အောင်ပွဲဆီသို့ လမ်းစပျောက်ဆုံးခြင်း
Vol. 28 Ch. 414
စစ်မြေပြင်၏ အခြေအနေမှာ အလှည့်အပြောင်း ဖြစ်သွားလေပြီ။
မိစ္ဆာတပ်ဖွဲ့များသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြား ဆုံးရှုံးသွားခဲ့ရသည်။ ထို့ပြင် ယခင်ကနှင့်မတူသည်မှာ—ယခင်က ကောင်းကင်အမိန့်တော် ပြောင်းပြန်လှန်ခြင်းကို သုံးပြီးနောက် ပိုင်ကျီဟန်သည် စွမ်းအင်ကုန်ခမ်းကာ တိုက်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း၊ ယခုမူ သူသည် ဆက်လက် တိုက်ခိုက်နိုင်စွမ်း အပြည့်ရှိနေဆဲပင်။
ကောင်းကင်အင်ပါယာသည် ယခုအခါ အပြတ်အသတ် အသာစီး ရသွားလေပြီ။
စစ်တလင်းတစ်ခုလုံးတွင် မိစ္ဆာစွမ်းအင်များ တဖြည်းဖြည်း မှေးမှိန်စပြုလာသည်။
သို့သော်လည်း
လူတိုင်း သိထားကြသည်မှာ
စစ်ပွဲ၏ အဆုံးအဖြတ် အစစ်အမှန်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများ မဟုတ်ပေ။
၎င်းမှာ အင်မော်တယ် အဆင့်များသာ ဖြစ်သည်။
ဟင်းလင်းပြင်များ တွန့်လိမ်ကာ နိယာမတရားများပင် ဖိအားအောက်၌ အော်ဟစ်နေရသည့် ကောင်းကင်ယံ အမြင့်ပိုင်းတွင် အင်မော်တယ် အဆင့်ရှိ ပုဂ္ဂိုလ်များ၏ တိုက်ပွဲမှာ ကောင်းကင်ကြီးကိုပင် ဆွဲဖြဲမတတ် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထိုနေရာတွင်သာ စစ်ပွဲ၏ အောင်မြင်မှုကို အမှန်တကယ် ဆုံးဖြတ်ပေလိမ့်မည်။
ပြီးခဲ့သည့် မဟာစစ်ပွဲကြီးကဲ့သို့ပင် ကြာရှည်ပြီး ရက်စက်လှသော အရှေ့မတိုးသာ အနောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်လာမည်ဟု လူအများက ယူဆနေကြစဉ်မှာပင်—
တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်။
"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် “
ချီလင်းတပိုင်း၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ပိုင်ရမ် ထိုစကားကို ပြောလိုက်သည့် ခဏတွင်
ပေါက်ကွဲထွက်လာသော စွမ်းအားမျိုးမဟုတ်ပေ
ထို့ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
ပိုင်ရမ်က ဓားကို လွှဲလိုက်သည်။
ဓားချက်သည် ရိုးရှင်းသေသပ်သော်လည်း ဓားသွားမှ ထွက်ပေါ်လာသည့် အခိုက်တွင် ကမ္ဘာကြီးတစ်ခုလုံး နှစ်ခြမ်းကွဲသွားသယောင် ရှိတော့သည်။
ဖျော့တော့သော အဖြူရောင် လခြမ်းပုံစံ အလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်များ၊ မိစ္ဆာမီးတောက်များနှင့် တိုက်ခိုက်လိုစိတ်အားလုံးကို ဖြတ်တောက်သွားလေသည်။
ထိုအချိန်မှာပင်
ပိုင်ချူ၏ မျက်လုံးများ ထက်မြက်သွားသည်။
ပိုင်ရမ်အနေဖြင့် ထိုနည်းစနစ်ကို ထုတ်ဖော်လိုက်သည်ကို မြင်သည်နှင့် သူလည်း မတွန့်ဆုတ်ဘဲ လှုပ်ရှားလိုက်တော့သည်။
အကယ်၍ ပိုင်ရမ်က ၎င်းကို သိထားလျှင် မိုကျွင်းအနေဖြင့် သူပါ သိထားမည်ဟု ယူဆပေလိမ့်မည်။ ထိုယူဆချက်ကလည်း မှန်ကန်
နေသည်။
အငိုက်ဖမ်းနိုင်သည့် အခွင့်အရေးမှာ မရှိတော့ပေ
ပိုင်ချူသည် ပြတ်သားသော လမ်းစဉ်ကိုသာ ရွေးချယ်လိုက်သည်။
သူသည် အကောင်းဆုံး ဟာကွက်ကို စောင့်မနေတော့ဘဲ...
ကျင့်ကြံခြင်းစွမ်းအင်များကို စုစည်းလိုက်သည်။
တစ်ပြိုင်နက်တည်းနီးပါး
မိုကျွင်း၏ မျက်သူငယ်အိမ်များ ကျုံ့သွားသည်။
သူ၏ အာရုံစိုက်မှုသည် ပိုင်ရမ်ဘက်မှ ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအင်လှိုင်းများထံ ရောက်နေစဉ် ပိုင်ချူကလည်း တိုက်ခိုက်လိုက်ရာ မိုကျွင်းအနေဖြင့် အံ့သြဖို့တောင် အချိန်မရလိုက်ပေ။
ပိုင်ချူက ဓားကို မြှောက်လိုက်သည်။
"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် “
ကောင်းကင်ယံကြီး ဒုတိယအကြိမ် တုန်ခါသွားပြန်သည်။
အေးစက်ရက်စက်လှသော အလင်းတန်းတစ်ခုသည် မိုကျွင်းထံသို့ ကျရောက်လာပြီး ဟင်းလင်းပြင်၊ အသိစိတ်နှင့် အကျိုးအကြောင်း နိယာမတရားကိုပင် ဖြတ်တောက်လိုက်လေသည်။
မိုကျွင်း၏ မျက်နှာမှာ နောက်ဆုံး၌ ပျက်ယွင်းသွားသည်။
သူသည် တိုက်စစ်ကို ချက်ချင်းစွန့်လွှတ်ကာ မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်ပြီး ကာကွယ်ရေး အလွှာပေါင်းများစွာကို တစ်ခုပြီးတစ်ခု ခင်းကျင်းလိုက်သည်။
ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် နှစ်ခု။
တစ်ပြိုင်နက်တည်းနီးပါး။
တစ်ခုမှာ ချီလင်းတပိုင်းကို ဆန့်ကျင်ရန်။
နောက်တစ်ခုမှာ မိုကျွင်းကို ဆန့်ကျင်ရန်။
ကမ္ဘာကြီးမှာ အော်ဟစ်နေတော့သည်။
ရွှေရောင်ဖျော့တော့သောဓားအလင်းတန်းများသည် ကောင်းကင်ယံကို ခုတ်ပိုင်းလျက်၊ အရာအားလုံးကို ဖြတ်တောက်ကာ တိုးဝင်သွားသည်။
၎င်းတို့ ဖြတ်သန်းသွားရာ လမ်းကြောင်းတွင် ဟင်းလင်းပြင်များ ကွဲအက်ကုန်ပြီး နိယာမတရားများမှာလည်း အဆုံးအဖြတ်ပေးသော ဓားချက်အောက်၌ ပြိုလဲကုန်ကြသည်။
သူတို့နှစ်ဦးလုံး ထိုနည်းစနစ်ကို အပြည့်အဝ မကျွမ်းကျင်ကြသေးပေ။
အခြေခံအဆင့်တောင် မရှိကြသေးပေ
သို့သော်လည်း ၎င်းသည် သူတော်စင်အဆင့် နည်းစနစ် ဖြစ်နေဆဲပင်။
တစ်ဝက်တစ်ပျက် ကျွမ်းကျင်မှုဖြင့်ပင် ၎င်းသည် ရှိသမျှသော ကောင်းကင်အဆင့်နည်ရစနစ် အားလုံးထက် ပိုမို အစွမ်းထက်လှသည်။
ကျွမ်းကျင်မှုအပိုင်းတွင် ပိုင်ကျီဟန်က သာလွန်နိုင်သော်လည်း— စစ်မှန်သော စွမ်းအားအပိုင်း၌မူ ပိုင်ရမ်နှင့် ပိုင်ချူတို့က သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။
၎င်းမှာ သူတို့၏ ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်တွင် အထင်အရှား ပေါ်လွင်နေ၏။
အမွှာဓားချက်နှစ်ခု ကျရောက်လာသည်။
ဓားစွမ်းအင်သည် အောက်သို့ ခုတ်ပိုင်းချလိုက်
စဉ် အသံအားလုံး ပျောက်ကွယ်သွားသည်။
၎င်းမှာ ပေါက်ကွဲခြင်း မဟုတ်ဘဲ— ကမ္ဘာပေါ်မှ ကံကြမ္မာကိုပင် ဖျက်ဆီးပစ်လိုက်သကဲ့သို့ အစအန ဖျောက်လိုက်ခြင်း ဖြစ်သည်။
ချီလင်းတပိုင်းမှာ ပထမဆုံး ထိမှန်ခံရသည်။
၎င်းသည် ဗီဇအရ ဒေါသတကြီး ဟိန်းဟောက်ကာ မိစ္ဆာမီးတောက်များကို အတင်းအကျပ် ထုတ်လွှတ်၍ လက်မောင်းနှစ်ဖက်ဖြင့် ကာကွယ်ရန် ကြိုးစားသည်။
သို့သော် ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်မှာ ၎င်း၏ ကာကွယ်မှုကို ဘာအတားအဆီးမှ မရှိဘဲ ဖြတ်သန်းသွားသည်။
၎င်း၏ လက်မောင်းနှစ်ဖက်သည် ပခုံးရင်းမှ သေသေသပ်သပ် ပြတ်ထွက်သွားပြီး မိစ္ဆာသွေးများသည် ဟင်းလင်းပြင်ထဲသို့ ပန်းထွက်သွားတော့သည်။
ဓားချက်မှာ ထိုမျှနှင့် ရပ်မသွားပေ
ချီလင်းတပိုင်း၏ အကြေးခွံများ၊ အသားနှင့် အရိုးများကို ထပ်မံ စုတ်ဖြဲကာ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ် ကောင်းသော ဒဏ်ရာကြီးကို ထင်ကျန်စေခဲ့သည်။
ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်မသွားသော်လည်း ပြတ်လုနီးပါးအထိ ဆိုးရွားလှသည်။
ဓားရည်ရွယ်ချက် အကြွင်းအကျန်များသည် ၎င်း၏ ကိုယ်တွင်းအင်္ဂါများကို ဆက်လက် တိုက်စားနေပြီး အနာမှာလည်း ပြန်လည် မကျက်နိုင်တော့ပေ။
ဝူးးးးးးးးး
ချီလင်းတပိုင်းသည် အောက်သို့ ပြုတ်ကျသွားပြီး ၎င်း၏ ဟိန်းဟောက်သံမှာ နာကျင်ခြင်း ဝေဒနာကြောင့် အသံသြသြကြီးအဖြစ် ပြောင်းလဲသွားကာ အရှိန်အဝါများလည်း လုံးဝ ပြိုလဲသွားလေတော့သည်။
မိစ္ဆာစွမ်းအင်များသည် ပုံပျက်ပန်းပျက်ဖြစ်နေသော ခန္ဓာကိုယ်မှ ထိန်းချုပ်မရဘဲ ယိုစိမ့်ထွက်လာပြီး ၎င်း၏ ပြန်လည်ကုစားနိုင်စွမ်းမှာလည်း လုံးဝ ဖိနှိပ်ခံလိုက်ရလေသည်။
၎င်းသည် သေမသွားခဲ့သော်လည်း
မသန်မစွမ်း ဖြစ်သွားရလေပြီ။
တစ်ချိန်တည်းမှာပင်
မိုကျွင်းလည်း ထိမှန်ခံလိုက်ရသည်။
ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ကျရောက်လာသည်နှင့် သူ၏ မျက်သူငယ်အိမ်များ ပြင်းထန်စွာ တုန်ယင်သွားသည်။
သူသည်လည်း မတွန့်ဆုတ်ပေ
အဆင့်မြင့် ကောင်းကင်အဆင့် ကာကွယ်ရေး ကိရိယာတစ်ခုကို ရှေ့သို့ ထုတ်သုံးလိုက်ရာ၊ ရှေးဟောင်းစာလုံးအလွှာ ပေါင်းများစွာသည် ကြွေလွင့်နေသော ကြယ်တစ်ပွင့်အလား ပွင့်ထွက်လာပြီး မိစ္ဆာစွမ်းအင်များကို အကန့်အသတ်မဲ့ လောင်းထည့်လိုက်သည်။
ဘုန်း
ထိုအကာအကွယ်သည် ကြေမွပျက်စီးသွားသည်။
ရှေးဟောင်းစာလုံးများ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ကာကွယ်ရေးအလွှာများမှာလည်း ပြင်းထန်သော တုံ့ပြန်မှုများနှင့်အတူ ပြိုလဲကုန်၏။
ထိုကိရိယာသည် ဓားချက်၏ စွမ်းအားအများစုကို စုပ်ယူပေးနိုင်ခဲ့သော်လည်း
အားလုံးကိုတော့ မတားဆီးနိုင်ခဲ့ပေ။
မိုကျွင်းသည် နောက်သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်ကာ တွန့်လိမ်နေသော ဟင်းလင်းပြင်အတွင်းသို့ ရိုက်ခတ်သွားသည်။
သူသည် အနိုင်နိုင် ကိုယ်ကို ပြန်ထိန်းလိုက်ရပြီး အသက်ကို ပြင်းပြင်းရှူနေရကာ ရင်ဘတ်မှာလည်း အလွန်အမင်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
သူ၏ ချပ်ဝတ်တန်ဆာမှာ စုတ်ပြဲနေချေပြီ
ရင်ဘတ်ပေါ်တွင်မူ
ကျိန်စာတစ်ခုကဲ့သို့ ဓားရည်ရွယ်ချက်များ စွဲကပ်နေသော နက်ရှိုင်းသည့် အမာရွတ်ကြီးတစ်ခု ထင်ကျန်နေလေသည်။
မိုကျွင်းသည် ထိုဒဏ်ရာကို စိုက်ကြည့်လိုက်၏။
ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို သူ ခံစားလိုက်ရသည်။
(ငါသာ စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းခဲ့ရင်... ဒါမှမဟုတ် အဲဒီကိရိယာကသာ နည်းနည်းလေး ပိုအားနည်းခဲ့ရင်...)
သူ သေချာပေါက် သေသွားလောက်ပြီ။
သူ မော့ကြည့်လိုက်ရာ ချီလင်းတပိုင်း၏ အခြေအနေကို မြင်လိုက်ရသည်။
တစ်ချိန်က လွှမ်းမိုးနိုင်စွမ်းရှိသော ထိုသားရဲကြီးသည် လက်မောင်းများမရှိတော့ဘဲ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်လုနီးပါးဖြင့် အရှိန်အဝါများ ပျက်စီးနေလေပြီ။
၎င်းမှာ ယခင်ကလို ဆက်လက် မတိုက်ခိုက်
နိုင်တော့ပေ။
လုံးဝ မဖြစ်နိုင်တော့ပေ
မိုကျွင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုစဉ်မှာပင် ပိုင်ရမ်နှင့် ပိုင်ချူတို့၏ ဦးဆောင်မှုနောက်သို့ အခြားသော ပိုင်မျိုးနွယ်စု အင်မော်တယ်များ လိုက်ပါလာကြသည်။
"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်”
ကောင်းကင်ယံကြီး ထပ်မံ အော်ဟစ်သွားပြန်သည်။
ပိုင်ယွီနှင့် ရင်ဆိုင်နေရသော မိစ္ဆာအင်မော်တယ် တစ်ဦးမှာ ထိပ်တိုက် ထိမှန်သွားသည်။
ထွက်ပြေးစရာ လမ်းမရှိပေ။
ဓားချက်သည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ အစအန ဖျောက်ကာ ဟင်းလင်းပြင်ကြီး ပြိုလဲသွားသကဲ့သို့ ချေမှုန်းပစ်လိုက်သည်။
ပိုင်ချင်းရှန်းနှင့် ပိုင်ရုဟုန်တို့ကို ရင်ဆိုင်နေရသော အခြား မိစ္ဆာအင်မော်တယ် နှစ်ဦးမှာမူ အနိုင်နိုင် အသက်ရှင်ကျန်ခဲ့သည်။
တစ်ဦးမှာ ခန္ဓာကိုယ် ထက်ဝက်ခန့် ဆုံးရှုံးသွား၏
ကျန်တစ်ဦးမှာ ပခုံးမှ ခါးအဆင့်အထိ ပြတ်လုနီးပါး ဖြစ်ကာ မီးစာကုန်ခါနီး ဆီမီးကဲ့သို့ အသက်ငင်နေလေတော့သည်။
စစ်မြေပြင်တစ်ခုလုံး ဆွံ့အမှင်သက်ခြင်းများဖြင့် တိတ်ဆိတ်သွားသည်။
တိုက်ခိုက်မှု တစ်ခုအတွင်းမှာတင် အင်မော်တယ် အမြောက်အမြား ကျဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားကြခြင်း ဖြစ်သည်။
၎င်းမှာ တိုက်ပွဲတစ်ခု မဟုတ်တော့ပေ
ကွပ်မျက်ခြင်းတစ်ခုသာ ဖြစ်သည်။
ကောင်းကင်အင်ပါယာ တပ်ဖွဲ့များသည် အောင်ပွဲခံနေကြသော်လည်း မိစ္ဆာတပ်ဖွဲ့များမှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ဖြစ်စေ၊
အင်မော်တယ်အဆင့် အကြီးအကဲများဖြစ်စေ သူတို့၏ အသန်မာဆုံး ပုဂ္ဂိုလ်များမှာ ရှုံးနိမ့်နေကြပြီ ဖြစ်သည်။
သူတို့အတွက် အောင်ပွဲဆီသို့ လမ်းစ မမြင်ရတော့ပေ။
မိုကျွင်းသည် သူ၏လက်သီးကို ဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ၏ မျက်လုံးများမှာ အေးစက်ကာ တစ်စုံတစ်ခုကို တွက်ချက်နေ၏။
(အကုန်ဆုံးပြီ)
ဆက်လက် တိုက်ခိုက်နေလျှင်တောင် ရလဒ်က ပြောင်းလဲမည် မဟုတ်ပေ။
မိစ္ဆာတပ်ဖွဲ့များသည် သူတို့၏ အထူးတိုက်ကွက် များ အားလုံး ဆုံးရှုံးသွားပြီ ဖြစ်သည်။
မိုကျွင်းသည် အသက်ကို ပြင်းပြင်းရှူကာ ပိုင်ချူကို စိုက်ကြည့်လိုက်သည်။
"ဟက်ဟက်... ပိုင်ချူ၊ မင်းတို့ ဒီရတနာတွေကို ဘယ်ကနေ ရလာတာလဲ? ဒီနည်းစနစ်က ကောင်းကင်အဆင့် မဟုတ်ဘူး မဟုတ်လား?"
မိုကျွင်းက မေးလိုက်သည်။
သူသည် ပိုင်ရမ်၏ လက်ထဲမှ သူတော်စင်အဆင့်ဓား နှင့် သူ့ကို သတ်လုနီးပါးဖြစ်စေခဲ့သော နည်းစနစ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
၎င်းသည် သေချာပေါက် သူတော်စင်အဆင့် နည်းစနစ်ဖြစ်ကြောင်း သူ သိနေသည်။
"ဘယ်သူသိမှာလဲ?" ပိုင်ချူက ဘာရှင်းပြချက်မှ မပေးဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းတို့ ကံကောင်းတယ်... တကယ့်ကို ကံကောင်းတယ်" မိုကျွင်းက နောက်ဆုံး၌ ရှုံးနိမ့်မှုကို ဝန်ခံလိုက်သည်။
"ဒါ မင်းတို့ရဲ့ အောင်ပွဲပဲ”
သို့သော်လည်း ပိုင်ချူမှာ သတိမလျှော့ပေ။
မိုကျွင်း၏ ဦးခေါင်း ပြတ်မကျမချင်း စိတ်မချနိုင်သေးပေ။
"ဒီနေ့ အောင်ပွဲကို ရသလောက် အောင်ပွဲခံထားလိုက်ကြပါ"
မိုကျွင်းက အေးစက်စွာ ပြောလိုက်သည်။
"နောက်တစ်ကြိမ် ငါတို့ ပြန်ဆုံတဲ့အခါ— မင်းတို့ ပိုင်မျိုးနွယ်စုရဲ့ အဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မယ်”