← Chapters

ဟန်ယွဲ့နှင့် တုချဲ့

Vol. 10 Ch. 93

ဟန်ယွဲ့နှင့် တုချဲ့

Vol. 10 Ch. 93

ရွှီနင်နှင့် ဟန်ဟူရှောင့်တို့ အိမ်ထဲသို့ ဝင်ရောက်လာကြသည်။

အဖြူရောင်ဝတ် အမျိုးသမီးနှင့် ရုပ်ရည်ချောမောသော အမျိုးသားတို့သည်လည်း သူတို့နောက်မှ လိုက်ပါလာကြလေသည်။

“မိတ်ဆွေလေးရွှီနင်... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်နေတာဆိုတော့ ဘယ်လိုလုပ်ပြီး အောင်မြင်ခဲ့တာလဲလို့ သိချင်မိတယ်”

ဟန်ဟူရှောင့်က ရွှီနင်အား ချီးကျူးစကားဆိုလိုက်သော်လည်း လက်တွေ့တွင်မူ ရွှီနင်၏ နောက်ခံအကြောင်းကို စုံစမ်းနေခြင်းသာ ဖြစ်ပေသည်။

“ကျွန်တော့်ရဲ့ သိုင်းပညာနဲ့ပတ်သက်တာတွေ အကုန်လုံးကို မိသားစုက သင်ကြားပေးခဲ့တာပါ”

ရွှီနင်သည် အမှန်တစ်ဝက် အလိမ်တစ်ဝက်ဖြင့် ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်မိသားစုက စစ်ဘေးဒဏ်သင့်သွားပြီးတော့ ကျွန်တော်လည်း မလွှဲမရှောင်သာ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတာပါ”

ရွှီနင်သည် ဖေးယွင်ပြည်နယ်မှ လာရောက်ကြောင်းကို ထုတ်ဖော်မပြောလိုပေ။

သူသည် မိုင်းတွင်းမှ ဘေးကင်းစွာ လွတ်မြောက်လာခဲ့သော်လည်း ထိုသတင်းပေါက်ကြားသွားပြီး မိုင်းတွင်းနောက်ကွယ်ရှိ မိသားစု၏ အာရုံစိုက်ခြင်းကို ခံရမည်စိုးရိမ်မိသည်။ ဖြစ်နိုင်ချေ နည်းပါးသော်လည်း ရွှီနင်သည် သတိထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရွှီနင်၏စကားကို ကြားပြီးနောက် ဟန်ဟူရှောင့်သည် မုတ်ဆိတ်ကို ပွတ်သပ်လိုက်လေသည်။

ရွှီနင် ပြောဆိုသည့် စကားများတွင် မည်သည့်သံသယဖြစ်ဖွယ်မှ မရှိချေ။

ကျိဖုန်းစီရင်စုတွင် စစ်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မိသားစုများနှင့် ဂိုဏ်းများအကြား ပဋိပက္ခများမှာလည်း ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်သည်။

စစ်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများမှာ ဒုနှင့်ဒေး ရှိလှပေသည်။

သို့သော် ရွှီနင်သည် မိသားစုနှင့်ပတ်သက်သော သတင်းအချက်အလက် များများစားစား ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထိုအကြောင်းကို မပြောလိုကြောင်း သိသာထင်ရှားလှသည်။

ဟန်ဟူရှောင့်သည် ခေတ္တမျှ စဉ်းစားလိုက်သော်လည်း ဆက်လက်မေးမြန်းခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။

“ဒီလို ရှုပ်‌ထွေးနေတဲ့ ခေတ်ကာလမှာ လူတွေက ပင်လယ်ထဲက လှေငယ်လေးတွေလိုပါပဲ... ရေစီးကြောင်းအတိုင်း မျောပါနေရတာပေါ့...”

ဟန်ဟူရှောင့်က ရွှီနင်ရှေ့တွင် သက်ပြင်းချရင်း ဆိုလိုက်သည်။

“ရွှီနင်... ငါ မင်းကို အရမ်းသဘောကျတယ်”

ဟန်ဟူရှောင့်က ဆက်ပြောသည်။ “နောက်ဆက်တွဲအနေနဲ့ ငါတို့ရဲ့ အရိပ်လ ကိုယ်ခံပညာခန်းမအကြောင်း ပြောပြမယ်။ အဆင်ပြေတယ်လို့ မင်းယူဆရင် ငါတို့ခန်းမကို ဝင်ရောက်ပြီး ဒုတိယခန်းမသခင်အဖြစ် တာဝန်ယူမလားဆိုတာ ဆုံးဖြတ်လို့ရတယ်”

ရွှီနင် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် နားထောင်နေပါတယ်”

“အရိပ်လ ကိုယ်ခံပညာခန်းမက အပေါ်ယံကြည့်ရင် သိုင်းပညာသင်ပေးတဲ့နေရာလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ တခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ပါဝင်ပတ်သက်နေတယ်”

ဟန်ဟူရှောင့်က ပြောလိုက်သည်။ “ဖန်ဟွားလမ်းမပေါ်က စားသောက်ဆိုင်၊ ပြည့်တန်ဆာအိမ်နဲ့ လောင်းကစားရုံတိုင်းမှာ ငါတို့အကျိုးစီးပွား ပါတယ်။ သူတို့ရဲ့ လည်ပတ်မှုအပိုင်းမှာ ဝင်မပါပေမဲ့ သူတို့တစ်ခုခု ပြဿနာတက်ရင် ငါတို့ကိုယ်ခံပညာခန်းမက ကူညီဖြေရှင်းပေးရတယ်”

“ဒါ့အပြင် ငါတို့က လုံခြုံရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေလည်း ပေးတယ်။ ကုန်သည်အဖွဲ့တွေ ခရီးသွားတဲ့အခါ ကုန်ပစ္စည်းတွေကို ကာကွယ်ပေးဖို့ ဒါမှမဟုတ် လမ်းကြောင်းတလျှောက် လိုက်ပါစောင့်ရှောက်ပေးဖို့ ငါတို့ကို ငှားရမ်းလေ့ရှိကြတယ်။ ငါတို့ရဲ့ ဝင်ငွေအများစုက ဒီဝန်ဆောင်မှုကနေရတာ”

ဟန်ဟူရှောင့် ပြောနေသည်ကို ရွှီနင်က စဉ်းစားချင့်ချိန်ကာ နားထောင်နေသည်။

အရိပ်လ ကိုယ်ခံပညာခန်းမသည် အဘယ်ကြောင့် ဤမျှ ခမ်းနားထည်ဝါနေရသနည်းဟု ရွှီနင် တွေးတောနေမိသော်လည်း ယခုအခါတွင်မူ ရှင်းလင်းသွားချေပြီ။

“မင်းသာ ဒုတိယခန်းမသခင် ဖြစ်လာရင် သိုင်းပညာသင်ပေးစရာ မလိုဘူး”

ဟန်ဟူရှောင့်က ဆက်ပြောသည်။ “ဖန်ဟွားလမ်းမပေါ်က လက်အောက်ငယ်သားတွေ ပြဿနာတက်တဲ့အခါ ဒါမှမဟုတ် ခန်းမမှာ တစ်ယောက်ယောက်က စိန်ခေါ်ဖို့ လာရှာတဲ့အခါကျမှ မင်းက ဝင်ရောက်ဖြေရှင်းပေးရမယ်။ သူတို့ကို မောင်းထုတ်ဖို့က မင်းတာဝန်ပဲ”

“ကုန်သည်အစောင့်လိုက်တဲ့ကိစ္စကိုတော့ မင်းလုပ်ချင်လုပ်၊ မလုပ်ချင်နေ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ တကယ်လို့ မလုပ်ဘူးဆိုရင် တစ်လကို ရွှေစ ၃၀ ရမယ်။ တကယ်လို့ အစောင့်လိုက်မယ်ဆိုရင်တော့ ရလာတဲ့ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုယ်ခံပညာခန်းမက ယူပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ လိုက်ပါစောင့်ရှောက်သူတွေအတွက် ခွဲဝေပေးတယ်”

ရွှီနင် တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

‘အရိပ်လ ကိုယ်ခံပညာခန်းမက တော်တော်လေး ရက်ရောတာပဲ’

ဟန်ဟူရှောင့် ကမ်းလှမ်းသော အချက်အလက်များကို ရွှီနင် အတော်လေး သဘောကျသွားသည်။

“ဘယ်လိုလဲ... သဘောကျရဲ့လား”

ဟန်ဟူရှောင့်က မေးလိုက်သည်။

ရွှီနင် ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။ “သဘောကျပါတယ်”

ရွှီနင်၏ အဖြေကို ကြားသောအခါ ဟန်ဟူရှောင့်က အားရပါးရ ပြုံးလိုက်သည်။ “ကောင်းပြီ... ဒါဆိုရင် ဒီနေ့ကစပြီး ရွှီနင်... မင်းက ငါတို့ အရိပ်လ ကိုယ်ခံပညာခန်းမရဲ့ ဒုတိယခန်းမသခင် ဖြစ်သွားပြီ”

“ကျေးဇူးတင်ပါတယ် ခန်းမသခင်ဟန်”

ရွှီနင် မတ်တပ်ရပ်လိုက်ပြီး ဟန်ဟူရှောင့်အား လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

ဤသည်မှာ သူ၏ ရာထူးသစ်ကို လက်ခံကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

“ဟန်ယွဲ့... တုချဲ့”

ဟန်ဟူရှောင့်က အဖြူရောင်ဝတ် အမျိုးသမီးနှင့် ရုပ်ရည်ချောမောသော အမျိုးသားကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးက နှုတ်ဆက်လိုက်ကြသည်။

“ဒုတိယခန်းမသခင်ရွှီ”

“ဒုတိယခန်းမသခင်ရွှီ... ဒါက ဟန်ယွဲ့နဲ့ တုချဲ့ပါ”

ဟန်ဟူရှောင့်က မိတ်ဆက်ပေးလိုက်သည်။ “မင်းတို့က အသက်အရွယ်ချင်း မတိမ်းမယိမ်း ဖြစ်ပေမဲ့ အရိပ်လ ကိုယ်ခံပညာခန်းမမှာတော့ သူတို့က မင်းရဲ့ လက်အောက်ငယ်သားတွေပဲ။ တကယ်လို့ ကိစ္စရှိရင် သူတို့ကို ခိုင်းလို့ရတယ်”

“ခန်းမသခင်ဟန်က အားနာလွန်းနေပါပြီဗျာ”

ရွှီနင် ပြုံးလိုက်သည်။

“ရွှီနင်... မင်း အခု ဘယ်မှာနေလဲ”

ဟန်ဟူရှောင့်က မေးလိုက်သည်။

“ကျွန်တော် ချွင်းလင်ခရိုင်ကို ရောက်တာ မကြာသေးတော့ တည်းခိုခန်းမှာပဲ နေပါသေးတယ်”

ရွှီနင် ပြန်ဖြေလိုက်သည်။

ဟန်ဟူရှောင့်က ပြောလိုက်သည်။ “မင်းက ကိုယ်ခံပညာခန်းမရဲ့ အဖွဲ့ဝင် ဖြစ်သွားပြီဆိုတော့ တည်းခိုခန်းမှာ နေစရာ မလိုတော့ပါဘူး။ ခန်းမထဲမှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ မင်းသဘောကျရင် ဒီကိုပြောင်းလာပြီး နေလို့ရတယ်”

ရွှီနင် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်”

သူ့တွင် အမြဲတမ်းနေစရာ နေရာမရှိသေးသဖြင့် ကိုယ်ခံပညာခန်းမသို့ ပြောင်းရွှေ့ခြင်းက အခန်းငှားခ သက်သာစေမည် ဖြစ်သည်။

“ဒါဆိုရင် ဒီည ဖန်ဟွားလမ်းမပေါ်က စားသောက်ဆိုင်မှာ ဆုံကြတာပေါ့။ ကိုယ်ခံပညာခန်းမက နည်းပြတွေနဲ့ ဖန်ဟွားလမ်းမပေါ်က ဆိုင်ရှင်တွေကို ဒုတိယခန်းမသခင်ရွှီနဲ့ မိတ်ဆက်ပေးရမယ်”

ဟန်ဟူရှောင့်က ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုညတွင် ရွှီနင်သည် ဖန်ဟွားလမ်းမပေါ်ရှိ စားသောက်ဆိုင်ကြီးတစ်ခုသို့ ဖိတ်ကြားခံရလေသည်။

ရွှီနင်သည် ဤအခွင့်အရေးကို အသုံးချပြီး အရိပ်လ ကိုယ်ခံပညာခန်းမမှ လူများနှင့် မိတ်ဖွဲ့လိုက်သည်။

မကြာမီတွင် ရွှီနင်သည် တည်းခိုခန်းမှ ထွက်ခွာပြီး ကိုယ်ခံပညာခန်းမသို့ ပြောင်းရွှေ့နေထိုင်လိုက်တော့သည်။

ချွင်းလင်ခရိုင်တွင် ဘဝသစ်စတင်တော့မည်ကို ရွှီနင် သိလိုက်သည်။

…

လဝက်ခန့် ကုန်လွန်သွားပြီးနောက်…

ဤကာလအတွင်း ရွှီနင်သည် ကိုယ်ခံပညာခန်းမထဲ၌သာ နေထိုင်ခဲ့သော်လည်း သူကိုယ်တိုင် ဖြေရှင်းရမည့် ကိစ္စရပ်များနှင့် မကြုံတွေ့ခဲ့ရပေ။

ဤအချက်က ရွှီနင်ကို နေရထိုင်ရ ခက်စေသည်။ သူသည် တစ်နေ့ကုန် စားလိုက်အိပ်လိုက်နှင့် ဘာမှမလုပ်ဘဲ လစာကောင်းကောင်း ရနေသောကြောင့် ဖြစ်သည်။

“ဒုတိယခန်းမသခင်ရွှီ... ထမင်းစားချိန် ရောက်ပါပြီ”

ညစာစားချိန်ရောက်သောအခါ ဟန်ယွဲ့က ရွှီနင်ကို လာခေါ်လေသည်။

ဟန်ယွဲ့သည် အစိမ်းရောင် ဖျော့ဖျော့ အင်္ကျီကို လဲလှယ်ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်ကို ဖော်ကျူးထားသော ဝတ်စုံမဟုတ်သော်လည်း သူမ၏ ဖြောင့်စင်းသွယ်လျသော ခြေတံများမှာ ဆွဲဆောင်မှု ရှိနေဆဲပင်။

“လာပြီ”

ရွှီနင် အခန်းထဲမှ ထွက်လာခဲ့သည်။

ကိုယ်ခံပညာခန်းမတွင် တစ်နေ့သုံးနပ် ချက်ပြုတ်ရန်အတွက် သီးသန့်တာဝန်ပေးထားသော စားဖိုမှူးတစ်ဦး ရှိလေသည်။

ထမင်းစားချိန်ရောက်တိုင်း တစ်ယောက်ယောက်က ရွှီနင်ကို လာခေါ်လေ့ရှိသည်။

ခန်းမထဲတွင် ရွှီနင်၊ ဟန်ဟူရှောင့်၊ ဟန်ယွဲ့နှင့် တုချဲ့တို့ စားပွဲဝိုင်းတွင် ထိုင်နေကြပြီး အိမ်ဖော်တစ်ဦးက ဘေးမှ ဝန်ဆောင်မှု ပေးနေသည်။

“ဒုတိယခန်းမသခင်ရွှီ... မနက်ဖြန်ကျရင် တုချဲ့နဲ့ ငါ အစောင့်အနေနဲ့ လိုက်ရမယ့် ခရီးစဉ်တစ်ခု ရှိတယ်။ ဒါကြောင့် ကိုယ်ခံပညာခန်းမကို မင်းဆီ ခဏလွှဲထားခဲ့မယ်”

ဟန်ဟူရှောင့်သည် ရွှီနင်ကို ရှားရှားပါးပါး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကုန်လှည်းအ‌စောင့်အနေနဲ့ လိုက်ရမှာလား”

ရွှီနင်က ပန်းကန်နှင့် တူကို ချထားလိုက်သည်။ “ကျွန်တော် လိုက်သွားဖို့ မလိုဘူးလား”

“မလိုပါဘူး”

ဟန်ဟူရှောင့်က လက်ကာပြလိုက်သည်။ “ဒီတစ်ခါ ဖောက်သည်က ငါ့ကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုထားတာ။ ကုန်ပစ္စည်းတွေက အရမ်းအရေးကြီးလို့ ငါကိုယ်တိုင် လိုက်စောင့်ရှောက်ပေးရမယ်တဲ့။ ဆုကြေးလည်း တော်တော်များများ ပေးမယ်လို့ ကတိပေးထားတော့ ငါလက်ခံလိုက်တာ”

“ဘယ်ဖောက်သည်လဲ”

ဟန်ယွဲ့က မေးလိုက်သည်။

“ချွင်းလင်ခရိုင်ကို ကုန်ပစ္စည်းလာသွင်းတဲ့ ပြင်ပကကုန်သည်တစ်ယောက်ပါ” ဟန်ဟူရှောင့်က ရှင်းပြသည်။ “ကုန်ပစ္စည်းတွေက တန်ဖိုးကြီးတော့ လမ်းမှာ ပြဿနာတက်မှာ ကြောက်နေတာလေ”

“ဟန်ယွဲ့... ငါ ကိုယ်ခံပညာခန်းမမှာ မရှိတဲ့အချိန်ကျရင် မင်းက ဒုတိယခန်းမသခင်ရွှီကို ကူညီပေးရမယ်”

ဟန်ဟူရှောင့်က သမီးဖြစ်သူ ဟန်ယွဲ့ကို ပြောလိုက်သည်။ “အသေးအဖွဲကိစ္စတွေကို အကောင်းဆုံး ကြိုးစားဖြေရှင်း။ မင်း မနိုင်မှ ဒုတိယခန်းမသခင်ရွှီဆီ သွား”

“ခန်းမသခင်ဟန်ကလည်း အားနာစရာကြီးဗျာ... ကျွန်တော် တာဝန်ပိုယူသင့်ပါတယ်”

ဟန်ယွဲ့ ပြန်မပြောခင် ရွှီနင်က ဦးအောင် ပြောလိုက်သည်။

ရွှီနင်သည် လုပ်စရာ အလုပ်မရှိ၍ အကျိုးရှိအောင် နေ့စဉ် သိုင်းပညာ လေ့ကျင့်နေခဲ့သည်။ သို့သော် သူ့ပါရမီကြောင့် သာမန်လေ့ကျင့်ရုံသက်သက်ဖြင့် တိုးတက်လာရန် မဖြစ်နိုင်ပေ။

သို့သော် သူတစ်ပါးနှင့်အတူ နေထိုင်ရသည်ဖြစ်ရာ လုံ့လဝီရိယရှိဟန် ဆောင်ရမည်သာ။ သို့မဟုတ်ပါက အနာဂတ်တွင် သူရုတ်တရက် တိုးတက်လာလျှင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

ဟန်ဟူရှောင့်သည် ရွှီနင်၏ သဘောထားကို ကျေနပ်လေသည်။

လဝက်ခန့် အတူနေပြီးနောက် ရွှီနင်သည် စိတ်သဘောထား ကောင်းမွန်ကြောင်း သူ သတိထားမိသည်။ ရွှီနင်တွင် လူငယ်ပါရမီရှင်တစ်ဦး၏ မောက်မာမှုနှင့် ဘဝင်မြင့်မှုများ မရှိပေ။

ရွှီနင်သည် လူများကို သက်တောင့်သက်သာ ဖြစ်စေသည်။ လဝက်အတွင်းမှာပင် ကိုယ်ခံပညာခန်းမရှိ လူတိုင်း ရွှီနင်အပေါ် အမြင်ကြည်လင်လာကြသည်။

“တုချဲ့... ပြန်ပြီး ပြင်ဆင်တော့။ ဒီည စောစောအိပ်ဖို့ မှတ်ထားဦး၊ မနက်ဖြန်မနက် နောက်ကျမနေနဲ့”

စားသောက်ပြီးသောအခါ ဟန်ဟူရှောင့်က တုချဲ့ကို သတိပေးလိုက်သည်။

“နားလည်ပါပြီ ဆရာ”

တုချဲ့ မတ်တပ်ရပ်ကာ လက်သီးဆုပ်ဂါရဝပြုပြီး ခေါင်းညိတ်လိုက်သည်။

သူ ခေါင်းငုံ့လိုက်စဉ် ရွှီနင်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုအကြည့်ကို ရွှီနင် ဖမ်းမိလိုက်သည်။

ရွှီနင်သည် စိတ်အာရုံနယ်ပယ်သို့ ရောက်ရှိပြီးနောက် အာရုံခံနိုင်စွမ်းများ အလွန်ထက်မြက်လာခဲ့သည်။

အပေါ်ယံတွင် တုချဲ့သည် ညွှန်ကြားချက်များကို နာခံပြီး နှိမ့်ချယဉ်ကျေးသော်လည်း ရွှီနင်အပေါ် ရန်လိုနေကြောင်း ရွှီနင် အမြဲ ခံစားနေရသည်။

သို့သော် ရွှီနင်သည် ထိုရန်လိုမှုကို သိပ်အလေးမထားပေ။

တုချဲ့က ဟန်ယွဲ့အပေါ် စိတ်ဝင်စားနေကြောင်း သူသိသည်။

ကိုယ်ခံပညာခန်းမသို့ ရောက်လာကတည်းက ဟန်ဟူရှောင့်၏ ညွှန်ကြားချက်ဖြင့် ဟန်ယွဲ့က သူ့ကို ဂရုစိုက်ပေးခဲ့သဖြင့် သူတို့ဆက်ဆံရေး ပိုမိုရင်းနှီးလာခဲ့သည်။

ထို့ကြောင့် တုချဲ့ မကျေမနပ်ဖြစ်သည်မှာ သဘာဝကျပေသည်။

သို့သော် ရွှီနင်သည် တုချဲ့ကို သတိထားနေဆဲပင်။

သူ သတိရှိရှိ နေရမည်။

All Chapters