← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၀၅)

" သွားကြည့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ဟန်ရှီက ရှေ့မှ ဦးဆောင်ပြီး ကျောက်ဖုန်းကို ဝိုင်စည်များပြည့်နှက်နေသော ခန်းမတစ်ခုသို့ ခေါ်သွားခဲ့သည်။ သူတို့ဝင်သွားလိုက်သည်နှင့် ပြင်ရှပြီး မွှေးကြိုင်လှသော ဝိုင်နံ့က လေထုထဲတွင် ပျံ့နှံ့နေသည်။

" အရှင် " ဟန်ရှီက ပြုံးပြီး ပြောလိုက်သည်။ " ကျွန်တော်တို့ ဝယ်ထားတဲ့ သီးနှံတွေကို သုံးပြီး ဝိုင်စည်တစ်ရာ ချက်ထားပါတယ်။ ဝိုင်တွေရဲ့ သန့်စင်မှုက နန်းတွင်းဝိုင်တွေကိုတောင် သေချာပေါက် ကျော်လွန်သွားပါပြီ။ ဒါကို ရေရောလိုက်ရင်တောင် စျေးကွက်ထဲက ဘယ်ဝိုင်မှယှဉ်နိုင်မှာမဟုတ်ပါဘူး။ "

ကျောက်ဖုန်းက ဘာမှမပြောဘဲ စည်ပိုင်းကြီးတစ်ခုဆီသို့ လျှောက်သွားပြီး အဖုံးကို ဖွင့်လိုက်သည်။

" အနံ့က တကယ်ကောင်းတာပဲ။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။ " တကယ် အနာဂတ်က နည်းလမ်းတစ်ခုဖြစ်ဖို့ ထိုက်တန်တယ်။ "

ထို့နောက် သူက ဝိုင်တစ်ခွက်ခပ်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။ ကျောက်ဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ " ဒါမှဝိုင်အစစ်ပဲ။ အရင်က ငါသောက်ခဲ့တာတွေက ရေတွေလိုပဲ။ "

ကျောက်ဖုန်း၏ ချီးကျူးသံကို ကြားသောအခါ အလုပ်ရုံထဲမှ ဝိုင်ချက်လုပ်သူများက သက်ပြင်းချနိုင်သွားပြီး ပြုံးလိုက်ကြသည်။ သူတို့၏ အသက်များက ကျောက်ဖုန်း၏ လက်ထဲတွင် ရှိနေသည်။ အကယ်၍ ဝိုင်ချက်လုပ်ခြင်းသာ ကျရှုံးခဲ့လျှင် သူတို့ ခေါင်းပြတ်မည်ဖြစ်သည်။

" ဝိုင်ချက်တဲ့သူတွေကို ဆုချလိုက်။ " ကျောက်ဖုန်းက ဟန်ရှီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " သူတို့ရဲ့ မိသားစုတစ်ခုစီကို ဒင်္ဂါးငါးထောင်စီ ထောက်ပံ့လိုက်ပါ။ "

" ဟုတ်ကဲ့ပါ အရှင်။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" အရှင်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ " ဝိုင်ချက်လုပ်သူနှစ်ဆယ်က ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်ပြီး ပြောလိုက်ကြသည်။

" အခု မင်းတို့အားလုံးက ငါ့လူတွေဖြစ်နေပြီ။ ပြီးတော့ ဒီဝိုင်ချက်တဲ့နေရာမှာလည်း ပါဝင်ခဲ့ကြတယ်ဆိုတော့ ဒါရဲ့ အရေးကြီးပုံကို ငါထပ်ရှင်းပြနေဖို့ မလိုတော့ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ငါတည်ထောင်တဲ့ အဖွဲ့အစည်းက အခုမှ အစပဲရှိသေးတာမလို့ မင်းတို့ အပြင်ထွက်လို့မရသေးဘူး။ ဒါပေမယ့် မင်းတို့ရဲ့ ကြိုးစားမှုကိုတော့ ငါမေ့မှာမဟုတ်ဘူး။ မင်းတို့ရဲ့စွမ်းဆောင်မှုတွေအတွက် အကျိုးကျေးဇူးတွေကို မင်းတို့ရဲ့ မိသားစုတွေ ခံစားစေရမယ်။ "

" ကျွန်တော်မျိုးတို့ အရှင်ကို အသက်ပေးပြီး အလုပ်အကျွေးပြုပါမယ်။ " ဝိုင်ချက်လုပ်သူများ​က တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" အရက်ဆိုင်ဖွင့်ဖို့ နေရာ ဘယ်နှစ်နေရာရှာပြီးပြီလဲ။ " ကျောက်ဖုန်းက ဟန်ရှီကို မေးလိုက်သည်။

" အရှင် ဝေမြို့၊ ရှင်းကျန်းမြို့၊ ယန်မြို့နဲ့ အခြားရှစ်မြို့မှာ ဆိုင်ဖွင့်ဖို့ သင့်တော်တဲ့ နေရာဆယ်ခုစီကို ဝယ်ထားပါပြီ။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဝိုင်တွေကို ရေရောပြီး အရက်ဆိုင်တွေကို ဖွင့်လိုက်တော့။ အမြတ်ထွက်မလာရင် ငါထားခဲ့တဲ့ ငွေတွေ ကုန်လိမ့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အရှင် ဝိုင်ရောက်တာနဲ့ ဆိုင်တွေကို ဖွင့်လို့ရပါပြီ။ ဒါပေမယ့် ဆိုင်နာမည်ကို အရှင်ပေးပေးပါဦး။ " ဟန်ရှီက ပြောလိုက်သည်။

" နာမည်လား။ " ကျောက်ဖုန်းက ခဏသဉ်းစားလိုက်သည်။ " အင်မောတယ်ဝိုင်ခန်းမလို့ ခေါ်ကြတာပေါ့။ "

" တကယ်ကို နာမည်ကောင်းပါပဲ အရှင်။ " ဟန်ရှီက ချက်ချင်း ချီးကျူးလိုက်သည်။ " ဒီနာမည်က မှတ်မိရလွယ်ပြီး တကယ်အံ့ဩစရာကောင်းပါတယ်။ "

ကျောက်ဖုန်း၏ အကြည့်က အလုပ်ရုံထဲမှ ဝိုင်စည်များပေါ်သို့ ကျရောက်သွားသည်။ " ဒီဝိုင်တွေကိုတော့ အင်မော်တယ်မူးယစ်ဝိုင်လို့ ခေါ်မယ်။ ပြီးတော့ ရောင်းတဲ့အခါ ချမ်းသာတဲ့သူတွေနဲ့ သူဌေးတွေကိုပဲ ပစ်မှတ်မထားနဲ့။ သာမန်ပြည့်သူတွေလည်း သောက်နိုင်အောင် စီစဉ်ရမယ်။ "

" ဘယ်လိုမျိုးလဲ ရှင်းပြပေးပါဦး အရှင်။ " ဟန်ရှီက နားမလည်ဘဲ ပြောလိုက်သည်။

" ရှင်းပါတယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။ " ငါတို့ဝိုင်တွေကို အဆင့်တွေခွဲလိုက်မယ်။ သန့်စင်မှုနဲ့ အနံ့ပိုကောင်းလေ အဆင့်ပိုမြင့်လေပဲ။ အကောင်းဆုံးအဆင့် ဝိုင်တစ်အိုးကို ရွှေတစ်တုံးနဲ့ ရောင်းမယ်။ အဲ့ဒီကနေမှ သာမန်ပြည်သူတွေ သောက်နိုင်တဲ့အထိ စျေးနှုန်းတွေကို လျှော့ချသွားမယ်။ "

" ဒါပေမယ့် ငါတို့ရဲ့ အနိမ့်ဆုံးဝိုင်တောင် စျေးကွက်ထဲက ဘယ်အရက်ထက်မဆို ပိုပြင်းရမယ်။ ဒီလိုဆိုရင် ငါတို့ဆီကို ငွေတွေအမြဲတမ်းစီးဝင်နေမှာပဲ။ ဒါတင်မကသေးဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။ " အကောင်းဆုံး အင်မော်တယ်မူးယစ်ဝိုင်ကို ပိုက်ဆံရှိတိုင်း ဝယ်လို့မရစေရဘူး။ ဝယ်ချင်တဲ့သူက ငါတို့ဆိုင်မှာ ရွှေဆယ်တုံးကျော် အရင်သုံးထားမှ ဒါကို ဝယ်ခွင့်ရမယ်။ "

ဟန်ရှီက နားလည်သွားသည်။ " ဒီလိုလုပ်လိုက်ရင် အကောင်းဆုံး အင်မော်တယ်မူးယစ်ဝိုင်က ကျွန်တော်တို့ဆိုင်ရဲ့ အမှတ်အသားဖြစ်လာပြီး လူတွေက ဒါကို သောက်ချင်လို့ကို လာကြလိမ့်မယ်။ ဒါက ဂုဏ်ဒြပ်တစ်ခု ဖြစ်လာလိမ့်မယ်။ "

" အဲ့ဒါပဲ။ " ကျောက်ဖုန်းက အတည်ပြုလိုက်သည်။ " စျေးကွက်အခြေအနေကို ကြည့်ပြီး စျေးနှုန်းတွေကို မင်းပဲ သတ်မှတ်လိုက်တော့။ အဓိကရည်ရွယ်ချက်က ငွေရှာဖို့ပဲ။ "

" ဆိုင်တွေ အခြေကျသွားပြီဆိုရင်တော့ အဖွဲ့ဝင်စနစ်ကို သေချာလုပ်ရမယ်။ ငါတို့ဆိုင်တွေကို တစ်ကမ္ဘာလုံးမှာ နာမည်အကြီးဆုံး ဖြစ်စေရမယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

သူက ယခင်ဘဝတွင် စီးပွားရေးပညာကို မသင်ခဲ့ရသော်လည်း ထိုအကြောင်းများကို ကြားဖူးလေသည်။ ခေတ်သစ်စီးပွားရေးပုံစံများကို ယခုခေတ်တွင် အသုံးချခြင်းက အမှန်တကယ် အသာစီးရသော ဗျူဟာတစ်ခုဖြစ်သည်။

" ဒီအကောင်းဆုံးဝိုင်တွေနဲ့သာဆို ကျွန်တော်တို့ အင်မော်တယ်ဝိုင်ခန်းမက တစ်ကမ္ဘာလုံးမှာ အကြီးဆုံးအရက်ဆိုင်လာပါလိမ့်မယ်။ " ဟန်ရှီက ပြောလိုက်သည်။

" ဆေးပင်တွေ ဘယ်မှာထားလဲ။ " ကျောက်ဖုန်းက ဟန်ရှီကို မေးလိုက်သည်။

" ဒီဘက်မှာပါ အရှင်။ " ဟန်ရှီက ချက်ချင်း လမ်းပြလိုက်သည်။

အသစ်ဆောက်ထားသော သစ်သားအိမ်တစ်လုံးထဲတွင် ကျောက်ဖုန်းလိုအပ်သော ဆေးပင်များကို စုပုံထားသည်။

" ငါပြင်ခိုင်ထားတဲ့ ရေကန်အကြီးကြီးနဲ့ အိုးကြီးရော အဆင်သင့်ဖြစ်ပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အားလုံးအဆင်သင့်ပါပဲ။ " ဟန်ရှီက ခေါင်းညိမ့်လိုက်သည်။ " အရှင်က ဆေးဖော်စပ်မလို့လား။ "

" လူအချို့ကို ဒီဆေးပင်တွေရဲ့ ဆယ်ပုံတစ်ပုံကို ထုတ်ခိုင်းလိုက်။ ပြီးတော့ အိုးကြီးထဲမှာ ထည့်ကျိုပြီး အရည်တွေကို ရေကန်ထဲ လောင်းထည့်ခိုင်းလိုက်။ အခုချက်ချင်း သွားလုပ်တော့။ " ကျောက်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဟန်ရှီက ပြောလိုက်သည်။

အချိန်ခဏကြာသောအခါ လူငယ်အချို့က ရေကန်တစ်ခုထဲသို့ ရေများ လောင်းထည့်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ရေကန်၏ သုံးပုံတစ်ပုံက ရေများပြည့်သွားသည်။ ရေကန်ဘေးတွင် မီးတောက်များပေါ်၌ အိုးကြီးတစ်လုံးရှိနေပြီး အထဲတွင် အရိုးသန့်စင်ခြင်းဆေးမှုန့်အတွက် လိုအပ်သော ဆေးပင်များကို ထည့်ပြုတ်ထားသည်။

ကျောက်ဖုန်း၏ စစ်သည်သုံးရာနီးပါးက ရေကန်ရှေ့တွင် ခံစားချက်မရှိသော အမူအရာများနှင့် စောင့်နေကြသည်။ သုံးလတာ လေ့ကျင့်မှုက သူတို့၏ ကလေးဆန်သော စိတ်များကို ပျောက်ကွယ်သွားစေခဲ့သည်။ သူတို့ကျော်ဖြတ်ခဲ့သော လေ့ကျင့်မှုများက ဘယ်လောက်ပြင်းထန်လဲဆိုသည်မှာ သူတို့သာ သိကြသည်။ ယင်ပုက သူတို့ရှေ့တွင် ရပ်နေသည်။

" အရှင် ဒီဆေးပင်တွေအားလုံးကို ဆေးရည်ဖြစ်အောင် ကျိုပြီးပါပြီ။ " ဟန်ရှီက ပြောလိုက်သည်။

" ရေကန်ထဲလောင်းထည့်လိုက်။ " ကျောက်ဖုန်းက ရေကန်ကို ညွှန်ပြပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ "

လူဆယ်ယောက်ကျော်က ဝါးလုံးရှည်များကို အသုံးပြုပြီး အိုးကြီးကိုမကာ ရေကန်ထဲသို့ သွန်ချလိုက်ကြသည်။ ပူးပြင်းသော ဆေးရည်များက ရေထဲသို့ စီးဝင်သွားသည်။ ကြည်လင်နေသော ရေက ချက်ချင်းပင် အနီနက်ရောင် ဖြစ်သွားသည်။

" ဒီဆေးကို အရိုးသန့်စင်ခြင်းဆေးလို့ခေါ်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ဒီဆေးပင်တွေကို ငါက အကုန်အကျအများကြီး ခံပြီး ဝယ်ထားတာ။ ဒါက အင်မော်တယ်ဆေးရည်တစ်မျိုးပဲ။ ဒီဆေးရည်ထဲမှာ မင်းတို့ စိမ်ထားရင် မင်းတို့ရဲ့ အရိုးနဲ့ ကြွက်သားတွေ သန်မာလာပြီး ခန္ဓာကိုယ်ရဲ့ ခွန်အားတွေ တိုးတက်လာလိမ့်မယ်။ "

" မင်းတို့က ငါ့ရဲ့ ပထမဆုံး စစ်သည်တွေပဲ။ ဒီနေ့မှာ ငါမင်းတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ အခွင့်အရေးပေးမယ်။ အဝတ်အစားတွေချွတ်ပြီး ဆေးကန်ထဲကို ဆင်းကြ။ "

" မင်းတို့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာအပေါ် မူတည်ပြီး ရရှိမယ့် အကျိုးကျေးဇူးကလည်း ပိုများလိမ့်မယ်။ ဒါပေမယ့် ကိုယ်မခံနိုင်တဲ့အထိတော့ အတင်းအကျပ် မလုပ်နဲ့။ " ကျောက်ဖုန်းက သူ့လူများကို ကြည့်ပြီး အမိန့်ပေးလိုက်သည်။

" အရှင်အမိန့်အတိုင်းပါ။ " ယင်ပုက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။ သူက တုန့်ဆိုင်းခြင်းမရှိဘဲ ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ်က ရေထဲသို့ ရောက်သွားသည်နှင့် ပြင်းထန်သော ဆေးအာနိသင်များက ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

" အား...." ခံနိုင်ရည်အားကောင်းလှသော ယင်ပုပင် ခန္ဓာကိုယ်တစ်ခုလုံး အပ်များစွာဖြင့် ထိုးစိုက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူက ကျောက်ဖုန်း၏ စကားများကို တွေးပြီး အံကျိတ်ကာ သည်းခံနေသည်။

အခြားသူများကလည်း အဝတ်အစားများချွတ်ပြီး ရေကန်ထဲသို့ ဆင်းလိုက်ကြသည်။ ထိုထဲတွင် ယောကျာ်းလေးနှင့် မိန်းကလေးများ ပါဝင်သော်လည်း သုံးလလေ့ကျင့်မှုပြီးနောက် သူတို့ကြားတွင် ကျားမ ခွဲခြားမှုမရှိတော့ပေ။ လူများစွာက ဆေးကန်ထဲသို့ ဆင်းသွားပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အရိုးသန့်စင်ခြင်းဆေးရည်က သူတို့၏ ခန္ဓာကိုယ်များကို သန်မာအောင် လုပ်ပေးနေပြီး ရေကန်ထဲမှ ဆက်တိုက်ထွက်ပေါ်နေသော​ အော်ဟစ်သံများက ကြားရသူတိုင်းကို ကြက်သီးထသွားစေသည်။ဘေးမှ ကြည့်နေသော လက်အောက်ငယ်သားများနှင့် သူတို့ကို လေ့ကျင့်ပေးသော ကိုယ်ရံတော်တပ်သားဟောင်းများပင် ကြောက်စိတ်ဝင်သွားကြသည်။

" ဘာတွေအော်နေတာလဲ။ ဒါက အရှင် ငါတို့ကို ပေးသနားတဲ့ ဆုလာဘ်ပဲ။ ကြာကြာခံနိုင်လေ အကျိုးရှိလေလို့ အရှင်ပြောထားတယ်မဟုတ်လား။ မခံနိုင်ရင် ထွက်သွားကြ။ နောက်လူတွေကို နေရာပေးလိုက်။ " ယင်ပုက ဟိန်းဟောက်လိုက်သည်။

ထိုစကားများကြောင့် အော်ဟစ်နေသော လူငယ်များက အံကိုတင်းတင်းကျိတ်ပြီး ရှိသမျှခွန်အားနှင့် နာကျင်မှုကို တောင့်ခံလိုက်ကြသည်။

All Chapters