← Chapters

အခန်း (၁၃၁၀-၁၃၁၂)

Vol. 89 Ch. 1310-1312

အခန်း (၁၃၁၀-၁၃၁၂)

Vol. 89 Ch. 1310-1312

အခန်း (၁၃၁၀) မင်းမလုပ်ရင် ငါလုပ်မယ်

နိုင်ငံတော်ဘက်က အခြေအနေက အတိအကျ ဘယ်လိုရှိသလဲဆိုတာကို ဖုန်းယွီ မသိသလို သိဖို့လည်း စိတ်မဝင်စားပါချေ။ ဤစီးပွားရေးအပေါ်တွင် သူ တကယ်ပင် စိတ်ဝင်စားမှု မရှိပေ။

သို့သော် ဖုန်းယွီ စိတ်မဝင်စားခြင်းမှာ အခြားသူများလည်း စိတ်မဝင်စားဟု မဆိုလိုပါချေ။

“ဖုန်း... အမေရိကန် လွှတ်တော်အမတ် တစ်ယောက်က မင်းဆီကို လာတွေ့တာကို မင်းရဲ့လူတွေက ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးလိုက်တယ်လို့ ငါ ကြားတယ်နော်” ကီရီလန်ကိုက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ သူ့ကို သင်ခန်းစာ အနည်းငယ် ပေးလိုက်တာပါ” ဖုန်းယွီက မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။

ကီရီလန်ကိုက ဟားတိုက် ရယ်မောလိုက်သည်။ “ဟုတ်တယ်၊ အဲဒီလိုလူမျိုးက သင်ခန်းစာ ပေးခံရဖို့ ထိုက်တန်ပါတယ်။ သာမည လွှတ်တော်အမတ်လေး တစ်ယောက်ကများ တော်တော်လေး အစွမ်းထက်တယ်လို့ ထင်နေတာလား။ ငါတို့အနေနဲ့ သူ့ရဲ့ မိသားစုကို ချက်ချင်း ပြိုလဲအောင် မလုပ်နိုင်ရင်တောင်မှ သူ့မိသားစုရဲ့ ကိုယ်စားလှယ်ကို ပြောင်းလဲပစ်ဖို့ကတော့ အလွန်ပဲ လွယ်ကူပါတယ်။ မိသားစုတစ်ခုမှာ အမွေဆက်ခံသူက တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ”

“ကဲ... သူ့အကြောင်းကို မပြောကြရအောင်၊ အသုံးမကျတဲ့ လူတစ်ယောက်အကြောင်း ပြောနေရတာက စိတ်ဝင်စားဖို့ မကောင်းပါဘူး။ Amazon ကုမ္ပဏီက စတော့ဈေးကွက် တက်တော့မယ်လေ၊ သီးသန့် ရန်ပုံငွေ ရှာဖွေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးပြီးပြီ မဟုတ်လား” ဖုန်းယွီက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဆွေးနွေးပြီးပါပြီ၊ ဈေးနှုန်းက ဘယ်လောက်ပဲ ဖြစ်ဖြစ် ငါ ဝယ်မှာပါ။ ဒီတစ်ကြိမ်မှာတော့ မင်း ပြောစရာ မလိုဘဲနဲ့ Amazonရဲ့ ရှယ်ယာဈေးတွေ သေချာပေါက် တက်လာမှာကို ငါ သိနေတယ်”

ဖုန်းယွီက အနည်းငယ် အံ့သြသွားသည်။ ကီရီလန်ကိုသည် ဘဏ္ဍာရေးပိုင်းကို သိပ်ပြီးနားမလည်လှသော်လည်း ယခုတစ်ကြိမ်တွင် အဘယ်ကြောင့် ဤမျှအထိ အသေအချာ ပြောနေရသနည်း။

“မင်းက ဘာလို့ ဒီလောက်အထိ အသေအချာ ပြောနိုင်ရတာလဲ၊ တစ်ကယ်လို့များ ဈေးနှုန်းက အများကြီး တက်မလာခဲ့ရင်၊ ဒါမှမဟုတ် မင်း ရွှေမှာ ရင်းနှီးမြှုပ်နှံထားတာလောက် အမြတ်မရခဲ့ရင် မင်းအတွက် အများကြီး နစ်နာသွားမှာ မဟုတ်ဘူးလား” ဖုန်းယွီက တမင်တကာ မေးမြန်းလိုက်သည်။

“ဟားဟားဟား... ဖုန်း မင်း ငါ့ကို အထင်သေးလွန်းလှပါတယ်။ တခြားအရာတွေကို ငါ နားမလည်တာ မှန်ပေမဲ့ ငါ့ရဲ့အဖွဲ့က ပြောတာတော့ Amazonမှာ အသုံးပြုသူ အများဆုံး ရှိသလို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အမြတ်ရနေတာတဲ့၊ အဲဒီအချိန်မှာ eBayက ငွေရှုံးနေတုန်းပဲလေ။ ဒါ့ပြင် ဒီကုမ္ပဏီမှာ မင်းက အဓိက ရှယ်ယာရှင် မဟုတ်လား၊ ရှယ်ယာဈေးတွေက ကျဆင်းသွားနိုင်ပါ့မလား။ ငါတို့ကပဲ ဈေးနှုန်းတွေကို မြှင့်တင်လို့ မရနိုင်ဘူးလား။ အရေးကြီးဆုံးကတော့ ငါ မင်းကို ယုံကြည်တာပဲ၊ မင်း ငါ့ကို အကြံပြုတဲ့ အရာဆိုရင် သေချာပေါက် ငါ့ကို နစ်နာစေမှာ မဟုတ်ပါဘူး”

ဖုန်းယွီက ရယ်မောလိုက်သည်။ “မှန်တာပေါ့၊ Amazonဟာ အခုအချိန်မှာ နယ်မြေချဲ့ထွင်ဖို့အတွက် ရန်ပုံငွေတွေ လိုအပ်နေသလို 'စတော့ဈေးကွက် စာရင်းဝင် ကုမ္ပဏီ' ဆိုတဲ့ အမည်နာမကို အသုံးချပြီး ဩဇာအရှိန်အဝါ ချဲ့ထွင်ဖို့လည်း လိုအပ်တယ်။ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုက လူတွေရဲ့ အာရုံစိုက်မှုကို မရနိုင်ရင်တောင်မှ၊ အကယ်၍ Amazonရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ဘီလီယံ တစ်ရာထက် ကျော်လွန်သွားမယ်ဆိုရင်တော့ လုပ်ငန်း လည်ပတ်မှု ပမာဏက သေချာပေါက် တဟုန်ထိုး မြင့်တက်လာမှာပါ”

ကုမ္ပဏီ ကြီးမားလေလေ သုံးစွဲသူများကို ပိုမို ဆွဲဆောင်နိုင်လေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ပင်ကိုယ်ဗီဇအရ ကုမ္ပဏီကြီးများက ပိုမိုခိုင်မာသည်ဟု ယူဆထားကြသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ပုံစံတူ၊ တည်နေရာတူ၊ ဈေးနှုန်းတူသော အိမ်နှစ်လုံးရှိပြီး၊ တစ်လုံးကို ကုမ္ပဏီကြီးက တည်ဆောက်ကာ နောက်တစ်လုံးကို ကုမ္ပဏီငယ်က တည်ဆောက်သည် ဆိုပါစို့။ အရည်အသွေးချင်း တူညီသည်ဟု ပြောဆိုထားစေကာမူ လူအများစုမှာ ကုမ္ပဏီကြီးက တည်ဆောက်ထားသော အဆောက်အအုံကိုသာ ရွေးချယ်ကြပေလိမ့်မည်။

အမည်နာမ ကျော်ကြားလေလေ ပို၍ဆွဲဆောင်နိုင်လေလေဖြစ်ကာ သုံးစွဲသူ ပိုများလာပြီး အမည်နာမမှာလည်း ပို၍ပင် ကြီးမားလာပေလိမ့်မည်။ ဤသည်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေခြင်းပင် ဖြစ်သည်။

ယခုအခါ Amazonသည် လျင်မြန်စွာ နယ်မြေချဲ့ထွင်ရမည့် ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ရန်ပုံငွေများ သေချာပေါက် လိုအပ်လှသည်။ စတော့ဈေးကွက်သို့ တက်လှမ်းခြင်းသည် အလွယ်ကူဆုံးနှင့် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆန္ဒမဲပေးနိုင်ခွင့်မှာ ဖုန်းယွီ၏ လက်ထဲမှာပင် ရှိနေဆဲဖြစ်သဖြင့် ကုမ္ပဏီကို သူကသာ ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ စတော့ဈေးကွက် တက်ပြီးနောက် ကာလတစ်ခုတွင် ဖုန်းယွီသည် ဆန္ဒမဲ မပေးနိုင်သော ရှယ်ယာအချို့ကို ရောင်းချကာ ငွေရှာနိုင်သေးသည်။

ထိုစဉ်က SoftBankက Yahooတွင် ရင်းနှီးမြှုပ်နှံခဲ့သကဲ့သို့ပင် ဖြစ်သည်။ ဒေါ်လာ သန်း တစ်ရာ ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ သုံးပုံတစ်ပုံ ရယူခဲ့ကာ၊ ရှယ်ယာ ၂ ရာခိုင်နှုန်းကို ပြန်လည် ရောင်းချလိုက်ရုံနှင့် ဒေါ်လာ သန်း လေးရာ ရရှိခဲ့သဖြင့် ကျန်ရှိသော အစိတ်အပိုင်းများမှာ အမြတ်အစွန်းများချည်း ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ဖုန်းယွီသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဆန္ဒမဲ မပေးနိုင်သော ရှယ်ယာအချို့ကို ရောင်းချလိုက်ရုံဖြင့် မူလ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများကို အပြည့်အဝ ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ ဖုန်းယွီသည် အမေရိကန် စတော့ဈေးကွက်၏ ကျဆင်းနေသော ကာလမှာ ကုန်ဆုံးတော့မည်ကို သိရှိထားခြင်းပင် ဖြစ်သည်။ အချို့သော အကြီးစား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများသည် ဈေးနှုန်းအနိမ့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ရှယ်ယာများကို ဝယ်ယူရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် Amazon စတော့ဈေးကွက် တက်လှမ်းခြင်းမှာ ဤလေဟုန်ကို အသုံးချကာ ဈေးနှုန်းများမှာလည်း ဆက်တိုက် မြင့်တက်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဖုန်းယွီအနေဖြင့် ရှယ်ယာများကို ရောင်းချ၍ အမြတ်ယူသည်ဖြစ်စေ၊ ဆက်လက် ကိုင်ဆောင်ထားသည်ဖြစ်စေ လုံးဝ နစ်နာစရာ မရှိပါချေ။ ထို့အပြင် Amazon စတော့ဈေးကွက် တက်ပြီးနောက်တွင် မိုက်ခရိုဆော့ဖ်၏ ရှယ်ယာဈေး ပြန်လည် မြင့်တက်လာခဲ့လျှင်ပင် ဖုန်းယွီ၏ ပိုင်ဆိုင်မှုသည် ဘီလ်ဂိတ်စ်ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်မည်ဖြစ်ရာ အနာဂတ်တွင် ဘီလ်ဂိတ်စ်သည် “ထာဝရ နံပါတ်နှစ်”သာ ဖြစ်နေပေတော့မည်။

ထို့ပြင် နောက်ထပ် အကျိုးကျေးဇူးတစ်ခုမှာ Amazon၏ ရှယ်ယာဈေး တဟုန်ထိုး မြင့်တက်လာခြင်းက လာမည့်နှစ် အစောပိုင်းတွင် ဟောင်ကောင်၌ စတော့ဈေးကွက် တက်လှမ်းကြမည့် တရုတ်ပြည်မှ အင်တာနက် ကုမ္ပဏီများအတွက် ရန်ပုံငွေ ပိုရရှိစေမည့် အချက်ပင် ဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူများက အင်တာနက် နည်းပညာ ရှယ်ယာများကို တစ်ဖန် ပြန်လည် စိတ်ဝင်စားလာကြမည်ဆိုပါက အခြေအနေမှာ များစွာကွဲပြားသွားပေလိမ့်မည်။

ယခင်က စတော့ဈေးကွက်မှ ပြန်လည် နုတ်ထွက်ခဲ့ဖူးသော ကုမ္ပဏီများ တစ်ဖန် ပြန်လည်တက်လှမ်းသည့်အခါတွင် ရင်းနှီးမြှုပ်နှံသူများက အမြဲတမ်း အားပေးကြလိမ့်မည် မဟုတ်ပါချေ။ သို့သော် အကယ်၍ ၎င်းတို့က အင်တာနက် နည်းပညာ ရှယ်ယာများ တစ်ဖန် ခေတ်စားလာပြီဟု ယူဆလိုက်ကြလျှင်မူ ထိုအချက်မှာ ပြောင်းလဲသွားပေလိမ့်မည်။

ထို့အပြင် ဟောင်ကောင်ကို ရွေးချယ်ခြင်းသည် ပို၍စိတ်ချရလှပေသည်။ မည်သူမဆို ဤကုမ္ပဏီများ၏ ရှယ်ယာဈေးကို ခြယ်လှယ်ရန် ကြိုးပမ်းလာပါက ဖုန်းယွီသည် အမြန်ဆုံး တုံ့ပြန်နိုင်မည်ဖြစ်ရာ တစ်ဖက်လူအနေဖြင့် အရှုံးနှင့်သာ ရင်ဆိုင်သွားရပေလိမ့်မည်။

“ကောင်းပါပြီ ညီလေးကီ... မင်းရဲ့ ဆန်းစစ်ချက်က တကယ်ပဲ အကျိုးအကြောင်း ရှိတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ နောက်နှစ်ဆိုရင် မင်းရဲ့ အဆင့်ကလည်း ရှေ့ကို နည်းနည်း ထပ်တိုးလာဦးမှာပဲ”

eBay ရှယ်ယာများကြောင့် ကီရီလန်ကို၏ ပိုင်ဆိုင်မှုမှာ တဖန်ပြန်လည် မြင့်တက်လာပေလိမ့်မည်။ ထို့ထက် ပိုသည်မှာ ရွှေဈေး မြင့်တက်လာသည်နှင့်အမျှ ဝင်ရိုးစွန်းဝက်ဝံ သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာလည်း ဆက်တိုက်မြင့်တက်နေသလို ကီရီလန်ကို ရင်းနှီးမြှုပ်နှံထားသော ရွှေအနာဂတ်ဈေးကွက်များမှာလည်း သူ၏ရှေ့တွင် ရှိနေသော သူများထက် ပိုမို လျင်မြန်စွာ ပိုင်ဆိုင်မှု တိုးတက်စေမည်မှာ အမှန်ပင် ဖြစ်သည်။

“ဖုန်း... မင်းရဲ့ အထင်အရဆိုရင် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘီလ်ဂိတ်စ်ကို ကျော်တက်နိုင်မယ့် မျှော်လင့်ချက် ရှိရဲ့လား”

“ငါ့ကို ယုံလိုက်ပါ ညီလေးကီ၊ မင်း သူ့ကို သေချာပေါက် ကျော်တက်နိုင်မှာပါ”

eBay ရှယ်ယာများအပြင် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင် အမေရိကန် ဘဏ္ဍာရေး ဈေးကွက်အတွင်း အပြင်းအထန် ခြယ်လှယ်နိုင်မည်ဆိုပါက ထိုအချိန်ကျလျှင် ကီရီလန်ကို၏ ပိုင်ဆိုင်မှုသည် ဘီလ်ဂိတ်စ်ကို ကျော်ဖြတ်ကာ ကမ္ဘာ့နံပါတ်နှစ် ဖြစ်လာပေလိမ့်မည်။

အင်း... နံပါတ်နှစ်ပဲ ဖြစ်နိုင်မှာပါ။ သူသည် ဖုန်းယွီကိုတော့ ဘယ်လိုနည်းနှင့်မျှ ကျော်တက်နိုင်လိမည် မဟုတ်ပါချေ။

ကီရီလန်ကိုက ပါးစပ်ကြီး ဖြဲ၍ ရယ်မောလိုက်သည်။ “ဟားဟားဟား... အဲဒီအချိန်ကျရင် အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဟာ တရုတ်လူမျိုး တစ်ယောက်နဲ့ ရုရှားလူမျိုး တစ်ယောက်ရဲ့ ခြေဖဝါးအောက်မှာ ရောက်နေမှာဆိုတော့ တွေးကြည့်ရုံနဲ့တင် တကယ်ပဲ ကျေနပ်စရာ ကောင်းလှပါဘိ။ ဒါနဲ့ ဖုန်း... မင်း တရုတ်ပြည်မှာ ဘဏ်တစ်ခု ရင်းနှီးမြှုပ်နှံထားတယ်လို့ ငါ ကြားတယ်၊ Minsheng ဘဏ်လား၊ ငါလည်း ရှယ်ယာ ပါဝင်လို့ ရမလား”

ဖုန်းယွီက အနည်းငယ် ခက်ခဲသော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်သည်။ “တောင်းပန်ပါတယ် ညီလေးကီ၊ အဲဒီဘဏ်ကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ အဲဒါက ငါတို့ တရုတ် စီးပွားရေးသမားအချို့ စစုပေါင်းပြီး တည်ထောင်ထားတာဖြစ်သလို ငါကလည်း အစပျိုးသူ တစ်ယောက်ပဲလေ။ ဒါပေမဲ့ ငါတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လို့တော့ ရပါတယ်”

“ကိစ္စမရှိပါဘူး၊ ဒါဆိုရင် ငါ တခြားဘဏ်တွေမှာပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ့မယ်။ မင်း ရင်းနှီးမြှုပ်နှံထားတဲ့ ဘဏ်ဆိုရင်တော့ ပိုပြီးတော့ စိတ်ချရမယ်လို့ ထင်လို့ပါ” ကီရီလန်ကိုက ပုခုံးတွန့်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ စုံစမ်းကြည့်ရသလောက် ထို Minsheng ဘဏ်သည် ယခုအချိန်တွင် အမြတ်အစွန်း များစွာ မရှိသေးသဖြင့် တရုတ်ပြည်မှ နိုင်ငံပိုင် ဘဏ်ကြီးများကို မဆိုထားနှင့် ကမ္ဘာ့အဆင့်မီ ဘဏ်ကြီးများနှင့်လည်း နှိုင်းယှဉ်၍ မရနိုင်ပါချေ။

ညပိုင်းတွင် ၎င်းတို့နှစ်ဦး အတူတူ ထမင်းစားကြရင်း မည်သို့ စကားစမိသည် မသိရဘဲ ဆန်ဒစ်စ်အကြောင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“ဆန်ဒစ်စ်က ငါနဲ့ လက်နက်ကုန်သွယ်မှု စီးပွားရေး လုပ်ချင်နေတာလေ၊ ဒါပေမဲ့ ငါကတော့ လုံးဝ စိတ်မဝင်စားပါဘူး။ သူ ဘယ်လိုများ တွေးပြီး ငါ့ဆီမှာ ဒီလုပ်ငန်းကို လာဆွေးနွေးရတာလဲ မသိဘူး။ အေးအေးဆေးဆေးနဲ့ ငွေရှာလို့ရတဲ့ လုပ်ငန်းတွေတောင် ငါ မလုပ်နိုင်လောက်အောင် များနေတာကို၊ ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ လုပ်ငန်းကို သွားလုပ်ရမှာလဲ” ဖုန်းယွီက လှောင်ပြောင်သလို ပြောလိုက်သည်။

ကီရီလန်ကိုမှာ ကြောင်သွားခဲ့ရသည်။ “ဖုန်း... ဆန်ဒစ်စ်က မင်းဆီမှာ ဘာစီးပွားရေး လာလုပ်တာလဲ။ လက်နက်ကုန်သွယ်မှုလား”

“ဟုတ်တယ်၊ သူက Colt မိသားစုနဲ့ ဆက်ဆံရေး အရမ်းကောင်းတယ်လို့ ပြောတယ်၊ ကျည်ဆန်နဲ့ အခြားသော အသုံးအဆောင်တွေကို ဝယ်ချင်တာတဲ့။ ငါလည်း ဒါက အမှန်လားဆိုတာကို မေးမြန်းမနေတော့ပါဘူး”

“မင်း ဒီစီးပွားရေးကို မလုပ်ဘူးလား။ အမြတ်ကတော့ သေချာပေါက် အရမ်း မြင့်မှာနော်”

“ဘယ်လောက်အထိ မြင့်မှာမို့လို့လဲ။ Amazon စတော့ဈေးကွက် တက်ပြီးသွားရင် ဘဏ္ဍာရေးပိုင်းက အမြတ်က ပိုပြီး မြင့်မားတယ်ဆိုတာ မင်း သိလာမှာပါ”

“ဖုန်း... မင်း တကယ်ပဲ စိတ်မဝင်စားတာလား” ကီရီလန်ကိုက ထပ်မံ မေးမြန်းလိုက်သည်။

“မဝင်စားပါဘူး၊ ဘာဖြစ်လို့လဲ”

“ဖုန်း... ဒီစီးပွားရေးကို မင်း မလုပ်ဘူးဆိုရင်တော့ ငါ လုပ်ချင်တယ်” ကီရီလန်ကိုက တည်ကြည်စွာ ပြောလိုက်လေတော့သည်။

ဖုန်းယွီအနေဖြင့် ကီရီလန်ကို ဤမျှအထိ တည်ကြည်နေသည်ကို မမြင်ရသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ဤစီးပွားရေး၏ အမြတ်အစွန်းမှာ ဖုန်းယွီ၏ အမြင်အရမူ သာမန်မျှသာ ဖြစ်စေကာမူ ရင်ဆိုင်ရမည့် စွန့်စားမှုကမူ အလွန်ပင် ကြီးမားလှသဖြင့် မထိုက်တန်ဟု သူက ယူဆထားသည်။

“ညီလေးကီ... မင်း သေသေချာချာ စဉ်းစားနော်၊ အမြတ်က မြင့်မားတယ်လို့ ထင်ရပေမဲ့ ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကွာခြားပါတယ်”

“ဖုန်း... ငါ့မှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အကြောင်းရင်း အချို့ ရှိနေလို့ပါ။ မနက်ဖြန်ကျရင် ငါ ဆန်ဒစ်စ်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်”

ဖြစ်နိုင်သည်မှာ သူ၏မိသားစုကြောင့်လော။ ဖုန်းယွီအနေဖြင့် အသေးစိတ် မမေးတော့ပါချေ။ “ဒါဆိုရင်လည်း မင်း လုပ်ချင်သလိုသာ လုပ်ပါ၊ ဒါပေမဲ့ မင်းကိုယ်တိုင် အဲဒီထဲမှာ နက်နက်ရှိုင်းရှိုင်း မပါဝင်ဘဲ ကိုယ်စားလှယ် တစ်ယောက်ယောက်ကိုပဲ ခိုင်းဖို့ ငါ အကြံပြုချင်တယ်”

******

အခန်း (၁၃၁၁) ဘာ... လေယာဉ်တင်သင်္ဘော နည်းပညာ ဟုတ်လား

ဖုန်းယွီသည် လက်နက်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် နိုင်ငံတော်ဘက်မှ စနစ်တကျ စဉ်းစားတွက်ချက်ထားပြီးဖြစ်သဖြင့် မိမိအနေဖြင့် ထပ်မံ၍ ပါဝင်ပတ်သက်ရန် မလိုအပ်တော့ဟု ယူဆထားခဲ့သည်။ သို့သော်လည်း ထိုသို့ တွေးတောဆင်ခြင်နေမိစဉ်မှာပင် ဟိုဟိုင်ထောင်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

“မန်နေဂျာဖုန်း... ဒီအချိန်ထိ မအိပ်သေးဘူး မဟုတ်လား”

“လောင်ဟို... ဘာလဲ၊ အခြေအနေတွေ ပြောင်းလဲသွားလို့လား” နယူးယောက်နှင့် ပီကင်း၏စံတော်ချိန် ကွာခြားမှုမှာ မနည်းလှပါချေ။ ဖုန်းယွီရှိရာဘက်တွင် ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပီကင်းတွင်မူ နံနက်ခင်း အချိန်သို့ ရောက်ရှိနေပေလိမ့်မည်။

“မင်းပြောတဲ့ အဲဒီကိစ္စကတော့ ဘာမှ ပြောင်းလဲမှု မရှိပါဘူး၊ နိုင်ငံတော်က အစကတည်းက အစုံအလင် တွက်ချက်ထားပြီးသားပါ။ ပြီးတော့ အမေရိကန်တွေကလည်း ငါတို့ကို အထင်သေးလွန်းပါတယ်။ သူတို့ ပိတ်ဆို့ချင်တိုင်း ပိတ်ဆို့လို့ ရမယ်လို့ တကယ်ပဲ ထင်နေကြတာလား။ ကမ္ဘာပေါ်မှာ အမေရိကန်ကို ဂရုမစိုက်တဲ့ နိုင်ငံတွေ အများကြီး ရှိပါသေးတယ်” ဟိုဟိုင်ထောင်းက အနည်းငယ် အထင်အမြင်သေးသည့် လေသံဖြင့် ဆိုလိုက်သည်။

မှန်ပေသည်။ အမေရိကန်သည် ယခုအခါ ကမ္ဘာ့နံပါတ်တစ် စစ်အင်အားတောင့်တင်းသော နိုင်ငံဟု ကြွေးကြော်နေစေကာမူ ဘာများ ထူးခြားသွားသနည်း။ နေရာအနှံ့တွင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလား။ ထို့ပြင် လက်ရှိဖြစ်ပွားနေသော စစ်ပွဲမှာလည်း အချိန်မည်မျှ ကြာမြင့်နေပြီနည်း၊ အမေရိကန်တို့ အောင်ပွဲ မခံနိုင်သေးသည်မှာလည်း အမှန်ပင် ဖြစ်သည်။

ထို့ထက်ပိုသည်မှာ အကယ်၍ အမေရိကန်ကို ရုရှားနှင့် တစ်ချက်လောက် ယှဉ်တိုက်ခိုင်းကြည့်လျှင် သိနိုင်ပါသည်။ ရုရှားမှာ ဆင်းရဲနေသည်မှာ မှန်သော်လည်း စစ်ပွဲ၏ ပျက်စီးဆုံးရှုံးမှုများနှင့် တွက်ချက်မည်ဆိုပါက သေချာပေါက် အမေရိကန်သာ နစ်နာသွားမည်ဖြစ်သလို၊ အမေရိကန်အနေဖြင့် အနိုင်ရရန်မှာလည်း မသေချာလှပါချေ။

“ဒါဆိုရင် ခင်ဗျား ကျွန်တော့်ဆီ ဖုန်းဆက်တာက ဘာကိစ္စလဲ”

ဖုန်းယွီသည် ဟိုဟိုင်ထောင်းအနေဖြင့် အကြောင်းကိစ္စ မရှိဘဲ မိမိနှင့် အလကားနေရင်း စကားလာပြောလိမ့်မည်ဟု မယူဆပါချေ။ ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသည့် အသိအကျွမ်းများဟုသာ ခေါ်ဆိုနိုင်ပြီး ပုံမှန် ဖုန်းပြောဆိုနေကြသည့် အဆင့်မျိုးသို့ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။

“မန်နေဂျာဖုန်း... မင်း ရုရှားက အလုပ်ရှင်ကြီးတစ်ယောက်နဲ့ အရမ်းရင်းနှီးတယ်လို့ ငါ မှတ်မိနေတယ်။ အခု ဥရောပရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ပေါ့။ အစတုန်းက ငါတို့ရဲ့ လေယာဉ်နည်းပညာ ပုံစံထုတ်ချက်တွေကိုလည်း မင်း သူ့ဆီကနေတစ်ဆင့် ဝယ်ခဲ့တာ မဟုတ်လား”

“ ခင်ဗျား ကီရီလန်ကို ကို ပြောတာလား။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က သူငယ်ချင်း အရင်းအချာတွေပါ။ စီးပွားရေး အမြောက်အမြားကိုလည်း အတူတူ ပူးပေါင်းလုပ်ဆောင်နေကြတာလေ။ ကျွန်တော့်ဘဝရဲ့ ပထမဆုံးသော ရွှေအိုးကို ရှာဖွေနိုင်ခဲ့တာကလည်း သူ့ရဲ့ အကူအညီကြောင့်ပါပဲ” ဤစကားကို ပြောလိုက်သည့်အခါ ဖုန်းယွီသည် အစောပိုင်းကာလက ညီလေးကီထံသို့ မျက်စိကန်းနေသော ဝက်ဝံအရေခွံကို ရောင်းချခဲ့သည့် ကိစ္စကို သတိရသွားကာ ပြုံးမိသွားခဲ့သည်။

ထိုစဉ်က ညီလေးကီသည် ဝက်ဝံအရေခွံကို ဈေးကြီးပေး၍ ဝယ်ယူမိသွားခဲ့မှန်း နောက်ပိုင်းတွင် သေချာပေါက် သိရှိသွားမည်ဖြစ်သော်လည်း သူသည် ထိုကိစ္စကို တစ်ခါမျှ ပြန်လည်မပြောဆိုခဲ့ပါချေ။ နောက်ပိုင်းတွင် သူတို့နှစ်ဦး စီးပွားရေးအရ အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ကြသဖြင့် ထိုကိစ္စမှာ ပြောနေရန် မလိုအပ်တော့သည် မဟုတ်ပါလား။

ယခုအချိန်တွင်မူ ထိုဝက်ဝံအရေခွံမှာ ရူဘယ် တစ်ရာမျှသာ တန်ဖိုးရှိသည်ဟု ဖုန်းယွီက ပြောလျှင်ပင် ကီရီလန်ကိုက ရယ်မော၍သာ ကျော်ဖြတ်သွားပေလိမ့်မည်။ ထိုစဉ်က ဖုန်းယွီထံတွင် အနည်းငယ် နစ်နာခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ဖုန်းယွီ၏ အကူအညီဖြင့် သူ ရရှိနေသော အကျိုးအမြတ်များမှာ အဆပေါင်း သန်းချီ၍ သာလွန်နေသောကြောင့် ဖြစ်သည်။

“မန်နေဂျာဖုန်း... ဒီ ကီရီလန်ကို ဆိုတဲ့လူက အဲဒီ ပုဂ္ဂိုလ်ကြီးရဲ့ သား မဟုတ်လား” ဟိုဟိုင်ထောင်းက ကီရီလန်ကို၏ဖခင်အမည်ကို ထည့်သွင်းပြောဆိုလိုက်သည်။

“ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ” မကြာသေးမီက တရုတ်ပြည်နှင့် ရုရှား၏ ဆက်ဆံရေးမှာ မဆိုးလှပါချေ၊ တင်းမာမှုများလည်း မရှိသလောက်ပင် ဖြစ်ရာ ဟိုဟိုင်ထောင်းက အဘယ်ကြောင့် ဤသို့ မေးမြန်းရသနည်း။

“ဒါဆိုရင် သူက သူ့အဖေနဲ့ စကားပြောလို့ ရနိုင်မလား။ အဲဒီ ပုဂ္ဂိုလ်ကြီးမှာ နောက်ထပ် သားတစ်ယောက်လည်း ရှိသေးတယ် မဟုတ်လား၊ အခု တော်တော်လေးကို အောင်မြင်နေတယ်လို့ ကြားတယ်”

“လောင်ဟို... ငါတို့တွေ ကိစ္စရှိရင် တည့်တည့်ပဲ ပြောကြရအောင်လား။ မင်းက ကီရီလန်ကို့ဆီက အကူအညီ လိုချင်တာလား၊ ဒါမှမဟုတ် သူ့အဖေဆီက အကူအညီ လိုချင်တာလား”

“ဒီကိစ္စက ကီရီလန်ကို ကိုယ်တိုင် ကူညီနိုင်မှာ မဟုတ်ပေမဲ့ သူက ကြားခံလူအဖြစ် လုပ်ဆောင်ဖို့အတွက်တော့ အသင့်တော်ဆုံးပဲ။ ငါတို့ နိုင်ငံက အခုလေးတင် အသုံးမပြုတော့တဲ့ လေယာဉ်တင်သင်္ဘော အခွံကြီး တစ်ခုကို သယ်လာတာ မင်း သိမှာပေါ့။ မကာအိုက စီးပွားရေးသမားတစ်ယောက်က ဝယ်ပြီး လောင်းကစားသင်္ဘော လုပ်မယ်လို့ အကြောင်းပြထားတဲ့ အဲဒီတစ်ခုလေ”

ဖုန်းယွီသည် မျက်လုံးတစ်ချက် ဝေ့လိုက်မိသည်။ “လမ်းဟောင်းကို ပြင်ပြီး လမ်းသစ်က ဖောက်ထွက်ခြင်း” ဟူသော ဤပရိယာယ်ကို မည်သူက မရိပ်မိဘဲ နေမည်နည်း။ မကာအို စီးပွားရေးသမားတစ်ဦးက လောင်းကစားသင်္ဘော လုပ်ရန် ဝယ်ယူခဲ့သည်ဆိုခြင်းမှာ အသိဉာဏ် နည်းပါးလွန်းသူများသာ ယုံကြည်ပေလိမ့်မည်။

လောင်းကစားသင်္ဘောက ဤမျှအထိ ကြီးမားရန် လိုအပ်ပါသလော။ ထို့ပြင် ဝယ်ယူပြီးသည်နှင့် တရုတ်စစ်တပ်ထံသို့ အလျင်အမြန် ပြန်လည်ရောင်းချလိုက်သည် မဟုတ်ပါလား။ ဈေးနှုန်းမှာလည်း ၎င်းတို့ ဝယ်ယူစဉ်က ဈေးနှုန်းအတိုင်းပင် ဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သော လေးနှစ်က ဖြစ်သည်မဟုတ်ပါလား၊ ငွေကြေးဖောင်းပွမှုကို ထည့်မတွက်လျှင်ပင် အတိုးနှုန်းကိုတော့ ထည့်သွင်း စဉ်းစားရမည် မဟုတ်ပါလား။

မှန်ပေသည်၊ ဤဗလာကိုယ်ထည်ကြီးမှာ ဟောင်းနွမ်းဆွေးမြည့်နေပြီ ဖြစ်စေကာမူ ပြန်လည်ရောင်းချရန်မှာမူ လုံးဝ မခက်ခဲလှပါချေ။ ထို့ထက်ပိုသည်မှာ ဖုန်းယွီ သေသေချာချာ သိရှိထားသည်မှာ မူလဈေးနှုန်းဟူသည်မှာ ဟန်ပြမျှသာ ဖြစ်ပြီး တရုတ်ပြည်ဘက်မှ ပေးဆောင်လိုက်ရသော အမှန်တကယ် ဈေးနှုန်းမှာ ဤထက် များစွာ ပိုမို သက်သာလှပေသည်။

သို့သော်လည်း ဤလောင်းကစားဘုရင်ကြီးမှာလည်း အကျိုးကျေးဇူးများ ရရှိခဲ့သည်။ မူလက တရုတ်ပြည်သည် ဥပဒေတစ်ခုကို ထုတ်ပြန်ရန် စီစဉ်ခဲ့သည်၊ ၎င်းမှာ တရုတ်ပြည်သူများ မကာအို ကာစီနိုများတွင် သွားရောက် ကစားခြင်းကိုလည်း လောင်းကစားအဖြစ် သတ်မှတ်ရန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကာအိုသည်လည်း တရုတ်ပြည်၏ နယ်နိမိတ်ဖြစ်သလို အထူးအုပ်ချုပ်ရေးဒေသ တစ်ခုမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ယခုမူ ထိုကိစ္စကို မည်သူမျှ ထပ်မံ၍ မပြောဆိုကြတော့ပါချေ။

ဤသို့ဖြင့် ထိုလောင်းကစားဘုရင်ကြီး၏ ကာစီနို အကျိုးစီးပွားမှာ အာမခံချက် ရရှိသွားခဲ့သလို အထက်က လူကြီးများ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ၏ အကူအညီသာ မပါခဲ့လျှင် ထိုလေယာဉ်တင်သင်္ဘော အခွံကြီးမှာ တရုတ်ပြည်၏ လက်ထဲသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါချေ။

ယခင်က တရုတ်ပြည်သည် လေယာဉ်တင်သင်္ဘောများကို မဝယ်ယူခဲ့ဖူးသည် မဟုတ်ပါချေ။ ပထမဆုံးသော လေယာဉ်တင်သင်္ဘော အခွံမှာ ဗြိတိန်၏ အသုံးမပြုတော့သော Melbourne ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြန်ရောက်သည်နှင့် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခဲ့ရသည်။

နောက်ထပ် နှစ်စင်းမှာမူ ဆိုဗီယက်ဟောင်း၏ Kiev-class လေယာဉ်တင်သင်္ဘောများ ဖြစ်ကြပြီး ၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များတွင် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည်လည်း အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရသော်လည်း ဤသင်္ဘောနှစ်စင်းလုံးကိုမူ အဆင့်မြှင့်တင်၍ တပ်ဆင်အသုံးပြုခြင်း မရှိခဲ့ပါချေ။

ဤသင်္ဘောနှစ်စင်း၏ ပစ်ခတ်မှု စွမ်းအားမှာ အလွန်တောင့်တင်းလှသလို Cruiser နှင့် လေယာဉ်တင်သင်္ဘော ပေါင်းစပ်ထားသည့် ပုံစံမျိုး ဖြစ်ကာ “လေယာဉ်တင်သင်္ဘော သတ်ဖြတ်သူ” ဟု ကျော်ကြားသော သင်္ဘောဖျက် ဒုံးကျည်များလည်း ပါဝင်နေခဲ့သည်။

သို့သော် ဤသင်္ဘောနှစ်စင်းတွင် အကြီးမားဆုံးသော ပြဿနာ တစ်ခု ရှိနေခဲ့သည်၊ ၎င်းမှာ မူလ သင်္ဘောတင် လေယာဉ်များကိုသာ အသုံးပြုရန် လိုအပ်ခြင်းပင် ဖြစ်သည်။ တရုတ်ပြည်သည် ထိုအချိန်တွင် မိမိတို့၏ ကိုယ်ပိုင် သင်္ဘောတင် လေယာဉ်များကို သုတေသနပြုနေချိန်ဖြစ်သလို၊ ဤသင်္ဘောနှစ်စင်းတွင် ပြင်းထန်သော လက်နက်များကို တပ်ဆင်ထားသဖြင့် ပြေးလမ်း အရှည်မှာ မလုံလောက်ခဲ့ပါချေ။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့ကို စွန့်လွှတ်ခဲ့ရပြီး လေ့ကျင့်ရေးများအတွက် အနည်းငယ်မျှ အသုံးပြုပြီးနောက် ဖျက်ဆီးပစ်ခဲ့ကြသည်။

ယခု ရောက်ရှိလာသော Varyagမှသာလျှင် တရုတ်ပြည်အတွက် အမှန်တကယ် သင့်တော်လှပေသည်။ သို့သော် ဝယ်ယူစဉ်ကမူ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ရသည်။

ဤ ဗားယတ်ခ် သည် မူလက ယူကရိန်း၏ ပိုင်ဆိုင်မှု ဖြစ်ပြီး၊ ၉၅ ခုနှစ်ကတည်းက ယူကရိန်းသည် လေယာဉ်တင်သင်္ဘော အသည်းအသန် လိုအပ်နေသော တရုတ်ပြည်သို့ ရောင်းချရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် အမေရိကန်က ကြားဝင် နှောင့်ယှက်ခဲ့သည်။ ဒီမိုကရေစီနည်းကျ ပိတ်ဆို့မှုများကို မခံရစေရန်အတွက် သင်္ဘောပေါ်ရှိ လက်နက်ကိရိယာ အားလုံးကို ဖျက်ဆီးပစ်ရမည် ဖြစ်ရာ၊ ဆိုလိုသည်မှာ ဗလာကိုယ်ထည်ကြီး တစ်ခုအဖြစ်သာ ရောင်းချရမည် ဖြစ်သည်။

ဗလာကိုယ်ထည်ကြီး ဖြစ်စေကာမူ တရုတ်ပြည်က အလိုရှိနေဆဲဖြစ်ရာ သုတေသန ပြုလုပ်ရန် တန်ဖိုးမှာမူ အလွန်ပင် ကြီးမားလှပေသည်။ သို့သော် သယ်ယူပို့ဆောင်ရေးတွင်မူ အမေရိကန်၏ နှောင့်ယှက်မှုကို ထပ်မံ ကြုံတွေ့ခဲ့ရပြန်သည်။

တူရကီသည် NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရန်အတွက် အမှတ်ယူလိုသဖြင့် ၎င်းတို့၏ ရေပိုင်နက်ကို ဤ “အပျော်စီးသင်္ဘော” ဟု အမည်တပ်ထားသော လေယာဉ်တင်သင်္ဘော ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ဤသင်္ဘောမှာ တစ်နှစ်ခွဲကျော်ကြာ ထပ်မံ နှောင့်နှေးခဲ့ရသည်။

ဤဗလာကိုယ်ထည်ကြီးကို အိမ်သို့ သယ်ဆောင်လာနိုင်ရန်အတွက် တရုတ်ပြည်သည် ဒေါ်လာ သန်း ၃၀ ထက်မက အသုံးပြုခဲ့ရသည်။ ဤသင်္ဘော၏ ဝယ်ယူခမှာ ဒေါ်လာ သန်း ၂၀ မျှသာ ရှိသဖြင့် သယ်ယူပို့ဆောင်ခမှာ ကုန်ပစ္စည်းထက်ပင် ပိုမို ဈေးကြီးနေခဲ့သည်။

သို့သော် ဖုန်းယွီ သိရှိထားသည်မှာ ဤလေယာဉ်တင်သင်္ဘောသည် အနာဂတ်တွင် တရုတ်ပြည်အတွက် ကြီးမားသော အထောက်အကူများ ပေးအပ်နိုင်မည်ဖြစ်သလို၊ တရုတ်ပြည်အနေဖြင့် ကိုယ်ပိုင် လေယာဉ်တင်သင်္ဘောများကို တကယ်တမ်း တည်ဆောက်နိုင်စွမ်း ရှိလာစေရန် ဖော်ဆောင်ပေးမည်ဟူသော အချက်ပင် ဖြစ်သည်။

“လောင်ဟို... အဲဒီသင်္ဘောက အိမ်ကို ရောက်နေပြီ မဟုတ်လား။ ဘာလဲ... နိုင်ငံတော်က နောက်ထပ် တစ်စင်း ထပ်ဝယ်ချင်လို့လား။ အကယ်၍ ငွေလိုတယ်ဆိုရင်တော့ ကျွန်တော် နည်းနည်းလောက် ပံ့ပိုးပေးနိုင်ပါတယ်” ဖုန်းယွီက ရက်ရက်ရောရောပင် ပြောလိုက်သည်။ ဤလေယာဉ်တင်သင်္ဘောမှာ လက်နက်များ မပါဝင်လျှင် ဒေါ်လာ သန်းဆယ်ဂဏန်းမျှသာ ရှိသဖြင့် သူ့အတွက်တော့ ငွေအနည်းငယ်မျှသာ ဖြစ်သည်။

“မဟုတ်ပါဘူး မန်နေဂျာဖုန်း... ငါပြောတာကို မင်း မှားပြီး နားလည်နေပုံရတယ်။ ငါတို့က အခုလောလောဆယ် နောက်ထပ် လေယာဉ်တင်သင်္ဘောသစ်တွေ ထပ်ဝယ်ဖို့ စိတ်မကူးသေးပါဘူး၊ ဒီတစ်ခုရဲ့ နည်းပညာကို အရင်ဆုံး အပြည့်အဝ နားလည်အောင် လုပ်ရဦးမှာလေ။ ငါတို့မှာ လိုအပ်နေတာက အခြားသော နည်းပညာတွေပါ၊ ဥပမာ- ဖယ်ရှားပစ်ခဲ့ရတဲ့ လက်နက်ကိရိယာ နည်းပညာတွေပေါ့”

ဖုန်းယွီမှာ အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ “လောင်ဟို... ခင်ဗျားဘာသဘောလဲ၊ ကျွန်တော့်ကို လက်နက်ကိရိယာ နည်းပညာတွေ သွားဝယ်ခိုင်းတာလား။ ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ၊ ဒါက လေယာဉ်တင်သင်္ဘောပေါ်က လက်နက်ကိရိယာ နည်းပညာတွေနော်”

ထိုစဉ်က ဖုန်းယွီသည် ဆိုဗီယက်ဟောင်းထံမှ နည်းပညာနှင့် စက်ကိရိယာ အမြောက်အမြားကို သယ်ယူလာနိုင်ခဲ့သည်မှာ မှန်သော်လည်း အလွန်အရေးကြီးသော နည်းပညာများနှင့် ပတ်သက်လျှင်မူ ကီရီလန်ကိုသည်ပင် တိတ်တဆိတ် ရောင်းချရန် မဝံ့ပါချေ။ သူ၏ ဖခင်ကြီးမှာ ရာထူးတိုးရန် မျှော်လင့်နေဆဲ မဟုတ်ပါလား။

ယခုအချိန်တွင်မူ ပို၍ပင် ခက်ခဲလှပေသည်။ ရုရှားသည် ပူတင်၏ အုပ်ချုပ်မှုအောက်တွင် ယခင်ကထက် များစွာ ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ငွေရလျှင် ဘာမဆို လုပ်ရဲသူများမှာလည်း ငွေယူ၍ ပြည်ပသို့ ထွက်ခွာသွားကြပြီဖြစ်စေ၊ အနားယူသွားကြပြီဖြစ်စေ သို့မဟုတ် အဖမ်းခံထားရပြီဖြစ်စေ ဖြစ်ရာ၊ ယခုခေတ် လူများကိုမူ လာဘ်ထိုးရန်မှာ မလွယ်ကူလှပါချေ။

“မန်နေဂျာဖုန်း... လွယ်ကူနေရင် မင်းဆီကို ဘာလို့ ဖုန်းဆက်နေပါဦးမလဲ။ အဲဒါထက်ပိုတာက ကီရီလန်ကိုတို့ မိသားစုမှာ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ မဟုတ်လား။ အကယ်၍ လက်နက်ကိရိယာ နည်းပညာတွေကို ဝယ်လို့ မရဘူးဆိုရင်တောင်မှ လေယာဉ်တင်သင်္ဘောရဲ့ အခြေခံ နည်းပညာတွေကို ဝယ်ယူနိုင်ရင်ကို ကျေနပ်ပါပြီ။ ဒါဆိုရင် ငါတို့ရဲ့ သုတေသန အချိန်တွေကို အများကြီး လျှော့ချပေးနိုင်မှာပါ။ မန်နေဂျာဖုန်း... နိုင်ငံတော်အတွက် မင်း တစ်ချက်လောက် စုံစမ်းကြည့်ပေးပါလား”

စုံစမ်းကြည့်ပေးရမလား။ ဖုန်းယွီမှာ အခက်တွေ့သွားရလေတော့သည်။

******

အခန်း (၁၃၁၂) ဒီကိစ္စကတော့ ကိုင်တွယ်ရ ခက်လိမ့်မယ်

ဖုန်းယွီသည် ထိုကိစ္စကို စဉ်းစားပေးမည်ဟု ကတိပြုခဲ့သော်လည်း သူ၏ စိတ်အတွင်း၌မူ အတော်လေး ဝေခွဲမရ ဖြစ်နေခဲ့သည်။

သူသည် နိုင်ငံတော်သို့ ဒေါ်လာ သန်း ရှစ်ရာ၊ တစ်ထောင်ခန့် လှူဒါန်းနိုင်သည်မှာ မှန်သော်လည်း နိုင်ငံတော်အနေဖြင့် ဤငွေကြေးများကို အသုံးပြု၍ လိုအပ်နေသော နည်းပညာများကို အောင်မြင်စွာ သုတေသနပြုနိုင်လိမ့်မည်ဟုကား အသေအချာ မပြောနိုင်ပါချေ။

ဤနည်းပညာများ မရှိပါက တရုတ်ပြည်၏ စစ်ရေးအင်အားသည် အစဉ်တစိုက် ဒုတိယတန်းစား အဆင့်တွင်သာ ရှိနေပေလိမ့်မည်။ လူအများအပြားကပင် တရုတ်ပြည်၏ ရေတပ်အင်အားသည် တတိယတန်းစားမျှသာ ရှိပြီး အာရှတွင်ပင် ဗိုလ်မမင်းနိုင်သေးဟု ပြောဆိုနေကြသည် မဟုတ်ပါလား။

ဂျပန်နိုင်ငံအပြင် အရှေ့တောင်အာရှရှိ အချို့သော နိုင်ငံများ၏ ရေတပ်သည်ပင် တရုတ်ပြည်ထက် ပိုမိုတောင့်တင်းနေခြင်းမှာ နိုင်ငံကြီးတစ်နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ ကောင်းလှသည့် အချက်ပင် ဖြစ်သည်။

တရုတ်ပြည်သည် ကမ္ဘာ့အင်အားအကောင်းဆုံး ကြည်းတပ်ရှိသည်ဟု ကြွေးကြော်နေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ အခြားနေရာများတွင်မူ ရေတပ်ကသာ အဓိက တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။ ထို့နောက်မှ လေတပ်၏ အဖျက်စွမ်းအားက လိုက်ပါလာပြီး နောက်ဆုံးမှသာ ကြည်းတပ်ကို အသုံးပြုရခြင်း ဖြစ်သည်။ လေယာဉ်တင်သင်္ဘော ဆိုသည်မှာ လေတပ်အင်အားကို ရန်သူ၏ တံခါးဝအထိ သယ်ဆောင်သွားနိုင်သည့် စစ်လက်နက်ကိရိယာပင် ဖြစ်သည်။

အမှန်စင်စစ် တရုတ်ပြည်၏ ကြည်းတပ်သည်လည်း အရေအတွက်အားဖြင့်သာ အမြောက်အမြား ရှိခြင်းဖြစ်ပြီး လက်နက်ကိရိယာပိုင်းတွင်မူ ယခုအချိန်အထိ ဒုတိယတန်းစား အဆင့်တွင်သာ ရှိနေပါသေးသည်။

ပထမကမ္ဘာစစ်မှ စတင်၍ ရေတပ်အင်အား တောင့်တင်းသော နိုင်ငံများသာလျှင် အင်အားကြီးနိုင်ငံများ ဖြစ်ခဲ့ကြသည်။ ထိုသို့မဟုတ်လျှင်မူ အခြားသူများက သင့်ကို လာရောက် တိုက်ခိုက်သည်ကိုသာ အမြဲခံနေရမည်ဖြစ်ပြီး သင်ကမူ သူတို့၏ တံခါးဝအထိ သွားရောက် တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ပါချေ။

သေချာပေါက် တိုက်ချင်းပစ် ဒုံးကျည်များ (ICBM) ပေါ်ထွက်လာပြီးနောက်တွင်မူ ဤအယူအဆမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သော်လည်း၊ တိုက်ချင်းပစ် ဒုံးကျည်များသည် နျူကလီးယား လက်နက်များကဲ့သို့ပင် မဟာဗျူဟာမြောက် လက်နက်များ ဖြစ်ကြသဖြင့် အလွယ်တကူ အသုံးမပြုနိုင်ပါချေ။ ထိုသို့မဟုတ်လျှင် အမေရိကန်သည် အာဖဂန်နစ္စတန်ကို တိုက်ခိုက်ရာတွင် ဤမျှအထိ အချိန်ကြာမြင့်နေမည် မဟုတ်ဘဲ ပြင်းထန်လှသော စစ်အင်အားဖြင့် တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်ရုံဖြင့် အနိုင်ရသွားမည် မဟုတ်ပါလား။

လက်ရှိတွင် တရုတ်ပြည်၏ ရေတပ်အင်အားကို အတန်ငယ် မြှင့်တင်ပေးနိုင်မည်ဆိုလျှင် တရုတ်ပြည်၏ စစ်ရေးစွမ်းရည် တိုးတက်မှုအတွက် ကြီးမားသော အထောက်အကူ ဖြစ်လာပေလိမ့်မည်။ တရုတ်ပြည် အင်အားတောင့်တင်းလာမှသာ ဖုန်းယွီ၏ စီးပွားရေးလုပ်ငန်းများသည်လည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည်။ နိုင်ငံငယ်လေးများမှ ကမ္ဘာ့ထိပ်တန်း သူဌေးကြီးများ ထွက်ပေါ်လာသည်ကို မင်း မြင်တွေ့ဖူးလား။

အမေရိကန်တွင် အဘယ်ကြောင့် သူဌေးကြီး အမြောက်အမြား ရှိနေရသနည်းဆိုသည်မှာ သူတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့်သာမက ကမ္ဘာ့အင်အားအကောင်းဆုံး စစ်ရေးစွမ်းရည်က သူတို့၏ စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးထားသောကြောင့်လည်း ဖြစ်သည်။

ရုပ်သံဖန်သားပြင်များပေါ်တွင် နိုင်ငံရပ်ခြား၌ အခက်အခဲနှင့် ကြုံတွေ့ရသည့်အခါ အမေရိကန်လူမျိုးများက “ငါက အမေရိကန် နိုင်ငံသားပဲ” ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်ကို မြင်တွေ့ဖူးကြမည် မဟုတ်ပါလား။

အရင်ဘဝတွင်မူ တရုတ်ပြည်သူများသည် ဤကဲ့သို့သော နစ်နာမှုများကို များစွာ ကြုံတွေ့ခဲ့ရဖူးပြီး တရုတ်ပြည် တဖြည်းဖြည်း အင်အားတောင့်တင်းလာမှသာ ကမ္ဘာ့အလယ်တွင် တရုတ်လူမျိုးများ၏ ဂုဏ်သိက္ခာမှာ ပိုမြင့်မားလာခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီသည် ယခုဘဝတွင် ထိုနေ့ရက်များကို ပိုမိုစောစီးစွာ ရောက်ရှိလာစေရန် မျှော်လင့်နေမိသည်။ ယခုအချိန်တွင် ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားက တရုတ်ပြည်ကို တဖန်ပြန်လည်အလေးထားလာကြပြီ ဖြစ်သည်။

ဖုန်းယွီသည် တရုတ်စီးပွားရေးသမားများနှင့် တရုတ်စီးပွားရေးလောကကို ကိုယ်စားပြုသည့် ပြယုဂ်တစ်ခု ဖြစ်လာခဲ့သော်လည်း ဤမျှနှင့် မလုံလောက်သေးပါချေ။ စစ်ရေးအင်အား မတောင့်တင်းပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်လာနိုင်ပေသည်။

ဥပမာအားဖြင့် အမေရိကန်သည် အခြားသော နိုင်ငံများကို ပိတ်ဆို့မှုများ အမြဲတမ်း ပြုလုပ်နိုင်ခြင်းမှာ၊ သို့မဟုတ် ဤလေယာဉ်တင်သင်္ဘော ဝယ်ယူမှုနှင့် အာကာသ နည်းပညာများတွင် ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းမှာ ၎င်းတို့၏ စီးပွားရေး ပိုမိုကောင်းမွန်သောကြောင့် မဟုတ်ဘဲ စစ်ရေးစွမ်းရည် ပိုမိုသာလွန်နေသောကြောင့် ဖြစ်သည်။

အကယ်၍ တရုတ်ပြည်သည် ရုရှားကဲ့သို့ တောင့်တင်းသော စစ်ရေးအင်အားကို ပိုင်ဆိုင်ပြီး လက်ရှိ တရုတ်ပြည်၏ စီးပွားရေး အင်အားနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် အမေရိကန်ကို ရင်ဘောင်တန်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပါချေ!

လူအများက နောက်ပြောင် ပြောဆိုကြသည်မှာ အမေရိကန်သည် သူတိုက်ချင်သည့်သူကို တိုက်သည်၊ ရုရှားသည် သူ့ကိုလာတိုက်သူကို ပြန်တိုက်သည်၊ ဗြိတိန်သည် အမေရိကန်တိုက်သူကို လိုက်တိုက်သည်၊ တရုတ်ပြည်ကျတော့ အမြဲတမ်း အနှိမ်ခံနေရသည် ဟူ၍ ဖြစ်သည်။

အမှန်တကယ်တော့ ထိုသို့မဟုတ်ပါချေ၊ အားလုံးမှာ အပြန်အလှန် အကဲခတ်နေသည့် အဆင့်တွင်သာ ရှိနေကြခြင်း ဖြစ်ပြီး အမေရိကန်သည်လည်း တရုတ်ပြည်ကို တရားဝင် စစ်ကြေညာရန် မဝံ့ပါချေ။ သေချာပေါက် တရုတ်ပြည်ဘက်ကလည်း အရင် စစ်ကြေညာမည် မဟုတ်သည်ကို ၎င်းတို့ သိရှိထားကြသည်။

တရုတ်ပြည်၏ လက်ရှိ မူဝါဒမှာ စစ်ပွဲများတွင် မပါဝင်ဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အာရုံစိုက်ကာ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်ရာ ဤအချက်မှာ မှားယွင်းသည်ဟု မဆိုနိုင်ပါချေ။

အကယ်၍ ဆိုဗီယက်ဟောင်းကဲ့သို့ စစ်ရေးအင်အား အလွန်တောင့်တင်းသော်လည်း ပြည်သူများမှာ ထမင်းပင် မဝသောက်နိုင်သည့် အခြေအနေမျိုးဆိုလျှင် ယခုလက်ရှိဘဝထက် ပိုဆိုးရွားပေလိမ့်မည်။ ပထမဦးစွာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပြီးမှသာ အခြားသော ကိစ္စရပ်များကို စဉ်းစားနိုင်မည် မဟုတ်ပါလား။

ထို့ကြောင့် တရုတ်ပြည်၏ စီးပွားရေးသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး၊ ဤတိုးတက်မှုနှုန်းမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ငွေရှိလာလျှင်မူ စစ်ဘက်ဆိုင်ရာ သုတေသနများတွင် သဘာဝကျကျပင် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။ ငွေမရှိဘဲနှင့် သုတေသနများကိုသာ အတင်းအကျပ် လုပ်ဆောင်နေမည်ဆိုပါက ဆိုဗီယက်ဟောင်း၏ လမ်းဟောင်းအတိုင်း လိုက်ပါသွားနိုင်ပြီး ၎င်းမှာ အပေါ်ယံ အင်အားကြီးမှုသာ ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ဆိုဗီယက်ဟောင်းမှာ ပြိုကွဲသွားခဲ့ရသည်။ တရုတ်ပြည်သည် ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံ မဟုတ်စေကာမူ အကယ်၍ စီးပွားရေး ပြိုလဲသွားမည်ဆိုပါက အင်အားကြီးနိုင်ငံ ဖြစ်လာမည့် အိပ်မက်မှာလည်း အရာထင်လာမည် မဟုတ်ပါချေ။

အကယ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေစဉ်မှာပင် စစ်ရေးအင်အားကိုပါ တစ်ပြိုင်နက်တည်း လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်လှပေလိမ့်မည်။

အကောင်းဆုံး နည်းလမ်းမှာ အဆင့်မြင့် နည်းပညာများကို ရယူရန်ပင် ဖြစ်သည်။ အခြားသူများ၏ အဆင့်မြင့် နည်းပညာများကို လေ့လာကာ ထိုနည်းပညာများအပေါ်တွင် ထပ်ဆင့် သုတေသနပြုခြင်းမှာ သုညမှ စတင်ရခြင်းထက် များစွာ ပိုမို လွယ်ကူလှပေသည်။

တရုတ်ပြည်၏ စစ်ရေးအင်အား တောင့်တင်းလာသည်နှင့်အမျှ အမေရိကန်ကို ချက်ချင်း ကျော်တက်ရန် မမျှော်လင့်စေကာမူ ရုရှားနှင့် ရင်ဘောင်တန်းနိုင်မည်ဆိုလျှင်ပင် အမေရိကန်သည် ထပ်မံ၍ ရန်စဝံ့တော့မည် မဟုတ်ပါချေ။

စီးပွားရေးပိုင်းတွင်မူ အရင်ဘဝက တရုတ်ပြည်သည် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ဖူးသည်။ ယခုဘဝတွင် ဖုန်းယွီ၏ အကူအညီနှင့်ဆိုပါက တိုးတက်မှုနှုန်းမှာ ပိုမြန်ဆန်လာမည်ဖြစ်သလို အချို့သော အမှားအယွင်းများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်ရာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပါချေ။

ထိုအချိန်ကျလျှင် တရုတ်ပြည်နှင့်ရုရှား ပူးပေါင်း၍ အမေရိကန်ကို တိုက်ခိုက်ရသည့် အခြေအနေမျိုး မဟုတ်တော့ဘဲ၊ ရုရှားက တရုတ်ပြည်နှင့် ပူးပေါင်းရန် အစပျိုးလာကာ အမေရိကန်ကို ဖိနှိပ်သည့် အခြေအနေမျိုး ဖြစ်လာပေလိမ့်မည်!

အာရှတွင်မူ သေချာပေါက် အရှင်သခင် ဖြစ်လာမည်ဖြစ်ပြီး ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယား တို့ကိုပါ လွှမ်းမိုးထားနိုင်ပေလိမ့်မည်။

ဖုန်းယွီသည် တွေးတောနေမိသည်မှာ ရုရှားထံမှ ဝယ်ယူခြင်းသည် ကီရီလန်ကိုအတွက် အခက်အခဲ ဖြစ်စေနိုင်သော်လည်း ယူကရိန်း သို့မဟုတ် ဘီလာရုစ် ထံမှ ဝယ်ယူမည်ဆိုလျှင်မူ မည်သို့ ရှိမည်နည်း။

ဤနိုင်ငံနှစ်ခုသည်လည်း ထိုစဉ်က ဆိုဗီယက်ဟောင်း၏ နည်းပညာ အမြောက်အမြားကို ဆက်ခံခဲ့ကြသူများ ဖြစ်သည်။ သို့သော် ဤနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်ပင် ဆိုးရွားလှသဖြင့် ရိုးရိုးလေး ပြောရလျှင် အလွန်ပင် ဆင်းရဲကြခြင်း ဖြစ်သည်။ တရုတ်ပြည်၏ လေယာဉ်တင်သင်္ဘောမှာလည်း ယူကရိန်းထံမှ ဝယ်ယူခဲ့ခြင်း မဟုတ်ပါလား။

ဖုန်းယွီသည် မေးစေ့ကို ပွတ်သပ်ရင်း အတန်ကြာအောင် စဉ်းစားနေမိသည်။ ဖြစ်နိုင်သည်မှာ ဤနိုင်ငံများထံမှ ငွေပေး၍ နည်းပညာအချို့ကို ဝယ်ယူနိုင်ပေလိမ့်မည်။ သို့သော် ကြားခံလူ တစ်ယောက်တော့ လိုအပ်ပေသည်။ ညီလေးကီအနေဖြင့် ဤအကူအညီကို ပေးလိုစိတ် ရှိမရှိကိုမူ သူ မသေချာပါချေ။

......

“ဘာ... ဖုန်း၊ ငါ နားမမှားဘူး မဟုတ်လား။ မင်းက လေယာဉ်တင်သင်္ဘော နည်းပညာကို ဝယ်ချင်တာလား။ ပြီးတော့ သင်္ဘောကိုယ်ထည်၊ စက်ပစ္စည်းတွေနဲ့ တခြား လက်နက်ကိရိယာတွေ အကုန်ပါတဲ့ အစုံအလင် နည်းပညာကိုလား” ကီရီလန်ကိုသည် ဤသတင်းကို ကြားလိုက်ရသည့်အခါ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။

သူသည် ခုနလေးတင် လူအချို့နှင့် လက်နက်ငယ် အချို့ ရောင်းချရေး ကိစ္စကို ဆွေးနွေးထားသဖြင့် မိမိကိုယ်ကိုယ် အတော်လေး ခရီးရောက်နေပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖုန်းယွီ၏ ကိစ္စနှင့် နှိုင်းယှဉ်လိုက်လျှင်မူ သူ၏ လုပ်ငန်းမှာ ကလေးကစားစရာမျှသာ ဖြစ်သွားခဲ့ရသည်။

“ညီလေးကီ... ထိုင်ပါဦး၊ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ ဒီလို စီးပွားရေးမျိုးက တော်တော်လေး ကောင်းတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်လား”

“ငါ ပြောတာက သေနတ်တို့ ဘာတို့ ရောင်းတာကို ပြောတာလေ၊ အဖျက်စွမ်းအား ပြင်းတဲ့ လက်နက်တွေကိုတောင် ငါက မရောင်းဖို့ စဉ်းစားနေတာ။ အခု မင်းကတော့ လေယာဉ်တွေ၊ တင့်ကားတွေကိုတောင် ကျော်ပြီး လေယာဉ်တင်သင်္ဘောကိုပါ ကိုင်တွယ်ဖို့ ပြင်နေပြီပေါ့။ ခဏနေဦး... မင်းက တရုတ်ပြည်ကို ကိုယ်စားပြုတာလား” ကီရီလန်ကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီ ကိုယ်တိုင် လေယာဉ်တင်သင်္ဘော ဝယ်ယူ၍လည်း ဘာမျှ အသုံးဝင်မည် မဟုတ်ရာ သေချာပေါက် တရုတ်ပြည်အတွက် ဖြစ်ရပေမည်။

ဖုန်းယွီက ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်ပါချေ။ ဝယ်ယူပြီးလျှင် နိုင်ငံတော်သို့ လှူဒါန်းမည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု ဆိုလျှင်လည်း မှားမည် မဟုတ်ပါချေ။

“ဟုတ်ပါတယ်၊ ငါက နည်းပညာအချို့ ဝယ်ပြီး နိုင်ငံတော်ကို လှူချင်လို့ပါ။ မင်း သိတဲ့အတိုင်း ငါတို့ တရုတ်ပြည်ရဲ့ ရေတပ်က အရမ်း အားနည်းနေတယ်လေ။ ညီလေးကီ... မင်း ငါ့ကို တစ်ချက်လောက် ကူညီပေးနိုင်မလား”

ကီရီလန်ကို၏ မျက်နှာတွင် ခက်ခဲနေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။ “ဖုန်း... ဒီကိစ္စက ငါ့ရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်နေပုံရတယ်၊ တကယ်ပဲ ကိုင်တွယ်ရ ခက်လိမ့်မယ်”

သူသည် ဖုန်းယွီကို အမှန်တကယ် ကူညီလိုသော်လည်း... သူ မလုပ်နိုင်ပါချေ။

ဖုန်းယွီသည် ထိုအခါမှ ကြိုတင် စဉ်းစားထားသော စကားများကို ပြောဆိုလိုက်တော့သည်။ “ညီလေးကီ... ရုရှားဆီကပဲ ဝယ်ရမယ်လို့ မဆိုလိုပါဘူး။ ယူကရိန်းနဲ့ ဘီလာရုစ်တို့ရဲ့ နည်းပညာတွေကလည်း ငါတို့ တရုတ်ပြည်ထက် အများကြီး သာတာပဲလေ။ လစ်သူယေးနီးယား တို့လို နိုင်ငံတွေလည်း ရတာပဲ။ ပြီးတော့ ဒီနိုင်ငံတွေက အခု အတော်လေး ဆင်းရဲနေကြတာဆိုတော့၊ ငါ့မှာလည်း သုံးစရာနေရာ မရှိအောင် များနေတဲ့ ငွေတွေ ရှိနေတာ တိုက်ဆိုင်သွားတာပေါ့”

“မင်းက အဲဒီနိုင်ငံတွေဆီက ဝယ်ချင်တာလား။ ဒါကတော့... ဖြစ်နိုင်မလားဆိုတာ ငါလည်း မသေချာဘူး၊ မင်းအတွက် စုံစမ်းပေးကြည့်ပါ့မယ်။ ဒါပေမဲ့ မင်း လိုချင်တာက နည်းပညာ မဟုတ်လား၊ အဲဒီဈေးနှုန်းက လေယာဉ်တင်သင်္ဘော တစ်စင်းရဲ့ ဈေးနှုန်းထက်တောင် အများကြီး ပိုပြီး ကြီးနိုင်တယ်နော်”

အဘယ်ကြောင့်ဆိုသော် အချောထည် ပစ္စည်းများတွင် နည်းပညာ ကာကွယ်မှုများ ရှိနေတတ်သဖြင့် မင်းက အစိတ်စိတ်အမွှာမွှာ ဖြုတ်ကြည့်လျှင်ပင် ပျက်စီးသွားနိုင်သလို နည်းပညာကိုလည်း နားလည်နိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော် နည်းပညာ ပုံစံထုတ်ချက်များမှာမူ ထိုမျှအထိ မခက်ခဲလှပါချေ။ အချို့သော အချက်အလက်များ ကျန်ရှိနေစေကာမူ အချောထည်ကို ဖြုတ်ကြည့်ခြင်းထက်မူ များစွာ ပိုလွယ်ကူလှပြီး၊ အရေးကြီးဆုံးမှာ စမ်းသပ်မှုများအတွက် ကုန်ကျစရိတ် အမြောက်အမြားကို သက်သာစေခြင်းပင် ဖြစ်သည်။

ဖုန်းယွီက ပြုံးလိုက်ကာ ဆိုလိုက်လေတော့သည်။ “ကိစ္စမရှိပါဘူး၊ ဈေးကြီးတာကို ငါ မကြောက်ဘူး”

All Chapters