← Chapters

အခန်း (၁၄၈၉-၁၄၉၁)

Vol. 100 Ch. 1489-1491

အခန်း (၁၄၈၉-၁၄၉၁)

Vol. 100 Ch. 1489-1491

အခန်း (၁၄၈၉ )

စားချက် တစ်ချက် ဧကရာဇ်တစ်ပါး

ထျန်းလုဧကရာဇ်၏ ရုပ်

အလောင်းနှင့် ဝိညာဉ်တို့ လုံးဝကွယ်ပျောက်သွားသောအခါ နတ်ဘုရားချေမှုန်းဓားကို ကိုင်စွဲထားသည့် ထျန်းဟုန်ဧကရီလည်း ရုတ်ခြည်းပင် ခွေယိုင်ကျသွားတော့သည်။ ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်အခြေအနေ တစ်ခုခုလွဲချော်နေသည်ကို မြင်လိုက်ရသဖြင့် လုချန်းက သူမကို အမြန်ဖေးမပေးလိုက်၏။

သူမကို ပြန်မတ်လာအောင် ကူညီပေးရင်း ဖန်တီးခြင်းလမ်းစဉ် စွမ်းအားများကို လုချန်း ထည့်သွင်းပေးလိုက်သည်။

ခုနက ဓားချက်သည် ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်ခြင်းစွမ်းအား အားလုံးကို တိုက်ရိုက်စုပ်ယူသွားခဲ့ခြင်း ဖြစ်၏။ သာမန်ဝိညာဉ်စွမ်းအားပင် မကျန်တော့ချေ။

အကယ်၍ လုချန်းသာ သူမအား ဖန်တီးခြင်းလမ်းစဉ်စွမ်းအားများကို ချက်ချင်းသွင်းမပေးခဲ့ပါက သူမ၏ခန္ဓာကိုယ်လည်း ဤအခိုက်အတန့်တွင်ပင် ပြိုလဲသွားနိုင်ပေသည်။ ထျန်းဟုန်ဧကရီကိုယ်တိုင်ပင် နတ်ဘုရားချေမှုန်းဓား ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုအရာက နတ်အဆင့် လက်နက်တစ်ခု၏ အစွမ်းလားဟု သူမ မတွေးပဲ မနေနိုင်တော့ချေ။

ဤနတ်အဆင့် လက်နက်၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် သတ်ဖြတ်ခြင်းစွမ်းအားကို ထိန်းချုပ်ထားသော ဧကရာဇ်အဆင့်တစ်ဦးကိုပင် ထိတ်လန့်သွားစေနိုင်၏။

ထိုအခိုက်အတန့်တွင် ထျန်းလုဧကရာဇ် ကျဆုံးသွားသည့် ဟင်းလင်းပြင်၌ မိစ္ဆာအငွေ့အသက်များဖြင့် ဖြစ်တည်နေသည့် နီရဲသော တိမ်တိုက်တစ်ခု ပေါ်လာသည်။ ထိုသွေးရောင်တိမ်တိုက်များသည် အာကာသထဲတွင် ဝဲကရက်တစ်ခုကဲ့သို့ လှည့်ပတ်ကြကုန်၏။

ထို့နောက် မိစ္ဆာအငွေ့အသက်များသည် ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး တိုးဝင်သွားကြတော့သည်။ ထိုမိစ္ဆာအငွေ့အသက်များ သူမ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီးနောက် ထျန်းဟုန်ဧကရီထံမှ သတ်ဖြတ်ခြင်းစွမ်းအားများလည်း ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ခဏခန့်အတွင်းမှာပင် အနီးနားရှိ ဟင်းလင်းပြင်တစ်ခုလုံးအား သတ်ဖြတ်ခြင်းစွမ်းအားများဖြင့် လွှမ်းခြုံသွားတော့၏။

ထိုအချိန်တွင် ထျန်းဟုန်ဧကရီ၏ ကျင့်စဉ်အဆင့်လည်း အနည်းငယ် လှုပ်ခတ်လာခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူမ၏အဆင့်သည် အဆင့်ခြောက်မှာပင် တစ်နေသဖြင့် တိုက်ရိုက်တိုးတက်မသွားနိုင်သေးပေ။

အဆင့်ခုနှစ်သို့ တက်လှမ်းရန် အနည်းငယ်သာ လိုတော့သည်ဟု ထျန်းဟုန်ဧကရီ ခံစားနေရ၏။

နောက်တစ်ခဏတွင် သူမ၏အကြည့်သည် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည့် အဝေးမှ ဧကရာဇ်အဆင့်များဆီသို့ ကျရောက်သွားသည်။ တုန်းယန်ဧကရာဇ်၊ လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့သည် အဆင့်ခုနှစ်တွင် ရှိနေကြသည်။

သူတို့ဘက်၌ အဆင့်လေးနှင့်ငါးရှိ ဧကရာဇ်အဆင့်များလည်း အမြောက်အမြားလည်း ကျန်ရှိနေသေး၏။ သူမသာ ထိုဧကရာဇ်အဆင့်များကို သတ်နိုင်မည်ဆိုလျှင် အဆင့်ခုနှစ်သို့ အလွယ်တကူ တက်လှမ်းနိုင်ပေလိမ့်မည်။

ထိုသို့တွေးရင်း နတ်ဘုရားချေမှုန်းဓားကို ထျန်းဟုန်ဧကရီ တင်းတင်းဆုပ်ကိုင်လိုက်၏။ ထို့နောက် အရိပ်တစ်ခုအသွင် ပြောင်းလဲပြီး မိုးကြိုးဧကရာဇ်နှင့် တိုက်ခိုက်နေသော တုန်းယန်ဧကရာဇ်၏ ရှေ့သို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။

ထျန်းဟုန်ဧကရီနှင့် သူမထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းစွမ်းအားများကို မြင်လိုက်ရလျှင် တုန်းယန်ဧကရာဇ်လည်း ခဏခန့် မှင်တက်သွားပြီး ချက်ချင်း ထွက်မပြေးနိုင် ဖြစ်သွားသည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ဟု တုန်းယန် ဧကရာဇ် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ဤမိန်းမ ပေါ်လာခြင်းက ထျန်းလုဧကရာဇ် ရှုံးနိမ့်သွားပြီ သို့မဟုတ် ကျဆုံးသွားပြီဟု အဓိပ္ပာယ်ရသည်။ ထျန်းလုဧကရာဇ်သည် ဧကရာဇ်အဆင့်ကိုး တစ်ဦး ဖြစ်၏။ သူက အဆင့်ခြောက် ဧကရာဇ်အဆင့်တစ်ဦးကို ဘယ်လိုလုပ် ရှုံးနိမ့်သွားရသနည်း။

တုန်းယန်ဧကရာဇ်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ သတ်ဖြတ်ခြင်းစွမ်းအားကို တတ်ကျွမ်းသော ဧကရာဇ်အဆင့်တစ်ဦးက တကယ်ပင် ဤမျှအထိ ကြောက်စရာကောင်းသလား။

တုန်းယန်ဧကရာဇ် တွေးတောနေစဉ်မှာပင် ထျန်းဟုန်ဧကရီက သူမ၏ဓားကို လွှဲယမ်းလိုက်သည်။ နတ်ဘုရားချေမှုန်းဓားမှ ဓားဓာတ်စီးကြောင်းနှင့်အတူ သတ်ဖြတ်ခြင်းစွမ်းအားများသည် တုန်းယန်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားခဲ့ပြန်၏။

နောက်တစ်ခဏတွင် တုန်းယန်ဧကရာဇ် နှစ်ပိုင်းပြတ်သွားပြီး သူ၏ခန္ဓာကိုယ်လည်း ကြယ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့လည်း ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ဖြူလျော့သွားကြတော့သည်။

ဓားချက် တစ်ချက်တည်း....

ဤမိန်းမက ဧကရာဇ်အဆင့် ခုနှစ်တစ်ပါးကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်လေပြီ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

သူမက ဘယ်လိုလုပ် ဒီလောက်ထိ အားကောင်းနေရတာလဲ။

သူမက အဆင့်ခြောက်မှာပဲ ရှိနေတာ မဟုတ်ပါလား။

သတ်ဖြတ်ခြင်းဧကရာဇ်သည် ကျင့်စဉ်အဆင့် ကျော်လွန်တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို သူတို့ သိကြ၏။ သို့သော် ဧကရာဇ်အဆင့်ခုနှစ်တစ်ဦးကို ဓားတစ်ချက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ခြင်းကတော့ ထူးခြားလွန်းလှပေသည်။

များမကြာမီမှာပင် လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့သည် ထျန်းဟုန်ဧကရီ၏ လက်ထဲရှိ နတ်ဘုရားခြေမှုန်းဓားမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများကို သတိပြုမိသွားကြသည်။

လင်ယွမ် ဧကရာဇ်က

“အဲ့ဒီဓားကြောင့်ပဲ”

ဟု ချက်ချင်း ပြောလိုက်သည်။

လင်ယွမ်ဧကရာဇ်သည် ပြောပြီးသည်နှင့် တွန့်ဆုတ်မနေပဲ အဝေးသို့ ချက်ချင်း ထွက်ပြေးလေတော့သည်။ သူ၏ နှလုံးခုန်သံ စည်းချက်မမှန်တော့ပေ။ ကြောက်စိတ်များက စိုးမိုးနေပြီဖြစ်၏။

ထျန်းဟုန်ဧကရီ၏ လက်ထဲရှိ ဓားက သူတော်စင်အဆင့် လက်နက်လား သို့မဟုတ် ဧကရာဇ်အဆင့် လက်နက်လားဆိုသည်ကို သူ မသိပေ။ သို့သော် ၎င်းမှ ထွက်ပေါ်နေသော ဖိအားက သူ၏အသက်ကိုပင် ခြိမ်းခြောက်နေတာကိုတော့ သူ ကောင်းကောင်းသိ၏။

ကိုယ်တိုင်က အဆင့်ခြောက် သတ်ဖြတ်ခြင်းဧကရာဇ် တစ်ဦးဖြစ်ပြီး ယခု ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် လက်နက်ကိုပါ ပိုင်ဆိုင်ထားရာ မည်သူက သူမ၏ ပြိုင်ဘက် ဖြစ်နိုင်ပါတော့မည်နည်း။

အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းက ထွက်ပြေးရန်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုမိန်းမကို အချိန်ဆွဲထားရန် အခြားသော ဧကရာဇ်အဆင့်များ ရှိနေသေး၏။ ဦးအောင်ပြေးနိုင်သူကသာ အသက်ရှင်ရန် အခွင့်အလမ်း ပိုများမည်ဖြစ်၏။ အခြားသူများ၏ အသက်ထက် ကိုယ့်အသက်က ပိုအရေးကြီးသည်ဟုလည်း သူယူဆလိုက်သည်။

လင်ယွမ် ဧကရာဇ် တိုက်ရိုက် ထွက်ပြေးသွားသည်ကို မြင်လျှင် ကျန်းယန် ဧကရာဇ်က

“သစ္စာဖောက်”

ဟု ဆဲရေးလိုက်ပြီး သူကိုယ်တိုင်လည်း အဝေးသို့ ထွက်ပြေးတော့သည်။

ဧကရာဇ်အဆင့်ကိုး တစ်ဦးပင် ဤမိန်းမကို မယှဉ်နိုင်တော့ပေ။ လက်ရှိတွင် နိုင်ငံကြီးလေးနိုင်ငံ၏ အဓိက တိုက်ခိုက်ရေးစွမ်းအားများထဲမှ နှစ်ခုကို ဤမိန်းမဆိုးက ရှင်းလင်းပြီးဖြစ်၏။

အဆင့်ခုနှစ်တွင် ရှိနေသော သူတို့နှစ်ဦးတည်းဖြင့် အနိုင်ရရန် အခွင့်အလမ်း မရှိတော့ချေ။ ထွက်ပြေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

လက်နက်ချရန်ကိစ္စကိုတော့ သူတို့ လုံးဝ မစဉ်းစားခဲ့ကြပေ။ ထိုမိန်းမဆိုးထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် သတ်ဖြတ်ခြင်းစွမ်းအားများအရ သူမက သူတို့ကို သတ်ရန်သာ ရည်ရွယ်ထား၏။ လက်နက်ချမှုကို လုံးဝ ခွင့်ပြုမည် မဟုတ်တာ ထင်ရှားလှပေသည်။

သူတို့ လက်နက်ချလိုက်သည်နှင့် နောက်တစ်ခဏတွင် ထိုမိန်းမဆိုး၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ယခု အရေးကြီးဆုံးအချက်က ကျန်ရှိနေသော ဧကရာဇ်အဆင့် တစ်ရာကျော်က သူမအား အချိန်ဆွဲထားပြီး သူတို့ဤမိန်းမဆိုးနှင့် ဝေးရာသို့ ပြေးနိုင်ရန်သာ ဖြစ်၏။

ထိုဧကရာဇ်အဆင့်များသည် အလွန် အစွမ်းမထက်သော်လည်း အရေအတွက်အရတော့ အသာစီး ရနေသည်။ ထိုမိန်းမဆိုးက ဓားတစ်ချက်လျှင် ဧကရာဇ်တစ်ပါးနှုန်း သတ်ဖြတ်နိုင်လျှင်ပင် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်မည်ဖြစ်၏။ ထိုအချိန်က သူတို့အတွက် ထွက်ပြေးရန် လုံလောက်သည်။

သို့သော် လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ မမျှော်လင့်ထားသည့် အချက်မှာ ထျန်းဟုန်ဧကရီသည် ထိုဧကရာဇ် တစ်ရာကျော်ကို ချက်ချင်း သွားရောက် မသတ်ဖြတ်ခြင်းပင် ဖြစ်၏။

ထျန်းဟုန်ဧကရီသည် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်မှ ထူထပ်သော သွေးမြူများကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

မကြာမီမှာပင် စစ်မြေပြင်တစ်ခုလုံး ထိုမြူများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ သူတို့၏ခန္ဓာကိုယ်များ တစ်ခုခု၏ ချုပ်နှောင်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေသည်ကို ထိုဧကရာဇ်များ သတိပြုမိသွားကြသည်။

ဧကရာဇ်တိုင်း၏ စိတ်နှလုံးထဲတွင်လည်း အသက်ကိုခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ ထျန်းဟုန်ဧကရီ၏ သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း ရှိနေသော လုချန်းပင်လျှင် သူ၏အင်အားများ သိသိသာသာ ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရ၏။

ထျန်းဟုန်ဧကရီ၏ အင်အား ထပ်မံ မြင့်တက်လာသည်ကို လုချန်း ရှင်းရှင်းလင်းလင်း သိမြင်လိုက်သည်။ ထိုအရာသည် သတ်ဖြတ်ခြင်းဖြင့် အင်အားကို ရယူသော သတ်ဖြတ်ခြင်းဧကရာဇ်များ၏ ကြောက်စရာကောင်းသည့် သဘာဝပင် ဖြစ်၏။

ခုနက ထျန်းဟုန်ဧကရီသည် ဧကရာဇ်အဆင့်ကိုး ထျန်းလုဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီးနောက် အဆင့်ခုနှစ် တုန်းယန်ဧကရာဇ်ကိုလည်း သတ်ဖြတ်ခဲ့ရာ ယခု သူမ၏စွမ်းအားသည် သာမန်ဧကရာဇ်အဆင့်ကိုး တစ်ဦးထက်ပင် အပြတ်အသတ် သာလွန်နေပြီ ဖြစ်သည်။

ဟင်းလင်းပြင် ပိတ်ဆို့ခံလိုက်ရသည်ကို လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့မြင်လျှင် မျက်နှာများ ပျက်ယွင်းသွားပြီး ကျောရိုးထဲအထိ ချမ်းတက်သွားကြသည်။ ထိုအရာက သတ်ဖြတ်ခြင်းနယ်ပယ် ဖြစ်သည်ကို သူတို့ သိကြ၏။

ထိုနယ်ပယ်အတွင်းတွင် အာကာသကူးပြောင်းခြင်းကို သူတို့ အသုံးမပြုနိုင်တော့ပေ။ ယခုတော့ အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ် ရရှိဖို့အတွက် သတ်ဖြတ်ခြင်းနယ်ပယ်ကို ပူးပေါင်းဖျက်ဆီးရန်သာ ရှိတော့၏။ လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လင်ယွမ် ဧကရာဇ်က

“ဒီမိန်းမဆိုးက ကျုပ်တို့ကို သတ်ဖို့ ဆုံးဖြတ်ထားပုံရတယ်။”

ကျန်းယန် ဧကရာဇ်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး

“သတ်ဖြတ်ခြင်းကနေ လမ်းစဉ်ကို သက်သေပြတဲ့သူတွေက အရူးတွေပဲ။ ကျုပ်တို့ အစကတည်းက ရှနိုင်ငံ ကို မနှောင့်ယှက်ခဲ့သင့်ဘူး။”

လင်ယွမ် ဧကရာဇ်က

“အခု နောင်တရနေလို့လည်း နောက်ကျသွားပြီ။ သတ်ဖြတ်ခြင်း နယ်ပယ်ကို ဘယ်လိုဖျက်ပြီး ထွက်ပြေးရမလဲဆိုတာပဲ အာရုံစိုက်သင့်တယ်။”

ကျန်းယန် ဧကရာဇ်က

“ဒီမိန်းမဆိုးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အဆင့်ခြောက်မှာပဲ ရှိပါသေးတယ်။”

“သူကိုင်ထားတဲ့ ဝိညာဉ်ဓားက ကျုပ်တို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပေမဲ့ သတ်ဖြတ်ခြင်း နယ်ပယ်က ဓားနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ပူးပေါင်းလိုက်ရင် သူရဲ့ သတ်ဖြတ်ခြင်း နယ်ပယ်ကို ဧကန်မုချ ဖျက်ဆီးနိုင်မှာပါ။”

လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့သည် ထျန်းဟုန်ဧကရီ၏ တကယ့်အင်အားကို အဓိက စိုးရိမ်နေခြင်း မဟုတ်ပေ။ နတ်ဘုရားခြေမှုန်းဓား၏ ထူးခြားသော အစွမ်းကို ခံစားမိထားသဖြင့် သူမ ကိုင်စွဲထားသည့် ဓားကိုသာ ကြောက်လန့်နေကြခြင်း ဖြစ်၏။

သူတို့နှစ်ဦးလုံး၏ အမြင်အရ ထျန်းလုဧကရာဇ်နှင့် တုန်းယန်ဧကရာဇ်တို့ ရှုံးနိမ့်ခဲ့ရခြင်းမှာ ထျန်းဟုန်ဧကရီ၌ နတ်ဘုရားခြေမှုန်းဓား ရှိနေသောကြောင့်သာ ဖြစ်သည်။

ထျန်းဟုန်ဧကရီ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖန်တီးထားသော သတ်ဖြတ်ခြင်းနယ်ပယ်ကိုမူ သူတို့ အလွန်အမင်း မစိုးရိမ်ကြပေ။ ထိုအခိုက်အတန့်တွင် လင်ယွမ် ဧကရာဇ်က သူ၏ အမိန့်သံကို ဟင်းလင်းပြင် တစ်ခုလုံးတွင် ဟိန်းထွက်သွားစေလိုက်၏။

“နိုင်ငံကြီးလေးနိုင်ငံ က ဧကရာဇ်အဆင့်တွေ အားလုံး ကျုပ်နားကို စုလာကြ...”

…………..

အခန်း (၁၄၉၀)

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ

လင်ယွမ်ဧကရာဇ်၏ အသံလွှင့်ချက်ကို ကြားလျှင် မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များလည်း နောက်ဆုံးတွင် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားကြသည်။

အစောပိုင်းတွင် သူတို့သည် ရှနိုင်ငံမှ ဧကရာဇ်အဆင့်များကို အသာစီးဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်၏။ ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များက သူတို့၏ ပြိုင်ဘက်မဟုတ်တာ ထင်ရှားသည်။ ထို့ပြင် သူတို့၏ သာလွန်သော အရေအတွက်ကြောင့် ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များ မနည်းခုခံနေခဲ့ရခြင်းဖြစ်သည်။

ရှနိုင်ငံတော့ ယခုတစ်ကြိမ်တွင် ရှုံးနိမ့်ရန် ကံပါလာပြီဟု မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များ ယုံကြည်နေခဲ့ကြခြင်းဖြစ်၏။ လင်ယွမ်ဧကရာဇ်၏ အသံလွှင့်ချက်ကို ကြားမှသာ ထျန်းလုဧကရာဇ်နှင့် တုန်းယန်ဧကရာဇ်တို့ ပျောက်ဆုံးနေသည်ကို မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များ သတိပြုမိသွားကြတော့သည်။

ထိုနှစ်ဦး ပျောက်ဆုံးနေရုံသာမက ကျန်ရှိသော ခေါင်းဆောင်များဖြစ်သည့် လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့လည်း အလွန် အခြေအနေမကောင်း ဖြစ်နေတာကို တွေ့ရသည်။

“ဘာတွေ ဖြစ်နေတာလဲ...ထျန်းလုဧကရာဇ်နဲ့ တုန်းယန်ဧကရာဇ်တို့ ဘယ်ရောက်ကုန်တာလဲ..”

ခဏခန့် မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များ ထိတ်လန့်သွားကြသည်။ ဧကရာဇ် အဆင့်ကိုး ဖြစ်သည့် ထျန်းလုဧကရာဇ်သည် အဆင့်ခြောက် သတ်ဖြတ်ခြင်းဧကရာဇ်ကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူတို့ ယူဆထားခဲ့ကြသည်။ သို့သော် ပြိုင်ဘက်က သေဆုံးသွားမည့်အစား ဤနေရာတွင် ပေါ်လာရုံပြီး သတ်ဖြတ်ခြင်းနယ်ပယ်ကိုပါ ထုတ်ဖော်လိုက်ကာ သူတို့အားလုံးကို ထိုနယ်ပယ်အတွင်း ပိတ်လှောင်ထားလိုက်သည်။

ထျန်းလုဧကရာဇ် မရှိတော့ခြင်းက သူ ရှုံးနိမ့်သွားခြင်း သို့မဟုတ် ကျဆုံးသွားခြင်းကို ဆိုလိုခြင်းလား...

ဤအတွေးသည် သူတို့၏ စိတ်ကို ပိုမို ထိတ်လန့်စေခဲ့သည်။ ဧကရာဇ်အဆင့်ကိုးတစ်ဦး ကျဆုံးခြင်း၏ အဓိပ္ပာယ်ကို သူတို့ ကောင်းစွာ နားလည်ထား၏။

ဤဖြစ်နိုင်ခြေကြောင့် သူတို့၏ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာသည်။

လင်ယွမ်ဧကရာဇ်လည်း ဧကရာဇ်အဆင့်များကို ရှင်းပြရန် အချိန်မရှိသဖြင့် နောက်တစ်ကြိမ် အသံလွှင့်လိုက်သည်။

“ချက်ချင်း နည်းဗျူဟာပုံစံဖွဲ့ပြီး သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်းရှာကြ။”

ဧကရာဇ်အဆင့် တစ်ရာကျော် ပူးပေါင်းလိုက်လျှင် အဆင့်ခြောက် ဧကရာဇ်အဆင့် တစ်ဦး၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို ချိုးဖျက်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

လင်ယွမ်ဧကရာဇ်၏ ထိတ်လန့်မှုကို မြင်သောအခါ ထိုနေရာရှိ ဧကရာဇ်အဆင့်များလည်း ထျန်းလုဧကရာဇ် တကယ်ပင် ဒုက္ခရောက်နေပြီဖြစ်ကြောင်း နားလည်သွားကြ၏။ ယခု သူတို့သည် သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်ကာ ဤနေရာမှ ထွက်ပြေးရန် လိုအပ်နေပြီဖြစ်သည်။

ဧကရာဇ် အဆင့်ကိုး ဖြစ်သည့် ထျန်းလုဧကရာဇ်ပင်လျှင် ထိုမိန်းမဆိုး၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူတို့၏ အင်အားအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် သူမကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

မကြာမီပင် မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များ စုစည်းလိုက်ပြီး သူတို့၏ အင်အားအားလုံးကို လင်ယွမ်ဧကရာဇ်ဆီသို့ ပို့လွှတ်ကာ ကြီးမားလှသော စိတ်ဝိညာဉ်နည်းဗျူဟာပုံစံတစ်ခုကို တည်ဆောက်လိုက်ကြသည်။ ဤနည်းဗျူဟာပုံစံသည် လင်ယွမ်ဧကရာဇ်၏ အင်အားကို ဧကရာဇ် အဆင့်ကိုး သို့မဟုတ် ထို့ထက်ပိုသည်အထိ ယာယီ မြင့်တက်လာစေနိုင်သည်။

ရုတ်တရက် သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါ်ထွက်လာပြီး နယ်ပယ်အတွင်းရှိ ရှနိုင်ငံမှ ဧကရာဇ်အဆင့် အချို့လည်း ထိုဖိအားအောက်တွင် ခေါင်းပင် မဖော်နိုင်ဖြစ်သွားကြသည်။ လုချန်းပင်လျှင် သူ၏ စိတ်ဝိညာဉ်စွမ်းအား လည်ပတ်မှု ပိတ်ဆို့ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ကံကောင်းသည်က သူသည် မူလအစစွမ်းအားကို တတ်ကျွမ်းထားသဖြင့် သူ၏ တစ်ကိုယ်လုံးရှိ စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှုက ချက်ချင်းပင် လွတ်လပ်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် လင်ယွမ်ဧကရာဇ်၏ ဧရာမ နိယာမ ပုံရိပ်ကို လုချန်း တိုက်ရိုက် စိုက်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံတစ်ဆင့် တည်ဆောက်ထားသော လင်ယွမ်ဧကရာဇ်၏ နိယာမ ပုံရိပ်သည် အလင်းနှစ် တစ်နှစ်ခန့်အထိ ကြီးမားကျယ်ဝန်းသွားပြီး သတ်ဖြတ်ခြင်းနယ်ပယ် တစ်ခုလုံးနီးပါးကို နေရာယူထားလိုက်သည်။

သို့သော် လင်ယွမ်ဧကရာဇ်တွင် ကြီးမားသော အင်အားများ ရှိနေသော်လည်း သူသည် ထျန်းဟုန်ဧကရီကို မတိုက်ခိုက်ပဲ သတ်ဖြတ်ခြင်းနယ်ပယ်ကိုသာ တိုက်ရိုက် ထိုးနှက်လိုက်သည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အချိန်အကြာကြီး မထိန်းသိမ်းနိုင်သလို သူ၏ ခန္ဓာကိုယ်ကလည်း အကြာကြီး မခံနိုင်တော့သည်ကို လင်ယွမ်ဧကရာဇ် ကောင်းကောင်း သိထားသည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် ဧကရာဇ်အဆင့် အားလုံး၏ အင်အားကို တစ်ခုတည်းအဖြစ် စုစည်းပေးခြင်းဖြစ်သည်။ အင်အားလေလွင့်မှု အမြောက်အမြား ရှိသော်လည်း ၎င်းသည် အင်အားပေါင်းစပ်ခြင်းကို မထိခိုက်စေပေ။

သို့သော် ပြဿနာတစ်ခုက ဤဧကရာဇ်အဆင့်များသည် သက်သေပြသော လမ်းစဉ်များ မတူညီကြသဖြင့် သူတို့အတွင်း၌ မတူညီသော လမ်းစဉ်စွမ်းအားများ ရှိနေခြင်းဖြစ်သည်။

လမ်းစဉ်စွမ်းအား အားလုံး စုစည်းမိသောအခါ လင်ယွမ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း ပြင်းထန်သော ပွတ်တိုက်မှုများ ဖြစ်ပေါ်လာသည်။ အကယ်၍ လင်ယွမ်ဧကရာဇ်သာ သတ်ဖြတ်ခြင်းနယ်ပယ်ကို အလျင်အမြန် မချိုးဖျက်နိုင်လျှင် သူ၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်တို့လည်း ရှုပ်ထွေးနေသော လမ်းစဉ်စွမ်းအားများကြောင့် ပျက်စီးသွားပေလိမ့်မည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ၏ အကျိုးသက်ရောက်မှုကလည်း တကယ်ပင် ထင်ရှားလှသည်။ လင်ယွမ်ဧကရာဇ်၏ နိယာမ ပုံရိပ်သည် သတ်ဖြတ်ခြင်းနယ်ပယ်၏ အနားသတ်ကို ထိုးနှက်လိုက်သောအခါ ကြီးမားသော အာကာသအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ထျန်းဟုန်ဧကရီ၏ သတ်ဖြတ်ခြင်းနယ်ပယ်လည်း ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

ထျန်းဟုန်ဧကရီ မျက်မှောင်ကြုတ်လိုက်သည်။ သတ်ဖြတ်ခြင်းနယ်ပယ်ကို ဖြန့်ကျက်ပြီးသည်နှင့် သူမ၏ အမဲလိုက်ချိန် စတင်နိုင်တော့မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် ဤလူများက သူမ၏ နယ်ပယ်ကို ချိုးဖျက်ရန် ပူးပေါင်းခဲ့ကြသည်။ ထျန်းဟုန်ဧကရီသည် နတ်ဘုရားချေမှုန်းဓားကို တင်းတင်းဆုပ်ကိုင်ကာ လင်ယွမ်ဧကရာဇ်၏ နိယာမ ပုံရိပ်ထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ သို့သော် သူမ အနားသို့ ရောက်ခါနီးတွင် ထိုပုံရိပ် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

လင်ယွမ်ဧကရာဇ်၏ ခန္ဓာကိုယ်လည်း ထိုနေရာမှာပင် ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ် ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားတော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း အားလုံး မှင်တက်သွားကြသော်လည်း လုချန်း၏ နှုတ်ခမ်းထောင့်များကတော့ အနည်းငယ် မြင့်တက်သွားခဲ့သည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံတွင် အင်အားကြီးမားသော စွမ်းအားများ ရှိသော်လည်း ကံမကောင်းသည်က ၎င်းကို လူတိုင်း မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

လင်ယွမ်ဧကရာဇ်သည် လမ်းစဉ်တစ်ခုတည်းကိုသာ ကျင့်ကြံသူဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ များပြားလှသော လမ်းစဉ်စွမ်းအားများ ရှုပ်ထွေးစွာ လည်ပတ်နေခြင်းကို မခံနိုင်ပေ။ ထို့ကြောင့် ခန္ဓာကိုယ် ပေါက်ကွဲသွားခြင်းက မဆန်းပေ။

သို့သော် ဤဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို လုချန်းထံ အသုံးချလိုက်မည်ဆိုလျှင်......

ဤအတွေးက လုချန်းကို စိတ်လှုပ်ရှားသွားစေ၏။

ဧကရာဇ် အဆင့်ကိုးသို့ မရောက်ရှိသေးသဖြင့် ဧကရာဇ် အဆင့်ကိုး များနှင့် ရင်ဆိုင်ရတိုင်း အကာအကွယ်အတွင်း သူ ပုန်းအောင်းနေခဲ့ရ၏။ ယခု ထိုအခြေအနေကို ပြောင်းလဲနိုင်တော့မည့် အခွင့်အလမ်းကို တွေးမိရင်း လုချန်း၏ မျက်နှာ ဝင်းပသွားသည်။

အကယ်၍ သူသာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုခဲ့လျှင် သူ၏ အင်အားသည် ဧကရာဇ် အဆင့်ကိုး သို့ ချက်ချင်း မြင့်တက်သွားနိုင်သည်။

အရေးကြီးဆုံးအချက်က သူ၏ ဖန်တီးခြင်း လမ်းစဉ်သည် လမ်းစဉ်အားလုံး၏ မူလအစ ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မည်သည့် လမ်းစဉ်စွမ်းအားမျိုး သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပါစေ မည်သည့်ဆိုးကျိုးမှ ရှိလိမ့်မည် မဟုတ်ပေ။

ဖန်တီးခြင်းလမ်းစဉ်၏ အထူးသဘောသဘာဝသည်တစ်ခုသည် အခြားလမ်းစဉ်များအားလုံးကို ချေဖျက်ပေါင်းစည်းနိုင်စွမ်းဖြစ်၏။

ထိုအခြေအနေ၌ သူသည် ဧကရာဇ်အဆင့်ကိုး၏ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သွားမည်ဖြစ်ပြီး နတ်ဘုရားချေမှုန်းဓားကို ကိုင်စွဲလိုက်သည်နှင့် ကောင်းကင်ဧကရာဇ်ပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဤသို့တွေးရင်း လုချန်း၏ မျက်နှာပေါ်ရှိ အပြုံး ပို၍ကျယ်ပြန့်လာသည်။

ထိုအတောအတွင်း ရွှေရောင်အလင်းတန်းတစ်ခု အာကာသဟင်းလင်းပြင်ကို ရုတ်တရက် ထိုးဖောက်ကာ အာကာသအက်ကြောင်းတစ်ခုမှတစ်ဆင့် ထွက်ပြေးသွားသည်။ ထျန်းဟုန်ဧကရီ၏ မျက်လုံးများမှ နီရဲသော အလင်းတန်းများ ဖြာထွက်လာပြီးနောက် သူမက လုချန်းအား

“ဒါကို ရှင့်ဆီ အပ်ခဲ့မယ်။ ကျွန်မ သွားလိုက်ဦးမယ်။”

ပြောပြီးသည်နှင့် ထျန်းဟုန်ဧကရီ ပျောက်ကွယ်သွားပြီး အာကာသဟင်းလင်းပြင်ကို ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းကာ နတ်ဘုရားချေမှုန်းဓားကို လုချန်းထံ ပစ်ပေးခဲ့ပြီး ဧကရီဓားနှင့်အတူ အာကာသအက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။

ထွက်ပြေးသွားသူက လင်ယွမ်ဧကရာဇ်၏ နတ်ဝိညာဉ် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများကို မခံနိုင်ပဲ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သော်လည်း သူ၏ နတ်ဝိညာဉ်ကတော့ မပျက်မစီး ကျန်ရှိနေခဲ့သည်။ ဧကရာဇ်အဆင့် တစ်ဦးအတွက် နတ်ဝိညာဉ် မပျက်စီးသရွေ့ အသက်ရှင်နေဆဲ ဖြစ်သည်။

နတ်ဝိညာဉ်သာ ကျန်ရစ်ပါက ပြန်လည်ရှင်သန်ရန် အခွင့်အလမ်းက အမြဲရှိနေမည်သာ ဖြစ်သည်။

သူမ၏ သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်ခဲ့သည့် တရားခံကို ထျန်းဟုန်ဧကရီက လုံးဝ အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။ လုချန်းသည်လည်း သတ်ဖြတ်ခြင်းဧကရာဇ် တစ်ဦးဖြစ်ကြောင်း သူမ သိထားသည်။ လုချန်း၏ အင်အားဖြင့်ဆိုလျှင် ထိုနေရာရှိ ဧကရာဇ်အဆင့်များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။

လုချန်း အနေနှင့် ထိုဧကရာဇ်အဆင့်များကို အလွယ်တကူပင် အတိုင်းအတာတစ်ခုအထိ အချိန်ဆွဲထားနိုင်၏။ ထို့နောက် သူမ ပြန်ရောက်လာသောအခါမှ အားလုံးကို သတ်ဖြတ်ပစ်မည်ဖြစ်သည်။

ထျန်းဟုန်ဧကရီ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မဟာမိတ်လေးနိုင်ငံမှ ဧကရာဇ်အဆင့်များ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြသည်။

“ကောင်းတယ်...မိန်းမဆိုးကြီး မရှိတော့ဘူး။ ပြေးကြစို့”

“အဲဒီမိန်းမ ပြန်လာတာကို မစောင့်နိုင်တော့ဘူး။ ပြေး...ပြေးကြ..”

“လုချန်းက ဟိုမှာ ရှိနေတာပဲ။ ကျုပ်တို့ ဒီအတိုင်းပဲ ထွက်ပြေးကြမှာလား”

“ခင်ဗျား ရူးနေလား။ ထျန်းလုဧကရာဇ်တောင် သူ့ကို မသတ်နိုင်ခဲ့တာ။ ဘာလို့ သွားရှုပ်နေမှာလဲ...မြန်မြန်ပြေး...အဲဒီမိန်းမ ပြန်မလာခင် ပြေးကြ။ မဟုတ်ရင် တို့အားလုံး သေကုန်လိမ့်မယ်”

မကြာမီ လေးနိုင်ငံမဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များသည် ဤကြယ်နယ်မြေမှ ထွက်ပြေးရန် အာကာသပိတ်ဆို့မှုကို ချိုးဖျက်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လုချန်း ခပ်ဖွဖွပြုံး လိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ထံမှ ထူထပ်လှသော သွေးရောင် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြယ်နယ်မြေတစ်ခုလုံးသည် သတ်ဖြတ်ခြင်းနယ်ပယ်ဖြင့် နောက်တစ်ကြိမ် လွှမ်းခြုံသွားတော့သည်။ သွေးရောင်မိစ္ဆာအငွေ့အသက်များ ပြန့်နှံ့သွားသည်နှင့် ဟင်းလင်းတစ်ခုလုံး လေးလံသွားကာ အသက်ရှူရပင် ခက်ခဲလာတော့သည်။

…………..

အခန်း (၁၄၉၁)

အဆင့်နှစ် ဧကရာဇ်၏ အစွမ်း

ကြယ်နယ်မြေတစ်ခုလုံး သတ်ဖြတ်ခြင်းနယ်ပယ်ဖြင့် နောက်တစ်ကြိမ် လွှမ်းခြုံသွားသည်နှင့် ထိုနေရာရှိ ဧကရာဇ်အဆင့် အားလုံး၏ အကြည့်များ လုချန်းထံသို့ ရောက်ရှိသွားကြကုန်၏။

လုချန်းသည် ဧကရာဇ် အဆင့်နှစ်၌သာ ရှိသော်လည်း သူတို့၏လမ်းကို ပိတ်ဆို့ရန် သတ်ဖြတ်ခြင်းနယ်ပယ်ကို ရဲရဲဝံ့ဝံ့ အသုံးပြုနေသည်ကို မြင်သောအခါ စိတ်တိုတတ်သော ဧကရာဇ် အချို့လည်း ထပ်မံ၍ သည်းမခံနိုင်တော့ပေ။

အထူးသဖြင့် အဆင့်လေးနှင့် ငါးရှိ ဧကရာဇ်များဖြစ်၏။ သူတို့သည် အစောပိုင်းက ထျန်းဟုန်ဧကရီကို ရင်ဆိုင်စဉ်ကတည်းက ကြီးမားသော ဖိအားများကို ကြံ့ကြံ့ခံနေရသဖြင့် ဒေါသကို ဖော်ထုတ်ခွင့် မရနိုင် ဖြစ်နေကြခြင်းဖြစ်သည်။

ယခု သူတို့၏ ထွက်ပြေးမည့်လမ်းကို လုချန်းက ပိတ်ဆို့လိုက်သည့်အခါ သူတို့၏ ချုပ်တည်းထားသော ဒေါသစိတ်များ ပို၍ပင် ကြီးထွားလာခဲ့သည်။

ထိုဒေါသများသည် ယခု လုချန်းအပေါ်၌ ပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဤလုချန်းက ထိုအခြေအနေကို နားမလည်ပဲ ထပ်မံပိတ်ဆို့လိုက်ပြန်၏။ ယခုတော့ သူတို့၏ ရက်စက်မှုကို အပြစ်တင်၍ မရတော့ပေ။

ဧကရာဇ်အဆင့်ငါး တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သူက ကျုပ်တို့ကို ထွက်သွားခွင့်မပေးဘူးဆိုမှတော့။ အရင်ဆုံး သူ့ကို အပြတ်ရှင်းပစ်ကြတာပေါ့။”

“အဲ့ဒီ အဆင့်ခြောက်က မိန်းမဆိုးကြီး ဒီမှာ မရှိဘူး။ ကျုပ်တို့လူတွေ ဒီလောက်အများကြီး ပေါင်းတိုက်တာတောင် သူ့ကို မသတ်နိုင်ဘူးလို့ မယုံဘူး။”

“ဟုတ်တယ်။ သူ့ကိုသာ ဖယ်ရှားလိုက်ရင် ရှနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင် လောက်တယ်။”

“အားလုံးပဲ... အတူတူ တိုက်ခိုက်ကြစို့”

ချက်ချင်းပင် မဟာမိတ်လေးနိုင်ငံအဖွဲ့မှ ဧကရာဇ်အဆင့် အားလုံး လုချန်းထံသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်ကြတော့သည်။ ထိုအရာကို မြင်သောအခါ မိုးကြိုး ဧကရာဇ်နှင့် အခြားသူတို့က ထိုဧကရာဇ်များ လုချန်းထံသို့ မရောက်ရှိစေရန် ရှေ့မှ အလျင်အမြန် ပိတ်ဆို့တားဆီးလိုက်ကြသည်။

သူ့ထံသို့ ပြေးဝင်လာသော ဧကရာဇ်အဆင့်များကို ကြည့်ရင်း သူ့ရှေ့တွင် လွင့်မျောနေသော နတ်ဘုရားချေမှုန်းဓားကို လုချန်း အကြည့်လွှဲလိုက်၏။ ဓားကိုယ်ထည်သည် တုန်ခါနေပြီး ထိုဧကရာဇ်အဆင့်များကို သတ်ဖြတ်ရန် သူ့ကို ဖိတ်ခေါ်နေသကဲ့သို့ပင်။

လုချန်း ခပ်ဖွဖွပြုံး လိုက်သည်။ သူ၏ဓားကပင် ထိုသို့ဖိတ်ခေါ်နေမှတော့ နတ်ဘုရားချေမှုန်းဓား၏ ဆန္ဒကို ငြင်းပယ်လိုက်လျှင် အားနာစရာ ကောင်းသွားပေလိမ့်မည်။

လုချန်းက ချက်ချင်းပင် လက်လှမ်းလိုက်ရာ နတ်ဘုရားချေမှုန်းဓား သူ၏လက်ထဲသို့ တိုက်ရိုက် ပျံဝင်လာသည်။ ဓားကို တင်းတင်းဆုပ်ကိုင်ပြီးနောက် သူ့အား ပိတ်ဆို့ထားသော ဧကရာဇ်အဆင့်များကို ပြောလိုက်သည်။

“ဖယ်ပေးကြ။”

ထိုအရာကို ကြားလျှင် မိုးကြိုး ဧကရာဇ်တို့ ခဏခန့် မှင်တက်သွားကြသည်။ လုချန်း အင်အားကြီးသည်ဟု သူတို့အားလုံး ယုံကြည်ကြသော်လည်း ယခုရောက်ရှိနေသူက လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

အဆင့်နှစ်၌သာ ရှိသော ကိုယ်ပွားတစ်ခုက ဤမျှများပြားသော ဧကရာဇ်အဆင့်များကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

ဤကိုယ်ပွား တိုက်ပွဲတွင် ကျဆုံးသွားလျှင်ပင် လုချန်းကို ထိခိုက်လိမ့်မည်တော့ မဟုတ်ပေ။ သို့သော် လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်၏။ ကောင်းကင်ဧကရာဇ် တစ်ဦးက အရှက်မကွဲသင့်ပေ။ သူ၏ ကိုယ်ပွားသည် ဤကဲ့သို့ နိမ့်ကျသော ဧကရာဇ်အဆင့်များ၏ လက်ချက်ဖြင့် မသေဆုံးသင့်ပေ။

မိုးကြိုး ဧကရာဇ်တို့က ချက်ချင်း မဖယ်ပေးသေးပဲ

“မင်းကြီး...အဲ့ဒီ အထဲမှာ အဆင့်ငါးနဲ့ အဆင့်ခြောက် ဧကရာဇ်တွေ အမြောက်အမြား ပါပါတယ်။ မင်းကြီး တစ်ယောက်တည်းနဲ့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိပါတယ်။”

လုချန်းက အေးအေးဆေးဆေးပင်

“ကိစ္စမရှိပါဘူး။ ကျုပ်က ဒီဓားကို စမ်းကြည့်ချင်ရုံသက်သက်ပါ။”

ထိုစကားကို ကြားပြီးနောက် လူတိုင်း၏ အကြည့်များ လုချန်းလက်ထဲရှိ နတ်ဘုရားချေမှုန်းဓားထံသို့ ကျရောက်သွားသည်။ ထိုဓားမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များကို ခံစားလိုက်ရပြီးနောက် မိုးကြိုး ဧကရာဇ်တို့လည်း အလိုအလျောက်ပင် လုချန်းရှေ့မှ ဖယ်ပေးလိုက်ကြသည်။

တကယ်တော့ ဤမျှ ကြောက်မက်ဖွယ် ဖိအားများကို ထုတ်ဖော်နိုင်သော ဝိညာဉ်ဓားတစ်လက် မည်မျှအထိ ဖျက်ဆီးအား ပြင်းထန်မည်ကို သူတို့လည်း ကြည့်ချင်ကြ၏။

မိုးကြိုး ဧကရာဇ်တို့ ဖယ်ပေးလိုက်သည်ကို မြင်သောအခါ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ မိုးကြိုး ဧကရာဇ်တို့၏ ကာကွယ်မှု မရှိတော့လျှင် ဤလုချန်းကို အလွယ်တကူ ဖယ်ရှားနိုင်မည်ဟု သူတို့အားလုံး ထင်မှတ်နေကြ၏။

သို့သော် ထိုဧကရာဇ်အဆင့်များ လုချန်းကို တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် လုချန်းက အရင်ဆုံး ခြေလှမ်းလှမ်းလိုက်သည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် အလင်းနှစ်ဝက်ခန့်ရှိသော အကွာအဝေးကို ဖြတ်ကျော်ကာ ထိုဧကရာဇ်အဆင့်များ၏ ရှေ့တည့်တည့်သို့ ချက်ချင်း ပေါ်လာသည်။

မထင်မှတ်ပဲ လုချန်းက ဦးအောင် စတင်တိုက်ခိုက်လာသည်ကို မြင်သောအခါ ဧကရာဇ်များအားလုံး မှင်တက်သွားကြ၏။ သို့သော် မကြာမီ တစ်ယောက်က အော်ဟစ်လိုက်ပြီး လုချန်းကို တိုက်ခိုက်လိုက်သည်။

“ခင်ဗျားက သေချင်နေမှတော့ ကျုပ်ကပဲ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။”

“နေကိုးစင်းဓား”

နောက်တစ်ခဏတွင် ဟင်းလင်းပြင်ထဲ၌ နေကိုးစင်း ပေါ်လာပြီး လုချန်းထံသို့ ပြင်းထန်စွာ ပြေးဝင်လာသည်။ လုချန်းကို တိုက်ခိုက်လိုက်သူသည် အဆင့်ငါး ဧကရာဇ် တစ်ဦးဖြစ်ပြီး သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။

နေကိုးစင်း လုချန်းထံသို့ ရိုက်ခတ်တော့မည့် ဆဲဆဲတွင် လုချန်းက သူ၏လက်ထဲရှိ နတ်ဘုရားချေမှုန်းဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

“ရေခဲရှစ်ဆင့် ဓား”

သတ်ဖြတ်ခြင်းစွမ်းအားများ ထည့်သွင်းထားသော နတ်ဘုရားချေမှုန်းဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၎င်းသည် နေမင်းကိုးစင်းထံသို့ တိုက်ရိုက် ဦးတည်သွား၏။ အေးစက်သော အလင်းတန်း ရှစ်ခု ဖြတ်သန်းသွားသည်နှင့် နေမင်းကိုးစင်းလည်း ချက်ချင်းပင် ကြယ်အလင်းတန်းများအဖြစ် ပြန့်ကျဲကာ ပျောက်ကွယ်သွားတော့သည်။

သို့သော် ကိစ္စက ထိုမျှနှင့် မပြီးသေးပေ။ ထိုအေးစက်သော အလင်းတန်း ရှစ်ခုသည် နေကိုးစင်းကို ဖြတ်ကျော်သွားရုံသာမက အချို့သော ဧကရာဇ်များကိုပါ ဖြတ်သန်းသွားခဲ့သည်။ ထိုဧကရာဇ်များ သတိပြုမိပြီး ခုခံရန် ကြိုးစားချိန်တွင် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အလွန်လျင်မြန်စွာပင် နတ်ဘုရားချေမှုန်းဓား၏ ဓားစွမ်းအင်နှင့် ထိတွေ့မိသော ဧကရာဇ်အားလုံးလည်း အေးခဲမှုထဲ ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။ နောက်တစ်ခဏတွင် သူတို့၏ ခန္ဓာကိုယ်များနှင့် နတ်ဝိညာဉ်များ ပေါက်ကွဲသွားပြီး ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။

လုချန်း၏ တစ်ကွက်တည်းသော တိုက်ခိုက်မှုကြောင့် ဧကရာဇ်အဆင့် အုပ်စုလိုက်ကြီး ပျက်စီးသွားသည်ကို မြင်သောအခါ လုချန်းကို တိုက်ခိုက်ရန် ပြင်နေသော ဧကရာဇ်အဆင့်များလည်း ထိုနေရာတင် ကြောင်အမ်းသွားကြသည်။

“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”

“သူက ဒုတိယအဆင့်ပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ...”

“ဓားကြောင့်ပဲ...သူ့လက်ထဲက ဓားကြောင့်”

“အဲ့ဒီဓားက ဧကရာဇ်အဆင့် လက်နက် ဖြစ်ရမယ်”

ထိုဖြစ်နိုင်ခြေကို စဉ်းစားပြီးနောက် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ မည်သည့် ဧကရာဇ်အဆင့်မှ မဆင်မခြင် မတိုက်ခိုက်ရဲကြတော့ပေ။

သူတို့ထဲမှ မည်သူမှ လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ လုချန်းက ထောင့်တစ်နေရာတွင် ပုန်းနေသော ကျန်းယန်ဧကရာဇ်ထံသို့ သူ၏အကြည့်ကို ချက်ချင်း လွှဲလိုက်ပြီး ပြုံးလျက်

“ခင်ဗျားက သူတို့ထဲမှာ အင်အားအကြီးဆုံးပဲ။ ဘာလို့ ပုန်းနေတာလဲ။”

လုချန်း စကားပြောနေစဉ် သူအစောပိုင်းက သတ်ဖြတ်ခဲ့သော ဧကရာဇ်အဆင့်များထံမှ မိစ္ဆာအသက်များ လုချန်း၏ ခန္ဓာကိုယ်ပေါ်သို့ စုစည်းလာသည်။ ယခုအခါ လုချန်းထံမှ သွေးရောင် အလင်းတန်းများ ဖြာထွက်နေပြီး မျက်လုံးများမှာလည်း ထူးဆန်းသော အနီရောင်အလင်းများ ထွက်ပေါ်နေသဖြင့် အခြားသူများကို ထိတ်လန့်တုန်လှုပ် နေစေသည်။

ကျန်းယန်ဧကရာဇ်ကတော့ မည်သို့ ထွက်ပြေးရမည်ကိုသာ စဉ်းစားနေသဖြင့် လုချန်း၏ မေးခွန်းကို မတုံ့ပြန်ခဲ့ပေ။ လုချန်း၏ အင်အား ထိုမိန်းမဆိုးထက် မနိမ့်ကြောင်း သူ သဘောပေါက်သွားခဲ့ပြီဖြစ်၏။

သူ ယခု ထွက်ပြေးချင်လျှင် လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်ကို အရင်ဆုံး ချိုးဖျက်ရမည်ဖြစ်သည်။ မဟုတ်ပါက သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း ရှိနေသရွေ့ သူတို့အားလုံးသည် လုချန်း၏ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။

အစောပိုင်းက နည်းလမ်းကိုသာ အသုံးပြုရမည်ဟု သူ ယူဆလိုက်သည်။ အချိန်တန်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားလျှင်လည်း လင်ယွမ်ဧကရာဇ်ကဲ့သို့ နတ်ဝိညာဉ်ကိုသာ ထွက်ပြေးခွင့် ပေးလိုက်မည်။

ဧကရာဇ်အဆင့် တစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် တစ်ခါတစ်ရံတွင် အဟန့်အတားတစ်ခုသာ ဖြစ်သည်။ ၎င်းမရှိပဲ ထွက်ပြေးခြင်းက ပို၍မြန်ဆန်ပြီး တစ်ဖက်လူအဖို့ ရှာဖွေတွေ့ရှိရန် ပိုခက်ခဲပေလိမ့်မည်။ အထူးသဖြင့် ခန္ဓာကိုယ် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုများက လုချန်း၏ အာရုံကို လမ်းကြောင်းလွဲစေနိုင်သည် မဟုတ်ပါလား။

အကြံပေါ်သွားပြီးနောက် ကျန်းယန်ဧကရာဇ်က ချက်ချင်းပင် ကြွေးကြော်လိုက်သည်။

“နည်းဗျူဟာပုံစံဖွဲ့ကြ။ အရင်ဆုံး သူ့ရဲ့ သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်ကြစို့။”

ကျန်းယန်ဧကရာဇ်၏ စကားကို ကြားသောအခါ လေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များအားလုံး သတိဝင်လာကြသည်။ လောလောဆယ်တွင် သူတို့သည် လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း ရောက်နေသဖြင့် သူတို့၏ စွမ်းအားများသည် အမှန်တကယ်ပင် ဖိနှိပ်ခံထားရပြီး အင်အားအပြည့် မထုတ်နိုင်ကြပေ။

သူတို့သာ သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်လျှင် လုချန်းကို ဖယ်ရှားရန် မျှော်လင့်ချက် ရှိနိုင်သေးသည်။

ထင်ရှားတာတစ်ခုက ဧကရာဇ်အဆင့် အများစုသည် ကျန်းယန်ဧကရာဇ်၏ ရည်ရွယ်ချက်ကို လွဲမှားစွာ နားလည်ခဲ့ကြခြင်း ဖြစ်၏။ ကျန်းယန်ဧကရာဇ်သည် သူ၏ အင်အားကို ကန့်သတ်မထားနိုင်စေရန်သာ သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်ချင်သည်ဟု သူတို့ ထင်မှတ်နေကြခြင်းဖြစ်၏။ ကျန်းယန်ဧကရာဇ်၏စိတ်ထဲ ထွက်ပြေးရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်ကိုတော့ သူတို့ မသိကြပေ။

ကျန်းယန်ဧကရာဇ်၏ အမိန့်နောက်သို့ လိုက်၍ ကျန်ရှိနေသော ဧကရာဇ်အဆင့်များလည်း နောက်တစ်ကြိမ် နည်းဗျူဟာပုံစံစုဖွဲ့ကာ သူတို့၏ အင်အားအားလုံးကို ကျန်းယန်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်လိုက်ကြသည်။

ထို့နောက် ကျန်းယန်ဧကရာဇ်၏ နိယာမ ပုံရိပ်သည် ချက်ချင်းပင် ကြီးမားလာခဲ့၏။ အစောပိုင်းက လင်ယွမ်ဧကရာဇ်၏ နိယာမ ပုံရိပ်ကဲ့သို့ ကြီးမားလာခြင်းဖြစ်သည်။

လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်သည် ထျန်းဟုန်ဧကရီ၏ နယ်ပယ်ထက် သေးငယ်သဖြင့် ကျန်းယန်ဧကရာဇ်၏ နိယာမ ပုံရိပ် ဦးခေါင်းသည်ပင် သတ်ဖြတ်ခြင်းနယ်ပယ်၏ အနားသတ်နှင့် တိုက်ရိုက် တိုးမိနေပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း အမျိုးမျိုးသော စွမ်းအားများ ပြင်းထန်စွာ ပေါင်းစပ်နေသည်ကို ခံစားလိုက်ရသဖြင့် ကျန်းယန်ဧကရာဇ် အလွန် သက်သောင့်သက်သာ မရှိဖြစ်နေ၏။ ထို့နောက် အံကို တင်းတင်းကြိတ်ကာ သူ၏ နိယာမ ပုံရိပ်၏ ဧရာမ လက်ဝါးကြီးကို မြှောက်လိုက်ပြီး သတ်ဖြတ်ခြင်းနယ်ပယ်ထံသို့ ရိုက်ချလိုက်တော့သည်။

All Chapters