← Chapters

ဒါဆိုရင် မင်းကို ငါပြောအောင်လုပ်ပြမယ်

Vol. 28 Ch. 418

ဒါဆိုရင် မင်းကို ငါပြောအောင်လုပ်ပြမယ်

Vol. 28 Ch. 418

ပိုင်ကျီဟန်သည် မဟာတောရိုင်းမြေရိုင်း၏ အစပ်နားရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းမှ ထွက်ပေါ်လာခဲ့သည်။

ဤနေရာရှိ ကောင်းကင်ယံသည် ပိုမိုမှောင်မှောက်နေပြီး တိမ်တိုက်များမှာလည်း ပြာနှမ်းသောအရောင် သန်းနေကာ မြေပြင်ကိုယ်တိုင်က ကောင်းကင်ဘုံကို ငြင်းပယ်ထားသကဲ့သို့ပင်။

သူ၏အောက်တွင်မူ အဆုံးမရှိသော ဆိတ်သုဉ်းမှုများ— ချွန်ထက်သော တောင်တန်းများ၊ အက်ကွဲနေသော မြေပြင်နှင့် နေရောင်ခြည်ပင် တိုးမပေါက်နိုင်လောက်အောင် ရှုပ်ထွေးလိမ်ယှက်နေသော ရှေးဟောင်းတောအုပ်ကြီးများမှာ အဆုံးမရှိ ဆန့်တန်းနေသည်။ သူသည် လေပေါ်တွင် ရပ်တန့်လိုက်သည်။

သို့သော် နတ်ဆိုးကျင့်ကြံသူများကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။

မဟာတောရိုင်းမြေရိုင်းမှာ အလွန်တရာ ကျယ်ပြောလှသည်— ကျယ်လွန်းလှသည်။ လူပေါင်းထောင်ချီ၍ တစ်နှစ်ပတ်လုံး ရှာဖွေလျှင်ပင် ၁၀ ရာခိုင်နှုန်းခန့်ကိုပင် ကုန်အောင်ရှာနိုင်မည်မဟုတ်ပေ။ ပို၍ဆိုးသည်မှာ သူတို့သည် ဤနေရာတွင် ရှိနေသေးသည်ဟု အာမခံချက်မရှိခြင်းပင်။

ကျူးကျော်မှု ရှုံးနိမ့်သွားပြီးနောက် သူတို့သည် ဆုတ်ခွာသွားကြပြီလည်း ဖြစ်နိုင်သည်။

ပိုင်ကျီဟန်သည် မျက်လုံးများကို ခဏမျှ မှိတ်လိုက်ပြီးနောက် စိတ်ထဲမှ ခေါ်လိုက်သည်။

“ဖေးလိန်” သူကဆိုလိုက်၏

သူ၏ အသိစိတ်ပင်လယ်အတွင်း၌ တောက်ပသော ပုံရိပ်တစ်ခု လှုပ်ရှားလာသည်။

သူမ၏အသံမှာ တည်ငြိမ်သော်လည်း သိသာထင်ရှားသော စိုးရိမ်ပူပန်မှုများဖြင့် ပဲ့တင်ထပ်လာခဲ့သည်။

“ပိုင်ကျီဟန်” ဖေးလိန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “မင်းကို ငါအကြံပေးချင်တာကတော့... နောက်ဆုတ်လိုက်ပါ”

သူမ၏လေသံမှာ ပို၍ပြတ်သားလာသည်။

အကယ်၍ ပိုင်ကျီဟန်သာ နတ်ဆိုးကျင့်ကြံသူများနှင့် တစ်ကိုယ်တည်း ထိပ်တိုက်တွေ့ခဲ့လျှင်— အထူးသဖြင့် မိုကျွင်း ကဲ့သို့သော အဆင့်ရှိသူနှင့် တွေ့ခဲ့လျှင်— သူမကိုယ်တိုင်

ပင်လျှင် သူ့ကို ကယ်တင်နိုင်မည်မဟုတ်ပေ။

၎င်းမှာ သတိပေးချက်သက်သက် မဟုတ်ဘဲ အမှန်တရားကို ပြောကြားခြင်းသာ ဖြစ်သည်။

နတ်ဆိုးနယ်မြေထဲသို့ တစ်ကိုယ်တည်း ဇွတ်တိုးဝင်ခြင်းမှာ ရူးသွပ်မှုပင် ဖြစ်သည်— သေခြင်းတရားနှင့်သာ အဆုံးသတ်နိုင်သည့် ဆင်ခြင်တုံတရားမဲ့သော လုပ်ရပ်ပင်။

မသေမျိုး ဧက္ကရာဇ်ဖေးလိန်သည် ပုံမှန်အတိုင်းပင် သူ၏အေးစက်သော ငြင်းပယ်မှု၊ အကြွင်းမဲ့ယုံကြည်မှု သို့မဟုတ် ခေါင်းမာလှသော တိတ်ဆိတ်မှုတို့ကို မျှော်လင့်နေခဲ့သည်။

သို့သော် ပိုင်ကျီဟန်က မျက်လုံးများကို ဖွင့်လိုက်၏

“ကျေးဇူးပြုပြီး”

ထိုစကားလုံးမှာ တိုးညှင်းလှသည်။

ထို့ပြင် သူနှင့် လုံးဝမလိုက်ဖက်သော စကားလုံးလည်း ဖြစ်သည်။

သူ့ကို စတင်သိရှိခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဖေးလိန်သည် ဒေါသ သို့မဟုတ် မာနထောင်လွှားမှု မဟုတ်ဘဲ... မျှော်လင့်ချက်မဲ့ခြင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“သူတို့ကို ရှာတွေ့အောင် ကူညီပေးပါ” ပိုင်ကျီဟန်က တောင်းဆိုလိုက်သည်။

မသေမျိုး ဧက္ကရာဇ်ဖေးလိန်သည် တိတ်ဆိတ်သွားသည်။

သူ၏ ကျယ်ပြောလှသော သိစိတ်အတွင်း၌ အချိန်များမှာ ဆန့်ထွက်သွားသယောင် ရှိနေသည်။

မာနကြီးလှသော သခင်လေး ပိုင်ကျီဟန်သည် သာမန်လူသား မိန်းကလေးတစ်ယောက်အတွက် ဤကဲ့သို့ အသနားခံလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

သူကိုယ်တိုင် အန္တရာယ်ကြုံနေရချိန်၌ပင် သူသည် ဤကဲ့သို့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။

“ကောင်းပြီလေ” သူမက နောက်ဆုံးတွင် ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့က ငါ့ရဲ့ အာရုံခံနိုင်စွမ်း အပြင်ဘက်မှာ ရှိနေမယ်ဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူးနော်”

သူမ၏ အငွေ့အသက်များသည် သူ၏ဝိညာဉ်အတွင်း၌သာ ကန့်သတ်မထားတော့ဘဲ အပြင်ဘက်သို့ ပြန့်ကားထွက်လာတော့သည်။

မမြင်နိုင်သော နတ်ဘုရားအာရုံခံလှိုင်းများသည် တောင်တန်းများ၊ ချောက်ကမ်းပါးများနှင့် နစ်မြုပ်နေသော အပျက်အစီးများကို ဖြတ်ကျော်ကာ ရှာဖွေစူးစမ်းလိုက်သည်။

အသက်ရှူသံတစ်ချက်။

နှစ်ချက်။

ထို့နောက်တွင်မူ

သူမ၏အသံမှာ စူးရှစွာ ထွက်ပေါ်လာသည်။

“ဟိုမှာ”

ပိုင်ကျီဟန်၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

“အရှေ့မြောက်ဘက်မှာ” မသေမျိုး ဧက္ကရာဇ်ဖေးလိန်က ပြောလိုက်သည်။

၎င်းမှာ သူလိုအပ်သော အချက်အလက်ပင် ဖြစ်သည်။

ဘုန်း

ပိုင်ကျီဟန် ပျောက်ကွယ်သွားသည်နှင့်အမျှ ဟင်းလင်းပြင်ကြီးမှာ ဟိန်းဟောက်သွားပြီး သူမညွှန်ပြသော ဘက်သို့ လေထုကို ခွဲကာ တိုးဝင်သွားတော့သည်။

သူ ဖြတ်သန်းသွားသော ဖိအားကြောင့် အောက်ရှိ မြေပြင်သည် ကွဲအက်သွားပြီး ကောင်းကင်ယံ၌ သေမင်းတမျှ မြန်ဆန်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသဖြင့် ရှေးဟောင်းသားရဲကြီးများမှာပင် ကြောက်ရွံ့တုန်လှုပ်စွာ ဝပ်စင်းနေကြရသည်။

သူ၏ သတ်ဖြတ်လိုစိတ်များသည် ယခင်ကထက် ပိုမိုထက်ရှစွာ ပြန်လည်ပေါက်ကွဲလာသည်။

သူတို့ ဒီမှာရှိနေပြီ။

မဟာတောရိုင်းမြေရိုင်း၏ နက်ရှိုင်းသောနေရာရှိ ချောက်ကမ်းပါးတစ်ခုအတွင်း၌ ယာယီစခန်းတစ်ခုကို ဝှက်ထားသည်။

မီးရှူးတိုင်များသည် ဖျော့တော့သော အစိမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေသည်။

နတ်ဆိုးကျင့်ကြံသူ အများအပြားမှာ မျက်နှာမကောင်းစွာဖြင့် စုဝေးထိုင်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ကျူးကျော်မှုမှာ ရှုံးနိမ့်သွားခဲ့ပြီး လူအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

“ဒီကျူးကျော်မှုက တကယ့် ဟာသပဲ”

“ဘာမှအကျိုးမရှိဘဲ ငါတို့တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်”

“အဲ့ဒီ နတ်ဆိုးသားရဲတွေက အသုံးမကျဘူး။ ချီလင်းတပိုင်းတောင် အလွယ်တကူ အသတ်ခံလိုက်ရတယ်”

သူတို့သည် ထိုအကြောင်းကိုသာ မရပ်မနား ပြောဆိုနေကြတော့သည်။

"ပိုင်မျိုးနွယ်စု... မဟုတ်ဘူး၊ အဲဒီ ပိုင်ကျီဟန်”

သူ့နာမည်ကို ပြောလိုက်ရုံနဲ့တင် ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပူချိန်က ရုတ်ချီအေးစက်သွားသလို ခံစားလိုက်ရသည်။

"သူက လူမဟုတ်ဘူး... ငါကိုယ်တိုင် မြင်ခဲ့တာ။ သူက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ပဲ ရှိသေးတာ၊ ဒါပေမဲ့ မဟာကောင်းကင်ဘုံအဆင့်အကြီးအကဲတွေကို မြက်ခုတ်သလို သတ်ပစ်ခဲ့တာကွ။"

"မင်းကလည်း အပိုတွေ ပြောမနေပါနဲ့..."

"အပိုပြောတာ ဟုတ်မဟုတ် မင်းသိချင်ရင် သွားကြည့်လေ။ သူက အဲဒီလူတွေကို ပြုံးပြုံးကြီး သတ်ခဲ့တာ”

လူအုပ်ကြီးဆီမှ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ထိုစဉ် အက်ကွဲတုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

"အကြီးအကဲ မိုခွမ်း သေတုန်းက ငါ အဲဒီမှာ ရှိနေခဲ့တာ..."

ကျင့်ကြံသူအားလုံး လှည့်ကြည့်လိုက်ကြသည်။

"မိုခွမ်းက အသက်ရှင်ဖို့အတွက် ဒူးထောက်တောင်းပန်ခဲ့တာကွ။ မင်းတို့ စဉ်းစားကြည့်... မဟာကောင်းကင်ဘုံဆင့် ကျွမ်းကျင်သူတစ်ယောက်က ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့မှာ အသက်ကို တောင်းပန်ခဲ့ရတာ။"

ပြောသူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ဆက်ပြောသည်။

"ပိုင်ကျီဟန်က နည်းနည်းလေးတောင် မတွန့်ဆုတ်ခဲ့ဘူး။ သူက တကယ့်ကို မိစ္ဆာစစ်စစ်ပဲ”

"အဲဒီ သတ္တဝါက—"

ဒိုင်း

"တော်တော့”

တောင်ကြားတစ်ခုလုံးကို ကြိမ်လုံးနဲ့ ရိုက်လိုက်သလို အော်သံတစ်ခု ဟိန်းထွက်လာသည်။

မိုထျန်းကျီသည် ရှေ့သို့ တစ်လှမ်းတက်လာပြီး သူ့မျက်ဝန်းထဲတွင် ဒေါသအရှိန်အဟုန်တို့ တောက်လောင်နေ၏။

မျက်နှာက ဖြူလျော်နေသော်လည်း လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသကို ထိန်းထားပုံရသည်။

"အားလုံး ပါးစပ်ပိတ်ထားစမ်း”

မိစ္ဆာကျင့်ကြံသူများအားလုံး ချက်ချင်း ငြိမ်ကျသွားသည်။

မိုထျန်းကျီ၏ ရင်ဘတ်သည် အတိတ်က ပုံရိပ်များကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်

နေသည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲ သုံးယောက်

သေဆုံးခဲ့ချေပြီ။

၎င်းတို့အားလုံး သူ့မျက်စိရှေ့တင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

မိုထျန်းကျီသည် ထိုစဉ်က ကြောက်လန့်တကြား ကြည့်နေခဲ့ရုံမှတစ်ပါး

ဘာမှမလုပ်နိုင်ခဲ့ပေ

ပိုင်ကျီဟန် ဒဏ်ရာရပြီး မလှုပ်နိုင်ဖြစ်နေချိန်မှာတောင် သူ တိုက်ခိုက်ဖို့ မဝံ့ရဲခဲ့ပေ

သူ့ကိုယ်သူ နိမ့်ကျသည်ဟု ခံစားလိုက်ရသည်။

ပိုင်ကျီဟန်နှင့် ယှဉ်လျှင်

လူတိုင်း ချီးမွမ်းနေကြသည့် ပါရမီရှင်ဆိုသည့် ဂုဏ်ပုဒ်က အမှိုက်သရိုက်သဖွယ်ပင်။

"...ချီးပဲ”

မိုထျန်းကျီက ကြိတ်ကာ ရေရွတ်လိုက်သည်။

ပိုင်ကျီဟန်ကို သတိရရုံဖြင့် သူ့နှလုံးသားက တင်းကျပ်လာရသည်။

ထိုစဉ်

ရွှမ်

တောင်ကြား၏ အထက် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကြီးက စုတ်ပြဲသွားသည်။

ပြင်းထန်သော ဟင်းလင်းပြင် အက်ကြောင်း တစ်ခု ပေါ်ပေါက်လာကာ တစ်ကမ္ဘာလုံးကို ဖိနှိပ်ထားသည့်အလား လွှမ်းမိုးထားသည်။

ဗလာသန့်စင်ခြင်းအဆင့်နှင့် အထက်ရှိသူများမှာ ထိုတုန်ခါမှုကို ချက်ချင်း ခံစားလိုက်ရသည်။

သို့သော် တစ်ခုခု မှားနေသည်။

"ဒါက မိစ္ဆာချီ မဟုတ်ဘူး..." တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

"ဒါက စစ်မှန်တဲ့ ချီပဲ”

သန့်စင်သည်။

ကြမ်းတမ်းသည်။

လွှမ်းမိုးမှု အားကောင်းသည်။

အက်ကြောင်းကြီး ပိုမိုကျယ်ပြန့်လာ၏

လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် သတ်ဖြတ်

ခြင်းအရှိန်အဝါက ကွပ်မျက်မည့် ဓားသွားကဲ့သို့ ကျဆင်းလာသည်။

အချို့သော မိစ္ဆာကျင့်ကြံသူများသည် နေရာတင် ဒူးထောက်ကျသွားကြသည်။

အေးစက်လှသော အသံတစ်ခုက တောင်ကြားတစ်ခုလုံးကို ဟိန်းထွက်သွား၏။

"မိုကျွင်း .. ထွက်ခဲ့စမ်း”

ပိုင်ကျီဟန်က အော်ဟစ်လိုက်သည်။

"ဘယ်သူက သေမင်းကို လာခေါ်နေတာလဲ?"

"ငါတို့ခေါင်းဆောင်ရဲ့ နာမည်ကို ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ရဲတာလား?"

"ဟင်? သူက ပိုင်ကျီဟန် မလား?"

ပထမတွင် လူမိုက်တစ်ယောက် လာအသေခံသည်ဟု ထင်ခဲ့ကြ၏

ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင်

မိစ္ဆာကျင့်ကြံသူများအားလုံး တုန်လှုပ်ကုန်ကြသည်။

သူတို့ ဘယ်လိုမသိဘဲ နေမည်နည်း

အစောပိုင်းနေ့ရက်များက ပိုင်ကျီဟန်သည် သူတို့ကို မြက်ရိတ်သလို သတ်ဖြတ်ခဲ့ပေသည်

မိုထျန်းကျီကဲ့သို့ပင် အချို့သူများမှာ အတိတ်က စိတ်များ ပြန်လည်ဝင်ရောက်လာ၏

အချို့ကမူ လက်စားချေရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

ပိုင်ကျီဟန်သည် စုတ်ပြဲနေသော ကောင်းကင်ယံ၌ ရပ်တန့်နေကာ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် တစ်စခန်းလုံးကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် မိုကျွင်းက ထွက်မလာသေးပေ။

"ဖေးလိန်... လောင်ချင်းရဲ့ အငွေ့အသက်ကို ခံစားရလား?" ပိုင်ကျီဟန်က အကြည့်မလွှဲဘဲ မေးလိုက်သည်။

ခဏအကြာတွင်

"မရဘူး”

ထိုစကားလုံးက တူနှင့် ထုလိုက်သလို ခံစားလိုက်ရသည်။

ခဏတာမျှ ပိုင်ကျီဟန် ငြိမ်သက်သွားသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားသည်။

ကောင်းကင်ကြီးသည် သူ့အလိုကျ မှောင်မိုက်သွားကာ လေထုကြီးမှာလည်း မမြင်ရသော ဖိအားအောက်တွင် ညည်းတွားနေရသည်။

သူ့မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး နီမြန်းသော အလင်းတန်းများ ပေါ်လာသည်။

"ဒါဆိုရင်လည်း... ဒီလိုပဲ ဖြစ်ရမှာပေါ့။"

သူ့လက်ထဲမှ ဓားကို တင်းတင်းဆုပ်လိုက်သည်။

သူ၏ သတ်ဖြတ်လိုစိတ်က ယခင်ကကဲ့သို့ ထိန်းချုပ်ထားခြင်း မရှိတော့ပေ။

အဆုံးစွန်ထိ ပေါက်ကွဲထွက်လာသည်။

ပိုင်ကျီဟန် ဓားကို မြှောက်လိုက်သည်။

ဓားသွားမှ တုန်ခါသံများ ထွက်ပေါ်လာ၏

ကံကြမ္မာစက်ဝန်းကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပြီး ချည်မျှင်တန်းများမှာလည်း ပြတ်တောက်ရှုပ်ထွေးကုန်ကာ ရှေးဟောင်းကာလမှ တားမြစ်ထားသော အငြိုးအတေးတစ်ခု နိုးထလာချေပြီ။

"မိုကျွင်းက ထွက်မလာချင်ဘူးဆိုရင်လည်း... ငါက ထွက်လာအောင် လုပ်ရမှာပေါ့။"

သူ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်သို့ ရုတ်ချည်း မြင့်တက်သွားသည်။

"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက် “

ဓားကို လွှဲချလိုက်သည်။

ကောင်းကင်ယံမှ ပါးလွှာသော အလင်းတန်းတစ်ခု ကျဆင်းလာသည်။

ထို့နောက်

ဘုန်း

ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားသလို ခံစားလိုက်ရသည်။

အောက်ဘက်ရှိ တောင်ကြားကြီးသည် ပုပ်အက်နေသော အသားကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်သွား၏။

တောင်တန်းများ ပြိုလဲကာ၊ တောအုပ်များ ပျောက်ကွယ်သွားပြီး မိစ္ဆာစခန်းတစ်ခုလုံး ဝါးမြိုဖျက်ဆီးခြင်း ခံလိုက်ရသည်။

မိစ္ဆာကျင့်ကြံသူ ထောင်ပေါင်းများစွာမှာ အော်ဟစ်ချိန်ပင် မရလိုက်ပေ

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် အောက်ရှိသူများအားလုံး သေဆုံးကုန်ကြပြီး ဗလာသန့်စင်ခြင်းအဆင့်များမှာလည်း အစအနပင် မကျန်အောင် ပျောက်ကွယ်သွားသည်။

အင်မော်တယ်အဆင့်ရှိသော ကျင့်ကြံသူအချို့ ပေါ်လာပြီး ကာကွယ်ပေးရန် ကြိုးစားသော်လည်း အချိန်မမီခဲ့ပေ။

အစောက စခန်းရှိခဲ့သော နေရာတွင် အဆုံးမရှိသော ချောက်ကြီးတစ်ခုသာ ကျန်ရစ်တော့သည်။

အသက်ရှင်ကျန်သူများသည်လည်း အရုပ်ကြိုးပြတ်သလို လွင့်ထွက်သွားကာ သွေးအိုင်ထဲတွင် ကြောက်လန့်တကြား လဲလျောင်းနေကြရသည်။

တိတ်ဆိတ်မှုက ထပ်မံ လွှမ်းမိုးသွားပြန်သည်။

ထိုစဉ်—

အနက်ရောင် မြူခိုးများ စုစည်းလာသည်။

မိစ္ဆာချီများ မြင့်တက်လာသည်။

ပျက်စီးသွားသော တောင်ကြား၏ ဗဟိုချက်မှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

အလင်းမှန်သမျှကို ဝါးမြိုထားသည့် ချောက်နက်ကြီးကဲ့သို့သော မျက်ဝန်းများ...။

သူကား... မိုကျွင်းပင် ဖြစ်သည်။

မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင် ပေါ်လာပြီဖြစ်သည်။

သူသည် ပျက်စီးသွားသော မြေပြင်နှင့် အလောင်းပင် မကျန်တော့သော နောက်လိုက်များကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"နှမြောစရာပဲ..."

သူ့အကြည့်က ပိုင်ကျီဟန်ဆီသို့ ရောက်သွားသည်။

"ငါ့လူတွေ အများကြီးပဲ... တစ်ချက်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရတာလား။"

လေထုကြီးမှာ လေးလံလာကာ ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ လွှမ်းမိုးလာသည်။

"မင်း ငါ့ကို အထိနာအောင် လုပ်နိုင်ခဲ့တာပဲ..." မိုကျွင်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

ကြောက်စရာအပြုံးတစ်ခုက သူ့နှုတ်ခမ်းတွင် ထွက်ပေါ်လာချေသည်။

"ပြောစမ်းပါဦး... ပိုင်သူရဲကောင်းလေး”

သူ့အကြည့်က အေးစက်နေ၏

“ဒါတွေအားလုံးအတွက် မင်း ဘယ်လို ပြန်ပေးဆပ်မလဲ?"

ပိုင်ကျီဟန်က သူ့ကို စိုက်ကြည့်လိုက်သည်။

မိုကျွင်း၏ ဖိအားများက သူ့အတွက် ဘာမှမဟုတ်သလိုပင်။

"မိုကျွင်း..." ပိုင်ကျီဟန်က စကားတစ်လုံးချင်းစီကို လေးလေးနက်နက် ပြောလိုက်သည်။

"ငါ မင်းကို တစ်ခါပဲ မေးမယ်။"

ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း တုန်ခါလျက် ရှိနေတော့သည်။

"လောင်ချင်း ဘယ်မှာလဲ?"

ခဏမျှ မိုကျွင်းသည် မျက်တောင်ခတ်ကာ ကြောင်အသွားသည်။

"...လောင်ချင်း?"

ထိုနာမည်က သူ့အတွက် ဘာမှအဓိပ္ပာယ်မရှိသလိုပင်။ သူက မျက်မှောင်ကြုတ်ကာ မှတ်ဉာဏ်ထဲတွင် ခေတ္တရှာဖွေကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"မင်း ဘာအကြောင်းပြောနေတာလဲ ငါမသိဘူး။"

ထိုစကားကြောင့် ပိုင်ကျီဟန်၏ ပတ်ဝန်းကျင်ရှိ တည်ငြိမ်မှုများအားလုံး ရိုက်ခွဲခံလိုက်ရသလို ပျက်စီးသွားသည်။

သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ကောင်းကင်ယံကိုပင် ပိုင်းဖြတ်နိုင်လောက်အောင် ထက်ရှစွာဖြင့် ပြင်းထန်လာသည်။

"မိန်းကလေးတစ်ယောက်..." ပိုင်ကျီဟန်၏ အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် နိမ့်ဆင်းသွားသည်။ "မင်းရဲ့ မိစ္ဆာကျင့်ကြံသူတွေ ပိုင်မျိုးနွယ်စုဆီကနေ ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးလေ။"

ထိုအခါမှ မိုကျွင်း သဘောပေါက်သွားပုံရသည်။

သူ၏ နှုတ်ခမ်းများက တွန့်ကွေးကာ အပြုံးတစ်ခု ပေါ်လာသည်။

"ဪ..."

သူ့ထံမှ သရော်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။

"သူ့ကို ပြောတာလား?"

သူ ငြင်းမနေတော့ပေ။

ငြင်းနေဖို့လည်း အကြောင်းမရှိသလို ဖုံးကွယ်ထားစရာလည်း မလိုဟု သူ ယူဆပုံရသည်။

"ဟဲဟဲ” မိုကျွင်းက မည်းမှောင်စွာ ရယ်မောလိုက်သည်။ "ဒါကြောင့်ကိုး... ပိုင်မျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်း မိစ္ဆာစွမ်းအားရှင်လေးက ဒီ မဟာတောရိုင်းမြေ ထဲကို တစ်ကိုယ်တော် ဒုန်းစိုင်းဝင်လာတာပေါ့။"

သူ့မျက်ဝန်းများထဲတွင် ရက်စက်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းက သာမန်လူသား မိန်းကလေးတစ်ယောက်အတွက်နဲ့ မင်းရဲ့ အသက်ကို စတေးမလို့လား?"

သူက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း ရယ်သံက ပိုမိုကျယ်လောင်လာသည်။

"တကယ့်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ။"

ထို့နောက် သူ၏ အပြုံးက ပိုမိုထက်ရှလာ၏ "ကံမကောင်းတာတစ်ခုကတော့..." မိုကျွင်း၏ အသံထဲတွင် မလိုတမာစိတ်များ အထင်းသား ပေါ်လွင်နေသည်။ "မင်း သူ့ကို ဘယ်တော့မှ နောက်ထပ် မြင်ရတော့မှာ မဟုတ်ဘူး။"

ထိုစကားလုံးများသည် ပိုင်ကျီဟန်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သလိုပင်။

ပိုင်ကျီဟန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်မိရာ လက်ဖဝါးမှ သွေးများပင် စိမ့်ထွက်လာသည်။

သူ့လက်မောင်းပေါ်ရှိ အကြောများမှာလည်း ဖောင်းတက်နေ၏။

သူ၏ အသက်ရှူသံများ ပြင်းထန်လာသည်။

"သူ ဘယ်မှာလဲ?"

ဒီတစ်ကြိမ် မေးခွန်းက အေးဆေးတည်ငြိမ်မနေတော့ပေ

အမိန့်ပေးသံကဲ့သို့ ပြင်းထန်လှပြီး သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် အလိုလို နောက်ဆုတ် သွားစေလောက်အောင် သိပ်သည်းလွန်းလှသည်။

မိုကျွင်းကမူ ပိုင်ကျီဟန်၏ အကြည့်ကို မကြောက်မရွံ့ ရင်ဆိုင်လျက်

"မင်းထင်နေတာလား... ငါက မင်းကို အဖြေပေးမယ်လို့?" သူက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

တစ်ကမ္ဘာလုံး အသက်ရှူရပ်သွားသလို ငြိမ်သက်သွားသည်။

ပျက်စီးနေသော တောင်ကြားကြီး၏ အထက်တွင် ပိုင်ကျီဟန်သည် သူ၏ဓားကို ဖြည်းညှင်းစွာ ထပ်မံ မြှောက်လိုက်ပြန်သည်။

သူ့မျက်ဝန်းများသည် အရည်ပျော်နေသော သွေးရောင်များကဲ့သို့ နီမြန်းစွာ တောက်လောင်နေတော့သည်။

"ဒါဆိုရင်လည်း... မင်း ပါးစပ်ဟလာအောင် ငါလုပ်ရမှာပေါ့”

All Chapters