မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ကို ပစ်မှတ်ထားလာသောဓား
Vol. 28 Ch. 412
ပိုင်ကျီဟန်သည် အောက်ဘက်ရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေသော စစ်တလင်းအလယ်တွင် ရပ်နေပြီး ဘေးပတ်ပတ်လည်၌ သွေးများလွင့်စင်နေသော်လည်း သူ၏ဝတ်ရုံမှာမူ တည်ငြိမ်စွာ လွင့်ပျံနေဆဲပင်။
တကယ်လို့ မမျှော်လင့်တာသာ ဘာမှမဖြစ်ခဲ့လျှင် ထိုနေ့သည် စစ်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်သင့်သည်ဟု ပိုင်ကျီဟန်က အေးဆေးစွာ တွေးလိုက်မိသည်။
သူသည် ကောင်းကင်ယံထံသို့ ခဏမျှ လှမ်းကြည့်လိုက်၏။
ပိုင်ရမ်...
ပိုင်ချူ
ဂိုဏ်းချုပ်အကြီးအကဲများ...
ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ကို အပြည့်အဝ မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်း နားလည် သဘောပေါက်သွားပြီဆိုလျှင် ၎င်းသည် သူတော်စင်အဆင့် နည်းစနစ်တစ်ခုပင် ဖြစ်သည်။
မိုကျွင်းသို့မဟုတ် ချီလင်းတပိုင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်ဖြစ်စေ
ထိုနည်းစနစ်နှင့် ထိမှန်သွားပါက သေဆုံးသွားရမည်သာ
ထိုယုံကြည်မှုမှာ မောက်မာခြင်း မဟုတ်ပေ။
၎င်းမှာ မလွဲဧကန်ဖြစ်လာမည့် သေချာမှုတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် ပိုင်ကျီဟန်သည် ယနေ့သည် ကောင်းကင်ဘုံအင်ပါယာနှင့် မိစ္ဆာတပ်ဖွဲ့များအကြား ဖြစ်ပွားသော စစ်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်လိမ့်မည်ဟု ယူဆထားခြင်းဖြစ်သည်။
ပိုင်ကျီဟန်သည် အချိန်ဆွဲမနေတော့ဘဲ ရှေ့သို့ လှမ်းတက်လိုက်ရာ သတ်ဖြတ်ခြင်းပွဲတော်ကြီး စတင်လေတော့သည်။
ယနေ့သည် နောက်ဆုံးနေ့ ဖြစ်နိုင်သဖြင့် သူရနိုင်သမျှ အမှတ်များကို အများဆုံး စုဆောင်းသင့်သည်။ သို့သော် ရန်သူအားလုံးက သူ့ကိုမြင်လျှင် ထွက်ပြေးဖို့သာ ကြိုးစားနေကြသဖြင့် ၎င်းမှာ အနည်းငယ် ခက်ခဲနေ၏။
အဆင့် (၉) မိစ္ဆာသားရဲများသည် သူ့ကို ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အကျိုးမရှိမှန်း သိပုံရပြီး မိစ္ဆာကျင့်ကြံသူများနည်းတူ သူ့ကို ရှောင်ရှားနေကြသည်။
သူတို့ ထွက်ပြေးနိုင်သော်လည်း အရေးမကြီးပေ။ ပိုင်ကျီဟန်သည် သူတို့ကို အလွယ်တကူ လိုက်ဖမ်းနိုင်သဖြင့် ထွက်ပြေးခြင်းမှာ သေမည့်အချိန်ကို ခဏတာ ဆွဲဆန့်ခြင်းသာ ဖြစ်သည်။
မိစ္ဆာသားရဲတစ်အုပ်ကို သုတ်သင်ပြီးနောက် သူသည် နောက်ထပ်ပစ်မှတ်ကို ရှာဖွေရာ မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ရှိ မိစ္ဆာကျင့်ကြံသူများကို လှမ်းမြင်လိုက်ရသည်။
(သူတို့ကို စသတ်ရမလား?)
ပိုင်ကျီဟန် တွေးလိုက်သည်။
သူတို့ထံမှရမည့် ဆုလာဘ်များမှာ အလွန်များပြားလှပြီး ယခု သူသည်လည်း ပိုမိုသန်မာလာပြီဖြစ်ရာ စမ်းကြည့်သင့်သည်ဟု ယူဆသည်။
အဆင့် (၉) မိစ္ဆာသားရဲများသည် သူ့ကို ရှောင်နေကြသဖြင့် အမှတ်စုဆောင်းရာတွင် အနှောင့်အယှက် ဖြစ်နေသည်။
ထို့အပြင် ယခင်ကလို မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်မျိုး မဟုတ်တော့ပေ
အခြားသူများနှင့် တိုက်ခိုက်နေသော ထိုမိစ္ဆာအကြီးအကဲများကို သူက နောက်ကွယ်မှ ချောင်းမြောင်း တိုက်ခိုက်နိုင်သေးသည်။
၎င်းမှာ သူပြုလုပ်နိုင်သည့် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပေလိမ့်မည်
"အင်း... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့”
ပိုင်ကျီဟန် ဆုံးဖြတ်လိုက်သည်။
ဝူး
သူသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ မိစ္ဆာကျင့်ကြံသူတစ်ဦးကို မျက်စိကျသွားသည်။
ထိုသူမှာ ပိုင်ဖန်းနှင့် အကြိတ်အနယ် တိုက်ခိုက်နေခြင်းဖြစ်သည်။
သူတို့သည် ပိုင်ကျီဟန်နှင့် အနီးဆုံးနေရာတွင် ရှိနေသဖြင့် ပထမဆုံး ပစ်မှတ်ဖြစ်လာခဲ့သည်။
ဝူး- ဝူး-
မိစ္ဆာအကြီးအကဲမှာ ပိုင်ကျီဟန် ရောက်လာသည်ကို အစပိုင်းတွင် သတိမထားမိပေ။
သူ၏ အာရုံစိုက်မှုအားလုံးသည် ပိုင်ဖန်းပေါ်
တွင်သာ ရှိနေသည်။
ဓားချင်း ထိတွေ့သံများနှင့်အတူ သူတို့၏ ကျင့်ကြံခြင်း စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်များမှာ ပြင်းထန်စွာ ပွတ်တိုက်နေကြသည်။
ပိုင်ဖန်းသည် မဆုတ်မနစ် ဖိအားပေး တိုက်ခိုက်နေသဖြင့် မိစ္ဆာအကြီးအကဲမှာ အသက်ရှူရပင် ခက်ခဲနေ၏
သူ၏ အကန့်အသတ်ထိရောက်နေချေပြီ
အပြောင်းအလဲတိုင်းမှ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုစဉ်
တစ်စုံတစ်ခု ထူးခြားသွားသည်။
မိစ္ဆာအကြီးအကဲသည် ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရ၏။
မီတာ ၃၀ အတွင်း...
သူ၏ မျက်သူငယ်အိမ်များ တုန်ယင်သွားသည်။
(ကျူးကျော်သူလား)
သူ လှည့်ကြည့်လိုက်ရာ ပိုင်ကျီဟန်သည် တိတ်ဆိတ်သော ဓားတစ်လက်ကဲ့သို့ စစ်တလင်းကို ဖြတ်ကျော်ကာ သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
ပိုင်ကျီဟန်
ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
(ဟမ်? ဒီမိစ္ဆာကောင်က ဒီမှာ ဘာလုပ်နေတာလဲ)
ပိုင်ဖန်း တစ်ယောက်တည်းကို ရင်ဆိုင်ရသည်မှာပင် ခက်ခဲနေပြီဖြစ်ရာ ပိုင်ကျီဟန်ပါ ထပ်တိုးလာခြင်းသည် သေမင်းထံသို့ တိုက်ရိုက်သွားခြင်းပင်။
မိစ္ဆာအကြီးအကဲသည် မတွန့်ဆုတ်တော့ဘဲ ခန္ဓာကိုယ်ကို လွှဲကာ မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်ပြီး စစ်ပွဲကို စွန့်ခွာ၍ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ပိုင်ဖန်း မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။
“မင်း ဘယ်မှ သွားလို့မရဘူး။"
"အရိပ်ကိုးပါး စီးဆင်းနေတဲ့အလင်းဓား “
ပိုင်ဖန်း ပတ်ပတ်လည်တွင် ဓားပုံရိပ်ကိုးခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
ဓားအလင်းတန်းများ ထပ်တူကျသွားပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်ရာ မိစ္ဆာအကြီးအကဲ၏ ထွက်ပြေးမည့်လမ်းကြောင်းမှာ စက္ကန့်ပိုင်းမျှ ပိတ်ဆို့သွားသည်။
ထိုအချိန်လေးမှာပင် ပိုင်ကျီဟန်အတွက် လုံလောက်သွားလေပြီ။
သူ၏ ပုံရိပ်မှာ ဝေဝါးသွား၏
"အရိပ်ကိုးပါး စီးဆင်းနေတဲ့အလင်းဓား - လျှပ်တစ်ပြက်အရိပ်ခြေလှမ်း “
ဟင်းလင်းပြင်မှာ လှိုင်းထသွားပေ၏
ပိုင်ကျီဟန်သည် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
မိစ္ဆာအကြီးအကဲ၏ နှလုံးသားသည် ထိတ်ခနဲ ဖြစ်သွားစဉ်...
ပိုင်ကျီဟန်က သူ့အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။
အလွန်နီးကပ်လွန်း၏
အလွန်လည်း မြန်ဆန်လွန်းသည်။
မိစ္ဆာအကြီးအကဲ အော်ဟစ်ဖို့တောင် အချိန်မရလိုက်မီမှာပင်
"ဒုတိယပုံစံ - ပုံရိပ်ယောင်အလင်းချက်”
အေးစက်သော အလင်းတန်းတစ်ခုမှာ သူ၏ ရင်ဘတ်ကို ဖြတ်သန်းသွားသည်။
မိစ္ဆာအကြီးအကဲသည် လှုပ်ရှားနေရင်း တောင့်တင်းသွားပြီး သူ၏ မိစ္ဆာစွမ်းအင်များမှာ ထိန်းချုပ်မရဘဲ လွင့်စင်သွားသည်။
သူ၏ ခန္ဓာကိုယ်အလယ်တွင် မျဉ်းကြောင်းပါးပါးလေးတစ်ခု ပေါ်လာပြီးနောက်...
ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပေ၏
အသက်မဲ့စွာဖြင့် ကောင်းကင်ယံမှ ပြုတ်ကျသွားလေတော့သည်။
ဤသို့ဖြင့်...
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ မိစ္ဆာအကြီးအကဲတစ်ဦး ကျဆုံးသွားရလေပြီ။
ပိုင်ဖန်းသည် ခဏမျှ ငေးကြည့်နေပြီးမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ သူ၏ဓားကို တင်းတင်းဆုပ်ကိုင်
လိုက်သည်။
"...အချိန်ကိုက်ပဲ။"
ပိုင်ဖန်းသည် သူ့ထက်ပင် နည်းစနစ်ကျွမ်းကျင်မှု ပိုမိုမြင့်မားနေသော ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။
တစ်ချိန်က သူသည် ပိုင်ကျီဟန်ကို အမွေဆက်ခံသူရာထူးမှ ဖယ်ရှားရန် ကြိုးစားခဲ့သည်ကိုပင် သူကိုယ်တိုင် မယုံနိုင်အောင် ဖြစ်နေရသည်။
ဘယ်သူကများ သူ့ကို ယှဉ်ပြိုင်နိုင်မည်နည်း? ပိုင်ဖန်းကိုယ်တိုင်ပင်လျှင် သူ့ရှေ့၌ အားနည်းနေသလို ခံစားနေရသည်။
သို့သော် ပိုင်ကျီဟန်၏ အတိတ်က အပြုအမူများကို ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သူ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းခဲ့သည်ဟု မထင်ပေ။
ပိုင်ကျီဟန်ကသာ သူ၏ အရည်အချင်းကို သက်သေပြနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ သူသည် ယခင်အတိုင်း ရှိနေခဲ့မည်ဆိုလျှင် သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်နေဆဲ ဖြစ်လိမ့်မည်။
ပိုင်ကျီဟန်က လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေပြီး မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ မိစ္ဆာတစ်ဦးကို သတ်ဖြတ်ခြင်းမှာ ပုံမှန်အလုပ်တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ပင်။
"ဦးလေး... တခြားသူတွေကို သွားကူညီလိုက်ပါ" သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ပိုင်ဖန်းကလည်း ပိုင်ကျီဟန်၏ အမိန့်ကို သဘာဝကျကျပင် ခေါင်းငြိမ့်လက်ခံလိုက်သည်။
ထို့နောက် ပိုင်ကျီဟန်ကို ပြန်ကြည့်လေ၏
"မင်းကကော?"အဖြေကိုသိနှင့်ပြီးသားဖြစ်သော်လည်း ပိုင်ဖန်းက မေးလိုက်သည်။
ပိုင်ကျီဟန်၏ မျက်လုံးများသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး ထိုနေရာရှိ မဟာကောင်းကင်ဘုံတက်ခြင်း အဆင့် မိစ္ဆာကျင့်ကြံသူ အများအပြားသည် အခုလေးတင် ဘာဖြစ်သွားသည်ကို မသိရှိသေးပေ
" ကျွန်တော် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတွေကို ရှင်းလိုက်မယ်”
ပိုင်ကျီဟန်က ရိုးရှင်းစွာပင် ပြန်ပြောလိုက်ပြီး ၎င်းမှာ သာမန်အချက်အလက်တစ်ခုကို ပြောပြနေသကဲ့သို့ပင် တည်ငြိမ်လွန်းလှသည်။
ပိုင်ဖန်းသည် သူ၏ ရင်ဘတ်ထဲတွင် ထူးဆန်းသော တင်းကျပ်မှုကို ခံစားလိုက်ရ၏။
ခဏမျှ သူ တစ်စုံတစ်ခု ပြောချင်နေမိသည်—သတိပေးစကားဖြစ်စေ၊ ဂရုစိုက်ရန် မှာကြားချက်ဖြစ်စေ။
သို့သော် စကားလုံးများက ထွက်မလာခဲ့ပေ။
ပိုင်ဖန်းက လေးလံစွာ ခေါင်းငြိမ့်ပြလိုက်ပြီး
"ကောင်းပြီ... သတိထားဦး” ဟု ပြောလိုက်
သည်။
ပိုင်ကျီဟန်က ခပ်မှိန်မှိန် ပြုံးပြလိုက်သည်။
ထို့နောက် သူ၏ ပုံရိပ်မှာ ဝေဝါးသွား၏
ဝူး
သူ ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် တိုက်ပွဲမြေပြင်တစ်ခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ပိုင်ကျီဟန်သည် ကြယ်တံခွန်အမည်းတစ်ခုကဲ့သို့ ဆင်းသက်လာခဲ့သည်။
ဒုတိယမြောက် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူမှာ ဘာတွေမှားယွင်းကုန်သည်ကိုပင် နားမလည်လိုက်ရပေ။
သူသည် ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးနှင့် တိုက်ခိုက်နေရင်း မိစ္ဆာစွမ်းအင်များကို စုစည်းကာ တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်နေစဉ်...
ဟင်းလင်းပြင်သည် လှိုင်းထသွားသည်။
အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူ့အတွေးများက အဖြစ်မှန်ကို လိုက်မမီခင်မှာပင် သူ၏ဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်တောက်သွားလေပြီ။
ကောင်းကင်ယံမှ သွေးမိုးများ ရွာသွန်းလာသည်။
နောက်ထပ် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦး သေဆုံးသွားပြန်လေပြီ။
စစ်တလင်းပြင်တစ်ခုလုံး ခဏတာမျှ ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။
ထို့နောက်တွင်မူ
ထိတ်လန့်တုန်လှုပ်မှုများ ပျံ့နှံ့သွားတော့သည်။
မိစ္ဆာကျင့်ကြံသူများ နောက်ဆုံး၌ နားလည်သွားကြပြီ။
ပိုင်ကျီဟန်သည် အဆင့် (၉) မိစ္ဆာသားရဲများကို မလိုက်လံတော့ဘဲ သူ၏ ဓားဦးကို သူတို့ထံသို့ လှည့်လိုက်ပြီဖြစ်သည်။
"သူက မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်တွေကို ပစ်မှတ်ထားနေတာပဲ”
"အဲဒီမိစ္ဆာကောင်... ငါတို့ကို အမဲလိုက်နေတာ”
"ဒီအတိုင်းသာ ဆက်သွားရင် ငါတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတော့မှာ”
ကြောက်ရွံ့မှုများသည် သူတို့၏ မျက်နှာတွင် အထင်အရှား ပေါ်လာသည်။
သားရဲများနှင့်မတူဘဲ သူတို့က စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိကြသည်။
ထိုသို့ စဉ်းစားနိုင်ခြင်းကပင် အခြေအနေကို ပို၍ ကြောက်မက်ဖွယ်ကောင်းစေသည်။
အကယ်၍ သူတို့သည် ယခင်အတိုင်း စစ်တလင်းအနှံ့ လူစုကွဲကာ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက၊ ပိုင်ကျီဟန်သည် တိုက်ပွဲတစ်ခုပြီးတစ်ခုသို့ ကူးပြောင်းကာ သူတို့ကို ပြန်လည်ခုခံခွင့်ပင်မပေးဘဲ သေသေသပ်သပ်၊ ထိရောက်စွာ ကွပ်မျက်သွားပေလိမ့်မည်။
ထွက်ပြေးခြင်းကလည်း မကူညီနိုင်ပေ။
တစ်ယောက်တည်း ရင်ဆိုင်ခြင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်။
အဓိကစစ်တလင်းနှင့် ဝေးရာတွင် မဟာကောင်းကင်ဘုံတက်ခြင်း အဆင့် မိစ္ဆာကျင့်ကြံသူ ငါးဦး လျင်မြန်စွာ စုရုံးမိကြပြီး ကောင်းကင်ယံတွင် ရှုပ်ထွေးသော အခင်းအကျင်းတစ်ခု ဖော်ဆောင်ရန် မိစ္ဆာစွမ်းအင်များကို ပေါင်းစည်းလိုက်ကြသည်။
ရှေးဟောင်းစာလုံးများ တောက်လောင်လာပြီး သွေးသင်္ကေတများမှာလည်း နီရဲလာသည်။
"ဒီအခင်းအကျင်း... မင်း တကယ်သေချာလား?" တစ်ယောက်က ဟိန်းဟောက်မေးလိုက်သည်။
"ဒါက ငါးမိနစ်ပဲ ခံမယ်" နောက်တစ်ယောက်က ခက်ထန်စွာ ပြန်ဖြေသည်။ "ဒါပေမဲ့ တစ်ခါ အသက်သွင်းလိုက်တာနဲ့ ဘယ်သူမှ အထဲဝင်လို့မရသလို... ဘယ်သူမှလည်း အပြင်ထွက်လို့ မရတော့ဘူး။"
ငါးမိနစ်။
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ ငါးဦး။
ပိုင်ကျီဟန်ကို ဆန့်ကျင်တိုက်ခိုက်ရန်။
"ဒါ လုံလောက်ပါတယ်" ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောလိုက်သည်။ "ဒီလိုမှ မလုပ်ရင်လည်း ငါတို့ သေမှာပဲ။"
သူတို့သည် လူစုခွဲကာ စစ်တလင်းသို့ ပြန်ဝင်သွားကြသည်။ တစ်ယောက်ချင်းစီက ရည်ရွယ်ချက်ရှိရှိဖြင့် ဟာကွက်များပြခြင်း၊ ရန်သူ့လှုပ်ရှားမှုများကို မြှူဆွယ်ခြင်းဖြင့် အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ကြသည်။
ဝူး
ပိုင်ကျီဟန်သည် သူ၏ တတိယမြောက် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံ ရက်စက်လှသော ထိရောက်မှုဖြင့် ခုတ်
ပိုင်းလိုက်သည်။
ခန္ဓာကိုယ် ပြုတ်ကျသွားသည်နှင့်အမျှ သွေးများ လွင့်စင်သွားပြီး မိစ္ဆာစွမ်းအင်များလည်း အငွေ့ပျံ ကွယ်ပျောက် သွားလေတော့သည်။
ရပ်တန့်မနေဘဲ ပိုင်ကျီဟန်သည် နောက်ထပ်ပစ်မှတ်တစ်ခုကို အာရုံစိုက်လိုက်ပြီး ရှေ့သို့ လှမ်းတက်လိုက်သည်။
သူ့ခြေလှမ်းက နယ်နိမိတ်ကို ကျော်ဖြတ်လိုက်သည့် ခဏမှာပင်
ဟုန်း
ကမ္ဘာကြီးတစ်ခုလုံး ယိမ်းထိုးသွားသည်။ ဟင်းလင်းပြင်ကြီးသည် သံမဏိကဲ့သို့ မာကျောသွား၏။
သူ၏ခြေဖဝါးအောက်တွင် နီရဲသော ရှေးဟောင်းစာလုံးများတောက်ပလာပြီး လေထုထဲတွင်လည်း မိစ္ဆာသင်္ကေတများ ထွင်းထုပြီးသား ဖြစ်သွားသည်။
အခင်းအကျင်းတစ်ခုက ရုတ်တရက် ပိတ်ဆို့လိုက်လေပြီ။
ပြင်ပမှ စစ်တလင်းပုံရိပ်များသည် ဝေဝါးတွန့်လိမ်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ပိုင်ကျီဟန် ရပ်တန့်လိုက်၏။
သူ၏မျက်လုံးများက ချိတ်ပိတ်ထားသော နယ်မြေတစ်ခုလုံးကို တည်ငြိမ်သော်လည်း ထက်မြက်စွာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။
"...အခင်းအကျင်းတစ်ခုပဲ"
သူက ဓားကိုမြှောက်ကာ
အသာအယာ ခုတ်ပိုင်းလိုက်သည်။
ဘုန်း
ဓားချက်က နယ်နိမိတ်ကို ထိမှန်သွားသော်လည်း ပြင်းထန်စွာ ပြန်ကန်ထွက်လာသည်။
ထိုရိုက်ခတ်မှုကြောင့် အခင်းအကျင်းတစ်ခုလုံး လှိုင်းထသွားသော်လည်း ပျက်စီးမသွားပေ။
ပိုင်ကျီဟန်၏ ခြေလှမ်းမှာ နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်သွားရသည်။
သူ့မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏
"အို... အဆင့် (၅) အခင်းအကျင်းလား?"
အခင်းအကျင်းသည် တုန်ခါနေပြီး ရိုက်ခတ်မှုစွမ်းအားကို စုပ်ယူလိုက်ကာ မိစ္ဆာစာလုံးများမှာလည်း
ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
အက်ကြောင်းလေးတစ်ခုပင် မထင်ခဲ့ပေ။
ပိုင်ကျီဟန်သည် လေကို အသာအယာ မှုတ်
ထုတ်လိုက်သည်။
သူ အနည်းငယ်တော့ အထင်ကြီးသွားမိသည်။
ထို့နောက်တွင်မူ—
လူရိပ်ငါးခု ပေါ်ထွက်လာသည်။
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ ငါးဦးသည် ရှေ့သို့ လှမ်းတက်လာကြပြီး သူတို့၏ အရှိန်အဝါများသည် ထပ်တူကျနေကာ သတ်ဖြတ်လိုစိတ်များက ချိတ်ပိတ်ထားသော ဟင်းလင်းပြင်အတွင်း လွှမ်းမိုးသွားသည်။
သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှုများ မရှိတော့ပေ။
သူတို့ စိတ်လှုပ်ရှားနေကြသည်။
အောင်နိုင်သူအသွင် ဖြစ်နေကြသည်။
"ဟားဟားဟား... နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီဟေ့"
"မင်း ငါတို့လူတွေကို ဘယ်လောက်တောင် သတ်ခဲ့လဲဆိုတာ သိလား?"
ခေါင်းဆောင်ဖြစ်သူက ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့တိုးလာ၏
"ဒါပေမဲ့ အားလုံးက ဒီမှာတင် အဆုံးသတ်ပြီ။ ဒီအခင်းအကျင်းက ဟင်းလင်းပြင်ကိုပါ ချိတ်ပိတ်ထားတာ။ ဘယ်သူမှ ဝင်လို့မရသလို၊ ဘယ်သူမှလည်း ထွက်လို့မရဘူး"
"ပြီးတော့ နောက်ဆုံးတစ်ခါ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲ သုံးယောက်နဲ့ တိုက်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ အကုန်သိတယ်"
သူက လှောင်ပြောင်သော လေသံဖြင့် "မင်း အသက်ရှင်ခဲ့တာမှန်ပေမဲ့... မင်းမှာ စွမ်းအင်တွေ အကုန်ကုန်သွားခဲ့တာပဲ" ဟု ပြောလိုက်သည်။
ကျင့်ကြံခြင်းစွမ်းအင် မရှိတော့ပေ
ခွန်အားလည်း မရှိတော့ပေ
မတ်တပ်တောင် မရပ်နိုင်ခဲ့ပေ
"ကဲ ပြောစမ်းပါဦး" ခေါင်းဆောင်က လက်နှစ်ဖက်ကို ဖြန့်ကာ အေးစက်စွာ မေးလိုက်သည်။ "အခု ဘာဖြစ်လာမယ်လို့ မင်းထင်သလဲ?"
ငါးယောက် တစ်ယောက်။
ချိတ်ပိတ်ထားသော အခင်းအကျင်း။
ထွက်ပြေးလမ်းမရှိချေ။
စစ်ကူလည်းမရှိပေ။
သူတို့၏ မိစ္ဆာစွမ်းအင်များသည် ဒီရေတက်သကဲ့သို့ နယ်မြေတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ပိုင်ကျီဟန် သေချာပေါက် ဇာတ်သိမ်းပြီဟု သူတို့ ယုံကြည်နေကြသည်။
ပိုင်ကျီဟန်က သူ၏ဓားကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။
သူ သူတို့ကို ကြည့်လိုက်သည်။
ထို့နောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏
"တကယ်တမ်း ဘယ်သူက ပိတ်မိနေတာလဲဆိုတာ... စမ်းကြည့်ကြတာပေါ့"