အခန်း (၁၉၅၁-၁၉၅၅)
Vol. 120 Ch. 1951-1955
အခန်း ၁၉၅၁ ယောင်ချုံ၏ တောင်းဆိုချက်
သို့သော် အရေးအကြီးဆုံးမှာ ဝမ်ချောင်ယုံကြည်ထားသည်မှာ ယောင်ချုံသည် ယနေ့ သူ့အား တွေ့ဆုံရန် ခေါ်ယူခြင်းမှာ အလျှော့ပေးရန် သို့မဟုတ် အရှုံးပေးရန် မဟုတ်သည်မှာ သေချာသည်။ ဤယောင်မိသားစုမှ အဖိုးအိုကို လျှော့တွက်မိသူတိုင်းသည် နောင်တွင် ကြီးစွာသော နစ်နာမှုနှင့် ကြုံရတတ်သည်။
“မဆိုးဘူး၊ မဆိုးဘူး နိုင်တဲ့အခါ မာန်မတက်၊ ရှုံးတဲ့အခါ စိတ်မပျက်ဘူး။ ငါ့ရဲ့ ယောင်မိသားစုမှာသာ မင်းလိုမျိုး မျိုးဆက်တစ်ခု ရှိခဲ့ရင် ငါ ယောင်ချုံသေရင်တောင် မျက်စိမှိတ်နိုင်ပါပြီ။ အခုလို အသက်ကို မနည်းအောင့်ထားပြီး ဒီအချိန်အထိ နေနေစရာ မလိုတော့ဘူး”
ယောင်ချုံသည် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ တမ်းတတမ်းတ ဖြစ်နေမိသည်။ ဝမ်ချောင်က မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ သူက ဘာမှထပ်မပြောတော့ဘဲ ဘေးနားကို ညွှန်ပြလျက် ပြန်ထိုင်ရန် အချက်ပြလိုက်သည်။
“မျိုးနွယ်ခြားဘုရင် ထိုင်ပါဦး”
ဝမ်ချောင်အတန်ကြာ စဉ်းစားပြီးနောက် ဝတ်ရုံကိုမကာ ယောင်ချုံ၏ဘေးတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။
ယောင်မိသားစုမှ အဖိုးအိုသည် အလွန် လိမ္မာပါးနပ်သူ ဖြစ်သည်။ သူ၏ ရယ်မောသံ၊ ဒေါသသံနှင့် လှုပ်ရှားမှုတိုင်းသည် ပရိယာယ်များသာ ဖြစ်သည်။ သို့သော် ယနေ့အချိန်တွင် ဝမ်ချောင်သည် ပြည်နယ်ကိုးခု၏ တပ်မှူးချုပ်၊ မျိုးနွယ်ခြားဘုရင် ရာထူးများအပြင် နိုင်ငံတော်ကာကွယ်ရေး မဟာဗိုလ်ချုပ်ကြီးအဖြစ်ပါ ခန့်အပ်ခံထားရပြီး ဧကရာဇ်နဂါးတုတ်ကိုပါ ပိုင်ဆိုင်ထားသူဖြစ်ရာ ဤအဖိုးအို၏ပရိယာယ်များကို ကြောက်စရာ မလိုတော့ပေ။
“ဝန်ကြီးချုပ်ယောင်က ဝမ်ချောင်ကို ဘာကိစ္စနဲ့ ခေါ်တာလဲဆိုတာ တိုက်ရိုက်ပဲ ပြောပါ”
ဝမ်ချောင်က အဓိက အကြောင်းအရာကို တိုက်ရိုက် မေးလိုက်သည်။
“အရှေ့နန်းဆောင်မှာ ပြဿနာတက်တယ်၊ သူတော်စင်ဧကရာဇ်က ထိုက်ဖျင်မျှော်စင် ဆောက်ခိုင်းတယ်၊ ညီလာခံကို ခုနစ်ရက် ပိတ်ထားတဲ့အပြင် ကိုးပြည်နယ်က အပျိုတော်တွေကိုပါ ဆက်သခိုင်းနေတယ်။ မျိုးနွယ်ခြားဘုရင် စီဖန်းကွမ်ကို ရောက်လာတာ ဒီကိစ္စအတွက် မဟုတ်လား”
ယောင်မိသားစုမှ အဖိုးအိုက စိတ်မဆိုးဘဲ ပြုံးလျက် မေးလိုက်သည်။
“ဟုတ်ပါတယ်”
ဝမ်ချောင်ငြင်းမနေသလို ငြင်းစရာ အကြောင်းလည်း မရှိပေ။
ယောင်အဖိုးအိုက ပြုံးလိုက်ပြီး ဘေးသို့ လက်ဟန်ပြလိုက်ရာ အစေခံမလေးတစ်ဦးက ရေနွေးကြမ်းအိုး လာချပေးသည်။ ဝမ်ချောင်က ရေနွေးကြမ်းကို မထိသည်ကို မြင်သော်လည်း သူက ဂရုမစိုက်ဘဲ သူ၏ရေနွေးကြမ်းခွက်ကို ကိုင်ကာ ညင်သာစွာ သောက်လိုက်ပြီးမှ ပြောလိုက်သည်။
“မင်းရဲ့အဘိုးက မင်းကို ဘယ်လောက်အထိ ပြောပြထားသလဲ။ ပြောပြသလား၊ ဒါမှမဟုတ် ဘာမှ မပြောဘူးလား”
နောက်ဆုံး စကားလုံးများတွင် သူက အသံကို အနည်းငယ် မြှင့်လိုက်ပြီး တစ်စုံတစ်ခုကို ရည်ညွှန်းနေပုံရသည်။
“ဝန်ကြီးချုပ်ယောင်က သိလျက်နဲ့ ဘာလို့ မေးနေတာလဲ”
ဝမ်ချောင်က ပြန်မေးလိုက်သည်။
ယောင်ချုံသည် “မြေခွေးအိုကြီး” ဟု နာမည်ကြီးသူ ဖြစ်သည်။ ၎င်းမှာ သူ၏ ဉာဏ်ပညာကို ဆိုလိုသလို သူ၏ထိုးထွင်းသိမြင်မှုကိုလည်း ဆိုလိုခြင်း ဖြစ်သည်။ ဝမ်ချောင်အနေဖြင့် သူ မသိနိုင်ဟု မယုံကြည်ပေ။ တကယ်လို့ မသိဘူးဆိုရင် သူက လမ်းဘေးမှာ လူလွှတ်ပြီး စောင့်ခိုင်းနေမှာ မဟုတ်ပါဘူး။
“အဲဒီတော့ ငါ ထင်တာ မမှားဘူးပေါ့။ ဝမ်ပေါ်ဝူက သူ့မြေးအတွက်တောင်မှ ဘာမှမပြောဘဲ နှုတ်ပိတ်နေတာပဲ”
ယောင်ချုံက ခေါင်းခါရင်း ရယ်မောလိုက်သည်။ သူက ထိုအချက်ကို အံ့သြနေပုံ မရပေ။ ဝမ်ချောင်မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ မပြောပေ။
“ဝန်ကြီးချုပ်က သိနေတာလား” ဝမ်ချောင်က ပြန်မေးလိုက်သည်။
“အနည်းငယ် ခန့်မှန်းရုံပါပဲ”
ယောင်ချုံက ပြုံးလျက် ဤအကြောင်းအရာကို ရှောင်လွှဲခြင်း မရှိပေ။
“တစ်ချို့ကိစ္စတွေက ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီအရာတွေက ပြန်ပြီး ပေါ်ပေါက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မိန်းမစိုးကောင်းက မပြောဘူး၊ မင်းအဘိုးကလည်း နှုတ်ပိတ်နေမှတော့ ငါကလည်း မင်းကို အများကြီး ပြောပြဖို့ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ တခြားသူတွေနဲ့ မတူတာက ငါက မင်းကို ပြောပြချင်ပေမဲ့ အမှန်တရားကို ငါကိုယ်တိုင်လည်း မသိတာပဲ”
“ဘာလို့လဲဆိုတော့ ကိစ္စတော်တော်များများမှာ ငါက အပြင်လူ အနေနဲ့ပဲ ရှိနေခဲ့ပြီး အဲဒီထဲမှာ မပါဝင်ခဲ့လို့ပဲ”
ဝမ်ချောင်၏မျက်မှောင်မှာ ပို၍ကြုတ်သွားသည်။ ယောင်ချုံ၏ စကားမှာ ပြောပြီးသော်လည်း ဘာမှမထူးခြားသကဲ့သို့ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်သိထားသည်မှာ ဤအဖိုးအိုက သူ့ကို ဤနေရာသို့ ဖိတ်ခေါ်ခြင်းမှာ အပိုတွေ ပြောနေရန် မဟုတ်သည်မှာ သေချာသည်။
မှန်ပေသည်၊ ဝမ်ချောင်က စိတ်မလောဘဲ ဆက်မမေးသည်ကို မြင်သောအခါ ယောင်ချုံက ခေါင်းညိတ်ပြလျက် ဆက်ပြောသည်။
“ဒါပေမဲ့ ငါက မင်းကို ဘာမှတိုက်ရိုက် မပြောနိုင်ပေမဲ့ လမ်းစတွေကိုတော့ ပြောပြနိုင်တယ်။ ဘယ်လို စုံစမ်းရမလဲဆိုတာကို ပြောပြနိုင်တယ်”
ဝမ်ချောင်စိတ်ထဲတွင် တုန်လှုပ်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း ယောင်အဖိုးအိုသည် အဖြစ်မှန်ကို သိနေသူ ဖြစ်သည်။ သူက အပြင်လူ ဖြစ်သည်ဟု ပြောနေသော်လည်း ဝမ်ချောင်သေချာပေါက် သိထားသည်မှာ သူသည် သိထားသူများထဲမှ တစ်ဦး ဖြစ်သည်။
အဘိုးဖြစ်သူနှင့် မိန်းမစိုးကောင်းတို့ ခေတ်ပြိုင်ဖြစ်ခဲ့သော ဤပုဂ္ဂိုလ်ကြီးအား ဖုံးကွယ်ထားနိုင်သော လျှို့ဝှက်ချက်ဟူသည် အလွန်နည်းပါးပေလိမ့်မည်။
“ဘာအပြန်အလှန် လိုချင်တာလဲ” ဝမ်ချောင်က တည်ငြိမ်စွာ မေးလိုက်သည်။
ယောင်နှင့်ဝမ်မိသားစုမှာ ရင်းနှီးသူများ မဟုတ်ပေ။ ဝမ်ချောင်က အဖြေကို သိချင်နေသော်လည်း ဤအဖိုးအိုက သူ့ကို ကူညီချင်စိတ်ဖြင့် လမ်းဘေးမှာ လူလွှတ်စောင့်ကာ အဖြေပေးလိမ့်မည်ဟု ဝမ်ချောင်လုံးဝ မယုံကြည်ပေ။ ဤအဖိုးအိုမှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တတ်သူ ဖြစ်ပြီး အကျိုးအမြတ်မရှိဘဲ ဘာမှ လုပ်မည့်သူ မဟုတ်ပေ။
“မျိုးနွယ်ခြားဘုရင် စကားက ပြင်းထန်လွန်းပါတယ်။ ငါ့မှာ ဘာအပြန်အလှန်မှ မလိုပါဘူး။ မျိုးနွယ်ခြားဘုရင်ဆီကနေ ကရုဏာ တစ်ခုပဲ တောင်းခံချင်တာပါ”
ယောင်အဖိုးအိုက လက်ခါပြလိုက်သော်လည်း သူ၏မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ သူက နောက်ဘက် ထောင့်စွန်းတစ်ခုသို့ လှည့်ကြည့်ကာ ကြမ်းတမ်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
“တိရစ္ဆာန်လေး... မင်း အခုထိ ထွက်မလာသေးဘူးလား”
ထိုစကားကို ကြားသောအခါ ဝမ်ချောင်အလွန် အံ့သြသွားပြီး ယောင်အဖိုးအို ကြည့်နေသည့် ဘက်သို့ လှည့်ကြည့်လိုက်သည်။ အခန်းထောင့်ရှိ ကာထားသော လိုက်ကာမှာ လှုပ်ရှားသွားပြီး လူတစ်ယောက်မှာ မဝံ့မရဲဖြင့် ထွက်လာသည်။
“ယောင်ဖုန်း”
ဝမ်ချောင်မျက်လုံးများ ပြူးသွားကာ အလွန်အံ့အားသင့်သွားသည်။ ယောင်ချုံက ယောင်ဖုန်းကို ခေါ်ထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားပေ။
သူ၏ အတိတ်ဘဝတွင် ယောင်ဖုန်းနှင့် မာကျိုးတို့ ပူးပေါင်းကာ သူ့ကို ထောင်ချောက်ဆင် ခဲ့ခြင်းကြောင့် ဖခင်ဖြစ်သူ ဝမ်ယန် ဒေါသထွက်ခဲ့ရပြီး သူကိုယ်တိုင်လည်း ဝမ်မိသားစု၏ “အရှက်ရစရာ” ဖြစ်ခဲ့ရသည်ကို ဝမ်ချောင်မမေ့နိုင်သေးပေ။
နောင်တွင် အနောက်တောင်စစ်ပွဲ၊ တာ့လော့စ်စစ်ပွဲနှင့် အခြား အရေးကြီးသော ကိစ္စများကို ဖြေရှင်းနေရသဖြင့် ဝမ်ချောင်အနေဖြင့် ဤယောင်ဖုန်းကဲ့သို့ လူသေးသေးလေးကို ဂရုမစိုက်နိုင်ခဲ့ပေ။ သို့သော် ယခု ယောင်ချုံက သူ့ကို ခေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုခဏချင်းမှာပင် ဝမ်ချောင်သည် ဤမြေးအဖိုး နှစ်ယောက်ကို ကြည့်ကာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည်။
“တိရစ္ဆာန်လေး... မျိုးနွယ်ခြားဘုရင်က မင်းရှေ့မှာ ရှိနေတာကို ဒီအခွင့်အရေးကို သုံးပြီး အမှားကို ဝန်မချသေးဘူးလား” ယောင်အဖိုးအိုက ကြိမ်းမောင်းလိုက်သည်။
“ကျွန်တော်... ကျွန်တော့်မှာ အမှားမရှိဘူး” ယောင်ဖုန်းက ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်သည်။ သူက ဤနေရာသို့ လုံးဝ လာချင်ပုံ မရပေ။
“မိုက်ရူးရဲတာ… မင်း ယောင်မိသားစုအတွက် ဒုက္ခတွေ ပေးခဲ့တာ မလောက်သေးဘူးလား။ ဒါမှမဟုတ် ငါတို့ ယောင်မိသားစုကို မင်းလက်ထဲမှာပဲ ပျက်စီးသွားစေချင်တာလား” ယောင်အဖိုးအိုက တုတ်ကောက်ကို ကိုင်ကာ အလွန် ဒေါသထွက်နေသည်။
အဘိုးဖြစ်သူ ဒေါသထွက်သည်ကို မြင်သောအခါ ယောင်ဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်မငြင်းရဲတော့ပေ။
“မင်း လုပ်ခဲ့တဲ့ ကိစ္စတွေ ငါ မသိဘူးလို့ ထင်နေတာလား။ အချိန်မနှောင်းခင်မှာ မျိုးနွယ်ခြားဘုရင်ကို အမှားဝန်ချစမ်း”
ယောင်အဖိုးအိုက အော်ဟစ်လိုက်သည်။ သူတို့ မိသားစုတွင် သုံးဆက်တိုင်တိုင် မြေးတစ်ယောက်တည်း ရှိနေသဖြင့်သာ မဟုတ်လျှင် သူသည် လက်ထဲမှ တုတ်ကောက်ဖြင့် ရိုက်နှက်မိပေလိမ့်မည်။
“မျိုး…မျိုးနွယ်ခြားဘုရင်”
ယောင်ဖုန်းသည် ဝေခွဲမရဖြစ်နေရင်း ဝမ်ချောင်ရှေ့သို့ မဝံ့မရဲ တိုးလာသည်။ သူ၏ အသက်မှာ ဝမ်ချောင်ထက် ကြီးသော်လည်း ယခင်က ဝမ်ချောင်မှာ သူ့ရှေ့တွင် ဘာမှ မဟုတ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဝမ်ချောင်၏ ဩဇာအာဏာနှင့် ဖိအားများကြောင့် သူသည် ခေါင်းပင် မဖော်ရဲပေ။
“ဟင်း... ဝန်ကြီးချုပ်ယောင် အခုလိုတွေ လုပ်နေတာ အားလုံးက သူ့အတွက်ပဲပေါ့” ဝမ်ချောင်က လှောင်ပြုံး ပြုံးလိုက်သည်။
တစ်သက်လုံး ခေါင်းမငုံ့ခဲ့သော ယောင်ချုံက ဝမ်ကျိုလင်ကို အရှုံးပေးသည်ဟု ပြောခြင်းမှာ နောက်ဆုံးတွင် သူ၏တစ်ဦးတည်းသော မြေးအတွက် လမ်းခင်းပေးနေခြင်းသာဖြစ်ကြောင်း ဝမ်ချောင်နားလည်သွားသည်။
“ယောင်ဖုန်း... မင်း အရင်က လုပ်ခဲ့တာတွေကို ငါ မေ့နေမယ်လို့ မထင်နဲ့။ ငါ့ဆီက ခွင့်လွှတ်မှု လိုချင်ရင် လွယ်ပါတယ်။ ငါ့ရှေ့မှာ ‘တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်’ လို့ သုံးခါပြောပြီး မင်းဘာသာမင်း ပါး သုံးခါ ရိုက်ပြရမယ်”
ထိုစကားကို ကြားသောအခါ ယောင်ဖုန်း၏ မျက်နှာမှာ အလွန် ပျက်သွားသည်။
“မင်း... အခုချက်ချင်း လုပ်စမ်း… ငါ အိမ်စည်းကမ်းနဲ့ အပြစ်ပေးတာကို လိုချင်တာလား” ဘေးမှ ယောင်အဖိုးအိုက ထပ်မံ အော်ဟစ်လိုက်သည်။
ယောင်ဖုန်း၏မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်လာပြီး အတန်ကြာ တွေဝေနေပြီးနောက်...
“တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်”
“တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်”
“တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်”
ဝမ်ချောင်က သုံးကြိမ်သာ တောင်းဆိုခဲ့သော်လည်း ယောင်ဖုန်းက ခြောက်ကြိမ်တိုင်တိုင် ပြောခဲ့ပြီး တစ်ကြိမ်ပြောတိုင်း သူ့ပါးကို သူ့ဘာသာ အားရပါးရ ရိုက်ခဲ့သည်။ ခြောက်ကြိမ်မြောက်တွင် သူ၏ ချောမောသော မျက်နှာမှာ ဖူးရောင်လာတော့သည်။
သို့သော် ဘေးမှ ယောင်အဖိုးအိုကမူ ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ ဝမ်ချောင်က ဒေါသထွက်ပြီး အပြစ်ပေးသည်ဆိုလျှင် မိသားစု နှစ်ခုကြားတွင် ပြန်လည် စေ့စပ်နိုင်မည့် အခွင့်အရေး ရှိသေးသည်။ တကယ်လို့ ဝမ်ချောင်က အေးအေးဆေးဆေး လက်ခံခဲ့မယ်ဆိုရင် သူက ပိုပြီး စိုးရိမ်မိမှာ ဖြစ်သည်။
ယောင်ချုံသည် ဝမ်ကျိုလင် နှင့်အတူ အမှုထမ်းခဲ့ပြီး လောကသားများ လေးစားရသော ဝန်ကြီးချုပ်များ ဖြစ်ကြသော်လည်း သူက ပို၍စောစီးစွာ အောင်မြင်ခဲ့သူ ဖြစ်သည်။ သို့သော် အဆုံးတွင် သူ ရှုံးနိမ့်ခဲ့ရသည်။ ဝမ်ကျိုလင် ကို ရှုံးခြင်း မဟုတ်ဘဲ သူ၏ မြေးကို ရှုံးခြင်း ဖြစ်သည်။
ဝမ်မိသားစု၏ ယခင်မျိုးဆက်များဖြစ်သော ဝမ်ကန်နှင့်ဝမ်ယန်တို့မှာ သူ့သား ယောင်ကွမ်းယီကို မယှဉ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်ချောင်ဟူသော ထူးချွန်သူတစ်ဦး ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
သူသည် ဝမ်ကျိုလင်ကို အလွန်မနာလို ဖြစ်နေမိသည်။
ယောင်မိသားစုမှာ ဆုတ်ယုတ်နေပြီ ဖြစ်သည်။ သူ သေဆုံးသွားပြီးနောက် ယောင်မိသားစုမှာ ဆက်လက် တည်ရှိနိုင်မလားဆိုသည်မှာ မရေရာတော့ပေ။ ထို့ကြောင့် သူ အသက်ရှိနေစဉ်အတွင်း နောက်ဆုံးအနေဖြင့် ယောင်မိသားစုအတွက် အခွင့်အရေး တစ်ခုကို ဖန်တီးပေးခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် ဝမ်မိသားစုနှင့် မသင့်မြတ်ခဲ့လျှင် နောင်တွင် ယောင်မိသားစုသည် လောကအလယ်တွင် ရပ်တည်နိုင်တော့မည် မဟုတ်ကြောင်း သူ အသိဆုံး ဖြစ်ပေသည်။
******
အခန်း ၁၉၅၂ မျှခြေ လမ်းစဉ်
ဝမ်ချောင်သည် ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။ ယောင်အဖိုးအို၏ အတွေးအချို့ကို သူ ခန့်မှန်းမိသလို ခံစားရသော်လည်း ဝမ်ချောင်၏စိတ်မှာမူ လုံးဝ လှုပ်ခတ်သွားခြင်း မရှိပေ။ မိသားစုနှစ်ခုကြားရှိ ရန်ငြိုးရန်စများကို ယောင်ဖုန်းအပေါ်တွင် အခွင့်အရေးပေးခဲ့ပြီး ဖြစ်ရာ ၎င်းမှာ လုံလောက်လှပြီ ဖြစ်သည်။
ထို့ပြင် ယခုအချိန်တွင် ဝမ်ချောင်အဓိက စိတ်ဝင်စားသည်မှာ ယောင်ချုံပြောပြမည့် အဖြေသာ ဖြစ်သည်။ တိုင်းပြည်အရေးနှင့်ယှဉ်လျှင် ယောင်ဖုန်းဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။ ၎င်းမှာ ရာထူးအဆင့်အတန်းနှင့် အမြင်ချင်း မတူတော့ခြင်းကြောင့်ပင် ဖြစ်သည်။ သူနှင့် ယောင်ဖုန်းမှာ ယခုအခါ ကမ္ဘာခြားသွားပြီ ဖြစ်သည်။
“သွားတော့”
ယောင်အဖိုးအိုက လက်ခါပြလိုက်သည်။ နောက်ဆက်တွဲ ပြောမည့် ကိစ္စများမှာ ယောင်ဖုန်းနားထောင်ရန် မသင့်တော်တော့ပေ။ ယောင်ဖုန်းသည်လည်း မငြင်းရဲဘဲ ခေါင်းငုံ့လျက် ပါးကို အုပ်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ယောင်ဖုန်းထွက်သွားသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ဘေးမှ အစေခံများနှင့် စစ်သည်များပါ ဆုတ်ခွာသွားကြသည်။ ဝမ်ချောင်၏ အာရုံခံနိုင်စွမ်းအရ ပတ်ဝန်းကျင် ပေအစိတ်ခန့်အတွင်း မည်သူမျှ မရှိတော့ပေ။ ဝမ်ချောင်သည် ယောင်ချုံကို ကြည့်လိုက်ရာ သူ၏မျက်နှာမှာလည်း တည်ကြည်လေးနက်လာပြီး အဓိက အကြောင်းအရာသို့ ရောက်တော့မည်ကို သိလိုက်သည်။
“မျိုးနွယ်ခြားဘုရင်... ဘယ်ကိစ္စမဆို လမ်းစဆိုတာ ရှိစမြဲပါ။ တကယ်လို့ တစ်စုံတစ်ရာကို စုံစမ်းချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က နန်းတွင်း မှတ်တမ်းတွေကို ရှာဖွေကြည့်ပါ၊ အဲဒါဆိုရင် မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ငါ ဒီလောက်ပဲ ပြောနိုင်ပါတယ်”
ယောင်ချုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး တုတ်ကောက်ကို အားပြုကာ တဖြည်းဖြည်း မတ်တပ်ရပ်လိုက်သည်။
“မျိုးနွယ်ခြားဘုရင်... အချိန်လည်း မစောတော့ဘူး၊ ငါ မတားတော့ပါဘူး။ တစ်ချို့ကိစ္စတွေကို အများကြီး သိထားတာက ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါကို မှတ်ထားပါ၊ ဒီကိစ္စကို သိတဲ့သူ နည်းလေ ပိုကောင်းလေပါပဲ။ တစ်ချို့ကိစ္စတွေက ခန့်မှန်းရုံတင်တောင် အပြစ်ဖြစ်နိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ဝမ်ချောင်စိတ်ထဲတွင် လှိုင်းလုံးများ ထသွားသကဲ့သို့ ဖြစ်သွားသည်။ ယောင်ချုံ၏ စကားမှာ အနက်အဓိပ္ပာယ် များစွာ ပါဝင်နေသော်လည်း ထိုမြေခွေးအိုကြီးက ရှင်းရှင်းလင်းလင်း မပြောသဖြင့် မည်သူမျှ အဖြေကို မသိနိုင်ပေ။
“ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်ယောင်”
ဝမ်ချောင်က မတ်တပ်ရပ်လျက် ဦးညွှတ်နှုတ်ဆက်ကာ ဆက်မမေးတော့ဘဲ တံခါးပြင်သို့ လျှောက်သွားသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က နန်းတွင်း မှတ်တမ်း” ဟူသော လမ်းစကို ယောင်ချုံထံမှ ရလိုက်ခြင်းမှာပင် ကြီးမားသော အောင်မြင်မှု ဖြစ်သည်။ ဤလမ်းစအတိုင်း ရှာဖွေလျှင် တစ်စုံတစ်ခုကို သေချာပေါက် တွေ့နိုင်လိမ့်မည်ဟု ဝမ်ချောင်ယုံကြည်သည်။
“ခဏနေပါဦး”
ဝမ်ချောင်တံခါးဝသို့ ရောက်ချိန်တွင် နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူက တွေဝေသွားပြီး ခြေလှမ်းများကို ရပ်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ယောင်ချုံသည် မဝံ့မရဲဖြစ်နေဟန်ဖြင့် တုတ်ကောက်ကို အားပြုကာ ဝမ်ချောင်ဆီသို့ လျှောက်လာသည်။
“မျိုးနွယ်ခြားဘုရင်... ငါက ဘာလို့ ပန်းပင်၊ မျက်ပင်တွေကို မစိုက်ဘဲ ဒီ စီဖန်းကွမ်ထဲမှာ ငှက်လှောင်အိမ်တွေ အများကြီး ချိတ်ထားရတာလဲဆိုတာ သိပါသလား”
“မသိပါဘူး” ဝမ်ချောင်က ပြုံးလျက် ယောင်ချုံကို ကြည့်ကာ အဖြေကို စောင့်နေလိုက်သည်။
“ဟူး...”
ယောင်ချုံက သက်ပြင်းချကာ တံခါးနားသို့ လျှောက်သွားပြီး သတ္တုစင်ပေါ်ရှိ သာလိကာတစ်ကောင်ကို ယူလိုက်သည်။ ထိုငှက်မှာ အခြားငှက်များနှင့် မတူဘဲ လှောင်အိမ်ထဲတွင် မရှိဘဲ ညာဘက်ခြေထောက်တွင် ချည်ထားသော ပိုးကြိုးဖြင့် သတ္တုစင်နှင့် ဆက်ထားခြင်း ဖြစ်သည်။ ယောင်ချုံက ထိုပိုးကြိုးကို ဖြုတ်လိုက်ရာ ထိုငှက်ကလေးမှာ သူ၏လက်ဖဝါးပေါ်တွင် ခုန်ပေါက်နေပြီး ပျော်ရွှင်စွာ အော်မြည်နေလေသည်။ ၎င်းမှာ ယောင်ချုံနှင့် အလွန် ယဉ်ပါးနေပုံရသည်။
“ငါ ငှက်တွေ အများကြီး မွေးထားတယ်၊ အားလုံးက ရှားပါးမျိုးစိတ်တွေပဲ။ စီဖန်းကွမ်က စစ်သည်တွေက ငှက်တွေ ပျံထွက်သွားမှာ စိုးလို့ ခြေထောက်ကို ကြိုးချည်ပြီး စင်နဲ့ တွဲထားကြတယ်။ ဒါပေမဲ့ သူတို့ မသိတာက ဒီငှက်တွေက လုံးဝပျံထွက်မသွားနိုင်ဘူး ဆိုတာပဲ”
ယောင်ချုံက လက်ဖဝါးကို အပေါ်သို့ မြှောက်လိုက်ရာ ထိုသာလိကာလေးမှာ ပျော်ရွှင်စွာ အော်မြည်ပြီး တောင်ပံခတ်ကာ ပျံတက်သွားသည်။ သို့သော် လေးငါးကိုးပေခန့်သာ ပျံနိုင်ပြီး ဟန်ချက်ပျက်ကာ လေထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“မျှခြေလား”
ဝမ်ချောင်က မျက်မှောင်ကြုတ်လျက် စကားလုံး နှစ်လုံးကို ပြောလိုက်သည်။ သူ၏ စိတ်စွမ်းအားမှာ အလွန် မြင့်မားသဖြင့် ထိုငှက်ကလေး အဘယ်ကြောင့် ဟန်ချက်ပျက်သွားသည်ကို မြင်လိုက်ရသည်။ ယောင်ချုံက ထိုငှက်၏ ညာဘက်တောင်ပံရှိ အမွေးအချို့ကို ညှပ်ထားခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ အလွန် သိမ်မွေ့စွာ ညှပ်ထားသဖြင့် အပြင်ပန်းကြည့်ရုံဖြင့် မသိနိုင်သော်လည်း တကယ်တမ်းတွင်မူ တောင်ပံနှစ်ဖက်မှာ “မျှခြေ” ပျက်နေခြင်း ဖြစ်သည်။
“မှန်တယ်... ‘မျှခြေ’ ဆိုတဲ့ စကားလုံးပဲ”
ယောင်အဖိုးအိုသည် ဝမ်ချောင်ကို ကြည့်ရင်း ချီးကျူးသည့် အမူအရာ ပြလိုက်သည်။
“ငါဟာ အစိုးရအဖွဲ့ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး နိုင်ငံရေး လှိုင်းတံပိုးပေါင်းစုံ၊ ပါတီတိုက်ပွဲတွေ၊ စစ်ဘက်နဲ့ စာပေဘက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ ဘုရင်အာဏာ လုပွဲတွေကို ဖြတ်သန်းခဲ့ရတယ်။ ဘယ်လောက်ပဲ မုန်တိုင်းထန်ပါစေ၊ ဘယ်လို ပြိုင်ဘက်တွေပဲ ရှိပါစေ၊ ငါဟာ အမြဲတမ်း မပြိုလဲဘဲ ရပ်တည်နိုင်ခဲ့တယ်။ ရှေးဘုရင်တွေကနေ အခုအထိ ဘယ်ဘုရင်ကမဆို ငါ့ကို ယုံကြည်အားကိုးခဲ့တာဟာ ဒီ ‘မျှခြေ’ ဆိုတဲ့ အချက်ကြောင့်ပဲ”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ယောင်အဖိုးအိုသည် တုတ်ကောက်ကို ကိုင်ကာ ရှေ့သို့ ကြည့်နေရင်း သူ၏ပိန်လှီသော ခန္ဓာကိုယ်မှ ပြင်းထန်သော ဩဇာအာဏာများ ထွက်ပေါ်လာသည်။ ၎င်းမှာ ဝမ်ချောင်ကိုပင် အံ့အားသင့်စေခဲ့သည်။
ယောင်အဖိုးအိုမှာ မဟာထန်နိုင်ငံရေးလောကတွင် မည်သူမျှ မလဲနိုင်သော သစ်ပင်ကြီးကဲ့သို့ ဖြစ်သည်။ ဘယ်ဘုရင်တက်တက် သူ့ကို မကင်းနိုင်သလို၊ ဝန်ကြီးများကလည်း သူ့ကို ကြောက်ရိုသေကြသည်။ ထိုလျှို့ဝှက်ချက်ကို ယောင်အဖိုးအို တစ်ဦးတည်းသာ သိသော်လည်း ယခုအခါ တစ်သက်လုံး ပြိုင်ဘက်ဖြစ်ခဲ့သော ဝမ်ကျိုလင်၏ မြေးဖြစ်သူအား သူ၏ တစ်သက်စာ အတွေ့အကြုံများကို ပြောပြနေခြင်းမှာ ဝမ်ချောင်အတွက် အလွန် ထူးဆန်းနေသည်။
“ဝန်ကြီးချုပ်” ဝမ်ချောင်က သံသယဖြင့် ခေါ်လိုက်သည်။
“ငါ့မှာ သားနှစ်ယောက် ရှိခဲ့တယ်။ သားကြီးက စောစော သေသွားပြီး ဒုတိယသား ယောင်ကွမ်းယီကတော့ ဉာဏ်အနည်းငယ်ရှိပေမဲ့ အပေါ်ယံပဲ ဖြစ်တယ်။ သူ့ရဲ့ စိတ်ဓာတ်ကလည်း အရမ်းလောကြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကို မလုပ်နိုင်ဘူး။ ယောင်ဖုန်းဆိုတဲ့ ကလေးကတော့ ဉာဏ်နည်းလွန်းလို့ အသုံးမကျဘူး”
ယောင်ချုံက ဝမ်ချောင်၏ အသံကို မကြားသကဲ့သို့ ခေါင်းခါရင်း ငေးကြည့်နေမိသည်။
“ဒါဟာ ငါ တစ်သက်လုံး လေ့လာခဲ့တဲ့ ပညာပဲ။ ဒါပေမဲ့ ယောင်မိသားစုမှာ ဒါကို ဆက်ခံနိုင်တဲ့သူ တစ်ယောက်မှ မရှိတာဟာ ငါ့ဘဝရဲ့အကြီးမားဆုံး နောင်တပဲ။ မြို့တော်မှာရှိတဲ့ လူအများစုဟာလည်း အစွမ်းအစ မရှိကြဘူး။ ငါ့ပညာကို ဆက်ခံဖို့ မထိုက်တန်ကြဘူး”
“ငါ့ပညာကို ဆက်ခံနိုင်တဲ့ တစ်ဦးတည်းသောသူဟာ ဝမ်ကျိုလင်ရဲ့ မြေးဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ယောင်ချုံက သက်ပြင်းချလျက် ပြောလိုက်သည်။ တူညီသော မေးခွန်းကို သူသည် ယောင်ကွမ်းယီနှင့် ယောင်ဖုန်းတို့ကို မေးခဲ့ဖူးသော်လည်း သူတို့မှာ ဘာမှ မသိဘဲ တွေဝေနေခဲ့ကြသည်။ ဝမ်ချောင်ကမူ သူ စကားစရုံဖြင့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ဝမ်ချောင်သည် ထိုစကားကို ကြားသောအခါ အားလုံးကို နားလည်သွားသည်။ ယောင်အဖိုးအိုသည် သူ၏ တစ်သက်စာ နိုင်ငံရေး လမ်းစဉ်ကို ရန်ဘက်ဖြစ်သူ၏ မြေးအား လက်ဆင့်ကမ်းချင်နေခြင်း ဖြစ်သည်။
“ယောင်အဖိုးအိုရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒီ ‘မျှခြေ’ ဆိုတဲ့ လမ်းစဉ်ဟာ ကွန်ဖူးရှပ်တို့ရဲ့ အလယ်အလတ်လမ်းစဉ်နဲ့ ဆင်တူပါတယ်။ ပုံစံချင်း မတူပေမဲ့ သဘောတရားချင်းကတော့ အတူတူပါပဲ။ တိုင်းပြည် အေးချမ်းနေချိန်မှာတော့ ဟုတ်နိုင်ပေမဲ့ တကယ်လို့ ရှန်ကျိုးတစ်ခုလုံး ဒုက္ခရောက်နေချိန်မှာ လူတိုင်းက ဒီလိုပဲ ကိုယ်လွတ်ရုန်းပြီး ရာထူးအတွက်ပဲ ကြည့်နေမယ်ဆိုရင် မဟာထန်ကော တိုင်းသူပြည်သားတွေပါ ပျက်စီးသွားပါလိမ့်မယ်။”
“ဒီလမ်းစဉ်ဟာ တည်ငြိမ်မှုအတွက်ပဲ ကောင်းပြီး၊ တိုးတက်မှုအတွက်တော့ မဟုတ်ဘူး။ ဒါဟာ ကျွန်တော် လျှောက်မယ့်လမ်း မဟုတ်ပါဘူး။ ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော့်ကို လက်ဆင့်ကမ်းဖို့ မလိုအပ်ပါဘူး”
ဝမ်ချောင်က ပြုံးလျက် ငြင်းပယ်လိုက်သည်။ ယောင်ချုံသည် ခဏမျှ ကြောင်သွားသည်။ ဤအဖြေမျိုးကို သူ မျှော်လင့်မထားခဲ့ပေ။
“ကောင်းပြီ… တည်ငြိမ်မှုလမ်းစဉ်ပေါ့... မင်းပြောတာ မှန်ပါတယ်။ ဒီ မျှခြေ လမ်းစဉ်က မင်းနဲ့ မသင့်တော်ဘူး။ ငါပဲ အပိုတွေ တွေးမိသွားတာပဲ” ယောင်ချုံက ပြုံးလျက် စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်သည်။ လူတိုင်းတွင် ကိုယ်စီ လမ်းရှိကြရာ ဝမ်ချောင်အတွက်မူ သူ၏ လမ်းစဉ်မှာ မသင့်တော်သည်မှာ အမှန်ပင် ဖြစ်သည်။
ဝမ်ချောင်သည် ယောင်ချုံ၏ အိမ်တော်မှ ထွက်ခွာလာခဲ့သည်။ ယောင်ချုံမှာမူ တံခါးဝတွင် ရပ်ကျန်ခဲ့ပြီး ငြင်းပယ်ခံရသော်လည်း သူ၏မျက်နှာတွင်မူ ပြုံးရိပ်တစ်ခု ပေါ်နေတော့သည်။
ဝမ်ချောင်သည် မြင်းရထားပေါ်သို့ တက်လိုက်ရာ ဘေးနားတွင် ရွှီချီချင်က ထိုင်နေပြီးသား ဖြစ်သည်။
“ဘယ်လိုနေလဲ” ရွှီချီချင်က မေးလိုက်သည်။ ယောင်ချုံက ဝမ်ချောင်ကို ခေါ်တွေ့ခြင်းမှာ သူမအတွက် အလွန် အံ့သြစရာ ဖြစ်နေသည်။
“ယောင်အဖိုးအိုရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူး” ဝမ်ချောင်က တည်ကြည်စွာ ပြောလိုက်သည်။
ယောင်အဖိုးအို၏ အပြုအမူများမှာ ယခင်ကကဲ့သို့ ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် မတူဘဲ သေခါနီး သာမန် အဖိုးအိုတစ်ဦးကဲ့သို့ သားမြေးများအတွက် လမ်းခင်းပေးနေခြင်း ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်ကြီးမှာ သူ၏ဘဝ နောက်ဆုံးအချိန်တွင်မှ မိသားစု အကျိုးအတွက် ခေါင်းငုံ့ခဲ့ခြင်း ဖြစ်သည်။
ဝမ်ချောင်သည် သူ၏ စွမ်းအားဖြင့် စစ်ဆေးကြည့်ရာ အသက် ၈၀ ကျော်နေပြီဖြစ်သော ယောင်အဖိုးအိုမှာ ကြာရှည် ခံတော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအခါ ဝမ်ချောင်လည်း စိတ်ထဲတွင် မသက်မသာဖြစ်သွားမိသည်။ လူသေလျှင် အပြစ်ပြေသည်ဟု ဆိုရမည်။ မိသားစု နှစ်ခုကြားတွင် ပြဿနာများ ရှိခဲ့သော်လည်း ယောင်အဖိုးအိုသည် မဟာထန်၏ ငြိမ်းချမ်းရေးအတွက် အများကြီး ဆောင်ရွက်ခဲ့သည်မှာ ငြင်းမရသော အချက် ဖြစ်သည်။
“သွားကြစို့”
အချိန်များ ကုန်ဆုံးသွားပြီးနောက် ဝမ်ချောင်သည် လုထင်ကျိနှင့် ယန်ကျောက်တို့ကို အသုံးပြု၍ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က နန်းတွင်း မှတ်တမ်းများကို ရှာဖွေခိုင်းခဲ့ရာ ထူးခြားသော အချက်အချို့ကို တွေ့ရှိခဲ့သည်။
“မျိုးနွယ်ခြားဘုရင်... ကျွန်တော်တို့ နန်းတွင်း မှတ်တမ်းအားလုံးကို ရှာဖွေကြည့်ပြီးပါပြီ။ ဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ မှတ်တမ်းတွေအားလုံး စုံလင်ပါတယ်။ ကိုးပြည်နယ် စစ်သူကြီးနဲ့ ဝန်ကြီးချုပ်ယောင်တို့ရဲ့ အချက်အလက်တွေလည်း အကုန်ရှိပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်...”
မျိုးနွယ်ခြားဘုရင် အိမ်တော်ခန်းမထဲတွင် ရွှီခဲ့ယီက ဦးညွှတ်လျက် မဝံ့မရဲ ပြောလိုက်သည်။
“ဘာပြဿနာလဲ” ဝမ်ချောင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“အဲဒါက... နန်းတွင်း မှတ်တမ်းတွေထဲမှာ ထိုက်ကျူ၊ ထိုက်ကျုံး၊ ကောင်းဇူ၊ ကောင်းကျုံးစတဲ့ အရင်ဧကရာဇ်တွေရဲ့ မှတ်တမ်းတွေက အပြည့်အစုံ ရှိနေပေမဲ့... သူတော်စင်ဧကရာဇ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကတော့ အတော်များများ ပျောက်ဆုံးနေပြီး သူ နန်းတက်ပြီးနောက်ပိုင်း မှတ်တမ်းတွေပဲ ရှိပါတော့တယ်”
ရွှီခဲ့ယီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာ”
ဝမ်ချောင်မှာ အလွန် အံ့အားသင့်သွားတော့သည်။
******
အခန်း ၁၉၅၃ ယန်အိမ်တော်
ဧကရာဇ်တစ်ပါး၏ အဆင့်အတန်းသည် အလွန်ထူးခြားလှသည်။ သူတို့နှင့် ပတ်သက်သည့် အချက်အလက် မှတ်တမ်းများမှာ အလွန်အရေးကြီးပြီး အမှားအယွင်း အပျောက်အရှပျက် လုံးဝမရှိစေရပေ။ ပြောရလျှင် အလယ်ပြည်၏ သမိုင်းကြောင်းဆိုသည်မှာ တစ်ပါးပြီးတစ်ပါး နန်းတက်ခဲ့ကြသည့် ဧကရာဇ်များ၏အကြောင်းအရာများကို ချိတ်ဆက်ထားခြင်းပင် ဖြစ်သည်။
ဧကရာဇ်များ၏ အပြုအမူ မှတ်တမ်းများမှာ ပို၍ပင် အရေးကြီးလှသည်။ ဧကရာဇ်များ၏ မင်္ဂလာဦးညတွင်ပင် အပြင်ဘက်၌ မှတ်တမ်းတင်ရန် သီးသန့်တာဝန်ပေးထားသော မိန်းမစိုးများ ရှိကြသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဤကဲ့သို့သော မှတ်တမ်းများအပေါ် မည်မျှအထိ စည်းကမ်းတင်းကျပ်သည်ကို ခန့်မှန်းနိုင်သည်။
သို့သော် ယခုအခါ အလယ်ပြည်၏ ထာဝရဧကရာဇ်ဟု တင်စားရမည့်၊ မဟာထန်ခေတ်အဆက်ဆက်တွင် အထူးချွန်ဆုံးသော သူတော်စင်ဧကရာဇ်သည် နန်းမတက်မီက အရေးကြီးသော မှတ်တမ်းများ ပျောက်ဆုံးနေသည်ဆိုခြင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်နေသည်။
ဝမ်ချောင်သည် ရွှီချီချင်ကို လှည့်ကြည့်လိုက်ရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများကို မြင်လိုက်ရသည်။
“ဒါကြောင့်လည်း ယောင်အဖိုးအိုက တိုက်ရိုက်မပြောဘဲ အရိပ်အမြွက်တွေပဲ ပြောနေတာကိုး။ သူပြောချင်တာက ဒီကိစ္စပဲလား”
ရွှီချီချင်သည် ဖြူစင်သောဝတ်စုံဖြင့် နတ်မိမယ်လေးကဲ့သို့ လှပနေပြီး သူမ၏မျက်ဝန်းများမှာမူ ဉာဏ်ပညာဖြင့် တောက်ပနေသည်။
စီဖန်းကွမ်တွင် ယောင်အဖိုးအိုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက နန်းတွင်း မှတ်တမ်းများကို ရှာဖွေရန် ဝမ်ချောင်ကို အမြဲတစေ အရိပ်အမြွက် ပေးခဲ့သည်။ ထိုစဉ်က သူတို့နှစ်ဦးစလုံး သိပ်နားမလည်ခဲ့သော်လည်း ယခုအချိန်တွင်မူ အထူးခြားဆုံးနှင့် အစိုးရိမ်ရဆုံးမှာ သူတော်စင်ဧကရာဇ်၏ သမိုင်းမှတ်တမ်းများ ဖြစ်နေသည်။
“နန်းတွင်း မှတ်တမ်းဆိုတာ သမိုင်းပညာရှင်တွေရဲ့ မှတ်တမ်းနဲ့ မတူဘူး။ သမိုင်းပညာရှင်တွေတောင် စည်းကမ်းကို ဖောက်ဖျက်လို့ မရဘူး။ ပြီးတော့ နန်းတွင်း မှတ်တမ်းတွေက အရမ်းထူးခြားတယ်။ အဲဒါကို မှတ်တမ်းတင်တဲ့သူ သီးသန့်ရှိသလို နန်းတော်စောင့်တပ်တွေကလည်း စောင့်ကြပ်နေကြတာ။ အပြင်လူတွေ လုံးဝ ဝင်လို့မရဘူး။ တစ်ခါ မှတ်တမ်းတင်ပြီးရင် နန်းတွင်းက ဝန်ကြီးတွေတောင်မှ ပြန်ဖတ်ကြည့်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အခွင့်အာဏာ မရှိဘူး။ အခု သူတော်စင်ဧကရာဇ်ရဲ့ သမိုင်းမှတ်တမ်း ၁၀ တွဲထက်မက ပျောက်ဆုံးနေတယ်ဆိုတာက လုံးဝကို မူမမှန်ဘူး”
ဝမ်ချောင်က မျက်မှောင်ကြုတ်ကာ တည်ကြည်စွာ ပြောလိုက်သည်။
“ပြဿနာက ဘာကြောင့်လဲ၊ ပြီးတော့ ဘယ်သူက ဒါကို လုပ်နိုင်တာလဲ”
ရွှီချီချင်ကလည်း လှပသော မျက်ခုံးလေးများကို တွန့်ချိုးကာ ထပ်ဆင့်ပြောလိုက်သည်။
ဧကရာဇ်များ၏ မှတ်တမ်းများကို စုစည်းထားခြင်းသည် အစိုးရအဖွဲ့နှင့် မသက်ဆိုင်သလို ပါတီတိုက်ပွဲများနှင့်လည်း မပတ်သက်ပေ။ ထို့ပြင် ၎င်းတို့မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက မှတ်တမ်းများ ဖြစ်သည်။ ထိုမှတ်တမ်းများကို မည်သူက ရည်ရွယ်ချက်ရှိရှိ ခိုးယူဖျက်ဆီးပါသနည်း။
ပြီးတော့ ဘာကြောင့် ကောင်းဇူ၊ ထိုက်ကျုံး၊ ကောင်းကျုံးစတဲ့ အရင်မင်းတွေရဲ့ မှတ်တမ်းတွေက အကောင်းအတိုင်း ရှိနေပြီး သူတော်စင်ဧကရာဇ်ရဲ့ မှတ်တမ်းကျမှ ပျောက်နေရတာလဲ။
ပိုပြီးအရေးကြီးတာက မကြာသေးခင်က သူတော်စင်ဧကရာဇ်ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ယောင်အဖိုးအိုက ဘာကိုအရိပ်အမြွက် ပေးချင်တာလဲ။
ထိုခဏအတွင်း သူတို့နှစ်ဦး၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားကြသည်။ လက်ရှိ မဟာထန်၏ နန်းတွင်းနန်းပြင် ပြောင်းလဲမှုများမှာ ပို၍ပင်နားလည်ရ ခက်ခဲလာသည်။
ယခင်က ဤအရာအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကိစ္စများနှင့် ဆက်စပ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့သလို သူတော်စင်ဧကရာဇ်၏ သမိုင်းမှတ်တမ်းများ ပျောက်ဆုံးနေလိမ့်မည်ဟုလည်း မတွေးခဲ့ဖူးပေ။
နန်းတွင်းရှိ အရေးကြီးသော သမိုင်းမှတ်တမ်းများကို ဖျက်ဆီးခြင်းသည် သေဒဏ်ထိုက်သော အပြစ်ဖြစ်သည်။ မည်သူက ဤမျှအထိ သတ္တိရှိပြီး ဤကဲ့သို့ လုပ်ရဲသနည်း။
မြူထုကြီးများ လွှမ်းမိုးလာသကဲ့သို့ ခံစားရပြီး ခန်းမထဲတွင် ရှိနေသူများအားလုံး တိတ်ဆိတ်သွားကြသည်။
“ဒီပျောက်ဆုံးနေတဲ့ နန်းတွင်း မှတ်တမ်းတွေထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ကျွန်မ မသိပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အချက်အလက်တွေကို ရှာဖို့ဆိုရင် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်”
ရွှီချီချင်က အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။
ဝမ်ချောင်လည်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးစလုံးက အမည်တစ်ခုကို ပြိုင်တူပြောလိုက်ကြသည်။
“ယန်အိမ်တော်”
နန်းတွင်းမှတ်တမ်းများတွင် အဓိကမှတ်တမ်းတင်ထားသည်မှာ နန်းတွင်းရှိ မင်းသား၊ မင်းသမီးများ၏အပြုအမူ၊ အပြောအဆို၊ စာသင်ကြားမှု အခြေအနေ၊ ဆရာသမားများနှင့် ဧကရာဇ်တို့ကြားရှိ ဆွေးနွေးမှုများပင် ဖြစ်သည်။
၎င်းအပြင် ဧကရာဇ်၏ နေ့စဉ်လူနေမှုဘဝနှင့် အပြုအမူဆိုင်ရာ မှတ်တမ်းများကိုလည်း သီးသန့်ရေးထိုးထိန်းသိမ်းထားရှိသည်။ ဤမှတ်တမ်းများသည် နန်းတွင်းအတွင်း၌သာ အဓိက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ ဖြစ်သောကြောင့် သမိုင်းပညာရှင်များအဖို့ ရယူသိရှိနိုင်ရန် များစွာ ခက်ခဲလှပေသည်။ သို့သော်လည်း မင်းသားနှင့် မင်းသမီးများသည် နန်းတော်ပြင်ပသို့ ကြွချီ၍ တိုင်းပြည်အရေးများ၌ ပါဝင်ဆောင်ရွက်ခြင်း၊ သို့မဟုတ် မြို့တော်အတွင်းရှိ အခြားသော မှူးမတ်များနှင့် ထိတွေ့ဆက်ဆံခြင်းများ ရှိလာသည့်အခါတွင်မူ သမိုင်းပညာရှင်များသည် ထိုအချက်အလက်များကို ရရှိနိုင်ကာ သမိုင်းမှတ်တမ်းများအဖြစ် ရေးထိုး သိမ်းဆည်းနိုင်ကြသည်။ သို့ရာတွင် ဤကဲ့သို့သော မှတ်တမ်းများသည် နန်းတွင်း မှတ်တမ်းများ၏ ပုံစံနှင့်တော့ အနည်းငယ် ကွဲပြားခြားနားမှုများ ရှိနိုင်ပေသည်။
မြို့တော်၊ ယန်အိမ်တော်
မဟာထန်နိုင်ငံတွင် မည်သည့် မြို့စား၊ နယ်စားများကို မသိသော သူများ ရှိနိုင်သော်လည်း ထိုက်ရှီလင်း ယန်မိသားစုကို မသိသောသူမှာ အလွန်ပင် ရှားပါးသည်။
ဝမ်ချောင်သည် မြို့တော်တွင် ကြီးပြင်းလာပြီး ဆယ်စုနှစ် တစ်ခုကျော် နေထိုင်ခဲ့သော်လည်း ယန်အိမ်တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ မြို့တော်ရှိ မင်းစိုးရာဇာ မျိုးနွယ်များအတွက် ယန်မိသားစု ဆိုသည်မှာ “နဂါးတွင်း၊ ကျားဂူ” သို့မဟုတ် “မြို့တော်၏ တားမြစ်နယ်မြေ” ကဲ့သို့ ဖြစ်သောကြောင့်ပင်။
ယန်မိသားစုမှ လူများသည် သိုင်းပညာ မတတ်ကြဘဲ စာပေမျိုးရိုးသာ ဖြစ်သော်လည်း သူတို့ လက်ထဲရှိ ကလောင်တံ တစ်ချောင်းမှာ စစ်ဗိုလ်ချုပ်များ၏ဓား၊ လှံ များထက်ပင် ပို၍ ထက်မြက်ပြီး ကြောက်စရာ ကောင်းလှသည်။
အကယ်၍ တစ်စုံတစ်ယောက်၏မကောင်းသော အပြုအမူ၊ အပြောအဆိုများမှာ ယန်မိသားစု၏နားထဲသို့ ရောက်သွားပြီး သမိုင်းမှတ်တမ်းထဲတွင် ရေးထိုးခံလိုက်ရလျှင် တစ်သက်လုံး ဆေးကြော၍ မရနိုင်တော့ဘဲ မိသားစု မျိုးဆက်အလိုက် အပြစ်သားကြီးများ ဖြစ်သွားပေလိမ့်မည်။
“အိမ်တော်ကြီးက တကယ့်ကို ကြီးကျယ်တာပဲ”
ဝမ်ချောင်သည် မြင်းရထားပေါ်မှ ဆင်းကာ စီတန်းနေသော အိမ်ရာများ၊ ချိတ်ဆက်ထားသော အဆောက်အဦးများနှင့် လှပသော အုတ်ကြွပ်ပြားများကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။
ယန်မိသားစု၏ အိမ်တော်မှာ မှူးမတ်အိမ်တော်များကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသလို တံခါးရှေ့တွင်လည်း ကျောက်ခြင်္သေ့များကို မတွေ့ရပေ။ အလွန်ပင် ရိုးရှင်းလှသော်လည်း အိမ်တော်၏ အကျယ်အဝန်းမှာ သာမန်မှူးမတ်အိမ်တော်များထက်ပင် ပို၍ ကြီးမားလှသည်။
ယန်မိသားစုမှာ စာပေဝန်ကြီးများ ဖြစ်ကြသလို မျိုးဆက်အလိုက် အလွန်ရိုးရိုးသားသား နေထိုင်ကြသူများဖြစ်ကြောင်း လူအများက သိထားကြသည်။ ထို့ကြောင့် ယန်မိသားစုမှာ မျိုးရိုးစဉ်ဆက် ထိုက်ရှီလင်းရာထူးကို ဆက်ခံလာသည့် စစ်မှန်သော မျိုးရိုးကြီးဖြစ်သည်ကို လူအများက မေ့လျော့နေတတ်ကြသည်။
အလယ်ပြည်တွင် မင်းဆက်များ ပြောင်းလဲသွားသော်လည်း နန်းတွင်းအဖွဲ့နှင့် သီးသန့် ကင်းလွတ်နေသော သမိုင်းစောင့်ကြည့်သူများအဖြစ် ယန်မိသားစုမှာ မည်သည့်ခေတ်တွင်မဆို မပြိုလဲဘဲ တည်ရှိနေခဲ့သည်။
ယန်အိမ်တော်၏ အဆောက်အဦး တော်တော်များများမှာ အရင်မင်းဆက် အသီးသီးက ပေးသနားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တက်လာသော မင်းများကလည်း ပြန်မသိမ်းသည့်အပြင် ပို၍ပင် ပေးသနားခဲ့ကြသည်။
ယန်မိသားစု၏ အဆောက်အဦးအများစုမှာ သမိုင်းမှတ်တမ်း အချက်အလက်များကို သိမ်းဆည်းရန်အတွက် အသုံးပြုကြခြင်း ဖြစ်သည်။
ဝမ်ချောင်သည် အတန်ကြာ စဉ်းစားပြီးနောက် ယန်အိမ်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဝမ်ချောင်ရောက်ရှိလာသည်နှင့် ယန်မိသားစု တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ယန်မိသားစုဝင် အားလုံး ထွက်လာကာ ဝမ်ချောင်ကို အမြင့်ဆုံးသော ဂုဏ်ပြုမှုဖြင့် ကြိုဆိုကြသည်။
သို့သော် ဝမ်ချောင်ကို ကြိုဆိုသူမှာ ယန်ဝမ်ကျန်း မဟုတ်ဘဲ သူ၏သားဖြစ်သူ ယန်ဝမ်ကျိန်း ဖြစ်နေသည်။
“ကျွန်တော့်အဖေက အသက်ကြီးပြီဖြစ်လို့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ အားနည်းလာပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး အနားယူဖို့ လိုအပ်နေပါတယ်။ မှတ်တမ်း တော်တော်များများကိုလည်း သူ မရေးတော့ဘဲ ကျွန်တော့်ကိုပဲ လွှဲပြောင်းပေးထားပါတယ်။ ဒါကို သူတော်စင်ဧကရာဇ်ကလည်း ခွင့်ပြုထားပြီးသားပါ။ မျိုးနွယ်ခြားဘုရင် အနေနဲ့ သိချင်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက်မေးနိုင်ပါတယ်”
ဝမ်ချောင်အနည်းငယ် အံ့သြသွားသော်လည်း ယန်အဖိုးအို၏ အသက်အရွယ်အရ ခန္ဓာကိုယ်နှင့် စိတ်ဓာတ်မှာ မစွမ်းဆောင်နိုင်တော့သည်မှာ ဖြစ်နိုင်ပေသည်။
“သခင်ယန်.. အားနာပါတယ်၊ ကျွန်တော် အချို့သော သမိုင်းမှတ်တမ်း ရှာဖွေချင်လို့ပါ။ ဒါက အစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ သခင်ယန်အနေနဲ့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဝမ်ချောင်က ယန်မိသားစုဝင်များကို ကြည့်ကာ သူလာသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။
ယန်ဝမ်ကျိန်း၏ မျက်နှာတွင် တွေဝေသွားသော အမူအရာ ပေါ်လာသည်။
ယန်မိသားစု၏ သမိုင်းမှတ်တမ်းများကို ရေးသားပြီးလျှင် တံဆိပ်ခတ်၍ သိမ်းဆည်းထားလေ့ရှိသည်။ ယခုမင်းဆက်မှ လူများမှာ ယခုမင်းဆက်၏ အကြောင်းအရာများကို ဖတ်ရှုခွင့်မရှိခြင်းမှာ သူတို့၏စည်းကမ်းဖြစ်သည်။ ၎င်းမှာ မှူးမတ် ဝန်ကြီးများက သူတို့အတွက် မကောင်းသော မှတ်တမ်းများကို မြင်တွေ့ပြီး ပြင်ဆင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် ကောင်းအောင် လုပ်ခြင်းများ မရှိစေရန် ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပွားခဲ့ဖူးသည်။
အချို့သော မှူးမတ်များမှာ သူတို့နှင့် သူတို့ မိသားစု၏ မှတ်တမ်းများကို ပြင်ဆင်ရန်အတွက် နည်းလမ်းပေါင်းစုံ သုံးကာ လူသတ်သမားများ စေလွှတ်ခြင်း၊ ညဘက်တွင် မှတ်တမ်းများကို ခိုးယူခြင်းများ လုပ်ခဲ့ကြသည်။ အချို့ဆိုလျှင် လက်ရေးတု ရေးနိုင်သူများကို အသုံးချကာ မှတ်တမ်းစာအုပ် တစ်အုပ်လုံးကို ပြန်လည်ရေးသားစေခဲ့သော်လည်း နောက်ဆုံးတွင် ယန်မိသားစုက ရှာဖွေတွေ့ရှိခဲ့သည်။
ဤကဲ့သို့သော ကိစ္စများကြောင့်ပင်၊ ဧကရာဇ်များ ကိုယ်တိုင်ပင် သူတို့အတွက် မကောင်းသော မှတ်တမ်းများကို ပယ်ဖျက်ရန် ကြိုးစားခဲ့ကြဖူးသည်။
ထို့ကြောင့် ယန်မိသားစုသည် စည်းကမ်းတစ်ခု ထုတ်ပြန်ခဲ့သည်မှာ သမိုင်းမှတ်တမ်း အားလုံးကို တံဆိပ်ခတ်ပြီးလျှင် မည်သူမျှ ဖတ်ရှုခွင့်မရှိစေရဟူ၍ ဖြစ်သည်။ ဧကရာဇ်ဖြစ်စေ၊ မှူးမတ် ဝန်ကြီးဖြစ်စေ အားလုံးနှင့် သက်ဆိုင်သည်။
ဒါဟာ ယန်မိသားစုက မျိုးဆက်အလိုက် သမိုင်းပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နိုင်တဲ့ အဓိက အချက်ဖြစ်သလို ဧကရာဇ်အဆက်ဆက်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ အကြောင်းရင်းလည်း ဖြစ်သည်။
သမိုင်းဆိုသည်မှာ စာစီစာကုံး ရေးခြင်းမဟုတ်ပေ။ ယန်မိသားစုသည် သူတို့ မှတ်တမ်းတင်ထားသော သမိုင်းကြောင်း၏ မှန်ကန်မှုကို အမြဲ အာမခံရမည် ဖြစ်သည်။
“ယန်မိသားစုရဲ့ စည်းကမ်းကို ငါ သိပါတယ်။ ငါက ငါ့အကြောင်း မှတ်တမ်းတွေကို ကြည့်ဖို့ လာတာ မဟုတ်ပါဘူး။ ဝမ်ချောင်ဆိုတာ အသက် ၁၆ နှစ်မတိုင်ခင်က မြို့တော်မှာ ‘လူမိုက်’ တစ်ယောက်အဖြစ် နာမည်ကြီးခဲ့သလို ‘မိန်းကလေးတွေကို အဓမ္မခေါ်ယူတာ’ မျိုးတွေလည်း လုပ်ခဲ့တယ်ဆိုတာ တစ်မြို့လုံး သိပါတယ်။ ဒါတွေကို ပြင်ဆင်ဖို့ ဝမ်ချောင်မှာ ဆန္ဒမရှိပါဘူး”
ယန်ဝမ်ကျိန်း စိုးရိမ်နေသည်ကို သိသဖြင့် ဝမ်ချောင်က တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ယန်ဝမ်ကျိန်းနှင့် ဘေးမှ ယန်မိသားစုဝင်များအားလုံး သက်ပြင်းချကာ စိတ်အေးသွားကြသည်။ ဝမ်ချောင်က ထိုကိစ္စအတွက် လာခြင်းမဟုတ်လျှင် ကျန်သည်မှာ ဆွေးနွေး၍ ရနိုင်ပေသည်။
“မျိုးနွယ်ခြားဘုရင်... ယန်မိသားစုက မကူညီချင်လို့ မဟုတ်ပါဘူး၊ စည်းကမ်းက စည်းကမ်း ဖြစ်နေလို့ပါ။ ဒီစည်းကမ်းက အပြင်လူတွေတင် မဟုတ်ဘဲ ယန်မိသားစုဝင် အချင်းချင်း၊ သားအဖ အချင်းချင်းတောင်မှ ဖတ်ရှုခွင့် မရှိတာပါ။ အရင် ထိုက်ကျုံးဧကရာဇ်လက်ထက်မှာလည်း ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတာ အားလုံး အသိပဲ မဟုတ်လား။ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် မပြောလည်း သိမှာပါ။ မျိုးနွယ်ခြားဘုရင် အနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယန်ဝမ်ကျိန်းက ဦးညွှတ်လျက် ပြောလိုက်သည်။
ဝမ်ချောင်သည် ယခုအခါ မျိုးနွယ်ခြားဘုရင်အဖြစ် အာဏာကြီးမားနေသော်လည်း အခြေခံမူဆိုသည်မှာ အခြေခံမူသာ ဖြစ်သည်။ ယန်မိသားစုသည် အချို့သော ကိစ္စများတွင် လုံးဝ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။
“သခင်ယန်... ကျွန်တော်တို့ သီးသန့် စကားပြောလို့ ရမလား”
ဝမ်ချောင်က ဘေးဘီရှိ ယန်မိသားစုဝင်များကို ကြည့်ကာ တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ယန်ဝမ်ကျိန်း စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဝမ်ချောင်ကို အံ့သြစွာ ကြည့်လိုက်သည်။
“အားလုံး ထွက်သွားကြ”
ယန်ဝန်ကျိန်း၏ အမိန့်အရ ယန်မိသားစုဝင်များအားလုံး ဆုတ်ခွာသွားကြသည်။ ယန်ဝန်ကျိန်းက ဝမ်ချောင်ကို ကြည့်ကာ
“အခု မျိုးနွယ်ခြားဘုရင် ပြောနိုင်ပါပြီ”
“သခင်ယန်... ငါက ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လာတာ မဟုတ်ဘဲ တိုင်းပြည်အရေးအတွက် လာတာပါ။ ငါ သိချင်တာက သူတော်စင်ဧကရာဇ် နန်းမတက်မီ အစောပိုင်းကာလက သမိုင်းမှတ်တမ်းတွေ အကြောင်းပါ”
ဝမ်ချောင်သည် အတန်ကြာ စဉ်းစားပြီးနောက် နန်းတွင်း၌ သူတော်စင်ဧကရာဇ် နန်းမတက်မီက မှတ်တမ်းများ ပျောက်ဆုံးနေသည့် ကိစ္စကို ပြောပြလိုက်သည်။
“ဘာ”
ဝမ်ချောင်၏ စကားကြောင့် ယန်ဝမ်ကျိန်းလည်း တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးသွားတော့သည်။
နန်းတွင်း မှတ်တမ်းများသည် ယန်မိသားစု၏ လက်အောက်တွင် မရှိသော်လည်း နန်းတွင်းနန်းပြင် သမိုင်းနှင့် ပတ်သက်သမျှ အားလုံးတွင် အလွန်တင်းကျပ်သော စနစ်တစ်ခု ရှိနေသည်။
သီအိုရီအရ သမိုင်းစာအုပ်တွေ ပြုစုဖို့အတွက် နန်းတွင်း မှတ်တမ်း အားလုံးကို ဧကရာဇ် မိသားစုက ယန်မိသားစုဆီ ပို့ပေးပြီး ဖတ်ရှု၊ ကိုးကား၊ ပြုစုခိုင်းရတာဖြစ်သည်။ ဒါဟာ ယန်မိသားစု သမိုင်းမှတ်တမ်းတွေရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း တစ်ခုလည်း ဖြစ်၏။
ပိုပြီးအရေးကြီးတာက ဒါဟာ ဧကရာဇ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ဖြစ်နေခြင်းပင်။ ဘယ်သူကပဲ ဒီကိစ္စကို လုပ်ခဲ့ပါစေ၊ ဒါဟာ သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကြီး ဖြစ်သည်။
“ဒီကိစ္စက အရမ်း အရေးကြီးပါတယ်။ အဖြစ်မှန် တော်တော်များများကို ခင်ဗျားရဲ့အဖေပဲ သိနိုင်မှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ထိုက်ရှီလင်းအဖိုးအိုနဲ့ ငါ တွေ့ချင်ပါတယ်”
ဝမ်ချောင်က အလေးအနက် ပြောလိုက်သည်။
“မျိုးနွယ်ခြားဘုရင်... မကူညီချင်လို့ မဟုတ်ဘဲ မတတ်နိုင်လို့ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အဖေက အသက် ၈၀ နား နီးနေပါပြီ။ ပြီးတော့ နှစ်ပေါင်းများစွာ နေ့ညမနား သမိုင်းမှတ်တမ်းတွေ ပြုစုခဲ့ရလို့ ခန္ဓာကိုယ်က အရမ်းဝန်ပိနေခဲ့တာပါ။ အခုဆိုရင် အဖေက စွမ်းအားတွေ မရှိတော့တဲ့အပြင် တစ်ခါတလေမှာ ကိစ္စတော်တော်များများကိုတောင် မမှတ်မိတော့ပါဘူး”
ယန်ဝမ်ကျိန်းက စိတ်မကောင်းစွာဖြင့် ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချောင်မှာ အလွန် အံ့အားသင့်သွားရသည်။ ဤအခြေအနေမှာ သူ လာမတိုင်မီက လုံးဝထည့်မတွေးခဲ့သော အချက်ပင်။
ယန်ဝန်ကျိန်း ပြောပြသော ဤအခြေအနေကို ဝမ်ချောင်ရင်းနှီးပါသည်။ အခြားသော ကမ္ဘာတစ်ခုတွင်မူ ၎င်းကို အယ်လ်ဇိုင်းမား သို့မဟုတ် သတိမေ့လျော့ခြင်းဟု ခေါ်ဆိုကြသည်။
ဤအခြေအနေ ဖြစ်ပေါ်လာပြီဆိုလျှင် ဝမ်ချောင်အနေဖြင့် ထိုက်ရှီလင်းထံမှ အဖြေရယူရန် ကြံစည်မှုမှာ လုံးဝ ပျက်ပြယ်သွားပြီ ဖြစ်သည်။
ဝမ်ချောင်၏ စိတ်ထဲတွင် လေးလံသွားတော့သည်။
“ကျွန်တော်က အဖေ့ရဲ့နေရာကို ဆက်ခံရတာဟာလည်း တကယ်တော့ ဒီအကြောင်းရင်းကြောင့်ပါပဲ”
ယန်ဝမ်ကျိန်းက ဆက်လက် ပြောပြလေတော့သည်။
******
အခန်း ၁၉၅၄ မီးလောင်ဖျက်ဆီးခံလိုက်ရသော မှတ်တမ်းများ
သမိုင်းပညာရှင်တစ်ယောက်အတွက် မှတ်တမ်းများ၏တိကျမှုမှာ အသက်တမျှ အရေးကြီးလှသည်။ မှတ်ဉာဏ် မှားယွင်းသွားခြင်းမှာ သမိုင်းပညာရှင် တစ်ယောက်အတွက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုပင် ဖြစ်သည်။
“သခင်ယန်... အခု နန်းတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ခင်ဗျား သိမှာပါ။ အခု သူတော်စင်ဧကရာဇ်ဟာ အရင်ကနဲ့ လုံးဝကို ကွဲပြားခြားနားနေပြီ။ ယန်မိသားစုက သမိုင်းမှတ်တမ်းတွေကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ မှတ်တမ်းတွေကို ဖတ်ရှုခွင့် မပေးရတဲ့ ရည်ရွယ်ချက်က ဝန်ကြီးတွေက သူတို့နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို မကျေနပ်လို့ ဝင်ရောက် စွက်ဖက်တာမျိုး၊ ပြင်ဆင်တာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ပဲ မဟုတ်လား”
“ဒါပေမဲ့ ဝမ်ချောင်သိချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သူတော်စင်ဧကရာဇ် နန်းတက်စ အချိန်က မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ အဲဒါက လက်ရှိ အစိုးရအဖွဲ့နဲ့လည်း မဆိုင်သလို ဝန်ကြီးတွေနဲ့လည်း မပတ်သက်ပါဘူး။ ပြီးတော့ နောင်နှစ်ပေါင်း များစွာ ကြာတဲ့အခါမှာလည်း ဒီမှတ်တမ်းတွေက လူအများရှေ့ကို ရောက်လာမှာပဲ။ အခု ငါ ဒါကို ကြည့်တာက ယန်မိသားစုအပေါ်မှာရော၊ ဝန်ကြီးတွေနဲ့ နန်းတွင်းအဖွဲ့အပေါ်မှာပါ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် သခင်ယန်အနေနဲ့ အနည်းငယ် လိုက်လျောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဝမ်ချောင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ယန်ဝမ်ကျိန်းသည် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်ပြောသည်မှာ မှန်ပေသည်။ သူက သူတော်စင်ဧကရာဇ်၏ အစောပိုင်း မှတ်တမ်းများကိုသာ သိလိုခြင်းဖြစ်ပြီး မိမိနှင့် ပတ်သက်သော မှတ်တမ်းများကို ကြည့်လိုခြင်း မဟုတ်သည့်အတွက် ယန်မိသားစု၊ အစိုးရအဖွဲ့နှင့် ဝန်ကြီးများအပေါ် ထိခိုက်မှု အကြီးအကျယ် ရှိလိမ့်မည် မဟုတ်ပေ။
ယန်ဝမ်ကျိန်း အတွက်မူ ၎င်းမှာ အပေါ့ပါးဆုံး ကိစ္စဖြစ်သည်ဟု ယူဆနိုင်သော်လည်း ယန်မိသားစု၏ စည်းကမ်းကမူ...
“သခင်ယန်... သမိုင်းပညာရှင်ဆိုတာလည်း အရာရှိတစ်ယောက်ပါပဲ။ ကျိုးကြောင်း ဆီလျော်မှုရှိပြီး အခြေခံမူတွေကို မဖောက်ဖျက်ဘူးဆိုရင် တစ်ချို့ကိစ္စတွေမှာ လိုက်လျောပေးလို့ ရနိုင်ပါတယ်။ အပျိုတော် ရွေးချယ်တဲ့ ကိစ္စကိုလည်း ခင်ဗျား သိမှာပါ။ သူတော်စင်ဧကရာဇ်က အဲဒီကိစ္စကို ခေတ္တ ဆိုင်းငံ့ထားတယ်လို့ ပြောပေမဲ့ ဆိုင်းငံ့ထားတယ်ဆိုတာက လုံးဝရပ်နားလိုက်တာ မဟုတ်ဘဲ အချိန်မရွေး ပြန်စနိုင်တယ်လို့ ဆိုလိုတာပါ”
“အခု ကိုးပြည်နယ်တစ်ခုလုံးက ပြည်သူတွေ စိုးရိမ်နေကြပြီ။ တကယ်လို့ အခြေအနေတွေက အဲဒီအဆင့်အထိ ရောက်သွားပြီး ပြည်နယ်အသီးသီးက မိန်းကလေးတွေကို ဆက်သလာရမယ်ဆိုရင် အမေနဲ့ သမီး၊ အဖေနဲ့ သမီး၊ မောင်နှမ အချင်းချင်းတွေ ကွဲကွာကုန်ကြတော့မှာပါ။ အဲဒီအခါကျရင် သခင်အနေနဲ့ ဘယ်လိုလုပ် ရက်ရက်စက်စက် ကြည့်နေနိုင်မှာလဲ”
“ပြီးတော့ ထိုက်ဖျင်မျှော်စင် ကိစ္စကလည်း လက္ခဏာတစ်ခုပဲ။ အခုက နန်းတော်ထဲမှာပဲ ဆောက်နေသေးတာ၊ တကယ်လို့ အရှင်မင်းကြီးက စိတ်အပြောင်းအလဲဖြစ်ပြီး အရင်ယန်ဧကရာဇ်လိုမျိုး ကိုးပြည်နယ်အနှံ့မှာ နန်းဆောင်တွေ အကြီးအကျယ် ဆောက်ခိုင်းလာမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်ကုန်မှာပဲ... အဲဒီလို အခြေအနေအထိ ရောက်သွားမှာကို သခင်ယန် တကယ်ပဲ လိုလားတာလား”
ဝမ်ချောင်က ဆက်လက်ပြောဆိုလိုက်သည်။
“ဒါကတော့...”
ယန်ဝမ်ကျိန်း၏ မျက်လုံးများတွင် တွေဝေသွားသော အမူအရာ ပေါ်လာသည်။ ဝမ်ချောင်ပြောသည်မှာ မှန်ပေသည်။ သမိုင်းပညာရှင် ဆိုသည်မှာလည်း အရာရှိ တစ်ဦးပင် ဖြစ်သလို ယန်မိသားစု ဆိုသည်မှာလည်း စာပေပညာရှင်များ ဖြစ်ကြရာ တိုင်းပြည် ထွန်းကားပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်သည်ကို မြင်တွေ့လိုကြသူများ ဖြစ်သည်။
သို့သော်လည်း...
“သခင်ယန်... တောင်းပန်ပါတယ်” ဝမ်ချောင်က ထပ်မံ၍ လေးနက်စွာ ပြောလိုက်သည်။
“ဟူး...”
ယန်ဝမ်ကျိန်းသည် စိတ်ထဲမှ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး နောက်ဆုံးတွင် ခေါင်းမော့လာသည်။
“မျိုးနွယ်ခြားဘုရင်... ဒီကနေ့ ဖြစ်ပျက်ခဲ့တာတွေကို အပြင်လူတွေကို လုံးဝ မပြောပါဘူးလို့ အာမခံနိုင်မလား။ ပြီးတော့ ဒီမှတ်တမ်းတွေက အစိုးရအဖွဲ့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တကယ်ပဲ အထောက်အကူ ပြုနိုင်မှာလား”
ဝမ်ချောင်အလွန် ဝမ်းသာသွားသည်။ ယန်ဝမ်ကျိန်း သဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ဝမ်ချောင် အာမခံပါတယ်။ ဒီကနေ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မပြောပါဘူး။ ပြီးတော့ သူတော်စင်ဧကရာဇ် နန်းမတက်မီက သမိုင်းမှတ်တမ်းတွေဟာ လက်ရှိ အစိုးရအဖွဲ့အတွက် တကယ်ပဲ အရေးကြီးပါတယ်”
“ကောင်းပြီ.. မျိုးနွယ်ခြားဘုရင်ကို ကျွန်တော် ယုံကြည်လိုက်ပါ့မယ်။ ခဏ စောင့်ဆိုင်းပေးပါ၊ ဝမ်ကျိန်း သွားပြီး ရှာဖွေလိုက်ပါဦးမယ်” ယန်ဝမ်ကျိန်းက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ယန်မိသားစု၏အိမ်တော်မှာ အလွန်ကျယ်ဝန်းလှပြီး အဆောက်အဦး တော်တော်များများမှာ လူမနေဘဲ မှတ်တမ်းများ သိမ်းဆည်းရန်အတွက်သာ ဖြစ်သည်။ အတွင်းရှိ သစ်သားစင်များပေါ်တွင် စာအုပ်များမှာ တစ်တန်းပြီးတစ်တန်း အပြည့်ရှိနေရာ ယန်မိသားစုဝင် မဟုတ်လျှင် ထိုစာအုပ်ပုံကြီးထဲမှ မိမိလိုချင်သော မှတ်တမ်းကို ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ဝမ်ချောင်သည် အခန်းထဲတွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ မည်သို့ပင်ဖြစ်စေ ယန်မိသားစုထံမှ ဤမှတ်တမ်းကို ရရှိနိုင်မည်ဆိုလျှင် ဤခရီးမှာ အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပေလိမ့်မည်။
နာရီဝက်ခန့် ကြာပြီးနောက် ယန်ဝမ်ကျိန်း ပြန်ရောက်လာသည်။ ဝမ်ချောင်သည် သူ လိုချင်သော မှတ်တမ်းများကို ယူဆောင်လာမည်ဟု ထင်ထားသော်လည်း တံခါးဝသို့ ရောက်လာသော ယန်ဝန်ကျိန်း၏အမူအရာမှာ တစ်ခုခု မူမမှန်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ယန်ဝမ်ကျိန်းသည် လက်ဗလာဖြင့် ဝင်လာရုံသာမက သူ၏ မျက်နှာမှာလည်း အလွန်ပင် ထူးဆန်းနေသည်။
“ဘာဖြစ်လို့လဲ” ဝမ်ချောင်သည် ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ပြီး မကောင်းသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။
“မရှိတော့ဘူး” ယန်ဝမ်ကျိန်းက ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ထိတ်လန့် တုန်လှုပ်မှုများ ရှိနေပုံရသည်။
“ဘာက မရှိတော့တာလဲ” ဝမ်ချောင်က ဆက်မေးလိုက်သည်။
“ကျွန်တော်တို့ ယန်မိသားစုရဲ့မှတ်တမ်းအညွှန်းအတိုင်း အီကျစ်ဆောင်၊ အခန်းအမှတ် ၁၃၂ ကို သွားရှာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခန်း တစ်ခုလုံးမှာ သူတော်စင်ဧကရာဇ် နန်းမတက်မီက မှတ်တမ်းတွေကို လုံးဝ ရှာမတွေ့တော့ဘူး” ယန်ဝမ်ကျိန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဝမ်ချောင်တစ်ကိုယ်လုံး တုန်သွားပြီး မျက်နှာပျက်သွားတော့သည်။
ယန်မိသားစု၏ သမိုင်းမှတ်တမ်း စီမံခန့်ခွဲမှုမှာ အလွန်တင်းကျပ်လှသည်။ တစ်နည်းအားဖြင့် နန်းတွင်းထက်ပင် ပို၍စည်းကမ်းကြီးပြီး မျိုးဆက်အလိုက် တစ်ခါမျှ အမှားအယွင်း မရှိခဲ့ဖူးပေ။ အခြားတစ်ဖက်တွင်လည်း ယန်မိသားစု၏ မှတ်တမ်းများမှာ အလွန် များပြားလှသဖြင့် အပြင်လူက တစ်စုံတစ်ခု လုပ်ချင်လျှင်ပင် မည်သည့်နေရာမှ စတင်ရမည်ကို သိနိုင်မည် မဟုတ်ပေ။
သီအိုရီအရ ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုး လုံးဝ မဖြစ်နိုင်ပေ။
“ဒီကိစ္စကို သိလိုက်ရချင်းမှာပဲ ကျွန်တော်က ယန်မိသားစုဝင်တွေကို ခေါ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ နေရာအားလုံးကို ရှာခိုင်းလိုက်ပါတယ်။ နောက်ဆုံးမှာတော့ မှတ်တမ်းတွေ ပျောက်ဆုံးနေတာ မှန်ကန်ကြောင်း အတည်ပြုလိုက်ရပါတယ်”
“ဒီကိစ္စက အရမ်းအရေးကြီးတဲ့အတွက် မိသားစုဝင် အားလုံးကို စုဝေးပြီး မေးမြန်းကြည့်တဲ့အခါမှာတော့... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က၊ သူတော်စင်ဧကရာဇ် နန်းတက်ပြီး မကြာခင်မှာ ယန်မိသားစုမှာ မီးအကြီးအကျယ် လောင်ခဲ့ဖူးပြီး စာအုပ် တော်တော်များများ မီးထဲ ပါသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်”
“အဲဒီအချိန်က မိသားစု စည်းကမ်းအရ ကျွန်တော်က မျိုးရိုးစဉ်ဆက် အိမ်တော်မှာ မှတ်တမ်းတွေကို ကူးယူနေရတဲ့ အချိန်ဖြစ်လို့ အဲဒီတုန်းက အခြေအနေကို အသေးစိတ် မသိခဲ့ရဘူး။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က မီးလောင်သွားတဲ့ စာအုပ်တွေထဲမှာ မျိုးနွယ်ခြားဘုရင် သိချင်နေတဲ့ သူတော်စင်ဧကရာဇ် နန်းမတက်မီက မှတ်တမ်းတွေ ပါသွားခဲ့ပုံရတယ်”
ယန်ဝမ်ကျိန်းက ပြောပြလိုက်သည်။ သူကိုယ်တိုင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ ယန်မိသားစု၏ တိကျမှုနှင့် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းမှုမှာ လူတိုင်း သိထားကြသည့် အချက်ဖြစ်သည်။ ၎င်းမှာ ယန်မိသားစု၏ အသက်သွေးကြောပင် ဖြစ်သည်။ သို့သော် ယန်မိသားစုတွင် ဤကဲ့သို့သော အမှားမျိုး ပေါ်လာခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။
“မဖြစ်နိုင်ဘူး” ဝမ်ချောင်က အံ့သြစွာ ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုက်ဆိုင်နိုင်ရတာလဲ။ နန်းတွင်းက မှတ်တမ်းတွေ ပျောက်ဆုံးနေသလို၊ ခင်ဗျားတို့ ယန်မိသားစုမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က မီးလောင်မှုမှာ အဲဒီ မှတ်တမ်းတွေပဲ ပါသွားရတယ်လို့လား”
ဤကဲ့သို့သောကိစ္စမျိုး တိုက်ဆိုင်မှု ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။ လူအေးတစ်ယောက်တောင်မှ ဤနေရာတွင် ပြဿနာ တစ်ခုခု ရှိနေကြောင်း သိနိုင်ပေသည်။ ယန်ဝမ်ကျိန်း ပြောသကဲ့သို့ပင် လမ်းညွှန်ချက် မရှိဘဲ အပြင်လူက ထိုနေရာကို သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ပြီးတော့ ဘယ်သူက အသုံးမဝင်တော့တဲ့ မှတ်တမ်းတွေကို မီးရှို့ဖျက်ဆီးဖို့ စဉ်းစားမှာလဲ။ သူက ဒါကို လုပ်ခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာလဲ”
ခဏချင်းမှာပင် တစ်ခုလုံးမှာ ပို၍ပင်ရှုပ်ထွေးသွားတော့သည်။
“ကျွန်တော်တို့ ယန်မိသားစုက မှတ်တမ်းတွေကို တာဝန်ယူရတာပါ။ ဒီကိစ္စကို မျိုးနွယ်ခြားဘုရင်ထက် ကျွန်တော်က ပိုပြီး သိချင်နေပါတယ်” ယန်ဝမ်ကျိန်းက လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ မီးလောင်သွားတယ်ဆိုရင်တောင်မှ တစ်ခုမှ မကျန်တော့ဘဲ ဒီလောက်အထိ သန့်စင်သွားအောင် လောင်နိုင်ပါ့မလား” ဝမ်ချောင်က မေးလိုက်သည်။
မည်သည့် ကိစ္စမဆို လမ်းစဆိုသည်မှာ ကျန်ရှိနေတတ်စမြဲ ဖြစ်သည်။ မီးလောင်သွားလျှင်ပင် ကျန်ရှိနေသော မှတ်တမ်းအပိုင်းအစများ ရှိနေဦးမည်ဖြစ်ရာ ထိုမှတစ်ဆင့် လမ်းစများကို ရှာဖွေနိုင်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူကိုပင် ဖော်ထုတ်နိုင်ပေလိမ့်မည်။
“ကျွန်တော်လည်း အဲဒီလိုပဲ ထင်လို့ ကျန်ရှိနေနိုင်တဲ့ မှတ်တမ်းတွေကို သေချာရှာဖွေကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့ မှတ်တမ်း တစ်ခုမှ မရှိပါဘူး။ အချက်အလက် အားလုံးက လုံးဝ ပျောက်ကွယ်သွားတာပါ”
ယန်ဝမ်ကျိန်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် စိတ်လှုပ်ရှားနေမှုမှာ မပြေလျော့သေးပေ။
“ဒါပေမဲ့ ကျွန်တော့်ကို အံ့သြဆုံး ဖြစ်စေတာက ဒါမဟုတ်ပါဘူး။ ကျွန်တော်တို့ ယန်မိသားစုမှာ တင်းကျပ်တဲ့ စည်းကမ်းတစ်ခု ရှိတယ်။ အကယ်လို့ မတော်တဆ မီးလောင်လို့ မှတ်တမ်းတွေ ပျက်စီးသွားရင် အဲဒါကို ပြန်လည်ပြုပြင်ပြီး မှတ်တမ်းတင်နိုင်တဲ့ နည်းလမ်း ရှိပါတယ်”
ယန်ဝမ်ကျိန်းက ဆက်ပြောသည်။ “မှတ်တမ်းတွေ မီးလောင်သွားပေမဲ့ မှတ်တမ်းတင်တဲ့သူ ရှိနေသေးရင် သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး။ ယန်မိသားစုဝင် အမြောက်အမြားထဲက ထိုက်ရှီလင်း ဖြစ်လာမယ့်သူ တစ်ယောက်အတွက် အဓိက အရည်အချင်းက မှတ်ဉာဏ် အလွန်ကောင်းဖို့ လိုပါတယ်။ မဟုတ်ရင် ထိုက်ရှီလင်း မဖြစ်နိုင်ပါဘူး”
“ဒါပေမဲ့ ကျွန်တော် သေချာ စစ်ဆေးကြည့်တဲ့အခါမှာတော့ ကျန်ရှိနေတဲ့ မှတ်တမ်းတွေ မီးလောင်သွားတာအပြင် အဲဒီနောက်ပိုင်းမှာ ပြန်လည်ပြုစုတာမျိုးလည်း မရှိခဲ့ဘူး။ ဒီလိုကိစ္စမျိုး ကျွန်တော်တို့ ယန်မိသားစုမှာ လုံးဝမဖြစ်နိုင်ပါဘူး။ မှတ်တမ်းတွေက အကြီးအကျယ် ပျက်စီးသွားခဲ့ရင်တောင်မှ အဲဒါကို လုံးဝဖျက်ဆီးဖို့အတွက် တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖြတ်သန်းရမှာပါ။ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ မရပါဘူး”
“ကျွန်တော် မှတ်တမ်းတွေကို ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အဲဒီမှတ်တမ်းတွေကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တဲ့သူဟာ တခြားသူ မဟုတ်ဘဲ ကျွန်တော့်ရဲ့အဖေကိုယ်တိုင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်”
ယန်ဝမ်ကျိန်း၏ မျက်နှာတွင် ဖုံးကွယ်၍ မရသော အံ့သြထိတ်လန့်မှုများ ပေါ်လာသည်။ ယန်အဖိုးအို၏ စည်းကမ်းကြီးမှုနှင့် တိကျမှုကို ယန်မိသားစုဝင် အားလုံး သိကြသည်။ ၎င်းမှာ ယန်ဝန်ကျိန်း တစ်သက်လုံး အတုယူခဲ့ရသော စံပြပုဂ္ဂိုလ် ဖြစ်သည်။ သူ ရေးလိုက်သော စာလုံးတိုင်းမှာ မြေကြီးပေါ်တွင် သံမှိုရိုက်သကဲ့သို့ ခိုင်မာလှပြီး အလွယ်တကူ ပြင်ဆင်ခွင့် မရှိပေ။
ယန်ဝမ်ကျိန်း မှတ်မိနေသေးသည်မှာ တစ်ခါက စာလုံးတစ်လုံး မှားယွင်းမှုကြောင့် ဖခင်ဖြစ်သူ အလွန် ဒေါသထွက်ကာ သူ့ကို ဘိုးဘွားရိပ်သာရှေ့တွင် ဒူးထောက်ခိုင်းပြီး ခြောက်လတိုင်တိုင် မျက်နှာချင်း မဆိုင်ခဲ့ဖူးပေ။ သို့သော် ယခုအခါ ထိုမှတ်တမ်းများကို ဖျက်ဆီးခဲ့သူမှာ သူ၏စည်းကမ်းကြီးလှသော ဖခင်ဖြစ်နေသည်ဆိုခြင်းမှာ ယန်ဝန်ကျိန်းအနေဖြင့် မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ယန်ဝန်ကျိန်း၏ အမြင်တွင် ဤကဲ့သို့သောကိစ္စမျိုး မည်သူမဆို လုပ်နိုင်သော်လည်း သူ၏ဖခင်မှာမူ လုံးဝလုပ်မည့်သူ မဟုတ်ပေ။
ထိုအချိန်တွင် ဝမ်ချောင်သည် ယန်ဝန်ကျိန်းထက်ပင် ပို၍ အံ့အားသင့်နေရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယန်အဖိုးအိုကိုယ်တိုင် ဖြစ်နေတယ်လို့လား”
ဝမ်ချောင်တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ အမျိုးမျိုး စဉ်းစားခဲ့သော်လည်း ဤကိစ္စတွင် ယန်ဝမ်ကျန်း အဖိုးအို ပါဝင်ပတ်သက်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ကနဦး ထိတ်လန့်မှုများအပြီးတွင် ဝမ်ချောင်သည် လျင်မြန်စွာ တည်ငြိမ်လာသည်။ မိန်းမစိုးကောင်း၊ အဘိုးဖြစ်သူ၊ ယောင်ချုံနှင့် ယခု ယန်မိသားစု အဖိုးအို... အရာအားလုံးမှာ ပို၍ပင် ရှုပ်ထွေးလာတော့သည်။
“သူတို့တွေ ဘာကိုဖုံးကွယ်နေကြတာလဲ။ သူတို့... ဘာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာလဲ”
ဝမ်ချောင်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ယခုအချိန်အထိ ဝမ်ချောင်၏စုံစမ်းမှုများမှာ ထူးထူးခြားခြား တိုးတက်မှု မရှိသေးသော်လည်း အချက်တစ်ခုကတော့ သေချာနေပြီ ဖြစ်သည်။ မိန်းမစိုးကောင်း၊ အဘိုးဖြစ်သူ၊ ယောင်ချုံနှင့် ယန်အဖိုးအိုတို့ အားလုံးမှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြပြီး ထိုကိစ္စမှာ သူတော်စင်ဧကရာဇ်နှင့် သေချာပေါက် ပတ်သက်နေသည်။
သို့သော် ဝမ်ချောင်မသိသေးသည့် အချက်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကိစ္စများနှင့် လက်ရှိ အစိုးရအဖွဲ့တွင် ဖြစ်ပျက်နေသော ကိစ္စများကြားတွင် မည်သို့သော ဆက်နွှယ်မှု ရှိနေသလဲ ဆိုခြင်းပင် ဖြစ်သည်။
ဝမ်ချောင်သည် ယန်မိသားစု အိမ်တော်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ ဤကိစ္စမှာ ယန်အဖိုးအိုနှင့် ပတ်သက်နေသဖြင့် ယန်ဝမ်ကျိန်းထံမှလည်း ဘာသတင်းမှ ထပ်ရနိုင်တော့မည် မဟုတ်ပေ။
“လမ်းစ ပျောက်သွားပြီလား” မြင်းရထားပေါ်တွင် ရွှီချီချင်က ဝမ်ချောင်၏ စိတ်မသက်မသာ ဖြစ်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
“အင်း” ဝမ်ချောင်က ခေါင်းညိတ်လိုက်ပြီး ယန်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခုချင်း ပြောပြလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဝမ်ချောင်၏ပြောပြချက်များကို ကြားသောအခါ ရွှီချီချင်ပင်လျှင် ကြောင်အမ်းသွားရသည်။
ရှုမိသားစု၏ သမီးဖြစ်သူ ရွှီချီချင်သည် သူမ၏ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုကြောင့် နာမည်ကျော်လှသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးကိုမူ သူမလည်း ထည့်မတွေးခဲ့မိပေ။ စုံစမ်းမှုများ၏နောက်ကွယ်တွင် ဤမျှအထိ ကြီးမားသော ပတ်သက်မှုများ ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်ထားမည် မဟုတ်ပေ။
******
အခန်း ၁၉၅၅ ကျန်းထျန်းလင်
ရွှီချီချင်သည် ဝမ်ချောင်၏ ဘေးတွင် ထိုင်ရင်း အတွေးနက်နေသည်။
“ကျွန်မတို့ ဆက်ပြီး စုံစမ်းကြဦးမှာလား” ရွှီချီချင်က ဝမ်ချောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အခုက စုံစမ်းတာ မစုံစမ်းတာထက် ဒီကိစ္စက အဖြေတစ်ခု ရှိကိုရှိရမယ်။ ဘာကြောင့်လဲ မသိဘူး၊ အခု ငါ ပိုပိုပြီး စိုးရိမ်လာတယ်” ဝမ်ချောင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် မိန်းမစိုးကောင်းပြောခဲ့သော စကားများကို သူ ပြန်လည် သတိရမိသည်။ အခြေအနေတွေ ပိုဆိုးမလာခင်မှာ အဖြေကို သေချာပေါက် ရှာရမည်။ ထိုအတွေးများမှာ သူ၏ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားပြီးနောက် သတိပြန်ဝင်လာသည်။
“အရင် ပြန်ကြစို့”
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ လမ်းစများ ပျောက်ဆုံးကာ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင် နန်းတော်ထဲမှ သတင်းတစ်ခု ရောက်ရှိလာသည်။
“မျိုးနွယ်ခြားဘုရင်၊ ကျွန်တော်တို့ နန်းတော်ထဲမှာ သေချာ ရှာဖွေပြီး မှတ်တမ်းတွေနဲ့ ပတ်သက်တဲ့သူတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ မိန်းမစိုးအိုကြီး တစ်ယောက်ဆီကနေ မမျှော်လင့်တဲ့ သတင်းတစ်ခု ရခဲ့ပါတယ်”
“အဲဒီ မိန်းမစိုးအိုကြီးဟာ အရင်က မှတ်တမ်းဆောင်နားမှာ ကင်းစောင့်ရတဲ့သူပါ။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နန်းတွင်း မင်းသား၊ မင်းသမီးတွေရဲ့ နေ့စဉ် အပြုအမူတွေကို မှတ်တမ်းတင်ရတဲ့၊ အခုတော့ သေဆုံးသွားပြီဖြစ်တဲ့ မိန်းမစိုးချုပ် တစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အားလပ်ချိန်မှာ အတူတူ အရက်သောက်လေ့ ရှိကြတယ်”
“သူ့ရဲ့ပြောပြချက်အရ နန်းတွင်းမှာ ဒီမှတ်တမ်းတွေကို တာဝန်ယူရတဲ့သူတွေ အများကြီးရှိပြီး နှစ်ပေါင်းများစွာအတွင်း အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နန်းတွင်းမှာ တာဝန်ကျ မိန်းမစိုးချုပ်တွေရဲ့ စာရင်းဆိုတာ ရှိခဲ့ပါတယ်။ အချိန်တွေ အတော်ကြာသွားပြီဖြစ်ပေမဲ့ အဲဒီ တာဝန်ကျ စာရင်းကိုသာ ရှာတွေ့မယ်ဆိုရင် အဲဒီတုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ သိနိုင်ပါလိမ့်မယ်”
ခန်းမထဲတွင် ရွှီခဲ့ယီက ဒူးတစ်ဖက် ထောက်လျက် ရိုသေသေ တင်ပြလိုက်သည်။
“ဘာ” ထိုစကားကို ကြားသောအခါ ဝမ်ချောင်အလွန် အံ့အားသင့်သွားသည်။
ယခင် ရရှိထားသော သတင်းများအရ နန်းတွင်း မှတ်တမ်းတင်သူများမှာ ခဏခဏ ပြောင်းလဲလေ့ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကိစ္စဖြစ်သဖြင့် လမ်းစရှာရန် အလွန်ခက်ခဲမည်ဟု ထင်ထားခဲ့သည်။ သို့သော် မှတ်တမ်းများ ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်မှ လမ်းစပေါ်လာလိမ့်မည်ဟု ဝမ်ချောင်မထင်ထားခဲ့ပေ။
“ကျွန်တော်တို့ နန်းတွင်းက မှတ်တမ်းဆောင် တာဝန်ခံ မိန်းမစိုးအိုကြီးတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ အရင်က မှတ်တမ်းတင်တဲ့သူတွေဟာ အခုလောက် မများသလို အခုလောက်လည်း မရှုပ်ထွေးခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နန်းတွင်းမှာ တစ်ခုခု ဖြစ်ပျက်ခဲ့ပုံရပြီး အဲဒီနောက်ပိုင်းမှာတော့ ဒီလို တာဝန်ကျ စာရင်းစနစ်ကို ဖျက်သိမ်းလိုက်တာပါ” ရွှီခဲ့ယီက ဆက်လက် တင်ပြသည်။
“ဘာကိစ္စလဲ” ဝမ်ချောင်မျက်နှာ ပျက်သွားပြီး ချက်ချင်း မေးလိုက်သည်။
“အဲဒါတော့ အခုထိ ရှာမတွေ့သေးပါဘူး။ အချိန်တွေ အရမ်းကြာသွားပြီဖြစ်လို့ ဘယ်သူမှ မမှတ်မိတော့ပါဘူး” ရွှီခဲ့ယီက စိတ်မကောင်းစွာ ပြောလိုက်သည်။
ဝမ်ချောင်က ဘာမှထပ်မပြောဘဲ ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။
“သိန်းငှက်အိုကြီး၊ ကျန်းချွဲ၊ လီကျင်းကျုံး၊ ယန်ကျောက်နဲ့ပျန့်လင်းချန်တို့ကို ဆက်သွယ်လိုက်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲဒီ တာဝန်ကျ မိန်းမစိုးချုပ်စာရင်းကို ရှာထုတ်ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ အရှင်”
ဝမ်ချောင်၏ အမိန့်ပေးပြီး တစ်ရက်ကျော်အတွင်းမှာပင် နန်းတွင်းမှ တာဝန်ကျ မိန်းမစိုးချုပ်များစာရင်း တစ်စောင်မှာ ဝမ်ချောင်၏ စားပွဲပေါ်သို့ ရောက်ရှိလာသည်။
၎င်းမှာ ပါးလွှာသော စာရွက်တစ်ရွက်ဖြစ်ပြီး နှစ်ပေခန့် ရှည်ကာ တစ်ပေခန့် ကျယ်သည်။ အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် စာရွက်မှာ ဝါကျင့်ကျင့် ဖြစ်နေပြီး ကြေမွတော့မည့်ပုံ ပေါ်နေသော်လည်း နန်းတွင်းသုံး စာရွက်ဖြစ်သဖြင့် အရည်အသွေး ကောင်းမွန်လှရာ စာသားများမှာ ရှင်းလင်းစွာ မြင်နေရဆဲ ဖြစ်သည်။
စာရွက်ပေါ်တွင် ဇယားများဖြင့် ဖော်ပြထားပြီး နန်းတွင်း သမိုင်းမှတ်တမ်းတာဝန်ခံ မိန်းမစိုးများ၏ စာရင်းသာမက အစောင့်အကြပ်များ၊ အတွင်းမိန်းမစိုးများ၊ ကင်းစောင့်သမားများ၊ စာရွက်ဟောင်း သိမ်းဆည်းသူများနှင့် အထွေထွေ အစေခံများအထိ အသေးစိတ် မှတ်တမ်းတင်ထားသည်။
ထိုမှတ်တမ်းအရ အစောင့်များနှင့် အစေခံများကို ၅ နှစ်တစ်ကြိမ် သို့မဟုတ် ၁၀ နှစ်တစ်ကြိမ် အကြီးအကျယ် လဲလှယ်လေ့ရှိပြီး နန်းတွင်း သမိုင်းပညာရှင်များကိုမူ ၁၅ နှစ်မှ နှစ် ၂၀ တစ်ကြိမ်သာ လဲလှယ်လေ့ရှိသည်။
အရေးကြီးဆုံးမှာ ထိုစာရင်းထဲတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်၊ သူတော်စင်ဧကရာဇ် နန်းမတက်မီက အချိန်အပိုင်းအခြား ပါဝင်နေခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သူတော်စင်ဧကရာဇ်ရဲ့ မှတ်တမ်းတွေကို တာဝန်ယူခဲ့တဲ့ နန်းတွင်း သမိုင်းပညာရှင်ကို ရှာစမ်း” ဝမ်ချောင်က ထိုစာရင်းကို ကြည့်ပြီး ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ယခုအချိန်အထိ ၎င်းမှာ အမှန်တရားကို ရှာဖွေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုသမိုင်းပညာရှင်ကို ရှာတွေ့ပြီး ပျောက်ဆုံးနေသော မှတ်တမ်းများအကြောင်း သိလိုက်ရလျှင် အရာအားလုံး ပေါ်ပေါက်လာမည်ဖြစ်သလို အနည်းဆုံးတော့ အဘယ်ကြောင့် ဤမှတ်တမ်းများ ပျောက်ဆုံးနေရသလဲဆိုသည်ကို သိနိုင်ပေလိမ့်မည်။
မကြာမီ ဝမ်ချောင်၏အမိန့်ကြောင့် မြို့တော်တစ်ခုလုံးနှင့် မဟာထန်တစ်ပြည်လုံး လှုပ်ရှားလာတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ က လူနှင့် အကြောင်းအရာများကို ရှာဖွေရန်မှာ မလွယ်ကူသော်လည်း နန်းတွင်းနန်းပြင်ရှိ ကြီးမားသော ကွန်ရက်ကို အသုံးပြု၍ သေချာစွာ ရှာဖွေပြီးနောက် ဝမ်ချောင်သည် သူရှာနေသော လူကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။
“ဒီလူသားဟာ မျိုးနွယ်ခြားဘုရင်ကို ဂါရဝပြုပါတယ်”
ညသန်းခေါင်ယံ အချိန်တွင် ဝမ်ချောင်၏ခန်းမထဲတွင် အသက် ၆၀ ကျော်အရွယ် မီးခိုးရောင် ဝတ်စုံဝတ် အဖိုးအိုတစ်ဦးမှာ မတ်တပ်ရပ်နေသည်။
သူ့အမည်မှာ ကျန်းထျန်းလင် ဖြစ်သည်။
ဝမ်ချောင်ရရှိထားသော တာဝန်ကျ စာရင်းထဲမှ လူအများစုမှာ အသက်ကြီး၍ ကွယ်လွန်ကုန်ကြပြီဖြစ်ရာ ရှေ့မှ အဖိုးအိုမှာ ထိုစာရင်းထဲမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။
ထူးခြားသည်မှာ ကျန်းထျန်းလင်သည် သမိုင်းပညာရှင် မဟုတ်ဘဲ ထိုစဉ်က နန်းတွင်း မှတ်တမ်းဆောင်ကို စောင့်ကြပ်ရသော အစောင့်အကြပ် တပ်မှူး ဖြစ်နေခြင်းပင်။
မည်သူမဆို အထဲသို့ ဝင်ထွက်လိုလျှင် သူတို့၏ ခွင့်ပြုချက် ရရမည် ဖြစ်သည်။ ပြောရလျှင် သမိုင်းပညာရှင်များပြီးလျှင် ဤသူများမှာ “အမှန်တရား” နှင့် အနီးစပ်ဆုံးသူများ ဖြစ်သည်။
ခန်းမတစ်ခုလုံးတွင် လူအားလုံး ထွက်သွားကြပြီး ရွှီခဲ့ယီပင် ဆုတ်ခွာသွားပြီဖြစ်ရာ ဝမ်ချောင်နှင့် ထိုအဖိုးအို နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
“မျိုးနွယ်ခြားဘုရင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ကိစ္စတွေကို စုံစမ်းနေတာလား” ဝမ်ချောင်စကားမစရသေးမီ ကျန်းထျန်းလင်က အရင်စတင်မေးမြန်းလိုက်သည်။ သူသည် ဝမ်ချောင်ကို ကြည့်ရင်း လုံးဝကြောက်ရွံ့ခြင်း မရှိပေ။
“ငါ ခင်ဗျားကို ရှာမယ်ဆိုတာ ခင်ဗျား သိနေတာလား” ဝမ်ချောင်အနည်းငယ် အံ့သြသွားသည်။
“ကျွန်တော်က သာမန် ပြည်သူတစ်ယောက်ပါ၊ နန်းတော်ထဲက ထွက်လာတာလည်း ကြာပါပြီ။ မျိုးနွယ်ခြားဘုရင်လို မြင့်မြတ်တဲ့သူက နန်းတွင်းက ကိစ္စတွေနဲ့ မပတ်သက်ရင် ကျွန်တော့်လို လူကို ဘာလို့ ဒီလောက်အထိ အပင်ပန်းခံ ရှာမှာလဲ။ ပြီးတော့ ကျွန်တော်က နာမည်ကိုတောင် ဖျောက်ထားပြီး ကျန်းထျန်းလင်လို့ မခေါ်တာ ကြာပါပြီ”
ကျန်းထျန်းလင်၏ သဘောထားမှာ ဝမ်ချောင်ထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။ သူသည် အလွန် တည်ငြိမ်နေပြီး ယနေ့ တွေ့ဆုံမှုကို ကြိုတင် တွက်ဆထားပုံရသည်။
“မဟုတ်ဘူး” ဝမ်ချောင်က ခေါင်းခါရင်း ပြောလိုက်သည်။ “အဲဒီ အကြောင်းပြချက်ကြောင့် မဟုတ်ဘူး။ ခင်ဗျား အနားယူနေတာ ကြာပြီ၊ ငါ ခေါ်လိုက်တဲ့အခါမှာ နင်က နည်းနည်းလေးတောင် အံ့သြတဲ့ အမူအရာ မရှိဘူး။ ခင်ဗျား ဘာတွေ သိထားတာလဲ”
“မျိုးနွယ်ခြားဘုရင်က တကယ်ပဲ တော်ပါပေတယ်” ကျန်းထျန်းလင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝန်ခံလိုက်သည်။ “မှန်ပါတယ်၊ မျိုးနွယ်ခြားဘုရင် ကျွန်တော့်ကို လာရှာမယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်”
“ဘာလို့လဲ” ဝမ်ချောင်ပို၍ပင် နားမလည် ဖြစ်သွားသည်။
တိုက်ဆိုင်စွာ ရရှိခဲ့သော လမ်းစမှတစ်ဆင့် ဤဗိုလ်မှူးဟောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သော်လည်း တစ်ဖက်လူက အရာအားလုံးကို ကြိုသိနေခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဘာလက္ခဏာမှ မရှိဘဲ ကျွန်တော်နဲ့ ကျွန်တော့် ညီအစ်ကိုတွေ အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အိမ်ပြန်ခဲ့ကြရတယ်။ အဲဒီနောက်ပိုင်းမှာ နန်းတွင်းမှာ နှစ်ပေါင်း ရာနဲ့ချီ ကျင့်သုံးလာတဲ့ တာဝန်ကျ စာရင်းစနစ်ကိုလည်း ဖျက်သိမ်းလိုက်တယ်။ အစောင့်တွေ၊ အစေခံတွေ၊ သမိုင်းပညာရှင်တွေကို အရင်ကထက် အဆပေါင်းများစွာ တိုးမြှင့်လိုက်ပြီး ခဏခဏ လဲလှယ်ပစ်ခဲ့တယ်။ ဒါတွေက ပြဿနာတစ်ခု ရှိနေပြီဆိုတာ မသိသာလွန်းဘူးလား”
“ဒါတင် မလုံလောက်သေးရင် အခု တစ်လောကလုံး နာမည်ကြီးနေတဲ့ မျိုးနွယ်ခြားဘုရင်ပေါ်လာတာကရော... ဒါတွေက မလုံလောက်သေးဘူးလား” ကျန်းထျန်းလင်က လေးနက်စွာ ပြောလိုက်သည်။
ဝမ်ချောင် အနည်းငယ် တုန်လှုပ်သွားသည်။ ဤတပ်မှူးဟောင်းမှာ ထင်ထားသည်ထက်ပင် ပို၍ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပေသည်။
“မျိုးနွယ်ခြားဘုရင်... ဒါတွေ အားလုံးထက် ကျွန်တော် တစ်ခုပဲ မေးချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ကိစ္စတွေကို မျိုးနွယ်ခြားဘုရင် တကယ်ပဲ စုံစမ်းချင်တာလား” ကျန်းထျန်းလင်က မေးလိုက်သည်။
ဝမ်ချောင်စကားမပြောဘဲ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါက အရမ်းအရေးကြီးပြီး လူအများကြီးနဲ့ ပတ်သက်နေရင်တောင်မှလား” ကျန်းထျန်းလင်က ထပ်မေးသည်။
“တကယ်လို့ ငါသာ အဲဒါကို ဂရုစိုက်နေမယ်ဆိုရင် ဒီအဆင့်အထိ ရောက်လာမှာ မဟုတ်ဘူး။ ပြီးတော့ အခု ငါတို့ တွေ့နေကြမှာလည်း မဟုတ်ဘူး” ဝမ်ချောင်က ပြတ်သားစွာ ပြောလိုက်သည်။
ကျန်းထျန်းလင် ခဏမျှ ကြောင်သွားပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ၏မျက်ဝန်းများမှာ ယခင်ကကဲ့သို့ ထက်မြက်မနေတော့ဘဲ မှေးမှိန်သွားတော့သည်။ “မျိုးနွယ်ခြားဘုရင် သိချင်တာ ရှိရင် တိုက်ရိုက်ပဲ မေးပါတော့”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က သူတော်စင်ဧကရာဇ် နန်းမတက်မီက မှတ်တမ်းတွေ အကုန် ပျောက်ဆုံးနေတာကို ခင်ဗျား သိသလား” ဝမ်ချောင်က မေးလိုက်သည်။
“အဲဒီအချိန်တုန်းကတော့ မသိခဲ့ပါဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှာ သိလာခဲ့တယ်” ကျန်းထျန်းလင်က တည်ငြိမ်စွာ ဖြေကြားသည်။
ဝမ်ချောင်ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။ “မှတ်တမ်းဆောင်ထဲမှာ အဲဒီ မှတ်တမ်းတွေ လုံးဝ မရှိတော့ဘူးဆိုတော့ တစ်ယောက်ယောက်က အဲဒီစာအုပ်တွေကို ယူသွားတာပေါ့၊ ဟုတ်လား။ ခင်ဗျားက အစောင့်အကြပ် တပ်မှူး တစ်ယောက်အနေနဲ့ ဘယ်သူ ယူသွားလဲဆိုတာ မသိဘဲ မနေပါဘူး။ ငါ့ကို ပြောစမ်း၊ အဲဒါ ဘယ်သူလဲ”
ဝမ်ချောင်သည် ကျန်းထျန်းလင်ကို သေချာ စိုက်ကြည့်နေလိုက်သည်။ ယခုအချိန်တွင် သူ အသိချင်ဆုံးမှာ ဤအချက်ပင် ဖြစ်သည်။ မည်သူ ယူသွားသလဲဆိုသည်ကို သိလျှင် ယန်မိသားစုတွင် မီးလောင်မှု ဖြစ်ပွားစေခဲ့သူကိုပါ သိနိုင်မည် ဖြစ်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျန်းထျန်းလင်၏မျက်နှာတွင် တွေဝေမှုနှင့် အမျိုးမျိုးသော ခံစားချက်များ ပေါ်လာသည်။
“ကျွန်တော် တိုက်ရိုက်တော့ မပြောနိုင်ဘူး” အတန်ကြာမှ ကျန်းထျန်းလင်၏ အသံအိုကြီး ထွက်ပေါ်လာသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ပြဿနာ ဖြစ်တဲ့ အချိန်တုန်းက ကျွန်တော်နဲ့ ကျွန်တော့် ညီအစ်ကိုတွေ အားလုံးကို အတင်းအကျပ် တခြားနေရာကို ပြောင်းရွှေ့ခိုင်းခဲ့တယ်။ အဲဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မမြင်ခဲ့ရဘူး။ ဒါကြောင့် ကျွန်တော် အဖြေ မပေးနိုင်ဘူး။”
“ဒါပေမဲ့ ကျွန်တော်တို့ အစောင့်တွေဟာ တစ်သက်လုံး အဲဒီနေရာကို စောင့်ကြပ်လာခဲ့တာပါ။ အဲဒီ မှတ်တမ်းတွေကို ကာကွယ်ရတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား။ ကျွန်တော်တို့အတွက်တော့ အဲဒီ မှတ်တမ်းတွေဟာ အသက်ထက်တောင် အရေးကြီးပါတယ်။”
“နန်းတွင်း စည်းကမ်းက အရမ်းတင်းကျပ်ပါတယ်။ ကျွန်တော်တို့ကို ပြောင်းရွှေ့လိုက်လို့ အဲဒီအချိန်က အကြောင်းအရာတွေကို မသိခဲ့ရပေမဲ့... လာတဲ့သူကို ဧည့်သည် မှတ်တမ်းမှာတော့ လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ ကျွန်တော် သိသလောက်တော့ အဲဒီအချိန်ကာလမှာ အဲဒီနေရာကို လာခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်ဟာ သူပါပဲ” ကျန်းထျန်းလင်က ပြောလိုက်သည်။
“အဲဒါ ဘယ်သူလဲ” ဝမ်ချောင်၏ မျက်လုံးများမှာ ထက်မြက်သော အလင်းတန်းများ ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ လေထုမှာ အလွန်ပင် တင်းကျပ်သွားတော့သည်။
“မိန်းမစိုးချုပ် ကောင်းလီရှီပါ” ကျန်းထျန်းလင်က တွေဝေခြင်းမရှိဘဲ အမည်တစ်ခုကို ပြောချလိုက်သည်။
“ဝုန်း”
ထိုအမည်ကို ကြားလိုက်ရချိန်တွင် ဝမ်ချောင်တစ်ကိုယ်လုံး တုန်ခါသွားပြီး စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဘာလို့ သူ ဖြစ်နေရတာလဲ”
ထိုခဏတွင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ဤအတွေးတစ်ခုတည်းသာ ကျန်ရှိတော့သည်။ ကျန်းထျန်းလင် ထွက်ခွာသွားသော်လည်း ဝမ်ချောင်မှာမူ ခန်းမထဲတွင် တစ်ယောက်တည်း ကျန်ရစ်ကာ အမိုးဆီသို့ ငေးကြည့်ရင်း စိတ်နှလုံး လုံးဝမတည်မငြိမ် ဖြစ်နေတော့သည်။