အခန်း (၁၈၉၁-၁၈၉၅)
Vol. 116 Ch. 1891-1895
အခန်း (၁၈၉၁) စိတ်စွမ်းအား ဖမ်းယူခြင်း (အပိုင်း ၁)
တစ်ဖက်တွင်မူ တိတ်ဆိတ်ငြိမ်သက်နေပြီး မီးနတ်ဆိုးကြီးဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
ကုထိုက်ပိုင်၏ မျက်နှာထား အေးစက်သွားပြီး မီးနတ်ဆိုးကြီး၏ အမြုတေကို အသုံးပြုကာ အတင်းအကျပ် အမိန့်ပေးလိုက်သည်။ နောက်ဆုံးတွင်
“အိပ်မက်ဆိုးသားရဲ.. အဲဒီ လူသားရဲ့ရင်ဘတ်ထဲမှာ မျိုးသုဉ်းသွားပြီ ဖြစ်တဲ့ အိပ်မက်ဆိုးသားရဲရှိနေတယ်... အဲဒါ ငါနဲ့ ခေတ်ပြိုင် မွေးဖွားလာတဲ့ သတ္တဝါပဲ၊ ငါ့ရဲ့ ရန်သူတော်”
အမြုတေထဲမှ မီးနတ်ဆိုးကြီး၏ တုန်လှုပ်နေပြီး မှုန်ဝါးကာ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အသံ ထွက်ပေါ်လာသည်။
ဘာ…
နောက်ဆုံးတော့ “အဖြေ” ကို သိလိုက်ရသဖြင့် ကုထိုက်ပိုင်ကဲ့သို့ အစွမ်းထက်သူပင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မသိစိတ်အရ ဝမ်ချောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးထဲတွင် နိမ့်ကျပြီး အားနည်းသည်ဟု သတ်မှတ်ထားသော အလယ်ပြည်တွင် မီးနတ်ဆိုးကြီးနှင့် ခေတ်ပြိုင် ဖြစ်ပြီး ၎င်းကို ယှဉ်နိုင်စွမ်း ရှိသော သတ္တဝါ တစ်ကောင် ရှိနေသတဲ့လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ကုထိုက်ပိုင်၏ မျက်နှာထား အေးစက်သွားပြီး ရင်ထဲတွင် ပိုမိုပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ဖွားလာသည်။
ဤ ကမ္ဘာလောကတွင် လောကဖျက် အဆင့်ရှိသော သတ္တဝါဆိုးကြီး နှစ်ကောင် ရှိနေခြင်းကို လုံးဝခွင့်မပြုနိုင်ပေ။ ဘယ်လိုနည်းနဲ့မဆို ဝမ်ချောင်သေရမည်။ သူ့ရင်ဘတ်ထဲက အကောင်... လည်း သေရမည်။
“ဟိန်း”
သို့သော် လေပြင်းများ တိုက်ခတ်လာသည်။ ကုထိုက်ပိုင် အနေဖြင့် မီးနတ်ဆိုးကြီးနှင့် ပူးပေါင်းကာ ဝမ်ချောင်ကို တိုက်ခိုက်ရန် အချိန်မရလိုက်ပေ။ နောက်တစ်ခဏ၌ ဧရာမ မျောက်ဝံကြီး ဟိန်းဟောက်လိုက်သည်။ တောင်ကုန်းပမာ ကြီးမားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် ကောင်းကင်သို့ ခုန်တက်လိုက်ပြီး ကြီးမားသော လက်မောင်းကြီး နှစ်ဖက်ဖြင့် ကုထိုက်ပိုင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“မဟာဆရာ၊ အရှင်ကျန်းချိုး၊ အကြံပေး အရာရှိ... ဘယ်လိုနည်းနဲ့မဆို ကုထိုက်ပိုင်ကို ဆွဲထားပေးကြပါ၊ သူ့ကို ဒီဘက် လွတ်လာလို့ မဖြစ်ဘူး!”
ဝမ်ချောင်၏ စိတ်လှိုင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံးနှင့် လီကျွင်းရှန်းတို့၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်သည် ရှေ့တန်းတွင် ရောက်ရှိနေသော်လည်း သူ၏ စိတ်တစ်ပိုင်း ခွဲကာ ထိန်းချုပ်ထားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် ကုထိုက်ပိုင်ကို အမြဲ စောင့်ကြည့်နေသည်။
ကုထိုက်ပိုင်၏လှုပ်ရှားမှုတိုင်းနှင့် သူ၏ ကြံစည်မှုများကို ဝမ်ချောင်ကောင်းကောင်း သိမြင်နေသည်။
မီးနတ်ဆိုးကြီးတစ်ကောင်တည်းနှင့်ပင် မဟာထန်အတွက် ပျက်စီးခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်။ ကုထိုက်ပိုင်ပါ ထပ်ပေါင်းလာလျှင် မည်သူက တားဆီးနိုင်မည်နည်း။
ဘယ်လိုနည်းနဲ့မဆို သူနှင့် မီးနတ်ဆိုးကြီးကို ပေါင်းစပ်ခွင့် မပြုနိုင်ပေ။
“အိပ်မက်ဆိုးသားရဲ၊ အဲဒီ မီးနတ်ဆိုးကြီးကို နိုင်အောင် တိုက်ဖို့ နည်းလမ်း ရှိလား”
ဝမ်ချောင်သည် စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ အမြူတေထဲရှိ အိပ်မက်ဆိုးသားရဲနှင့် အမြန် ဆက်သွယ်လိုက်သည်။
သူ့အနေဖြင့် အိပ်မက်ဆိုးသားရဲ၏လျှို့ဝှက်ချက်များကို စုံစမ်းရန် အချိန်မရှိတော့ပေ။ အရှေ့တိုင်း အဝါရောင် ဧကရာဇ် ရွှမ်ယွမ်ခေတ်က အိပ်မက်ဆိုးသားရဲသည် အနောက်တိုင်း အာရပ်ဒဏ္ဍာရီလာ မီးနတ်ဆိုးကြီးနှင့် မည်သို့ ပတ်သက်နေသည်ကိုလည်း ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိပေ။ အရေးကြီးဆုံးမှာ ဤ မီးနတ်ဆိုးကြီးကို ဖျက်ဆီးပစ်ရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
မီးနတ်ဆိုးကြီးဆက်လက် တည်ရှိနေသမျှ ကာလပတ်လုံး မဟာထန် စစ်တပ်၊ လုံရှီဒေသရှိ ပြည်သူများနှင့် မဟာထန် အင်ပါယာ တစ်ခုလုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေသည်။
အကယ်၍ မီးနတ်ဆိုးကြီးသာ အလယ်ပြည်ထဲသို့ ဝင်ရောက်သွားပါက အကျိုးဆက်ကို တွေးရဲစရာပင် မရှိပေ။
“မီးနတ်ဆိုးကြီးက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေကနေ မွေးဖွားလာတဲ့ သတ္တဝါတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်က စစ်မှန်တဲ့ မီးဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားတာမို့ ဘယ်လို တိုက်ခိုက် တိုက်ခိုက် သတ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ မီးနတ်ဆိုးကြီးက မသေနိုင်ဘူးလို့ ပြောကြပေမဲ့ စိတ်ဝိညာဉ် မသေနိုင်တဲ့ ငါတို့လို အိပ်မက်ဆိုးသားရဲတွေကိုတော့ အကြောက်ဆုံးပါပဲ။ မီးနတ်ဆိုးကြီးလိုပဲ ငါတို့ကလည်း ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းမှုတွေ ဖြစ်ပြီး အလွယ်တကူ မပျက်စီးနိုင်ပါဘူး။ ဒီအချက်ကို ကြည့်ရင် ငါတို့က ဇာစ်မြစ် တူတယ်လို့ ပြောလို့ရတယ်၊ သဘောသဘာဝပဲ ကွဲပြားတာပါ”
“ဒါပေမဲ့ မီးနတ်ဆိုးကြီးမှာ ကြီးမားတဲ့ အားနည်းချက် တစ်ခု ရှိတယ်”
“ရှေးဟောင်းခေတ်၊ လူသားတွေ စတင် ပေါ်ပေါက်ကာစ အချိန်တုန်းက ဒီမီးနတ်ဆိုးကြီးတွေ အရှေ့တိုင်းကို ခြေချခဲ့ဖူးတယ်။ ဒါပေမဲ့ ငါတို့ အိပ်မက်ဆိုးသားရဲတွေနဲ့ တွေ့ပြီး သူတို့ရဲ့ မူလ အသက်ဝိညာဉ်ကို ပြင်းထန်စွာ ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်။ မီးနတ်ဆိုးကြီးအချို့ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူတို့ကို မောင်းထုတ်နိုင်ခဲ့တယ်”
“မီးနတ်ဆိုးကြီးတွေက မွေးရာပါ စိတ်စွမ်းအား ခုခံနိုင်စွမ်း မြင့်မားတယ်။ ဒီအချက်ကို သခင်အရင်က ကြုံဖူးမှာပါ။ ဒါပေမဲ့ အဲဒီ စိတ်စွမ်းအား ကာကွယ်မှုက ငါတို့ အိပ်မက်ဆိုးသားရဲတွေအပေါ်မှာ လုံးဝအာနိသင်မရှိပါဘူး။ ဒါက သူတို့ရဲ့ မွေးရာပါ အားနည်းချက် ဖြစ်သလို သူတို့က ငါတို့ အိပ်မက်ဆိုးသားရဲတွေကို ဖျက်ဆီးချင်ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် သူတို့က အနောက်တိုင်းမှာ သူတို့ အမုန်းဆုံး လူသားတွေနဲ့တောင် ပူးပေါင်းခဲ့တယ်။ အဲဒီ လူသားတွေကို အသုံးပြုပြီး အရှေ့တိုင်းက သိုင်းပညာရှင်တွေကို လှုံ့ဆော်ကာ ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဟိုလူသား လက်ထဲက မီးနတ်ဆိုးကြီးရဲ့ အမြူတေက အရင်တုန်းက အနောက်တိုင်း လူသားတွေနဲ့ မဟာမိတ်ဖွဲ့တုန်းက အကူအညီ ရယူဖို့အတွက် ထားခဲ့တဲ့ ပစ္စည်းပဲ”
“ငါတို့က အနောက်တိုင်း စိတ်စွမ်းအား ပညာရှင်တစ်ယောက်ကို ဖမ်းမိဖူးပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို ဖတ်ခဲ့ဖူးတယ်။ ဒါကြောင့် ဒီအကြောင်းတွေ အကုန်လုံး ငါတို့ သိနေတာပါ။ ဒါပေမဲ့ သူတို့က အောင်မြင်ခဲ့တယ်”
“ငါတို့ မျိုးနွယ်စုမှာ ငါက နောက်ဆုံး ကျန်ရစ်တဲ့ အိပ်မက်ဆိုးသားရဲပါ။ မြက်ကလေးက ငါ့ကို ကာကွယ်ပေးခဲ့လို့ အသက်ရှင် ကျန်ရစ်ခဲ့တာပါ”
“ဒါပေမဲ့ အခု ငါက အရမ်း အားနည်းနေသေးတယ်။ အပြည့်အဝ ကြီးထွားတဲ့ အခြေအနေကို မရောက်သေးဘူး။ ပြီးတော့... သခင်က ငါရဲ့ စွမ်းအား တစ်ဝက်ကို စုပ်ယူထားခဲ့သေးတယ်။ အခု အခြေအနေနဲ့ဆိုရင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ သခင် ခွင့်ပြုမယ်ဆိုရင် ငါ့မှာ နည်းလမ်း တစ်ခု ရှိတယ်... အဲဒီ နည်းလမ်းနဲ့ဆိုရင် ငါ လျင်မြန်စွာ ကြီးထွားလာနိုင်မယ်။ အဲဒီလိုမှပဲ သူ့ကို ထိပ်တိုက် ရင်ဆိုင်နိုင်မှာပါ”
အိပ်မက်ဆိုးသားရဲက ပြောသည်။ နောက်ဆုံး စာကြောင်းကို ပြောသောအခါ သူ၏ အသံတွင် တွန့်ဆုတ်နေမှုများနှင့် အလွန် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။
ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။ အိပ်မက်ဆိုးသားရဲပြောသော နည်းလမ်းက ဘာလဲဟု မေးရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏ၌ အိပ်မက်ဆိုးသားရဲထံမှ ရရှိခဲ့သော မှတ်ဉာဏ်များကို ပြန်လည် သတိရလိုက်ပြီး ချက်ချင်း နားလည်သွားသည်။
“မင်းက လူသားတွေကို ဖမ်းချုပ်ပြီး သူတို့ရဲ့ စိတ်စွမ်းအားကို စုပ်ယူကာ ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ချင်တာလား”
ဝမ်ချောင်မေးလိုက်သည်။
“... ဟုတ်ပါတယ်”
အိပ်မက်ဆိုးသားရဲသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အိပ်မက်ဆိုးသားရဲအနေဖြင့် လူသားများကို ဖမ်းချုပ်ကာ အချင်းချင်း သတ်ဖြတ်စေပြီး စိတ်စွမ်းအားကို စုပ်ယူခြင်းသည် လူသားများ အလွန်ကြောက်ရွံ့ပြီး အလွန်ယုတ်မာသည်ဟု သတ်မှတ်ထားသော အပြုအမူ ဖြစ်သည်။
ယခင် ကျိုးလုစစ်ပွဲတွင် အိပ်မက်ဆိုးသားရဲသည် အဝါရောင် ဧကရာဇ် ကူညီပြီး ချီယိုကို အနိုင်ယူရာ၌ ကြီးမားသော အကျိုးပြုခဲ့သော်လည်း မှူးမတ်များ၏သံသယဝင်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် အဝါရောင် ဧကရာဇ်သည် သူ၏အသက်ကို ကယ်တင်ရန်အတွက် မြေအောက် လိုဏ်ဂူတူးကာ ပိတ်လှောင်ထားခဲ့ရသည်။
မည်သို့ပင် ဖြစ်စေ သူ၏လုပ်ရပ်များသည် တားမြစ်ချက်ကြီး ဖြစ်သည်။
ယခုအချိန်တွင် သူ၏သခင်အသစ်က ဤအပြုအမူကို သည်းခံနိုင်ခြင်း ရှိမရှိ မဆုံးဖြတ်နိုင်ပေ။
သို့သော် မမျှော်လင့်ဘဲ အိပ်မက်ဆိုးသားရဲ စကားဆုံးသည်နှင့် ဝမ်ချောင်၏အသံ ထွက်ပေါ်လာသည်။ ၎င်း စိုးရိမ်နေသကဲ့သို့ မည်သည့် တွန့်ဆုတ်မှုမျှ မရှိပေ။
“ဒါကြောင့်ကိုး.. သွားပါ၊ ထန်လူမျိုး မဟုတ်သရွေ့ မင်း ဘယ်လောက် သပ်သပ်ကိစ္စမရှိဘူး။ ဒီမီးနတ်ဆိုးကြီးကို နိုင်အောင် တိုက်ပြီး အနောက်တိုင်း အာရပ်တွေကို အနိုင်ယူနိုင်မယ်ဆိုရင် မင်း ဘယ်လို နည်းလမ်း သုံးသုံး ငါ ဂရုမစိုက်ဘူး”
ဝမ်ချောင် တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။
အိပ်မက်ဆိုးသားရဲ စိုးရိမ်နေသောအရာသည် ဝမ်ချောင်အတွက် လုံးဝပြဿနာ မဟုတ်ပေ။ စစ်မြေပြင်တွင် ရန်သူနှင့် မိမိသာ ရှိသည်။ အာရပ်များသည် မဟာထန်၏ရန်သူတော်များ ဖြစ်သဖြင့် သူတို့ များများ သေလေ မဟာထန်အတွက် ပိုကောင်းလေ ဖြစ်သည်။
အိပ်မက်ဆိုးသားရဲသည် မူလက စိုးရိမ်နေသော်လည်း ဝမ်ချောင်၏စကားကို ကြားသောအခါ စိတ်ဓာတ် တက်ကြွသွားသည်။
“သခင် ငါ့ရဲ့အမြူတေကို ကာကွယ်ပေးထားပါ။ ဒီခဏမှာ ငါ မီးနတ်ဆိုးကြီးကို ကူညီ တိုက်ခိုက်ပေးနိုင်ပါလိမ့်မယ်”
အိပ်မက်ဆိုးသားရဲ၏အသံဆုံးသည်နှင့် ဘုန်းခနဲ အသံ ထွက်ပေါ်လာသည်။ ၎င်းသည် မင်ရည်ကဲ့သို့ မဲနက်သော စိတ်ဝိညာဉ် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ အမြူတေထဲမှ ပျံထွက်သွားသည်။ တရိပ်ရိပ် လှုပ်ရှားလျက် အောက်ဘက်ရှိ အာရပ်စစ်တပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ သေချာ ကြည့်လိုက်လျှင် လေထဲရှိ အိပ်မက်ဆိုးသားရဲ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်သည် ၎င်း၏ မူလ ခန္ဓာကိုယ် ပုံစံနှင့် ထပ်တူ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
“ဟိန်း… မင်း မပြေးနိုင်ဘူး”
မမျှော်လင့်ဘဲ အိပ်မက်ဆိုးသားရဲ၏လှုပ်ရှားမှုကို မြင်သောအခါ မီးနတ်ဆိုးကြီး၏ မျက်နှာထား တင်းမာသွားသည်။ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး ဝမ်ချောင်ကို လုံးဝ လျစ်လျူရှုကာ မည်သည့်အရာကိုမျှ မစဉ်းစားဘဲ လေထဲရှိ အိပ်မက်ဆိုးသားရဲထံသို့ လက်သီးဖြင့် ထိုးချလိုက်သည်။
သို့သော် အိပ်မက်ဆိုးသားရဲ၏လှုပ်ရှားမှုသည် အလွန်လျင်မြန်လှသည်။ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ရုတ်တရက် အရှိန်မြှင့်တင်ကာ မီးနတ်ဆိုးကြီး၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
အသံများနှင့်အတူ ချော်ရည်များ ကျဆင်းလာသည်။ အာရပ်သံမြင်းစီးတပ် အများအပြား ရှောင်တိမ်းချိန် မရလိုက်ဘဲ ကောင်းကင်မှ ကျလာသော ချော်ရည်များဖြင့် လောင်းချခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်ရင်း မြေကြီးပေါ် လဲကျသွားကြသည်။
နောက်တစ်ခဏ၌ စစ်မြေပြင် တစ်ခုလုံး ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာသည်။
အလင်းတန်း တစ်ချက် လက်သွားပြီး အိပ်မက်ဆိုးသားရဲသည် မှုန်ဝါးသော မိုးတိမ်တိုက်မည်း တစ်ခုအဖြစ် ပြောင်းလဲကာ စစ်မြေပြင်တွင် လျင်မြန်စွာ ကူးသန်း သွားလာနေသည်။ နောက်တစ်ခဏ၌ မည်သည့် နိမိတ်လက္ခဏာမျှ မပြဘဲ စစ်မြေပြင်ရှိ အာရပ်သံမြင်းစီးတပ်သားများသည် ရူးသွပ်သွားကြပြီး ရုတ်တရက် ဒေါသတကြီး အော်ဟစ်လျက် ဘေးနားရှိ အခြားအာရပ်သံမြင်းစီးတပ်သားများကို ဝင်ရောက် တိုက်ခိုက်ကြသည်။
“ခွေးကောင် မင်း ဘာလုပ်တာလဲ”
တိုက်ခိုက်ခံလိုက်ရသော အာရပ်သံမြင်းစီးတပ်သားသည် ဒေါသထွက်သွားသော်လည်း မတုံ့ပြန်နိုင်သေးမီ ဓားကောက်ဖြင့် လည်ပင်းကို လှီးဖြတ်ခံလိုက်ရပြီး ခေါင်းပြတ်ကာ မြင်းပေါ်မှ ပြုတ်ကျသွားသည်။
သို့သော် အိပ်မက်ဆိုးသားရဲ၏ စွမ်းရည်သည် ဒီလောက်နှင့် ရပ်တန့်မသွားပေ။
“သတ်”
“အာရပ်အတွက်”
အာရပ်သံမြင်းစီးတပ် အုပ်စုနှစ်စုသည် မူလက မဟာထန်ကို အတူတကွ တိုက်ခိုက်နေကြသော်လည်း ယခုအခါ တစ်ယောက်နှင့် တစ်ယောက် အံကြိတ်ကာ မျက်နှာများ နီရဲလျက် ရုတ်တရက် လမ်းကြောင်းပြောင်းပြီး တစ်ဖက်လူကို အစွမ်းကုန် သတ်ဖြတ်နေကြသည်။ ဓားဖြင့် ထိုးသွင်းသံများ ထွက်ပေါ်လာပြီး အချိန်တိုအတွင်းမှာပင် ထောင်နှင့်ချီသော အာရပ်သံမြင်းစီးတပ်သားများသည် အချင်းချင်း သတ်ဖြတ်ကာ သွေးအိုင်ထဲသို့ လဲကျသွားကြသည်။
ကနဦးတွင် ဖရိုဖရဲဖြစ်မှုသည် နေရာကျဉ်းကျဉ်းလေး တစ်ခုတွင်သာ ရှိသော်လည်း အချိန်တိုအတွင်း လျင်မြန်စွာ ကျယ်ပြန့်လာသည်။ မျက်လုံးများ နီရဲကာ အချင်းချင်း သတ်ဖြတ်နေသော အာရပ်သံမြင်းစီးတပ်သားများသည် အစပိုင်းတွင် ထောင်ဂဏန်းသာ ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်း ကပ်ရောဂါကဲ့သို့ ပျံ့နှံ့သွားပြီး သောင်းဂဏန်းအထိ ရောက်ရှိသွားသည်။ ဒီရေကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့လျက် တစ်သိန်း၊ နှစ်သိန်း... အဝေးရှိ အာ့ဒ်နန်နှင့် အဗူမွတ်စလင်ပင်လျှင် မျက်နှာ ပျက်သွားကြသည်။
“သေစမ်း သူတို့ ဘာလုပ်နေကြတာလဲ”
“ခွဲလိုက်… သူတို့ကို မြန်မြန် ခွဲထုတ်လိုက်”
အာ့ဒ်နန် ဒေါသတကြီး ဆဲဆိုလိုက်သည်။ ဖြစ်ပျက်မှုများက မြန်ဆန်လွန်းသဖြင့် အာ့ဒ်နန်ကဲ့သို့ စွမ်းအားကြီးသူပင်လျှင် မိမိဘက်တော်သား စစ်တပ်က ဘာကြောင့် ရုတ်တရက် အချင်းချင်း သတ်ဖြတ်နေကြသလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေသည်။
“သတိထား ထူးဆန်းနေတယ်”
အဗူမွတ်စလင် တစ်ဦးတည်းသာ တစ်စုံတစ်ရာကို ရိပ်မိလိုက်ပြီး စစ်တပ်ကို အမြန် နောက်ဆုတ်စေကာ ဖရိုဖရဲ ဖြစ်နေသော နေရာကို ရှောင်ကွင်းရန် ကြိုးစားလိုက်သည်။
နောက်ဘက်တွင်မူ စုဟန်ရှင်း၊ လီစီယီ၊ ချင်းယန် သခင်လေး တို့သည်လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ပိတ်လှောင်ခံနေရသော မဟာထန်စစ်တပ်အတွက် ဤမြင်ကွင်းသည် ကောင်းကင်မှ ကျလာသော လက်ဆောင်မွန် ဖြစ်သည်။
“လေးမြှားတပ်ဖွဲ့ အမိန့်နာခံ၊ ပစ်”
အခြေအနေ အတိအကျကို မသိရသော်လည်း ဤကိစ္စသည် ဝမ်ချောင်နှင့် သေချာပေါက် သက်ဆိုင်နေမည် ဖြစ်ကြောင်း စုဟန်ရှင်း နားလည်လိုက်သည်။
“လေ၊ သစ်တော၊ မီး၊ တောင်…မိုဓား တပ်ဖွဲ့... သတ်”
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားအောင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်း၏ မျက်စိရှေ့တွင် စစ်တပ်၏ နောက်ဘက်၌ သစ်တောကဲ့သို့ ထူထပ်သော မိုဓား တပ်ဖွဲ့သည် ဓားရှည်များကို မြှောက်ကာ ရှေ့တန်းသို့ အားကုန် တွန်းတိုက် ဝင်ရောက်လာသည်။
“ဘုန်း”
အာရပ်သံမြင်းစီးတပ်များ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာသည်ကို မြင်သောအခါ မိုဓား တပ်ဖွဲ့သည် ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိဘဲ တစ်လံကျော် ရှည်လျားသော မိုဓားများကို တညီတညွတ်တည်း ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
ဟီးးး
စစ်မြင်း ဟီသံများနှင့်အတူ အချိန်တိုအတွင်း ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှိသော အာရပ်သံမြင်းစီးတပ်များသည် မိုဓား တပ်ဖွဲ့၏ ဓားသွားအောက်တွင် သွေးအိုင်ထဲသို့ လဲကျသွားကြသည်။
မိုဓား တပ်ဖွဲ့ ပါဝင်လာသည်နှင့် ရှေ့တန်း ညာဘက်ခြမ်းတွင် မဟာထန်၏ အရေးနိမ့်နေမှု အခြေအနေ လျင်မြန်စွာ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှ လီစီယီ၏ အမိန့်ပေးသံနှင့်အတူ ဝူရှန်း သံမဏိ မြင်းစီးတပ်သည် ဓားသွားတစ်လက်ကဲ့သို့ စစ်မြေပြင်ထဲသို့ ဝင်ရောက်လာသည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လူရော မြင်းပါ လဲကျကုန်ပြီး ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိပေ။
အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုကြောင့် အာရပ်များ ဖရိုဖရဲ ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ လူတိုင်း ထွက်ပေါ်လာပြီး စစ်ပွဲ အောင်နိုင်မှုကို ချဲ့ထွင်ရန် ကြိုးစားကြသည်။ သို့သော် ယခုအချိန်တွင် စစ်မြေပြင်၏ အဓိက အာရုံစိုက်မှုသည် နောက်ဘက်တွင် မဟုတ်တော့ဘဲ အိပ်မက်ဆိုးသားရဲအပေါ်သို့ အားလုံး ရောက်ရှိသွားသည်။
“ပစ် ပစ် ပစ်”
“ထူးဆန်းနေတယ်၊ အဲဒီအကောင်ကို သတ်ပစ်”
မရေမတွက်နိုင်သော မြှားများသည် ကောင်းကင်မှ ကျဆင်းလာပြီး ဖရိုဖရဲ ဖြစ်မှုကို ဖြစ်စေသော အရင်းအမြစ်ဆီသို့ ပစ်ခတ်လိုက်ကြသည်။ စိတ်ဓာတ်ခိုင်မာသော အာရပ်တပ်မှူးချုပ် အချို့သည်လည်း အိပ်မက်ဆိုးသားရဲသူတို့ဘေးမှ ဖြတ်သန်းသွားချိန်တွင် ၎င်း၏ အရိပ်ကို ဖမ်းမိလိုက်သဖြင့် ဓားရှည်များကို ဆွဲထုတ်ကာ လိုက်လံ သတ်ဖြတ်ကြသည်။
******
အခန်း (၁၈၉၂) စိတ်စွမ်းအား ဖမ်းယူခြင်း (အပိုင်း ၂)
သို့သော် မြှားမိုးရွာခြင်း ဖြစ်စေ၊ ချီစွမ်းအင်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်စေ ရုပ်ခန္ဓာ မရှိသော အိပ်မက်ဆိုးသားရဲအတွက် မည်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် ထောင်သောင်းချီသော အာရပ်စစ်သည်များသည် ဖရိုဖရဲ ဖြစ်ကာ ရူးသွပ်သွားပြီး အချင်းချင်း သတ်ဖြတ်နေကြသဖြင့် အိပ်မက်ဆိုးသားရဲစုပ်ယူရရှိသော စိတ်စွမ်းအားမှာ ပိုမို များပြားလာသည်။
အနောက်မြောက်ပိုင်း ခရီးစဉ်တွင် အိပ်မက်ဆိုးသားရဲသည် ဝမ်ချောင်၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး စိတ်စွမ်းအား ထက်ဝက်ခန့် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အလွန်အားနည်းနေခဲ့သည်။ သို့သော် ယခု မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်မက်ဆိုးသားရဲသည် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားရုံသာမက စိတ်စွမ်းအား ပြင်းထန်မှုသည် ယခင်ကထက် နှစ်ဆ၊ သုံးဆ၊ လေးဆ၊ ငါးဆ... အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် တိုးပွားလာသည်။ အိပ်မက်ဆိုးသားရဲ၏ ပြောင်းလဲမှုကို ခံစားမိသော ဝမ်ချောင်ပင်လျှင် စိတ်ထဲတွင် တုန်လှုပ်သွားသည်။
ယခင်က အိပ်မက်ဆိုးသားရဲသည် မွေးရာပါ ထူးခြားသော စိတ်စွမ်းအားဖြင့် မီးနတ်ဆိုးကြီးကို အနည်းငယ် နာကျင်စေရုံသာ တတ်နိုင်သော်လည်း ယခုအခါ စိတ်စွမ်းအားများ ဖြည့်တင်းလိုက်သဖြင့် လောကဖျက် အဆင့်ရှိသော မီးနတ်ဆိုးကြီးကို ယှဉ်နိုင်မည့် အဆင့်ထိ လျင်မြန်စွာ ကြီးထွားလာနေသည်။
စိတ်နှင့် အသိဉာဏ်ကို ထိန်းချုပ်နိုင်သော အိပ်မက်ဆိုးသားရဲအတွက် စစ်မြေပြင်သည် အကောင်းဆုံး အာဟာရ ဖြစ်သည်။ အနောက်မြောက်ပိုင်း မြေအောက် လိုဏ်ဂူထဲတွင် နေရောင် မမြင်ရဘဲ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ထိုအချိန်ကာလ အတွင်း ထိုနေရာသို့ လူအနည်းငယ်သာ ရောက်လာတတ်ပြီး ရာဂဏန်းထက် မပိုခဲ့ပေ။
ထိုပတ်ဝန်းကျင်မျိုးတွင် အိပ်မက်ဆိုးသားရဲအနေဖြင့် အသက်ဆက်နိုင်ရုံသာ ရှိသည်။ သို့သော် ယခုကဲ့သို့ လူသန်းချီ ရှိသော စစ်မြေပြင်ကြီးတွင် အိပ်မက်ဆိုးသားရဲသည် တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းတစ်ကောင်ကဲ့သို့၊ ရေရသော ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ကျက်စားနိုင်ပြီး ဆယ်ဆ၊ ဆယ့်တစ်ဆ၊ ဆယ့်နှစ်ဆ အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။
အိပ်မက်ဆိုးသားရဲ၏ ကြီးထွားနှုန်းကို မီးနတ်ဆိုးကြီးပင် အံ့ဩတုန်လှုပ်သွားသည်။ အိပ်မက်ဆိုးသားရဲ၏သောင်းကျန်းမှုကြောင့် အချိန်တိုအတွင်း အာရပ်သံမြင်းစီးတပ် သိန်းချီ အချင်းချင်း သတ်ဖြတ်ကြပြီး စစ်မြေပြင်တွင် အလောင်းများ ပုံသွားသည်။
မီးနတ်ဆိုးကြီးကဲ့သို့ပင် အိပ်မက်ဆိုးသားရဲသည်လည်း လောကဖျက် အဆင့်ရှိသော ကြောက်မက်ဖွယ် သတ္တဝါဆိုးကြီး ဖြစ်သည်။ အကယ်၍ လောကဖျက်နိုင်စွမ်း မရှိခဲ့လျှင် ကျိုးလုစစ်ပွဲအပြီးတွင် မှူးမတ်များက ဘေးအန္တရာယ် ကာကွယ်ရန်အတွက် အိပ်မက်ဆိုးသားရဲကို သတ်ဖြတ်ရန် တောင်းဆိုကြမည် မဟုတ်ပေ။
ယခုမှသာ အိပ်မက်ဆိုးသားရဲ၏ စစ်မှန်သော မျက်နှာဖုံး ကွာကျလာပြီး မီးနတ်ဆိုးကြီးအမှန်တကယ် ကြောက်ရွံ့သော အရာ ဖြစ်လာသည်။
“အာ”
သနားစဖွယ် အော်ဟစ်သံများနှင့်အတူ ထောင်နှင့်ချီသော အာရပ်သံမြင်းစီးတပ်များသည် ခုခံနိုင်စွမ်း မရှိဘဲ အစုလိုက် အပြုံလိုက် လဲကျသွားကြသည်။ အဝေးမှ ကြည့်နေသော ကုထိုက်ပိုင်သည် အံ့ဩခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောထွေးနေပြီး မျက်နှာထား အလွန် ဆိုးရွားနေသည်။
“မီးနတ်ဆိုးကြီး မင်း ဘာလုပ်နေတာလဲ။ မြန်မြန် သတ်ပစ်လေ”
ထိုအခိုက်အတန့်တွင် ကုထိုက်ပိုင်သည် စိုးရိမ်စိတ်ကို အမှန်တကယ် ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း အာရပ်ဘက်မှ စစ်သည် သိန်းချီ သေဆုံးသွားသည်။ ဒီအတိုင်းသာ ဆက်သွားလျှင် အာရပ်တွင် စစ်သည် မည်မျှပင် များပြားပါစေ အားလုံးသတ်ဖြတ်ခံရပေလိမ့်မည်။
“သေစမ်း”
အခြားတစ်ဖက်တွင် မီးနတ်ဆိုးကြီးသည်လည်း အလွန် ဒေါသထွက်နေသည်။
၎င်း၏ တစ်ကိုယ်လုံးတွင် မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေပြီး ပူပြင်းသော ချော်ရည်မြစ်များသည် ကြီးမားသော ချော်ရည် လက်သီးများအဖြစ် ပြောင်းလဲကာ တစ်ချက်ပြီး တစ်ချက် ထိုးချလိုက်သည်။ သို့သော် အိပ်မက်ဆိုးသားရဲသည် လျင်မြန်စွာ ရှောင်တိမ်းသွားသဖြင့် အိပ်မက်ဆိုးသားရဲကို မထိခိုက်ဘဲ အာရပ်သံမြင်းစီးတပ်များကိုသာ မှားယွင်း တိုက်ခိုက်မိနေသည်။ ဤအချက်က မီးနတ်ဆိုးကြီးကို ပိုမို ဒေါသထွက်စေသည်။
စစ်မြေပြင် တစ်ခုလုံးကို ကြည့်လိုက်လျှင် အိပ်မက်ဆိုးသားရဲသည် ၎င်းကို အမှန်တကယ် နာကျင်စေနိုင်သော တစ်ခုတည်းသော အရာ ဖြစ်သည်။ စိတ်စွမ်းအားသက်သက် ရှိသောသတ္တဝါ၏ အန္တရာယ်ကို မီးနတ်ဆိုးကြီးထက် ပိုနားလည်သူ မရှိပေ။ သို့သော် ထိပ်တိုက် မရင်ဆိုင်ဘဲ ရှောင်တိမ်းနေသော အိပ်မက်ဆိုးသားရဲကို မီးနတ်ဆိုးကြီးဘာမှ မလုပ်နိုင်ပေ။
“အဲဒီ အကောင်ကို ခဏထားလိုက်၊ ဟိုလူသားကို အရင် သတ်ပစ်။ သူ့ဆီမှာ အဲဒီ အကောင်ကို ထိန်းချုပ်နိုင်တဲ့ ပစ္စည်း ရှိနေတာ သေချာတယ်”
အဝေးမှ ကုထိုက်ပိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှီးခနဲ အသံနှင့်အတူ အေးစက်သော အလင်းတန်း တစ်ချက် လက်သွားပြီး လေဟာနယ်ကို စက္ကူကဲ့သို့ လှီးဖြတ်လိုက်သည်။ ရှည်လျားပြီး ထက်မြက်သော ချော်ရည် ကြာပွတ်သုံးချောင်းသည် ဝမ်ချောင်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သို့သော် ဝမ်ချောင်သည် ဤအကွက်ကို ကြိုတင် မျှော်လင့်ထားပုံ ရသည်။ ခန္ဓာကိုယ်ကို လှုပ်ရှားကာ လေဟာနယ်ထဲတွင် လျင်မြန်စွာ နောက်ဆုတ် ရှောင်တိမ်းလိုက်သဖြင့် သေစေနိုင်သော တိုက်ခိုက်မှုမှ လွတ်မြောက်သွားသည်။
ကုထိုက်ပိုင် ၏ တုံ့ပြန်မှုသည် ထင်ထားသည်ထက် ပိုမို လျင်မြန်သည်။ သူ၏ လက်ထဲတွင် မီးနတ်ဆိုးကြီးကို ထိန်းချုပ်သည့် ပစ္စည်း ရှိသကဲ့သို့ ဝမ်ချောင်၏ လက်ထဲတွင်လည်း အိပ်မက်ဆိုးသားရဲကို ထိန်းချုပ်သည့် ပစ္စည်း ရှိမည်ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် အိပ်မက်ဆိုးသားရဲကို လိုက်လံ တိုက်ခိုက်နေသော မီးနတ်ဆိုးကြီးကို ပစ်မှတ်ပြောင်းစေပြီး ဝမ်ချောင်ကို တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။
ကံကောင်းစွာပင် ဝမ်ချောင်၏ဉာဏ်ရည်က တစ်ဆင့်သာနေသဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။
“သခင် ငါ့ကို ကူညီပါ”
ဝမ်ချောင်အန္တရာယ် ကျရောက်နေသည်ကို ခံစားမိသော အိပ်မက်ဆိုးသားရဲ၏ အသံသည် ဝမ်ချောင်၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ဤနေရာတွင် စစ်သည် သန်းချီ ရှိသဖြင့် အချိန်အလုံအလောက်ရလျှင် အိပ်မက်ဆိုးသားရဲသည် မီးနတ်ဆိုးကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်အထိ ကြီးထွားလာနိုင်သည်။ သို့သော် မီးနတ်ဆိုးကြီးသည် ပစ်မှတ်ပြောင်းသွားပြီ ဖြစ်သဖြင့် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။ အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စမှာ မီးနတ်ဆိုးကြီးကို ဖြေရှင်းရန် ဖြစ်သည်။
အဝေးတစ်နေရာ လေထဲတွင် ဝမ်ချောင်သည် အစပိုင်းတွင် ကြောင်သွားသော်လည်း ရင်ဘတ်ထဲရှိ အိပ်မက်ဆိုးသားရဲ၏အမြူတေတုန်ခါမှုကို ခံစားလိုက်ရပြီး ချက်ချင်း နားလည်သွားသည်။
“ဘုန်း”
တွန့်ဆုတ်ခြင်း အနည်းငယ်မျှ မရှိဘဲ ဝမ်ချောင်သည် သူ၏ စိတ်စွမ်းအား အားလုံးကို ရင်ဘတ်ထဲရှိ အိပ်မက်ဆိုးသားရဲ၏ အမြူတေထဲသို့ လောင်းထည့်လိုက်သည်။ ဝမ်ချောင်၏ စိတ်စွမ်းအား အထောက်အပံ့ ရရှိလိုက်သဖြင့် နှစ်ဦးသား၏ စိတ်စွမ်းအားများ ပေါင်းစပ်သွားပြီး အိပ်မက်ဆိုးသားရဲသည် လျင်မြန်စွာ တန်ပြန် တိုက်ခိုက်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
လေဟာနယ်ထဲတွင် မိုးကြိုးပစ်သကဲ့သို့ ဖြစ်သွားပြီး မည်သူမျှ မတုံ့ပြန်နိုင်မီ နှစ်ဦးသား၏ ပေါင်းစပ် စွမ်းအားဖြင့် ကြောက်မက်ဖွယ် စိတ်စွမ်းအား လှိုင်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး အရောင်ပြောင်းသွားမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။
“အာ”
မူလက အရှိန်အဝါ ကြီးမားပြီး ကမ္ဘာလောကကို ဖျက်ဆီးမည့်ပုံ ပေါက်နေသော လောကဖျက် မီးနတ်ဆိုးသည် ဤတိုက်ခိုက်မှုကို ခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ ၎င်း၏ တစ်ကိုယ်လုံးရှိ မီးတောက်များ ဖရိုဖရဲ ဖြစ်သွားပြီး အရှိန်အဝါ ကျဆင်းသွားသည်။ ကြီးမားသော ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားပြီး နောက်သို့ ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်သွားရသည်။
သာမန် လူသားများပင် ဤတိုက်ခိုက်မှုကြောင့် မီးနတ်ဆိုးကြီးပြင်းထန်စွာ ဒဏ်ရာရပြီး နာကျင်သွားသည်ကို ခံစားနိုင်သည်။
ယခင်က ဝမ်ချောင်၊ လီစီယီ၊ ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း၊ ကောင်းရှန်းကျစ်၊ လီကျွင်းရှန်း…အစရှိသဖြင့် သိုင်းပညာရှင် အများအပြား ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော်လည်း မီးနတ်ဆိုးကြီးကို ဒဏ်ရာ မရရှိစေခဲ့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် မီးနတ်ဆိုးကြီးသည် ပိုမို သန်စွမ်းလာခဲ့သည်။ သို့သော် အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှု တစ်ချက်တည်းနှင့် လောကဖျက် အဆင့်ရှိသော မီးနတ်ဆိုးကြီးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်မှာ အလွန်အံ့ဩစရာ ကောင်းလှသည်။
“ဝူးးးးး”
မီးနတ်ဆိုးကြီးသနားစဖွယ် အော်ဟစ်လိုက်သည်။ အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း မီးနတ်ဆိုးကြီးသည် ငြိမ်ခံနေမည် မဟုတ်ပေ။
သူ၏လက်သီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ အဆုံးမဲ့ ပူပြင်းသော ချော်ရည်မြစ်များသည် ဆွဲငင်မှုကို ခံလိုက်ရပြီး မီးခိုးငွေ့များနှင့်အတူ ပြန်လည် စီးဆင်းလာကာ မီးနတ်ဆိုးကြီး၏ လက်မောင်းနှစ်ဖက်တွင် စုဝေးသွားသည်။ ထို့နောက် ဧရိယာအလိုက် တိုက်ခိုက်သည့် နည်းလမ်းဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလျက် ဝမ်ချောင်နှင့် အိပ်မက်ဆိုးသားရဲရှိရာသို့ လှိုင်းလုံးကြီးများကဲ့သို့ ပစ်လွှတ်လိုက်သည်။
ဝမ်ချောင်နှင့် အိပ်မက်ဆိုးသားရဲနှစ်ဦးစလုံးသည် အလွန်လျင်မြန် ဖျတ်လတ်သဖြင့် တစ်ဦးချင်း တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ ထို့ကြောင့် မီးနတ်ဆိုးကြီးဗျူဟာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
“ရွှီး”
အလင်းတန်း တစ်ချက် လက်သွားပြီး ရွှေရောင် ရှည်လျားသည့် မီးကြာပွတ်ကြီးသည် လေဟာနယ်ကို ခွဲခြမ်းလျက် အံ့မခန်း လျင်မြန်သောအရှိန်ဖြင့် ရစ်ပတ်ရန် ရောက်ရှိလာသည်။ ဒီတစ်ကြိမ်တွင် သုံးချောင်းတည်း မဟုတ်ဘဲ ဆယ့်ခုနစ်ချောင်း၊ ဆယ့်ရှစ်ချောင်းခန့်ရှိပြီး ရေဘဝဲ လက်တံများကဲ့သို့ ဝမ်ချောင်ထံသို့ တရွှီးရွှီး မြည်သံပေးကာ ဝင်ရောက်လာသည်။
ထို့အပြင် မီးနတ်ဆိုးကြီး၏ ပခုံးပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး ချော်ရည် မီးတောက်များ ဆူပွက်နေသည်။ ထိုချော်ရည် မီးတောက်များထဲမှ အသစ်စက်စက် ရှည်လျားသော မီးကြာပွတ်များသည် အသက်ရှိသကဲ့သို့ ထွက်ပေါ်လာသည်။ လေထဲတွင် ဝှေ့ယမ်းလျက် မျဉ်းကွေးများ ရေးဆွဲကာ ဝမ်ချောင်ကို တိုက်ခိုက်ရန် အလုအယက် ပါဝင်လာကြသည်။
ဤ မီးကြာပွတ် တိုက်ခိုက်မှုသည် အကွာအဝေး အလွန် ကျယ်ပြန့်ပြီး လေထဲတွင် စိတ်ကြိုက် လှုပ်ရှားကာ လမ်းကြောင်း ပြောင်းလဲနိုင်သဖြင့် ကာကွယ်ရန် အလွန် ခက်ခဲသည်။
“လူသာ၊ သေစမ်း”
မီးနတ်ဆိုးကြီး၏ အက်ကွဲပြီး ကြမ်းကြုတ်သော ဟိန်းဟောက်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မိုးကြိုးပစ်သကဲ့သို့ ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။ အိပ်မက်ဆိုးသားရဲ၏ အဓိကသော့ချက်သည် ဤလူသား ဖြစ်ကြောင်း သူ သိသွားပြီ ဖြစ်သည်။
သို့သော် မီးနတ်ဆိုးကြီး၏မီးကြာပွတ်များ ဝမ်ချောင်နှင့် ပေအနည်းငယ် အကွာသို့ ရောက်ရှိချိန်တွင် ဘုန်းခနဲ အသံနှင့်အတူ ဒီရေကဲ့သို့ ကြီးမားပြီး သံမဏိကဲ့သို့ မာကျောသော စိတ်စွမ်းအား လှိုင်းတစ်ခုသည် ကြီးမားသော တူကြီး တစ်ချောင်းကဲ့သို့ မီးနတ်ဆိုးကြီး၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။
တောက်ပသော မီးတောက်များကို ကျော်ဖြတ်ပြီး ကြည့်လိုက်လျှင် မီးနတ်ဆိုးကြီး၏ ဦးနှောက်ထဲတွင် ရွှေရောင် အလင်းတန်း တားမြစ်ချက်တစ်ခု ရှိနေသည်ကို တွေ့ရသည်။ ၎င်းသည် ပြင်းထန်သော စိတ်စွမ်းအား လှိုင်းများကို ထုတ်လွှတ်နေပြီး စိတ်စွမ်းအားနှင့် မီးနတ်ဆိုး စွမ်းအားတို့ဖြင့် ဖွဲ့စည်းထားသော ခံတပ်ကဲ့သို့ မာကျောသည့် အကာအကွယ် ဖြစ်သည်။
ယခင်က မီးနတ်ဆိုးကြီးသည် ဤအကာအကွယ်ကို အားကိုးပြီး မရေမတွက်နိုင်သော လူသား စိတ်စွမ်းအား ပညာရှင်များကို သတ်ဖြတ်ခဲ့ဖူးသည်။ စိတ်စွမ်းအား ပညာရှင်များ ကြီးစိုးသော ယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးခဲ့ဖူးသည်။
သို့သော် အိပ်မက်ဆိုးသားရဲရှေ့တွင် ဤ စိတ်စွမ်းအား အကာအကွယ်သည် မည်သည့် အဓိပ္ပာယ်မျှ မရှိဘဲ မရှိသကဲ့သို့ အလွယ်တကူ ပျက်စီးသွားသည်။
“ဘုန်း”
နောက်ထပ် တိုက်ခိုက်မှု တစ်ခုနှင့်အတူ မီးနတ်ဆိုးကြီးသနားစဖွယ် အော်ဟစ်လိုက်သည်။ ဓားသွားများကဲ့သို့ ထက်မြက်ပြီး လေဟာနယ်ကို ခွဲခြမ်းနိုင်သော မီးကြာပွတ်များသည် လျင်မြန်စွာ ပြိုကွဲသွားပြီး ချော်ရည်သက်သက်အဖြစ် ပြောင်းလဲကာ ကောင်းကင်မှ မိုးရေကဲ့သို့ အားမပါဘဲ ကျဆင်းလာသည်။ မည်သည့် ထိခိုက်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။
လောကရှိ အရာရာတိုင်းတွင် ၎င်းကို နှိမ်နင်းနိုင်သော အရာတစ်ခု ရှိစမြဲ ဖြစ်သည်။ မီးနတ်ဆိုးကြီးကို မသေနိုင်သော သတ္တဝါဟု ခေါ်ဆိုကြသော်လည်း အိပ်မက်ဆိုးသားရဲ၏ စိတ်စွမ်းအား တိုက်ခိုက်မှုသည် ၎င်းတို့၏ ရန်သူတော် ဖြစ်သည်။ အိပ်မက်ဆိုးသားရဲ၏ စိတ်စွမ်းအား သန်မာသော်လည်း ရုပ်ခန္ဓာမှာမူ အလွန် အားနည်းပြီး မီးနတ်ဆိုးကြီးနှင့် လုံးဝ မယှဉ်နိုင်ပေ။
ရှေးဟောင်းခေတ် မတိုင်မီက မီးနတ်ဆိုးမျိုးနွယ်စုသည် အနောက်တိုင်းမှ အစွမ်းထက်သော စိတ်စွမ်းအား ပညာရှင်များနှင့် ပူးပေါင်းခဲ့ခြင်းမှာ ဤအချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း အိပ်မက်ဆိုးသားရဲမျိုးနွယ်စုကို တိတ်တဆိတ် ဖျက်ဆီးနိုင်ခဲ့ပြီး အဝါရောင် ဧကရာဇ် ရွှမ်ယွမ် ကာကွယ်ထားသော တစ်ကောင်တည်းသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
“ဘုန်း”
မီးနတ်ဆိုးကြီး၏သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ဝမ်ချောင်အနားသို့ ကပ်ရန်၊ တိုက်ခိုက်ရန် ကြိုးစားတိုင်း အိပ်မက်ဆိုးသားရဲ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံရသည်။ ဤတိုက်ခိုက်မှုအတွက် အိပ်မက်ဆိုးသားရဲသည်လည်း ပေးဆပ်ရမှုများ ရှိသော်လည်း ၎င်း၏ ခံနိုင်ရည် အတိုင်းအတာ အတွင်းတွင်သာ ရှိသည်။
ဘုန်း ဘုန်း ဘုန်း
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... မမြင်ရသော စိတ်စွမ်းအားများသည် ယခုအခါ အထည်ဒြပ် ရှိသော တိုက်ခိုက်မှုများ အဖြစ် ပြောင်းလဲသွားသည်။ ဝမ်ချောင်သည် အိပ်မက်ဆိုးသားရဲ၏ အမြူတေထဲသို့ စိတ်စွမ်းအားများ အဆက်မပြတ် လောင်းထည့်ပေးနေပြီး အိပ်မက်ဆိုးသားရဲသည် စိတ်စွမ်းအားများကို စုစည်းကာ ချွန်ထက်သော ဆူးချွန်များအဖြစ် ပြောင်းလဲလျက် မီးနတ်ဆိုးကြီးကို တိုက်ခိုက်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုအောက်၌ မီးနတ်ဆိုးကြီးသည် နာကျင်စွာ ဟိန်းဟောက်လျက် တစ်လှမ်းချင်း နောက်သို့ ဆုတ်သွားရသည်။ ၎င်း၏ ရှေ့တွင် မမြင်ရသော လေနံရံ တစ်ခု ရှိနေပြီး ၎င်းကို နောက်သို့ အတင်းအကျပ် တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်။
ဤအခြေအနေမျိုးတွင် မီးနတ်ဆိုးကြီးသည် ဝမ်ချောင်အနားသို့ ကပ်နိုင်ရန် မဆိုထားနှင့်၊ ဝမ်ချောင်၏ ရင်ဘတ်ထဲရှိ အိပ်မက်ဆိုးသားရဲ၏ အမြူတေကို တိုက်ခိုက်ရန်ပင် မဖြစ်နိုင်တော့ပေ။
“ခွေးကောင်”
ကုထိုက်ပိုင်၏ မျက်နှာထား အလွန်ဆိုးရွားနေသည်။ သူ၏ စိတ်စွမ်းအားဖြင့် ထိုနေရာကို အမြဲစောင့်ကြည့်နေခဲ့ရာ ဤမြင်ကွင်းသည် သူ မျှော်လင့်ထားသောပုံရိပ် လုံးဝမဟုတ်ပေ။
“အကုန်လုံး ထွက်သွားကြစမ်း”
ကုထိုက်ပိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရွှေရောင် အလင်းကွင်းတစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုအလင်းကွင်းသည် စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း သံမဏိကဲ့သို့ မာကျောပြီး ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။
ဘုန်း
ကုထိုက်ပိုင်၏ ဒေါသတကြီး တိုက်ခိုက်မှုအောက်တွင် ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံး လွင့်စင်သွားကြသည်။
“ဟိန်း”
လေတိုးသံများနှင့်အတူ လူများ လွင့်စင်သွားချိန်တွင် ဝမ်ချောင်သည် စိတ်နှစ်ခွ ခွဲကာ ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်လျက် ပြန်လှည့်လာစေသည်။ တောင်ကြီး ပြိုကျသကဲ့သို့ ကုထိုက်ပိုင် ၏ နောက်ကျောဘက်မှ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ကြီးမားသော တူကြီးများကဲ့သို့ လက်မောင်းနှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ဝေါ”
လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ကုထိုက်ပိုင်၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
******
အခန်း (၁၈၉၃) လနတ်ဘုရား၏ တားမြစ်လက်စွပ်
အတိတ်မှ ယခုအချိန်အထိ ကုထိုက်ပိုင်သည် လူအများ၏ ဝိုင်းဝန်းပိတ်ဆို့မှုမှ လွတ်မြောက်ရန် အခွင့်အရေးများစွာ ရရှိခဲ့သည်။ ထို့အပြင် တစ်ယောက်ချင်းစီကို အသာစီးရယူကာ သတ်ဖြတ်နိုင်သည့် အခွင့်အရေးလည်း ရှိခဲ့သည်။ သို့သော် ဝမ်ချောင်ထိန်းချုပ်ထားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် ရိုင်းစိုင်းကြမ်းတမ်းသော်လည်း ထိရောက်သော နည်းလမ်းဖြင့် ကုထိုက်ပိုင်ကို အဆက်မပြတ် တိုက်ခိုက်နှောင့်ယှက်နေခဲ့သည်။ ထို့အပြင် အခြားသူများ၏ တိုက်ခိုက်မှုများနှင့် ချောမွေ့စွာ ချိတ်ဆက်မိနေသဖြင့် ကုထိုက်ပိုင်သည် အကြိမ်ကြိမ် ဝိုင်းဝန်းပိတ်ဆို့မှုထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့ရသည်။
“သေသင့်တဲ့ တိရစ္ဆာန်ကောင်”
ထိုအခိုက်အတန့်တွင် မည်သူမျှ သတိမထားမိလိုက်သော အရာတစ်ခု ဖြစ်ပျက်သွားသည်။ ကုထိုက်ပိုင်၏ညာဘက် လက်မပေါ်ရှိ လခြမ်းကွေးပုံသဏ္ဌာန် လက်စွပ်အနက်ရောင်လေးသည် ရုတ်တရက် တောက်ပသွားသည်။ လက်စွပ်၏ အတွင်းဘက်မှ သေးငယ်သော ငွေအပ်လေးတစ်ချောင်း ထွက်ပေါ်လာပြီး ကုထိုက်ပိုင်၏ လက်ချောင်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားကာ သူ၏သွေးတစ်စက်ကို စုပ်ယူလိုက်သည်။
လနတ်ဘုရား၏ တားမြစ်လက်စွပ်
၎င်းသည် အာရပ်အင်ပါယာတွင် လနတ်ဘုရား ကိုးကွယ်မှု ထွန်းကားစဉ်က အထွတ်အထိပ် နတ်ဘုရား လက်စွပ်တစ်ကွင်း ဖြစ်သည်။ ရှေးဟောင်း လနတ်ဘုရား၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး မယုံနိုင်စရာ စွမ်းအင်များကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။ သို့သော် ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ ယခုလက်ရှိ အာရပ်အင်ပါယာတွင် လနတ်ဘုရားကို ကိုးကွယ်ခြင်း မရှိတော့ပေ။ အာရပ်အင်ပါယာအတွင်းတွင် လနတ်ဘုရားကို မိစ္ဆာဝါဒ အဖြစ် သတ်မှတ်ထားကြသည်။
ကုထိုက်ပိုင်သည် အာရပ်အင်ပါယာ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက စစ်မှန်သောဘုရားသခင်၏ သစ္စာရှိ ကိုးကွယ်သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေ လိုအပ်မှသာလျှင် ဤ “မိစ္ဆာနတ်ဘုရား”၏ ပစ္စည်းကို အသုံးပြုလေ့ရှိသည်။
လနတ်ဘုရား၏ တားမြစ်လက်စွပ်အတွင်းရှိ စွမ်းအားများကို အသက်သွင်းလိုက်သောအခါ ကုထိုက်ပိုင် ၏ မျက်နှာပေါ်တွင် အနီရောင် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူ၏ နောက်ကျောဘက်တွင် အလင်းနှင့် အရိပ်များ လှုပ်ရှားသွားပြီး အနက်ရောင် လခြမ်းကွေး အရိပ်တစ်ခု မှိန်ဖျဖျ ပေါ်လာသည်။ ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြောင်းလဲသွားသည်။
“ဘုန်း”
လူတိုင်း၏ မျက်စိရှေ့တွင် ကုထိုက်ပိုင်သည် ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး ညာဘက်လက်ကို ဆန့်ထုတ်ကာ တောင်ကြီး ပြိုကျသကဲ့သို့ ကျရောက်လာသော ရွှေရောင် ဧရာမမျောက်ဝံကြီး၏ တိုက်ခိုက်မှုကို လက်ဝါးတစ်ဖက်တည်းဖြင့် တားဆီးလိုက်သည်။
ကုထိုက်ပိုင်သည် လက်ဝါးကို လိမ်ချလိုက်ရာ “ဂျွတ်” ခနဲ အရိုးကျိုးသံ ထွက်ပေါ်လာသည်။ ရွှေရောင် ဧရာမမျောက်ဝံကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ကြီးမားသော လက်မောင်းကြီးသည် ကုထိုက်ပိုင် ၏ လက်ချက်ဖြင့် ကျိုးသွားပြီး ထူးဆန်းသော ပုံစံဖြင့် လိမ်ကောက်သွားသည်။
“!!!”
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း မျက်နှာ ပျက်သွားကြသည်။
“မင်းတို့ ငါ့ကို ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မလဲ ကြည့်ရသေးတာပေါ့”
ကုထိုက်ပိုင်၏ မျက်နှာထား အေးစက်နေသည်။ သူသည် လက်ဝါးကို တွန်းထုတ်လိုက်ရာ မင်ရည်ကဲ့သို့ ပျစ်ချွဲပြီး အနီရင့်ရောင် စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဘုန်းခနဲ အသံနှင့်အတူ ရွှေရောင် ဧရာမမျောက်ဝံကြီးသည် အဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ဒီတစ်ကြိမ်တွင် ရွှေရောင် ဧရာမမျောက်ဝံကြီး၏ မျက်လုံးများ မှေးမှိန်သွားပြီး ယခင်ကလောက် တက်ကြွခြင်း မရှိတော့ပေ။ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်မှာ ထင်ရှားသည်။
“ဘုန်း”
ထိုအခိုက်အတန့်တွင် အေးစက်သော အလင်းတန်း တစ်ချက် လက်သွားပြီး နို့နှစ်ရောင် တောက်ပသော ဓားချီတစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းကာ မိုးကြိုးပစ်သကဲ့သို့ ကုထိုက်ပိုင် ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။ သို့သော် ကုထိုက်ပိုင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ လက်သွားပြီး ဖြူဖွေးသော ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည်။ ပင်လယ်လှိုင်းတံပိုးကဲ့သို့ ကြီးမားသော စွမ်းအင်တစ်ခုသည် သံမဏိကဲ့သို့ မာကျောစွာ ထွက်ပေါ်လာပြီး လီကျွင်းရှန်း၏ ဟောက်ရန်သူတော်စင်ဓား တိုက်ခိုက်မှုကို ချက်ချင်း တားဆီးလိုက်သည်။
ဝတ်ရုံလက် ဝှေ့ယမ်းမှုအောက်တွင် ပေတစ်ရာအကွာမှ လှမ်း၍ တိုက်ခိုက်နေသော လီကျွင်းရှန်းသည် ညည်းတွားလိုက်ပြီး ဓားချီပျက်စီးသွားကာ စွမ်းအင် ရိုက်ခတ်မှုကြောင့် အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားသည်။
ကောင်းကင်ခွဲ တိုက်ကွက်
ကုထိုက်ပိုင် လီကျွင်းရှန်းကို တိုက်ခိုက်နေချိန်တွင် ကောင်းကင်ယံ မှောင်မိုက်သွားပြီး အရိပ်မည်းများ ဖုံးလွှမ်းနေသော တောင်ကုန်းပမာ ကြီးမားသည့် လက်သီးကြီး တစ်လုံးသည် ကုထိုက်ပိုင်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။ ဤလက်သီးချက်သည် ကြီးမားပြီး ဖြောင့်မတ်ကာ တရားသဘောများနှင့် ပြည့်နှက်နေသည်။
သို့သော် ကုထိုက်ပိုင်သည် ခေါင်းမော့လိုက်ရုံသာ ရှိသည်။ မျက်နှာထား အေးစက်လျက် ရှောင်တိမ်းခြင်း မပြုဘဲ ပြန်လည်၍ လက်သီးဖြင့် ထိုးလိုက်သည်။ သိမ်မွေ့နယ်မြေစွမ်းအားများ ပါဝင်နေသော ကြီးမားသည့် အနက်ရောင် လက်သီး အရိပ်တစ်ခုသည် ဝမ်ကျုံးစစ်ထံသို့ ပြေးဝင်သွားသည်။
“အဆင့်အတန်း မဆိုးဘူး။ ဒါပေမဲ့ ငါနဲ့ယှဉ်ရင် နည်းနည်း လိုသေးတယ်”
ထိုစကား ပြောပြီးသည်နှင့် ဘုန်းခနဲ အသံ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် လက်သီးနှစ်လုံး ပြင်းထန်စွာ တိုက်မိသွားကြသည်။ ကုထိုက်ပိုင် ပြောသည်မှာ မှန်ကန်သည်။ ဝမ်ကျုံးစစ်သည် သိမ်မွေ့နယ်မြေသို့ ဝင်ရောက်ထားသော်လည်း ကုထိုက်ပိုင်နှင့် ယှဉ်လျှင် အတွေ့အကြုံနှင့် စွမ်းအားပိုင်းတွင် ကွာခြားမှု ရှိနေဆဲ ဖြစ်သည်။
ကုထိုက်ပိုင်သည် အပြင်ပန်းတွင် အသက် (၅၆) နှစ်ခန့် ထင်ရသော်လည်း အမှန်တကယ် အသက်မှာ ရာကျော်နေပြီ ဖြစ်သည်။ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရပြီး ကျော်ကြားမှုနှင့် သိမ်မွေ့နယ်မြေသို့ ဝင်ရောက်ခဲ့သည့် အချိန်ကာလမှာလည်း ဝမ်ကျုံးစစ်ထက် များစွာစောသည်။ ဤအချက်သည် လူငယ်ဟု ဆိုနိုင်သော အရှေ့တိုင်း စစ်နတ်ဘုရားဝမ်ကျုံးစစ်နှင့် ယှဉ်နိုင်စွမ်း မရှိသော အချက်ပင် ဖြစ်သည်။
“မကောင်းတော့ဘူး”
ဝမ်ကျုံးစစ်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် မူလကတည်းက ဒဏ်ရာရထားပြီး ကုထိုက်ပိုင် နှင့် ထိတွေ့လိုက်သော အခိုက်အတန့်တွင် မူလကတည်းက စွမ်းအားကြီးမားသော ကုထိုက်ပိုင်သည် ယခုအခါ ပိုမို သန်စွမ်းလာကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ၏စွမ်းအင်သည် ယခင်ကထက် ပိုမို ထူထဲ၊ သန်မာပြီး သိပ်သည်းလာသည်။ ထို့အပြင် ပြင်းထန်သော ပြန်ကန်အားနှင့် ထိုးဖောက်နိုင်စွမ်းတို့ ပါဝင်နေသည်။
ထိုထူးခြားသော စွမ်းအားသည် ဝမ်ကျုံးစစ်၏ စွမ်းအင် အကာအကွယ်ကို ဖောက်ထွင်းပြီး သူ၏ ခန္ဓာကိုယ် အစစ်အမှန်ကို တိုက်ရိုက် ထိမှန်သွားသည်။
“အဟွတ်”
ဝမ်ကျုံးစစ်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားသည်။
“မဟာဆရာ”
ဤမြင်ကွင်းကို မြင်သောအခါ ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း၊ ကောင်းရှန်းကျစ် တို့သည် မိမိတို့၏ အန္တရာယ်ကို ဂရုမစိုက်ဘဲ ပြေးဝင်လာကြသည်။
“ကျားဖြူ ဟိန်းသံ ”
“ရှစ်မျက်နှာ ပေါင်းစည်းခြင်း ”
“စစ်နတ်ဘုရား ဆင်းသက်ခြင်း”
သုံးဦးသားသည် မိမိတို့၏အစွမ်းထက်ဆုံး သိုင်းပညာများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအင်များသည် မြစ်ရေ၊ ပင်လယ်ရေများကဲ့သို့ လှိမ့်တက်လာသည်။ တစ်ချိန်တည်းမှာပင် သုံးဦးသား၏ ခန္ဓာကိုယ်များ လှုပ်ရှားသွားပြီး ပေတစ်ရာနီးပါး ကြီးမားသော ကျားဖြူကြီး တစ်ကောင်၊ ကောင်းကင်သို့ ထိုးတက်နေသော ဓားကြီး တစ်လက်နှင့် မျက်နှာထား ကြမ်းကြုတ်သော လက်ရှစ်ဖက်ပါ တာ့ခ်စစ်နတ်ဘုရား တစ်ပါးအဖြစ် ပြောင်းလဲကာ အရှေ့တောင်၊ အနောက်တောင်နှင့် မြောက်ဘက် အရပ်များမှ ကုထိုက်ပိုင်ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အလွန် လျင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
မဟာထန်၏ ထိပ်တန်း အစောင့်အရှောက်သုံးဦးအနေဖြင့် ယခင်တိုက်ပွဲများမှတဆင့် အလွန်ကောင်းမွန်သော နားလည်မှုကို ရရှိထားပြီး ဖြစ်သည်။ ဤသုံးဦးပေါင်း တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် သုံးဦးသားသည် ကုထိုက်ပိုင်၏လက်ပေါ်ရှိ လနတ်ဘုရား တားမြစ်လက်စွပ်၏ စွမ်းအားကို လျှော့တွက်မိခဲ့ကြသည်။
ဘုန်း ဘုန်း ဘုန်း
အသံများနှင့်အတူ အနက်ရောင် လေလှိုင်းကြီး တစ်ခုသည် ကုထိုက်ပိုင် ကို ဗဟိုပြုကာ ရေလှိုင်းများကဲ့သို့ ပေါက်ကွဲထွက်လာသည်။
တစ်ချက်တည်းနှင့်ပင် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ကျန်းချိုးကျန့်ချုံး၏ ကျားဖြူကြီးကို ချေမှုန်းပစ်လိုက်သည်။ ကောင်းရှန်းကျစ်၏ ဧရာမဓားကြီးကို ကြေမွသွားစေသလို အန်းစီရှန်း၏ လက်ရှစ်ဖက်ပါ စစ်နတ်ဘုရားကိုလည်း ဖျက်ဆီးပစ်လိုက်သည်။
သူတို့ သုံးဦးစလုံးသည် အင်ပါယာ၏ ထိပ်တန်း တပ်မှူးချုပ်ကြီးများ ဖြစ်ပြီး လောကတစ်ခုလုံးတွင် အတော်ဆုံး ပုဂ္ဂိုလ်များ စာရင်းဝင် ဖြစ်သော်လည်း သိမ်မွေ့နယ်မြေသို့ မရောက်ရှိသေးပေ။ နှစ်ပေါင်း ၆၀ ကျော် ကျော်ကြားခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကုထိုက်ပိုင် နှင့် ယှဉ်လျှင် ကွာခြားချက် ကြီးမားနေဆဲ ဖြစ်သည်။
အာ!
တစ်ချက်တည်းနှင့်ပင် သုံးဦးသားသည် ကုထိုက်ပိုင်၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားကြသည်။
“လူပြက်တွေ”
ကုထိုက်ပိုင်၏မျက်နှာထားက အေးစက်နေသည်။ သူသည် လက်ချောင်းများကို ဖြန့်ကာ အခွင့်အရေး ယူပြီး ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်းနှင့် ကောင်းရှန်းကျစ်တို့ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။
သို့သော် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သောအခါ မီးနတ်ဆိုးကြီးသည် တဖြည်းဖြည်း ဆုတ်ခွာနေရပြီး ဝမ်ချောင်နှင့် အိပ်မက်ဆိုးသားရဲတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မီးပွားများ လွင့်စင်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အနောက်ဘက်မှ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ကုထိုက်ပိုင် မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ခဏ၌ စိတ်ပြောင်းကာ လူအုပ်၏ ဝိုင်းဝန်း ပိတ်ဆို့မှုမှ ဖောက်ထွက်ပြီး အဝေးရှိ မီးနတ်ဆိုးကြီးရှိရာသို့ ပျံသန်းသွားသည်။
“အဲဒီ ကောင်လေးကို သတ်ပြီးမှ မင်းတို့ကို ပြန်လာသတ်မယ်”
ကုထိုက်ပိုင်သည် အေးစက်သော မျက်နှာထားဖြင့် လေဟာနယ်ထဲတွင် ထိုစကားကို ချန်ထားရစ်ခဲ့ပြီး ဝမ်ချောင်နှင့် မီးနတ်ဆိုးကြီးတို့၏ စစ်မြေပြင်သို့ အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။
ကျန်းချိုးကျန့်ချုံးနှင့် အခြားသူများကို သတ်ဖြတ်ခြင်းသည် အရေးကြီးသော်လည်း ကုထိုက်ပိုင် အတွက် လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ ဝမ်ချောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ အကယ်၍ မီးနတ်ဆိုးကြီးသာ သေဆုံးသွားပါက အလယ်ပြည်ကို သိမ်းပိုက်မည့် အစီအစဉ်တစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ ဤအချက်ကို ကုထိုက်ပိုင် လုံးဝခွင့်မပြုနိုင်ပေ။
“သခင် သတိထား”
ကုထိုက်ပိုင် စတင လှုပ်ရှားသည်နှင့် အိပ်မက်ဆိုးသားရဲက ချက်ချင်း အာရုံခံမိလိုက်ပြီး ရန်သူတော်ကြီး ရောက်လာသကဲ့သို့ သတိပေးလိုက်သည်။
“အဲဒီလူ လာနေပြီ! သူ့ဆီမှာ နတ်ဘုရား စွမ်းအားလှိုင်းတွေ ရှိနေတယ်၊ ဟို ကြေးနီရောင် သစ်ပင်ရဲ့ အငွေ့အသက်နဲ့ အရမ်း တူတယ်”
အိပ်မက်ဆိုးသားရဲသည် လူသိန်းချီ၏စိတ်စွမ်းအားကို စုပ်ယူထားသဖြင့် အာရုံခံနိုင်စွမ်း အလွန်မြင့်မားနေပြီး လက်ရှိ ဝမ်ချောင်ထက်ပင် များစွာ သာလွန်နေသည်။
“ဘာ”
ဝမ်ချောင်လည်း အံ့ဩသွားသည်။ နတ်ဘုရား စွမ်းအား လှိုင်းလား။ ကုထိုက်ပိုင်ဆီမှာ ဘယ်လိုလုပ် အဲဒီလို အရာမျိုး ရှိနေတာလဲ။ ပြီးတော့ ကြေးနီရောင် သစ်ပင် ဆိုတာ ဘာလဲ?
“လနတ်ဘုရား သစ်ပင်လား”
ဝမ်ချောင်၏ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာပြီး ချက်ချင်း နားလည်သွားသည်။
ရှေးဟောင်းခေတ်တွင် အာရပ်အင်ပါယာ တည်ရှိရာဒေသ၌ လူသိများပြီး ရိုသေကိုင်းရှိုင်းကြသည်မှာ ရှေးဟောင်း လနတ်ဘုရား ဖြစ်သည်။ ထိုလနတ်ဘုရား သစ်ပင်သည် လနတ်ဘုရား၏ ပစ္စည်း ဖြစ်သည်။
သံသယ ဖြစ်စရာ မလိုပေ၊ ကုထိုက်ပိုင်သည် နောက်ထပ် လနတ်ဘုရား၏ ရတနာ တစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
“အချိန်မရှိတော့ဘူး၊ အိပ်မက်ဆိုးသားရဲ... ကုထိုက်ပိုင်ကို တားဆီးဖို့ နည်းလမ်း ရှာပါ၊ သူ့ကို အနား အကပ်မခံနဲ့။ ပြီးတော့ မီးနတ်ဆိုးကြီးကို အမြန်ဆုံး သတ်ပစ်ဖို့ ကြိုးစား”
ဝမ်ချောင်လေးနက်စွာ ပြောလိုက်သည်။ ဤအချိန်တွင် သူ၏မျက်နှာထား တင်းမာနေပြီး ကြီးမားသော ဖိအားနှင့် အန္တရာယ်ကို ခံစားလိုက်ရသည်။
ယခင် တိုက်ပွဲများကို ကြည့်လျှင် ကုထိုက်ပိုင်သည် ကာလကြာရှည် ကျော်ကြားခဲ့သူဖြစ်ပြီး သိမ်မွေ့နယ်မြေ အတွေ့အကြုံမှာ မိမိထက် ပိုမို နက်ရှိုင်းသည်။ စွမ်းအား သက်သက်ဖြင့် ယှဉ်လျှင် မိမိထက် များစွာ သာလွန်ပေလိမ့်မည်။ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်လျှင် ဝမ်ချောင်အနေဖြင့် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ အကယ်၍ သူနှင့် မီးနတ်ဆိုးကြီးသာ လက်တွဲသွားပါက ဝမ်ချောင်သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
“မဖြစ်နိုင်ဘူး။ ဒီ မီးနတ်ဆိုးကြီးရဲ့ သက်တမ်းက ကျွန်တော့်ထက် အများကြီး ပိုကြာတယ်။ ကျွန်တော် စိတ်စွမ်းအား အများကြီး စုပ်ယူထားပေမဲ့ အချိန်တိုအတွင်းမှာ မတည်ငြိမ်သေးဘူး။ သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ လွယ်ပေမဲ့ သတ်ဖို့ကတော့ လုံးဝ မလွယ်ဘူး”
အိပ်မက်ဆိုးသားရဲနှင့် ဝမ်ချောင်သည် စိတ်စွမ်းအားကို အသုံးပြုကာ ခေါင်းထဲတွင် လျင်မြန်စွာ ဆက်သွယ် ပြောဆိုနေကြသည်။ ကုထိုက်ပိုင် နီးကပ်လာခြင်းက အိပ်မက်ဆိုးသားရဲကို ကြီးမားသော ဖိအား ဖြစ်စေသည်။
“အခု သူ့ကို သတ်ချင်ရင် နည်းလမ်း တစ်ခုပဲ ရှိတော့တယ်”
“ဘာနည်းလမ်းလဲ”
ဝမ်ချောင်စိတ်ဝင်စားသွားပြီး အမြန် မေးလိုက်သည်။
သူသည် မမျှော်လင့်ဘဲ မေးကြည့်လိုက်ခြင်း ဖြစ်သော်လည်း အိပ်မက်ဆိုးသားရဲတွင် တကယ်ပဲ နည်းလမ်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“သခင့် လက်ထဲက ရွှမ်ယွမ်ဓားက မြက်ကလေး အရင်တုန်းက သုံးခဲ့တဲ့ လက်နက်ပါ။ သူ့မှာ မူလကတည်းက အလွန်ကြီးမားတဲ့ စွမ်းအား ရှိတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို စုစည်းပြီး အဲဒီ နတ်ဘုရားဓားထဲကို ထည့်လိုက်ရင် မီးနတ်ဆိုးကြီးကို ဘယ်တော့မှ မပျောက်ကင်းနိုင်တဲ့ ထာဝရ ဒဏ်ရာမျိုး ရအောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ?”
ဝမ်ချောင်မျက်မှောင်ကြုတ်ကာ အမြန် မေးလိုက်သည်။
“ဒါပေမဲ့ အဲဒီ နည်းလမ်းက သခင့်ရဲ့ နှလုံးသွေးကို အသုံးပြုရမယ်။ ပြီးတော့ သခင့်ရဲ့ သိစိတ်နဲ့ ဝိညာဉ်ကိုလည်း ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်”
အိပ်မက်ဆိုးသားရဲသည် စကားကို ရပ်တန့်လိုက်သည်။ ရွှမ်ယွမ် နတ်ဘုရားဓား အသုံးပြုနည်းကို သူ သိထားသော်လည်း အတင်းအကျပ် အသုံးပြုခြင်း၏ ဆိုးကျိုးများကြောင့် အိပ်မက်ဆိုးသား ရဲတွန့်ဆုတ်နေခြင်း ဖြစ်သည်။
ဝမ်ချောင်သည် သန်မာသော်လည်း ဒဏ္ဍာရီလာ လူသားဘိုးဘေးနှင့် ယှဉ်လျှင် ကွာခြားချက် များစွာ ရှိနေသေးသည်။
“ဒါကြောင့်ကိုး”
ဝမ်ချောင်သည် အစပိုင်းတွင် ဘာဖြစ်မလဲဟု စိုးရိမ်နေသော်လည်း ဤစကားကို ကြားလိုက်ရသောအခါ စိတ်အေးသွားသည်။
ဤစစ်ပွဲသည် မဟာထန်နှင့် အာရပ်သာမက အလယ်ပြည်မှ မရေမတွက်နိုင်သော ပြည်သူများနှင့် သက်ဆိုင်နေသည်။ အနိုင်ရရှိမည်ဆိုလျှင် ထိုပေးဆပ်ရမှုများသည် ဝမ်ချောင်အတွက် ပြောပလောက်သော အရာများ မဟုတ်ပေ။
“ဒါတွေကို ထည့်မတွက်နဲ့၊ မင်းပြောတဲ့အတိုင်း လုပ်မယ်”
“ကုထိုက်ပိုင် လာနေပြီ၊ သူ့ကို တားထား”
ဝမ်ချောင်ရုတ်တရက် ပြောလိုက်သည်။
ဘုန်း
တွန့်ဆုတ်ခြင်း အနည်းငယ်မျှ မရှိဘဲ အိပ်မက်ဆိုးသားရဲနှင့် ဝမ်ချောင်တို့ နားလည်မှု ရရှိသွားကြသည်။ ကုထိုက်ပိုင် ပျံသန်းရောက်ရှိလာပြီး ပေတစ်ရာခန့် အကွာသို့ ရောက်သောအခါ ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားသည်။ ကြောက်မက်ဖွယ် ကောင်းပြီး ဒြပ်ရှိသကဲ့သို့ သိပ်သည်းသော စိတ်စွမ်းအား တစ်ခုသည် မိုးကြိုးပစ်သကဲ့သို့ ချွန်ထက်သော ဆူးချွန်တစ်ခု အဖြစ် ပြောင်းလဲကာ ကုထိုက်ပိုင် ၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။
******
အခန်း (၁၈၉၄) လူသားဧကရာဇ် ရွှမ်ယွမ်
ဘုန်း
ရုတ်တရက် မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် ကုထိုက်ပိုင်၏ခန္ဓာကိုယ် တုန်ခါသွားသည်။ လျင်မြန်စွာ ရွေ့လျားနေသော အရှိန်မှ ရုတ်တရက် ရပ်တန့်သွားပြီး လေဟာနယ်ထဲတွင် ခဲနေသကဲ့သို့ ဖြစ်သွားသည်။
မူလက ဝေဝါးနေသော သူ၏ ပုံရိပ်သည် ယခုအခါ ရှင်းလင်းစွာ ပေါ်လာသည်။ သူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သိသာထင်ရှားစွာပင် သက်သောင့်သက်သာ မရှိလှပေ။ အိပ်မက်ဆိုးသားရဲကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအား ပိုင်ဆိုင်သည့် ရှေးဟောင်း သတ္တဝါနှင့် ရင်ဆိုင်ရချိန်တွင် ကုထိုက်ပိုင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် အပြည့်အဝ အာရုံစိုက်ထားရသည်။
သို့သော် မီးနတ်ဆိုးကြီးနှင့် မတူဘဲ ကုထိုက်ပိုင်သည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရုံနှင့် အသက်ရှူနှုန်း အနည်းငယ် ကမောက်ကမ ဖြစ်သွားရုံသာ ရှိသည်။ သူ ရရှိသော ဒဏ်ရာသည် မီးနတ်ဆိုးကြီးလောက် မပြင်းထန်ပေ။
မီးနတ်ဆိုးကြီးသည် ရုပ်ခန္ဓာ မရှိသော သတ္တဝါ ဖြစ်သည်။ ဤအချက်သည် ၎င်း၏ အားသာချက် ဖြစ်သလို အားနည်းချက်လည်း ဖြစ်သည်။
သို့သော် ကုထိုက်ပိုင်မှာမူ မတူညီပေ။ သူ၏ ဝိညာဉ်သည် တည်ငြိမ် ခိုင်မာပြီး ဘာသာတရား ကိုင်းရှိုင်းမှုကြောင့် စိတ်ဓာတ် ကြံ့ခိုင်သည်။ ဝိညာဉ်နှင့် ရုပ်ခန္ဓာ ပေါင်းစပ်ထားခြင်း၏ ရလဒ်ကြောင့် စစ်မှန်သော စိတ်စွမ်းအား တိုက်ခိုက်မှုများကို အကောင်းဆုံး ခုခံကာကွယ်နိုင်သည်။
ဝေါ
စိတ်စွမ်းအားများ ကွဲအက်သွားသည်။ အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုသည် ကုထိုက်ပိုင် အပေါ်တွင် ထိရောက်မှု (၇၀) ရာခိုင်နှုန်းခန့်သာ ရှိသည်။
ထိုအခိုက်အတန့်တွင် အိပ်မက်ဆိုးသားရဲပင်လျှင် ကုထိုက်ပိုင်ကို အလွန်သတိထားရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
အခြားတစ်ဖက်တွင် ဝမ်ချောင်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုကြောင့် ကုထိုက်ပိုင် ခေတ္တမျှ ရပ်တန့်သွားသော အချိန်တွင် ဝမ်ချောင်သည် ညာဘက်လက်ကို ဆန့်ထုတ်ကာ မဟာလော့ဝ်နတ်ဘုရားဓား သို့မဟုတ် ရွှမ်ယွမ် နတ်ဘုရားဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ထို့နောက် မိမိ၏လက်ချောင်းကို လျင်မြန်စွာ လှီးဖြတ်လိုက်ပြီး အိပ်မက်ဆိုးသားရဲပြောသော နည်းလမ်းအတိုင်း နှလုံးသွေးတစ်စက်ကို ညှစ်ထုတ်ကာ ရွှမ်ယွမ် နတ်ဘုရားဓားထဲသို့ စီးဝင်စေလိုက်သည်။
လက်ချောင်းများသည် နှလုံးနှင့် ဆက်စပ်နေသဖြင့် ဤနည်းလမ်းသည် နှလုံးသွေး ရယူရန် အမြန်ဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် ဝမ်ချောင်သည် ရွှမ်ယွမ် နတ်ဘုရားဓားထဲတွင် ဝှက်ထားသော လျှို့ဝှက် စွမ်းအားကို ချက်ချင်း နှိုးဆွလိုက်သည်။
“ဝေါ”
လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ရွှမ်ယွမ် နတ်ဘုရားဓား၏ မျက်နှာပြင်တွင် သွေးရောင် အလင်းတန်း တစ်ချက် လက်သွားသည်။ မကြာမီ ဓားအတွင်းပိုင်းမှ ကြီးမားသော စုပ်ယူအား တစ်ခု ပေါက်ကွဲထွက်လာသည်။
ဝမ်ချောင်၏ ကြီးမားသော စိတ်စွမ်းအား၊ သိစိတ်နှင့် ဝိညာဉ်တစ်စိတ်တစ်ပိုင်းသည် ထိုကြောက်မက်ဖွယ် စုပ်ယူအားကြောင့် ဓားအတွင်းသို့ ချက်ချင်း စီးဝင်သွားသည်။
“ဘုန်း”
နောက်တစ်ခဏ၌ လူတိုင်း၏မျက်စိရှေ့တွင် ဝမ်ချောင်ကိုင်ဆောင်ထားသော ရွှမ်ယွမ် နတ်ဘုရားဓားသည် ပြင်းထန်စွာ တုန်ခါသွားသည်။ လူနှင့်ဓား တစ်သားတည်း ပေါင်းစပ်သွားပြီး အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ဝမ်ချောင်၏ နောက်ကျောဘက်တွင် အလင်းနှင့် အရိပ်များ လှုပ်ရှားသွားပြီး မိုးတိမ်တိုက်မည်းများ လှိမ့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင် အရိပ်ကြီး တစ်ခု ထွက်ပေါ်လာသည်။
ထိုအနက်ရောင် အရိပ်ကြီးသည် ပေတစ်ရာခန့် မြင့်မားပြီး ရှေးဟောင်း ဝတ်စုံနှင့် ခေါင်းပေါင်းကို ဝတ်ဆင်ထားသည်။ အရိပ်သည် ပါးလွှာသော်လည်း ခေါင်းပေါ်တွင် သရဖူ ဆောင်းထားပြီး ခမ်းနားထည်ဝါကာ ကြည်ညိုလေးစားဖွယ် ကောင်းသော လူသား ဧကရာဇ် တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာလောကရှိ အရာအားလုံးသည် “သူ” ၏ ခြေရင်းတွင် ဝပ်ဆင်း ခယနေရသကဲ့သို့ ဖြစ်နေသည်။
မဟာလော့ဝ်နတ်ဘုရားဓား သို့မဟုတ် ရွှမ်ယွမ် နတ်ဘုရားဓားသည် ယခုအခါမှသာ လူသားလမ်းစဉ်၏ နတ်ဘုရားဓား တစ်လက်ဖြစ်ကြောင်း သိသာထင်ရှားစွာ ပြသလိုက်သည်။
ဝမ်ချောင်သည် နတ်ဘုရားဓားကို ကိုင်ဆောင်လိုက်သည်နှင့် သူ၏ ဝိညာဉ် သိစိတ်သည် နှစ်ထောင်ပေါင်းများစွာသော အချိန်ကာလကို ဖြတ်ကျော်ပြီး ရှေးဟောင်းခေတ်မှ “လူသားမျိုးနွယ်၏ ပထမဆုံး ဘိုးဘေး”၏ အရှိန်အဝါနှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူသားဧကရာဇ် ရွှမ်ယွမ်
ဤသည်မှာ အလယ်ပြည်ယဉ်ကျေးမှု၏အစဖြစ်ပြီး ခေတ်အဆက်ဆက် ဧကရာဇ်မင်းတို့၏ ဘိုးဘေး ဖြစ်သည်။
ရွှမ်ယွမ် နတ်ဘုရားဓားမှ ထွက်ပေါ်လာသော အနက်ရောင် အရိပ်သည် အိပ်မက်ဆိုးသားရဲ၏ ယခင် သခင်ဖြစ်သော အဝါရောင် ဧကရာဇ် ရွှမ်ယွမ်၏ပုံရိပ်ပင် ဖြစ်သည်။
“ဝေါ”
ထိုအရှိန်အဝါကို ခံစားမိသည်နှင့် မျက်နှာချင်းဆိုင်ရှိ လောကဖျက် မီးနတ်ဆိုး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
“အဲဒါ ဘာလဲ?!”
လောကဖျက် မီးနတ်ဆိုးသည် စိုးရိမ်တကြီး အက်ကွဲစွာ အော်ဟစ်လိုက်သည်။ ဝမ်ချောင်၏ နောက်ကျောရှိ အရိပ်မည်းကြီးထံမှ ပြင်းထန်သော ခြိမ်းခြောက်မှု တစ်ခုကို သူ ခံစားလိုက်ရသည်။ ဘုန်းခနဲ အသံများနှင့်အတူ အများကြီး စဉ်းစားမနေတော့ဘဲ ဝမ်ချောင်မတိုက်ခိုက်မီ မြေကြီး ကွဲအက်သွားပြီး အဆုံးမဲ့ ပူပြင်းသော ချော်ရည်များသည် မြေအောက်မှ ပန်းထွက်လာသည်။ မီးတောက် ဓားရှည်များကဲ့သို့ ပေရာပေါင်းများစွာ ရှည်လျားပြီး ကောင်းကင်ရှိ ဝမ်ချောင်ထံသို့ တည့်မတ်စွာ ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လောကဖျက် မီးနတ်ဆိုးသည် ပါးစပ်ကြီးကို ဟကာ ဟိန်းဟောက်လိုက်သည်။ ဒီဂရီ နှစ်သိန်းကျော် ရှိသော မီးတောက်များနှင့် ချော်ရည်များသည် တိုင်လုံးကြီး တစ်ခုကဲ့သို့ အမြောက်ဆံ အလား ဝမ်ချောင်ထံသို့ တည့်တည့် ပြေးဝင်သွားသည်။
သို့သော် ဤအရာအားလုံးမှာ မပြီးဆုံးသေးပေ။ ဝမ်ချောင်ထွက်ပြေးမည်ကို တားဆီးရန်အတွက် ရွှီးခနဲ အသံများနှင့်အတူ မီးကြာပွတ်များကို ဝှေ့ယမ်းလိုက်သည်။ ပိုးမျှင်ကဲ့သို့ သေးသွယ်ပြီး ပူပြင်းသော မီးကြာပွတ်များသည် မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် လေလှိုင်းများကို ဖြတ်သန်းကာ လေဟာနယ်ထဲတွင် ကြီးမားသော မျဉ်းကွေးများ ရေးဆွဲလျက် ဝမ်ချောင်ထံသို့ အလုအယက် ရစ်ပတ်ရန် ရောက်ရှိလာသည်။
ဤအချိန်တွင် လောကဖျက် မီးနတ်ဆိုးသည် မိမိ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ဝမ်ချောင်ကိုင်ဆောင်ထားသော အလယ်ပြည်၏ နံပါတ်တစ် နတ်ဘုရားဓားသည် ၎င်းကို ယခင်က တစ်ခါမှ မကြုံဖူးသော အန္တရာယ်ကြီး တစ်ခု ပေးစွမ်းနေကြောင်း သိသာထင်ရှားလှသည်။
“ကုထိုက်ပိုင်၊ သူ့ကို သတ်ပေး”
မီးနတ်ဆိုးကြီး၏ အက်ကွဲသောအသံသည် ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။
“နောက်ကျသွားပြီ”
ဝမ်ချောင်သည် လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်နှာထား အလွန် အေးစက်နေသည်။ နှလုံးသွေးနှင့် သိစိတ်၊ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပေးဆပ်ပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် ရွှမ်ယွမ် နတ်ဘုရားဓား၏ ဖုန်တက်နေသော စွမ်းအားများကို နှိုးဆွနိုင်ခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားဓားကို ကိုင်ဆောင်လိုက်သည်နှင့် ယခင်က တစ်ခါမှ မကြုံဖူးသော ကြီးမားသည့် စွမ်းအား တစ်ခုကို ခံစားလိုက်ရသည်။
ဤစွမ်းအားသည် အချိန်နှင့် နေရာကို ကျော်ဖြတ်ကာ အလယ်ပြည်တစ်ခုလုံး၏ စွမ်းအားများကို စုစည်းထားသည်။ ထို့အပြင် ကောင်းကင်နှင့် မြေကြီးအကြား နှစ်ထောင်ချီ မပြတ်တောက်ခဲ့သော ဖြောင့်မတ်သည့် စွမ်းအားများကိုလည်း စုစည်းထားသည်။
ဤသည်မှာ လူသားလမ်းစဉ် စွမ်းအားဖြစ်သလို ဧကရာဇ်လမ်းစဉ် စွမ်းအားလည်း ဖြစ်သည်။
“ဘုန်း”
မီးနတ်ဆိုးကြီးတိုက်ခိုက်လိုက်သည့် အချိန်၌ ဝမ်ချောင်သည် လေဟာနယ်ထဲတွင် မတ်မတ် ရပ်တည်နေသည်။ ကြီးမားသော စိတ်စွမ်းအား သိစိတ်နှင့် အမြူတေထဲမှ အိပ်မက်ဆိုးသားရဲ၏ စွမ်းအားများသည် ရွှမ်ယွမ် နတ်ဘုရားဓားထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။ ဘုန်း…ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးအကြား လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ဖြစ်ပြီး အချိန်နှင့် နေရာ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
လူတိုင်း၏မျက်စိရှေ့တွင် ကောင်းကင်နှင့်မြေကြီး ရုတ်တရက် မှောင်မိုက်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသော ကြောက်မက်ဖွယ် ဓားရိပ်ကြီးတစ်ခုသည် ဝမ်ချောင်၏လက်ထဲမှ ပေါက်ကွဲထွက်လာသည်။ ဓားချက် တစ်ချက်တည်းဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းလိုက်ပြီး အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားကာ ရှေ့ဘက် ပေ ၇၀၀၊ ၈၀၀ အကွာရှိ ကြီးမားသော မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
“အာ”
ပုံသဏ္ဌာန် မရှိသော မူလစွမ်းအင်၊ အတက်အကျ မရှိသော သန့်စင်သော အရိပ်သက်သက်ဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ဓားရိပ်ကြီးသည် မီးနတ်ဆိုးကြီးကို ထိုးဖောက်သွားသည်။ သို့သော် လောကဖျက် မီးနတ်ဆိုးမှာမူ ကမ္ဘာလောက၏ အကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ခိုက်မှုကို ခံလိုက်ရသကဲ့သို့ သနားစဖွယ် အော်ဟစ်လိုက်သည်။
တစ်ချက်တည်းနှင့်ပင် မီးနတ်ဆိုးကြီးသည် မပျောက်ကင်းနိုင်သော ပြင်းထန်သည့် ဒဏ်ရာကို ရရှိသွားသည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်ထံသို့ ပစ်လွှတ်လိုက်သော ချော်ရည်များ၊ မီးကြာပွတ်များနှင့် မီးတောက်များ အားလုံး ပြိုကွဲသွားသည်။ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အပူချိန် အလွန်မြင့်မားသော မီးတောက်များပင် ပေါက်ကွဲထွက်သွားသည်။ စစ်မြေပြင် ရှေ့မှ ကမ္ဘာလောက တစ်ခုလုံးကို ပြာကျစေနိုင်လောက်သော ပူပြင်းသည့် အပူလှိုင်းများသည် ရုတ်တရက် ထက်ဝက်ခန့် လျော့ကျသွားသည်။
လောကကြီး တစ်ခုလုံး ချက်ချင်း အေးမြသွားသည်။
ထိုအခိုက်အတန့်တွင် မီးနတ်ဆိုးကြီးအမှန်တကယ် ပြင်းထန်စွာ ဒဏ်ရာရသွားပြီ ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
“မဖြစ်ရဘူး”
ကုထိုက်ပိုင် မျက်လုံးများ ပြူးကျယ်သွားပြီး အံကို တင်းတင်း ကြိတ်လိုက်သည်။ အဝေးမှ မြင်ကွင်းကို ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ လက်ထဲတွင် မီးနတ်ဆိုးကြီး၏အမြူတေရှိနေသဖြင့် မီးနတ်ဆိုးကြီး၏ အခြေအနေကို မည်သူ့ထက်မဆို ပိုမို နားလည်သည်။
ဝမ်ချောင်၏ အရိပ်ဓားကြီး မီးနတ်ဆိုးကြီးကို ထိုးဖောက်သွားသည့် အချိန်၌ မီးနတ်ဆိုးကြီး၏ ဦးနှောက် အတွင်းပိုင်းရှိ စက်ဝိုင်းပုံသဏ္ဌာန် စိတ်စွမ်းအား ကာကွယ်ရေး အကာအကွယ်သည် လုံးဝ ကျိုးပျက်သွားကြောင်း သူ ခံစားလိုက်ရသည်။ ထို့အပြင် မီးနတ်ဆိုးကြီး၏ မူလ အသက်ဝိညာဉ်သည်လည်း ပြင်းထန်စွာ ထိခိုက်သွားပြီး ဖရိုဖရဲဖြစ်ကာ အဆင့်တစ်ဆင့် ကျဆင်းသွားသည်။ အထွတ်အထိပ် အခြေအနေမှ ပြန်လည် ကျဆင်းသွားခြင်း ဖြစ်သည်။
ရှေးဟောင်း မီးနတ်ဆိုးသည် မသေနိုင်သော ဒဏ္ဍာရီ ဖြစ်သည်။ အာရပ်ဒဏ္ဍာရီထဲမှ ဘီလူးကောင် ဖြစ်သည်။ မည်သူမျှ ၎င်းကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
၎င်းကို ထိန်းချုပ်နိုင်လျှင် လောကကို ထိန်းချုပ်နိုင်ခြင်းနှင့် တူညီသည်။
ဘာကြောင့်လဲ... ဘာကြောင့် အလယ်ပြည်မှာ ဒီလို အရာမျိုး ရှိနေရတာလဲ။
ဘာကြောင့် မီးနတ်ဆိုးကြီးကို နိုင်အောင် တိုက်နိုင်တဲ့ အရာ ရှိနေရတာလဲ။
အာရပ်အင်ပါယာ၏ ကျမ်းစာများတွင် သော်လည်းကောင်း၊ ဟာမူဟေဒို ရှေးဟောင်း ရေတွင်းအောက်ရှိ ရှေးဟောင်း ယဉ်ကျေးမှု မှတ်တမ်းများတွင် သော်လည်းကောင်း ဤကဲ့သို့သော မှတ်တမ်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ထိုအခိုက်အတန့်တွင် ကုထိုက်ပိုင် သည် ယခင်က တစ်ခါမှ မကြုံဖူးသော ထိတ်လန့်မှုနှင့် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ထို့အပြင် ထိန်းချုပ်၍ မရနိုင်သော ဒေါသနှင့် သတ်ဖြတ်လိုစိတ်များလည်း ပေါ်လာသည်။
သူ၏ မီးနတ်ဆိုးကြီးကို မည်သူမျှ ဒီလို မလုပ်နိုင်စေရ။
ဤ ကမ္ဘာလောကတွင် သူမှလွဲ၍ မီးနတ်ဆိုးကြီးကို ထိန်းချုပ်နိုင်သော၊ နှိမ်နင်းနိုင်သော အရာ မရှိစေရ။ မီးနတ်ဆိုးကြီး၏အမြူတေတစ်ခုတည်း ရှိနေလျှင် လုံလောက်ပြီ။
အရှေ့တိုင်း တစ်ခုလုံး၊ မဟာထန်တစ်ခုလုံး လုံးဝပျက်စီးသွားရမည်။
ကုန်းမြေလောက တစ်ခုလုံးကို ပေါင်းစည်းမည့် သူ၏ ကြီးကျယ်ခမ်းနားသော လုပ်ငန်းစဉ်ကို မည်သူမျှ မတားဆီးနိုင်စေရ။
“ချွင်”
ကုထိုက်ပိုင် ၏ မျက်နှာထား မဲမှောင်နေပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချွင်ခနဲ အသံနှင့်အတူ အဝေးရှိ လူစစ်၏ လက်ထဲမှ လနတ်ဘုရား သစ်ပင်သည် ရုတ်တရက် မြေကြီးထဲမှ ကျွတ်ထွက်လာပြီး အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် သက်တံရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ပြန်ဆင်းလာပြီး ကုထိုက်ပိုင်၏လက်ထဲသို့ ဝင်ရောက်သွားသည်။
“ထန်လူမျိုး၊ မင်းရဲ့ လုပ်ရပ်တွေအတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်။ ဒီစစ်ပွဲမှာ အာရပ်နိုင်ရင် အရှေ့တိုင်း တစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်မယ်။ ဒါက ငါ့ကို ရန်သူ လာလုပ်တဲ့ မင်းအတွက် ပေးဆပ်ရမယ့် တန်ကြေးပဲ”
ကုထိုက်ပိုင်၏ မျက်နှာသည် လျင်မြန်စွာ ဝေဝါးသွားသော်လည်း သူ၏ရက်စက် အေးစက်သော အသံသည် ခေါင်းလောင်းသံကြီးကဲ့သို့ စစ်မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
မီးနတ်ဆိုးကြီးလုံးဝ မရှုံးရဘူး။ လုံးဝ အသေမခံနိုင်ဘူး။
တစ်ဖက်လူ၏ နှိမ်နင်းမှုကို ရှောင်ရှားရန် ယခုအချိန်တွင် နောက်ဆုံး နည်းလမ်း တစ်ခုသာ ကျန်တော့သည် -
“မီးနတ်ဆိုးကြီး၊ ငါ့ဆီ လာခဲ့၊ ငါတို့ ပေါင်းစည်းကြစို့။ ငါတို့ အတူတကွ ပေါင်းစည်းပြီး အလယ်ပြည် တစ်ခုလုံးကို ဖျက်ဆီးပစ်ကြမယ်”
ထိုကျယ်လောင်သောအသံသည် တည်ငြိမ်ပြီး အေးစက်စွာဖြင့် လောက တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
အသံဆုံးသည်နှင့် မှုန်ဝါးသော အဖြူရောင် အလင်းတန်း တစ်ခုသည် ကုထိုက်ပိုင်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ကုထိုက်ပိုင် ၏ လက်ထဲရှိ လနတ်ဘုရား သစ်ပင်နှင့် လနတ်ဘုရား တားမြစ်လက်စွပ်တို့မှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ကုထိုက်ပိုင် ၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ အဖြူရောင် အလင်းတန်း၊ ညာဘက်လက်ထဲရှိ မီးနတ်ဆိုးကြီး၏အမြူတေတို့နှင့် အပြန်အလှန် ချိတ်ဆက်သွားကြသည်။
“မကောင်းတော့ဘူး။ သခင် တားလိုက်ပါ”
အိပ်မက်ဆိုးသားရဲ၏ အသံသည် ဝမ်ချောင်၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အိပ်မက်ဆိုးသားရဲကဲ့သို့ အစွမ်းထက်သော သတ္တဝါပင်လျှင် ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။ ကုထိုက်ပိုင်၊ မီးနတ်ဆိုးကြီး၏ အမြူတေ၊ ရှေးဟောင်း လနတ်ဘုရား၊လောကဖျက် မီးနတ်ဆိုး …ဤအရာများ အားလုံး အပြန်အလှန် ပဲ့တင်ထပ်နေကြသည်မှာ မည်သည့် အဓိပ္ပာယ်လဲဆိုတာ အိပ်မက်ဆိုးသားရဲပင် မသိပေ။
သို့သော် သံသယ ဖြစ်စရာမလိုသည်မှာ မဟာထန်အတွက် လုံးဝ ကောင်းသော ကိစ္စ မဟုတ်ပေ။
အခြေအနေ လုံးဝ မကောင်းတော့ပေ။
“ဘုန်း”
လေဟာနယ် တုန်ခါသွားပြီး တောင်ပြို ကမ်းပြို ဖြစ်သကဲ့သို့ ဝမ်ချောင်သည် ညာလက်ဖြင့် ဓားကို ဆုပ်ကိုင်လိုက်သည်။ သူ၏ နောက်တွင် ကြီးမားသော အနက်ရောင် အရိပ်ကြီးသည်လည်း ဝမ်ချောင်နှင့် တူညီသော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကြီးမားသော ဓားရိပ်ကြီး တစ်ခု လေထဲမှ ထွက်ပေါ်လာပြီး မီးနတ်ဆိုးကြီးဆီသို့ ထပ်မံ ခုတ်ပိုင်းလိုက်သည်။
ရွှမ်ယွမ် နတ်ဘုရားဓားသည် မူလ အသက်ဝိညာဉ် (Origin) ကို ဖြတ်တောက်နိုင်စွမ်း ရှိသဖြင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှ မွေးဖွားလာသော မီးနတ်ဆိုးကြီးကဲ့သို့ သတ္တဝါများကို ကြီးမားစွာ နှိမ်နင်းနိုင်စွမ်း ရှိသည်။ ဓားချက် အနည်းငယ် ထပ်မံ ခုတ်ပိုင်းပြီး အိပ်မက်ဆိုးသားရဲ၏ စွမ်းရည်နှင့် ပေါင်းစပ်လိုက်လျှင် မီးနတ်ဆိုးကြီးကို လုံးဝ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
သို့သော် ဝမ်ချောင်၏ တုံ့ပြန်မှု လျင်မြန်သော်လည်း တစ်ဆင့် နောက်ကျသွားခဲ့သည်။
“ဟိန်း”
ကောင်းကင်နှင့် မြေကြီး တုန်ခါသွားအောင် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ဒီတစ်ကြိမ်တွင် ကုထိုက်ပိုင် ပြေးဝင်လာသည်ကို မစောင့်တော့ဘဲ စစ်မြေပြင် တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော မီးနတ်ဆိုးကြီးသည် ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်သည်။ ဝမ်ချောင်ကို စွန့်လွှတ်ကာ စူးရှစွာ အော်ဟစ်လျက် ကုထိုက်ပိုင် ရှိရာဘက်သို့ ခုန်ပျံလိုက်သည်။
မီးနတ်ဆိုးကြီးသည် မောက်မာသည်။
ရှေးဟောင်းခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော ရှေးဟောင်းသတ္တဝါတစ်ကောင်အနေဖြင့် မီးနတ်ဆိုးကြီး၏ စွမ်းအားသည် သာမန် လောကကို ကျော်လွန်နေသည်။ လူသား အာလုံးသည် ၎င်း၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်သည်။ ထို့ကြောင့် ဉာဏ်ရည် ရှိပါလျက်နှင့် စကားမပြောခဲ့ခြင်း ဖြစ်သည်။
မပြောတတ်၍ မဟုတ်ဘဲ မပြောချင်၍ ဖြစ်သည်။
သို့သော် ယခုအခါတွင် ဤရှေးဟောင်း သတ္တဝါကြီးသည်လည်း နက်ရှိုင်းသော မလုံခြုံမှုနှင့် ကြောက်ရွံ့မှုများကို ခံစားလိုက်ရသည်။
ဝမ်ချောင်၏ရှေ့တွင် ၎င်းသည် ကြာမြင့်စွာ ပျောက်ဆုံးနေသော ပြင်းထန်သည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
******
အခန်း (၁၈၉၅) ပေါင်းစည်းခြင်း၊ အနက်ရောင်မီးနတ်ဆိုးကြီး
ဝမ်ချောင်၏ ထိုဓားချက်သည် မီးနတ်ဆိုးကြီး၏မောက်မာမှုကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ပြီး ယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်သည်။ မီးနတ်ဆိုးကြီးဖြစ်နေလျှင်ပင် သေခြင်းတရားကို ကြောက်ရွံ့တတ်သည်။
“ကုထိုက်ပိုင်၊ ငါတို့ ပေါင်းစည်းကြမယ်။ အိပ်မက်ဆိုးသားရဲနဲ့ ဒီလူသားကို ဖျက်ဆီးပြီးရင် အရှေ့တိုင်းကို ရှင်းလင်းပေးမယ်၊ ထာဝရ ဘုရင်ဖြစ်ဖို့ ကူညီပေးမယ်လို့ ကတိပေးတယ်”
မီးနတ်ဆိုးကြီး၏ထိတ်လန့်တကြား အော်ဟစ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
မီးနတ်ဆိုးကြီး၏အမြူတေသည် ရှေးဟောင်းခေတ်က စွမ်းအားကြီး စိတ်စွမ်းအား ပညာရှင်များနှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက် ဖြစ်သည်။ ပေါင်းစည်းမည့် နည်းလမ်းကိုလည်း ၎င်းကိုယ်တိုင် ပါဝင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် မီးနတ်ဆိုးကြီး၏ မောက်မာမှုသည် စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည်။
၎င်း၏ ရင်ထဲတွင် ပုရွက်ဆိတ်ဟု သတ်မှတ်ထားသော လူသားများနှင့် ပေါင်းစည်းရန် လုံးဝ ဆန္ဒမရှိပေ။
သို့သော် ယခုအခါ ၎င်းတွင် ရွေးချယ်ခွင့် မရှိတော့ပေ။
ကြောက်ရွံ့မှု..
ထိုရွှေရောင်မျက်လုံးများထဲတွင် အဝေးတစ်နေရာ လေထဲမှ လူငယ်လေး၏ပုံရိပ် ထင်ဟပ်နေသည်။ ... လူသားတစ်ယောက်ကို ကြောက်ရွံ့လိမ့်မည်ဟု ၎င်း တစ်ခါမှ မတွေးဖူးခဲ့ပေ။
ထို လူသား... ကြောက်မက်ဖွယ် ကောင်းသော လူသား... သူ့ကို သတ်နိုင်ပြီး လက်ထဲမှ နတ်ဘုရားဓားကို ဖျက်ဆီးနိုင်မည် ဆိုလျှင် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရန် အဆင်သင့် ဖြစ်နေပြီ။ ဂုဏ်သိက္ခာ ဆိုသည်ကို ဂရုမစိုက်တော့ပေ။
“ဘုန်း”
အလင်းတန်း တစ်ချက် လက်သွားသည်။ ဝမ်ချောင်နတ်ဘုရားဓားကို ထုတ်ဖော်ပြီး ခုတ်ပိုင်းလိုက်သည့် အခိုက်အတန့်တွင် တောင်ကုန်းပမာ ကြီးမားသော မီးနတ်ဆိုးကြီးသည် မီးတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ကုထိုက်ပိုင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ကုထိုက်ပိုင်၏ တစ်ကိုယ်လုံးမှ အလင်းရောင်များ တောက်ပလာပြီး လနတ်ဘုရား သစ်ပင်၊ မီးနတ်ဆိုးအမြူတေနှင့် လနတ်ဘုရား တားမြစ်လက်စွပ်တို့နှင့်အတူ လေတစ်ချက် တိုက်လိုက်သကဲ့သို့ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပေါင်းစည်းသွားသည်။
“အာ”
ထိုအခိုက်အတန့်တွင် အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ စစ်မြေပြင် အထက်ကောင်းကင်ယံတွင် ကုထိုက်ပိုင်နှင့် မီးနတ်ဆိုးကြီးတို့သည် တစ်ချိန်တည်း ခေါင်းမော့ကာ နာကျင်စွာဖြင့် လူသားမဟုတ်သော အော်ဟစ်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ကုထိုက်ပိုင်၏ အသက်ရှူသံ ပျောက်ကွယ်သွားပြီး မီးနတ်ဆိုးကြီး၏အရှိန်အဝါသည်လည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲသွားသည်။
ဘုန်း ဘုန်း ဘုန်း
အဆုံးမဲ့ မိုးတိမ်တိုက်မည်းများသည် အရပ်လေးမျက်နှာမှ လှိမ့်ဝင်လာသည်။ လူတိုင်း၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများ ရှေ့တွင် လေဟာနယ်ထဲ၌ အလင်းနှင့်အရိပ်များ ပြောင်းလဲသွားပြီး ကြီးမားသော အနက်ရောင် နတ်ဘုရား သစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာသည်။ ထိုအနက်ရောင် နတ်ဘုရား သစ်ပင်ကြီး၏ အထက်တွင် အနက်ရောင် လခြမ်းကွေးတစ်ခု ကောင်းကင်ယံ၌ တွဲလွဲခိုနေပြီး မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။
“ဝေါ”
ထို့နောက် လခြမ်းကွေးနှင့် နတ်ဘုရား သစ်ပင်ကြားတွင် ကျဉ်းမြောင်း၊ မဲမှောင်ပြီး အေးစက် ရက်စက်သော မျက်လုံးကြီးတစ်စုံ ရုတ်တရက် ပွင့်လာသည်။ ရှေးဟောင်းခေတ်မှ ပြန်လည် နိုးထလာသော နတ်ဘုရား တစ်ပါးကဲ့သို့ မြေပြင်တစ်ခုလုံးကို ငုံ့ကြည့်နေသည်။
“မိစ္ဆာ လနတ်ဘုရား ”
ထိုမျက်လုံးကြီး တစ်စုံကို မြင်လိုက်ရသောအခါ မဟာထန်ဘက်မှ လူများ ဘာဖြစ်မှန်း နားမလည်နိုင် ဖြစ်နေချိန်တွင် အာ့ဒ်နန်၊ လူစစ်နှင့် အခြားသော ကုထိုက်ပိုင်၏ လက်အောက်ငယ်သားများ အားလုံး မျက်နှာ ပျက်သွားကြသည်။ အာရပ်အင်ပါယာသည် တစ်ဆူတည်းသော စစ်မှန်သော ဘုရားသခင်ကိုသာ ကိုးကွယ်ကြပြီး ရှေးဟောင်း လနတ်ဘုရားကို လွန်ခဲ့သော ခေတ်ကာလများကတည်းက မိစ္ဆာနတ်ဘုရားအဖြစ် ပယ်ချခဲ့ပြီး ဖြစ်သည်။
ဤအကြောင်းအရာများကို ကျမ်းစာများထဲတွင် အသေးစိတ် မှတ်တမ်းတင်ထားသည်။
ကုထိုက်ပိုင် အနေဖြင့် လနတ်ဘုရား သစ်ပင်နှင့် လနတ်ဘုရား တားမြစ်လက်စွပ်ကို အသုံးပြုပြီး လနတ်ဘုရား၏ လက်ကျန်သိစိတ်ကို ဆင့်ခေါ်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။
“မဟာသူတော်စင်”
စစ်မြေပြင် တစ်ခုလုံးတွင် ကုထိုက်ပိုင် ၏ လက်အောက်ရှိ အာရပ်တပ်မှူးချုပ်များ အားလုံး စိုးရိမ်ပူပန်နေကြသော်လည်း ယုံကြည်ချက်ကြောင့် ဘာမှ မပြောရဲကြပေ။
အခြားတစ်ဖက်တွင် ဟိန်းဟောက်သံနှင့်အတူ လနတ်ဘုရား မျက်လုံးနှင့် ကောင်းကင်ရှိ အနက်ရောင် လခြမ်းကွေး၏ စောင့်ကြည့်မှုအောက်၌ မြေပြင်ပေါ်ရှိ မီးနတ်ဆိုးကြီးသည် စူးရှစွာ အော်ဟစ်လိုက်သည်။ တစ်ကိုယ်လုံး ရုတ်တရက် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကြီးမားသော စွမ်းအားတစ်ခု စီးဝင်လာသကဲ့သို့ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်သည် မိုးရွာပြီးစ မျှစ်ပေါက်သကဲ့သို့ အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် ကြီးထွားလာသည်။
မူလကတည်းက ကြီးမားသော ခန္ဓာကိုယ်သည် မီတာ နှစ်ရာကျော်ထိ လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်နှင့် မြေကြီးအကြားရှိ မမြင်နိုင်သော အတားအဆီး တစ်ခုကို ကျော်ဖြတ်ကာ ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ “ဖူး”
အလင်းတန်း တစ်ချက် လက်သွားပြီး မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ မီးတောက်များ ခုန်ပေါက် လှုပ်ရှားကာ ထပ်မံ ကြီးထွားလာသည်။ သို့သော် မီးတောက် အရောင်သည် တောက်ပသော အဝါရောင်မှ ထူးဆန်းပြီး ပြင်းထန်သော အမည်းရောင်သို့ ပြောင်းလဲသွားသည်။ အမည်းရောင်ထဲတွင် အနီရင့်ရောင်များ သန်းနေပြီး ပိုမိုသေစေနိုင်သော အန္တရာယ် အငွေ့အသက်များကို ပေးစွမ်းနေသည်။
ထို့အပြင် မီးနတ်ဆိုးကြီး၏ ရွှေရောင် ရက်စက်သော မျက်လုံးများသည် ကုထိုက်ပိုင်နှင့် ပေါင်းစပ်ပြီးနောက် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး လူသား မျက်လုံး တစ်စုံအဖြစ် ပြောင်းလဲသွားသည်။
ကုထိုက်ပိုင်၏ မျက်လုံးများ…
လေထဲတွင် ထိုမျက်လုံးများကို မြင်လိုက်ရသည့် အခိုက်အတန့်၌ ဝမ်ချောင်၏ရင်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားသည်။
ဝမ်ချောင်သည် ဤကဲ့သို့သော သတ္တဝါဆိုးကြီးမျိုး တစ်ခါမှ မမြင်ဖူးပေ။ ဧရာမ သားရဲ တပ်မတော်ရှိ ဧရာမ သားရဲများအားလုံးနှင့် ယခင် မီးနတ်ဆိုးကြီးပင်လျှင် ၎င်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို မျက်လုံးများမှတဆင့် ဝမ်ချောင်သည် ယခင်က တစ်ခါမှ မကြုံဖူးသော၊ စိတ်ကူးယဉ်၍ပင် မရနိုင်သော ဖိအားနှင့် အန္တရာယ်ကို ခံစားလိုက်ရသည်။
ဤသည်မှာ သမိုင်းတွင် တစ်ခါမှ မရှိဖူးသော ကြောက်မက်ဖွယ် သတ္တဝါဆိုးကြီး ဖြစ်သည်။
“ဘုန်း”
ထိုအချိန်တွင် ဝမ်ချောင်၏ လက်ထဲရှိ ရွှမ်ယွမ် နတ်ဘုရားဓားမှ ပေါက်ကွဲထွက်လာသော ကြီးမားသည့် ဓားရိပ်ကြီးသည် ယခင်ကကဲ့သို့ မိုးကြိုးပစ်သည့် အရှိန်ဖြင့် မီးနတ်ဆိုးကြီးကို ထပ်မံ ရိုက်ခတ်လိုက်သည်။ သို့သော် ဒီတစ်ကြိမ် ရလဒ်မှာမူ ယခင်နှင့် လုံးဝ မတူတော့ပေ။ ဘုန်းခနဲ အသံနှင့်အတူ လေထု ကွဲအက်သွားပြီး သိမ်မွေ့နယ်မြေကို ကျော်လွန်သော ပြင်းထန်သည့် ကြောက်မက်ဖွယ် စိတ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သို့သော် မျက်နှာချင်းဆိုင်ရှိ မီးနတ်ဆိုး အသစ်သည် တစ်ကိုယ်လုံး တုန်ခါသွားရုံသာ ရှိပြီး ခန္ဓာကိုယ် အပြင်ဘက်ရှိ မီးတောက်များ လှုပ်ရှားသွားရုံသာ ဖြစ်သည်။ တုန်လှုပ်မှုနှင့် အားနည်းမှုကို ခံစားရသော်လည်း ယခင်ကကဲ့သို့ ဓားချက် တစ်ချက်တည်းဖြင့် မပျောက်ကင်းနိုင်သော ဒဏ်ရာမျိုး ရရှိခြင်း မရှိတော့ပေ။
ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်နှင့် အိပ်မက်ဆိုးသားရဲနှစ်ဦးစလုံး မျက်နှာ ပျက်သွားကြသည်။
အာရပ်အင်ပါယာ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကုထိုက်ပိုင် နှင့် ရှေးဟောင်းခေတ် လောကဖျက် မီးနတ်ဆိုးတို့ ပေါင်းစပ်လိုက်သောအခါ သတ္တဝါသစ် တစ်ကောင် မွေးဖွားလာသည်။ ၎င်းသည် မီးနတ်ဆိုးကြီး၏ ရုပ်ခန္ဓာ မရှိသော မသေနိုင်သည့် ဂုဏ်သတ္တိနှင့် အပူချိန်မြင့် မီးတောက်များကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိရုံသာမက ကုထိုက်ပိုင်၏ အလွန်အစွမ်းထက်သော စွမ်းအားနှင့် စိတ်စွမ်းအား ကာကွယ်မှုကိုပါ ပိုင်ဆိုင်ထားသည်။ မီးနတ်ဆိုးကြီး၏အားနည်းချက်ဖြစ်သော အိပ်မက်ဆိုးသားရဲနှင့် ရွှမ်ယွမ် နတ်ဘုရားဓားတို့၏ စိတ်စွမ်းအား တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ဖာထေးလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်း လနတ်ဘုရား၏ စွမ်းအားများကိုပါ စုပ်ယူထားသည်။
ဤအခိုက်အတန့်တွင် မီးနတ်ဆိုးကြီးသည် အမှန်တကယ် ယခင်က တစ်ခါမှ မရှိဖူးသော အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“အသုံးမဝင်တော့ဘူး။ အခုက စပြီး မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့အပေါ်မှာ ဘာသက်ရောက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ မင်းတို့ အားလုံး ငါ့ရဲ့ မီးတောက်တွေထဲမှာ ပြာကျသွားကြလိမ့်မယ်”
နောက်တစ်ခဏ၌ ကုထိုက်ပိုင် နှင့် မီးနတ်ဆိုးကြီးတို့၏ အက်ကွဲသော အသံများ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။ အလွန် ရက်စက်ပြီး အန္တရာယ်များသော အငွေ့အသက်များ ပါဝင်နေသည်။
၎င်း၏ ဘေးပတ်လည်ရှိ အနက်ရောင် မီးတောက်များသည် လျင်မြန်စွာ ခုန်ပေါက်နေပြီး စစ်မြေပြင် တစ်ခုလုံးကို ထူးဆန်းသော အနက်ရောင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းလိုက်သည်။
“အာ့ဒ်နန်၊ လူစစ် အဗူမွတ်စလင် ထန်အင်ပါယာ ဗိုလ်ချုပ်ကြီးတွေကို ငါ့ဆီ လွှတ်ထားလိုက်၊ မင်းတို့က စစ်တပ်ကို ဦးဆောင်ပြီး ထန်စစ်တပ် တစ်ခုလုံးကို သုတ်သင်ပစ်”
ကုထိုက်ပိုင် ၏ ကျယ်လောင်ပြီး အေးစက်သော အသံသည် မိုးကြိုးသံကဲ့သို့ စစ်မြေပြင်တွင် ထွက်ပေါ်လာသည်။
ဤစကားကို ကြားသောအခါ မဟာထန်ဘက်မှ လူများအားလုံး မျက်နှာ ပျက်သွားကြသည်။ အခြားတစ်ဖက်တွင် အာ့ဒ်နန်၊ အဗူမွတ်စလင်နှင့် အခြားသူများမှာမူ စိတ်ဓာတ် တက်ကြွသွားကြသည်။ အာရပ်သည် စစ်သည်တော် နိုင်ငံ၊ စစ်မက် နိုင်ငံ၊ သိမ်းပိုက်ရေး နိုင်ငံ ဖြစ်သည်။ ကုထိုက်ပိုင် သည် ရှေးဟောင်း လနတ်ဘုရား၏ စွမ်းအားကို ငှားရမ်းသည် ဖြစ်စေ၊ မငှားရမ်းသည် ဖြစ်စေ အရှေ့တိုင်းကို အနိုင်ယူပြီး ကမ္ဘာလောကကို ပေါင်းစည်းနိုင်လျှင် မည်သည့် နည်းလမ်းကို သုံးသည် ဖြစ်စေ အရေးမကြီးပေ။
“သတ်”
အာ့ဒ်နန်ဟိန်းဟောက်လိုက်ပြီး လက်ထဲရှိ မူကာရာ ဓား ကို မြှောက်ကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ အဝေးမလှမ်းမကမ်းတွင် အဗူမွတ်စလင် သည်လည်း စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ရှိနေသည်။
“အားလုံး ငါ့နောက် လိုက်ခဲ့၊ သတ်”
အဗူမွတ်စလင်သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး မြင်းဗိုက်ကို ကန်ကာ အာ့ဒ်နန်ကို ကျော်တက်သွားသည်။ ရှေ့ဆုံးမှ ဦးဆောင်လျက် နောက်လိုက် အာရပ်စစ်သည် ထောင်သောင်းချီကို ဦးဆောင်ကာ သံမဏိရေလှိုင်းကြီးကဲ့သို့ ဖုန်မှုန့်များကြားမှ မျက်နှာချင်းဆိုင်ရှိ ထန်လူမျိုးများထံသို့ ပြေးဝင်သွားသည်။
“ဒီနေ့က ငါ့ရဲ့ အရှက်ရမှုတွေကို ကိုယ်တိုင် ဆေးကြောမယ့် နေ့ပဲ”
အဗူမွတ်စလင် ၏ မျက်လုံးများထဲတွင် သွေးရောင်များ လွှမ်းနေသည်။ ဤနေ့ရက်အတွက် သူ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည်။
တာလာ့စ်စစ်ပွဲကြောင့် ခံစားခဲ့ရသော အရှက်တကွဲ ဖြစ်မှုများနှင့် အထင်သေးခံရမှုများကို ဒီနေ့တွင် အပြီးတိုင် ဆေးကြောပစ်ရမည်။
“သတ်”
“အင်ပါယာ အတွက်”
...
ဟိန်းဟောက်သံများ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားအောင် ထွက်ပေါ်လာသည်။ ကုထိုက်ပိုင် ၏ အသံကို ကြားပြီး ကြီးမားသော မီးနတ်ဆိုးကြီးအသစ်ကို မြင်လိုက်ရသဖြင့် အာရပ်သံမြင်းစီးတပ်သား အားလုံး စိတ်ဓာတ် တက်ကြွလာကြသည်။ ပင်လယ်ကဲ့သို့ ကျယ်ပြန့်သော အာရပ်စစ်တပ်ကြီးသည် မဟာထန်စစ်တပ်ထံသို့ ဝင်ရောက် တိုက်ခိုက်လာသည်။
“သတိထား”
“တပ်မတော် တစ်ခုလုံး အသင့်ပြင်”
ဤမြင်ကွင်းကို မြင်သောအခါ မဟာထန်ဘက်မှ လူများအားလုံး ရင်ထဲ လေးလံသွားသည်။ ကုထိုက်ပိုင်နှင့်မီးနတ်ဆိုးကြီးတို့ နောက်ဆုံးတွင် ပေါင်းစည်းသွားပြီး ပိုမို အစွမ်းထက်သော သတ္တဝါ တစ်ကောင် မွေးဖွားလာသည်။ ထို့အပြင် ပင်လယ်ကဲ့သို့ များပြားလှသော၊ မဟာထန်ထက် အရေအတွက် များစွာ သာလွန်သော အာရပ်သံမြင်းစီးတပ်ကြီး ရှိနေသည်။ သံမဏိ ခံတပ်ကြီးလည်း ပျက်စီးသွားပြီ ဖြစ်သဖြင့် ကာကွယ်စရာ မရှိတော့ဘဲ ခုခံရန် အင်အား မရှိတော့ပေ။
“ဝမ်ချောင် မဟာ ဗျူဟာခင်းကျင်းမှုကြီး အားလုံး အဆင်သင့် ဖြစ်ပြီ”
လူတိုင်း မျက်နှာ ပျက်နေချိန်တွင် မြေပုံအဘိုးအို၏ ရင်းနှီးသော စိတ်လှိုင်းသည် လေဟာနယ် အထပ်ထပ်ကို ကျော်ဖြတ်ပြီး ဝေးလံသော မြောက်ဘက်မှ ရောက်ရှိလာသည်။
“ဘာ”
လေထဲတွင် ဝမ်ချောင် ဒီသတင်းကို ကြားလိုက်ရပြီး စိတ်ဓာတ် တက်ကြွသွားသည်။
“စတင် လည်ပတ်လိုက်တော့… ကျန်တာ ငါ့တာဝန် ထားလိုက်”
“ကောင်းပြီ”
အဝေးတစ်နေရာမှ အဘိုးအို၏အသံသည် ဝမ်ချောင်၏ခေါင်းထဲတွင် ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ထိုအခိုက်အတန့်တွင် အမြင်အာရုံသည် လေဟာနယ် အထပ်ထပ်ကို ကျော်ဖြတ်သွားသည်။ စိတ်လှိုင်း ပြန်လည်ရုပ်သိမ်းသွားသည်နှင့် ကျယ်ပြောလှသော မိုဟယ်ရန်ချီ သဲကန္တာရကြီးထဲတွင် အထီးကျန်စွာ ရပ်နေသော သေးငယ်သည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
အစီအမံအဘိုးအိုသည် မျက်မှောင်ကြုတ်ထားပြီး စိုးရိမ်ပူပန်နေသည်။ အဝေးတွင် ဘာဖြစ်နေသည်ကို သူ မသိသော်လည်း လေလှိုင်းများနှင့် အာရပ်များ၏ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားအောင် အော်ဟစ်သံများကြောင့် မဟာထန်၏ အခြေအနေ အလွန် ဆိုးရွားနေကြောင်း သိသာထင်ရှားလှသည်။
“ငါ အတတ်နိုင်ဆုံး ကြိုးစားထားတယ်၊ မင်းအတွက် တကယ် အသုံးဝင်ပါစေလို့ ဆုတောင်းပါတယ်”
အစီအမံအဘိုးအို၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ မကြာမီ ပြန်လှည့်လာပြီး နောက်ဘက်ရှိ ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှိသော မြင်းစီးတပ်ဖွဲ့ကို ကြည့်လိုက်သည်။ ဤတပ်ဖွဲ့သည် တိုက်ပွဲ မစတင်မီက ဝမ်ချောင် သူ့အား ခွဲဝေပေးထားသော တပ်ဖွဲ့ ဖြစ်သည်။
“စတင် လှုပ်ရှားကြစို့”
“ဟုတ်ကဲ့”
မြင်းစီးတပ်သားများသည် ဘာမှပြန်မပြောဘဲ ချက်ချင်း လှည့်ထွက်သွားကြသည်။ အဖွဲ့ပေါင်းများစွာ ခွဲလျက် အရပ်မျက်နှာ အသီးသီးသို့ လျင်မြန်စွာ ပြေးထွက်သွားပြီး မကြာမီ ပျောက်ကွယ်သွားကြသည်။
ဝမ်ချောင်၏ အဆိုအရ အစီအမံအဘိုးအို တည်ဆောက်ထားသော ကိုးပါး ကောင်းကင် နက္ခတ် ဗျူဟာကြီးသည် (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ အစီအမံအဘိုးအို၏ အမိန့်နှင့်အတူ စစ်သည်များ ပြေးထွက်သွားကြပြီး ကျန်ရှိသော (၃၀) ရာခိုင်နှုန်းကို လျင်မြန်စွာ ပြီးစီးအောင် လုပ်ဆောင်လိုက်ကြသည်။
“ဘုန်း”
မိုဟယ်ရန်ချီ သဲကန္တာရ အလယ်တွင် အစီအမံအဘိုးအိုသည် လက်ထဲရှိ ဗျူဟာအလံကို သဲသောင်ပြင်ထဲသို့ ပြင်းထန်စွာ စိုက်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် ဗျူဟာကြီး ပြီးစီးသွားပြီး အနောက်မြောက်ပိုင်း မြေပြင်တစ်ခုလုံးသည် နဂါးနှင့် မြွေများ နိုးထလာသကဲ့သို့ ကမ္ဘာမြေကို ပြောင်းလဲစေသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။
ဒိန်း ဒိန်း ဒိန်း
လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ကြီးမားသော လျှပ်စီးကြောင်းတစ်ခုသည် နဂါးကြီး တစ်ကောင်ကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ အနောက်မြောက်ပိုင်း ကောင်းကင် တစ်ခုလုံးကို ချက်ချင်း နှစ်ပိုင်း ခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် ဘုန်းခနဲ အသံများနှင့်အတူ အဆုံးမဲ့ မိုးတိမ်တိုက်မည်းများ လှိမ့်ဝင်လာပြီး အရပ်လေးမျက်နှာမှ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ မမြင်ရသော ဆွဲငင်အား တစ်ခုခု၏ ဆွဲငင်မှုကို ခံရသကဲ့သို့ ဖြစ်နေသည်။
မိုးတိမ်တိုက်မည်းများသည် နိမ့်ဆင်းလာပြီး ငွေရောင် လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားသည်။ မြင်တွေ့ရသူတိုင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
“ဒါ ဘာဖြစ်တာလဲ”
တစ်ခဏချင်းမှာပင် လူတိုင်း ဤ ရုတ်တရက် ဖြစ်ပေါ်လာသော ထူးခြားသည့် ဖြစ်စဉ်ကို သတိထားမိလိုက်ကြသည်။ ကုထိုက်ပိုင် ဝင်စားထားသော ကြီးမားသည့် မီးနတ်ဆိုးကြီးပင်လျှင် မျက်နှာထား ကြောင်အသွားပြီး ခြေလှမ်း ရပ်တန့်သွားသည်။
သူသည် မူလက တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း ကောင်းကင်မှ ထူးခြားသော ဖြစ်စဉ်ကို မြင်သောအခါ မသိစိတ်အရ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
အနောက်မြောက်ပိုင်း မြေပြင်သည် ဤသမိုင်းဝင် အရှေ့အနောက် စစ်ပွဲကြီးကြောင့် မိုးတိမ်တိုက်များ ဖုံးလွှမ်းနေသည်မှာ ကြာပြီဖြစ်သည်။ ဤအခြေအနေမျိုးတွင် မိုးတိမ်တိုက်မည်းများ စုဝေးလာခြင်းသည် ပုံမှန်ဖြစ်ပြီး အံ့ဩစရာ မရှိပေ။ သို့သော် ကုထိုက်ပိုင် ထူးဆန်းသည်ဟု ခံစားရခြင်းမှာ ဤ မိုးတိမ်တိုက်မည်းများသည် အလွန် လျင်မြန်ပြီး အလွန်ပြင်းထန်စွာ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
ထို့အပြင် ကောင်းကင် ပြောင်းလဲမှု အတိုင်းအတာသည် အလွန်ကျယ်ပြန့်ပြီး မိုင်ပေါင်း ထောင်ချီသော ဧရိယာကို လွှမ်းခြုံထားသည်။ ဤ ပြောင်းလဲမှုသည် သိသာထင်ရှားစွာ ပုံမှန် မဟုတ်ပေ။ ငွေရောင် မြွေများ ကခုန်နေသကဲ့သို့ လျှပ်စီးများ လက်နေခြင်းနှင့် မိုးကြိုး ဖြစ်စဉ်များကို ပြောစရာပင် မလိုတော့ပေ။