← Chapters

အခန်း (၁၃၀၄-၁၃၀၆)

Vol. 89 Ch. 1304-1306

အခန်း (၁၃၀၄-၁၃၀၆)

Vol. 89 Ch. 1304-1306

အခန်း (၁၃၀၄) အရက်နှင့် အချိုရည် အင်ပါယာ

ဖုန်းယွီသည် Budweiser ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်ရန် ဆုံးဖြတ်ချက်ကို စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါချေ။ Budweiserသည် မြောက်အမေရိက၏ အကြီးဆုံး ဘီယာထုတ်လုပ်သူ ဖြစ်သလို၊ လက်ရှိတွင် ကမ္ဘာ့အဆင့် တစ်နေရာတွင် ရှိနေခဲ့သည်။ သို့သော် ယခုအချိန်တွင် ဘီယာဈေးနှုန်းများမှာ မြင့်တက်မလာသေးသလို၊ အမြတ်အစွန်းမှာလည်း ဖုန်းယွီ အရင်ဘဝက မသေဆုံးမီ မြင်တွေ့ခဲ့ရသည့် အခြေအနေမျိုးအထိ မရောက်ရှိသေးပါချေ။

အရင်ဘဝတုန်းကတော့ Budweiser-InBev ဟူသော ကမ္ဘာ့ဘီယာလောက၏ လက်ဝါးကြီးအုပ် အင်အားစုကြီးသည် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်ခဲ့သလို၊ အမြတ်နှုန်းမှာလည်း ၄၀ ရာခိုင်နှုန်းအထိ မြင့်မားခဲ့သည်။

၎င်းတို့သည် တစ်ခေတ်လုံး၏ ဘီယာလုပ်ငန်း အမြတ်အစွန်းများကို မြှင့်တင်ပေးခဲ့သူများလည်း ဖြစ်ကြသည်။ ဒါဟာ လက်ဝါးကြီးအုပ် အင်အားစုများ၏ အားသာချက်ဖြစ်ပြီး၊ တခြားသော လုပ်ငန်းများအနေဖြင့်လည်း လိုက်နာရန်မှလွဲ၍ အခြားမရှိပါချေ။ မည်သူကမျှ ငွေကိုတော့ ငြင်းပယ်ကြမည် မဟုတ်သောကြောင့် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ Budweiserသည် ဥရောပနှင့် အမေရိကန်တွင် အလွန်ကောင်းမွန်သော အရောင်းလမ်းကြောင်းများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယခုလောလောဆယ် ဘီယာသာ ရောင်းချနေသည်ဟု ထင်ရစေကာမူ၊ တကယ်တမ်းတွင်မူ ၎င်းတို့သည် ကမ္ဘာ့ထိပ်တန်း လူသုံးကုန် ကုမ္ပဏီကြီး တစ်ခုပင် ဖြစ်သည်။

၎င်းတို့ ကုမ္ပဏ၏ စီမံခန့်ခွဲမှု အဓိကအချက်မှာ သုံးစွဲသူကို ဗဟိုပြုကာ ရောင်းအားကို တွန်းအားအဖြစ် အသုံးချပြီး အမြတ်အစွန်း ရယူရန်ပင် ဖြစ်သည်။ အချိုရည် လုပ်ငန်းများထဲတွင် Budweiserသည် ဧရာမ လုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ Coca colaနှင့် Pepsiတို့ကို မမှီသေးစေကာမူ၊ အထင်သေး၍တော့ မရပါချေ။

အချိုရည် မဟာမိတ်အဖွဲ့ကြီး၏ တိုးတက်မှုမှာ ယခုအချိန်တွင် တည်ငြိမ်သော ကာလတစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအချက်အပေါ်တွင် ဖုန်းယွီကတော့ အားရကျေနပ်မှု မရှိပါချေ။ ဈေးကွက်ကို အပြည့်အဝ မဖွင့်လှစ်နိုင်သေးသဖြင့် ဒါဟာ တရိပ်ရိပ် မြင့်တက်နေသော ကာလတစ်ခုသာ ဖြစ်သင့်ပေသည်။

ပြည်တွင်းဈေးကွက်မှာလည်း ယခုအချိန်အထိ ပြည့်ဝသွားခြင်း မရှိသေးပါချေ။ မြို့ပြများကို သိမ်းပိုက်ပြီးပြီဆိုလျှင် ကျေးလက်ဒေသများသို့ ဘာကြောင့် မချဲ့ထွင်နိုင်ရမည်နည်း။ ကျေးလက်က လူများက အချိုရည် မသောက်ကြဟု မည်သူက ပြောသနည်း၊ ကျေးလက်ဒေသများသည် ဆင်းရဲရမည်ဟုရော မည်သူက သတ်မှတ်ထားသနည်း။

ပြည်ပဈေးကွက်တွင်မူ ဖုန်းယွီ ပထမဆုံး ဖွင့်လှစ်ပေးခဲ့သော စူပါမားကတ် အရောင်းလမ်းကြောင်းဟူသော အင်အားကောင်းလှသည့် လမ်းကြောင်းတစ်ခုမှလွဲ၍၊ ကျန်ရှိသော အရောင်းလမ်းကြောင်းသစ်များကိုမူ အောင်အောင်မြင်မြင် မဖွင့်လှစ်နိုင်သေးပါချေ။

Budweiserသည် အရောင်းပိုင်းတွင်ဖြစ်စေ၊ အထူးသဖြင့် အရက်နှင့် အချိုရည် အရောင်းပိုင်းတွင်ဖြစ်စေ အတွေ့အကြုံ အလွန်ပင် ကြွယ်ဝလှသလို၊ အလွန်ကောင်းမွန်သော အရောင်းလမ်းကြောင်းများကိုလည်း ပိုင်ဆိုင်ထားသည်။ အကယ်၍ ဖုန်းယွီသာ Budweiserတွင် ရှယ်ယာ ပါဝင်နိုင်ခဲ့လျှင်၊ ဤသည်မှာ အချိုရည် မဟာမိတ်အဖွဲ့ကြီးအတွက် ပိုမိုကောင်းမွန်သော အရောင်းလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

Budweiserသည် လက်ရှိ ကမ္ဘာ့နံပါတ်တစ် ဘီယာအမှတ်တံဆိပ် ဖြစ်သဖြင့် သူ၏ ဩဇာအရှိန်အဝါမှာ သံသယဖြစ်စရာ မရှိပါချေ။ ထို့အပြင် Budweiser၏ မိခင်ကုမ္ပဏီဖြစ်သော Busch တွင်လည်း အမေရိကန်၏ ဒုတိယအကြီးဆုံး ကစားကွင်းများ၊ အမေရိကန်၏ အကြီးဆုံး ဘီယာဆိုင်ခွဲများ ရှိနေသလို၊ မြောက်အမေရိက၏ ဒုတိယအကြီးဆုံး စည်သွပ်ဘူး ထုတ်လုပ်သူလည်း ဖြစ်သည်။

ကစားကွင်းများထဲတွင် အချိုရည်များမှာ သေချာပေါက် ရောင်းကောင်းမည်ဖြစ်သလို၊ စည်သွပ်ဘူးများထဲတွင်လည်း ဘီယာသာမကဘဲ အချိုရည်နှင့် တခြားသော သောက်စရာများကိုလည်း ထည့်သွင်းနိုင်သည် မဟုတ်ပါလား။

အရင်ဘဝတွင် Budweiser၏ မိခင်ကုမ္ပဏီ Buschသည် နောက်ဆုံးတွင် InBev၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ ဒါပေမဲ့ ယခုဘဝတွင်မူ ဤကုမ္ပဏီကို ဖုန်းယွီက ဘာကြောင့် ဝယ်ယူ၍ မရနိုင်ရမည်နည်း။ Budweiser၏ နည်းပညာနှင့် အမှတ်တံဆိပ်၊ အားကောင်းလှသော အရောင်းလမ်းကြောင်းနှင့် ဈေးကွက်များကို အသုံးချကာ InBevကို ပြန်လည် ဝယ်ယူရန်ဆိုသည်မှာလည်း မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပါချေ။

တစ်နေ့နေ့တွင် ဤကမ္ဘာ့နံပါတ်တစ် ဘီယာအမှတ်တံဆိပ်ကို မိမိ၏ လက်အောက်သို့ ရောက်ရှိလာအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ဖုန်းယွီအနေဖြင့် တကယ့်ကို ပျော်ရွှင်ရမည် ဖြစ်သည်။ အသေးက အကြီးကို တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စမှ မဟုတ်ဘဲ။

......

“မန်နေဂျာဖုန်း... Budweiserက မင်းရဲ့ရှယ်ယာ ပါဝင်မှုကို တကယ်ပဲ သဘောတူနိုင်မှာလား” ကျုံးချင်းရှန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

အကယ်၍ ဖုန်းယွီသာ Budweiserတွင် ရှယ်ယာ ပါဝင်နိုင်ခဲ့လျှင်၊ ဤသည်မှာ လီဟဟနှင့် ကျန်းလီပေါင်တို့အတွက် အကြီးမားဆုံးသော တွန်းအား ဖြစ်လာပေလိမ့်မည်။ Budweiser၏ အရောင်းလမ်းကြောင်းများနှင့် အဆင့်မြင့်သော အရောင်းစီမံခန့်ခွဲမှု အတွေ့အကြုံများကိုသာ ရရှိခဲ့လျှင်၊ လီဟဟအနေဖြင့် အာရှ၏ နံပါတ်တစ် အချိုရည် ထုတ်လုပ်သူ ဖြစ်လာရန်မှာ ပြဿနာ ရှိတော့မည် မဟုတ်ပါချေ။

“Budweiserရဲ့ ရှယ်ယာရှင်တွေသာ အမှန်တကယ် ဆင်ခြင်တုံတရား ရှိကြမယ်ဆိုရင် သဘောတူကြမှာပါ။ ငါ ရှယ်ယာ ပါဝင်လိုက်တာဟာ သူတို့အတွက်တော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။ ထို့ပြင် ငါ သူတို့ကို ပေးမယ့် ဈေးနှုန်းကလည်း သူတို့ကို နစ်နာစေမှာ မဟုတ်ပါဘူး။ ငါတို့သာ Carlsberg ဒါမှမဟုတ် Heineken တို့နဲ့ ပူးပေါင်းသွားခဲ့မယ်ဆိုရင်၊ Budweiserဟာ တရုတ်ပြည် ဈေးကွက်ကို လုံးဝလက်လွတ်လိုက်ရမှာဖြစ်သလို၊ အာရှဈေးကွက်ကိုပါ ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို သူတို့ နားလည်ကြမှာပါ။ ဒီဆုံးရှုံးမှုကတော့ သူတို့ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး”

အရေးကြီးဆုံးအချက်မှာ ဖုန်းယွီ လိုချင်သော ရှယ်ယာမှာ အများကြီး မဟုတ်ပါချေ၊ ၁၀ ရာခိုင်နှုန်းသာ ဖြစ်သည်။ ဤသည်မှာ ဆုံးဖြတ်ချက်များကို ခြယ်လှယ်နိုင်သည့် အင်အားမျိုး မဟုတ်စေကာမူ၊ ဒါရိုက်တာဘုတ်အဖွဲ့တွင်မူ နေရာတစ်ခု သေချာပေါက် ရရှိမည် ဖြစ်သည်။

“မန်နေဂျာဖုန်း... မင်းက နိုင်ငံခြား ကုမ္ပဏီတွေ တရုတ်ပြည် ဈေးကွက်ထဲ ဝင်လာတာကို အမြဲတမ်း ဆန့်ကျင်ခဲ့တာလို့ ငါ မှတ်မိနေတယ်။ ဒီတစ်ကြိမ်မှာကျမှ ဘာလို့ Budweiserနဲ့ ပူးပေါင်းဖို့ကို အစပျိုးရတာလဲ။ ဒါဟာ ငါတို့ လီဟဟနဲ့ ကျန်းလီပေါင် အတွက်ကြောင့် မဟုတ်လား” ကျုံးချင်းရှန်က စိတ်လှုပ်ရှားသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။

“ယာယီ ပူးပေါင်းဆောင်ရွက်မှုဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။ Budweiserရဲ့ နည်းပညာ အကူအညီတွေကို ရရှိတာဟာ ဟားပင်း ဘီယာရဲ့ အရည်အသွေး မြင့်တင်ဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမဲ့ Budweiserအနေနဲ့ တရုတ်ပြည်မှာ ကြီးထွားလာဖို့ကတော့ တကယ်တမ်းမှာ မလွယ်ကူပါဘူး။ နိုင်ငံတစ်ခုနဲ့တစ်ခု အရသာချင်း မတူညီကြဘူးဆိုတာကို မမေ့ပါနဲ့။ မြောက်အမေရိကမှာ Budweiserက ရောင်းအား အလွန်ကောင်းပေမဲ့၊ ဥရောပမှာတော့ Carlsbergနဲ့ Heinekenက ပိုပြီးရောင်းမကောင်းဘူးလား။ တရုတ်ပြည်မှာတောင်မှ နိုင်ငံခြား ဘီယာတွေထဲမှာ Carlsbergနဲ့ Heinekenက ပိုပြီး ရောင်းကောင်းနေတာလေ”

“Budweiserရဲ့ အဓိက ပြိုင်ဘက်တွေက Carlsbergနဲ့ Heinekenတို့ပဲ ။ ဟားပင်း ဘီယာတို့လို ရိုးရာ ဘီယာလုပ်ငန်းတွေအပေါ်မှာတော့ ကြီးမားတဲ့ ရိုက်ခတ်မှု မရှိနိုင်ပါဘူး။ သူတို့က အဆင့်မြင့်လမ်းစဉ်ကို သွားတာဖြစ်ပြီး၊ သာမန် ဘီယာလုပ်ငန်းတွေကတော့ လူထုလမ်းစဉ်ကို သွားကြတာပါ။ ဟားပင်း ဘီယာက အဆင့်မြင့် ဘီယာဈေးကွက်ထဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပေမဲ့၊ Budweiserကတော့ သာမန် ဘီယာတွေကို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး”

ကျုံးချင်းရှန်၏မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ ဟုတ်သားပဲ၊ Budweiserသည် ဟားပင်း ဘီယာနှင့် ပူးပေါင်းပြီးနောက်တွင် Budweiser၏ ရောင်းအား တက်လာနိုင်စေကာမူ၊ ပြိုင်ဘက်ချင်း မတူညီကြပါချေ။ ထို့အပြင် ဟားပင်း ဘီယာက Budweiserကို တစ်ဆင့်ချင်း ဝါးမြိုသွားနိုင်သော်လည်း၊ Budweiserကမူ ဟားပင်း ဘီယာကို ဝါးမြိုနိုင်လိမ့်မည် မဟုတ်ပါချေ။

“မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်မှာလည်း မဆိုးလှတဲ့ ဘီယာလုပ်ငန်းတွေ ရှိနေပါသေးတယ်။ ငါတို့က Budweiserရဲ့ အမှတ်တံဆိပ်ကို အသုံးချပြီး သူတို့နဲ့ အကျိုးတူ ပူးပေါင်းလို့ ရပါသေးတယ်။ ဒီဘီယာလုပ်ငန်းတွေ အားလုံးကိုပါ ငါတို့ရဲ့ လက်အောက်ထဲ ရောက်လာတဲ့ အခါမှာတော့၊ ငါတို့ရဲ့ ဈေးကွက်က ပိုပြီးတော့တောင် ကြီးမားလာဦးမှာပါ။ ပြီးတော့ ဒီအကျိုးတူ ပူးပေါင်းမှုတွေကြားထဲမှာ ငါတို့က Budweiserရဲ့ ရှယ်ယာတွေကို ပြန်လည် ဝယ်ယူလို့ မရနိုင်ဘူးလို့ ဘယ်သူက ပြောသလဲ။ အနာဂတ်မှာ Budweiserသာ ငါတို့ ထိုက်ဟွာ ဟိုးဒင်း အုပ်စုရဲ့ လက်အောက်ခံ ဖြစ်လာမယ်ဆိုရင်၊ အဲဒီအချိန်ကျမှ နိုင်ငံခြားသားတွေဆီက ငွေတွေကို ငါတို့ ပြန်ပြီး ရှာကြတာပေါ့”

ဖုန်းယွီသည် Budweiserကိုပါ ဝါးမြိုရန် စိတ်ကူးထားသည်ကို ကျုံးချင်းရှန် မထင်မှတ်ထားခဲ့ပါချေ။ ထိုလုပ်ငန်းမှာ ကမ္ဘာ့နံပါတ်တစ် ဘီယာလုပ်ငန်း မဟုတ်ပါလား။ သို့သော် Budweiser၏ ပိုင်ဆိုင်မှုမှာ အလွန်အမင်း မြင့်မားလှခြင်း မရှိသဖြင့် ဖုန်းယွီသာ ဝယ်ယူလိုလျှင် မတတ်နိုင်စရာတော့ မရှိပါချေ။

သို့သော် ကျုံးချင်းရှန်သည် ဤအရာအားလုံးမှာ လွယ်ကူလှသည် မဟုတ်ဟု ခံစားနေရဆဲပင် ဖြစ်သည်။

“မန်နေဂျာဖုန်း... ဒါတွေက တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား”

“မင်းက တွေးတောင် မတွေးရဲဘူးဆိုရင်တော့ သေချာပေါက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ငါက Budweiserရဲ့ ရှယ်ယာတွေကို တစ်ဆင့်ချင်းစီ တိုးမြှင့်ဝယ်ယူသွားမှာပါ။ ငါက အဓိက ရှယ်ယာရှင် ဖြစ်လာတဲ့ အခါမှာ၊ Budweiserကို တစ်ဦးတည်း မပိုင်ဆိုင်နိုင်ခဲ့ရင်တောင်မှ၊ Budweiserဟာ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာမှာပါပဲ”

Budweiserကို ချက်ချင်း ဝယ်ယူရန် မဖြစ်နိုင်သေးစေကာမူ၊ ရှယ်ယာရှင်များထံမှ ရှယ်ယာများကို ဝယ်ယူရန်မှာမူ မခက်ခဲလှပါချေ။ Budweiser၏ လက်ရှိ ရှယ်ယာဈေးမှာ မမြင့်မားလှသဖြင့် ဖုန်းယွီအနေဖြင့် ဈေးနှုန်းအနည်းငယ် ပိုပေးလိုက်မည်ဆိုပါက အချို့သော ရှယ်ယာရှင်များမှာ သဘောတူကြပေလိမ့်မည်။

အခက်ခဲဆုံး အချက်မှာတော့ အဓိက ချုပ်ကိုင်ထားသည့် မိခင်ကုမ္ပဏီ Busch ပင် ဖြစ်သည်။

သို့သော် အခက်အခဲ မရှိဘူးဆိုလျှင်လည်း ပျင်းစရာ ကောင်းနေဦးမည် မဟုတ်ပါလား။ ထို့အပြင် နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် ဤအင်တာနက် ကုမ္ပဏီများထဲမှ တစ်ခုခုသာ စတော့ဈေးကွက်သို့ တက်လှမ်းနိုင်ခဲ့လျှင် ဖုန်းယွီ၏ ပိုင်ဆိုင်မှုမှာ များစွာ တိုးတက်လာပေလိမ့်မည်။ အကယ်၍ နှစ်ခု သုံးခုလောက်သာ စာရင်းဝင်ခဲ့လျှင်၊ ဖုန်းယွီသည် ဆန္ဒမဲ မပေးနိုင်သော ရှယ်ယာအချို့ကို ရောင်းချလိုက်ရုံဖြင့် Busch ကုမ္ပဏီ တစ်ခုလုံးကို ရာနှုန်းပြည့် ဝယ်ယူရန်လည်း မခက်ခဲလှပါချေ။

Budweiser အပါအဝင် Busch၏ လက်ရှိ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ဘီလီယံ နှစ်ဆယ်ကျော်မျှသာ ရှိပါသေးသည်။

“မန်နေဂျာဖုန်း... ဒါပေမဲ့ ဒီအတိုင်းဆိုရင် ဟားပင်း ဘီယာက အများကြီး အမြတ်ထွက်နေသလို ဖြစ်မနေဘူးလား” ကျုံးချင်းရှန်က မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။

“ဒါကြောင့်လည်း ငါ မင်းကို တခြားသော ဘီယာလုပ်ငန်းတွေကို ဝယ်ယူခိုင်းနေတာပေါ့။ မင်း ဝယ်ယူနိုင်သမျှ လုပ်ငန်းတွေကို ဟားပင်း ဘီယာနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင်၊ ရှယ်ယာ အစိတ်အပိုင်းအချို့ကို လဲလှယ်ယူလို့ ရတာပဲ မဟုတ်လား”

ဖုန်းယွီသည် ဟားပင်း ဘီယာအတွက် အခမဲ့ လုပ်ဆောင်ပေးနေခြင်း မဟုတ်ပါချေ။ ဟားပင်း ဘီယာ နယ်မြေချဲ့ထွင်လိုလျှင် ဝါးမြိုသည့် လမ်းကြောင်းပေါ်သို့ မဖြစ်မနေ လျှောက်လှမ်းရမည်ဖြစ်ပြီး၊ ထိုအချိန်တွင် ရှယ်ယာ အရောင်းအဝယ် နည်းလမ်းများဖြင့် ဝါးမြိုခြင်းအားဖြင့် ထိုက်ဟွာ ဟိုးဒင်း အုပ်စု၏ ဟားပင်း ဘီယာအပေါ် ရှယ်ယာ ပိုင်ဆိုင်မှုကိုလည်း များစွာ တိုးတက်စေမည် ဖြစ်သည်။

ထို့အပြင် ထိုက်ဟွာ ဟိုးဒင်း အုပ်စုတွင် ပေတချန်း၏ ရှယ်ယာများလည်း ရှိနေသဖြင့် ဟားပင်း ဘီယာအပေါ် ဩဇာအရှိန်အဝါမှာ ပိုမို ကြီးမားလာပေလိမည်။

ဖုန်းယွီ၏ စိတ်ကူးထဲမှ ထိုအရက်နှင့် အချိုရည် အင်ပါယာကြီးဟူသော အိပ်မက်သည်ကား ဝေးတော့မည် မဟုတ်ပါချေ။

******

အခန်း (၁၃၀၅) Buschမှ လူများ ရောက်ရှိလာခြင်း

ဖုန်းယွီ စီမံညွှန်ကြားထားသော ကိစ္စရပ်များကို သက်ဆိုင်ရာလူများက လုပ်ဆောင်နေကြသလို၊ ရှနိုင်ပတ်ကလည်း ဖုန်းယွီသည် Budweiserဘီယာတွင် ရှယ်ယာပါဝင်လိုကြောင်း ဌာနချုပ်သို့ အစီရင်ခံလိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် အလွန်တရာ အလေးထားခြင်းကို ခံရလေသည်။

ဖုန်းယွီ ခန့်မှန်းထားခဲ့သည့်အတိုင်းပင် သူ၏အမည်နာမသည်ကား ရွှေရောင်အမှတ်တံဆိပ်တစ်ခုကဲ့သို့ပင် တန်ဖိုးရှိလှပေသည်။

Budweiserဘီယာတွင် ဖုန်းယွီ၏ရှယ်ယာများ ပါဝင်လာမည်ဆိုပါက ရှယ်ယာဈေးနှုန်းများ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ ထို့အပြင် ဖုန်းယွီ၏အကူအညီနှင့်ဆိုပါက Budweiserသည် တရုတ်ပြည်ဈေးကွက်ဝေစုကို လျင်မြန်စွာ တိုးမြှင့်နိုင်မည်ဖြစ်သလို၊ ပထမဆုံးသော နိုင်ငံခြားဘီယာအမှတ်တံဆိပ်၊ သို့မဟုတ် တရုတ်ပြည်၏ နံပါတ်တစ်ဘီယာအမှတ်တံဆိပ်ပင် ဖြစ်လာနိုင်သည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် တရုတ်ပြည်၏ နံပါတ်တစ်ဘီယာအမှတ်တံဆိပ်မှာ နှင်းပွင့်ဘီယာဖြစ်ပြီး၊ ၎င်းမှာ ဟွာရွန့်အိမ်ခြံမြေလုပ်ငန်းနှင့် တောင်အာဖရိက ဘီယာချက်လုပ်ငန်းတို့ အကျိုးတူပူးပေါင်း တည်ထောင်ထားခြင်း ဖြစ်သည်။ သူတို့သည် လွန်ခဲ့သောနှစ်များအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဟောင်ကောင်ဒေါ်လာ ၁၂ ဘီလီယံထက်မက အသုံးပြုခဲ့ကြပြီး၊ တောင်အာဖရိကဘီယာချက်လုပ်ငန်းက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

သို့သော်လည်း ငြင်းဆို၍မရသော အချက်မှာ ဟွာရွန့်၏ အမြတ်အစွန်း ထက်ဝက်နီးပါးကို တောင်အာဖရိကဘီယာချက်လုပ်ငန်းသို့ ခွဲဝေပေးရမည် ဖြစ်သည်။ ဤကုမ္ပဏီသည် အမေရိကန်၏ မီလာကုမ္ပဏီနှင့် ပူးပေါင်းကာ SABM ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘီယာလုပ်ငန်းကြီးတစ်ခုအဖြစ် တစ်ရှိန်ထိုး တက်လှမ်းလာခဲ့သည်။

အနာဂတ်တွင် တရုတ်ပြည်၏ ဘီယာလုပ်ငန်းများအနက် ချင်းတောင်ဘီယာနှင့် ယန်ကျင်းဘီယာတို့မှလွဲ၍ ကျန်ရှိသော လုပ်ငန်းများမှာ ပြည်ပနှင့်အကျိုးတူပူးပေါင်းထားခြင်း သို့မဟုတ် နိုင်ငံခြားသားပိုင် လုပ်ငန်းများသာ ဖြစ်ပေတော့မည်။ Heinekenနှင့် Carlsbergတို့သည်လည်း တရုတ်ပြည်ရှိ ဘီယာလုပ်ငန်းအမြောက်အမြားတွင် ရှယ်ယာပါဝင်ထားကြပြီး၊ ရှယ်ယာများကို တဖြည်းဖြည်း တိုးမြှင့်ဝယ်ယူခြင်းဖြင့် နောက်ဆုံးတွင် ချုပ်ကိုင်သူများ ဖြစ်လာခဲ့ကြသည်။

ချင်းတောင်ဘီယာနှင့် ယန်ကျင်းဘီယာတို့မှာမူ နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှုများ၏ ပံ့ပိုးမှုကို ရရှိထားကြသည်။ နောက်ပိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ပါဝင်လာခဲ့သော်လည်း ဆန္ဒမဲပေးနိုင်သော ရှယ်ယာများ မဟုတ်ကြသလို၊ အဓိကရှယ်ယာရှင်မှာလည်း အစဉ်တစိုက် တရုတ်နိုင်ငံတော်ပိုင် လုပ်ငန်းများသာ ဖြစ်ခဲ့ကြရာ ဤအချက်မှာ ယနေ့ထက်တိုင် ပြောင်းလဲခြင်း မရှိပါချေ။

ယခုအခါ Budweiserသည် မြောက်အမေရိကတွင် SABM ကုမ္ပဏီ၏ ခြိမ်းခြောက်မှုကို ခံနေရပြီး၊ ထိုကုမ္ပဏီ၏ မြောက်အမေရိက ဈေးကွက်ဝေစုမှာ ၂၀ ရာခိုင်နှုန်းအထက်သို့ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ သေချာပေါက် Budweiserသည် မြောက်အမေရိက၏ အရှင်သခင်အဖြစ် ရှိနေဲဖြစ်ကာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားဆဲ ဖြစ်သည်။

သို့သော်လည်း တရုတ်ပြည်တွင်မူ အခြေအနေမှာ လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ဟွာရွန့်ရွှေခဲသည် အပြင်းအထန် နယ်မြေချဲ့ထွင်နေခဲ့ရာ၊ အကယ်၍ Budweiserဘက်မှ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခဲ့လျှင် တရုတ်ပြည်ဟူသော ဤဧရာမဈေးကွက်ကြီးကို လုံးဝလက်လွှတ်လိုက်ရပေလိမ့်မည်။ ထို့ထက်ပိုသည်မှာ Carlsbergနှင့် Heinekenတို့သည်လည်း တရုတ်ပြည်တွင် အခြေချနေကြပြီဖြစ်ရာ၊ ၎င်းတို့အားလုံးမှာ Budweiser၏ ပြိုင်ဘက်များသာ ဖြစ်ကြပေသည်။

ကမ္ဘာ့နံပါတ်တစ်ဟူသော ဤဂုဏ်ပုဒ်သည် Budweiser၏ ရောင်းအားအတွက် ကြီးမားသော တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။ အကယ်၍သာ ဤအရှိန်အဝါကို ဆုံးရှုံးသွားခဲ့မည်ဆိုပါက Budweiserအတွက် သက်ရောက်မှုမှာ လွန်စွာကြီးမားလှပေလိမ့်မည်။

ထို့ပြင် ဖုန်းယွီ၏ အခြေအနေများမှာလည်း အလွန်အမင်း တင်းကျပ်လွန်းလှသည် မဟုတ်ပါချေ။ ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်ခုသာ လိုချင်ခြင်းဖြစ်ရာ၊ ဒါတွေဟာ ကြီးမားသော ကိစ္စရပ်များ မဟုတ်ကြပါချေ။

သုံးရက်မပြည့်မီ အချိန်အတွင်းမှာပင် ရှနိုင်ပတ်သည် နိုင်ငံခြားသားနှစ်ဦးကို ခေါ်ဆောင်၍ ဖုန်းယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

“မစ္စတာဖုန်း... ဒါကတော့ ကျွန်တော်တို့ Budweiserရဲ့ ဒါရိုက်တာနဲ့ စီအီးအို ဖြစ်တဲ့ မာအန်ဒေါ့ဖ်ပါ၊ ဒီဘက်ကတော့ ကျွန်တော်တို့ Budweiserရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Buschရဲ့ ဒါရိုက်တာ ဂျွန်ဆင်စမစ် ပါ။ သူတို့က Budweiserဘီယာကို ကိုယ်စားပြုပြီး မစ္စတာနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ လာခဲ့ကြတာပါ”

ရှနိုင်ပတ်၏ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်နေခဲ့သည်။ ကုမ္ပဏီက အဆင့်မြင့်အရာရှိ နှစ်ဦးကို စေလွှတ်လိုက်သဖြင့် သူ၏အခန်းကဏ္ဍမှာ ဘာမျှမရှိတော့သလောက် ဖြစ်သွားခဲ့ရသည်။ မူလက သူသည် ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

“မစ္စတာဖုန်း... မင်္ဂလာပါ၊ ဆုံတွေ့ရတာ ဝမ်းသာပါတယ်”

“ခင်ဗျားတို့ကို ဆုံတွေ့ရတာလည်း ဝမ်းသာပါတယ်၊ ထိုင်ကြပါဦး” ဖုန်းယွီက ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ နှုတ်ဆက်လိုက်သော်လည်း သူတို့ထံသို့ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်လိုသည့် အရိပ်အယောင် လုံးဝမရှိပါချေ။

ဤသူနှစ်ဦးစလုံးမှာ ဖုန်းယွီထံသို့ လက်ကို အရင်ဦးဆုံး ကမ်းပေးခြင်း မရှိကြရာ၊ ဖုန်းယွီအနေဖြင့် မိမိ၏အဆင့်အတန်းကို နှိမ့်ချကာ သူတို့ကို အရင်လက်ဆွဲနှုတ်ဆက်ရန် အကြောင်းမရှိပါချေ။

ဤသူနှစ်ဦး၏ အမည်များကို ဖုန်းယွီသည် အရင်ဘဝက တစ်ခါမျှ မကြားဖူးခဲ့ပါချေ။ ထိုအချက်ကပင် ဤသူများသည် ထူးထူးခြားခြား ထင်ရှားကျော်ကြားသူများ မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ပိုင်ဆိုင်မှုအချို့ ရှိနေနိုင်သော်လည်း ဖုန်းယွီနှင့် နှိုင်းယှဉ်လျှင်မူ ဘာမျှမဟုတ်တော့ပါချေ။ ဖုန်းယွီ၏အမြင်အရမူ ဤသူနှစ်ဦးမှာ ခါမဲဒါ မာဆာအိုလောက်ပင် မချမ်းသာနိုင်ကြပါချေ။

အန်ဒေါ့ဖ်နှင့် စမစ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဤကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်သည်ကား တကယ်ပင် ဆက်ဆံရ ခက်ခဲလှပေသည်။ ဆုံတွေ့ချိန်တွင် မတ်တတ်ရပ်၍ပင် နှုတ်ဆက်ခြင်း မရှိပါချေ။

“မစ္စတာဖုန်း... ကျွန်တော်တို့ အဓိက ကိစ္စကိုပဲ တည့်တည့်သွားကြရအောင်။ ကျွန်တော်တို့ Buschကုမ္ပဏီအနေနဲ့ မစ္စတာဖုန်းက Budweiserဘီယာမှာ ရှယ်ယာပါဝင်လိုတဲ့အပေါ် ကြိုဆိုပါတယ်။ မစ္စတာဖုန်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရတာဟာ ကျွန်တော်တို့ Buschကုမ္ပဏီအတွက် ဂုဏ်ယူစရာပါပဲ”

ဖုန်းယွီက ခေါင်းတစ်ချက်ညိတ်လိုက်ကာ နှာခေါင်းမှနေ၍ “အင်း” ဟု တစ်ချက်မျှသာ တုံ့ပြန်လိုက်သည်။ ဤကဲ့သို့သော အပေါ်ယံ အားနာစကားများသည် သူ့အတွက် အနှစ်သာရ မရှိလှပါချေ။ နောက်ဆုံးတွင် ရရှိမည့် အခြေအနေများသာလျှင် ဖုန်းယွီ စိတ်ဝင်စားသော အရာဖြစ်ပေသည်။

ဖုန်းယွီ၏ သဘောထားကို မြင်လိုက်ရသည့်အခါ စမစ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ မေးမြန်းလိုက်သည်။ “မစ္စတာဖုန်း... Budweiserကုမ္ပဏီရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၁၂ ဘီလီယံလောက် ရှိနေတာပါ။ တစ်ဖက်က ရှယ်ယာလဲလှယ်မယ်လို့ ပြောတဲ့ ဟားပင်းဘီယာရဲ့ ဈေးကွက်တန်ဖိုးကတော့ ဒေါ်လာ သန်း ၄၀၀ တောင် မပြည့်သေးပါဘူး။ ဒါကြောင့် သူတို့ဘက်က ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ကို လွှဲပြောင်းပေးမယ်ဆိုရင်လည်း၊ ကျွန်တော်တို့ဘက်က ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပြန်ပေးရမှာ ဖြစ်သလို၊ အဲဒီထဲမှာ ဆန္ဒမဲပေးနိုင်ခွင့်လည်း ပါဝင်နေပါတယ်။ ဒါကို မစ္စတာဖုန်းက လက်ငင်းငွေသားနဲ့ ပြန်လည် ဖြည့်စွက်ပေးမယ်ဆိုတာ ဟုတ်ပါသလား”

“မစ္စတာဖုန်း... ပုံမှန်အားဖြင့် ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတွေကို ဝယ်ယူတဲ့အခါမှာ ဈေးနှုန်းကို အနည်းငယ် ပိုပေးရလေ့ ရှိပါတယ်၊ ဒါကို မစ္စတာဖုန်း နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ Budweiserကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အခြေအနေက အလွန်ကောင်းမွန်နေတာကြောင့် ဈေးကွက်တန်ဖိုးအတိုင်း တိုက်ရိုက် အရောင်းအဝယ် လုပ်ဖို့ဆိုတာကိုတော့ ကျွန်တော်တို့ သဘောမတူနိုင်ပါဘူး” အန်ဒေါ့ဖ်က ဖြည့်စွက်ပြောကြားလိုက်သည်။

“ဒါဆိုရင် ဘယ်လိုမျိုးလဲ”

တစ်ဖက်လူသည် သာမန်ဈေးနှုန်းနှင့် ဝယ်ယူခွင့်ပေးရန် သဘောတူမည်မဟုတ်သည်ကို ဖုန်းယွီ ကြိုတင် တွက်ဆထားပြီးသား ဖြစ်သည်။ အခြားသူများသည် မိမိတို့၏ အမြတ်ဝေစု ကောင်းမွန်သော ရှယ်ယာများကို ရောင်းချမည်ဆိုပါက လက်ရှိအချိန်မှာပင် အကျိုးအမြတ် ရရှိလိုကြမည်မှာ သဘာဝကျလှသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်က မမြင့်မားပါဘူး။ ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ဟားပင်းဘီယာရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်း (ဆန္ဒမဲပေးနိုင်ခွင့်နဲ့ ဒါရိုက်တာဘုတ်အဖွဲ့ နေရာတစ်ခု ပါဝင်ရမယ်) ကို လွှဲပြောင်းပေးရမှာဖြစ်ပြီး၊ ကျွန်တော်တို့ဘက်ကတော့ Budweiserဘီယာရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်း (ဆန္ဒမဲပေးနိုင်ခွင့်နဲ့ ဒါရိုက်တာဘုတ်အဖွဲ့ နေရာတစ်ခု ပါဝင်ရမယ်) ကို ပြန်လည် ပေးအပ်မှာ ဖြစ်ပါတယ်”

ဤဈေးနှုန်းမှာ အမှန်တကယ်တော့ အလွန်ပင် သင့်တင့်လှပြီး၊ ဈေးနှုန်းအပိုပေးရမှုမှာ ၄ ရာခိုင်နှုန်းပင် မပြည့်ပါချေ။ သို့သော် ဖုန်းယွီမှာမူ အားရကျေနပ်မှု မရှိသေးပါချေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းယွီ အလေးထားသော အခြားသော အခြေအနေများကို မပြောရသေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အရောင်းလမ်းကြောင်းနှင့် ထုတ်လုပ်မှု နည်းပညာ စသည့် အချက်များမှာ ဖုန်းယွီအတွက် ပိုအရေးကြီးလှပေသည်။

“အရောင်းအဝယ် ဖြစ်ပြီးသွားရင်၊ ကျွန်တော်တို့ရဲ့ အရောင်းပိုင်းမှာ ဘယ်လိုမျိုး ပူးပေါင်းကြမလဲ။ ပြီးတော့ တခြားသော နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင်ကော ဘယ်လို ပြောမလဲ” ဖုန်းယွီက ပြန်လည် မေးမြန်းလိုက်သည်။

ဖုန်းယွီသည် ဤဈေးနှုန်းကို လက်ခံနိုင်ကြောင်း စမစ် သဘောပေါက်လိုက်သည်။ ဤဈေးနှုန်းမှာ ၎င်းတို့ သေသေချာချာ စဉ်းစားတွက်ချက်ထားခြင်း ဖြစ်သလို၊ ဒါရိုက်တာဘုတ်အဖွဲ့တွင်လည်း နှစ်ရက်တိုင်တိုင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဤသတင်းသာ ထွက်ပေါ်သွားမည်ဆိုပါက Budweiser၏ ရှယ်ယာဈေးမှာ သေချာပေါက် မြင့်တက်လာပေလိမ့်မည်။ ၎င်းတို့သည် သတင်းကို ယခုပင် ထုတ်ပြန်လိုက်ရန် စဉ်းစားခဲ့ကြသော်လည်း၊ ထိုသို့ဆိုလျှင် ဖုန်းယွီသည် ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရရှိရန်အတွက် ပိုမိုမြင့်မားသော ငွေကြေးပမာဏကို ပေးဆောင်ရပေလိမ့်မည်။

သို့သော်လည်း ထိုသို့ပြုလုပ်ပါက ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပျက်ပြားသွားနိုင်ခြေ ရှိပေသည်။ အကယ်၍ ဖုန်းယွီဘက်မှ ညှိနှိုင်းမှု ပျက်ပြားသွားကြောင်း ကြေညာလိုက်မည်ဆိုပါက Budweiser၏ ရှယ်ယာဈေးနှုန်းအပေါ်တွင် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။ သူတို့ ပိုစိုးရိမ်သည်မှာ ဟားပင်းဘီယာသည် Carlsberg သို့မဟုတ် Heinekenတို့နှင့် ဘက်လှည့်၍ ပူးပေါင်းသွားခြင်း သို့မဟုတ် ဟွာရွန့်ရွှေခဲနှင့် ပူးပေါင်းသွားခြင်းကိုပင် ဖြစ်သည်။ မည်သည့်နည်းလမ်းပင်ဖြစ်စေ Budweiser၏ တရုတ်ပြည်ဈေးကွက် ချဲ့ထွင်မှုအပေါ်တွင် ပြန်လည်ပြင်ဆင်၍မရသော အဟန့်အတားများ ဖြစ်ပေါ်စေမည်သာ ဖြစ်သည်။

“ကျွန်တော်တို့ Budweiserဟာ မြောက်အမေရိကရဲ့ အရောင်းလမ်းကြောင်းမှာ အစွမ်းအထက်ဆုံး ဖြစ်သလို၊ ဥရောပမှာလည်း အရောင်းလမ်းကြောင်း အတော်များများ ရှိထားပါတယ်။ ဒါတွေကို ဟားပင်းဘီယာနဲ့ မျှဝေအသုံးပြုနိုင်ပါတယ်။ ဟားပင်းဘီယာရဲ့ တရုတ်ပြည်တွင်း အရောင်းလမ်းကြောင်းကတော့ သာမန်မျှသာ ဖြစ်ပေမဲ့၊ မစ္စတာဖုန်းရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ အချိုရည်မဟာမိတ်အဖွဲ့ကြီးမှာတော့ တရုတ်ပြည်ရဲ့ အကောင်းဆုံး အရောင်းလမ်းကြောင်း ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ Budweiserနဲ့ မျှဝေအသုံးပြုရမှာ ဖြစ်ပါတယ်”

“ကျွန်တော်တို့ နှစ်ဖက်စလုံးဟာ အပြန်အလှန် ထုတ်လုပ်ပေးရေး သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးရမှာ ဖြစ်ပြီး၊ တစ်ဖက်လူအတွက် ဘီယာအချို့ကို ကူညီထုတ်လုပ်ပေးခြင်းအားဖြင့် ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေကို လျှော့ချရမှာ ဖြစ်ပါတယ်” အန်ဒေါ့ဖ်က ဆိုလိုက်သည်။

“ခင်ဗျားတို့က ကျွန်တော်တို့ အချိုရည်မဟာမိတ်အဖွဲ့ရဲ့ အရောင်းလမ်းကြောင်းကို လိုချင်တယ်ဆိုရင်တော့၊ Budweiserရဲ့ အရောင်းလမ်းကြောင်းတွေကိုလည်း အချိုရည်မဟာမိတ်အဖွဲ့နဲ့ မျှဝေအသုံးပြုရမှာ ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့က ဖော်မြူလာအသစ်တွေကို လိုချင်ပါတယ်။ Budweiserနဲ့ ဟားပင်းဘီယာတို့ရဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုဟာ ထုတ်လုပ်မှုနဲ့ အရောင်းပိုင်းမှာတင် မကဘဲ၊ သုတေသနပိုင်းမှာပါ ပါဝင်ရပါမယ်” ဖုန်းယွီက သူ၏ အခြေအနေများကို တင်ပြလိုက်သည်။

ဖုန်းယွီက ဖော်မြူလာများကိုပါ လိုချင်လိမ့်မည်ဟု စမစ် မထင်မှတ်ထားခဲ့ပါချေ။ Budweiser၏ ဖော်မြူလာများမှာ လျှို့ဝှက်ချက်များဖြစ်ပြီး အခြားသူများနှင့် လုံးဝ မျှဝေ၍မရနိုင်သော အရာများ ဖြစ်ကြသည်။ ဖုန်းယွီ၏ အလိုဆန္ဒမှာ တကယ့်ကို ကြီးမားလွန်းလှပေသည်။

******

အခန်း (၁၃၀၆) ပိတ်ပွဲ အခမ်းအနားမှ သတင်းထူး

နှစ်ပတ်ကြာ ကျင်းပခဲ့သော ဟားပင်း ဘီယာပွဲတော်သည်ကား အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီဖြစ်ရာ ယနေ့သည် ပိတ်ပွဲ အခမ်းအနား ကျင်းပသည့်နေ့ ဖြစ်ပါသည်။ ပိတ်ပွဲ အခမ်းအနား ပြီးဆုံးသွားသည်နှင့် ပြခန်းနေရာများနှင့် အခြားသော အဆောက်အအုံများကို ဖျက်သိမ်းရတော့မည် ဖြစ်သည်။ သေချာပေါက်ပင် ဤဖျက်သိမ်းစရိတ်များနှင့် ပစ္စည်းကိရိယာများအတွက် ကုန်ကျစရိတ်များကိုမူ အမြတ်အစွန်းများထဲမှ ကြိုတင်၍ ရှာဖွေထားနိုင်ခဲ့ပြီ ဖြစ်သည်။

ကျန်းရွေ့ချန်သည် စင်ပေါ်တွင် ရပ်၍ ပိတ်ပွဲ မိန့်ခွန်းကို ပြောကြားနေခဲ့သည်။ သူသည် တစ်ဦးချင်းစီကိုရော၊ ကုမ္ပဏီ အဖွဲ့အစည်း အသီးသီးကိုပါ ကျေးဇူးတင်စကားများ ပြောဆိုခဲ့ရာ ပွဲတော်အတွက် ပါဝင်ကူညီခဲ့ကြသော လုပ်ငန်းများမှာ တစ်ခုမကျန် ကျေးဇူးတင်ခြင်းကို ခံခဲ့ရသည်။

ပိတ်ပွဲမိန့်ခွန်း ပြီးဆုံးတော့မည်ဟု လူတိုင်းက ထင်မှတ်နေကြချိန်မှာပင် ကျန်းရွေ့ချန်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပါသည်။ “ဒီနေ့မှာတော့ နောက်ထပ် သတင်းကောင်းတစ်ခုကို ကြေညာချင်ပါတယ်။ အဲဒါကတော့ ဟားပင်း ဘီယာဟာ ထိုက်ဟွာ ဟိုးဒင်း အုပ်စု၊ Budweiser ဘီယာတို့နဲ့ သဘောတူညီချက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ငါတို့ဟာ ရှယ်ယာ အစိတ်အပိုင်းအချို့ကို အပြန်အလှန် လဲလှယ်ကြမှာဖြစ်သလို၊ နှစ်ဖက်စလုံးဟာ ထုတ်လုပ်မှု၊ နည်းပညာ၊ အရောင်းပိုင်းနဲ့ စီမံခန့်ခွဲမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်...”

ဟာ...။

ဤသတင်း ထွက်ပေါ်လာသည့် အခါတွင်မူ စင်အောက်ရှိ ဘီယာလုပ်ငန်းရှင် ကိုယ်စားလှယ်များ အားလုံးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ ဟားပင်း ဘီယာနှင့် Budweiser ဘီယာတို့ ပူးပေါင်းကြမည် ဟုတ်လား။ ဘယ်လိုပုံစံမျိုးနှင့် ပူးပေါင်းမှာလဲ။ ပြီးတော့ ဤကြားထဲတွင် ထိုက်ဟွာ ဟိုးဒင်း အုပ်စုက ဘာကြောင့် ပါဝင်လာရတာလဲ။

ထိုအချိန်အတောအတွင်းမှာပင် စင်အောက်ရှိ လူအများအပြားမှာ ခေါင်းငုံ့လိုက်ကြပြီး သူတို့၏ လက်ကိုင်ဖုန်းများကို ထုတ်ကာ ဌာနချုပ်များဆီသို့ အလျင်အမြန် ဆက်သွယ်ကြတော့သည်။ ဤမျှအထိ အရေးကြီးသော သတင်းကို ဌာနချုပ်ဆီသို့ အမြန်ဆုံး အစီရင်ခံရမည် မဟုတ်ပါလား။

တစ်ခုက တရုတ်ပြည်၏ အစောဆုံး ဘီယာဖြစ်သလို အရှေ့မြောက် သုံးပြည်နယ် ဈေးကွက်၏ ဘုရင်ဖြစ်နေပြီး၊ နောက်တစ်ခုကမူ ပို၍ပင် အစွမ်းထက်လှသော ကမ္ဘာ့နံပါတ်တစ် ဘီယာလုပ်ငန်းကြီး ဖြစ်နေသည်။ ဤနှစ်ဖက် ပူးပေါင်းလိုက်ပြီဆိုလျှင်မူ တရုတ်ပြည် ဘီယာဈေးကွက်၏ အခင်းအကျင်းမှာ သေချာပေါက် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေတော့မည်။

ဟွာရွန့်၏ ကိုယ်စားလှယ်သည် ကုမ္ပဏီဆီသို့ အမြန်ဆုံး အစီရင်ခံလိုက်သည်။ ဟွာရွန့်၏ နယ်မြေချဲ့ထွင်မှု အရှိန်အဟုန်ကို ယခုထက် ပို၍ မြှင့်တင်ရတော့မည် ဖြစ်သည်။ Budweiser ဘီယာတစ်ခုတည်းကိုမူ ၎င်းတို့ မကြောက်လှသော်လည်း ဤကြားထဲတွင် ထိုက်ဟွာ ဟိုးဒင်း အုပ်စုသာ ပါဝင်လာမည်ဆိုလျှင်မူ ကိစ္စက သိပ်ပြီး မလွယ်ကူတော့ပါချေ။

ဒါဟာ ဖုန်းယွီ၏ကုမ္ပဏီ မဟုတ်ပါလား၊ ငွေကြေး အင်အားကလည်း အလွန်အမင်း တောင့်တင်းလှပေသည်။ အကယ်၍ ၎င်းတို့သာ အပြင်းအထန် နယ်မြေချဲ့ထွင်ရန် ဆုံးဖြတ်လိုက်မည်ဆိုလျှင်မူ နှစ်ဖက်စလုံးသည် ထိပ်တိုက် ရင်ဆိုင်ကြရန်မှာ ရှောင်လွှဲ၍ မရနိုင်တော့ပါချေ။

ဖုန်းယွီ၏ ကျော်ကြားလှသော ဂုဏ်သတင်းက ၎င်းတို့ကို စိုးရိမ်ထိတ်လန့်စေပါသည်။ ဖုန်းယွီသည် မည်သည့် ကုမ္ပဏီကိုမဆို ဝယ်ယူရန် ကြိုးစားသည့်အခါတွင် ရှုံးနိမ့်ခဲ့ဖူးသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပါချေ။ ထို့ပြင် ဖုန်းယွီ ဘာကိုပင် ရင်းနှီးမြှုပ်နှံလိုက်ပါစေ ထိုအရာက ငွေရှာပေးစမြဲပင် ဖြစ်သည်။ ယခုမူ ဟားပင်း ဘီယာသည် အမြင့်သို့ ပျံသန်းတော့မည်မှာ အသေအချာပင် ဖြစ်သည်။

ချင်းတောင် ဘီယာ အုပ်စု၏ ကိုယ်စားလှယ်ကလည်း သတင်းကို ပြန်လည် ပေးပို့လိုက်သည်။ ၎င်းတို့သည် မူလက အရှေ့မြောက် ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤဒေသသည် ဘီယာအသုံးအများဆုံး အဓိက ပြည်နယ်ကြီးများ မဟုတ်ပါလား။ ဤဘက်ရှိ ဘီယာစက်ရုံများ၏ သိပ်သည်းမှုကို ကြည့်လျှင်ပင် သိနိုင်ပါသည်၊ မြို့တိုင်းလိုလိုတွင် ဘီယာစက်ရုံ တစ်ခုစီ ရှိနေခြင်းပင် ဖြစ်သည်။

အကယ်၍ ဟားပင်း ဘီယာကသာ Budweiserနှင့် ပူးပေါင်းသွားမည်ဆိုလျှင်မူ ၎င်းတို့၏ အင်အားမှာ အဆမတန် ကြီးမားသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် အရှေ့မြောက် ဈေးကွက်ကို တိုက်ခိုက်ရန်မှာ မလွယ်ကူတော့သည့်အတွက် ကုမ္ပဏီ၏ မဟာဗျူဟာ စီမံကိန်းများကို အနည်းငယ် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။

ပီကင်း ဘီယာကမူ အစိုးရိမ်ဆုံးပင် ဖြစ်သည်။ ဟားပင်း ဘီယာကိုယ်တိုင်ကပင် အရှေ့မြောက်ဒေသ၏ဘုရင် ဖြစ်နေပြီဖြစ်သလို၊ ဟွာရွန့်ရွှေခဲ ကလည်း ရှန်ချန်မှ မြောက်ဘက်သို့ နယ်မြေချဲ့ထွင်လာနေပြီး၊ ချင်းတောင် ဘီယာ၏ လက်တံများကလည်း ပီကင်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ၎င်းတို့သည် အကျပ်အတည်းဆုံး အခြေအနေတွင် ရှိနေခဲ့ရသည်။

အကယ်၍ ဟားပင်း ဘီယာကသာ တောင်ဘက်သို့ စတင် နယ်မြေချဲ့ထွင်လာမည်ဆိုလျှင်မူ ပီကင်းသည် ၎င်းတို့ မဖြစ်မနေ လုယူရမည့် နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုသို့သာ ဆိုလျှင်မူ ပီကင်း ဘီယာအတွက် တကယ့်ကို ပြဿနာ ဖြစ်လာပါတော့မည်။

၎င်းတို့မှာမူ ပြည်နယ်တစ်ခုနှင့် မြို့နှစ်မြို့ခန့်သာ နယ်မြေ ရှိခြင်းဖြစ်သည်။ အကယ်၍ ဧရာမ လုပ်ငန်းကြီးများ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံရမည်ဆိုလျှင် ဈေးကွက်ဝေစုကို ဆက်လက် ထိန်းသိမ်းထားနိုင်မလားဟူသော အချက်က ၎င်းတို့ ကုမ္ပဏီ၏ အသက်ရှင်သန်မှုအတွက် အဆုံးအဖြတ် ဖြစ်လာပေလိမ့်မည်။

နိုင်ငံခြား ဘီယာလုပ်ငန်းများ ဖြစ်ကြသော Carlsberg၊ Heinekenနှင့် ကျင်းရှီး စသည့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များလည်း ကိစ္စက ခက်ခဲလာပြီဟု ခံစားလိုက်ရသည်။ မူလက Budweiserသည် တရုတ်ပြည် ဈေးကွက်တွင် ၎င်းတို့၏ ဖိနှိပ်မှုကို အပြင်းအထန် ခံနေရခြင်း ဖြစ်သည်။ ယခုမူ ဟားပင်း ဘီယာနှင့် ပူးပေါင်းလိုက်ပြီဖြစ်ရာ ၎င်းတို့ကို အလွယ်တကူ ဖိနှိပ်ထားရန်မှာ မဖြစ်နိုင်တော့ပါချေ။

သို့သော်လည်း ၎င်းတို့ကမူ သိပ်ပြီး အလေးမထားကြပါချေ။ ဟားပင်း ဘီယာ၏ ဈေးကွက် ဦးတည်ချက်မှာ ၎င်းတို့နှင့် မတူညီပါချေ။ အထူးသဖြင့် Carlsbergနှင့် Heinekenတို့မှာ အဆင့်မြင့် ဘီယာဈေးကွက်ကိုသာ အဓိက ဦးတည်ထားကြသောကြောင့် ဖြစ်သည်။

တရုတ်ပြည်တွင် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြသော နိုင်ငံခြား ဘီယာလုပ်ငန်းများမှာမူ တစ်ပြိုင်နက်တည်းတွင် ဒုက္ခရောက်ကုန်ကြပြီဟု ခံစားလိုက်ရသည်။ မူလကတည်းက တရုတ်ပြည် ဈေးကွက်တွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံခြား ဘီယာလုပ်ငန်းများ အမြောက်အမြား ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုမူ Budweiserက ဒေသခံ ဘီယာလုပ်ငန်းနှင့် ပူးပေါင်းလိုက်ပြီဖြစ်သလို၊ ထိုလုပ်ငန်းမှာလည်း တရုတ်ပြည်၏ အစောဆုံး ဘီယာလုပ်ငန်း ဖြစ်နေခဲ့ပြန်ရာ၊ Carlsbergနှင့် Heinekenတို့ကဲ့သို့သော ကုမ္ပဏီများကလည်း သေချာပေါက် အင်အားစိုက်ထုတ်လာကြတော့မည် ဖြစ်သည်။

နတ်ဘုရားများ တိုက်ပွဲဖြစ်သည့် ကြားမှာ ၎င်းတို့ကဲ့သို့သော ကုမ္ပဏီငယ်လေးများသာ ဒုက္ခရောက်ရတော့မည် မဟုတ်ပါလား။

အမှတ်တံဆိပ် ကျော်ကြားမှုမှာဖြစ်စေ၊ ငွေကြေး အင်အားမှာဖြစ်စေ ၎င်းတို့သည် ကမ္ဘာ့ထိပ်တန်း ဘီယာလုပ်ငန်းကြီးများကို မည်သို့မျှ မယှဉ်နိုင်ပါချေ။ အကယ်၍သာ မဆင်မခြင်နှင့် တိုက်ပွဲထဲ ဝင်ပါမိလျှင်မူ ၎င်းတို့ပင် အရင်ဆုံး နစ်နာသွားဖို့ ရှိနေသည်။

သို့သော်လည်း ဤကိစ္စက နိုင်ငံခြား ဘီယာလုပ်ငန်းများကို သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သူတို့သည်လည်း တရုတ်ပြည်မှ ဘီယာလုပ်ငန်းများနှင့် ပူးပေါင်း၍ ရသည် မဟုတ်ပါလား။ ပြည်နယ်တစ်ခုခု၏ ထိပ်တန်း လုပ်ငန်းတစ်ခုကိုသာ ရှာတွေ့နိုင်မည်ဆိုလျှင် တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သူတို့၏ အရည်အချင်းနှင့်ဆိုလျှင် ပြည်နယ်တစ်ခုကို ထိန်းချုပ်ထားရန်မှာမူ ပြဿနာ ရှိမည် မဟုတ်ပါချေ။

ဤသတင်း ထွက်ပေါ်လာသည့်နေ့မှာပင် ဟားပင်း ဘီယာ၏ ရှယ်ယာဈေးမှာ ၇ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။ ညပိုင်းကျသည့်အခါ (အမေရိကန်တွင် နေ့ဘက်ဖြစ်နေချိန်) Budweiser ဘီယာ၏ ရှယ်ယာဈေးမှာလည်း ၅ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်သွားခဲ့ရသည်။

ရင်းနှီးမြှုပ်နှံသူ အားလုံးကမူ ဤဘီယာလုပ်ငန်း နှစ်ခု ပူးပေါင်းခြင်းသည် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိမည်ဟု ယူဆထားကြသည်မှာ သိသာလှသည်။

လူတိုင်းကမူ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၏ အသေးစိတ် အခြေအနေများကို ပိုသိချင်နေကြခြင်း ဖြစ်သည်။

နောက်တစ်နေ့တွင် ရှယ်ယာ နှစ်မျိုးလုံးကို အရောင်းအဝယ် ခေတ္တရပ်ဆိုင်းလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် စတင် ဆောင်ရွက်ခဲ့သည်။

အခြားသော နိုင်ငံခြား ဘီယာလုပ်ငန်းများမှာ တရုတ်ပြည်မှ ဘီယာလုပ်ငန်းအချို့နှင့် စတင် ထိတွေ့ရန် ကြိုးစားကြသည့် အခါတွင်မူ၊ မည်သည့်အချိန်ကတည်းက စတင်ခဲ့သည် မသိရဘဲ ထိုက်ဟွာ ဟိုးဒင်း အုပ်စုသည် ဘီယာလုပ်ငန်း အမြောက်အမြားတွင် ရှယ်ယာ ပါဝင်ထားပြီးဖြစ်သလို အချို့ကိုလည်း အပြည့်အဝ ချုပ်ကိုင်ထားပြီးပြီ ဖြစ်ကြောင်း သိလိုက်ကြရသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်မှာ မြန်ဆန်လွန်းလှသဖြင့် လုပ်ငန်းအမြောက်အမြားမှာ သတိပင် မထားမိလိုက်ကြပါချေ။

ရှယ်ယာ လွှဲပြောင်းမှုများကို တရားဝင် မလုပ်ဆောင်ရသေးစေကာမူ သဘောတူညီချက် စာချုပ်များကိုမူ အားလုံး လက်မှတ်ရေးထိုးပြီး ဖြစ်သလို၊ ထိုက်ဟွာ ဟိုးဒင်း အုပ်စုကလည်း ရန်ပုံငွေများကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။

လူတိုင်း ထိုအခါမှသာ သဘောပေါက်သွားကြတော့သည်။ အထူးသဖြင့် ထိုက်ဟွာ ဟိုးဒင်း အုပ်စုသာ ကြားဝင်လာမည်ဆိုလျှင်မူ ဟားပင်း ဘီယာနှင့် Budweiser ဘီယာတို့၏ တရုတ်ပြည်တွင်း နယ်မြေချဲ့ထွင်မှုကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပါချေ။

“ဖုန်းယွီ... မင်းရဲ့ လုပ်ဆောင်ချက်တွေက တကယ်ကို မြန်တာပဲနော်” ကျန်းရွေ့ချန်က ရယ်မောရင်း ပြောလိုက်သည်။

“လုပ်ဆောင်ချက်တွေ နှေးသွားရင် ငွေပိုကုန်မှာပေါ့။ ငါတို့ အပြင်းအထန် နယ်မြေချဲ့ထွင်တော့မယ်ဆိုတာကို တခြား ကုမ္ပဏီတွေ သိသွားရင် သူတို့က အခွင့်ကောင်းယူပြီး ဈေးတင်ကြမှာ မဟုတ်လား။ ပြီးတော့ ဟွာရွန့်ရွှေခဲ တို့လို ကုမ္ပဏီတွေကလည်း ပြိုင်ဆိုင်မှုထဲ ဝင်ပါလာကြမှာဆိုတော့ အဲဒီအချိန်ကျရင် ငါတို့ ပိုပြီးတော့တောင် ငွေကုန်ဦးမှာ” ဖုန်းယွီက ရှင်းပြလိုက်သည်။

“ကောင်းပါပြီ၊ ငါ မင်းကို နားလည်ပါတယ်။ အစတုန်းက မင်းရဲ့ လမ်းညွှန်မှုတွေသာ မရှိခဲ့ရင် ဟားပင်း ဘီယာဟာ အခုလိုမျိုး အတိုင်းအတာအထိ ရှိလာမှာ မဟုတ်ပါဘူး။ အဲဒီတုန်းက တစ်နှစ်ကို ထုတ်လုပ်မှု ပမာဏက ဘယ်လောက်ပဲ ရှိလို့လဲ၊ အခုတော့ တန်ချိန် တစ်သန်းထက်တောင် ကျော်သွားပြီလေ”

“ငါ မင်းကို သတိပေးလိုက်ဦးမယ်၊ ကမ္ဘာ့ထိပ်တန်း ဘီယာလုပ်ငန်းတွေရဲ့ တစ်နှစ်တာ ထုတ်လုပ်မှုနဲ့ အရောင်းပမာဏဟာ တန်ချိန် သန်းပေါင်း ဆယ်ဂဏန်းကနေ စတင်တာနော်”

ကျန်းရွေ့ချန်သည် ဖုန်းယွီကို မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။ “မင်းကတော့ ငါ့ကို ခဏလောက်တောင် ဂုဏ်မယူခိုင်းဘူးလား”

“ကောင်းပါပြီ... ဒါဆိုရင် ငါ ခုနက စကားကို ပြန်ရုပ်သိမ်းလိုက်မယ်”

ကျန်းရွေ့ချန် “......” မင်းက ပြောပြီးမှတော့ ဘာကို ပြန်ရုပ်သိမ်းမှာလဲ!

“ဒါနဲ့... ဟားပင်း ဘီယာက ရှယ်ယာအသစ်တွေ ထပ်မံ ထုတ်ဝေမယ့် ကိစ္စကို ပေတချန်း နဲ့ မြို့တော်အစိုးရဘက်က ဘာမှ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား” ဖုန်းယွီက မေးမြန်းလိုက်သည်။

“မရှိပါဘူး၊ ဒါဟာ လုပ်ငန်းချဲ့ထွင်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲလေ၊ ဘယ်သူကမျှ လက်လွှတ်မှာ မဟုတ်ပါဘူး။ မင်းကို သီးသန့် ရှယ်ယာတွေ ရောင်းချပေးဖို့ သဘောတူထားတာကလည်း ပြဿနာ မရှိပါဘူး၊ ဒီရှယ်ယာတွေကို ဘယ်သူ့ကို ရောင်းရောင်း အတူတူပဲ မဟုတ်လား”

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီဘီယာလုပ်ငန်း အချို့ရဲ့ရှယ်ယာတွေကို ရရှိပြီးတဲ့နောက်မှာတော့ ဟားပင်း ဘီယာရဲ့ ထုတ်လုပ်မှု စွမ်းအားက နှစ်ဆ မြင့်တက်လာလိမ့်မယ်။ ပြီးတော့ ဥရောပနဲ့ အမေရိက စတဲ့ နိုင်ငံပေါင်းစုံကိုပါ တင်ပို့နိုင်တော့မှာဖြစ်လို့ ဟားပင်း ဘီယာဟာ ပြည်တွင်းမှာတင်မကဘဲ ပြည်ပမှာပါ မကြာခင် နာမည်ကျော်ကြားလာတော့မှာပါ။ ဒါနဲ့... မင်းကို ပြောဖူးတဲ့ ဟားပင်း ဘီယာက ၂၀၀၈ အိုလံပစ်ပွဲတော်ရဲ့ မိတ်ဖက်လုပ်ငန်း ဖြစ်လာမယ့် ကိစ္စလေ၊ အဲဒါက ဘီယာ ရောင်းချမှုနဲ့ ကြော်ငြာမှုတွေအတွက် အကျိုးကျေးဇူးတွေ မနည်းလှဘူးနော်”

“အဲဒီကိစ္စကိုတော့ ငါ ညွှန်ကြားထားပြီးပါပြီ၊ ဒါပေမဲ့ မင်းက ဒီပံ့ပိုးကူညီမှု ကန့်သတ်ချက်တွေကို အရမ်း မြင့်အောင် သတ်မှတ်ထားတာပဲ၊ ငါတို့ ငွေတွေ အများကြီး ပိုကုန်တော့မှာပေါ့” ကျန်းရွေ့ချန်က အပြစ်တင်သလို ပြောဆိုလိုက်သည်။

“ငွေတွေကလည်း နိုင်ငံတော်ရဲ့ လက်ထဲကိုပဲ ရောက်သွားတာပဲ မဟုတ်လား။ အဲဒီ နိုင်ငံခြား ကုမ္ပဏီတွေကတော့ ငွေတွေ ပိုပြီးတော့တောင် ပေးရဦးမှာ၊ အကျိုးအမြတ် ရမှာကတော့ နိုင်ငံတော်ပါပဲ။ ကဲ... ငါ မင်းနဲ့ ထပ်ပြီး စကားမပြောနိုင်တော့ဘူး၊ အိမ်ကို မြန်မြန် ပြန်ရဦးမယ်၊ ငါ့မိန်းမရဲ့ မွေးဖွားမယ့် ရက်က နီးနေပြီလေ”

All Chapters