အခန်း (၁၃၁၃-၁၃၁၅)
Vol. 89 Ch. 1313-1315
အခန်း (၁၃၁၃) Minskသို့ ခရီးစဉ်
နှစ်ရက်မျှ စောင့်ဆိုင်းပြီးနောက် ဖုန်းယွီသည် နောက်ဆုံးတွင် ကီရီလန်ကိုထံမှ သတင်းကောင်းကို ကြားသိလိုက်ရသည်။
“ဖုန်း... အချိန်ရှိလား၊ ငါနဲ့အတူ Minskကို တစ်ခေါက် လိုက်ခဲ့ပါဦး”
ဖုန်းယွီ အလွန်ဝမ်းသာသွားသည်။ ကီရီလန်ကိုက ဤသို့ပြောခြင်းမှာ ကိစ္စရပ်များ အောင်မြင်ရန် အလားအလာရှိသည်ဟု ဆိုလိုခြင်းပင်။ ရလဒ်က မည်သို့ဖြစ်မည်ကို အသေအချာ မသိနိုင်သေးစေကာမူ ကီရီလန်ကိုက မလုပ်နိုင်ပါဟု ပြောသည်ထက်စာလျှင်မူ များစွာ ပိုမိုကောင်းမွန်လှပေသည်။
“အချိန်ရှိတာပေါ့၊ ဘယ်အချိန်မဆို သွားနိုင်တယ်”
အကယ်၍ ဖုန်းယွီ တစ်ဦးတည်းသာ Minskသို့ သွားရမည်ဆိုပါက သူ အနည်းငယ် စဉ်းစားရဦးမည် ဖြစ်သည်။ သို့သော် ကီရီလန်ကိုနှင့်အတူ သွားရမည်ဖြစ်သဖြင့် ပြဿနာမရှိနိုင်ဟု သူက ယူဆထားသလို အနည်းဆုံးတော့ လုံခြုံရေးအတွက်မူ အပြည့်အဝ အာမခံချက် ရှိနေခဲ့သည်။
ဖုန်းယွီသည် ဤသတင်းကောင်းကို ဟိုဟိုင်ထောင်းအား အသိပေးလိုက်ကာ မိမိကိုယ်တိုင် သွားရောက် စမ်းသပ်ကြည့်မည်ဖြစ်ကြောင်းနှင့် အကယ်၍သာ ဝယ်ယူနိုင်ခဲ့မည်ဆိုပါက မည်မျှပင် ကုန်ကျပါစေ မိမိဘာသာ အကုန်အကျခံ၍ နိုင်ငံတော်သို့ လှူဒါန်းမည်ဖြစ်ကြောင်း အထက်သို့ တစ်ဆင့်စကား ပါးခိုင်းလိုက်သည်။
လူအချို့မှာ မိမိ၏နိုင်ငံအပေါ် သံယောဇဉ် အလွန်နည်းပါးသော်လည်း အချို့မှာမူ အလွန်ပင် ကြီးမားလှပေသည်။ သို့သော် ဂျူးလူမျိုးများကဲ့သို့ပင် တရုတ်လူမျိုးများသည်လည်း အုပ်စုတစ်ခုအဖြစ် ရှိနေကြပြီး အနာဂတ်တွင် မင်းသည် မည်သည့်နိုင်ငံသား ဖြစ်နေပါစေ အခြားသူများက မင်းကို တရုတ်လူမျိုးဟုသာ ခေါ်ဆိုကြပေလိမ့်မည်။
ဖုန်းယွီသည် မိမိ၏ နိုင်ငံအပေါ် သစ္စာစောင့်သိမှု မြင့်မားသူ ဖြစ်သလို စီးပွားရေး လုပ်ဆောင်သည့် အခါတွင်လည်း တရုတ်လူမျိုးများနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်းကို ပိုနှစ်သက်သူ ဖြစ်သည်။ သေချာပေါက် တစ်ဖက်လူကသာ မိမိကိုယ်ကို တရုတ်လူမျိုးအဖြစ် အသိအမှတ် မပြုတော့ပါက ဖုန်းယွီသည်လည်း ထိုသူအပေါ်တွင် မည်သည့် အထူးအခွင့်အရေးမျှ ပေးတော့မည် မဟုတ်ပါချေ။
ယခုတစ်ကြိမ်သည် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။ အကယ်၍သာ အောင်မြင်ခဲ့မည်ဆိုပါက တရုတ်ပြည်၏ စစ်ရေးအင်အားမှာ များစွာ မြင့်တက်လာပေလိမ့်မည်။ ယခုတစ်ကြိမ် အမေရိကန်က အာဖဂန်နစ္စတန်ကို တိုက်ခိုက်ရာတွင် လေဆိပ်မရှိစေကာမူ လေယာဉ်တင်သင်္ဘောကို အားကိုးခြင်းဖြင့် ကောင်းမွန်သော ဝေဟင်ပံ့ပိုးမှုများကို ရရှိခဲ့သည် မဟုတ်ပါလား။ ထိုသို့မဟုတ်လျှင် တိုက်ပွဲမှာ ယခုထက် ပိုခက်ခဲနိုင်သလို အမေရိကန် စစ်သားများလည်း ပိုမိုသေကြေပျက်စီးနိုင်ပေသည်။
လေယာဉ်တင်သင်္ဘော၏ အဓိက အခန်းကဏ္ဍမှာ “ပင်လယ်ပြင်ရှိ ရွေ့လျား လေယာဉ်ကွင်း” ပင် ဖြစ်သည်။ ခေတ်သစ် စစ်ပွဲများတွင် လေယာဉ်များ၏ အခန်းကဏ္ဍမှာ တစ်နေ့ထက်တစ်နေ့ ပိုကြီးမားလာနေသလို အနာဂတ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ လေယာဉ်တင်သင်္ဘော မရှိသော နိုင်ငံတစ်နိုင်ငံသည် စစ်ရေးအင်အား တောင့်တင်းသော နိုင်ငံအဖြစ် ဘယ်သောအခါမှ အသိအမှတ်ပြုခံရမည် မဟုတ်ပါချေ။
တရုတ်ပြည်တွင် နျူကလီးယား လက်နက်များ စောစီးစွာကတည်းက ရှိနေခဲ့စေကာမူ အဘယ်သို့သော အကျိုးကျေးဇူး ရှိသနည်း။ ဤအရာကို မည်သူကမျှ အရင်ဦးဆုံး အသုံးပြုဝံ့ကြမည် မဟုတ်ဘဲ အပြန်အလှန် ထိန်းကျောင်းနိုင်ရုံမျှသာ ရှိသည် မဟုတ်ပါလား။ အခြားသော စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက တရုတ်ပြည်သည် အင်အားကြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကွာဟချက် များစွာ ရှိနေသေးသည်ကို တွေ့ရှိနိုင်ပါသည်။
......
လေယာဉ် ဆင်းသက်ပြီးနောက် ဖုန်းယွီနှင့် ကီရီလန်ကိုတို့သည် Minsk လေဆိပ်တွင် ပေါ်လာခဲ့ကြသည်။
လေဆိပ်တွင် အရှည်ချဲ့ထားသော Bentley ကားတစ်စီး ရပ်ထားပြီး ကီရီလန်ကို ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ကားပေါ်မှ လူငယ်တစ်ဦး ဆင်းလာကာ အဝေးမှနေ၍ ကီရီလန်ကိုထံသို့ လက်နှစ်ဖက် ဆန့်တန်း၍ နှုတ်ဆက်လိုက်သည်။
ဖုန်းယွီ အနည်းငယ် အံ့သြသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်မှာ ကြည့်ရသည်မှာ သူ၏ထက်ပင် ပို၍ နုပျိုနေသောကြောင့် ဖြစ်သည်။
ကီရီလန်ကိုသည် ထိုသူနှင့် အားတက်သရော ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ဖုန်းယွီအား မိတ်ဆက်ပေးလိုက်သည်။ “ဖုန်း... ဒါကတော့ ငါ မင်းကို ပြောပြဖူးတဲ့ အလက်ဇန္ဒားပဲ။ အလက်ဇန္ဒား... ဒါကတော့ မင်း အမြဲတမ်း ဆုံတွေ့ချင်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် - ဖုန်း ပဲ”
ဖုန်းယွီသည် အလက်ဇန္ဒား၏ လက်ကို ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သော်လည်း အလက်ဇန္ဒားက သူ့ကို ဆွဲယူလိုက်သဖြင့် သူတို့နှစ်ဦးမှာလည်း ပွေ့ဖက်ခြင်းဖြင့်သာ နှုတ်ဆက်လိုက်ရတော့သည်။
ကံကောင်းသည်မှာ ဤသူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဖုန်းယွီနှင့် အတူတူပင် ဖြစ်သဖြင့် ညီလေးကီကဲ့သို့ အားပြင်းပြင်းဖြင့် ပွေ့ဖက်ခြင်းမျိုး မဟုတ်ရာ ဖုန်းယွီအနေဖြင့် အသက်ရှူချောင်သွားခဲ့ရသည်။
“ကီရီလန်ကို၊ ဖုန်း... ကျေးဇူးပြုပြီး ကားပေါ် တက်ကြပါဦး”
အပြင်ပန်းကြည့်လျှင် တောက်ပြောင်နေသော ဤအရှည်ချဲ့ Bentley ကားကြီးပေါ်သို့ တက်လိုက်သည့်အခါ အတွင်းပိုင်းမှာမူ ဖုန်းယွီ ထင်သလောက် မဟုတ်လှချေ။ Songjiang အရှည်ချဲ့ စိတ်ကြိုက်ထုတ် မော်ဒယ်လောက်ပင် ဇိမ်မကျလှဘဲ မော်ဒယ်ဟောင်း ဖြစ်နေသည်မှာ သိသာလှသည်။
ကြည့်ရသည်မှာ ဤသူ၏ ကြွယ်ဝမှုမှာ ကိယက်ဗ်မှ ညီလေးကီနှင့်ဆိုလျှင် များစွာကွာဟနေပေလိမ့်မည်။ သို့သော် ယူကရိန်း၏ စီးပွားရေးသည် ဘီလာရုစ်ထက် ပိုမိုကောင်းမွန်သည်ကို တွေးတောလိုက်သည့်အခါတွင်မူ ဖုန်းယွီအနေဖြင့် များစွာအံ့သြမနေတော့ပါချေ။
ဆိုဗီယက် မဟာမိတ်ဟောင်းများထဲတွင် တတိယမြောက် အင်အားအကြီးဆုံး နိုင်ငံဖြစ်ခဲ့စေကာမူ အနာဂတ်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၅၀ စာရင်းတွင်ပင် မပါဝင်နိုင်တော့ခြင်းက ဆိုဗီယက် ပြိုကွဲချိန်တွင် ဘီလာရုစ် ရရှိခဲ့သော အကျိုးကျေးဇူးမှာ ယူကရိန်းထက် များစွာ နည်းပါးခဲ့သလို ရုရှားနှင့်ဆိုလျှင်မူ နှိုင်းယှဉ်၍ပင် မရနိုင်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
“ဖုန်း... ဒီအရက်ကို မြည်းကြည့်ပါဦး၊ ဒါက မင်းတို့ တရုတ်ပြည်က တင်သွင်းထားတဲ့ Yellow Wine ပဲ။ ဒီဂရီ အတော်လေး နိမ့်ပါတယ်။ မင်းက ပြင်းတဲ့ အရက်တွေကို သိပ်မကြိုက်ဘူးလို့ ကီရီလန်ကိုဆီက ကြားထားလို့ပါ”
ဖုန်းယွီသည် ပြုံး၍ လက်ခံလိုက်ကာ တစ်ငုံ မြည်းကြည့်လိုက်ရာ ဒီဂရီမှာ တကယ်ပင် နိမ့်လှပြီး သာမန်ဝိုင်နီများနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ဖုန်းယွီသည် အမြောက်အမြား သောက်ရန် စိတ်မကူးဘဲ တစ်ငုံ မြည်းပြီးနောက်တွင် လက်ထဲ၌သာ ကိုင်ထားလိုက်သည်။
အကြောင်းကိစ္စများကို မဆွေးနွေးမီတွင် ဖုန်းယွီသည် မူးယစ်နေရန် မလိုလားပါချေ။ ပါးနပ်သော စီးပွားရေးသမားတိုင်းသည် အမြဲတမ်း သတိရှိနေရမည် ဖြစ်သည်။ အရက်ဝိုင်းတွင် တစ်ဖက်လူကို မူးအောင် တိုက်နိုင်မှသာ စာချုပ်ချုပ်ဆိုနိုင်သူများမှာမူ တကယ့် စီးပွားရေး စင်မြင့်ထက်သို့ တက်လှမ်းနိုင်ကြသူများ မဟုတ်ပါချေ။
“အရသာ မဆိုးပါဘူး၊ ဒီနေရာမှာ ကိုယ့်နိုင်ငံက ထွက်တဲ့ အရက်ကို သောက်ရတာ တကယ်ပဲ ထူးခြားတဲ့ ခံစားချက်ပါပဲ၊ ကျေးဇူးတင်ပါတယ်”
“ဟားဟားဟား... ဖုန်း၊ မင်းက ကီရီလန်ကို ပြောခဲ့သလိုပါပဲ၊ ဒီဂရီနိမ့်တဲ့ အရက်ကိုတောင် တစ်ငုံချင်းပဲ သောက်တာပဲနော်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ မင်းကို လှောင်မှာ မဟုတ်ပါဘူး”
ဖုန်းယွီသည် ကီရီလန်ကိုအား အနည်းငယ် အားမလိုအားမရဖြစ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသလို တစ်ပြိုင်နက်တည်းမှာပင် စိတ်ပျက်သွားခဲ့ရသည်။ အရက်မသောက်ချင်တာကိုပဲ လှောင်ပြောင်ခံနေရတာလား။
“အလက်ဇန္ဒား... မင်းက ဒီလောက် နုပျိုနေပါလျက်နဲ့ အခုလို အောင်မြင်မှုတွေ ရရှိထားတာက တကယ်ပဲ လေးစားစရာ ကောင်းလှပါတယ်”
“ဖုန်း... ငါ့ကို မလှောင်ပါနဲ့ဦး၊ ငါ့ရဲ့ ဒီအောင်မြင်မှုလေးက မင်းတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ပြီးတော့ ငါက ငါ့အဖေကို အားကိုးပြီးမှ ဒီလို ဖြစ်လာတာလေ။ ကီရီလန်ကို ပြောတာတော့ မင်းက ကိုယ်တိုင် ဘဝကို တည်ဆောက်ခဲ့တာဆို”
ဖုန်းယွီ သဘောပေါက်သွားသည်။ သေချာပေါက် ဤအလက်ဇန္ဒားသည်လည်း ဘီလာရုစ်မှ ဒုတိယမျိုးဆက်တစ်ဦးပင် ဖြစ်ရမည်။ ဤမျှ နုပျိုသော အသက်အရွယ်နှင့် ကီရီလန်ကိုက ရင်းနှီးစွာ ဆက်ဆံနေခြင်းမှာ ထိုသူ၏ မိသားစုဝင် တစ်ဦးဦးသည် ဘီလာရုစ်၏ အဆင့်မြင့် အရာရှိကြီး တစ်ဦး ဖြစ်နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
နှမြောစရာ ကောင်းသည်မှာ ဖုန်းယွီသည် ဘီလာရုစ်အကြောင်းကို များစွာမသိရှိခြင်းပင် ဖြစ်သည်။ ထိုသို့မဟုတ်လျှင်မူ ဤသူ၏ ဖခင် သို့မဟုတ် အဖိုးမှာ မည်သူဖြစ်မည်ကို ခန့်မှန်းကြည့်နိုင်ပေလိမ့်မည်။
“အလက်ဇန္ဒား... မင်းလည်း ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ဦး။ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အမြဲတမ်း အဆင်ပြေနေတာပဲ မဟုတ်လား” ကီရီလန်ကိုက ရယ်မောရင်း ပြောလိုက်သည်။
“ဒါပေါ့... ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကို အဆင်ပြေပါတယ်။ မင်းသာ ငါ့ကို သတိမပေးခဲ့ရင်၊ ပြီးတော့ အကျိုးတူ စူပါမားကတ် ဆိုင်ခွဲတွေ မဖွင့်ခဲ့ရင် ငါ့မှာ အခုလို ပိုင်ဆိုင်မှုမျိုး ရှိလာမှာ မဟုတ်ဘူး”
ဤအလက်ဇန္ဒားသည် ဘီလာရုစ်ရှိ ဝင်ရိုးစွန်းဝက်ဝံ စူပါမားကတ် အုပ်စု၏ အကျိုးတူ မိတ်ဖက်ဖြစ်နေသည်ကို ဖုန်းယွီ အစောပိုင်းက မသိရှိခဲ့ပါချေ။
ကီရီလန်ကို၏ ရွေးချယ်ခံရသော မိတ်ဖက် ဖြစ်နေခြင်းကပင် ဤသူ၏ မိသားစု အဆင့်အတန်းမှာ ဘီလာရုစ်တွင် မရိုးရှင်းကြောင်း သက်သေပြနေခဲ့သည်။ ကီရီလန်ကို၏ အမြင်မှာ အလွန် မြင့်မားလှပေရာ ဆိုဗီယက် မဟာမိတ်ဟောင်း နိုင်ငံများတွင် သူရှာဖွေသော မိတ်ဖက်များမှာ နောက်ခံ အင်အားတောင့်တင်းသူများသာ ဖြစ်ကြပြီး၊ သာမန် နောက်ခံရှိသူများကိုမူ ကီရီလန်ကိုက လုံးဝ အရေးမလုပ်ပါချေ။
“စူပါမားကတ် စိတ်ကူးကို အစပျိုးပေးခဲ့တာက ဖုန်းပဲလေ။ တရုတ်ပြည်ရဲ့ အကြီးဆုံး စူပါမားကတ် ဆိုင်ခွဲအုပ်စုဖြစ်သလို အခုအချိန်မှာ ကမ္ဘာ့စတုတ္ထအဆင့် ရှိနေတဲ့ စူပါမားကတ် အုပ်စုကိုလည်း ဖုန်းကပဲ တည်ထောင်ခဲ့တာပေါ့” ကီရီလန်ကိုက ရယ်မောရင်း ဆိုလိုက်သည်။
အမှန်စင်စစ် ထိုက်ဟွာ စူပါမားကတ် အုပ်စု၏ အတိုင်းအတာမှာ စတုတ္ထအဆင့် ရှိနေခြင်း ဖြစ်စေကာမူ ပိုင်ဆိုင်မှု အနေဖြင့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းကြီးများနှင့် နှိုင်းယှဉ်လျှင်မူ ကွာဟချက် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ပိုင်ဆိုင်မှု သက်သက်ဖြင့်သာ တွက်ချက်မည်ဆိုပါက ထိပ်တန်း ဆယ်ခုအတွင်းမှာပင် ပါဝင်နိုင်မည် မဟုတ်ပါချေ။
သို့သော် ဈေးကွက်အနေဖြင့် ကြည့်မည်ဆိုပါကမူ Walmartနှင့်Carrefourတို့ပြီးလျှင် တတိယနေရာတွင် ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ထိုက်ဟွာ စူပါမားကတ် အုပ်စု၏ အနာဂတ် အလားအလာမှာ ရှေ့ကကုမ္ပဏီကြီး နှစ်ခုထက်ပင် ပိုမို ကြီးမားလှပေရာ တရုတ်ပြည် ဈေးကွက်တစ်ခုတည်းနှင့်တင် Walmartနှင့်Carrefourတို့ကို အားကျ၊မနာလို ဖြစ်စေရန် လုံလောက်လှပါသည်။
ကမ္ဘာ့ပဉ္စမအဆင့်ရှိသော စူပါမားကတ် အုပ်စုမှာမူ လက်ရှိ ဝင်ရိုးစွန်းဝက်ဝံ စူပါမားကတ်ပင် ဖြစ်သည်။ ၎င်းသည် ထိုက်ဟွာ စူပါမားကတ်ကဲ့သို့ပင် အတိုင်းအတာ ကြီးမားပြီး ဈေးကွက် ရရှိထားသော်လည်း အမြတ်အစွန်းနှင့် ပိုင်ဆိုင်မှုမှာမူ အခြားသော ဧရာမ လုပ်ငန်းစုကြီးများကို မမှီသေးပါချေ။ သို့သော် အလားအလာမှာမူ အလွန်ပင် ကောင်းမွန်လှပေသည်။
“သေချာပေါက် ဖုန်းကိုလည်း ကျေးဇူးတင်ရမှာပေါ့။ မင်းတို့ တရုတ်ပြည်ရဲ့ ထုံးတမ်းစဉ်လာအတိုင်းဆိုရင် တစ်နေရာကို ရောက်လာတဲ့အခါမှာ ကြိုဆိုပွဲ ကျင်းပရမယ် မဟုတ်လား။ ငါ အားလုံး စီစဉ်ထားပြီးပါပြီ၊ ဖုန်း... မင်းလည်း မြည်းကြည့်ပါဦး၊ ငါတို့ Minskရဲ့ အကောင်းဆုံး ဟင်းလျာတွေကိုပေါ့။ ထမင်းစားတဲ့ အခါမှာလည်း မင်းတို့ တရုတ်ပြည် ထုံးစံအတိုင်း အရက်သောက်ရမယ် မဟုတ်လား”
ဖုန်းယွီ၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားရသည်။ ဤအလက်ဇန္ဒားသည်လည်း ကီရီလန်ကိုကဲ့သို့ပင် “အရက်စည်ကြီး” ထဲမှ ဆင်းသက်လာသူများလောဟု သူ တွေးတောနေမိလေတော့သည်။
******
အခန်း (၁၃၁၄) ကြီးမားလှသော အလိုဆန္ဒ
ဖုန်းယွီသည် ဆိုဗီယက်စတိုင် ဟင်းလျာများကို မြည်းစမ်းဖူးပြီးသား ဖြစ်သည်။ Minskနှင့် မော်စကိုမှာ အနည်းငယ် ကွဲပြားသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပါချေ။
ထို့ပြင် ဖုန်းယွီသည် ဤနေရာသို့ အပျော်လာခြင်း မဟုတ်သလို စားသောက်ရန် လာခြင်းလည်း မဟုတ်ပါချေ။ သူသည် လေယာဉ်တင်သင်္ဘော နည်းပညာအချို့ကို ဝယ်ယူပြီး နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်လိုသည့် စိတ်ဆန္ဒဖြင့် လာခြင်း ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဖုန်းယွီ ထမင်းစားပွဲတွင် ထိုင်နေစဉ်အတွင်း အလက်ဇန္ဒားက အမြဲတမ်း ခွက်မြှောက်၍ တိုက်နေခြင်းပင် ဖြစ်သည်။ ဖုန်းယွီက တစ်ကြိမ်လျှင် တစ်ငုံမျှသာ မြည်းသော်လည်း အလက်ဇန္ဒားက ဂရုမစိုက်ပါချေ။ သို့သော် ဖုန်းယွီ ကိုယ်တိုင်ကမူ အနည်းငယ် အားနာလာမိသည်။
“အလက်ဇန္ဒား... ဒီဟင်းလျာတွေက အရမ်းအရသာရှိပါတယ်၊ မင်းရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ အခု ငါတို့ စီးပွားရေးအကြောင်း ဆွေးနွေးကြရင် ဘယ်လိုလဲ” ဖုန်းယွီက တည့်တည့်တိုးတိုးပင် ပြောလိုက်သည်။ သူသည် အလက်ဇန္ဒားက အခြားသော ဖျော်ဖြေရေး အစီအစဉ်များ ထပ်မံ စီစဉ်မည်ကို စိုးရိမ်နေမိသည်။
ဖုန်းယွီ၏ အလျင်စလို ဖြစ်နေမှုကို မြင်လိုက်ရသည့်အခါ အလက်ဇန္ဒားက စိတ်ထဲမှ ကြိတ်၍ကျေနပ်သွားခဲ့သည်။ တစ်ဖက်လူက အလျင်လိုလေလေ ဤကိစ္စကို အလေးထားလေလေ ဖြစ်ကြောင်း ပြသနေခြင်းဖြစ်ရာ သူက ပိုမြင့်မားသော ဈေးနှုန်းကို တောင်းဆိုနိုင်မည် မဟုတ်ပါလား။
“သေချာပေါက် ရတာပေါ့၊ ငါတို့ စာကြည့်တိုက်ထဲကို သွားပြီး ဆွေးနွေးကြမလား”
၎င်းတို့ သုံးဦးသည် စာကြည့်တိုက်အတွင်းသို့ ရွှေ့ပြောင်းသွားကြပြီး အစေခံများက လက်ဖက်ရည် ဖျော်ပေးပြီးနောက် တံခါးကို ပိတ်၍ ထွက်သွားခဲ့ကြသည်။
“ဖုန်း... ကီရီလန်ကို ပြောတာတော့ မင်းက ငါတို့ ဘီလာရုစ်ရဲ့ သင်္ဘောတည်ဆောက်ရေး နည်းပညာအချို့ကို စိတ်ဝင်စားနေတယ်ဆို”
ဖုန်းယွီက ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်ကာ ဆိုလိုက်သည်။ “မှန်ပါတယ်၊ ငါ အရမ်း စိတ်ဝင်စားတယ်။ ငါက သင်္ဘောကျင်း တစ်ခု တည်ဆောက်ဖို့ စိတ်ကူးထားတာမို့လို့ သင်္ဘောနဲ့ ဆက်စပ်တဲ့ နည်းပညာတွေကို ပိုပြီး စိတ်ဝင်စားနေတာပါ”
ဤသူ သုံးဦးလုံးက သင်္ဘောကျင်း တည်ဆောက်မည်ဆိုခြင်းမှာ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်ကို သိရှိထားကြသည်။ လေယာဉ်တင်သင်္ဘော နည်းပညာနှင့် တူညီသော နည်းပညာ လိုအပ်သည့် သာမန် သင်္ဘောကျင်းဟူ၍ မရှိပါချေ။
“တိုက်ဆိုင်လိုက်တာ၊ ငါ့ဆီမှာ အဲဒီနည်းပညာတွေကို ရနိုင်မယ့် လမ်းကြောင်း ရှိနေတယ်။ ဒါပေမဲ့ ဖုန်း... မင်းလည်း နားလည်မှာပါ၊ ကီရီလန်ကိုက မင်းကို ငါ့ဆီ ခေါ်လာတယ်ဆိုကတည်းက သူ ရုရှားမှာ အဲဒီနည်းပညာတွေကို ဝယ်လို့မရလို့ဆိုတာ သိသာနေတာပဲ”
အလက်ဇန္ဒား၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ မင်းတို့ ဝယ်လို့မရတာကို ငါက ရအောင် လုပ်ပေးနိုင်သည် ဖြစ်ရာ ဈေးနှုန်းမှာလည်း သေချာပေါက် မြင့်မားပေလိမ့်မည်။
ဖုန်းယွီသည် ဤအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ ဤနေရာသို့ လာကတည်းက ငွေကို နှမြောနေရန် မဟုတ်သည်ကို သိရှိထားသည်။ ဈေးနှုန်း အနည်းငယ် မြင့်မားစေကာမူ သူ လက်ခံနိုင်ပါသည်။
“ဒါကြောင့်ပဲ ငါတို့ မင်းဆီကို လာခဲ့တာပေါ့၊ မင်းမှာ နည်းလမ်း ရှိတယ်လို့ ကြားလို့ပါ”
အလက်ဇန္ဒားက အနည်းငယ် ဂုဏ်ယူဝင့်ကြွသော မျက်နှာထားဖြင့် ဆိုလိုက်သည်။ “ငါ့မှာ နည်းလမ်း ရှိတာတင် မဟုတ်ဘူး၊ သေချာပေါက် ရအောင် ယူပေးနိုင်တာပါ”
“ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့၊ မင်းက ဘယ်လို နည်းပညာတွေကို ရအောင် လုပ်ပေးနိုင်မှာလဲ” ဖုန်းယွီက အသေးစိတ် စုံစမ်းလိုက်သည်။
ဆိုဗီယက်ဟောင်း၏ ရေတပ် သင်္ဘောတည်ဆောက်ရေး နည်းပညာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်မှု များစွာ မရှိခဲ့ပါချေ။ အထူးသဖြင့် ဘီလာရုစ်သည် ပင်လယ်နှင့် မနီးစပ်သဖြင့် နည်းပညာ တိုးတက်မှုမှာ ပို၍ပင် နည်းပါးလှသည်။ ဖုန်းယွီသည် ဘီလာရုစ်၏ နည်းပညာမှာ ဆိုဗီယက်လက်ထက်ကအတိုင်း ရှိနေပြီး ဘာမှ တိုးတက်လာခြင်း မရှိမည်ကိုပင် သံသယ ဖြစ်နေမိသည်။
ထိုအချိန်အတွင်း တရုတ်ပြည်၏ သင်္ဘောတည်ဆောက်ရေး နည်းပညာမှာမူ အဆက်မပြတ် တိုးတက်နေခဲ့သည်။ ကမ္ဘာ့ထိပ်တန်း အဆင့်နှင့် ကွာဟချက် ရှိနေသေးသော်လည်း အချို့သော နည်းပညာများတွင်မူ များစွာ မကွာခြားတော့ပါချေ။ ဖုန်းယွီအနေဖြင့် ဈေးကြီးပေး၍ ခေတ်နောက်ကျနေသော နည်းပညာများကို ဝယ်ယူမိရန် မလိုလားပါချေ။
အရင်ဘဝတွင် ရုရှားသည် နောက်ဆုံး၌ လေယာဉ်တင်သင်္ဘော တစ်စင်းတည်းကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ သေချာပေါက် ၎င်းတို့တွင် မည်သည့်အချိန်မဆို လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်သည့် စွမ်းရည် ရှိနေဆဲ ဖြစ်သည်။ ဤအရာမှာ ငွေအလွန်အမင်း ကုန်ကျသော အရာ မဟုတ်ပါလား။
တရုတ်ပြည်သည်လည်း ဤနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများကို တစ်နေ့ထက်တစ်နေ့ ပိုမြှင့်တင်ခဲ့ရာ အနာဂတ်တွင် နည်းပညာ အမြောက်အမြားမှာ ကမ္ဘာ့ထိပ်တန်း အဆင့်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံခြားသားများကမူ ဤသည်မှာ ငွေဖြင့် ပုံအောပြီး တည်ဆောက်ထားခြင်း ဖြစ်သည်ဟု လှောင်ပြောင်ခဲ့ကြသလို တရုတ်ပြည်၏ တည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်၏ တူညီသော လေယာဉ်တင်သင်္ဘောထက် နှစ်ဆနီးပါး ရှိသည်ဟု ဆိုကြသည်။
အမှန်စင်စစ် အစောပိုင်းကာလရှိ အဆင့်မြင့် လက်နက်ကိရိယာ အများစုမှာ ငွေဖြင့် ပုံအော၍ တည်ဆောက်ရခြင်းသာ ဖြစ်သည်။ တစ်ခါတရံတွင် ဉာဏ်အလင်းပွင့်မှုကြောင့် ရန်ပုံငွေ အချို့ သက်သာသွားနိုင်စေကာမူ ထိုအရာမှာ အလွန်ပင် ရှားပါးလှသည်။
နည်းပညာ သုတေသန ပြုလုပ်ရာတွင် ကံတရားမှာလည်း အရေးကြီးလှသော်လည်း အများအားဖြင့်မူ “ငွေပုံအောခြင်း” သာလျှင် အဓိက ဖြစ်သည်။ သေချာပေါက် ငွေပုံအောရာတွင်လည်း တော်ရုံတန်ရုံ အရည်အချင်းရှိသူများ မဟုတ်ဘဲ ထူးချွန်သော နည်းပညာရှင်များ ရှိရန် လိုအပ်သည်။ ထိုသို့မဟုတ်ဘဲ အသုံးမကျသော သူများ၏ လက်ထဲသို့ ငွေများ ထည့်ပေးလိုက်မည်ဆိုပါက အရာအားလုံး ပြုန်းတီးသွားရမည်သာ ဖြစ်သည်။
ဖုန်းယွီက မည်သည့် နည်းပညာများကို ရနိုင်သနည်းဟု မေးမြန်းသည့်အခါ အလက်ဇန္ဒားက ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “မင်းက ဘယ်လို နည်းပညာမျိုးကို လိုချင်တာလဲ”
ဖုန်းယွီ ကြားလိုက်ရသည်မှာ ဤသူ၏ လေသံမှာ မသေးလှပါချေ။ ငါ ဘာနည်းပညာပဲ လိုချင်ပါစေ သူက ရအောင် ယူပေးနိုင်မည်ဟု ဆိုလိုနေခြင်းလား။
ဆိုဗီယက်ဟောင်း၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုတွင် အဆင့်မြင့် နည်းပညာများစွာ ရှိနေခဲ့ရာ ယခုအချိန်တွင်ပင် ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေသေးသော အရာများ ပါဝင်နေသည်။ ထိုစဉ်က ဆိုဗီယက်သည် စစ်ဘက်ဆိုင်ရာတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သလို ထိပ်တန်း အရည်အချင်းရှိသူ အားလုံးမှာလည်း စစ်ဘက်တွင်သာ တာဝန်ထမ်းဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဆိုဗီယက်၏ စီးပွားရေးမှာ နောက်ပြန်ဆုတ်သွားခဲ့ရပြီး ထူးချွန်သော အရည်အချင်းရှိသူများ မကျန်တော့ခြင်း ဖြစ်သည်။
“လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုနဲ့ ပတ်သက်တဲ့ ဘယ်နည်းပညာမျိုးမဆို ငါ စိတ်ဝင်စားတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ မင်း ပေးမယ့် နည်းပညာက ငါတို့မှာ အခုရှိနေတဲ့ အရာထက် ပိုပြီးတော့ အဆင့်မြင့်ရမယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ သာနေဦးတော့ ငါ စိတ်ဝင်စားတယ်” ဖုန်းယွီက တည်ကြည်စွာ ပြောဆိုလိုက်သည်။
အလက်ဇန္ဒားသည် မျက်လုံးပြူးသွားခဲ့သည်။ “ဖုန်း... မင်း ဘာပြောလိုက်တာလဲ။ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုနဲ့ ပတ်သက်တဲ့ ဘယ်နည်းပညာကိုမဆို မင်း စိတ်ဝင်စားတယ် ဟုတ်လား”
“ငါတို့ထက် သာတဲ့ နည်းပညာ မှန်သမျှကို ပြောတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ ဘီလာရုစ်မှာ ဆိုဗီယက်ဟောင်းရဲ့ နည်းပညာ အတော်များများ ရှိနေစေကာမူ ဒီနှစ်တွေအတွင်းမှာ ဘာမှ တိုးတက်လာတာ မရှိဘူး မဟုတ်လား။ မင်းတို့ဆီမှာ ထိပ်တန်း ပညာရှင်တွေ နည်းပါးသွားသလို ရင်းနှီးမြှုပ်နှံမှုတွေလည်း မရှိတော့ဘူးလေ။ ဒါကြောင့် အချို့သော နည်းပညာတွေမှာ ငါတို့က ဆိုဗီယက်ဟောင်းရဲ့ အဆင့်ကို အမှီလိုက်နိုင်နေပြီ”
ဆိုဗီယက် ပြိုကွဲသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိနေပြီ ဖြစ်သလို တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း ကြီးမားလှပေသည်။ ထို့ပြင် ပြည်ပမှ ပညာရှင် အမြောက်အမြားကိုလည်း စည်းရုံးခေါ်ယူနိုင်ခဲ့ရာ အကယ်၍သာ ယခုအချိန်အထိ အဘက်ဘက်မှ နောက်ကျနေဆဲ ဆိုလျှင်မူ ထိုအရာမှာ ကြီးမားသော ပြဿနာပင် ဖြစ်ပေလိမ့်မည်။
အလက်ဇန္ဒားသည် ဖုန်းယွီ၏ အလိုဆန္ဒမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စု တစ်ခုလုံး၏ အဆင့်မြင့် နည်းပညာ မှန်သမျှကို စိတ်ဝင်စားသည်ဆိုခြင်းမှာ မည်မျှအထိ ကြီးမားလှသော လေသံနည်း။ နည်းပညာ ဆိုသည်မှာ အချောထည်နှင့် မတူပါချေ၊ တိုက်ခိုက်ရေး အုပ်စု တစ်ခုလုံး၏ နည်းပညာ တန်ဖိုးမှာ တကယ့် တိုက်ခိုက်ရေး အုပ်စု တစ်ခု၏တန်ဖိုးထက် များစွာပိုမြင့်မားလှပေသည်။
ထို့ကြောင့်လည်း နိုင်ငံအမြောက်အမြားမှာ အဆင့်မြင့် လက်နက်များကို ရောင်းချကြသော်လည်း အဆင့်မြင့် နည်းပညာများကိုမူ ဘယ်သောအခါမှ မရောင်းချကြခြင်း ဖြစ်သည်။ တစ်ခုမှာ သိုးမွှေးဖြစ်ပြီး နောက်တစ်ခုမှာ သိုးပင် ဖြစ်သည်။ သိုးရှိနေလျှင် သိုးမွှေးများကို အဆက်မပြတ် ရိတ်သိမ်းနိုင်မည်ဖြစ်ရာ အမြတ်အစွန်းများကိုလည်း အဆက်မပြတ် ရရှိနေမည် မဟုတ်ပါလား။
လက်နက်ကိရိယာအားလုံးတွင် နည်းပညာ ကာကွယ်မှုများ ရှိနေတတ်ရာ သင့်အနေဖြင့် အစိတ်စိတ်အမွှာမွှာ ဖြုတ်ကြည့်၍ သုတေသန ပြုလုပ်ရန်မှာ မလွယ်ကူပါချေ။ ဥပမာ- အချို့သော အဓိက အစိတ်အပိုင်းများကို သင်က ဖြုတ်ကြည့်လိုက်သည်နှင့် ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့်ပင် အမေရိကန်၏ အဆင့်မြင့် စစ်လက်နက်များကိုပင် အမြတ်ရရန်အတွက် ရက်ရက်ရောရော ရောင်းချနေကြခြင်း ဖြစ်သည်။
“ဖုန်း... ငါ မင်းကို သတိပေးပါရစေ၊ မင်း လိုချင်တာက နည်းပညာနော်၊ သင်္ဘော မဟုတ်ဘူး။ သင်္ဘောတည်ဆောက်ရေး နည်းပညာက သင်္ဘောထက် အများကြီး ပိုပြီးဈေးကြီးတယ်” အလက်ဇန္ဒား၏ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်လာခဲ့သည်။ သူသည် မိမိကိုယ်ကို အလွန်အမင်း စိတ်လှုပ်ရှားမနေရန် အစွမ်းကုန် ထိန်းချုပ်ထားရသည်။ ထိုသို့မဟုတ်လျှင် ဖုန်းယွီက ဈေးနှိမ်သွားမည်ကို သူက စိုးရိမ်နေမိသည်။
ဖုန်းယွီက ကီရီလန်ကိုအား ကြည့်လိုက်ကာ ဆိုလိုက်သည်။ “ညီလေးကီ... အချို့လူတွေက ငါ့ရဲ့ အင်အားကို မယုံကြည်ကြဘူး ထင်တယ်”
ကီရီလန်ကိုက အလက်ဇန္ဒားကို ကြည့်ကာ ရယ်မောလိုက်သည်။ “မင်း စိတ်ချလက်ချသာ ရှိစမ်းပါ၊ ဖုန်းမှာ ရှိတဲ့ လက်ငင်းငွေသားက မင်း ထင်ထားတာထက်တောင် အများကြီး ပိုပါတယ်။ ပြီးတော့ ဖုန်းရဲ့ ဂုဏ်သိက္ခာကို ငါ အာမခံတယ်။ အကယ်၍ သူက ပစ္စည်းကို ယူပြီး ငွေမပေးဘူးဆိုရင် မင်း ငါ့ဆီမှာ လာတောင်းလိုက်”
ဖုန်းယွီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။ “ညီလေးကီ... ကျေးဇူးတင်ပါတယ်”
ကီရီလန်ကိုက ပြုံးလိုက်ရုံမျှသာ တုံ့ပြန်ခဲ့သည်။ ဖုန်းယွီ၏အကြောင်းကို သူ ကောင်းကောင်း သိရှိထားသည်။ ဖုန်းယွီက တစ်စုံတစ်ခုကို ရရှိရန် ဆုံးဖြတ်ပြီးလျှင်မူ ဘယ်သောအခါမှ လက်တွန့်နေမည့်သူ မဟုတ်ပါချေ။ ထို့ပြင် ဖုန်းယွီသည် ဂုဏ်သတင်း ကျော်စောမှုမှာ ငွေကြေးထက် ပိုမို အရေးကြီးကြောင်း သူ့ကို အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။ ကောင်းမွန်သော ဂုဏ်သတင်းသည် ပိုမို များပြားသော ငွေကြေးများကို သယ်ဆောင်လာပေးနိုင်သလို၊ အကယ်၍သာ ဂုဏ်သတင်း ပျက်ပြားသွားမည်ဆိုပါက အနာဂတ်တွင် မည်သူကမျှ သင်နှင့် စီးပွားရေး လုပ်ဆောင်တော့မည် မဟုတ်ပါချေ။
အလက်ဇန္ဒားသည် ထိုအခါမှ ကီရီလန်ကိုနှင့် ဖုန်းယွီတို့၏ ဆက်ဆံရေးမှာ သူ ထင်ထားသည်ထက် များစွာပိုမိုနက်ရှိုင်းကြောင်း သိလိုက်ရသည်။ ဤကဲ့သို့သော ကိစ္စမျိုးကိုပင် ကီရီလန်ကိုက အာမခံပေးဝံ့သည် မဟုတ်ပါလား။
“ဖုန်း... မင်းမှာ တကယ်ပဲ ဒီလောက်အထိ ကြီးမားတဲ့ အလိုဆန္ဒ ရှိတာလား”
“ငါက အမြဲတမ်း အလိုဆန္ဒ ကြီးမားတဲ့သူပါ၊ မင်းရဲ့ ပစ္စည်းတွေကသာ ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါကလည်း မင်းကို စိတ်ကျေနပ်စေမယ့် ငွေကြေးတွေကို သေချာပေါက် ပေးမှာပါ”
အလက်ဇန္ဒားသည် ဖုန်းယွီကို တစ်ချက် ကြည့်လိုက်သလို၊ ကီရီလန်ကိုကိုလည်း တစ်ချက် ကြည့်လိုက်ပြီး၊ ဤသူနှစ်ဦး၏ မျက်နှာကို ကြည့်ခြင်းဖြင့် သူတို့သည် သူ့ကို နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
သို့သော် ဤကိစ္စမှာ လျှို့ဝှက်စွာ လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍သာ အခြားနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ကသာ ဘီလာရုစ်သည် တရုတ်ပြည်သို့ ဤမျှအထိ အရေးကြီးသော နည်းပညာများကို ရောင်းချခဲ့ကြောင်း သိရှိသွားပါက ဘီလာရုစ်အပေါ်တွင် ပိတ်ဆို့မှုများ သေချာပေါက် ပြုလုပ်လာပေလိမ့်မည်။
သို့သော်လည်း လက်ရှိ ဘီလာရုစ်၏ စီးပွားရေးမှာ ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ၊ အကယ်၍သာ ငွေရှာရန် နည်းလမ်း မရှာဖွေနိုင်ပါက ပိုမို၍ အခက်တွေ့ရပေလိမ့်မည်။ ယခုတစ်ကြိမ်တွင် ဖုန်းယွီ၏ အလိုဆန္ဒမှာ မည်မျှအထိ ကြီးမားသည်ကို ကြည့်ကြရုံသာ ရှိတော့သည်။
******
အခန်း (၁၃၁၅) လူတိုင်း၏ စိတ်လှုပ်ရှားမှုများ
အလက်ဇန္ဒားသည် ဖုန်းယွီကို ပြောကြားခဲ့သည်မှာ သူသည် မည်သည့်အရာများကို ရောင်းချနိုင်ပြီး၊ မည်သည့်အရာများကိုမူ ရောင်းချ၍မရနိုင်ကြောင်း သွားရောက်စုံစမ်းဦးမည်ဖြစ်ပြီး၊ နောက်မှ ဖုန်းယွီထံသို့ စာရင်းဇယားတစ်ခု ပေးအပ်သွားမည်ဟူ၍ ဖြစ်သည်။
အမှန်စင်စစ် ဘီလာရုစ်နိုင်ငံသည် နည်းပညာများကို ရောင်းချကာ ငွေကြေးရယူရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင် ရောင်းမထွက်ခဲ့ပါချေ။ ၎င်းတို့၏ နည်းပညာများ မကောင်းမွန်၍ မဟုတ်ဘဲ အမေရိကန်နှင့်ရုရှား နှစ်နိုင်ငံလုံး၏ ဖိအားပေးကန့်သတ်မှုများကြောင့်သာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဖုန်းယွီကို ကီရီလန်ကိုက ခေါ်ဆောင်လာခြင်းဖြစ်ရာ၊ အလက်ဇန္ဒား၏ အမြင်တွင်မူ ဤသည်မှာ ရုရှားဘက်မှ သဘောတူညီမှု ရရှိထားခြင်းဖြစ်သည်ဟု ယူဆလိုက်သဖြင့် ကိစ္စရပ်များမှာ များစွာပိုမိုလွယ်ကူသွားခဲ့ရသည်။
ဖုန်းယွီကလည်း ဤအခြေအနေကို သဘောကျနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကဏ္ဍတွင် ဘာမျှနားမလည်သောကြောင့်ဖြစ်ရာ၊ မည်သည့်အရာများက ဝယ်ယူရန် ထိုက်တန်သနည်းဆိုသည်ကို လမ်းညွှန်ပေးမည့် အထူးကျွမ်းကျင်သူများ လိုအပ်နေသောကြောင့် ဖြစ်သည်။
ထိုနေ့ညမှာပင် ဖုန်းယွီသည် ဟိုဟိုင်ထောင်းထံ ဖုန်းခေါ်ဆို၍ အထက်သို့ အစီရင်ခံခိုင်းလိုက်သည်။ မလိုအပ်ဘဲ ငွေများ အလဟဿမဖြစ်စေရန်အတွက် ကျွမ်းကျင်သူအဖွဲ့တစ်ခုကို စေလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း၊ ကျွမ်းကျင်သူဦးရေမှာ အလွန်အမင်း မများပြားသင့်ဘဲ အတတ်နိုင်ဆုံး လျှို့ဝှက်စွာ လုပ်ဆောင်ရန် မှာကြားခဲ့သည်။
ဟိုဟိုင်ထောင်းသည် ဤသတင်းကောင်းကို အထက်သို့ ချက်ချင်း အစီရင်ခံလိုက်ရာ၊ အထက်မှလည်း ထိုညမှာပင် အရေးပေါ် အစည်းအဝေးတစ်ခုကို ခေါ်ယူကျင်းပခဲ့သည်။
“ရှောင်ဟို... အကြောင်းအရာ အသေးစိတ်ကို အားလုံးကို ရှင်းပြပါဦး”
အသက် ၆၀ ကျော်နေပြီဖြစ်သော ဟိုဟိုင်ထောင်းမှာ ဤခေါင်းဆောင်ကြီး၏ ရှေ့မှောက်တွင် “ရှောင်ဟို” (ရှောင်ဆိုသည်မှာ အငယ်အနှောင်းကို ခေါ်ဆိုသော အသုံးအနှုန်းဖြစ်သည်) အဆင့်သာ ရှိသေးရာ၊ “မျောက်ကလေး” ဟု အခေါ်မခံရသည်မှာပင် ကံကောင်းလှသည်ဟု ဆိုရမည်။
ဟိုဟိုင်ထောင်းသည် တည်ကြည်စွာဖြင့် တင်ပြလိုက်သည်။ “ခေါင်းဆောင်ကြီးတို့ခင်ဗျာ... ကျွန်တော် အခုလေးတင် သတင်းရရှိတာကတော့ ဘီလာရုစ်နိုင်ငံဟာ သူတို့ဆီမှာ ရှိနေတဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နည်းပညာတွေကို ကျွန်တော်တို့ဆီ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ဒါဟာ လေယာဉ်တင်သင်္ဘော နည်းပညာ သက်သက်တင် မဟုတ်ဘဲ တိုက်ခိုက်ရေးအုပ်စု တစ်ခုလုံးရဲ့ နည်းပညာတွေပါ”
“ခဏနေဦး ရှောင်ဟို၊ ဒီကိစ္စကို မင်း ဘယ်လိုလုပ် သိတာလဲ”တစ်စုံတစ်ယောက်က သံသယဖြင့် မေးမြန်းလိုက်သည်။ ဤမျှ ကြီးမားလှသော သတင်းကို ၎င်းတို့ကိုယ်တိုင်ပင် မသိရှိရသေးပါချေ၊ ဟိုဟိုင်ထောင်းက မည်သို့ ကြိုတင်သိရှိနေရသနည်း။
“ဒီလိုပါ၊ ဒီသတင်းဟာ ကျွန်တော်တို့လူတွေဆီက ရတာ မဟုတ်ပါဘူး၊ မျိုးချစ် စီးပွားရေးသမားတစ်ယောက်ဆီက ရရှိတာပါ။ သူ့ရဲ အမည်ကိုတော့ ခေါင်းဆောင်တို့လည်း ကြားဖူးမှာပါ၊ သူကတော့ ဖုန်းယွီပဲ ဖြစ်ပါတယ်”
“ဖုန်းယွီလား။ ဟို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီကို ပြောတာလား” တစ်ဦးက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“သူပါပဲ။ ခေါင်းဆောင်တို့ မသိတာ တစ်ခုရှိပါတယ်၊ ကျွန်တော် အစက ဟားပင်းမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဖုန်းယွီကလည်း ဟားပင်းသားတစ်ယောက်ပဲလေ။ ကျွန်တော် အခုလို ရာထူးတက်လာရခြင်း အကြောင်းရင်းတွေထဲမှာ အိုက်ဖေးစက်ရုံက ဆိုဗီယက်ဟောင်းရဲ့ အဆင့်မြှင့် လေယာဉ်နည်းပညာတွေကို ရရှိခဲ့လို့ပါ၊ အဲဒီနည်းပညာတွေကို ဖုန်းယွီကပဲ ကူညီပြီး ရအောင်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်”
“ဒီနည်းပညာတွေဟာ တရုတ်ပြည်ရဲ့ လေယာဉ်ထုတ်လုပ်ရေး ကဏ္ဍမှာ သုတေသန ရန်ပုံငွေ ဘယ်လောက်အထိ သက်သာစေခဲ့သလဲ၊ အချိန်တွေ ဘယ်လောက် သက်သာစေခဲ့သလဲဆိုတာ ခေါင်းဆောင်တို့လည်း သိမှာပါ။ ဒီနည်းပညာတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ ရဟတ်ယာဉ် ထုတ်လုပ်မှု နည်းပညာဟာ ကမ္ဘာ့အဆင့်မီ ဖြစ်လာခဲ့သလို မနှစ်ကဆိုရင် ပြည်ပကိုတောင် တင်ပို့နိုင်ခဲ့တာပါ”
“ဖုန်းယွီဟာ မျိုးချစ်စိတ်ရှိတဲ့ စီးပွားရေးသမား တစ်ယောက်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ သူ နှစ်စဉ် နိုင်ငံတော်ကို လှူဒါန်းနေတဲ့ ငွေကြေးတွေဆိုတာ မနည်းလှပါဘူး။ ပြီးတော့ မကြာသေးခင်က အိုလံပစ်ပွဲတော် ကျင်းပခွင့် ရရှိပြီးတဲ့နောက်မှာလည်း သူက ကုမ္ပဏီရော ပုဂ္ဂလိက အမည်နဲ့ပါ ငွေအမြောက်အမြား ပံ့ပိုးပေးခဲ့ပါတယ်၊ အဲဒီ ပမာဏဟာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပါပဲ”
“အရေးကြီးဆုံး အချက်ကတော့ ဖုန်းယွီ ပြောပြချက်အရ အခု နည်းပညာ ဝယ်ယူမှုအတွက် ကုန်ကျမယ့် စရိတ်အားလုံးကို သူကိုယ်တိုင် အကုန်အကျခံမှာ ဖြစ်ပြီး နိုင်ငံတော်ဆီက တစ်ပြားတစ်ချပ်မှ အသုံးခံမှာ မဟုတ်ပါဘူး”
ဝုန်း...
ပုခုံးပေါ်တွင် ကြယ်ပွင့်များ တပ်ဆင်ထားသော စစ်ဗိုလ်ချုပ်ကြီးများမှာပင် ဤစကားကြောင့် အံ့အားသင့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။ ဤကုန်ကျစရိတ်မှာ မည်မျှအထိ ကြီးမားလိမ့်မည်ကို သူတို့ ခန့်မှန်းနိုင်ကြသည် မဟုတ်ပါလား၊ ဤမျှသော ငွေကို သူကိုယ်တိုင် တစ်ဦးတည်း ကျခံမည်ဆိုခြင်းမှာ အံ့မခန်းလှပေ။
ဤမျှအထိ မျိုးချစ်စိတ်ရှိသော စီးပွားရေးသမားမျိုးမှာ တကယ်ပင် ရှားပါးလှပေသည်။
“ရှောင်ဟို... မင်း ဘာပြောလိုက်တာလဲ။ ဖုန်းယွီက တကယ်ပဲ ဒီကုန်ကျစရိတ်တွေကို သူကိုယ်တိုင် ကျခံမယ်လို့ ပြောတာလား” ထိပ်တန်း ခေါင်းဆောင်ကြီးက အံ့သြစွာ မေးမြန်းလိုက်သည်။ သူသည်ပင် ဤကိစ္စကို မသိရှိခဲ့ပါချေ။
“ဖုန်းယွီက ကျွန်တော့်ကို အဲဒီအတိုင်း ပြောခဲ့တာပါ။ ကျွန်တော် သူ့ကို သိသလောက်တော့ ဒီကုန်ကျစရိတ်ကြောင့် သူ ဒေဝါလီခံရမယ့် အခြေအနေမျိုး မရောက်မချင်း ကျွန်တော်တို့ဆီက တစ်ပြားမှ တောင်းမှာ မဟုတ်ပါဘူး!”
“ဟားဟားဟား... သူ့ကို ဒေဝါလီခံအောင် လုပ်ဖို့ကတော့ မလွယ်လှပါဘူး။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လေ၊ ဒေါ်လာ ဘီလီယံ ၆၀ တောင် ပိုင်ဆိုင်တာ မဟုတ်လား” စစ်ဗိုလ်ချုပ်တစ်ဦးက ဝမ်းသာအားရ ဆိုလိုက်သည်။
“ဗိုလ်ချုပ်ကြီးလင်... လူကြီးမင်းက ကုမ္ပဏီတွေမှာ တာဝန်မထမ်းဆောင်ဖူးလို့ပါ၊ ပိုင်ဆိုင်မှုနဲ့ လက်ငင်းငွေသားဆိုတာ မတူပါဘူး။ သူ့မှာ ဘီလီယံ ၆၀ ပိုင်ဆိုင်မှု ရှိတာဟာ ဘီလီယံ ၆၀ ငွေသားရှိတာ မဟုတ်ပါဘူး။ ကျွန်တော် အရင်က တာဝန်ယူခဲ့တဲ့ အိုက်ဖေးစက်ရုံလိုပေါ့၊ ပိုင်ဆိုင်မှုတွေ အများကြီး ရှိပေမဲ့ ငွေသားက ဘယ်လောက် ရှိလို့လဲ။ ဒါကြောင့် သူ့ရဲ့စွန့်လွှတ်မှုကို သေးငယ်တယ်လို့ မထင်ပါနဲ့၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငွေကြေးလည်ပတ်မှု ပြတ်တောက်လို့ ဒေဝါလီခံခဲ့ရတဲ့ ကုမ္ပဏီတွေ ဘယ်လောက်တောင် များလဲ” ဟိုဟိုင်ထောင်းက ဖုန်းယွီအတွက် ကြားဝင် ခုခံပေးလိုက်သည်။
“ရှောင်ဟို... ဖုန်းယွီရဲ့ စွန့်လွှတ်မှုက မသေးဘူးဆိုတာ ငါတို့ သိပါတယ်။ ဒါဟာ နိုင်ငံတော်အတွက်ပဲလေ၊ နိုင်ငံတော်က သူ့ကို အမြဲတမ်း မှတ်တမ်းတင်ထားမှာဖြစ်သလို သူ့ကိုလည်း နစ်နာစေမှာ မဟုတ်ပါဘူး” ခေါင်းဆောင်ကြီးက တည်ကြည်သော လေသံဖြင့် ပြောကြားလိုက်သည်။ “သူ့မှာ ကုမ္ပဏီတွေ ရှိတာပဲ မဟုတ်လား။ အဲဒီကုမ္ပဏီတွေက ပေးဆောင်ရတဲ့ အခွန်တွေကလည်း မနည်းလှပါဘူး။ ငါ အထက်ကို တင်ပြပြီး သူ့ရဲ့ အခွန်အချို့ကို လျှော့ပေါ့ပေးဖို့ ဒါမှမဟုတ် သူ့ရဲ့ ကုမ္ပဏီတွေအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ အကြံပြုပါ့မယ်။ ဒါဟာ သူ့အတွက် ဂုဏ်ပြုဆုတစ်ခုပေါ့”
ဤမျှသော ရာထူးအဆင့်အတန်းသို့ ရောက်ရှိနေသူများမှာ တကယ့်ကို အမြော်အမြင် ကြီးမားလှသူများ ဖြစ်ကြသည်။ သူတို့သည် ဖုန်းယွီက နိုင်ငံတော်ကို အကြိမ်ကြိမ် ကူညီနေခြင်းဖြစ်ရာ အနာဂတ်တွင်လည်း ပိုမို ကူညီနိုင်မည်ကို သိရှိထားကြသည်။ သူတို့သည် “ရွှေဥဥသည့် ငှက်ကို သတ်၍ ဥယူမည့်” လူစားမျိုး မဟုတ်ကြပါချေ။
ယခုတစ်ကြိမ်တွင် ဖုန်းယွီ၏စိတ်ကို ကျေနပ်အောင် လုပ်ဆောင်ထားခြင်းက အနာဂတ်တွင်လည်း ကောင်းမွန်သော ကိစ္စရပ်များ၌ နိုင်ငံတော်ကို ဦးစားပေးရန် အာမခံချက် ရယူထားခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ငွေကြေးမှာ ဘဝပေါင်းများစွာ သုံးလျှင်ပင် ကုန်နိုင်မည် မဟုတ်သည် မဟုတ်ပါလား။
ဟိုဟိုင်ထောင်းသည် ခေါင်းဆောင်ကြီးက ဖုန်းယွီအတွက် ဤမျှအထိ စဉ်းစားပေးထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ ဤသည်မှာ ပို၍ပင် ကောင်းမွန်လှပေသည်။
အခြားသော သူများကလည်း ထိုသို့လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ စစ်အသုံးစရိတ်ထဲမှ သုံးစွဲရန် မလိုအပ်သဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် စစ်အသုံးစရိတ် တိုးလာခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူတို့သည် စီးပွားရေးကို နားမလည်စေကာမူ ငွေမရှိလျှင် စစ်အင်အားကို မြှင့်တင်၍မရနိုင်ကြောင်းကိုမူ ကောင်းစွာ သိရှိထားကြသည်။
“ရှောင်ဟို... ဒီကိစ္စကို နောက်ထပ် ဘယ်သူတွေ သိသေးလဲ” တစ်ဦးက မေးမြန်းလိုက်သည်။
“ဘယ်သူမှ မသိပါဘူး၊ ကျွန်တော် ခေါင်းဆောင်ကြီးတို့ဆီကိုပဲ အရင်ဆုံး အစီရင်ခံတာပါ” ဟိုဟိုင်ထောင်းက အလျင်အမြန် ဖြေကြားလိုက်သည်။
“ကောင်းပြီ၊ ဒီကိစ္စကို အလွန်သတိထားပြီး သေသေချာချာ ကိုင်တွယ်ရမယ်။ သတင်း လုံးဝ မပေါက်ကြားစေနဲ့၊ ဒါမှသာ အမေရိကန် ဒါမှမဟုတ် ရုရှားရဲ့ကြားဝင်နှောင့်ယှက်မှုကို ရှောင်လွှဲနိုင်မှာ။ ငါ အမှတ် (၁) ခေါင်းဆောင်ကြီးဆီကို သွားပြီး အစီရင်ခံလိုက်မယ်။ လင်ကျန့်ရှင်း... မင်း အခုချက်ချင်း ကျွမ်းကျင်သူအဖွဲ့ကို စုစည်းပြီး Minskကို သွားခိုင်းလိုက်၊ ဖုန်းယွီဘက်မှာ နည်းပညာတွေကို စစ်ဆေးဖို့ လူတွေ လိုအပ်နေလိမ့်မယ်။ ယွမ်ရှင်းဝူ... မင်းကတော့ စီးပွားရေး လေ့လာရေးအဖွဲ့ တစ်ခုကို အမြန်ဆုံး ပြင်ဆင်လိုက်၊ အဲဒီလူတွေကို စီးပွားရေး လေ့လာရေးအဖွဲ့ထဲမှာ ထည့်သွင်းပြီး စေလွှတ်လိုက်၊ လူတွေ သတိမထားမိအောင်လို့ပေါ့”
“နောက်ဆုံးအနေနဲ့ အလေးအနက် မှာချင်တာကတော့၊ ဒီကိစ္စကို ဒီမှာရှိတဲ့ လူအနည်းငယ်ပဲ သိရမယ်။ အကယ်၍ သတင်း ပေါက်ကြားသွားခဲ့ရင်တော့ မင်းတို့ကို အရေးယူဖို့ ဝန်လေးမှာ မဟုတ်ဘူး။ လောင်ဟို... ဒီတစ်ကြိမ်မှာတော့ အဖွဲ့အစည်းက မင်းကို မှတ်တမ်းတင် ဂုဏ်ပြုမှာပါ”
ဟိုဟိုင်ထောင်းသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အစွမ်းကုန် ထိန်းချုပ်ကာ ဆိုလိုက်သည်။ “အစီရင်ခံပါတယ် ခေါင်းဆောင်ကြီး... ကျွန်တော်က စကားပါးပေးသူ သက်သက်ပါ၊ တကယ်တမ်း ဘာမှမလုပ်ရပါဘူး။ နိုင်ငံတော်အတွက် အကျိုးပြုရတဲ့အတွက် ကျွန်တော် ဆုလာဘ်တွေ မလိုချင်ပါဘူး”
“ကောင်းပြီ... ဂုဏ်မမက်ဘဲ မောက်မာမှု မရှိတာ တကယ့်ကို ကောင်းပါတယ်။ အဖွဲ့အစည်းမှာ မင်းလို ရဲဘော်တစ်ယောက် ရှိနေတာဟာ ကံကောင်းခြင်း တစ်ခုပါပဲ။ ဒါပေမဲ့ မင်း ရသင့်ရထိုက်တဲ့ ဆုကိုတော့ လျှော့ပေးမှာ မဟုတ်ပါဘူး။ အလုပ်တွေ အောင်မြင်ပြီးသွားရင်တော့ မင်းအတွက် ဂုဏ်ပြုမှာပါ။ ကဲ... အခု စတင်ပြီး လှုပ်ရှားကြတော့”
တရုတ်ပြည်၏ ထိပ်တန်း ခေါင်းဆောင်ကြီး တစ်ဦးသည်လည်း ဤသတင်းကို ကြားသိလိုက်ရသည့်အခါ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ နိုင်ငံတော်ဘက်မှ အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း ဝယ်ယူ၍ မရနိုင်ခဲ့သော အရာများကို ဖုန်းယွီဟူသော ဤစီးပွားရေးသမား တစ်ယောက်က ဝယ်ယူနိုင်ခဲ့သည်မှာ သူ မထင်မှတ်ထားသော ကိစ္စပင် ဖြစ်သည်။
ထို့ထက်ပိုသည်မှာ ဖုန်းယွီသည် ကုန်ကျစရိတ် အားလုံးကို ကျခံမည်ဆိုခြင်းက လူတိုင်းကို လေးစားစွာဖြင့် လက်မထောင်ပြမိစေပါသည်။ “ဒီကလေး ဖုန်းယွီဟာ တကယ့်ကို ရဲဘော်ကောင်း တစ်ယောက်ပဲ” ဟု ထိုစဉ်က တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဗိသုကာကြီး ပြောခဲ့ဖူးသည်မှာ မမှားပါချေ။ သူသည် တကယ့်ကို ရဲဘော်ကောင်း တစ်ယောက်ပင် ဖြစ်သည်။
ဤအစီအစဉ်နှင့် ပတ်သက်၍ သူသည် ချက်ချင်းပင် နှုတ်မိန့် ပေးခဲ့သည်။ “သဘောတူတယ်၊ အမြန်ဆုံး ဆောင်ရွက်ပါ၊ ဖုန်းယွီရဲ့သဘောထားကိုလည်း အလေးထား လေးစားပါ”