ်ပါဦး မယ်တော်ကြီး။ " တုဆွေ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး ချက်ချင်း ဒူးထောက်ကျသွားသည်။
ကိစ္စက အလွန်ကြီးမားသွားပြီဖြစ်သည်။ အကယ်၍ ကျောက်ကျိကသာ ရန်သူလက်ထဲသို့ ကျရောက်သွားလျှင် အကျိုးဆက်က ကြောက်စရာကောင်းသွားပြီး သူတာဝန်ယူနိုင်မည်မဟုတ်ပေ။
" ပထမဆုံး လူတွေလွှတ်ပြီး ချက်ချင်း လိုက်ဖမ်းခိုင်း။ မြို့တစ်ခုလုံးကို ပိတ်ထားလိုက်။ " မယ်တော်ကြီး ဟွာယန်က အမိန့်ပေးလိုက်သည်။ " ပြီးတော့ အရှင်မင်းကြီးဆီကို အရေးပေါ်အစီရင်ခံစာ ချက်ချင်း ပို့လိုက်။ ဖြစ်ပျက်သမျှကို အကုန်ရှင်းပြလိုက်။ "
" ဟုတ်ကဲ့ပါ မယ်တော်ကြီး။ " တုဆွေက ချက်ချင်း ပြန်ပြောလိုက်သည်။
" တပ်မှူးတု ဒါက ကြီးမားတဲ့ကိစ္စပဲ။ ကျောက်ကျိသာ တခြားနိုင်ငံရဲ့ လက်ထဲကို ကျရောက်သွားရင် မင်းရဲ့ အပြစ်က အရမ်းကြီးမားသွားလိမ့်မယ်။ တကယ်လို့ သူမကို ပြန်ခေါ်လာနိုင်ရင် မင်းရဲ့ ပျက်ကွက်မှုကို စွမ်းဆောင်မှုနဲ့ အစားထိုးပြီး အပြစ်ဒဏ်က လွတ်မြောက်နိုင်လိမ့်မယ်။ "
" ကျွန်တော်မျိုး ပြစ်မှုကျူးလွန်သူတွေကို ချက်ချင်း လိုက်ဖမ်းပါမယ်။ သူတို့ကို လုံးဝ လွတ်မြောက်ခွင့်မပေးပါဘူး။ " တုဆွေက ချက်ချင်း ထရပ်ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။