← Chapters

အခန်း (၁၉၂၆-၁၉၃၀)

Vol. 118 Ch. 1926-1930

အခန်း (၁၉၂၆-၁၉၃၀)

Vol. 118 Ch. 1926-1930

အခန်း ၁၉၂၆ ဝမ်ချောင်၏ လက်ဝယ်သို့ ရောက်ရှိလာသော နည်းပညာသစ်

ဧရာမ သတ္တဝါများ၏ စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် သတ္တဝါ တစ်ကောင်တည်းနှင့်ပင် မြို့တစ်မြို့လုံးကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ တောင်တန်းကြီးများသဖွယ် မြင့်မားလှသော ထိုသတ္တဝါကြီးများ၏ရှေ့တွင် စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်တစ်ခုမှာပင် ပုရွက်ဆိတ်ငယ်များအလား သေးငယ်လှသည်။

အကယ်၍ ထိုကဲ့သို့သော သတ္တဝါကြီးများကို မသမာသူများက အသုံးချကာ မင်းသားသုံးပါး ပုန်ကန်မှုအတွင်းမှာသာ ပေါ်ထွက်လာခဲ့လျှင် အင်ပါယာတစ်ခုလုံးအတွက် ထိခိုက်မှုမှာ ခန့်မှန်းရပင် ခက်ခဲလိမ့်မည်။

အင်ပါယာ၏ခေတ်တိုင်းတွင် ဝမ်ချောင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာမည်ဟု မဆိုနိုင်သလို၊ ဧရာမ သတ္တဝါများကို တိုက်ခိုက်နိုင်သည့် ဧရာမ မြားပစ်စင်များကို လူတိုင်း ဖန်တီးနိုင်မည်လည်း မဟုတ်ပေ။ ဤအတတ်ပညာများသာ ပြင်ပသို့ ပြန့်နှံ့သွားခဲ့လျှင် လူတစ်ယောက်တည်းနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုများကို ပြုလုပ်နိုင်ကာ လောကတစ်ခုလုံးကို ဒုက္ခပင်လယ် ဝေစေနိုင်သည် ဖြစ်သည်။

ဤသည်မှာ ဝမ်ကျုံးစစ်အမြဲတစေ စိုးရိမ်နေသည့် အချက်ပင် ဖြစ်သည်။

“မဟာဆရာဝမ် ပြောတာ မှန်တယ်၊ ဒီကိစ္စကို တကယ့်ကို သေချာ စဉ်းစားရမယ်”

အခြားသူများလည်း လေးနက်သော မျက်နှာထားများ ဖြစ်ကုန်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ အားလုံးမှာ တူညီသော စိုးရိမ်မှုများ ရှိနေကြသည်။

“မသမာသူတွေ အသုံးချတာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖျက်ဆီးပစ်ဖို့ပါပဲ။ ဘယ်သူမှ မသိတော့ရင် မဟာထန်နဲ့ အလယ်ပြည်အတွက် ခြိမ်းခြောက်မှု မရှိတော့ဘူးပေါ့။ အလွန်အမင်း အစွမ်းထက်တဲ့ လက်နက်တွေဆိုတာ အမြဲတမ်း ကောင်းကျိုးပေးတာ မဟုတ်ဘူး”

အန်းစီရှန်းက သူ၏သဘောထားကို ပြတ်သားစွာ ပြောဆိုသည်။ ဧရာမ သတ္တဝါများ ဖန်တီးသည့် နည်းလမ်းကို ဖျက်ဆီးပစ်ရန် သူက အဆိုပြုခြင်း ဖြစ်သည်။

“ငါတို့ မဟာထန်ရဲ့ မြားပစ်စင်တွေကို ထိုက်ကျုံးဧကရာဇ် လက်ထက်ကတည်းက ဖန်တီးခဲ့တာပါ။ အခု သူတော်စင်ဧကရာဇ်လက်ထက်မှာဆိုရင် အရေအတွက် တစ်သိန်းနီးပါး ရှိနေပြီ။ ဒါပေမဲ့ အဲဒါတွေကို နယ်စားမင်းတွေဆီ လွှဲမပေးဘဲ ချီရှီက လက်နက်တိုက်ထဲမှာ သေသေချာချာ ထိန်းချုပ်ထားခဲ့တယ်။ အဲဒီလိုသာ မဟုတ်ခဲ့ရင် အခု မဟာထန်က ပရမ်းပတာ ဖြစ်နေလောက်ပြီ။ မင်းသားပါး ပုန်ကန်မှုမှာလည်း လူပေါင်း ဘယ်လောက်တောင် သေကြေဦးမလဲ မသိနိုင်ဘူး။ အာရပ်တွေတောင် ခိုးယူသင်ယူသွားနိုင်တယ်”

“အကယ်၍သာ အဲဒီလို ဖြစ်ခဲ့ရင် တာလာ့စ် တိုက်ပွဲနဲ့ အခု စစ်ပွဲရဲ့ ရလဒ်တွေက လုံးဝ ပြောင်းလဲသွားမှာ သေချာတယ်”

အာရပ်တို့တွင် ဧရာမ သတ္တဝါများ ရှိသကဲ့သို့ မဟာထန်တွင်လည်း မြားပစ်စင်တပ်မတော် ရှိသည်။ ဤတိုက်ပွဲအတွင်း အာရပ်တို့ကို အကြီးအကျယ် ချေမှုန်းနိုင်ခဲ့သည်မှာ စုဟန်ရှင်း ကွပ်ကဲသည့် မြားပစ်စင်တပ်မတော်ကြောင့် ဖြစ်သည်။ အန်းစီရှန်းသည် စုဟန်ရှင်းနှင့် လက်တွဲခဲ့ဖူးသဖြင့် ဤအချက်ကို ကောင်းကောင်း သိရှိနေသည်။

“မဖြစ်ဘူး… ဒီအတိုင်း လွယ်လွယ်နဲ့တော့ မဖျက်ဆီးနိုင်ဘူး”

ကျန်းချိုးကျန့်ချုံးသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေပုံ ရသည်။

“ရေက လှေကို မြှင့်တင်နိုင်သလို မှောက်လည်း မှောက်နိုင်တယ်၊ လောကကြီးကို အကျိုးပြုမလား၊ ဒုက္ခပေးမလားဆိုတာက လူအပေါ်မှာပဲ မူတည်တယ်၊ ပစ္စည်းအပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ဒီဧရာမ သတ္တဝါတွေ ဖန်တီးတဲ့ နည်းလမ်းဆိုတာ ငါတို့ရဲ့ စစ်သည်ပေါင်းများစွာ အသက်နဲ့လဲပြီး ရယူခဲ့ရတဲ့ စစ်နိုင်လက်ဆောင်တွေပဲ ဖြစ်တယ်။ ဒီအတိုင်း ဖျက်ဆီးပစ်လိုက်ရင် အရမ်း နှမြောစရာ ကောင်းတယ်”

“ပြီးတော့ မင်း ပြောသလိုပဲ ဧကရာဇ်မင်းမြတ်က မြားပစ်စင် တစ်သိန်း ဖန်တီးခဲ့တာတောင် မဖျက်ဆီးပစ်ဘဲ လက်နက်တိုက်ထဲမှာ သိမ်းထားခဲ့တာပဲ မဟုတ်လား။ အဲဒီမြားပစ်စင်တွေသာ မရှိခဲ့ရင် ဒီတိုက်ပွဲမှာ ငါတို့ နိုင်လိမ့်မယ်လို့ မင်းတို့ ထင်လို့လား”

အားလုံး တိတ်ဆိတ်သွားကြသည်။ အန်းစီရှန်းပင်လျှင် စကားပြန်မပြောနိုင်ဘဲ ဖြစ်သွားသည်။ ကျန်းချိုးကျန့်ချုံးပြောသည်မှာ မှန်ကန်လှသည်။ မြားပစ်စင်များ၏ ကောင်းကျိုးကို မည်သူမျှ ငြင်းပယ်၍ မရပေ။

လေထုမှာ ခေတ္တမျှ တင်းမာသွားခဲ့သည်။ အာရပ်တို့၏ ဧရာမ သတ္တဝါများ ပေါင်းစပ်ခြင်း အတတ်ကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည့် အချက်တွင် သူတို့အကြား သဘောထား ကွဲလွဲနေကြသည်။

“အကယ်၍ ဒီပစ္စည်းတွေကို မဖျက်ဆီးချင်ဘူး၊ တစ်ဖက်မှာလည်း မသမာသူတွေ လက်ထဲ မရောက်စေချင်ဘူးဆိုရင်တော့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ တကယ့်ကို ယုံကြည်စိတ်ချရပြီး မဟာထန်အပေါ် သစ္စာရှိတဲ့သူ၊ ဘယ်တော့မှ ပုန်ကန်မှာမဟုတ်တဲ့သူ တစ်ယောက်ကိုပဲ ရွေးချယ်ပြီး ဒီနည်းပညာကို အပြည့်အဝ ထိန်းချုပ်ခိုင်းရလိမ့်မယ်။ ဒါမှသာ အနာဂတ်မှာ လိုအပ်တဲ့အခါ အသုံးချနိုင်မှာဖြစ်သလို အန္တရာယ်ကိုလည်း အနည်းဆုံးအဆင့်အထိ လျှော့ချထားနိုင်မှာ ဖြစ်တယ်”

ထိုအချိန်တွင် ကောင်းရှန်းကျစ်က အကြံပြုလိုက်သည်။

“ဝုန်း”

ထိုစကားကို ကြားလိုက်ရသည်နှင့် မြေအောက်ခန်းအတွင်းရှိ လေထုမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အားလုံးက တစ်စုံတစ်ဦးကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

“ဟင်”

ဝမ်ချောင်သည် ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်းဟု စဉ်းစားနေစဉ် လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြသဖြင့် အံ့အားသင့်သွားသည်။

“ဘာဖြစ်လို့လဲ… ကျွန်တော့်ကို ဘာလို့ ကြည့်နေကြတာလဲ”

သို့သော် ဤတစ်ကြိမ်တွင်မူ လူတိုင်းက ဝမ်ချောင်၏စကားကို ဂရုမစိုက်ဘဲ စဉ်းစားနေကြသည်။

“မှန်တယ်၊ သစ္စာရှိမှုအကြောင်း ပြောမယ်ဆိုရင် ဒီနေရာမှာ ရှိနေတဲ့ ဘယ်သူမှ မျိုးနွယ်ခြားဘုရင်ကို မီမှာ မဟုတ်ဘူး”

ကျန်းချိုးကျန့်ချုံးက ထောက်ခံလိုက်သည်။

“ငါ စိုးရိမ်နေတာတွေ ရှိပေမဲ့ မျိုးနွယ်ခြားဘုရင်သာဆိုရင်တော့ လက်ခံနိုင်စရာ ရှိတယ်”

အန်းစီရှန်းသည်လည်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် သဘောတူလိုက်သည်။

“ဒီ... အလယ်ပြည်ကို စောင့်ရှောက်တဲ့ ကိစ္စကလွဲရင် ကျန်တဲ့ ကိစ္စတွေမှာ ငါတို့ ထုံလော့တွေက ဝင်မပါတတ်ပါဘူး”

ထုံလော့ ဗိုလ်ချုပ်ကြီး အာပုစစ်က ပြောဆိုရင်း ခေတ္တရပ်ကာ

“ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က မျိုးနွယ်ခြားဘုရင်ကို အမြဲတမ်း ယုံကြည်မြတ်နိုးတာပဲလေ။ ဧကရာဇ်မင်းမြတ်ရဲ့ အကဲခတ်မှုက မမှားနိုင်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့် မျိုးနွယ်ခြားဘုရင်သာဆိုရင် ငါ့မှာ ကန့်ကွက်စရာ မရှိပါဘူး”

နောက်တစ်ခဏတွင် လူတိုင်းက ဝမ်ကျုံးစစ်ကို လှည့်ကြည့်လိုက်ကြသည်။ သူသည် သူတော်စင်ဧကရာဇ်၏ မွေးစားသားဖြစ်ပြီး ဧကရာဇ်အပေါ် အလွန်သစ္စာရှိသူ ဖြစ်သည်။

ထို့ပြင် ဝမ်ကျုံးစစ်မှာ ယခင်မျိုးဆက်၏စစ်နတ်ဘုရားဖြစ်သဖြင့် သူ၏ ရာထူး၊ အဆင့်အတန်းနှင့် သြဇာမှာ အားလုံးထက် မြင့်မားလှသည်။ ထို့ကြောင့် သူ၏ သဘောထားမှာ အရေးအကြီးဆုံး ဖြစ်သည်။

“မျိုးနွယ်ခြားဘုရင်သာဆိုရင်တော့ သေချာပေါက် ဖြစ်နိုင်တယ်”

ဝမ်ကျုံးစစ်၏ ပထမဆုံး စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

“လောလောဆယ်မှာ ခင်ဗျားတို့ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ သိတဲ့လူ နည်းလေလေ ပိုကောင်းလေလေပဲ။ ဒါပေမဲ့ ဒီကိစ္စက အရမ်းကြီးလေးတဲ့အတွက် မြို့တော်ကို ပြန်ရောက်ရင် ဧကရာဇ်မင်းမြတ်ဆီကို သတင်းပို့ တင်ပြရမယ်”

“ဒါကတော့ သေချာပေါက် လုပ်ရမှာပါ”

“ဒီအတိုင်း ဖြစ်ရမယ်”

ဝမ်ကျုံးစစ်၏ စကားကို လူတိုင်းက ထောက်ခံကြသည်။ ဤမျှ အရေးကြီးသော အရာကို ဧကရာဇ်ကို မသိစေဘဲ ထား၍ မရနိုင်ပေ။

စကားအနည်းငယ်အတွင်းမှာပင် ဧရာမ သတ္တဝါများ ပေါင်းစပ်ခြင်း အတတ်ကို မည်သူ ထိန်းချုပ်မည်ဆိုသည်ကို ဆုံးဖြတ်လိုက်ကြသည်။ လူတိုင်းက ဝမ်ချောင်ဆီသို့ ထပ်မံကြည့်လိုက်ကြပြန်သည်။

ဝမ်ချောင်သည် အံ့အားသင့်သွားသော်လည်း လူတိုင်းက သူ့အပေါ် ယုံကြည်ကြသဖြင့် စိတ်လှုပ်ရှားမိသည်။

“အားလုံးက ဝမ်ချောင်ကို ဒီလောက်ထိ ယုံကြည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို ကျွန်တော် သေသေချာချာ ကိုင်တွယ်သွားပါ့မယ်”

ဝမ်ချောင်က တည်ငြိမ်စွာပင် ပြောဆိုသည်။

“အလယ်ပြည်က အခုအချိန်မှာ အပြောင်းအလဲတွေ ဖြစ်နေတဲ့ အချိန်ပါ။ ဝမ်ချောင်ရဲ့ ကိုယ်ပိုင်ဆန္ဒအရလည်း ဒီနည်းပညာတွေကို မဖျက်ဆီးချင်ဘူး။ အနာဂတ်မှာ လိုအပ်လာတဲ့ အချိန်ကျရင် ဒီဧရာမ သတ္တဝါတွေက မဟာထန်အတွက် အကျိုးရှိစေမှာဖြစ်သလို အလယ်ပြည်ကို စောင့်ရှောက်မယ့် အင်အားစုတွေ ဖြစ်လာနိုင်တယ်။ မြို့တော်ကို ပြန်ရောက်ရင်လည်း ဒီနည်းပညာတွေကို ထိန်းသိမ်းထားဖို့ ဧကရာဇ်မင်းမြတ်ဆီကို ကျွန်တော် ကိုယ်တိုင် အကြံပြု တင်ပြသွားပါ့မယ်”

ဝမ်ချောင်၏ မျက်လုံးများမှာ ပြတ်သားလှသည်။ သူသည် ဖုံးကွယ်ထားခြင်း သို့မဟုတ် နှိမ့်ချနေခြင်း မရှိဘဲ မိမိလုပ်ဆောင်လိုသည့် အရာကို ပြတ်သားစွာ ပြောဆိုခြင်း ဖြစ်သည်။

သို့သော် သူ၏ စကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ အာရပ်ကို အနိုင်ယူပြီးနောက်တွင် ပြင်ပအန္တရာယ် မရှိတော့ဟု သူတို့ ထင်ထားကြသော်လည်း ဝမ်ချောင်၏ အဓိပ္ပာယ်မှာ ထိုသို့ မဟုတ်ပုံရပေ။

အနာဂတ်မှာ နောက်ထပ် ဘေးအန္တရာယ်တွေ ရှိနေသေးတာလား။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဝမ်ချောင်ကတော့ ထပ်မံရှင်းမပြတော့ပေ။ သူသည် ဗိုလ်ချုပ်များကို အမိန့်ပေးကာ အခန်းအတွင်းရှိ စက်ယန္တရားများ၊ စင်မြင့်များနှင့် အစီရင်ခံစာများကို အမှတ်အသားပြုစေလျက် အပိုင်းပိုင်းဖြုတ်ကာ သယ်ဆောင်ရန် ညွှန်ကြားလိုက်သည်။

ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ဝမ်ကျုံးစစ်နှင့် အခြားသူများမှာ အနားမှ ဖယ်ပေးကြသည်။ ယခုအချိန်မှစ၍ အာရပ်အင်ပါယာ၏ ကြီးကျယ်လှသော ဤနည်းပညာမှာ ဝမ်ချောင်၏ လက်အောက်သို့ လုံးဝရောက်ရှိသွားပြီ ဖြစ်သည်။ ဝမ်ချောင်မှလွဲ၍ မည်သူမျှ ၎င်းတို့ ရှိရာနေရာကို သိရှိနိုင်တော့မည်မဟုတ်ပေ။

...

နတ်ဘုရားကျောင်း၏ ကိစ္စများ ပြီးဆုံးသွားသောအခါ လူတိုင်း၏ အာရုံမှာ အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။

ကုထိုက်ပိုင်နှင့် မဟာဘုန်းတော်ကြီးတို့ကို သုတ်သင်နိုင်ခဲ့သလို စစ်တပ်ကြီးကိုလည်း ချေမှုန်းနိုင်ခဲ့သော်လည်း အာရပ်အင်ပါယာမှာ လူဦးရေ များပြားလှသလို ဧရိယာမှာလည်း စတုရန်းကီလိုမီတာ ၁၀ သန်းကျော် ရှိနေသဖြင့် မဟာထန်ထက်ပင် ကြီးမားလှသည်။ ၎င်းတို့ကို အနိုင်ယူရန် လွယ်ကူသော်လည်း အမှန်တကယ် အုပ်ချုပ်နိုင်ရန်မှာ မလွယ်ကူလှပေ။

ဝမ်ချောင်သည် နေရာအနှံ့သို့ စစ်တပ်များ စေလွှတ်ထားသော်လည်း မလုံလောက်သေးပေ။ စစ်သည် ၅ သိန်းနှင့် ဤမျှ ကြီးမားသော အင်ပါယာကို ထိန်းချုပ်ရန် မဖြစ်နိုင်သဖြင့် ပါဟရာမ် နှင့် ဆမ်ဆာနစ်လူမျိုးများ၏ အကူအညီမှာ အလွန်ပင်အရေးပါလာခဲ့သည်။

ဆမ်ဆာနစ်များနှင့် အခြားသော မဟာမိတ်တပ်များ၏ အကူအညီကြောင့် မဟာထန်သည် နောက်ဆုံးတွင် ဤအနောက်ဘက် နိုင်ငံကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အစောပိုင်းတွင် အာရပ်ပြည်နယ်အချို့၌ ပုန်ကန်မှုများ ဖြစ်ပွားခဲ့သလို မြို့တွင်း၌လည်း မဟာထန်စစ်တပ်ကို ပြောက်ကျား တိုက်ခိုက်မှုများ ရှိခဲ့သည်။

သို့သော် ဝမ်ချောင်သည် စစ်တပ်များကို စေလွှတ်၍ ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက်ခြင်း၊ ဆမ်ဆာနစ်များနှင့် မဟာမိတ်များက အာရပ်တို့ ပုန်းအောင်းရာနေရာများကို လိုက်လံ ရှာဖွေပေးခြင်းတို့ကြောင့် နောက်ဆုံးတွင် အာရပ်တို့ ငြိမ်သက်သွားခဲ့သည်။

ဝမ်ချောင်၏သတ်ဖြတ်ခြင်း အရှင်သခင်ဟူသော အမည်မှာလည်း အာရပ်တစ်ခွင်၌ ဟိန်းထွက်သွားပြီး အာရပ်လူမျိုးတိုင်း သူ၏အမည်ကို ကြားရုံနှင့် ထိတ်လန့် တုန်လှုပ်ကုန်ကြသည်။

မသိမသာပင် ဝမ်ချောင်တို့ အာရပ်ကို သိမ်းပိုက်ပြီးနောက် သုံးလကျော် အချိန်ကုန်ဆုံးသွားခဲ့ပြီး အရာအားလုံးမှာ တည်ငြိမ်သွားပြီ ဖြစ်သည်။ အရာအားလုံး စနစ်တကျ ဖြစ်သွားသောအခါ မြို့တော်ဆီမှ အမိန့်စာ ရောက်ရှိလာခဲ့သည်။ ဝမ်ချောင်မြို့တော်သို့ ပြန်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ထိုနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အာရပ်မြို့တော် ဘဂ္ဂဒက်

“ဟီဂျီရာ နိုင်ငံတော်ကနေ မျိုးနွယ်ခြားဘုရင်ကို လာရောက် ဂါရဝပြုတာ ဖြစ်သည်၊ မဟာထန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ထာဝရ နေထိုင်သွားပါ့မည်”

“မဒီနာ မင်းဆက်ကနေ မျိုးနွယ်ခြားဘုရင်ကို လာရောက် ဂါရဝပြုတာ ဖြစ်သည်၊ ရွှေတစ်သေတ္တာနဲ့ လက်ဆောင်ပစ္စည်းတွေ ဆက်သအပ်ပါသည်၊ မဟာထန်နဲ့ ထာဝရ မိတ်ဖက်အဖြစ် နေထိုင်သွားပါ့မည်”

“ဆာမာနစ် မင်းဆက်ကလည်း မဟာထန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ထာဝရ နေထိုင်သွားပါ့မည်”

“ဂါ့ဇ်နဗစ် မင်းဆက်ကနေ ရတနာ သုံးသေတ္တာ ဆက်သအပ်ပါသည်၊ မဟာထန်ရဲ့ မိတ်ဆွေကောင်းအဖြစ် ထာဝရ နေထိုင်သွားပါ့မည်”

“ဘူရစ် မင်းဆက်ကလည်း မဟာထန်ကို ထာဝရ နာခံသွားပါ့မည်”

“ဆဲလ်ဂျူး မင်းဆက်ကလည်း မဟာထန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ထာဝရ နေထိုင်သွားပါ့မည်”

“အာယူးဘစ် မင်းဆက်ကလည်း မဟာထန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် ထာဝရ နေထိုင်သွားပါ့မည်”

...

ဝမ်ချောင်ထွက်ခွာမည့် ထိုနေ့တွင် ဘဂ္ဂဒက်မြို့မှာ လူများဖြင့် ပြည့်နှက်ကာ အလွန် စည်ကားလှသည်။ အာရပ်ပတ်ဝန်းကျင်ရှိ အင်ပါယာငယ်များနှင့် မင်းဆက်များစွာတို့သည် စေတမန်များ စေလွှတ်ကာ ဝမ်ချောင်မြို့တော်သို့ ပြန်မည့်အခွင့်အရေးကို အသုံးချလျက် လက်ဆောင်များ ဆက်သကာ မဟာထန်နှင့် ထာဝရ မိတ်ဖက်ဖြစ်ရန် လာရောက် တောင်းဆိုကြခြင်း ဖြစ်သည်။

******

အခန်း ၁၉၂၇ ခွဲခွာခြင်းနှင့် အောင်ပွဲခံပြန်လာခြင်း

အရှေ့ဘက်နှင့် အနောက်ဘက်သည် အလွန်ဝေးကွာလှသဖြင့် ယခင်က ပတ်ဝန်းကျင်နိုင်ငံများသည် မဟာထန်အကြောင်းကို များများစားစား မသိရှိကြပေ။ အချို့သော အင်အားစုများမှာ အာရပ်အင်ပါယာနှင့်အတူ အနောက်မြောက်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်အထိ ဖြစ်သည်။

သို့သော် ဤစစ်ပွဲကြီးကပင် မဟာထန်၏ အစွမ်းထက်မှုကို အာရပ်ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံး သိရှိသွားစေခဲ့သည်။ မဟာထန်သည် စစ်သည်အနည်းငယ်ကိုသာ အသုံးပြု၍ အာရပ်တို့ကို အပြတ်အသတ် ချေမှုန်းပြခဲ့သည်။ သူတို့အမြင်တွင် အလွန်တရာ အစွမ်းထက်လှသည်ဟု ထင်မှတ်ထားသော အာရပ်စစ်တပ်ကြီးမှာ အရှေ့ဘက်ဒေသ၏ ရှေ့မှောက်တွင် အလောင်းချင်း ထပ်နေခဲ့ရသည်။ ထိုသေကျေပျက်စီးမှုများမှာ ငရဲခန်းအလား ဖြစ်နေသဖြင့် အနောက်ဘက်အရပ်ရှိ နိုင်ငံအားလုံး အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြသည်။

အထူးသဖြင့် ဝမ်ချောင်သည် အရှေ့ဘက်ဒေသ၏မဟာစစ်ဗိုလ်ချုပ်ကြီးအဖြစ် ကုထိုက်ပိုင်နှင့်မဟာဘုန်းတော်ကြီးတို့ကို သုတ်သင်နိုင်ခဲ့ပြီးနောက်တွင် တစ်လောကလုံး၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့ထက် ပိုအရေးကြီးသည်မှာ အာရပ်တို့ကို အနိုင်ယူပြီး ဘဂ္ဂဒက်ကို သိမ်းပိုက်ခဲ့သော်လည်း မဟာထန်လူမျိုးများ၏ လုပ်ဆောင်ပုံမှာ အာရပ်တို့နှင့် လုံးဝကွဲပြားနေခြင်း ဖြစ်သည်။ သူတို့သည် အာရပ်တို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြပေ။ အနည်းဆုံးတော့ မဟာထန်လူမျိုးများသည် မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ကြပေ။

ထို့ကြောင့် ဤနိုင်ငံများသည် အာရပ်တို့ထက် ပိုမိုအစွမ်းထက်ပြီး နူးညံ့သိမ်မွေ့သော မဟာထန်အင်ပါယာ၏လက်အောက်တွင်သာ နေထိုင်လိုကြသည်။ ဝမ်ချောင်သည် ပြည်နယ်ကိုးခု၏တပ်မှူးချုပ်အဆင့်အတန်းဖြင့် နိုင်ငံပေါင်းစုံမှ စေတမန်များကို လက်ခံတွေ့ဆုံကာ သူတို့၏သစ္စာခံစာများကို လက်ခံယူသည်။ ထို့နောက် သူသည် နန်းတော်၏ အနောက်ဘက်ခန်းမသို့ ရောက်ရှိလာသည်။

“နန်းတော် အရာရှိတွေ အားလုံး ရောက်ပြီလား”

ဝမ်ချောင်က ဝတ်စုံနီကြီးကို ချွတ်လိုက်ပြီး သာမန်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လျက် ဘေးရှိ ကျန်းချွယ်ကို မေးလိုက်သည်။

“ရောက်ပါပြီ အရှင် ဒီတစ်ခေါက်မှာတော့ ဝန်ကြီးဌာနကနေ အသေအချာ ရွေးချယ်ပြီး ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အတည်ပြုပေးလိုက်တဲ့ အုပ်ချုပ်ရေးကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့အားလုံးက အာရပ်စကားကို အခြေခံလောက် တတ်မြောက်ထားကြသလို နန်းတော်ဘက်ကလည်း ကျွမ်းကျင်တဲ့ ဘာသာပြန်တွေနဲ့အတူ ရူပညာရှင်တွေကိုပါ အတူလွှတ်ပေးလိုက်တယ်”

ကျန်းချွယ်က ပြန်ဖြေသည်။ ဗိုလ်ချုပ်များမှာ စစ်တိုက်ရာတွင် ကျွမ်းကျင်သော်လည်း မြို့ပြအုပ်ချုပ်ရေးနှင့် နယ်မြေစီမံခန့်ခွဲရေးမှာမူ စိတ်ရှည်မှုနှင့် အချိန်ပေးမှုများ လိုအပ်လှသည်။ ထို့ကြောင့် ဝမ်ချောင်သည် မြို့တော်သို့ မပြန်မီကတည်းက အုပ်ချုပ်ရေး အရာရှိများကို စေလွှတ်ပေးရန် နန်းတော်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုအရာရှိများ အားလုံး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အရှင် ကျွန်တော်တို့ ခဏနေရင် ထွက်ကြတော့မယ်၊ အရှင်ကျန်းချုံးတို့ကို အသိပေးဖို့ လိုမလား”

ကျန်းချွယ်က မေးသည်။

“မလိုတော့ဘူး။ သူတို့ကို ငါ ပြောပြီးပြီ”

ဝမ်ချောင်က တည်ငြိမ်စွာ ပြန်ပြောသည်။

ဝမ်ချောင်မြို့တော်သို့ မပြန်မီ ဗိုလ်ချုပ်များသည် အသေအချာ တိုင်ပင်ခဲ့ကြပြီး ဖြစ်သည်။ ကောင်းရှန်းကျစ်နှင့်အန်းစီရှန်းတို့က အာရပ်တစ်ခွင်လုံးကို အုပ်ချုပ်ရန် စောင့်ကြပ်နေခဲ့မည် ဖြစ်သည်။ ထုံလော့ ဗိုလ်ချုပ်ကြီး အာပုစစ်ကလည်း သူ၏ ထုံလော့ စစ်သည် နှစ်သောင်းဖြင့် ပုန်ကန်လိုသော အာရပ်တို့ကို နှိမ်နင်းရန် ကူညီပေးနေမည် ဖြစ်သည်။ ဝမ်ချောင်က မြို့တော်သို့ အရင်ပြန်မည်ဖြစ်ပြီး အာရပ်တစ်ခုလုံး တည်ငြိမ်သွားသောအခါမှ ကျန်းချိုးကျန့်ချုံးတို့ နောက်မှ လိုက်လာကြမည် ဖြစ်သည်။

“သတင်းပို့ပါတယ် အရှင်၊ လီကျွင်းရှန်း အပြင်မှာ လာတွေ့နေပါတယ်”

ဝမ်ချောင်၏အနီးကပ်စစ်သည်တစ်ဦး ဝင်ရောက်လာပြီး သတင်းပို့သည်။

“သူ့ကို ဝင်ခွင့်ပေးလိုက်”

ဝမ်ချောင်က အမိန့်ပေးသည်။ အာရပ်ကို သိမ်းပိုက်ပြီးကတည်းက လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းလူများမှာ အလွန်ပင်ငြိမ်သက်နေခဲ့ကြသည်။ ခဏအကြာတွင် လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်လျက် ဝင်ရောက်လာသည်။ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးနောက်တွင် သူသည် ပိန်ချိုကာ နွမ်းနယ်နေပုံ ရသော်လည်း ပိုမိုရင့်ကျက်တည်ငြိမ်လာခဲ့သည်။

“လီကျွင်းရှန်း”

ဝမ်ချောင်က အရင်ဆုံး နှုတ်ဆက်လိုက်သည်။

“မျိုးနွယ်ခြားဘုရင်”

လီကျွင်းရှန်း က ရိုသေသေပင် ပြန်လည် နှုတ်ဆက်သည်။

“ကျွန်တော် ဒီကို လာတာက မျိုးနွယ်ခြားဘုရင် မြို့တော်ပြန်တာကို လာနှုတ်ဆက်တာပါ။ လီကျွင်းရှန်းနဲ့ကွန်ဖြူးရှပ်ဂိုဏ်းကို အမှားတွေ ပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့တာ ကျေးဇူးတင်ပါတယ်”

“ဘယ်လိုလဲ။ မင်း မြို့တော်ကို ပြန်မလိုက်ဘူးလား”

ဝမ်ချောင်က မျက်မှောင်ကြုတ်လျက် မေးသည်။

“ကျွန်တော် မပြန်တော့ပါဘူး”

လီကျွင်းရှန်း က ခေါင်းခါလျက် ပြုံးပြသည်။ သူ၏ အပြုံးမှာ အလွန်ပင် ရှုပ်ထွေးလှသည်။

“ကျွန်တော်တို့ ကွန်ဖြူးရှပ်ဂိုဏ်းက ကြီးမားတဲ့ အမှားတွေ လုပ်ခဲ့မိလို့ လောကသားတွေကို ဒုက္ခပေးသလို ဖြစ်ခဲ့ရတာ။ အခုတော့ အလယ်ပြည်ကို ပြန်ဖို့ မျက်နှာ မရှိတော့ဘူး”

“အမှားကို သိပြီး ပြင်ဆင်နိုင်တာက အကောင်းဆုံးပါပဲ။ မင်း ဒါကြောင့်နဲ့တော့ ပြန်မလာဘဲ မနေပါနဲ့။ လူ့ဘဝမှာ ဘယ်သူက အမှားမလုပ်ဘဲ နေမှာလဲ။ ပြီးတော့ မင်းတို့ ကွန်ဖြူးရှပ်ဂိုဏ်းကလည်း ကိုယ်တိုင် လုပ်ရပ်တွေနဲ့ ပြန်လည် ပြင်ဆင်ပေးခဲ့ကြတာပဲ မဟုတ်လား။ အနောက်မြောက် စစ်ပွဲမှာ မင်းတို့သာ အသက်စွန့်ပြီး မတားခဲ့ရင် ကုထိုက်ပိုင်ရဲ့ အစီအစဉ်တွေ အောင်မြင်သွားနိုင်တယ်”

ဝမ်ချောင်က အားပေးသည်။

“မျိုးနွယ်ခြားဘုရင် ကျွန်တော့်ကို အားပေးနေစရာ မလိုပါဘူး။ ကျွန်တော်တို့ သူရဲကောင်းတွေအဖြစ် ပြန်နိုင်ခဲ့ရင်တောင် ကျွန်တော့်စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးဘူး။ အမှားဆိုတာ လုပ်မိပြီးသားပါ။ နယ်စပ်မှာ သေခဲ့ရတဲ့ အပြစ်မဲ့သူတွေနဲ့ အာရပ်တွေ လက်ချက်နဲ့ သေခဲ့ရတဲ့ ဆရာသမားတွေ အားလုံးက ကျွန်တော့်အမှားကြောင့်ပဲ။ ဒါက ခွင့်လွှတ်နိုင်စရာ မဟုတ်ဘူး။ ဒီစစ်ပွဲမှာ နိုင်ခဲ့တာကလည်း ကျွန်တော်တို့ကြောင့် မဟုတ်ဘဲ မျိုးနွယ်ခြားဘုရင်ကြောင့်သာ ဖြစ်တယ်။ မျိုးနွယ်ခြားဘုရင်သာ မရှိရင် ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်နိုင်မှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ မြို့တော်ကနေ ထွက်လာကတည်းက ပြန်ဖို့ မရည်ရွယ်ခဲ့ဘူး၊ ဒါက ကျွန်တော်တို့ရဲ့ နောင်တရခြင်း ခရီးစဉ်ပဲ၊ အခုမှ စတင်တာပါ။ မျိုးနွယ်ခြားဘုရင် မစိုးရိမ်ပါနဲ့၊ မဟာထန်မှာ ဘေးကြုံလာရင် ကွန်ဖြူးရှပ်ဂိုဏ်းက ပြန်ပေါ်လာမှာပါ။ အကယ်၍ မျိုးနွယ်ခြားဘုရင် အကူအညီလိုရင်လည်း ကျွန်တော် လီကျွင်းရှန်း သေချာပေါက် ပြန်လာခဲ့မယ်”

လီကျွင်းရှန်းက ပြတ်သားစွာ ပြောသည်။ ဝမ်ချောင်သည် သူ၏ မျက်လုံးများအတွင်းရှိ ပြတ်သားမှုကို မြင်တွေ့လိုက်ရသဖြင့် မည်သို့ပင် ပြောဆိုစေကာမူ သူတို့ စိတ်ပြောင်းမည်မဟုတ်ကြောင်း သိရှိလိုက်သည်။

“လီကျွင်းရှန်း ဂရုစိုက်ပါ”

ဝမ်ချောင်က နှုတ်ဆက်လိုက်သည်။ လီကျွင်းရှန်း ထွက်ခွာသွားသည်ကို ဝမ်ချောင်ကြည့်နေရင်း သက်ပြင်းတစ်ချက် ချသည်။ သူသည် ဤစိမ်းသက်သော ကမ္ဘာကြီးကို ငေးကြည့်ရင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။

“မြို့တော်ကို ပြန်မယ်”

ဝမ်ချောင် အမိန့်ပေးလိုက်သည့် ခဏတွင် ဘဂ္ဂဒက်မြို့တစ်ခုလုံး လှုပ်ရှားလာသည်။ ခဏအကြာတွင် ဝမ်ချောင်သည် မြင်းရထားပေါ်သို့ တက်လိုက်ပြီး စစ်သည် တစ်သိန်းကျော်နှင့်အတူ အာရပ်အင်ပါယာမှ ထွက်ခွာလျက် မြို့တော်ဆီသို့ ဦးတည် ထွက်ခွာခဲ့သည်။

...

ရက်သတ္တပတ် နှစ်ပတ်အကြာ၊ မဟာထန်မြို့တော်။

ဝုန်း

သံတံခါးကြီး ပွင့်သွားသည့် အသံနှင့်အတူ သတင်းစကား တစ်ခုသည် မြို့တော်အတွင်းသို့ ဟိန်းထွက်သွားသည်။

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင်အောင်ပွဲခံ ပြန်လာပြီဟေ့”

ထိုစိတ်လှုပ်ရှားဖွယ် အော်ဟစ်သံနှင့်အတူ တစ်ခုလုံးသော မြို့တော်မှာ လှုပ်ခတ်သွားသည်။ မြို့တော်အတွင်းရှိ ပြည်သူများစွာသည် အိမ်များထဲမှ ပြေးထွက်လာကြပြီး အနောက်ဘက် မြို့တံခါးဆီသို့ စုပြုံရောက်ရှိလာကြသည်။

“မျိုးနွယ်ခြားဘုရင် ဘယ်မှာလဲ၊ ဘယ်မှာလဲဟေ့”

“ငါတို့ မဟာထန်ရဲ့ သူရဲကောင်းတွေ ပြန်လာပြီ”

“ဒီနေ့ကို စောင့်နေရတာ ကြာပြီ၊ သားရေ... အဖေ မင်းကို သူရဲကောင်းကြီးတွေ ပြမယ်နော်”

“ဟားဟား၊ မျိုးနွယ်ခြားဘုရင် နိုင်မှာ ငါ ပြောသားပဲ။ အားလုံးပဲ မီးရှူးမီးပန်းတွေကို အဆင်သင့်ပြင်ထားကြ၊ ငါ အမိန့်ပေးတာနဲ့ ချက်ချင်း ဖောက်ကြစို့”

“ရှေ့ကလူတွေ နည်းနည်း ဖယ်ပေးဦး၊ ငါ မျိုးနွယ်ခြားဘုရင်ကို မမြင်ရတော့ဘူး”

လူအုပ်ကြီးမှာ ပွဲတော်တစ်ခုထက်ပင် ပိုမိုစည်ကားနေသည်။ အမျိုးသမီးငယ်များစွာကိုလည်း တွေ့ရသည်။

“မျိုးနွယ်ခြားဘုရင် ဘယ်မှာလဲ၊ ငါ့ကို ကြည့်ခွင့်ပေးပါဦး”

အမျိုးသမီးငယ်များမှာ ရှက်ကိုးရှက်ကန်းနှင့် ပျော်ရွှင်နေကြသည်။ မျိုးနွယ်ခြားဘုရင်မှာ ယခုအချိန်အထိ အိမ်ထောင်မပြုသေးကြောင်း လူတိုင်း သိထားကြသည်။ ဤမျှ ကြီးကျယ်လှသော သူရဲကောင်းကြီးမှာ ငယ်ရွယ်ပြီး ခန့်ညားလှသဖြင့် မည်သည့်အမျိုးသမီးက မချစ်ဘဲ နေနိုင်မည်နည်း။

“ဒေါင်”

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ ခေါင်းလောင်းကြီး မြည်ဟီးသွားပြီးနောက် နန်းတွင်းအရာရှိများစွာသည်လည်း မြို့တံခါးဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

“မြန်မြန်သွားရအောင်။ မျိုးနွယ်ခြားဘုရင် ရောက်တော့မယ်”

“နေဦး၊ ငါ့ဖိနပ် ကျွတ်သွားလို့၊ ငါ့ကို စောင့်ပါဦး”

“နောက်ဆုံးတော့ ပြန်ရောက်ပြီ၊ ငါတို့ သူရဲကောင်းတွေ ပြန်လာပြီဟေ့”

အရာရှိများစွာသည် မြင်းရထားများဖြင့် မြို့တံခါးဆီသို့ ဦးတည်သွားကြသည်။ စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းအကြား အငြင်းပွားမှုများမှာ အနောက်မြောက်စစ်ပွဲအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အနောက်ဘက်အရပ်မှ ပြန်လာသူ အားလုံးမှာ မဟာထန်၏ သူရဲကောင်းများဖြစ်ကြသည်။ ဝမ်ချောင်ကတော့ အားလုံး၏ အထွတ်အထိပ် သူရဲကောင်းကြီးပင် ဖြစ်သည်။

သူသည် မဟာထန်စစ်တပ်ကို ဦးဆောင်လျက် အင်ပါယာကြီးကို ထပ်မံကယ်တင်ခဲ့ပြန်သည်။ ယခင်က သူ ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် စော်ကားမှုများမှာ ယခုအခါ သူ့အပေါ် လေးစားမှုကိုသာ ပိုမိုတိုးပွားစေခဲ့သည်။ ဤခေတ်ကာလတွင် အင်ပါယာ၌ ဘေးအန္တရာယ် ကြုံလာတိုင်း အရှေ့ဆုံးမှ ရပ်တည်ကာ အန္တရာယ်များကို ဖြေရှင်းပေးမည့် ဝမ်ချောင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရှိနေခြင်းမှာ လူတိုင်းအတွက် ကံကောင်းမှုပင် ဖြစ်သည်။

ထို့ပြင် သူသည် စစ်ပွဲအပေါ် လူတိုင်း၏ အမြင်ကိုလည်း ပြောင်းလဲပေးနိုင်ခဲ့သည်။ ယခင် ခေတ်အဆက်ဆက်တွင် မည်မျှပင်တော်သော ဘုရင်ဖြစ်ပါစေ၊ စစ်ပွဲဆိုသည်မှာ ပြည်သူများအတွက် ဘေးအန္တရာယ်သာ ဖြစ်သည်။ သို့သော် ဝမ်ချောင်ဦးဆောင်သည့် စစ်ပွဲမှာတော့ မတူပေ။ ရွှေ ၅ ဘီလီယံကို မြို့တော်သို့ ပို့ဆောင်ပေးခဲ့သည့် သတင်းမှာ တစ်ပြည်လုံးကို တုန်လှုပ်စေခဲ့သည် ဖြစ်သည်။

******

အခန်း ၁၉၂၈ မျိုးနွယ်ခြားဘုရင်အား မြို့တော်၌ ကြိုဆိုခြင်း ရွှေ ၅ ဘီလီယံ

ဤပမာဏမှာ တစ်ခုလုံးသော မဟာထန် အင်ပါယာ၏ဆယ်စုနှစ်ပေါင်းများစွာစာ အခွန်ငွေနှင့် ညီမျှနေပြီး နောက်ဆက်တွဲ ရရှိလာမည့် ပုလဲ၊ နီလာနှင့် ရတနာပေါင်းစုံကိုမူ ထည့်ပင်မတွက်ရသေးပေ။ မဟာထန် သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

စစ်ပွဲအတွင်း ကျဆုံးသွားခဲ့သော ပြည်သူများအတွက် ထိုက်တန်သော ထောက်ပံ့ကြေးများ ပေးအပ်နိုင်ခဲ့သလို စစ်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် မျိုးနွယ်စုကြီးများ၊ ပြည်သူများ၊ လက်မှုပညာသည်များအားလုံးလည်း များပြားလှသော ဆုလာဘ်များကို ရရှိကြသည်။ စစ်ပွဲအတွင်း အသုံးပြုခဲ့ရသည့် အသုံးစရိတ်အားလုံးကိုလည်း ဤလျော်ကြေးငွေထဲမှပင် ပြန်လည်ရယူနိုင်ခဲ့သည်။

ထို့ပြင် နန်းတော်အနေဖြင့်လည်း ဤငွေကြေးအမြောက်အမြားကို လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်းတာတမံ တည်ဆောက်ရေးနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ကူညီရန် အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မိသားစုတိုင်းသည်လည်း သူတို့၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များပြားလှသော ထောက်ပံ့ငွေများကို ရရှိကြသည်။

စောစောစီးစီး ရရှိထားသော ရန်ပုံငွေများကို ပြည်နယ်နှင့် မြို့အသီးသီးသို့ ခွဲဝေပေးပြီး ဖြစ်သည်။ နောင်တွင်လည်း မဟာထန် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်လာစေရန်အတွက် ငွေကြေးအမြောက်အမြားကို ဆက်လက် အသုံးပြုသွားမည် ဖြစ်သည်။

စစ်ပွဲသည် ပြည်သူများကို ထိခိုက်စေခြင်း မရှိသည့်အပြင် အားလုံးအတွက် အကျိုးအမြတ်များ ရရှိစေခဲ့သည်။ တစ်ခုလုံးသော အလယ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအမြစ်နှင့် ရန်ပုံငွေများကိုလည်း ရှာဖွေပေးနိုင်ခဲ့ရာ ဤသည်မှာ ယခင်ခေတ်အဆက်ဆက်တွင် တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသော အောင်မြင်မှုပင် ဖြစ်သည်။

အခြေအနေများက ဤသို့ဖြစ်လာသောအခါ စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းအကြား အငြင်းပွားမှုများမှာ မည်သို့ဆက်လက်တည်ရှိနိုင်တော့မည်နည်း။ ကွန်ဖြူးရှပ်ဂိုဏ်းပညာရှင်များက စစ်ပွဲကို ဆန့်ကျင်ရခြင်းမှာ ပြည်သူများကို ဒုက္ခပေးပြီး နိုင်ငံတော် ဘဏ္ဍာကို ဖြုန်းတီးသည်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့သော် အကယ်၍ ပြင်ပစစ်ပွဲ တိုင်းသည် အင်ပါယာကို ဖွံ့ဖြိုးတိုးတက်စေကာ ကြီးမားသော ဓနဥစ္စာများကို သယ်ဆောင်လာနိုင်မည်ဆိုလျှင် မည်သူက ကန့်ကွက်နေတော့မည်နည်း။ နန်းတွင်းတစ်ခုလုံးမှာပင် အစွမ်းကုန် ထောက်ခံအားပေးနေကြမည်မှာ သေချာလှသည်။

အဓိက အကျဆုံး အချက်မှာ ဝမ်ချောင်တို့အဖွဲ့သည် တစ်ခုလုံးသော အလယ်ပြည်ကို ကယ်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

“သွားကြစို့… အားလုံးပဲ သွားကြိုကြရအောင်”

အရာရှိများနှင့် ပြည်သူများမှာ မြင်းရထားများဖြင့် အနောက်ဘက် မြို့တံခါးဆီသို့ အပြေးအလွှား သွားကြသည်။ တစ်ခုလုံးသော မြို့တော်မှာ စည်ကားနေပြီး အရာရှိပေါင်းစုံနှင့် ပြည်သူပြည်သား အားလုံးက လူတစ်ယောက်တည်းကို လာရောက် ကြိုဆိုကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော ခမ်းနားသည့် အခမ်းအနားမျိုး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး လူတိုင်းက မျှော်လင့်တကြီး စောင့်စားနေစဉ်မှာပင် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။

“ဟိုမှာကြည့်… မျိုးနွယ်ခြားဘုရင်ရဲ့ မြင်းရထား လာနေပြီ”

“ဘယ်မှာလဲ၊ ဘယ်မှာလဲဟေ့”

ခဏချင်းမှာပင် လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အနောက်ဘက်ဆီသို့ လှမ်းကြည့်ကြသည်။ အဝေးမှ ခမ်းနားလှသော မင်းညီမင်းသား မြင်းရထားနှင့် မဟာထန် စစ်အလံတော်ကို မြင်တွေ့လိုက်ရသည့် ခဏတွင်

ဝေးးးးးးးးး

လူအုပ်ကြီးမှာ ပေါက်ကွဲထွက်မတတ် အောင်ပွဲခံကြသည်။ မြို့တံခါး အနီးအနားတွင် ရှိနေသူအားလုံးထံမှ ပြင်းထန်သော ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင်”

လူတိုင်းမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေပြီး အားသွန်ခွန်စိုက် အော်ဟစ်နေကြသည်။ ထိုအသံမှာ မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပဲ့တင်ထပ်သွားသည်။

လူအုပ်ကြီး၏ဟစ်ကြွေးသံများနှင့်အတူ အာရပ်မှ ပြန်လာသော စစ်သည်တစ်သိန်းကျော်မှာလည်း မြေကြီးတုန်ဟီးမတတ် စနစ်တကျ ချီတက်လျက် လူအများ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။ မြို့တော်မှာ အင်ပါယာ၏အာဏာဗဟိုချက်ဖြစ်သဖြင့် ပုံမှန်အားဖြင့် စစ်တပ်ကြီး တစ်ခုလုံးကို ဝင်ခွင့်မပြုသော်လည်း ယခုတစ်ကြိမ်မှာတော့ မတူပေ။ ဤစစ်တပ်ကို မြို့တော်အတွင်း ဝင်ခွင့်ပြုရန် သူတော်စင်ဧကရာဇ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မြို့တော်ပြည်သူများအနေဖြင့် သူရဲကောင်းစစ်သည်တော်များကို ကိုယ်တိုင် မြင်တွေ့စေလိုသလို စစ်မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်များကို အသိအမှတ်ပြုလိုသောကြောင့် ဖြစ်သည်။

ကောင်းကင်ယံအထိ ဟိန်းထွက်နေသော ကြိုဆိုသံများကို မြင်းရထားအတွင်းမှ ဝမ်ချောင်လည်း သတိပြုမိသွားသည်။

“အရှင် ကျွန်တော်တို့ မြို့တော်ကို ရောက်ပါပြီ”

ကျန်းချွယ်က မြင်းကို စီးနင်းလျက် ရထားအပြင်ဘက်မှ သတင်းပို့သည်။

“အင်း”

ဝမ်ချောင်က ခေါင်းညိတ်လိုက်ပြီး လိုက်ကာကို လှပ်၍ ကြည့်လိုက်ရာ မြို့ရိုးတစ်လျှောက်တွင် လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်။ ဝေးကွာလှသော အကွာအဝေးမှပင် ပျော်ရွှင်ပြီး နွေးထွေးလှသော ကြိုဆိုမှု အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။

ဤစစ်ပွဲကြီးသို့ သွားခဲ့ရသည်မှာ ခြောက်လပင် မပြည့်သေးသော်လည်း ဝမ်ချောင်အတွက်မူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သကဲ့သို့ ခံစားနေရသည်။ သွားစဉ်အခါက စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းအကြား အငြင်းပွားမှုများကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း ယခု ပြန်လာချိန်တွင်မူ တစ်ခဲနက် ထောက်ခံအားပေးမှုကို ရရှိနေခြင်း ဖြစ်သည်။ သူရဲကောင်း တစ်ဦးကဲ့သို့ အောင်ပွဲခံ ပြန်လာရခြင်းမှာ ဝမ်ချောင်ကို စိတ်လှုပ်ရှားစေသည်။

အရေးကြီးဆုံး အချက်မှာ ဤစစ်ပွဲကြောင့် တစ်ခုလုံးသော အင်ပါယာကြီးမှာ အတွေ့အကြုံသစ်များ ရရှိခဲ့သလို လူတိုင်း၏ စိတ်နှလုံးမှာလည်း တစ်စည်းတစ်လုံးတည်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဝမ်ချောင်အမြဲတမ်း မြင်တွေ့လိုသော အခြေအနေပင် ဖြစ်သည်။

မြင်းရထားမှာ မြို့တံခါးနှင့် နီးကပ်လာလေလေ လူအုပ်ကြီးမှာ ပိုမို စိတ်လှုပ်ရှားလာကာ ကြိုဆိုသံများမှာလည်း ပိုမိုကျယ်လောင်လာသည်။ လူပေါင်းများစွာသည် ခြေဖျားထောက်လျက် ဝမ်ချောင်ကို မြင်တွေ့နိုင်ရန် ကြိုးစားနေကြသည်။

“ရပ်”

မြို့တံခါး အနီးတွင် ဝမ်ချောင်က လက်မြှောက်၍ အချက်ပြလိုက်ရာ စစ်တပ်ကြီးမှာ ချက်ချင်းရပ်တန့်သွားသည်။ ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် မြင်းရထားတံခါးကို ဖွင့်လျက် အပြင်ဘက်သို့ ထွက်လာခဲ့သည်။

မင်းညီမင်းသား ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါလှသော ဝမ်ချောင်ကို မြင်လိုက်ရသည့် ခဏတွင် လူအုပ်ကြီးမှာ ပေါက်ကွဲထွက်မတတ် အောင်ပွဲခံကြပြန်သည်။ ဟစ်ကြွေးသံများမှာ ယခင်ထက် အဆပေါင်းများစွာ ပိုမိုကျယ်လောင်လာပြီး မိုင်ပေါင်း ရာချီသော နေရာမှပင် ကြားနိုင်လောက်သည်။

လူအုပ်ကြီးမှာ ရူးသွပ်မတတ် စိတ်လှုပ်ရှားနေကြသည်။

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင် ကျွန်မ ချစ်တယ်”

ကြိုဆိုသံများကြားတွင် လှပသော အမျိုးသမီးငယ်လေးများ၏ စူးရှလှသော အော်ဟစ်သံများလည်း ပါဝင်နေသည်။ ဝမ်ချောင်ကတော့ အေးဆေးစွာပင် ပြုံးပြလျက် ရှေ့သို့ လှမ်းတက်လိုက်သည်။ မြို့တံခါးတွင် နန်းတွင်းစောင့်တပ်များက စနစ်တကျ စောင့်ကြပ်ပေးနေကြသည်။

ဝမ်ချောင်ရှေ့သို့ နှစ်လှမ်းခန့် တက်လိုက်စဉ်မှာပင် လူအုပ်ကြီးမှာ ဘေးသို့ ဖယ်ပေးကြသည်။ အရာရှိပေါင်းစုံနှင့် ဝန်ကြီးများမှာ နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားလျက် စနစ်တကျ တန်းစီ၍ ရှေ့သို့ တက်လာကြသည်။ ဝမ်ချောင်နှင့် ခြေလှမ်း အနည်းငယ်အကွာသို့ ရောက်သောအခါ သူတို့အားလုံးမှာ ခေါင်းငုံ့လျက် ရိုသေသေ ဦးညွှတ်နှုတ်ဆက်ကြသည်။

“မျိုးနွယ်ခြားဘုရင် မြို့တော်ကို ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်”

“နန်းတွင်းအရာရှိ ကျောက်မီက မျိုးနွယ်ခြားဘုရင်ကို လာရောက် ဂါရဝပြုတာ ဖြစ်ပါတယ်။ အာရပ်တွေကို ချေမှုန်းပြီး ငါတို့ မဟာထန် ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့တဲ့ မျိုးနွယ်ခြားဘုရင်ကို ကျွန်တော် တကယ့်ကို လေးစားမိပါတယ်။ ဒါကြောင့် မျိုးနွယ်ခြားဘုရင် အောင်ပွဲခံ ပြန်လာတာကို ဂုဏ်ပြုဖို့အတွက် လက်ဆောင်အနည်းငယ် ပြင်ဆင်လာခဲ့တယ်”

“ကျင်းကျောက်မြို့ဝန် ဟန်စန်းယွမ်က မျိုးနွယ်ခြားဘုရင်ကို နှုတ်ဆက်ပါတယ်။ မျိုးနွယ်ခြားဘုရင်က ငါတို့မဟာထန်ရဲ့ သူရဲကောင်းပဲ။ ကျွန်တော်လည်း မျိုးနွယ်ခြားဘုရင်အတွက် လက်ဆောင်အချို့ ပြင်ဆင်လာခဲ့တယ်”

“ရာဇဝတ်တရားသူကြီး ဒိန်းယိုလုံက မျိုးနွယ်ခြားဘုရင် အောင်ပွဲခံ ပြန်လာတာကို ဂုဏ်ပြုလျက် လက်ဆောင် ဆက်သအပ်ပါတယ်”

“ဗိုလ်ချုပ် ဝေဝူထောင်က မျိုးနွယ်ခြားဘုရင်ကို လာရောက် ဂုဏ်ပြုတာပါ။ မျိုးနွယ်ခြားဘုရင် အောင်ပွဲခံ ပြန်လာတာကို ဂုဏ်ယူပါတယ်”

“ယဉ်ကျေးမှုအရာရှိ ကျန်းယိုချန်းက မျိုးနွယ်ခြားဘုရင်ကို နှုတ်ဆက်ပါတယ်။ လက်ဆောင်အနည်းငယ်ကို လက်ခံပေးပါဦး”

“ကော်အိမ်တော်ကနေ မဟာထန် ရဲ့ သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်သည်”

“ထန်အိမ်တော်ကနေ မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်သည်”

“တယ်ဝမ်ကနေ မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်သည်”

“ရှို့ဝမ်ကလည်း မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်သည်”

“မြို့တော် ကျန်းမိသားစုကနေ မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုပါတယ်”

“မြို့တော် ဝေမိသားစုကနေ မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုပါတယ်”

“မြို့တော် ချူးမိသားစုကနေ မဟာထန်ရဲ့သူရဲကောင်း ပြန်လာတာကို ဂုဏ်ပြုပါတယ်”

...

မြို့တံခါးရှေ့တွင် ဂုဏ်ပြုသံများမှာ ဆက်တိုက် ထွက်ပေါ်နေပြီး မပြီးဆုံးနိုင်အောင် ဖြစ်နေသည်။ အရာရှိများက ဝမ်ချောင်ကို လက်ဆောင်များ ပေးအပ်နေသည်ကို မြင်တွေ့ရသဖြင့် ပြည်သူများအားလုံးလည်း ပျော်ရွှင်နေကြသည်။ အရာရှိများက ဗြောင်ကျကျ လက်ဆောင်ပေးခြင်းမှာ ပုံမှန်ဆိုလျှင် ရှောင်ကြဉ်ရမည့် ကိစ္စဖြစ်သော်လည်း ယခုမူ မည်သည့် ပြည်သူကမျှ အပြစ်မမြင်ကြပေ။

မျိုးနွယ်ခြားဘုရင်သည် မဟာထန်နှင့် အလယ်ပြည်ရှိ ပြည်သူအားလုံးကို ကယ်တင်ခဲ့သူ ဖြစ်သဖြင့် အရာရှိများက သူ့ကို လက်ဆောင်ပေးသည်မှာ မဆန်းပေ။ ပြည်သူများမှာ ဝမ်ချောင်အတွက်သာ ဝမ်းသာပေးနေကြသည်။ ဝမ်ချောင်ယခင်က ကြုံတွေ့ခဲ့ရသော မတရားမှုများနှင့် နှိုင်းယှဉ်လျှင် ဤမျှမှာ နည်းပါးလှသည်ဟုပင် သူတို့က ယူဆနေကြသည်။

ဝမ်ချောင်သည် သူ့ကို ဦးညွှတ်ဂုဏ်ပြုနေကြသည့် အရာရှိများစွာကို ကြည့်ရင်း စိတ်လှုပ်ရှားမိသည်။

“အားလုံးပဲ ထကြပါဦး။ ဝမ်ချောင်က လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ခဲ့တာပါ။ လူကြီးမင်းတို့ အခုလို ပြောတာက အားနာစရာ ကောင်းပါတယ်”

ဝမ်ချောင်က ပြောဆိုရင်း သူကလည်း ပြန်လည်၍ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူသည် လူတိုင်းကို လိုက်လံ နှုတ်ဆက်ပြီးနောက် နောက်ကွယ်မှ ကျန်းချွယ်ကို လက်ဆောင်များ လက်ခံရန် ညွှန်ကြားလိုက်သည်။

“မျိုးနွယ်ခြားဘုရင် ကျွန်တော်တို့ နန်းတော်ကို အရင်သွားပြီး ဧကရာဇ်မင်းမြတ်ကို ဝင်ဖူးရအောင်လား။ ဧကရာဇ်အရှင်က စောင့်နေတယ်”

နောက်ဆုံးတွင် အရာရှိတစ်ဦးက ထွက်၍ အကြံပြုသည်။ ဝမ်ချောင်သည် မြင်းရထားပေါ်သို့ ပြန်လည် တက်လိုက်ပြီး လူအုပ်ကြီး၏ ဝန်းရံမှုနှင့်အတူ နန်းတော်ဆီသို့ ဦးတည် ထွက်ခွာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ပိုမို များပြားလာပြီး သူနှင့်အတူ လိုက်ပါလာကြသည်။

နန်းမြို့ရိုး တံခါးဝသို့ ရောက်သောအခါ လူအုပ်ကြီးမှာ ရပ်တန့်သွားကြသည်။ မြို့ရိုးထက်တွင် ရွှေဝါရောင် နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားထည်ဝါလှသော ပုံရိပ်တစ်ခု တည်ရှိနေသည်။ ထိုသူမှာ ဒီအတိုင်း ရပ်နေခြင်း ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှနေ၍ တစ်လောကလုံးကို အုပ်စိုးထားသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ အရာခပ်သိမ်းမှာ ထိုသူ၏ ရှေ့တွင် သေးငယ်သွားသကဲ့သို့ ခံစားရသည်။ ထိုသူ ရှိနေသည့် နေရာမှာပင် ကမ္ဘာကြီး၏ ဗဟိုချက် ဖြစ်သွားသကဲ့သို့ ရှိနေသည်။

“ဧကရာဇ်မင်းမြတ်”

ဝမ်ချောင်သည် မြင်းရထားအတွင်းမှနေ၍ ရင်းနှီးနေသော ထိုအငွေ့အသက်ကို ခံစားလိုက်ရသည်။ တစ်လောကလုံးတွင် ဤကဲ့သို့သော အငွေ့အသက်ကို ပိုင်ဆိုင်ထားသူမှာ လက်ရှိသူတော်စင်ဧကရာဇ်သာ ဖြစ်သည်။ ဝမ်ချောင်သည် မြင်းရထားတံခါးကို ဖွင့်လျက် အပြင်သို့ ထွက်လိုက်ရာ မြို့ရိုးထက်မှ သူတော်စင်ဧကရာဇ်ကို မြင်တွေ့လိုက်ရသည်။

ဝမ်ချောင်မှတ်မိသကဲ့သို့ပင် သူတော်စင်ဧကရာဇ်၏ အရှိန်အဝါမှာ အမြဲတမ်း တည်ကြည်ခန့်ညားလှသည်။ ထူးခြားသည်မှာ ယနေ့တွင် ထိုတည်ကြည်လှသော မျက်နှာတော်ပေါ်၌ ဝမ်းမြောက်နေသည့် အရိပ်အယောင်များကို မြင်တွေ့နေရခြင်း ဖြစ်သည်။ သူတော်စင်ဧကရာဇ်ကိုယ်တိုင် နန်းမြို့ရိုးအထိ ဆင်း၍ ကြိုဆိုလိမ့်မည်ဟု ဝမ်ချောင်လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ကျွန်တော်မျိုး ဝမ်ချောင်က ဧကရာဇ်မင်းမြတ်ကို ဖူးမြော်ပါတယ်”

ဝမ်ချောင်သည် မြို့ရိုးထက်မှ သူတော်စင်ဧကရာဇ်ကို ရိုသေသေပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အရပ်မျက်နှာ အနှံ့မှ ပြည်သူများနှင့် အရာရှိများအားလုံးလည်း ဒူးထောက်လိုက်ကြသည်။

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ”

ဟစ်ကြွေးသံများမှာ မြို့တံခါး တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။ သူတော်စင်ဧကရာဇ်သည် အင်ပါယာကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး မဟာထန်ကို အစည်ကားဆုံးသော ခေတ်သို့ ပို့ဆောင်ပေးခဲ့သူ ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်မှာလည်း သူတော်စင်ဧကရာဇ်မြှောက်စားခဲ့သူ ဖြစ်သဖြင့် ပြည်သူများ၏ စိတ်ထဲတွင် သူတော်စင်ဧကရာဇ်မှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

“အားလုံးပဲ ထကြပါ”

သူတော်စင်ဧကရာဇ်က အေးဆေးစွာ ပြုံးလျက် မိန့်ကြားလိုက်ရာ ထိုဟိန်းထွက်နေသောအသံမှာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်းမြတ်”

လူအုပ်ကြီးမှာ ပြန်လည် ထရပ်လိုက်ကြသည်။ သူတော်စင်ဧကရာဇ်၏အကြည့်မှာ ဝမ်ချောင်ဆီသို့ ရောက်ရှိလာသည်။

“ဝမ်ချောင် မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ငါ မင်းကို လုံးဝ မမှားခဲ့ဘူး”

ထိုအကြည့်ထဲတွင် ချီးကျူးမှု၊ ယုံကြည်မှုနှင့် ဝမ်းမြောက်မှုများစွာ ပါဝင်နေသည်။ ထိုခဏတွင် ဝမ်ချောင်လည်း စိတ်လှုပ်ရှားမိသည်။ အနောက်မြောက် စစ်ပွဲအတွင်းတွင် သူတော်စင်ဧကရာဇ်သည် တစ်နိုင်ငံလုံးရှိ စစ်အင်အားနှင့် အလယ်ပြည်၏ ကံကြမ္မာကို သူ၏ လက်ထဲသို့ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။ ဤယုံကြည်မှုမှာ အလွန်ပင် ကြီးမားလှသည်။

ထို့ပြင် မဟာထန် သမိုင်းတွင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မြို့တံခါးဝအထိ ဆင်း၍ ကြိုဆိုခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ ဝမ်ချောင်သည်သာ ဤကဲ့သို့သော ဂုဏ်ပြုမှုကို ပထမဆုံးရရှိခဲ့သူ ဖြစ်သည်။ သူတော်စင်ဧကရာဇ်မှာ လူတိုင်း လေးစားရသည့် ထူးချွန်သော ဘုရင်တစ်ပါးဖြစ်သဖြင့် ဤကဲ့သို့သော ကြိုဆိုမှုမှာ အလွန်ပင် တန်ဖိုးရှိလှသည်။

“ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်းမြတ်… ကျွန်တော်မျိုးအနေနဲ့ မင်းကြီး အပ်နှင်းထားတဲ့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ပါပြီ”

ဝမ်ချောင်က ရိုသေသေ ပြန်လည် လျှောက်တင်လိုက်သည်။

******

အခန်း ၁၉၂၉ လင်းယန်ပြခန်း၌ နာမည်စာရင်း သွင်းခြင်း

ခဏအကြာတွင် ထိုက်ဟယ်နန်းဆောင်အတွင်း၌ ဝန်ကြီးအပေါင်း ရှေ့မှောက်တွင် မိန်းမစိုးချုပ် ကောင်းလီရှီသည် ဝမ်ချောင်အတွက် ချီးမြှင့်မည့် ဆုလာဘ်များကို ကိုယ်တိုင် ဖတ်ကြားလိုက်သည်။

“ဧကရာဇ်မင်းမြတ်၏အမိန့်တော်အရ မျိုးနွယ်ခြားဘုရင်သည် အင်ပါယာနှင့် နိုင်ငံတော်အပေါ်တွင် ကြီးမားသော ကောင်းကျိုးများကို ပြုခဲ့သည်။ အနောက်မြောက်စစ်ပွဲတွင် အာရပ်စစ်သည် ၂.၆ သန်းကို ချေမှုန်းကာ အာရပ်အင်ပါယာကို သိမ်းပိုက်ပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် မျိုးနွယ်ခြားဘုရင်အား နဂါးပုံစံ ထွင်းထုထားသော ကျောက်စိမ်းဆွဲပြား တစ်လုံး၊ ရွှေဒင်္ဂါး သန်းငါးဆယ်၊ သန္တာကျောက် သေတ္တာ ငါးဆယ်၊ ကျောက်စိမ်းနှင့် မြရတနာ သေတ္တာ နှစ်ဆယ်တို့ကို ချီးမြှင့်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေး မဟာဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်လိုက်ပြီး ပန်မီယာတောင်တန်း အနောက်ဘက်ခြမ်း၊ ခိုရာစန်းနှင့် တစ်ခုလုံးသော အာရပ်အင်ပါယာတို့ကို မျိုးနွယ်ခြားဘုရင်အား အပြည့်အဝ စီမံအုပ်ချုပ်ခွင့် အပ်နှင်းလိုက်သည်”

“မျိုးနွယ်ခြားဘုရင်၏မိခင် ကျောက်အမျိုးသမီးသည် သားကောင်းကို ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် ပထမတန်းစား အမျိုးသမီးမြတ်အဖြစ် ဘွဲ့နှင်းအပ်နှံပြီး ရွှေဒင်္ဂါး ငါးသိန်း၊ ပိုးထည် သုံးသောင်းနှင့် ဖီးနစ်ငှက်မွေး ဝတ်စုံတစ်ထည်ကို ချီးမြှင့်သည်”

“မျိုးနွယ်ခြားဘုရင်၏ဖခင် ဝမ်ယန်သည်လည်း သားကောင်းကို ဆုံးမသွန်သင်ခဲ့သည့်အတွက် ပထမတန်းစား သစ္စာသတ္တိရှင် မြို့စားမင်းအဖြစ် ဘွဲ့နှင်းအပ်နှံပြီး ရွှေဒင်္ဂါး တစ်သန်းကို ချီးမြှင့်သည်”

ဟိန်းထွက်နေသော ထိုအသံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ဝမ်ချောင်ကိုယ်တိုင်ပင် ဤမျှ ကြီးမားလှသော ဆုလာဘ်များကြောင့် အံ့အားသင့်သွားသည်။ ရှေးခေတ်ကတည်းက သူရဲကောင်းများကို ဆုလာဘ်များ ပေးအပ်လေ့ရှိသော်လည်း ယခုကဲ့သို့ မိဘများကိုပါ ဘွဲ့ထူးများ အပ်နှင်းကာ အမြောက်အမြား ချီးမြှင့်ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ သူ၏ ဖခင် ဝမ်ယန်အနေဖြင့် မြို့စားမင်းအဆင့်သို့ ရောက်ရှိရန်မှာ ပုံမှန်ဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး အဆင့်ဆင့် တက်လှမ်းရမည် ဖြစ်သည်။

ဤကဲ့သို့သော ချီးမြှင့်မှုမျိုးမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးပေ။ အထူးသဖြင့် အာရပ်ကဲ့သို့ ကြီးမားသော အင်ပါယာကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ဝမ်ချောင်ကိုပင် တိုက်ရိုက် အုပ်ချုပ်ခွင့်ပေးခြင်းမှာ မည်သူမျှ မမျှော်လင့်ထားသည့် ကိစ္စဖြစ်သည်။ ပုံမှန်ဆိုလျှင် အရာရှိများက ကန့်ကွက်ကြမည်ဖြစ်သော်လည်း ယခုမူ အားလုံးက ပြုံးရွှင်လျက် ရှိနေကြသည်။ ဝမ်ချောင်၏ အရည်အချင်းနှင့် သစ္စာရှိမှုကို လူတိုင်းက ယုံကြည်သွားကြပြီ ဖြစ်သည်။

သို့သော် ဆုလာဘ်များမှာ ထိုမျှနှင့် မပြီးဆုံးသေးပေ။

“... ထို့ပြင် မျိုးနွယ်ခြားဘုရင်သည် အနောက်တောင်စစ်ပွဲ၊ တာလာ့စ် စစ်ပွဲ၊ မင်းသားသုံးပါး ပုန်ကန်မှုနှင့် အာရပ်စစ်ပွဲတို့တွင် အသက်စွန့် တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် သူတော်စင်ဧကရာဇ်က နဂါးဧကရာဇ်တုတ်တံကိုပါ ချီးမြှင့်လိုက်သည်။ ဤပုဆိန်တုတ်သည် သူတော်စင်ဧကရာဇ်၏ကိုယ်စားဖြစ်ပြီး အရေးကြုံပါက အမိန့်မစောင့်ဘဲ အရင်ဆုံး စီရင်ပိုင်ခွင့် ရှိစေရမည်”

“အနောက်မြောက်စစ်ပွဲတွင် စစ်သည်သိန်းချီ၍ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ သူရဲကောင်းလုပ်ရပ်များကို သမိုင်းမှတ်တမ်း အရာရှိကြီး ယန်ဝမ်ကျန်းမှ သမိုင်းမှတ်တမ်းတင်စေကာ နောင်လာနောက်သားများ သိရှိနိုင်ရန် ဆောင်ရွက်စေမည်”

“မျိုးနွယ်ခြားဘုရင်သည် စစ်သေနာပတိချုပ်အဖြစ် စနစ်တကျ ကွပ်ကဲခဲ့ပြီး ဗိုလ်ချုပ်များထက်ပင် ကောင်းကျိုးပြုခဲ့သည်။ ထို့ကြောင့် နန်းတွင်း ပန်းချီဆရာကြီး ယန်ဘန်ချူကို မျိုးနွယ်ခြားဘုရင်ပုံတူကို ရေးဆွဲစေကာ လင်းယန်ပြခန်းတွင် ထည့်သွင်း ဂုဏ်ပြုစေမည် ဖြစ်သည်”

နောက်ဆုံး တစ်ချက်ကို ကြားလိုက်ရသည့် ခဏတွင် ခန်းမတစ်ခုလုံး ဆူညံသွားပြီး ဝန်ကြီးချုပ် လီလင်ဖူပင်လျှင် မျက်လုံးများ ပြူးသွားသည်။ လင်းယန်ပြခန်းဆိုသည်မှာ မဟာထန် အင်ပါယာ တည်ထောင်စက သူရဲကောင်းများသာ ရောက်ရှိနိုင်သော နေရာဖြစ်သည်။ ထိုနေရာသို့ နောက်ထပ် မည်သူမှ မဝင်ရောက်နိုင်သည်မှာ ကြာလှပြီ ဖြစ်သည်။ မဟာထန် တွင် “ဘုရင်ဘွဲ့ရဖို့ထက် လင်းယန်ပြခန်းမှာ နာမည်စာရင်း သွင်းဖို့က ပိုခက်သည်” ဟူသော စကားပင် ရှိသည်။

“ဧကရာဇ်မင်းမြတ်”

ဝမ်ချောင်သည်လည်း တုန်လှုပ်သွားပြီး သူတော်စင်ဧကရာဇ်ကို ကြည့်လိုက်သည်။ သူသည် လင်းယန်ပြခန်းအကြောင်းကို များများစားစား မသိသော်လည်း ထိုနေရာသို့ ရောက်ရှိရန်မှာ အလွန်ပင် ခက်ခဲကြောင်းတော့ သိထားသည်။ ဗိုလ်ချုပ်ကြီး ဝမ်ကျုံးစစ်နှင့် အရှေ့ဘက်နယ်စားမင်း ကျန်းရှို့ကွေးတို့ကဲ့သို့ အစွမ်းထက်သည့် သူရဲကောင်းကြီးများပင် ထိုနေရာသို့ မရောက်ရှိနိုင်ခဲ့ကြပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ခန်းမအတွင်း၌ ဂုဏ်ပြုသံများ ဟိန်းထွက်လာသည်။

“ဧကရာဇ်မင်းမြတ်က တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်”

ဝန်ကြီးများနှင့် ဗိုလ်ချုပ်များအားလုံး ဦးညွှတ်နှုတ်ဆက်ကြသည်။

“လူကြီးမင်းတို့”

ဝမ်ချောင်သည် အားလုံးက သူ့ကို ဝမ်းသာအားရ ကြိုဆိုနေကြသည်ကို ကြည့်ကာ စကားပင် မပြောနိုင်တော့ပေ။ ယခင်ကဆိုလျှင် အခြားအရာရှိများက ကန့်ကွက်ကြမည်ဖြ စ်သော်လည်း ယခုမူ အားလုံးက ထောက်ခံနေကြသဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားမိသည်။

“မျိုးနွယ်ခြားဘုရင် အားနာမနေပါနဲ့တော့၊ ဒါက ဧကရာဇ်မင်းမြတ်ရဲ့အမိန့်ပဲ။ မဟာထန်မှာ မျိုးနွယ်ခြားဘုရင်တောင် လင်းယန်ပြခန်းနဲ့ မတန်ဘူးဆိုရင် တခြား ဘယ်သူမှ မတန်တော့ပါဘူး။ မျိုးနွယ်ခြားဘုရင်ရဲ့ ဆုလာဘ်တွေက တကယ့်ကို ထိုက်တန်လှပါတယ်”

“ဟုတ်ပါတယ် မျိုးနွယ်ခြားဘုရင် လက်ခံလိုက်ပါ။ နောင်တစ်ချိန်မှာ လင်းယန်ပြခန်းရဲ့ သူရဲကောင်းကြီးနဲ့အတူတူ အမှုထမ်းခဲ့ဖူးတယ်ဆိုတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာကြီးပဲ”

အရာရှိများက ပြုံးရွှင်လျက် တိုးတိုးလေး ပြောဆိုကြသည်။

“ကျွန်တော်မျိုး အမိန့်တော်ကို ခံယူပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ”

ဝမ်ချောင်သည် လူတိုင်း၏ ရှေ့တွင် ရိုသေသေပင် အမိန့်တော်ကို ခံယူလိုက်သည်။

တင်-ကံကြမ္မာကျောက်တုံး၏ အသိပေးချက်များ

ဂုဏ်ယူပါတယ်။ လင်းယန်ပြခန်း၌ နာမည်စာရင်း သွင်းခြင်း အောင်မြင်မှု ရရှိသဖြင့် ကံကြမ္မာ စွမ်းအားမှတ် ၁ သိန်း ရရှိသည်။

ဂုဏ်ယူပါတယ်။ မဟာဘုန်းတော်ကြီးကို သုတ်သင်နိုင်ခဲ့သဖြင့်(မပြီးဆုံးသေး) စွမ်းအားမှတ် ၂ သိန်း ရရှိသည်။

ဂုဏ်ယူပါတယ်။ အဓိကပုဂ္ဂိုလ် ကုထိုက်ပိုင်ကို သုတ်သင်နိုင်ခဲ့သဖြင့် စွမ်းအားမှတ် ၅ သိန်း ရရှိသည်။

ဂုဏ်ယူပါတယ်။ အာရပ်စစ်သည် ၂ သန်းကို ချေမှုန်းနိုင်ခဲ့သဖြင့် 'အာရပ်အင်ပါယာကို ဖျက်ဆီးသူ' အောင်မြင်မှုအရ စွမ်းအားမှတ် ၈ သိန်း ရရှိသည်။

ဂုဏ်ယူပါတယ်။၊ မဟာထန်နှင့် အာရပ်နိုင်ငံ၏ ကံကြမ္မာစစ်ပွဲတွင် အပြည့်အဝ အောင်မြင်ခဲ့သဖြင့် စွမ်းအားမှတ် ၁.၅ သန်း ရရှိသည်။ ဤတိုက်ပွဲကြောင့် သမိုင်းကြောင်းကို ပြောင်းလဲနိုင်ခဲ့သဖြင့် အပိုဆု စွမ်းအားမှတ် ၆ သိန်း ထပ်မံ ရရှိသည်။

ဂုဏ်ယူပါတယ်။ ပိုင်ရှင်၏ ထူးခြားသော စွမ်းဆောင်ရည်များကြောင့် 'ကံကြမ္မာ အုပ်ချုပ်ရေးမှူး'အဖြစ် ရာထူးတိုးမြှင့်လိုက်သည်။

ဂုဏ်ယူပါတယ်။ 'ကံကြမ္မာ အုပ်ချုပ်ရေးမှူး'ဖြစ်လာသဖြင့် စွမ်းအားသစ်များကို ဖွင့်လှစ်နေသည်။ အချိန် သုံးလခန့် ကြာမြင့်မည် ဖြစ်သည်။

ဝမ်ချောင်၏စိတ်ထဲတွင် သတင်းအချက်အလက်များစွာ စီးဝင်သွားသည်။ စစ်ပွဲအတွင်း စွမ်းအားမှတ်များ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုအခါ စုစုပေါင်း ၃.၇ သန်းကျော် ပြန်လည် ရရှိလိုက်သည်။ ဤသည်မှာ သူ ဘဝသစ် ရရှိပြီးကတည်းက အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

ဝမ်ချောင်မြို့တော်သို့ ပြန်လာခြင်းနှင့် ဆုလာဘ်များရရှိခြင်း သတင်းသည် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားသည်။ လင်းယန်ပြခန်းတွင် သူရဲကောင်းသစ် တစ်ဦး တိုးလာခြင်းကို လူတိုင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။

မဟာထန် ပြည်သူများသည် လမ်းပေါ်သို့ ထွက်ကာ အောင်ပွဲခံကြပြီး မီးရှူးမီးပန်းများ ဖောက်လျက် ဝမ်ချောင်ကို သူရဲကောင်းကြီးအဖြစ် ဂုဏ်ပြုကြသည်။ ဝမ်ချောင်သည်လည်း လူအုပ်ကြီး၏ ကြိုဆိုမှုကြားမှ သူ၏ အိမ်သို့ ပြန်လာခဲ့သည်။

နန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၊ ထိုက်ကျိနန်းဆောင်ရှေ့တွင် ပုံရိပ်နှစ်ခု ရပ်နေသည်။

“ဖောင်း”

မီးရှူးမီးပန်းများ ကောင်းကင်ယံတွင် ပေါက်ကွဲနေပြီး မြို့တော်အတွင်းရှိ ပျော်ရွှင်သံများကို ကြားနေရသည်။ သူတော်စင်ဧကရာဇ်သည် လှေကားထစ်ပေါ်တွင် ရပ်နေရင်း ပြုံးလိုက်သည်။

“ဝမ်ချောင် ငါ မင်းကို လုံးဝ မမှားခဲ့ပါဘူး”

သူတော်စင်ဧကရာဇ်က တိုးတိုးလေး ရေရွတ်သည်။ သူသည် ဝမ်ချောင်အပေါ် အလွန်ပင် ဂုဏ်ယူနေပုံ ရသည်။

“ဒါက မင်းကြီးရဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ပါ”

ကောင်းလီရှီက နောက်မှနေ၍ ရိုသေသေ လျှောက်တင်လိုက်သည်။

“ဒေါင်”

ထိုအချိန်တွင် ထိုက်ကျိနန်းဆောင်အတွင်းမှ ခေါင်းလောင်းသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ လေထုမှာ ချက်ချင်း ပြောင်းလဲသွားပြီး စောင့်ကြပ်နေသည့် စစ်သည်များနှင့် အလုပ်အကျွေးများ အားလုံး နောက်သို့ ဆုတ်ခွာသွားကြသည်။ ဧကရာဇ်နှင့် ကောင်းလီရှီသာ ကျန်ရစ်တော့သည်။

“ဧကရာဇ်မင်းမြတ် အထဲဝင်ဖို့ အချိန်တန်ပါပြီ”

ကောင်းလီရှီက ခေါင်းငုံ့လျက် ပြောဆိုသည်။ သူတော်စင်ဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အပြုံးများ ပျောက်ကွယ်သွားသော်လည်း ဘာမှ မပြောဘဲ အထဲသို့ ဝင်ရောက်သွားသည်။

ကောင်းလီရှီသည် စိုးရိမ်တကြီးဖြင့် ဆေးအိုးကို ကိုင်ဆောင်ကာ ဧကရာဇ်၏နောက်မှ လိုက်သွားခဲ့သည်။ ကောင်းကင်မှာ မှောင်စပြုနေပြီ ဖြစ်သော်လည်း ဤအကြောင်းကို မည်သူမျှ မသိရှိနိုင်ကြပေ။

တစ်ဖက်တွင်မူ ဝမ်ချောင်သည် သူ၏ မျိုးနွယ်ခြားဘုရင် အိမ်တော်သို့ မသွားသေးဘဲ ဝမ်မိသားစု အိမ်တော်သို့ အရင် ဝင်ရောက်ခဲ့သည်။ သူ အောင်ပွဲခံ ပြန်လာသဖြင့် ဝမ်မိသားစု တစ်ခုလုံးမှာလည်း စည်ကားနေသည်။

“ချောင်အာ မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ”

ဝမ်ချောင်၏မိခင်ကျောက်သခင်မသည် အိမ်ရှေ့တွင် စောင့်ဆိုင်းနေပြီး ဝမ်ချောင်ကို မြင်သည်နှင့် ဝမ်းသာအားရ ကြိုဆိုသည်။ ဝမ်ချောင်သည်လည်း သူ၏ မိခင်ကို ပြေး၍ ဖက်လိုက်သည်။ ပြင်ပတွင် သူသည် အစွမ်းထက်လှသော မျိုးနွယ်ခြားဘုရင်ဖြစ်သော်လည်း သူ၏ မိခင်ရှေ့တွင်မူ သူသည် အမြဲတမ်း ကလေးငယ် တစ်ဦးသာ ဖြစ်သည်။

******

အခန်း ၁၉၃၀ လက်ရှိတွင် စိုးရိမ်စရာ မရှိသော်လည်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမည်

“အမေ... ကြည့်ပါဦး ကျွန်တော် အမေ့အတွက် ပထမတန်းစား အမျိုးသမီးမြတ်ဘွဲ့ကို ရအောင် ယူပေးခဲ့ပြီ”

ဝမ်ချောင်သည် စိတ်ထဲတွင် လှုပ်ရှားနေသည်။ သူသည် လက်ထဲတွင် အဆင်သင့် ကိုင်ထားသော ရွှေဝါရောင် အမိန့်တော်စာလိပ်ကို ကမ်းပေးလိုက်သည်။

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ ကျောက်ဝမ်သည် မှင်တက်သွားပြီး မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။ သူမသည် ဝမ်ချောင်ထံမှ မည်သည့် ဂုဏ်ဒြပ်ကိုမျှ မမျှော်လင့်ခဲ့ပေ။ စစ်မြေပြင်တွင်ဖြစ်စေ၊ နန်းတွင်း၌ဖြစ်စေ သူ ဘေးကင်းရန်သာ သူမ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ယောက်ျားကောင်းတို့သည် ရည်မှန်းချက်ကြီးမားကြသည်မှာ မှန်သော်လည်း သူမ၏သားဖြစ်သူက အပြင်လောကတွင် အပင်ပန်းခံ ရုန်းကန်နေစဉ်အတွင်း သူမကိုပါ ဤမျှအထိ ထည့်သွင်းစဉ်းစားပေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့သဖြင့် အလွန်ပင် စိတ်လှုပ်ရှား ဝမ်းနည်းမိသည်။

“ကောင်းတယ်... ကောင်းတယ်... ငါ့သားလေး အမေ မင်းအတွက် တကယ် ဂုဏ်ယူတယ်”

ကျောက်ဝမ်သည် ထိုစာလိပ်ကို လှမ်းယူရင်း ရှိုက်ကြီးတငင် ပြောဆိုသည်။

“မြန်မြန်လာ… အမေ မင်းအတွက် အောင်ပွဲခံဖို့ ဟင်းကောင်းတွေ အများကြီး ချက်ထားတယ်”

သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး ဝမ်ချောင်ကို အိမ်ထဲသို့ အမြန်ခေါ်သွားသည်။ မိခင်ဖြစ်သူ၏ ပျော်ရွှင်နေသောပုံစံကို ကြည့်ကာ ဝမ်ချောင်၏စိတ်ထဲတွင် ပိုမို နွေးထွေးလာပြီး အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။ ထိုညတွင် ဝမ်မိသားစု အိမ်တော်တစ်ခုလုံးမှာ ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အလယ်ပြည်အနှံ့တွင် လူတိုင်း ပျော်ရွှင်မှုများဖြင့် မြူးတူးနေကြဆဲ ဖြစ်သည်။ သို့သော် ညဉ့်နက်ပိုင်းတွင် ဝမ်ချောင်သည် တစ်ဦးတည်း အခန်းထဲမှ ထွက်လာခဲ့သည်။

ဝမ်မိသားစုအိမ်တော်အတွင်း၌ တိတ်ဆိတ်လျက် ရှိသည်။ လူတိုင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ ဖြစ်သည်။ အနောက်မြောက်စစ်ပွဲတွင် အာရပ်တို့ ရှုံးနိမ့်သွားပြီးနောက်တွင် မဟာထန် အတွက် မည်သည့် ရန်သူ၊ မည်သည့် ခြိမ်းခြောက်မှုမှ မရှိတော့ပေ။ ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးတွင်လည်း မဟာထန်ကို ယှဉ်နိုင်မည့်သူ မရှိတော့သကဲ့သို့ မဟာထန်တွင်လည်း မျိုးနွယ်ခြားဘုရင်နှင့် ထိပ်တန်း စစ်တပ်ကြီး ရှိနေသဖြင့် လူတိုင်း စိတ်အေးလက်အေး နေနိုင်ကြပြီ ဖြစ်သည်။

သို့သော်...

ဝမ်ချောင်သည် အိမ်ရှေ့ဝင်းထဲတွင် ရပ်နေရင်း ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ လက်ရှိတွင် စိုးရိမ်စရာ မရှိသော်လည်း အနာဂတ်အတွက် ကြိုတင်မပြင်ဆင်ထားလျှင် ဘေးဒုက္ခနှင့် ကြုံရပေလိမ့်မည်။ ဝမ်ချောင်အတွက်မူ ယခု မြင်တွေ့နေရသည့် စည်ကားမှုများ၏ နောက်ကွယ်တွင် လူတိုင်းကို ထုတ်ဖော်မပြောပြနိုင်သည့် အရာများစွာ ရှိနေသည်။

ထိုအတွေးများ ဝင်လာပြီးနောက် ဝမ်ချောင်သည် တံခါးကို တွန်းဖွင့်ကာ သူ၏ စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ စာကြည့်ခန်းအတွင်း၌ သိန်းငှက်အိုကြီး၊ ကျန်းချွယ်၊ ရွှီခဲ့ယီ၊ ချင်းယန်သခင်လေး၊ ကျန့်လုံ၊ ရွှယ်ချန်ကျွင်းနှင့် ကော်ကျစ်ရီတို့ အသင့် စောင့်ဆိုင်းနေကြသည်။ အာရပ်တွင် စောင့်ကြပ်နေသူများမှလွဲ၍ ဝမ်ချောင်၏ လက်အောက်ခံ အဓိက ပုဂ္ဂိုလ်များ အားလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ အခန်းတွင်း လေထုမှာ လေးနက်နေပြီး အားလုံးမှာ ဝမ်ချောင်၏ အမိန့်ကို စောင့်မျှော်နေကြသည်။

“ငါ ခိုင်းထားတဲ့ ကိစ္စတွေ ဘယ်လိုနေလဲ”

ဝမ်ချောင်သည် လက်ကို နောက်ပစ်လျက် တည်ကြည်သော မျက်နှာထားဖြင့် ကျန်းချွယ်ကို မေးမြန်းသည်။

“အရှင် မြို့တော်ကို ပြန်လာတဲ့လမ်းမှာ ကျွန်တော် ကျောင်းကျီနယ်မြေဆီကို စာပို့ပြီး စပ်မျိုးစပါး အခြေအနေကို စုံစမ်းခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်ကို သုံးသီး၊ လေးသီးအထိ စိုက်ပျိုးနိုင်လို့ ရိက္ခာတွေ အများကြီး စုဆောင်းမိနေပါပြီ။ ပြီးတော့ အရှင် ညွှန်ကြားတဲ့အတိုင်း ကျောင်းကျီက စပ်မျိုးစပါးတွေကို ဆိုင်ယမ်ဘက်အထိ ဖြန့်ကြက်စိုက်ပျိုးခိုင်းထားလို့ အခုဆိုရင် ရိက္ခာ ဒန် ၅ သန်းအထိ စုမိနေပြီ”

ကျန်းချွယ်က ဂုဏ်ယူစွာ သတင်းပို့သည်။ ရိက္ခာ ဒန် ၅ သန်းဆိုသည်မှာ မဟာထန် ပြည်သူ ၁.၂ သန်းခန့်ကို ဘာမှမလုပ်ဘဲ တစ်နှစ်ပတ်လုံး ကျွေးမွေးထားနိုင်သည့် ပမာဏ ဖြစ်သည်။ နိုင်ငံတော် ဘဏ္ဍာကို မသုံးဘဲ ဝမ်ချောင်တစ်ဦးတည်း၏အစွမ်းဖြင့် ဤမျှအထိ လုပ်ဆောင်နိုင်ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။ မဟာထန်၏ တစ်နိုင်ငံလုံး အခွန်ရိက္ခာမှာ ဒန် ၁၂ သန်းသာရှိသဖြင့် ဝမ်ချောင်သည် နိုင်ငံတော် ရိက္ခာ၏တစ်ဝက်နီးပါးကို နှစ်နှစ်အတွင်း အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုစကားကို ကြားလိုက်ရသည့် ဝမ်ချောင်မှာမူ မျက်မှောင်ကြုတ်သွားသည်။ ဒန် ၅ သန်းမှာ များပြားလှသည်ဟု ထင်ရသော်လည်း မဟာထန်တွင် လူဦးရေမှာ တစ်သန်းကျော်ထက် များစွာပိုမိုလှသည်။ ထို့ပြင် သူ၏ မှတ်ဉာဏ်အတိုင်းသာ ဖြစ်လာမည်ဆိုလျှင် ရေခဲခေတ်ရောက်ရှိလာပြီးနောက် ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်တော့သဖြင့် အလယ်ပြည်တွင် ရိက္ခာစုဆောင်းရန် အချိန်များစွာ မကျန်တော့ပေ။

“မလုံလောက်သေးဘူး၊ အချိန်က အရမ်းနည်းလွန်းနေသည်”

ဝမ်ချောင်သည် လေးလံသောစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ အတိတ်ဘဝ စစ်ပွဲများတွင် ရိက္ခာပြတ်လပ်မှုကြောင့် ရှုံးနိမ့်ခဲ့ရဖူးရာ ယခုတစ်ကြိမ်တွင်လည်း ထိုသို့ ထပ်မံအဖြစ်မခံနိုင်ပေ။ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူသေအလောင်းများ တောင်လိုပုံနေမည့် မြင်ကွင်းကို တွေးမိတိုင်း ဝမ်ချောင်၏ရင်ထဲ၌ နာကျင်ရသည်။ တာလာ့စ် စစ်ပွဲအတွင်း ခိုရာစန်းသို့ ချီတက်စဉ်ကပင် မုန်တိုင်းကြီးကြောင့် စစ်သည်သိန်းချီ အေးခဲသေဆုံးခဲ့ရခြင်းမှာ ကပ်ဘေးကြီး၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။

“မျှော်လင့်ချက် နယ်မြေကော ဘယ်လိုနေလဲ”

ဝမ်ချောင်က မေးမြန်းလိုက်သည်။ ထိုနယ်မြေမှာ သူ၏ဝမ်းကွဲအစ်ကို ဝမ်လျန်ကို ပင်လယ်ကို ဖြတ်ကျော် ရှာဖွေခိုင်းထားသည့် နေရာဖြစ်သည်။ ၎င်းမှာ လူသားမျိုးနွယ်တို့၏ နောက်ဆုံး ခိုလှုံရာနှင့် မျှော်လင့်ချက်အရပ် ဖြစ်လာမည် ဖြစ်သည်။ အလယ်ပြည်တွင် အချိန်မမီတော့လျှင် ထိုနေရာ၌သာ နည်းလမ်းရှာရမည် ဖြစ်သည်။

“ဆင်းဒုဘက်ကနေ မျှော်လင့်ချက် နယ်မြေ ဆီကို သင်္ဘောတွေ မနားတမ်း ပို့နေပါတယ်။ ဆင်းဒုမဟာဘုန်းတော်ကြီးကလည်း အစွမ်းကုန် ကူညီပေးနေသလို ကျွန်တော်တို့ရဲ့ သင်္ဘောကျင်းတွေကလည်း အကြီးစား သင်္ဘောတွေကို ဆက်တိုက် တည်ဆောက်နေကြပါတယ်။ အခုဆိုရင် ဆင်းဒုလူမျိုး ၈ သိန်းကျော်ကို အဲဒီကို ရွှေ့ပြောင်းအခြေချပေးပြီးပြီ။ နောက်ပြီး အလယ်ပြည်ကနေ အဲဒီကို သွားချင်တဲ့ လက်မှုပညာသည်တွေကိုလည်း ထိုက်တန်သော အခကြေးငွေ ပေးအပ်ပြီးခေါ်ထားလို့ အခုဆိုရင် ပညာသည် ၂ သိန်းလောက် ရောက်နေပါပြီ”

“အဲဒီနယ်မြေက ပင်လယ်ကို ဖြတ်ကျော်သွားရတာမို့ သတင်းအချက်အလက် ရရှိဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လူသူမရှိတဲ့ နယ်မြေမို့ ပြဿနာကြီးကြီးမားမား မရှိနိုင်ဘူးလို့ ယုံကြည်ပါတယ်”

ရွှီခဲ့ယီက သတင်းပို့သည်။ ဆင်းဒုမှ လူအင်အားများကို မျှော်လင့်ချက် နယ်မြေဆီသို့ ပို့ဆောင်သည့် တာဝန်ကို သူက တာဝန်ယူထားခြင်း ဖြစ်သည်။

“ငါ မင်းကို ရန်ပုံငွေ ထပ်ပေးမယ်၊ အရှိန်မြှင့်လိုက်ပါ။ မျိုးနွယ်စုကြီးတွေ အားလုံးကိုပါ ပါဝင်လာအောင် လုပ်ပြီး သင်္ဘောတွေ အမြန်ဆုံး ထပ်ဆောက်ခိုင်းစမ်း။ ပြီးတော့ ငါတို့ စုထားတဲ့ ရိက္ခာတွေထဲက ၅ သိန်းကို အဲဒီနယ်မြေဆီ ပို့လိုက်ပါ။ ကျန်းမူနျန်ကို ပြောလိုက်၊ မျှော်လင့်ချက် နယ်မြေ မှာ စပ်မျိုးစပါးတွေကို အမြန်ဆုံးနဲ့ အများဆုံး စိုက်ပျိုးနိုင်အောင် လုပ်ရမယ်”

ဝမ်ချောင်က အမိန့်ပေးသည်။ အလယ်ပိုင်းဒေသတွင် တစ်နှစ်လျှင် နှစ်သီးသာ စိုက်ပျိုးနိုင်သော်လည်း ကျောင်းကျီနှင့် မျှော်လင့်ချက် နယ်မြေ တို့တွင်မူ သုံးသီး၊ လေးသီးအထိ စိုက်ပျိုးနိုင်သည်။ ထိုနေရာမှာ အီကွေတာနှင့် နီးကပ်သဖြင့် ရိက္ခာအမြောက်အမြား ထုတ်လုပ်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။

တစ်ခုတည်းသော စိုးရိမ်စရာမှာ ရေချိုအရင်းအမြစ် ဖြစ်သည်။ သို့သော် ဝမ်လျန်နှင့် ကျန်းမူနျန်တို့၏ အဆိုအရ ထိုနေရာရှိ ရေချိုအရင်းအမြစ်မှာ သူတို့ ထင်ထားသည်ထက် များစွာ ပိုမိုကောင်းမွန်လှသည်။

“ဟုတ်ကဲ့ပါ”

ရွှီခဲ့ယီက မဆိုင်းမတွပင် ပြန်ဖြေသည်။

“နောက်ပြီး မာန်ရှဲ့ကျောက် ဘုရင် ဖုန်းကျီယိုင်းကို သတင်းပို့လိုက်၊ သူ တောင်းဆိုထားတာကို ငါ လက်ခံတယ်လို့။ စပ်မျိုးစပါးနည်းပညာကို သူတို့ဆီ ပေးလိုက်ယ်”

ဝမ်ချောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

“ဝုန်း”

ထိုစကားကြောင့် စာကြည့်ခန်းအတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြသည်။

“ဒါ... အရှင် အဲဒါက မသင့်တော်ဘူး ထင်တယ်။ အနောက်တောင်စစ်ပွဲမှာ မာန်ရှဲ့ကျောက်က မဟာထန်ရဲ့ရန်သူ ဖြစ်ခဲ့သလို ဖုန်းကျီယိုင်းရဲ့ဖခင် ကော်လော့ဖုန်းကလည်း အရှင်ရဲ့လက်ချက်နဲ့ သေခဲ့ရတာပါ။ သူတို့က စပ်မျိုးစပါး သတင်းကို ကြားကတည်းက လိုချင်နေတာ ကြာပါပြီ၊ သူတို့ လွှတ်တဲ့ သူလျှိုတွေကိုလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ဖမ်းမိခဲ့ဖူးတယ်။ သူတို့က ရန်သူလား၊ မိတ်ဆွေလားဆိုတာ မသေချာသေးတဲ့အချိန်မှာ ဒီလိုပေးလိုက်တာက ရန်သူကို အင်အားဖြည့်ပေးသလို ဖြစ်မနေဘူးလား။ ပြီးတော့ နန်းတွင်းဘက်ကလည်း ကန့်ကွက်လာနိုင်တယ်”

ချင်းယန်သခင်လေးက လူတိုင်း၏ စိုးရိမ်မှုကို ကိုယ်စားပြု၍ ပြောဆိုသည်။ ဖုန်းကျီယိုင်းနှင့် မာန်ရှဲ့ကျောက် လူမျိုးများသည် ဝမ်ချောင်အပေါ် နာကျည်းချက်များ ရှိနေကြမည်မှာ သေချာလှသည်။ ဤမျှ အရေးကြီးသော နည်းပညာကို ရန်သူကို ပေးအပ်ခြင်းမှာ မည်သို့မျှ မသင့်တော်ပေ။

“အခြေအနေတွေက ပြောင်းလဲသွားပြီလေ”

ဝမ်ချောင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ခေါင်းခါလိုက်သည်။

“ဖုန်းကျီယိုင်းက သူ့အဖေလောက် မတော်ပါဘူး။ ရည်မှန်းချက် ရှိပေမဲ့ စွမ်းအား မရှိရင် ဘာမှလုပ်လို့ မရဘူး။ ပြီးတော့ ငါ ရှိနေသရွေ့ မာန်ရှဲ့ကျောက်ဟာ မဟာထန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ်ကနေ လွတ်မြောက်မှာ မဟုတ်သလို ဖုန်းကျီယိုင်းလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို ပြောလိုက်၊ စပ်မျိုးစပါးပေးမယ်၊ ဒါပေမဲ့ ပထမ နှစ်နှစ်စာ ရိတ်သိမ်းမှုရဲ့ ၈၀ ရာခိုင်နှုန်းကို ငါ့ကို ပေးရမယ်”

“ပြီးတော့ ဖုန်းကျီယိုင်းဆီကို ငါ့ကိုယ်စား စာတစ်စောင် ရေးလိုက်။ သူ တိတ်တဆိတ် လုပ်နေတာအားလုံးကို ငါ သိနေတယ်လို့။ သူ့ကိုယ်သူ ဆင်ခြင်ခိုင်းလိုက်၊ မဟုတ်ရင် နောက်နှစ်မှာ ငါ သူနဲ့အတူ ချန်းရှန်း ဘုရားရှင်တောင်ထိပ်မှာ အတူတူ အမဲလိုက် ကြမယ်လို့ ပြောလိုက်”

ဝမ်ချောင်၏စကားကြောင့် လူတိုင်း ပြုံးလိုက်ကြသည်။ ဝမ်ချောင်၏ “အတူတူ အမဲလိုက်ခြင်း”ဆိုသည်မှာ မည်မျှကြောက်စရာကောင်းကြောင်း တစ်လောကလုံး သိထားကြသည်။ ယခင်က အနောက်တာ့ခ်၏ ရှာပိုးလော့ ဧကရာဇ်ကိုလည်း ဝမ်ချောင်က ဤကဲ့သို့ပင် သတိပေးခဲ့ဖူးရာ ခါကန်းမှာ ချက်ချင်း ငြိမ်ကျသွားခဲ့ဖူးသည်။ ယခုလည်း အာရပ်ကို အနိုင်ယူထားသည့် ဝမ်ချောင်၏သတိပေးမှုကို မည်သူမျှ ငြင်းဆန်ရဲကြမည်မဟုတ်ပေ။

“ဟုတ်ကဲ့ပါ”

ချင်းယန်သခင်လေးက ထပ်မံ၍ မကန့်ကွက်တော့ပေ။ ဝမ်ချောင်ဟူသော အမည်မှာ လောကကို တုန်လှုပ်စေနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

“နောက်ပြီး အခုကစပြီး အာရပ်အပါအဝင် ပတ်ဝန်းကျင် နိုင်ငံတွေဆီကနေ နွားတွေ၊ သိုးတွေကို အမြန်ဆုံး အမြောက်အမြား ဝယ်ခိုင်း။ ပြီးရင် ကျွမ်းကျင်တဲ့သူတွေကို ခေါ်ပြီး အသားခြောက်တွေ အမြန်ဆုံး လုပ်ခိုင်းရမယ်”

ဝမ်ချောင်က ထပ်မံညွှန်ကြားသည်။ စပါးတစ်ခုတည်းနှင့် မလုံလောက်သဖြင့် အသားခြောက်နှင့် အခြား စားသောက်ကုန်များကိုလည်း ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

All Chapters