← Chapters

မငြိမ်းအေးနိုင်သော အမျက်ဒေါသတို့၏ စစ်တလင်း

Vol. 28 Ch. 411

မငြိမ်းအေးနိုင်သော အမျက်ဒေါသတို့၏ စစ်တလင်း

Vol. 28 Ch. 411

ပိုင်ရမ်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

ထိုတစ်လှမ်းတည်းနှင့်ပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ၌ ပြန်လည် ပေါ်ပေါက်လာကာ ခြေဖဝါးအောက်မှ ဆူပွက်လာသော အင်မော်တယ်ချီအရှိန်အဝါကြောင့် ဝတ်ဆင်ထားသော ဝတ်ရုံဖြူမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေတော့သည်။

သူ ထုတ်ဖော်လိုက်သော ဖိအားသည် ထက်ရှလှပြီး ကောင်းကင်ယံရှိ ကြီးမားထွားကျိုင်းလှသော သတ္တဝါကြီးဆီသို့ တိုက်ရိုက် ဦးတည်နေ၏။

ချီလင်းတစ်ပိုင်း၏ မျက်သူငယ်အိမ်တို့မှာ ကျဉ်းမြောင်းသွားသည်။

၎င်း တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် ပိုင်ရမ်သည် အကွာအဝေး တစ်ဝက်ခန့်ကို ဖြတ်ကျော်ကာ သတ်ကွင်း၏ အပြင်ဘက်နားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုနေရာသည် ရန်စရန် လုံလောက်သလို၊ လှောင်ပြောင်ရန်လည်း အကွာအဝေး တစ်ခု ရှိနေပေသည်။ ပိုင်ရမ်က ပြုံးလိုက်၏

"မင်း အရင်တစ်ခေါက်က သင်ခန်းစာ မရသေးဘူးလား"

ပိုင်ရမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သော်လည်း သူ၏ အသံမှာ ကောင်းကင်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။

ချီလင်းတစ်ပိုင်းသည် ခဏမျှ တုန့်ကနဲ ဖြစ်သွားပြီးနောက်—

ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

ထိုဟိန်းဟောက်သံသည် မြေပြင်ကို တုန်ခဲစေပြီး တိမ်တိုက်များအကြား တုန်ခါမှုလှိုင်းများကို ပျံ့နှံ့သွားစေ၏။

၎င်း၏ ချီအရှိန်အဝါသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အကြေးခွံများပေါ်တွင် နီရဲသော မီးတောက်များ တောက်လောင်လာကာ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

"လူသား... မောက်မာမနေနဲ့” ချီလင်းတစ်ပိုင်းက မိုးခြိမ်းသံကဲ့သို့ ဟစ်အော်လိုက်သည်။

"မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ မင်းရဲ့ လက်နက်ကြောင့်ပဲ။ ဒီနေ့တော့ မင်းကို ငါ အပိုင်းပိုင်း အစစ ဖြစ်အောင် ဆွဲဖြတ်ပစ်မယ်”

ချီလင်းတစ်ပိုင်း၏ မျက်လုံးများတွင် အမုန်းတရားများ တောက်လောင်နေပြီး ပိုင်ရမ် တစ်ဦးတည်းကိုသာ စိုက်ကြည့်နေတော့သည်။ ယခင်က ခံစားခဲ့ရသော အရှက်ကွဲမှုမှာ ၎င်း၏ မာန်မာနတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီး ယနေ့တွင်မူ ထိုအမုန်းတရားကို ချေဖျက်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ပိုင်ရမ်ကတော့ အေးအေးလူလူပင် ရယ်မောလိုက်၏

"စိတ်လောလှချည်လား" တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့နောက်တွင် လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့လည်း ရှေ့သို့ တိုးလာကြသည်။ သူတို့သည် ချီလင်းတစ်ပိုင်းနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ ရှိကြသဖြင့် ယခုတစ်ကြိမ်တွင်လည်း ထိုသတ္တဝါကြီးကို ရင်ဆိုင်ရန် သူတို့ကိုပင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ကျောက်ဝူကျင်းမှာမူ ရိုးရိုးသားသား ပြောရလျှင် ငြင်းပယ်ချင်နေသည်။ ချီလင်းတစ်ပိုင်းကို ထပ်မံ မရင်ဆိုင်လိုတော့သော်လည်း သူ၏ သိက္ခာနှင့် မာန်မာနက ခွင့်မပြုပေ။

ထို့အပြင်... ချီလင်းတစ်ပိုင်းကို မရင်ဆိုင်လျှင် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်ဖြစ်သည့် မိုကျွင်းနှင့် တိုက်ခိုက်ရမည် ဖြစ်ရာ ၎င်းမှာလည်း လွယ်ကူသော အလုပ်မဟုတ်ပေ။

ပိုင်ချူသည်လည်း လှုပ်ရှားလိုက်ပြီး မိုကျွင်း ရှိရာသို့ တိုက်ရိုက် ဦးတည်သွားသည်။

ချီလင်းတစ်ပိုင်း၏ စကားသံ အဆုံးမှာပင် ကောင်းကင်ကြီးမှာ ပေါက်ကွဲထွက်သွားသယောင် ရှိတော့သည်။

၎င်းသည် စောင့်ဆိုင်းမနေတော့ပေ။

ပိုင်ရမ်အား အေးအေးဆေးဆေး တိုက်ခိုက်ခွင့် မပေးတော့ပေ။

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ဝေဝါးသွားပြီး ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ ပိုင်ရမ်ရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။

မိစ္ဆာမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ၎င်း၏ လက်သည်းများမှာ ဟင်းလင်းပြင်ကို ဆွဲဖြတ်ကာ ပိုင်ရမ်ကို တိုက်ရိုက် ရိုက်နှက်လိုက်သည်။

မြန်ဆန်လွန်းသည်။

ပြတ်သားလွန်းသည်။

ရက်စက်လွန်းလှသည်။

ပိုင်ရမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

အရင်တစ်ခေါက်ကမူ ချီလင်းတစ်ပိုင်းသည် ဒဏ်ရာများစွာ ရရှိပြီး မဆုတ်မနစ်နိုင်တော့သည့် အခြေအနေရောက်မှသာ ဆုတ်ခွါသွားခဲ့၏

ဤတစ်ကြိမ်တွင်မူ ချီလင်းတစ်ပိုင်းသည် ပိုင်ရမ်အား ထိုသို့သော အခွင့်အရေးမျိုး ထပ်မံပေးရန် ငြင်းဆန်လိုက်လေသည်။

ဝုန်း

လက်သည်းကြီးများ ကျဆင်းလာချိန်တွင် ပိုင်ရမ်သည် သူ၏ဓားကို အချိန်မီ မြှောက်လိုက်ရာ အင်မော်တယ်ချီများ ပေါက်ကွဲထွက်လာတော့သည်။

တိုက်ခိုက်မှု၏ အရှိန်အဝါကြောင့် ကောင်းကင်ယံတစ်ခုလုံး တုန်ဟိန်းသွားပြီး ရိုက်ခတ်မှုလှိုင်းများသည် ပတ်ဝန်းကျင်သို့ လွင့်ပျံသွားကာ နှစ်ဦးသားလုံး နောက်သို့ လွင့်စင်သွားကြသည်။

ပိုင်ရမ် အသာစီးရယူရန် ရှေ့သို့ မတိုးနိုင်မီမှာပင်—

ချီလင်းတစ်ပိုင်းသည် တစ်ဖန်ပြန်လည် လှုပ်ရှားလာပြန်သည်။

နောက်ထပ်တစ်ကြိမ် အရှိန်အဟုန်ဖြင့် ထိုးနှက်ချက်... နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှု... အဆက်မပြတ်ပင်။

၎င်းသည် ပိုင်ရမ်အား အသက်ရှူချောင်ရန် အခွင့်အရေး လုံးဝမပေးဘဲ မရပ်မနား တိုက်ခတ်နေသည့် မုန်တိုင်းတစ်ခုကဲ့သို့ ရက်စက်စွာ တိုက်ခိုက်နေတော့သည်။

ပိုင်ရမ်၏ နောက်ကွယ်မှ ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

သူတို့၏ တိုက်ကွက်များသည် ချီလင်းတစ်ပိုင်း၏ နံဘေးနှင့် ကျောပြင်သို့ ပြင်းထန်စွာ ကျရောက်သွားသော်လည်း—

ထိုမိစ္ဆာသတ္တဝါကြီးမှာမူ ခေါင်းပင်လှည့်မကြည့်ပေ။

သူတို့ကို ဘေးနားတွင် ပျံဝဲနေသည့် ပိုးမွှားလေးများသဖွယ် သဘောထားကာ လုံးဝ လျစ်လျူရှုထားလေသည်။

၎င်း၏ အာရုံအားလုံးမှာ ပိုင်ရမ်ထံ၌သာ အမြဲရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းစွာသိရှိထား၍ ဖြစ်သည်။

ထိုလူနှစ်ယောက်သည် သူ့အား အမှန်တကယ် ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။ သူ သတိထားရန် လိုအပ်သည်မှာ ပိုင်ရမ်၏ လက်ထဲရှိ ဓားတစ်လက်တည်းသာ ဖြစ်သည်။

ကျောက်ဝူကျင်းမှာ သွားကို တင်းတင်းကြိတ်လိုက်မိသည်။

သူ၏ တိုက်ခိုက်မှုများသည် ထိရောက်မှု ရှိနေသော်လည်း အပေါ်ယံသာ ဖြစ်နေသည်။ အကြေးခွံများက ခုခံထားပြီး မိစ္ဆာချီ များက ဖျက်ဆီးပစ်နေသည်။

သို့သော် သူ လက်မလျှော့ပေ။ ပြင်းထန်သော ဒဏ်ရာကို မပေးနိုင်သည့်တိုင် သူ၏ နှောင့်ယှက်မှုတိုင်းမှာ အရေးပါနေဆဲပင်။

ယုရွှမ်သယ်သည်လည်း အမှားအယွင်းမရှိ ပေါင်းစပ်တိုက်ခိုက်နေပြီး ချီလင်းတစ်ပိုင်း၏ လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေရန် တိုက်ကွက်များကို အချိန်ကိုက် ထုတ်ဖော်နေသည်။ ထိုသို့သော အနည်းငယ်မျှသော လွဲချော်မှုတိုင်းကို ပိုင်ရမ်က ချက်ချင်းပင် အခွင့်ကောင်းယူကာ ပြန်လည် တိုက်စစ်

ဆင်လေသည်။

ပိုင်ရမ်၏ မျက်နှာအမူအရာမှာ ပိုမိုထက်ရှလာသည်။

ဓားနှင့် လက်သည်းတို့ ထပ်တလဲလဲ ထိတွေ့မိတိုင်း မီးပွားများ လွင့်စင်လာကာ တိုက်ပွဲသည် အရင်ကထက် ပိုမို ပြင်းထန်လာတော့သည်။

ချီလင်းတစ်ပိုင်းသည် ယခင်ကလို အထိအခိုက်မခံတော့ဘဲ ရှောင်တိမ်းခြင်းနှင့် တန်ပြန်တိုက်စစ်ဆင်ခြင်းတို့ကို ချက်ချင်း ပြုလုပ်ကာ ပိုင်ရမ်ထံမှ မည်သည့်ဒဏ်ရာကိုမျှ မရရှိစေရန် အစွမ်းကုန် ကာကွယ်နေ၏။

၎င်းသည် အတွေ့အကြုံပင် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ—

ပိုင်ချူနှင့် မိုကျွင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြသည်။

သူတို့၏ တိုက်ပွဲမှာမူ အသံတိတ်နေသော်လည်း အန္တရာယ်ကတော့ လျော့နည်းမသွားပေ။

ချီအရှိန်အဝါများနှင့် မိစ္ဆာချီတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး နှစ်ဦးသား အပြန်အလှန် ထိုးနှက်နေကြသည်။

မည်သူကမျှ စိတ်လောတကြီး တိုက်ခိုက်ခြင်းမရှိသလို၊ မိမိ၏ အစွမ်းအစ အစစ်အမှန်ကိုလည်း လိုအပ်သည်ထက် ပိုမိုထုတ်ဖော်ခြင်း မရှိကြပေ။

အခြေအနေမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထိန်းချုပ်ထား၏

မိုကျွင်းကမူ ထိုအခြေအနေကို လုံးဝ ဂရုစိုက်ပုံမရပေ။

သူ၏ မျက်နှာအမူအရာသည် အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး လှုပ်ရှားမှုများမှာလည်း အရင်အတိုင်းပင်—

တည်ငြိမ်သည်၊ သည်းခံသည်၊ စနစ်ကျသည်။

သူသည် ဤနေရာသို့ လောင်းကြေးထပ်ရန်လာခဲ့ခြင်းမဟုတ်ပေ။

အလောတကြီး တိုက်ခိုက်ရန်လည်း လာခဲ့ခြင်းမဟုတ်ပေ။

ချီလင်းတစ်ပိုင်းသည် ပိုင်ရမ်ကို ထိန်းချုပ်ထားနိုင်သရွေ့ အချိန်သည် သူ၏ဘက်၌သာ ရှိနေသည်။

သို့သော်လည်း... ပိုင်ရမ်ရော ပိုင်ချူပါ ဤနေရာသို့ အချိန်ဆွဲတိုက်ပွဲ ဆင်နွှဲရန် ရောက်လာကြခြင်း မဟုတ်သည်မှာ အသေအချာပင်။

သူတို့သည် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အခွင့်အရေး တစ်ခုတည်းကိုသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

လွန်ခဲ့သော တစ်ပတ်အတွင်းက သူတို့ လေ့ကျင့်ထားခဲ့သော လျှို့ဝှက်တိုက်ကွက်ကို ရန်သူများအား ပြသရန်ပင် ဖြစ်သည်။

ထိုတိုက်ကွက်ကို ပေါ့ပေါ့ဆဆတော့ အသုံးမပြုနိုင်ပေ။

၎င်းသည် ကျင့်ကြံသူ၏ ချီစွမ်းအင်ကို အမြောက်အမြား ဝါးမြိုပစ်သဖြင့် တစ်ကြိမ်မျှ ထုတ်ဖော်လိုက်သည်နှင့် ရန်သူက သိရှိသွားမည်ဖြစ်ရာ နောက်ထပ် ထိုကဲ့သို့သော အခွင့်အရေးမျိုး ရနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ထိုတိုက်ကွက်မှာ ထိရောက်မှုရှိရန် လိုအပ်သည်။

သူတို့ ထုတ်သုံးလိုက်သည့် အခိုက်အတန့်သည်—

အရာခပ်သိမ်းကို အဆုံးအဖြတ်ပေးနိုင်ရပေမည်။

ချွင်! ချွင်

ဓားနှင့် လက်သည်းတို့ ထပ်တလဲလဲ ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော မီးပွားများသည် ကြွေလွင့်နေသော ကြယ်တာရာများကဲ့သို့ ကောင်းကင်ယံ၌ လွင့်ပျံနေတော့သည်။

တိုက်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့ချေပြီ။

ချီလင်းတစ်ပိုင်း၏ အစွမ်းသည် အဘက်ဘက်မှ လွှမ်းမိုးထားသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိကျစွာ လှုပ်ရှားနေပြီး ထိုးနှက်ချက်တိုင်းတွင် ပါဝင်သော ဖျက်ဆီးအားပြင်းသည့် စွမ်းအင်များကြောင့် မိစ္ဆာမီးတောက်များမှာ ပတ်ချာလည် ဝိုင်းနေတော့သည်။

ပိုင်ရမ်သည် နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေရပြီး ရိုက်ခတ်မှုလှိုင်းများကြောင့် သူ၏ ဝတ်ရုံဖြူမှာ စုတ်ပြဲနေကာ ခုခံနိုင်ရန်အတွက်သာ အင်မော်တယ်ချီများကို အဆက်မပြတ် ထုတ်ဖော်နေရသည်။

သူ ရှေ့သို့ မတိုးနိုင်ပေ။

ပိုင်ရမ်သည် တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးစားတိုင်း ချီလင်းတစ်ပိုင်းသည် ချက်ချင်း ရှောင်တိမ်းသွားပြီး လက်သည်းများဖြင့်အပေါ်မှ ဖိနှိပ်ကာ ရိုက်ချလိုက်သည်။

ယုရွှမ်သယ်နှင့် ကျောက်ဝူကျင်းတို့မှာလည်း မနားတမ်း ကူညီတိုက်ခိုက်ပေးနေကြသော်လည်း

အချည်းနှီးသာ ဖြစ်သည်။

သူတို့၏ တိုက်ကွက်များ ကျရောက်သွားသော်လည်း ချီလင်းတစ်ပိုင်း၏ အကြေးခွံများမှာ အနည်းငယ်မျှသာ ကွဲအက်သွားသည်။

မိစ္ဆာချီများက ရိုက်ခတ်မှုအရှိန်ကို ဝါးမြိုလိုက်ပြီး ဒဏ်ရာများသည်လည်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြန်လည်ကျုံ့ဝင် ပျောက်ကွယ်သွားတော့သည်။

ထိုမိစ္ဆာသတ္တဝါကြီးမှာမူ ဟိန်းဟောက်ခြင်းပင် မပြုတော့ပေ။

သူတို့ကို ရှိသည်ဟုပင် အသိအမှတ်မပြုပေ။

ပိုင်ရမ်ကိုသာ ပိုမိုပြင်းထန်စွာ ဖိအားပေး တိုက်ခိုက်နေသည်။

ပို၍ မြန်ဆန်လာသည်။

ပို၍ လေးလံလာသည်။

နောက်ထပ် လက်သည်းတစ်ဖက် ကျဆင်းလာပြန်ရာ

ဝုန်း

ပိုင်ရမ်က ခုခံလိုက်သော်လည်း သူ၏ ခြေထောက်များသညါ လေဟာနယ်ထဲတွင် နောက်သို့ လျှောတိုက်သွားပြီး နောက်ဆုံးတွင်မူ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာတော့သည်။ သူ၏ ဓားကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် အင်မော်တယ်ချီများကို အတင်းအကျပ် လည်ပတ်စေရသဖြင့် သူ၏ လက်မောင်းများမှာ တုန်ရီနေလေသည်။

ချီလင်းတစ်ပိုင်းသည် ပိုင်ရမ်၏အထက်တွင် မားမားမတ်မတ် ရှိနေပြီး ၎င်း၏ မျက်လုံးများမှာ ရက်စက်လှသော ကျေနပ်မှုတို့ဖြင့် တောက်လောင်နေသည်။

"မင်းရဲ့ သေမင်းတမန်အချိန် ရောက်လာပြီ လူသား”

၎င်းက မိုးခြိမ်းသံကဲ့သို့ ဟစ်အော်လိုက်သည်။

သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။

ကြီးမားလှသော မိစ္ဆာတံဆိပ်တော်တစ်ခုသည် ၎င်း၏ လက်သည်းများအောက်တွင် ဖြစ်ပေါ်လာပြီး အရာခပ်သိမ်းကို အဆုံးသတ်ပစ်ရန် စွမ်းအင်အားလုံးကို တစ်ချက်တည်းသော ထိုးနှက်ချက်ထဲသို့ စုစည်းထည့်သွင်းလိုက်သည်။

ပိုင်ရမ်ပင်လျှင် ထိုစွမ်းအင်ကို အာရုံခံမိလိုက်သည်။

သူက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။

ထိတ်လန့်ခြင်း မဟုတ်သလို၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းလည်း မဟုတ်ပေ။

အလွန်အမင်း တည်ငြိမ်နေခြင်းသာ ဖြစ်သည်။

ချီလင်းတစ်ပိုင်းသည် ကြွေလွင့်နေသော ကြယ်တစ်လုံးကဲ့သို့ အပေါ်မှ စီးမိုးဆင်းသက်လာသည်။

လက်သည်းများက ကောင်းကင်ယံကို ဆွဲဖြတ်ကာ သေမင်း၏ အရိပ်အယောင်များ ပိုမိုနီးကပ်လာသည်။ ထိုအခိုက်အတန့်၌ပင်—

ပိုင်ရမ်၏ အင်မော်တယ်ချီများမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီး တုန်ခါသွားရလောက်အောင် နက်ရှိုင်းလှသော ပုံစံတစ်ခုဖြင့် သူ၏ ချီစွမ်းအင်များသည် ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်စီးဆင်းသွားသည်။

အဝေးတစ်နေရာမှ ပိုင်ချူ၏ မျက်လုံးများမှာ ထက်ရှသွားပြီး

(အခုပဲ)

ချီလင်းတစ်ပိုင်းလည်း ထိုအပြောင်းအလဲကို အာရုံခံမိသွားပြီး ၎င်း၏ မျက်နှာအမူအရာမှာ ပုံပျက်ရှုံ့မဲ့သွား၏။

"ဘာလဲ—“

သို့သော်လည်း အရာအားလုံးက နောက်ကျသွားပြီဖြစ်သည်။

ပိုင်ရမ်က သူ၏ ဓားကို မြှောက်လိုက်ရင်း

"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက် “

All Chapters