အခန်း (၁၄၉၅-၁၄၉၇)
Vol. 100 Ch. 1495-1497
အခန်း (၁၄၉၅)
ထိတ်လန့်ဖွယ် သတင်းတစ်ပုဒ်
လုယန်ဟွာ၏ စကားကို ကြားလျှင် အသက်ကယ် ဧကရီက စူးစမ်းသော လေသံဖြင့်
“ထျန်းကျိရဲတိုက်မှာ ဘယ်လို ညွှန်ကြားချက်တွေ ရှိမလဲဆိုတာ ကျွန်မ သိချင်မိပါတယ်။”
လုယန်ဟွာက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
“ထျန်းကျိရဲတိုက်က အခွင့်အရေးတစ်ခုကို စောင့်နေတာပါ။”
“အခွင့်အရေး ဟုတ်လား... ဘယ်လို အခွင့်အရေးမျိုးလဲ”
ဟု အသက်ကယ် ဧကရီက စိတ်ဝင်တစား ထပ်မေးပြန်သည်။
လုယန်ဟွာက
“ကျွန်တော်လည်း မသိဘူး။ အဲ့ဒါက ထျန်းကျိရဲတိုက်ရဲ့ ရဲတိုက်သခင် ကျွန်တော့်ကို ပြောပြခဲ့တာပဲ။”
အကယ်၍ သူတို့သည် ရှနိုင်ငံကို အနိုင်ယူနိုင်ခဲ့လျှင် ယန်ယန်နန်းတော်လည်း ရှနိုင်ငံထံမှ ထိုနည်းဗျူဟာ ပုံစံကို ရရှိနိုင်လိမ့်မည်ဟု အသက်ကယ် ဧကရီ စဉ်းစားလိုက်၏။
အသက်ကယ် ဧကရီ၏ မူလရည်ရွယ်ချက်မှာ လုချန်းကို ကလဲ့စားချေရန် ဖြစ်သော်လည်း အခြားတစ်ဖက်တွင် လုချန်းထံမှ အကျိုးအမြတ်များ ရယူရန်ကိုလည်း သူမ ပို၍ လိုလားနေသည်။ မည်သို့ပင်ဆိုစေ လုချန်းသည် ကောင်းကင်ဧကရာဇ်၏ လူဝင်စား ဖြစ်နိုင်သည်ဟူသော ကောလာဟလများ စကြဝဠာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။
လုချန်းသာ ကောင်းကင်ဧကရာဇ်၏ လူဝင်စား တကယ် ဖြစ်ခဲ့လျှင် သူ၏ နောက်ကွယ်၌ များပြားလှသော ရတနာများ ရှိနေမည်မှာ အမှန်ပင်။ တကယ်လို့ သူတို့ ရှနိုင်ငံကို ဖြုတ်ချနိုင်ခဲ့လျှင် ထိုရတနာများနှင့် ကျင့်စဉ်များကို သူတို့ ပိုင်ဆိုင်လာမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အရိပ်ကိုယ်ရံတော် တစ်ဦး လုယန်ဟွာ၏ ဘေး၌ ပေါ်လာသည်။ ယခုကဲ့သို့ အချိန်မျိုး၌ အရိပ်ကိုယ်ရံတော် ပေါ်လာသည်ကို မြင်သောအခါ လုယန်ဟွာ၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားပြီး
“ကျုပ်ရဲ့ အမိန့်မရှိပဲ မလာနဲ့လို့ ကျုပ် ခင်ဗျားကို မပြောထားဘူးလား။”
အရိပ်ကိုယ်ရံတော်က
“မင်းကြီး... ရှနိုင်ငံကနေ နောက်ဆုံးရ သတင်းတစ်ခု ရောက်လာပါတယ်”
ဟု အလျင်အမြန် ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် လုယန်ဟွာ၏ မျက်ခုံးများ ချက်ချင်းတွန့်သွားသည်။
ရှနိုင်ငံက ဘာတွေ ထပ်လုပ်လိုက်ပြန်ပြီလဲ။
သူ နောက်ဆုံးရရှိခဲ့သော ရှနိုင်ငံနှင့် ပတ်သက်သည့် သတင်းက လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံကြီးလေးနိုင်ငံ ပူးပေါင်းပြီး ရှနိုင်ငံကို ကိုင်တွယ်ရန် ကြိုးစားနေသည်ဟူသော သတင်းဖြစ်သည်။
ယုတ္တိဗေဒအရဆိုလျှင် လင်ကျောက် မဟာကြယ်နယ်မြေစု၏ နိုင်ငံကြီးလေးနိုင်ငံ ပူးပေါင်းလိုက်ပါက ရှနိုင်ငံ၏ တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနိုင်သင့်သည်။ နိုင်ငံကြီးလေးနိုင်ငံတွင် ဧကရာဇ် အဆင့်ကိုး တစ်ပါးနှင့် အဆင့်မြင့် ဧကရာဇ်အဆင့်များစွာ ရှိနေသောကြောင့် ဖြစ်သည်။
ရှနိုင်ငံတွင်လည်း ဧကရာဇ်အဆင့်များ ရှိသော်လည်း နိုင်ငံကြီးလေးနိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့နှင့် ယှဉ်လျှင် အရေအတွက်အားဖြင့် များစွာ နည်းပါးသည်။ ဤအခြေအနေမျိုးတွင် ရှနိုင်ငံအတွက် အသာစီးရရန် မရှိနိုင်ပေ။ နောက်ဆုံးရ သတင်းများလည်း ယခုကဲ့သို့ စောစောစီးစီး ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။
ရှနိုင်ငံ စစ်တပ်များ ဆုတ်ခွာသွားခဲ့တာများလား။
လုယန်ဟွာသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အရိပ်ကိုယ်ရံတော်ကို လှည့်ကြည့်ကာ
“ပြောစမ်း”
ဟု အေးစက်စွာ အမိန့်ပေးလိုက်သည်။
အရိပ်ကိုယ်ရံတော်က
“လင်ကျောက် မဟာကြယ်နယ်မြေစုက နိုင်ငံကြီးလေးနိုင်ငံရဲ့ မဟာမိတ်တပ်ဖွဲ့ကို ရှနိုင်ငံက လုံးဝ ရှင်းလင်းလိုက်ပါပြီ။ အခုဆိုလျှင် လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံးကို ရှနိုင်ငံက သိမ်းပိုက်လိုက်ပါပြီ။”
အရိပ်ကိုယ်ရံတော်၏ လျှောက်တင်ချက်ကို ကြားလျှင် လုယန်ဟွာနှင့် အသက်ကယ် ဧကရီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ထိုသတင်းသည် မိုးကြိုးပစ်လိုက်သကဲ့သို့ သူတို့အား အမှန်တကယ် တုန်လှုပ်သွားစေသည်။
လင်ကျောက် မဟာကြယ်နယ်မြေစု၏ အခြေအနေ ဤမျှအထိ လွယ်လွယ်ကူကူ ဆိုးရွားသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
ရှနိုင်ငံနှင့် လင်ကျောက် မဟာကြယ်နယ်မြေစု၏ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်တပ်ဖွဲ့ကြားရှိ အင်အားကွာခြားမှုကို သူတို့ နှစ်ဦးစလုံး နားလည်ထားကြသည်။ နိုင်ငံကြီးလေးနိုင်ငံ ပူးပေါင်းလိုက်သည်ကို သိလိုက်ရချိန်တွင် ရှနိုင်ငံ၏ နယ်မြေချဲ့ထွင်မှု ရပ်တန့်သွားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး ယုံကြည်ခဲ့ကြသည်။
သို့သော် ယခုတော့ ရှနိုင်ငံက လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဟူသော သတင်းက ရောက်ရှိလာခဲ့သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှနိုင်ငံတွင် ဧကရာဇ် အဆင့်ကိုး တစ်ပါး ရှိနေတာများလား။
မဟုတ်ပါက သူတို့၏ အင်အားနှင့် နိုင်ငံကြီးလေးနိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။
လုယန်ဟွာ၏ မျက်နှာ လုံးဝ ပျက်ယွင်းသွားပြီး ပို၍ပင် မှောင်မည်းသွားသည်။ လုချန်း အသက်ရှင်နေသရွေ့ သူ မည်သည့်အခါမှ စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ပေ။
ယခု လုချန်းက ပို၍ အားကောင်းလာပြီ ဖြစ်သောကြောင့် အစက သူ့ကို ထောက်ခံခဲ့ကြသော ရှန်ယွဲ့နိုင်ငံအတွင်းရှိ ဧကရာဇ်အဆင့်များမှာလည်း တစ်မျိုးတစ်ဖုံ စဉ်းစားလာကြမည်မှာ အမှန်ပင်။ ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်များသာ စိတ်ပြောင်းသွားခဲ့လျှင် သူ၏ ပလ္လင်လှုပ်လာနိုင်သည်။
အမှန်စင်စစ် လုချန်းမှာလည်း ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်လောင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အသက်ကယ် ဧကရီ၏ မျက်နှာလည်း ပျက်ယွင်းနေ၏။ သူမသည် အစက ရှန်ယွဲ့နိုင်ငံကို အားကိုး၍ ကလဲ့စားချေရန်နှင့် ရှနိုင်ငံထံမှ နည်းဗျူဟာ ပုံစံနှင့် ကောင်းကင်ဧကရာဇ်၏ ရတနာများကို သိမ်းပိုက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှနိုင်ငံ၏ လက်ရှိပြသနေသော အင်အားကို ကြည့်ခြင်းအားဖြင့် ရှနိုင်ငံ၏ စွမ်းအားသည် သူတို့ ထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း ထင်ရှားလာသည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် လုယန်ဟွာက အရိပ်ကိုယ်ရံတော်ကို
“ရှနိုင်ငံကို ဆက်ပြီး စောင့်ကြည့်နေပါ”
ဟု အမိန့်ပေးလိုက်သည်။
ယခုတော့ ရှနိုင်ငံအား စောင့်ကြည့်ခိုင်းရုံမှလွဲ၍ လုယန်ဟွာတွင် အခြားနည်းလမ်း မရှိတော့ပေ။
ရှနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုနှုန်းသည် ရှန်ယွဲ့နိုင်ငံထက်ပင် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံ စစ်စတိုက်ချိန်မှစ၍ ယခုအချိန်အထိ မဟာကြယ်နယ်မြေစု တစ်ခုကို မသိမ်းပိုက်နိုင်သေးပေ။
၎င်းသည် ကြယ်နယ်မြေ တစ်ခု မဟုတ်သလို ကြယ်နယ်မြေစု တစ်ခုလည်း မဟုတ်ပေ။ မဟာကြယ်နယ်မြေစု တစ်ခုလုံး ဖြစ်သည်။
မဟာကြယ်နယ်မြေစု တစ်ခုအတွင်း၌ ရေတွက်မရနိုင်သော ကြယ်နယ်မြေစုများ ပါဝင်ပြီး နိုင်ငံပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီကာ အင်အားစုအမျိုးမျိုး တည်ရှိနေကြသည်။
ရှန်ယွဲ့နိုင်ငံကတော့ လက်ရှိတွင် ကြယ်နယ်မြေစု အနည်းငယ်ကိုသာ သိမ်းပိုက်နိုင်သေးသည်။ ဤအချက်က လုယန်ဟွာကို ကြီးမားသော စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေသည်။
ဤအချိန်တွင် သူမ အနေနှင့် လူမှားပြီး အားကိုးမိလေသလားဟု အသက်ကယ် ဧကရီမှာလည်း မတွေးပဲ မနေနိုင်တော့ပေ။ ရှနိုင်ငံက လင်ကျောက် မဟာကြယ်နယ်မြေစုကို ထိန်းချုပ်နိုင်သည်ဟူသော အချက်ကို ကြည့်ခြင်းအားဖြင့် ရှနိုင်ငံ၏ အင်အားသည် ရှန်ယွဲ့နိုင်ငံထက် များစွာ ပိုကြီးကြောင်း ထင်ရှားသည်။
ယန်ယန်နန်းတော်၊ ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့ ပူးပေါင်းလိုက်လျှင် ရှနိုင်ငံသည် သူတို့၏ ပြိုင်ဘက် လုံးဝမဖြစ်နိုင်တော့ဟု ယခင်က သူမ အပြည့်အဝ ယုံကြည်ခဲ့သည်။ သို့သော် ယခု သတင်းကို ကြားလိုက်ရချိန်တွင်မူ သူမစိတ်ထဲ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ရှနိုင်ငံသည် ဧကရာဇ် အဆင့်ကိုး တစ်ပါးကိုပင် အနိုင်ယူနိုင်ခဲ့လျှင် ရှနိုင်ငံ၌လည်း ဧကရာဇ် အဆင့်ကိုး တစ်ပါး ရှိနေခြင်း ဖြစ်လိမ့်မည်။ ထို့ပြင် ကောလာဟလ ထွက်နေသော ကောင်းကင်ဧကရာဇ်လည်း တကယ် ရှိနေနိုင်သည်။
အကယ်၍ လုချန်းသည် ကောင်းကင်ဧကရာဇ်၏ ဝင်စားသူ တကယ် ဖြစ်နေပြီး သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို နိုးထစေကာ ဧကရာဇ် အဆင့်ကိုး များကိုပင် ရင်ဆိုင်နိုင်သော နည်းလမ်းအချို့ ရှိနေလျှင်တော့ ထိုအရာက သူတို့အတွက် ပြဿနာကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
နှစ်ဦးစလုံး အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အသက်ကယ် ဧကရီက နောက်ဆုံးတွင်
“ရှနိုင်ငံရဲ့ အင်အားက ကျွန်မတို့ ထင်ထားတာထက်တောင် ပိုပြီး ကြီးနေပုံရတယ်။ ဒါပေမဲ့ ထျန်းကျိရဲတိုက်က ရှနိုင်ငံကို ရင်ဆိုင်ဖို့ ဘယ်လို လျှို့ဝှက်လက်နက်မျိုးကို ကိုင်ထားတာလဲ။”
လုယန်ဟွာက
“ထျန်းကျိရဲတိုက်ရဲ့ ရဲတိုက်သခင်က အခွင့်ကောင်းကို စောင့်ဖို့ ပြောတယ်ဆိုကတည်းက ရှနိုင်ငံကို အမြစ်ပြတ်ချေမှုန်းဖို့က အချိန်တစ်ခု လိုအပ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အနေနှင့် စောင့်ကြည့်ဖို့ပဲ လိုပါတယ်။”
အင်အားစုကြီး နှစ်ခု ပူးပေါင်းထားလျှင်ပင် ရှနိုင်ငံ၏ နည်းဗျူဟာ ပုံစံ အတားအဆီးကို မကျော်ဖြတ်နိုင်သရွေ့ သူတို့ လုပ်နိုင်သည်မှာ စောင့်ဆိုင်းခြင်းသာ ရှိသည်။ ယခုတော့ သူတို့သည် ထျန်းကျိရဲတိုက် ရဲတိုက်သခင် ပြောသော အခွင့်ကောင်းကို ဆက်လက် စောင့်ဆိုင်းရန်သာ ရှိတော့သည်။
…….
ရှနိုင်ငံ။
ထျန်းချန်ကမ္ဘာ။
ရန်ခရိုင်။
လုချန်း၏ ပင်မခန္ဓာသည် ရန်ခရိုင်၏ အထက်တွင် ပျံဝဲနေပြီး ရှနိုင်ငံ တစ်နိုင်ငံလုံး၏ မင်းဆက်ကံစွမ်းအားကို ခံစားနေသည်။ ဤကဲ့သို့ ထူထပ်သော မင်းဆက်ကံစွမ်းအားများကြားတွင် လုချန်းတစ်ယောက် အလွန်ပင် သက်သောင့်သက်သာ ခံစားနေရသည်။
သူ၏ ပင်မခန္ဓာသည် နောက်ထပ်တစ်ကြိမ် အဆင့်မတက်သေးသော်လည်း ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံ ရှိနေသဖြင့် ယခင်ကကဲ့သို့ လုချန်း စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံသည် သူ၏ အဆင့်ကို ဧကရာဇ် အဆင့်ကိုးအထိ ယာယီ မြှင့်တင်ပေးနိုင်၏။ တကယ်တော့ အဆင့်ကိုး ထက်ပင် ကျော်လွန်သွားနိုင်သည်။
ထိုအရာက လက်ရှိ အကြပ်အတည်းကို ကိုင်တွယ်ရန် လုံလောက်သည်။ ကောင်းကင်ဧကရာဇ် ပေါ်မလာသရွေ့ လက်ရှိ ရှနိုင်ငံသည် အလွန်ပင် ဘေးကင်းနေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နဂါးနက်မြို့တော်၌ ကျော့ရှင်းသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို လုချန်း ခံစားလိုက်ရသည်။
လေဟုန်ယွမ်သည် အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အငွေ့အသက်သည် ထျန်းဟုန် ဧကရီနှင့် အလွန်ပင် ဆင်တူလှသဖြင့် လုချန်းပင် သူမကို ထျန်းဟုန် ဧကရီဟု ခဏခန့် လူမှားသွားခဲ့သည်။
ဤအခိုက်အတန့်တွင် လေဟုန်ယွမ်က ကောင်းကင်ရှိ လုချန်းကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာသည် အလွန်ပင် အလေးအနက်ရှိနေပြီး အထူးအရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံရသည်။
လေဟုန်ယွမ်၏ အတွေးများကို လုချန်း ချက်ချင်းပင် နားလည်လိုက်သည်။ သူ၏ ပင်မခန္ဓာလည်း ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး လေဟုန်ယွမ် ရှိနေသော အိမ်ဝင်းအတွင်းသို့ ရောက်ရှိလာသည်။
“မင်း ဆုံးဖြတ်ချက် ချပြီးပြီလား”
ဟု လုချန်းက မေးလိုက်သည်။
လေဟုန်ယွမ်က ချက်ချင်း ပြန်မဖြေပဲ တိတ်ဆိတ်သွားခဲ့သည်။ ထျန်းဟုန် ဧကရီ၏ စကားအချို့ကို ကြားပြီးနောက် သူမနှင့် လုချန်း၏ အတိတ်ဘဝကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေကြောင်း သူမ ပို၍ ခံစားလာရသည်။
ထို့ပြင် သူမသည် လုချန်း၏ လက်ထဲသို့ ကျရောက်နေပြီဖြစ်ကြောင်း ကောင်းစွာ သိထားပြီး ဖြစ်ပျက်လာမည့် အရာမှာ တစ်နေ့နေ့တွင် ရှောင်လွှဲမရပဲ ဖြစ်လာလိမ့်မည်ဟုလည်း လက်ခံထားသည်။
……………
အခန်း (၁၄၉၆)
အပြောင်းအလဲအသစ်တစ်ခု ပေါ်ပေါက်တော့မည်
အကျိုးအမြတ်ရှုထောင့်ကကြည့်လျှင် လုချန်း၏ အမျိုးသမီးတစ်ယောက်ဖြစ်လာခြင်းက မဆိုးလှပေ။ အနည်းဆုံးတော့ သူမ ယခင်ကကဲ့သို့ တစ်ကိုယ်တည်း ရုန်းကန်နေရတော့မည် မဟုတ်ချေ။ ထို့ပြင် လုချန်းသည် ကောင်းကင်ဧကရာဇ်၏ လူဝင်စားဖြစ်နိုင်ပြီး စကြဝဠာကပ်ဘေး ရောက်လာသည့်အခါ မည်သို့ကိုင်တွယ်ရမည်ကို သိနိုင်သူဖြစ်သည်။
ဟုတ်ပါသည်။ ဤအကျိုးကျေးဇူးများအတွက် သူမ၏ သိက္ခာအချို့ကို စွန့်လွှတ်ရမည်ဖြစ်သည်။ သူမသည် ထျန်းချန်ကမ္ဘာတွင် နေထိုင်ခဲ့စဉ်အတွင်း လုချန်းနှင့်ပတ်သက်သည့် ကောလာဟလများကို ကြားသိခဲ့ရ၏။ သူသည် အမျိုးသမီးများကို ကိုင်တွယ်လှည့်စားရာတွင် အထူးကျွမ်းကျင်သည်ဟု ဆိုကြသည်။ သူ၏လက်ထဲသို့ ကျရောက်သော မည်သည့်အမျိုးသမီးမဆို နောက်ဆုံးတွင် သူ၏သိမ်းပိုက်ခြင်းကို ခံရမြဲဖြစ်သည်။
ထိုအခိုက်အတန့်တွင် လေဟုန်ယွမ်၏ မျက်ခုံးများ အနည်းငယ် ပြေလျော့သွားသည်။ သူမသည် စကြဝဠာကပ်ဘေး ကို ကျော်ဖြတ်နိုင်ရန်အတွက်သာ ဤအရာအားလုံးကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ကပ်ဘေးမှ အသက်ရှင်နိုင်သရွေ့ ဤမျှ လောက် စတေးရခြင်းက ဘာမှမဟုတ်ပေ။
လုချန်း၏ အရှက်ခွဲခြင်းကို ခံရမည့်ကိစ္စက
ကပ်ဘေးနှင့်ယှဉ်လျှင် ဘာမှ အရေးမကြီးပေ။
ထိုသို့တွေးတောရင်း လေဟုန်ယွမ်သည် သူမ၏ လှပသော ဦးခေါင်းကို မော့ကာ ပတ္တမြားကဲ့သို့ မျက်ဝန်းများဖြင့် လုချန်းကို တည့်တည့်စိုက်ကြည့်လျက်
“ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီ”
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး
“ဒါဆိုရင်တော့ ဒီအကြောင်းကို တခြားတစ်နေရာမှာ ဆွေးနွေးကြတာပေါ့”
သူစကားပြောပြီးသည်နှင့် လုချန်းနှင့် လေဟုန်ယွမ်တို့၏ ခန္ဓာကိုယ်များသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ လေဟုန်ယွမ်၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
လေဟုန်ယွမ်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ အနီရောင်ဝတ်စုံအောက်မှ သွယ်လျသော ခြေတံများကို ပေါ်လွင်စေသည်။ သူမသည် ထိုနေရာတွင် လဲလျောင်းရင်း လုချန်းကို စေ့စေ့စိုက်ကြည့်နေသော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ ရမ္မက်ဆန္ဒများ မရှိပေ။
လေဟုန်ယွမ်၏ အေးစက်တည်ငြိမ်သော အသွင်အပြင်ကို မြင်သောအခါ လုချန်း၏ သိမ်းပိုက်လိုစိတ်များလည်း မီးတောက်သဖွယ် ချက်ချင်း တောက်လောင်လာခဲ့သည်။ သူသည် လေဟုန်ယွမ်၏အပေါ်သို့ တိုက်ရိုက်ဖိချလိုက်ပြီး ဦးခေါင်းကို ငုံ့ကာ သူမ၏ နီမြန်းသော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ လေဟုန်ယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာသည်။ သူမ၏ အကြည့်သည် မျက်နှာကျက်ပေါ်သို့ ရောက်ရှိသွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ လက်ထပ်ခြင်းကြိုးမျှင်များကလည်း သူမနှင့် လုချန်းကို ပူးကပ် ချည်နှောင်ထားသည်ကို သတိပြုမိလိုက်သည်။
လက်ထပ်ခြင်းကြိုးမျှင်က သူတို့နှစ်ဦးကို လုံးဝ ချည်နှောင်လိုက်သောအခါ သူမ၏ စိတ်ထဲရှိ ခံစားချက်အချို့လည်း ထိန်းချုပ်မရ ဖြစ်သွားပြီး လုချန်း၏ ပုံရိပ်က သူမ၏ စိတ်ထဲလွှမ်းမိုးလာတော့သည်။ သူမက သူမ၏ လှပသော လက်ကို ဆန့်ထုတ်လိုက်ပြီး လုချန်းကို ဆွဲလိုက်၏။ အချို့သော လုပ်ငန်းစဉ်များကို သူမ အမြန်ဆုံး အဆုံးသတ်ချင်နေသည်။
လေဟုန်ယွမ်၏ လက်များက သူ့အပေါ်တွင် လှုပ်ရှားနေသည်ကို ခံစားလိုက်ရသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ လေဟုန်ယွမ်ကဲ့သို့ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ တက်ကြွစွာ အစပြုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
လုချန်း ဖြည်းညှင်းစွာ ထလိုက်၏။ သူတို့၏ နှုတ်ခမ်းများလည်း အနည်းငယ် ကွာဟသွားသည်။ ထို့နောက် သူ၏အောက်တွင် ရှိနေသော လေဟုန်ယွမ်ကို ငုံ့ကြည့်လိုက်သည်။ အစပိုင်းတွင် အေးစက်နေသော်လည်း ယခု လေဟုန်ယွမ်သည် ရှက်သွေးဖြာကာ နီမြန်းနေပြီး သူမ၏ မျက်ဝန်းများလည်း အရည်လဲ့နေသည်။
ဒါက...
ထို့နောက် လေဟုန်ယွမ်၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် လုချန်း စစ်ဆေးကြည့်ရာ သူမသည် အလွန် စိတ်လှုပ်ရှားနေသော အခြေအနေသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ သူ့တွင် အမျိုးသမီးများစွာ ရှိခဲ့သော်လည်း နမ်းရုံမျှဖြင့် ယခုကဲ့သို့ အခြေအနေသို့ အလျင်အမြန် ရောက်ရှိသွားသော အမျိုးသမီးမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
သူမထို စိတ်အခြေအနေ ရောက်ရှိချိန်က အလွန်ပင် မြန်ဆန်လှပြီး အချစ်လမ်းစဉ် ကို ကျင့်ကြံသည့် ချူးယွမ်ကျိထက်ပင် ပို၍ တက်ကြွနေသည်။
လုချန်းက သူမကို ဆက်မနမ်းတော့သည်ကို မြင်သောအခါ လေဟုန်ယွမ် သတိအနည်းငယ် ပြန်ဝင်လာသော်လည်း နောက်အခိုက်အတန့်တွင် သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ လည်ပင်းကို တက်ကြွစွာ ဖက်တွယ်လိုက်ပြီး တစ်ဖန် ပြန်လည် နမ်းရှိုက်လိုက်ပြန်သည်။ လေဟုန်ယွမ်က ယခုကဲ့သို့ အစပြုလာသည်ကို မြင်သောအခါ လုချန်းလည်း အချိန်ထပ်မဖြုန်းရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်အခိုက်အတန့်တွင် အဝတ်စုတ်ဖြဲသံများ အိပ်ဆောင်အတွင်း ထွက်လာသည်။ ဤအသံမျိုးသည် လုချန်း၏ နန်းတော်အတွင်းတွင် အလွန်ပင် ရိုးနေပြီဖြစ်၏။ ဤအသံမြည်လာပြီဆိုလျှင် မကြာမီတွင် ပိုမိုသာယာနာပျော်ဖွယ်ကောင်းသော ညည်းတွားသံများ ထွက်ပေါ်လာတော့မည်ဟု အဓိပ္ပာယ်ရပေသည်။
……..
တစ်ချိန်တည်းမှာပင်။
ကြယ်နယ်မြေတစ်ခု၌။
ခမ်းနားထည်ဝါသော နတ်လှေ တစ်စင်းသည် ဟင်းလင်းပြင်အတွင်း ရည်ရွယ်ချက်မဲ့စွာ လွင့်မျောနေ၏။ ၎င်း၏ ကုန်းပတ်ပေါ်တွင် ခရမ်းရောင် ကုလားကာများ ချိတ်ဆွဲထားသဖြင့် အပြင်မှလူများသည် ကုန်းပတ်ပေါ်ရှိ လူများကို မမြင်နိုင်သော်လည်း ပါးလွှာသော ခရမ်းရောင်ကန့်လန့်ကာများကြားမှ ရင်သပ်ရှုမောဖွယ် နတ်သမီးတစ်ပါးကိုတော့ ရိပ်ဖမ်းသံဖမ်း မြင်တွေ့နိုင်သည်။
ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချင်းယွမ်သည် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း အဝေးမှ ဟင်းလင်းပြင်ဆီသို့ ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် သူမ၏ သွယ်လျသော လက်ချောင်းများကို ညင်သာစွာ မြှောက်၍ သူမ ရှေ့တွင် ဝေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။
ပုံရိပ်ယောင်ထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် အချို့သော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြ၏။ ထိုသူနှစ်ဦးမှာ လုချန်းနှင့် လေဟုန်ယွမ်တို့ပင် ဖြစ်သည်။ ထိုပုံရိပ်ကို မြင်သော်လည်း ချင်းယွမ်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်ကာ မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိပေ။
ခေတ္တခန့်အကြာတွင် သူမက
“ဒီဘဝက လုံးဝကို ပြီးဆုံးသင့်ပြီ”
ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ချင်းယွမ်သည် ပုံရိပ်များကို တစ်ချက်သာကြည့်လိုက်ပြီး ဆက်မကြည့်တော့ပေ။ ထို့နောက် သူမ၏ လက်ကို ထပ်မံဝေ့ယမ်းလိုက်ရာ လုချန်းနှင့် လေဟုန်ယွမ်တို့၏ ပုံရိပ် ပျောက်ကွယ်သွားပြီး အခြားသော ပုံရိပ်တစ်ခု ပေါ်လာသည်။
ပုံရိပ်ထဲတွင် လုယန်ဟွသည် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံနေသည်။ ရုတ်တရက် လုယန်ဟွာသည် သူ၏မျက်လုံးများကို စူးရှစွာ ဖွင့်လိုက်ပြီး ကျင့်ကြံခြင်းအခန်းအတွင်းရှိ ပတ်ဝန်းကျင်ကို စစ်ဆေးကာ
“ဘယ်သူလဲ”
ဟု သတိကြီးစွာဖြင့် အော်ဟစ်လိုက်သည်။
တစ်စုံတစ်ဦး သူ့ကို စောင့်ကြည့်နေမှန်းကို လုယန်ဟွာ သိသွားကြောင်း မြင်သောအခါ ချင်းယွမ်က
“ထျန်းကျိရဲတိုက် က သူ့အပေါ်မှာ အလောင်းအစား လုပ်ထားပုံရတယ်။ ဒါပေမဲ့ ကံမကောင်းတာက အပြောင်းအလဲအသစ်က မကြာခင် ပေါ်လာတော့မှာပါ”
ဟု တစ်ကိုယ်တည်း ပြောလိုက်ပြန်သည်။
ချင်းယွမ်၏ စကားဆုံးသည်နှင့် လုယန်ဟွာသည် လတ်ဆတ်သော သွေးတစ်ပွက်ကို ရုတ်တရက် အန်ထုတ်လိုက်သည်။ သူသည် သူ၏ရင်ဘတ်ကို အမြန်ဖိကိုင်လိုက်ပြီး သူအန်ထုတ်လိုက်သော သွေးအိုင်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။သူ၏ ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း ရုတ်ခြည်းဆိုသလို မငြိမ်မသက် ဖြစ်ကုန်၏။
လုယန်ဟွာသည် သူ၏နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး သူ၏လက်ကို ကြည့်ကာ
“ဒါက... ဘာတွေ ဖြစ်နေတာလဲ...”
သူစကားပြောနေစဉ်မှာပင် သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာသည်။
လုယန်ဟွာသည် သူ၏မျက်လုံးများကို အမြန်မှိတ်ကာ အတွင်းရှိ ဂနာမငြိမ်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားများကို တည်ငြိမ်အောင် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် ပို၍ ကစဉ့်ကလျား ဖြစ်လာ၏။ တစ်စုံတစ်ခု သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်နေသည်။
လုယန်ဟွာ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ချက်ချင်း ဖုံးလွှမ်းသွားသည်။ သူ၏စိတ်ထဲတွင် ပလ္လင်ကို လုယူခဲ့သောနေ့မှ မြင်ကွင်းများ ရုတ်တရက် ပေါ်လာသည်။
ထိုစဉ်က သူသည် ထျန်းကျိရဲတိုက်မှ ဧကရာဇ်နှင့် ပူးပေါင်းကာ ရှန်ဝူဧကရာဇ်ကို ဖြုတ်ချခဲ့၏။ ရှန်ဝူဧကရာဇ် သေလုမျောပါး ဖြစ်နေစဉ်တွင် လုယန်ဟွာကို စေ့စေ့ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့်
“ငါတို့ မကြာခင် ပြန်တွေ့ကြတာပေါ့”
ဟု နောက်ဆုံးတွင် ပြောခဲ့သည်။
လုယန်ဟွာသည် သူ၏ရင်ဘတ်ကို ဖိကိုင်ကာ ကျင့်ကြံခြင်းအခန်းအတွင်း၌
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး... သူ သေသွားပြီပဲ...”
“သူ အသက်ရှင်နေဖို့ လုံးဝ မဖြစ်နိုင်ဘူး...”
နောက်အခိုက်အတန့်တွင် လုယန်ဟွာသည် လုံးဝ ပြောင်းလဲသွားပြီး သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့်
“ငါ ပြောခဲ့သားပဲ... ငါတို့ မကြာခင် ပြန်တွေ့ကြမယ်လို့။”
သူ၏စကားအဆုံးတွင် လုယန်ဟွာ၏ မျက်နှာပေါ်၌ ထိတ်လန့်မှုများ ပြန်လည်ရောက်ရှိလာ၏။
ဖြစ်ပျက်နေသည့်အရာကို သူ နောက်ဆုံးတွင် နားလည်သွားသည်။ ရှန်ဝူဧကရာဇ်၏ ဝိညာဉ်ကူးပြောင်းမှုသည် တကယ်တော့ ဘယ်တုန်းကမှ မကျရှုံးခဲ့ပေ။ ဖြစ်စဉ် ပြီးမြောက်ရန် အချိန်ယူနေရခြင်းသာ ဖြစ်သည်။
ယခုအခါ ဝိညာဉ်ကူးပြောင်းခြင်း ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ၏ကံကြမ္မာလည်း နိဂုံးပိုင်းသို့ ရောက်လာမည်မှာ ဧကန်မုချပင်။
လုယန်ဟွာလည်း အသနားခံရန် အလျင်အမြန် ကြိုးစားခဲ့ပြီး
“ဖခင်... ဖခင် ဧကရာဇ်။ ဒါတွေအားလုံးက သားတော်နှင့် မဆိုင်ပါဘူး။ ထျန်းကျိရဲတိုက် က သားတော်ကို ဒီလိုလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာပါ...”
“ဖခင် ဧကရာဇ်.....သားတော်ရဲ့ အသက်ကို ချမ်းသာပေးပါ။”
သူစကားပြောရင်း လုယန်ဟွာသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ဦးခေါင်းကို အကြိမ်ကြိမ် ဆောင့်လိုက်သည်။ မကြာမီတွင် သူ၏ဦးခေါင်းထက်၌ သွေးချင်းချင်းနီလာတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်သည် ပို၍ ပို၍ ပြင်းထန်လာ၏။ နောက်အခိုက်အတန့်တစ်ခုတွင် တစ်စုံတစ်ခုက သူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ဒွါရခုနစ်ပေါက်မှလည်း သွေးများ စီးကျလာ၏။ သူက အံကြိတ်ကာ
“ခင်ဗျားက ကျုပ်ကို အသက်ရှင်ခွင့် မပေးဘူးဆိုရင် ကျုပ်တို့ အတူတူ သေကြတာပေါ့။”
ထိုသို့ပြောရင်း လုယန်ဟွာသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။
ယခု သူ၏ အသိစိတ်သည် အပြင်ပမှ စောင့်ကြည့်သူတစ်ဦးကဲ့သို့ ဖြစ်နေပြီး သူ၏စိတ်ဝိညာဉ်ကိုပင် အမိန့်မပေးနိုင်တော့ပေ။
ထိုအချိန်မှာပင် နူးညံ့ဖြူစင်သော လက်တစ်ဖက် လုယန်ဟွာ၏ ရင်ဘတ်မှ ဖောက်ထွက်လာသည်။ လုယန်ဟွာသည် အတင်းအကျပ် ရုန်းကန်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ် ဆက်တိုက် ဆုတ်ဖြဲခံနေရသည်ကိုသာ စောင့်ကြည့်နေနိုင်တော့သည်။
ခေတ္တခန့်အကြာတွင် ဖြူဖျော့သော အသားအရေရှိသည့် ကောင်လေးတစ်ယောက် လုယန်ဟွာ၏ ခန္ဓာကိုယ်အတွင်းမှ တွားသွားကာ ထွက်လာခဲ့သည်။
……….
အခန်း (၁၄၉၇)
ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာခြင်း
လုယန်ဟွာသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း သူခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် ကောင်လေးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။ ထိုကောင်လေးက လုယန်ဟွာကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး နုပျိုသော အသံဖြင့်
“ငါ မင်းကို ပေးတာက မင်းဟာပဲ။ ဒါပေမဲ့ ငါ မပေးတာကိုတော့ မင်း အတင်းအဓမ္မ ယူလို့မရဘူး။”
ထိုစကားကို ကြားလိုက်ရသော် လုယန်ဟွာ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော နာကြည်းမုန်းတီးမှုများ ပေါ်လာသည်။ အရာအားလုံးကို သိမ်းပိုက်နိုင်ပြီဟု သူ ထင်မှတ်ထားခဲ့မိ၏။ သို့သော် နောက်ဆုံးတွင် သူတစ်ပါးအတွက် လမ်းခင်းပေးလိုက်ရခြင်းသာ ဖြစ်သွားသည်။
ဆိုးဝါးလိုက်တာ.....
သူသည် နာကြည်းမုန်းတီးမှုများဖြင့် အလွန် ပြည့်နှက်နေပြီဖြစ်၏။
သူ ပြောမပြနိုင်လောက်အောင် မကျေမနပ် ဖြစ်နေသည်။
လုယန်ဟွာ၏ မျက်လုံးထဲမှ မုန်းတီးမှုများကို မြင်သောအခါ ရှန်ဝူဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး
“မင်းလို မျက်လုံးမျိုးတွေကို ငါ မရေမတွက်နိုင်အောင် မြင်ဖူးတယ်။ နှမြောဖို့ကောင်းတာက အဲဒီလို မျက်လုံးမျိုးနဲ့ လူတွေဟာ ငါ့ရှေ့မှာ ပြာအဖြစ်နဲ့ပဲ အဆုံးသတ်သွားတတ်ကြတာပဲ။”
“ကဲ... မင်းရဲ့ တာဝန်က ပြီးဆုံးသွားပြီ။ မင်း သွားရမယ့် အချိန်ရောက်ပြီ။”
ထိုသို့ပြောဆိုရင်း ရှန်ဝူဧကရာဇ်သည် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်၏ ပြည့်စုံသော ကျင့်စဉ်အဆင့်ကို ဖော်ဆောင်လိုက်သည်။ ခဏခန့်အတွင်းမှာပင် လုယန်ဟွာ၏ သွေးအင်အားနှင့် သတ်ဖြတ်ခြင်းအင်အား အလုံးစုံတို့အား ရှန်ဝူဧကရာဇ်ထံသို့ စုစည်းစေလိုက်ပြီး သူ့ကိုယ်တိုင်လည်း ကလေးဘဝမှ လူငယ်ဘဝသို့ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုအချိန်တွင် လုယန်ဟွာ တစ်ယောက်ကတော့ ခြောက်သွေ့နေသော အလောင်းတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်အားများကို ရှန်ဝူဧကရာဇ်က ခံစားကြည့်ပြီးနောက်
“ထျန်းကျိရဲတိုက်ရဲ့ တွက်ချက်မှု တကယ် ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ ငါကို နည်းနည်း အထင်သေးသွားတယ်”
ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ရှန်ဝူဧကရာဇ် ပြောပြီးသည်နှင့် ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ သူ့ရှေ့တွင် ပေါ်လာပြီး ဂါရဝပြုကာ
“မင်းကြီး ပြန်လည်ရှင်သန်လာတာကို ဂုဏ်ယူပါတယ်။”
ရှန်ဝူဧကရာဇ်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်၏။ ရှန်ဝူဧကရာဇ်၏ ဝိညာဉ်ကူးပြောင်းခြင်း လုပ်ငန်းစဉ်က မပြည့်စုံသေးပဲ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်ကို ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ အစကတည်းက သိထားကြသည်။ ရှန်ဝူဧကရာဇ်၏ ဝိညာဉ်ကူးပြောင်းခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေရန်အတွက်သာ ရှန်ယွဲ့နိုင်ငံ၏ အခြေအနေကို ထိန်းသိမ်းရာတွင် လုယန်ဟွာကို သူတို့ ကူညီပေးခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ယဲ့ဟွမ်ဧကရာဇ်က
“မင်းကြီး ရှနိုင်ငံတော်ရဲ့ အခြေအနေကို သိပြီးလောက်ပြီ မဟုတ်လား။”
သွေးသားဆိုင်ရာ ဝိညာဉ်ကူးပြောင်းခြင်း ခြင်း ပြီးဆုံးသွားပြီဖြစ်၍ လုယန်ဟွာ၏ မှတ်ဉာဏ်များကို ရှန်ဝူဧကရာဇ် ဖတ်ရှုပြီး ဖြစ်သင့်သည်။ ထိုကာလအတွင်း ရှနိုင်ငံတော်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သူ သိထားပြီးဖြစ်ရမည်။
ယဲ့ဟွမ်ဧကရာဇ်၏ စကားကို ကြားသောအခါ ရှန်ဝူဧကရာဇ်၏ မျက်နှာ ချက်ချင်းပင် တင်းမာသွားသည်။ သူသည် လုယန်ဟွာ၏ မှတ်ဉာဏ်များကို ဖတ်ရှုခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ရှနိုင်ငံတော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် လုချန်း ကောင်းကင်ဧကရာဇ် ဝင်စားသူ ဖြစ်နိုင်ခြေရှိသည်ကိုပါ သိခဲ့ရသည်။
ရှန်ဝူဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်
“ငါ့ရဲ့ သားက တကယ်ပဲ ကောင်းကင်ဧကရာဇ်ရဲ့ ဝင်စားသူ ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။”
သူ၏လေသံတွင် အံ့သြမှုနှင့်အတူ စိတ်ပျက်မှုများပါ ရောနှောနေခဲ့သည်။ လုချန်း ဤမျှအထိ အင်အားကြီးထွားလာမည်ဟု သူတကယ် မျှော်လင့်မထားခဲ့မိပေ။
လုချန်း၏ တည်ရှိမှုက ရှန်ယွဲ့နိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံ၏ နောက်ထပ်ပန်းတိုင်သည် စကြဝဠာတစ်ခုလုံးကို စိုးမိုးရန် ဖြစ်၏။ ယခု ရှနိုင်ငံတော်၏ နယ်မြေချဲ့ထွင်မှုနှုန်းက ရှန်ယွဲ့ထက်ပင် ပိုမြန်နေသည်။
အရေးကြီးဆုံးအချက်က ရှနိုင်ငံတော်၏ အကာအကွယ်ဖြစ်သည်။ ယင်းသည် ထျန်းကျိရဲတိုက်အတွက်ပင် ကိုင်တွယ်ရ ခက်ခဲနေသည်။
ထိုအတားအဆီးကို ချိုးဖျက်ရန် ရွှမ်ထျန်း နည်းလမ်း ရှာမတွေ့သေးပေ။
ရှနိုင်ငံတော်ကိုသာ ဆက်လက် ကြီးထွားခွင့်ပေးထားလျှင် လုချန်း ကောင်းကင်ဧကရာဇ် ဝင်စားသူ မဟုတ်သည့်တိုင် မကြာမီတွင် ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်လာပေလိမ့်မည်။
ရှန်ဝူဧကရာဇ်၌ စကြဝဠာကို စိုးမိုးလိုစိတ် ရှိနေရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ ကောင်းကင်ဧကရာဇ် ရာထူးကို သိမ်းပိုက်ရန် ဖြစ်သည်။ သူ့အင်အား တိုးလာသည်နှင့်အမျှ ဤစကြဝဠာတစ်ခုတွင် ကောင်းကင်ဧကရာဇ် တစ်ပါးသာ ပေါ်ထွန်းနိုင်ကြောင်း သူက ဝေဝေဝါးဝါး ခံစားမိလာသည်။
အကယ်၍ လုချန်းက သူ့ထက်အရင် ကောင်းကင်ဧကရာဇ် ဖြစ်သွားလျှင် သူ အဆင့်တက်ရန် ခက်ခဲသွားမည် ဖြစ်သည်။ ရှနိုင်ငံတော်၏ နယ်မြေချဲ့ထွင်မှုကို ဟန့်တားကာ ကံစွမ်းအားများ ထပ်မရအောင် တားဆီးရပေမည်။ ထို့ကြောင့် လုချန်းသည် သူ မဖြစ်မနေ ဖယ်ရှားရမည့် အတားအဆီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ရှန်ဝူဧကရာဇ်က စိတ်မပါစွာဖြင့်
“ထျန်းကျိရဲတိုက်နဲ့ ပူးပေါင်းမှုကိုတော့ အခုထိ ဖြတ်တောက်လို့ မရသေးဘူး ထင်တယ်။”
သူ ဝိညာဉ်ကူးပြောင်းစဉ်အတွင်း ထျန်းကျိရဲတိုက်က သူ့အပေါ် ကြံစည်ခဲ့သော်လည်း ရှနိုင်ငံတော်၏ အကာအကွယ်ကို ဖောက်ဖျက်နိုင်သူက သူတို့သာ ရှိပုံရသည်။ ရှနိုင်ငံတော်၏ ကာကွယ်ရေး နည်းဗျူဟာ ပုံစံကိုပင် မဖောက်နိုင်လျှင် ရှန်ယွဲ့နိုင်ငံက စစ်တပ်လွှတ်၍ တိုက်ခိုက်လျှင်လည်း လက်ဗလာနှင့်သာ ပြန်လာရမည် ဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် ရှန်ဝူဧကရာဇ်က ယဲ့ဟွမ်ဧကရာဇ်ကို
“ကျုပ် ပြန်လည်ရှင်သန်လာတဲ့ အကြောင်းနဲ့ မကြာခင်မှာ ထျန်းကျိရဲတိုက်ကို ကျုပ်ကိုယ်တိုင် လာခဲ့မယ်လို့ ထျန်းကျိရဲတိုက်က အဲ့ဒီဧကရာဇ်တွေကို အကြောင်းကြားလိုက်။”
ယဲ့ဟွမ်ဧကရာဇ်က ချက်ချင်းပင်
“ဟုတ်ကဲ့ပါ မင်းကြီး”
ထိုသို့ပြောပြီးနောက် ယဲ့ဟွမ်ဧကရာဇ် လှည့်ထွက်ကာ ပျောက်ကွယ်သွားပြီး ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ တံခါးပိတ်ကျင့်စဉ် ကျင့်နေသည့် နေရာတွင် ပြန်ပေါ်လာသည်။ အဆင့်မြင့် ဧကရာဇ်တစ်ပါး ရောက်ရှိလာသည်ကို အာရုံခံမိသောအခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ အားလုံး မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင် သတိနှင့် စိုးရိမ်မှုများ ရောယှက်နေခဲ့သည်။
လုယန်ဟွာ မည်သို့ အာဏာရလာသည်ကို သိထားကြသဖြင့် ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ် အဆင့်ကိုး နှစ်ပါးက တစ်နေ့တွင် အမှန်တရားကို သိသွားပြီး ပြဿနာလာရှာမှာကို ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ စိုးရိမ်နေကြကာ အစဉ်တစိုက် သတိထားနေခဲ့ကြခြင်းဖြစ်သည်။
ယဲ့ဟွမ်ဧကရာဇ်ကို မြင်သောအခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ်တစ်ပါးက ပြုံးလျက်
“ကျုပ်တို့ကို ဘာများ ညွှန်ကြားချင်လို့ပါလဲ”
ယဲ့ဟွမ်ဧကရာဇ်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့်
“မင်းကြီးက ခင်ဗျားတို့အားလုံးကို သတင်းစကားတစ်ခု ပေးခိုင်းလိုက်တယ်။”
ထိုစကားကို ကြားသောအခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ အံ့အားသင့်သွားကြသည်။ လုယန်ဟွာသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေခဲ့သဖြင့် ပြဿနာတစ်ခုခုရှိလျှင် ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်ကို အကူအညီတောင်းမည့်အစား သူတို့ကိုသာ အရင်လာပြောမှာ သေချာသည်။
အဘယ်ကြောင့် ယခုတစ်ကြိမ်တွင် လုယန်ဟွာက ဧကရာဇ် အဆင့်ကိုးကို သတင်းစကား ပါးခိုင်းရသနည်း။
ယန်ယန်နန်းတော်ကို မဟာမိတ်အဖြစ် ရရှိထားပြီဖြစ်၍ ရှန်ယွဲ့နိုင်ငံက ထျန်းကျိရဲတိုက်ကို ကြောက်စရာ မလိုတော့ဟု လုယန်ဟွာ ယူဆနေခြင်းလား။
ထိုသို့တွေးမိသည်နှင့် ထိုဧကရာဇ်၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး
“မင်းကြီးက ဘယ်လို သတင်းစကားများ ပါးလိုက်တာလဲ”
ဟု မနှစ်မြို့စွာ မေးလိုက်သည်။
ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ၏ မျက်နှာတွင် မကျေနပ်မှုများကို မြင်သောအခါ သူတို့ အထင်လွဲနေပြီဖြစ်ကြောင်းနှင့် လုယန်ဟွာက သူ့ကို လွှတ်လိုက်သည်ဟု ထင်နေခြင်းဖြစ်ကြောင်း ယဲ့ဟွမ်ဧကရာဇ် ခန့်မှန်းမိလိုက်သည်။
သူတို့၏ မနှစ်မြို့သည့် လေသံကို ယဲ့ဟွမ်ဧကရာဇ်က မာမာထန်ထန် ပြန်လည် မတုံ့ပြန်ပေ။ ထျန်းကျိရဲတိုက်နှင့် ရန်ဘက်ဖြစ်ရန် အချိန် မရောက်သေးပေ။ သူတို့၏ မင်းကြီးတွင် အစီအစဉ်အချို့ ရှိနေသေးသည်။
ထို့နောက် ယဲ့ဟွမ်ဧကရာဇ်က
“ကျုပ် ပြောတဲ့ ‘မင်းကြီး’ ဆိုတာ ရှန်ဝူဧကရာဇ်ကို ပြောတာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ်များ ချက်ချင်းပင် မှင်တက်သွားကြသည်။ အစောက စကားပြောခဲ့သော ဧကရာဇ်လည်း အလွန် ကြောက်လန့်သွားပြီး
“မ... မဖြစ်နိုင်တာ...”
“သူက...”
ထိုဧကရာဇ် ဆက်မပြောတော့ပေ။ အမှန်တရားကို သူ သိသွားသောကြောင့် ဖြစ်သည်။
ရှန်ဝူဧကရာဇ် အသေမြန်လွန်းသည်ဟု သူတို့ အစကတည်းက ခံစားခဲ့ရသည်။ ဧကရာဇ် အဆင့်ကိုး တစ်ပါး ဖြစ်သလို သတ်ဖြတ်ခြင်း ဧကရာဇ်လည်း ဖြစ်သူတစ်ဦးသည် ထိုမျှ လွယ်ကူစွာ အသတ်ခံရမည် မဟုတ်ပေ။
ရှန်ဝူဧကရာဇ်၏ စရိုက်အရ ဆိုလျှင် သူ သေရမည်ဆိုပါက သူ့ကို ဒုက္ခပေးခဲ့သော ဧကရာဇ်အားလုံးကိုပါ တစ်ပါတည်း ဆွဲခေါ်သွားမည် ဖြစ်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။
ယခုအခါမှ သူတို့ သဘောပေါက်သွား တော့သည်။ ထိုအချိန်က ရှန်ဝူဧကရာဇ်သည် ဝိညာဉ်ကူးပြောင်းနေခြင်းသာ ဖြစ်ပြီး ဘယ်တုန်းကမှ အမှန်တကယ် သေဆုံးခြင်း မရှိခဲ့ပေ။
ခဏခန့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုထဲတွင် တင်းမာမှုများ ဖုံးလွှမ်းသွားကာ အသက်ရှူသံများကိုပင် အတိုင်းသား ကြားနေရတော့သည်။ ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပြီ ဆိုပါက နောက်ကွယ်မှ ကြံစည်နေသူသည် ထျန်းကျိရဲတိုက် ဖြစ်ကြောင်း သူက ဧကရာဇ်မုချ သိနေပေလိမ့်မည်။
သူက ယခု ထျန်းကျိရဲတိုက်ကို ကိုင်တွယ်ရန် ပြင်ဆင်နေပြီလား။
ရှန်ဝူဧကရာဇ်သည် ယခင်က ထျန်းကျိရဲတိုက်၏ ဌာနခွဲတစ်ခုကို ဖျက်ဆီးခဲ့ဖူးသည်။ အကယ်၍ သူသာ အရေးယူလာခဲ့လျှင် ဤနေရာတွင် ရှိနေသော ထျန်းကျိရဲတိုက်မှ ဧကရာဇ်များထဲမှ တစ်ဦးမှ အသက်ရှင်ရန် အခွင့်အရေး မရှိပေ။
ထိုအချိန်တွင် ထျန်းကျိရဲတိုက်မှ ဧကရာဇ်တစ်ပါးက တုန်တုန်ရင်ရင်ဖြင့်
“ကျွန်တော်... ကျွန်တော် သိချင်တာက ရှန်ဝူဧကရာဇ်က ဘာတွေများ ညွှန်ကြားလိုက်တာလဲ...”
ဧကရာဇ်များ ကြောက်လန့်တုန်ရီနေသည်ကို မြင်သောအခါ ယဲ့ဟွမ်ဧကရာဇ်၏ စိတ်ထဲ ကျိတ်ရယ်လိုက်သည်။ ထို့နောက် သူက
“မင်းကြီးက သူ ပြန်လည်ရှင်သန်လာပြီ ဖြစ်ကြောင်းနဲ့ မကြာခင်မှာ ထျန်းကျိရဲတိုက်ကို ကိုယ်တိုင် လာခဲ့မယ်လို့ ခင်ဗျားတို့ရဲ့ ရဲတိုက်သခင်ကို အကြောင်းကြားခိုင်းလိုက်တယ်။”