← Chapters

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း (၁၄၉၂)

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုခြင်း

ကျန်းယန်ဧကရာဇ်သည် သတ်ဖြတ်ခြင်းနယ်ပယ်ကို တိုက်ခိုက်သည့်အခါ မည်သည့်ကျင့်စဉ်ကိုမှ မသုံးရဲပဲ ရိုးရှင်းသော လက်ဝါးရိုက်ချက်တစ်ခုကိုသာ အသုံးပြုခဲ့သည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ အမျိုးမျိုးသော လမ်းစဉ် စွမ်းအားများသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နေကြ၏။ အကယ်၍ သူသာ ယခုအခြေအနေတွင် ကျင့်စဉ်တစ်ခုခုကို အသုံးပြုလိုက်ပါက သူ၏ခန္ဓာကိုယ်လည်း အချိန်မတိုင်မီ ပေါက်ကွဲသွားပေလိမ့်မည်။

သို့သော်လည်း ကျင့်စဉ်ကို အသုံးမပြုပဲနှင့်ပင် သူ၏ နိယာမ ပုံရိပ်သည် လက်ဝါးတစ်ချက်တည်းဖြင့် လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်ကို ရိုက်ခွဲနိုင်စွမ်းရှိသည်။

ကျန်းယန်ဧကရာဇ်၏ နိယာမ ပုံရိပ်မှ ဧရာမလက်ဝါးကြီးသည် သတ်ဖြတ်ခြင်းနယ်ပယ်၏ အနားသတ်ကို ထိတွေ့လိုက်သည်နှင့် လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်လည်း ဖန်သားပြင်ကဲ့သို့ပင် ချက်ချင်း အက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

ထိုအက်ကွဲမှုများသည် နယ်ပယ်တစ်ခုလုံးကို လျှပ်စီးကြောင်းများအလား ဖြတ်သန်းသွားပြီး မကြာမီမှာပင် ပျက်စီးခြင်းသို့ ရောက်ရှိသွားတော့သည်။

ထိုအခိုက်အတန့်တွင် ကျန်းယန်ဧကရာဇ်၏ အင်အားသည် ဧကရာဇ် အဆင့်ကိုးကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ လုချန်းအနေနှင့် သူ၏ သတ်ဖြတ်ခြင်းနယ်ပယ် ပျက်စီးသွားခြင်းကို တားဆီးရန် နည်းလမ်းမရှိပေ။

သို့သော် ကျန်းယန်ဧကရာဇ်၏ အင်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေသော်လည်း ၎င်းကို ကြာရှည်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။ သတ်ဖြတ်ခြင်းနယ်ပယ် ပျက်စီးသွားပြီးနောက် ကျန်းယန်ဧကရာဇ်၏ ခန္ဓာကိုယ်လည်း အစောပိုင်းက လင်ယွမ်ဧကရာဇ်ကဲ့သို့ပင် ပေါက်ကွဲသွားပေလိမ့်မည်။

လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မိုးကြိုး ဧကရာဇ်တို့ထံသို့ ချက်ချင်း အသံလွှင့်လိုက်သည်။

“သူတို့ကို အတုယူပြီး ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ သုံးကြစို့”

လုချန်း၏ စကားကို ကြားရလျှင် ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များ မှင်တက်သွားကြသည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးရမယ်....

ခုနကပဲ လင်ယွမ်ဧကရာဇ်သည် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးခဲ့သဖြင့် ကျင့်စဉ်ကို အသုံးမပြုနိုင်မီပင် ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့ရသည်။ ထို့ပြင် နိုင်ငံကြီးလေးနိုင်ငံအဖွဲ့က ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးခြင်းမှာ သတ်ဖြတ်ခြင်းနယ်ပယ်ကို ချိုးဖျက်ရန်အတွက်သာဖြစ်၏။

သူတို့တွင်တော့ ချိုးဖျက်စရာ နယ်ပယ်မရှိပဲ အဘယ်ကြောင့် ၎င်းကို သုံးရမည်နည်း။

မိုးကြိုး ဧကရာဇ်က ချက်ချင်းပင်

“မင်းကြီး...ဒါက လုံးဝမဖြစ်နိုင်ပါဘူး”

“ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံရဲ့ ဘေးထွက်ဆိုးကျိုးက အရမ်းကြီးလွန်းပါတယ်...”

မိုးကြိုး ဧကရာဇ်၏ စကားမဆုံးမီမှာပင် လုချန်းက ကြားဖြတ်ပြောလိုက်သည်။

“ကျုပ်က လမ်းစဉ်စွမ်းအား အားလုံးကို ထိန်းချုပ်နိုင်တယ်...စိုးရိမ်စရာ မလိုဘူး။”

ထိုအရာကို ကြားလျှင် မိုးကြိုး ဧကရာဇ်နှင့် အခြားဧကရာဇ်အဆင့်များ အံ့အားသင့်သွားကြသည်။

လမ်းစဉ် စွမ်းအား အားလုံးကို ထိန်းချုပ်နိုင်တယ်တဲ့လား....

ထိုသို့သာ တကယ် ဖြစ်နိုင်ပါက ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် ရှဧကရာဇ်အတွက် အသင့်တော်ဆုံး အရာဖြစ်ပေလိမ့်မည်။

ရှဧကရာဇ် ကိုယ်တိုင် အမိန့်ပေးလာပြီဖြစ်ရာ သူတို့ ထပ်မံ စဉ်းစားမနေတော့ပေ။ မိုးကြိုး ဧကရာဇ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“နည်းဗျူဟာပုံစံဖွဲ့ကြ”

ထိုစကားနှင့်အတူ ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များ အားလုံး သတိဝင်လာပြီး ချက်ချင်းပင် နည်းဗျူဟာပုံစံ ဖွဲ့လိုက်ကြသည်။ နောက်တစ်ခဏတွင် ထိုဧကရာဇ်အဆင့်များ၏ စွမ်းအားများ စုစည်းသွားပြီး လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကာ ရောင်စုံအလင်းတန်းများ ဖြာထွက်လာတော့သည်။

ထို့နောက် သူ၏ အင်အားများ အရူးအမူး ကြီးထွားလာသည်ကို လုချန်း ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ အမျိုးမျိုးသော လမ်းစဉ် စွမ်းအားများ ရမ်းကား သောင်းကျန်း နေသည်ကို သတိပြုမိလိုက်သည်။ အကယ်၍ ထိုစွမ်းအားများကို မထိန်းချုပ်နိုင်ပါက သူ၏ ခန္ဓာကိုယ်လည်း အစောပိုင်းက လင်ယွမ်ဧကရာဇ်ကဲ့သို့ ပေါက်ကွဲသွားပေလိမ့်မည်။

လုချန်းသည် ချက်ချင်းပင် ဖန်တီးခြင်း လမ်းစဉ်၏ စွမ်းအားကို လှုံ့ဆော်လိုက်ပြီး တစ်ချိန်တည်းမှာပင် အကူအညီအဖြစ် မူလစွမ်းအား အချို့ကို အသုံးပြုလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ် စွမ်းအားအားလုံး ငြိမ်သက်သွားပြီး သောင်းကျန်းခြင်း မရှိတော့ပေ။ လမ်းစဉ်စွမ်းအား အားလုံးတို့သည် လမ်းကြောင်းတစ်ခုတည်းသို့ စီးဆင်းသွားကာ ဖန်တီးခြင်း စွမ်းအားအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

လုချန်းသည်လည်း ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးနေသည်ကို မြင်သောအခါ ကျန်းယန်ဧကရာဇ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ယခုအချိန်တွင် ထိုအရာကို သုံးခြင်းဖြင့် ဘာထူးမည်နည်း။

သူတို့က ထွက်ပြေးရန်အတွက် ထိုနည်းဗျူဟာပုံစံကို သုံးခြင်းဖြစ်၏။

ထိုနည်းဗျူဟာပုံစံကို ဖွဲ့စည်းပြီးပါက အများဆုံး တိုက်ကွက် တစ်ကွက်သာ အသုံးပြုနိုင်၏။ ထိုတစ်ကွက်ပြီးနောက် နည်းဗျူဟာပုံစံ ပြိုကွဲသွားပေလိမ့်မည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် ယေဘုယျအားဖြင့် နောက်ဆုံးလက်နက်တစ်ခုသာဖြစ်ပြီး တိုက်ခိုက်မှုအတွက် အသုံးပြုရန် အလွန်ခက်ခဲသည်။

ယခု အသာစီးရနေသော ရှနိုင်ငံက ၎င်းကို သုံးနေတာ အဘယ်ကြောင့်နည်း...

သူတို့က တိုက်ခိုက်ခြင်းအတွက် သုံးရန်ရည်ရွယ်နေခြင်းလား...

ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ ကျန်းယန်ဧကရာဇ် ရုတ်တရက် ကျေနပ်သွားသည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးပြီးနောက် လက်တစ်ဖက် မြှောက်ရန်ပင် ခန္ဓာကိုယ်ကို အလွန်ပင်ပန်းစေသည်။

လုချန်းက ထိုနည်းဗျူဟာပုံစံကို သုံးပြီး ကျင့်စဉ်တစ်ခုဖြင့် တိုက်ခိုက်ရန် ကြိုးစားပါက သူ၏ သေတွင်းထဲသို့ သူကိုယ်တိုင်ဆင်းခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ်သာမက နတ်ဝိညာဉ်ပါ အတူတကွ ပျက်စီးသွားပေလိမ့်မည်။

နိုင်ငံကြီးလေးနိုင်ငံမဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့် အားလုံးလည်း လုချန်း၏ နတ်ဝိညာဉ် အလုံးစုံ ပျက်စီးသွားသည်ကို မြင်တွေ့ရတော့မည့်အလား အလွန်ပင် စိတ်လှုပ်ရှားနေကြတော့သည်။

သူတို့၏ စိတ်ကူးများတွင် လုချန်းသည် သေလုမြောပါး အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဟု ထင်ရသော်လည်း အမှန်တရားက ထိုသို့မဟုတ်ချေ။

သို့သော် ထိုအခိုက်အတန့်တွင် ကျန်းယန်ဧကရာဇ်၏ ခန္ဓာကိုယ်သည် ရမ်းကားနေသော လမ်းစဉ် စွမ်းအားများကို မခံနိုင်တော့ပဲ ဝုန်းခနဲ မြည်ဟည်းကာ ပေါက်ကွဲသွားပြီး ကြယ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ ပေါက်ကွဲသွားသည့် ခဏတွင်ပင် ရွှေရောင်အလင်းတန်းတစ်ခုက စကြဝဠာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်ကို လုချန်း ဧကန်မုချ သတိပြုမိလိုက်သည်။

ကျန်းယန်ဧကရာဇ် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးကတည်းက လင်ယွမ်ဧကရာဇ်ကဲ့သို့ ထွက်ပြေးရန် ကြိုးစားနေသည်ဟု လုချန်း သံသယရှိခဲ့၏။ ထို့ကြောင့် သူ့ကို အသေအချာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

လုချန်း ခပ်ဖွဖွပြုံး လိုက်၏။

ထွက်ပြေးချင်တာလား....

ယခု သူပိုင်ဆိုင်ထားသော ဧကရာဇ် အဆင့်ကိုး အင်အား၏ ရှေ့မှောက်တွင် ထိုကဲ့သို့သော လှည့်ကွက်များက အလုပ်ဖြစ်မည် မဟုတ်ပေ။

အနည်းငယ်မှ တွေဝေမနေပဲ လုချန်းသည် အာကာသ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေ၏ အာကာသတစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့လိုက်၏။ ကျန်းယန်ဧကရာဇ် ဖွင့်လိုက်သော အာကာသ အက်ကြောင်းလည်း ချက်ချင်းပင် ပြန်ဆက်သွားတော့သည်။

ကျန်းယန်ဧကရာဇ်သည် ထိုအက်ကြောင်းထဲသို့ ဝင်ရန် ကြိုးစားလိုက်သော်လည်း ဟင်းလင်းပြင်ကိုသာ တိုက်မိပြီး သူရှိမြဲနေရာတွင်သာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ကျောရိုးစိမ့်မတတ် ထိတ်လန့်သွားတော့သည်။

လုချန်းက အဘယ်ကြောင့် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးခဲ့မှန်း သူ ရုတ်တရက် သဘောပေါက်သွားသည်။ လုချန်းသည် ယခု ဧကရာဇ် အဆင့်ကိုး၏ အင်အားကို ပိုင်ဆိုင်ထားပြီဖြစ်၏။ အာကာသကို ပိတ်ဆို့ခြင်းက သူ့အတွက် အသေးအဖွဲပင်။

ကျန်းယန်ဧကရာဇ် လုချန်းကို လှည့်ကြည့်လိုက်၏။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သူ ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ဟုလည်း တွေးလိုက်သည်။

ထို့ပြင် ဤကဲ့သို့ အခြေအနေမျိုးတွင် အာကာသကိုပါ ပိတ်ဆို့ထားရသဖြင့် လုချန်း၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ် စွမ်းအားများ ပို၍ပင် ရမ်းကားနေပေလိမ့်မည်။ မကြာမီတွင် လုချန်း၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ် ပေါက်ကွဲသွားတော့မည်ဟု သူ ယူဆလိုက်သည်။

ယခု လုချန်း၏ နတ်ဝိညာဉ် ပျက်စီးသွားမည့်အချိန်ကိုသာ သူ စောင့်နေရန် လိုအပ်၏။ ထိုသို့ဖြစ်သွားလျှင် သူအေးအေးဆေးဆေး ထွက်ပြေးနိုင်မည် ဖြစ်သည်။ ထိုသို့ တွေးမိသည်နှင့် ကျန်းယန်ဧကရာဇ် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။

သို့သော် သူ၏ စိတ်သက်သာရာမှုသည် အချိန်တိုလေးအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရသည်။

မထင်မှတ်ပဲ အချိန်အနည်းငယ် ကြာသွားသည့်တိုင် လုချန်း၏ ခန္ဓာကိုယ်မှ ပြိုကွဲမည့် အရိပ်အယောင် လုံးဝ မပြလာပေ။

လုချန်း၏ နိယာမ ပုံရိပ်သည် လမ်းစဉ် စွမ်းအားများ၏ တုံ့ပြန်မှုကို လုံးဝ မခံစားရသကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

ဘာတွေ ဖြစ်နေတာလဲ....

သူတို့သည် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးချခဲ့ဖူးသဖြင့် ၎င်း၏ ဘေးထွက်ဆိုးကျိုးကို အသိဆုံး ဖြစ်သည်။

လုချန်းက ထိုနည်းဗျူဟာပုံစံကို အသုံးပြုထားပါလျက် အဘယ်ကြောင့် ထိခိုက်ဒဏ်ရာ ကင်းစင်နေရသနည်း....

သူ့အလှည့်တုန်းကတော့ ထိုနည်းဗျူဟာပုံစံကို အသုံးပြုပြီး လက်တစ်ဖက် မြှောက်လိုက်ရုံမျှဖြင့် နည်းဗျူဟာပုံစံတစ်ခုလုံး ပြိုကွဲကာ ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားခဲ့ရသည်။

လုချန်းကတော့ ထိုနည်းဗျူဟာပုံစံကို အသုံးပြုပြီးနောက် အာကာသကိုပါ ပိတ်ဆို့ခဲ့သေးသည်။ သဘောတရားအရ အင်အားများ ပိုမို အသုံးပြုခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ် စွမ်းအားများ ပို၍ပင် ရှုပ်ထွေး ရမ်းကားနေသင့်၏။ ယခုတော့ လုချန်းကြည့်ရတာ လုံးဝ စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။

ကျန်းယန်ဧကရာဇ် နားမလည်နိုင်သလို လေးနိုင်ငံ မဟာမိတ်မှ အခြား ဧကရာဇ်အဆင့်များလည်း နားမလည်နိုင်ကြပေ။ သူတို့သည် လုချန်းကို ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။

လုချန်းက ပြုံးလျက်

“ခင်ဗျားက ထွက်ပြေးဖို့ ကြံနေတာ မဟုတ်လား။ အခု ဘာလို့ မပြေးတော့တာလဲ။”

ထိုစဉ် ကျန်းယန်ဧကရာဇ် ရုတ်တရက် အကြံတစ်ခုရသွားပြီး နိုင်ငံကြီးလေးနိုင်ငံမဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့်များထံသို့ ချက်ချင်း အသံလွှင့်လိုက်သည်။

“လုချန်းက ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို သုံးထားတာမလို့ ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အခုနေ ကျုပ်တို့ တိုက်ခိုက်လိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်ဟာ လမ်းစဉ်စွမ်းအားတွေကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာ အသေအချာပဲ။”

ထိုစကားကို ကြားလျှင် နိုင်ငံကြီးလေးနိုင်ငံ မှ ဧကရာဇ်အဆင့်များလည်း တွန့်ဆုတ်မနေပဲ လုချန်းကို တိုက်ခိုက်ကြတော့သည်။

“ကောင်းကင်တုန် လက်သည်း”

“ကောင်းကင်လောင်ကျွမ်းသိုင်း”

“လမင်းချေမှုန်း ဓားသိုင်း”

ချက်ချင်းပင် နိုင်ငံကြီးလေးနိုင်ငံ မှ ဧကရာဇ်အဆင့်များသည် အမျိုးမျိုးသော ကျင့်စဉ်များနှင့် တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်က လုချန်း၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ် စွမ်းအားများကို နှောင့်ယှက်ရန်ဖြစ်၏။ ထိုစွမ်းအားများ၏ တန်ပြန် သက်ရောက်မှုကြောင့် လုချန်း သူ့ဘာသာသူ ပျက်စီးသွားစေရန် ဖြစ်သည်။

ပြေးဝင်လာကြသော ဧကရာဇ်အဆင့်များကို ကြည့်ရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပြန်၏။

ဤလူတွေများသည် အလွန် တုံးအလွန်းကြ၏။

သာမန် ဧကရာဇ်အဆင့် တစ်ဦးသာဆိုလျှင် ထိုတိုက်ခိုက်မှုများကြောင့် ခန္ဓာကိုယ် ပြိုကွဲခြင်းဖြစ်စဉ် ပို၍ မြန်သွားပေလိမ့်မည်။ သို့သော် ယခု လုချန်း၏ ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ် စွမ်းအားများ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

ဒါတောင် ဒီလူတွေက တိုက်ခိုက်ရဲသေးတယ်လား....

သူတို့သည် ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးနေကြသူများသာ ဖြစ်ကြ၏။

အခန်း (၁၄၉၃)

သေရမှာ မကြောက်ကြသူများ

ပြေးဝင်လာနေကြသည့် ဧကရာဇ်များကို လုချန်း တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်

“ခင်ဗျားတို့က တကယ်ပဲ သေရမှာကို မကြောက်ကြဘူးပဲ”

ဟု ခပ်အေးအေး ပြောလိုက်၏။

သူ့အသံသည် လေပြည်လေညှင်းတစ်ခုလို ပေါ့ပါးသော်လည်း ကြားရသူတိုင်း၏ စိတ်နှလုံးသားကိုတော့ အေးစက်သွားစေ၏။

စကားဆုံးသည်နှင့် လက်ထဲရှိ နတ်ဘုရားချေမှုန်းဓားကို လုချန်း မြှောက်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်အတွင်း စုစည်းထားသော လမ်းစဉ်စွမ်းအားများကို ဓားအတွင်းသို့ ထည့်သွင်းကာ လွှဲယမ်းလိုက်သည်။ ဤဓားချက်တွင် မည်သည့်ဓားသိုင်း သို့မဟုတ် ထူးခြားသည့် နည်းစနစ်များမှ ပါဝင်ခြင်းမရှိပေ။ ရိုးရှင်းသည့် လွှဲယမ်းမှု တစ်ခုသာ ဖြစ်သည်။

ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်နှင့်အတူ ထိုအရှိန်အဝါများအတွင်း၌ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ စုစည်းသွားကာ ရှေ့သို့ ပြေးဝင်လာနေသော ဧကရာဇ်အဆင့်များဆီသို့ ပိုင်းဖြတ်သွားလေတော့သည်။

နတ်ဘုရားချေမှုန်းဓား၏ ဓားအရှိန်အဝါနှင့် ထိတွေ့သည်နှင့် ဧကရာဇ်အဆင့်များ၏ ခန္ဓာကိုယ်များလည်း ချက်ချင်းပင် မရေမတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ တော့သည်။

အချို့သည် ကလေးဘဝသို့ ပြန်ရောက်သွား၏။ အချို့ကတော့ အိုမင်းရင့်ရော်သွားသည်။ အချို့မှာမူ တိုက်ရိုက်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းသည် ဘဝသံသရာ၏ အဆန်းကြယ်ဆုံး အသွင်အပြင်ကို မျက်ဝါးထင်ထင် ဖော်ဆောင်နေသကဲ့သို့ပင်။

သူတို့၏ ခန္ဓာကိုယ်များ အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများ အဆက်မပြတ် ဆုံးရှုံးနေခြင်းကို ခံစားရသဖြင့် နိုင်ငံကြီးလေးနိုင်ငံမှ ဧကရာဇ်အဆင့်များအားလုံး ထိတ်လန့်သွားကြသည်။ ယခုကဲ့သို့ ထူးဆန်းသော အင်အားမျိုးကို သူတို့ဘဝ၌ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ဤဖိအားသည် သူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေ၏။ အချို့က ထိုဖိအားမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများ ပိတ်ဆို့ခံထားရကြောင်း တွေ့ရှိရသည်။ ထို့နောက် ကလေးဘဝမှသည် လူအိုကြီးဘဝသို့ ပြောင်းလဲကာ နောက်ဆုံးတွင် ပြာဖြစ်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရတော့သည်။

ဆက်လက်၍ မတောင့်ခံနိုင်တော့သဖြင့် အချို့သော ဧကရာဇ်အဆင့်များက

“ကျွန်တော့်ကို မသတ်ပါနဲ့...ရှနိုင်ငံကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်”

ဟု အလောတကြီး အသနားခံလာကြသည်။

ဧကရာဇ်အဆင့် တစ်ဦးက စတင်ပြောဆိုလိုက်သည်နှင့် ဒုတိယတစ်ဦး၊ တတိယတစ်ဦး စသည်ဖြင့် နောက်မှ လိုက်လာကြ၏။ မကြာမီမှာပင် ဧကရာဇ်အဆင့် အမြောက်အမြားသည် ရှနိုင်ငံသို့ အညံ့ခံရန် ရွေးချယ်လိုက်ကြသည်။

“ကျွန်တော်လည်း ရှနိုင်ငံကို အညံ့ခံပါ့မယ်”

“ကျွန်တော့်ကိုလည်း အသက်ချမ်းသာပေးပါ။”

ထျန်းလုဧကရာဇ်ပင် ရှုံးနိမ့်သွားခဲ့ပြီး ဖြစ်သည်။ ယခု လုချန်းသည် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုထားပြီး သူ၏ အင်အားသည် ဧကရာဇ် အဆင့်ကိုးသို့ ရောက်ရှိသွား၏။ သို့သော် သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားခြင်း မရှိသေးပေ။

ဤအချက်က လုချန်းသည် လမ်းစဉ်စွမ်းအား အားလုံးကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားကြောင်း ဖော်ပြနေသည်။

လက်ရှိအခြေအနေအရ သူတို့တွင် လုချန်းကို လုံးဝ ယှဉ်နိုင်စွမ်းမရှိပေ။ ရှနိုင်ငံသို့ အညံ့ခံရန် ရွေးချယ်ခြင်းကသာ အသက်ရှင်သန်ရန် အခွင့်အရေး အနည်းငယ် ပေးနိုင်မည် ဖြစ်သည်။

ဧကရာဇ်အဆင့်များ၏ စကားကို ကြားသောအခါ လက်ခံရန် လုချန်း ရည်ရွယ်ထားသည်။ ဤဧကရာဇ်အဆင့်များအားလုံး ရှနိုင်ငံသို့ ပူးပေါင်းလာပါက နိုင်ငံ၏ အင်အား နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားမည် ဖြစ်၏။

အရေးကြီးဆုံးအချက်က ဤဧကရာဇ်အဆင့်များ အားလုံးကသာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုကြပါက သူ၏ အင်အားသည် ဧကရာဇ် အဆင့်ကိုးထက် ကျော်လွန်သွားနိုင်၏။ ကောင်းကင်ဧကရာဇ်အဆင့်ပင် ဖြစ်သွားနိုင်မလားဟု သူ တွေးမိသည်။

ထိုဖြစ်နိုင်ခြေကို တွေးတောရင်း သူတို့ကို လက်ခံလိုသော လုချန်း၏ ဆန္ဒများ ပိုမိုခိုင်မာလာသည်။ သို့သော် သူ မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူ စကားပြောရန် ပြင်နေစဉ်မှာပင် ကျန်းယန်ဧကရာဇ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။

“သူက အားကုန်နေပြီ...ဒီအခွင့်အရေးကို အရယူကြ။ သူက ခုနက ကျင့်စဉ်တစ်ခုကို သုံးလိုက်တာ သေချာတယ်....အခု သူ့ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့ဘူး။”

စကားဆုံးသည်နှင့် ကျန်းယန်ဧကရာဇ်က စတင်ဦးဆောင်ကာ လုချန်း၏ ဘယ်ဘက်သို့ ပြေးဝင်သွား၏။ ထို့နောက် သူ၏လက်ကို လျင်မြန်စွာ ဝေ့ယမ်းလိုက်ကာ

“မြစ်ပြောင်းပြန် လှန် လက်ဝါး”

ချက်ချင်းပင် ဟင်းလင်းပြင်၌ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာ၏။ ထိုလှိုင်းလုံးများကြားမှ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာ၏။

လုချန်း ခဏခန့် အာရုံလွင့်သွားသလို ဖြစ်သွား၏။ သူ၏ ကြီးမားလှသော နိယာမ ကိုယ်ထည်ကြောင့် ရှောင်တိမ်းရန် အချိန်မရလိုက်ပဲ ကြီးမားသော လက်ဝါးကြီးက သူ၏ နိယာမ ကိုယ်ထည်ကို ရိုက်ခတ်သွားသည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့်လားမသိ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများကို ထိန်းချုပ်ရာတွင် လုချန်း၌ အနည်းငယ် လိုအပ်ချက် ရှိနေသည်။

ကျန်းယန်ဧကရာဇ်၏ လက်ဝါးချက်က လုချန်း၏ နိယာမ ကိုယ်ထည်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်သွားစေခဲ့၏။ ထိုအက်ကြောင်းများမှ လမ်းစဉ်စွမ်းအားများ ယိုစိမ့်ထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်ရှိ အာကာသကိုပါ လှုပ်ခတ်သွားစေသည်။

လုချန်း၏ နိယာမ ကိုယ်ထည်ပေါ်တွင် ပျက်စီးတော့မည့် လက္ခဏာများကို တွေ့လိုက်ရသဖြင့် ရှနိုင်ငံသို့ အညံ့ခံတော့မည့် ဧကရာဇ်အဆင့်များလည်း တစ်ဖန် ပြန်လည် စိတ်လှုပ်ရှားလာကြတော့သည်။

“လုချန်းက တကယ်ပဲ ကျရှုံးတော့မှာ”

“မြန်မြန်...အတူတူ တိုက်ခိုက်ကြစို့”

“ဒီတစ်ကြိမ်တော့ သူ့ကို အပြတ်ရှင်းရမယ်”

ချက်ချင်းပင် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ် ဧကရာဇ်အဆင့်များသည် လုချန်းကို တိုက်ခိုက်ရန် အင်အားများကို တစ်ဖန် ပြန်လည် ပူးပေါင်းလိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်အသစ်အဆန်းတစ်ခု ပြန်လည် လင်းလက်လာခဲ့၏။

ဧကရာဇ်အဆင့်များကို အကူအညီမဲ့သလိုမျိုး လုချန်း တစ်ချက်ကြည့်လိုက်၏။ သူက သူတို့ကို အသက်ရှင်ခွင့် ပေးရန် ရည်ရွယ်ထားသော်လည်း သူတို့ကမူ သေလမ်းကိုသာ ဇွတ်တိုးနေကြသည်။

အခုတော့ သူ့ကို အပြစ်တင်၍ မရတော့ပေ။

ထို့နောက် မူလအစစွမ်းအားကို အသုံးပြုကာ နိယာမ ကိုယ်ထည်ရှိ အက်ကြောင်းများကို လုချန်း ချက်ချင်း ပြုပြင်လိုက်၏။ တစ်ဆက်တည်းပင် သူ၏ လက်ထဲမှ နတ်ဘုရားချေမှုန်းဓားကို တစ်ဖန် ပြန်၍ လျင်မြန်စွာ မြှောက်လိုက်သည်။

သူက ဧကရာဇ် အုပ်စုကို အေးစက်စွာ စိုက်ကြည့်ရင်း

“ခင်ဗျားတို့က သေလမ်းကို ရွေးတယ်ဆိုမှတော့ ကျုပ်ကပဲ ဖြည့်ဆည်းပေးလိုက်ပါမယ်။”

လုချန်း၏ နိယာမ ကိုယ်ထည်ရှိ အက်ကြောင်းများ ချက်ချင်း ပြန်လည် ကောင်းမွန်သွားသည်ကို တွေ့လိုက်ရသဖြင့် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ် ဧကရာဇ်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ လုချန်း၏ ရှေ့မှောက်၌ တောင့်တောင့်ကြီး ဖြစ်သွားသော ကျန်းယန်ဧကရာဇ်လည်း ထိုအထဲတွင် ပါဝင်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ခန္ဓာကိုယ်က ပြိုကွဲတော့မှာ အသိသာကြီး မဟုတ်လား”

ဟု ကျန်းယန်ဧကရာဇ်တစ်ယောက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် ရောထွေးနေသော အံ့အားသင့်မှုကို ထင်ရှားစွာ မြင်တွေ့နေရ၏။

ဧကရာဇ်အဆင့်များနှင့် နောက်ထပ် စကားများပြီး အချိန်မဖြုန်းတော့ပဲ သူ၏ဓားကို လုချန်း လွှဲယမ်းလိုက်ပြန်သည်။

ဤဓားချက်သည် မယုံနိုင်လောက်အောင် လျင်မြန်လှ၏။ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ ဝန်းရံထားသည့် ကြီးမားသော ဓားအရှိန်အဝါသည် ဧကရာဇ်အဆင့်များ၏ ခန္ဓာကိုယ်များကို ခဏချင်းအတွင်း ဖြတ်ကျော်သွားလေတော့သည်။

ဧကရာဇ်အဆင့်များ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူတို့အားလုံး ဖျက်ဆီးခံလိုက်ရသည်။

ကျန်းယန်ဧကရာဇ်လည်း ထိုအထဲတွင် ပါဝင်၏။

အလင်းစက်များအဖြစ်သို့ ပြောင်းလဲနေ သော သူ၏ခန္ဓာကိုယ်ကို ခံစားရသဖြင့် ကျန်းယန်ဧကရာဇ်က အလွန်မကျေမနပ်စွာဖြင့်

“မဖြစ်နိုင်ဘူး...ငါ မကျေနပ်နိုင်ဘူး”

ကျန်းယန်ဧကရာဇ် စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ် လုံးဝ ပျောက်ကွယ်သွား၏။ လုချန်း၏ ဓားအရှိန်အဝါ အထိခံလိုက်ရသည့် အခြားသူများကဲ့သို့ပင် ဟင်းလင်းပြင်ထဲ လုံးဝ အစအနမကျန် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော အင်အားကို မြင်တွေ့လိုက်ရသောအခါ အသက်ရှင်လျက် ကျန်ရှိနေသေးသည့် ဧကရာဇ်အဆင့်များက

“ရှနိုင်ငံကို ကျွန်တော် အညံ့ခံပါ့မယ်။ ကျွန်တော့်ကို မသတ်ပါနဲ့”

ဟု အလျင်အမြန် ထပ်မံ အသနားခံကြသည်။

“ကျွန်တော် ရှနိုင်ငံကို လာခဲ့တာက အတင်းအကျပ် အခိုင်းခံရလို့ပါ။ ဒါတွေက ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး”

“ခုနက ကျန်းယန်ဧကရာဇ်က ကျွန်တော့်ကို အတင်းလုပ်ခိုင်းတာပါ။ အသက်ချမ်းသာပေးပါ ကောင်းကင်ဧကရာဇ်”

ထိုစကားများကို နားထောင်ပြီး လုချန်း နှာခေါင်းရှုံ့လိုက်သည်။ ကျန်းယန်ဧကရာဇ်က သူ၏ခန္ဓာကိုယ် ပြိုကွဲတော့မည်ဟု ပြောလိုက်စဉ်က ဤဧကရာဇ်များ နည်းနည်းမှ တွန့်ဆုတ်မနေခဲ့သည်ကို သူ အသေအချာ မြင်တွေ့ခဲ့သည်။

ယခု အခြေအနေက သူတို့ဘက်တွင် မရှိတော့သဖြင့် အခြားသူများကို အပြစ်ပုံချနေကြခြင်း ဖြစ်သည်။

လုချန်းလည်း စကားများများ မပြောတော့ပဲ ခန္ဓာကိုယ်အတွင်းရှိ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများကို စုစည်းကာ အဝေးရှိ ဧကရာဇ်အဆင့်များဆီသို့ သူ၏ဓားကို တစ်ဖန် လွှဲယမ်းလိုက်သည်။ လုချန်းက သတ်ဖြတ်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် နိုင်ငံကြီးလေးနိုင်ငံမှ ကျန်ရှိနေသော ဧကရာဇ်အဆင့်များလည်း ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။

ဒုတိယအကြိမ် အခွင့်အရေး မရှိနိုင်တော့ကြောင်း သူတို့ သိသွားကြ၏။ အချို့ကတော့ ထွက်ပြေးရင်း ကျန်းယန်ဧကရာဇ်ကို ကျိန်ဆဲနေကြသည်။

ကျန်းယန်ဧကရာဇ်သာ မရှိခဲ့လျှင် သူတို့ ရှနိုင်ငံသို့ အညံ့ခံပြီး ဖြစ်နေမည်။ လုချန်း၏ အဆက်မပြတ် လိုက်လံသတ်ဖြတ်မှုမှလည်း လွတ်မြောက်နေမည် ဖြစ်သည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ၏ အထောက်အပံ့ဖြင့် လုချန်းသည် ဧကရာဇ် အဆင့်ကိုး အင်အားကို ပိုင်ဆိုင်ထား၏။ ကြောက်မက်ဖွယ် လက်နက်တစ်ခုကိုလည်း ကိုင်ဆောင်ထားရာ ယခုအချိန်တွင် သူ့ကို မည်သူက စိန်ခေါ်နိုင်ပါမည်နည်း။

ပိတ်ဆို့ထားပြီးသား အာကာသနယ်မြေအတွင်း၌ ထိုဧကရာဇ်အဆင့်များသည် ထွက်ပြေးရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်းသာ ပြုလုပ်နိုင်ကြ၏။ သို့သော် သူတို့၏ ထွက်ပြေးနှုန်းက လုချန်းအတွက်တော့ အလွန်ပင် နှေးကွေးလွန်းသည်။

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားကာ နတ်ဘုရားချေမှုန်းဓားကို အဆက်မပြတ် လွှဲယမ်းလိုက်၏။ ဓားအရှိန်အဝါသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ထွက်ပြေးနေသော ဧကရာဇ်အဆင့်များ၏ နောက်ကျောဆီသို့ ချက်ချင်း ပေါ်ထွက်လာကာ ပိုင်းဖြတ်လိုက်၏။

အချို့သော ဓားအရှိန်အဝါများကတော့ သူတို့၏ ရှေ့တည့်တည့်၌ပင် ပေါ်ထွက်လာသည်။ လုချန်းသည် ဤနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားသဖြင့် နတ်ဘုရားချေမှုန်းဓားမှ ထွက်ပေါ်လာသော ဓားအရှိန်အဝါများကို သူ လိုချင်သည့် နေရာတိုင်းတွင် ထားရှိနိုင်သည်။

လုချန်းအတွက်မူ ဤဧကရာဇ်များကို သတ်ဖြတ်ခြင်းက ဂျုံပင်များကို ရိတ်သိမ်းရသကဲ့သို့ပင် လွယ်ကူလှသည်။

ဆယ့်ငါးမိနစ်မပြည့်မီ အချိန်အတွင်းမှာပင် နိုင်ငံကြီးလေးနိုင်ငံမှ ဧကရာဇ်အဆင့်များကို လုချန်း အမြစ်ပြတ် သုတ်သင်လိုက် တော့၏။

ထျန်းဟုန် ဧကရီ ပြန်လည်ရောက်ရှိလာသောအခါ ရှနိုင်ငံမှ ဧကရာဇ်အဆင့်များနှင့် ဗလာဖြစ်နေသော ဟင်းလင်းပြင်ကိုသာ တွေ့လိုက်ရသည်။

ဗလာဖြစ်နေသော ဟင်းလင်းပြင်နှင့် လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသော မိစ္ဆာစွမ်းအားများကို တွေ့လိုက်ရသဖြင့် ထျန်းဟုန် ဧကရီ မျက်မှောင်ကြုတ်လိုက်ကာ လုချန်းကို သေချာစွာ စိုက်ကြည့်လိုက်သည်။

…………

အခန်း (၁၄၉၄)

လင်ကျောက် မဟာကြယ်နယ်မြေစုကို သိမ်းပိုက်ခြင်း

လုချန်း၏ ကိုယ်ပေါ်ရှိ ထူထပ်သော မိစ္ဆာစွမ်းအားများကို မြင်လျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို လူအတစ်ယောက်ပင် ထင်ရှားစွာ သိနိုင်သည်။

ဤအချက်က ထျန်းဟုန် ဧကရီကို များစွာ မကျေမနပ် ဖြစ်စေသည်။ ထိုဧကရာဇ်အဆင့်များကို သူမ ပြန်ရောက်မှ ရှင်းလင်းနိုင်ရန် လုချန်းကို ထိန်းထားခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လုချန်းက ထိုဧကရာဇ်အဆင့်များ အားလုံးကို သူ့ဘာသာသူ ရှင်းလင်းခဲ့သည်။ ဤအခွင့်အရေးကို အသုံးပြု၍ ပိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် သူမ ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထျန်းဟုန် ဧကရီက သူ့ကို ရန်သူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံး၍

“ဘာလို့ ကိုယ့်ကို အဲဒီလို ကြည့်နေတာလဲ”

“မင်းကိုစောင့်ရတာက အရမ်းကြာနေတော့ ကိုယ့်ရဲ့ သတ်ဖြတ်ခြင်းနယ်ပယ်က သူတို့ကို အကြာကြီး ထိန်းမထားနိုင်တော့ဘူး။ ဒါကြောင့် အစောကြီး ရှင်းလိုက်ရတာ။ အဲ့ဒါအတွက်တော့ ကိုယ့်ကို အပြစ်တင်လို့ မရဘူးလေ။”

လုချန်းကို ထျန်းဟုန် ဧကရီ တစ်ချက် ထပ်ကြည့်လိုက်သည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် ပျောက်ကွယ်သွားပြီ ဖြစ်ပြီး လုချန်း၏ ကိုယ်ပွားသည်လည်း ဧကရာဇ်အဆင့်နှစ်သို့ ပြန်လည် ရောက်ရှိသွားသည်။

ဤအရာက ထျန်းဟုန် ဧကရီကို ဇဝေဇဝါ ဖြစ်စေသည်။ ဧကရာဇ်အဆင့်နှစ်သာ ရှိသော လုချန်းက ထိုမျှတိုတောင်းသော အချိန်အတွင်း ဧကရာဇ်အဆင့်များ အားလုံးကို မည်သို့ သတ်ဖြတ်နိုင်ခဲ့မှန်း သူမ စဉ်းစားမရပေ။

အားလုံးကို ခြုံကြည့်လျှင် ထိုသူများ၏ အရေအတွက်က ဧကရာဇ်အဆင့် တစ်ရာကျော်ပင် ရှိသည်မဟုတ်ပါလား။

လုချန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်သည် ထိုဧကရာဇ်အဆင့်များကို ပိတ်လှောင်ထားရုံသာ တတ်နိုင်ပြီး မသတ်နိုင်ဟု သူမ ယုံကြည်ခဲ့သောကြောင့် ယုံကြည်မှုအပြည့်နှင့် ထွက်ခွာသွားခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုအထဲတွင် အဆင့်ခုနှစ် ဧကရာဇ်တစ်ဦးနှင့် အဆင့်ခြောက် ဧကရာဇ် အမြောက်အမြား ပါဝင်နေသောကြောင့် ဖြစ်သည်။

သို့သော် သူမ ထွက်သွားသည်နှင့် လုချန်းက အားလုံးကို ရှင်းလင်းပြီး ဖြစ်နေသည်။

ထိုနတ်ဓားကို လုချန်း ကိုင်ဆောင်ထားလျှင်ပင် ဤမျှ မြန်မြန် ရှင်းလင်းနိုင်ရန် မဖြစ်နိုင်ပေ။

“ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ဟု ထျန်းဟုန် ဧကရီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံပဲလေ”

ဟု လုချန်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

ထိုအရာကို ကြားလျှင် အေးစက်လှပသော ထျန်းဟုန် ဧကရီ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံလား။

အရင်က လင်ယွမ်ဧကရာဇ် အသုံးပြုခဲ့သည့် နည်းဗျူဟာပုံစံလား။

ထိုနည်းဗျူဟာပုံစံသည် ဧကရာဇ်အဆင့်များ၏ အင်အားအားလုံးကို ခန္ဓာကိုယ်တစ်ခုတည်းတွင် စုစည်းခြင်း ဖြစ်သော်လည်း မည်သည့် ဧကရာဇ်အဆင့်မှ ထိုမျှ ကြီးမားသော အင်အားကို မတောင့်ခံနိုင်ပေ။ ထို့ပြင် လမ်းစဉ်စွမ်းအားများလည်း ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ တိုက်မိနိုင်ပေသည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုခြင်းက လင်ယွမ်ဧကရာဇ်ကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ရစေနိုင်ပြီး စနစ်တကျ မထိန်းချုပ်နိုင်ပါက လုံးဝ ပျက်စီးသွားစေနိုင်သည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို တိုက်ခိုက်ရေး နည်းလမ်းတစ်ခုအဖြစ် ထျန်းဟုန် ဧကရီ မသတ်မှတ်ခဲ့ပေ။ မည်သည့် အင်အားစုမဆို ဤနည်းဗျူဟာပုံစံကို သေရေးရှင်ရေး အရေးကြီးသည့် အချိန်တွင်သာ အသုံးပြုရန် စဉ်းစားကြသည်။

လုချန်းက ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို တိုက်ခိုက်ရေး နည်းလမ်းအဖြစ် တကယ်ပဲ အသုံးပြုခဲ့တာလား။

သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲမသွားပဲ ထိုအင်အားကို တောင့်ခံနိုင်ပါ့မလား။

လုချန်း၏ ထူးခြားသော ကိုယ်ပွားများသည် ပေါက်ကွဲသွားလျှင်ပင် သူ၏ ပင်မခန္ဓာကို ထိခိုက်မှုမရှိနိုင်ကြောင်း ထျန်းဟုန် ဧကရီ မကြာမီ သတိရသွားသည်။ အကယ်၍ ထိုသို့ဆိုလျှင်တော့ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို တိုက်ခိုက်ရေး နည်းလမ်းအဖြစ် အသုံးပြုရန်က လုချန်းအတွက် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကိုယ်ပွားတစ်ခု ပေါက်ကွဲသွားပါက နောက်ထပ် တစ်ခုကို သူ ထပ်မံ ဖန်တီးနိုင်ပေသည်။

သို့သော် တစ်ခုခုလွဲနေသေးသည်ဟု ထျန်းဟုန် ဧကရီ ခံစားနေရသေး၏။ သူမ၏ ဇဝေဇဝါ ဖြစ်နေမှုကို လုချန်း သတိပြုမိသွားပြီး

“ကိုယ်က လမ်းစဉ်စွမ်းအား အားလုံးကို ကျွမ်းကျင်တယ်ဆိုတာ မင်း မေ့သွားပြီလား။”

ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီ ခဏခန့် တုံ့ဆိုင်းသွားသည်။ ယခင်က လုချန်း သူမကို ထိုအကြောင်း ပြောပြခဲ့ဖူးသည်။

ထိုသို့ဆိုလျှင် မည်သည့် လမ်းစဉ်စွမ်းအားမဆို လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပါက သူ့ကို အန္တရာယ် မပေးနိုင်ပဲ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အဆက်မပြတ် အသုံးပြုနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် လုချန်း၏ အင်အားကို ဧကရာဇ် အဆင့်ကိုးတွင် ထိန်းထားနိုင်မည်ဖြစ်၏။ ရှနိုင်ငံ၌ ဧကရာဇ်အဆင့်များ များလေလေ လုချန်း ပို၍ အားကောင်းလေလေ ဖြစ်လာမည်ဖြစ်သည်။

ထိုအခါ လုချန်း၏ အင်အားသည် ကောင်းကင်ဧကရာဇ်ထက်ပင် ကျော်လွန်သွားနိုင်သည်။ ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ ထျန်းဟုန် ဧကရီ၏ စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

ထိုသို့ဆိုလျှင် သူမသည် သူမ၏ တစ်သက်တာလုံး လုချန်းကို ကျော်တက်နိုင်တော့မည် မဟုတ်ပေ။ ဤအတွေးက သူမ၏ ရင်ထဲ၌ ခါးသီးမှု အနည်းငယ်ကို ဖြစ်ပေါ်စေသည်။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံမှ လုချန်း ရရှိသည့် အင်အားသည် ယာယီသာ ဖြစ်ကြောင်း သတိရလိုက်သဖြင့် ထျန်းဟုန် ဧကရီ လျင်မြန်စွာပင် သတိပြန်ဝင်လာသည်။ ဤအခြေအနေ၌ သူ အားကောင်းနေလျှင်ပင် ထိုအရာသည် သူ၏ ကိုယ်ပိုင်အင်အား မဟုတ်ပေ။ ထို့ကြောင့် သူမ အလွန်စိုးရိမ်နေစရာ မလိုကြောင်း တွေ့ရှိလိုက်သည်။

သူမဘာသာသူ နှစ်သိမ့်လိုက်ပြီးနောက် ထျန်းဟုန် ဧကရီ စိတ်သက်သာရာ ရသွား၏။

သို့သော် လုချန်းက နိုင်ငံကြီးလေးနိုင်ငံမှ ဧကရာဇ်အဆင့်များ အားလုံးကို သူမအတွက် တစ်ယောက်မှ မချန်ပဲ အကုန်သတ်ပစ်ခဲ့သည်ကို တွေးမိလျှင် ထျန်းဟုန် ဧကရီ၏ စိတ်ထဲ မကျေမနပ် ဖြစ်လာပြန်သည်။ လုချန်းက ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အကန့်အသတ်မရှိ အသုံးပြုနိုင်လျှင်ပင် သတ်ဖြတ်ခြင်းဖြင့် သူ၏ အင်အားကို မြှင့်တင်မည့်အစား လိုအပ်နေသူများကို အခွင့်အရေး ပေးသင့်သည် မဟုတ်ပါလား။

ထျန်းဟုန် ဧကရီ၏ မျက်လုံးများထဲရှိ မကျေမနပ်မှုကို သတိပြုမိသဖြင့် လုချန်းက

“မင်းက အဆင့်ခုနှစ်ကို ရောက်သွားပြီပဲ။ မင်းရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းနဲ့ဆိုရင် အဆင့်ကိုးကို ရောက်ဖို့ သိပ်မကြာတော့ပါဘူး။ အဲ့ဒီလောက်ကြီး စိုးရိမ်မနေပါနဲ့။”

ထျန်းဟုန် ဧကရီ ပြန်ရောက်ချိန်ကတည်းက သူမ၏ အငွေ့အသက် သိသိသာသာ အားကောင်းလာကြောင်း လုချန်း ထင်ရှားစွာ ခံစားခဲ့ရသည်။ ထို့နောက် သူမ တကယ်အဆင့် တက်သွားလားဟု စနစ်ဖြင့် စစ်ဆေးအတည်ပြုလိုက်ခြင်းဖြစ်သည်။

လုချန်း၏ စကားကို ကြားလျှင် ထွက်ပြေးသွားသော အဆင့်ခုနှစ် ဧကရာဇ်ကို သတ်ပြီးနောက် သူမ အဆင့်တိုးသွားမည်ကို လုချန်းက ကြိုတင်သိနေပြီး သူမ၏ အင်အား ထို့ထက်မြန်မြန်မတက်စေရန် အခြား ဧကရာဇ်များကို ရည်ရွယ်ချက်ရှိရှိ သတ်ပစ်လိုက်ခြင်းလားဟု ထျန်းဟုန် ဧကရီ တွေးမိသွားသည်။ ထိုဖြစ်နိုင်ခြေကို တွေးတောရင်း ထျန်းဟုန် ဧကရီ၏ လုချန်းအပေါ် ကြည့်သည့် အကြည့်၌ သံယယများ ပို၍ ထင်ဟပ်လာသည်။ ထိုအကြည့်၌ ရှုပ်ထွေးမှုများလည်း အနည်းငယ် ရှိနေသည်။

ထိုအခိုက်အတန့်တွင် လုချန်းက

“ဒါတွေ တော်ပြီ။ စစ်ပွဲက ပြီးသွားပြီဆိုတော့ ကျန်တဲ့ ကိစ္စတွေကို ဆက်လုပ်လို့ ရပြီ။”

ထိုသို့ ပြောပြီးနောက် မိုးကြိုး ဧကရာဇ်တို့ အုပ်စုဘက်သို့ လုချန်း လှည့်ကြည့်ကာ

“နိုင်ငံကြီးလေးနိုင်ငံကို ချက်ချင်း ချီတက်ကြ။ အညံ့မခံတဲ့သူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အားလုံးသိကြမှာပါ။”

“အမိန့်အတိုင်းပါ”

ဧကရာဇ်အဆင့်များက စုပေါင်း တုံ့ပြန်ကြသည်။

ယခုအခါ လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံကြီးလေးနိုင်ငံမှ အားအကောင်းဆုံး ဧကရာဇ်အဆင့်များကို ရှင်းလင်းပြီး ဖြစ်သောကြောင့် ရှနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုကို တားဆီးနိုင်သော အင်အားစု မရှိတော့ပေ။ ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များကို ထိုနိုင်ငံများ၏ နယ်မြေများသို့ စေလွှတ်ရန်သာ ကျန်ရှိတော့၏။

ထိုအခါ ထိုနိုင်ငံများ အလိုအလျောက် အညံ့ခံကြမည် ဖြစ်သည်။ သို့သော် အညံ့ခံမည့်အစား သေခြင်းကိုသာ ရွေးချယ်မည့်သူများလည်း ရှိနိုင်ပေသည်။

အညံ့မခံသောသူများကို ကိုင်တွယ်ခြင်းအား ထျန်းဟုန် ဧကရီထံ လွှဲအပ်ဖို့ လုချန်း စီစဉ်ထားသည်။ အကြောင်းမှာ သူကိုယ်တိုင် ထိုကဲ့သို့သော ကိစ္စများကို စီမံခန့်ခွဲရန် မသင့်တော်သောကြောင့် ဖြစ်သည်။

ရှစစ်တပ်သည် အလွန်လျင်မြန်စွာပင် လှုပ်ရှားလိုက်၏။ နှစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် သူတို့သည် လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိုနယ်မြေအတွင်းရှိ နိုင်ငံအားလုံးကို ရှနိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိစေခဲ့သည်။

ထို့ကြောင့် ရှနိုင်ငံ၏ ကံစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ မြင့်တက်သွားခဲ့တော့၏။ ထိုစွမ်းအားကို ထိပ်တန်းအင်အားစုများ၏ ခေါင်းဆောင်များပင် ခံစားသိရှိနိုင်သည်။ ရှနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုနှုန်းသည် ရှန်ယွဲ့နိုင်ငံထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် ဆုတ်ခွာသွားခဲ့သော်လည်း သူတို့သည်လည်း ပြင်ပသို့ နယ်မြေချဲ့ထွင်မှုများ ဆက်လက်ပြုလုပ်နေခဲ့ကြသည်။ သို့သော် သူတို့သည် ဤမျှ တိုတောင်းသော အချိန်အတွင်း၌ မဟာကြယ်နယ်မြေစု တစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်း မရှိပေ။

ဤအချက်က ရှနိုင်ငံသည် ရှန်ယွဲ့နိုင်ငံထက် ပို၍ ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း စကြဝဠာအနှံ့ရှိ ထိပ်တန်းအင်အားစုများကို သိရှိစေသည်။ မကြာမီမှာပင် ထိပ်တန်းအင်အားစု အမြောက်အမြားသည် ရှနိုင်ငံကို တုံ့ပြန်ရန် နည်းလမ်းများကို ရှာဖွေရန်အတွက် ထျန်းကျိရဲတိုက်သို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။ ထိုကိုယ်စားလှယ်များအားလုံးသည် ထိုအင်အားစုများ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသူများ ဖြစ်ကြ၏။

ကံမကောင်းစွာဖြင့် ထျန်းကျိရဲတိုက် ရဲတိုက်သခင်က မည်သူ့ကိုမှ လက်မခံခဲ့ပေ။

……..

ရှန်ယွဲ့နိုင်ငံ။

ဧကရာဇ်ကြယ်။

ကောင်းကင်နန်းတော်။

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် ဧကရာဇ်ကြယ်၏ မိုးကုပ်စက်ဝိုင်းရှိ အဆောက်အဦးများကို ကြည့်ကာ သူမ၏ ဘေးရှိ လုယန်ဟွာကို

“ကျွန်မတို့ အင်အားစု နှစ်စု ပူးပေါင်းလျှင် ရှနိုင်ငံကို ဖြုတ်ချနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။”

လုယန်ဟွာက

“ကျုပ်တို့ အင်အားစု နှစ်စုတည်း မဟုတ်ပါဘူး။ ရှနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို သိလာကြတဲ့ အင်အားစုတွေ ပိုများလာပါပြီ။ ထျန်းကျိရဲတိုက်တောင်မှ ရှနိုင်ငံကို ရင်ဆိုင်ဖို့ စီစဉ်နေပါတယ်။”

All Chapters