← Chapters

အခန်း (၁၉၀၆-၁၉၁၀)

Vol. 117 Ch. 1906-1910

အခန်း (၁၉၀၆-၁၉၁၀)

Vol. 117 Ch. 1906-1910

အခန်း (၁၉၀၆) စစ်ပွဲ နိဂုံး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (၁)

ရွှစ်

ထိုအချိန်တွင် ဝမ်ချောင်သည် လက်ဝါးဖြင့် စုပ်ယူလိုက်ရာ မလှမ်းမကမ်းရှိ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ဖန်လုံးတစ်ခုနှင့် ပြတ်တောက်နေသော လက်မောင်းတစ်ဖက်သည် လေထဲသို့ မြောက်တက်လာပြီး သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ဤ ရုတ်တရက် အပြောင်းအလဲသည် လူအများ၏ အာရုံကို ဖမ်းစားသွားသည်။

“ဒါ ကုထိုက်ပိုင်ရဲ့ လက်ပြတ်ပဲ”

လူအများ ဝိုင်းအုံလာကြပြီး ချက်ချင်းပင် ခွဲခြား သိမြင်လိုက်ကြသည်။

ဝမ်ချောင်လက်ထဲရှိ လက်ပြတ်သည် ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး ရှည်လျားသွယ်လျနေသည်။ ညာလက်ညှိုး နေရာတွင် လက်စွပ်ဝတ်ထားသော အရာတစ်ခု ထင်ကျန်နေသေးသည်။ ဒါသည် တစ်ခေတ်တစ်ခါက ဒဏ္ဍာရီဖြစ်ခဲ့သော ကုထိုက်ပိုင်၏ လက်ဖဝါးဖြစ်ပြီး ယခုတော့ ဤနေရာတွင် ကျဆုံးခဲ့ရပြီ ဖြစ်သည်။

“ကြည့်ရတာ အဲဒီ မီးနတ်ဆိုး အမြုတေကြောင့် သူ့ရဲ့ နောက်ဆုံးလက်ကျန် လက်တစ်ဖက်ကို ကာကွယ်ပေးထားနိုင်ခဲ့ပုံပဲ”

လူအများ၏ အကြည့်များသည် ကျန်ရှိနေသော ဖန်လုံး အပိုင်းအစပေါ်သို့ ရောက်သွားပြီး တစ်စုံတစ်ခုကို နားလည်လိုက်ကြသည်။ သို့သော် မကြာမီမှာပင် အခြား အရာတစ်ခုက သူတို့၏ အာရုံကို ဆွဲဆောင်သွားပြန်သည်။

လူအများ ကြည့်နေစဉ်မှာပင် မူလက မိုးရေစက်ကဲ့သို့ ချောမွေ့နေသော ကုထိုက်ပိုင်၏ လက်ပြတ်သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် စွမ်းအင်များ အားလုံး ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားသည်။ လက်တစ်ဖက်လုံး အံ့မခန်း အမြန်နှုန်းဖြင့် ကျုံ့သွားကာ ခြောက်သွေ့သွားပြီး သေးငယ်သော အနက်ရောင် သဲမှုန်များ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သစ်ကိုင်းခြောက်ကဲ့သို့ ခြောက်သွေ့သော လက်သည်းခွံများသာ ကျန်ရှိတော့သည်။

“ဘယ်သူမှ မသေဘဲ မနေနိုင်ပါဘူး။ ကြည့်ရတာ သူက အသက်တစ်ရာကျော်ထိ နေနိုင်ခဲ့ပေမဲ့ တန်ပြန်ပေးဆပ်မှုတွေ ရှိခဲ့ပုံပဲ။ အပြင်ပန်းမှာ မြင်ရသလောက် မစွမ်းဆောင်နိုင်ဘူး။ မင်းက သူ့ကို မီးနတ်ဆိုးနဲ့ အတင်း ခွဲထုတ်လိုက်တော့ သူ့ရဲ့ မူလစွမ်းအားကို ထိခိုက်သွားစေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲရင်တောင် ပုံမှန် အနေအထားနဲ့ဆို သူ သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ခြေသံများနှင့်အတူ ဝမ်ကျုံးစစ် လျှောက်လာပြီး ထို ခြောက်သွေ့နေသော လက်သည်းခွံများကို ကြည့်ကာ ပြောလိုက်သည်။

“အင်း”

ဝမ်ချောင်င်းညိတ်လိုက်သည်။ ဤအချက်ကို သူနှင့်မဟာဆရာဝမ်ကျုံးစစ်တို့ အမြင်တူကြသည်။ သို့သော် ဝမ်ကျုံးစစ်၏ အမြင်တစ်ချို့ကိုတော့ ဝမ်ချောင်သဘောမတူပေ။

“ဒီလောကမှာ မသေဘဲ နေနိုင်တဲ့သူ မရှိဘူးလား”

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် နက်နဲဆန်းကြယ်သော ဝတ်ရုံနက်ဝတ် လူများကို သတိရလိုက်သည်။ လက်ရှိ သိထားသော သတင်းအချက်အလက်များအရ ထိုလူများသည် အလွန် ကြာမြင့်စွာ ရှင်သန်ခဲ့ကြပုံရသည်။ သက်တမ်းအရှည်ဆုံးသူများသည် နှစ်ပေါင်း ထောင်ချီ၍ပင် ရှိနေကြပြီ ဖြစ်သည်။ သို့သော် ဤအကြောင်းကို ဝမ်ကျုံးစစ်တို့ သိကြဦးမည် မဟုတ်ပေ။

ထိုအတွေးများ ခေါင်းထဲ ဖြတ်သန်းသွားပြီးနောက် ဝမ်ချောင်အသိပြန်ဝင်လာသည်။

“ကုထိုက်ပိုင် သေပြီ။ အခု အရေးကြီးတာက ကျန်နေတဲ့ အာရပ် စစ်တပ်တွေကို ရှင်းလင်းဖို့ နည်းလမ်းရှာရမယ်”

ဝမ်ချောင်သည် ကုထိုက်ပိုင်၏ လက်ပြတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး မြောက်ဘက်ရှိ သဲမုန်တိုင်းကြားမှ သန်းနှင့်ချီသော အာရပ် သံချပ်ကာ မြင်းစီးတပ်များကို လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင် သေသွားပြီ ဖြစ်သော်လည်း လက်ကျန် မိစ္ဆာများ ရှိနေသေးသည်။ လူအများ ဝိုင်းဝန်းပြီး ကုထိုက်ပိုင်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသော တစ်သန်းကျော်သည့် အာရပ်သံချပ်ကာ တပ်များသည် အလယ်ပြည်နှင့် လူအများအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပင်။

ဝမ်ချောင်၏ စကားကို ကြားသောအခါ ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း.. စသည့် မဟာထန် ခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းချုပ်များသည် မြောက်ဘက် ကောင်းကင်ကို ဖုံးလွှမ်းထားသော သဲမုန်တိုင်းကြီးကို လှမ်းကြည့်လိုက်ကြသည်။

စစ်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲပင်။ ကုထိုက်ပိုင်ကျဆုံးမှုကြောင့် အာရပ်တပ်သားများ ဖရိုဖရဲ ဖြစ်နေကြသည်။ အဗူမွတ်စလင် နှင့် အာ့ဒ်နန်တို့သည်လည်း အခြေအနေ မကောင်းသည်ကို မြင်၍ သဲမုန်တိုင်းထဲ ဝင်ရောက်ကာ မြောက်ဘက်သို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ အာရပ်တို့၏ အဓိက အင်အားစုများကို တတ်နိုင်သမျှ ချေမှုန်းပြီး သူတို့ ပြန်မပြေးနိုင်အောင် တားဆီးရန်မှာ လူတိုင်း ဖြေရှင်းရမည့် ပြဿနာ ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် အရှေ့နှင့် အနောက် နိုင်ငံ ဖျက်ဆီးရေး စစ်ပွဲကြီး နောက်တစ်ကြိမ် မဖြစ်ပွားအောင် တားဆီးနိုင်မည် ဖြစ်သည်။

“မပူပါနဲ့... အခွင့်အရေး ရှိပါသေးတယ်။ ကျွန်တော် သဲမုန်တိုင်းကို သုံးပြီး သူတို့ကို နာရီဝက်လောက် ပိတ်လှောင်ထားနိုင်ပါသေးတယ်”

ဝမ်ချောင်ပထမဆုံး ပြောလိုက်သော စကားသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ စိတ်ထဲတွင် ရိပ်မိသလို ရှိသော်လည်း ဤမျှ ကြီးမားသော ရာသီဥတု အပြောင်းအလဲသည် တကယ်ပဲ ဝမ်ချောင်၏ လက်ရာ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

အခြားတစ်ဖက်တွင် ဝမ်ချောင်၏ အသံ ဆက်လက် ထွက်ပေါ်လာသည်။

“ဆရာဝမ်၊ ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်း... ခင်ဗျားတို့ တစ်ယောက်စီ တပ်တစ်တပ်စီ ဦးဆောင်ပြီး အနောက်တောင်၊ အရှေ့တောင်ဘက်ကနေ မြောက်ဘက်ကို ချီတက်ပါ။ ပါဟရာမ် နဲ့ ဆမ်ဆာနစ်မင်းဆက်ရဲ့ အန်ဂရာ သံချပ်ကာ တပ်တွေနဲ့ ပူးပေါင်းပြီး သူတို့ကို ဖြိုခွင်းပါ။ သူတို့ရဲ့ အဓိက အင်အားစုတွေကို တတ်နိုင်သမျှ ချေမှုန်းပြီး ပြန်လည် မစုစည်းနိုင်အောင် လုပ်ပါ”

“အပုစစ်…ခင်ဗျားရဲ ထုံလော်သံချပ်ကာ တပ်တွေက အရှေ့ဘက်ကနေ ချီတက်ပြီး ဝူရှန်းသံချပ်ကာ တပ်တွေနဲ့ ပေါင်းပြီး သူတို့ကို တတ်နိုင်သမျှ ဖြိုခွင်းပါ။ အာရပ်တပ်တွေ စုမိနေတာ တွေ့တာနဲ့ ချက်ချင်း ဝင်တိုက်ပြီး သူတို့ကို ဖြိုခွဲပစ်ပါ”

အချိန်တိုအတွင်းမှာပင် ဝမ်ချောင်သည် အမိန့်များကို ဆက်တိုက် ပေးလိုက်သည်။ ၁၅ မိနစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကံကြမ္မာ ကျောက်တုံး၏ အရှိန်အဝါစွမ်းရည်ကို အသုံးပြုခြင်းသည် ကံကြမ္မာ စွမ်းအင် အမှတ်များကို အလွန်ကုန်ကျစေသည်။ ဝမ်ချောင်အနေဖြင့် သူတို့ကို အချိန်ကြာကြာ ပိတ်လှောင်ထားနိုင်တော့မည် မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သဲမုန်တိုင်း၏ စွမ်းအားသည်လည်း လျော့နည်းလာမည် ဖြစ်သည်။

လူတိုင်းအတွက် အချိန် သိပ်မကျန်တော့ပေ။

“ဟုတ်ကဲ့”

ဝမ်ချောင်၏စကားကို ကြားပြီးနောက် လူတိုင်း သတိပြန်ဝင်လာကြသည်။ အမိန့်ပေးသံနှင့်အတူ လူတိုင်း အမြန် လူစုခွဲလိုက်ကြပြီး ဝမ်ချောင်စီစဉ်သည့်အတိုင်း အရပ်မျက်နှာ အသီးသီးမှ ကျန်ရှိနေသော တစ်သန်းကျော်သည့် အာရပ်သံချပ်ကာ တပ်များကို တိုက်ခိုက်ရန် ထွက်ခွာသွားကြသည်။

စစ်ပွဲသည် ယခုအချိန်မှသာ အရေးအကြီးဆုံး အပိုင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မဟာထန်နှင့်အာရပ်တို့၏ အရှေ့၊ အနောက်၊ နိုင်ငံသိမ်းစစ်ပွဲကြီးတွင် အာရပ်တို့သည် အင်အားအကုန် ထုတ်သုံးခဲ့ပြီး စစ်သည် ၂.၆ သန်းအထိ စုဆောင်းခဲ့သည်။ ရက်ပေါင်းများစွာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ဤ စစ်မြေပြင်၌ စစ်သည် တစ်သန်းကျော် ကျဆုံးခဲ့ရသည်။ ယခု စစ်မြေပြင် တစ်ခုလုံးတွင် အာရပ်အင်ပါယာ ဘက်၌ စစ်သည် ၁.၃ သန်းကျော် ကျန်ရှိနေသေးသည်။

မဟာထန် ဘက်တွင်မူ မူလက စစ်သည် ၆ သိန်းကျော် ရှိပြီး ပါဟရာမ်၏ ယွီစန်းကုန်းပြင်မြင့်တွင် ဝှက်ထားသော စစ်သည် ၁ သိန်းကျော်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၈ သိန်းခန့် ရှိသည်။ တိုက်ပွဲကြီး တစ်ခုအပြီးတွင် မဟာထန် ဘက်မှလည်း အထက်တန်းလွှာ တပ်သား ၂ သိန်းကျော် ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိနေသော မဟာထန် နှင့် ဆမ်ဆာနစ်မဟာမိတ် တပ်ပေါင်းစုသည် ၅ သိန်းခန့် ရှိနေသေးပြီး အာရပ်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။

အာရပ်အင်ပါယာကို လုံးဝ ပြိုကွဲစေပြီး မဟာထန် ကို နောက်တစ်ကြိမ် ပြန်လည် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မပြုနိုင်စေရန်အတွက် ဤတစ်သန်းကျော်သော အာရပ်စစ်တပ်ကို အရှင်ပြန်လွှတ်ပေး၍ မဖြစ်ပေ။

“ဝုန်း”

နောက်တစ်ခဏတွင် ဝမ်ချောင်သည် ပိုင်ထီဝူးကို စီးနင်းလျက် ကွန်ဖြူးရှပ် ပညာရှိ သရဖူကို ဆောင်းကာ အလယ်တွင် နေရာယူလိုက်သည်။ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများသည် ပင်လယ်ရေလှိုင်းများပမာ ပြင်းထန်စွာ ထွက်ပေါ်လာပြီး လျင်မြန်စွာပင် တစ်ခုမှ ဆယ်ခု၊ ဆယ်ခုမှ ရာခု၊ နောက်ဆုံးတွင် အားကောင်းသော စိတ်ဝိညာဉ် စွမ်းအား ရာဂဏန်းနီးပါးအဖြစ် ကွဲထွက်သွားသည်။ ထိုစွမ်းအားများသည် သဲလွှာများကို ဖောက်ထွင်းပြီး ကျန်းချိုးကျန့်ချုံး၊ အန်းစီရှန်း၊ ကောင်းရှန်းကျစ်နှင့် ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင်များ၊ စစ်ဘက်မှ ဗိုလ်ချုပ်များနှင့် ချိတ်ဆက်လိုက်သည်။

စိတ်ဝိညာဉ် အသိစိတ်ကို အတင်းအဓမ္မ ခွဲထုတ်ခြင်းသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်အပေါ် ကြီးမားသော ဝန်ပိစေသည်။ သာမန် သိုင်းပညာရှင် တစ်ယောက်အနေဖြင့် စိတ်ဝိညာဉ် စွမ်းအား ၅ ခု၊ ၆ ခုလောက် ခွဲထုတ်နိုင်လျှင်ပင် အတော် ကောင်းမွန်နေပြီ ဖြစ်သည်။

၁၀ ခုကျော် ခွဲထုတ်နိုင်သူမှာ အလွန် ရှားပါးလှသည်။ ဝမ်ချောင်ကဲ့သို့ စိတ်ဝိညာဉ် အသိစိတ်ကို ရာနှင့်ချီ ခွဲထုတ်ပြီး တစ်ပြိုင်နက်တည်း အာရုံများစွာ စိုက်ကာ စစ်တပ်ထဲရှိ ပစ်မှတ် ၁၀၀ ကျော်ကို ချိတ်ဆက်နိုင်ခြင်းသည် ပြိုင်ဘက်ကင်း ဖြစ်သည်။ ဒါသည် မဟာဘုန်းတော်ကြီး၏ စိတ်ဝိညာဉ် စွမ်းအားကို စုပ်ယူထားခြင်းနှင့် ကွန်ဖြူးရှပ် ပညာရှိ သရဖူ၏ အားဖြည့်ပေးမှုတို့ကြောင့် ဖြစ်သည်။

လောကတစ်ခွင်လုံးတွင် ဝမ်ချောင်မှလွဲ၍ မည်သူမျှ ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤ သဲမုန်တိုင်းသည် ဝမ်ချောင်ဖန်တီးထားခြင်း ဖြစ်သည့်အတွက် ကံကြမ္မာ ကျောက်တုံးမှတစ်ဆင့် သဲမုန်တိုင်း အတွင်းရှိ အာရပ်သံချပ်ကာ တပ်များ၏ လှုပ်ရှားမှု အားလုံးကို တိကျစွာ မြင်တွေ့နေရသည်။

“သတ်ကြ”

သဲမုန်တိုင်းကြားမှ သတ်ဖြတ်သံများ ထွက်ပေါ်လာပြီး မဟာထန် စစ်တပ် အားလုံးသည် နောက်ဆက်တွဲ တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

ဒါသည် အမှန်တကယ် ချေမှုန်းရေး စစ်ပွဲဖြစ်သည်။ အရာအားလုံးသည် အာရပ်တို့၏ အဓိက အင်အားစုများကို သတ်ဖြတ်ရန် ရည်ရွယ်သည်။

ကုထိုက်ပိုင်၏ ကွပ်ကဲမှု မရှိတော့ခြင်းနှင့် မဟာထန် ခေါင်းဆောင်ကြီး ၆ ဦး၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် အာရပ်တို့သည် တစ်ဖက်သတ် အရေးနိမ့်နေပြီး လုံးဝ ဖိနှိပ်ခံနေရကာ ပြိုကွဲလုနီးပါး ဖြစ်နေသည်။ "ဘုန်း... ဘုန်း... ဘုန်း..." သဲမုန်တိုင်းကြားမှ အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး မရေမတွက်နိုင်သော အာရပ်သံချပ်ကာ တပ်သားများသည် သစ်တုံးများ လဲကျသကဲ့သို့ မြေပြင်ပေါ် လဲကျသွားကြသည်။

အချိန်တိုင်းတွင် သောင်းနှင့်ချီသော အာရပ်သံချပ်ကာ တပ်သားများသည် သွေးအိုင်ထဲ လဲကျပြီး မဟာထန် စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။

၁ သိန်း... ၂ သိန်း... ၂ သိန်းခွဲ...

မဟာထန်နှင့် ဆမ်ဆာနစ်မဟာမိတ် စစ်သည် ၅ သိန်းကျော် အတူတကွ ထွက်ခွာပြီး ဓားများကို ဝှေ့ယမ်းလိုက်သောအခါ အာရပ်တို့၏ ထိခိုက်သေဆုံးမှုသည် စစ်ပွဲ စတင်ကတည်းက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ စိတ်ဓာတ်ကျဆင်းခြင်း၊ လမ်းကြောင်း ပျောက်ဆုံးခြင်း၊ တပ်ဖွဲ့များ ကွဲကွာသွားခြင်း... ယခုအချိန်တွင် အာရပ်စစ်တပ်သည် ခြေလျင်တပ်လောက်ပင် စွမ်းဆောင်ရည် မရှိတော့ပေ။

မဟာထန်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် အချိန်တိုအတွင်း၌ အာရပ်စစ်တပ်သည် ၁ သန်းအထိ လျော့ကျသွားပြီး ထိုအရေအတွက်သည်လည်း အံ့မခန်း အမြန်နှုန်းဖြင့် ဆက်လက် လျော့ကျနေသည်။

“အာ…”

သေခါနီးဆဲဆဲ စူးရှသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော အာရပ်သံချပ်ကာ တပ်သားများသည် ထိတ်လန့်တကြားဖြင့် ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ ဖရိုဖရဲ ပြေးလွှားနေကြသည်။ သို့သော် မည်သည့်ဘက်သို့ပင် ဖောက်ထွက်ရန် ကြိုးစားစေကာမူ အဆုံးမရှိသော မဟာထန် စစ်တပ်များက သူတို့ကို စောင့်ကြိုနေသည်။ အာရပ်သံချပ်ကာ တပ်သား အားလုံးက မိမိတို့ဘက်တွင် လူအင်အား အသာစီး ရနေသေးကြောင်း၊ အာရပ်ဘက်တွင် မဟာထန် ထက် စစ်သည် သိန်းချီ ပိုများနေသေးကြောင်း သိထားကြသော်လည်း...

ဤ သဲမုန်တိုင်းထဲတွင် လူအင်အား အသာစီးရမှုသည် လုံးဝ အရာမဝင်တော့ပေ။

အာရပ်သံချပ်ကာ တပ်သား တစ်ဦးချင်းစီ၏ အာရုံထဲတွင် အာရပ်ကသာ လူအင်အား နည်းပါးနေသည့်ဘက် ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

သူတို့ဘက်မှ တပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရှိလိုက်ရ၍ ဝမ်းမသာရသေးခင်မှာပင် အရပ်လေးမျက်နှာမှ မဟာထန် သံချပ်ကာ တပ်သားများ ဝိုင်းအုံလာသည်ကို ချက်ချင်း တွေ့လိုက်ရသည်။

လူတိုင်း၏ စိတ်ထဲတွင် မိမိတို့ဘက်မှ လူရာဂဏန်း၊ ထောင်ဂဏန်းဖြင့် မဟာထန် စစ်သည် သိန်းချီကို ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသည်။ ထိုခံစားချက်သည် တကယ်ကို မျှော်လင့်ချက်မဲ့စေသည်။

“အားလုံး စုနေကြ မကွဲသွားစေနဲ့”

“မဟာထန် တွေက ငါတို့လောက် မများဘူး... ဒီစစ်ပွဲမှာ ငါတို့ မရှုံးသေးဘူး”

“တခြား တပ်ဖွဲ့တွေနဲ့ ပေါင်းဖို့ နည်းလမ်းရှာကြ... ငါတို့ အင်အားတွေ စုစည်းလိုက်ရင် အဲဒီ မိစ္ဆာတွေကို သေချာပေါက် ပညာပေးနိုင်မှာပဲ”

……

ကျယ်ပြောလှသော သဲပြင်ကြီးထဲတွင် အထီးကျန်နေသော အာရပ်တပ်ဖွဲ့တစ်ဖွဲ့ စုစည်းနေသည်။ တပ်ဖွဲ့၏ရှေ့ဆုံးတွင် မျက်လုံးစူးစူး၊ လင်းယုန်နှာခေါင်းနှင့် အာရပ်စစ်ဗိုလ်ချုပ် တစ်ဦး အော်ဟစ်နေသည်။

ထိုအာရပ်စစ်ဗိုလ်ချုပ်သည် စွမ်းအားကြီးပုံရပြီး စစ်ပွဲအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။ ယခုလို ဖရိုဖရဲ အခြေအနေမျိုးတွင် တပ်ဖွဲ့များ ကွဲပြားနေသော်လည်း မတူညီသော တပ်ဖွဲ့များမှ စစ်သည် အများအပြားကို စုစည်းထားနိုင်ခဲ့သည်။

သို့သော် ထိုအာရပ်စစ်ဗိုလ်ချုပ်က အစွမ်းကုန် နှစ်သိမ့်ပေးနေသော်လည်း စစ်သည်များသည် စိုးရိမ်ထိတ်လန့်နေကြဆဲ ဖြစ်သည်။ အရပ်လေးမျက်နှာမှ အဆက်မပြတ် ထွက်ပေါ်နေသော အော်ဟစ်သံများသည် သူတို့၏ အာရုံကြောများကို အချိန်တိုင်း လှုံ့ဆော်နေပြီး လူတိုင်း ပြိုကွဲလုနီးပါး ဖြစ်နေကြသည်။

“မဟာသူတော်စင် သေပြီ... မဟာဘုန်းတော်ကြီးလည်း သေပြီ... ဧရာမ သတ္တဝါ တပ်ဖွဲ့လည်း ကုန်ပြီ... အာရပ်အင်ပါယာတော့ သွားပြီ”

အာရပ်သံချပ်ကာ တပ်သား တစ်ဦးချင်းစီ၏ မျက်နှာများ ဖြူဖျော့နေကြပြီး အရှေ့အနောက် မသဲကွဲသော သဲပြင်ကျယ်ကြီးကို ကြည့်ကာ စိတ်ဓာတ်များ အောက်ဆုံးထိ ကျဆင်းနေကြသည်။

“မင်း ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောစမ်း... ဘယ်သူ သွားပြီလဲ?”

ရုတ်တရက် ထို ၏အာရပ်စစ်ဗိုလ်ချုပ်သည် တစ်စုံတစ်ခုကို ကြားလိုက်ရသကဲ့သို့ မျက်လုံးများ အေးစက်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများဖြင့် နောက်ဘက်ရှိ အာရပ်သံချပ်ကာ တပ်သား တစ်ဦးကို စိုက်ကြည့်လိုက်သည်။ ရွှစ်... ထို အာရပ်သံချပ်ကာ တပ်သား ပြန်မဖြေနိုင်သေးခင်မှာပင် အလင်းရောင် တစ်ချက် လက်သွားပြီး ဓားသွားငယ်လေးများနှင့် ဆူးများ တပ်ဆင်ထားသော ချွန်ထက်သည့် ကြာပွတ်ရှည် တစ်ချောင်း ရုတ်တရက် ရောက်ရှိလာကာ ထို အာရပ်သံချပ်ကာ တပ်သားကို မြင်းပေါ်မှ ဆွဲမလိုက်ပြီး လေထဲသို့ မြှောက်လိုက်သည်။

“ကျွန်တော်... ကျွန်တော် ဘာမှ မပြောပါဘူး... ဘာမှ မပြောမိပါဘူး”

ထိုအာရပ်သံချပ်ကာဝတ်တပ်သားသည် ထိတ်လန့်တကြား ဖြစ်သွားပြီး လေထဲတွင် တွဲလောင်းဖြစ်ကာ အဆက်မပြတ် ရုန်းကန်နေသည်။

******

အခန်း (၁၉၀၇) စစ်ပွဲ နိဂုံး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (၂)

“မင်းတို့ ငါပြောတာ ကြားရဲ့လား၊ မင်းတို့အားလုံး နားထောင်ကြ မဟာသူတော်စင်ကြီး မသေသေးဘူး၊ ငါတို့ အာရပ်တွေ မရှုံးသေးဘူး။ တခြား တပ်ဖွဲ့တွေကို ရှာတွေ့တာနဲ့ တပ်တွေ အားလုံး ဆုတ်ခွာပြီး ဒီသဲမုန်တိုင်းထဲက ထွက်သွားကြမယ်။ အဲဒီကျရင် တစ်ခေါက် ပြန်လာပြီး အရှေ့တိုင်း ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ကြမယ်”

“ငါတို့က မွေးကတည်းက ကမ္ဘာကြီးရဲ့ အရှင်သခင် ဖြစ်ဖို့ ကံပါလာပြီးသား... ဘယ် မိစ္ဆာကောင်မှ ငါတို့ကို နိုင်မှာ မဟုတ်ဘူး... ကြားလား”

မြင်းပေါ်ရှိ အာရပ်စစ်ဗိုလ်ချုပ်သည် လက်ကောက်ဝတ်တွင် ကြာပွတ်ကို ရစ်ပတ်ထားပြီး မျက်နှာထား ကြမ်းတမ်းစွာဖြင့် အော်ဟစ်နေသည်။

“ဟုတ်... ဟုတ်ကဲ့... ဘယ်သူမှ ကျွန်တော်တို့ကို မနိုင်ပါဘူး”

ထို ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်ကို ကြည့်ရင်း ထိုအာရပ်သံချပ်ကာ တပ်သားသည် ရေနစ်နေသူကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေရပြီး ပြန်လည် မပြောရဲပေ။ သို့သော် နောက်တစ်ခဏတွင် လေကိုခွင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ကြာပွတ်ဖြင့် ရစ်ပတ်ကာ လေထဲသို့ မြှောက်ထားသော ထို အာရပ်စစ်ဗိုလ်ချုပ် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့နဖူးပေါ်တွင် ကြီးမားသော သွေးအိုင်တစ်ခု ဖြစ်ပေါ်လာပြီး မြှားတစ်စင်းသည် သူ့ခေါင်းကို ဖောက်ထွင်းသွားကာ အနောက်ဘက်ရှိ အခြား အာရပ်သံချပ်ကာ တပ်သား တစ်ဦးကိုပါ ထိမှန်သွားသည်ကို တွေ့လိုက်ရသည်။

ထိုအာရပ်သံချပ်ကာဝတ်တပ်သား၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။

“ရန်သူ လာပြီ... မဟာထန် တွေ လာပြီ”

“အားလုံး ထွက်ပြေးကြ”

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် မုန်တိုင်းတစ်ခုကဲ့သို့ တပ်ဖွဲ့တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တခဏချင်းမှာပင် လူအားလုံးသည် အဆိုးရွားဆုံး အရာကို မြင်လိုက်ရသကဲ့သို့ ငှက်များ၊ သားရဲများ ထွက်ပြေးသလို အရပ်လေးမျက်နှာသို့ ထွက်ပြေးကုန်ကြသည်။ ခက်ခက်ခဲခဲ စုစည်းထားရသော တပ်ဖွဲ့သည် တခဏချင်းမှာပင် ပြိုကွဲသွားသည်။

“ဒုန်း... ဒုန်း... ဒုန်း”

လူများ သိပ်ဝေးဝေး မရောက်သေးခင်မှာပင် မြန်ဆန်သော မြင်းခွာသံများ သဲပြင်ကို ရိုက်ခတ်လာပြီး သူတို့ရှိရာသို့ လျင်မြန်စွာ နီးကပ်လာသည်။ ထို မြင်းခွာများနှင့် မြေကြီး ရိုက်ခတ်သံသည် မိုင်ပေါင်းများစွာ အကွာအဝေးထိ ပဲ့တင်ထပ်နေသည်။

“ဝုန်း”

ထို အာရပ်သံချပ်ကာ တပ်သား မတုံ့ပြန်နိုင်သေးခင်မှာပင် မဟာထန် သံချပ်ကာ တပ်ဖွဲ့တစ်ဖွဲ့ သဲမုန်တိုင်းထဲမှ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုများ ပြည့်နှက်နေပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိပေ။ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော သဲမုန်တိုင်းကြီးသည် သူတို့ မျက်လုံးထဲတွင် မရှိသကဲ့သို့ပင်။

ရွှစ်... ဓားသွားများ လက်ခနဲ ဖြစ်သွားပြီး ထို အာရပ်သံချပ်ကာ တပ်သား၏ ခေါင်းနှင့် ကိုယ် ပြတ်တောက်ကာ မြေကြီးပေါ် လဲကျသွားသည်။ သောင်းနှင့်ချီသော မဟာထန် သံချပ်ကာ တပ်ဖွဲ့သည် ရပ်တန့်ခြင်း မရှိဘဲ လေမုန်တိုင်းကဲ့သို့ ထို အာရပ်သံချပ်ကာ တပ်သားများ နောက်သို့ ဆက်လက် လိုက်ပါသွားကြသည်။

ဟီးးးး... စစ်မြင်းများ ဟီသံများနှင့်အတူ တစ်ဖက်တွင် ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ နေရာအနှံ့ ထွက်ပြေးနေသော အာရပ်တပ်များ၊ အခြားတစ်ဖက်တွင် လေ့ကျင့်သား ပြည့်ဝပြီး တိကျသော လမ်းညွှန်မှု ရှိသည့် မဟာထန် တပ်များ... နောက်ဆုံး ရလဒ်ကို မေးစရာပင် မလိုတော့ပေ။

သနားစဖွယ် အော်ဟစ်သံများနှင့်အတူ လေးလံသော အရာဝတ္ထုများ ပြုတ်ကျသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် တိုက်ပွဲ ပြီးဆုံးသွားသည်။ အသံများ အားလုံး ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် အလောင်းပေါင်း ရာချီ ပြန့်ကျဲ ကျန်ရစ်ခဲ့သည်။

လေထုထဲတွင် သွေးနံ့များ လွှမ်းခြုံနေပြီး သဲမုန်တိုင်းနှင့် လေစီးကြောင်းများက အခြားနေရာများသို့ သယ်ဆောင်သွားသည်။

တစ်နေရာ၊ နှစ်နေရာ၊ သုံးနေရာ... ကျယ်ပြောလှသော သဲပြင် မိုင်ထောင်ချီ အကွာအဝေးတွင် အလားတူ မြင်ကွင်းမျိုး စစ်မြေပြင် နေရာအနှံ့ အချိန်တိုင်း ဖြစ်ပျက်နေသည်။

အရှေ့၊ တောင်၊ အနောက်၊ မြောက်... အရပ်လေးမျက်နှာမှ သတ်ဖြတ်သံများ ထွက်ပေါ်နေပြီး နေရာတိုင်းတွင် မဟာထန် တပ်များ ရှိနေသည်။

အာရပ်တပ်များ အားလုံး ပြိုကွဲနေကြသည်။ မသိလိုက်မဘာသာနှင့် အနောက်မြောက်ဘက်တွင် လူသိန်းချီသော တပ်ကြီးတစ်တပ် စုစည်းမိသွားသည်ကို လူအများ သတိမထားမိကြပေ။ ကာလရှည်ကြာ ရှုပ်ထွေးမှုများ ဖြစ်ပွားပြီးနောက် နောက်ဆုံးတွင် ကနဦး စုစည်းမှု ပြီးစီးသွားခဲ့သည်။

“နောက်ဆုံးတော့ အောင်မြင်ပြီ ဒီတပ်ဖွဲ့ ရှိနေရင် ငါတို့ အနည်းဆုံးတော့ ပြန်တိုက်နိုင်တဲ့ အင်အား ရှိသွားပြီ နောက်တစ်ဆင့်က တခြား တပ်တွေကို ပိုပြီး လက်ခံဖို့ပဲ”

တပ်မကြီး၏ အလယ်တွင် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ပုံရိပ်နှစ်ခု ယှဉ်တွဲ ရပ်နေသည်။ တစ်ယောက်မှာ အဗူမွတ်စလင် ဖြစ်ပြီး အခြားတစ်ယောက်မှာ အာ့ဒ်နန်ဖြစ်သည်။

“အင်း… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ပထမ ခြေလှမ်း ခိုင်မာသွားပြီ။ မဟာထန် ဘက်က မသိလောက်သေးဘူး။ ငါတို့ ပြင်ဆင်မှု ပြည့်စုံတာနဲ့ မထင်မှတ်ထားတဲ့ အချိန်မှာ မဟာထန် ရဲ့ ဝိုင်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ကြမယ်”

အာ့ဒ်နန်သည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

ဒီစစ်ပွဲမှာ အာရပ်ရှုံးသွားပြီ ဆိုတာကို သူတို့နှစ်ယောက် ကောင်းကောင်း နားလည်သည်။ ဒီစစ်ပွဲမှာ အာရပ်ဘက်က ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော မဟာသူတော်စင်နှင့် မဟာဘုန်းတော်ကြီးတို့ကို လက်လွတ် ဆုံးရှုံးခဲ့ရပြီး စစ်သည်အင်အား တစ်ဝက်နီးပါး သေဆုံးခဲ့ရသည်။ အာရပ်အနေဖြင့် မဟာထန်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ကြောင်း သူတို့နှစ်ဦး နားလည်လိုက်ကြသည်။ အခု အရေးကြီးဆုံးက အာရပ်နိုင်ငံသို့ ပြန်ဆုတ်ပြီး အင်အားကို ထိန်းသိမ်းထားရန် ဖြစ်သည်။

အနည်းဆုံးတော့ မဟာထန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် ရှိနေဖို့ လိုသည်။

“အားးး”

သနားစဖွယ် အော်ဟစ်သံများ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသည်။ အာ့ဒ်နန်နှင့် အဗူမွတ်စလင် တို့သည် ထို သေခါနီး အော်ဟစ်သံများကို ကြားရသောအခါ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသော်လည်း သနားညှာတာမှု လုံးဝ မရှိသလို တုံ့ဆိုင်းခြင်းလည်း အလျဉ်းမရှိပေ။

ဒါသည် အသက်ရှင်ဖို့အတွက် အမြီးဖြတ်ရခြင်း ဖြစ်သည်။ တပ်မကြီး၏ အင်အားကို ထိန်းသိမ်းရန်အတွက် တပ်ဖွဲ့ အနည်းငယ်ကို စွန့်လွှတ်ရပေမည်။

“အဆင်သင့် ဖြစ်ပြီလား”

အာ့ဒ်နန်သည် မူကာရာ၏ဓားကို ကိုင်လျက် အဗူမွတ်စလင် ကို လှည့်ကြည့်လိုက်သည်။

“အင်း... ပါဟရာမ်ရဲ့တပ်တွေကို ဆွဲဆောင်သွားပြီ။ ခဏလောက်နေရင် ငါတို့ အနောက်မြောက်ဘက်ကို ဖောက်ထွက်ပြီး ပန်မီယာ ကုန်းပြင်မြင့်ကို ကျော်ပြီးရင် အာရပ်ဆီ ပြန်ကြမယ်။ မဟာထန်တွေက အများစု ခြေလျင်တပ်တွေမို့ ငါတို့ စစ်မြင်းတွေကို မမီနိုင်ဘူး”

အဗူမွတ်စလင် ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် ဉာဏ်ပညာများ တောက်ပနေသည်။

အာရပ်သည် သံချပ်ကာ မြင်းစီးတပ်ကို အဓိကထားပြီး ခြေလျင်တပ်ထက် အမြန်နှုန်း သာလွန်သည်။ ဒါသည် လက်ရှိ အခြေအနေတွင် အာရပ်အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်း ဖြစ်နိုင်သည်။

“အဗူမွတ်စလင်… စိတ်ကူးယဉ်မနေနဲ့တော့… မင်းတို့ အာရပ်ကို ပြန်လို့ မရတော့ဘူး”

ရုတ်တရက် အေးစက်ပြီး ကျယ်လောင်သော အသံတစ်ခု သဲမုန်တိုင်းကို ဖြိုခွင်းလျက် အာရပ်စစ်သည် သိန်းချီ၏ အပေါ်တွင် ပဲ့တင်ထပ်လာသည်။ အဗူမွတ်စလင် နှင့် အာ့ဒ်နန်တို့၏ တီးတိုး စကားသံများသည် တစ်ဖက်လူ၏ နားကို မကျော်လွန်နိုင်ခဲ့ပုံ ရသည်။

“ရွှစ်”

ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ အဗူမွတ်စလင် နှင့် အာ့ဒ်နန်တို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားပြီး နှစ်ယောက်သား ပြိုင်တူ မတ်တတ်ရပ်လိုက်ကြကာ မျက်နှာထားများ အလွန် တင်းမာသွားကြသည်။

ဝမ်ချောင်…

မဟာထန်၏ စစ်သေနာပတိချုပ်၊ မဟာဘုန်းတော်ကြီးနှင့် မဟာသူတော်စင်ကို အနိုင်ယူခဲ့သော ကြောက်မက်ဖွယ် သိုင်းပညာရှင်…

သူ့အသံကို သူတို့နှစ်ဦး ရင်းနှီးလွန်းနေပြီ။

သို့သော် ဝမ်ချောင်၏အသံသည် တစ်ကြိမ်သာ ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားသည်။ ထို့နောက် အရပ်လေးမျက်နှာမှ အလျင်အမြန် လာနေသော မြင်းခွာသံများနှင့် ခြေလျင်တပ်များ ချီတက်လာသော အသံများ ထွက်ပေါ်လာသည်။ တခဏချင်းမှာပင် မဟာထန် စစ်သည် မည်မျှ ရောက်လာသည်ကို မသိနိုင်လောက်အောင် အရပ်မျက်နှာ အသီးသီးမှ ဤနေရာသို့ ဦးတည်လာနေကြသည်။

ဤ မဟာထန် တပ်များသည် ကြိုတင်နိမိတ် မပြဘဲ ရောက်ရှိလာကြပြီး အချင်းချင်းကြား ချိတ်ဆက်မှု အလွန် ကောင်းမွန်သည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အဗူမွတ်စလင်၊ အာ့ဒ်နန်နှင့် ဤနေရာတွင် စုဝေးနေသော အာရပ်စစ်သည် သိန်းချီတို့သည် ဝိုင်းရံပိတ်ဆို့မှုထဲ ရောက်ရှိသွားကြသည်။

“ထောင်ချောက်”

လျှပ်တစ်ပြက်အတွင်းမှာပင် ထိုအတွေး ခေါင်းထဲ ဝင်ရောက်လာပြီး နှစ်ဦးသား အခြေအနေကို နားလည်လိုက်ကြကာ မျက်နှာများ ဖြူဖျော့သွားသည်။

ကုထိုက်ပိုင်သေဆုံးပြီးကတည်းက သူတို့နှစ်ဦးသည် အရှိန်အဝါများကို ဖုံးကွယ်ပြီး ဝမ်ချောင်နှင့် မဟာထန် ခေါင်းဆောင်ကြီးများ၏ အာရုံခံနိုင်စွမ်းကို ရှောင်တိမ်းနေခဲ့ကြသည်။ သူတို့နှစ်ဦး အောင်မြင်ပြီဟု ထင်ခဲ့ကြပြီး တပ်ဖွဲ့များကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ စုစည်းကာ ခြေကုပ်ယူနိုင်ပြီဟု ထင်ခဲ့ကြသည်။

သို့သော် ယခုကြည့်ရသည်မှာ သူတို့၏ လုပ်ရပ် အားလုံးသည် ဝမ်ချောင်၏ မျက်စိအောက်မှ မလွတ်ကင်းခဲ့ပုံ ရသည်။

သူတို့နောက်တွင် စုစည်းထားသော တပ်မကြီးသည်ပင်လျှင် တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ မောင်းနှင် စုစည်းပေးထားသကဲ့သို့ ခံစားလိုက်ရသည်။

“ဟီးးးး”

ထိုအချိန်တွင် စစ်မြင်းဟီသံများနှင့်အတူ အရှေ့ဘက်မှ သံချပ်ကာ မြင်းစီးတပ်များသည် သဲမုန်တိုင်းကို ဖောက်ထွက်လျက် တံတိုင်းကြီးပမာ ရပ်တန့်လိုက်ကြသည်။ မရေမတွက်နိုင်သော စစ်သည်များသည် စူးရှသော မျက်လုံးများဖြင့် အလယ်ရှိ အာ့ဒ်နန်နှင့် အဗူမွတ်စလင် ကို စိုက်ကြည့်နေကြသည်။

ဒါသည် အစပျိုးရုံသာ ရှိသေးသည်။ ၎င်း၏ နောက်တွင် ကပ်လျက် အရှေ့တောင်ဘက်မှ စစ်မြင်းဟီသံများ ထွက်ပေါ်လာပြီး မင်ရည်ကဲ့သို့ မည်းနက်သော မြင်းကြီးတစ်ကောင် သဲမုန်တိုင်းထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ၏ အနောက်တွင် မရေမတွက်နိုင်သော အနောက်တောင် ကာကွယ်ရေး တပ်ဖွဲ့၏ သံချပ်ကာ မြင်းစီးတပ်များနှင့် သောင်းနှင့်ချီသော ခြေလျင်တပ်ဖွဲ့များ စီတန်း ပါဝင်လာသည်။

“ဟွန်း”

ကျန်းချိုးကျန့်ချုံးသည် အဝေးကို လှမ်းကြည့်ကာ ဝတ်ရုံကို ခါလိုက်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။

ထို့နောက် အန်းစီရှန်း၊ ကောင်းရှန်းကျစ်၊ အပုစစ် စသော မဟာထန် ခေါင်းဆောင်ကြီးများသည် အရှေ့တောင်၊ အနောက်... အရပ်မျက်နှာ အသီးသီးမှ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် လေပြင်းများ တိုက်ခတ်နေပြီး သဲများ လွင့်ပျံနေသည်။ အရပ်လေးမျက်နှာမှ ချဉ်းကပ်လာသော မဟာထန် စစ်သည် သိန်းချီကို အာရုံခံမိလိုက်သော အာ့ဒ်နန်၊ အဗူမွတ်စလင်နှင့် အနောက်မှ အာရပ်စစ်သည် သိန်းချီတို့၏ ရင်ထဲတွင် ရေခဲရေနှင့် အလောင်းခံလိုက်ရသကဲ့သို့ အေးစက်သွားကြသည်။

“အသင့်ပြင်ထား”

အာ့ဒ်နန်မျက်လုံး ကျဉ်းမြောင်းသွားပြီး မူကာရာ၏ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ တစ်ကိုယ်လုံးကိုလည်း တင်းထားသော လေးကိုင်းကြီး တစ်ခုကဲ့သို့ ကိုင်းညွှတ်လိုက်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ လက်ရှိ အခြေအနေအရ အာရပ်တို့ ဆုတ်ခွာစရာ လမ်းမရှိတော့ပေ။ သေမထူး နေမထူး တိုက်ခိုက်ရုံသာ ရှိတော့သည်။

တစ်ချိန်တည်းမှာပင် အာ့ဒ်နန်ဘေးရှိ အဗူမွတ်စလင် သည်လည်း လေးနက်သော မျက်နှာထားဖြင့် ဓားရှည်ကို ဆွဲထုတ်ကာ အမိန့်ပေးလိုက်သည်။

“စစ်ကြောင်း ပုံဖော်”

လက်ရှိ အခြေအနေသည် အလွန် အန္တရာယ်များနေပြီး အသက်စွန့် တိုက်ခိုက်မှသာ အသက်ရှင် လွတ်မြောက်နိုင်မည့် အခွင့်အရေး ရရှိပေမည်။

“ဘယ်ဘက်က ဖောက်ထွက်မလဲ”

အာ့ဒ်နန်၏မျက်လုံးများသည် သားရဲကောင်ကဲ့သို့ တောက်ပနေသည်။ သူသည် ရှေ့ကို ကြည့်နေသော်လည်း လျှို့ဝှက်အသိစိတ်ဖြင့် အဗူမွတ်စလင်နှင့် ချိတ်ဆက် မေးမြန်းလိုက်သည်။

“မဟာထန်က အနောက်မြောက်ဘက်မှာ အင်အား အများကြီး ချထားတယ်။ အရှေ့မြောက်ဘက်ကတော့ အားအနည်းဆုံးပဲ။ ခဏနေရင် ငါတို့ အရှေ့မြောက်ဘက်ကနေ ဖောက်ထွက်ပြီး အနောက်ပိုင်း ဒေသကို ပတ်၊ ပန်မီယာ ကုန်းပြင်မြင့်နဲ့ ဆမာကန်ကို ကျော်ပြီး အာရပ်ကို ပြန်မယ်”

“သူတို့ ငါတို့ကို မီမှာ မဟုတ်ဘူး”

အဗူမွတ်စလင် လေးနက်စွာ ပြောလိုက်သည်။

“ကောင်းပြီ”

အာ့ဒ်နန်ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ အာရပ်၏ ကျန်ရှိနေသော ဗိုလ်ချုပ်ကြီး နှစ်ဦးသည် အချိန်တိုအတွင်း တုံ့ပြန်မည့် နည်းဗျူဟာကို ဆွေးနွေး အတည်ပြုလိုက်သည်။ လက်ရှိ အခြေအနေသည် ပိတ်မိနေသော်လည်း သေလမ်းတော့ မဟုတ်သေးပေ။ မဟာထန် အနေဖြင့် သူတို့ အားလုံးကို ဝါးမြိုပစ်ရန် မလွယ်ကူလှပေ။

သို့သော် သူတို့နှစ်ဦး ဆုံးဖြတ်ချက်ချပြီး တပ်ကို ဦးဆောင်ကာ တိုက်စစ်ဆင်ရန် ပြင်လိုက်ချိန်တွင် အနောက်ဘက်မှ ကျယ်လောင်သော သံထည် ပစ္စည်းသံများနှင့် ဘီးလိမ့်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

နှစ်ဦးသား ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။

“ဝုန်း”

သဲမုန်တိုင်းကြားမှ ပေါ်လာသော အရာများကို မြင်လိုက်ရသောအခါ နှစ်ဦးသား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြပြီး မျက်နှာပေါ်မှ သွေးရောင်များ ချက်ချင်း ပျောက်ကွယ်သွားသည်။

လေးလံသော လေးမြင်းရထားများ

အရှေ့တောင်ဘက်မှ ကောင်းကင်ကို တုန်ခါစေသော သံထည်သံများနှင့်အတူ ဖြည်းညှင်းစွာ ပေါ်လာသည်မှာ ထောင်သောင်းချီသော မဟာထန် လေးမြင်းရထားတပ်ဖွဲ့များ ဖြစ်သည်။ စစ်မြေပြင် တစ်ခုလုံးတွင် အကြောက်မက်ဖွယ် အကောင်းဆုံး လက်နက်များ ဖြစ်ပြီး အာရပ်၏ ဧရာမ သတ္တဝါ တပ်ဖွဲ့ထက်ပင် ပိုမိုပြင်းထန်သော စွမ်းအား ရှိသည်။

အင်အားအကြီးဆုံး အာရပ်တပ်သား ဖြစ်ပါစေ၊ အထူဆုံး သံချပ်ကာ ဝတ်ဆင်ထားပါစေ၊ ဤမဟာထန် လေးမြင်းရထားများ ရှေ့တွင် သားကောင်ငယ်လေးများ သဖွယ်သာ ဖြစ်သည်။

အဆိုးရွားဆုံး အချက်မှာ လေးမြင်းရထားများ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးအရ အရှေ့မြောက်နှင့် အရှေ့တောင်ဘက် နှစ်ခုစလုံးသည် သူတို့၏ မြှားမိုးရွာသွန်းမည့် ဧရိယာထဲတွင် ကျရောက်နေသည်။

အာရပ်သံချပ်ကာ တပ်သား သိန်းချီ အနေဖြင့် အရှေ့မြောက်ဘက်မှ ဖောက်ထွက်နိုင်ရန် ဒူးလေးမြှားများဖြင့် ယက်လုပ်ထားသော သေမင်းတမန် နယ်မြေကို ဖြတ်ကျော်ရပေမည်။

သို့သော် အဗူမွတ်စလင် နှင့် အာ့ဒ်နန်တို့ကို စဉ်းစားချိန် ပိုမပေးတော့ဘဲ အရှေ့၊ တောင်၊ အနောက်၊ မြောက် အရပ်လေးမျက်နှာမှ ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်း…စသော မဟာထန်တပ်ဖွဲ့များနှင့် လေးမြင်းရထားတပ်ဖွဲ့များသည် အာရပ်တပ်များ ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လာကြတော့သည်။

******

အခန်း (၁၉၀၈) စစ်ပွဲ နိဂုံး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (၃)

“ဟီးးး”

“သတ်”

စစ်မြင်းဟီသံများနှင့်အတူ သတ်ဖြတ်သံများ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားပြီး လေထု အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သို့သော် ပထမဆုံး တိုက်ခိုက်သူမှာ ကျန်းချိုးကျန့်ချုံး နှင့် အခြားသူများ မဟုတ်ဘဲ စုဟန်ရှင်း ထိန်းချုပ်ထားသော လေးမြင်းရထား တပ်ဖွဲ့ ဖြစ်သည်။

“ဝုန်း ဝုန်း ဝုန်း”

တောင်ပြိုသကဲ့သို့ ကျယ်လောင်သော အသံများနှင့်အတူ သောင်းနှင့်ချီသော မြှားတံများသည် ဒေါသထွက်နေသော နဂါးများကဲ့သို့ မိုးစက်များပမာ သိပ်သည်းစွာဖြင့် အာရပ်တို့ရှိရာသို့ ပျံသန်းသွားကြသည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အာ့ဒ်နန်နှင့် အဗူမွတ်စလင် တို့၏ နောက်ရှိ သိပ်သည်းသော စစ်သည်များသည် လယ်ကွင်းထဲမှ စပါးပင်များ ရိတ်သိမ်းခံရသကဲ့သို့ တန်းစီ လဲကျသွားကြသည်။

မရေမတွက်နိုင်သော စစ်မြင်းများ မြေကြီးပေါ် လဲကျသွားကြသည်။

လေးသောင်း….

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အာရပ်စစ်သည် လေးသောင်းကျော်သည် မြှားတံများ ဖောက်ထွင်းခံရပြီး မြေကြီးပေါ် လဲကျသွားကြသည်။ လူသေအလောင်းများ၊ မြင်းသေအလောင်းများ၊ ဓားကွေးများ၊ မြှားရှည်များနှင့် အနက်ရောင် အလံကြီးများသည် ရှုပ်ထွေးပွေလီစွာဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

သွေးများသည် ခဏချင်းမှာပင် မြစ်ချောင်းသဖွယ် စီးဆင်းသွားသည်။

ကြောက်မက်ဖွယ် ကောင်းလွန်းသော သတ်ဖြတ်နိုင်စွမ်းကြောင့် မျှော်လင့်ချက်မဲ့စေသည်။

ထို့အပြင် မြှားမိုးသည်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ရွာသွန်းနေဆဲပင်။

“အားလုံး အမိန့်နာခံကြ... အစွမ်းကုန် ဖောက်ထွက်ကြ”

အာ့ဒ်နန်သည် လက်ထဲမှ မူကာရာ၏ဓားကို မြှောက်လိုက်ရင်း အလွန်အမင်း စိတ်ပျက်အားငယ်နေသည်။ မဟာသူတော်စင် သေဆုံးပြီ၊ မဟာဘုန်းတော်ကြီး သေဆုံးပြီ၊ အာရပ်အင်ပါယာ၏ဘုရင်ခံများ၊ ဒုဘုရင်ခံများလည်း သေဆုံးဒဏ်ရာရသူ မနည်းတော့ပေ။ ယခု ဧရာမ သတ္တဝါတပ်ဖွဲ့လည်း ပျက်စီးသွားပြီ ဖြစ်သော်လည်း မဟာထန်၏ လေးမြင်းရထား တပ်ဖွဲ့ကတော့ ရှိနေဆဲပင်။

ဒီစစ်ပွဲက ဆက်လက် တိုက်ခိုက်လို့ မရနိုင်တော့ပေ။

“ခွက် ခွက် ခွက်”

နောက်တစ်ခဏတွင် မြင်းခွာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စိုးရိမ်ထိတ်လန့်နေသော အာရပ်သံချပ်ကာ တပ်သားများသည် အာ့ဒ်နန်နှင့် အဗူမွတ်စလင်တို့၏ ဦးဆောင်မှုအောက်တွင် ကာကွယ်ရေး အားအကောင်းဆုံးဖြစ်သော အရှေ့မြောက်ဘက်သို့ တုံ့ဆိုင်းခြင်း မရှိဘဲ ပြေးဝင်သွားကြသည်။

အရှေ့မြောက်ဘက်တွင် ကာကွယ်ရေး အားအနည်းဆုံး ဖြစ်သော်လည်း လေးမြင်းရထား တပ်ဖွဲ့၏ မြှားမိုးအောက်သို့ မည်သူမျှ မသွားရဲတော့ပေ။

ထိုသတ်ဖြတ်နိုင်စွမ်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

အာ့ဒ်နန်ကဲ့သို့ စွမ်းအားကြီးသူပင် ထိုအတွေး မရှိတော့ပေ။

“ဝုန်း”

စစ်မြင်းသံများနှင့်အတူ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် နှစ်ဖက် တပ်များသည် အနောက်မြောက်ဘက်တွင် ပြင်းထန်စွာ တိုက်ခိုက်မိကြသည်။ တစ်ချိန်တည်းမှာပင် အန်းစီရှန်း၊ ကောင်းရှန်းကျစ်၊ အပုစစ်နှင့် အခြားသူများသည်လည်း အခြား ဘက်များမှ ဝင်ရောက် တိုက်ခိုက်ကာ အာရပ်စစ်တပ်ထဲသို့ အတင်း ဝင်ရောက်သွားကြသည်။

သို့သော် အနောက်ဘက် တည့်တည့်တွင်မူ မည်သူမျှ ချဉ်းကပ်ခြင်း မရှိပေ။ မဟာထန် ခေါင်းဆောင်ကြီးများသည် တိုင်ပင်ထားခြင်း မရှိဘဲ စုဟန်ရှင်း၏ လေးမြင်းရထား တပ်ဖွဲ့အတွက် ကြီးမားသော လမ်းကြောင်းတစ်ခု ဖွင့်ပေးထားကြသည်။

“ဝုန်း”

မြှားမိုးများသည် တည်ငြိမ်ပြီး လူကို စိတ်ပျက်အားငယ်စေသော စည်းချက်ဖြင့် တရစပ် ပစ်ခတ်နေသည်။ သေမင်းတမန် တုန်ခါသံ ထွက်ပေါ်လာတိုင်း အာရပ်စစ်သည်များသည် တန်းစီ လဲကျသွားကြသည်။

စုဟန်ရှင်း ဦးဆောင်သော လေးမြင်းရထား တပ်ဖွဲ့သည် ကြောက်မက်ဖွယ် အကောင်းဆုံး ရိတ်သိမ်းရေး စက်ကိရိယာကြီး တစ်ခုကဲ့သို့ အာရပ်သံချပ်ကာ တပ်သားများ၏ အသက်များကို တစ်သုတ်ပြီး တစ်သုတ် ရိတ်သိမ်းနေသည်။

ရှစ်သောင်း..

တစ်သိန်း တစ်သောင်း..

အာ့ဒ်နန်နှင့် အဗူမွတ်စလင် ဦးဆောင်သော တပ်ဖွဲ့များသည် ကြောက်ခမန်းလိလိ အရှိန်အဟုန်ဖြင့် ကျဆုံးနေကြသည်။

တစ်ချိန်တည်းမှာပင် အရပ်လေးမျက်နှာမှ မရေမတွက်နိုင်သော မဟာထန် စစ်သည်များသည်လည်း လိုက်လံ သတ်ဖြတ်နေကြသည်။ ပြင်းထန်သော တိုက်ခိုက်သံများနှင့်အတူ အာရပ်စစ်သည် အများအပြားသည် သစ်တုံးများကဲ့သို့ စစ်မြေပြင်ပေါ်၊ သွေးအိုင်ထဲသို့ လဲကျသွားကြသည်။

တစ်သိန်း ငါးသောင်း

တစ်သိန်း ခုနစ်သောင်း

နှစ်သိန်း...

အချိန်တိုအတွင်းမှာပင် အာရပ်တို့၏ကျဆုံးမှုသည် ထိတ်လန့်ဖွယ် ကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်။ တစ်ဖက်တွင် လေ့ကျင့်သား ပြည့်ဝပြီး စိတ်ဓာတ် တက်ကြွကာ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်သော မဟာထန် စစ်တပ်၊ အခြားတစ်ဖက်တွင် တပ်ဖွဲ့များ ဖရိုဖရဲဖြစ်ကာ စိတ်ဓာတ် အောက်ဆုံးထိ ကျဆင်းနေသော အာရပ်စစ်တပ်... ဤ စစ်ပွဲသည် စတင်ကတည်းက ရလဒ် သေချာနေပြီးသား ဖြစ်သည်။

အာရပ်တို့အဖို့ စိုးရိမ်ရသည်မှာ အနောက်ဘက်မှ သောင်းနှင့်ချီသော လေးမြင်းရထား တပ်ဖွဲ့များသာ မကသေးပေ။

ကောင်းကင် မည်းမှောင်သွားပြီး လူများ မတုံ့ပြန်နိုင်မီမှာပင် တောင်ကုန်းပမာ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာကာ အာရပ်စစ်တပ် အလယ်တည့်တည့်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။

“ရွှေရောင် ဧရာမ မျောက်ဝံကြီးပဲ”

“သတိထား”

ထို ကြီးမားသော သတ္တဝါကြီးကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော စစ်မြင်းများ ဟီကျလာပြီး အာရပ်သံချပ်ကာ တပ်သားများ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ အာရပ်တို့၏ ဧရာမ သတ္တဝါ တပ်ဖွဲ့တစ်ခုလုံး နီးပါး ပျက်စီးသွားပြီ ဖြစ်ပြီး ဤအစွမ်းအထက်ဆုံး ရွှေရောင် ဧရာမ မျောက်ဝံကြီး တစ်ကောင်သာ အသက်ရှင် ကျန်ရစ်တော့သည်။

သို့သော် မဟာထန်ဘက်တွင် ဧရာမသတ္တဝါများကို နှိမ်နင်းနိုင်သော ဧရာမ လေးမြင်းရထားကြီးများ ရှိသော်လည်း အာရပ်ဘက်တွင်မူ ဤခွန်အားကြီးမားသော ရွှေရောင် ဧရာမ မျောက်ဝံကြီးကို ကိုင်တွယ်နိုင်စွမ်း မရှိပေ။

“ဂါးးးး”

ဧရာမ သတ္တဝါကြီး ဟိန်းဟောက်လိုက်ရာ ကြီးမားသော ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ အစွယ်များ ထွက်ပေါ်လာသည်။ ၎င်း၏ မျက်လုံးများသည် သွေးရောင် လွှမ်းနေပြီး ကောင်းကင်မှ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် သစ်တုံးကြီးများကဲ့သို့ ကြီးမားသော လက်မောင်းကြီး နှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ "ဘုန်း" ခနဲ အသံနှင့်အတူ အာရပ်သံချပ်ကာ တပ်သား ၇၀၊ ၈၀ ခန့်သည် အသံပင် မထွက်နိုင်လိုက်ဘဲ ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ ကြောက်မက်ဖွယ် ခွန်အားအောက်တွင် အမှုန့်ဖြစ်သွားကြသည်။

“အောင်း…”

ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ အနောက်တွင် ကပ်လျက် ကြီးမားသော သားရဲများ အာရပ်စစ်တပ်ထဲသို့ ဝင်ရောက်လာကြသည်။

ဤ အဆင့်မြှင့်တင်ထားသော သားရဲကြီးများသည် ယခင်က ဥက္ကာခဲများကဲ့သို့ မဟာထန် စစ်တပ်ထဲသို့ ကျဆင်းလာကာ ဝမ်ချောင်၏ တပ်ဖွဲ့ကို ထိခိုက်မှု မနည်း ဖြစ်စေခဲ့သည်။ သို့သော် တိုက်ပွဲ ပြီးဆုံးသွားသောအခါ ဝမ်ချောင်သည် မဟာဘုန်းတော်ကြီးထံမှ ရရှိသော စိတ်ဝိညာဉ် စွမ်းအားနှင့် ဗဟုသုတများ၊ ကွန်ဖြူးရှပ် ပညာရှိ သရဖူ၏ အားဖြည့်ပေးမှုတို့ဖြင့် သူတို့၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

“သတ်စမ်း”

သားရဲတစ်ကောင်ချင်းစီသည် သံချပ်ကာများ ဝတ်ဆင်ထားပြီး သားရဲများကဲ့သို့ အာရပ်စစ်တပ်ထဲသို့ တိုးဝင်တိုက်ခိုက်ကြသည်။ "ဒုန်း" ခနဲ အသံနှင့်အတူ အာရပ်သံချပ်ကာ တပ်သား တစ်ဦး မတုံ့ပြန်နိုင်လိုက်ခင်မှာပင် သားရဲတစ်ကောင်၏ သံတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရပြီး အော်ဟစ်ကာ လူရော မြင်းပါ မီတာ ဆယ်ချီ လွင့်စင်သွားသည်။

“ဒုန်း... ဒုန်း... ဒုန်း”

သားရဲတစ်ကောင်ပြီး တစ်ကောင် ပြေးဝင်သွားရာ သိုးအုပ်ထဲ ကျားဝင်သကဲ့သို့ အာရပ်တို့၏ စစ်ကြောင်းကို ဖရိုဖရဲ ဖြစ်သွားစေသည်။

ဤမြင်ကွင်းများကို မြင်လိုက်ရသော အာ့ဒ်နန်နှင့် အဗူမွတ်စလင် တို့၏ စိတ်နှလုံးသည် အောက်ဆုံးထိ ကျဆင်းသွားသည်။ မိုးရွာတုန်း ထီးကျိုး ဆိုသလို မဟာထန် ဘက်က အဘက်ဘက်မှ ဖိနှိပ် တိုက်ခိုက်လာသဖြင့် သူတို့အတွက် အခွင့်အရေး လုံးဝ မရှိတော့ပေ။

“အခွင့်အရေး မရှိတော့ဘူး... အမြန်ဆုံး ဖောက်ထွက်မှ ဖြစ်မယ်”

အဗူမွတ်စလင်၏ ရင်ထဲတွင် အေးစက်သွားသည်။

“ပြေးလို့ မလွတ်တော့ဘူး”

ထိုအချိန်တွင် အသံတစ်သံ နားထဲ ရောက်လာသည်။ ထိုအသံကို ကြားလိုက်ရသော အဗူမွတ်စလင် သည် အံ့ဩသွားပြီး မျက်တောင်တစ်ခတ် အတွင်း လှည့်ကြည့်လိုက်ရာ ဘေးနားရှိ အာ့ဒ်နန်ကို တွေ့လိုက်ရသည်။

အာ့ဒ်နန်သည် တည်ငြိမ်သော မျက်နှာထားရှိပြီး အရာရာကို ကြိုတင် သိမြင်ထားပုံ ရသည်။ အဗူမွတ်စလင် သိထားသော ရူးသွပ်ကြမ်းကြုတ်သည့် သားရဲကောင်နှင့် လုံးဝ မတူတော့ပေ။

“အာ့ဒ်နန်?”

အဗူမွတ်စလင် ကြောင်သွားသည်။

“သူတို့က ငါတို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ ပေးဆပ်မှု တစ်ခုခု မလုပ်ရင် ငါတို့ အားလုံး ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်”

အာ့ဒ်နန်၏ မျက်နှာထားသည် အလွန်တည်ငြိမ်နေသည်။ မဟာသူတော်စင် သေဆုံးပြီးနောက် အာ့ဒ်နန်၏ ပုံစံသည် လုံးဝ ပြောင်းလဲသွားသည်။

“ငါ သူတို့ကို ဆွဲထားလိုက်မယ်။ မင်း တပ်ကို ဦးဆောင်ပြီး ဖောက်ထွက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ တပ်တွေကို အာရပ်ဆီ ပြန်ရောက်အောင် ခေါ်သွားပါ”

“”

အာ့ဒ်နန်၏ စကားကို ကြားသောအခါ အဗူမွတ်စလင် အံ့ဩသွားပြီး သတိပြန်ဝင်လာသည်။ သို့သော် သူ စကားမပြောနိုင်သေးခင်မှာပင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားစေသော သတ်ဖြတ်သံများ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသည်။

“သတ်”

“အာ့ဒ်နန်၊ အဗူမွတ်စလင်... မင်းတို့ ပြေးမလွတ်တော့ဘူး”

လေဟာနယ်ထဲတွင် အားကောင်းသော အသိစိတ် လှိုင်းများ လျှပ်စီးပမာ ဖြတ်သန်းသွားပြီး စစ်မြေပြင် တစ်ခုလုံး ပျံ့နှံ့သွားသည်။

သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်တွင် ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်း... စသော မဟာထန်ခေါင်းဆောင်ကြီးများ တည့်တည့်မတ်မတ် ပြေးဝင်လာကြသည်။

“ဟားဟားဟား... ငါ အာ့ဒ်နန်ရဲ့ အသက်ကို လိုချင်ရင် အဲဒီလောက် မလွယ်ဘူး”

လျှပ်တစ်ပြက် အတွင်းမှာပင် မြေကြီး တုန်ခါသွားသည်။ အဗူမွတ်စလင် ငြင်းဆန်ချိန် မရလိုက်ဘဲ အာ့ဒ်နန်သည် သိမ်းငှက်တစ်ကောင်ကဲ့သို့ ရုတ်တရက် ခုန်တက်လိုက်သည်။ သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အတွင်းအားများ ပေါက်ကွဲထွက်လာပြီး အညိုရောင် စွမ်းအားတစ်ခု မူကာရာ၏ဓားမှ ပန်းထွက်လာကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး နှင့် အခြားသူများကို လွှမ်းခြုံလိုက်သည်။

“မြန်မြန် သွား”

အရေးတကြီး အခြေအနေတွင် အာ့ဒ်နန်၏ အသံသည် အဗူမွတ်စလင် ၏ နားထဲသို့ ရောက်ရှိလာသည်။

“ဝုန်း”

အတွင်းအားများ ပေါက်ကွဲသွားသည်။ အာ့ဒ်နန်က ဝမ်ကျုံးစစ်၊ လီကျွင်းရှန်း အစရှိသော မဟာထန် ထိပ်တန်း သိုင်းပညာရှင်များကို ဆွဲဆောင်သွားသည်ကို မြင်လိုက်ရသောအခါ အဗူမွတ်စလင် အံကြိတ်လိုက်သည်။ မဟာသူတော်စင် သေဆုံးပြီးနောက် အာ့ဒ်နန်တွင် သေဖို့ ဆန္ဒရှိနေပြီ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ နောက်ဆုံးတွင် သူသည် မြင်းခေါင်းကို လှည့်ကာ အဝေးသို့ ဒုန်းစိုင်း နှင်လိုက်တော့သည်။

“ဘယ်ပြေးမလို့လဲ”

လေကိုခွင်းသံများ ထွက်ပေါ်လာပြီး ထွက်ပြေးသွားသော အဗူမွတ်စလင်ကို ကြည့်ကာ အန်းစီရှန်းနှင့် ကောင်းရှန်းကျစ် တို့သည် ချက်ချင်း လမ်းကြောင်း ပြောင်းကာ လိုက်ဖမ်းရန် ပြင်လိုက်သည်။

သို့သော် သူတို့နှစ်ဦး သိပ်ဝေးဝေး မရောက်သေးခင် "ဝုန်း" ခနဲ အသံနှင့်အတူ ကြီးမားသော ဓားချီတစ်ခု ကျဆင်းလာပြီး သူတို့နှစ်ဦး ရှေ့မှ မြေပြင်ကို ရိုက်ခတ်လိုက်သည်။ မြေကြီး တုန်ခါသွားပြီး ကျောက်ခဲများ လွင့်စင်ကာ ဖုန်မှုန့်များ မီတာ ဆယ်ချီ တက်လာသည်။ တစ်ချိန်တည်းမှာပင် ကျောက်ဖြစ်စေသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့နှစ်ဦးကို လွှမ်းခြုံသွားသည်။ အာ့ဒ်နန်သည် အရေးကြီးသော အချိန်တွင် မူကာရာ၏ဓား၏ စွမ်းအားကို ထုတ်ဖော်ကာ သူတို့နှစ်ဦးကို တားဆီးလိုက်ခြင်း ဖြစ်သည်။

အန်းစီရှန်းနှင့် ကောင်းရှန်းကျစ် တို့ မျက်နှာပျက်သွားပြီး မဖြစ်မနေ ရပ်တန့်လိုက်ရသည်။

ထို ခဏမျှ တုံ့ဆိုင်းနေသော အချိန်အတွင်း အဗူမွတ်စလင် သည် အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားပြီး တပ်ကို ဦးဆောင်ကာ အရှေ့မြောက်ဘက်သို့ ဖောက်ထွက်သွားသည်။

အနောက်ဘက်တွင် ကောင်းရှန်းကျစ်နှင့်အန်းစီရှန်းတို့သည် တခဏခန့် တွေဝေသွားပြီးနောက် ပြတ်ပြတ်သားသားပင် လှည့်ပြန်လိုက်သည်။ အော်ဟစ်ကာ ခုန်တက်လိုက်ပြီး ဝမ်ကျုံးစစ်၊ လီကျွင်းရှန်းတို့နှင့် ပူးပေါင်းကာ အာ့ဒ်နန်ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး အချိန်တိုင်းတွင် အာရပ်သံချပ်ကာ တပ်သား အများအပြား သွေးအိုင်ထဲ လဲကျနေကြသည်။

“အာ”

ခဏအကြာတွင် သနားစဖွယ် အော်ဟစ်သံနှင့်အတူ အာ့ဒ်နန်သည် နောက်ဆုံးတွင် မြေပြင်ပေါ် လဲကျသွားသည်။ မဟာထန် ထိပ်တန်း ခေါင်းဆောင်ကြီး များစွာ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို မူကာရာ၏ဓား၏ အကူအညီဖြင့်ပင် အာ့ဒ်နန်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

သို့သော် သူ၏ သေဆုံးမှုသည် အာရပ်တို့အတွက် အသက်ရှင် လွတ်မြောက်ရန် အခွင့်အလမ်း တစ်ခု ရရှိစေခဲ့သည်။ ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး အစရှိသော ထိပ်တန်း ခေါင်းဆောင်ကြီးများ၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သဖြင့် အဗူမွတ်စလင်သည် မြောက်ဘက်သို့ အစွမ်းကုန် တိုက်ခိုက် ဖောက်ထွက်နိုင်ခဲ့သည်။ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ပြီးနောက် "ဟီးးး" ဟူသော မြင်းဟီသံနှင့်အတူ အဗူမွတ်စလင် ဦးဆောင်သော တပ်ဖွဲ့သည် ဝိုင်းရံပိတ်ဆို့မှုမှ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး အရှေ့မြောက်ဘက်မှ ထွက်ပြေး လွတ်မြောက်သွားကြသည်။

“လိုက်”

ကောင်းရှန်းကျစ်သည် တာဝမ်မြင်းကောင်းကို စီးနင်းလျက် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်ရန် ပြင်လိုက်သည်။

အဗူမွတ်စလင်၏ အန္တရာယ်ကြီးမားပုံကို သူ့ထက် ပိုသိသူ မရှိပေ။ တာ့လာစ်စစ်ပွဲကို စတင်ခဲ့သူမှာ သူပင်ဖြစ်သည်။ သို့သော် အဗူမွတ်စလင်သည် နောက်ဆုံးတွင် အေးဆေးစွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဒုတိယအကြိမ် မဟာထန်နှင့် အာရပ်စစ်ပွဲသည်လည်း သူနှင့် များစွာပတ်သက်ဆက်နွယ်နေသည်။ အကယ်၍ သူ့ကို နောက်တစ်ကြိမ် အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်ခွင့် ပေးလိုက်ပါက အနာဂတ်တွင် အာရပ်အင်ပါယာ၌ စစ်သည်များ စုဆောင်းပြီး မဟာထန်ကို တတိယအကြိမ် စစ်ပွဲ ဆင်နွှဲလာနိုင်ခြေ ရှိသည်။

“မလိုတော့ဘူး”

ထိုအချိန်တွင် ရင်းနှီးသော ဝမ်ချောင်၏အသံသည် ကောင်းရှန်းကျစ်၏ ဦးနှောက်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ကောင်းရှန်းကျစ် အံ့ဩသွားပြီး ချက်ချင်း ရပ်တန့်လိုက်သည်။

“သူ့ကို လွှတ်ပေးလိုက်ပါ... အဗူမွတ်စလင် တစ်ယောက်တည်းနဲ့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ အခု အရေးကြီးတာက အာရပ်တွေရဲ့ အဓိက အင်အားစုတွေကို အမြန်ဆုံး သတ်ဖြတ် ချေမှုန်းဖို့ပဲ။ ပြီးတော့... သူ ဒီကနေ လွတ်သွားရင်တောင် အာရပ်ဆီ အောင်အောင်မြင်မြင် ပြန်ရောက်နိုင်မယ် မထင်ဘူး”

ဝမ်ချောင်၏ အသံသည် တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။ အရာအားလုံးသည် သူ့တွက်ချက်မှုထဲ ရှိနေသကဲ့သို့ပင်။

*******

အခန်း (၁၉၀၉) တာ့ထန်တို့ အောင်ပွဲခံခြင်း၊ အရပ်ရှစ်မျက်နှာ တုန်လှုပ်ခြင်း

“ကောင်းပြီ”

ကောင်းရှန်းကျစ်သည် ထိုစကားကို ကြားသောအခါ ဆက်လက် တွေဝေမနေတော့ပေ။

ဤအရှေ့နှင့်အနောက် တိုက်ပွဲကြီးတွင် ယခုအချိန်ထိ မဟာထန်တို့ အနိုင်ရရှိနေခြင်းသည် ဝမ်ချောင်၏ ကြိုးပမ်းအားထုတ်မှုကြောင့်သာ ဖြစ်သည်။ အရာအားလုံးသည် သူ၏ တွက်ချက်မှုထဲတွင် ရှိနေသည်။

ဝမ်ချောင် စီမံခန့်ခွဲနေသမျှ ကာလပတ်လုံး ကြီးမားသော အမှားအယွင်းများ ရှိလာမည် မဟုတ်ပေ။

“သွားကြစို့”

ကောင်းရှန်းကျစ်သည် မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး လှည့်ထွက်လိုက်သည်။ ဝမ်ချောင်၏ညွှန်ကြားချက်အတိုင်း တုံ့ဆိုင်းခြင်း မရှိဘဲ အဝေးမှ အခြားသော အာရပ်သံချပ်ကာ တပ်သားများကို လိုက်လံ တိုက်ခိုက်ရန် ထွက်ခွာသွားသည်။

အာ့ဒ်နန်သေဆုံးပြီးနောက် ကျန်ရှိနေသော အာရပ်သံချပ်ကာ တပ်သားများသည် တောင်ပြိုသကဲ့သို့ ပြိုကွဲသွားကြသည်။

“ဝုန်း”

လျှပ်တစ်ပြက် အတွင်းမှာပင် ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားတစ်ခု စစ်မြေပြင် တစ်ခုလုံးကို ဖြတ်သန်းသွားပြီး ဝမ်ချောင်၏အေးစက်သောအသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“အားလုံး နားထောင်ကြ… လက်နက်ချ အညံ့ခံသူကို မသတ်ဘူး”

“ဝုန်း”

ထိုမိစ္ဆာနတ်ဘုရားကဲ့သို့ အသံကို ကြားလိုက်ရသောအခါ ကျယ်ပြောလှသော သဲပြင်ကြီးထဲတွင် မရေမတွက်နိုင်သော သံချပ်ကာ တပ်သားများသည် မြင်းပေါ်မှ ဆင်းကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

“ကျွန်တော်တို့ အညံ့ခံပါပြီ”

“ကျွန်တော်တို့ လက်နက်ချပါပြီ”

“ကျွန်တော်တို့က ဒမားစကပ်လူမျိုးတွေပါ... အာရပ်တွေ အတင်းအဓမ္မ ခေါ်လာလို့ ရောက်လာရတာပါ ကျွန်တော်တို့ လက်နက်ချပါ့မယ်”

“ကျွန်တော်တို့က မေယာလူမျိုးတွေပါ... အာရပ်တွေနဲ့ မသက်ဆိုင်ပါဘူး... ကျွန်တော် လက်နက်ချပါ့မယ်”

“ကျွန်တော်တို့က တန်ဇန်လူမျိုးတွေပါ... ကျွန်တော်တို့လည်း ဖမ်းဆီးခေါ်ဆောင်ခံရသူတွေပါ... မဟာထန် ကို အညံ့ခံပါ့မယ်”

……

ဤအရှေ့တိုင်းစစ်ဆင်ရေးတွင် အာရပ်အင်ပါယာသည် အင်အားအကုန် ထုတ်သုံးရုံသာမက ပတ်ဝန်းကျင်ရှိ နိုင်ငံငယ်များကိုပါ စုစည်းပြီး ဤ ထူးဆန်းသော အရှေ့တိုင်း စစ်မြေပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ အာရပ်စစ်သည် ၂.၆ သန်းအနက် အတော်များများမှာ အာရပ်ပတ်ဝန်းကျင်ရှိ နိုင်ငံငယ်များမှ စစ်သည်များ ဖြစ်ကြသည်။

အာရပ်တို့ အသာစီး ရနေချိန်တွင် ပြဿနာ မရှိသော်လည်း ယခုအခါ မဟာသူတော်စင် သေဆုံးပြီ၊ နက်နဲဆန်းကြယ်သော မဟာဘုန်းတော်ကြီးလည်း သေဆုံးပြီ၊ အာရပ်အင်ပါယာ၏ ဘုရင်ခံများ၊ ဒုဘုရင်ခံများသည်လည်း သိုးငယ်များပမာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ဤ အရှေ့တိုင်း အင်ပါယာ ရှေ့မှောက်တွင် အာရပ်တို့သည် ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

ဒီအခြေအနေ ရောက်နေမှတော့ ဘာကိစ္စ အာရပ်တွေနဲ့အတူ လိုက်သေရမှာလဲ။

ဒုန်း ဒုန်း ဒုန်း

အချိန်တိုအတွင်းမှာပင် ကျယ်ပြောလှသော စစ်မြေပြင်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော တန်ဇန်လူမျိုးများ၊ မေယာလူမျိုးများ၊ ဒမားစကပ်လူမျိုးများသည် စဉ်းစားမနေတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြရာ ဝမ်ချောင်ပင် အတော်လေး အံ့ဩသွားသည်။

“လက်နက်ချ အညံ့ခံသူကို မသတ်ဘူး” ဟူသော စကားကို သူပြောခဲ့သော်လည်း ဒီလောက်ထိ အာနိသင် ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်တွေ ဒီလောက် လျော့နည်းသွားခြင်းသည် မဟာထန် အတွက် မျှော်လင့်မထားသော အကျိုးအမြတ် ဖြစ်ပြီး အကျိုးရှိစေသည်။

နောက်တစ်ခဏတွင် ဝမ်ချောင်သည် ပိုင်ထီးဝူပေါ်မှ လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံထားသော သဲမုန်တိုင်းကြီးသည် ပါးလွှာသော ပဝါစကို ဆွဲဖယ်လိုက်သကဲ့သို့ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားသည်။

ဤမျှ ကျယ်ပြန့်သော သဲမုန်တိုင်းကြီးကို ထိန်းသိမ်းထားရန် အချိန်တိုင်းတွင် ကံကြမ္မာ စွမ်းအင် အမှတ် အမြောက်အမြား ကုန်ကျသဖြင့် ဝမ်ချောင်အတွက်လည်း ဝန်ထုပ်ဝန်ပိုး မသေးလှပေ။

“ဝုန်း”

ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော သဲမုန်တိုင်း ကွယ်ပျောက်သွားသောအခါ စစ်မြေပြင် တစ်ခုလုံး၏ မြင်ကွင်းအစစ်အမှန် ပေါ်ထွက်လာသည်။

ကျယ်ပြောလှသော စစ်မြေပြင်ကြီးတွင် ဒူးထောက် လက်နက်ချနေသူ အားလုံးသည် အာရပ်ပတ်ဝန်းကျင် နိုင်ငံငယ်များမှ သံချပ်ကာ တပ်သားများ ဖြစ်ကြပြီး မြင်းပေါ်တွင် မားမားမတ်မတ် ရပ်နေသူများမှာမူ အာရပ်လူမျိုးများ ဖြစ်ကြသည်။ ကောင်းကင်မှ သဲများ ပျောက်ကွယ်သွားသောအခါ လူတိုင်း အလိုအလျောက် မော့ကြည့်လိုက်ကြပြီး မျက်နှာများ အနည်းငယ် ကြောင်အသွားကြသည်။

အထူးသဖြင့် ထိုအာရပ်သံချပ်ကာ တပ်သားများသည် မျက်နှာထား ပိုမိုရှုပ်ထွေးနေကြသည်။ အချိန်ကြာမြင့်စွာနေပြီးနောက် ပထမဆုံးအကြိမ် ကောင်းကင် အစစ်အမှန်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ထို ခံစားချက်သည် နှစ်ပေါင်းများစွာ ကြာသွားသကဲ့သို့ပင်။

သို့သော် မကြာမီမှာပင် လူအများ၏ အာရုံသည် စစ်မြေပြင်ဆီသို့ ရောက်ရှိသွားသည်။ ကျယ်ပြောလှသော စစ်မြေပြင်၊ တောင်ကုန်း တောင်တန်းများ အပြည့် နေရာတိုင်းတွင် အလောင်းများ ပြည့်နှက်နေသည်။ လူသေအလောင်းများ၊ မြင်းသေအလောင်းများ၊ ဧရာမ သတ္တဝါ အလောင်းများ၊ သားရဲအလောင်းများ၊ ငှက်ကြီး အလောင်းများ...

ထိုဧရိယာ တစ်ခုလုံးတွင် လူ ၂ သန်းနီးပါး၏ အလောင်းများ စုပုံနေပြီး အားလုံးသည် မသေခင် တိုက်ခိုက်နေသော ပုံစံများအတိုင်း ရှိနေကြသည်။

မြေပြင်ပေါ်တွင် သွေးများ စီးဆင်းနေပြီး လူအများအပြား၏ သွေးများ စုပေါင်းကာ သွေးပင်လယ်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။

ဒါသည် အမှန်တကယ် ငရဲဘုံပင် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အာရပ်လူမျိုးများ သာမက မဟာထန် စစ်သည်များပင် ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

“ပြေး”

ရုတ်တရက် တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် အာရပ်သံချပ်ကာ တပ်သား အားလုံး မျက်နှာများ ဖြူဖျော့သွားပြီး ဖရိုဖရဲ ထွက်ပြေးကြကာ နောက်လှည့်မကြည့်တော့ဘဲ အနောက်မြောက်ဘက်သို့ ဦးတည် ပြေးလွှားကြတော့သည်။

ဤအာရပ်သံချပ်ကာ တပ်သားများ အနေဖြင့် တစ်သက်လုံး အရှေ့တိုင်း ကမ္ဘာသို့ ခြေချရဲတော့မည် မဟုတ်ပေ။

စစ်ပွဲကြီး တစ်ခု ပြီးဆုံးသွားပြီ ဖြစ်သည်။ ဝမ်ချောင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ မြင်းကို မောင်းနှင်ကာ ရှေ့သို့ တိုးလိုက်ပြီး အာရပ်အင်ပါယာ ပတ်ဝန်းကျင်ရှိ လက်နက်ချ နိုင်ငံငယ်များမှ သံချပ်ကာ တပ်သားများကို လက်ခံရန် စစ်သည် တချို့ကို စီစဉ်ခိုင်းလိုက်သည်။ ကျန်ရှိနေသော သူများကမူ ဆက်လက် လိုက်လံ တိုက်ခိုက်ကြသည်။

တစ်ချိန်တည်းမှာပင် တောင်ပံခတ်သံများနှင့်အတူ မရေမတွက်နိုင်သော စာပို့ခိုများသည် အရပ်လေးမျက်နှာသို့ ပျံသန်းသွားကြသည်။

မဟာထန် အနိုင်ရသည့် သတင်း ထွက်ပေါ်လာသောအခါ အရပ်လေးမျက်နှာ၊ ကုန်းမြေ ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားသည်။ မဟာထန်နှင့်အာရပ်သည် ကုန်းမြေပေါ်တွင် အင်အားအကြီးဆုံး အင်ပါယာကြီး နှစ်ခု ဖြစ်သည်။ ဤကဲ့သို့ အဖွဲ့အစည်း အသီးသီးမှ ပြင်းပြင်းထန်ထန် အာရုံစိုက်ခြင်း ခံရသော စစ်ပွဲမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ မရေမတွက်နိုင်သော သတင်းစကားများ အရပ်လေးမျက်နှာသို့ ပျံသန်းသွားပြီး ဤ စစ်ပွဲကြီး၏ အစအဆုံး အသေးစိတ် အချက်အလက်များ အားလုံးသည် အင်ပါယာ အသီးသီးသို့ ရောက်ရှိသွားသည်။

“ဘာပြောလိုက်တယ်”

“မဟာထန် နိုင်သွားပြီ။ သူတို့က ၂.၆ သန်းသော အာရပ်သံချပ်ကာ တပ်ကြီးကို ချေမှုန်းလိုက်ပြီလား?”

အနောက်တူရကီ၊ ဆန်းမီ တောင်တန်းတွင် အစ်ရှ်ဘာရာ ခါကန်းသည် သတင်း ရရှိလိုက်သောအခါ ရုတ်တရက် လန့်ဖျပ်သွားပြီး စားပွဲကို လက်ဝါးဖြင့် ရိုက်ကာ မတ်တတ်ရပ်လိုက်သည်။

ဤသတင်း၏ ရိုက်ခတ်မှုသည် ကြီးမားလွန်းသဖြင့် အစ်ရှ်ဘာရာ ခါကန်း မတ်တတ်ရပ်လိုက်သောအခါ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး မတ်တတ်ရပ်ရန်ပင် ခက်ခဲသွားသည်။

“သတင်းက တကယ် အစစ်အမှန်ပါ။ ဗိုလ်ချုပ်ကြီး ဝူနူရှီပိကိုယ်တိုင် ရှေ့တန်းအထိ သွားရောက် စုံစမ်းခဲ့တဲ့ ရလဒ်ပါ။ အာရပ်အင်ပါယာရဲ့ဗိုလ်ချုပ်နှစ်ဦးဖြစ်တဲ့ မဟာသူတော်စင် ကုထိုက်ပိုင်နဲ့ နက်နဲဆန်းကြယ်တဲ့ မဟာဘုန်းတော်ကြီးတို့ အားလုံး မဟာထန်တွေ လက်ချက်နဲ့ သေဆုံးသွားပါပြီ”

သတင်းပို့သူသည် မြေပြင်ပေါ်တွင် ဝပ်တွားကာ လေးလေးစားစား ပြောလိုက်သည်။

ဧရာမ သံတူကြီး တစ်ခုဖြင့် ဦးနှောက်ကို ထုလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အစ်ရှ်ဘာရာ ခါကန်း၏ ဦးနှောက်ထဲတွင် တစ်ခဏမျှ ဗလာ ဖြစ်သွားသည်။ သတိပြန်ဝင်လာသောအခါ တစ်ကိုယ်လုံး အေးစက်သွားသည်။

အာရပ်သံချပ်ကာတပ်သားများ၏ စွမ်းအားကြီးမားမှုကို နိုင်ငံတကာက အသိအမှတ်ပြုထားသည်။

သို့သော် မဟာထန်သည် အနောက်တောင်ဘက်တွင် အင်အားနည်းပါးသော်လည်း မာန်ရှဲ့ကျောက်-ယွီစန်း မဟာမိတ် စစ်သည် ၄ သိန်းကို အနိုင်ယူခဲ့သည်။ ထို့နောက် တာ့လာစ်တွင် မိမိထက် အဆများစွာ များပြားသော စစ်တပ်ကို အနိုင်ယူခဲ့ပြန်သည်။ ယခုအခါ အာရပ်တို့ အင်အားအကုန် ထုတ်သုံးပြီး အထက်တန်းလွှာ စစ်သည် ၂.၆ သန်း၊ ဂန္ထဝင်အဆင့် ကုထိုက်ပိုင်နှင့် မဟာဘုန်းတော်ကြီးအပြင် စွမ်းအားကြီးသော ဘုရင်ခံများ၊ ဒုဘုရင်ခံများ ပါဝင်သော်လည်း... မဟာထန်ကို ဘာမှ မလုပ်နိုင်ခဲ့ဘူးလား။

ယခု လောကတစ်ခွင်လုံးကို ကြည့်လိုက်လျှင် မဟာထန်ကို ယှဉ်ပြိုင်နိုင်သော သူ၊ ယှဉ်ပြိုင်နိုင်သော အဖွဲ့အစည်း ဘယ်မှာ ရှိသေးလဲ။

နောက်နောင်တွင် စစ်သည်အင်အား မည်မျှပင် များပြားပါစေ၊ မည်သူမျှ မဟာထန် ရှေ့တွင် မမောက်မာရဲတော့ပေ။ သို့မဟုတ် မဟာထန်ဧကရာဇ်က နိုင်ငံတိုင်းသို့ ပေးပို့သော စာလွှာထဲတွင် ပါရှိသည့်အတိုင်း နောက်နောင်တွင် မဟာထန် ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးသည် လိမ္မာစွာ ခေါင်းငုံ့ ခယရမည်ဖြစ်ပြီး ထာဝရ မဟာထန် ၏ ဦးဆောင်မှုကို ခံယူရတော့မည် ဖြစ်သည်။

“ဝမ်ချောင်... ဝမ်ချောင်... တကယ်ပဲ မင်း ဖြစ်နေပြန်ပြီ။ အလယ်ပြည်မှာ ကိုးပြည်ထောင် ကာကွယ်ရေးမှူးဖြစ်တဲ့ မင်း ရှိနေသမျှ ကာလပတ်လုံး နောက်နောင် ဘယ်သူက ပုန်ကန်ရဲတော့မှာလဲ”

အစ်ရှ်ဘာရာ ခါကန်းသည် လက်သီးကို ဆုပ်လျက် ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ အပေါ်ကို ကြည့်ရင်း ရင်ထဲတွင် အားလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။

“တကယ်ပဲ... အာရပ်တောင် ရှုံးသွားပြီလား။ လောကကြီး တစ်ခုလုံးမှာ နောက်နောင် မဟာထန်ကို ယှဉ်နိုင်သူ ဘယ်သူ ရှိသေးလဲ”

ထိုကဲ့သို့ တွေးမိသူမှာ အစ်ရှ်ဘာရာ ခါကန်းတစ်ဦးတည်း မဟုတ်ပေ။ မိုးထိအောင် မြင့်မားသော ယွီစန်းကုန်းပြင်မြင့်ပေါ်ရှိ အင်ပါယာ မြို့တော်ထဲတွင် မဟာဝန်ကြီး တာ့လုံချင်းလင်းသည် ကုလားထိုင်ကြီး တစ်လုံးပေါ်တွင် ထိုင်လျက် နန်ရီစုန့်ထျန်း ပေးပို့သော စာတစ်စောင်ကို ကိုင်ကာ တစ်ယောက်တည်း ရေရွတ်နေသည်။

အဆုံးမဲ့ ဉာဏ်ပညာများနှင့် ပြည့်စုံပြီး မီးပွားများ အမြဲတဖျပ်ဖျပ် လက်နေသကဲ့သို့ တောက်ပနေတတ်သော မျက်ဝန်းများသည် ယခုအခါ မှေးမှိန်သွားခဲ့ပြီ။

မဟာဝန်ကြီး တာ့လုံချင်းလင်းတွင် ဉာဏ်ပညာ ဗျူဟာပေါင်း ထောင်ချီ ရှိနေပါစေ၊ အနောက်မြောက်စစ်ပွဲ၏ နောက်ဆုံးရလဒ်နှင့် ရင်ဆိုင်ရသောအခါ မည်သို့မျှ မတတ်နိုင်တော့ပေ။

“အရှင်ဝန်ကြီးမင်း... ဒါဆို အရှေ့ဘက်မှာ အသင့်ပြင်ထားတဲ့ ကျွန်တော်တို့ရဲ့ တပ်တွေက...”

အချိန်မည်မျှ ကြာသွားသည် မသိ၊ စိုးရိမ်ပူပန်နေသော အသံတစ်ခု တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

အသံထွက်လာသည်နှင့် နန်းတော်ထဲရှိ ယွီစန်းစစ်ဗိုလ်ချုပ် အားလုံး၏အာရုံကို ဖမ်းစားသွားသည်။

“ဆုတ်လိုက်တော့... အားလုံး နောက်ဆုတ်လိုက်တော့”

မဟာဝန်ကြီးတာ့လုံချင်းလင်း မျက်လုံးကို မှိတ်လိုက်ပြီး အားမပါဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

“အမိန့်ပေးလိုက်ပါ... အခုကစပြီး မဟာထန် စစ်တပ် ရှိတဲ့ နေရာဆိုရင် ငါတို့ တပ်တွေ အားလုံး မိုင် ၈၀၀ အကွာကို ဆုတ်ရမယ်”

“နောက်ပြီး... ငါ့အစား စာတစ်စောင် ရေးပေးပါ။ မဟာထန် ဧကရာဇ်ကို ပြောလိုက်ပါ... ဒီနှစ်တွေ အတွင်းမှာ ယွီစန်းနဲ့ မဟာထန် ကြား အထင်အမြင်လွဲမှားမှုတွေ အများကြီး ရှိခဲ့ပါတယ်။ မဟာထန်ဧကရာဇ်သာ သဘောထားကြီးရင် ယွီစန်းက မဟာထန်နဲ့ မိတ်ဖွဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး ရယူလိုပါတယ်လို့...”

“ဟုတ်ကဲ့ပါ”

ဘေးနားမှ အသံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

နန်းတော်ထဲရှိ စစ်ဗိုလ်ချုပ်အများအပြားသည် စိတ်နှလုံး လေးလံသွားကြပြီး ခေါင်းငုံ့လိုက်ကြသည်။

အရှေ့ဘက် တပ်များသည် မူလက မဟာထန်နှင့်အာရပ်စစ်ပွဲကြား အချိန်မရွေး ဝင်ရောက် တိုက်ခိုက်ရန် သို့မဟုတ် အခြေအနေ ကြည့်ပြီး လှုပ်ရှားရန် ပြင်ဆင်ထားသော တပ်များ ဖြစ်သည်။ သို့သော် ဤစစ်ပွဲပြီးနောက် မဟာထန်သည် ငြင်းဆို၍ မရနိုင်သော အင်အားကြီးမားမှုဖြင့် ကုန်းမြေတစ်ခုလုံး၏ အရှင်သခင်အဖြစ် နေရာယူလိုက်ပြီ ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။

လက်ရှိတွင် မဟာထန် အတွင်းပိုင်း လစ်ဟာနေပြီး အထက်တန်းလွှာ စစ်သည် သိန်းချီသည် စစ်ပွဲ ဆင်နွှဲကာ အာရပ်အင်ပါယာ၏ ရှုံးနိမ့် ထွက်ပြေးသော စစ်တပ်များကို လိုက်လံ သတ်ဖြတ်နေသော်လည်း... မည်သူကမျှ၊ မည်သည့် နိုင်ငံကမျှ ဒီအချိန်ကို အခွင့်ကောင်းယူပြီး မဟာထန် ပြည်မကြီးကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

မဟာထန် စစ်တပ်ကြီး ပြန်လှည့်လာသည်နှင့် ဒီအချိန်မှာ မဟာထန်ကို တိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကို မည်သူမျှ တွေးရဲမည် မဟုတ်ပေ။

ယွီစန်းအင်ပါယာသည် မဟာထန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းနှင့် အရည်အချင်း လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည်။

နောက်နောင်တွင် လက်သည်းခြေသည်းများကို ဝှက်ထားပြီး မဟာထန်၏ ဘေးတွင် ထာဝရ ခေါင်းငုံ့ ခယရုံသာ ရှိတော့သည်။

လေဟာနယ် အထပ်ထပ်၊ တောင်တန်း မြစ်ချောင်းများကို ကျော်ဖြတ်ပြီး အနောက်ဘက်သို့ ဆက်သွားသော် အာရပ်၏မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိမည်။

အခြားနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများနှင့် မတူဘဲ ယခုအချိန်တွင် ဘဂ္ဂဒက်သည် ကခုန် သီဆိုပွဲများနှင့် ပျော်ရွှင်ဖွယ်ရာ ဖြစ်နေသည်။

“အရှင်မင်းကြီး... မဟာသူတော်စင်ကြီးက ချီရှီကို ကျော်လွန်ပြီး သံမဏိ မြို့တော်ကို ရောက်နေပါပြီ... မကြာခင် လုံရှီကို သိမ်းပိုက်နိုင်တော့မှာပါ”

“မဟာထန်ရဲ့ စစ်သည်အင်အားလောက်နဲ့ မဟာသူတော်စင်ကြီးရဲ့ ၂.၆ သန်းသော စစ်တပ်ကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒီတစ်ခါ မဟာဘုန်းတော်ကြီးရဲ့ အကူအညီပါ ပါနေတော့... မဟာထန်က ကျွန်တော်တို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”

“ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ဝမ်းမြောက်ပါတယ် အရှင်မင်းကြီး... မဟာသူတော်စင်ကြီးဆီက သတင်း ရောက်လာတာနဲ့ ကျွန်တော်တို့ အာရပ်အင်ပါယာက အရှေ့နဲ့ အနောက်ကို ပေါင်းစည်းပြီး လောကတစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မှာပါ”

“ဟုတ်တာပေါ့... ဗိုလ်ချုပ်ကြီး ကုထိုက်ပိုင်က တစ်သက်လုံး စစ်တိုက်လာတာ ဘယ်တော့မှ မရှုံးဖူးဘူး... သေချာပေါက် အောင်ပွဲနဲ့ ပြန်လာမှာပါ။ အဲဒီကျရင် အရှင်မင်းကြီးက ကုထိုက်ပိုင်ကို မဟာထန် ဧကရာဇ်ကို ဖမ်းခေါ်လာခိုင်းပြီး အရှင်မင်းကြီး ရှေ့မှာ ဒူးထောက် ဦးခိုက်ခိုင်းလို့ ရပါပြီ။ ဝမ်ချောင်အပါအဝင်ပေါ့... ဘဂ္ဂဒက်ကို ဖမ်းခေါ်လာပြီး အရင်တုန်းက အရှက်ခွဲခဲ့တာတွေကို ကလဲ့စား ပြန်ချေလို့ ရပြီ”

“ဟားဟား... မဟာသူတော်စင်ကြီး အရှေ့တိုင်းကို သိမ်းပိုက်ပြီးတာနဲ့ အရှင်မင်းကြီးက အာရပ်သမိုင်းမှာ အကြီးမြတ်ဆုံးဘုရင် ဖြစ်လာတော့မှာပါ။ နောက်နောင် ကုန်းမြေ ကမ္ဘာကြီး တစ်ခုလုံးက အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ စွမ်းဆောင်ရည်တွေကို မျိုးဆက် အဆက်ဆက် မှတ်တမ်းတင်ကြတော့မှာ... ပြီးတော့ အင်ပါယာ အားလုံးကလည်း ကျွန်တော်တို့ အာရပ်ရဲ့ ကျွန်တွေ ဖြစ်လာပြီး ထာဝရ ကျွန်ပြုခံရတော့မှာ”

……

ကျယ်ဝန်းသော နန်းတော်ကြီးထဲတွင် မရေမတွက်နိုင်သော အင်ပါယာ မင်းညီမင်းသားများ၊ မှူးမတ်များက အင်ပါယာ ဧကရာဇ် မူတာဆင်သုံး၏ ဘေးတွင် စုဝေးနေကြပြီး ချီးမွမ်းစကားများကို ရက်ရက်ရောရော ပြောဆိုနေကြသည်။

နန်းတော် အထက်တွင် မူတာဆင်သုံးသည် ရွှေပလ္လင်ပေါ်တွင် မြင့်မြတ်စွာ ထိုင်လျက် မျက်လုံးများကို မှေးထားသည်။ လက်ထဲတွင် ဝိုင်ခွက်ရှည် တစ်ခွက်ကို ကိုင်ကာ ဖြည်းညှင်းစွာ လှုပ်ခါနေသဖြင့် အထဲမှ သွေးရောင် ဝိုင်နီများသည် ကြည်လင်သော ဖန်ခွက်နံရံ တစ်လျှောက် လှပသော ဝဲဂယက် တစ်ခု ဖြစ်ပေါ်စေသည်။

သူ စကား မပြောသော်လည်း မျက်နှာပေါ်ရှိ ယစ်မူးနေသော အမူအရာကို ကြည့်လျှင် ဤ မင်းညီမင်းသား မှူးမတ်များ၏ စကားကြောင့် သဘောကျနေသည်မှာ ထင်ရှားသည်။

******

အခန်း (၁၉၁၀) မယုံကြည်နိုင်ဖြစ်ရသော အာရပ်အင်ပါယာ

အာရပ်တို့သည် အင်အားအကုန် ထုတ်သုံးထားပြီး ယခင် တာ့လာစ် စစ်ပွဲနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ မဟာထန် တို့အနေဖြင့် အနိုင်ရရန် မည်သည့် မျှော်လင့်ချက်မျှ ရှိမည် မဟုတ်ပေ။

“မင်းတို့ အားလုံးက ငါ့ရဲ့အာရပ်အင်ပါယာရဲ့ သစ္စာရှိ မှူးမတ်တွေပါ... မဟာသူတော်စင်ကြီး အရှေ့တိုင်းကို အောင်နိုင်တဲ့အခါ ငါကိုယ်တိုင် မင်းတို့ကို ကောင်းကောင်း ဆုချပါ့မယ်... ဆုလာဘ်တွေ အများကြီး ပေးသနားမှာပါ”

မူတာဆင်သုံးသည် မျက်လုံးများကို မှေးထားပြီး နန်းတော်အောက်ရှိ မှူးမတ်များကို ကြည့်ကာ ပြောလိုက်သည်။

နန်းတော်အောက်ရှိ ဤမင်းညီမင်းသား မှူးမတ်များသည် ဖားတတ်သော လူလိမ်လူညာများ ဖြစ်ကြောင်း သိသော်လည်း သူ့နောက်လိုက်နေသည်မှာ ကြာပြီဖြစ်ရာ လူလိမ်ဖြစ်နေလျှင်တောင် လူလိမ်အလျောက် အသုံးဝင်သည့် နေရာ ရှိပေသည်။ အထူးသဖြင့် အနာဂတ်တွင် အာရပ်အနေဖြင့် လောကတစ်ခုလုံးကို ပေါင်းစည်းပြီးသည့်အခါ ဤကျယ်ပြောလှသော နယ်မြေများကို အုပ်ချုပ်ရန် လူအများအပြား လိုအပ်မည် ဖြစ်သည်။

ဤ လူလိမ်များသည် အရည်အချင်း မရှိသော်လည်း သစ္စာရှိမှု အပြည့်အဝ ရှိကြသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

မူတာဆင်သုံး၏ စကားကို ကြားသောအခါ နန်းတော်ကြီး အတွင်းရှိ မင်းညီမင်းသား မှူးမတ်များ အားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။

“ဖျပ် ဖျပ်”

စကားမဆုံးခင်မှာပင် နန်းတော်ကြီး အတွင်း၌ ဘုရင်နှင့် မှူးမတ်များ ပျော်ရွှင်နေကြစဉ် ငှက်တောင်ပံ ခတ်သံများနှင့်အတူ နန်းတော် အပြင်ဘက်မှ သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု အလျင်အမြန် ဝင်ရောက်လာသည်။

“အရှင်မင်းကြီး... ရှေ့တန်းက စာရောက်လာပါတယ်... ရှုစားတော်မူပါ”

မျက်တောင်တစ်ခတ် အတွင်းမှာပင် နန်းတော်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မင်းညီမင်းသား မှူးမတ်များနှင့် ပလ္လင်ပေါ်ရှိ မူတာဆင်သုံး အပါအဝင် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

“နောက်ဆုံးတော့ ရောက်လာပြီလား”

ထိုအခိုက်အတန့်တွင် မူတာဆင်သုံး၏ ရင်ခုန်သံများပင် မြန်ဆန်သွားသည်။

တကယ်ကို မျှော်နေသည့်အရာ ရောက်လာခြင်းပင်။ ဤမျှ ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် မဟာသူတော်စင်နှင့် မဟာဘုန်းတော်ကြီးတို့၏ အောင်ပွဲရ သတင်း ရောက်ရှိလာခဲ့ပြီ။

“ယူခဲ့စမ်း... ငါကြည့်မယ်”

မူတာဆင်သုံးသည် မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။

သာမန်အချိန်များတွင် ဆိုလျှင် ဤကဲ့သို့ စာလွှာများကို ဘေးနားရှိ အတွင်းဝန်များက ဖတ်ပြလေ့ ရှိသော်လည်း ဤမျှ အရေးကြီးသော အချိန်တွင် သူက အခြားသူကို မည်သို့ ဖတ်ခိုင်းမည်နည်း။

“ရွှစ်”

မူတာဆင်သုံး သည် ကိုယ်ရံတော် လက်ထဲမှ စာကို ဆွဲယူလိုက်သည်။ သို့သော် တစ်ချက် ကြည့်လိုက်ရုံဖြင့် မူတာဆင်သုံး ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

ကိုယ်ရံတော် ပေးပို့လာသော စာအိတ်၏ မျက်နှာဖုံးတွင် အာရပ်စာလုံးများ ရေးသားထားသော်လည်း အောက်ခြေရှိ တံဆိပ်တုံးမှာမူ... မဟာထန် တံဆိပ်တုံး ဖြစ်နေသည်

ထိုအခိုက်အတန့်တွင် မူတာဆင်သုံး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ ဘာမှ မပြောဘဲ စာအိတ်ကို ဆွဲဖောက်ကာ အတွင်းမှ စာရွက်ကို ထုတ်ယူလိုက်သည်။

“အဓိပ္ပာယ် မရှိတာ”

တစ်ချက် ကြည့်လိုက်ရုံဖြင့် မူတာဆင်သုံး၏ မျက်နှာထား ဒေါသကြောင့် ပြောင်းလဲသွားပြီး "ရွှစ်" ခနဲ အသံနှင့်အတူ လက်ထဲမှစာကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

တစ်ခဏချင်းမှာပင် နန်းတော်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး ဘာဖြစ်သွားမှန်း မသိကြပေ။

ရှေ့တန်းက အောင်ပွဲရ သတင်း ပို့လာတာ မဟုတ်ဘူးလား။ သတင်းကောင်း ဖြစ်သင့်တာပဲ... ဘာလို့ မူတာဆင်သုံးက ဒီလောက် ဒေါသထွက်သွားရတာလဲ။

နောက်ဆုံးတွင် အနီးဆုံးရှိ မင်းညီမင်းသား တစ်ပါးက တံတွေး တစ်ချက် မျိုချလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်ရှိ စာကို ကောက်ယူလိုက်သည်။ စာထဲရှိ အကြောင်းအရာကို သေချာ ကြည့်လိုက်သောအခါ မူတာဆင်သုံး ဘာကြောင့် ဒီလောက် ဒေါသထွက်သွားသည်ကို လူတိုင်း နားလည်လိုက်ကြသည်။

ထို စာရွက်ပေါ်တွင် စာကြောင်းရေ အနည်းငယ်သာ ပါရှိသည်။

[အာရပ် ရှုံးနိမ့်သွားပြီ... သုံးရက်အတွင်း လက်နက်ချပါ... သို့မဟုတ်ပါက စစ်သည်တော်များ ရောက်ရှိလာသည့်နေ့သည် အာရပ်နိုင်ငံ ပျက်စီးမည့်နေ့ ဖြစ်လိမ့်မည်]

လက်မှတ်ထိုးထားသူမှာ မဟာထန်အင်ပါယာ ကိုးပြည်ထောင် ကာကွယ်ရေးမှူးနှင့် စစ်သေနာပတိချုပ် ဝမ်ချောင်။

ဒါသည် အာရပ်ရှေ့တန်းမှ ပေးပို့သော အောင်ပွဲရ သတင်း မဟုတ်ဘဲ မဟာထန် ဘက်မှ ပေးပို့သော စစ်ကြေညာစာ ဖြစ်နေသည်။

“ဟွန်း... မဟာထန် တွေဆီက စာကိုး”

“မဟာသူတော်စင်ကြီးကို မနိုင်လို့ ငါတို့ရဲ့ နောက်တန်းကို ဒီနည်းလမ်းနဲ့ လာရှုပ်တာလား”

“ပေါက်ကရတွေ... ဒါ မဟာထန်တွေရဲ့ ပရိယာယ်ပဲ။ အာရပ်က ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ... ဒါ သက်သက်မဲ့ ကောလာဟလ လွှင့်တာ”

“ဟုတ်တယ် မဟာထန် တွေက လုံးဝ မယုံရဘူး။ အရှင်မင်းကြီး သူတို့ကို ဂရုစိုက်စရာ မလိုပါဘူး... နောက်တန်းမှာပဲ အေးဆေး နေပါ... မကြာခင် မဟာသူတော်စင်ကြီး ဆီက အောင်ပွဲရ သတင်း ရောက်လာပါလိမ့်မယ်”

……

လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ဒေါသထွက်နေကြကာ ထို ဝမ်ချောင်ကို အပိုင်းပိုင်း အစစ ခုတ်ထစ်ပစ်ချင်နေကြသည်။

လက်ရှိ အာရပ်နိုင်ငံတွင် ဝမ်ချောင်ဆိုသော နာမည်နှစ်လုံးကို မသိသူ မရှိသလောက်ပင်။

ဒီလိုလူရဲ့ ကောလာဟလ စကားတွေကို ယုံကြည်စရာ အကြောင်း မရှိပေ။

ပြီးတော့ မဟာသူတော်စင်နှင့် မဟာဘုန်းတော်ကြီးတို့သည် အင်ပါယာ၏ ရှုံးပွဲမရှိသော ဒဏ္ဍာရီများ ဖြစ်ကြသည်။ သူတို့နှစ်ဦး ပူးပေါင်းထားမှတော့ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။

ထိုစာထဲမှ အကြောင်းအရာကို မည်သူမျှ မယုံကြည်ကြပေ။

မူတာဆင်သုံးသည် အပေါ်တွင် မတ်တတ်ရပ်လျက် မလှုပ်မယှက် ရှိနေပြီး စိတ်ထဲတွင် ခေါင်းညိတ်လိုက်သည်။

သူသည် ရန်သူတစ်ယောက်ကို ယုံကြည်စရာ အကြောင်း မရှိပေ။ တစ်ဖက်လူက ဒီလို ကလေးကစားစရာ နည်းလမ်းမျိုးနဲ့ သက်ရောက်မှု ရှိမယ် ထင်နေရင်တော့ အရမ်း ရိုးအလွန်းရာ ကျနေပြီ။

“အမိန့်ပေးလိုက်... စာတစ်စောင် ပြန်ရေးပြီး မဟာသူတော်စင်ကြီးကို ပြောလိုက်... စစ်ပွဲ နိုင်ပြီးတဲ့အခါ အဲဒီ ဝမ်ချောင်ရဲ့ ခေါင်းကို ဖြတ်ပြီး ငါ့လက်ထဲ အရောက် ကိုယ်တိုင် လာပို့ခိုင်းလိုက်”

မူတာဆင်သုံး နာကျည်းစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

နန်းတော်အောက်မှ လူတစ်ယောက် ချက်ချင်း ပြန်ဖြေလိုက်သည်။

“မှန်ပါတယ်... ဒီလူကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး”

နန်းတော်အောက်ရှိ မင်းညီမင်းသား မှူးမတ်များအားလုံး တစ်လေသံတည်း ထွက်ပေါ်လာသည်။

ဒါသည် ဝမ်ချောင်ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း လူတိုင်း မှတ်မိနေကြသည်။ ခိုရာစန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ဆမ်ဆာနစ်မင်းဆက်ကို ဖျက်ဆီးခဲ့စဉ်ကလည်း အာရပ်တို့သည် ထိုလူ၏ စာတစ်စောင်ကြောင့် မြို့လုံးကျွတ် သတ်ဖြတ်ခြင်းကို လက်လျှော့ခဲ့ရပြီး အများကြီး လျှော့ပေးခဲ့ရဖူးသည်။

“သတင်းပို့ပါတယ်”

စကားမဆုံးခင်မှာပင် နန်းတော် အပြင်ဘက်မှ ထိတ်လန့်တကြား အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အသံမဆုံးခင်မှာပင် မြို့ပြင်တွင် တပ်စွဲထားသော အာရပ်စစ်ဗိုလ်ချုပ် တစ်ဦးသည် မျက်နှာပျက်လျက် နန်းတော်ထဲသို့ အပြေးဝင်ရောက်လာသည်။

“အရှင်မင်းကြီး... ဒုက္ခပါပဲ။ ရှေ့တန်းက စစ်သတင်း ရောက်လာပါတယ်... စစ်တပ်ကြီး ရှုံးနိမ့်သွားပါပြီ။ မဟာသူတော်စင်ကြီးနဲ့ မဟာဘုန်းတော်ကြီးတို့ မဟာထန်တွေ လက်ချက်နဲ့ အသတ်ခံလိုက်ရပါပြီ”

“ဝုန်း”

ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာသကဲ့သို့ နန်းတော်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

“ဘာပြောလိုက်တယ်”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟာသူတော်စင်ကြီးက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

“အတုပါ... သေချာပေါက် သတင်းအတုပါ။ ငါတို့မှာ စစ်သည် ၂.၆ သန်း ရှိတယ်... အရှေ့တိုင်း ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်... ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ?”

“ထပ်စုံစမ်းစမ်း… ဒါ သတင်းမှား ဖြစ်ရမယ်”

ရုတ်တရက် ဆန်လွန်းပြီး တုန်လှုပ်စရာ ကောင်းလွန်းသည်။

အာရပ်က စစ်သည် ၂.၆ သန်း စေလွှတ်ခဲ့ပြီး အားလုံးသည် သတ်ဖြတ်နိုင်စွမ်း အမြင့်ဆုံး သံချပ်ကာ တပ်သားများ ဖြစ်ကြသည်။ ဧရာမ သတ္တဝါကြီးများလည်း ပါဝင်သေးသည်။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ နန်းတော်ထဲရှိ လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ လုံးဝ မဖြစ်နိုင်ဘူး ဟူ၍ပင်။

သေချာပေါက် သတင်းမှား ဖြစ်ရမည်?

“အရှင်မင်းကြီး... ဒုက္ခတော့ရာက်ပါပြီ”

ပထမလှိုင်း မငြိမ်ခင် နောက်တစ်လှိုင်း ထပ်ရောက်လာသည်။ လူတိုင်း သံသယ ဖြစ်နေပြီး ထိုသတင်းကြောင့် တုန်လှုပ်နေစဉ်မှာပင် နောက်ထပ် ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု နန်းတော် အပြင်ဘက်မှ ထွက်ပေါ်လာသည်။ အာရပ်နန်းတော်မှ ဆက်သွယ်ရေးမှူးတစ်ဦးသည် စာတစ်စောင်ကို ကိုင်လျက် အပြေး ဝင်ရောက်လာသည်။

“ရှေ့တန်းက သတင်း ရောက်လာပါတယ်... စစ်တပ်ကြီး ရှုံးနိမ့်သွားပြီး အဗူမွတ်စလင် ဦးဆောင်တဲ့ စစ်သည် ၃ သိန်းလောက်ပဲ အသက်ရှင် ကျန်ရစ်ပါတော့တယ်... အခု ဆမာကန်ကို ကျော်ပြီး ဘဂ္ဂဒက်ဆီ ဦးတည် လာနေပါတယ်... မဟာထန်စစ်သည် သိန်းချီကလည်း အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေပါတယ်”

“သတင်းပို့ပါတယ်”

“အရှင်မင်းကြီး... ဒမားစကပ်လူမျိုးတွေ ပုန်ကန်ကုန်ပါပြီ... အဆီးရီးယားလူမျိုးတွေ ပုန်ကန်ကုန်ပါပြီ... သူတို့က မဟာထန်တွေနဲ့ ပေါင်းပြီး အင်ပါယာဆီ တိုက်ခိုက် လာနေကြပါပြီ”

……

အချက်ပေးသံ တစ်ခုကဲ့သို့ပင် ထိုဆက်သွယ်ရေးမှူး ဝင်လာပြီးနောက် အာရပ်သတင်းပို့ ကိုယ်ရံတော် တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်တကြား မျက်နှာများဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာကြသည်။

မိုးကြိုးပစ်ချလိုက်သကဲ့သို့ နန်းတော် ရွှေပလ္လင်ထက်ရှိ မူတာဆင်သုံး၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ပလ္လင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ နန်းတော်ထဲရှိ မင်းညီမင်းသား မှူးမတ်များ အားလုံးသည်လည်း မျက်နှာများ ဖြူဖျော့ကာ သွေးဆုတ်သွားကြသည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူတိုင်း တစ်ယောက်တည်း ရေရွတ်နေကြပြီး မျက်နှာများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ဒီတစ်ခါ အရှေ့တိုင်း စစ်ဆင်ရေးမှာ အာရပ်က အင်အားကြီးမားတဲ့ စစ်တပ်ကြီးကို စေလွှတ်ခဲ့တာ... အရှေ့တိုင်း ကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ အင်အားမျိုး... ဘာလို့ မဟာထန် တစ်နိုင်ငံတည်းကို ရှုံးသွားရတာလဲ။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ ဦးနှောက်များ ဗလာ ဖြစ်သွားကြပြီး ဒီသတင်းကို လုံးဝ မယုံကြည်ရဲ ဖြစ်နေကြသည်။

သို့သော် ထိုသို့ဖြစ်နေသော်လည်း ဒါသည် အမှန်တရား ဖြစ်နိုင်ကြောင်း လူတိုင်း တဖြည်းဖြည်း နားလည်လာကြသည်။

လူတစ်ယောက်က သတင်းမှား ပို့နိုင်ပေမဲ့ လူအုပ်လိုက်ကြီးကတော့ သတင်းမှား ပို့စရာ အကြောင်း မရှိပေ။ ဒါ့အပြင် မတူညီတဲ့ သတင်းရင်းမြစ်တွေဆီက လာတာလေ။

ဒါပေမဲ့... အာရပ်က ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။

“သူပဲလား”

ထိုအချိန်တွင် မူတာဆင်သုံးသည် အပေါ်တွင် ခွေခွေလေး ထိုင်နေရင်း သူ၏ စိတ်ထဲတွင် လူငယ်တစ်ဦး၏ ပုံရိပ် ရိပ်ခနဲ ပေါ်လာသည်။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ခိုရာစန်းအထိ ရိုက်ချနိုင်ခဲ့တဲ့သူ... ဒီတစ်ခါတော့ သူ တကယ်ပဲ ပြန်ရောက်လာခဲ့ပြီပေါ့။

……

“ဝုန်း”

အာရပ်နှင့် မဟာထန် ပတ်ဝန်းကျင် နိုင်ငံများ၏ တုန်လှုပ်မှုကို မဆိုထားနှင့်၊ ယခုအချိန်တွင် အလယ်ပြည်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။

မဟာထန်နှင့်အာရပ်စစ်ပွဲသည် နိုင်ငံအဆင့် စစ်ပွဲဖြစ်သလို နိုင်ငံ ပျက်စီးမည့် စစ်ပွဲလည်း ဖြစ်သည်။

ဒီစစ်ပွဲအတွက် အလယ်ပြည်ရှိ ပြည်နယ်တိုင်း၊ မြို့တိုင်းသည် အစွမ်းကုန် ထောက်ပံ့ပေးခဲ့ကြသည်။ စစ်ပွဲ၏ခြိမ်းခြောက်မှုအောက်တွင် ပြည်သူအားလုံးသည် ဒီစစ်ပွဲကို အာရုံစိုက်နေခဲ့ကြသည်။ လူတိုင်း၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အကယ်၍ မဟာထန်သာ ရှုံးနိမ့်သွားပါက အလယ်ပြည်တစ်ခုလုံး မိစ္ဆာလူမျိုးခြားများ၏ ခြေအောက်တွင် ကျရောက်သွားပေလိမ့်မည်။

သို့သော် ဒီစစ်ပွဲမှာ မဟာထန် နိုင်သွားပြီ။

“ဝေး”

၆ နှစ်၊ ၇ နှစ်အရွယ် ကလေးငယ် တစ်ဦးသည် လက်ထဲတွင် စက္ကူလေရဟတ် တစ်ခုကို ကိုင်လျက် အော်ဟစ်ကာ ပျော်ရွှင်စွာ ပြေးလွှားနေသည်။ သူ့မျက်နှာလေးမှာ ရဲနေသည်။

“မဟာထန် နိုင်ပြီဟေ့... မဟာထန် နိုင်ပြီ”

ကြည့်လိုက်လျှင် ကလေးငယ်၏ ပတ်ဝန်းကျင်နှင့် ဈေးတစ်ခုလုံးတွင် မီးပုံးများ၊ ဖဲကြိုးများဖြင့် တန်ဆာဆင်ထားသည်။ ကိုးပြည်ထောင်မြေကြီး တစ်ခုလုံး ယခုအချိန်တွင် ပျော်ရွှင်ပွဲ ခံနေကြသည်။

မဟာထန်၏ဗဟိုချက် ဖြစ်သော မြို့တော်တွင်မူ ပျော်ရွှင်မှု ပင်လယ်ကြီး ဖြစ်နေလေပြီ။ နေ့ခင်းဘက် ဖြစ်သော်လည်း မီးရှူးမီးပန်းသံများသည် မြေပြင်အနှံ့ ပဲ့တင်ထပ်နေသည်။ မီးပန်း တစ်ခုပြီး တစ်ခု ကောင်းကင်သို့ ပစ်ဖောက်နေကြသည်။

မရေမတွက်နိုင်သော ပြည်သူများသည် လမ်းမပေါ် ထွက်လာကြပြီး အနောက်မြောက်ဘက်မှ ရရှိသော သမိုင်းဝင် အောင်ပွဲကြီးကို ဂုဏ်ပြုနေကြသည်။

“မျိုးနွယ်ခြားဘုရင်”

ဝမ်ချောင်၏နာမည်သည် မြို့တော် တစ်ခုလုံး ပဲ့တင်ထပ်နေသည်။

မရေမတွက်နိုင်သော ပြည်သူများသည် တစ်ယောက်နှင့် တစ်ယောက် အပြေးအလွှား သတင်းစကား ပါးနေကြသည်။ သူတို့အတွက် ဝမ်ချောင်သည် စစ်မှန်သော သူရဲကောင်းပင် ဖြစ်သည်။

“မျိုးနွယ်ခြားဘုရင်က ဒီလောက်ကြီးမားတဲ့ ကုသိုလ်ကောင်းမှု ပြုခဲ့တာ... သူ့ကို နယ်စားဘုရင် အဖြစ် ခန့်အပ်ပြီး အနောက်ပိုင်းဒေသကို မဟာထန်အတွက် ထာဝရ စောင့်ရှောက်ခိုင်းသင့်တယ်... ဝမ်မိသားစုကိုလည်း ပထမအဆင့် မိသားစုကြီးအဖြစ် သတ်မှတ်သင့်တယ်”

“ဟုတ်တယ်။ ဝမ်ချောင်က ဒီလောက်ကြီးမားတဲ့ ကုသိုလ်ကောင်းမှု ပြုခဲ့တာ... သေချာပေါက် ဆုလာဘ်ကြီးကြီး ပေးရမယ်”

“ကျွန်တော် အကြံပြုချင်တာက မျိုးနွယ်ခြားဘုရင်နဲ့မဟာထန် စစ်သည်တွေရဲ့ အနောက်မြောက်ဘက် အောင်ပွဲကို သမိုင်းမှတ်တမ်း တင်ပြီး စာအုပ်ထုတ်ကာ မဟာထန် ပြည်သူ အားလုံး ဖတ်ရှုနိုင်အောင် လုပ်သင့်တယ်”

“ဒါက သမိုင်းမှာ မကြုံစဖူး ကိစ္စရပ်ကြီးပဲ... သံချပ်ကာ စစ်သည် ၂.၆ သန်းကို နေ့ချင်းညချင်း ဖျက်ဆီးပစ်နိုင်ခဲ့တာ... ဒီလို သူရဲကောင်းမျိုး ငါတို့ မဟာထန်ကို စောင့်ရှောက်နေမှတော့ အလယ်ပြည် စည်ပင်ဝပြောဖို့ ဘာပူစရာ ရှိတော့မလဲ”

ညီလာခံတွင်လည်း အလွန်စည်ကားနေသည်။ မရေမတွက်နိုင်သော မှူးမတ်များသည် စိတ်လှုပ်ရှားလွန်း၍ မျက်နှာများ ရဲနေကြပြီး ဝမ်ချောင်ကို သမိုင်းတွင် မကြုံစဖူး ဆုလာဘ်များ ပေးအပ်ရန် ဆွေးနွေးနေကြသည်။

အနောက်မြောက် စစ်ပွဲ ဖြစ်ပွားနေစဉ် ကာလအတွင်း လူတိုင်းသည် စိုးရိမ်ပူပန်နေခဲ့ကြပြီး ထိုနေရာမှ သတင်းများကို စောင့်မျှော်နေခဲ့ကြသည်။

အကယ်၍ မဟာထန်သာ ရှုံးနိမ့်သွားပါက နောက်ဆက်တွဲ အကျိုးဆက်ကို မည်သူမျှ မတွေးရဲခဲ့ကြပေ။

ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင် နိုင်သွားခဲ့သည်။ မဟာထန်၏ အသက်အငယ်ဆုံး နယ်စားမင်း အနေဖြင့် လူတိုင်းကို တုန်လှုပ်စေသော အံ့ဖွယ်အမှုတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။

All Chapters