ပိုင်ကျီဟန် ဒုက္ခိတ ဖြစ်သွားပြီလား???
Vol. 28 Ch. 421
"ဒီနေရာကို ရှင်းလင်းလိုက်ကြ”
"ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အနားမကပ်စေနဲ့”
ပိုင်မျိုးနွယ်စု တပည့်များမှာ ထိတ်လန့်စိုးရိမ်မှုများဖြင့် ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။
ဆေးပညာရှင် အကြီးအကဲ သုံးဦးနှင့်အတူ လက်ထောက်များစွာ အပြေးအလွှား ရောက်ရှိလာကြ၏။ ပိုင်ကျီဟန်ကို မြင်လိုက်ရသည့် ခဏ၌ သူတို့၏ မျက်နှာများမှာ ဖြူလျော်သွားကြသည်။
"သူ့ကို အသာအယာ ချပေးပါ... ဖြည်းဖြည်းချင်း”
ပိုင်ထျန်းဟမ်သည် သူ၏သားကို ကျောက်စိမ်းခုတင်ထက်သို့ အထူးဂရုစိုက်ကာ အသာအယာ ချပေးလိုက်၏။ သူ၏ လှုပ်ရှားမှုများမှာ ပုံမှန်နှင့်မတူဘဲ အလွန်ပင် နူးညံ့နေပြီး အနည်းငယ်မျှ မှားယွင်းသွားပါက သားဖြစ်သူ အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်နေသည့်အလားပင်။ ခေါင်းဆောင်ဆေးဆရာသည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်းပိုင်းကို သေချာစွာ စစ်ဆေးလိုက်သည်။
စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်...
သူ၏ အမူအရာမှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့၏။
"ဒါက... အခြေအနေ တော်တော်ဆိုးတယ်" ဆေးဆရာက ပြောလိုက်သည်။
"ဘယ်လောက်တောင် ဆိုးလို့လဲ?"
ပိုင်ချူက ခက်ထန်စွာ မေးလိုက်၏။
ဆေးဆရာသည် တံတွေးတစ်ချက် မြိုချလိုက်သည်။
"သူ့ရဲ့ သွေးကြောမျှင်တွေ ဆယ်နေရာထက်မက ပြတ်တောက်နေတယ်။ အချို့နေရာတွေဆိုရင် လုံးဝ ပျက်စီးသွားပြီ။ ကိုယ်တွင်းအင်္ဂါတွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသလို၊ သူ့ရဲ့ စွမ်းအင်စုရပ်ကလည်း ကျင့်စဉ်စွမ်းအားတွေ အလွန်အကျွံသုံးစွဲမိလို့ ပြင်းထန်တဲ့ နောက်ဆက်တွဲဒဏ်ကို ခံစားနေရတယ်။"
သူသည် စကားကို ခေတ္တရပ်ကာ စကားလုံးကို သေချာရွေးချယ်လိုက်ရသည်။
ပိုင်ရမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏
"သူ အသက်ရှင်မှာမလား? မဟုတ်ဘူးလား?"
ဆေးဆရာသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့... သူ့အသက်အန္တရာယ်ကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။"
လူတိုင်း စိတ်သက်သာရာ ရခါရှိသေး... ဆေးဆရာက ဆက်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့..."
လူတိုင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။
ဆေးဆရာ၏ အကြည့်မှာ ပိုင်ကျီဟန်၏ ဖြူလျော်ကာ ငြိမ်သက်နေသော မျက်နှာထံသို့ ကျရောက်သွားသည်။
"သူ့ရဲ့ သွေးကြောတွေ ပျက်စီးသွားတဲ့ အခြေအနေက... ပြန်ပြုပြင်လို့ မရနိုင်လောက်အောင်ကို ဆိုးရွားလွန်းနေတယ်။"
တဲအတွင်း၌ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားတော့သည်။
"ဒါဆို... ငါတို့ အခု ဘာဆက်လုပ်ရမလဲ?"
ပိုင်ထျန်းဟမ်၏ အသံမှာ တိုးညှင်းကာ အက်ရှနေပြီး စစ်တလင်းတွင် ရှိတတ်သည့် အရှိန်အဝါများ လုံးဝ ပျောက်ကွယ်နေ၏။
"ဘာလုပ်ရမယ်ဆိုတာကိုပဲ ငါ့ကိုပြောပါ။"
ခေါင်းဆောင်ဆေးဆရာသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ကျွန်တော် သူ့ရဲ့ ကြောရိုးတွေကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ပါ့မယ်။"
သူသည် ချက်ချင်းပင် အလုပ်စတင်တော့၏။ ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော ကျင့်စဉ်စွမ်းအားများကို ငြိမ်သက်သွားစေရန် အလွန်အမင်း ဂရုစိုက်ကာ အာရုံစိုက်
လုပ်ဆောင်နေသည်။
သူ အလုပ်လုပ်နေစဉ်အတွင်း ပိုင်ကျီဟန်ကို ကြည့်ကာ အံ့အားသင့်နေမိ၏။
အရိုးများကြေမွသွားသည်ထက် ပိုမိုဆိုးရွားသော ထိုနာကျင်မှုမျိုးသည် ရာစုနှစ်ချီကျင့်ကြံထားသည့် ကျင့်ကြံသူကြီးများကိုပင် နာကျင်လွန်း၍ အော်ဟစ်မိစေမည်ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်မှာမူ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။
သူ့မျက်နှာအမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိပေ
၎င်းက ကုသမှုဖြစ်စဉ်ကို ပိုမိုလွယ်ကူစေသော်လည်း တစ်ဖက်တွင် ကြည့်ရသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
တစ်နာရီကျော်ကြာပြီးနောက် ဆေးဆရာက နောက်ဆုံးတွင် သူ၏လက်များကို ရုပ်သိမ်းလိုက်လေသည်။
"ဟူး..."
သူ မတ်တတ်ရပ်လိုက်ချိန်တွင် နဖူးမှ ချွေးများမှာ စီးကျနေဆဲပင်။
"လောလောဆယ်တော့ သူ့အခြေအနေက တည်ငြိမ်သွားပါပြီ" သူက ဆိုသည်။ "သူ့ရဲ့ စွမ်းအင်စုရပ်ထဲက စွမ်းအင်တုံ့ပြန်မှုကို ဖိနှိပ်ထားပြီးပါပြီ၊ အတွင်းဒဏ်ရာတွေကလည်း ဒီထက်ပိုပြီး ဆိုးမလာတော့ပါဘူး"
"ဒါပေမဲ့ အခုချိန်ကစပြီး..." ဆေးဆရာက လေးနက်သောလေသံဖြင့် ဆက်ပြောသည်။ "အားလုံးက သခင်လေးပိုင်အပေါ်မှာပဲ မူတည်ပါတော့မယ်"
"သူ့အနေနဲ့ ချီစွမ်းအင်ကို လုံးဝမလည်ပတ်စေရဘူး။ အကယ်၍ ပျက်စီးနေတဲ့ သွေးကြောမျှင်တွေထဲကို ချီစွမ်းအင် အနည်းငယ်လောက်ပဲ အတင်းအကျပ် တွန်းပို့လိုက်ရင်တောင် ကျန်ရှိနေတဲ့ လမ်းကြောင်းတွေအားလုံး လုံးဝပြိုလဲသွားနိုင်တယ်"
ပိုင်မျိုးနွယ်စုဝင်များသည် ခဏတာ စိတ်သက်သာရာရသွားသော်လည်း ထိုခံစားချက်မှာ ကြောက်ရွံ့မှုများအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"သင့်တော်တဲ့ ဆေးဝါးတွေနဲ့ အနားယူမှုရှိရင် သူ့ခန္ဓာကိုယ်က ပြန်ကောင်းလာနိုင်ပါတယ်" ဆေးဆရာက ဆိုသည်။ "အတွင်းဒဏ်ရာတွေကတော့ အချိန်ကြာရင် ပျောက်ကင်းသွားမှာပါ။ ဒါပေမဲ့ သွေးကြောမျှင်တွေကတော့..."
သူက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"သူတို့က ဘယ်တော့မှ အရင်လို ပြန်ကောင်းလာတော့မှာ မဟုတ်ဘူး"
ထိုစကား၏ အဓိပ္ပာယ်မှာ ထုရိုက်ခံလိုက်ရသကဲ့သို့ ပြင်းထန်လှသည်။
"ဘာကို ဆိုလိုတာလဲ ဆရာ?"
ပိုင်ထျန်းဟမ်က လေးနက်စွာ မေးလိုက်သည်။
"သူ အသက်ရှင်ရင်တောင်မှ..." ဆေးဆရာက တိုးညှင်းစွာ ပြောလိုက်သည်။ "သခင်လေးပိုင်ဟာ နောင်တက်လှမ်းဖို့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်နိုင်တော့မှာ မဟုတ်ပါဘူး"
ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (သို့မဟုတ်) အစွမ်းအစမဲ့သူ။
ထိုစကားလုံးကို ထုတ်မပြောသော်လည်း လူတိုင်းက ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ထျန်းဟနမ်သည် အေးခဲသွားသကဲ့သို့ ရပ်နေရင်း သူ့သားကို စိုက်ကြည့်နေမိသည်။
ဤရိုက်ခတ်မှုမှာ စစ်တလင်းတွင် ရှုံးနိမ့်မှုများထက်ပင် ပိုမိုပြင်းထန်လှ၏။
ပိုင်မျိုးနွယ်စုကို အထွတ်အထိပ်သို့ ခေါ်ဆောင်သွားနိုင်မည့် ပိုင်ကျီဟန်မှာ ယခုတော့... ကျင့်ကြံခြင်း မပြုနိုင်တော့သည့်သူ ဖြစ်သွားပြီဟု ကြေညာခံလိုက်ရပြီ။
"ဒါ... ဒါတွေအားလုံးက ငါ့အပြစ်တွေပဲ..."
ပိုင်ထျန်းဟမ်၏ လက်သီးများမှာ တင်းတင်းပါအောင် ဆုပ်ထားမိသည်။
"ငါသာ သူ့ကို တားခဲ့ရင်..."
မျိုးနွယ်စုအကြီးအကဲများမှာ ဘာမှမပြောနိုင်ကြဘဲ တိတ်ဆိတ်မှုသာ လွှမ်းမိုးနေတော့သည်။
"ဒါဆို... ကျုပ်တို့ ခွင့်ပြုပါဦးမယ်" ခေါင်းဆောင်ဆေးဆရာက တိုးတိုးလေးပြောလေ၏
ဆေးဆရာက ထွက်ခွာသွားကြလေသည်။
အတန်ကြာပြီးနောက် ပိုင်ထျန်းဟမ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြန်ကာ သူ့မျက်လုံးများကမူ ပိုင်ကျီဟန်ထံမှ တစ်ဖက်သို့ပင် မလှည့်တော့ပေ။
"ဒီနေရာကို စောင့်ကြပ်ထားကြ၊" သူက သြရှရှအသံဖြင့် အမိန့်ပေးလိုက်သည်။ "ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အထဲကို မဝင်စေနဲ့”
"ဟုတ်ကဲ့ပါ”
ပတ်ဝန်းကျင်ရှိ တပည့်များက ချက်ချင်းပင် ပြန်လည်ထူးကြလေသည်။
သို့သော် ဆေးကုသဆောင်တဲ၏ အပြင်ဘက်တွင်မူ စခန်းတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘဲ လှုပ်ခတ်နေသည်။
တီးတိုး ပြောဆိုသံများမှာ တောမီးပမာ ပျံ့နှံ့သွား၏။
ပိုင်မျိုးနွယ်စုသည် သတင်းကို မပေါက်ကြားအောင် မည်မျှပင် ထိန်းချုပ်ရန် ကြိုးစားသော်လည်း၊ ပိုင်ကျီဟန် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ သတိတစ်ချက်မေ့လျက် ပြန်လည်သယ်ဆောင်လာသည်ကို မြင်တွေ့ခဲ့သူများမှာ များပြားလှသည်။
အမျိုးမျိုးသော ထင်မြင်ချက်များမှာလည်း အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာသည်။
အချို့ကလည်း မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ပိုင်ကျီဟန်နောက်သို့ လိုက်သွားသည်ကို ထောက်ပြပြီး ပိုင်ကျီဟန်မှာ ပိုင်ထျန်းဟမ်နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
အချို့ကလည်း ပိုင်ကျီဟန်သည် တားမြစ်ပညာရပ်တစ်ခုကို အသုံးပြုကာ ကျင့်ကြံခြင်းအဆင့်ကို အတင်းအကျပ် မြှင့်တင်ခဲ့သောကြောင့် သွေးလေချောက်ချားခြင်း ဖြစ်ကာ ကံကြမ္မာ၏ အပြစ်ပေးမှုကို ခံရခြင်းဖြစ်သည်ဟု တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
မှန်ကန်သော အမှန်တရားကိုမူ မည်သူမျှ မသိရှိကြပေ။
သို့သော် ထိုအချက်က ကောလာဟလများကို မရပ်တန့်စေနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် ပိုင်ကျီဟန်နှင့် သက်ဆိုင်နေသောကြောင့်ပင်။
မလွဲမသွေပင် ထိုသတင်းဆိုးများမှာ ပိုင်ကျီဟန်၏ စေ့စပ်ထားသူဖြစ်သော ချူကျီယန်၏ နားထဲသို့ ရောက်ရှိသွားတော့သည်။
သူမသည် သတင်းကြားကြားချင်းပင် ပိုင်မျိုးနွယ်စုစခန်းသို့ ချက်ချင်း အပြေးအလွှား ရောက်လာသော်လည်း သူမ၏ အဆင့်အတန်းရှိသော်ငြား အစောင့်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ပိုင်ရွှယ်ချင်းမှာ ချူကျီယန်၏ အသံကို ကြားလိုက်ရသဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
"ဘာတွေဖြစ်ခဲ့တာလဲ?"
ချူကျီယန်က အလောတကြီး မေးလိုက်သည်။
"ပိုင်ကျီဟန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ တကယ်ပဲလား?"
"တခြားတစ်နေရာမှာ သွားပြောရအောင်။"
ပိုင်ရွှယ်ချင်း တိုက်ရိုက်ပြန်မဖြေခဲ့ပေ။
သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ၊ စောင့်ကြပ်ထားသော စခန်းနှင့် အမှောင်ရိပ်ထဲမှ ချောင်းမြောင်းနားထောင်နေကြသည့် မမြင်ရသော နားပေါင်းများစွာကို သတိထားမိလိုက်သည်။
ချူကျီယန်ကလည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်၏။
ပိုင်ရွှယ်ချင်းက သူမကို ဆေးကုသဆောင်နှင့် ဝေးရာရှိ သူမ၏တဲဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် စွမ်းအင်အလံအချို့ကို အသက်သွင်းလိုက်သည်။
အသံလုံအကာအကွယ် တစ်ခုက တဲကို လွှမ်းခြုံသွားလေသည်။
ထိုအခါမှသာ ပိုင်ရွှယ်ချင်းက စကားစပြောတော့သည်။
"အခု ငါပြောမယ့်စကားတွေက..." သူမက တည်ငြိမ်စွာ ဆိုသည်မှာ "ဒီတဲအပြင်ဘက်ကို လုံးဝ မပေါက်ကြားစေနဲ့”
"ငါနားလည်ပါတယ်”
ချူကျီယန်က ခိုင်မာစွာ ပြန်လည်ဖြေကြားလိုက်၏။
ပိုင်ရွှယ်ချင်းသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းရင်း၊ လိုက်လံရှာဖွေခဲ့ပုံနှင့် အဘယ်ကြောင့် ဤသို့ဖြစ်ခဲ့ရသည်ကို အားလုံးနီးပါး ရှင်းပြလိုက်သည်။
ပိုင်ကျီဟန် တိုက်ခိုက်ခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ကို သူမ အတိအကျမသိသော်လည်း အလွန်အစွမ်းထက်သော မိစ္ဆာကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်းကိုမူ သူမ သေချာပေါက် သိနေခဲ့သည်။
ထို့နောက် ချူကျီယန်သည် ဇာတ်ကြောင်းအစုံကို သိရှိသွားခဲ့ရသည်။
ဤအရာအားလုံးမှာ လောင်ချင်း ပြန်ပေးဆွဲခံရမှုမှ စတင်ခဲ့ခြင်းဖြစ်သည်ဟူ၍ပင်။
ခဏတာမျှ သူမ၏နှလုံးသားထဲတွင် မနာလိုစိတ်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ဤမျှအထိ ဒေါသတကြီး ဖြစ်သွားရအောင်... အရာအားလုံးကို ရင်းပြီး စွန့်စားရအောင်... သူသာ သူမအပေါ်မှာလည်း ထိုသို့သော ခံစားချက်မျိုး ထားရှိပေးခဲ့မည်ဆိုလျှင်...။
သို့သော် ထိုအတွေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
သူမ၏ စိုးရိမ်ပူပန်မှုသည် ထိုမနာလိုစိတ်ထက် များစွာ ပိုမိုကြီးစိုးနေသောကြောင့်ဖြစ်သည်။
"သူ့ရဲ့ ဒဏ်ရာတွေကကော ဘယ်လိုလဲ?"
ချူကျီယန်က တိုးညှင်းစွာ မေးလိုက်သည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ အကြည့်ကို အောက်သို့ချလိုက်၏။
"ပြင်းထန်တယ်။ ဆေးဆရာတွေက သူ့အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့ပေမဲ့..."
သူမ စကားကို ခဏရပ်လိုက်သည်။
"သူ့ရဲ့ သွေးကြောမျှင်တွေက အကြီးအကျယ် ပျက်စီးသွားပြီ။"
ချူကျီယန်၏ ကိုယ်ခန္ဓာမှာ တောင့်တင်းသွားခဲ့ရသည်။
"...ဘယ်လောက်တောင် ဆိုးလို့လဲ?"
"အလားအလာတစ်ခု ရှိနေတာကတော့..." ပိုင်ရွှယ်ချင်း သတိထား၍ ပြောလိုက်သည်မှာ "သူ နောင်တစ်ချိန်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကို ဘယ်တော့မှ ပြန်မလျှောက်လှမ်းနိုင်တော့တာမျိုး ဖြစ်နိုင်တယ်။"
ထိုစကားလုံးများသည် လေထုထဲတွင် လွင့်မျောနေပြီး ကြားရသူကို တုန်လှုပ်စေသည်။
ချူကျီယန် မငိုခဲ့ပေ
သူမ အော်ဟစ်ခြင်းလည်း မပြုခဲ့ပေ။
သူမသည် ထိုနေရာတွင်သာ မတ်တတ်ရပ်နေရင်း ရင်ဘတ်ထဲမှ ကြောက်ရွံ့မှုက သူမကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။
ထိုကြောက်ရွံ့မှုမှာ အစွမ်းထက်သော စေ့စပ်ထားသူတစ်ဦးကို ဆုံးရှုံးရမှာကို ကြောက်ခြင်း မဟုတ်ပေ။
ပိုင်ကျီဟန်၏ အသက်အန္တရာယ်အတွက် ကြောက်ရွံ့ခြင်းသာ ဖြစ်သည်။
သူ့တွင် ရန်သူများစွာ ရှိနေသည်။
အကယ်၍ ပိုင်ကျီဟန်သာ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ဖြစ်သွားပြီဟူသော သတင်းသာ ပျံ့နှံ့သွားပါက မရေမတွက်နိုင်သော လူများစွာသည် သူ့အသက်ကို ရန်ရှာရန် ရောက်ရှိလာကြပေလိမ့်မည်။
ပိုင်မျိုးနွယ်စုကိုယ်တိုင်ကပင် သူ၏တန်ဖိုး ပျောက်ကွယ်သွားသည့်အခါ သူ့အပေါ် အေးစက်စွာ ဆက်ဆံလာနိုင်ပေသည်။
ချူကျီယန်သည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်၏။
(ရှင့်ကို ကျွန်မ ကာကွယ်ပေးပါ့မယ်)
သူမ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသွားခဲ့ပြီ—နှုတ်မှ ထုတ်မပြောသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ထိုကတိက အထင်အရှား စွဲထင်သွားလေတော့သည်။