ချီလင်းတစ်ပိုင်း၏ ပြန်လာခြင်း
Vol. 28 Ch. 410
နတ်ဆိုးချီများ နောက်တစ်ကြိမ် ထပ်မံ အရှိန်အဟုန်ပြင်းစွာ တက်လာသည်နှင့်အမျှ တပ်စခန်းတစ်ခုလုံးတွင် အချက်ပေးသံများ ဆူညံသွားတော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဖိအားမှာ သိသိသာသာ လျော့နည်းနေသည်ကို သတိပြုမိကြသည်။
ကောင်းကင်ယံမှ မည်သည့် အင်မော်တယ်မျှ ဆင်းသက်လာခြင်း မရှိပေ။
ချီလင်း၏ လွှမ်းမိုးထားသော အရောင်အဝါများကလည်း စစ်မြေပြင်ကို ဖိနှိပ်ထားခြင်း မရှိတော့ပေ။
မှောင်မိုက်သော အရိပ်များထဲမှ မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်နတ်ဆိုးကျင့်ကြံသူများနှင့် အဆင့်-၁၀ နတ်ဆိုးသားရဲများသာ တိုးထွက်လာကြသည်။
သို့သော်ငြားလည်း မည်သူမျှ ပေါ့ပေါ့ဆဆ မနေဝံ့ကြချေ။
ယခင်က ဖြစ်ပျက်ခဲ့သည့် အခြေအနေများကြောင့် ကောင်းကင်အင်ပါယာ သည် ချက်ချင်းပင် တုံ့ပြန်ခဲ့သည် — အင်အားချင်း တူညီစွာ တုံ့ပြန်ခြင်း၊ အခင်းအကျင်းများကို တစ်ခုပြီးတစ်ခု အသက်သွင်းခြင်းနှင့် ပါရမီရှင် ကျင့်ကြံသူများက တည်ကြည်သော မျက်နှာထားများဖြင့် ၎င်းတို့၏ နေရာအသီးသီးတွင် အသင့်ပြင်ထားကြသည်။
အမြင့်ဆုံး သတိပေးချက်
ထိုနတ်ဆိုးကျင့်ကြံသူများသည် အင်မော်တယ်များထံမှပင် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သော နည်းလမ်းများ ရှိသည်ကို သူတို့ မမေ့လျော့သေးပေ။
အကယ်၍ ထိုလှည့်ကွက်ကို ထပ်မံအသုံးပြုလာပါက ချက်ချင်းတုံ့ပြန်နိုင်ရန် သူတို့ အသင့်ဖြစ်နေရမည်။
သို့သော်လည်း — ထူးခြားသော အဖြစ်အပျက် တစ်စုံတစ်ရာ ဖြစ်မလာခဲ့ပေ။
နတ်ဆိုးသားရဲများက ပြေးဝင်လာကြသည်။
နတ်ဆိုးကျင့်ကြံသူများက နောက်က လိုက်ပါလာကြသည်။
၎င်းတို့သည် အင်ပါယာ၏ တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်ကြပြီး အပြန်အလှန် တိုက်ခိုက်ကြတော့သည်။
စစ်မြေပြင်သည် သတ်ဖြတ်ကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်ဆိုးသားရဲများသည် အစုလိုက်အပြုံလိုက် လဲကျကုန်ကြပြီး ၎င်းတို့၏ ဟိန်းဟောက်သံများသည် ဓားချက်များနှင့် လွှမ်းမိုးထားသော အင်အားများအောက်တွင် ပြတ်တောက်သွားကြသည်။
နတ်ဆိုးကျင့်ကြံသူများသည်လည်း မညှာမတာ လိုက်လံအမဲလိုက်ခြင်း ခံကြရပြီး ပျက်စီးနေသော မြေပြင်ပေါ်တွင် သူတို့၏ အလောင်းများက ပြန့်ကျဲနေတော့သည်။
ကောင်းကင်အင်ပါယာဘက်မှလည်း ဆုံးရှုံးမှုများ ရှိခဲ့သည်။
သူတို့ဘက်မှလည်း သွေးများ စီးကျခဲ့ရသည်။
သို့သော် ရန်သူနှင့် နှိုင်းယှဉ်ပါကမူ —
ခြားနားချက်မှာ ထင်ရှားလှသည်။
ပိုင်ကျီဟန်သည် စစ်မြေပြင်တစ်ခုလုံးတွင် ဝိညာဉ်နုတ်သိမ်းသူ တစ်ဦးကဲ့သို့ လှုပ်ရှားနေသည်။
အဆင့်-၉ နတ်ဆိုးသားရဲများသည် သူ၏ရှေ့မှောက်တွင် ခုခံနိုင်စွမ်း လုံးဝမရှိကြချေ။
သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားအလင်းတန်းများ လျှပ်ပြက်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားကာ ဧရာမ ခန္ဓာကိုယ်ကြီးများမှာ တစ်ခုပြီးတစ်ခု လဲပြိုကုန်ကြသည်။
သူ့အတွက်မူ ၎င်းတို့သည် ခြိမ်းခြောက်မှုများ မဟုတ်တော့ဘဲ ပစ်မှတ်များသက်သက်သာ ဖြစ်တော့သည်။
တိုက်ပွဲအဆုံးသတ်ချိန်တွင် ပိုင်ကျီဟန်သည် မှေးမှိန်သွားသော နတ်ဆိုးချီများကြားတွင် ရပ်နေရင်း ငြိမ်သက်စွာ သက်ပြင်းချလိုက်
သည်။
သူ ကျေနပ်အားရမှုကို ခံစားနေရ၏။
နောက်ချန်နေရစ်ခဲ့သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု သူတွေးလိုက်မိသည်။
စစ်မြေပြင်တစ်ခုတည်းမှာတင် သူသည် အမှတ်ပေါင်း ၁၅,၀၀၀ ကျော် ရရှိခဲ့သည် — ဆိုလိုသည်မှာ သူသည် အဆင့်-၉ နတ်ဆိုးသားရဲ အကောင်ရေ ၁၅၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းပင်။
ထိုအချက်ကတင် အခြေအနေကို ဖော်ပြနေပေသည်။
ယခုသည် အစပျိုးရုံသာ ရှိသေးသည်။
ထိုနေ့မှစ၍ တိုက်ခိုက်မှုများမှာ ဆက်တိုက်
ဖြစ်ပွားခဲ့သည်။
နတ်ဆိုးသားရဲများနှင့် နတ်ဆိုးကျင့်ကြံသူများသည် အကြိမ်ကြိမ် ထိုးစစ်ဆင်လာကြသော်လည်း အင်မော်တယ်များမှာမူ ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့ပေ။
ချီလင်းတစ်ပိုင်းလည်း ပေါ်မလာခဲ့ပေ
အင်ပါယာကို အလစ်အငိုက်ဖမ်းရန် တမင်သက်သက် အင်အားချန်ထားခြင်းလော၊ သို့မဟုတ် ချီလင်းတစ်ပိုင်းသည် ယခင်က ရရှိခဲ့သော ဒဏ်ရာများမှ ပြန်လည်သက်သာလာခြင်း မရှိသေးသလော ဆိုသည်ကို မည်သူမျှ မသိကြပေ။
သို့သော် မည်သို့ပင်ဖြစ်စေ — ဤအခြေအနေမှာ ပိုင်ကျီဟန်အတွက်မူ အကောင်းဆုံးပင်။
သူသည် တိုက်ပွဲတစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်နွှဲရင်း အေးအေးဆေးဆေးပင် အမှတ်များကို ရိတ်သိမ်းနေခဲ့သည်။
မကြာမီမှာပင် အားလုံးအတွက် ရှင်းလင်းသွားသောအချက်မှာ
နတ်ဆိုးသားရဲ အရေအတွက်များ တဖြည်းဖြည်း နည်းပါးလာခြင်းပင်။
အထူးသဖြင့် အဆင့်-၉ နတ်ဆိုးသားရဲများ ဖြစ်သည်။
သူတို့အရေအတွက်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လျော့နည်းလာနေပေသည်။
တချို့ဆိုလျှင် အံ့သြတုန်လှုပ်မှုနဲ့ မယုံကြည်နိုင်မှုရောပြွမ်းပြီး နောက်ပြောင်ပြောဆိုမှုများတောင် စလုပ်လာကြ၏
"ဒီအတိုင်းသာ ဆက်သွားရင်... ပိုင်ကျီဟန်က အဆင့် (၉) မိစ္ဆာသားရဲတွေကို မျိုးတုံးအောင် သတ်ပစ်တော့မှာပဲ"
ပိုင်ကျီဟန်သည် သားရဲများကို သူ့အကြွေးရှင်များကဲ့သို့ သဘောထားပြီး လိုက်လံနှိမ်နင်းနေသည်ကို ကြည့်ရသလောက် ၎င်းသည် နောက်ပြောင်မှုတစ်ခုနဲ့တောင် မတူတော့ပေ
တစ်ဖက်မှာတော့ ပိုင်ကျီဟန်သည် ၎င်းကို သိပ်အရေးတယူ မစဉ်းစားခဲ့ပေ။
သူကတော့ အမှတ်တွေ ဆက်လက်စုဆောင်းနေပြီး တိုးတက်လာသည့် တိုက်ခိုက်ရေးပညာရပ်များနှင့် ပိုမိုမြင့်မားလာသော ကျင့်စဉ်အဆင့်ကြောင့် အဆင့် (၉) မိစ္ဆာသားရဲများကို ရင်ဆိုင်ရသည်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်တော့ပေ
သူ့ကို လာရောက်တိုက်ခိုက်သည့် အဆင့် (၁၀) မိစ္ဆာသားရဲများကိုတောင် အခက်အခဲမရှိ ရင်ဆိုင်နိုင်ပြီး အနည်းဆုံး ငါးကောင်လောက်ကို သတ်ဖြတ်ပြီးဖြစ်သည်။
ဒါတောင်မှ ပိုမိုလွယ်ကူပြီး မြန်မြန်ဆန်ဆန် အမှတ်ရနိုင်သော အဆင့် (၉) မိစ္ဆာသားရဲများကို သတ်ရခြင်းအပေါ် သူ ပိုသဘောကျနေ၏
ထို့အပြင် ပိုင်ထျန်းဟမ်၏ ခြိမ်းခြောက်မှုနှင့် စစ်သူကြီရှု၏ စကားများက ထိရောက်ပုံရကာ လီမျိုးနွယ်၊ ကျောက်မျိုးနွယ်နှင့်မြစိမ်းရောင်နေမင်းဂိုဏ်းတို့သည် ယခင်ကလို လှည့်ကွက်တွေကို ထပ်မံအသုံးမပြုရဲကြတော့ပေ
သို့တည်းမဟုတ်... ပိုင်ကျီဟန်၏ အစွမ်းသတ္တိသည် သူတို့၏ အောက်တန်းကျလှသော လှည့်ကွက်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သည်အထိ မြင့်မားလွန်းလှသဖြင့် လက်လျှော့လိုက်ကြခြင်းလည်း ဖြစ်နိုင်ပေသည်။
မိစ္ဆာကျင့်ကြံသူများ၏ အခြေအနေမှာလည်း ထိုနည်းတူစွာပင်။
ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်အကြီးအကဲ သုံးဦးအား သတ်ဖြတ်လိုက်ပြီးနောက် သူတို့သည် ပိုင်ကျီဟန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်တော့ကြောင်း ကောင်းစွာသဘောပေါက်သွားပုံရသည်။
ထို့ကြောင့် မည်သည့်မိစ္ဆာကျင့်ကြံသူမျှ ပိုင်ကျီဟန်ရှိရာအရပ်သို့ ခြေဦးမလှည့်ရဲကြတော့ဘဲ မိစ္ဆာသားရဲများကို သူအလိုရှိသလို သတ်ဖြတ်နှိမ်နင်းနေသည်ကိုသာ ကြည့်နေကြရတော့သည်။
မည်သို့ပင်ဆိုစေကာမူ... ပိုင်ကျီဟန်အတွက်မူ အရာခပ်သိမ်းသည် ချောမွေ့လွန်းနေပြီး အနှောင့်အယှက်ကင်းကင်းဖြင့်သာ အမှတ်များကို စုဆောင်းနေခဲ့သည်။
ကောင်းကင်အင်ပါယာနှင့် မိစ္ဆာတပ်ဖွဲ့များ စတင်စစ်ခင်းခဲ့သည်မှာ နှစ်ပတ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ချီလင်း ပေါ်ထွက်လာသည့် ဖြစ်ရပ်တစ်ခုမှအပ ကျန်ရှိသော အခြေအနေအားလုံးမှာ အင်ပါယာအတွက် အသာစီးရနေခဲ့သည်။
၎င်းဖြစ်ရပ်ကို ဖယ်ထုတ်လိုက်လျှင် ကျန်တိုက်ပွဲတိုင်း၌ မိစ္ဆာတပ်ဖွဲ့များသာ အထိနာခဲ့ရသည်။
ယခုအခါတွင် မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ အင်အား ၄၀ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး ကောင်းကင်အင်ပါယာဘက်မှမူ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ကျဆုံးမှုရှိခဲ့သည်။
မိစ္ဆာသားရဲများစွာ သေကျေပျက်စီးခဲ့သော်လည်း ၎င်းတို့၏ အရေအတွက် အတိအကျကိုမူ မည်သူမျှ ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။
စုစုပေါင်းအရေအတွက် မည်မျှလျော့ကျသွားသည်ကို မသေချာသော်လည်း... လူတစ်ဦးတည်း၏ လက်ချက်ကြောင့် အဆင့် (၉) မိစ္ဆာသားရဲများမှာမူ သိသိသာသာကို မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့ရပြီဖြစ်သည်။
ထိုသို့သော အခြေအနေများကြောင့် လူအပေါင်းသည် မကြာမီ အောင်ပွဲဆင်နိုင်တော့မည်ဟု အကြွင်းမဲ့ယုံကြည်ကာ စိတ်အေးလက်အေး ရှိနေကြတော့သည်။
သို့သော်လည်း...
ချီလင်းတစ်ပိုင်းပြန်လည် ထွက်ပေါ်လာချိန်အထိသာ ထိုသို့ အေးချမ်းနေခဲ့ခြင်း ဖြစ်သည်။
ယခင်က ရရှိခဲ့သော ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ မျက်လုံးများထဲတွင် အေးစက်သော ဒေါသအရှိန်အဟုန်များ တောက်လောင်နေကာ အောက်ဘက်ရှိ စစ်မြေပြင်ကို စိုက်ကြည့်နေသည်။
၎င်းသည် တစ်ကောင်တည်း ရောက်ရှိလာခြင်း မဟုတ်ပေ။
၎င်း၏နောက်ကွယ်တွင် အင်မော်တယ်အဆင့် နတ်ဆိုးသားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
ယခင်ကထက်ပင် အရေအတွက် ပိုများနေသေးသည်။
၎င်းတို့၏ အရောင်အဝါများမှာ တစ်ခုနှင့်တစ်ခု ထပ်ဟပ်နေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေကာ စစ်မြေပြင်တစ်ခုလုံးကို သေမင်းတမျှ တိတ်ဆိတ်သွားစေသည်။ နတ်ဆိုးတပ်ဖွဲ့များဘက်မှ နောက်ဆုံးတွင် အင်အားအကုန် ထုတ်သုံးရန် ဆုံးဖြတ်လိုက်ပြီမှာ ထင်ရှားလှသည်။
မိုကျွင်းသည် ထုံးစံအတိုင်း တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးထွက်လာပြီး သူ၏ဘေးတွင် အင်မော်တယ်အဆင့် နတ်ဆိုးကျင့်ကြံသူများ ဝန်းရံထားသည်။
၎င်းတို့၏ တည်ရှိမှုကတင် အောက်ဘက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကိုယ်လက်များ တောင့်တင်းသွားစေပြီး စိတ်ဓာတ်များ ကျဆင်းသွားစေသည်။
သို့သော်လည်း ကောင်းကင်အင်ပါယာသည် ရုတ်ရုတ်သဲသဲ ဖြစ်မသွားခဲ့ပေ။
သူတို့ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ယခင်က ကပ်ဆိုးကြီး ဖြစ်ပွားပြီးနောက် စစ်သူကြီးရှုသည် မြို့တော်သို့ အရေးပေါ် အကူအညီတောင်းခံစာများ ပေးပို့ခဲ့သည်။
စစ်ကူများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရောက်ရှိနေပြီဖြစ်သည် — စုစုပေါင်း အင်မော်တယ် ၅ ဦးဖြစ်ပြီး ၎င်းထဲတွင် နောက်ထပ် မြေကမ္ဘာအင်မော်တယ် တစ်ဦးလည်း ပါဝင်သည်။
၎င်းမှာ အင်ပါယာအနေဖြင့် အချိန်တိုအတွင်း စေလွှတ်ပေးနိုင်သည့် အမြင့်ဆုံး အင်အားပင် ဖြစ်သည်။
အခြားသော မျိုးနွယ်စုများနှင့် ဂိုဏ်းအဖွဲ့များမှာမူ စစ်ကူထပ်မလွှတ်ကြတော့ပေ။ သူတို့၏ အဓိကအင်အားများကို ထုတ်သုံးထားပြီးဖြစ်ရာ အင်အားထပ်တိုးပါက သူတို့၏ နယ်မြေများမှာ အကာအကွယ်မဲ့ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
ထိုသို့ ကြိုတင်ပြင်ဆင်မှုများ ရှိသော်ငြားလည်း ကောင်းကင်အင်ပါယာ တပ်ဖွဲ့ဝင်များမှာ စိုးရိမ်စိတ်ကို မဖျောက်ဖျက်နိုင်ကြပေ။
ချီလင်းတစ်ပိုင်း မည်မျှအစွမ်းထက်သည်ကို သူတို့ သိထားကြသည်။
ယခင်တစ်ကြိမ်ကမူ ချီလင်းတစ်ပိုင်း၏ မာန်မာနထောင်လွှားမှုနှင့် ပိုင်ရမ်၏ သူတော်စင်အဆင့်ဓားကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သတ္တဝါကြီးက ထိုအချက်ကို သိရှိသွားပြီဖြစ်ရာ ၎င်းကို နောက်တစ်ကြိမ် ဒဏ်ရာရအောင် ပြုလုပ်နိုင်ပါဦးမည်လော?
ထူးဆန်းသည်မှာ ပိုင်မျိုးနွယ်စုမှ အကြီးအကဲကြီးများမှာမူ အတော်ပင် စိတ်လှုပ်ရှားနေပုံရသည်။
"ဟားဟား၊ သူတို့က သေမှပဲ လက်လျှော့မယ့်ပုံပဲ”
ပိုင်ရမ်က သဘောကျစွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့"
ပိုင်ချူက မိုကျွင်းကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
ပိုင်မျိုးနွယ်စု၏ အကြီးအကဲကြီးများသည် ယနေ့တွင် သူတို့၏ ရန်သူများကို လွယ်လွယ်ကူကူ ပြန်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
ဒီနေ့ဟာ သူတို့ သေရမည့်နေ့ပင်