အခန်း (၁၀၇)
Vol. 11 Ch. 107
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၀၇)
ကောခိုင်၏ သင်္ဘောပေါ်မှ စစ်သည်များကလည်း ကျောက်ဖုန်း၏ သင်္ဘောသုံးစင်းကို မြင်လိုက်ရသည်။
" ဝန်ကြီးချုပ် ရှေ့မှာ ပြဿနာရှိနေပါတယ်။ သင်္ဘောသုံးစင်းက ကျွန်တော်တို့လမ်းကို ပိတ်ထားပါတယ်။ " တပ်မှူးက လေးနက်စွာ ပြောလိုက်သည်။
ကောခိုင်က ချက်ချင်း ထရပ်ပြီး သတိကြီးစွာ ကြည့်လိုက်သည်။ " ဝေနယ်မြေထဲရောက်ဖို့ ဘယ်လောက်လိုသေးလဲ။ "
" ဟိုရှေ့က သင်္ဘောသုံးစင်းကို ကျော်ပြီး ဘယ်ဘက်မြစ်လက်တက်အတိုင်း သွားလိုက်တာနဲ့ ဝေနိုင်ငံထဲ ရောက်ပါပြီ။ ဝန်ကြီးချုပ် အခု ဘာလုပ်ကြမလဲ။ " တပ်မှူးက မေးလိုက်သည်။
" အရှိန်မြှင့်ပြီး ရှေ့ကို ဆက်မောင်း။ သူတို့ကို တိုက်ပြီး ဖြတ်ပြီး။ " ကောခိုင်က အမိန့်ပေးလိုက်သည်။
" တကယ်လို့ သူတို့က ရန်သူဆိုရင်တောင် သင်္ဘောသုံးစင်းပဲရှိတာ။ ငါ့မှာ နန်းတွင်းကိုယ်ရံတော် တစ်ရာရှိတယ်။ သူတို့ကို ခေမှုန်းဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။ "
ကောခိုင်က ရပ်တန့်ရန်အတွက် ရွေးချယ်မည်မဟုတ်ပေ။ ချင်သင်္ဘောများစွာက နောက်မှလိုက်လာသောကြောင့် ယခုအချိန်ရပ်လိုက်လျှင် ချင်စစ်သည်ထောင်ချီက သူ့ကို အပိုင်းပိုင်း ဆွဲဖြဲကြပေလိမ့်မည်။
" ရွက်တွေလွင့် အရှိန်အပြည့်နဲ့မောင်း။ " တပ်မှူးက အော်ဟစ်လိုက်သည်။ သူ၏ အမိန့်အတိုင်း သင်္ဘောသုံးစီးက မြစ်စုန်အတိုင်း အရှိန်အပြည့်နှင့် မောင်းနှင်လာကြသည်။
" အရှင် သူတို့ ကျွန်တော်တို့ကို တိုက်ဖို့ပြင်နေပြီ။ " ကျန်းမင်က လေးနက်စွာ ပြောလိုက်သည်။
" ကြည့်ရတာ တကယ် ရန်သူတွေပဲ။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
" လေးတွေအသင့်ပြင်ထား။ ရန်သူနီးလာတာနဲ့ ပစ်ကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ပါအရှင်။ " သူ၏ လက်အောက်ငယ်သားတစ်ရာက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ကျောက်ဖုန်း၏ ကိုယ်ရံတော်တပ်ဖွဲ့အနေဖြင့် သူတို့၏ သစ္စာရှိမှုကို သူကိုယ်တိုင် စစ်ဆေးပြီးသားဖြစ်သကဲ့သို့ သယတို့ကိုလည်း လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည်။
သူ၏ လူများက လေးများကို မြှောက်လိုက်သောအချိန်တွင် ကျောက်ဖုန်းကလည်း သူ၏ သံနက်လေးကို ထုတ်ပြီး မြားသုံးစင်းကို တစ်ပြိုင်တည်း တင်လိုက်သည်။
ကောခိုင်၏ သင်္ဘောများက နီးကပ်လာသည်။ အကွာအဝေး ကျန့်ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရောက်လာသောအခါ ကျောက်ဖုန်း၏ သင်္ဘောပေါ်မှ လူတိုင်းက အနက်ရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသည်ကို ကောခိုင်က မြင်တွေ့သွားသည်။
ကောခိုင်က ချက်ချင်း မျက်နှာပျက်သွားသည်။ " မကောင်းတော့ဘူး။ ဒါချင်စစ်တပ်ပဲ။ ချင်စစ်တပ်က ဘယ်လိုလုပ် ငါတို့ရှေ့ကို ရောက်နေတာလဲ။ "
ကောခိုင်က မျက်နှာပျက်သွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။ သူက ထွက်ပြေးရန် လမ်းကြောင်းကို သေချာစီစဉ်ထားခဲ့သော်လည်း လွတ်မြောက်ခါနီးတွင် ချင်စစ်တပ်နှင့် တိုးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
" ဝန်ကြီးချုပ် စိတ်မပူပါနဲ့။ " တပ်မှူးက အမြန်ပြောလိုက်သည်။ " ဒီချင်စစ်တပ်က အင်အားမများပါဘူး။ သူတို့က ကျွန်တော်တို့ကို တမင်စောင့်ဖမ်းတာမဟုတ်ဘဲ မတော်တဆ တွေ့တာဖြစ်နိုင်ပါတယ်။ "
" မင်းပြောတာမှန်တယ်။ " ကောခိုင်က အေးစက်သွာ ပြောလိုက်သည်။ " ရှေ့က ချင်စစ်တပ်က သင်္ဘောသုံးစင်းနဲ့ လူတစ်ရာလောက်ပဲရှိတာ။ သူတို့က ငါတို့အတွက် လာတာမဟုတ်ဘူး။ ခဏနေရင် မင်း ကိုယ်ရံတော်တွေ အားလုံးကို ဦးဆောင်ပြီး သူတို့ကို တိုက်ခိုက်ပါ။ ငါ ကျောက်ကျိကို ခေါ်ပြီး ဝေနိုင်ငံထဲ ထွက်ပြေးဖို့ လမ်းကြောင်းဖွင့်ပေး။ ကျောက်ကျိက ဒီတာဝန်ရဲ့ အရေးကြီးဆုံးသူပဲ။ ဘာအမှားမှ အဖြစ်ခံလို့ မရဘူး။ "
" စိတ်ချပါ ဝန်ကြီးချုပ်။ ဝန်ကြီးချုပ် ဝေနိုင်ငံထဲကို ဘေးကင်းကင်းနဲ့ ရောက်သွားဖို့ ကျွန်တော် တာဝန်ယူပါတယ်။ " တပ်မှူးက ပြောလိုက်သည်။
ကောခိုင်က စိတ်အေးသွားပြီး ခေါင်းညိမ့်လိုက်သည်။ " မင်းအာမခံချက်ရှိရင် ပြီးတာပဲ။ ကျောက်ကျိကို ငါတို့နိုင်ငံဆီ ပြန်ခေါ်သွားနိုင်တာနဲ့ မင်းကို နန်းတွင်းမှာ အမြင့်ဆုံး ရာထူးတစ်ခုပေးဖို့ ငါကတ်ပေးတယ်။ "
" ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်။ " တပ်မှူးက ဝမ်းသာသွားသည်။
ထိုအချိန်တွင် အလင်းတန်းသုံးခုက လေထဲမှ ရုတ်တရက် ပျံသန်းလာပြီး အသံသုံးခုက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။
ဖျောင်း....
အရှန်ပြင်းသော မြားများက ကောခိုက်ရဲ့ သင်္ဘောသုံးစင်းမှ ရွက်တိုင်များကို ချိုးပစ်လိုက်သောကြောင့် ရွက်ဖျင်များက ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာသည်။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ " ကောခိုင်နှင့် တပ်မှူးတို့က အံ့ဩတုန်လှုပ်စွာ ကြည့်နေကြသည်။
" ဝန်ကြီးချုပ် ကျွန်တော်တို့ အရှိန်ကျသွားပြီ။ ကြည့်ရတာ သူ့တိုကို တိုက်ပြီး ထိုးဖောက်ဖို့ မလွယ်တော့ဘူး။ "
ရွက်တိုင်းများ မရှိတော့သောကြောင့် သင်္ဘောများက မြစ်ရေစီးကြောင်းအတိုင်း မျောနေသောကြောင့် အရှိန်က သိသိသာသာ နှေးသွားခဲ့သည်။
" လှော်တက်တွေကို သုံးကြ။ မြန်မြန်။ " ကောခိုင်က ကြောက်ရွံ့သွားသည်။
ကိုယ်ရံတော်များက လှော်တက်များကို ဆွဲယူပြီး အတင်းလှော်ခတ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ကောခိုင်၏ သင်္ဘောသုံးစင်းက မြားပစ်ကွင်းထဲသို့ ရောက်ရှိသွားသည်။
" ပစ် " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
သင်္ဘောပေါ်မှ လူတစ်ရာက လေးများကို မြှောက်ပြီး တက်လာသော သင်္ဘောများဆီသို့ မြားမိုးများ ရွာချလိုက်တော့သည်။ မြားများက မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာသည်။ သံချပခကာမဝတ်ထားသော ကိုယ်ရံတော်များက မြားမိုးအောက်တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။
ကျောက်ဖုန်း၏ လူများက အမှန်တကယ် စနစ်ကျလှသည်။ ပထမတစ်တန်း ပစ်ပြီးသည်နှင့် နောက်ဆုတ်သွားပြီး နောက်တစ်တန်းက ဝင်ပစ်ကြသည်။ ကျောက်ဖုန်းမသိသည်မှာ ရန်သူက ဘယ်သူလဲနှင့် သင်္ဘောပေါ်တွင် မယ်တော်ကြီးကျောက်ကျိပါနေသည်ကိုပင်ဖြစ်သည်။ သူသာ သိခဲ့လျှင် ထိုကဲ့သို့ မြားမိုးများ ရွာခိုင်းမည်မဟုတ်ပေ။ မတော်တဆ သူမကို သတ်မိသွားလျှင် ပြဿနာအကြီးအကျယ် တက်နိုင်လေသည်။
" ဝန်ကြီးချုပ်ကို ကာကွယ်ကြ။ " တပ်မှူးက အော်ဟစ်ပြီး ကောခိုင်ရှေ့မှ ကာကွယ်ပေးလိုက်သည်။
" ဒီချင်တွေ ရူးနေပြီ။ ငါလက်ထဲမှာ သူတို့မယ်တော်ကြီးရှိနေတာကို ပစ်ရဲတယ်ပေါ့။ ကျောက်ကျိကို အသေမခံနဲ့။ " ကောခိုင်က ထိတ်လန့်တကြားနှင့် ကျိန်ဆဲလိုက်သည်။
သူ၏ ရှေ့မှ ချင်စစ်သည်များက ကျောက်ကျိကို ဂရုမစိုက်ဘဲ မြားများကို အရူးအမူး ပစ်ခတ်နေကြသည်။ ၎င်းက ကောခိုင်ကို ဒေါသထွက်သွားစေသကဲ့သို့ ကြောက်လန့်သွားစေသည်။
အကယ်၍ ကျောက်ကျိက ချင်စစ်တပ်ကြောင့် သေသွားလျှင်တောင် ၎င်းက အောင်မြင်မှုတစ်ခုမဟုတ်ဘဲ ကြီးမားသော အပြစ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် ချင်နိုင်ငံက ကျောက်နိုင်ငံကို စစ်ချီရန် အကြောင်းပြချက် ရသွားပေလိမ့်မည်။
ကောခိုင်က ကြောက်လန့်သွားပြီး ကျောက်ကျိကို ကာကွယ်ရန် သူမရှေ့သို့ တိုးဝင်သွားသည်။ ဘေးမှကိုယ်ရံတော်များကလည်း မြားများကို တားဆီးရန် သူတို့၏ ဓားများကို ထုတ်လိုက်ကြသည်။ အချို့က လေးများဖြင့် ပြန်လည်ပစ်ခတ်ကြသော်လည်း သံချပ်ကာဝတ်ထားသော ကျောက်ဖုန်း၏ လူများကို ဘာမှမလုပ်နိုင်ပေ။
ကောခိုင်တို့၏ သင်္ဘောက ပိုနီးလာပြီး တိုက်မိတော့မည့် အချိန်တွင်...
" သတ်ကြ။ " ကျောက်ဖုန်းက လုံချွမ်ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်သည်။ သူက လေထဲသို့ ချက်ချင်း ခုန်တက်လိုက်ပြီး ကောခိုင်၏ သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်သွားသည်။
သူ၏ လူများကလည်း ဓားများကို ဆွဲထုတ်ပြီး ကျောက်ဖုန်း၏ နောက်ကနေ တိုက်ပွဲထဲသို့ လိုက်ဝင်လာကြသည်။ သူတို့အတွက်တော့ ၎င်းက စွမ်းဆောင်မှုများ ပြသရန် အခွင့်အရေးဖြစ်သောကြောင့် ဘယ်သူမှလက်လွတ်မခံကြပေ။
" အရှင်က အရိုးသန့်စင်ခြင်းဆေးမှုန့်နဲ့ ငါတို့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ပေးထားတာပဲ။ အခု ငါ့ခွန်အားက နှစ်ဆဖြစ်နေပြီ။ "
" ငါလည်း အတူတူပဲ။ တစ်ယောက်တည်းနဲ့ လူဆယ်ယောက်ကို ယှဉ်နိုင်တယ်လို့ ခံစားနေရတယ်။ "
" ရန်သူတွေကို သတ်ကြ။ သူတို့က ငါတို့ ရာထူးတက်ဖို့ အခွင့်အရေးကို လာပေးကြတာပဲ။ "
ကျောက်ဖုန်း၏ လူများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြီး ကျောက်ကိုယ်ရံတော်များကို ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။ ကျွမ်းကျင်မှုရှိသော်လည်း ကျောက်ကိုယ်ရံတော်များက သံချပ်ကာဝတ်ထားသော ကျောက်ဖုန်း၏ လူများကို မယှဉ်နိုင်ကြပေ။ သူတို့က ခဏအတွင်း သတ်ခံလိုက်ရပြီး သူတို့၏ အလောင်းများမှ သွေးများက ကုန်းပတ်ပေါ်မှတစ်ဆင့် မြစ်ထဲသို့ စီးဆင်းသွားသည်။
" ကိုယ်ရံတော်တပ်ဖွဲ့က ကျောက်နိုင်ငံမှာ အသန်မာဆုံး တပ်ဖွဲ့မဟုတ်ဘူးလား။ ဘယ်လိုလုပ်ဒီလောက်အားနည်းနေတာလဲ။ "
အင်အားချင်း မတိမ်းမယိမ်း ရှိနေသော်လည်း သူ့လူများ ချင်စစ်သည်များ၏ လက်ထဲတွင် အလွယ်တကူ အရေးနိမ့်နေသည်ကို မြင်သောအခါ ကောခိုင်က ထိတ်လန့်သွားသည်။ ကျောက်နိုင်ငံ၏ ကိုယ်ရံတေယ်တပ်မှူးကလည်း မှင်သက်သွားသည်။
" ကမ္ဘာပေါ်မှာ အသန်မာဆုံးလို့ ဆိုရမယ့် ကျောက်နိုင်ငံရဲ့ ကိုယ်ရံတော်တွေက ဘာလို့ဒီလောက် သနားစရာကောင်းအောင် ရှုံးနေရတာလဲ။ "
ချင်စစ်သည်များက ကိုယ်ရံတော်များကို အပြတ်အသတ် ဖိနှိပ်တိုက်ခိုက်နေကြသည်။ ကျောက်ဖုန်းက ရှေ့သို့ တိုးဝင်ပြီး သူ၏ လုံချွမ်ဓားကို ဝှေ့ရမ်းကာ ကိုယ်ရံတော်များကို အလွယ်တကူ ရှင်းလင်းနေသည်။
" ကိုယ်ရံတော်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "
" ကိုယ်ရံတော်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "
" ကိုယ်ရံတော်တစ်ယောက်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၅မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်း၏ ခွန်အားနှင့် ကျောက်ကိုယ်ရံတော်များကို သတ်ရခြင်းက အလွန်လွယ်ကူသော အလုပ်တစ်ခု ဖြစ်နေသည်။ မကြာမီ သူက သင်္ဘောပေါ်မှ အဆောင်ထဲသို့ ရောက်သွားသည်။
ကျောက်ဖုန်းက သူ့ဆီသို့ တိုက်ရိုက်တိုးဝင်လာသည်ကို မြင်သောအခါ ကောခိုင်က ထိတ်လန့်သွားသည်။
" သေစမ်း " တပ်မှူးက ဟိန်းဟောက်ပြီး ကျောက်ဖုန်းကို ဓားနှင့်ထိုးလိုက်သည်။
သို့သော် ကျောက်ဖုန်းအတွက်တော့ သူ၏ ဓားက အလွန်နှေးကွေးနေသည်။ ကျောက်ဖုန်းက အသာအယာ ရှောင်တိမ်းလိုက်ပြီး ဓားနှင့် ပြန်ထိုးလိုက်သည်။ လုံချွမ်ဓားက တပ်မှူး၏ နှလုံးသားနေရာသို့ တည့်တည့်ထိုးဖောက်သွားသည်။