← Chapters

အခန်း (၁၈၈၆-၁၈၉၀)

Vol. 116 Ch. 1886-1890

အခန်း (၁၈၈၆-၁၈၉၀)

Vol. 116 Ch. 1886-1890

အခန်း (၁၈၈၆) ရွှေရောင် ဧရာမ မျောက်ဝံကြီး (အပိုင်း ၂)

“ဘုန်း”

ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ တောင်ကုန်းပမာ ကြီးမားသော သံမဏိ လက်သီးကြီး ကျရောက်လာသည်။ ပေတစ်ရာ ပတ်လည်အတွင်း မြေကြီးတစ်ခုလုံး တော်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးများနှင့် မြေစာခဲများသည် ကောင်းကင်ယံသို့ ပေပေါင်းများစွာ လွင့်စင်တက်သွားကြသည်။ ဖုန်မှုန့်များနှင့် မီးခိုးများသည် လှိုင်းလုံးများကဲ့သို့ စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဤတိုက်ခိုက်မှု၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

“အား”

သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အာရပ်အုပ်ချုပ်သူများနှင့် ဒုအုပ်ချုပ်သူများသည် မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်နေကြသည်။ သူတို့သည် ရှောင်တိမ်းချိန် မရလိုက်ဘဲ ခန္ဓာကိုယ်မှ စွမ်းအင်အကာအကွယ်များကို ဖွင့်လိုက်ရုံသာ ရှိသေးသည်။ ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် လူရော စွမ်းအင်အကာအကွယ်ပါ တုန်ခါသွားပြီး မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခြင်း ခံလိုက်ရသည်။

ဟီးးး

စစ်မြင်းများ၏ ဟီသံများနှင့်အတူ ပေတစ်ရာ ပတ်လည်အတွင်းရှိ အာရပ်သံမြင်းစီးတပ်များသည်လည်း အတူတကွ အသားပြား ဖြစ်သွားကြသည်။

သူတို့၏ စွမ်းအားမှာ ပိုမို အားနည်းသဖြင့် ယှဉ်နိုင်စွမ်း လုံးဝမရှိပေ။

သို့သော် ဤအရာအားလုံးမှာ ပြီးဆုံးသွားခြင်း မရှိသေးပေ။ ကောင်းကင်ယံက ရုတ်တရက် မှောင်မိုက်သွားပြီး အရိပ်မည်းကြီးတစ်ခု ကျရောက်လာသည်။ ၎င်းသည် လျင်မြန်စွာ ကြီးထွားလာပြီး လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် နောက်ထပ် ကြီးမားသော လက်သီးကြီး တစ်လုံးသည် ပြည့်ကျပ်နေသော အာရပ်သံမြင်းစီးတပ်များ အလယ်သို့ ကျရောက်သွားပြန်ရာ နာကျင်စွာ အော်ဟစ်သံများ မဆုံးနိုင်အောင် ထွက်ပေါ်လာသည်။

“မဟာထန်ကို ခိုးတိုက်ချင်တာလား၊ ငါ့ကို မေးပြီးပြီလား”

ဝမ်ချောင်၏ အေးစက်သောအသံသည် စစ်မြေပြင်အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။

ဝမ်ချောင်သည် လောကဖျက် မီးနတ်ဆိုး၏ တားဆီးပိတ်လှောင်မှုကို ခံနေရသော်လည်း သူ၏ သိစိတ်ကို နှစ်ပိုင်းခွဲကာ ရွှေရောင် ဧရာမ မျောက်ဝံကြီးကို ထိန်းချုပ်လျက် အာရပ်စစ်တပ်ကို ရူးသွပ်စွာ ဖျက်ဆီးနေခြင်း ဖြစ်သည်။

တာလာ့စ်စစ်ပွဲမှ အတွေ့အကြုံများကြောင့် ဤကဲ့သို့သော လူနှင့်တူသည့် မျောက်ဝံပုံစံ ဧရာမ သားရဲကြီးကို ထိန်းချုပ်ရာတွင် ဝမ်ချောင်အနေဖြင့် အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။ ပို၍ကြောက်စရာကောင်းသည်မှာ သဘာဝ ဗီဇအတိုင်း တိုက်ခိုက်သော ဧရာမ သားရဲများနှင့် မတူဘဲ ဝမ်ချောင် ထိန်းချုပ်ထားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် အာရပ်စစ်တပ်မှ အုပ်ချုပ်သူများ၊ ဒုအုပ်ချုပ်သူများနှင့် တပ်မှူးချုပ်များကိုသာ ရွေးချယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

“မျောက်ဝံကြီး လာပြီ၊ မြန်မြန်ပြေး”

“ခွေးကောင်၊ သူ့ကို သတ်ပစ်”

...

အချိန်တိုအတွင်းမှာပင် အာရပ်စစ်တပ်ကြီးမှာ လူရောမြင်းပါ လဲကျကာ အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ ဝမ်ချောင် ထိန်းချုပ်ထားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် သူ့ရှေ့တွင် မည်သူရှိသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မြေပြင် အရှေ့ဘက်မှ အနောက်ဘက်သို့ ထိုးဖောက် ဝင်ရောက်ကာ တိုက်ခိုက် ဖျက်ဆီးနေသည်။ စစ်မြေပြင် တစ်ခုလုံးကို နှစ်ပိုင်း ပိုင်းလိုက်သကဲ့သို့ ဖြစ်နေသည်။

“တိရစ္ဆာန်ကောင်”

ဝုန်းခနဲ အသံများနှင့်အတူ စွမ်းအင်လှိုင်းများ လေဟာနယ်တွင် ပေါက်ကွဲထွက်လာပြီး ဒေါသထွက်နေသော အာရပ်အုပ်ချုပ်သူများသည် ကောင်းကင်သို့ ပျံတက်လာကြသည်။ သူတို့သည် ကြောက်ရွံ့ခြင်းမရှိဘဲ ရွှေရောင် ဧရာမမျောက်ဝံကြီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့ လေပေါ် ရောက်သည်မှာ မကြာသေးမီပင် ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ၏ရိုက်ပုတ်မှုကို ခံလိုက်ရပြီး အမြောက်ဆံများကဲ့သို့ လွင့်စင်သွားကြသည်။

ဤရွှေရောင် ဧရာမမျောက်ဝံကြီး၏စွမ်းအားသည် ဧရာမ သားရဲတပ်မတော်တွင် ထိပ်ဆုံး၌ ရှိသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့်ပင် သိမ်မွေ့နယ်မြေအစောပိုင်းအဆင့် ပညာရှင်များနှင့် ယှဉ်နိုင်သည်။ အာရပ်စစ်တပ်ထဲတွင် ထိုအဆင့်သို့ ရောက်ရှိသော ပညာရှင်မှာ လက်ချိုးရေ၍ပင် ရသည်။

ကုထိုက်ပိုင်သည် အာရပ်စစ်နတ်ဘုရားဟု တင်စားခံရသော်လည်း တာလာ့စ် စစ်ပွဲတွင်မှ ယာယီ ထိုးဖောက် အောင်မြင်လာခြင်း ဖြစ်သည်။

“တစ်ယောက်ချင်းတိုက်ရင် ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူး၊ အားလုံး ဝိုင်းတိုက်ကြ၊ လက်နက်တွေ သုံးပြီး တိုက်ကြ”

စွမ်းအားကြီးမားသော အာရပ်အုပ်ချုပ်သူတစ်ဦးက အော်ဟစ်လိုက်သည်။ အသံဆုံးသည်နှင့် အာရပ်အုပ်ချုပ်သူများနှင့် ဒုအုပ်ချုပ်သူ ဆယ်ဦးကျော်သည် အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလာကြသည်။ သူတို့သည် အားလုံး ပူးပေါင်းကာ ဤသတ္တဝါကြီးကို အနိုင်ယူရန် ကြိုးစားနေကြသည်။

အကယ်၍ ဤ သတ္တဝါကြီးကို စစ်တပ်ထဲတွင် စိတ်ကြိုက် သောင်းကျန်းခွင့် ပေးလိုက်ပါက အကျိုးဆက်မှာ တွေးရဲစရာပင် မရှိပေ။ အာရပ်တို့တွင် မဟာထန်ကဲ့သို့ ဧရာမမြားပစ်စက်များ မရှိကြပေ။

သို့သော် လူတိုင်းသည် ရွှေရောင် ဧရာမမျောက်ဝံကြီးကို လျှော့တွက်မိကြသလို ၎င်းကို ထိန်းချုပ်ထားသော ဝမ်ချောင်ကိုလည်း လျှော့တွက်မိခဲ့ကြသည်။

ဟိန်းဟောက်သံနှင့်အတူ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ တောင်ကုန်းပမာ ကြီးမားသော ခန္ဓာကိုယ်သည် ရုတ်တရက် ဝပ်ဆင်းလိုက်သည်။ ထို့နောက် ခြေလက်လေးချောင်းဖြင့် အားယူကာ ဘယ်လုညာခို လှုပ်ရှားလျက် လျင်မြန်စွာ ခုန်ထွက်သွားသည်။ လမ်းတစ်ဝက်တွင် ရုတ်တရက် လမ်းကြောင်းပြောင်းကာ ကွေ့ပတ်သွားပြီး အာရပ်အုပ်ချုပ်သူများ ဝိုင်းရံ မလာမီမှာပင် ဦးအောင်တိုက်ခိုက်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

အသံများနှင့်အတူ မြေကြီးပေါ်တွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်တက်သွားပြီး ပေါက်ကွဲသံများ မဆုံးနိုင်အောင် ထွက်ပေါ်လာသည်။ ခဏတာ အတွင်းမှာပင် အရပ်မျက်နှာ အသီးသီးမှ အုပ်ချုပ်သူများနှင့် ဒုအုပ်ချုပ်သူများသည် ရွှေရောင် ဧရာမမျောက်ဝံကြီး၏ တစ်ဦးချင်း ချေမှုန်းမှုကို ခံလိုက်ရပြီး အချို့မှာ ဒဏ်ရာအပြင်းအထန်ရကာ ထွက်ပြေးသွားကြရသလို အချို့မှာလည်း နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

ရွှေရောင် ဧရာမမျောက်ဝံကြီး၏ လှုပ်ရှားမှုများသည် သပ်ရပ်သေသပ်ပြီး ရက်စက် ကြမ်းကြုတ်လှသည်။ ၎င်းသည် တိရစ္ဆာန်ကဲ့သို့ မဟုတ်ဘဲ စစ်မှုထမ်းဟောင်း သိုင်းပညာရှင် တစ်ဦးကဲ့သို့ လှုပ်ရှားနေသည်။

ရွှေရောင် ဧရာမမျောက်ဝံကြီး၏ မူလ စွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းပြီးသား ဖြစ်သည်။ ထို့အပြင် ဝမ်ချောင်၏သိုင်းပညာ အသိစိတ်နှင့် အတွေ့အကြုံပါ ပေါင်းစပ်လိုက်သောအခါ မည်သူမျှ တားဆီး၍ မရနိုင်တော့ပေ။

“အား”

သနားစဖွယ် အော်ဟစ်သံများနှင့်အတူ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ တိုက်ခိုက်မှုအောက်တွင် ထောင်နှင့်ချီသော အာရပ်သံမြင်းစီးတပ်များသည် ပုရွက်ဆိတ်များကဲ့သို့ အသားပုံ အဖြစ် ပြောင်းလဲသွားကြသည်။

စစ်မြေပြင် တစ်ခုလုံးတွင် ဝမ်ချောင်၏ ထိန်းချုပ်မှုကို တားဆီးနိုင်သူမှာ မဟာဘုန်းတော်ကြီးတစ်ဦးတည်းသာ ရှိသည်။ သို့သော် ယခုအခါ မဟာဘုန်းတော်ကြီး သေဆုံးသွားပြီ ဖြစ်သဖြင့် ဝမ်ချောင်ကို တားဆီးနိုင်သူ မရှိတော့ပေ။

“သတ်”

ဤမြင်ကွင်းကို မြင်သောအခါ မဟာထန်ဘက်မှ လူများ စိတ်ဓာတ် တက်ကြွလာကြသည်။ အာရပ်တွင် လောကဖျက် မီးနတ်ဆိုး ရှိသော်လည်း မဟာထန်တွင်လည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော မဟာထန်စစ်သည်များသည် အာရပ်များကို ပြန်လည် ထိုးစစ်ဆင်လိုက်ကြသည်။

စုဟန်ရှင်း၊ လီစီယီ၊ ချန်ချန်းလီတို့သည်လည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ စစ်တပ်ကို ကွပ်ကဲလျက် အာရပ်များကို စတင်တိုက်ခိုက်လိုက်ကြသည်။ အချိန်တိုအတွင်းမှာပင် အသာစီးရနေသော အာရပ်များသည် ဖရိုဖရဲဖြစ်ကာ အရေးနိမ့်သွားကြသည်။

အသံများနှင့်အတူ အာရပ်စစ်သည်များသည် သစ်တုံးများကဲ့သို့ လဲကျသွားကြပြီး စစ်တပ်ကြီး ပြိုကွဲသွားသည်။

“သေစမ်း”

အဝေးတစ်နေရာတွင် စစ်တပ်၏နောက်ဘက်၌ လနတ်ဘုရားသစ်ပင်ကို ထိန်းချုပ်ထားသော လူစစ်နှင့် အခြားသူများသာမက ဆင်ပုံသဏ္ဌာန် ဧရာမ သားရဲကြီး၏ ကျောပေါ်၌ ရှိနေသော ကုထိုက်ပိုင်၏ မျက်နှာထားမှာလည်း မဲမှောင်နေသည်။ သူသည် လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။

“ဘုန်း”

ကုထိုက်ပိုင်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး မျက်လုံးထဲတွင် ရက်စက်သော အလင်းရောင်များ ဖြတ်သန်းသွားသည်။

“သတ်ပစ်လိုက်”

ကုထိုက်ပိုင်၏အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စစ်မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ အသံဆုံးသည်နှင့် စစ်မြေပြင် အခြေအနေ ပြောင်းလဲသွားသည်။ မူလက ဝမ်ချောင်နှင့် အခြားသူများကို တိုက်ခိုက်နေသော လောကဖျက် မီးနတ်ဆိုးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာသည်။ မူလက ဒီဂရီ တစ်သိန်းကျော်ရှိသော အပူချိန်သည် နောက်တစ်ဆင့် ထပ်မံ မြင့်တက်လာသည်။

“အား… မြန်မြန် ဆုတ်”

ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကျန်းချိုးကျန့်ချုံးနှင့် အခြားသူများ ရင်ထဲတွင် တုန်လှုပ်ကာ နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ လောကဖျက် မီးနတ်ဆိုးသည် ထိုအခွင့်အရေးကို အသုံးချကာ ရုန်းထွက်လိုက်ပြီး ရွှေရောင် ဧရာမမျောက်ဝံကြီးရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

၎င်း၏ ရက်စက်သော မီးတောက် အရှိန်အဝါများသည် ရွှေရောင် ဧရာမမျောက်ဝံကြီးထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။

ဤရှေးဟောင်းခေတ် မီးနတ်ဆိုးကြီးသည် အချိန်နှင့်နေရာ၏ နက်ရှိုင်းသော နေရာမှ စွမ်းအင်များကို စုပ်ယူနိုင်သည်။ ဝမ်ချောင်တို့သည် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သဖြင့် ၎င်း၏ အရှိန်အဝါကို လျှော့ချနိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း ယခုအခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး စွမ်းအင်အသစ်များသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤရှေးဟောင်း မီးနတ်ဆိုးကြီးသည် မူလ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားရုံသာမက ယခင်ကထက်ပင် ပိုမိုသန်စွမ်းလာသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်ပင်လျှင် မျက်နှာ ပျက်သွားသည်။

သို့သော် ပိုမိုထိတ်လန့်စရာ ကောင်းသည်မှာ နောက်တွင် ရှိနေသေးသည်။

“ဟိန်း”

မီးနတ်ဆိုးကြီးဟိန်းဟောက်လိုက်ရာ တစ်ကိုယ်လုံးရှိ အနက်ရောင် မီးခိုးများသည် နှစ်ဆခန့် ပိုမိုထူထဲလာသည်။ တစ်ချိန်တည်းမှာပင် မီးအလင်းရောင် တစ်ချက် လက်သွားပြီး မီးနတ်ဆိုးကြီး၏ မဲနက်သော ညာဘက် လက်သည်းမှ သေးငယ်ပြီး စူးရှသော မီးတန်းတစ်ခု ပန်းထွက်လာသည်။ ၎င်းသည် အသက်ရှိသကဲ့သို့ လေဟာနယ်ထဲတွင် ရှည်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၇၀၀၊ ၈၀၀ ခန့် ရှည်လျားသော မီးတောက်နှင့် မီးခိုးများ လောင်ကျွမ်းနေသည့် ဧရာမ မီးကြာပွတ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ဖြောင်း…

မီးနတ်ဆိုးကြီးသည် အဝေးရှိ အာရပ်စစ်တပ်ထဲတွင် သောင်းကျန်းနေသော ရွှေရောင် ဧရာမမျောက်ဝံကြီးကို ပစ်မှတ်ထားလိုက်သည်။ ထို့နောက် မီးကြာပွတ်ကြီးကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် မီးတန်းကြီးသည် လေဟာနယ်ထဲတွင် ကြီးမားသော မျဉ်းကွေးကြီး တစ်ခု ရေးဆွဲကာ လေထုကို ခွဲခြမ်းလျက် အဝေးရှိ ရွှေရောင် ဧရာမမျောက်ဝံကြီးထံသို့ ရစ်ပတ်ရန် ပြေးဝင်သွားသည်။

ဤအဖြစ်အပျက်မှာ ရုတ်တရက် ဖြစ်ပျက်လာသဖြင့် ဝမ်ချောင်ပင်လျှင် ရင်ထဲ ထိတ်လန့်သွားပြီး မျက်နှာ ပြောင်းလဲသွားသည်။

ထိုမီးကြာပွတ်ကြီးသည် ကြည့်လိုက်ရုံဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။ မီးနတ်ဆိုးကြီးနှင့် တိုက်ခိုက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ဝမ်ချောင်အနေဖြင့် ဤစွမ်းရည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သို့သော် စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ဝမ်ချောင်၏ တုံ့ပြန်မှုမှာ အနည်းငယ်မျှ နှေးကွေးခြင်း မရှိပေ။

“ဘုန်း”

မီးနတ်ဆိုးကြီးက ကြာပွတ် ဝှေ့ယမ်းလိုက်ပြီး ရွှေရောင် ဧရာမမျောက်ဝံကြီးကို ရစ်ပတ်တော့မည့် ဆဲဆဲတွင် ရွှေရောင် ဧရာမမျောက်ဝံကြီးသည် ရုတ်တရက် ခန္ဓာကိုယ်ကို တွန့်လိုက်သည်။ လေလှိုင်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ခုန်တက်သွားရာ ဆံချည်မျှင် တစ်မျှင်စာ အကွာအဝေးဖြင့် မီးနတ်ဆိုးကြီး၏ ကြာပွတ်ကို ရှောင်တိမ်းလိုက်နိုင်သည်။

လောကဖျက် မီးနတ်ဆိုး၏ မျက်နှာထားမှာ ကြမ်းကြုတ်နေပြီး တောင်ကုန်းပမာ မတ်မတ် ရပ်တည်နေသည်။ တိုက်ခိုက်မှု လွဲချော်သွားသော်လည်း လက်လျှော့မည့်ပုံ မပေါ်ပေ။ ဟိန်းဟောက်သံနှင့်အတူ ကျောက်တုံးများ လွင့်စင်သွားပြီး ဖုန်မှုန့်များ လှိမ့်တက်လာသည်။ မီးနတ်ဆိုးကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရုတ်တရက် နိမ့်ဆင်းသွားပြီး ခြေထောက်နှစ်ဖက်ဖြင့် အားယူကာ ခုန်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် မမျှော်လင့်သော အရာတစ်ခု ဖြစ်ပေါ်လာသည်။

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း မိုးကြိုးပစ်သံ ကြားလိုက်ရသည်။ မီးနတ်ဆိုးကြီး၏ ခေါင်းပေါ်တွင် အရိပ်မည်းတစ်ခု ကျရောက်လာသည်။ မီးနတ်ဆိုးကြီးကြောင်သွားပြီး မသိစိတ်အရ မော့ကြည့်လိုက်ရာ ကောင်းကင်ယံ မှောင်မိုက်သွားပြီး မိုးတိမ်တိုက်မည်းကြီးများ အရပ်လေးမျက်နှာမှ စုဝေးလာသည်ကို တွေ့လိုက်ရသည်။ ထိုမိုးတိမ်တိုက်များထဲတွင် ငွေရောင် လျှပ်စီးကြောင်းများ ရစ်ပတ်နေသည်။

“ဘုန်း”

မီးနတ်ဆိုးကြီးမတုံ့ပြန်နိုင်ခင်မှာပင် နောက်တစ်ခဏ၌ ကျယ်လောင်သော အသံကြီး တစ်ခုနှင့်အတူ နေမင်းထက် အဆပေါင်းများစွာ ပိုမိုတောက်ပသော ပြင်းထန်သည့် မိုးကြိုးလျှပ်စီး တစ်ခုသည် ဓားသွားတစ်စင်းကဲ့သို့ ကောင်းကင်မှ ပြင်းထန်စွာ ပစ်ချလိုက်သည်။

တစ်ချက်တည်းနှင့်ပင် မီးနတ်ဆိုးကြီး၏ ဦးခေါင်းကို ဖောက်ခွဲလိုက်သကဲ့သို့ ဖြစ်သွားပြီး ကြီးမားသော ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားသည်။ မီးနတ်ဆိုးကြီး၏ ခုန်ထွက်မည့် အရှိန်မှာလည်း ပျက်ပြားသွားသည်။

“မိုးကြိုးလျှပ်စီး”

နောက်ဆုံး အခိုက်အတန့်တွင် လျှပ်စီးအလင်းရောင် အောက်၌ မီးနတ်ဆိုးကြီး၏ ခေါင်းပေါ်တွင် ရှိနေသော သေးငယ်သော ပုံရိပ်တစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် မဟာလော့ဝ်နတ်ဘုရားဓား(မူလအမရဓား)ကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းကာ ကမ္ဘာမြေကို ခွဲခြမ်းမည့် အရှိန်အဟုန်ဖြင့် အောက်ဘက်သို့ ခုတ်ပိုင်းချလိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင်သည် နောက်ဆုံး အချိန်တွင် မဟာလော့ဝ်နတ်ဘုရားဓား၏ စွမ်းအားကို ထုတ်ဖော်ကာ မိုးကြိုးစွမ်းအားကို အသုံးပြု၍ မီးနတ်ဆိုးကြီးကို တိုက်ခိုက်ပြီး ၎င်း၏ လှုပ်ရှားမှုကို ဟန့်တားလိုက်ခြင်း ဖြစ်သည်။

မီးနတ်ဆိုးကြီး၏ဖျက်ဆီးနိုင်စွမ်းကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။ စစ်တပ် တစ်ခုလုံးကို ဖျက်ဆီးရန်အတွက် လုံးဝ အားစိုက်ထုတ်စရာ မလိုပေ။ ဝမ်ချောင်နှင့် အခြားသူများက ၎င်းကို ထိန်းထားနိုင်သော်လည်း အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်။ ယခုအချိန်တွင် ထိုရွှေရောင် ဧရာမမျောက်ဝံကြီးသည် ဝမ်ချောင်နှင့် မဟာထန်တစ်ခုလုံးအတွက် အာရပ်များကို တန်ပြန် တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသော အင်အား ဖြစ်သည်။

အကယ်၍ ရွှေရောင် ဧရာမမျောက်ဝံကြီးသာ အသတ်ခံလိုက်ရပါက အာရပ်ဘက်မှ သန်းနှင့်ချီသော စစ်တပ်ကြီးကို မည်သူမျှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

“နှမြောစရာပဲ... မဟာလော့ဝ်နတ်ဘုရားဓားရော၊ သိုင်းစွမ်းအင်ရော ဒီသတ္တဝါကြီးကို သိပ်မထိခိုက်နိုင်ဘူး။ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ပေမဲ့ သတ်လို့တော့ မရဘူး။ ဒီအတိုင်းသာ ဆက်သွားရင် နောက်ဆုံးကျရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဝမ်ချောင်သည် ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်ကာ ကပ်ဘေးတစ်ခုမှ လွတ်မြောက်ပြီးနောက် ကောင်းကင်မှ ဆင်းသက်လာကာ အာရပ်စစ်တပ်ထဲတွင် ဆက်လက်၍ ရူးသွပ်စွာ ဖျက်ဆီးတိုက်ခိုက်နေသည်။ သို့သော် စိတ်ထဲတွင်မူ ဝမ်ချောင်သည် အတော်လေး စိုးရိမ်ပူပန်နေသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၊ မဟာလော့ဝ် နတ်ဘုရား သိုင်းပညာ၊ သတ္တဝါနှင့် နတ်ဆိုး ဖျက်ဆီးခြင်း အတတ်ပညာ... မဟာလော့ဝ်နတ်ဘုရားဓား... ဝမ်ချောင်သည် သူ၏ အစွမ်းထက်သော နည်းလမ်းအားလုံးကို ထုတ်သုံးပြီးပြီ ဖြစ်သည်။ အခြား ပြိုင်ဘက် တစ်ဦးဦး၊ ဧရာမ သားရဲ တစ်ကောင်ကောင်သာ ဆိုပါက သေဆုံးနေလောက်ပြီ ဖြစ်သည်။

သို့သော် ဤ မီးနတ်ဆိုးကြီးသည် သိုင်းပညာရှင် အားလုံးကို သဘာဝအတိုင်း ဖိနှိပ်နိုင်စွမ်း ရှိပုံရသည်။ သိုင်းစွမ်းအင်၏ ထိခိုက်မှုသည် ၎င်းအပေါ်တွင် ခြောက်ပုံတစ်ပုံကျော် လျော့နည်းသွားသည်။ ထို့အပြင် ၎င်းသည် လေဟာနယ်ထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမို သန်စွမ်းလာသည်။

“အခြေအနေ မကောင်းဘူး။ ဒီအတိုင်းသာ ဆက်သွားရင် သူ့ရဲ့ စွမ်းအားတွေက ကြောက်စရာကောင်းတဲ့ အဆင့်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်။ နောက်ဆုံးကျရင် ဘယ်သူမှ သူ့ကို နိုင်မှာ မဟုတ်တော့ဘူး”

ဝမ်ချောင်၏မျက်ခွံများ လှုပ်ခတ်သွားသည်။

၎င်းသည် စစ်မှန်သော လောကဖျက် သတ္တဝါဆိုးကြီး တစ်ကောင် ဖြစ်သည်။ ထို့အပြင်... လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ဝမ်ချောင်သည် အဝေးမှ ကုထိုက်ပိုင်ကို လှမ်းကြည့်လိုက်သည်။ ကုထိုက်ပိုင်သည် တည်ငြိမ်လွန်းနေသည်။ တိုက်ပွဲ စတင်ကတည်းက ကုထိုက်ပိုင်သည် လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။

သူသည် သဘောထားကြီးလွန်း၍ မဟုတ်ဘဲ အခြား ရည်ရွယ်ချက် တစ်ခု ရှိနေခြင်း ဖြစ်သည်။ ... သူသည် ဤ မီးနတ်ဆိုးကြီးကြီးထွားလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

******

အခန်း (၁၈၈၇) မီးနတ်ဆိုးကြီး၏ အစွမ်း (အပိုင်း ၁)

“သတိထားမိသွားပြီလား”

အဝေးတစ်နေရာတွင် ကုထိုက်ပိုင်သည် ဝမ်ချောင်၏ အကြည့်ကို အာရုံခံမိပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရင်း အေးစက်စွာ ပြုံးလိုက်သည်။

ဤ ရှေးဟောင်း မီးနတ်ဆိုးကြီးသည် အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရသဖြင့် ၎င်း၏ မူလ အထွတ်အထိပ် အခြေအနေနှင့် ဝေးကွာနေသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ စွမ်းအားများသည် အဆက်မပြတ် တိုးပွားလာနေသည်။ မီးနတ်ဆိုးကြီးပြန်လည် နိုးထလာရန် အချိန်လိုအပ်သဖြင့် ကုထိုက်ပိုင်အနေဖြင့် အလောတကြီး မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

မီးနတ်ဆိုးကြီးသည် မသေနိုင်သော သတ္တဝါ ဖြစ်သည်။ နောက်ဆုံးတွင် ဤ ထန်လူမျိုးများသည် သူတို့၏ အစွမ်းကုန် ကြိုးစားသော်လည်း မီးနတ်ဆိုးကြီးကို သတ်ဖြတ်နိုင်မည် မဟုတ်ကြောင်း၊ ပိုမိုအစွမ်းထက်သော စစ်မှန်သော လောကဖျက် မီးနတ်ဆိုးကြီးပေါ်ထွက်လာခြင်းကိုသာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရှိလာကြပေလိမ့်မည်။

ထိုအချိန်အတောအတွင်း ကုထိုက်ပိုင်သည် သူတို့၏ စွမ်းအားများကို အနည်းဆုံး အဆင့်သို့ လျှော့ချပစ်နိုင်သည်။

ထန်လူမျိုးများ မည်သို့ပင် ခုခံကာကွယ်စေကာမူ နောက်ဆုံးတွင် သူတို့၏ ကံကြမ္မာသည် သတ်မှတ်ပြီးသား ဖြစ်ကြောင်း တွေ့ရှိလာကြရမည် ဖြစ်သည်။

“အချိန်တန်ပြီ၊ မင်းကို ငါ ကူညီလိုက်မယ်”

ကုထိုက်ပိုင်သည် အဝေးမှ မီးနတ်ဆိုးကြီးကို ကြည့်ရင်း ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ဤ ခြေလှမ်းဖြင့် သူသည် ဆင်ပုံသဏ္ဌာန် ဧရာမ သားရဲကြီး၏ ကျောပေါ်မှ ခွာလျက် လေဟာနယ်ထဲတွင် ရပ်တန့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ ကောင်းကင်နှင့် မြေကြီးအကြား လေပြင်းမုန်တိုင်းများ တိုက်ခတ်လာသည်။ လူတိုင်း၏ အံ့ဩတုန်လှုပ်နေသော မျက်လုံးများရှေ့တွင် မီးနတ်ဆိုးကြီး၏ ခေါင်းပေါ်၌ ကြီးမားသော လေဟာနယ် အက်ကြောင်းကြီး တစ်ခု ပွင့်သွားသည်။ ထိုအက်ကြောင်းကြီး၏နောက်ကွယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများနှင့်အတူ ဤလောကထက် အဆင့်မြင့်သော ကြီးမားသည့် စွမ်းအင်များသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။

ဘုန်း

အသံနှင့်အတူ အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ကြီးမားသော စွမ်းအင် တိုင်လုံးကြီး တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာကာ အောက်ဘက်ရှိ မီတာ တစ်ရာကျော် မြင့်မားသော မီးနတ်ဆိုးကြီးကို ရိုက်ခတ်လိုက်သည်။ ရေတံခွန်ကဲ့သို့ စီးဆင်းလာသော ထို စွမ်းအင်များသည် မီးနတ်ဆိုးကြီးကို တိုက်ခိုက်ရန် မဟုတ်ဘဲ ရွှံ့နွံထဲသို့ နွားဝင်သွားသကဲ့သို့ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ အားလုံး စီးဝင်သွားသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မသိစိတ်အရ တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဤ မီးနတ်ဆိုးကြီးသည် ပြင်းထန်သော တိုက်ပွဲကြားတွင် စွမ်းအားများ တိုးပွားလာပြီး အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ယခုအခါ ကုထိုက်ပိုင်၏သိမ်မွေ့နယ်မြေ စွမ်းအင် အကူအညီပါ ရရှိလိုက်သဖြင့် ပဟေဠိတစ်ခု၏ နောက်ဆုံးအပိုင်းအစကို ဖြည့်စွက်လိုက်သကဲ့သို့ ချက်ချင်းပင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။

“ဟိန်း”

ဒဏ်ရာရထားသော လောကဖျက် မီးနတ်ဆိုးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် နောက်ဆုံး ပိတ်လှောင်ထားသော တံဆိပ်တစ်ခု ကျိုးပျက်သွားသကဲ့သို့ ကြီးမားသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာသည်။ လူတိုင်း၏ မျက်စိရှေ့မှာပင် မီးနတ်ဆိုးကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာသည်။ မီတာ ၁၀၀ ကျော်မှ မီတာ ၁၅၀ ကျော်သို့၊ ထို့နောက် ၁၆၀၊ ၁၇၀... အဆက်မပြတ် ကြီးထွားလာသည်။

၎င်း၏ စွမ်းအားများသည်လည်း ဆပွား တိုးပွားလာပြီး ခန္ဓာကိုယ် ဘေးပတ်လည်ရှိ မီးတောက်များပင် ပိုမို ကြီးမားလာသည်။ အပူချိန်သည်လည်း ဒီဂရီ နှစ်သိန်းကျော်အထိ မြင့်တက်လာပြီး လေဟာနယ်ထဲတွင် မီးခိုးမည်းများ လောင်ကျွမ်းနေသည်။ ထို့အပြင် စွမ်းအား မြင့်တက်လာသည်နှင့်အမျှ လေဟာနယ်ထဲမှ စွမ်းအင်များကို စုပ်ယူနှုန်းမှာလည်း ဆပွား ကိန်းဂဏန်းအတိုင်း တိုးပွားလာသည်။

ကုထိုက်ပိုင်သည် သိမ်မွေ့နယ်မြေ၏ အဆင့်မြင့် စွမ်းအင် လေဟာနယ်ကို ဖွင့်လှစ်ပေးကာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ မီးနတ်ဆိုးကြီးသည် ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းပေါ်ရှိ နက်ရှိုင်းသော အချိန်နှင့် နေရာထဲမှ စွမ်းအင်များကို ကိုယ်တိုင် အတင်းအကျပ် စုပ်ယူနေပြီ ဖြစ်သည်။

ဟိန်းဟောက်သံများနှင့်အတူ နောက်ထပ် ရွှေရောင် အဆင့်မြင့် စွမ်းအင် တိုင်လုံးကြီး တစ်ခုသည် ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး အောက်ဘက်ရှိ မီးနတ်ဆိုးကြီးကို ရိုက်ခတ်ကာ စွမ်းအားများကို ထပ်မံဖြည့်တင်းပေးလိုက်သည်။ စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ မီးနတ်ဆိုးကြီး၏နဖူးအလယ်တည့်တည့်တွင် ရွှေရောင် တောက်ပပြီး လောက၏သဘောတရားများ ပါဝင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတ တစ်ခု ပေါ်ထွက်လာသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မည်သည့်အရာကိုမျှ မစဉ်းစားတော့ဘဲ မဟာလော့ဝ်နတ်ဘုရားဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ လျှပ်စီးမိုးကြိုးစွမ်းအင်ကို ထပ်မံထုတ်ဖော်လိုက်သည်။ လေဟာနယ်ထဲတွင် မိုးတိမ်တိုက်မည်းများ လှိမ့်တက်လာပြီး ကောင်းကင်အပြည့် လျှပ်စီးများ လက်လာသည်။ ဝမ်ချောင်သည် လူနှင့်ဓား တစ်သားတည်း ပေါင်းစပ်ကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ပြောင်းလဲကာ မီးနတ်ဆိုးကြီး၏ ဦးခေါင်းသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

မီးနတ်ဆိုးကြီးသည် မသေနိုင်သော ခန္ဓာကိုယ်နီးပါး ပိုင်ဆိုင်ထားသော်လည်း ၎င်း၏ စွမ်းအား အရင်းအမြစ်သည် ဦးခေါင်းတွင် ရှိကြောင်း ဝမ်ချောင်ရှာဖွေ တွေ့ရှိထားသည်။ ဦးခေါင်းကို ဖျက်ဆီးလိုက်လျှင် ၎င်းကို မသတ်နိုင်သော်လည်း စွမ်းအင် စုပ်ယူနေမှုကိုမူ ဖြတ်တောက်နိုင်မည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်နှင့် လုံးဝ မတူတော့ပေ။

“ဝေါ”

ထို ရွှေရောင် မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေပြီး မျက်လုံးအိမ် နက်ရှိုင်းသော နေရာတွင် လျှပ်စီးတန်း တစ်ခု လက်ခနဲ ဖြစ်သွားသည်။ မီးနတ်ဆိုးကြီးသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ဝမ်ချောင်၏ တည်နေရာကို တိကျစွာ ပစ်မှတ်ထားလိုက်သည်။ မည်သည့် အသံမျှ မပြုဘဲ ဘုန်းခနဲ အသံနှင့်အတူ မီးတောက်များ လှိမ့်တက်လာပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သော အရှိန်ဖြင့် ဝမ်ချောင်ကို ရိုက်ပုတ်လိုက်သည်။

ကုထိုက်ပိုင်၏ အကူအညီဖြင့် သိမ်မွေ့နယ်မြေ၏ အဆင့်မြင့်စွမ်းအင်များကို စုပ်ယူလိုက်သဖြင့် ယခုအချိန်တွင် မီးနတ်ဆိုးကြီး၏ စွမ်းအားသည် ဝမ်ချောင်ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ ဘုန်း..

ဝမ်ချောင်သည် သူ၏ စွမ်းအင်အားလုံးကို ထုတ်ဖော်ကာ အစွမ်းကုန် ခုခံသော်လည်း မီးနတ်ဆိုးကြီး၏ ကြောက်မက်ဖွယ် မီးတောက် တိုက်ခိုက်မှုအောက်တွင် တစ်ကိုယ်လုံး တုန်ခါသွားပြီး ကလီစာများ ထိခိုက်ကာ ပြင်းထန်စွာ လွင့်စင်သွားသည်။

“အရှင်”

“သခင်”

...

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း၊ စုဟန်ရှင်း၊ လီစီယီ၊ ချန်ချန်းလီနှင့် အခြားသော မဟာထန် တပ်မှူးချုပ်များအားလုံး မျက်နှာ ပျက်သွားကြသည်။

“ဝမ်ချောင်”

ဝမ်ကျုံးစစ်လည်း အံ့ဩတုန်လှုပ်သွားပြီး ကျန်းချိုးကျန့်ချုံးရှိရာဘက်သို့ အမြန် ပြေးသွားသည်။ သို့သော် အလင်းတန်း တစ်ချက် လက်သွားပြီး တောင်ကုန်းပမာ ကြီးမားသော မီးတောက် လက်သီးကြီး တစ်လုံးသည် ဝမ်ကျုံးစစ်ကိုပါ ထပ်မံရိုက်လွှတ်လိုက်သည်။

“ဘုန်း”

မြေကြီး ပြိုကျသွားပြီး မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေသည်။ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ အလင်းရောင်များသည် အပူချိန် အလွန်မြင့်မားသဖြင့် အဖြူရောင်သို့ပင် ပြောင်းလဲနေသည်။ သို့သော် ပို၍အံ့ဩစရာ ကောင်းသည်မှာ မီးနတ်ဆိုးကြီး၏ ခြေထောက်အောက်တွင် ဖြစ်သည်။

“ဟိုမှာ ကြည့်လိုက်”

အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

မီးနတ်ဆိုးကြီး၏ ခြေထောက်အောက်ရှိ မြေကြီးသည် မူလက မာကျောသော ကျောက်သားများ ဖြစ်သော်လည်း ယခုအခါ ကြောက်မက်ဖွယ် အပူချိန်ကြောင့် တဖြည်းဖြည်း အရည်ပျော်ကျလာသည်။ နီရဲ တောက်ပပြီး ပျစ်ချွဲသော အရည်များ အဖြစ် ပြောင်းလဲသွားသည်။ ခဏတာ အတွင်းမှာပင် ကြီးမားသော မီးနတ်ဆိုးကြီးကို ဗဟိုပြုကာ ပေ ၅၀ ပတ်လည်အတွင်း ရေနွေးငွေ့များ ထွက်ပေါ်လာပြီး မာကျောသော ကျောက်သား မြေပြင်သည် ဆူပွက်နေသော ချော်ရည်ကန်ကြီး အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် မြစ်ရေစီးကြောင်းကဲ့သို့ မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားသည်။

မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်သည်လည်း အနီရောင်မှ အမည်းရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပူပြင်းသော ချော်ရည်များနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ မဟာထန်သာမက ဘေးပတ်ဝန်းကျင်ရှိ အာရပ်သံမြင်းစီးတပ်များပါ ကြောက်လန့်သွားကြသည်။ မီးနတ်ဆိုးကြီးကို ကုထိုက်ပိုင်က လွှတ်ပေးလိုက်ခြင်း ဖြစ်သော်လည်း အာရပ်များ ကိုယ်တိုင်ပင် ဤ သတ္တဝါဆိုးကြီး၏ ကြောက်မက်ဖွယ် စွမ်းရည်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။

“အချိန်တန်ပြီ၊ အားလုံး သေကြပေတော့၊ ဒီနေ့က ငါ့ရဲ့ နောက်ဆုံး ဆန္ဒဖြစ်တဲ့ အရှေ့ဘက် တစ်ခုလုံးကို သိမ်းပိုက်မယ့် နေ့ပဲ”

ကုထိုက်ပိုင်၏ မျက်လုံးများထဲတွင် ကြယ်တာရာများထက် ပိုမိုတောက်ပသော အလင်းရောင်များ လင်းလက်နေသည်။ လေပြင်းများ တိုက်ခတ်နေပြီး သူ၏ ဆံပင်များနှင့် ဝတ်ရုံများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ ကုထိုက်ပိုင်သည် လေဟာနယ်ထဲမှ ခြေတစ်လှမ်းချင်း လှမ်းကာ ရှေ့သို့ တိုးလာသည်။

လေဟာနယ်သည် သူ၏ ခြေထောက်အောက်တွင် မာကျောသော မြေကြီးကဲ့သို့ ဖြစ်နေသည်။

ကုထိုက်ပိုင်၏ မျက်လုံးများမှာ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ဤစစ်ပွဲတွင် သူသည် အမြဲတမ်း နောက်ကွယ်မှနေ၍ ကွပ်ကဲနေခဲ့ပြီး ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ သို့သော် ယခုအခါ လိုအပ်ခြင်း မရှိတော့ပေ။ မီးနတ်ဆိုးကြီး၏ စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီ ဖြစ်ပြီး ဝမ်ချောင်နှင့် အခြားသူများ၏ စွမ်းအားများလည်း မီးနတ်ဆိုးကြီးကြောင့် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။

စစ်မြေပြင် တစ်ခုလုံးတွင် သူ့ကို တားဆီးနိုင်သူ မရှိတော့ပေ။

“ဒီစစ်ပွဲက ပြီးဆုံးဖို့ အချိန်တန်ပြီ”

ကုထိုက်ပိုင်၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ချက် လက်သွားသည်။ နောက်တစ်ခဏ၌ ကောင်းကင်နှင့် မြေကြီးအကြား လေပြင်းများ တိုက်ခတ်လာပြီး ကုထိုက်ပိုင် ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများ မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားသည်။

ကုထိုက်ပိုင်၏အကြည့်သည် လေဟာနယ် အထပ်ထပ်ကို ကျော်ဖြတ်ကာ အဝေးရှိ ဝမ်ချောင်နှင့် ကျန်းချိုးကျန့်ချုံတို့ကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။

“မင်းတို့ကို အရင် သတ်မယ်၊ ပြီးရင် ဘယ်သူမှ မီးနတ်ဆိုးကြီးကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး”

ကုထိုက်ပိုင် ၏ မျက်လုံးများ အေးစက်နေပြီး ခန္ဓာကိုယ် လှုပ်ရှားကာ ရှေ့တန်း စစ်မြေပြင်သို့ လျှပ်စီးအဟုန်ဖြင့် ပြေးထွက်သွားရန် ပြင်လိုက်သည်။

“ဟိန်း”

ပြောရင်းဆိုရင်းပင် ကုထိုက်ပိုင် စစ်မြေပြင်ထဲသို့ ဝင်ရောက်ကာ ဝမ်ချောင်တို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်၌ မမျှော်လင့်သော အရာတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။ ကောင်းကင်ယံ မှောင်မိုက်သွားပြီး ကုထိုက်ပိုင် မော့ကြည့်လိုက်ရာ ရက်စက် ကြမ်းကြုတ်သော မျက်နှာထားဖြင့် ရွှေရောင် ဧရာမမျောက်ဝံကြီးသည် မည်သည့်အချိန်က ရောက်လာမှန်း မသိဘဲ ကောင်းကင်ပေါ်မှ ဥက္ကာခဲ တစ်လုံးကဲ့သို့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ကြွက်သားများ ဖုထစ်နေသော သန်မာသည့် လက်မောင်းကြီး နှစ်ဖက်သည် မိုးကြိုးပစ်သကဲ့သို့ ကုထိုက်ပိုင် ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“အား”

ဘေးပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ စစ်မြေပြင်ရှိ မီးနတ်ဆိုးကြီး၏ ပြောင်းလဲမှုသည် လူတိုင်း၏ အာရုံကို ဖမ်းစားထားသဖြင့် အာ့ဒ်နန်ပင်လျှင် ရွှေရောင် ဧရာမမျောက်ဝံကြီးမြောက်ဘက်သို့ “တိတ်တဆိတ်” ရောက်ရှိသွားပြီး ကုထိုက်ပိုင် ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“မဟာသူတော်စင်ကို ကာကွယ်ကြ”

ဘေးပတ်ဝန်းကျင်တွင် ရှုပ်ထွေးသွားပြီး မရေမတွက်နိုင်သော အာရပ်တပ်မှူးချုပ်များ အားလုံး ပြေးဝင်လာကြသည်။ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ စွမ်းရည်ကို လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်း၏ ကြီးမားသော ခွန်အားနှင့် ကြောက်မက်ဖွယ် ကာကွယ်နိုင်စွမ်းသည် စစ်မြေပြင် တစ်ခုလုံးတွင် လွှမ်းမိုးထားနိုင်သည်။ လောကဖျက် မီးနတ်ဆိုးကို မယှဉ်နိုင်သော်လည်း သေချာပေါက် ထိပ်တန်း အဆင့်တွင် ရှိသည်။

လူအများအပြား ပြေးဝင်လာကြသော်လည်း နောက်တစ်ခဏ၌ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။

ဘုန်း

ကုထိုက်ပိုင် ရပ်နေသော နေရာကို ဗဟိုပြုကာ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုသည် ရေလှိုင်းကြီးကဲ့သို့ မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကုထိုက်ပိုင်သည် လေဟာနယ်ထဲတွင် မတ်မတ် ရပ်တည်လျက် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။ သူသည် မြင့်မားသော တောင်တန်းကြီး တစ်ခုကဲ့သို့ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို လုံးဝတားဆီးလိုက်သည်။

ကြီးမားသော လက်သီးနှင့် သေးငယ်သော လက်သီးနှစ်လုံးသည် လေဟာနယ်ထဲတွင် ပြင်းထန်စွာ တိုက်မိသွားကြသည်။ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ သံမဏိလက်သီးကြီးသည် တောင်ကုန်းပမာ ကြီးမားပြီး ကုထိုက်ပိုင်၏ခန္ဓာကိုယ်မှာမူ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေးငယ်လှသည်။ သို့သော် ထိုသေးငယ်သော ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ရွှေရောင် ဧရာမမျောက်ဝံကြီးပင် ယှဉ်နိုင်စွမ်း မရှိအောင် ကြီးမားလှသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အဝေးတစ်နေရာတွင် မီးနတ်ဆိုးကြီး၏ ရိုက်ပုတ်မှုကြောင့် မြေကြီးပေါ် လဲကျနေသော ဝမ်ချောင်သည် ဤမြင်ကွင်းကို လှမ်းမြင်လိုက်ရပြီး မျက်လုံးများထဲတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပေါ်လာသည်။

ဝမ်ချောင်သည် စိတ်နှစ်ခွခွဲကာ အဝေးရှိ ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်ထားသဖြင့် ဤ ဧရာမ သားရဲကြီး၏ စွမ်းအား မည်မျှ ကြီးမားကြောင်း သူအသိဆုံး ဖြစ်သည်။

ကုထိုက်ပိုင်အနေဖြင့် ဤတိုက်ခိုက်မှုကို တားဆီးနိုင်သည်မှာ အံ့ဩစရာ မဟုတ်သော်လည်း လေဟာနယ်ထဲတွင် ခြေကုပ်ယူစရာ မရှိဘဲ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးနိုင်ရုံသာမက လေဟာနယ်ထဲတွင် အမြစ်တွယ်ထားသကဲ့သို့ မလှုပ်မယှက် ရပ်တည်နိုင်ခြင်းမှာ အလွန် အံ့ဩစရာ ကောင်းလှသည်။

ကုထိုက်ပိုင် သန်မာကြောင်း သိထားသော်လည်း ဝမ်ချောင်အနေဖြင့် သူသည် ဤအဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သံသယဖြစ်ဖွယ် မရှိ၊ ကုထိုက်ပိုင်သည် သိမ်မွေ့နယ်မြေသို့ ရောက်ရှိနေရုံသာမက သူ၏ စွမ်းအားသည် ရွှေရောင် ဧရာမမျောက်ဝံကြီးထက်ပင် သာလွန်နေသည်။

“ဘုန်း”

ဝမ်ချောင်၏အတွေးကို တုံ့ပြန်သကဲ့သို့ ကုထိုက်ပိုင်၏ဝတ်ရုံ လှုပ်ခတ်သွားပြီး ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ တစ်ချက်တည်းနှင့်ပင် သူ့ထက် အဆရာချီ ကြီးမားသော ရွှေရောင် ဧရာမမျောက်ဝံကြီးကို ရိုက်လွှတ်လိုက်သည်။

ဘုန်းခနဲ အသံနှင့်အတူ ရွှေရောင် ဧရာမမျောက်ဝံကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သနားစဖွယ် အော်ဟစ်လိုက်သည်။ ကြီးမားသော ရိုက်ခတ်မှုကြောင့် ရွှေရောင် ဧရာမမျောက်ဝံကြီးအောက်ရှိ မြေကြီးပင် ကွဲအက်သွားပြီး ကြီးမားသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။ ကုထိုက်ပိုင် မှာမူ လေဟာနယ်ထဲတွင် မတ်မတ် ရပ်တည်နေပြီး တိမ်တိုက်များကဲ့သို့ တည်ငြိမ်နေကာ နေရာမှ တစ်လက်မမျှ ရွေ့လျားခြင်း မရှိပေ။

******

အခန်း (၁၈၈၈) မီးနတ်ဆိုးကြီး၏ အစွမ်း (အပိုင်း ၂)

ထိတ်လန့်စရာ...

အလွန်ထိတ်လန့်စရာ ကောင်းလှသည်။

ကုထိုက်ပိုင်၏နောက်လိုက် စစ်သည်များသာမက အဗူမွတ်စလင်ပင်လျှင် မျက်လုံးများ ပြူးကျယ်လျက် အံ့ဩတုန်လှုပ်နေသည်။

ကုထိုက်ပိုင် အလွန်သန်မာကြောင်း အာရပ်တစ်ပြည်လုံး သိကြသော်လည်း မည်မျှ သန်မာသည်ကိုမူ မည်သူမျှ မသိကြပေ။ အဗူမွတ်စလင်ပင်လျှင် ကုထိုက်ပိုင်သည် အထွတ်အထိပ်သို့ ရောက်ရှိနေသော ရွှေရောင်ဧရာမမျောက်ဝံကြီးတစ်ကောင်ကို လက်ဗလာဖြင့် ရိုက်လွှတ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤ အချက်တစ်ချက်တည်းဖြင့်ပင် ကုထိုက်ပိုင်သည် ကုန်းမြေလောကတစ်ခုလုံးတွင် ထိပ်တန်း အဆင့်ရှိ အသန်မာဆုံး ပုဂ္ဂိုလ်များ စာရင်းဝင် ဖြစ်သွားပြီ ဖြစ်သည်။

“ဟိန်း”

စစ်မြေပြင် တစ်ခုလုံး အံ့ဩတုန်လှုပ်နေချိန်တွင် အဝေးတစ်နေရာရှိ မီးနတ်ဆိုးကြီးကမူ ဂရုမစိုက်ပေ။ ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ လူတိုင်း၏အာရုံကို ပြန်လည် ဆွဲဆောင်လိုက်သည်။

မီးနတ်ဆိုးကြီး၏ခန္ဓာကိုယ်သည် ချော်ရည်အဖြစ် လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး အရွယ်အစားမှာလည်း မီတာ နှစ်ရာနီးပါးအထိ ကြီးမားလာသည်။ ကြောက်မက်ဖွယ် အပူချိန်ကြောင့် ကျောက်တုံးများ အရည်ပျော်ကျကာ မြေကြီးများ ပြိုကျပျက်စီးပြီး ပူပြင်းသော ချော်ရည်များ စီးဆင်းနေသည်။ မြေပြင်ပေါ်ရှိ ချော်ရည်မြစ်များထဲမှ မီးတောက်လူသားများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကြသည်။

ယခင် မီးလူသားများနှင့် မတူဘဲ ဤ ချော်ရည် မီးတောက်လူသားများသည် ပိုမိုသန်စွမ်းပြီး ပေါက်ကွဲအားနှင့် ဖျက်ဆီးနိုင်စွမ်း ပိုမို ကြီးမားသည်။

၎င်းတို့သည် ပုံသဏ္ဌာန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများဆုံး ရှိသော စစ်မြေပြင်သို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများသည် အလွန် လျင်မြန်ပြီး ခန္ဓာကိုယ် အပူချိန်သည် အနည်းဆုံး ဒီဂရီ ထောင်ချီ ရှိသည်။

တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... မီးနတ်ဆိုးကြီး၏ ဘေးပတ်လည်ရှိ စီးဆင်းနေသော ချော်ရည်များထဲမှ အချိန်တိုအတွင်း ထောင်နှင့်ချီသော ချော်ရည် မီးတောက်လူသားများ ထွက်ပေါ်လာပြီး မဟာထန်စစ်တပ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

တစ်ခဏချင်းမှာပင် မဟာထန်ဘက်မှ လူများအားလုံး မျက်နှာ ပျက်သွားကြသည်။ ကြီးမားသော မီးနတ်ဆိုးကြီးတစ်ကောင်၊ စွမ်းအားကြီးမားပြီး နက်ရှိုင်းသော ကုထိုက်ပိုင် တစ်ယောက်၊ ထို့အပြင် ထောင်နှင့်ချီသော ချော်ရည် မီးတောက်လူသားများ... မဟာထန်၏ အခြေအနေမှာ အလွန်စိုးရိမ်ရနေပြီ ဖြစ်သည်။ ယခုအခါ အရေအတွက် များပြားလှသော ချော်ရည် မီးတောက်လူသားများပါ ထပ်တိုးလာသဖြင့် အခြေအနေမှာ ပိုမို ဆိုးရွားလာသည်။

“ဘုန်း”

အဝေးတစ်နေရာတွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ကုထိုက်ပိုင်သည် ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်။ သူသည် လွင့်စင်သွားသော ရွှေရောင် ဧရာမမျောက်ဝံကြီးကို လုံးဝ ဂရုမစိုက်ဘဲ လျှပ်စီးတန်း တစ်ခုကဲ့သို့ ဝမ်ချောင်ရှိရာ စစ်မြေပြင်သို့ အရှိန်ပြင်းစွာ ပြေးဝင်လာသည်။

စစ်မြေပြင် အခြေအနေမှာ တင်းမာနေပြီး အဝေးရှိ စုဟန်ရှင်းပင်လျှင် မျက်နှာ ပျက်ကာ မျက်လုံးများထဲတွင် ရှားရှားပါးပါး စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။

ကုထိုက်ပိုင် ဝင်ရောက် တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော ဖိအားတစ်ခု ကျရောက်လာပြီး မဟာထန်တစ်ခုလုံး အန္တရာယ် ကျရောက်သွားသည်။

“အားလုံး အမိန့်နာခံကြ၊ မီးနတ်ဆိုးကြီးကို ဂရုမစိုက်နဲ့၊ ကုထိုက်ပိုင်ကို အစွမ်းကုန် တိုက်ခိုက်ကြ၊ သူ့လက်ထဲမှာ မီးနတ်ဆိုးကြီးကို ထိန်းချုပ်တဲ့ ပစ္စည်း ရှိတယ်”

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ကျယ်လောင်သော အော်ဟစ်သံတစ်ခုက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်၏အသံကို ကြားလိုက်ရသဖြင့် မရေမတွက်နိုင်သော အကြည့်များသည် ကုထိုက်ပိုင်ထံသို့ စုပြုံ ကျရောက်သွားသည်။ မူလက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အရှိန်အဝါ ကြီးမားနေသော ကုထိုက်ပိုင်သည် ရုတ်တရက် မျက်နှာ ပျက်သွားသည်။

“ခွေးကောင်”

ကုထိုက်ပိုင်သည် ဝမ်ချောင်ရှိရာဘက်သို့ ဒေါသတကြီး လှမ်းကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

သူသည် စစ်မြေပြင် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ဝမ်ချောင်အနေဖြင့် သူဝှက်ထားသော မီးနတ်ဆိုးကြီး၏ အဓိက အသက်သွေးကြောကို သတိထားမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤရှေးဟောင်းခေတ် လောကဖျက် မီးနတ်ဆိုးသည် ဓားသွားနှစ်ဖက်ပါသော လက်နက်တစ်ခု ဖြစ်သည်။ ရန်သူကို သတ်ဖြတ်နိုင်သလို မိမိကိုယ်ကိုလည်း ပြန်လည် ထိခိုက်စေနိုင်သည်။ အဓိက သော့ချက်မှာ ဟာမူဟေဒို ရှိ ရှေးဟောင်း ရေတွင်းထဲမှ ရရှိခဲ့သော မီးနတ်ဆိုးကြီး၏ အသက်သွေးကြောပင် ဖြစ်သည်။

ဤစစ်ပွဲတွင် သူသည် အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့သော်လည်း ဝမ်ချောင် ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဲဒီ တိရစ္ဆာန်ကောင်”

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ကုထိုက်ပိုင်၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာသည်။ စောစောက ရွှေရောင် ဧရာမမျောက်ဝံကြီးနှင့် တိုက်ခိုက်စဉ်က ဝမ်ချောင်ရိပ်မိသွားခြင်း ဖြစ်မည်ဟု သူ နားလည်လိုက်သည်။

“ဒါကြောင့်ကိုး၊ သူ့ကို သတ်ပစ်”

ကျန်းချိုးကျန့်ချုံးသည် မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကုထိုက်ပိုင် ရှိရာသို့ ချက်ချင်း ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် အန်းစီရှန်းနှင့် ဒဏ်ရာရထားသော ကောင်းရှန်းကျစ် တို့သည်လည်း ကုထိုက်ပိုင်ရှိရာသို့ ပြေးဝင်သွားကြသည်။

ဘုန်း…

ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရာနှင့်ချီသော သံမြင်းစီးတပ်များကို လူရော မြင်းပါ ကောင်းကင်သို့ လွင့်စင်သွားစေသည်။ ဝမ်ကျုံးစစ်သည်လည်း အလျှင်အမြန်လှုပ်ရှားကာ ပြေးထွက်လာသည်။ သူသည် နောက်ဆုံးမှ ထွက်လာသော်လည်း ကျန်းချိုးကျန့်ချုံးနှင့် အခြားသူများထက် ပိုမိုလျင်မြန်နေသည်။

မဟာထန်ဘက်တွင် ဝမ်ချောင်မှလွဲ၍ ဝမ်ကျုံးစစ် တစ်ဦးတည်းသာ သိမ်မွေ့နယ်မြေသို့ ရောက်ရှိထားသူ ဖြစ်သည်။

“မင်းတို့ ဘေးကနေ ကူတိုက်ပေး၊ ငါ သူ့ကို တိုက်မယ်”

ဝမ်ကျုံးစစ် ပြောလိုက်သည်။ သူ၏ အသံမှာ တည်ငြိမ် လေးနက်ပြီး တိုတိုနှင့် လိုရင်းကိုသာ ပြောသည်။

“တိုက်”

တစ်ချိန်တည်းမှာပင် လီကျွင်းရှန်း၊ စုန့်ယွမ်ယွီနှင့် အခြားသူများ၏ မျက်လုံးများထဲတွင် အလင်းရောင်များ လက်သွားပြီး မီးနတ်ဆိုးကြီးကို စွန့်လွှတ်ကာ ကုထိုက်ပိုင် ရှိရာသို့ ပြေးဝင်သွားကြသည်။

“ဝူရှန်း သံမဏိ မြင်းစီးတပ် ငါနဲ့လိုက်ခဲ့”

လီစီယီသည်လည်း ဝုဇ်သံမဏိ ဓားကြီးကို မြှောက်ကာ ရှေ့သို့ မျက်နှာမူလျက် ဝူရှန်း သံမဏိ မြင်းစီးတပ်ကို ဦးဆောင်ပြီး အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

စစ်မြေပြင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။

ကုထိုက်ပိုင်၏ခန္ဓာကိုယ်ပေါ်တွင် မီးနတ်ဆိုးကြီးကို ထိန်းချုပ်နိုင်သည့်ပစ္စည်း ရှိနေခြင်းသည် မမျှော်လင့်ထားသော ရှာဖွေတွေ့ရှိမှု တစ်ခုဖြစ်သည်။ အခြေအနေကို ပြောင်းလဲပြီး ပြန်လည်အနိုင်ရရှိနိုင်မည့် မျှော်လင့်ချက်လေးသည် ကုထိုက်ပိုင် လက်ထဲတွင် ရှိသော မီးနတ်ဆိုးကြီးထိန်းချုပ်ရေး ပစ္စည်းအပေါ်တွင် မူတည်နေကြောင်း လူတိုင်း နားလည်လိုက်ကြသည်။

မီးနတ်ဆိုးကြီးသည် သတ်၍ မသေနိုင်ပေ။ ဝမ်ချောင်နှင့် ကျန်းချိုးကျန့်ချုံးတို့ ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် မည်သည့် ရလဒ်မှ မထွက်ခဲ့ခြင်းက ဤအချက်ကို သက်သေပြနေသည်။

ကုထိုက်ပိုင်သည် အလွန် စွမ်းအားကြီးမားပြီး ရွှေရောင် ဧရာမမျောက်ဝံကြီးပင် သူ့ကို မယှဉ်နိုင်သော်လည်း သူသည် လူသားတစ်ဦးသာ ဖြစ်သည်။ လူသား ဖြစ်သည့်အတွက် အားနည်းချက် ရှိပြီး အနိုင်ယူနိုင်စွမ်း ရှိသည်။

“ဘုန်း ဘုန်း ဘုန်း”

စစ်မြေပြင်တွင် သတ်ဖြတ်သံများ ဆူညံနေသည်။ မဟာထန်စစ်တပ်သည် ပုံမှန် မဟုတ်ဘဲ ခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲကာ ကုထိုက်ပိုင် ရှိရာသို့ တက်ညီလက်ညီ တိုက်ခိုက်လာကြသည်။ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် အာရပ်စစ်တပ်ကြီးမှာ ခေတ္တမျှ ဖရိုဖရဲ ဖြစ်သွားသည်။

“သူတို့ကို သတ်ပစ်”

“မဟာသူတော်စင်ကို ကာကွယ်ကြ၊ သူတို့ကို ပေးမဖြတ်နဲ့”

ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ မရေမတွက်နိုင်သော အာရပ်သံမြင်းစီးတပ်များသည် အရပ်မျက်နှာ အသီးသီးမှ ပြေးဝင်လာပြီး မဟာထန်စစ်တပ်ကို တားဆီးကြသည်။ အာ့ဒ်နန်ပင်လျှင် ပါဝင် တိုက်ခိုက်လာသည်။

“ဒီ အရူးကောင်တွေ”

အာ့ဒ်နန်သည်လည်း အံ့ဩထိတ်လန့်ကာ ဒေါသထွက်နေသည်။ ဝမ်ချောင်၏ စကားတစ်ခွန်းကြောင့် မဟာထန်တစ်ခုလုံး ဗျူဟာ ပြောင်းလဲသွားပြီး စစ်တပ် တစ်ခုလုံး၏အင်အားကို စုစည်းကာ မဟာသူတော်စင်ကို ဝိုင်းဝန်း တိုက်ခိုက်ရန် ကြိုးစားနေကြောင်း သူ ရိပ်မိလိုက်သည်။

သာမန် အခြေအနေတွင် နှစ်ဖက် စစ်သည် သန်းနှင့်ချီ ပါဝင်ပြီး နိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲမျိုး၌ လူတစ်ယောက်တည်းကို ရင်ဆိုင်ရန် စစ်သည် သိန်းချီ အသုံးပြုခြင်းသည် အလွန်ရယ်စရာကောင်းပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ သို့သော် ယခုအချိန်တွင် အာ့ဒ်နန်ပင် မရယ်နိုင်တော့ပေ။

အာရပ်၏ နာမည်ကျော် အရူးတစ်ယောက်ဖြစ်သည့် အာ့ဒ်နန်ပင်လျှင် အကယ်၍ သူတို့သာ မဟာသူတော်စင် လက်ထဲမှ မီးနတ်ဆိုးကြီး၏အသက်သွေးကြောကို ရရှိသွားပါက စစ်ပွဲ၏ အနိုင်အရှုံးရလဒ် ပြောင်းလဲသွားနိုင်ကြောင်း ဝန်ခံရပေလိမ့်မည်။

ကြေးနီရောင် ဒယ်အိုးကြီးထဲမှ ထွက်လာသော မီးနတ်ဆိုးကြီးသည် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု အာ့ဒ်နန်ပင် ထင်မထားခဲ့ပေ။

ဤ ရှေးဟောင်းခေတ် မီးနတ်ဆိုးကြီးသည် စစ်တပ် တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ အာရပ်တွင် စစ်သည် သန်းချီ ရှိသော်လည်း အပူချိန် ဒီဂရီ တစ်သိန်းကျော်ရှိပြီး သတ်၍ မသေနိုင်သော၊ လေဟာနယ်ထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်သော ဤသတ္တဝါဆိုးကြီး ရှေ့တွင်မူ ပုရွက်ဆိတ်များကဲ့သို့ အားနည်းလှသည်။ မီးနတ်ဆိုးကြီးအနေဖြင့် ခဏတာ အတွင်းမှာပင် အားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။

ချွင် ချွင် ချွင်

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း စစ်တပ်ကြီးနှစ်ခု ထိပ်တိုက် တွေ့ဆုံကာ တိုက်ခိုက်ကြသည်။ ဓားချင်း ရိုက်ခတ်သံများ၊ စစ်မြင်း ဟီသံများ၊ တိုက်မိသံများ၊ နှစ်ဖက် စစ်သည်များ၏ နာကျင်စွာ အော်ဟစ်သံများနှင့် စွမ်းအင် ပေါက်ကွဲသံများသည် ဆူညံစွာ ထွက်ပေါ်လာပြီး စစ်မြေပြင် တစ်ခုလုံး ပိုမို ပြင်းထန်လာသည်။

သို့သော် အာရပ်များသည် လီစီယီ ဦးဆောင်သော စစ်တပ်ကို တားဆီးနိုင်သော်လည်း ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း စသည့် အထွတ်အထိပ် အင်ပါယာ ဗိုလ်ချုပ်ကြီးများကိုမူ တားဆီးနိုင်စွမ်း မရှိပေ။

လေတိုးသံများနှင့်အတူ ဝမ်ကျုံးစစ်နှင့် အခြားသူများသည် အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် လေဟာနယ်ကို ဖြတ်သန်းကာ ကုထိုက်ပိုင်ရှိရာသို့ ပျံသန်းသွားကြသည်။ အောက်ဘက်ရှိ အာရပ်စစ်တပ်ထဲမှ တိုက်ခိုက်မှုပေါင်းများစွာသည် မိုးသက်မုန်တိုင်းကဲ့သို့ သူတို့ထံ ကျရောက်လာသော်လည်း ဝမ်ကျုံးစစ်နှင့် အခြားသူများ အလွယ်တကူ ရှောင်တိမ်းသွားကြသည်။

အဝေးတစ်နေရာတွင် ကုထိုက်ပိုင်၏မျက်နှာထား အေးစက်သွားပြီး မျက်လုံးများ စူးရှသွားသည်။ အာရပ်အင်ပါယာ တစ်ခုလုံးမှ ပြည်သူ သန်းပေါင်းများစွာ၏ လေးစားမှုကို ခံရသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ကုထိုက်ပိုင် သည် မည်သည့် ပြိုင်ဘက်ကိုမျှ မကြောက်ပေ။ သူ၏လျှို့ဝှက်ချက်ကို ဝမ်ချောင်သိသွားလျှင်ပင် ကုထိုက်ပိုင် ဂရုမစိုက်ပေ။

“ကောင်းပြီ၊ မင်းတို့ အားလုံးကို ငါ သတ်ပေးမယ်”

ကုထိုက်ပိုင်သည် ခြေလှမ်း လှမ်းလိုက်ပြီး ဝမ်ကျုံးစစ်တို့ ရှိရာသို့ ကိုယ်တိုင် ပြေးဝင်သွားသည်။ လေတိုးသံများ ထွက်ပေါ်လာပြီး နှစ်ဖက် အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်။

သို့သော် ကုထိုက်ပိုင်နှင့် ပထမဆုံး ယှဉ်ပြိုင် တိုက်ခိုက်သူမှာ ဝမ်ကျုံးစစ်နှင့် အခြားသူများ မဟုတ်ကြောင်း မည်သူမျှ ထင်မထားခဲ့ပေ။

“ဟိန်း”

ကုထိုက်ပိုင်၏ နောက်ကျောဘက်တွင် မြေကြီး တုန်ခါသွားပြီး ပြင်းထန်စွာ လှုပ်ခါသွားသည်။ ထို့နောက် ကြီးမားသော အရှိန်အဝါ တစ်ခု ကောင်းကင်သို့ ပျံတက်လာပြီး ကုထိုက်ပိုင်၏ နောက်ကျောသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။

အား...

ဘေးပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ဝမ်ချောင်ထိန်းချုပ်ထားသော ရွှေရောင် ဧရာမမျောက်ဝံကြီးသည် မြေကြီးပေါ်မှ ပြန်ထလာပြီး လက်သီးကို ဝှေ့ယမ်းကာ ကုထိုက်ပိုင်၏ နောက်ကျောဘက်သို့ တောင်ကြီး ပြိုကျသကဲ့သို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

“သေသင့်တဲ့ တိရစ္ဆာန်ကောင်”

ကုထိုက်ပိုင် သည် နောက်ကျောဘက်မှ အရှိန်အဝါကို ခံစားမိပြီး ဒေါသထွက်သွားသည်။

သူ၏ စွမ်းအားသည် ရွှေရောင် ဧရာမမျောက်ဝံကြီးထက် များစွာသာလွန်သဖြင့် ဝမ်ချောင်ထိန်းချုပ်ထားလျှင်ပင် သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတိရစ္ဆာန်ကောင်၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ မာကျော သန်မာလွန်းသည်။

မဟာထန်၏ ဧရာမ မြားပစ်စက်များပင် ၎င်းကို ပြင်းထန်စွာ ဒဏ်ရာ မရရှိစေနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း ရွှေရောင် ဧရာမမျောက်ဝံကြီးသည် ယခုထိ အသက်ရှင် ကျန်ရစ်နေခြင်း ဖြစ်သည်။

ကုထိုက်ပိုင်သည် ၎င်းကို ရိုက်လွှတ်ပြီးနောက် ဆက်လက် မတိုက်ခိုက်ဘဲ ထားခဲ့ခြင်းမှာ ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ခန္ဓာကိုယ် မာကျောမှုကြောင့် ဖြစ်သည်။

၎င်းကို အနိုင်ယူရန် လွယ်ကူသော်လည်း သတ်ဖြတ်ရန်မှာမူ ခဏတာအတွင်း မဖြစ်နိုင်ပေ။ ထို့ကြောင့် မမြင်ချင်ယောင်ဆောင်ကာ ရှောင်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝမ်ချောင်သည် ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်ကာ ပြန်လှည့်လာပြီး ဤတိရစ္ဆာန်ကောင်ကို အသုံးပြု၍ သူ့ကို ထိန်းထားရန် ဆုံးဖြတ်ထားပုံ ရသည်။

“မီးနတ်ဆိုးကြီး၊ သူ့ကို သတ်ပစ်”

ရွှေရောင် ဧရာမမျောက်ဝံကြီးကောင်းကင်မှ ပြုတ်ကျလာသည်ကို မြင်သောအခါ ကုထိုက်ပိုင်၏ မျက်နှာထား အေးစက်သွားပြီး ဝမ်ချောင်ကို တိုက်ခိုက်ရန် လောကဖျက် မီးနတ်ဆိုးကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။ ဝမ်ချောင်သည် ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်ကာ သူ့ကို တိုက်ခိုက်စေသကဲ့သို့ ကုထိုက်ပိုင်သည်လည်း လောကဖျက် မီးနတ်ဆိုးကို ထိန်းချုပ်ကာ ဝမ်ချောင်ကို ပြန်လည် တိုက်ခိုက်စေနိုင်သည်။ ဝမ်ချောင်သေဆုံးသွားလျှင် ရွှေရောင် ဧရာမမျောက်ဝံကြီးကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

“ဘုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင် ဧရာမမျောက်ဝံကြီး၏လက်သီးနှစ်ဖက်သည် ပြင်းထန်စွာ ကျရောက်လာပြီး ကုထိုက်ပိုင်နှင့်ထိပ်တိုက် တွေ့ဆုံတိုက်ခိုက်ကြသည်။ အဝေးတစ်နေရာတွင် ဝမ်ကျုံးစစ်၏ မျက်နှာထား အေးစက်သွားပြီး ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ စွမ်းအင်များ ဒီရေကဲ့သို့ တက်လာပြီး ပေ ၁၀၀၀ နီးပါး ရှည်လျားသော ဧကရာဇ် နဂါးကြီးပုံသဏ္ဌာန် ပေါ်ထွက်လာကာ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။ သူ၏ နောက်တွင် အန်းစီရှန်း၊ ကောင်းရှန်းကျစ်နှင့် ကျန်းချိုးကျန့်ချုံးတို့သည်လည်း ပြန်လည်သက်သာလာပြီး ဝိုင်းဝန်းတိုက်ခိုက်မှုတွင် ပါဝင်လာကြသည်။

ကုထိုက်ပိုင် ဝိုင်းဝန်းတိုက်ခိုက်ခံနေရချိန်တွင် အဝေးတစ်နေရာ၌ ဟိန်းဟောက်သံနှင့်အတူ ခန္ဓာကိုယ် ကြီးမားလာပြီး စွမ်းအား တိုးပွားလာသော မီးနတ်ဆိုးကြီးသည်လည်း ဝမ်ချောင်ကို စတင် တိုက်ခိုက်လိုက်သည်။

“ရွှီး”

တောင်ကုန်းပမာ ကြီးမားသော မီးနတ်ဆိုးကြီး၏ ညာဘက် လက်မောင်း ဝှေ့ယမ်းလိုက်ရာ ပူပြင်းသော မီးတောက်များသည် သေးသွယ်သော မီးကြာပွတ် သုံးချောင်းအဖြစ် ကွဲထွက်သွားပြီး လေထဲတွင် တုန်ခါလျက် ဝမ်ချောင်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ မီးနတ်ဆိုးကြီး၏ ဘယ်လက်မှာမူ လက်သီးဆုပ်ထားပြီး ကောင်းကင်အပြည့် ချော်ရည် မီးတောက်များနှင့်အတူ ဝမ်ချောင်ထံသို့ ထိုးချလိုက်သည်။

******

အခန်း (၁၈၈၉) ကြီးမားသောအန္တရာယ်၊ ဆုတ်ခွာစရာ လမ်းမရှိ

ကြီးမားသော လက်သီးနှင့် မီးကြာပွတ်တို့ မရောက်လာသေးမီမှာပင် မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အပူချိန်နှင့် လောင်ကျွမ်းနေသော မီးတောက်များသည် ပေရာပေါင်းများစွာ အကွာအဝေးထိ ပျံ့နှံ့လာကာ ဝမ်ချောင်ဆီသို့ တိုးကပ်လာသည်။

“ဝေါ”

ဝမ်ချောင်သည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူသည် မီးနတ်ဆိုးကြီးကို ထိပ်တိုက်မတိုက်ခိုက်ဘဲ လေထဲမှ မြေပြင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။ ထို့နောက် တရိပ်ရိပ် လှုပ်ရှားကာ မြေပြင်ပေါ်ရှိ ပြည့်ကျပ်နေသော အာရပ်သံမြင်းစီးတပ်များ အလယ်သို့ ဝင်ရောက်သွားသည်။

“သူ့ကို သတ်ပစ်”

ဝမ်ချောင်၏ပုံရိပ်ကို မြင်သောအခါ အာရပ်စစ်သည်များ၏ မျက်လုံးများ တောက်ပသွားကြသည်။ သူတို့သည် အခွင့်အရေး ရပြီဟု ထင်မှတ်ကာ မြင်းနှင့်အတူတူ ဧရာမ လှိုင်းလုံးကြီးများကဲ့သို့ ဟိန်းဟောက် အော်ဟစ်ကာ ဝမ်ချောင်ဆီသို့ ပြေးဝင်တိုက်ခိုက်လာကြသည်။

သို့သော် အလင်းတန်းတစ်ချက် လက်သွားပြီး လေထဲတွင် နေမင်းနီကြီး တစ်စင်း ပေါ်လာကာ ချက်ချင်း ပြန်ပျောက်သွားသည်။ နောက်တစ်ခဏ၌ ထောင်နှင့်ချီသော အာရပ်သံမြင်းစီးတပ်များသည် ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရပြီး လူရော မြင်းပါ မြေကြီးပေါ်မှ ကြွတက်သွားကာ လေဟာနယ်ထဲသို့ လွင့်စင်သွားကြသည်။ သူတို့သည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ ထိန်းချုပ်မရတော့ဘဲ ဝမ်ချောင်ဆီသို့ လွင့်ပါသွားကြသည်။

သူတို့၏ခန္ဓာကိုယ်များ ဝမ်ချောင်အနားသို့ မရောက်သေးမီမှာပင် ကြီးမားသော စွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် ထွက်ပေါ်လာသည်။ ထို စွမ်းအင်များသည် စမ်းချောင်းလေးများကဲ့သို့ ကွေ့ကောက် စီးဆင်းကာ အရပ်လေးမျက်နှာမှ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း…

စစ်ပွဲ စတင်ကတည်းက ဝမ်ချောင်သည် အာရပ်သံမြင်းစီးတပ်များနှင့် အာရပ်တပ်မှူးချုပ်များ၏ စွမ်းအင်ကို ဝါးမြိုရန်အတွက် ဤမိစ္ဆာလမ်းစဉ်၏နံပါတ်တစ် အတတ်ပညာကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

မီးနတ်ဆိုးကြီးနှင့် တိုက်ခိုက်ရာတွင် ဝမ်ချောင်သည် စွမ်းအင်အတော်များများ ကုန်ဆုံးခဲ့ပြီ ဖြစ်သဖြင့် ပြန်လည် ဖြည့်တင်းရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

စစ်မြေပြင် တစ်ခုလုံးကို ကြည့်လိုက်လျှင် သန်းနှင့်ချီသော အာရပ်စစ်သည်များသည် အကောင်းဆုံး ပစ်မှတ်များ ဖြစ်နေသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အားနည်းချက်အားလုံးကို ပြုပြင်ပြီး ဖြစ်သည်။ ထို့ကြောင့် ဤ အာရပ်သံမြင်းစီးတပ်များ၏ ခန္ဓာကိုယ်ထဲမှ ရှုပ်ထွေးသော စွမ်းအင်များကိုပင် ဝမ်ချောင်အနေဖြင့် အားလုံး ပြောင်းလဲပစ်နိုင်သည်။ မဟာလော့ဝ် နတ်ဘုရား သိုင်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ ထို စွမ်းအင်များကို မိမိ လိုအပ်သော စွမ်းအင်များ အဖြစ် သန့်စင်ပစ်နိုင်သည်။

ပို၍ အရေးကြီးသည်မှာ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း သည် “စစ်တိုက်ရင်း စစ်ကို မွေးမြူခြင်း”ဆိုသည့် လောကတွင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ မိမိကိုယ်ကို အစွမ်းကုန် အားဖြည့်ပေးနိုင်သလို အာရပ်များကိုလည်း အစွမ်းကုန် တိုက်ခိုက်နိုင်သည်။

“အား….”

ပေတစ်ထောင် ပတ်လည်အတွင်း မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ထိန်းချုပ်မှု နယ်ပယ်ထဲတွင် ရှိသော အာရပ်သံမြင်းစီးတပ် အားလုံးသည် သိုင်းပညာ အဆင့် နိမ့်သည် ဖြစ်စေ၊ မြင့်သည် ဖြစ်စေ သူတော်စင် သိုင်းအဆင့်သို့ မရောက်မချင်း ဝမ်ချောင်၏စွမ်းအင် စုပ်ယူမှုကို ခံရမည်ဖြစ်ပြီး လွတ်မြောက်နိုင်မည့် အခွင့်အရေးမရှိပေ။

အာရပ်သံမြင်းစီးတပ်သားတစ်ဦးသည် သနားစဖွယ် အော်ဟစ်လိုက်သည်။ သူ၏ နှာခေါင်းနှင့် တစ်ကိုယ်လုံးရှိ ချွေးပေါက်များထဲမှ သွေးများ ပန်းထွက်လာသည်။ ကြီးမားသော စုပ်ယူအားအောက်တွင် သူနှင့် သူစီးထားသော စစ်မြင်းသည် မြေကြီးပေါ်မှ ကြွတက်သွားရုံ ရှိသေးသော်လည်း အသက် ပျောက်ဆုံးသွားပြီ ဖြစ်သည်။

သူ့ဘေးပတ်လည်တွင်လည်း အလားတူ ကံကြမ္မာမျိုး ကြုံတွေ့နေရသော အာရပ်သံမြင်းစီးတပ်သားပေါင်း မရေမတွက်နိုင်အောင် ရှိနေသည်။

“ဘုန်း ဘုန်း ဘုန်း”

ထို့အပြင် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကြောက်မက်ဖွယ် စုပ်ယူအားအောက်တွင် အာရပ်သံမြင်းစီးတပ်သားများသည် ဝမ်ချောင်၏ ရိုက်ပုတ်မှုကြောင့် လေထဲသို့ လွင့်စင်သွားကြသည်။ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် မီတာ နှစ်ရာနီးပါး မြင့်မားသော ကြီးမားသည့် မီးနတ်ဆိုးကြီးဆီသို့ ပျံသန်း သွားကြသည်။

ထိုအာရပ်သံမြင်းစီးတပ်သားများသည် မျက်နှာတွင် ကြောက်ရွံ့မှုများအပြည့် ရှိနေသော်လည်း ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ မီးနတ်ဆိုးကြီးအနားသို့ မရောက်သေးမီမှာပင် ခန္ဓာကိုယ် အပြင်ဘက်ရှိ ပူပြင်းသော အပူချိန်ကြောင့် ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ ပြင်းထန်သော မီးတောက်များအဖြစ် လောင်ကျွမ်းသွားကြသည်။ သူတို့ ဝတ်ဆင်ထားသော သံချပ်ကာများသည်လည်း လျင်မြန်စွာ အရည်ပျော်ကျကာ သံရည်ပူများ အဖြစ် ပြောင်းလဲသွားသည်။

တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်... အချိန်တိုအတွင်းမှာပင် ဝမ်ချောင်၏ထိန်းချုပ်မှုအောက်၌ အာရပ်သံမြင်းစီးတပ်သား အနည်းဆုံး ခုနစ်ထောင်၊ ရှစ်ထောင်ခန့်သည် စွမ်းအင် စုပ်ယူခံလိုက်ရပြီး မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ ပစ်သွင်းကာ ပြာအဖြစ် ပြောင်းလဲခြင်း ခံလိုက်ရသည်။

ထိုပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များသည် ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

“သူ့ကို တားထား”

အာရပ်အုပ်ချုပ်သူတစ်ဦး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ဒဏ္ဍာရီလာအဆင့် အာရပ်ဓားကောက်ကြီးကို ကိုင်ဆောင်ထားပြီး လူနှင့်ဓား တစ်သားတည်း ပေါင်းစပ်ကာ အဖြူရောင် သက်တံအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စွမ်းအင်လှိုင်းများကို ဒီရေအလား ဖန်တီးလျက် နောက်ကျောဘက်မှ ဝမ်ချောင်ကို တိုက်ခိုက်လိုက်သည်။ သူသည် ဝမ်ချောင်၏အရှိန်ကို လျှော့ချရန်နှင့် နောက်ကျောမှ ပိတ်ဆို့ကာ မီးနတ်ဆိုးကြီးလက်ချက်ဖြင့် သေစေရန် ကြိုးစားခြင်း ဖြစ်သည်။

သို့သော် အလင်းတန်း တစ်ချက် လက်သွားပြီး ဝမ်ချောင်သည် လေဟာနယ်ထဲတွင် ချက်ချင်း ပျောက်ကွယ်သွားသည်။

“မဟာလေဟာနယ် တိမ်းရှောင်ခြင်း ”

ထိုအာရပ်အုပ်ချုပ်သူ မတုံ့ပြန်နိုင်သေးမီ မျက်လုံးထောင့်စွန်းတွင် အရိပ်တစ်ခု တွေ့လိုက်ရသည်။ ဝမ်ချောင်သည် အရိပ်မည်း တစ်ခုအဖြစ် ပြောင်းလဲကာ တောင်များကို ဖြိုခွဲနိုင်သော ဓားချက်ကို ရှောင်ကွင်းပြီး ဥက္ကာခဲတစ်လုံးကဲ့သို့ ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ထိုအုပ်ချုပ်သူ၏ ခန္ဓာကိုယ် အကာအကွယ် စွမ်းအင်ကို တစ်ချက်တည်းနှင့် ဖြိုခွဲကာ ရင်ခွင်ထဲသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်သည်။

“အား”

ထိုအာရပ်အုပ်ချုပ်သူက သနားစဖွယ် အော်ဟစ်လိုက်သည်။ သွေးများ ပန်းထွက်လာပြီး ကလီစာများ နေရာရွေ့သွားသည်။ တစ်ကိုယ်လုံးရှိ စွမ်းအင်များသည် ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ ဝမ်ချောင်နှင့် ထိတွေ့မိသော နေရာမှတဆင့် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအာရပ်အုပ်ချုပ်သူသည် လေပေါက်နေသော ဘောလုံးကဲ့သို့ တစ်ကိုယ်လုံး လျင်မြန်စွာ ရှုံ့တွသွားပြီး အရေးပြားများ တွန့်လိပ်သွားသည်။ ထို့နောက် လေထဲမှ အောက်သို့ ပြုတ်ကျသွားပြီး အသက်ရှူသံ ပျောက်ကွယ်သွားသည်။

ရလဒ်ကို အတိအကျ မသိရသော်လည်း သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။

“သေစမ်း”

ဤမြင်ကွင်းကို မြင်သောအခါ အာရပ်တပ်မှူးချုပ်များ အားလုံး အံ့ဩခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် အံကြိတ်ထားကြသော်လည်း ဝမ်ချောင်၏ ရက်စက် ကြမ်းကြုတ်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသဖြင့် မည်သူမျှ မဆင်မခြင် ပြေးဝင် မတိုက်ခိုက်ရဲကြတော့ပေ။

အဝေးတစ်နေရာတွင် ရွှေရောင် ဧရာမမျောက်ဝံကြီး၊ ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံးတို့၏ မိုးသက်မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများကို ခံနေရသော ကုထိုက်ပိုင်သည်လည်း ကြီးမားသော ဖိအားကို ခံစားနေရသည်။ သို့သော် သူသည် ဝမ်ချောင်ရှိရာ ဘက်ကိုလည်း အမြဲ စောင့်ကြည့်နေသည်။

“တိရစ္ဆာန်ကောင်”

ဝမ်ချောင်သည် မီးနတ်ဆိုးကြီး၏ စွမ်းအားကို အသုံးပြု၍ အာရပ်သံမြင်းစီးတပ်များကို သတ်ဖြတ်နေသည်ကို မြင်သောအခါ ကုထိုက်ပိုင်၏မျက်နှာထားမှာ သံဖြူရောင် ပေါက်သွားသည်။

ဝမ်ချောင်၏ လုပ်ပုံအတိုင်းဆိုလျှင် မကြာမီ အာရပ်စစ်တပ် တစ်ခုလုံး သူ့လက်ချက်ဖြင့် ပျက်စီးသွားပေလိမ့်မည်။ အစွမ်းထက်ဆုံး မီးနတ်ဆိုးကြီးသည် ဝမ်ချောင်နှင့် မဟာထန်တို့၏ လက်ထောက် ဖြစ်သွားသကဲ့သို့ ဖြစ်နေသည်။

“ငါ မင်းကို မနိုင်ဘူးလို့ တကယ် ထင်နေတာလား”

ကုထိုက်ပိုင်၏မျက်နှာထား မဲမှောင်သွားပြီး အန်းစီရှန်းကို လက်သီးဖြင့် ရိုက်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဗျူဟာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

“မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။ မီးနတ်ဆိုးကြီး... ဟို ထန်လူမျိုးတွေကို အရင် သတ်ပစ်လိုက်”

“စစ်မြေပြင်မှာ တခြားဘက်ကို အာရုံစိုက်ဖို့ အချိန်ရှိသေးတယ်ပေါ့။ မင်းမှာ ဘယ်လောက်တောင် စွမ်းရည်ရှိလဲ ငါ ကြည့်ချင်သေးတယ်”

ကုထိုက်ပိုင် မီးနတ်ဆိုးကြီးကို အမိန့်ပေးနေချိန်မှာပင် ကျန်းချိုးကျန့်ချုံးသည် မျက်နှာထား အေးစက်လျက် လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။ ပြိုင်ဘက်ကင်းသော လေလှိုင်းများသည် လှိုင်းလုံးကြီးများကဲ့သို့ ကုထိုက်ပိုင်ဆီသို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှ လီကျွင်းရှန်းသည် ဟောက်ရန် သူတော်စင်ဓားကို ကိုင်ဆောင်ထားပြီး စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။ ကြီးမားသော ဟောက်ရန်ဖြောင့်မတ်ခြင်း စွမ်းအင်သည် ပေတစ်ထောင်နီးပါး ရှည်လျားစွာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းလျက် ကျန်းချိုးကျန့်ချုံးနှင့် ပူးပေါင်းကာ ကုထိုက်ပိုင်ကို တိုက်ခိုက်လိုက်သည်။

နှစ်ယောက်သား၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ကုထိုက်ပိုင်၏ရင်ထဲ လေးလံသွားပြီး ဖိအားကို ခံစားလိုက်ရသည်။ သူသည် ချက်ချင်း ပါးစပ်ပိတ်ကာ တိတ်ဆိတ်သွားသည်။

“မဟာသူတော်စင် ကို ကာကွယ်ကြ”

အရပ်လေးမျက်နှာမှ သတ်ဖြတ်သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အာရပ်တပ်မှူးချုပ်များ၊ အုပ်ချုပ်သူများနှင့် ဒုအုပ်ချုပ်သူများသည် ပြေးဝင်တိုက်ခိုက်လာကြသည်။

သို့သော် သူတို့ အနားမရောက်မီမှာပင် ဟိန်းဟောက်သံနှင့်အတူ ရွှေရောင် ဧရာမမျောက်ဝံကြီးရုတ်တရက် ရပ်တန့်လိုက်ပြီး ကြီးမားသော လက်မောင်းကြီး နှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကူညီရန် ရောက်လာသော အာရပ်တပ်မှူးချုပ်များ၊ အုပ်ချုပ်သူများနှင့် ဒုအုပ်ချုပ်သူများအားလုံး လွင့်စင်သွားကြသည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် ရွှေရောင် ဧရာမမျောက်ဝံကြီးသည် တိုက်ပွဲထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

“ဝေါ”

အဝေးမှ တိုက်ပွဲကို ဂရုမစိုက်ဘဲ ကုထိုက်ပိုင်၏ အမိန့်နှင့်အတူ စစ်မြေပြင် အခြေအနေ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အဝေးတစ်နေရာတွင် ဝမ်ချောင်၏နောက်မှ ထပ်ကြပ်မကွာ လိုက်နေသော မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ် ရပ်တန့်သွားသည်။ ထို့နောက် ရုတ်တရက် ခေါင်းလှည့်လာပြီး လမ်းကြောင်းပြောင်းကာ အာရပ်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသော မဟာထန် စစ်တပ်ဘက်သို့ ဦးတည်သွားသည်။

“မကောင်းတော့ဘူး”

ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်ချက်ချင်း မျက်နှာ ပျက်သွားသည်။

ဝမ်ချောင်အနေဖြင့် အာရပ်စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမှာ မီးနတ်ဆိုးကြီးကို ဆွဲဆောင်ရန်နှင့် မဟာထန် စစ်တပ်ထဲသို့ မဝင်ရောက်စေရန် ဖြစ်သည်။ သို့သော် ကုထိုက်ပိုင်သည် မီးနတ်ဆိုးကြီးကို လမ်းကြောင်း ပြောင်းခိုင်းလိုက်ရုံဖြင့် ဝမ်ချောင်၏ ကြိုးစားအားထုတ်မှု အားလုံးကို အချည်းနှီး ဖြစ်စေခဲ့သည်။

“ဘုန်း ဘုန်း ဘုန်း”

ပူပြင်းသော လေလှိုင်းများ ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့သွားပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို အရည်ဖျော်ပစ်တော့မည့်အလား ဖြစ်နေသည်။ ကောင်းကင်နှင့် မြေကြီးကို ထောက်ကန်ထားသော မီးနတ်ဆိုးကြီး၏ တစ်ကိုယ်လုံးရှိ တောက်ပသော မီးအလင်းရောင်များကြောင့် နေ့နှင့်ညပင် မခွဲခြားနိုင်တော့ပေ။ ၎င်း၏ ပုံသဏ္ဌာန်ကိုပင် သဲကွဲစွာ မမြင်ရတော့ပေ။ ကုထိုက်ပိုင်၏ အမိန့်ကို ရရှိပြီးနောက် မီးနတ်ဆိုးကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ ခြေတစ်လှမ်းလျှင် ပေပေါင်းများစွာ ရောက်ရှိပြီး စုဟန်ရှင်း၊ ချန်ချန်းလီ၊ လီစီယီ၊ ကျန်းချိုးကျန့်ချုံးနှင့် အခြားသူများ ရှိရာဘက်သို့ ဦးတည်သွားသည်။

ထိုပြင်းထန်သော အနီရောင် အလင်းတန်းများသည် လူတိုင်း၏မျက်နှာကို နီရဲသွားစေသည်။ တစ်ခဏချင်းမှာပင် လူတိုင်း၏ ရင်ထဲတွင် တောင်ကုန်းပမာ ကြီးမားသော ကြောက်မက်ဖွယ် ဖိအားနှင့် ပြင်းထန်သော သေမင်း၏ အငွေ့အသက်များကို ခံစားလိုက်ရသည်။

“ဟိန်း”

မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေပြီး ကြီးမားသော မီးနတ်ဆိုးကြီး ဟိန်းဟောက်လိုက်သည်။ ခြေထောက်အောက်တွင် ချော်ရည်များ ဆူပွက်နေပြီး ကြီးမားသော ချော်ရည် မြစ်ချောင်းများသည် ယခင်ကထက် ပိုမို လျင်မြန်သော အရှိန်ဖြင့် အဆက်မပြတ် ပေါ်ထွက်လာသည်။ မြေကြီးပေါ်တွင် လွတ်လပ်စွာ စီးဆင်းလျက် မဟာထန် စစ်တပ် ရှိရာဘက်သို့ စီးဆင်းသွားသည်။

ချော်ရည်များ ပွက်ပွက်ဆူနေပြီး တစ်ချိန်တည်းမှာပင် များပြားလှသော ချော်ရည် မီးတောက်လူသားများသည် ချော်ရည်မြစ်ထဲမှ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကာ မဟာထန်ဘက်သို့ ပြေးဝင်သွားကြသည်။

ထို့နောက် ကောင်းကင်တွင် မီးအလင်းရောင် လက်ခနဲ ဖြစ်သွားပြီးနောက် လောကဖျက် မီးနတ်ဆိုးကြီးက ဒေါသတကြီး ဟိန်းဟောက်လျက် ကြီးမားသော လက်သီးကြီးဖြင့် ထောင်နှင့်ချီသော မဟာထန်စစ်သည်များထံသို့ ထိုးချလိုက်သည်။ ထိုတိုက်ခိုက်မှု၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ကွဲအက်စေပြီး တောင်များကို ဖြိုဖျက်ကာ ပင်လယ်များကို မှောက်လှန်ပစ်နိုင်စွမ်း ရှိသည်။ အကယ်၍ ထိမှန်သွားပါက ထောင်နှင့်ချီသော မဟာထန်စစ်သည်များ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

“ဘုန်း”

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ဝမ်ချောင်သည် အများကြီး စဉ်းစားမနေတော့ဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားကာ မီးနတ်ဆိုးကြီး၏ ရှေ့သို့ ရောက်ရှိသွားပြီး ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။

“မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း”

“သုံးဆယ့်သုံးဘုံ”

“သတ်ဖြတ်ခြင်း ဓားသိုင်း”

အချိန်တိုအတွင်း ဝမ်ချောင်၏တစ်ကိုယ်လုံးမှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အထွတ်အထိပ် သိုင်းပညာ အမျိုးမျိုးကို အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် ထုတ်ဖော်ကာ မီးနတ်ဆိုးကြီးကို တိုက်ခိုက်လိုက်သည်။

မီးနတ်ဆိုးကြီး၏စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ နောက်ဘက်ရှိ စစ်တပ်ကြီးကို ကယ်တင်ရန်အတွက် ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိပေ။

“ဘုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ကြီးမားသည့် စွမ်းအင်များနှင့် မီးနတ်ဆိုးကြီး၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ချော်ရည် မီးတောက်လှိုင်းများသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ တိုက်မိသွားကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး လေဟာနယ် ကွဲအက်သွားသည်။ လူတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင် တိုက်ခိုက်သည့် နေရာကို ဗဟိုပြုကာ အနီရောင် နေမင်းကြီး တစ်စင်း လေထဲတွင် ပေါ်ထွက်လာပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

“ဘုန်း”

ဝမ်ချောင်၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ခေတ္တမျှသာ တောင့်ခံနိုင်လိုက်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် အမွေးလေးတစ်မျှင်ကဲ့သို့ လွင့်စင်သွားသည်။

ဝမ်ချောင်သည် သိမ်မွေ့နယ်မြေသို့ ရောက်ရှိထားပြီး ပြိုင်ဘက်ကင်း သိုင်းပညာများကို တတ်မြောက်ထားသော်လည်း ရှေးဟောင်း ယဉ်ကျေးမှု တစ်ခုလုံးကို ဖျက်ဆီးခဲ့သော ဤကြောက်မက်ဖွယ် မီးနတ်ဆိုးကြီးနှင့် ယှဉ်လျှင် ပြိုင်ဘက် မဟုတ်သေးပေ။

“အရှင်”

ထိုအခိုက်အတန့်တွင် မြေကြီးပေါ်ရှိ လူတိုင်း မျက်နှာ ပျက်သွားကြသည်။

အဝေးတစ်နေရာ လေထဲတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်သည် ဆက်တိုက် လိမ့်သွားပြီး ပေရာပေါင်းများစွာ လွင့်စင်သွားသည်။ နောက်ဆုံး အချိန်တွင် သူ၏ ခြေဖဝါးအောက်မှ ကြီးမားသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ဝမ်ချောင်သည် ညာဘက် ခြေထောက်ကို နောက်သို့ ဆုတ်ကာ နင်းလိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းလိုက်နိုင်သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ မီးခိုးငွေ့များ ထွက်နေပြီး ဒဏ်ရာအပြည့် ရရှိထားကာ အသက်ရှူသံများလည်း ပြင်းထန်စွာ မမှန်မကန် ဖြစ်နေသည်။

“မဖြစ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို တားဆီးဖို့ နည်းလမ်း ရှာရမယ်”

ဝမ်ချောင် ခေါင်းမော့လိုက်ပြီး ရှေ့ရှိ မီးနတ်ဆိုးကြီးကို ကြည့်ကာ တိတ်တဆိတ် လက်သီး ဆုပ်လိုက်သည်။

မီးနတ်ဆိုးကြီး၏ ရိုက်ပုတ်မှုကို ခံလိုက်ရသော်လည်း ဝမ်ချောင်၏ မျက်လုံးများထဲတွင် ဆုတ်ခွာလိုစိတ် အနည်းငယ်မျှ မရှိပေ။ အမှန်တကယ်တော့ မဟာထန်အတွက် ယခုအချိန်တွင် ဆုတ်ခွာစရာ လမ်းမရှိတော့ပေ။

“ဘုန်း”

ဝမ်ချောင်ခြေထောက်ောင့် နင်းလိုက်ရာ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များ မြည်ဟိန်းသွားသည်။ သူသည် ခုန်ထွက်လိုက်ပြီး မီးနတ်ဆိုးကြီးထံသို့ ထပ်မံ ပြေးဝင်သွားသည်။ သို့သော် ခန္ဓာကိုယ် စတင် လှုပ်ရှားလိုက်သည်နှင့် ဝေါခနဲ အသံနှင့်အတူ ပြင်းထန်သော နာကျင်မှု တစ်ခုသည် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ စုတ်ပြဲထွက်မတတ် ခံစားလိုက်ရသည်။ ဝမ်ချောင်၏ ပါးစပ်ထောင့်စွန်းမှ သွေးနီရောင်များ စီးကျလာသည်။

တစ်ခဏချင်းမှာပင် ဝမ်ချောင်၏ စိတ်နှလုံး လေးလံသွားသည်။

******

အခန်း (၁၈၉၀) အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှု

စောစောက ထိတွေ့မှုတွင် ဝမ်ချောင်သည် လောကဖျက် မီးနတ်ဆိုး၏ တိုက်ခိုက်မှုကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူကိုယ်တိုင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီး ကိုယ်တွင်းကလီစာများ နေရာရွေ့သွားသည်။

သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်ဖြင့် လောကဖျက်အဆင့်ရှိပြီး လေဟာနယ်ထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ ကြီးထွားနေသော ကြမ်းကြုတ်သည့် မီးနတ်ဆိုးကြီးကို ရင်ဆိုင်ရန်မှာ ဝမ်ချောင်အတွက် အလွန်ခက်ခဲလှသည်။

“ဟိန်း”

တစ်ခဏချင်းမှာပင် ရှေ့ဘက်မှ နောက်ထပ် ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ မီးနတ်ဆိုးကြီး၏ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး တွန့်ဆုတ်ခြင်း အနည်းငယ်မျှ မရှိဘဲ ဝမ်ချောင်ရှိရာဘက်သို့ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

ပူပြင်းသော ချော်ရည် လှိုင်းလုံးကြီးများ နီးကပ်လာသည်ကို မြင်လိုက်ရပြီး လေထဲမှ ရေငွေ့များ အားလုံး အငွေ့ပျံသွားသည်။ ဝမ်ချောင်သည် ဆံပင်ကျွမ်းနံ့ပင် ရနေပြီ ဖြစ်သည်။ ချက်ချင်းပင် ကြီးမားသော ဖိအားတစ်ခု သူ၏ ရင်ထဲတွင် ပြည့်နှက်သွားသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၏အကူအညီ ရရှိထားသော်လည်း သူ၏ခန္ဓာကိုယ် အတွင်းဒဏ်ရာများသည် အချိန်တိုအတွင်း ပျောက်ကင်းနိုင်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူ၏ ချီများသည် ဖရိုဖရဲ ဖြစ်နေသည်။

သို့သော် ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိတော့ပေ။

အကယ်၍ သူသာ ရှောင်လိုက်ပါက နောက်ရှိ မဟာထန်စစ်တပ်သည် မီးနတ်ဆိုးကြီး၏ ပူပြင်းသော မီးတောက်များအောက်တွင် ပြာကျသွားပေလိမ့်မည်။

“သေချင်သေပါစေတော့”

ဝမ်ချောင်၏ မျက်လုံးများ စူးရှသွားပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

ဒဏ်ရာ အပြင်းအထန် ရမည်ဆိုလျှင်ပင် သူ အသက်စွန့် တိုက်ခိုက်ရမည် ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

အသံများနှင့်အတူ အဝေးမှ ချော်ရည် လှိုင်းလုံးကြီးများသည် မြင်းရိုင်းပေါင်း ထောင်ချီ ပြေးဝင်လာသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလျက် အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။

ဝမ်ချောင်၏ရင်ထဲတွင် တင်းကျပ်သွားသည်။ နောက်ထပ် ကြောက်မက်ဖွယ် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားတော့မည်ကို မြင်နေရချိန်တွင် မမျှော်လင့်သော အရာတစ်ခု ဖြစ်ပျက်သွားသည်။

“ဘုန်း”

မည်သည့် နိမိတ်လက္ခဏာမျှ မပြဘဲ ကြောက်မက်ဖွယ် ကောင်းပြီး ထူးဆန်းသော စိတ်စွမ်းအားတစ်ခုသည် ဝမ်ချောင်၏ရင်ဘက်ထဲမှ ရုတ်တရက် ပန်းထွက်လာသည်။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် အဝေးရှိ မီးနတ်ဆိုးကြီးကို သွားရောက် ရိုက်ခတ်လိုက်သည်။

“အာ”

စောစောက မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေပြီး မောက်မာနေသော လောကဖျက် မီးနတ်ဆိုး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး နောက်သို့ လန်သွားသည်။ ပြင်းထန်သော ရိုက်ချက် ခံလိုက်ရသကဲ့သို့ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားအောင် အော်ဟစ်လိုက်သည်။ ၎င်း၏ အရှိန်အဝါများ ဖရိုဖရဲ ဖြစ်သွားပြီး ဝမ်ချောင်ထံသို့ ထိုးချလိုက်သော လက်သီးသည်လည်း ချက်ချင်း ပြိုကွဲသွားကာ မရေမတွက်နိုင်သော မီးပွားများ အဖြစ် လွင့်စင်သွားသည်။

“ဒါ ဘာဖြစ်တာလဲ”

တစ်ခဏချင်းမှာပင် ဝမ်ချောင်ကြောင်အသွားသည်။

ဝမ်ချောင်သာမက မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ထူးခြားမှုကို အာရုံခံမိသော အဝေးမှ ကုထိုက်ပိုင် ပင်လျှင် ရုတ်တရက် ကြောင်သွားပြီး ဝမ်ချောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဘာဖြစ်တာလဲ၊ မီးနတ်ဆိုးကြီးဘာဖြစ်သွားတာလဲ”

ကုထိုက်ပိုင်၏ မျက်နှာထား တုန်လှုပ်သွားပြီး ရင်ထဲတွင် လှိုင်းကြီးများ ထန်သွားသည်။

သူသည် ဝမ်ကျုံးစစ်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် အဝေးတွင် ဘာဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။ သတိထားမိလိုက်ချိန်တွင် မီးနတ်ဆိုးကြီးဒဏ်ရာရသွားပြီ ဖြစ်သည်။

“ဘုန်း”

ကုထိုက်ပိုင် အာရုံလွင့်နေချိန်တွင် အေးစက်သော အလင်းတန်း တစ်ချက် လက်သွားပြီး ကြီးမားသော ဟောက်ရန် ဓားချက် တစ်ခုသည် လေဟာနယ်ကို ခွဲခြမ်းလျက် ကုထိုက်ပိုင် ထံသို့ ကျရောက်လာသည်။

ကုထိုက်ပိုင် မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ဤ တိုက်ခိုက်မှုကို ဆံချည်မျှင် တစ်မျှင်စာ အကွာအဝေးဖြင့် ကပ်သီးကပ်သပ် ရှောင်တိမ်းလိုက်သည်။

ကုထိုက်ပိုင်၏ စွမ်းရည်သည် ဤနေရာရှိ မည်သူထက်မဆို သာလွန်သော်လည်း ဝမ်ကျုံးစစ်၊ လီကျွင်းရှန်းနှင့် ရွှေရောင် ဧရာမမျောက်ဝံကြီးတို့သည် ကုထိုက်ပိုင်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

ကုထိုက်ပိုင်သည် လီကျွင်းရှန်းကို လက်သီးဖြင့် ရိုက်လွှတ်လိုက်သည်။ သို့သော် ဆက်လက် လိုက်လံ တိုက်ခိုက်ခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏ စိတ်သည် လီကျွင်းရှန်းနှင့် ဝမ်ကျုံးစစ် တို့အပေါ်တွင် မရှိတော့သောကြောင့် ဖြစ်သည်။

မီးနတ်ဆိုးကြီးသည် ကုထိုက်ပိုင် အတွက် အရှေ့တိုင်းကို သိမ်းပိုက်ရန် အရေးကြီးဆုံး လက်နက် ဖြစ်သည်။ အနည်းငယ်သော အပြောင်းအလဲ တစ်ခုသည်ပင် ဤစစ်ပွဲအတွက် အလွန် အရေးကြီးသည်။ ကုထိုက်ပိုင် အတွက် ယခုအချိန်တွင် အစိုးရိမ်ဆုံး ကိစ္စမှာ မီးနတ်ဆိုးကြီးတွင် ဘာဖြစ်သွားသလဲ ဆိုတာပင် ဖြစ်သည်။ ၎င်းသည် ဤမျှလောက်ထိ ပြင်းထန်သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်စေခဲ့သည်။

သာမန် ဒဏ်ရာရရုံလောက်ဆိုလျှင် သူ ဂရုစိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မီးနတ်ဆိုးကြီးသည် မသေနိုင်သလောက် ဖြစ်ပြီး မည်သို့သော တိုက်ခိုက်မှုမျိုး ခံရသည်ဖြစ်စေ လျင်မြန်စွာ ပြန်လည် သက်သာလာမည် ဖြစ်သည်။

သို့သော် စောစောက အခိုက်အတန့်တွင် မီးနတ်ဆိုးကြီးသည် မဖျောက်ဖျက်နိုင်သော ဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။ ထို့အပြင် ကုထိုက်ပိုင်သည် ထိန်းချုပ်ရေး အသက်သွေးကြောမှတဆင့် မီးနတ်ဆိုးကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ... ထို့ထက်ပို၍ ကြောက်ရွံ့မှုကိုပါ ခံစားလိုက်ရသည်။

မီးနတ်ဆိုးကြီးသည် ရှေးဟောင်း ယဉ်ကျေးမှု တစ်ခုလုံးကို ဖျက်ဆီးခဲ့သော သတ္တဝါဆိုးကြီး ဖြစ်သည်။ ဘယ်အရာက သူ့ကို နာကျင်စေပြီး ကြောက်ရွံ့စေနိုင်တာလဲ။

ဒါက လုံးဝ မယုံနိုင်စရာပဲ။

ထိုအခိုက်အတန့်တွင် ကုထိုက်ပိုင် ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

အခြားတစ်ဖက်တွင် ဝမ်ချောင်၏ ရင်ထဲတွင်လည်း လှိုင်းတံပိုးများ ထနေပြီး ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ကုထိုက်ပိုင်နှင့်မတူဘဲ ထိုရေလှိုင်းကဲ့သို့ ကြီးမားပြီး ထူးဆန်းသော စိတ်စွမ်းအား ထွက်ပေါ်လာကာ မီးနတ်ဆိုးကြီး၏ တိုက်ခိုက်မှုကို တားဆီးပေးလိုက်သည့် အချိန်ကတည်းက ၎င်းသည် ဘာလဲ ဆိုတာကို ဝမ်ချောင်သိလိုက်ပြီ ဖြစ်သည်။

“အိပ်မက်ဆိုးသားရဲ”

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း ဝမ်ချောင်၏ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ခေါင်းငုံ့ကာ ရင်ခွင်ထဲရှိ အိပ်မက်ဆိုးသားရဲ၏ အသက်သွေးကြောကို ကြည့်လိုက်ရာ ရင်ထဲတွင် လှိုင်းကြီးများ ထန်သွားသည်။

သူ့အနေဖြင့် အိပ်မက်ဆိုးသားရဲကို ပိတ်လှောင်ထားခဲ့ကြောင်း သေချာ မှတ်မိနေသည်။ ဘာကြောင့် ပိတ်လှောင်မှုကို ဖောက်ထွက်လာတာလဲ။

“သခင် ငါ သခင့်ကို ကူညီပြီး သူ့ကို နှိမ်နင်းပေးမယ်”

ဝမ်ချောင်၏ရင်ထဲတွင် တုန်လှုပ်နေချိန်၌ ရင်းနှီးသော အသံတစ်ခုသည် ထူးဆန်းသော စည်းချက်ဝါးချက်ဖြင့် ဝမ်ချောင်၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်း၏ သိစိတ်သည် အဝေးရှိ တောင်ကုန်းပမာ ကြီးမားသော မီးနတ်ဆိုးကြီးကို ပစ်မှတ်ထားလိုက်ပြီး တစ်ကိုယ်လုံးမှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။

ထိုခံစားချက်သည် မီးနတ်ဆိုးကြီးနှင့် မွေးရာပါ ရန်သူတော်များကဲ့သို့ ဖြစ်နေသည်။

တကယ်ပဲ သူပါလား…

လျှပ်စီးလက်သကဲ့သို့ အချိန်တိုအတွင်း အတွေးပေါင်းများစွာ ခေါင်းထဲတွင် ဖြတ်သန်းသွားပြီးနောက် ဝမ်ချောင်လျင်မြန်စွာ တည်ငြိမ်သွားသည်။

“မင်း ဘယ်တုန်းက ပိတ်လှောင်မှုကို ဖောက်ထွက်လိုက်တာလဲ၊ ဘာလို့ ငါ့ကို ကူညီတာလဲ၊ ပြီးတော့... မင်း ဘာလို့ ငါ့ကို 'သခင်' လို့ ခေါ်တာလဲ”

ဝမ်ချောင် သတိပြန်ဝင်လာပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။ သူသည် အလွန်သတိထားနေဆဲ ဖြစ်သည်။

အိပ်မက်ဆိုးသားရဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းကောင်း နားလည်ထားသည်။ မြေအောက် လိုဏ်ဂူထဲတွင် ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင် ဘယ်လောက်များများ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသလဲဆိုတာ မရေတွက်နိုင်ပေ။ အကယ်၍ ဝမ်ချောင်သာ ဉာဏ်မကောင်းခဲ့လျှင် သူ၏ လက်ထဲတွင် သေဆုံးလုနီးပါး ဖြစ်ခဲ့ဖူးသည်။

“သခင်က သခင်ပါပဲ။ သခင်က ငါ့ရဲ့ သခင်ပါ။ ဟိုလူက ပြောဖူးတယ်၊ ငါ့ကို မြေအောက်မှာ စောင့်ရှောက်ခိုင်းခဲ့တယ်။ နှစ်ပေါင်း ရှစ်ရာ ကြာပြီးတဲ့နောက် ငါ စောင့်မျှော်နေတဲ့လူ ပေါ်လာလိမ့်မယ်၊ အဲဒီလူက ငါ့ရဲ့သခင် ဖြစ်လာလိမ့်မယ်၊ ငါ သူ့အတွက် တိုက်ခိုက်ပေးရမယ်။ ဒါက ငါတို့ရဲ့ ကတိပါပဲ”

အိပ်မက်ဆိုးသားရဲ၏ ရင်းနှီးသောအသံသည် ဝမ်ချောင်၏ ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ သို့သော် ပြောလိုက်သော အကြောင်းအရာများက ဝမ်ချောင်ကို အလွန် အံ့ဩတုန်လှုပ်စေသည်။

နှစ်ပေါင်း ရှစ်ရာ... ကတိ... သခင်... စစ်တိုက်ခြင်း... ဒါတွေက ဘာအဓိပ္ပာယ်လဲ။

ဒီလို စကားပြောခန်းမျိုးကို ဝမ်ချောင်လုံးဝ မျှော်လင့်မထားခဲ့ပေ။

“အဲဒီလူက ဘယ်သူလဲ၊ မင်းက ဘယ်သူနဲ့ ကတိထားခဲ့တာလဲ”

ဝမ်ချောင်၏ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မျှ မပြပေ။

“အဲဒီလူမှာ နာမည်တွေ အများကြီး ရှိတယ်။ ငါနဲ့အတူ ကြီးပြင်းလာတဲ့သူပါ။ ငါက သူ့ကို မြက်ကလေးလို့ပဲ ခေါ်တယ်။ သူ့မှာ တခြားနာမည် တစ်ခု ရှိသေးတယ်၊ သခင်တို့က သူ့ကို ရွှမ်ယွမ်၊ ဒါမှမဟုတ် အဝါရောင် ဧကရာဇ်လို့ ခေါ်ကြတယ်။ သူကလည်း ငါ့ရဲ့ သခင်ပါပဲ”

အိပ်မက်ဆိုးသားရဲက ရိုးသားစွာ ပြောသည်။

“ဘုန်း”

တစ်ခဏချင်းမှာပင် ဝမ်ချောင်၏ ရင်ထဲတွင် လှိုင်းကြီးများ ထန်သွားသည်။

အိပ်မက်ဆိုးသားရဲ၏သခင်က အဝါရောင် ဧကရာဇ်ရွှမ်ယွမ်လား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီသတင်းက လူသားကမ္ဘာ တစ်ခုလုံးကို ဂယက်ရိုက်သွားစေနိုင်သည်။ ဒါကို ဝမ်ချောင်ယခင်က လုံးဝ မစဉ်းစားမိခဲ့ပေ။ အိပ်မက်ဆိုးသားရဲ၏ မှတ်ဉာဏ်ထဲတွင်လည်း ဒီအကြောင်းအရာနှင့် ပတ်သက်သည့် မှတ်ဉာဏ်မျိုး မတွေ့ခဲ့ရပေ။ ပြီးတော့ နှစ်ပေါင်း ရှစ်ရာ... အဝါရောင် ဧကရာဇ် ရွှမ်ယွမ် ရှိခဲ့သည့် အချိန်က ရှေးဟောင်းခေတ်ဖြစ်သည်။ ယခုလက်ရှိ အချိန်နှင့်ဆိုလျှင်... နှစ်ပေါင်း ရှစ်ရာ မက ဝေးကွာလွန်းနေပြီ မဟုတ်ပါလား။

“ငါ့တုန်းကလည်း နှစ်ပေါင်း ရှစ်ရာလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုမှ ငါသိလိုက်ရတယ်၊ သူ ပြောတာက နှစ်ပေါင်း ရှစ်ရာ မဟုတ်ဘူး၊ ငါ စောင့်မျှော်နေတဲ့လူက နှစ်ပေါင်း ရှစ်ရာ ကြာမှ ပေါ်လာလိမ့်မယ်လို့ ပြောတာ။ အဲဒီတုန်းက မဟာလော့ဝ် နတ်ဘုရားကလည်း ငါ့ကို အဲဒီလို ပြောဖူးတယ်။ ငါက သူ ငါ့ကို လိမ်နေတယ်လို့ ထင်ခဲ့တာ။ သူက ပြောဖူးသေးတယ်၊ ငါ့ ကံကြမ္မာထဲမှာ ကပ်ဘေးတစ်ခု ရှိတယ်တဲ့၊ အခုမှ ငါ သိလိုက်ရတယ်၊ သူ ပြောတာ မှန်တယ်၊ ငါ တကယ်ပဲ စောင့်လို့ တွေ့ပြီ”

“သခင့်ဆီကနေ မြက်ကလေးနဲ့ တူတဲ့ အငွေ့အသက်ကို ငါ ခံစားရတယ်”

အိပ်မက်ဆိုးသားရဲ၏အသံသည် ဝမ်ချောင်၏ခေါင်းထဲတွင် ထွက်ပေါ်လာပြီး အသံမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ ဝမ်ချောင်က ၎င်း၏ခန္ဓာကိုယ်ကို သတ်ဖြတ်ခဲ့သည်ကိုပင် လုံးဝ ဂရုမစိုက်တော့သည့်ပုံ ပေါ်သည်။

“မဟာလော့ဝ် နတ်ဘုရားက အရင်တုန်းက ငါ့အတွက် ဟောကိန်း ထုတ်ပေးဖူးတယ်။ ငါ့ခန္ဓာကိုယ် ပျက်စီးသွားတဲ့အချိန်ကျမှ ငါ နှစ်ထောင်ချီ စောင့်မျှော်နေတဲ့လူကို ရှာတွေ့လိမ့်မယ်တဲ့၊ သူ ငါ့ကို တကယ် မလိမ်ခဲ့ဘူးပဲ”

ဝမ်ချောင်လုံးဝ ကြောင်အသွားသည်။ ဒီလို စကားပြောခန်း၊ ဒီလို သတင်းအချက်အလက်တွေက သူ လုံးဝ မျှော်လင့်မထားသော အရာများ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် အိပ်မက်ဆိုးသားရဲ၏ သခင် ဖြစ်နေသတဲ့လား။

အိပ်မက်ဆိုးသားရဲက မြေအောက်ထဲမှာ ကိုယ့်ကို စောင့်နေခဲ့တာလား။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သူ ပေါ်လာမယ်ဆိုတာကို တစ်ယောက်ယောက်က ကြိုမြင်ခဲ့ပြီးသားလား၊ အဲဒီလူက ရွှမ်ယွမ်လား။

ခေါင်းထဲသို့ ဝင်ရောက်လာသော သတင်းအချက်အလက်များနှင့် ရရှိလိုက်သော တုန်လှုပ်မှုများက များလွန်းသဖြင့် ဝမ်ချောင်အနေဖြင့် ချက်ချင်း လက်ခံနိုင်ရန် ခက်ခဲနေသည်။ အရေးအကြီးဆုံးအချက်က အိပ်မက်ဆိုးသားရဲက ဘာလို့ ကိုယ့်ကို သခင်အဖြစ် အသိအမှတ်ပြုတာလဲ။ ဘယ်အချက်ကို ကြည့်ပြီး ကိုယ်က သူ့သခင် ဖြစ်တယ်လို့ ပြောတာလဲ။

“သခင်က မဟာလော့ဝ် နတ်ဘုရားဆီကနေ အဲဒီဓားကို ဆွဲထုတ်နိုင်ပြီး အဲဒီထဲက မိုးကြိုးစွမ်းအားကို ထုတ်ဖော်နိုင်တာကြောင့် သခင်က သဘာဝကျကျ ငါ့ရဲ့သခင် ဖြစ်သွားတာပေါ့၊ ဒီအချက်က လုံးဝ မမှားနိုင်ဘူး။ ပြီးတော့ အဲဒီဓားက မဟာလော့ဝ်နတ်ဘုရားဓား မဟုတ်ဘူး၊ ရွှမ်ယွမ်ဓား လို့ ခေါ်တယ်၊ အဲဒါ မြက်ကလေးရဲ့ လက်နက်ပဲ။ နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ သခင်ကလွဲပြီး ဘယ်သူမှ အဲဒီဓားကို မဆွဲထုတ်နိုင်ခဲ့ဘူး၊ အဲဒီထဲက စွမ်းအားကိုလည်း မထုတ်ဖော်နိုင်ခဲ့ဘူး။ မဟာလော့ဝ် နတ်ဘုရားတောင် မလုပ်နိုင်ဘူး၊ သူက အဲဒီဓားကို ကိုယ်စား ထိန်းသိမ်းပေးထားရုံပဲ ရှိတာ”

ဝမ်ချောင်၏ သံသယကို သိသည့်အလား အိပ်မက်ဆိုးသားရဲသည် နောက်ထပ် တုန်လှုပ်ဖွယ် သတင်းတစ်ခုကို ထပ်ပြောလိုက်သည်။

ရွှမ်ယွမ်ဓား.. ဒါမှမဟုတ် ရွှမ်ယွမ် နတ်ဘုရားဓား…မဟာလော့ဝ်နတ်ဘုရားဓား မဟုတ်ဘူးလား။

မဟာလော့ဝ် နတ်ဘုရားတောင် မဟာလော့ဝ်နတ်ဘုရားဓားကို မဆွဲထုတ်ဖူးဘူးတဲ့လား၊ သူက ထိန်းသိမ်းသူ၊ စောင့်ရှောက်သူ သက်သက်ပဲလား။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် ယခင်က မသိခဲ့သော သတင်းအချက်အလက်များကို အများကြီး သိလိုက်ရသည်။

မဟာလော့ဝ် နတ်ဘုရား၏ ဂူထဲတွင် ရှိစဉ်ကပင် ထိုပုဂ္ဂိုလ်ကြီးသည် မိမိကို မပြောပြခဲ့သော အရာများစွာ ရှိနေသေးကြောင်း ဝမ်ချောင်နားလည်လိုက်သည်။

အနည်းဆုံးတော့ အိပ်မက်ဆိုးသားရဲပြောသော စကားများကို မဟာလော့ဝ် နတ်ဘုရား(မူလအမရအရှင်) အပြည့်အဝ သိရှိထားမည်ဟု ဝမ်ချောင်ယုံကြည်သည်။

“ဒါဆို သူက ကြိုသိနေပြီးသားပေါ့၊ အိပ်မက်ဆိုးသားရဲကိုယ်တိုင် ပြောပြလာအောင် စောင့်နေခဲ့တာလား”

မဟာလော့ဝ် နတ်ဘုရား၏ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းနှင့် ကံကြမ္မာကို တွက်ချက်နိုင်စွမ်းကို သတိရလိုက်ပြီး ဝမ်ချောင်တစ်စုံတစ်ခုကို နားလည်သလို ဖြစ်သွားသည်။ သို့သော် ဝမ်ချောင်တွင် ဆက်မေးရန် အချိန်မရှိတော့ပေ။

“ဟိန်း”

ရှုပ်ထွေးသော ခံစားချက်များ ပါဝင်သည့် ဟိန်းဟောက်သံများ တစ်ချက်ပြီး တစ်ချက် မျက်နှာချင်းဆိုင်ရှိ မီးနတ်ဆိုးကြီးထံမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြမ်းကြုတ်၊ အက်ကွဲပြီး ရက်စက်သော သိစိတ်လှိုင်းတစ်ခု လေဟာနယ်ထဲမှ ဖြတ်သန်းလာသည် -

“မင်းပဲ... မင်းတို့လို သဘာဝလွန် သတ္တဝါတွေက မသေသေးဘူးပဲ”

မီးနတ်ဆိုးကြီးသည် ကောင်းကင်နှင့် မြေကြီးကို ထောက်ကန်ထားသကဲ့သို့ မတ်တတ်ရပ်လျက် ရွှေရောင် ရက်စက်သော မျက်လုံးများဖြင့် လေဟာနယ်ကို ဖောက်ထွင်းကာ အဝေးရှိ ဝမ်ချောင်ကို စိုက်ကြည့်နေသည်။ မဟုတ်ဘူး… ပို၍ တိကျစွာ ပြောရလျှင် ဝမ်ချောင်၏ ရင်ဘက်ထဲရှိ အနက်ရောင် အမြူတေထဲမှ အိပ်မက်ဆိုးသားရဲကို စိုက်ကြည့်နေခြင်း ဖြစ်သည်။

“ဘုန်း”

အရပ်လေးမျက်နှာမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ထို ကြီးမားသော သိစိတ်လှိုင်းကို ခံစားမိသူတိုင်း၊ ထန်လူမျိုး ဖြစ်စေ၊ အာရပ်ဖြစ်စေ အားလုံး ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

မီးနတ်ဆိုးကြီးမှာ သိစိတ် ရှိတယ်လား။ စကားတောင် ပြောနိုင်တယ်လား။

ဒါက လုံးဝ မယုံနိုင်စရာပဲ။

အနည်းဆုံးတော့ အရင်တုန်းက ဒီအချက်ကို လုံးဝ သတိမထားမိခဲ့ကြပေ။

သို့သော် အဝေးရှိ ကုထိုက်ပိုင် ကမူ မျက်နှာထား တည်ငြိမ်နေပြီး အနည်းငယ်မျှ အံ့ဩခြင်း မရှိပေ။

မီးနတ်ဆိုးကြီးတွင် သိစိတ်ရှိသည်မှာ သေချာသည်။ ရှည်လျားသော အချိန်ကာလကို ဖြတ်သန်းခဲ့ပြီး ယဉ်ကျေးမှုပေါင်းများစွာကို ဖျက်ဆီးခဲ့သော စွမ်းအားကြီး သတ္တဝါတစ်ကောင်သည် ဦးနှောက်မရှိသော အရူးတစ်ကောင် ဖြစ်လိမ့်မည်ဟု ဘယ်သူက ယုံကြည်နိုင်ပါ့မလဲ။

ထို့အပြင် ဟာမူဟေဒို ရှိ ရှေးဟောင်း ရေတွင်းအောက်တွင် ရှိစဉ်ကတည်းက ကုထိုက်ပိုင် နားလည်ခဲ့ပြီး ဖြစ်သည်။

မီးနတ်ဆိုးကြီးစကားမပြောခြင်းမှာ ပြောထိုက်သော အရာ မရှိသောကြောင့် ဖြစ်သည်။

လူသားတွေက ခြေထောက်အောက်က ပုရွက်ဆိတ်လေးတွေနဲ့ စကားမပြောသလိုမျိုး မီးနတ်ဆိုးကြီး၏ မျက်လုံးထဲတွင် လူသားများသည် အရေးမပါသော ပုရွက်ဆိတ်များသာ ဖြစ်သဖြင့် စကားပြောရန် မထိုက်တန်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ကုထိုက်ပိုင် အမှန်တကယ် သိချင်သည်မှာ မီးနတ်ဆိုးကြီးကို စကားပြောစေခဲ့ပြီး သူ့ကိုယ်သူနှင့် တန်းတူဟု သတ်မှတ်ထားသော အရာက ဘာလဲ ဆိုတာပင် ဖြစ်သည်။

“ဘာလို့ သူတို့ကို မသတ်သေးတာလဲ၊ မင်း ဘာတွေ တွေ့နေရလို့လဲ”

ကုထိုက်ပိုင် သည် ရွှေရောင် ဧရာမမျောက်ဝံကြီး၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း လက်ထဲရှိ မီးနတ်ဆိုးကြီး၏ အမြုတေမှတဆင့် သိစိတ် တစ်ခု ပို့လွှတ်လိုက်သည်။

All Chapters