အခန်း (၁၉၁၁-၁၉၁၅)
Vol. 117 Ch. 1911-1915
အခန်း (၁၉၁၁) အာရပ်သို့ လိုက်လံတိုက်ခိုက်ခြင်း
“ဝန်ကြီးချုပ်မင်း... ဒီတစ်ခေါက်တော့ ဧကရာဇ်မင်းမြတ်ကို သေချာ လျှောက်တင်ပေးပါ... မျိုးနွယ်ခြားဘုရင်နဲ့ စစ်သည်တော်တွေကို မျက်နှာမငယ်စေနဲ့”
ဘယ်သူ ပြောလိုက်သည်မသိ အသံတစ်ခု ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မှူးမတ်များ အားလုံး၏ အကြည့်များသည် ဝန်ကြီးချုပ် လီလင်ဖူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
လီလင်ဖူသည် ဝမ်ချောင်နှင့် မတည့်သော်လည်း၊ စိတ်ထဲတွင် မည်မျှပင် မလိုလားသော်လည်း အပြင်ပန်းတွင်မူ သဘောတူကြောင်း ပြသရလေသည်။
“ဒါကတော့ သဘာဝကျပါတယ်... ငါ ဧကရာဇ်မင်းမြတ်ကို အသေအချာ လျှောက်တင်ပေးပါ့မယ်”
လီလင်ဖူသည် မျက်နှာတွင် အပြုံးအတုကြီး တပ်ဆင်လျက် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
သို့သော် မည်သူမျှ သတိမထားမိသည်မှာ သူ၏ လက်ရှည် အင်္ကျီလက်ကြားတွင် လက်ချောင်း ငါးချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူဖျော့နေသည်ကိုပင်။
ဒီနေ့ ညီလာခံကို ဧကရာဇ်မင်းမြတ် မတက်ရောက်သော်လည်း သတင်းစကားသည် ဧကရာဇ်မင်းမြတ်၏ နားသို့ ရောက်ရှိပြီး ဖြစ်မည်မှာ သေချာသည်။
ထိုက်ကျိ နန်းတော်၊ ကျောက်စိမ်းမျှော်စင်သည် လူ့ပြည်မှ နတ်ဘုံနတ်နန်းကဲ့သို့ ခန့်ညားထည်ဝါလှသည်။
“ဧကရာဇ်မင်းမြတ်... အနောက်မြောက်ဘက်မှ အောင်ပွဲရ သတင်း ရောက်ရှိလာပါပြီ... မျိုးနွယ်ခြားဘုရင် နိုင်ခဲ့ပါပြီ”
ပေါ့ပါးသော ခြေသံများနှင့်အတူ မိန်းမစိုး ကောင်းလီရှီသည် အနောက်မှ ဖြည်းညှင်းစွာ လျှောက်လာသည်။
ထိုက်ကျိ နန်းတော်ရှေ့တွင် ငြိမ်သက်တိတ်ဆိတ်နေသည်။ မဟာထန်၏ အရှင်သခင်ဖြစ်သော လက်ရှိဧကရာဇ်မင်းမြတ်သည် ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှေ့ကို ငုံ့ကြည့်နေသည်။ စည်ကားသိုက်မြိုက်ပြီး အဆောက်အအုံများ စီတန်းနေသော မြို့တော်ကြီးကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာသည်။
“ငါ သိတယ်... သူ သေချာပေါက် ရှုံးမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသား”
ဒီစကားကို ပြောလိုက်ပုံမှာ တည်ငြိမ်ပြီး လှိုင်းဂယက် မထသော်လည်း အပြင်လူများ ကြားလျှင်မူ စိတ်လှုပ်ရှားသွားကြမည် ဖြစ်သည်။
အလယ်ပြည်ရှိ မရေမတွက်နိုင်သော ပြည်သူများနှင့် မိမိကိုယ်တိုင်ကိုပါ ဝမ်ချောင်လက်ထဲ အပ်နှံထားခြင်းသည် မည်မျှကြီးမားသော ယုံကြည်မှု ဖြစ်သနည်း။
ဒီအချက် တစ်ချက်တည်းနှင့်ပင် ဝမ်ချောင်သည် လက်ရှိမဟာထန်၏နံပါတ်တစ် အရေးပါသော မှူးမတ်အဖြစ် သတ်မှတ်ခံထိုက်သည်။
“နောက်ပြီးတော့... ရှေ့တန်းက သတင်း ရောက်လာပါတယ်... ကျွန်တော်မျိုးတို့ရဲ့ တပ်မတော်ကြီးက ပန်မီယာ ကုန်းပြင်မြင့်နဲ့ ဆမာကန်ကို ကျော်ဖြတ်ပြီး ခိုရာစန်းနဲ့ အာရပ်ပြည်မကြီးဆီ ချီတက်နေပါတယ်တဲ့။ ညီလာခံမှာလည်း စိုးရိမ်မှုတစ်ချို့ ရှိနေပါတယ်... တပ်မတော်ကြီးက အနောက်ဘက်ကို စစ်ချီသွားတော့ ပြည်မကြီးနဲ့ ဝေးကွာသွားပြီး ပြည်တွင်းမှာ အင်အားနည်းသွားမှာကိုပါ... အကယ်၍ အခြားနိုင်ငံတွေက ဒီအချိန်မှာ ဝိုင်းတိုက်ကြရင် မဟာထန်အတွက် အန္တရာယ် ရှိနိုင်ပါတယ်လို့...”
ကောင်းလီရှီသည် ခေတ္တမျှ တွေဝေပြီးမှ ပြောလိုက်သည်။
“ဟွန်း... သူတို့ကို လွှတ်ထားလိုက်ပါ... ဒီအချိန်ရောက်မှ မဟာထန်ရှေ့မှာ ဘယ်သူ ရဲတင်းရဲသေးလဲ ကြည့်ရသေးတာပေါ့”
သူတော်စင်ဧကရာဇ်မင်းမြတ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ပြုံးလိုက်ရာ အသံထဲတွင် အာဏာစက်များ ပါဝင်နေသည်။
……
ဆမာကန်မှ ခိုရာစန်းသို့ သွားရာ လမ်းတစ်လျှောက်တွင် စစ်မြင်းသံများ ဆူညံနေပြီး ကောင်းကင်ကို တုန်ဟည်းစေသော သတ်ဖြတ်သံများနှင့်အတူ သောင်းနှင့်ချီသော မဟာထန် သံချပ်ကာ တပ်သားများသည် အနောက်မှ ထပ်ကြပ်မကွာ လိုက်လံ သတ်ဖြတ်နေကြသည်။
စစ်တပ်ကြီး ဝင်ရောက် တိုက်ခိုက်ရာ လမ်းတစ်လျှောက်တွင် လူရော မြင်းပါ လဲပြိုကျပြီး အလောင်းများ ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော အာရပ်သံချပ်ကာ တပ်သားများသည် သွေးအိုင်ထဲတွင် လဲကျနေကြသည်။
“ကျွီ”
ထိုအချိန်တွင် စူးရှသော သိမ်းငှက်အော်သံ တစ်သံ ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက်ရသော မဟာထန် သံချပ်ကာ တပ်သား အားလုံး ချက်ချင်း ရပ်တန့်လိုက်ကြသည်။
ခဏအကြာတွင် “ဒုန်း... ဒုန်း... ဒုန်း” ဟူသော မြန်ဆန်သည့် မြင်းခွာသံများနှင့်အတူ လူငယ်တစ်ဦးသည် အထက်တန်းလွှာ ကိုယ်ရံတော် ဆယ်ဂဏန်းခန့်၏ အစောင့်အရှောက်ဖြင့် ဤနေရာသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
“ရွှစ်”
ကျန်းချွယ်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အလောင်းတစ်လောင်း၏ဘေးတွင် အခြေအနေကို စစ်ဆေးကြည့်ကာ လျင်မြန်စွာ ပြန်ထလိုက်သည်။
“ဘယ်လိုလဲ?”
ကျန်းချွယ် ခေါင်းလှည့်လိုက်ပြီး မလှမ်းမကမ်းရှိ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မဟာထန် စစ်ဗိုလ်ချုပ် တစ်ဦးကို မေးလိုက်သည်။
“ဒီနေ့ သတ်ဖြတ်လိုက်တဲ့ အာရပ်သံချပ်ကာ တပ်သား အရေအတွက်က ၁ သောင်းခွဲလောက် ရှိတယ်... တခြား အာရပ်သံချပ်ကာ တပ်သား အတော်များများကတော့ တခြားဘက်တွေကို ထွက်ပြေးသွားကြတယ်... ခိုရာစန်းဘက်ကို မသွားကြဘူး”
“အာရပ်ဘုရင်ခံ အဗူမွတ်စလင်ကတော့ သူ့စစ်တပ်ကို အစွမ်းကုန် ပြန်လည် စုစည်းနေတယ်... လက်ရှိ ခန့်မှန်းချက်အရ သူ့နားမှာ ရှိတဲ့ စစ်သည်အင်အားက ၂ သိန်းခွဲကနေ ၃ သိန်းကြားမှာ ရှိမယ်... ကျွန်တော်တို့ကို ဆက်ပြီး လိုက်တိုက်ခွင့် ပြုပါ့မလား?”
နောက်ဆုံးစကားထွက်ပေါ်လာသည်နှင့် ထိုမဟာထန် စစ်ဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် အားမလိုအားမရ ဖြစ်မှုများ ပေါ်လာသည်။
ဒီကာလ အတွင်းမှာ မျိုးနွယ်ခြားဘုရင်နှင့် ကိုးပြည်ထောင် ကာကွယ်ရေးမှူးဖြစ်သော ဝမ်ချောင်က အမိန့်ထုတ်ထားသည်။ စူးရှသော သိမ်းငှက်အော်သံ ကြားလိုက်ရသည်နှင့် ချက်ချင်း ရပ်တန့်ရမည် ဟူ၍ပင်။
သူတို့သည် သွားလိုက် ရပ်လိုက်၊ တိုက်လိုက် ရပ်လိုက်နှင့် အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
မူလက ဆက်လက် လိုက်လံ သတ်ဖြတ်လျှင် အာရပ်သံချပ်ကာ တပ်သားများပြားစွာကို သတ်ဖြတ်နိုင်သော်လည်း နောက်ဆုံးတွင် တစ်ကြိမ်ပြီး တစ်ကြိမ် လွှတ်ပေးလိုက်ရသည်။
“မလိုတော့ဘူး... သူတို့ကို လွှတ်ထားလိုက်ပါ”
“ကုထိုက်ပိုင်ရဲ့ ၂.၆ သန်းသော စစ်တပ်ကြီးတောင် မျိုးနွယ်ခြားဘုရင်လက်ထဲမှာ ရှုံးနိမ့်သွားပြီ... အခု အိမ်ရာမဲ့ ခွေးတစ်ကောင်လို ဖြစ်နေတဲ့ အဗူမွတ်စလင် က အသက်ရှင် ကျန်ရစ်နေတဲ့ အာရပ်သံချပ်ကာ တပ်သား ၃ သိန်းလောက်ကို ဦးဆောင်ပြီး ဘာလှိုင်းဂယက်မှ ထနိုင်မှာ မဟုတ်ဘူး”
ကျန်းချွယ် လက်ကာပြပြီး တုံ့ဆိုင်းခြင်း မရှိဘဲ တားမြစ်လိုက်သည်။
“မျိုးနွယ်ခြားဘုရင် အမိန့်ပေးထားပြီးသား... အောင်မြင်မှု လိုချင်ဇောနဲ့ စွန့်စားမှု မလုပ်ရဘူး... အခု အရေးကြီးတာက အထိအခိုက် အနည်းဆုံးနဲ့ ရန်သူ့ အင်အားကို တတ်နိုင်သမျှ ထိရောက်စွာ သတ်ဖြတ်ဖို့ပဲ... နောက်ဆုံးကျရင် မျိုးနွယ်ခြားဘုရင်ကိုယ်တိုင် လှုပ်ရှားလိမ့်မယ်... သူတို့မှာ စစ်သည်အင်အား ဘယ်လောက်ပဲ ရှိရှိ ပြေးမလွတ်နိုင်ပါဘူး”
“ဟုတ်ကဲ့ အမိန့် နာခံပါ့မယ်”
မြင်းပေါ်ရှိ စစ်ဗိုလ်ချုပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခါးကို ကိုင်းကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
မျိုးနွယ်ခြားဘုရင်ရဲ့အမိန့်ဆိုမှတော့ မှားစရာ မရှိပေ။ ပြီးတော့ မျိုးနွယ်ခြားဘုရင်ပြောသလိုပဲ စစ်သည် ၂.၆ သန်းတောင် ချေမှုန်းနိုင်ခဲ့တာ... ကျန်နေတဲ့ ရှုံးနိမ့် ထွက်ပြေးလာတဲ့ စစ်သည် အနည်းငယ်လောက်က ဘာလုပ်နိုင်မှာလဲ။
စစ်တပ်ကြီးသည် လျင်မြန်စွာ အနားယူလိုက်ပြီး နေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခဏအကြာတွင် မြေကြီး တုန်ခါလာပြီး အဝေးမှ ကြည့်လိုက်လျှင် လှိုင်းလုံးများကဲ့သို့ ဖုန်မှုန့်များ လိပ်တက်လာသည်ကို တွေ့လိုက်ရသည်။
လှိုင်းလုံးများကြားတွင် နဂါးကိုးကောင် စစ်သွေးအလံ တစ်ခုသည် အလွန် ထင်ရှားနေသည်။ ထို နဂါးကိုးကောင် စစ်အလံ၏ ရှေ့တွင် ခန့်ညားပြီး ချောမောသော မျက်နှာထားရှိသည့် လူငယ်တစ်ဦးသည် မုန်တိုင်းကဲ့သို့ အရှိန်အဝါ ပြင်းထန်သော အင်ပါယာ ဗိုလ်ချုပ်ကြီး တစ်ဦးနှင့်အတူ ဤနေရာသို့ လာနေသည်။
“ကိုးပြည်ထောင် ကာကွယ်ရေးမှူးကို ဂါရဝ ပြုပါတယ်”
ဝမ်ချောင်ကို မြင်လိုက်ရသောအခါ သောင်းနှင့်ချီသော မဟာထန် မြင်းစီးတပ်သားများ အားလုံး မြင်းပေါ်မှ ဆင်းကာ ခါးကို ကိုင်း၍ အရိုအသေ ပေးလိုက်ကြသည်။ သူတို့၏ မျက်နှာထားတွင် လေးစားမှုများ အပြည့် ရှိနေသည်။
ဝမ်ချောင်သည် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခန့်အပ်ထားသော မျိုးနွယ်ခြားဘုရင်ဖြစ်သော်လည်း ဤစစ်မြေပြင်တွင်မူ သူသည် အမြင့်ဆုံးသော ကိုးပြည်ထောင် ကာကွယ်ရေးမှူးဖြစ်ပြီး အခြားသော မဟာဗိုလ်ချုပ်ကြီးများထက်ပင် ရာထူး အဆင့်အတန်း မြင့်မားသည်။
“အခြေအနေ ဘယ်လိုလဲ”
အသံတစ်ခုသည် မိုးကြိုးကဲ့သို့ ကျယ်လောင်စွာ အဝေးမှ ထွက်ပေါ်လာသည်။
“ဟီးးး”
မြင်းဟီသံ တစ်ချက်နှင့်အတူ မျက်တောင်တစ်ခတ်စာ အတွင်း ဝမ်ချောင်သည် ပိုင်ထီးဝူကို စီးနင်းလျက် ကျန်းချွယ်နှင့်အခြားသူများရှေ့တွင် ရောက်ရှိလာသည်။
ငရဲဘုံကဲ့သို့ သွေးစွန်းသော စစ်မြေပြင်များကို တစ်ခုပြီး တစ်ခု ဖြတ်သန်းခဲ့ရပြီး အလောင်းတောင် သွေးပင်လယ်များကြား အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်။ အနောက်တောင်၊ အနောက်မြောက်၊ မင်းသားသုံးပါး ပုန်ကန်မှုနှင့် ယခု ပိုမို ပြင်းထန်သော မဟာထန် နှင့် အာရပ်တို့၏ နိုင်ငံ ဖျက်ဆီးရေး စစ်ပွဲများကို ဖြတ်သန်းပြီးနောက်... လက်ရှိ ဝမ်ချောင်သည် အပြင်ပန်းတွင် လူငယ် မျက်နှာထား ရှိနေဆဲ ဖြစ်သော်လည်း သူ၏ အရှိန်အဝါသည် လေးနက် တည်ငြိမ်ပြီး သံမဏိကဲ့သို့ ခိုင်မာနေပြီ ဖြစ်သည်။
သူ၏လှုပ်ရှားမှုများတွင် လူအများကို ဦးဆောင်နိုင်သော မဟာဗိုလ်ချုပ်ကြီး၏ အရှိန်အဝါများ အလိုအလျောက် စီးဆင်းနေသည်။
ထိုခန့်ညားသော အရှိန်အဝါသည် တစ်ဖက်တွင် လူတိုင်း ချီးမွမ်းကြသော ယခင် မျိုးဆက် စစ်နတ်ဘုရားဝမ်ကျုံးစစ်နှင့် ယှဉ်လျှင်ပင် မနိမ့်ကျတော့ပေ။
ကုထိုက်ပိုင်နှင့် မဟာဘုန်းတော်ကြီးတို့ကို အနိုင်ယူပြီးနောက် မသိမသာပင် ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်းအစရှိသော အင်ပါယာ၏ နာမည်အကြီးဆုံး ကာကွယ်ရေးမှူးများအပါအဝင် လူအားလုံးသည် ဝမ်ချောင်၏လက်အောက်သို့ စုစည်းရောက်ရှိလာကြပြီး သူ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
“အရှင်... အရှင် တွက်ချက်ထားတဲ့ အတိုင်းပါပဲ... အဗူမွတ်စလင်က ခိုရာစန်းထဲ အောင်မြင်စွာ ထွက်ပြေးသွားပါပြီ။ နောက်ပြီး ကျွန်တော်တို့ သတင်း ရထားတာက ကုထိုက်ပိုင် စစ်ရှုံးပြီးနောက် အာရပ်အင်ပါယာက သတင်း ရရှိသွားပြီး ပြည်သူ့စစ်(ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့) အမြောက်အမြား စုစည်းကာ ကျွန်တော်တို့နဲ့ သေချာပေါက် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်”
ကျန်းချွယ် ဒူးတစ်ဖက်ထောက်ကာ ဦးညွှတ်လိုက်သည်။ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှု အချို့ ရှိနေသည်။
အထက်လူကြီးက မဟာဗျူဟာကို ကြံဆပြီး လက်အောက်ငယ်သားက စစ်ရေးကို စီမံသည်။ အချိန်ကြာမြင့်စွာ စီမံခန့်ခွဲပြီးနောက် ကျန်းချွယ်၏ သတင်းကွန်ရက်သည် ပတ်ဝန်းကျင် နိုင်ငံများအနှံ့ ဖြန့်ကြက်ထားပြီး ဖြစ်ရာ အာရပ်အပါအဝင် နေရာအနှံ့တွင် သူလျှိုများစွာ ရှိနေသည်။
မဟာထန် စစ်တပ်ကြီး ခိုရာစန်းသို့ မရောက်ရှိသေးသော်လည်း အာရပ်နယ်မြေ အတွင်းရှိ လှုပ်ရှားမှု အားလုံးသည် ကျန်းချွယ်၏ နားထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အာရပ်အင်ပါယာ၏ပြည်သူများသည် ကြမ်းတမ်းခက်ထန်ပြီး မိန်းမနှင့် ကလေးမှလွဲ၍ ပြည်သူအားလုံးနီးပါး စစ်သားများ ဖြစ်ကြသည်။ ဒါကြောင့်လည်း အာရပ်သည် တောင်စဉ်ရေမရ စစ်ပွဲများ ဆင်နွှဲနိုင်ခဲ့ပြီး ယနေ့အချိန်ထိ ကြီးထွားလာကာ အနောက်ဘက်ဒေသ၏ အသန်မာဆုံး နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့စစ် ဖြစ်သော်လည်း တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မားသည်။ လေ့ကျင့်သား ပြည့်ဝသောကြောင့် မဟာထန်၏ ပုံမှန်စစ်တပ်ထက် အနည်းငယ်သာ နိမ့်ကျသည်။ အကယ်၍ အရေအတွက် လုံလောက်စွာ များပြားပါက မဟာထန်ကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။
“ဟွန်း... ပြည်သူ့စစ်လား”
ဝမ်ချောင်သည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်ပြီး မျက်နှာထား လုံးဝ မပြောင်းလဲပေ။
အာရပ်၏ ပြည်သူ့စစ်များသည် အာရပ်ကို “သိမ်းပိုက်၍ မရသော နိုင်ငံ” ဟူသည့် ဂုဏ်ပုဒ်ကို ရရှိစေခဲ့သည်။ သို့သော် ၎င်းသည် အခြား နိုင်ငံများအတွက်သာ ဖြစ်သည်။ ဝမ်ချောင်အတွက်မူ မည်မျှပင် လေ့ကျင့်ထားသော ပြည်သူ့စစ် ဖြစ်ပါစေ လူအုပ်စု တစ်စုသာ ဖြစ်ပြီး လုံးဝ တိုက်ခိုက်နိုင်စွမ်း မရှိပေ။
“သူတို့ကို လွှတ်ထားလိုက်ပါ... သိပ်ဂရုစိုက်စရာ မလိုပါဘူး။ နောက်ပြီး ငါ စီစဉ်ခိုင်းထားတဲ့ ကိစ္စတွေ ဘယ်လိုနေပြီလဲ?”
“အရှင်... အားလုံး စီစဉ်ပြီးပါပြီ... အရှင် အမိန့်ပေးဖို့ပဲ စောင့်နေပါတယ်”
ကျန်းချွယ် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ရှေ့ဆက်ကြစို့... အခု အာရပ်ဆိုတဲ့ ဒီထာဝရ ရန်သူကြီးကို ဖယ်ရှားဖို့ အလှည့်ရောက်ပြီ”
ဝမ်ချောင်ပြောရင်း ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းတွင် မည်းမှောင်နေသော မြို့ကြီးတစ်မြို့ ခန့်ညားစွာ တည်ရှိနေသည်ကို မြင်လိုက်ရသည်။
ခိုရာစန်း…
မိုင် ဆယ်ဂဏန်းလောက် ဆက်သွားလိုက်ရင် ဝမ်ချောင် ဒီခိုရာစန်းမြို့ကို ထပ်မံရောက်ရှိတော့မည် ဖြစ်သည်။
အဲဒီနောက်မှာတော့ အာရပ်အင်ပါယာရဲ့ နယ်မြေ ဖြစ်သည်။ နှစ်ကြိမ်ဆက်တိုက် မဟာထန် အင်ပါယာ ကြုံတွေ့ခဲ့ရသော မကြုံစဖူး ခြိမ်းခြောက်မှုများသည် ဤ အင်ပါယာမှ လာခြင်း ဖြစ်သည်။ အာရပ်ကို မချေမှုန်းနိုင်သရွေ့၊ အနောက်ဘက်ဒေသ၏ အသန်မာဆုံး နိုင်ငံကို မသိမ်းပိုက်နိုင်သရွေ့ မဟာထန်သည် ဒီ အနက်ရောင် အာရပ်၏ ခြိမ်းခြောက်မှုကို အဆက်မပြတ် ခံနေရဦးမည် ဖြစ်သည်။ တူညီသော စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည်ဖြစ်ပြီး မဟာထန်လည်း ဗျာများနေရဦးမည်။
ဒါကြောင့်လည်း မဟာထန်က ကုထိုက်ပိုင်ကို အနိုင်ယူပြီးနောက် ဝမ်ချောင်က စစ်တပ်ကို ပင်ပန်းခံ စေလွှတ်ပြီး တစ်လျှောက်လုံး လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်သည်။ စစ်ပညာအရ “ထွက်ပြေးသော ရန်သူကို မလိုက်ရ” ဟူသော မူကို လုံးဝ လျစ်လျူရှုထားခြင်း ဖြစ်သည်။
“တကယ်လို့ ကျွန်တော်တို့သာ ဒီကြီးမားတဲ့ အင်ပါယာကြီးကို သိမ်းပိုက်နိုင်ခဲ့ရင် ဒါက သမိုင်းမှာ မကြုံစဖူး ကြီးမားတဲ့ ကုသိုလ်ကောင်းမှု ဖြစ်လာမှာပါ... ကျွန်တော်တို့ အားလုံး သမိုင်းမှတ်တမ်း တင်ခံရတော့မှာ”
မြင်းခွာသံများနှင့်အတူ ကောင်းရှန်းကျစ်သည် အနောက်မှ မြင်းကို မောင်းနှင်လာပြီး ဝမ်ချောင်နှင့်အတူ တူညီသော ကာကွယ်ရေး လိုင်းကို ကြည့်ကာ စိတ်အားထက်သန်နေသည်။
အာရပ်ကို သိမ်းပိုက်ခြင်းသည် အနောက်ဘက် နယ်မြေအန်းရှီဒေသရဲ့ စစ်နတ်ဘုရား တစ်ဦးအနေဖြင့် အနောက်ပိုင်း ဒေသတွင် ဆယ်စုနှစ်များစွာ ထိုင်နေခဲ့သော ကောင်းရှန်းကျစ်အတွက် စဉ်းတောင် မစဉ်းစားရဲသော မျှော်လင့်ချက် ဖြစ်သည်။
အာရပ်အင်ပါယာသည် သိပ်ကိုအင်အားကြီးမားလွန်းသည်။ သံချပ်ကာ စစ်သည် များပြားလွန်းသဖြင့် ကောင်းရှန်းကျစ် အနေဖြင့် ရှိသမျှ စစ်သည်အင်အား အကုန်ထုတ်ပြီး အနောက်ပိုင်းဒေသ နိုင်ငံအားလုံးကို ခေါ်သွားလျှင်တောင် လုပ်ဆောင်နိုင်မည့် ကိစ္စ မဟုတ်ပေ။
ဒါပေမဲ့ အခုတော့ ကုထိုက်ပိုင်နဲ့ အာရပ်အင်ပါယာ မဟာမိတ် တပ်ပေါင်းစုကို အနိုင်ယူပြီးတဲ့နောက် ရုတ်တရက် ဖြစ်နိုင်ခြေ ရှိလာခဲ့ပြီ။
“ဘယ်လိုပဲဖြစ်ဖြစ် အာရပ်ကို မဖြစ်မနေ ချေမှုန်းပစ်ရမယ်... ဒါက တစ်ခါတည်းနဲ့ အပြီးရှင်းတဲ့ နောက်ဆုံး နည်းလမ်းပဲ... ဒီအချက်ကို လုပ်နိုင်မှ မဟာထန်က ဆယ်စုနှစ်တွေ ဒါမှမဟုတ် နှစ်ရာချီတဲ့အထိ တကယ် ငြိမ်းချမ်းမှုကို ရရှိနိုင်မှာ”
ထိုအချိန်တွင် ဝမ်ကျုံးစစ်လည်း ဝင်ပြောလိုက်သည်။
စစ်တပ်ကြီး ခရီးဝေး ချီတက်ပြီး နိုင်ငံကို စွန့်ခွာသွားခြင်းသည် ကြီးမားသော တားမြစ်ချက် ဖြစ်သည်။ ဒါကို ဝမ်ချောင်လက်ထက်ကျမှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၁.၆ သန်းသော စစ်တပ်ဖြင့် ကမ္ဘာ့အသန်မာဆုံး ၂.၆ သန်းသော သံချပ်ကာ တပ်ဖွဲ့ကို အနိုင်ယူနိုင်ခဲ့သည်။ ဒီလို ကိစ္စတောင် လုပ်နိုင်ခဲ့မှတော့ ဘာကိစ္စများ မလုပ်နိုင်စရာ ရှိတော့မလဲ။
“သွားကြစို့ ဝမ်ချောင်... မင်း ဘယ်နေရာကို သိမ်းပိုက်မယ် ပြောပြော ငါတို့ တခြားလူတွေ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး”
ကျန်းချိုးကျန့်ချုံး က နောက်မှ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချောင်မနေနိုင်ဘဲ ပြုံးလိုက်သည်။
“သွားကြစို့”
အမိန့်ပေးလိုက်သည်နှင့် စစ်တပ်ကြီးသည် ဖြည်းညှင်းစွာ စတင် ရွေ့လျားလာပြီး အဝေးရှိ ခိုရာစန်းဆီသို့ လျင်မြန်စွာ ဦးတည်သွားရောက်ကြသည်။
ခိုရာစန်းအတွင်းတွင် လေထု အခြေအနေ တင်းမာနေသည်။ ဆိုးရွားသော သတင်းကို ကြားရသော်လည်း ဤ အင်ပါယာသည် လက်မြှောက် အရှုံးပေးခြင်း မရှိပေ။ ကောင်းကင်မှ စီးမိုးကြည့်လိုက်လျှင် စစ်သည် အမြောက်အမြားသည် ခိုရာစန်းအနောက်ဘက်၊ အာရပ်၏ ပြည်နယ် အသီးသီးမှ ဤနေရာသို့ စုဝေးလာနေကြသည်။ ဒါတွေက ဆင့်ခေါ်မှုကြောင့် ရောက်လာကြသော အာရပ်ပြည်သူ့စစ်များ ဖြစ်ကြသည်။
******
အခန်း (၁၉၁၂) လျော်ကြေး
အာရပ်သည် စစ်မက်လိုလားသော နိုင်ငံတစ်ခု ဖြစ်သည်။ အနောက်မြောက်ဘက်တွင် တပ်မတော်ကြီး ရှုံးနိမ့်သွားကြောင်း သိရသော်လည်း လက်နက်ချ အညံ့ခံမည့် အရိပ်အယောင် လုံးဝမပြဘဲ မဟာထန် နှင့် သေသည်အထိ တိုက်ခိုက်မည့် ပုံစံမျိုး ပြသနေသည်။
“မဟာသူတော်စင်ကြီးအတွက် လက်စားချေကြ”
“မဟာထန်တွေကို အကုန်သတ်”
“အရှင်မင်းမြတ်အတွက် အသက်ပေး တိုက်ခိုက်ကြ”
……
ခိုရာစန်းမြို့ထဲတွင် မရေမတွက်နိုင်သော အာရပ်ပြည်သူ့စစ်များ စုဝေးနေကြသည်။ သူတို့သည် ဓားကွေးများ၊ လှံရှည်များကို ဝှေ့ယမ်းကာ လက်မောင်းများကို မြှောက်၍ ဒေါသတကြီး အော်ဟစ်နေကြရာ ထိုကျယ်လောင်သော အသံများသည် တိမ်လွှာများကိုပင် ဖောက်ထွင်းသွားမတတ် ဖြစ်နေသည်။
သို့သော် ထိုသူများ မမြင်နိုင်သော နေရာတွင် အဗူမွတ်စလင်သည် မြို့ရိုးထောင့် တစ်နေရာ၌ ရပ်လျက် မြို့ထဲရှိ ဒေါသတကြီး စုဝေးနေသော ပြည်သူ့စစ်များကို ငုံ့ကြည့်နေသည်။ သူ၏ မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုများကတော့ လျော့နည်းသွားခြင်း မရှိပေ။
အာရပ်တို့၏ ယခု အရှေ့တိုင်းစစ်ဆင်ရေးတွင် တပ်မတော်ကြီး၏ ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရပြီး ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများလည်း အသတ်ခံရကာ ကုန်သလောက် ဖြစ်နေပြီ။ တကယ်တမ်း တိုက်ခိုက်နိုင်စွမ်းရှိသူ သိပ်မကျန်တော့ပေ။
သို့သော် လက်ထဲတွင် စုစည်းထားသော စစ်ရှုံး၍ ပြန်လာသည့် တပ်သား ၃ သိန်းနှင့် အရပ်ရပ်မှ ရောက်ရှိလာသော ပြည်သူ့စစ်များ ပေါင်းလိုက်လျှင် ခိုရာစန်းမြို့ထဲတွင် စစ်သည်အင်အား ၇ သိန်း၊ ၈ သိန်းခန့် ရှိနေပြီ ဖြစ်သည်။ ဒါက အဗူမွတ်စလင် ၏ စိတ်ကို အနည်းငယ် သက်သာရာ ရစေသည်။
ထို့အပြင် ခိုရာစန်းသည် မြို့ရိုးမြင့်မားပြီး ထူထဲသဖြင့် စစ်မှန်သော ခံတပ်ကြီး တစ်ခု ဖြစ်သည်။ အဗူမွတ်စလင် သည် စစ်သည်များကို စေလွှတ်ပြီး မြေပြင်အားလုံးကို ပြန်လည် မွမ်းမံခိုင်းကာ လျှို့ဝှက် လမ်းကြောင်းများ အားလုံးကို ရှာဖွေ ပိတ်ဆို့ခိုင်းထားသည်။ ဤ မြို့ကြီးကို အကာအကွယ်ယူပြီး ခုခံပါက မဟာထန်ကို ခေတ္တမျှ ခုခံနိုင်စွမ်း ရှိပေသည်။
၁၀ ရက်၊ ၁၅ ရက်လောက် တောင့်ခံနိုင်လျှင် မဟာထန် တို့ တိုက်၍ မနိုင်သဖြင့် အလိုလို ဆုတ်ခွာသွားလိမ့်မည်။
“ဘုရင်ခံ... အရှင်မင်းမြတ် ခါလီဖ်ဆီက စာရောက်လာပါတယ်... အာရပ်မှာ သုံးစရာ စစ်သား မရှိတော့ပါဘူးတဲ့... ဘုရင်ခံအနေနဲ့ ဘယ်လိုနည်းနဲ့မဆို မဟာထန်ကို တားဆီးပေးပါလို့ ပြောပါတယ်... အနာဂတ်မှာ ရာထူးတိုးပေးမှာမို့ ဘုရင်ခံက ကျွန်တော်တို့ အာရပ်ရဲ့ ထာဝရ အာဇာနည် ဖြစ်လာမှာပါတဲ့”
စဉ်းစားနေစဉ်မှာပင် ခေါင်းပေါ်မှ တောင်ပံခတ်သံများ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ခိုရာစန်းတွင် တာဝန်ကျနေသော အာရပ်မှူးမတ်တစ်ဦးသည် စာတစ်စောင်ကို ကိုင်လျက် မြို့ရိုးပေါ်သို့ အလျင်အမြန် တက်လာသည်။ သူသည် ခေါင်းငုံ့ကာ လက်ထဲမှ စာကို ကမ်းပေးလိုက်ပြီး အမူအရာမှာ အလွန် ရိုသေလေးစားမှု ရှိနေသည်။
အာရပ်မှူးမတ်များသည် ပုံမှန်အားဖြင့် မောက်မာတတ်ကြပြီး အဗူမွတ်စလင်ကဲ့သို့ စစ်သည်တစ်ဦး၏ ရှေ့တွင် ဤကဲ့သို့ ခေါင်းငုံ့ ရိုကျိုးလိမ့်မည်ဟု ထင်မှတ်မထားနိုင်ပေ။ သို့သော် ယခုအချိန်တွင် အဗူမွတ်စလင် လုံးဝ မပျော်ရွှင်နိုင်ပေ။
တစ်ချိန်တုန်းက သူသည် ရည်မှန်းချက် ကြီးမားခဲ့ပြီး အရှေ့တိုင်းသို့ စစ်ချီကာ နယ်မြေအသစ်များ သိမ်းပိုက်ရန် ကြံရွယ်ခဲ့သည်။ သို့သော် အခြေအနေများ ပြောင်းလဲသွားပြီး ယခုအခါ အာရပ်၏ နောက်ဆုံး ဘုရင်ခံ၊ အင်ပါယာ၏ တံခါးစောင့်အဖြစ် ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းက ထင်ထားမိခဲ့ပါ့မလဲ။
အင်ပါယာ တစ်ခုလုံး၏ လုံခြုံရေးသည် သူ့တစ်ယောက်တည်း ပခုံးပေါ်သို့ ကျရောက်နေသည်။ အရင်တုန်းက အာရပ်သည် နိုင်ငံတကာကို အမိန့်ပေး နိုင်ခဲ့ပြီး မည်မျှ အင်အားကြီးမားခဲ့သနည်း။ ယခုတော့ မုန်တိုင်းကြားမှ လှေငယ်လေးကဲ့သို့ ယိမ်းယိုင်နေပြီး ဒီအခြေအနေထိ ရောက်ရှိသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် အဗူမွတ်စလင် ရင်ထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
သူ ရုတ်တရက် နောင်တရမိသည်။ အစကတည်းက တပ်ကို ဦးဆောင်ပြီး အရှေ့တိုင်းသို့ မသွားခဲ့သင့်ပေ။
“အင်ပါယာရဲ့ အခြေအနေက အခု ဘယ်လိုလဲ?”
အဗူမွတ်စလင်သည် ထို မှူးမတ်ကြီးကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“အင်ပါယာက အားလုံး အဆင်ပြေပါတယ်... ဘုရင်ခံမင်း စိတ်ပူစရာ မလိုပါဘူး... ရန်သူကို အေးဆေး တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ပါ”
ထို မှူးမတ်ကြီးသည် ခေါင်းမော့လာပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီအချိန် ရောက်နေတာတောင် ငါ့ကို ဖုံးကွယ်ထားချင်သေးတာလား?”
အဗူမွတ်စလင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဘုရင်ခံမင်း... ကျွန်တော်က ဘာကိစ္စ...”
ထို အာရပ်မှူးမတ်ကြီးသည် ငြင်းဆန်ချင်နေသေးသော်လည်း အဗူမွတ်စလင်၏ နက်ရှိုင်းပြီး အရာရာကို ထိုးဖောက်မြင်နိုင်သော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ ခဏမျှ တောင့်ခံပြီးနောက် နောက်ဆုံးတွင် ဖွင့်ပြောလိုက်ရသည်။
“ဘုရင်ခံမင်း... အင်ပါယာရဲ့အခြေအနေက တကယ်မကောင်းပါဘူး။ မဟာသူတော်စင်ကြီး သေဆုံးသွားပြီ၊ စစ်ပွဲ ရှုံးနိမ့်သွားပြီ ဆိုတာ ကြားရတော့ အင်ပါယာ ပတ်ဝန်းကျင်က နိုင်ငံငယ်လေးတွေ လှုပ်ရှားလာကြပါတယ်။ အရင်က သိမ်းပိုက်ထားတဲ့ နေရာအတော်များများမှာလည်း ပုန်ကန်မှုတွေ စတင်နေပါပြီ။ အင်ပါယာက အခု ဗျာများနေရပြီး အရှင်မင်းမြတ်ဆီမှာလည်း ဘာနည်းလမ်းမှ မရှိပါဘူး”
နောက်ဆုံး စကားပြောပြီးသည်နှင့် ထိုမှူးမတ်ကြီး ခေါင်းငုံ့သွားပြီး မျက်နှာထားမှာ အလွန် စိတ်ပျက်အားငယ်နေသည်။
အင်အားကြီးမားခြင်းနှင့် ကျဆုံးခြင်းသည် တစ်ခဏလေး အတွင်းသာ ဖြစ်သည်။ ယခု အင်ပါယာတွင် စစ်မီးများ တောက်လောင်နေပြီး ပြည်တွင်း ပြည်ပ ရန်စွယ်များ ဝိုင်းနေသဖြင့် ကုသရန် မဖြစ်နိုင်သလောက်ပင်။
အခြေခံအားဖြင့် ပြောရလျှင် အရာအားလုံး၏ အစသည် ထို စစ်ပွဲမှ စတင်ခြင်း ဖြစ်သည်။ အဗူမွတ်စလင် သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောနိုင်တော့ပေ။
သူသည် အင်ပါယာ၏ ထိပ်တန်း အာဏာရှင် ဘုရင်ခံဟု ကျော်ကြားခဲ့သော်လည်း ယခုလို အကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါ ဘာမှ မတတ်နိုင်တော့ပေ။
“ရှေ့တန်း အခြေအနေ ဘယ်လိုလဲ။ မဟာထန် ရဲ့ အခြေအနေကို စုံစမ်းပြီးပြီလား”
အဗူမွတ်စလင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဘေးနားရှိ ဒုဗိုလ်ချုပ် တစ်ဦးဘက်သို့ လှည့်မေးလိုက်သည်။
“အခြေအနေ မကောင်းဘူး... မူလက ကျွန်တော်တို့နဲ့အတူ စစ်ချီလာတဲ့ နိုင်ငံပေါင်းစုံ တပ်ပေါင်းစုတွေထဲက အနည်းဆုံး စစ်သည် ၄ သိန်းလောက်က မဟာထန်ကို လက်နက်ချသွားကြတယ်။ ပြီးတော့ ရန်သူဘက်ကို ကူးပြောင်းပြီး မဟာထန် စစ်တပ်နဲ့ ပူးပေါင်းကာ ခိုရာစန်းဆီ ဦးတည် လာနေကြတယ်”
“အချိန်အရ တွက်ကြည့်မယ် ဆိုရင် ခိုရာစန်းကို ရောက်ဖို့ ခဏလေးပဲ လိုတော့တယ်”
ဒုဗိုလ်ချုပ်က လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အဗူမွတ်စလင် ကြောင်အနသွားပြီး အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားသည်။
ဒီမဟာထန်နှင့် အာရပ်စစ်ပွဲတွင် အာရပ်က မူလက အသာစီး ရထားခဲ့သည်။ သို့သော် ယခုအခါ မဟာထန်၊ ဆမ်ဆာနစ်နှင့် ဘက်ပြောင်းလာသော နိုင်ငံတကာ တပ်ဖွဲ့များ ပေါင်းလိုက်လျှင် လက်ရှိ မဟာထန် ၏ အင်အားသည် ၁ သန်းနီးပါး ရှိနေပြီ ဖြစ်သည်။ စစ်သည်အင်အားအရ အဗူမွတ်စလင် ထက်ပင် သာလွန်နေပြီ ဖြစ်သည်။ မြို့ထဲတွင် စုစည်းထားသော အာရပ်ပြည်နယ် အသီးသီးမှ ပြည်သူ့စစ်များကို ပေါင်းထည့်လျှင်ပင် အင်အားချင်း တူညီရုံလောက်သာ ရှိပေမည်။
ဝုန်း
စဉ်းစားနေစဉ်မှာပင် ရုတ်တရက် အဝေးမှ မြေကြီးက တုန်ခါသွားသည်။
စူးရှသော အော်ဟစ်သံများ အဝေးမှ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် မရေမတွက်နိုင်သော သိမ်းငှက်များနှင့် စာကလေးများသည် အဝေးရှိ တိမ်မည်းများကြားမှ ထိုးထွက်လာကာ ပင်လယ်လှိုင်းလုံးများပမာ ကောင်းကင်တွင် ဖြန့်ကျက်သွားသည်။ ၎င်းတို့အထဲတွင် အာရပ်၏ ဧရာမ ငှက်ကြီးများ အများအပြား ပါဝင်နေသည်ကို တွေ့ရသည်။
စစ်မြင်းများ ဒုန်းစိုင်း ပြေးလာကြပြီး ငှက်အုပ်ကြီး၏အောက်ရှိ လိပ်တက်နေသော ဖုန်မှုန့်များကြားမှ ခဏချင်းမှာပင် သောင်းနှင့်ချီသော စစ်တပ်ကြီးသည် သံမဏိ ရေစီးကြောင်းကြီး တစ်ခုကဲ့သို့ ခိုရာစန်းဆီသို့ ဝင်ရောက်လာသည်။
ထိုကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော အရှိန်အဝါ ပြင်းထန်သည့် စစ်တပ်ကြီးကို မြင်လိုက်ရသောအခါ အဗူမွတ်စလင် မျက်ခွံများ လှုပ်ရှားသွားပြီး မျက်နှာထား ချက်ချင်း တင်းမာသွားသည်။
အင်အား အပြောင်းအလဲ ဖြစ်သွားပြီ။ ပြင်းထန်သော စစ်ပွဲကြီး တစ်ပွဲ အပြီးတွင် မဟာထန်ဘက်မှ စစ်သည်အင်အား လျော့နည်းမသွားသည့်အပြင် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ဟု မည်သူ ထင်ထားမိမည်နည်း။
ဝုန်း
မသိမသာပင် ခိုရာစန်းမြို့ထဲမှ ဆူညံနေသော အော်ဟစ်သံများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပြည်သူ့စစ်များ အပါအဝင် စစ်သည် အားလုံးသည် မြို့ပြင်မှ လှုပ်ရှားမှုများကို အာရုံခံမိလိုက်ကြပုံ ရသည်။
ခိုရာစန်းမြို့တစ်ခုလုံး ရုတ်တရက် တင်းမာသွားပြီး တိတ်ဆိတ် ငြိမ်သက်သွားသည်။
“ဘုရင်ခံမင်း ဟိုမှာ ကြည့်ပါဦး”
ထိုအချိန်တွင် အဗူမွတ်စလင်ဘေးမှ ဒုဗိုလ်ချုပ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှေ့ရှိ စစ်တပ်ကြီးထဲမှ နေရာတစ်ခုကို ရုတ်တရက် ညွှန်ပြလိုက်သည်။
အဗူမွတ်စလင် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်ပွင့်ကဲ့သို့ မျက်လုံးများ ရှိကာ နဂါးတစ်ကောင်ကဲ့သို့ မြင်းကောင်းကို စီးနင်းထားသူမှာ... အဗူမွတ်စလင် သေသည်အထိ မေ့နိုင်မည် မဟုတ်သော ကိုးပြည်ထောင် ကာကွယ်ရေးမှူးနှင့် မျိုးနွယ်ခြားဘုရင်ဝမ်ချောင်ပင် ဖြစ်သည်။
“အဗူမွတ်စလင်... မင်း လက်နက်ချဖို့ မစဉ်းစားသေးဘူးလား?”
ထိုအချိန်တွင် အေးစက်သော အသံတစ်ခု မိုးကြိုးကဲ့သို့ ကျယ်လောင်စွာ အဝေးမှ ထွက်ပေါ်လာသည်။ အဗူမွတ်စလင် စကားမပြောနိုင်သေးခင် ဝမ်ချောင်သည် ပိုင်ထီးဝူကို စီးနင်းလျက် လေဟာနယ် အထပ်ထပ်ကို ကျော်ဖြတ်ကာ မြို့ရိုးပေါ်ရှိ အဗူမွတ်စလင်ကို တစ်ချက်တည်းနှင့် လှမ်းကြည့်လိုက်သည်။
“ခွေးကောင်”
ရန်သူချင်း တွေ့ဆုံရာ မျက်လုံးများ နီရဲလာကြသည်။ ထိုစကားကို ကြားသောအခါ မြို့ရိုးပေါ်ရှိ အာရပ်စစ်ဗိုလ်ချုပ် တစ်ဦးချင်းစီ၏ မျက်လုံးများ သွေးရောင် လွှမ်းသွားကြသည်။ ဝမ်ချောင်သည် ထိုစကားကို အာရပ်ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သိသာထင်ရှားစွာပင် သူသည် ထိုစကားဖြင့် ခိုရာစန်းမြို့ထဲရှိ စစ်သည်များ၏ စိတ်ဓာတ်ကို ရိုက်ချိုးပြီး စစ်စိတ်စစ်သွေးကို တုန်လှုပ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဒါ့အပြင် ဝမ်ချောင်ဦးဆောင်သော စစ်တပ်သည် အာရပ်သံချပ်ကာ တပ်သား တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ရာ အာရပ်အင်ပါယာ တစ်ခုလုံးအတွက် ထာဝရ အကြီးမားဆုံး ရန်သူ ဖြစ်သည်။
သို့သော် မြို့ရိုးပေါ်တွင် အဗူမွတ်စလင်သည် လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် လူများကို လျင်မြန်စွာ ငြိမ်သက်သွားစေခဲ့သည်။
“မဟာ ကာကွယ်ရေးမှူး... မင်း နိုင်နေပါပြီ။ ဘာလို့ ဒီလောက်ထိ အတင်းအကျပ် လုပ်နေရတာလဲ။ မဟာထန် အင်ပါယာနဲ့ အာရပ်က အဝေးကြီး ခြားနေတာ... ဒီတစ်ခါ ငါတို့ မှားတာ မှန်ပေမဲ့ အာရပ်လည်း ဒါ့အတွက် ပေးဆပ်ခဲ့ရပြီးပါပြီ။ တကယ်လို့ မျိုးနွယ်ခြားဘုရင်သာ နောက်ဆုတ်ပေးမယ် ဆိုရင် အာရပ်က မဟာထန် နဲ့ ထာဝရ မိတ်ဆွေ ဖြစ်ဖို့ ဆန္ဒရှိပြီး ဘယ်တော့မှ ကျူးကျော်တော့မှာ မဟုတ်ဘူးလို့ သဘောတူညီချက် စာချုပ် ချုပ်ဆိုပေးပါ့မယ်”
အဗူမွတ်စလင် သည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောရင်း အတွင်းအားကို စုစည်းကာ အသံထဲသို့ ထည့်သွင်းလိုက်သည်။
နောက်တစ်ခဏတွင် ထို ကျယ်လောင်သော အသံသည် စစ်တပ်ကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
“ဟားဟား... ဒီအချိန်ရောက်မှ ပြောတာ နောက်ကျလွန်းတယ် မထင်ဘူးလား?”
“အနောက်မြောက် စစ်ပွဲတုန်းက အာရပ်စစ်သည် ၂.၆ သန်း မြို့ရှေ့ ရောက်လာတုန်းက မင်း ဘာလို့ ဒီစကား မပြောခဲ့တာလဲ။ ပြီးတော့ အခု အာရပ်မှာ ယုံကြည်ရတဲ့ ဂုဏ်သိက္ခာ ဆိုတာ ရှိသေးလို့လား”
ဝမ်ချောင်၏ အသံသည် ကျယ်လောင် ပြတ်သားပြီး နောက်ဆုံးတွင် အေးစက်စွာ ရယ်မောလိုက်ရာ အသံထဲ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
ပြီးခဲ့သည့် ခိုရာစန်းစစ်ပွဲတုန်းက ဝမ်ချောင်သည် မုန်တိုင်းကြားတွင် အာရပ်စစ်သည် တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် မူတာဆင်သုံးသည် ဝမ်ချောင်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ရသည်။ နှစ်ဖက်စလုံး ဘယ်တော့မှ မတိုက်ခိုက်ကြေး သဘောတူခဲ့ကြသော်လည်း နောက်ဆုံးတွင် အာရပ်တို့က လျစ်လျူရှုပြီး စာချုပ်ကို ဖျက်ဆီးခဲ့ကြသည်။
အာရပ်သည် မိစ္ဆာနိုင်ငံဟု ကြွေးကြော်ပြီး စစ်တိုက်ခြင်းကို ဂုဏ်ယူကြရာ မည်သည့် ယုံကြည်စိတ်ချရမှုမျိုး ရှိပါသနည်း။
အဝေးမှ မြို့ရိုးပေါ်တွင် ဝမ်ချောင်၏ စကားကို ကြားသောအခါ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သော်လည်း အဗူမွတ်စလင် ရင်ထဲ လေးလံသွားသည်။
“မျိုးနွယ်ခြားဘုရင် ဘာလို့ ဒီလောက်ထိ အတင်းအကျပ် လုပ်နေရတာလဲ”
“အာရပ်ရဲ့ အထက်တန်းလွှာတွေ အရှေ့တိုင်းမှာ အကုန် သေဆုံးကုန်ပါပြီ။ အခု အာရပ်က အရင်ကနဲ့ မတူတော့ပါဘူး... မဟာထန် ကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝ မရှိတော့ပါဘူး။ မျိုးနွယ်ခြားဘုရင်အနေနဲ့ ဘာလို့ ဆက်ပြီး လိုက်လံ တိုက်ခိုက်နေဦးမှာလဲ... တပ်ကို ပြန်လှည့်သွားလိုက်တာ ပိုမကောင်းဘူးလား။ ပြီးရင် အရင်တုန်းကလိုပဲ ကျွန်တော်တို့က မဟာထန်ကို ဒီတစ်ခါ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေ အမြောက်အမြား ပေးပါ့မယ်”
“ပြီးတော့ ပမာဏကလည်း မဟာထန် ကို ကျေနပ်စေရပါမယ်”
“ဒါပေမဲ့ မျိုးနွယ်ခြားဘုရင်က ခေါင်းမာပြီး ဆက်တိုက်မယ် ဆိုရင်တော့ အာရပ်မှာလည်း ရွေးချယ်စရာ မရှိပါဘူး။ အလယ်ပြည်စကားပုံလိုပဲ ကျောက်စိမ်းနဲ့ ကျောက်ခဲ အတူတူ ပျက်စီးခံလိုက်မယ်... အကွဲကွဲ အပြားပြား ဖြစ်သွားပါစေ အရှုံးမပေးဘူး”
အဗူမွတ်စလင်သည် လေးနက်စွာ ပြောရင်း နောက်ဆုံး ကြိုးစားကြည့်နေသည်။
မဟာထန် တွေက ရွှေငွေ ကြိုက်ကြသည်။ အရှင်ခါလီဖာက အမိန့်ပေးထားပြီးသား... မဟာထန်သာ သဘောတူရင် အာရပ်က မဟာထန် ကို ရွှေသား သန်း ၂၀၀၀ လျော်ကြေး ပေးမည်။ ပြီးခဲ့တဲ့ တစ်ခေါက်က ပမာဏထက် ပိုများသည်။ မဟာထန်ဘက်က သေချာပေါက် ကျေနပ်လိမ့်မည်ဟု ယုံကြည်သည်။
“ဟားဟားဟား... ငါ တပ်ကို ပြန်လှည့်သွားပြီး အာရပ်ကို ပြန်လည်ထူထောင်ခွင့် ပေးလိုက်ရမှာလား။ ပြီးရင် တစ်ကျော့ပြန် ပြန်လာတိုက်ဦးမှာလား။ အဗူမွတ်စလင်... မင်း အလကား အချိန်မဖြုန်းပါနဲ့တော့”
ဝမ်ချောင်ခေါင်းခါပြီး လှောင်ပြောင်လိုက်သည်။
စကားမဆုံးခင်မှာပင် လက်ကို ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
“စစ်သည်များ အမိန့်နာခံ... ရှေ့ကို ချီတက်ကြ”
ဒုန်း... ဒုန်း... ဒုန်း... မဟာထန် စစ်တပ်၊ ဆမ်ဆာနစ်စစ်တပ်နှင့် အာရပ်ပတ်ဝန်းကျင်မှ ဘက်ပြောင်းလာသော နိုင်ငံပေါင်းစုံစစ်တပ်များ... စစ်တပ်အားလုံးသည် ခိုရာစန်းဆီသို့ ချီတက်သွားကြပြီး အဗူမွတ်စလင်ကို ရှင်းပြခွင့် လုံးဝ မပေးတော့ပေ။
“ဟူးးး”
အဗူမွတ်စလင် သက်ပြင်းချလိုက်သည်။ ဒီစစ်ပွဲက ရှောင်လွှဲလို့ မရတော့မှန်း သိလိုက်ပြီ။ စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း မကြာမီ မျက်လုံးများ ပြတ်သားသွားသည်။
“အမိန့်ပေးလိုက်... တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြ”
သူသည် စစ်ကြောက်တတ်သူ မဟုတ်ပေ။ အကယ်၍ မဟာထန်က မဖြစ်မနေ တိုက်ခိုက်လိုလျှင် သူသည်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး သူတို့ကို ဒီနေရာမှာတင် သင်္ဂြိုဟ်ပစ်မည်။
“ဝုန်း”
အဗူမွတ်စလင် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ကောင်းကင်ကို တုန်ဟည်းစေသော အော်ဟစ်သံများနှင့် ဆူညံသံများ အနောက်ဘက် အဝေးတစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
******
အခန်း (၁၉၁၃) အာရပ်အင်ပါယာ မြို့တော်ရှေ့ အရောက်
“သတင်းပို့ပါတယ်”
ရုတ်တရက် လှိမ့်လာသော ဖုန်မှုန့်များကြားမှ အာရပ်သံချပ်ကာ တပ်သားတစ်ဦးသည် ထိတ်လန့်တကြား အမူအရာဖြင့် အရှိန်ပြင်းပြင်း မြင်းဒုန်းစိုင်းစီးကာ ထိုနေရာသို့ ပြေးလာသည်။
“ဘုရင်ခံမင်း... မကောင်းတော့ပါဘူး။ မြို့တော် အနောက်ဘက်က မြို့တံခါး ၃ ခုလုံး အတိုက်ခံနေရပါတယ်။ ခိုရာစန်းလူမျိုးတွေနဲ့ ပတ်ဝန်းကျင်နိုင်ငံက လူတွေက ကူညီမယ့် ပြည်သူ့စစ်တွေလို ရုပ်ဖျက်ပြီး လာခဲ့တာပါ။ စုစုပေါင်း လူအင်အား ၁ သိန်းကျော်လောက် ရှိမယ်... အဲဒီလူတွေက ဒီကို ဦးတည် လာနေကြပါပြီ”
“ဘာပြောလိုက်တယ်”
ထိုစကားကို ကြားသောအခါ အဗူမွတ်စလင် ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားပြီး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ခိုရာစန်းလူမျိုးတွေ…
ပတ်ဝန်းကျင် နိုင်ငံက လူတွေ…
ဆိုလိုတာက အင်ပါယာ အနှံ့အပြားမှ ပြည်သူ့စစ်များ ဤနေရာသို့ စုဝေးလာချိန်တွင် ခိုရာစန်းလူမျိုးများနှင့် အင်ပါယာကို ဆန့်ကျင် ပုန်ကန်သော သူပုန်များ၊ ပြီးတော့ ပတ်ဝန်းကျင် နိုင်ငံများမှ စစ်သည်များသည် မဟာမိတ် ဖွဲ့ပြီးသား ဖြစ်နေတာလား။ အားလုံး စီစဉ်ထားပြီး မဟာထန်စစ်တပ်ကြီး ရောက်လာမှ အတူတူ တိုက်ခိုက်ကြတာလား။
“ဒီကောင်စုတ်တွေ... လူ ၁ သိန်းကျော်လောက်နဲ့ ငါတို့ကို လာလှုပ်နိုင်မယ် ထင်နေတာလား။ ငါတို့ မြို့ထဲမှာ အထက်တန်းလွှာ သံချပ်ကာ တပ်သား ၃ သိန်းနဲ့ ပြည်သူ့စစ် သိန်းချီ ရှိသေးတယ်။ အင်ပါယာကို သစ္စာဖောက်ရဲတဲ့ကောင်တွေ... အကုန် သတ်ပစ်ကြ”
အဗူမွတ်စလင် ဘေးနားရှိ ခိုရာစန်းတွင် တာဝန်ကျနေသော အာရပ်မှူးမတ်ကြီးသည် မျက်လုံးများ နီရဲနေပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အာရပ်စစ်ရှုံးရင်တောင် ဒီလို အကောင်သေးလေးတွေ လာကစားတာကို ခံရမလား။
“ဘုရင်ခံမင်း... ကျွန်တော် လူခေါ်သွားပြီး သူတို့ကို အကုန် သတ်ပစ်မယ်”
ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များသည်လည်း အသီးသီး ဒေါသထွက်နေကြသည်။
အဗူမွတ်စလင် စဉ်းစားနေစဉ်မှာပင်...
“ဝုန်း”
ရုတ်တရက် မြေကြီး တုန်ခါသွားပြီး မိုးကြိုးကဲ့သို့ ကျယ်လောင်သော သံထည် ရိုက်ခတ်သံကြီး မြို့တံခါးဘက်မှ ထွက်ပေါ်လာသည်။ အဗူမွတ်စလင် ရင်ထဲ ထိတ်လန့်သွားပြီး လူအုပ်စု လှည့်ကြည့်လိုက်ရာ ကြီးမားသော သံမဏိ မြှားတံကြီး တစ်စင်း ခိုရာစန်းမြို့တံခါးကြီးပေါ်သို့ ပြင်းထန်စွာ စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။
ခိုရာစန်းမြို့တံခါး အားလုံးသည် အကောင်းဆုံး ပင်လယ်နက် သံမဏိဖြင့် ပြုလုပ်ထားပြီး အတွင်းဘက်တွင်လည်း သေးငယ်သော ဝင်္ကပါ ၁ သန်းနီးပါး ထပ်ဆောင်း ထည့်သွင်းထားရာ ခိုင်ခံ့သော ခံတပ်ကြီး တစ်ခုကဲ့သို့ပင်။
ထို့အပြင် ခိုရာစန်းကို ပြန်လည်သိမ်းပိုက်ပြီးနောက် မဟာထန်တို့ ထပ်မံ ထိုးဖောက် ဝင်ရောက်လာမည်ကို ကာကွယ်ရန် အာရပ်တို့သည် မြို့တံခါး အားလုံးကို အကြီးအကျယ် မွမ်းမံပြင်ဆင်ထားခဲ့သည်။ ပုံမှန် အခြေအနေတွင် ရန်သူ မည်သည့် နည်းလမ်းသုံးပါစေ ခိုရာစန်းအရှေ့ဘက် မြို့တံခါးကို ဖောက်ထွင်းရန် မဖြစ်နိုင်ပေ။
သို့သော် လူအများ၏ အကြည့်အောက်တွင် ထိုမြှားတံကြီး၏ ကြောက်မက်ဖွယ် စွမ်းအားသည် ကြီးမားသော သံမဏိ မြို့တံခါးကြီးကို ချိုင့်ဝင်သွားစေရုံသာမက ကြီးမားသော မြှားခေါင်းသည် မြို့တံခါးကို ဖောက်ထွင်းကာ တစ်ဖက်သို့ ထိုးထွက်သွားသည်ကို တွေ့လိုက်ရသည်။
“ဒါ ဝုဇ်သံမဏိနဲ့ လုပ်ထားတဲ့ ဧရာမ မြှားတံကြီးပဲ”
အာရပ်စစ်ဗိုလ်ချုပ် တစ်ဦးသည် အဝေးမှ လှမ်းကြည့်ရာ မြှားတံ ကိုယ်ထည်ပေါ်ရှိ ရေစီးကြောင်းကဲ့သို့ မှော်ဆန်သော အကွက်အပျောက်များကို မြင်လိုက်ရသဖြင့် ရင်ထဲ တုန်လှုပ်သွားပြီး တစ်စုံတစ်ရာကို နားလည်လိုက်သည်။
အနောက်မြောက် စစ်ပွဲတွင် မဟာထန် တို့၏ ဧရာမ သတ္တဝါများကို တိုက်ခိုက်သော ဧရာမ ဒူးလေးကြီးများကို လူတိုင်း မြင်ဖူးကြသည်။ သို့သော် ထို ဒူးလေးများ၏ စွမ်းအားသည် ဒီလောက်ထိ မကြောက်မက်ဖွယ် ကောင်းသလို ဒီလို ထူးခြားသော အကွက်အပျောက်များလည်း မပါရှိပေ။ ဒါသည် ဝုဇ်သံမဏိ၏ သဘာဝ မှော်အကွက်များ ဖြစ်သည်။
ပင်လယ်နက် သံမဏိသည် မာကျောသော်လည်း ဝုဇ်သံမဏိဧရာမ မြှားတံကြီးကို တားဆီးရန် မဖြစ်နိုင်ပေ။ ဝင်္ကပါ မည်မျှပင် ထပ်ဆောင်းထားပါစေ အသုံးမဝင်ပေ။
“ဝုန်း”
ထိုအခိုက်အတန့်တွင် အဗူမွတ်စလင် အပါအဝင် ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များနှင့် အာရပ်မှူးမတ်ကြီးတို့ အားလုံးသည် မြှားတံ လာရာ လမ်းကြောင်းအတိုင်း အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် လက်ရာမြောက်သော ဧရာမ ဒူးလေးကြီးတစ်ခုသည် မဟာထန် သံချပ်ကာ တပ်သား အများအပြား၏ ကာကွယ်မှုအောက်တွင် မြို့တံခါးကို ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။
မလှမ်းမကမ်းတွင် မရေမတွက်နိုင်သော စစ်သည်များနှင့် မဟာထန် လက်မှုပညာသည်များသည် အစိတ်အပိုင်းများကို သယ်ယူကာ ဒုတိယမြောက် ဧရာမ ဒူးလေးကြီးကို တပ်ဆင်ရန် အလုပ်ရှုပ်နေကြသည်။
ထိုအခိုက်အတန့်တွင် အဗူမွတ်စလင် နှင့် အခြားသူများ၏ စိတ်နှလုံးသည် ရေအောက်ဆုံးထိ နစ်မြုပ်သွားသည်။
ထို ကြောက်မက်ဖွယ် ဧရာမ ဒူးလေးကြီးများသည် နောက်ဆုံးတွင် ဖြုတ်တပ် သယ်ဆောင်နိုင်သော အရာများ ဖြစ်လာခဲ့ပြီ
“သူ ဒီလို ထူးခြားတဲ့ မြှားတံတွေကို ကြိုတင် ပြင်ဆင်ထားတာပဲ... ဒီစစ်ပွဲ မစခင်ကတည်းက သူ ဒီနေ့ ဖြစ်လာမယ့် အခြေအနေကို ကြိုမြင်ပြီး ပြည့်စုံအောင် ပြင်ဆင်ထားခဲ့တာပဲ”
နက်မှောင်နေသောမြင်းပေါ်ရှိ လူငယ်ကို ကြည့်ရင်း အဗူမွတ်စလင်၏ ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားပြီး စိတ်နှလုံး လေးလံသွားသည်။
‘ကျိုးယုကို မွေးဖွားပြီးမှ ကျူးကော်လျာကို ဘာလို့ ထပ်မွေးဖွားစေရတာလဲ’ ဆိုသလို အဗူမွတ်စလင်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေပြီး ပြောမပြတတ်သော ခံစားမှုမျိုး ခံစားလိုက်ရသည်။(ဝူပြည်နယ်ရဲ့စစ်သူကြီးကျိုးယုဟာ တိုက်ပွဲတိုင်းမှာ ရှူပြည်နယ်ရဲ့စစ်ဗျူဟာရှင် ကျူးကော်လျာကို အနိုင်ယူဖို့ ကြိုးစားပေမဲ့ ကျူးကော်လျာက သူ့ထက် တစ်ပန်းအမြဲသာနေပါတယ်။ နောက်ဆုံးမှာ ကျိုးယုဟာ ကျူးကော်လျာကို မယှဉ်နိုင်တဲ့အဆုံး စိတ်နာကိုယ်နာနဲ့ သေဆုံးခါနီးမှာ "ကောင်းကင်ကြီးရယ်... ကျိုးယုကို မွေးဖွားပြီးမှ ဘာလို့ ကျူးကော်လျာကို ထပ်မွေးပေးရတာလဲ (ရှင်ဘုရင် နှစ်ပါး တစ်နန်းတည်း မစံနိုင်သလို၊ ပါရမီရှင် နှစ်ဦး တစ်ခေတ်တည်း မရှိသင့်ဘူး)" လို့ ညည်းတွားခဲ့တာ ဖြစ်ပါတယ်။)
“ပစ်”
အဝေးမှ ဝမ်ချောင်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။ "ဝုန်း" ခနဲ နောက်ထပ် ဝုဇ်သံမဏိ ဧရာမ မြှားတံကြီး တစ်စင်း လျှပ်စီးပမာ ပျံသန်းသွားပြီး ခိုရာစန်း၏ မြင့်မားသော မြို့တံခါးကြီးကို ပြင်းထန်စွာ ဖောက်ဝင်လိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ မြို့တံခါးကြီးသည် ထပ်မံ ချိုင့်ဝင်သွားပြီး အပေါက်ကြီး တစ်ပေါက် ထပ်ဖြစ်သွားသည်။
ဤ ဝုဇ်သံမဏိလက်နက် တစ်ခုချင်းစီသည် တန်ဖိုး ကြီးမားလှသည်။ ဝုဇ်သံမဏိ ဧရာမ မြှားတံကြီး တစ်စင်းကို သွန်းလုပ်ရန် ဝုဇ်သံမဏိပစ္စည်း အများအပြား ကုန်ကျသည်။ မြှားတံ တစ်စင်း၏ တန်ဖိုးသည် ရွှေသား သန်း ၄၀ နီးပါး ရှိပြီး ဝမ်ချောင်သည် စုစုပေါင်း ၄စင်းသာ သွန်းလုပ်ခဲ့သည်။
ဤ ဝုဇ်သံမဏိ ဧရာမ မြှားတံကြီးများသည် ဧရာမ သတ္တဝါများကို တိုက်ခိုက်ရာတွင် သိပ်အသုံးမဝင်လှပေ။ ၄ စင်းတည်းသာ ရှိသဖြင့် အများဆုံး ဧရာမ သတ္တဝါ ၄ ကောင်ကိုသာ သတ်နိုင်မည်ဖြစ်ပြီး ဧရာမ သတ္တဝါ တပ်ဖွဲ့သည် ၄ ကောင်ထက် ပိုများသည်။
သို့သော် မြို့သိမ်းတိုက်ပွဲတွင် အာရပ်တို့၏ မြင့်မားသော မြို့တံခါးကြီးများကို တိုက်ခိုက်ရာ၌ အကြီးမားဆုံး အစွမ်းထက်မှုကို ပြသနိုင်သည်။
ပို၍ အရေးကြီးသည်မှာ ဝမ်ချောင် ပြင်ဆင်ထားသည်မှာ ဝုဇ်သံမဏိ ဧရာမ မြှားတံကြီး ၄ စင်းတည်း မဟုတ်ပေ။
“ဝါး”
ကောင်းကင်နှင့် မြေကြီး တုန်ခါသွားစေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ခဏအကြာတွင် တောင်ကုန်းပမာ ကြီးမားသော ပုံရိပ်ကြီး တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး စစ်တပ်၏ ရှေ့တွင် ရပ်လိုက်သည်။ ရွှေရောင် ဧရာမ မျောက်ဝံကြီးသည် တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထနေပြီး ကြီးမားသော လက်မောင်း နှစ်ဖက်ဖြင့် ရင်ဘတ်ကို ထုကာ ကြမ်းတမ်းခက်ထန်သော ပုံစံ ပေါက်နေသည်။
ထို ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ ခိုရာစန်းတစ်ခုလုံး တုန်လှုပ်သွားသည်။ မြင့်မားသော မြို့ရိုးပေါ်ရှိ အာရပ်စစ်ဗိုလ်ချုပ် အားလုံး၏ မျက်နှာထားများသည် အလွန် ကြည့်ရဆိုးလာသည်။
ဤ ဧရာမသတ္တဝါများသည် မူလက အာရပ်အင်ပါယာမှ မဟာထန်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ မဟာထန် စစ်တပ်ကို အနိုင်ရပြီးသည်နှင့် ဧရာမ သတ္တဝါများကို သုံးပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ရည်ရွယ်ထားသည်။ သို့သော် အာရပ်စစ်ရှုံးသွားပြီးနောက် ထိုဧရာမ သတ္တဝါများသည် မဟာထန် လက်ထဲ ရောက်ရှိသွားကာ အာရပ်ကို ပြန်လည်တိုက်ခိုက်သော မြို့သိမ်း လက်နက်ကြီးများ ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။
“ဂါးးး”
ခဏအကြာတွင် ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ တောင်ကုန်းပမာ သံမဏိ လက်သီးကြီးသည် ခိုရာစန်း၏ မြင့်မားသော မြို့တံခါးကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ဝုဇ်သံမဏိ ဧရာမ မြှားတံကြီး ၄ စင်းနှင့် ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ ဖျက်ဆီးနိုင်သော ပေါက်ကွဲအား ပေါင်းစပ်လိုက်ရာ "ဝုန်း" ခနဲ သံထည်သံများ၊ မြေကြီး တုန်ခါသံများ၊ ဖုန်မှုန့်များကြားတွင် နှစ်ပေါင်း ရာချီ တည်ရှိခဲ့သော ခိုရာစန်း၏ ကြီးမားသော မြို့တံခါးကြီးသည် ပြင်းထန်စွာ ပြိုလဲသွားလေသည်။
ထိုအခိုက်အတန့်တွင် ခိုရာစန်းမြို့ထဲတွင် တိတ်ဆိတ် ငြိမ်သက်သွားသည်။ မှူးမတ်များ အားလုံး အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
“သတ်”
သတ်ဖြတ်သံများ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။ ခဏအကြာတွင် သောင်းနှင့်ချီသော မဟာထန် သံချပ်ကာ တပ်သားများသည် ဒီရေလှိုင်းလုံးများပမာ ပြိုလဲသွားသော မြို့တံခါးကို ဖြတ်ကျော်ပြီး ခိုရာစန်းမြို့ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာကြသည်။
တစ်ခု၊ နှစ်ခု၊ သုံးခု... အချိန်တိုအတွင်း ခိုရာစန်း၏ ကြီးမားသော မြို့တံခါး ၃ ခုလုံး တစ်ခုပြီး တစ်ခု ပြိုလဲသွားပြီး မရေမတွက်နိုင်သော စစ်တပ်ကြီးသည် ဒီရေအလား ဝင်ရောက်လာသည်။
“အာရပ်အတွက်”
“အာရပ်ဘယ်တော့မှ အရှုံးမပေးဘူး”
“ဒီ မိစ္ဆာကောင်တွေကို သတ်... တိုက်”
……
ဒီအခြေအနေ ရောက်မှတော့ မြို့တံခါးလည်း ကျိုးပေါက်၊ ရှေ့နောက် ရန်သူ ဝိုင်းရံခံထားရသဖြင့် မဟာထန်၏ ကြောက်မက်ဖွယ် ကောင်းပုံကို မြင်ဖူးသည့် အဗူမွတ်စလင် ဦးဆောင်သော စစ်ရှုံး တပ်သား ၃ သိန်းမှလွဲ၍... အာရပ်ကို ကူညီရန် ရောက်ရှိလာသော ပြည်သူ့စစ် သိန်းချီသည် ရင်ထဲမှ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်ကာ အော်ဟစ်ရင်း ဓားကွေးများကို ဝှေ့ယမ်းပြီး ကြောက်ရွံ့ခြင်း မရှိဘဲ သန်းနှင့်ချီသော မဟာထန် မဟာမိတ် တပ်ပေါင်းစုကြီးဆီသို့ ပြေးဝင်သွားကြသည်။
ဒါသည် မိစ္ဆာနိုင်ငံ ဖြစ်သလို ပြည်သူအားလုံး စစ်သားဖြစ်သော စစ်မက်လိုလားသည့် နိုင်ငံလည်း ဖြစ်သည်။
သို့သော် သူတို့ မည်မျှပင် ရဲရင့်ပါစေ၊ အဗူမွတ်စလင် နှင့် အာရပ်လူမျိုးများ မည်မျှပင် မကျေမနပ် ဖြစ်ပါစေ၊ မဟာထန် ကို တားဆီးချင်ပါစေ... မဟာထန်၏ အင်အားအသာစီး ရမှုရှေ့တွင် ကြက်ဥနှင့် ကျောက်ခဲကို ပစ်ပေါက်သကဲ့သို့၊ ပုရွက်ဆိတ်က သစ်ပင်ကို လာလှုပ်သကဲ့သို့သာ ဖြစ်နေသည်။
အစကတည်းက သူတို့၏ ကံကြမ္မာသည် သေချာနေပြီးသား ဖြစ်သည်။
“ပစ်”
စုဟန်ရှင်း သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အနောက်မှ ဒူးလေး တပ်ဖွဲ့ကို ဦးဆောင်ကာ အတန်းလိုက် အတန်းလိုက် ခွဲလိုက်သည်။ ဒူးလေးများကို လက်တွန်းလှည်းများဖြင့် တွန်းကာ ရှေ့သို့ တိုးလာပြီး တောင်ပြိုသကဲ့သို့ ကျယ်လောင်သော အသံများနှင့်အတူ မြှားတံများကို တရစပ် ပစ်ခတ်လိုက်သည်။
မျက်နှာချင်းဆိုင်မှ ပြေးဝင်လာသော အာရပ်ပြည်သူ့စစ်များသည် အနားမရောက်ခင်မှာပင် လယ်ကွင်းထဲမှ စပါးပင်များ ရိတ်သိမ်းခံရသကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျသွားကြသည်။
“သတ်”
စစ်တပ်ကြီး ရှေ့သို့ တိုးလာပြီး အာရပ်လူမျိုးများနှင့် လျင်မြန်စွာ တိုက်ပွဲ ဖြစ်ပွားကြသည်။ ဒိုင်းကိုင်တပ်သားများ ရှေ့က၊ လှံကိုင်တပ်သားများ နောက်က နေပြီး ဝူရှန်းသံချပ်ကာ တပ်သားများနှင့် ထုံလော်သံချပ်ကာ တပ်သားများ ဘေးနှစ်ဖက်မှ ဖြတ်ကျော် တိုက်ခိုက်လိုက်ရာ ထူထပ်သော အာရပ်လူမျိုးများ ချက်ချင်း ဖရိုဖရဲ ဖြစ်ကာ ရှုံးနိမ့်သွားကြသည်။
နာရီဝက် ကြာပြီးနောက် မဟာထန်၏အင်အားအသာစီး ရမှုအောက်တွင် မြို့ထဲရှိ အာရပ်တို့ လုံးဝ ပြိုကွဲသွားပြီး မြေပြင်အနှံ့ အလောင်းများ ပြန့်ကျဲ ကျန်ရစ်ခဲ့သည်။
အဗူမွတ်စလင် ဦးဆောင်သော အထက်တန်းလွှာ သံချပ်ကာ တပ်သား အနည်းငယ်သည် ဝိုင်းရံပိတ်ဆို့မှုမှ ဖောက်ထွက်ကာ ခိုရာစန်းအနောက်ဘက် မြို့တံခါးမှတစ်ဆင့် ယူဖရေးတီးမြစ်လက်တက်ကို ဖြတ်ကျော်ပြီး အာရပ်နယ်မြေထဲသို့ ထွက်ပြေးသွားကြသည်။ ကျန်ရှိသော အာရပ်သံချပ်ကာ တပ်သားများနှင့် ပြည်သူ့စစ်များသည် လက်နက်ချလျှင်ချ၊ မချလျှင် အသတ်ခံလိုက်ရပြီး မြို့တော်ကြီး တစ်ခုလုံး ဝမ်ချောင်လက်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။
နဂါးကိုးကောင် သွေးစွန်းစစ်အလံ ခိုရာစန်းမြို့ထဲတွင် ပေါ်လာသောအခါ ဝမ်ချောင်ဟူသော နာမည်သည် အနောက်ဒေသ လောကတစ်ခုလုံးကို ထပ်မံတုန်လှုပ်စေခဲ့ပြီး ကုန်းမြေတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ အာရပ်အင်ပါယာ တစ်ခုလုံး စိုးရိမ်ထိတ်လန့်ကာ ကြောက်ရွံ့သွားကြသည်။
ခိုရာစန်းလူမျိုးများ အားလုံး ဝမ်းသာလွန်း၍ မျက်ရည်ကျကြသည်။ ရက်ပေါင်းများစွာ ပင်ပန်းဆင်းရဲပြီးနောက် နောက်ဆုံးတွင် အာရပ်ကို အနိုင်ယူကာ ဝမ်ချောင်နှင့် မဟာထန်၏ အကူအညီဖြင့် ခိုရာစန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ခိုရာစန်းစစ်ပွဲအပြီးတွင် အာရပ်သည် စစ်သည် သိန်းချီ ဆုံးရှုံးခဲ့ပြီး ကူညီရန် ရောက်လာသော ပြည်သူ့စစ် အလောင်းများ မြို့ထဲတွင် ပြည့်နှက်နေသည်။ မဟာထန်ကို ယှဉ်ပြိုင်နိုင်စွမ်း လုံးဝဆုံးရှုံးသွားပြီ ဖြစ်သည်။
ဝမ်ချောင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ အရှိန်ရတုန်း ဆက်လက် တိုက်ခိုက်သည်။ စစ်တပ်ကို ဦးဆောင်ပြီး ခိုရာစန်းကို ကျော်ဖြတ်ကာ ယူဖရေးတီးမြစ်ကို ကူးပြီး အာရပ်အင်ပါယာ၏ မြို့တော် ဘဂ္ဂဒက်ဆီသို့ တည့်တည့်မတ်မတ် ချီတက်သွားသည်။ လမ်းတစ်လျှောက်တွင် မဟာသူတော်စင်ကြီးနှင့် မဟာဘုန်းတော်ကြီးအတွက် လက်စားချေမည်ဟု အော်ဟစ်ကာ ပြည်သူ့စစ်များ ဝင်ရောက်တိုက်ခိုက်ကြသော်လည်း နောက်ဆုံးတွင် အားလုံးသည် မဟာထန် အင်ပါယာ၏ မြင်းခွာအောက်တွင် လဲကျသွားကြသည်။
မဟာထန် စစ်တပ်နှင့် သတင်းကြား၍ ရောက်လာသော သူပုန်တပ်ဖွဲ့များ၊ ပါဟရာမ်၏ ဆက်သွယ်မှုဖြင့် ရောက်လာသော မဟာမိတ်တပ်ဖွဲ့များသည် နှင်းလုံးကြီး လိမ့်သကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာသည်။
လမ်းတစ်လျှောက် မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီး ရန်သူ မရှိသလောက်ပင်။
၇ ရက်ကြာပြီးနောက် ဝမ်ချောင်၏ စစ်တပ်ကြီးသည် မြို့ပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် နောက်ဆုံးတွင် အာရပ်အင်ပါယာ၏ မြို့တော်သို့ ရောက်ရှိသွားသည်။
“ဒါ ဘဂ္ဂဒက်လား”
ကောင်းကင်တွင် တိမ်မည်းများ အုံ့ဆိုင်းနေသည်။ ဝမ်ချောင်သည် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ၁ သန်းကျော်သော မဟာမိတ် တပ်ပေါင်းစုကို ဦးဆောင်ကာ မြေပြင်ပေါ်တွင် မတ်တတ်ရပ်လျက် ရှိသည်။ မျက်စိရှေ့တွင် မိုးထိအောင် မြင့်မားသော ဘဂ္ဂဒက်မြို့တော်ကြီးကို တွေ့လိုက်ရသည်။
ပြီးခဲ့သည့်ဘဝက ဤအနောက်ဒေသ အသန်မာဆုံး အင်ပါယာ၏ မြို့တော်အကြောင်း ကြားဖူးနားဝရှိပြီး “မအိပ်စက်သော မြို့တော်”ဟူသော နာမည်ကျော်ကြားမှုကို သိထားသော်လည်း လူ့ဘဝ နှစ်ခုလုံးတွင် ယခုမှ ပထမဆုံးအကြိမ် အာရပ်အင်ပါယာ၏ မြို့တော်ကို အစစ်အမှန် မြင်ဖူးခြင်း ဖြစ်သည်။
ဘဂ္ဂဒက်သည် ကြီးကျယ်ခမ်းနားပြီး လှပသည်။ စတိုင်လ်မှာ အလယ်ပြည်နှင့် လုံးဝကွာခြားသည်။ စက်ဝိုင်းပုံစံ မျှော်စင်များသည် မိုးထိအောင် မြင့်မားပြီး ကြီးမားသော အမြင်အာရုံ လှုံ့ဆော်မှုကို ပေးစွမ်းသည်။
မဟာထန်၏ ချန်အန်းသည် ကြွယ်ဝချမ်းသာမှုဖြင့် နာမည်ကျော်ပြီး မြို့တစ်မြို့တည်းတွင် လူဦးရေ ၁ သန်းနီးပါး စုဝေးနေခြင်းသည် အခြားနိုင်ငံများ လိုက်မမီနိုင်သော အရာဖြစ်သည်။ သို့သော် လောကတစ်ခွင်လုံးတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး မဟာထန် အင်ပါယာ၏မြို့တော်နှင့် ယှဉ်နိုင်သည်မှာ မျက်စိရှေ့ရှိ ကမ္ဘာကျော် မအိပ်စက်သော မြို့တော် ဘဂ္ဂဒက်သာ ရှိသည်။
အတိုင်းအတာတစ်ခုထိ ပြောရလျှင် ဘဂ္ဂဒက်သည် မဟာထန်အင်ပါယာ၏ မြို့တော်ထက်ပင် ပိုမို ကြွယ်ဝချမ်းသာသည်။
******
အခန်း (၁၉၁၄) အာရပ်မင်းသမီး၏ အသနားခံခြင်း
ထိုက်ကျုံး ဧကရာဇ်က “ရေသည် လှေကို ပင့်ဆောင်နိုင်သလို လှေကိုလည်း မှောက်စေနိုင်သည်” ဟု မိန့်ကြားနိုင်ခဲ့ပြီး အလယ်ပြည်၏မင်းဆက်တိုင်းတွင် သက်ဦးဆံပိုင် ဘုရင်စနစ် ရှိသော်လည်း မင်းကြီးကို ဝေဖန်အကြံပေးနိုင်သော အရာရှိရာထူးများ ထားရှိခဲ့သည်။ သို့သော် အာရပ်အင်ပါယာ၏ ဘုရင်အဆက်ဆက်သည် အာဏာရှင်ဆန်ပြီး သတ်ချင်သတ်၊ ရှင်ချင်ရှင်၊ တစ်ချက်လွှတ် အမိန့်ပေးတတ်သူများ ဖြစ်ကြသည်။ ဝေဖန်အကြံပေးနိုင်သော အရာရှိ ရာထူးမျိုး ဆိုသည်မှာ ကြားပင် မကြားဖူးကြပေ။
ဤ အာဏာရှင်ဆန်မှုကြောင့် အာရပ် အရှင်မင်းကြီးခါလီဖ်သည် နိုင်ငံတစ်ဝန်းရှိ လူဦးရေကို မိမိသဘောအတိုင်း မြို့တော်သို့ ပြောင်းရွှေ့ နေရာချထားနိုင်သည်။
ထို့အပြင် အာရပ်အင်ပါယာ နှစ်ရာချီ စုဆောင်းထားသော ကြွယ်ဝချမ်းသာမှု၊ မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံများစွာမှ ရရှိသော ကြီးမားသော ဓနဥစ္စာများသည် ဤ ကမ္ဘာကျော် မအိပ်စက်သော မြို့တော်ကို အမှန်တကယ် ဖန်တီးပေးခဲ့သည်။
သို့သော် ယခုအချိန်တွင် သန်းနှင့်ချီသော လူဦးရေ စုဝေးနေသည်ဟု ဆိုသော မအိပ်စက်သော မြို့တော်ကြီးထဲတွင် တိတ်ဆိတ် ငြိမ်သက်နေသည်။
လေတိုက်ခတ်သံမှလွဲ၍ မြို့တော်ကြီး တစ်ခုလုံးတွင် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
“အချိန် ဘယ်လောက် ရှိပြီလဲ”
ဝမ်ချောင်သည် ရှေ့ကို ကြည့်ရင်း မျက်လုံးများကို အနည်းငယ် မှေးစင်းကာ ရုတ်တရက် မေးလိုက်သည်။
“သဘောတူထားတဲ့ အချိန်အရ ပြည့်ပါပြီ”
အနောက်မှ ကျန်းချွယ်၏အသံ ထွက်ပေါ်လာသည်။
“သဘောတူထားတဲ့ အချိန်ပြည့်ပြီဆိုတော့... ကြည့်ရတာ မူတာဆင်သုံးက လက်နက်ချဖို့ အစီအစဉ် မရှိပုံပဲ”
“မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်လိုက်တော့”
မြင်းခွာသံများနှင့်အတူ ဝတ်ရုံကို တဖျပ်ဖျပ် လွင့်စေလျက် ကျန်းချိုးကျန့်ချုံးသည် မြင်းကြီးတစ်ကောင်ကို စီးနင်းကာ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပလျက် အနောက်ဘက်မှ ထွက်ပေါ်လာသည်။
သူ့ကိုယ်ပေါ်တွင် သွေးညှီနံ့များ ပြင်းထန်စွာ ရနေသည်။ လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ရာ လူပေါင်း မည်မျှ သတ်ခဲ့သည်၊ တိုက်ပွဲပေါင်း မည်မျှ ဆင်နွှဲခဲ့သည်ကို ကျန်းချိုးကျန့်ချုံးကိုယ်တိုင်ပင် မမှတ်မိတော့ပေ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ နိုးကြားလာခဲ့ပြီ ဖြစ်သည်။
သူ တစ်ဦးတည်းသာ မဟုတ်၊ မဟာထန်စစ်သည် အားလုံး၏ကိုယ်ပေါ်တွင်လည်း ဖျောက်ဖျက်၍ မရနိုင်သော သတ်ဖြတ်လိုစိတ်များ စုစည်းနေသည်။
ဘဂ္ဂဒက်သည် အာရပ်အင်ပါယာ၏မြို့တော်ဖြစ်သဖြင့် လက်နက်မချခြင်းသည် ဖြစ်သင့်သောကိစ္စဖြစ်သည်။ ဤအနောက်ဘက် စစ်ဆင်ရေးတွင် လူတိုင်းသည် လမ်းတစ်လျှောက် မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ဆုံးတွင် ဘဂ္ဂဒက်ကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ဤအနောက်တိုင်းအင်ပါယာကို သိမ်းပိုက်ရန် ပြင်ဆင်ထားကြပြီး ဖြစ်သည်။
“ကျန်းရှို့ကျီကို အကြောင်းကြားလိုက်... ဧရာမ ဒူးလေးကြီးတွေ အဆင်သင့် ပြင်ထားဖို့။ ပြီးတော့ ရွှေရောင် ဧရာမ မျောက်ဝံကြီး လှုပ်ရှားပြီးတာနဲ့ စစ်တပ်အားလုံး မြို့ထဲ ဝင်တိုက်ဖို့ ပြင်ထားကြ”
ဝမ်ချောင်လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်နှာထား အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
အနောက်မှ ကျန်းချွယ် ချက်ချင်း အမိန့်ကို ယူပြီး ထွက်ခွာသွားသည်။
ခဏအကြာတွင် ကျယ်လောင်သော သံချပ်ကာရိုက်ခတ်သံများ အနောက်ဘက်မှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဧရာမ သတ္တဝါကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ရွှေရောင် ဧရာမ မျောက်ဝံကြီးသည် ဝမ်ချောင်၏အနောက်တွင် ဝပ်တွားလျက် ဘဂ္ဂဒက်မြို့တော်ဆီသို့ ကြောက်ရွံ့တုန်ခါသွားစေသော ဟိန်းဟောက်သံကြီး ပြုလုပ်လိုက်သည်။
တာ့လာစ် စစ်ပွဲတုန်းက အကြောင်းအမျိုးမျိုးကြောင့် ဝမ်ချောင် ထိန်းချုပ်ခဲ့သော ပထမဆုံး မျောက်ဝံပုံစံ ဧရာမ သတ္တဝါကြီးသည် မကြာမီ သေဆုံးသွားခဲ့သည်။ သို့သော် မဟာဘုန်းတော်ကြီးကို အနိုင်ယူပြီးနောက် သူ၏ ကြီးမားသော ဗဟုသုတများကို ရရှိခဲ့သဖြင့် ဝမ်ချောင်၏ စိတ်ဝိညာဉ် စွမ်းအား ထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ယခင်ကကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်တော့မည် မဟုတ်ပေ။
ရွှေရောင် ဧရာမ မျောက်ဝံကြီး၏ အကူအညီဖြင့် လက်ရှိ မဟာထန် မဟာမိတ် တပ်ပေါင်းစုသည် ရေရသော ငါးကဲ့သို့ ဖြစ်နေသည်။ ဘဂ္ဂဒက်မြို့ရိုးသည် မြင့်မားထူထဲပြီး ခိုရာစန်းထက် အဆပေါင်းများစွာ ပိုမိုခိုင်ခံ့သော်လည်း ဝမ်ချောင်အနေဖြင့် လုံးဝကြောက်ရွံ့ခြင်း မရှိပေ။
“ခဏလေး”
စစ်ဗုံသံများ တီးခတ်နေပြီး ဝမ်ချောင်က စစ်တပ်ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အမိန့်ပေးနေစဉ်မှာပင် မြို့တံခါး ပိတ်ထားသော ဘဂ္ဂဒက်မြို့ထဲမှ စိုးရိမ်တကြီး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ခဏအကြာတွင် လူအများ၏ အကြည့်အောက်၌ အလံဖြူ တစ်ခုသည် ဘဂ္ဂဒက်၏ မြင့်မားသော မြို့ရိုးပေါ်တွင် ဖြည်းညှင်းစွာ မြင့်တက်လာသည်။
“မျိုးနွယ်ခြားဘုရင်... ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့ဦး... ကျွန်တော်တို့ ခါလီဖ် လက်နက်ချပါ့မယ်”
ဝုန်း
အသံမဆုံးခင်မှာပင် ဘဂ္ဂဒက်၏ ပိတ်ထားသော ကြီးမားသည့် မြို့တံခါးကြီး ရုတ်တရက် ပွင့်သွားသည်။
လူအများ၏ အကြည့်အောက်တွင် အာရပ်မင်းညီမင်းသားများနှင့် မှူးမတ်တစ်စုသည် အလံဖြူကို ကိုင်ဆောင်လျက် မျက်နှာများ ဖြူဖျော့ကာ ပွင့်နေသော မြို့တံခါးမှ ထွက်လာကြသည်။
ဤ မင်းညီမင်းသား မှူးမတ်များသည် ကြက်ကလေး တစ်ကောင်ကိုပင် ဖမ်းချုပ်နိုင်စွမ်း မရှိသော်လည်း အာရပ်အင်ပါယာ တစ်ခုလုံးတွင်မူ အာဏာကြီးမားပြီး မိုးကျရွှေကိုယ်များ ဖြစ်ကြသည်။ ပုံမှန်အချိန်များတွင် အင်ပါယာအတွင်းရှိ စစ်တပ် အာဏာကို ချုပ်ကိုင်ထားသော ဘုရင်ခံများ၊ ဒုဘုရင်ခံများပင် သူတို့ကို တွေ့လျှင် ရိုသေလေးစားရသည်။
သို့သော် ယခုအချိန်တွင် မြို့ရှေ့ရောက်နေသော မဟာထန်စစ်တပ်ကြီးကို ရင်ဆိုင်ရသောအခါ ဤအာရပ်မင်းညီမင်းသား မှူးမတ်များသည် ယခင်က မာနထောင်လွှားမှုမျိုး မရှိတော့ဘဲ ခေါင်းငုံ့ကာ စိုးရိမ်ထိတ်လန့်နေကြသည်။
ဘဂ္ဂဒက်မြို့ပြင်တွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ ဝမ်ချောင်၊ ဝမ်ကျုံးစစ်နှင့် ကျန်းချိုးကျန့်ချုံး တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် အံ့ဩသွားကြသည်။
သူတို့သည် ခက်ခဲသော မြို့သိမ်းတိုက်ပွဲ တစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်လုံးတွင် ခုခံမှုများစွာ ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ စစ်တပ်ကြီးကို ထိခိုက်မှု မဖြစ်စေခဲ့သော်လည်း မူတာဆင်သုံး လက်နက်ချလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
သို့သော် ဘဂ္ဂဒက်သည် ဒီအတိုင်း လက်နက်ချလိုက်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။
“ခင်ဗျားက ဘယ်သူလဲ။ မူတာဆင် ဘယ်မှာလဲ”
ဝမ်ချောင်မျက်လုံးများ စူးရှသွားပြီး ခေါင်းဆောင်ဖြစ်သူ အာရပ်မင်းညီမင်းသားကို မေးလိုက်သည်။
“မျိုးနွယ်ခြားဘုရင်... စိတ်လျှော့ပါ... ကျွန်တော်က တူမူပါ... အာရပ်ရဲ့ မင်းညီမင်းသား တစ်ပါးပါ... ဘုရင်မင်းမြတ်အနောက်မှာ ရှိပါတယ်... ဘုရင်မင်းမြတ်က ပြောပါတယ်... မျိုးနွယ်ခြားဘုရင်သာ လူအများရှေ့မှာ သူ့ကို မသတ်ဘူးလို့ ကတိပေးရင် အာရပ်တစ်ပြည်လုံးနဲ့အတူ မဟာထန် ကို ခိုလှုံပါ့မယ်တဲ့”
တူမူသည် မျက်နှာဖြူဖျော့လျက် နှုတ်ခမ်းများ တုန်ရီစွာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချောင်မနေနိုင်ဘဲ ပြုံးလိုက်သည်။
“စိတ်ချပါ... မူတာဆင်ကို ပြောလိုက်... ငါ သူ့တောင်းဆိုချက်ကို သဘောတူတယ်”
မကြာမီကပင် ဧကရာဇ်မင်းမြတ်ဆီမှ စာရောက်ရှိလာခဲ့သည်။ အနောက်ဘက် စစ်ဆင်ရေး ကာလအတွင်း ဧကရာဇ်မင်းမြတ်သည် အာဏာကုန် လွှဲအပ်ထားပြီး ဝမ်ချောင်စိတ်ကြိုက် ဆုံးဖြတ်ခွင့် ပေးထားသည်။
မဟာသူတော်စင်နှင့်မဟာဘုန်းတော်ကြီးတို့ သေဆုံးပြီး အာရပ်စစ်သည် သန်းချီ သေဆုံးသွားရာ အာရပ်အင်ပါယာသည် ယခင်ကနှင့် မတူတော့ပေ။ မူတာဆင် တစ်ယောက်လောက်ကို သူ မျက်လုံးထဲပင် မထည့်ပေ။
“ကျေးဇူးတင်ပါတယ် မျိုးနွယ်ခြားဘုရင်”
ထိုစကားကို ကြားသောအခါ တူမူနှင့် အနောက်မှ အာရပ်မင်းညီမင်းသား မှူးမတ်များသည် သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချလိုက်ကြသည်။
“လာကြစမ်း... မြန်မြန်သွားပြီး ဘုရင်မင်းမြတ်ကို လျှောက်တင်လိုက်... မဟာထန်တွေ သဘောတူလိုက်ပြီလို့”
ခဏအကြာတွင် နန်းတွင်း ကိုယ်ရံတော်များ၏ ခြံရံမှုဖြင့် မူတာဆင်သုံးသည် ဘုရင်အဆောင်အယောင် ဝတ်ရုံကို ဝတ်ဆင်ထားလျက် တံခါးမကြီးကို ဖြတ်ကာ အလျင်အမြန် လျှောက်လာသည်။
သူ့နဖူးပေါ်တွင် ချွေးစေးများ ပြန်နေပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေကြီးပေါ်တွင် ဝပ်တွားကာ ဝမ်ချောင်၏ ခြေရင်း၌ ဒူးထောက်လိုက်သည်။
“မူတာဆင်... မျိုးနွယ်ခြားဘုရင်ကို ဂါရဝပြုပါတယ်”
ထိုအခိုက်အတန့်တွင် မူတာဆင်သုံး၏ အမူအရာသည် အလွန်ရိုသေကိုင်းရှိုင်းနေသည်။
ဘေးပတ်လည်ရှိ မဟာထန်ခေါင်းဆောင်ကြီးများသည် အစပိုင်းတွင် ကြောင်အနသွားသော်လည်း မကြာမီ မျက်နှာထားများ ပြောင်းလဲကာ အထင်သေး ရွံရှာသော အမူအရာများ ပေါ်လာသည်။
မူတာဆင်သုံးသည် ရည်မှန်းချက်ကြီးပြီး အာရပ်အင်ပါယာ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဘုရင်အဖြစ် မိမိကိုယ်ကို ကြွေးကြော်ခဲ့သူ ဖြစ်သည်။ သူသည် သမိုင်းတွင် မကြုံစဖူး ကြီးမားသော အရှေ့တိုင်း စစ်ဆင်ရေးကို စတင်ခဲ့သော်လည်း နောက်ဆုံးတွင် မဟာထန်စစ်တပ်ကြီး မြို့ရှေ့ရောက်လာသောအခါ မြို့ပြင်ထွက် လက်နက်ချပြီး ဝမ်ချောင်ရှေ့တွင် ဝပ်တွား ခယနေရသည်။
ဒါတွေက သိပ်ကို ရယ်စရာ ကောင်းလွန်းပြီး လှောင်ပြောင်စရာ ကောင်းလွန်းသည်။
အကယ်၍ မူတာဆင်သုံးသာ သေသည်အထိ မလျှော့ဘဲ တိုက်ခိုက်သွားမည် ဆိုလျှင် လူအများက သူ့ကို လေးစားကြဦးမည် ဖြစ်သည်။ သို့သော် နောက်ဆုံးကျတော့ သူသည်လည်း သေမှာကြောက်သော လူတစ်ယောက်သာ ဖြစ်နေသည်။
“ဟွန်း... ကုထိုက်ပိုင်နဲ့ အဲဒီ မဟာဘုန်းတော်ကြီးတို့ သေရတာ နှမြောစရာပဲ”
အပုစစ် အေးစက်စွာ ပြောလိုက်သည်။
သူ စကားသိပ်မပြောတတ်သော်လည်း ဤမူတာဆင်ကို အလွန် အထင်သေးမိသည်။ ဒီလို ဘုရင်မျိုး ရှိနေတာ စစ်သည်တော်တွေအတွက် ဝမ်းနည်းစရာပင်။ ယှဉ်ကြည့်လိုက်လျှင် အပုစစ် အနေဖြင့် မဟာထန်ကို သစ္စာခံလိုက်ရသည်မှာ ကံကောင်းသည်ဟု ခံစားမိသည်။
အနည်းဆုံးတော့ မဟာထန်ဧကရာဇ်က ဒီလို ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
ဘေးပတ်လည်ရှိ လူများသည် စကားမပြောကြသော်လည်း ခေါင်းအနည်းငယ် ညိတ်လိုက်ကြသည်။ အပုစစ် နှင့် တူညီသော အတွေးများ ရှိနေကြသည်မှာ ထင်ရှားသည်။
“တကယ်တော့ သူလည်း မဆိုးရှာပါဘူး... ခါလီဖ်နေရာက သွေးသားတော်စပ်မှ ဆက်ခံရတာ... စစ်ရေးစွမ်းရည်နဲ့ သတ္တိကြောင့် ရတာမှ မဟုတ်တာ။ သူ အရှေ့တိုင်း စစ်ဆင်ရေးကို စတင်နိုင်ခဲ့တာကလည်း သူ့လက်အောက်က ထူးချွန်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ စစ်သည်တွေကြောင့်လေ... အခု အဲဒီနှစ်ခုလုံး မရှိတော့တော့ သူ့မှာ ဘာအားကိုးမှ မရှိတော့တာ သဘာဝပါပဲ”
အန်းစီရှန်းက ရှားရှားပါးပါး သူ့ဘက်က ဝင်ပြောပေးလိုက်သည်။
“မူတာဆင်... ငါ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ...”
ဝမ်ချောင်သည် မူတာဆင်ကို ဘယ်လို စီရင်မည် ဆိုတာ ကြေညာရန် ပြင်လိုက်စဉ် အမျိုးသမီး အသံတစ်ခု ဝမ်ချောင်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
“ဝမ်ချောင်... ရပ်လိုက်”
အသံမဆုံးခင်မှာပင် မျက်နှာကို ပဝါဖြူ အုပ်ထားသော လှပသည့် ပုံရိပ်တစ်ခု လူအုပ်ကြီး အနောက်မှ ရုတ်တရက် ပြေးထွက်လာပြီး မူတာဆင်သုံးကို ဖက်ထားလိုက်သည်။
ထို တောက်ပသော မျက်ဝန်းများသည် ဝမ်ချောင်ကို စိုက်ကြည့်နေပြီး ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသည်။
“ဝမ်ချောင်... ရှင်နဲ့ ရှင့်ရဲ့ မဟာထန် အင်ပါယာ နိုင်သွားပါပြီ... ခမည်းတော်လည်း လက်နက်ချဖို့ သဘောတူလိုက်ပါပြီ... ဒီလောက်ထိ ဖြစ်နေပြီတာတောင် ရှင်တို့က သူ့ကို အရှက်ခွဲချင်နေသေးတာလား”
ပြောပြီးနောက် မျက်တောင်မခတ်ဘဲ ဝမ်ချောင်ကို စိုက်ကြည့်နေသည်။
ဘေးပတ်လည်ရှိလူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး စစ်တပ်ကြီး တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျန်းချိုးကျန့်ချုံး နှင့် အခြားသူများသည် မျက်စိရှေ့မှ အမျိုးသမီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။
ဤ အမျိုးသမီးကို မည်သူမျှ မမှတ်မိကြပေ။ ဒီအချိန်မှာ ရုတ်တရက် ပြေးထွက်လာပြီး မူတာဆင်ကို ကာကွယ်ပေးနေတာ တော်တော်လေး ထူးဆန်းနေသည်။
“ဝမ်ချောင်... မင်း သူ့ကို သိလား”
နောက်ဆုံးတွင် ကျန်းချိုးကျန့်ချုံး က ဘေးနားရှိ ဝမ်ချောင်ကို မေးလိုက်သည်။
တစ်ဖက်လူက ဝမ်ချောင်နာမည်ကို တပ်ခေါ်နေတာဆိုတော့ ဝမ်ချောင်နှင့် တစ်ခုခု ပတ်သက်မှု ရှိပုံရသည်။
ဝမ်ချောင်ဘာမှ မပြောသော်လည်း မျက်မှောင် အနည်းငယ် ကြုတ်ထားသည်။ မျက်စိရှေ့မှ အမျိုးသမီးကို သူလည်း သိပ်မမှတ်မိပေ။
သို့သော် မကြာမီ ဝမ်ချောင်သတိရသွားသည်။
“မင်းက အာလီယာပဲ... ကွမ်ဝူ လေ့ကျင့်ရေး စခန်းကို အာရပ်အင်ပါယာက စေလွှတ်လိုက်တဲ့ မင်းသမီး”
ဟိုတုန်းက အနောက်တောင် စစ်ပွဲတွင် ဝမ်ချောင်သည် ဝုဇ်သံမဏိဓား ၁၀၀၀ ဖြင့် စစ်ပွဲ အခြေအနေကို ပြောင်းလဲပစ်ခဲ့ပြီး အောင်ပွဲ ရယူခဲ့သည်။ ထို့ကြောင့် သံမဏိ သွန်းလုပ်ခြင်း အလွန် တိုးတက်သော အာရပ်၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
အာရပ်သည် ဝမ်ချောင်၏ ဝုဇ်သံမဏိလက်နက် လျှို့ဝှက်ချက်ကို ခိုးယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဤနည်းလမ်းကို သုံးပြီး မင်းသမီး အာလီယာကို ကွမ်ဝူ လေ့ကျင့်ရေး စခန်းသို့ စေလွှတ်ကာ မိမိနှင့် နီးစပ်အောင် လုပ်ပြီး လျှို့ဝှက်ချက်ကို ရယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဝမ်ချောင်သည် ဒါတွေကို စောစောကတည်းက သိထားသဖြင့် သူမကို တမင် ရှောင်ရှားခဲ့သည်။
ထို့အပြင် အာရပ်အင်ပါယာတွင် မင်းသမီးနှင့် မင်းသားများစွာ ရှိသဖြင့် ဤ အာလီယာသည်လည်း မတတ်သာ၍ လုပ်ရခြင်း ဖြစ်ကြောင်း၊ အင်ပါယာ၏ အမိန့်ကို မလွန်ဆန်နိုင်ကြောင်း ဝမ်ချောင် အနည်းငယ် သိထားသည်။
“ဪ... အာရပ်အင်ပါယာရဲ့ သူလျှိုပဲ... ဒါဆို ဂရုစိုက်စရာ မလိုတော့ဘူး”
ဘေးနားတွင် ဝမ်ချောင်၏စကားကို ကြားသောအခါ ကျန်းချိုးကျန့်ချုံး လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးနှစ်ဖက်မှ စစ်ဗိုလ်ချုပ် နှစ်ဦး ရှေ့တိုးလာပြီး အာလီယာကို ဖမ်းချုပ်ရန် ပြင်လိုက်သည်။
ရန်သူ့နိုင်ငံ သူလျှိုဆိုလျှင် ကျန်းချိုးကျန့်ချုံး အနေဖြင့် ဘယ်တုန်းကမှ သဘောကောင်းလေ့ မရှိပေ။
သို့သော် ကျား၊ နဂါးများကဲ့သို့ မိမိဆီ ပြေးဝင်လာသော စစ်ဗိုလ်ချုပ် နှစ်ဦးကို ကြည့်ရင်း အာလီယာသည် ကြောက်ရွံ့ခြင်း မရှိဘဲ မျက်နှာချင်းဆိုင်ရှိ ဝမ်ချောင်ကိုသာ စိုက်ကြည့်နေသည်။
“ဝမ်ချောင်... အလယ်ပြည်မှာ စကားပုံ ရှိတယ်... မင်းကြီးက မင်းကြီးလို သေရတယ်... မင်းကြီးမှာ မင်းကြီး လမ်းစဉ် ရှိတယ်တဲ့... ငါ့ခမည်းတော် စစ်ရှုံးသွားပေမဲ့ ဘုရင်ပဲ... ရှင်က စစ်နိုင်ပေမဲ့ မှူးမတ်ပဲ... မှူးမတ်က ဘုရင်ကို မစော်ကားကောင်းဘူး... ရှင် သူ့ကို အရှက်ခွဲလို့ မရဘူး”
အာလီယာသည် ရင်ကို ကော့လျက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အို”
ထိုစကားကို ကြားသောအခါ မြင်းပေါ်ရှိ မဟာထန် ခေါင်းဆောင်ကြီး အများအပြား လှည့်ကြည့်လာကြသည်။ မဟာဆရာဝမ်ကျုံးစစ်ပင်လျှင် သူမကို တစ်ချက် ကြည့်လိုက်မိသည်။
မဟာထန် နှင့် ဝေးကွာသော ဤ လူရိုင်းတိုင်းပြည်တွင် ဤကဲ့သို့ ကြီးမြတ်သော စကားမျိုး ကြားရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။ ပြောပုံဆိုပုံက အနည်းငယ် လွဲနေသော်လည်း ဤအာရပ်မင်းသမီးသည် ကိုယ့်အသက်ကို ပဓာနမထားဘဲ အကျဉ်းကျခံရမည်ကို မကြောက်ဘဲ သူမ၏ ခမည်းတော်ကို ကယ်တင်ချင်နေကြောင်း လူတိုင်း ခံစားမိလိုက်ကြသည်။
******
အခန်း (၁၉၁၅) အာရပ်အင်ပါယာ၏ ဘဏ္ဍာတိုက်
“တကယ်ကို လေးစားစရာ ကောင်းတဲ့ မိန်းကလေးပဲ... ဆုတ်လိုက်ကြတော့”
ဝမ်ကျုံးစစ် လက်ကို ဝှေ့ယမ်းလိုက်ပြီး စစ်ဗိုလ်ချုပ် နှစ်ဦးကို ဆုတ်ခိုင်းလိုက်သည်။
လူရိုင်းပဲဖြစ်ဖြစ်၊ မဟာထန်ပဲဖြစ်ဖြစ်၊ ဒီလို သဘောထားကြီးမှုမျိုး ရှိတဲ့သူကို လေးစားထိုက်သည်။
“သွားလိုက်ကြတော့”
ဝမ်ချောင်လည်း ပြုံးလိုက်သည်။
“မဟာထန်က အာရပ်လို လူရိုင်းနိုင်ငံမဟုတ်ဘူး။ ဧကရာဇ်မင်းမြတ်အနေနဲ့ မင်းရဲ့ ခမည်းတော်ကို အရှက်ခွဲစရာ အကြောင်း မရှိဘူး... ငါလည်း အရှက်ခွဲမှာ မဟုတ်ဘူး”
“တကယ်လား?”
အာလီယာ ရုတ်တရက် ခေါင်းမော့လာသည်။
“ဒါပေါ့”
ဝမ်ချောင်ပြောရင်း ရှေ့သို့ တိုးလာသည်။
“ဒါပေမဲ့ ဒီလောက် အများကြီး လုပ်ခဲ့ပြီးမှ ဘာဒဏ်ရာမှ မရဘဲ၊ ဘာမှ ပေးဆပ်စရာ မလိုဘဲ ပြီးသွားဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး”
ဝမ်ချောင် ပြောရင်း လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး မူတာဆင်သုံး၏ကိုယ်ပေါ်သို့ ဖိချလိုက်သည်။
“ဝုန်း”
ဝမ်ချောင် ဒီစကား ပြောလိုက်ချိန်တွင် မျက်နှာထား တင်းမာသွားပြီး အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကြီးမားသော အတွင်းအားများ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကာ မူတာဆင်သုံး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ သွေးကြောအားလုံးကို ဖျက်ဆီးလိုက်ပြီး သူ၏ ဒန်တျန်ကိုပါ ရိုက်ချိုးလိုက်သည်။
မူတာဆင်သုံးသည် စွမ်းအား မနည်းလှသော်လည်း သိမ်မွေ့နယ်မြေအဆင့် ရောက်နေသော ဝမ်ချောင်ရှေ့တွင်မူ များစွာ ကွာခြားနေသည်။
မူတာဆင်သုံးသည် သိုင်းပညာ စွမ်းအားများ ပျက်စီးသွားသဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားသည်။ သို့သော် ဘေးနားရှိ အာလီယာသည် သက်ပြင်းချလိုက်သည်။ ဝမ်ချောင်က သူ့စွမ်းအားကို ဖျက်ဆီးလိုက်ခြင်းသည် ခမည်းတော် အမှန်တကယ် အသက်ရှင်ခွင့် ရသွားပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
“မူတာဆင်... ငါ့ ဧကရာဇ်မင်းမြတ်အမိန့်နဲ့ မင်းကို အာရပ်ဘုရင်အဖြစ် ခန့်အပ်လိုက်တယ်။ ဒါပေမဲ့ ခဏတော့ သည်းခံရဦးမယ်”
ဝမ်ချောင်လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ အနောက်မှ သိုင်းပညာရှင် အချို့ ရှေ့တိုးလာပြီး မူတာဆင်သုံး ကို ဘေးသို့ ခေါ်ဆောင်သွားသည်။
ဝမ်ချောင်သည် ရက်စက်ကြမ်းကြုတ်သူ မဟုတ်သော်လည်း သဘောထား ပျော့ပျောင်းလွန်းသူ၊ မိန်းမဆန်သူလည်း မဟုတ်ပေ။ အာရပ်အင်ပါယာ မငြိမ်သက်သေးသဖြင့် မူတာဆင်သုံးသည် အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေသေးသည်။ သူ့ကို သတ်လိုက်လျှင် ပုန်ကန်မှု အသစ်များ ဖြစ်လာနိုင်သည်။ မသတ်လျှင်လည်း တခြားသူများ အခွင့်ကောင်းယူ အသုံးချသွားနိုင်သည်။ ထို့ကြောင့် မဟာထန်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် လိုအပ်သည်။
“မင်းသမီး အာလီယာ... စိတ်မချရင် ခမည်းတော်နဲ့အတူ လိုက်နေလို့ ရပါတယ်... ကြွပါ”
မူတာဆင်သုံးကို စီစဉ်ပြီးနောက် ဝမ်ချောင်လက်ကို ဝှေ့ယမ်းလိုက်ရာ ၁ သန်းကျော်သော မဟာထန် မဟာမိတ် တပ်ပေါင်းစုကြီးသည် ခမ်းနားကြီးကျယ်စွာဖြင့် ကမ္ဘာကျော် အာရပ်အင်ပါယာ မြို့တော်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။
ဘေးဝဲယာတွင် မဟာထန် စစ်တပ်ကို မြင်လိုက်ရသောအခါ အာရပ်အင်ပါယာ၏ မင်းညီမင်းသား မှူးမတ်များ အားလုံး ခေါင်းငုံ့ကာ ကြောက်ရွံ့ ရိုသေနေကြသည်။
သမိုင်းတစ်လျှောက်တွင် ဤအကြိမ်သည် အာရပ်ကို ပထမဆုံး အနိုင်ယူပြီး ဘဂ္ဂဒက်ထဲသို့ ဝင်ရောက်လာသော နိုင်ငံခြား စစ်တပ် ဖြစ်သည်။
အာရပ်အတွက် ဒါသည် အမှောင်မိုက်ဆုံး နေ့တစ်နေ့ ဖြစ်သော်လည်း မဟာထန် အတွက်မူ အတောက်ပဆုံး နေ့တစ်နေ့ ဖြစ်သည်။
ခဏအကြာတွင် ဝမ်ချောင်သည် မြို့တော် တစ်ဝက်ကို ဖြတ်ကျော်ပြီး အာရပ်နန်းတော်ကြီးထဲသို့ ဝင်ရောက်ကာ မူတာဆင်၏ ရွှေပလ္လင်ပေါ်တွင် ထိုင်လိုက်သောအခါ ဝုန်းခနဲ တစ်ချက်နှင့်အတူ မဟာထန် စစ်တပ် တစ်ခုလုံး လောကတစ်ခုလုံး တုန်ခါသွားစေသော အောင်ပွဲခံ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
အနောက်တိုင်း စစ်ဆင်ရေး တစ်ခုလုံးသည် ဒီအချိန်မှသာ အမှန်တကယ် အောင်မြင်မှု ရရှိခြင်း ဖြစ်သည်။
ဒါသည် သမိုင်းတွင် မကြုံစဖူး စစ်ဆင်ရေးကြီး တစ်ခုဖြစ်သည်။ အလယ်ပြည်သမိုင်းတွင် ဒါသည် မဟာထန် စစ်တပ် အနေဖြင့် ပထမဆုံးအကြိမ် အနောက်ပိုင်း ဒေသကို ကျော်လွန်၊ ပန်မီယာ ကုန်းပြင်မြင့်ကို ဖြတ်ကျော်၊ ဆမာကန်နှင့် ခိုရာစန်းကို ဖြတ်သန်းပြီး အနောက်ဒေသ၏ ကြီးမားသော အင်ပါယာကြီးတစ်ခုကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်ဧကရာဇ် ဖြစ်စေ၊ ဟန်ဧကရာဇ် ဖြစ်စေ၊ ဘယ်သူမှ ဒီလို အောင်မြင်မှုမျိုး မရရှိခဲ့ဖူးပေ။
ဒါသည် သမိုင်းမှတ်တမ်းတင်ခံရမည့် စစ်မှန်သော အောင်ပွဲကြီး ဖြစ်သည်။
“အမိန့်ပေးလိုက်... တပ်မတော်ကြီး တစ်ခုလုံးကို ဆုချမယ်”
“ဝေးးးး”
စစ်တပ်ကြီး၏ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အောင်ပွဲခံ အော်ဟစ်သံများသည် ဘဂ္ဂဒက်မြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
……
နောက်တစ်နေ့တွင် အာရပ်လက်နက်ချခြင်းကြောင့် ပတ်ဝန်းကျင်နိုင်ငံများ အားလုံး တုန်လှုပ်နေကြပြီး မဟာထန်စစ်သည် သိန်းချီ ဘဂ္ဂဒက်ကို သိမ်းပိုက်ကာ အောင်ပွဲခံနေကြစဉ် မမျှော်လင့်သော သတင်းတစ်ခု ရောက်ရှိလာသည်။
“အရှင်... အာရပ်တွေရဲ့ ဘဏ္ဍာတိုက်ကို တွေ့ပါပြီ”
ဘဂ္ဂဒက် နန်းတော်အတွင်း၌ ဝမ်ချောင်၊ ဝမ်ကျုံးစစ်နှင့်ကျန်းချိုးကျန့်ချုံးတို့သည် အာရပ်မြေပုံကြီး တစ်ချပ်ကို ဖြန့်ခင်းကာ အာရပ်အင်ပါယာ တစ်ခုလုံးကို ဘယ်လို ထိန်းချုပ်မလဲ၊ စစ်သည် အင်အား ဘယ်လို ချထားမလဲ ဆိုတာ ဆွေးနွေးနေစဉ် ကျန်းချွယ်သည် အလျင်စလိုနှင့် စိတ်လှုပ်ရှားစွာ ဝင်ရောက်လာသည်။
ကျန်းချွယ်၏စကားကို ကြားသောအခါ နန်းတော်ကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
“ဘယ်နားမှာလဲ”
ဝမ်ချောင် ချက်ချင်း မေးလိုက်သည်။ လူအများရှေ့တွင် ဖုံးကွယ်ထားခြင်း မရှိပေ။
ဒီတစ်ခါ အနောက်မြောက် စစ်ပွဲနှင့် နောက်ဆက်တွဲ အနောက်တိုင်း စစ်ဆင်ရေးအတွက် မဟာထန်သည် ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ရသည်။ ပစ္စည်းများ၊ စစ်သည်များ၊ ရိက္ခာများ အမြောက်အမြား ကုန်ကျခဲ့သည်။ စစ်ပွဲအပြီး စစ်သည်များကို လျော်ကြေးပေးခြင်း၊ ထောက်ပံ့ခြင်းများပါ ထည့်တွက်လျှင် စစ်သည် သိန်းချီအတွက် ကုန်ကျစရိတ်သည် နည်းပါးလှသည် မဟုတ်ပေ။
မဟာထန် သည် ကြွယ်ဝချမ်းသာသော်လည်း အာရပ်ကဲ့သို့ အာဏာရှင်နိုင်ငံ မဟုတ်သဖြင့် ဘဏ္ဍာရေး အခြေအနေမှာ အတော်လေး ကျပ်တည်းနေသည်။
ထို့အပြင် ဝမ်ချောင်သည် “စစ်တိုက်ရင်း စစ်စရိတ်ရှာ” ဟူသော မူဝါဒကို အမြဲ ကိုင်စွဲထားသည်။ ဒီလောက်ထိ ပေးဆပ်ပြီးမှ၊ ဒီလောက်ထိ အောင်မြင်ပြီးမှ ဘာမှပြန်မရဘဲ လက်ဗလာနှင့် ပြန်သွားခြင်းကို ဝမ်ချောင်လုံးဝ ခွင့်မပြုနိုင်ပေ။
အာရပ်သည် စစ်ရေး အင်အား တောင့်တင်းပြီး တိုက်ခိုက်ရေး စွမ်းရည် ကောင်းမွန်သည်ဟု နိုင်ငံတကာက အသိအမှတ်ပြုထားသည်။ သို့သော် ဝမ်ချောင်အတွက်မူ ၎င်းတွင် နောက်ထပ် နာမည်တစ်ခု ရှိသေးသည်။ “ရတနာ နိုင်ငံတော်” ဟူ၍။
အာရပ်ကြီးထွားလာသော ကာလတစ်လျှောက်လုံး မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီး အင်ပါယာ၏ချမ်းသာကြွယ်ဝမှုများကို စုဆောင်းခဲ့သည်။ နှစ်ထောင်ချီ စုဆောင်းထားသော ချမ်းသာကြွယ်ဝမှု အားလုံးသည် အာရပ်လက်ထဲ ရောက်ရှိနေသည်။
ဒါသည် ကြီးမားလွန်းသော၊ ယုံကြည်ရန် ခက်ခဲသော ရတနာသိုက်ကြီး ဖြစ်သည်။ ဟိုတုန်းက ခိုရာစန်းစစ်ပွဲတုန်းက ဝမ်ချောင်က ရွှေသား သန်း ၁၀၀၀ တောင်းဆိုခဲ့ရာ သူတို့က မြင်းလှည်းများဖြင့် အလွယ်တကူ ပို့ပေးခဲ့သည်။
အဲဒီတုန်းကတည်းက ဝမ်ချောင် သိလိုက်ရသည်မှာ အာရပ်အင်ပါယာ၏ ချမ်းသာကြွယ်ဝမှုသည် သူ ထင်ထားသည်ထက် အဆများစွာ ပိုများနေကြောင်းပင်။
အကယ်၍ ဒီရတနာသိုက်ကို ရရှိခဲ့ရင် မဟာထန် အတွက် စိတ်ကူးမယဉ်နိုင်လောက်တဲ့ အကျိုးအမြတ် ဖြစ်လာလိမ့်မည်။ စစ်ပွဲအတွင်း ကုန်ကျစရိတ်တွေ၊ ဆုံးရှုံးမှုတွေကို ကာမိစေရုံသာမက လျော်ကြေးငွေ အမြောက်အမြား ပေးနိုင်မည်၊ နိုင်ငံတော် ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းနိုင်မည်။ ပြည်သူတွေကို ပြန်လည် ထောက်ပံ့ပေးနိုင်ပြီး မဟာထန် ရဲ့ နိုင်ငံ အင်အားကို ပိုမို တိုးတက်စေနိုင်မည် ဖြစ်သည်။
ဒါကြောင့် ဘဂ္ဂဒက်ကို သိမ်းပိုက်ပြီးတာနဲ့ ဝမ်ချောင်ပထမဆုံး စီစဉ်တဲ့ အလုပ်က အာရပ်ရဲ့ လျှို့ဝှက် ဘဏ္ဍာတိုက်ကို ရှာဖွေဖို့ပင်။
သို့သော် အာရပ်အောက်ခြေမှ အထက်ပိုင်းအထိ လူတိုင်းက ငြင်းဆိုကြပြီး ရတနာ အားလုံးကို ဝမ်ချောင်ယူသွားပြီဖြစ်ကြောင်း၊ လက်ရှိ အာရပ်တွင် ဘာမှ မကျန်တော့ကြောင်း ပြောကြသည်။ ဝမ်ချောင်သာ လိုချင်လျှင် သူတို့ အစွမ်းကုန် ကြိုးစားပြီး ရွှေသား သန်း ၅၀၀လောက် စုပေးပြီး လျော်ကြေးအဖြစ် ပေးနိုင်ကြောင်း ပြောကြသည်။
ဒီစကားတွေက တခြားသူကို လိမ်ရင် ရနိုင်ပေမဲ့ ဝမ်ချောင်ကတော့ လုံးဝ ယုံမှာ မဟုတ်ပေ။
ဝမ်ချောင်အနေဖြင့် သူတို့၏စိတ်ကူးကို နားလည်သည်။ အင်ပါယာက နှစ်ထောင်ချီ စုဆောင်းထားသော ရတနာများကို သူများတွေ အကုန် သိမ်းသွားမှာကို သူတို့ ဘယ်လိုလုပ် ကျေနပ်နိုင်မလဲ။
ဝှက်ထားနိုင်ရင် နောင်တစ်ချိန် အင်အားပြန်မွေးပြီး အာရပ်၏ဘုန်းတန်ခိုးကို ပြန်လည် ထွန်းလင်းစေနိုင်မည့် အခွင့်အရေး ရှိလာနိုင်သည်။
သို့သော် ဝမ်ချောင်က သူတို့ကို ဒီလို အခွင့်အရေး ပေးပါ့မလား
“အရှင်... နန်းတော် မြေအောက် မီတာ ၆၀၊ ၇၀ လောက် အနက်မှာ ရှိပါတယ်။ အဲဒီမှာ တားမြစ်ထားတဲ့ အရာတွေ လုပ်ထားလို့ စိတ်ဝိညာဉ် စွမ်းအင်နဲ့ ရှာလို့ မရပါဘူး။ ကျွန်တော်တို့လည်း တော်တော် ကြိုးစားပြီးမှ ရှာတွေ့ခဲ့တာပါ”
ကျန်းချွယ် ခါးကို ကိုင်းပြီး ပြောလိုက်သည်။
“သွားကြစို့”
ဝမ်ချောင်ဘာမှ ဆက်မပြောဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
ရွှေရောင် တံခါးကြီး ပွင့်သွားပြီးနောက် လူတိုင်း အာရပ်၏ ဒဏ္ဍာရီလာ မြေအောက် ဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်လိုက်သောအခါ တည်ငြိမ်အေးဆေးလေ့ရှိသော မဟာဆရာဝမ်ကျုံးစစ်ပင်လျှင် အံ့ဩသွားသည်။
ဘဏ္ဍာတိုက်ဆိုသည့် စကားလုံးကို ကြားကတည်းက စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားသော်လည်း တကယ်တမ်း ဝင်ရောက်လာပြီး မျက်စိရှေ့တွင် တောင်လိုပုံနေသော၊ ရေတွက်၍ မကုန်နိုင်သော ရတနာများကို မြင်လိုက်ရသောအခါ လူတိုင်း ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
“မယုံနိုင်စရာပဲ။ ဒါက တကယ့်ကို နိုင်ငံတစ်ခုလုံး ဝယ်နိုင်လောက်တဲ့ ချမ်းသာမှုပဲ”
“မျက်စိနဲ့ တပ်အပ် မမြင်ရရင် အာရပ်တွေမှာ ဒီလောက် များပြားတဲ့ ချမ်းသာမှုတွေ ရှိမယ်လို့ သေရင်တောင် ယုံမှာ မဟုတ်ဘူး”
“ဝမ်ချောင်... မင်း ဘာလို့ ဘဂ္ဂဒက်ကို မဖြစ်မနေ ဝင်တိုက်ချင်ရသလဲ ဆိုတာ ငါ အခုမှ နားလည်တော့တယ်”
……
မျက်စိရှေ့မှ ရတနာလောကကြီးကို ကြည့်ရင်း လူတိုင်း မကြုံစဖူး ကြီးမားသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
မဟာထန် အင်ပါယာတွင် ဖူဆန်းသည် ပုလဲ၊ သန္တာကျောက်၊ ကျောက်စိမ်းများ ပေါများခြင်းဖြင့် ကျော်ကြားသော်လည်း ယခု မြင်နေရသော ရတနာများသည် အပုံလိုက် အပုံလိုက် ဖြစ်နေသည်။
ထို့အပြင် ရွှေဖြင့် ပြုလုပ်ထားသော ပစ္စည်းများ၊ သရဖူများ၊ ရတနာ သစ်ပင်များ၊ ဝိုင်ခွက်များ၊ ရာဇလှံတံများ... အများအပြား ပါဝင်ပြီး အများစုတွင် ရှေးဟောင်း စာလုံးများ ရေးထိုးထားသည်။
ရှေ့ဆက်သွားလိုက်လျှင် ရွှေရောင်သေတ္တာ အမြောက်အမြားကို အစီအရီ တွေ့ရပြီး သေတ္တာများပေါ်တွင် တောက်ပသော ကျောက်မျက်ရတနာ အများအပြား ပါရှိသည်။
ဤတန်ဖိုးကြီး ကျောက်မျက်ရတနာများသည် ဆန်စေ့များကဲ့သို့ ဘဏ္ဍာတိုက် တစ်ခုလုံး ပြန့်ကျဲနေသည်။
လူများ ရှေ့ဆက်သွားလေ ခြေထောက်အောက်ရှိ ရတနာများသည် သဲများကဲ့သို့ ပေါများလေ ဖြစ်နေသည်။
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အရှိဆုံး ဝမ်ချောင်ပင်လျှင် ယခုအချိန်တွင် ဝန်ခံရတော့မည်။ အာရပ်၏ ဤ ဘဏ္ဍာတိုက်သည် သူ ထင်ထားသည်ထက် ပိုမို ကြီးမားပြီး ကြွယ်ဝချမ်းသာသည်။
ရုတ်တရက် ဘဏ္ဍာတိုက်၏ ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်ရာ ဝမ်ချောင် လက်ဝါးကို ဖြန့်လိုက်ပြီး ဝုန်းခနဲ ကြေးညိုရောင် ရှေးဟောင်း ဝိုင်ခွက်တစ်ခု သူ့လက်ထဲ ရောက်ရှိလာသည်။
“ဒါ ဆမ်ဆာနစ်တွေရဲ့ ရတနာပဲ”
ဝမ်ချောင်သည် အပေါ်ရှိ ရင်းနှီးသော ဆမ်ဆာနစ်စာလုံးများကို ကြည့်ပြီး ချက်ချင်း မှတ်မိလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက အာရပ်တို့သည် ဆမ်ဆာနစ်မင်းဆက်ကို အနိုင်ယူပြီး မြို့တော်ကို သိမ်းပိုက်ကာ မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့ကြပြီး ဆမ်ဆာနစ်မင်းဆက်၏ ရတနာ အားလုံးကို ယူဆောင်သွားခဲ့ကြသည်။
သိသာထင်ရှားစွာပင် ထိုရတနာအားလုံးကို မူတာဆင်က ဤနေရာတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။
လုယက်ခံရသူမှာ ဆမ်ဆာနစ်မင်းဆက် တစ်ခုတည်း မဟုတ်ပေ။ နိုင်ငံငယ် အများအပြားသည်လည်း လုံးဝဖျက်ဆီးခံရပြီး တည်ရှိမှု အစအနများပင် ပျောက်ကွယ်သွားခဲ့ရသည်။ သူတို့၏ ရတနာများလည်း ဒီနေရာသို့ ရောက်ရှိလာခဲ့သည်။
“ဝုန်း”
နောက်တစ်ခဏတွင် ဝမ်ချောင်စိတ်အာရုံကို စုစည်းလိုက်ပြီး ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများသည် ဒီရေအလား ဘဏ္ဍာတိုက် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝမ်ချောင်မျက်လုံးကို မှိတ်လိုက်ပြီး ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။
“ဘဏ္ဍာတိုက် တစ်ခုလုံးက ရတနာတွေ အားလုံး ပေါင်းလိုက်ရင် ရွှေသား သန်း ၂၀၀၀၀ ကနေ ၃၀၀၀၀ လောက် တန်ဖိုးရှိမယ်။ ပုလဲ၊ သန္တာကျောက်၊ ကျောက်စိမ်းနဲ့ ရှေးဟောင်း ရတနာတွေရဲ့တန်ဖိုးကို တွက်ချက်ဖို့ ခက်ခဲပြီး ငွေသားအဖြစ် ပြောင်းလဲဖို့လည်း ခက်ခဲပေမဲ့... အဲဒါတွေ ဖယ်လိုက်ရင်တောင် ဒီထဲက ရွှေထည် ပစ္စည်းတွေနဲ့ ရွှေတုံးတွေက ရွှေသား သန်း ၅၀၀၀ လောက် ရှိတယ်”
ဝမ်ချောင်၏စကားကို ကြားသောအခါ ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး၊ ကောင်းရှန်းကျစ်...စသော အင်ပါယာခေါင်းဆောင်ကြီးများ၏ မျက်လုံးများတွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။ သန္တာကျောက်၊ ကျောက်စိမ်း ဆိုတာတွေက သိပ်အသုံးမဝင်လှဘဲ ဒီ ရတနာတွေကို ဝယ်နိုင်သူ မရှိသလောက် နည်းပါးသည်။ သို့သော် ရွှေကတော့ ချက်ချင်း အသုံးပြုနိုင်ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းပေးနိုင်သည်။
ရွှေသား သန်း ၅၀၀၀
မဟာထန်အတွက်ဆိုလျှင် ဒီတစ်ခါ ကုန်ကျစရိတ်များကို ကာမိရုံသာမက အဆပေါင်းများစွာ အမြတ်အစွန်း ရရှိနိုင်သည်။
စစ်တပ်ကို အမြဲအကောင်းမမြင်သော ကွန်ဖြူးရှပ် ပညာရှိများနှင့် ပြည်သူများ အပါအဝင် မည်သူကမျှ စစ်တပ်၏ လှုပ်ရှားမှုကို ကန့်ကွက်စရာ အကြောင်း မရှိတော့ပေ။
“သိပ်ကောင်းတာပဲ။ ဝမ်ချောင်... ငါတို့ ဒီတစ်ခါ စစ်ဆင်ရေးက အလယ်ပြည်ရဲ့ ရန်သူကြီး တစ်ယောက်ကို ဖယ်ရှားနိုင်ခဲ့ရုံမကဘူး၊ သမိုင်းမှတ်တမ်း တင်ခံရမယ့်အပြင် ရရှိတဲ့ အကျိုးအမြတ်တွေကလည်း ပြည်သူတွေရဲ့ ဘဝကို ပြန်လည် ထောက်ပံ့ပေးနိုင်တယ်။ ဒါက တကယ်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိပြီး နောင်လာနောက်သားတွေ ပြောစမှတ် ပြုကြတော့မှာ။ ဝမ်ချောင်... မင်းနဲ့အတူ ဒီစစ်ဆင်ရေးမှာ ပါဝင်ခွင့်ရတာ ငါတို့ တကယ်ကို နောင်တမရတော့ဘူး”
ကောင်းရှန်းကျစ်၏မျက်နှာ ရဲတက်လာပြီး အရက်မူးနေသူ တစ်ယောက်လို စိတ်လှုပ်ရှားနေသည်။
မျက်စိရှေ့မှ မြင်ကွင်းများသည် သူ တစ်သက်လုံး မယုံကြည်နိုင်လောက်အောင် ကြီးမားသော အောင်မြင်မှု ဖြစ်သည်။
ဒါပေမဲ့ ဝမ်ချောင်နဲ့အတူ သူ တကယ် လုပ်နိုင်ခဲ့ပြီ။
“ကျန်းချွယ် ... ပြင်ဆင်လိုက်... စာတစ်စောင် ရေးပြီး ဧကရာဇ်မင်းမြတ်ဆီ ပေးပို့ကာ ဒီမှာ ဖြစ်ပျက်သမျှ အားလုံး လျှောက်တင်လိုက်။ ပြီးတော့ စစ်တပ်ကို စီစဉ်ပြီး ဒီက ပစ္စည်းတွေ အားလုံး မဟာထန်ဆီ ပြန်သယ်ဖို့ ပြင်ဆင်၊ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ထည့်ဖို့ လုပ်လိုက်”
ဝမ်ချောင်ပြုံးလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
ပြီးခဲ့တဲ့ တစ်ခေါက်နှင့် မတူပေ။ ပထမမင်းသား အုပ်ချုပ်စဉ်က ဝမ်ချောင်သည် ရွှေအချို့ကို ဖြတ်တောက် သိမ်းဆည်းခဲ့သည်။ သို့သော် ယခုအခါ မင်းသားသုံးပါး ပုန်ကန်မှု ပြီးဆုံးသွားပြီဖြစ်ပြီး ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ပြန်လည်အုပ်ချုပ်နေပြီဖြစ်ရာ ဤကြွယ်ဝချမ်းသာမှုများကို သိမ်းထားရန် မလိုတော့ပေ။
ထို့အပြင် အာရပ်ပျက်စီးသွားပြီဖြစ်ရာ ဤရန်သူကြီးကို ဖယ်ရှားပြီးနောက် ဝမ်ချောင်အနေဖြင့် စစ်တပ်ပြုပြင်ဖွဲ့စည်းရန်အတွက် ရွှေများကို သိမ်းဆည်းထားရန် မလိုအပ်တော့ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ရင်ထဲ၌ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဟင်”
ထိုအချိန်တွင် ဝမ်ချောင်ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး ရုတ်တရက် သတိဝင်လာကာ ဘဏ္ဍာတိုက်၏အဆုံး၊ ထောင့်တစ်နေရာရှိ ပစ္စည်းတစ်ခုကို လှမ်းကြည့်လိုက်သည်။