အခန်း (၁၄၈၆-၁၄၈၈)
Vol. 100 Ch. 1486-1488
အခန်း (၁၄၈၆)
တစ်ကွက်တည်းနှင့် အနိုင် အရှုံး ဆုံးဖြတ်ခြင်း
နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များ အားလုံး လှုပ်ရှားလာသည်ကို မြင်လျှင် မိုးကြိုး ဧကရာဇ်သည် ရှနိုင်ငံမှ ဧကရာဇ်အဆင့်များကို ဦးဆောင်ကာ ကြယ်ဖျက်ယာဉ်အတွင်းမှ ချက်ချင်း ထွက်လာခဲ့လေသည်။
သို့သော် သူတို့ ကြယ်ဖျက်ယာဉ်မှ ထွက်ခါနီးအချိန်မှာပင် မိုးကြိုး ဧကရာဇ် ရုတ်တရက် ရပ်တန့်လိုက်ပြီး ကြယ်ဖျက်ယာဉ်အချို့၏ အမြောက်များကို နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များဆီသို့ ဦးတည်ပစ်ခတ်ရန် ရှစစ်တပ်ကို အမိန့်ပေးလိုက်၏။ ထိုသို့ဖြင့် ရှနိုင်ငံ၏ သူတော်စင်အဆင့် ကြယ်ဖျက်ယာဉ်များသည် ၎င်းတို့၏ အဖျက်စွမ်းအားကို ဆက်လက်ပြသကြတော့သည်။
နှစ်ဖက်ရှိ ဧကရာဇ်အဆင့် အရေအတွက်သည် အင်အားမမျှပဲ ရှိနေသည့်အပြင် ရှနိုင်ငံဘက်မှ ဧကရာဇ်အဆင့် အများစုသည် မင်းဆက် ကံစွမ်းအားကို အသုံးပြု၍ အဆင့်တက်လာကြသူများ ဖြစ်သောကြောင့် လင်ကျောက် မဟာကြယ်နယ်မြေစုမှ ဧကရာဇ်အဆင့်များနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပို၍ အားနည်းနေသည်။
တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှနိုင်ငံ၌ အသာစီးရနိုင်ခြေ လုံးဝမရှိပေ။ သို့သော်လည်း သူတို့တွင် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ် အမြောက်အမြား ရှိနေ၏။ ၎င်းတို့၏ “သေမင်းအလင်းတန်း” က နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ထိုဧကရာဇ်အဆင့်များ၏ အင်အားကို လျော့ပါးသွားစေနိုင်သည်။
မိုးကြိုး ဧကရာဇ်က အမိန့်ထုတ်ပြန်ပြီးနောက် ရှစစ်တပ်၏ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ် အများစုသည် ၎င်းတို့၏ အမြောက်များကို လှည့်လိုက်ပြီး ချဉ်းကပ်လာသော ဧကရာဇ်အဆင့်များဆီသို့ အရူးအမူး စတင်ပစ်ခတ်တော့သည်။
ခဏခန့်အတွင်းမှာပင် မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများသည် စကြဝဠာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကြတော့၏။ ထိုအနက်ရောင် အလင်းတန်းများ ပေးစွမ်းနိုင်သည့် ကြောက်မက်ဖွယ် ဖျက်ဆီးအားကို သိထားကြသဖြင့် ဧကရာဇ်များလည်း သတိထား၍ ရှောင်တိမ်းခဲ့ကြသည်။
အကွာအဝေးက အတော်အတန် များနေခြင်းကြောင့် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များ အားလုံးနီးပါးသည် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များမှ ပစ်လွှတ်လိုက်သော သေမင်းအလင်းတန်းကို လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့ကြ၏။ ဤသည်မှာ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ၏ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်ပေသည်။
အလင်းတန်းရောင်ခြည်သည် အလွန်အင်အားကြီးမားသော်လည်း အကွာအဝေး အလွန်များနေပါက ဧကရာဇ်အဆင့်များအတွက် တုံ့ပြန်ရန် အချိန်အလုံအလောက် ရှိနေ၏။
ဟုတ်ပါသည်။ ဤပြဿနာအတွက် ရိုးရှင်းသော ဖြေရှင်းနည်း တစ်ခုတော့ ရှိပါသည်။
ကြယ်ဖျက်ယာဉ်များက ဧကရာဇ်အဆင့်များကို မထိမှန်နိုင်တာကို မြင်သောအခါ ရှစစ်တပ်သည် သူတို့ထံသို့ ဦးတည်ကာ တက်ကြွစွာ ပျံသန်းသွားကြပြီး အကွာအဝေးကို အလင်းနှစ် တစ်နှစ်အောက်သို့ လျင်မြန်စွာ လျှော့ချလိုက်သည်။ ဤအကွာအဝေး၌ ကြယ်ဖျက်ယာဉ် အမြောက်အမြားက တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု စတင်လိုက်ခြင်းက ဧကရာဇ်အဆင့်များအတွက် ရှောင်တိမ်းရန် ပို၍ခက်ခဲသွားစေသည်။
မကြာမီမှာပင် ဧကရာဇ်အဆင့် တစ်ဦးသည် ကြယ်ဖျက်ယာဉ်မှ သေမင်းအလင်းတန်း တစ်ချက် အထိမှန်ခြင်း ခံလိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့လေသည်။
ကြယ်ဖျက်ယာဉ်မှ တစ်ချက်တည်းဖြင့် ဧကရာဇ်အဆင့် တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်ကို မြင်လိုက်ရခြင်းက နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များကြားတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်သွားစေခဲ့သည်။ သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုနှင့် စိုးရိမ်မှုတို့ ရောနှောနေသော အမူအရာများလည်း ပေါ်လာ၏။
ထိုအခိုက်အတန့်တွင် တုန်းယန်ဧကရာဇ်က
“လင်ယွမ်၊ ကျန်းယန်... တို့ သုံးယောက် ရှနိုင်ငံရဲ့ နတ်လှေတွေ အားလုံးကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းရှာရမယ်။ ဒီနတ်လှေတွေက ကျုပ်တို့အတွက် ခြိမ်းခြောက်မှု ကြီးလွန်းတယ်။”
ထျန်းလုဧကရာဇ်သည် သူတို့၏ အမြင့်ဆုံး ဖဲချပ်ဖြစ်ပြီး အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်ကို ရင်ဆိုင်ရန် ချန်ထားခြင်း ဖြစ်၏။ ထို့ကြောင့် တုန်းယန်ဧကရာဇ်က လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ကို အရင် တိုက်ခိုက်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့သာ ရှနိုင်ငံ၏ နတ်လှေများကို တိုက်ခိုက်မည်ဆိုပါက ရှနိုင်ငံ၏ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ဧကန်မုချ ထွက်ပေါ်လာပေလိမ့်မည်ဟု တုန်းယန်ဧကရာဇ် မြင်၏။
တုန်းယန်ဧကရာဇ် မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ သုံးဦး ရှနိုင်ငံ၏ ကြယ်ဖျက်ယာဉ်များကို ပစ်မှတ်ထားရန် ပြင်ဆင်လိုက်သည်နှင့် အနီရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခု သူတို့ ရှေ့တွင် ပေါ်လာပြီး လမ်းကို ပိတ်ဆို့ထားလိုက်သည်။ ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် မိစ္ဆာအငွေ့အသက်ကို မြင်လိုက်ရသောအခါ အဓိကပြိုင်ဘက် ရောက်ရှိလာပြီဖြစ်ကြောင်း တုန်းယန်ဧကရာဇ် သိလိုက်ပြီး ထျန်းလုဧကရာဇ်ကို ချက်ချင်း ပြောလိုက်သည်။
“ထျန်းလု... သူက ခင်ဗျားအပိုင်းပဲ။ သူ့ကို တားထားဖို့ နည်းလမ်းရှာပါ”
ထျန်းလုဧကရာဇ်က ဘာမှ ပြန်မပြောပေ။ သူ၏ ပုံရိပ်သည် ရုတ်တရက် ဝေဝါးသွားပြီး ထျန်းဟုန် ဧကရီ၏ ရှေ့တွင် ပေါ်လာကာ သူမကို အေးစက်သော အမူအရာဖြင့် ကြည့်ရင်း
“ခင်ဗျား ကျုပ်ကို မှတ်မိသေးရဲ့လား။”
ထျန်းဟုန် ဧကရီက ထျန်းလုဧကရာဇ်ကို စကားတစ်ခွန်းမှ မပြောပဲ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမဘေးတွင် ဝဲပျံနေသော ဧကရီဓားမှ ရုတ်တရက် မရေမတွက်နိုင်သော ဧကရီဓားပွားများအဖြစ် ကွဲထွက်သွားသည်။
ထျန်းလုဧကရာဇ်သည် ပြင်ပနယ်မြေ၌ ထျန်းဟုန် ဧကရီနှင့် ဆုံတွေ့ခဲ့ဖူးသဖြင့် ၎င်းသည် သူမ လှုပ်ရှားတော့မည့် အချက်ပေးမှု ဖြစ်ကြောင်း သိထားသည်။ သူက နောက်တစ်ကြိမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ခင်ဗျားကတော့ ပြင်ပနယ်မြေမှာ တုန်းကလိုပဲ။ စကားမပြောရသေးဘူး တိုက်ဖို့ပဲ လုပ်နေတာပဲ။ ကံမကောင်းတာက ကျုပ်ကအရင်ကလို မဟုတ်တော့သလို ခင်ဗျားကလည်း အဲ့ဒီတုန်းက ခင်ဗျားမဟုတ်တော့ဘူး။”
ယခု ထျန်းဟုန် ဧကရီသည် အဆင့်ခြောက် ကျင့်စဉ်အဆင့်၌သာ ရှိတော့သဖြင့် သူမကို နောက်တစ်ကြိမ် ထပ်မံ ရှုံးနိမ့်လိမ့်မည်ဟု ထျန်းလုဧကရာဇ် မယုံကြည်ပေ။
နောက်တစ်ခဏတွင် ကောင်းကင်အဆင့် ဝိညာဉ်ဓားတစ်စင်း ထျန်းလုဧကရာဇ်၏ လက်ထဲတွင် ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် ပေါ်၌ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ခန္ဓာကိုယ် အပြင်ဘက်တွင် ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်တည်လာသည်။ ထို့ပြင် ထျန်းလုဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်ရတနာများ အားလုံးလည်း ထိုအခိုက်အတန့်တွင် အသက်ဝင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်နေသည်။
ယခုတစ်ကြိမ်တွင် ထျန်းဟုန် ဧကရီကို အနိုင်ယူနိုင်မည်ဟု ထျန်းလုဧကရာဇ် ယုံကြည်မှု ရှိနေသော်လည်း သူမကို နည်းနည်းမှ သူ လျှော့မတွက်ပေ။ သူ၏ ဖဲချပ်များ အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်သည်။
သူ၏ ရည်ရွယ်ချက်မှာ ထျန်းဟုန် ဧကရီကို အမြန်ဆုံး ဖယ်ရှားရန်သာ ဖြစ်သည်။ ထျန်းဟုန် ဧကရီကဲ့သို့သော သတ်ဖြတ်ခြင်း ဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါ တိုက်ပွဲ ကြာရှည်လေ သူ၏အတွက် ပိုဆိုးလေ ဖြစ်သဖြင့် လျင်မြန်သော အောင်ပွဲက မုချ လိုအပ်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးသော မှော်ရတနာများကို အသက်သွင်းပြီးနောက် ထျန်းလုဧကရာဇ်၏ အင်အားသည် နောက်ထပ် တစ်ဆင့်သို့ ထပ်မံ မြင့်တက်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အဆင့်တစ်ခုကို ထိတွေ့လိုက်ရသကဲ့သို့လည်း သူ ခံစားလိုက်ရ၏။ ၎င်းသည် ကောင်းကင်ဧကရာဇ်၏ အဆင့် ဖြစ် မဖြစ် သူ မသိသော်လည်း ထိုခံစားချက်က အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
ထျန်းလုဧကရာဇ်ကဲ့သို့ပင် ထျန်းဟုန် ဧကရီသည်လည်း အချိန်ကိုအလွန်အကျွံ ဖြုန်းတီးရန် ရည်ရွယ်ချက် မရှိပေ။ လျင်မြန်သော တိုက်ပွဲအတွက်သာ သူမ ပြင်ဆင်လိုက်သည်။
နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် သွေးကဲ့သို့ နီရဲသော အရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းလုဧကရာဇ်သည် သွေးရောင်လွှမ်းသော ကမ္ဘာတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။ ထိုသတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ ကြီးမားသော သွေးလဝန်းကြီး တစ်စင်းလည်း ပေါ်ထွက်လာခဲ့သည်။ ထိုသွေးလဝန်းကြီး၏ အလယ်တွင် ထျန်းဟုန်ဧကရီ၏ ပုံရိပ် ရှိနေပြီး သေမင်း၏ တမန်တော်တစ်ပါးကဲ့သို့ ထင်ရှားနေသည်။
ထျန်းဟုန် ဧကရီက သတ်ဖြတ်ခြင်း နယ်ပယ်ကို အသုံးပြုသည်ကို မြင်သောအခါ ထျန်းလုဧကရာဇ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ခင်ဗျားကလည်း ဒီပွဲ အမြန်အဆုံးသတ်ဖို့ စီစဉ်ထားတာဆိုတော့ အတော်ပဲ။ တစ်ကွက်တည်းနဲ့ အရှုံးအနိုင် ဆုံးဖြတ်ကြတာပေါ့။”
ထိုသို့ပြောပြီးသည်နှင့် ထျန်းလုဧကရာဇ်၏ နိယာမ ပုံရိပ် ပေါ်လာပြီး ဧရာမ ဓားကြီးတစ်စင်းကို ဆုပ်ကိုင်လိုက်ကာ ဓားလမ်းစဉ်၏ စွမ်းအားကို တိုက်ရိုက် အသုံးချ၍ သူ၏ လက်ထဲရှိ ဓားအတွင်းသို့ စွမ်းအားအားလုံးကို လောင်းထည့်လိုက်သည်။
ထျန်းဟုန် ဧကရီကလည်း သူမ၏ သတ်ဖြတ်ခြင်း စွမ်းအားကို ထုတ်လွှတ်လိုက်ရာ သွေးရောင် သတ်ဖြတ်ခြင်း စွမ်းအားများသည် ဧကရီဓားပွားများအတွင်းသို့ အရူးအမူး စီးဝင်သွားပြီး ၎င်းတို့ကို သွေးရောင်များအဖြစ် စွန်းထင်သွားစေသည်။
ထျန်းလုဧကရာဇ်၏ နိယာမ ပုံရိပ်မှ ဧရာမ ဓားကြီးကို မြှောက်လိုက်ရာ သူ၏ ပုံရိပ် တုန်ခါသွားပြီး ဓားလမ်းစဉ် စွမ်းအား လှိုင်းလုံးများသည် နိယာမ ပုံရိပ်မှ ထွက်ပေါ်လာသည်။ ထို့နောက် သူက ဟစ်အော်လိုက်သည်။
“ကောင်းကင်နှင့် မြေကြီး ဓားကွက်”
ဓားကို လွှဲလိုက်သည်နှင့် ဓားလမ်းစဉ် စွမ်းအားများ ကိန်းဝပ်နေသော ကြီးမားလှသည့် ဓားဓာတ်စီးကြောင်းသည် ထျန်းဟုန် ဧကရီထံသို့ ပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် သူမကလည်း လက်ကို အနည်းငယ် မြှောက်လိုက်သည်။ ထိုအခါ ကောင်းကင်ပေါ်ရှိ မရေမတွက်နိုင်သော ဧကရီဓား ကိုယ်ပွားများသည် ဧရာမ သွေးရောင် ဖီးနစ်ငှက်ကြီး တစ်ကောင်အဖြစ် စုစည်းသွားသည်။
“တိုက်စမ်း”
ထျန်းဟုန် ဧကရီက အေးစက်စွာ ဟစ်အော်လိုက်ပြီး သတ်ဖြတ်ခြင်း စွမ်းအားဖြင့် မောင်းနှင်ထားသော သွေးရောင် ဖီးနစ်ငှက်သည် ထျန်းလုဧကရာဇ် ထုတ်လွှတ်လိုက်သော ဓားဓာတ်စီးကြောင်းဆီသို့ ပျံသန်းသွားသည်။
ဓားဓာတ်စီးကြောင်းသည် သတ်ဖြတ်ခြင်း စွမ်းအားဖြင့် ဖွဲ့စည်းထားသော သွေးဖီးနစ်နှင့် ရိုက်ခတ်မိသွားသောအခါ ပေါက်ကွဲသွားပြီး သတ်ဖြတ်ခြင်း နယ်ပယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ မကြာမီမှာပင် သတ်ဖြတ်ခြင်း နယ်ပယ်၌ ကွဲအက်နေသော မှန်ချပ်များကဲ့သို့ အက်ကြောင်းများ ပေါ်လာတော့သည်။
မကြာမီပင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ အက်ကြောင်းများသည် ပိုမိုများပြားလာပြီး ပိုမိုပြင်းထန်လာကာ ဓားလမ်းစဉ် စွမ်းအားနှင့် သတ်ဖြတ်ခြင်း စွမ်းအားတို့၏ အားပြိုင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်၌တော့ ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်း နယ်ပယ်သည် ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေတော့သည်။
ထိုတိုက်ပွဲကို အစအဆုံး အဝေးမှ စောင့်ကြည့်နေသော လုချန်း မျက်ခုံးတွန့် လိုက်၏။ ထျန်းဟုန် ဧကရီ တစ်ယောက်တည်းဖြင့် လုံလောက်လိမ့်မည်ဟု အစက သူ ထင်ခဲ့၏။ ဧကရာဇ် အဆင့်ကိုးများ၏ စွမ်းအားကို သူ လျှော့တွက်ခဲ့မိခဲ့ပုံရသည်။
လုချန်းလည်း ခဏမျှပင် တွေဝေမနေပဲ ကစဉ့်ကလျားဖြစ်နေပြီး သတ်ဖြတ်ခြင်း စွမ်းအားများ မငြိမ်မသက် ဖြစ်ကာ ပါးစပ်ထောင့်တွင် သွေးစအချို့ဖြင့် အတော်လေး အထိနာနေပုံရသော ထျန်းဟုန် ဧကရီ၏ အနားသို့ သွားလိုက်တော့သည်။
…………
အခန်း (၁၄၈၇)
နတ်ဘုရားချေမှုန်းဓား
လုချန်းသည် ထျန်းဟုန် ဧကရီ၏ အနောက်သို့ ရောက်ရှိလာပြီး သူမ၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ချက်ချင်း ထောက်ကူပေးလိုက်၏။ ထို့နောက် သူ၏ ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြုကာ သူမအား ကုသပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
ထျန်းဟုန် ဧကရီသည် လုချန်း၏ မေးခွန်းကို ဖြေကြားခြင်း မပြုပဲ သူမ၏ နီရဲသော မျက်လုံးများဖြင့် အဝေးရှိ ဟင်းလင်းပြင်ထဲမှ ဖုန်မှုန့်များကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထိုအခိုက်အတန့်၌ မီးခိုးများနှင့် ဖုန်မှုန့်များထဲမှ ထျန်းလုဧကရာဇ်၏ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
“ဟားဟားဟား... သတ်ဖြတ်ခြင်းကနေတစ်ဆင့် လမ်းစဉ်ကို သက်သေပြနိုင်လည်း ဘာဖြစ်လဲ။ သတ်ဖြတ်ခြင်း လမ်းစဉ်က ဘာမှ ထူးခြားတာ မဟုတ်ပါဘူး။ ကျင့်စဉ်အဆင့် ကွာခြားချက် ရှိရင်တော့ သတ်ဖြတ်ခြင်း လမ်းစဉ်တောင် အသုံးမဝင်ဘူး။”
ထျန်းလုဧကရာဇ်၏ စကားသံ အဆုံးသတ်သွားသည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး ထျန်းလုဧကရာဇ် ပေါ်ထွက်လာသည်။ ဟင်းလင်းပြင်ထဲ လွှင့်မျောရင်း အောင်နိုင်သူတစ်ယောက်ကဲ့သို့ မာန်တက်နေသော်လည်း သူ၏ အသွင်အပြင်ကတော့ ကြည့်မကောင်းလှပေ။
ယခုအချိန်တွင် ထျန်းလုဧကရာဇ်သည် ထျန်းဟုန် ဧကရီထက်ပင် ပို၍ စုတ်ပြတ်နေ၏။ အသက်ရှင်ရန် သူအသုံးပြုခဲ့သော မှော်ရတနာများသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်နေပြီး အဝတ်အစားများလည်း စုတ်ပြတ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူ၏ ဆံပင်များမှာလည်း ရှုပ်ပွနေပြီး ဒွါရပေါက် ခုနှစ်ပေါက်မှ သွေးများ ယိုစီးနေလေသည်။
ယခုလို အခြေအနေမျိုးတွင် မည်သူမဆို ချက်ချင်း ဆုတ်ခွာရန် ဆင်ခြင်မိနိုင်၏။ သို့သော် ထျန်းလုဧကရာဇ်ကတော့ ထိုသို့မဟုတ်ပေ။
ထျန်းဟုန် ဧကရီ၏ ဘေး၌ လုချန်းကို မြင်သောအခါ ထျန်းလုဧကရာဇ် အလွန် စိတ်လှုပ်ရှားသွား၏။ ရုတ်တရက် ရရှိလိုက်သော အခွင့်အရေးကြောင့် သူ၏ မျက်လုံးများလည်း တောက်ပသွား၏။ သူသည် ထောက်လှမ်းရေးများ ပေးပို့ထားသော ပုံရိပ်များမှတစ်ဆင့် လုချန်းကို မှတ်မိနေခြင်း ဖြစ်သည်။ လုချန်းကို သတ်နိုင်ပါက လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်း လုံးဝ ပြေလည်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဓားလမ်းစဉ်၏ စွမ်းအားကို ထျန်းလုဧကရာဇ် နောက်တစ်ကြိမ် ထပ်မံ စုစည်းလိုက်၏။
ထျန်းလုဧကရာဇ်သည် ထျန်းဟုန် ဧကရီ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ယခုအချိန်၌ ဓားလမ်းစဉ်၏ စွမ်းအားကို ထပ်မံ ထုတ်ဖော်အသုံးပြုခြင်းသည် သူ၏ ခန္ဓာကိုယ်အား ထိုစွမ်းအားများ၏ တိုက်စားမှုအောက်တွင် ပျက်စီးသွားစေရန်သာ ဖြစ်စေပေလိမ့်မည်။
ထိုအချင်းအရာကို မြင်သောအခါ လုချန်းက ခပ်တိုးတိုး ရယ်မောရင်း
“ခင်ဗျားရဲ့ ခန္ဓာကိုယ်က ပျက်စီးတော့မယ်။ အခုထိ ကျုပ်ကို တိုက်ချင်သေးတာလား။”
ထျန်းလုဧကရာဇ်က ကျယ်လောင်စွာ ရယ်မောပြီး ပြန်လည် ပြောကြားလိုက်သည်။
“ကျုပ်မှာ ကျန်နေတဲ့ အင်အားအနည်းငယ်က ခင်ဗျားကို သတ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုသေးတယ်။ မိုက်မဲစွာနဲ့ ကိုယ့်ကိုယ်ကို ကျုပ်လက်ထဲကို လာအပ်တာတော့ ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင်ရလိမ့်မယ်။”
လုချန်းက တည်ငြိမ်စွာပင် တုံ့ပြန် လိုက်သည်။ သူ၏ တည်ငြိမ်မှုနောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အစီအစဉ်များ ရှိနေနိုင်လားဆိုတာကို တစ်ဖက်လူက လုံးဝ စဉ်းစားပုံ မရပေ။
“ခင်ဗျား ကျုပ်ကို တကယ် သတ်နိုင်မယ်လို့ ထင်နေတာလား”
ထျန်းလုဧကရာဇ်သည် သူ၏အတွင်း၌ ရုန်းကန်နေသော ဓားလမ်းစဉ် စွမ်းအားများကို ပြန်လည် ထိန်းချုပ်ရင်း အချိန်ဆွဲသည့် အနေနှင့်
“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ်...အရင်က တကယ့် ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ရင်တောင် အခုတော့ ခင်ဗျားက ဧကရာဇ် အဆင့်နှစ်တစ်ယောက်ထက် မပိုပါဘူး။”
လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“အဲ့ဒီလို ခင်ဗျားတကယ်ထင်နေတယ်ဆိုရင် ဘာလို့ ချက်ချင်း မတိုက်ပဲ အချိန်ဖြုန်းနေတာလဲ။ တစ်ကွက်တည်းနဲ့ ကျုပ်ကို သတ်နိုင်မယ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်မှု မရှိလို့ တမင် အချိန်ဆွဲနေတာ မဟုတ်ဘူးလား။”
ထျန်းလုဧကရာဇ်၏ ခန္ဓာကိုယ်သည် ပြိုလဲလုနီးပါး ဖြစ်နေပြီး လမ်းစဉ်၏ စွမ်းအားကို ထပ်မံ အသုံးမပြုနိုင်တော့ကြောင်း လုချန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထျန်းလုဧကရာဇ်သာ ဓားလမ်းစဉ် စွမ်းအားကို အတင်းအကျပ် အသုံးပြုလိုက်ပါက ၎င်းက သူ့ကိုသာ ပြန်လည် ထိခိုက်စေပြီး သေဆုံးသည်အထိ ဖြစ်သွားစေနိုင်သည်။
ဧကရာဇ်အဆင့်တစ်ဦး၏ ပြန်လည် နာလန်ထူနိုင်နှုန်းသည် အလွန် လျင်မြန်လှ၏။ အထူးသဖြင့် ဧကရာဇ် အဆင့်ကိုး တစ်ဦး၏ ပြန်လည် ကုသနိုင်စွမ်းဖြင့် ဆိုလျှင် သူ၏အတွင်း၌ သောင်းကျန်းနေသော ဓားလမ်းစဉ် စွမ်းအားကို တည်ငြိမ်အောင် လုပ်ရန် အချိန်အမြောက်အမြား မလိုအပ်ချေ။
သူ၏ အခြေအနေကို လုချန်းက ရိပ်မိသွားကြောင်းသိ လိုက်ရသောအခါ ထျန်းလုဧကရာဇ်၏ မျက်နှာ ပို၍ ပျက်ယွင်းသွားသည်။
ယခုကိစ္စက အတော်လေး ဒုက္ခရောက်နိုင်ပေသည်။ သူ၏ အားနည်းချက်ကို ဖော်ပြမိသွားပြီ ဖြစ်၏။ ယခု လုချန်းက ဤအခွင့်အရေးကို အသုံးချ၍ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်ကို ခေါ်ဆောင်ကာ ရှနိုင်ငံ၏ ခုခံရေး အတားအဆီးအတွင်းသို့ ဆုတ်ခွာသွားနိုင်ခြေ ရှိသည်။ ထိုသို့ဆိုလျှင် ရှနိုင်ငံ၏ အန္တရာယ်ကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
ထင်ရှားသော အချက်တစ်ခုမှာ လုချန်းကို ထျန်းလုဧကရာဇ် အလွန်လျှော့တွက်ထားမိခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် လုချန်းသည် ထွက်ပြေးရန် စိတ်ကူးမရှိသည့်အပြင် ထျန်းလုဧကရာဇ်ကို ကိုင်တွယ်ရန်ပါ စီစဉ်ထားသောကြောင့် ဖြစ်သည်။
တကယ်တော့ သူ့ ရှေ့တွင် ရပ်နေသူသည် ၎င်း၏ အားနည်းချက်ကို ဖော်ပြမိသွားသော ရန်သူဖြစ်၏။ သူက ဘာကြောင့်ထွက်ပြေးရမည်နည်း။
ထိုအခိုက်အတန့်တွင် လုချန်းက သတ်ဖြတ်ခြင်း စွမ်းအားကို ထုတ်လွှတ်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်း နီရဲသွားသည်။ ထိုအရာကို မြင်သောအခါ ထျန်းလုဧကရာဇ် မှင်တက်သွား၏။
လုချန်းသည်လည်း သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦး ဖြစ်ကြောင်း သတင်းအချက်အလက်များတွင် ပါဝင်သည်ကို သူ မည်သို့များ မေ့သွားရသနည်း။
ယခုတော့ အခက်တွေ့ရပြီဖြစ်သည်။
လုချန်းသည် သူ ပြင်းထန်စွာ ဒဏ်ရာရနေချိန်တွင် တိုက်ခိုက်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားလှသည်။
လုချန်း၏ ရည်ရွယ်ချက်ကို သိသော်လည်း ထျန်းလုဧကရာဇ် ဟန်ဆောင်၍ ရယ်မောလိုက်၏။
“ကျုပ်ကို တိုက်ဖို့အထိ ရဲတင်းတာက တကယ့်ကို ရယ်စရာပဲ။ ကျုပ် ဒဏ်ရာအပြင်းအထန် ရနေတာနဲ့ ခင်ဗျားကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။”
ပြောရင်းနှင့်ပင် ထျန်းလုဧကရာဇ်သည် သူ၏ နိယာမ ပုံရိပ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။ ကြီးမားလှသော ရွှေရောင် နိယာမ ကိုယ်ထည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ဟင်းလင်းပြင်ထဲသို့ သက်ရောက်လာရာ လုချန်း၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန် လေးလံသွားပြီး ဝိညာဉ်စွမ်းအား စီးဆင်းမှုလည်း နှေးကွေးသွားသည်။
သို့သော် ၎င်းက လုချန်းကို ကြီးကြီးမားမား မထိခိုက်စေနိုင်ပေ။ နောက်တစ်ခဏတွင် သူသည် စနစ်အာကာသမှ နတ်ဘုရားချေမှုန်းဓားကို တိုက်ရိုက် ထုတ်ယူလိုက်၏။
နတ်ဘုရားချေမှုန်းဓားကို ထုတ်ယူလိုက်သည့် အခိုက်အတန့်မှာပင် ဧကရာဇ် အဆင့်ကိုး တစ်ယောက်ထက်ပင် ကြောက်စရာကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။ ထိုဖိအားကို ခံစားလိုက်ရသောအခါ ထျန်းလုဧကရာဇ် သွေးတစ်ပွက် အန်လိုက်ရပြီး သူ၏ အတွင်းရှိ ဓားလမ်းစဉ် စွမ်းအားများလည်း ပိုပင် ကစဉ့်ကလျား ဖြစ်လာသည်။
လုချန်း၏ လက်ထဲရှိ နတ်ဘုရားချေမှုန်းဓားကို ကြည့်ရင်း ထျန်းလုဧကရာဇ် လုံးဝ ဆွံ့အသွားသည်။ သူသည် သူတော်စင် အဆင့် ဝိညာဉ်လက်နက်ကို အသုံးမပြုဖူးသော်လည်း မြင်ဖူး၏။ တစ်ဖက်မှ သတ်ဖြတ်ခြင်း ဧကရီ အသုံးပြုနေသည့် ဓားမှာ သူတော်စင် အဆင့် ဝိညာဉ်ဓား ဖြစ်ကြောင်း ထင်ရှားသည်။
ထို့ပြင် သူကိုယ်တိုင်လည်း ကောင်းကင်အဆင့် မှော်ရတနာ အမြောက်အမြားကို ပိုင်ဆိုင်ထားသဖြင့် သူတော်စင် အဆင့်၏ ဖိအား မည်သို့ရှိမည်ကို ခန့်မှန်းနိုင်သည်။
လုချန်း ကိုင်ထားသော ဓားသည် သူတော်စင် အဆင့် ဧကန်မုချ မဟုတ်နိုင်ပေ။ လုချန်း ထိုဓားကို ထုတ်လိုက်ချိန်တွင် စကြဝဠာ ဟင်းလင်းပြင်ပင်လျှင် လိမ်တွန့်ပြီး အက်ကွဲသွားခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဧကရာဇ် အဆင့်ကိုး တစ်ယောက်ထက်ပင် ကျော်လွန်နေသည်မှာ ထင်ရှားလှ၏။
အကယ်၍ သူတော်စင် အဆင့် မဟုတ်လျှင် ၎င်းသည် ပို၍အင်အားကြီးမားကာ သူတော်စင် အဆင့်ကို ကျော်လွန်နေသည်ဟု ဆိုလိုခြင်းလား.....
သူတော်စင် အဆင့်ကို ကျော်လွန်လျှင် ဘာရှိသနည်းဆိုတာကို ထျန်းလုဧကရာဇ်ပင် မသိပေ။ ထိုဝိညာဉ်ဓား၏ ဖျက်ဆီးနိုင်စွမ်းက ဧကန်မုချ ကြောက်စရာကောင်းလိမ့်မည်ဟုသာ သူ နားလည်လိုက်ရသည်။
လုချန်းက ထိုကဲ့သို့ ကြောက်စရာကောင်းသော ဝိညာဉ်ဓားကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရသနည်း။
ဤစကြဝဠာက ထိုကဲ့သို့သော လက်နက်မျိုး တည်ရှိနေခွင့်ကို တကယ်ပဲ ပေးထားသလား။
ထျန်းလုဧကရာဇ်၏ ဓားလမ်းစဉ် စွမ်းအားများ ပိုမိုမငြိမ်မသက် ဖြစ်လာသည်ကို မြင်သောအခါ လုချန်းက ရယ်မောရင်း
“ဘာဖြစ်တာလဲ... ခင်ဗျား ကြည့်ရတာ အတော်လေး ထိတ်လန့်နေပုံရတယ်။ ဧကရာဇ် အဆင့်ကိုး တစ်ယောက်ကတောင် ကြောက်တတ်သေးတာလား။”
လုချန်း၏ စကားကို ကြားလျှင် ထျန်းလုဧကရာဇ် သတိပြန်ဝင်လာပြီး
“ကြောက်တယ်... ရယ်စရာပဲ။ ဂုဏ်သိက္ခာရှိတဲ့ ဧကရာဇ် အဆင့်ကိုး တစ်ယောက်ဖြစ်တဲ့ ကျုပ်က အဆင့်နှစ်ဖြစ်တဲ့ ခင်ဗျားကို ဘာလို့ ကြောက်ရမှာလဲ။ သူတော်စင် အဆင့်ကို ကျော်လွန်တဲ့ ဝိညာဉ်ဓား ရှိနေရုံနဲ့ ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် ဖြစ်လာမယ်လို့ ထင်နေတာလား။ ကျင့်စဉ်အဆင့် ကွာခြားချက်ဆိုတာ အလွယ်တကူ ကျော်ဖြတ်လို့ မရဘူးဆိုတာကို ဒီနေ့ ခင်ဗျားကို ကျုပ် ပြမယ်။”
သူ ပြောလိုက်သည်နှင့် ထျန်းလုဧကရာဇ်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများ သိသိသာသာ မြင့်တက်လာ၏။ သူသည် သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေနေပြီဖြစ်ကြောင်း လုချန်း ချက်ချင်း ရိပ်မိ လိုက်သည်။
ထျန်းလုဧကရာဇ်သည် ထျန်းဟုန် ဧကရီ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ဖြစ်ရာ လာမည့် တိုက်ပွဲတွင် အနိုင်ရရန်အတွက် အထူးနည်းလမ်းအချို့ကို အသုံးမပြု၍ မရတော့ပေ။ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းသည် ထျန်းလုဧကရာဇ်အတွက် အင်အား ပြန်လည်ရရှိရန် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။
ခဏခန့်အတွင်းမှာပင် ထျန်းလုဧကရာဇ်ထံမှ ဖိအားများ ထပ်မံ မြင့်တက်လာပြီး နတ်ဘုရား ချေမှုန်းဓားမှ ထွက်ပေါ်လာသော ဖိအားကို အလွယ်တကူ ခုခံနိုင်စွမ်း ရှိလာသည်။
ထျန်းလုဧကရာဇ်သည် သူ၏ ဓားရှည်ကို နောက်တစ်ကြိမ် မြှောက်လိုက်ရင်း ကြွေးကြော်လိုက်၏။
“သူတော်စင် အဆင့်ကို ကျော်လွန်တဲ့ ဝိညာဉ်ဓားရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကိုမြည်းစမ်းခွင့် ပေးလိုက်စမ်းပါ။”
ထိုစကားကို ကြားလျှင် လုချန်းက ပြုံးလိုက်ပြီး
“ခင်ဗျား ဆန္ဒအတိုင်း ဖြစ်စေရမယ်။”
လုချန်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။
လုချန်း ခဏခန့် တွေဝေသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ထျန်းဟုန် ဧကရီ၏ နီရဲသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမအကြည့်က
“ကျွန်မသတ်မယ့်သူကို ရှင်က လုချင်နေတာလား”
ဟု မေးခွန်းထုတ်နေသကဲ့သို့ပင်။
နေရခက်စွာဖြင့် လုချန်း ရယ်မောလိုက်သည်။ ပြီးခဲ့သည့် ခဏခန့်က ထျန်းဟုန် ဧကရီသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း သူက သူမကို မျက်စိတစ်မှိတ်အတွင်းမှာပင် ကုသပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ထျန်းဟုန် ဧကရီသည် ထျန်းလုဧကရာဇ်နှင့် မတိုက်ခိုက်မီက အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။
…………..
အခန်း ( ၁၄၈၈ )
ဓားကို စမ်းသုံးကြည့်မလား
ထျန်းဟုန် ဧကရီ အနေနှင့် လုချန်းအား ဝင်ရောက်တိုက်ခိုက်စေလိုခြင်း မရှိတာ သဘာဝကျ၏။ သူမသည် ထျန်းလုဧကရာဇ်အား ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီးဖြစ်ကာ သူ့အား သတ်ရန်လည်း နီးစပ်နေပြီဖြစ်သည်။
လုချန်းက ဤအချိန်တွင် ဝင်ရောက်ကာ သူမ သတ်ရမည့်သူအား လုယူသွားမည်ဆိုလျှင် သူမ ရရှိခဲ့သော ဒဏ်ရာများ အလကားဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ထျန်းလုဧကရာဇ်သည် ဧကရာဇ် အဆင့်ကိုး တစ်ဦးဖြစ်ပြီး ဤအဆင့်ရှိ ဧကရာဇ်တစ်ဦးအား သတ်ဖြတ်ခြင်းက သူမအား ပို၍ထူထပ်သော မိစ္ဆာအငွေ့အသက်များကို စုပ်ယူနိုင်စေမည်ဖြစ်ကာ သူမ၏ အင်အားကို မြှင့်တင်ရာတွင် များစွာ အထောက်အကူပြုပေလိမ့်မည်။
စိုက်ကြည့်နေသော ထျန်းဟုန် ဧကရီ၏ မျက်လုံးများထဲရှိ မကျေနပ်မှုကို မြင်လိုက်ရသဖြင့် လုချန်းလည်း
“ကောင်းပြီလေ...ဒါဆို သူ့ကို မင်းလက်ထဲပဲ အပ်လိုက်မယ်”
ဟု ပြောလိုက်ရတော့သည်။
ထိုသို့ပြောပြီးနောက် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်အား လုချန်း တစ်ချက် ထပ်မံစစ်ဆေးလိုက်သည်။ သူမတွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် သူ ဘာမှထပ်မပြောတော့ပေ။
ထိုအခိုက်အတန့်တွင် လုချန်း တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး နတ်ဘုရား ချေမှုန်းဓားအား ထျန်းဟုန် ဧကရီအား ကမ်းပေးလိုက်ကာ
“ဒီဓားကို စမ်းကြည့်ပါလား”
ဟု မေးမြန်းလိုက်၏။
ဧကရီဓားသည် ထျန်းဟုန် ဧကရီ၏ ကိုယ်ပိုင်ဓားဖြစ်ပြီး သူတော်စင် အဆင့် လက်နက်တစ်ခု ဖြစ်လာခဲ့သော်လည်း သူမထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း စွမ်းအားများကို ဧကရီဓားက အပြည့်အဝ မခံနိုင်သေးပေ။ ထျန်းဟုန် ဧကရီသည် ဧကရီဓားအား အသုံးပြုတိုင်း သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စွမ်းအားများကို ခံနိုင်ရန်အတွက် ဓားပွား အမြောက်အမြားကို ထုတ်လွှတ်ရလေ့ရှိသည်။
ရလဒ်အနေနှင့် ထျန်းဟုန် ဧကရီသည် ဧကရီဓားနှင့် တိုက်ရိုက် ထိတွေ့ခွင့် မရပဲ သူမ၏ အင်အားကိုလည်း လက်တွေ့တွင် သိသိသာသာ လျော့နည်းနေစေခဲ့သည်။ အကယ်၍ သတ်ဖြတ်ခြင်း စွမ်းအားများကို ခံနိုင်ရည်ရှိသည့် ဝိညာဉ်ဓားတစ်စင်းသာ ရှိမည်ဆိုလျှင် သူမ၏ အင်အား များစွာ မြင့်တက်လာနိုင်ဖွယ်ရှိသည်။
နတ်ဘုရားချေမှုန်းဓားသည် နတ်အဆင့် လက်နက်တစ်ခု ဖြစ်သဖြင့် သတ်ဖြတ်ခြင်း စွမ်းအားများကို ခံနိုင်ရည်ရှိသည်။ ထျန်းဟုန် ဧကရီသာ ၎င်းကို ကိုင်စွဲမည်ဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းရည် မည်မျှအထိ မြင့်တက်သွားမည်ကို မသိနိုင်သဖြင့် လုချန်းက စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်သည်။
သူမရှေ့တွင် ဝဲပျံနေသော နတ်ဘုရားချေမှုန်းဓားအား မြင်လိုက်ရသောအခါ ထျန်းဟုန် ဧကရီ အနည်းငယ် မှင်တက်သွားသည်။ ဧကရီဓားသည် သူတော်စင် အဆင့် ဝိညာဉ်ဓား ဖြစ်နေပြီဆိုသော်လည်း နတ်ဘုရားချေမှုန်းဓား၏ အဆင့်က ပို၍ပင် မြင့်မားနေသည်ကို သူမ အထင်အရှား ခံစားနေရသည်။
ထို့ပြင် နတ်ဘုရားခြေမှုန်းဓား၏ ဓားသွားမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သတ်ဖြတ်ခြင်း စွမ်းအားကို ထိန်းချုပ်ထားသော သူမကဲ့သို့ ဧကရာဇ်အဆင့် တစ်ဦး၏ စိတ်နှလုံးကိုပင် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်စေ၏။ ဤဓားဖြင့် တကယ်တန်းတိုက်ခိုက်ပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မှန်းဆကြည့်နိုင်သည်။
သူတော်စင် အဆင့်ပြီးလျှင် ဘာရှိသနည်း...
ဧကရာဇ်အဆင့် လက်နက်သာ ရှိနိုင်သည်။
ပြင်ပနယ်မြေမှ လူများ ဧကရာဇ်အဆင့် လက်နက်များကို အသုံးပြုသည်ကို သူမ မြင်ဖူးသည်ဟု မှတ်မိသော်လည်း ဧကရာဇ်အဆင့် လက်နက်များပင် ဤမျှအထိ အစွမ်းထက်ပုံမရပေ။ ထို့ကြောင့် ဤဝိညာဉ်ဓား၏ အဆင့်သည် လက်တွေ့တွင် ဧကရာဇ်အဆင့် လက်နက်ထက်ပင် မြင့်မားနေနိုင်သည်။
ဧကရာဇ်အဆင့်ကို ကျော်လွန်သော အဆင့်က ဘာလဲ...
နတ်အဆင့်လား.....
ဤအတွေးက ထျန်းဟုန် ဧကရီ၏ နှလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ဒဏ္ဍာရီလာ နတ်အဆင့်လက်နက်မျိုးလား။
ဤဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် နတ်ဘုရားချေမှုန်းဓားပေါ်သို့ စိုက်ကြည့်နေသော ထျန်းဟုန် ဧကရီ၏ အကြည့် ပို၍ပြင်းပြလာသည်။ သူမ၏ ခံစားချက်ကို သိရှိသွား၍လားမသိ သူမဘေးတွင် ဝဲပျံနေသော ဧကရီဓားပင် စတင်၍ မငြိမ်မသက် ဖြစ်လာခဲ့သည်။
ဧကရီဓားသည် သူမ၏ ကိုယ်ပိုင်ဓားအဖြစ် နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီးဖြစ်၏။ ထျန်းဟုန် ဧကရီက အခြားဝိညာဉ်ဓားတစ်စင်းအား တပ်မက်စွာ စိုက်ကြည့်နေတာကို မြင်ရသဖြင့် ဧကရီဓား အနည်းငယ် မကျေမနပ် ဖြစ်သွားခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ အတူယှဉ်တွဲလာခဲ့ရသော မိတ်ဆွေဟောင်းကို မေ့လျော့သွားပုံပေါ်သည့် သခင်၏ အမူအရာက ဧကရီဓားကို နာကျင်စေခဲ့ပုံပင်။
ဧကရီဓား၏ ခံစားချက်ကို သတိပြုမိသွားသဖြင့် ထျန်းဟုန် ဧကရီ သတိပြန်ဝင်လာသည်။ သူမက လုချန်းကို ကြည့်ကာ
“ဒါက ဘယ်လိုအဆင့်ရှိတဲ့ ဝိညာဉ်ဓားလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“ဒါက ဝိညာဉ်ဓား မဟုတ်ဘူး။ နတ်ဓားပဲ”
ဟု အသံလွှင့်ကာ တိုက်ရိုက် အဖြေပေးလိုက်သည်။
လုချန်း၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ထျန်းဟုန် ဧကရီ၏ နှလုံး နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်၏။ ယင်းသည် နတ်အဆင့် လက်နက်တစ်ခုသာ တကယ် ဖြစ်မည်ဆိုလျှင် ထိုဓားအား သူမ မတော်တဆ ဖျက်ဆီးမိမည်ကို စိုးရိမ်စရာမလိုပဲ သူမ၏ သတ်ဖြတ်ခြင်း စွမ်းအားများကို အစွမ်းကုန်ကို ထုတ်သုံးနိုင်ပေလိမ့်မည်။
ထျန်းဟုန် ဧကရီ၏ မျက်လုံးများ တောက်ပနေသည်ကို မြင်သဖြင့် လုချန်းက
“ကိုယ် မင်းကို ခဏပဲ ငှားပေးတာနော်။ ပေးလိုက်တာ မဟုတ်ဘူး”
ဟု ချက်ချင်း သတိပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရလျှင် ထျန်းဟုန် ဧကရီလည်း မျက်နှာပေါ်သို့ ရေအေးတစ်ပုံး အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူမ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။
ဤဓားသည် နတ်ဓား တစ်စင်းဖြစ်၏။
လုချန်းအနေနှင့် ဤမျှ အဖိုးတန်သော ရတနာမျိုးကို အလွယ်တကူ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ခေတ္တခန့် အသုံးပြုရသည်ကပင် လုံလောက်လှပြီ ဖြစ်သည်။
ထျန်းဟုန် ဧကရီလည်း ဆက်လက်၍ လျှောက်မတွေးတော့ပေ။ တွေဝေခြင်း မရှိစွာဖြင့် တိုက်ရိုက် လက်လှမ်းလိုက်ပြီး နတ်ဘုရားခြေမှုန်းဓား၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီအတွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအားများသည် နတ်ဘုရားခြေမှုန်းဓားအတွင်းသို့ အရူးအမူး စီးဝင်သွားပြီး သူမ၏ အရှိန်အဝါလည်း ထိုအခိုက်အတန့်တွင် အဆမတန် မြင့်တက်လာသည်။ နတ်ဘုရားခြေမှုန်းဓားက သူမ၏ အင်အားကို ကြီးမားစွာ မြှင့်တင်ပေးလိုက်ခြင်းဖြစ်၏။
ထျန်းဟုန် ဧကရီထံမှ လျင်မြန်စွာ မြင့်တက်လာသော အရှိန်အဝါနှင့် သတ်ဖြတ်ခြင်း စွမ်းအားများ လွှမ်းခြုံလာခြင်းတို့ကို ခံစားမိလိုက်သောအခါ ထျန်းလုဧကရာဇ်၏ မျက်နှာလည်း ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားတော့သည်။
ထိုထူးဆန်းသော ဓားကို ကိုင်ထားရုံမျှဖြင့် ထိုမိန်းမ၏ အင်အားက ဒီလောက်တောင် မြင့်တက်သွားတာလား....
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒါက ဘယ်လိုအဆင့်ရှိတဲ့ ဝိညာဉ်ဓားမျိုးလဲ....
ဒါက တကယ်ပဲ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် လက်နက်လား......
ဤစကြဝဠာထဲတွင် ဧကရာဇ်အဆင့် လက်နက်တစ်ခု ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ...
ကောင်းကင်ဧကရာဇ် တစ်ဦး မရှိပဲ ဧကရာဇ်အဆင့် လက်နက်တစ်ခု မတည်ရှိနိုင်ဘူးလို့ ပြောထားကြသည် မဟုတ်လား...
ရှေးဟောင်းခေတ်မှ ဒဏ္ဍာရီအချို့အရ ကောင်းကင်ဧကရာဇ် တစ်ဦးသာလျှင် ဧကရာဇ်အဆင့် လက်နက်တစ်ခုကို သွန်းလုပ်နိုင်၏။ အကြောင်းမှာ ထိုကဲ့သို့သော လက်နက်တစ်ခုကို ဖန်တီးရာတွင် ဤစကြဝဠာ၏ မူလအစ စွမ်းအား လိုအပ်သောကြောင့် ဖြစ်သည်။
ခေတ်တစ်ခောတ် ပျက်သုဉ်းသွားသောအခါ ထိုခေတ်အတွင်း ဖြစ်ပေါ်လာသော ဧကရာဇ်အဆင့် လက်နက်များသည်လည်း ခေတ်နှင့်အတူ ပျက်စီးသွားရသည်။ ခေတ်သစ်၌ နိယာမများ ပြောင်းလဲသွားပြီး ခေတ်ဟောင်း၏ မူလအစ စွမ်းအားဖြင့် သွန်းလုပ်ထားသော ဧကရာဇ်အဆင့် လက်နက်များသည် ငြင်းပယ်ခြင်း ခံရကာ ပျက်စီးသွားရခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ် တစ်ဦး မရှိပဲ ဤစကြဝဠာ၌ ဧကရာဇ်အဆင့် လက်နက်တစ်ခု ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။
သို့သော် ယခု သူ မျက်မြင်ကိုယ်တွေ့နေရသည်က ထိုမဖြစ်နိုင်ဟု ယူဆထားသည့်အရာပင် ဖြစ်နေ၏။
နေဦး...
ကောင်းကင်ဧကရာဇ်...
ထျန်းလုဧကရာဇ်၏ အကြည့်များ လုချန်းပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။ အကယ်၍ လုချန်းသာ ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ဖြစ်ခဲ့ပါက သူသည် သူ၏ ကောင်းကင်ဧကရာဇ် အင်အားများကို ပြန်လည် မရရှိသေးသော်လည်း မူလအစ စွမ်းအားကို အသုံးပြု၍ ဧကရာဇ်အဆင့် လက်နက်တစ်ခုကို သွန်းလုပ်ရန် ဖြစ်နိုင်ခြေ ရှိနေသည် မဟုတ်ပါလား...
ဤဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် ထျန်းလုဧကရာဇ် ချွေးစေးများ ထွက်လာတော့သည်။
ဧကရာဇ်အဆင့် လက်နက်တစ်ခုကို အသုံးပြုဖူးခြင်း သို့မဟုတ် မြင်ဖူးခြင်း မရှိခဲ့သဖြင့် ၎င်း၏ တိကျသော အစွမ်းကို သူ မသိနိုင်ပေ။
သို့သော် သူတော်စင် အဆင့် လက်နက်တစ်ခု မည်မျှ ကြောက်စရာကောင်းသည်ကိုတော့ သူ သိထားသည်။ ထိုမိန်းမသည် အဆင့်ခြောက် ဧကရာဇ်အဆင့်၌သာ ရှိသေးသော်လည်း သူတော်စင် အဆင့် လက်နက်ကို အသုံးပြု၍ သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
အကယ်၍ ထိုမိန်းမက ဧကရာဇ်အဆင့် လက်နက်ကိုသာ ကိုင်စွဲမည်ဆိုလျှင် သူ ဧကန်မုချ သေဆုံးရပေလိမ့်မည်။
ယခုတော့ ထိုမိန်းမ၏ လက်ထဲတွင် ထိုကဲ့သို့သော လက်နက်မျိုး ရောက်ရှိနေပြီဖြစ်သည်။
ဤအတွေးနှင့်အတူ ထျန်းလုဧကရာဇ်လည်း တွန့်ဆုတ်မနေတော့ပဲ သူ၏ အင်အားအားလုံးကို စုစည်းကာ ဓားလမ်းစဉ် စွမ်းအားကို အသုံးပြုလိုက်သည်။ ထျန်းလုဧကရာဇ်၏ နိယာမ ကိုယ်ထည် လက်ထဲရှိ ဧရာမ ဓားကြီးအတွင်းသို့ အင်အားကြီးမားသော စွမ်းအားများ စုစည်းလာပြီးနောက် ဓားကြီးကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
“ကောင်းကင်နှင့် မြေကြီး ဓားကွက်။”
သူ၏ အကြံအစည်က လက်ဦးမှု ရယူပြီး အပြတ်အသတ် တိုက်ခိုက်ရန်ဖြစ်သည်။ ထိုမိန်းမအား ထိုဓားကို သုံးစွဲခွင့် လုံးဝပေး၍ မရပေ။
ထျန်းလုဧကရာဇ်၏ ဓားချက်နှင့်အတူ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ဓားဓာတ်စီးကြောင်း ဖြတ်သန်းသွားရာတွင် အာကာသ ဟင်းလင်းပြင်အလွှာများလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည့်အလား အက်ကွဲပြိုပျက်သံများ ထွက်ပေါ်လာသည်။
ထျန်းလုဧကရာဇ်က စိုးရိမ်တကြီးနှင့် သူ၏ ဓားကို လွှဲယမ်းလိုက်တာကို မြင်သောအခါ ထျန်းဟုန် ဧကရီ နှာခေါင်းရှုံ့လိုက်၏။ လုချန်း၏ အကူအညီဖြင့် သူမ၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီဖြစ်ရာ သူမ၏ နဂို အင်အားများကိုလည်း ပြန်လည် ရရှိထားပြီး ဖြစ်သည်။
ထျန်းလုဧကရာဇ်ကတော့ ပြင်းထန်စွာ ဒဏ်ရာရနေဆဲဖြစ်၏။ ယခုနေ သူ၏ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့လျှင်ပင် သူ၏ အင်အားများကို နဂိုအခြေအနေအတိုင်း ထုတ်လွှတ်၍ မရနိုင်တော့ပေ။ ဤအချိန်တွင် ထျန်းလုဧကရာဇ်အား အနိုင်ယူရန်က ထျန်းဟုန် ဧကရီအတွက် လွယ်ကူလှသည်။
ထျန်းဟုန် ဧကရီသည် နတ်ဘုရားချေမှုန်းဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သတ်ဖြတ်ခြင်း စွမ်းအားများကို ၎င်းအတွင်းသို့ စီးဝင်စေလိုက်သည်။ ထျန်းလုဧကရာဇ် လွှဲလိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် ဓားဓာတ်စီးကြောင်း သူမထံသို့ နီးကပ်လာသောအခါ ထျန်းဟုန် ဧကရီကလည်း သူမ၏ ဓားကို လွှဲလိုက်သည်။
၎င်းသည် မည်သည့် ဓားသိုင်းပညာမှ မပါဝင်သော ခပ်ပေါ့ပေါ့ ဓားချက်တစ်ခုမျှသာဖြစ်၏။
သို့သော် နတ်ဘုရားခြေမှုန်းဓားမှ ထွက်ပေါ်လာသော ဓားဓာတ်စီးကြောင်းတွင် သတ်ဖြတ်ခြင်း စွမ်းအားများ ကိန်းအောင်းနေ၏။ ထိုစွမ်းအားများ ထျန်းလုဧကရာဇ်၏ ဓားဓာတ်စီးကြောင်းနှင့် ထိတွေ့မိသည်နှင့် ၎င်းကို ချက်ချင်းပင် အငွေ့ဖြစ်အောင် ချေဖျက်ပစ်လိုက်သည်။
ထို့နောက် အလင်းထက် မြန်သော အရှိန်ဖြင့် ရောက်ရှိလာသော ထိုစွမ်းအားလှိုင်းများသည် ထျန်းလုဧကရာဇ် မတုံ့ပြန်နိုင်မီ သူ၏ ခန္ဓာကိုယ်အား တိုက်ရိုက် ဖြတ်တောက်သွားတော့၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သွေးရောင်အလင်းတန်းများ ဖြာထွက်လာသည်။
သူခုတ်ဖြတ်ခံလိုက်ရကြောင်း ထျန်းလုဧကရာဇ်သိလိုက်ချိန်၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားများပါ ထပ်မံ မလှုပ်ရှားနိုင်တော့သည်ကို တွေ့ရှိလိုက်ရ၏။ ခဏအတွင်းမှာပင် သူ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ထျန်းလုဧကရာဇ်၏ မျက်နှာပေါ်တွင်တော့ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်၏။
“မ... မဖြစ်နိုင်ဘူး”
ဤအချိန်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရန်ပင် မစွမ်းဆောင်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ် အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ စကြဝဠာထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရတော့သည်။