← Chapters

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း (၁၄၉၈ )

ရွှမ်ထျန်း၏ အတွေးများ

ယဲ့ဟွမ်ဧကရာဇ်၏ စကားများကို ကြားလိုက်ရချိန်တွင် ထျန်းကျိရဲတိုက်မှ ဧကရာဇ်များလည်း ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရကြကုန်၏။ သူတို့၏ ရင်ထဲ၌လည်း ထိတ်လန့်တုန်လှုပ်ဖွယ် အတွေးများ အစီအရီ ဖြစ်ပေါ်လာကြသည်။

လက်စားချေတတ်သည့် ဧကရာဇ်တစ်ပါးဖြစ်သော ရှန်ဝူဧကရာဇ်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ နောက်တစ်ဆင့်တွင် ထျန်းကျိရဲတိုက်ကို စစ်ကြေညာရန် ပြင်ဆင်နေခြင်းလားဟု သူတို့ တွေးမိလိုက်ကြ၏။

ရှန်ဝူဧကရာဇ် ကိုယ်တိုင် ထျန်းကျိရဲတိုက်သို့ လာရောက်မည်ဟု ပြောဆိုခြင်းက ရှစစ်တပ်ကို ဦးဆောင်ကာ လာရောက်မည်ဟု ဆိုလိုခြင်းလား......

ယဲ့ဟွမ်ဧကရာဇ်သည် ရှိနေသော ဧကရာဇ်များ၏ တုံ့ပြန်မှုများကို ဂရုမစိုက်ပဲ လျစ်လျူရှုထားလိုက်သည်။

“သတင်းစကားကို ကျုပ် ပါးပြီးပြီ။ ကိုယ့်ဘာကိုယ် ဂရုစိုက်ကြပါဦး”

ဟု သူက ဆက်ပြောလိုက်၏။

ထိုသို့ ပြောပြီးနောက် ယဲ့ဟွမ်ဧကရာဇ် လှည့်ထွက်သွားသည်။ ရှန်ဝူဧကရာဇ်၏ စိတ်နေစိတ်ထားအရ ထိုဧကရာဇ်များကို အနှေးနှင့်အမြန် ဖယ်ရှားမည်မှာ သေချာလှ၏။ ထို့ကြောင့်လည်း သူက လောလောဆယ်တွင် ထိုဧကရာဇ်များကို တစ်စုံတစ်ရာ အရေးယူမှု မပြုခဲ့ခြင်း ဖြစ်သည်။

ဤဧကရာဇ်များသာမက နောင်အနာဂတ်တွင် ထျန်းကျိရဲတိုက်သည်လည်း ရှန်ဝူဧကရာဇ်၏ လက်ချက်ဖြင့် ပျက်စီးသွားနိုင်ခြေ များလှသည်ဟု ယဲ့ဟွမ်ဧကရာဇ် မြင်၏။

ယဲ့ဟွမ်ဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်ကာ ထျန်းကျိရဲတိုက်မှ ဧကရာဇ်များလည်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ရှန်ယွဲ့နိုင်ငံမှ ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပြီဖြစ်၏။ သူ့ကို လုပ်ကြံခဲ့သူများဖြစ်သည့် သူတို့က ရှန်ယွဲ့နိုင်ငံတွင် ပညာမဲ့စွာ ဆက်ရှိနေပါက အဆုံးသတ်တွင် အရေးယူခံရမည်သာ ဖြစ်သည်။

ရှန်ဝူဧကရာဇ်က သနားညှာတာလိမ့်မည်ဟုလည်း သူတို့ လုံးဝ မယုံကြည်ကြပေ။ သို့သော် ရှန်ယွဲ့နိုင်ငံဘက်က ထျန်းကျိရဲတိုက်မှ လူများ ထွက်ခွာသွားခြင်းကို တားဆီးခြင်း မပြုခဲ့ပေ။ မကြာမီတွင် ထျန်းကျိရဲတိုက်မှ ဧကရာဇ်များလည်း မူလနေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။

ပြန်ရောက်သည်နှင့် ရွှမ်ထျန်းကို သူတို့ ချက်ချင်း ရှာဖွေကြတော့သည်။ အချိန်ဆွဲနေလျှင် အခြေအနေများ ပိုမိုဆိုးရွားသွားမည်ကို သူတို့ သိနေကြ၏။

ထိုအချိန်တွင် ရွှမ်ထျန်းသည် တံခါးပိတ်ကျင့်စဉ် ဝင်နေ၏။ ဧကရာဇ်တစ်ပါးသည် ကြယ်တာယာ အဆောင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး စောင့်ကြပ်နေသည့် ဧကရာဇ်အား

“ရဲတိုက်သခင်ကို ချက်ချင်း သတင်းပို့ပေးပါဦး။ ကျုပ်မှာ အလွန်အရေးကြီးတဲ့ သတင်းအချက်အလက် ရှိလို့ပါ။”

စောင့်ကြပ်နေသည့် ဧကရာဇ်က ရှန်ယွဲ့နိုင်ငံမှ ပြန်လာသည့် ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းနောက် သူက ခပ်အေးအေးပင်

“ရဲတိုက်သခင်က အမိန့်ပေးထားတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျင့်စဉ်ကျင့်နေစဉ်အတွင်း ဘယ်သူ့ကိုမှ မတွေ့ဘူးတဲ့။ တံခါးပိတ်ကျင့်စဉ်ပြီးတဲ့အထိ စောင့်လိုက်ပါ”

ဟု တုံ့ပြန်လိုက်၏။

ထိုစကားကို ကြားလျှင် တန်ယန်ဧကရာဇ်၏ မျက်ခုံးများတွန့်သွားသည်။ သူ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်သော အရိပ်အယောင်များ သိသိသာသာ ထင်ဟပ်လာသည်။

ရှန်ဝူဧကရာဇ်သည် ပြန်လည်ရှင်သန်လာပြီဖြစ်ပြီး သူသည် မကြာမီ ထျန်းကျိရဲတိုက်ကို တိုက်ခိုက်လာနိုင်သည်။ ရဲတိုက်သခင်က ပြင်ဆင်မှုမရှိဘဲ တံခါးပိတ်ကျင့်စဉ်စခန်းတွင် ဆက်ရှိနေပါက ထျန်းကျိရဲတိုက် ပျက်စီးသွားမည့် အန္တရာယ်ရှိနေ၏။

တန်ယန်ဧကရာဇ်က စောင့်ကြပ်နေသည့် ဧကရာဇ်ကို

“ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပြီ။ သူက မကြာခင် ထျန်းကျိရဲတိုက်ကို တိုက်ခိုက်တော့မှာ။ ဒီသတင်းက ဘယ်လောက်အရေးကြီးလဲဆိုတာ ခင်ဗျား သိသင့်တယ်။”

ဟု တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

တန်ယန်ဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်တွင် စောင့်ကြပ်နေသည့် ဧကရာဇ်၏ မျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။

“ရှန်ဝူဧကရာဇ်.....

သူက သေသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာနိုင်မှာလဲ”

ဟု စောင့်ကြပ်နေသည့် ဧကရာဇ်က မယုံကြည်နိုင်စွာ မေးလိုက်၏။

တန်ယန်ဧကရာဇ်ကလည်း

“ကျုပ်တို့အားလုံး သူ့ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ။ သူ့ရဲ့ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ်က မကျရှုံးခဲ့ဘူး။ သူက သေချင်ယောင်ဆောင်နေခဲ့တာ။”

စောင့်ကြပ်နေသည့် ဧကရာဇ် ခဏခန့် စဉ်းစားလိုက်၏။ ထို့နောက်

“ကျုပ် ချက်ချင်း သတင်းပို့လိုက်ပါ့မယ်”

ဤကဲ့သို့ အရေးကြီးသော ကိစ္စရပ်ကို ရဲတိုက်သခင်ထံသို့ လျင်မြန်စွာ အသိပေးရန် လိုအပ်ပေသည်။ ရှန်ယွဲ့နိုင်ငံ စစ်တပ်ကို ပြင်ဆင်မှုမရှိပဲ စောင့်ဆိုင်းနေပါက အခြေအနေ အလွန်ဆိုးရွားသွားပေလိမ့်မည်။

စောင့်ကြပ်နေသည့် ဧကရာဇ်သည် ကြယ်တာယာဆောင်၏ ကျောက်တံခါးကို တိုက်ရိုက် ဖွင့်လိုက်၏။ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အလယ်တွင် ထိုင်နေသော ရွှမ်ထျန်း သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ထို့နောင် ပြင်းထန်သော စွမ်းအားများကို ရွှမ်ထျန်း ချက်ချင်း ထုတ်လွှတ်လိုက်၏။ ထိုအခါ စောင့်ကြပ်နေသည့် ဧကရာဇ်နှင့် တန်ယန်ဧကရာဇ်တို့လည်း ကြမ်းပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားကြသည်။

“ဘယ်လိုအခြေအနေမျိုးမှာမဆို ကျုပ်ကို မနှောင့်ယှက်ဖို့ မမှာထားခဲ့ဘူးလား။ ဘာလဲ... ခင်ဗျားတို့က ကျုပ်စကားကို လျစ်လျူရှုတာလား။”

တန်ယန်ဧကရာဇ်က တံခါးဝမှနေ၍

“ရဲတိုက်သခင်... ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပါပြီ။ သူက မကြာခင်မှာ ထျန်းကျိရဲတိုက်ကို ကိုယ်တိုင် လာခဲ့မယ်လို့ ပြောပါတယ်”

ဟု အလျင်အမြန် ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ရွှမ်ထျန်း ခဏခန့် မှင်တက်သွား၏။ ထို့နောက် သူ၏ အင်အားများကို ရုပ်သိမ်းလိုက်သည်။

“သူ ပြန်ရှင်လာတာလား”

ဟု သူက ချက်ချင်းအတည်ပြု မေးမြန်းလိုက်သည်။

တန်ယန်ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်ကာ

“ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ရှန်ဝူဧကရာဇ်ရဲ့ အနားမှာရှိတဲ့ ယဲ့ဟွမ်ဧကရာဇ်က ရုတ်တရက် ရောက်လာပြီး ရဲတိုက်သခင်ကို သတင်းစကားပါးခိုင်းပါတယ်။ ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပြီဖြစ်ပြီး မကြာခင်မှာ ထျန်းကျိရဲတိုက်ကို ကိုယ်တိုင် လာရောက်မယ်လို့ ပြောပါတယ်။”

တန်ယန်ဧကရာဇ်၏ စကားကို နားထောင်ပြီးနောက် ရွှမ်ထျန်း အတွေးထဲနစ်မြောသွားကာ မျက်နှာလည်းပျက်သွားသည်။ ခဏအကြာတွင် သူ၏ လက်ကိုမြှောက်လိုက်ပြီး ရှေ့၌ နည်းဗျူဟာ ပုံစံတစ်ခုကို ဖန်တီးလိုက်၏။

နည်းဗျူဟာ ပုံစံထဲတွင် ရှန်ဝူဧကရာဇ်ကို တွေ့မြင်နေရသည်။ သူသည် အလွန်နုပျိုနေပြီး တောက်ပလှပသည့် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် အောက်ရှိ ဧကရာဇ်များကို ငုံ့ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်က ခေါင်းမော့ကာ လေထဲသို့ ကြည့်လိုက်သည်။ ၎င်းနောက် သူက နှုတ်ခမ်းကို အနည်းငယ်တွန့်လိုက်ရင်း

“ရဲတိုက်သခင်ရွှမ်... ကျုပ်ကိုယ်တိုင် ထျန်းကျိရဲတိုက်ကို မကြာခင် လာခဲ့မယ်။ ရှနိုင်ငံရဲ့ အရေးကိစ္စကို ကျုပ်တို့ ဆွေးနွေးကြတာပေါ့။”

ရှန်ဝူဧကရာဇ်၏ စကားကို ကြားလျှင် ရွှမ်ထျန်း၏ မျက်နှာ ပို၍ပင် မှောင်သွား၏။

ရှန်ဝူဧကရာဇ်၏ အငွေ့အသက်များ ပျောက်ကွယ်သွားကာ စိတ်ဝိညာဉ်လည်း မရှိတော့သည်ကို သူ ထင်ရှားစွာ ခံစားခဲ့ရ၏။

ရှန်ဝူဧကရာဇ် မည်သို့ လွတ်မြောက်ခဲ့သည်ကို ရွှမ်ထျန်း နားမလည်နိုင်ပေ။ သို့သော် ရှန်ဝူဧကရာဇ်သည် တကယ်ပင် ပြန်လည်ရှင်သန်လာခဲ့ပြီ ဖြစ်၏။

ဤစကြဝဠာထဲတွင် သူ မသိသေးသည့် အရာများ ရှိနေနိုင်ပါလား.....

သို့သော် ထိုအမျိုးသမီးနှင့် ပတ်သက်သည့် ကိစ္စရပ်များသည်လည်း သူ၏ သိမြင်နိုင်မှုပြင်ပတွင် ရှိနေကြောင်း ရွှမ်ထျန်း ရုတ်တရက် သတိပြုမိသွားသည်။

ထိုအမျိုးသမီး၏ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ သူမက ကောင်းကင်လျှို့ဝှက်ချက် အင်အားကို အသုံးပြုလိုက်သည်နှင့် သူပင်လျှင် ပုံမှန်မဟုတ်မှုများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ရှန်ဝူဧကရာဇ်၏ ကိစ္စသည်လည်း ထိုအမျိုးသမီး၏ စီစဉ်မှုဖြစ်နိုင်သည်။ ရွှမ်ထျန်း၏ ရင်ထဲတွင် ဒေါသအဟုန်များ တလိပ်လိပ် တက်လာခဲ့၏။

ထိုသို့တွေးမိသည်နှင့် ရွှမ်ထျန်း၏ အငွေ့အသက်များ ရုတ်တရက် ပိုပြင်းထန်လာခဲ့သည်။ သူ၏ အရှိန်အဝါများက ကြယ်တာယာ ခန်းမဆောင်အတွင်းရှိ ကြယ်စင်ကောင်းကင်ကိုပင် တုန်ခါသွားစေကာ ခန်းမ အာကာသဟင်းလင်းပြင်တွင်ပင် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။

ရွှမ်ထျန်းက

“မင်းကို နှိမ်နင်းဖို့ ငါ့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေတာလား”

ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

ထိုသို့ ပြောဆို‌လိုက်သော်လည်း ဒေါသကြောင့် သူ၏ မျက်လုံးများပင် သွေးရောင်လွှမ်းလာ၏။ သူ့တွင် တကယ်တမ်း နည်းလမ်းမရှိကြောင်းမှာ ထင်ရှားနေသည်။

ထိုအမျိုးသမီးကို သူဖယ်ရှားနိုင်ခဲ့လျှင် သူမကို စကြဝဠာထဲမှ နှင်ထုတ်ခဲ့တာ ကြာပြီဖြစ်၏။

သို့သော် သူမသည် ဤစကြဝဠာအတွင်းရှိ ကပ်ပါးကောင်တစ်ကောင်နှင့် တူသည်။ သူမကို နှင်ထုတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် နောက်ဆုံးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပဲ သူမကို ထျန်းကျိရဲတိုက်၏ သူတော်စင်မအဖြစ် ခန့်အပ်ခဲ့ရသည်။

ယခင်က သူမသည် သူ့ကို ဆန့်ကျင်ခြင်း မပြုခဲ့ပေ။ သို့သော် လုချန်း ပေါ်လာသည့်အချိန်မှစ၍ သူမသည် သူ့အတွက် အနှောင့်အယှက်အမြောက်အမြား ပေးခဲ့၏။

ထိုစဉ် ရွှမ်ထျန်း၏ စိတ်နှလုံး ရုတ်တရက် တုန်ခါသွားပြီး တစ်စုံတစ်ခုကို သူ သတိပြုမိသွားသည်။ လုချန်း ပေါ်လာသည့် အချိန်မှစ၍ ထိုအမျိုးသမီးသည် ပြဿနာများကို အစဉ်တစိုက် ဖန်တီးခဲ့၏။ သူမသည် ဤစကြဝဠာကြီးကို စောစောစီးစီး ပျက်စီးသွား စေရန်ပင် ဆန္ဒရှိနေခဲ့သည်။

သူမသည် လုချန်းနှင့် တစ်ဖွဲ့တည်းဖြစ်နေပြီး လုချန်းကို ဤစကြဝဠာထဲမှ လွတ်မြောက်စေရန် ရည်ရွယ်ကာ စကြဝဠာကြီး ပျက်စီးသွား စေရန် ဆန္ဒရှိနေခြင်း ဖြစ်နိုင်ပါသလား.....

စကြဝဠာကြီး ပျက်စီးသွားလျှင် လုချန်းသည် ထိခိုက်မှုမရှိပဲ လွတ်မြောက်နိုင်ပေသည်။

ထိုဖြစ်နိုင်ခြေကို တွေးတောရင်း ရွှမ်ထျန်း၏ စိတ်ထဲတွင် ခါးသက်မှု တစ်ခုကို ခံစားလိုက်ရသည်။ အမှန်တရားကို ရင်ဆိုင်ရခြင်းက သူ့အတွက် အလွန်ပင် ခက်ခဲလှသည်။

ယခု လုချန်းတွင် နတ်လက်နက်တစ်ခုပင် ရှိနေပြီဖြစ်ရာ သူ့ကို ရင်ဆိုင်ရန်က တကယ်ပင် မလွယ်တော့ပေ။ ထို့ပြင် ထိုအမျိုးသမီးပါ ပါဝင်လာပါက အခြေအနေများ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

သို့သော်လည်း ရှန်ဝူဧကရာဇ်ကို အသုံးချနိုင်မည့် နည်းလမ်းများ ရှိကောင်းရှိနိုင်သည်။ ရှန်ဝူဧကရာဇ်သည် ပြန်လည်ရှင်သန်လာပြီးနောက် ပို၍အားကြီးလာပုံရသော်လည်း ယခုထက်ပို၍ မြင့်မားသည့် နယ်ပယ်သို့ မရောက်ရှိမချင်း ဤစကြဝဠာအတွင်း ပရမ်းပတာဖြစ်အောင် သူ မလုပ်နိုင်ပေ။

ထို့ပြင် ရှန်ဝူဧကရာဇ်က ရှနိုင်ငံ၏ အရေးကိစ္စကို ဆွေးနွေးလိုသည်ဟု ပြောဆိုခြင်းက ရှနိုင်ငံ၏ ခြိမ်းခြောက်မှုကို သူ သိထားကြောင်း ဖော်ပြနေသည်။

သို့သော် အချက်တစ်ချက်က သူ့ကို ဇဝေဇဝါ ဖြစ်စေ၏။

ထိုအမျိုးသမီးက ရှန်ဝူဧကရာဇ်အား ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အဘယ်ကြောင့် ကူညီပေးခဲ့သနည်း။

ရှန်ဝူဧကရာဇ် ပြန်လည်ရှင်သန်လာပါက ရှနိုင်ငံကို ပြဿနာရှာမှာ သေချာသည်။ သူမသည် လုချန်းဘက်တွင်သာ တကယ် ရှိနေပါက လုချန်းအတွက် ဤမျှအင်အားကြီးမားသည့် ရန်သူတစ်ဦးကို ဖန်တီးပေးလိမ့်မည် မဟုတ်ပေ။

…………

အခန်း (၁၄၉၉ )

သူတော်စင်အဆင့် ဓားပညာ

ရွှမ်ချင်းယွမ်၏ လုပ်ရပ်များကို ရွှမ်ထျန်း တကယ်ပင် နားမလည်နိုင်ချေ။ သို့သော် သူမ မည်သည်ကိုပင် ပြုလုပ်နေပါစေ သူမနှင့် သူ၏ ရပ်တည်ချက်က အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်သည်။ သူမ၏ ခြေလှမ်းတိုင်းက သူ့ထက် တစ်လှမ်းစောနေသကဲ့သို့ ခံစားနေရသဖြင့် ရွှမ်ချင်းယွမ်ကို ရွှမ်ထျန်း သတိနှင့် စောင့်ကြည့်နေမည် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဤသို့ ဆက်သွားနေခြင်းက အဖြေမဟုတ်ကြောင်း ခံစားမိသဖြင့် လုချန်း၏ လက်ထဲရှိ နတ်လက်နက်ကို အမြန်ဆုံး ဖျက်ဆီးပစ်ရမည်ဟု ရွှမ်ထျန်း ဆုံးဖြတ်လိုက်တော့သည်။

ယခုအချိန်တွင် အကောင်းဆုံးနည်းလမ်းက ရှန်ဝူဧကရာဇ်၏ အင်အားကို အသုံးချရန် ဖြစ်သည်။ ထို့အတွက် ရှန်ဝူဧကရာဇ်ကို ပိုအားကြီးလာစေရန် သူ အရင် ကူညီပေးမည် ဖြစ်၏။

ထို့နောက် လုချန်းကို တုံ့ပြန်ရန် ရှန်ဝူဧကရာဇ်အား အသုံးချဖို့ သူ စဉ်းစားထားသည်။ ဤစကြဝဠာသည် ရွှမ်ထျန်း၏ ခန္ဓာကိုယ်အတွင်းရှိ လောကဖြစ်သော်လည်း အတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို သူကိုယ်တိုင် အပြည့်အဝ မထိန်းချုပ်နိုင်ချေ။

ဥပမာအားဖြင့် နတ်လက်နက်ကို နှင်ထုတ်ရန်သာ သူ နည်းလမ်းရှာနိုင်ပြီး ဖျက်ဆီးပစ်နိုင်စွမ်း မရှိပေ။ ထိုအရာက သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ကျောက်တည်နေသကဲ့သို့ ဖြစ်၏။ ထိုကျောက်ကို ဖယ်ရှားရန် ပြင်ပအင်အားကိုသာ အသုံးပြုနိုင်ပြီး မိမိ၏ အင်အားဖြင့် နှင်ထုတ်နိုင်စွမ်း မရှိခြင်းနှင့် တူပေသည်။

ဆုံးဖြတ်ချက်ချပြီးနောက် လှံတစ်စင်းကို ထုတ်ယူကာ တန်ယန်ဧကရာဇ်ကို ရွှမ်ထျန်းက

“ဒီလှံကို ရှန်ဝူဧကရာဇ်ကို ပေးလိုက်ပါ။ ပြီးတော့ သူ ပြန်လည်ရှင်သန်လာတာကို ကျုပ်က ဂုဏ်ပြုတယ်လို့ ပြောလိုက်ဦး။ ဒီလှံက မရေမတွက်နိုင်တဲ့ လူတွေရဲ့ သွေးနဲ့ နတ်ဝိညာဉ်တွေကနေ သန့်စင်ထားတာမို့လို့ သူ့အတွက် အလွန်သင့်တော်လိမ့်မယ်။”

ရွှမ်ထျန်း၏ လက်ထဲမှ လှံကို ထုတ်ယူလိုက်သည့် ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ကြယ်တာယာဆောင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ တန်ယန်ဧကရာဇ်နှင့် တံခါးစောင့် ဧကရာဇ်တို့လည်း ထိုဖိအားကြောင့် အသက်ရှူပင် ကျပ်သွားကြသည်။

သွေးနီရောင် မိစ္ဆာအင်အားများကို ရွှမ်ထျန်း၏ လက်ထဲရှိ နတ်ဆိုးလှံက ထုတ်လွှတ်နေ၏။ ထိုပြင်းထန်လှသော မိစ္ဆာအင်အားများသည် ကြည့်ရုံနှင့်ပင် ကျောချမ်းဖွယ် ကောင်းလှသည်။

နတ်ဆိုးလှံမှ ထွက်ပေါ်လာသည့် ဖိအားကြောင့် တန်ယန်ဧကရာဇ် အနားသို့ မကပ်နိုင်ရုံမျှမက ဖမ်းယူရန်ပင် ရှေ့သို့ မတိုးရဲချေ။ ထိုအခါမှ ရွှမ်ထျန်း သတိပြုမိသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးလှံပေါ်တွင် အင်းစာရွက်တစ်ရွက် ပေါ်လာသည်။

ခဏချင်းတွင်ပင် နတ်ဆိုးလှံ၏ ဖိအားများ ပျောက်ကွယ်သွားသဖြင့် တန်ယန်ဧကရာဇ်လည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ ထို့နောက် ရွှမ်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးလှံသည် တန်ယန်ဧကရာဇ်၏ လက်ထဲသို့ အလိုအလျောက် ပျံသန်းဝင်ရောက်သွား၏။

တန်ယန်ဧကရာဇ်က နတ်ဆိုးလှံကို ချက်ချင်း ဖမ်းယူလိုက်ကာ

“ကျွန်တော် အခုပဲ ရှန်ယွဲ့နိုင်ငံကို သွားလိုက်ပါ့မယ်။”

တန်ယန်ဧကရာဇ်သည် ရှန်ယွဲ့နိုင်ငံမှ အခုလေးတင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။ ယခုအချိန်တွင် သူ ပြန်မသွားလိုသော်လည်း ရွှမ်ထျန်း၏ အမိန့်ဖြစ်သောကြောင့် ရှန်ယွဲ့နိုင်ငံသို့ နောက်တစ်ကြိမ်သွားရန် စိတ်ကို တင်းထားလိုက်သည်။ ရှန်ဝူဧကရာဇ် ဤလှံကို မြင်လျှင် သူ၏ စိတ်ထဲရှိ ဒေါသများ အနည်းငယ် ပြေလျော့သွားလိမ့်မည်ဟုသာ သူ မျှော်လင့်မိတော့၏။

……..

ထျန်းချန်ကမ္ဘာ။

လေဟုန်ယွမ်၏ အိပ်ဆောင်။

အဆောင်အတွင်း၌ ငိုရှိုက်သံများ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ လေဟုန်ယွမ်သည် လုချန်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသည့် အချိန်မှစ၍ အိမ်ထောင်ရေးကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး အရာရာကို ပရမ်းပတာသာ လွှတ်ထားလိုက်ရတော့၏။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် လုချန်းက သူ၏ ကြမ်းတမ်းမှုများကို ရပ်တန့်လိုက်ကာ စနစ်၏ မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။

[ဇနီးတစ်ဦး ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် သူတော်စင်အဆင့် ဓားသိုင်းဖြစ်သည့် သွေးဝိညာဉ်ဓားသိုင်း ကို ရရှိပါသည်]

သူတော်စင်အဆင့် ဓားသိုင်းဖြစ်ကြောင်း မြင်လျှင် လုချန်း၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

နောက်ဆုံးတွင် သူတော်စင်အဆင့် ဓားသိုင်းတစ်ခုကို ဆုအဖြစ် ရရှိခဲ့လေပြီ။

ယခင်က သူသည် ကောင်းကင်အဆင့် ဓားသိုင်းနှင့် ကောင်းကင်အဆင့် ကျင့်စဉ်များကိုသာ အသုံးပြုခဲ့၏။ ဧကရာဇ်အဆင့် အမြောက်အမြားအတွက် တစ်သက်တာတွင် တွေ့ကြုံနိုင်သမျှ အင်အားအကောင်းဆုံး ကျင့်စဉ်နှင့် ဓားသိုင်းများမှာ ကောင်းကင်အဆင့်သာ ဖြစ်သည်။ သို့သော ထိုကျင့်စဉ်များနှင့် ဓားသိုင်းများကို အသုံးပြုသည့်အခါ သူ့အတွက် လွယ်ကူနေသည်ဟု လုချန်း အမြဲ ခံစားခဲ့ရသည်။

လမ်းစဉ် အားလုံးကို သူ ကျွမ်းကျင်ထားသောကြောင့် သာမန်ဓားသိုင်းနှင့် ကျင့်စဉ်များသည် သူ့အတွက် အလွန်ရိုးရှင်းလွန်းနေခြင်း ဖြစ်နိုင်သည်။ စနစ်ထံမှ ပိုမြင့်မားသည့် အဆင့်ရှိ ဓားသိုင်းကို ဆုအဖြစ် ရရှိရန် လုချန်း အမြဲ မျှော်လင့်နေခဲ့ရာ ယခုမှပင် ရရှိတော့၏။

သူတော်စင်အဆင့် ဓားသိုင်းကို သူ သင်ယူနိုင်ခဲ့ပါက ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံ၏ အားသာချက်နှင့်အတူ ကောင်းကင်ဧကရာဇ်၏ အင်အားကို ကျော်လွန်သည့် အင်အားများကို သူ ထုတ်လွှတ်နိုင်မည် မဟုတ်ပါလား။

လုချန်း၏ ဘေးတွင် လဲလျောင်းနေရင်း လေဟုန်ယွမ်က လုချန်းကို တစ်ချက်ကြည့်ကာ တစ်ဖက်သို့ မျက်နှာလွှဲလိုက်၏။ တစ်စုံတစ်ခုကို သူမ သိချင်နေပုံရသည်။ ထို့နောက် စပ်စုချင်စိတ်ဖြင့် သူမက

“ရှင် ဘာတွေ တွေးနေတာလဲ”

ဟု မေးလိုက်၏။

လေဟုန်ယွမ်၏ အသံကို ကြားလျှင် လုချန်း သတိပြန်ဝင်လာသည်။ သူက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် လေဟုန်ယွမ်၏ ပါးပြင်ကို လက်ဖြင့် ပွတ်သပ်ကာ သူမ၏ လှပသော မျက်လုံးများကို ကြည့်ရင်း

“မင်း ဘာလို့ အခုလို တက်တက်ကြွကြွ ဖြစ်နေတာလဲလို့ ကိုယ် တွေးနေတာ။”

ထိုအရာကို ကြားလျှင် လေဟုန်ယွမ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားသည်။ အေးစက်လွန်းလှသော ဧကရာဇ်တစ်ပါးအဖြစ် နေခဲ့ရသည့် အတိတ်ဘဝက မှတ်ဉာဏ်များလည်း သူမ၏ ဦးနှောက်ထဲတွင် လျှပ်ခနဲ ပေါ်လာ၏။

လုချန်းကို စိတ်ကျေနပ်စေရန် သူမ အစွမ်းကုန် ကြိုးစားခဲ့မိကြောင်း ယခုမှ သတိပြုမိသွားကာ သူမ စိတ်ရူးပေါက်သွားပြီလားဟုလည်း တွေးမိသွားသည်။

သူမ အဘယ်ကြောင့် ဤအရာများကို လုပ်ဆောင်ခဲ့သနည်း။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အိမ်ထောင်ရေးကြိုးကို လေဟုန်ယွမ် တစ်ချက်ကြည့်လိုက်ရာ သူမနှင့် လုချန်းသည် တင်းကျပ်စွာ ချည်နှောင်ခံထားရဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ဤအရာများအားလုံးသည် အိမ်ထောင်ရေးကြိုးကြောင့် ဖြစ်နိုင်ကြောင်း သူမ စိတ်ထဲ တွေးလိုက်သည်။ အိမ်ထောင်ရေးကြိုးက သူတို့ကို ချည်နှောင်ထားသောကြောင့် သူမလည်း ထိုကဲ့သို့ အလိုလိုက်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အကြောင်းရင်းက မည်သို့ပင်ရှိစေကာမူ အတိတ်က ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသူတစ်ဦး အနေနှင့် ဤသို့ လုပ်ဆောင်ခြင်းက သူမကို အလွန် ရှက်ရွံ့စေသည်။ သူမ၏ အရင်ဘဝတွင် အမျိုးသားတစ်ဦး စိတ်ကျေနပ်စေရန် ထိုသို့သော အရာများကို မည်သည့်အခါကမှ ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။

လေဟုန်ယွမ် တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်နှာထား အေးစက်သွားသည်ကို မြင်လျှင် လုချန်းက ပြုံးလိုက်ကာ

“မင်းမှာ ထူးခြားတဲ့ ဆွဲဆောင်မှုရှိနေတာပဲ”

သူမ၏ စိတ်လှုပ်ရှားမှုများကို လေဟုန်ယွမ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဖြစ်ပြီးခဲ့သည့် ကိစ္စများအတွက် မည်သို့ပင်ပြောစေကာမူ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူမကိုယ်တိုင်ကပင် စတင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ ဤလမ်းကိုသာ ဆက်လျှောက်ရန် ရှိတော့၏။

လေဟုန်ယွမ် ထိုသို့ တွေးလိုက်သည့် အချိန်မှာပင် သူမ၏ အဆင့်အတားအဆီးများ လျော့ရဲသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထို့နောက် သူမ၏ အတွင်းပိုင်းမှ ကြီးမားသော အင်အားတစ်ခု စီးဆင်းလာပြီး သူမ၏ အဆင့်များ တရစပ် မြင့်တက်လာတော့သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ယင်းအရှိန်အဝါများကြောင့် တုန်ခါသွား၏။

ခဏချင်းတွင်ပင် သူမ၏ အဆင့်သည် ဧကရာဇ် အဆင့်နှစ်သို့ ရောက်ရှိသွား၏။ သူမ၏ ကျင့်စဉ် ဧကရာဇ် အဆင့်နှစ်သို့ ပြန်လည်ရောက်ရှိသွားသည်ကို ခံစားမိသောအခါ လေဟုန်ယွမ် မှင်တက်သွားသည်။

ဤအရာက တကယ့် ဖြစ်ရပ် ဖြစ်ကြောင်း သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ လုချန်းနှင့် အတူရှိပြီးနောက် ကျင့်စဉ်များ တိုးတက်လာနိုင်ကြောင်း ထျန်းဟုန်ဧကရီထံမှ ကြားသိခဲ့ရသော်လည်း ထိုသို့ဖြစ်ရန် အကြိမ်အမြောက်အမြား လိုအပ်မည်ဟု သူမ ထင်မှတ်ခဲ့၏။

မမျှော်လင့်ပဲ တစ်ကြိမ်တည်းနှင့်ပင် ဧကရာဇ် အဆင့်နှစ်သို့ သူမ ရောက်ရှိသွားခဲ့သည်။ ဤမျှ လွယ်ကူစွာ အဆင့်တက်သွားသည်ဆိုလျှင် အရင်က ကျင့်စဉ်အဆင့် တိုးတက်အောင် အသည်းအသန် ကြိုးစားခဲ့ရသည်များက ဘာဖြစ်သွားမည်နည်း။

အတိတ်က အဖြစ်အပျက်များကို ပြန်လည်စဉ်းစားမိရင်း လေဟုန်ယွမ်၏ စိတ်အစဉ် အနည်းငယ် ရှုပ်ထွေးသွား၏။ ထို့ကြောင့် သူမ၏ လမ်းစဉ်နှလုံးသား မတည်မငြိမ် ဖြစ်လာခဲ့သည်။

လေဟုန်ယွမ်၏ အခြေအနေ ပုံမှန်မဟုတ်သည်ကို လုချန်း သတိပြုမိသွားသဖြင့် မူလအစစွမ်းအားများကို လေဟုန်ယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပေးပို့လိုက်၏။ မူလအစစွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ်ဖြစ်နေသော လမ်းစဉ်စွမ်းအားများကို လျင်မြန်စွာ ငြိမ်သက်သွားစေပြီး သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ်သွားစေသည်။

လေဟုန်ယွမ်သည် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း တစ်စုံတစ်ခု ပြောလိုသော်လည်း ဘာပြောရမည်မှန်း မသိဖြစ်နေ၏။ လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်ကာ

“ဒီလောက်လေးနဲ့ မင်းရဲ့ လမ်းစဉ်နှလုံးသားက လှုပ်ခတ်သွားတာလား။”

“အများကြီး တွေးမနေပါနဲ့။ ကိုယ့်ကို မင်းရဲ့ ကံကြမ္မာလို့ပဲ သဘောထားလိုက်ပါ။”

လုချန်း၏ စကားကို ကြားလျှင် လေဟုန်ယွမ် ရုတ်တရက် စိတ်ကြည်လင်သွားသည်။ တကယ်တော့ ကျင့်ကြံခြင်းလမ်းခရီးတွင် ကံကောင်းသည့် အခွင့်အလမ်းများကို တွေ့ကြုံရခြင်းက မဆန်းလှပေ။

၎င်းတို့ကို အလွန် အာရုံစိုက်နေရန် မလိုပေ။ ကျင့်ကြံခြင်းလမ်းခရီးသည် မမျှော်လင့်ထားသည့် အဖြစ်အပျက်များနှင့် အမြဲတမ်း ဒွန်တွဲနေလေ့ရှိပြီး အဆင့်အတန်းမြင့်မားသူ အမြောက်အမြားသည်လည်း အမျိုးမျိုးသော အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်တတ်ကြသည်။ ယခုအချိန်တွင် လုချန်းသည် သူမ၏ အခွင့်အလမ်းပင် ဖြစ်၏။

ထိုသို့တွေးလိုက်သောအခါ လေဟုန်ယွမ်၏ လမ်းစဉ်နှလုံးသား ပြန်လည် တည်ငြိမ်သွားပြီး သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်လည်း အဆင်ပြေသွားခဲ့သည်။ သူမ၏ ယခုတစ်ကြိမ် အောင်မြင်မှုမှာ သူမ၏ ဘဝတွင် မကြုံခဲ့ဖူးသော အကြီးမားဆုံး အခွင့်အလမ်းတစ်ခုကို တွေ့ကြုံခဲ့ရခြင်းကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးကို ချည်နှောင်ထားသည့် အိမ်ထောင်ရေးကြိုးကို လေဟုန်ယွမ် ပြန်ကြည့်လိုက်၏။ ထိုကြိုးများ ဖြည်းဖြည်းချင်း လျော့ရဲလာသည်နှင့်အမျှ သူမ၏ စိတ်ခံစားမှုများမှာလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။

လေဟုန်ယွမ်က

“ကျွန်မက ထျန်းဟုန်ဧကရီရဲ့ ကိုယ်ပွားဖြစ်နိုင်တယ်”

ထိုအရာကို ကြားလျှင် လုချန်းက

“ဖြစ်နိုင်တယ် ဟုတ်လား.....ဘာလို့ အဲ့ဒီလို ပြောတာလဲ”

ဟု စပ်စုစွာ မေးလိုက်၏။

သူတို့၏ အငွေ့အသက်များ တူညီနေခြင်းအပါအဝင် လေဟုန်ယွမ်နှင့် ထျန်းဟုန်ဧကရီတို့ကြားတွင် များစွာသော ဆင်တူမှုများကို လုချန်း တကယ် ခံစားမိနေ၏။

………….

အခန်း (၁၅၀၀ )

လေဟုန်ယွမ်၏ အလိုလိုသိစိတ်

လေဟုန်ယွမ်နှင့် ရင်းနှီးနေစဉ်အတွင်း မိမိရှေ့ရှိလူသည် ထျန်းဟုန် ဧကရီ ကိုယ်တိုင် ဖြစ်နေသကဲ့သို့ လုချန်း တစ်ခါတစ်ရံ ခံစားခဲ့ရသည်။ သူ၏ ဇနီး အမြောက်အမြားထဲတွင် စရိုက်ချင်းဆင်တူသော အမျိုးသမီးအချို့ ရှိနေခြင်းက ပုံမန်ပင်ဖြစ်သဖြင့် သူ ထိုကိစ္စကို များများစားစား မတွေးခဲ့ပေ။

သို့သော် လေဟုန်ယွမ်နှင့် ထျန်းဟုန် ဧကရီတို့ကြားမှ ဆက်နွယ်မှုကတော့ စရိုက်ဆင်တူရုံတင် မဟုတ်ကြောင်း ယခုအခါ သိသာထင်ရှားလာသည်။

ထိုအခိုက်အတန့်တွင် လေဟုန်ယွမ်က

“ကျွန်မတို့ကြားမှာ တိုက်ရိုက် ကံတရား ဆက်စပ်မှုမရှိပေမဲ့ တစ်ခုခုပတ်သက်နေတာကိုတော့ ကျွန်မ ခံစားမိတယ်။ ဒါဟာ အရင်တုန်းက ကျွန်မတို့ကြားက ကံတရား အဆက်အသွယ်တွေကို တမင်ဖြတ်တောက်ခဲ့လို့ ဖြစ်နိုင်တယ်။”

လေဟုန်ယွမ်၏ ထိုစကားများကို ကြားလျှင် လေဟုန်ယွမ်ကို ဖက်ထားရင်း လုချန်းက ကိုယ်ကိုလှည့်ကာ သူမကို သူ၏ရင်ဘတ်ပေါ်တွင် လဲလျောင်းစေလိုက်သည်။

ထို့နောက် အပေါ်ဘက်ရှိ မျက်နှာကြက်ကို စိုက်ကြည့်ရင်း အတွေးထဲနစ်မြောသွား၏။

ထျန်းဟုန် ဧကရီက ထိုကံတရား အဆက်အသွယ်ကို တမင်တကာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်နိုင်လား။

လေဟုန်ယွမ်က ထျန်းဟုန် ဧကရီကို သစ္စာဖောက်သည့်အလုပ် တစ်ခုခု လုပ်ခဲ့ခြင်းကြောင့်လား။

ဥပမာအားဖြင့် သူမ၏ ကိုယ်ပွား အပျိုစင်ဘဝ ဆုံးရှုံးသွားခဲ့ပြီး ပင်မခန္ဓာက အရှက်ရပြီး သည်းမခံနိုင်သဖြင့် အဆက်အသွယ် ဖြတ်လိုက်ခြင်းမျိုး ဖြစ်နိုင်မလား။

ထိုကိစ္စကို တွေးမနေတော့ပဲ လုချန်းက

“သူက ကိုယ်ပွားဖြစ်ရင်လည်း ဖြစ်ပါစေ။ ဘာမှထူးမခြားနားပါဘူး။ အခုတော့ မင်းတို့နှစ်ယောက်လုံးက ကိုယ်ရဲ့အမျိုးသမီးတွေပဲလေ။”

“မင်းတို့နှစ်ယောက်ကြားမှာ ပဋိပက္ခမရှိပဲ အတူတူ အေးအေးချမ်းချမ်း နေထိုင်နိုင်သရွေ့ အားလုံးက အဆင်ပြေပါတယ်။”

လေဟုန်ယွမ် သို့မဟုတ် ထျန်းဟုန် ဧကရီတို့အနက် မည်သူက ပင်မခန္ဓာဖြစ်သည် မည်သူက ကိုယ်ပွားဖြစ်သည်ကို လုချန်းက သိပ်ဂရုမစိုက်ပေ။ သူ၏ မိဖုရားဆောင်အတွင်း၌ ပင်မခန္ဓာနှင့် ကိုယ်ပွားနှစ်ခုလုံးက သူ့ကို တစ်ပြိုင်နက်တည်း အလုပ်အကျွေးပြုနေခြင်းက မဆန်းတော့ပေ။

ဥပမာအားဖြင့် ချူးယွမ်ကျိနှင့် ချူးယုချင်၊ လျှိုချင်းယွမ်နှင့် လျှိုချင်းချိုတို့ဖြစ်သည်။ ယခု သူတို့၏ ပင်မခန္ဓာနှင့် ကိုယ်ပွားများသည် အေးအေးချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နိုင်ကြသည်။

လေဟုန်ယွမ်နှင့် ထျန်းဟုန် ဧကရီတို့သည် တကယ်ပင် ပင်မခန္ဓာနှင့် ကိုယ်ပွား ဆက်ဆံရေးမျိုး ဖြစ်နေခဲ့လျှင်တောင် သူ၏ဦးဆောင်မှုအောက်တွင် သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြလိမ့်မည်ဟု လုချန်း ယုံကြည်ထားသည်။

လေဟုန်ယွမ်လည်း ထပ်မံ၍ များများစားစား မပြောတော့ပဲ လုချန်း၏ ရင်ဘတ်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေလိုက်သည်။

တကယ်တော့ သူမသည် ထိုကိစ္စကို အထူးတလည် စိုးရိမ်နေခြင်းမျိုး မဟုတ်ပေ။ အစက သူမနှင့် ထျန်းဟုန် ဧကရီတို့ ဘာကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရသည်ကိုသာ သိချင်နေခြင်းဖြစ်သည်။

သူမနှင့် ထျန်းဟုန် ဧကရီတို့ နှစ်ယောက်လုံးသည် အရေးကြီးသော မှတ်ဉာဏ်အမြောက်အမြားကို ဆုံးရှုံးထားခဲ့သော်လည်း ထိုမှတ်ဉာဏ်များ မည်သည့်အရာများဖြစ်သည်ကို မသိကြပေ။

သူတို့ ဆုံးရှုံးသွားသော မှတ်ဉာဏ်များသည် သူမဘေးရှိ အမျိုးသားနှင့် ဆက်စပ်နေမည်ဟု လေဟုန်ယွမ် အလိုလို ခံစားနေရသည်။ သူမနှင့် လုချန်းတို့ ပထမဆုံးအကြိမ် ဆုံတွေ့ပြီးနောက် သူတို့ကြားတွင် အကြောင်းအကျိုး ကံတရား တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လက်ထပ်ခြင်း ကြိုးမျှင်က သူမကို ရစ်ပတ်နှောင်ဖွဲ့ထားခဲ့သည်။ ပထမဆုံး ဆုံတွေ့ချိန်ကတည်းက အကြောင်းအကျိုး ကံတရားနှင့် လက်ထပ်ခြင်း ကြိုးမျှင် ပေါ်ပေါက်လာခြင်းမှာ အနီးဆုံး အတိတ်ဘဝ သို့မဟုတ် ရှေးဘဝများနှင့် ပတ်သက်နိုင်ခြေရှိသည်။

သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များတွင် လုချန်းကဲ့သို့လူမျိုး မရှိခဲ့ပေ။ ဆိုလိုသည်မှာ သူမတွင် လုချန်းနှင့် ပတ်သက်မှုများ ရှိခဲ့လျှင်ပင် ၎င်းသည် ပို၍ဝေးကွာသော ရှေးဘဝတစ်ခုခု၌ ဖြစ်ရပေမည်။

ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဘဝသံသရာတွင် အကြိမ်ကြိမ် ပြန်လည်မွေးဖွားခြင်းက မထူးဆန်းပေ။ ထိုသို့ ပြန်လည်မွေးဖွားစဉ်အတွင်း အချို့သော မှတ်ဉာဏ်များ အမြဲတစေ ဆုံးရှုံးရတတ်သည်။

လုချန်းနှင့် ပတ်သက်သော မှတ်ဉာဏ်များသည်လည်း ထိုဖြစ်စဉ်အတွင်း ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်။ လေဟုန်ယွမ်လည်း ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ လုချန်း၏ဘေးတွင် ဆက်ရှိနေသရွေ့ သူမ၊ ထျန်းဟုန် ဧကရီနှင့် လုချန်းတို့ကြားရှိ ဆက်ဆံရေးများကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိလာရမည်ဟု သူမ ယုံကြည်သည်။ ယခုအချိန်တွင် တွေးနေရုံနှင့် ဘာမှဖြစ်မလာနိုင်သဖြင့် အရာရာကို သဘာဝအတိုင်းသာ ဖြစ်ပျက်ခွင့် ပြုထားလိုက်တော့သည်။

…….

ရှန်ယွဲ့နိုင်ငံ။

ရှန်ဝူ ဧကရာဇ် ပြန်လည်ရောက်ရှိလာပြီးနောက် ရှန်ယွဲ့နိုင်ငံအတွင်း ပုန်းအောင်းနေကြသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။ တစ်နိုင်ငံလုံးလည်း စစ်ရိပ်စစ်ငွေ့များ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။ လောလောဆယ်တွင် ရွှမ်ကျင် ခန်းမအတွင်း၌ ဧကရာဇ် အဆင့်ကိုးရှိသူ နှစ်ဦးအပါအဝင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်ပေါင်း သုံးဆယ်ကျော် ရပ်နေကြသည်။

အစက အင်အားစုအသီးသီးမှ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသည် ရှန်ယွဲ့နိုင်ငံအတွက် အမှုထမ်းရန် စိတ်မပါခဲ့ကြပေ။ အထူးသဖြင့် ရှန်ဝူ ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရပြီးနောက်တွင် သစ္စာခံရန် ပို၍ပင် ဆန္ဒမရှိခဲ့ကြပေ။

အချို့သော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ၏ အမြင်တွင် လုယန်ဟွာသည် မည်သည့်စွမ်းရည်မှမရှိပဲ ထျန်းကျိရဲတိုက်က ထောက်ပံ့ထားသော ရုပ်သေးတစ်ရုပ်မျှသာ ဖြစ်သည်။ သူ၏ဆင့်ခေါ်မှုများကို သူတို့ အကြောင်းမပြန်ခဲ့လျှင်တောင် သူက သူတို့ကို ဘာမှလုပ်ရဲမည် မဟုတ်ပေ။

သို့သော် ရှန်ဝူ ဧကရာဇ်ကတော့ မတူပေ။ ရှန်ယွဲ့နိုင်ငံအတွင်း၌ ရှန်ဝူ ဧကရာဇ် ပြန်လည်ရှင်သန်လာကြောင်း ကြားသိရသောအခါ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အမြောက်အမြားသည် သူ စကားတစ်လုံးမှ မပြောရသေးခင်မှာပင် ဂုဏ်ပြုရန်အတွက် ဧကရာဇ်ကြယ်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

ထို့ပြင် ရှန်ဝူ ဧကရာဇ်ကလည်း ရှန်ယွဲ့နိုင်ငံအတွင်းရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အားလုံးကို ဧကရာဇ်ကြယ်သို့ လာရောက်ရန် အမိန့်တော်တစ်ရပ်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။

ရှန်ဝူ ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်သောအခါ မည်သူမှ လျစ်လျူမရှုရဲကြပေ။ အထူးသဖြင့် သူ ပြန်လည်ရှင်သန်လာခြင်းပြီး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ရရှိသွားနိုင်သည့် ဖြစ်နိုင်ခြေကို မည်သူမှ ထည့်မတွက်ပဲ မနေနိုင်ကြပေ။

ယခု ရှန်ဝူ ဧကရာဇ်သည် သူ ပြန်လည်မရှင်သန်ခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုကဲ့သို့ ပြန်လည်ရှင်သန်လာခြင်းက ရိုးရှင်းသောကိစ္စသက်သက် မဟုတ်နိုင်ပဲ ရှန်ဝူ ဧကရာဇ် အမြင်သစ်တစ်ခုခုကို ရရှိသွားခြင်းဖြစ်မည်ဟု လူများ ယူဆနေကြသည်။

ခန်းမအတွင်းရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ဝူ ဧကရာဇ်က ခပ်အေးအေး ပြောလိုက်သည်။

“ကျုပ် တံခါးပိတ် ကျင့်စဉ်ဝင်နေတဲ့အချိန်မှာ လူအမြောက်အမြားက မတွေးသင့်တာတွေ တွေးနေကြတယ်လို့ ကြားထားတယ်။”

ထိုအရာကို ကြားလျှင် ရောက်ရှိနေသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များလည်း ရှန်ဝူ ဧကရာဇ်ကို မကြည့်ရဲပဲ ခေါင်းငုံ့ထားလိုက်ကြသည်။ သူက ဧကရာဇ်၏ အရှိန်အဝါကို တမင်တကာ ထုတ်မသုံးထားသော်လည်း သူတို့၏ ရင်ဘတ်ပေါ်တွင် တောင်တစ်လုံးက ဖိထားသကဲ့သို့ ခံစားနေရပြီး အသက်ရှူရ ခက်ခဲလာကြသည်။

ရှန်ဝူ ဧကရာဇ်က အေးစက်စွာ ရယ်မောရင်း

“ခင်ဗျားတို့က ကျုပ်ကို တကယ်ပဲ သေပြီလို့ ထင်နေကြတာပဲ။”

သူ၏ စကားအဆုံးတွင် ရောက်ရှိနေသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အားလုံး ဒူးထောက်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် ခန်းမအတွင်း၌ အသက်ရှူသံများကြားရပြီး လုံးဝတိတ်ဆိတ်လျက်ရှိသည်။ ထွက်ပေါ်လာသော အေးစက်သည့် ချွေးများကို မည်သူမှလက်ဖြင့် မသုတ်ရဲကြသဖြင့် ထိုချွေးများလည်း လွတ်လပ်စွာ စီးကျနေတော့သည်။

ခဏခန့်အကြာတွင် ရှန်ဝူ ဧကရာဇ်က ရောက်ရှိနေသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များကို ဆက်လက် သတိပေးတော့မည့်အချိန်မှာပင် တစ်စုံတစ်ဦး ခန်းမအတွင်းသို့ တုန်တုန်ရင်ရင်ဖြင့် ဝင်လာသည်။ သူ၏ ခြေလှမ်းတိုင်းကလည်း လေးလံလွန်းနေပုံရ၏။

“မင်း... မင်းကြီး... ထျန်းကျိရဲတိုက်က သံတမန်တစ်ယောက် ရောက်နေပါတယ်။”

ခန်းမအတွင်းရှိ လေထုသည် ပို၍ပင် မွန်းကျပ်လာပြီး ထူးဆန်းစွာ ပို၍ တိတ်ဆိတ်သွားပြန်သည်။ ထွက်ပေါ်လာမည့် အသံတစ်ခုခုကို စိုးရိမ်သဖြင့် မည်သူမှ အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

ရှန်ဝူ ဧကရာဇ်သည် အေးစက်စွာဖြင့် ဝင်ပေါက်ဆီသို့ တစ်ချက်ကြည့်လိုက်ကာ အတွေးထဲ နစ်မြောနေပုံရသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်

“သူ့ကို ဝင်ခိုင်းလိုက်”

ဟု ရှန်ဝူ ဧကရာဇ်က နောက်ဆုံးတွင် ပြောလိုက်ပေသည်။

ထိုအခါ ခန်းမအတွင်းသို့ တန်ယန် ဧကရာဇ် တုန်တုန်ရင်ရင်ဖြင့် ဝင်ရောက်လာတော့သည်။ ခန်းမထဲသို့ ဝင်လာသည်နှင့် တန်ယန် ဧကရာဇ်က အခြားသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များနည်းတူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး

“ရှန်ဝူ ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ဟု ချက်ချင်း ပြောလိုက်သည်။

တန်ယန် ဧကရာဇ်သည် ထျန်းကျိရဲတိုက်၏ သံတမန်တစ်ဦး ဖြစ်သဖြင့် ထုံးစံအရ ဒူးထောက်ရန် မလိုအပ်ပေ။

သို့သော် သူ၏ အတိတ်က လုပ်ရပ်များကိုတန်ယန် ဧကရာဇ် ကောင်းကောင်း သိသည်။သူ ဒူးမထောက်ခဲ့လျှင် ရှန်ဝူ ဧကရာဇ်၏ ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်ပြီး ယနေ့တွင် အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိနားလည်ထားသည်။

ထိုအခိုက်အတန့်တွင် ရှန်ဝူ ဧကရာဇ်က တန်ယန် ဧကရာဇ် လုပ်ခဲ့သည့်အရာများကို အရေးမစိုက်တော့ပဲ

“ရဲတိုက်သခင် ရွှမ်က ခင်ဗျားကို ဘာကြောင့် လွှတ်လိုက်တာလဲ”

ဟု တည်ငြိမ်စွာ မေးလိုက်သည်။

တန်ယန် ဧကရာဇ်က အမြန် တုံ့ပြန်လိုက်၏။

“ရဲတိုက်သခင်က ရှန်ဝူ ဧကရာဇ် ပြန်လည်ရှင်သန်လာတာကို ဂုဏ်ပြုလိုက်ပါတယ်။ ပြီးတော့ မင်းကြီး အလွန်နှစ်သက်မယ်လို့ ယုံကြည်ရတဲ့ လက်နက်တစ်ခုကို လက်ဆောင်အဖြစ် ပေးပို့လိုက်ပါတယ်။”

ထိုသို့ပြောပြီးနောက် တန်ယန် ဧကရာဇ်က သူ၏ အာကာသလက်စွပ်အတွင်းမှ နတ်ဆိုးလှံကို ထုတ်ယူလိုက်သည်။

“အိုး... ရဲတိုက်သခင် ရွှမ်က ရုတ်တရက်ကြီး ရက်ရောသွားတာပဲလား”

ဟု ရှန်ဝူ ဧကရာဇ်က မျက်ခုံး အနည်းငယ် တွန့်ရင်း ပြောလိုက်သည်။

ရွှမ်ထျန်းက အမှားပြင်ဆင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရှန်ဝူ ဧကရာဇ် နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ရင်ဆိုင်ရမည့် ဘုံရန်သူ ရှိနေသောကြောင့် ဖြစ်သည်။

တန်ယန် ဧကရာဇ်က နတ်ဆိုးလှံကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး ခေါင်းငုံ့ထားကာ ဘာမှ ထပ်မပြောတော့ပေ။ လှံဆီမှ ထွက်ပေါ်လာသော အငွေ့အသက်သည် လူတိုင်းကို ကြက်သီးထသွားစေ၏။

ထိုစဉ် ရှန်ဝူ ဧကရာဇ်က လက်ကို မြှောက်လိုက်ရာ တန်ယန် ဧကရာဇ်၏ လက်ထဲမှ နတ်ဆိုးလှံ သူ၏ လက်အတွင်းသို့ ပျံဝင်သွားသည်။

All Chapters