အခန်း (၁၀၈)
Vol. 11 Ch. 108
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၀၈)
" အနားကပ်မလာနဲ့။ နောက်တစ်လှမ်းထပ်တိုးရင် ငါ ဒီမိန်းမကို သတ်ပစ်မယ်။. " ကောခိုင်က ကျောက်ကျိကို ဆွဲခေါ်ပြီး သူမ၏ လည်ပင်းပေါ်တွင် ဓားတင်ထားလိုက်သည်။
" သတ်ချင်သတ်လိုက်လေ။ " ကျောက်ဖုန်းက စိတ်ပျက်စွာ ကြည့်ပြီး ပြန်ပြောလိုက်သည်။ " ငါနဲ့ဘာဆိုင်လို့လဲ။ "
သူ့ကို မိန်းမတစ်ယောက်နှင့် ခြိမ်းခြောက်နေတာလား။ ကျောက်ဖုန်းက လုံးဝ စိုးရိမ်ခြင်းမရှိပေ။ သူက ခြိမ်းခြောက်မှုများကို ဘယ်တော့မှ အလျော့မပေးတတ်သူဖြစ်သည်။
" ငါက ဝန်ကြီးချုပ် ကောခိုင်ကွ။ ဒါက ချင်နိုင်ငံရဲ့ မယ်တော်ကြီးပဲ။ " ကောခိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ " မင်းသာ တစ်ခုခု လုပ်ရဲရင် ဒီနေရာက အကောင်းတိုင်း ပြန်ထွက်ရမှာမဟုတ်ဘူး။ "
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ အမူအရာက ထူးဆန်းသွားသကဲ့သို့ ဘေးမှ စစ်သည်များကလည်း အံ့ဩသွားကြသည်။
" အရှင် "စစ်သည်တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ " ဒါ ကျွန်တော်တို့အတွက် အကြီးအကျယ် ရာထူးတက်မယ့် အခွင့်အရေးကို ကောက်ရလိုက်တာပဲ။ ချင်မယ်တော်ကြီးက ဒီလူတွေလက်ထဲမှာ ဖမ်းခံထားရတာလား။ "
" ကျွန်တော်တို့ ဝေနိုင်ငံနဲ့ နီးနေပြီ။ တကယ်လို့ ဒီလူတွေသာ ဝေနိုင်ငံထဲ ဝင်ရောက်သွားရင် ကျွန်တော်တို့ မယ်တေယ်ကြီးက တခြားနိုင်ငံရဲ့ လက်ထဲကို ရောက်သွားမှာပေါ့။ "
ကျောက်ဖုန်းအပါအဝင် အားလုံးက ထိုလူများကို ချင်နိုင်ငံထဲတွင် ဆူပူအောင်လုပ်မည့် သူလျို့များဟု ထင်ခဲ့ကြသည်။ သို့သော် ယခု အခြေအနေက ထင်ထားသည်ထက် ပိုမိုကြီးမားနေသည်။
" ဒီလိုကိစ္စနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ ကောခိုင် သူက ကျောက်နိုင်ငံရဲ့ စစ်သေနာပတိချုပ်နှစ်ယောက်ကို သေအောင် လှည့်စားခဲ့တဲ့သူပဲ။ ဒီလူကို သတ်လို့မရဘူး။ သူသာ သေသွားရင် ချင်နိုင်ငံရဲ့ တစ်ကမ္ဘာလုံးကို သိမ်းပိုက်မယ့် အစီအစဉ်နဲ့ ငါ့ရဲ့ အနာဂတ် အစီအစဉ်တွေကို ထိခိုက်သွားစေနိုင်တယ်။ ဒီကျောက်ကျိကတော့..."
ကျောက်ဖုန်း၏ အကြည့်က ကောခိုင် ဓားစာခံလုပ်ထားသော ကျောက်ကျိဆီကို ရောက်သွားသည်။
" ငါက ကောခိုင်ထက် ဒီသမိုင်းဝင် အမျိုးသမီးကို ပိုစိတ်ဝင်စားတယ်။ ဒဏ္ဍာရီလာကျောက်ကျိ... သူမက တကယ် ဆွဲဆောင်မှုရှိတာပဲ။ အသက်ရလာတာတောင် သူမဆီမှာ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေတုန်းပဲ။ အလှဘုရင်မဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ "
ကျောက်ဖုန်းက သူ၏ ဓားကို မြှောက်ပြီး ကောခိုင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
" မင်းဘာလုပ်တာလဲ။ " ကောခိုင်က အနားကပ်လာသော ကျောက်ဖုန်းကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ " ထပ်မတိုးနဲ့။ ငါ သူမကို သတ်လိုက်မှာနော်။ "
" သတ်လေ။ " ကျောက်ဖုန်းက ပြုံးပြီး ရှေ့ဆက်တိုးသွားသည်။ " ငါ သူမကို သိတာမှမဟုတ်တာ။ မင်းလိမ်နေတာလည်း ဖြစ်နိုင်တာပဲ။ "
ကျောက်ဖုန်းက ဂရုမစိုက်သည်ကို မြင်သောအခါ ကောခိုင်က ထိတ်လန့်သွားသည်။ " မင်းက အရူးပဲ။ ငါသာ ကျာက်ကျိကို သတ်လိုက်ရင် မင်းရဲ့ မိသားစုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။ "
" သူမကို သတ်တာက မင်းလေ။ ငါမှမဟုတ်တာ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောပြီး ရှေ့ဆက်တိုးသွားသည်။
" မင်း ကျောက်ကျိကို သတ်လိုက်တာနဲ့ ငါမင်းကို သတ်မယ်။ အဲ့ဒါက ငါ့အတွက်တော့ ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုပဲ။ သေသွားတဲ့ မယ်တော်ကြီးနဲ့ တခြားနိုင်ငံရဲ့ လက်ခဲမှာ အဖမ်းခံလိုက်ရတဲ့မယ်တော်ကြီး ဒီနှစ်ခုထဲက ဘယ်ဟာက ပိုကောင်းလဲဆိုတာ ချင်ဘုရင်က သေချာပေါက် သိမှာပါ။ "
ကျောက်ဖုန်း၏ စကားကြောင့် ကောခိုင်က မှင်သက်သွားပြီး ဓားကိုင်ထားသော လက်က တုန်ယင်လာသည်။ ထိုအချိန်တွင် ကျောက်ဖုန်းက လှုပ်ရှားလိုက်ပြီး ကောခိုင်ဆီသို့ ပြေးဝင်ကာ ဓားကိုင်ထားသော လက်ကို ဖမ်းချုပ်လိုက်သည်။
" အား.... လွှတ် လွှတ်စမ်း..." ကောခိုင်က ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။
သို့သော် ကျောက်ဖုန်းက ကောခိုင်ကို သတ်ရန် အစီအစဉ်မရှိပေ။ သူသာ မရှိလျှင် ကျောက်နိုင်ငံကို ဖျက်စီးရန် စစ်သည်ဘယ်လောက်များသေရမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ သူ့ကို အသက်ရှင်လျက် ထားခြင်းက ပိုကောင်းပေသည်။
ကျောက်ဖုန်းက ကောခိုင်၏ လက်နက်ကို သိမ်းယူပြီး ဘေးသို့ ပစ်ထုတ်လိုက်သည်။ သူ၏ ကိုယ်ရံတော်နှစ်ယောက်က ချက်ချင်း ရှေ့တိုးလာပြီး သူ့ကို ကြမ်းပြင်တွင် ဖိထားလိုက်သည်။
ကောခိုင်၏ လက်ထဲမှ လွတ်မြောက်သွားသော်လည်း ကျောက်ကျိက သူမ၏ ဝိညာဉ်ထွက်သွားသကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။
" လောင်အိုက်နဲ့ကိစ္စပြီးတဲ့နောက်မှာ သူမက တကယ်ရူးသွားတာလား။ " ကျောက်ဖုန်းက သူမ၏ အခြေအနေကို ကြည့်ပြီး စိတ်ထဲတွင် အံ့ဩသွားသည်။
" ရူးတော့လည်း ရူးပေါ့။ အသက်ရှု်နေဖိကြ အဓိကပဲ။ "
" အရှင် ရန်သူအားလုံးကို ရှင်းပြီးပါပြီ။ ကျွန်တော်တို့ဘက်က ညီအကိုရှစ်ယောက် ဒဏ်ရာရသွားပေမယ့် အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး။ " ကျန်းမင်က ကျောက်ဖုန်းကို ပြောလိုက်သည်။
" ဒီလူတွေက သာမန်လူတွေမဟုတ်ဘူး။ ထိပ်တန်းစစ်သည်တွေပဲ။ ရှင်းပစ််နိုင်တာကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကောခိုင်ကလွဲ၍ အခြားသူအားလုံး အသတ်ခံလိုက်ရပြီဖြစ်သည်။
" ညီအကိုတို့ " ကျောက်ဖုန်းက ကောခိုင်ကို ဖမ်းထားသော လူများဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " ဒီတစ်ခါတော့ ငါတို့ ကံကောင်းသွားပြီ။ တကယ်ရာထူးတက်မယ့်အခွင့်အရေးကို ကောက်ရလိုက်တာပဲ။ ဒီလူဘယ်သူလဲဆိုတာ မင်းတို့သိလား။ "
" အရှင် ဒီလူက ဘယ်သူလဲ။ ကြည့်ရတာ ကြက်တစ်ကောင်ကိုတောင် သတ်နိုင်မယ့်ပုံမပေါ်ဘူး။ ကျွန်တော်တို့ သတ်လိုက်တဲ့လူတွေထက်တောင် ပိုအားနည်းသေးတယ်။ "
" သူက ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ် ကောခိုင်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ လူများက ကောခိုင်ကို ကြည့်ပြီး ဝမ်းသာသွားကြသည်။ ထိုစွမ်းဆောင်မှုနှင့်ဆိုလျှင် သူတို့၏ ရာထူးဘွဲ့ထူးများ တိုးလာနိုင်သည်။ အနည်းဆုံးတော့ သူတို့က နန်းတွင်းမှ ရွှေငွေဆုလာဘ်များကို ရရှိပေလိမ့်မည်။
" ပြီးတော့ ဒါကတော့ မင်းတို့သိတဲ့အတိုင်း ချင်နိုင်ငံရဲ့ မယ်တော်ကြီးပဲ။ လက်ရှိအရှင်မင်းကြီးရဲ့ မိခင်ပေါ့။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။
" မယ်တော်ကြီးကို ဂါရဝပြုကြစမ်း။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" မယ်တော်ကြီးကို ဂါရဝပြုပါတယ်။ " အားလုံးက တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြသည်။
သို့သော် ကျောက်ကျိက မည်သည့်တုန့်ပြန်မှုမှ မပြပေ။ ကျောက်ဖုန်းက သူမကို တိတ်တဆိတ် အကဲခတ်နေသည်။
" ဘာတုန့်ပြန်မှုမှမရှိဘူး။ ကြည့်ရတာ ကျောက်ကျိက တကယ်ပဲ ရူးသွားပြီထင်တယ်။ လောင်အိုက်နဲ့ ပက်သက်မှုက ရွံစရာကောင်းပေမယ့် သူမမွေးထားတဲ့ သားနှစ်ယောက်ကတော့ သူမရဲ့ သွေးသားတွေပဲလေ။ သူတို့ကို သတ်ပစ်တာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးကတည်းက သူမက စိတ်ဓာတ်ကျပြီး ရူးသွားတာဖြစ်နိုင်တယ်။ "
ထို့နောက် ကျောက်ဖုန်းက ကျောက်ကျိအနားသို့ တိုးကပ်သွားပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ " မယ်တော်ကြီး အနားယူဖို့ အထဲကို ကြွပါဦး။ "
သူမက သူ့အသံကို ကြားသောကြောင့်လားမသိ အသက်မရှိနေသကဲ့သို့ ဖြစ်နေသော ကျောက်ကျိ၏ မျက်လုံးများက အသက်ဝင်လာသည်။ သူမက ခေါင်းမော့ကြည့်လိုက်သောအခါ ကျောက်ဖုန်းနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် သူမက အလွန်ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်သွားသည်။
" နင်...အနားမလာနဲ့။ အဲ့ဒီတုန်းက အမှားလုပ်ခဲ့တာငါပါ။ နင်သေတာကို ငါ့ကို အပြစ်မတင်ပါနဲ့။ " ကျောက်ကျိက ကျောက်ဖုန်းကို ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ အလွန်ထိတ်လန့်စွာ ကြည့်နေသည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ကြောင်သွားသည်။ " ကျောက်ကျိက တကယ် ရူးသွားပြီ။ ငါကို သူမကို သတ်မယ့် ရန်သူတစ်ယောက်လို့ မြင်နေတာပဲ။ "
" ဟန်ရှီ " ကျောက်ဖုန်းက ခေါ်လိုက်သည်။
ဟန်ရှီက ကျောက်ဖုန်းအနီးသို့ ရောက်လာသည်။
" သူမကို စောင့်ရှောက်လိုက်ပါဦး။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ကောင်းပါပြီ။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်ပြီး ကျောက်ကျိအနီးသို့ သွားပြီး သူမကို တွဲပေးလိုက်သည်။
ကျောက်ဖုန်းက အဝေးသို့ ဖယ်ပေးလိုက်သည်။ ထူးဆန်းသည်မှာ ကျောက်ဖုန်း ထွက်သွားသည်နှင့် ကျောက်ကျိ၏ မျက်နှာပေါ်မှ ထိတ်လန့်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယခင်ကဲ့သို့ အသက်မဲ့သော အခြေအနေသို့ ပြန်ရောက်သွားသည်။
" သူမက တကယ်ပဲ အရူးတစ်ယောက်ဖြစ်သွားတာပဲ။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။
" စစ်သူကြီး... ငါတို့ အပေးအယူတစ်ခု လုပ်ကြမလား။ မင်း ကျောက်ကျိကိုလည်း ကယ်ပြီးပြီပဲ။ ငါကိုသာ လွှတ်ပေးရင် ရွှေစတစ်သောင်းပေးမယ်။ မင်းဘာလိုချင်လဲ ပြော။ ငါအကုန်ပေးနိုင်တယ်။ "
ကြမ်းပြင်ပေါ်တွင် ဖိခံထားရသော ကောခိုင်က ကျောက်ဖုန်းကို မော့ကြည့်လိုက်သည်။ အကယ်၍ ကျောက်ဖုန်းသာ သူ့ကို လွှတ်ပေးလျှင် သူက ဝေနိုင်ငံထဲသို့ ထွက်ပြေးနိုင်မည်ဖြစ်သည်။
သူက တာဝန်ပျက်ကွက်ခဲ့လျှင်တောင် အသက်ရှင်နိုင်မည်ဖြစ်ပြီး ကျောက်ဘုရင်ကလည်း သူ့ကို အပြစ်တင်မည်မဟုတ်ပေ။ သို့သော် သူသာ ချင်နိုင်ငံသို့ ရောက်သွားလျှင် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။
ကျောက်ဖုန်းက ကောခိုင်အနီးသို့ သွားပြီး လက်ဝှေ့ရမ်းလိုက်သည်။ ကောခိုင်ကို ဖိထားသော စစ်သည်နှစ်ယောက်က သူ့ကို ချက်ချင်း ပြန်ထူပေးလိုက်သည်။
" ဝန်ကြီးချုပ်ကောခိုင် အားလုံးကို ခြုံကြည့်ရင် ငါမင်းကိုတောင် ကျေးဇူးတင်သင့်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျေးဇူးတင်မယ် ဘာအတွက်လဲ။ " ကောခိုင်က ချက်ချင်း ဆက်ပြောလိုက်သည်။ မင်းငါ့ကိုသာ လွတ်ပေးရင် မင်းလည်း စည်းစိမ်ဥစ္စာတွေရမယ်။ ငါလည်း အသက်ချမ်းရာရမယ်။ ဒါက နှစ်ဖက်လုံးအကျိုးရှိမယ့်အရာပဲ။ "
ကောခိုင်က ဝန်ကြီးချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာမျိုး မရှိတော့ဘဲ သေမှာကြောက်သော လူတစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။ ၎င်းက သမိုင်းထဲမှ ကောခိုင်၏ စရိုက်နှင့် ကိုက်ညီနေသည်။
" မင်းက ငါ့အတွက် ကြီးမားတဲ့ စွမ်းဆောင်မှုနှစ်ခု ယူလာပေးခဲ့တာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " တစ်ခုက မယ်တော်ကြီးကို ကယ်တင်နိုင်တာပဲ။ နောက်တစ်ခုက ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ မင်းကို ဖမ်းမိတာပဲ။ "
" ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ကြိုးတုပ်လိုက်။ သူ့ကို မသေစေနဲ့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " စစ်သည်တစ်ယောက်က ကြိုးတစ်ချောင်းထုတ်ပြီး ကောခိုင်ကို ချည်လိုက်သည်။