← Chapters

တတိယသခင်မ‌လေးဖုန်

Vol. 10 Ch. 98

တတိယသခင်မ‌လေးဖုန်

Vol. 10 Ch. 98

“အဖေ ကိုယ်ခံပညာခန်းမမှာ မရှိတဲ့အချိန်တုန်းက ဒုခန်းမသခင်ရွှီက တစ်ခေါက်ပဲ အပြင်ထွက်ခဲ့တာ...”

ဟန်ယွဲ့က ပြန်စဉ်းစားရင်း ပြောလိုက်သည်။ “ကိုယ်ခံပညာခန်းမထဲမှာ ရှိနေတဲ့အချိန်မှာလည်း သူက အပြင်လူတွေနဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ဘူး။”

ဟန်ဟူရှောင့်က ခေါင်းညိတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ်... ငါတို့ ရွှီနင်ကို ငါတို့ဘက်မှာ ဆက်ရှိနေအောင် လုပ်ထားရမယ်။”

“ဒါပေမဲ့ အဖေ...” ဟန်ယွဲ့က စိုးရိမ်တကြီး ပြောရှာသည်။ “နောက်ဆုံးတော့လည်း ဒုခန်းမသခင်ရွှီက ငါတို့ကိုယ်ခံပညာခန်းမကို ရောက်လာတာ မကြာသေးဘူးလေ။ အနာဂတ်က ခက်ခဲတော့မယ်ဆိုတာကို သူသိသွားရင် ကျွန်မတို့နဲ့အတူ ဘာလို့ ဆက်နေမှာလဲ။”

“ဒါကတော့...” ဟန်ဟူရှောင့်က သမီးဖြစ်သူ၏စကားကို ထောက်ခံသော်လည်း သူ့တွင် အခြားအတွေးရှိနေသည်။ “သူ စိတ်ကျေနပ်သွားလောက်မယ့် အကျိုးအမြတ်တွေ ငါတို့ပေးနိုင်မှ ဖြစ်မယ်။”

“စိတ်ကျေနပ်အောင်လား။” ဟန်ယွဲ့က ဟန်ဟူရှောင့် ဘာကို ဆိုလိုမှန်း မသိဖြစ်နေသည်။ “ဘယ်လို အကျိုးအမြတ်မျိုးလဲဟင်။”

ဟန်ဟူရှောင့်၏ မျက်လုံးများက အတွေးနက်နေဟန် ပေါက်နေသည်။ သူက ဟန်ယွဲ့၏စကားကို ဂရုမစိုက်ဘဲ ပြောလိုက်၏။ “ဟန်ယွဲ့... ငါ့အတွက် အဝတ်အစားအသစ်တွေ သွားယူပေးဦး။ ငါ အပြင်သွားရမယ်။”

ဟန်ယွဲ့ ကြားလိုက်ရသောအခါ အလျင်အမြန်ပင် တားမြစ်လိုက်တော့သည်။ “အဖေ... အခုလို အခြေအနေနဲ့ အပြင်ဘက်ကို ဘယ်လိုသွားမှာလဲ။ အိမ်မှာပဲ အနားယူသင့်တယ်လေ။”

“အခုက အနားယူရမယ့်အချိန် မဟုတ်ဘူး။” ဟန်ဟူရှောင့်က မနည်းရုန်းကန်ကာ ထိုင်လိုက်သည်။ “အခြေအနေတွေကို တည်ငြိမ်အောင် လုပ်နိုင်ဖို့အတွက် ရွှီနင်ကို ဆွဲထားရုံတင်မကဘဲ တခြားအကူအညီတွေပါ ရှာရမယ်။”

ဟန်ဟူရှောင့်က ဟန်ယွဲ့ကို ရှင်းပြလိုက်သည်။ “မဟုတ်ရင်တော့ ရွှီနင် ရှိနေရင်တောင် ငါတို့ရဲ့ ဆုတ်ယုတ်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ သူက စိတ်အာရုံနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲလေ။ သူ့ရဲ့ လက်ရှိခွန်အားနဲ့ အခြေအနေကို ထိန်းထားဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”

“အကူအညီ ရှာမယ် ဟုတ်လား။” ဟန်ယွဲ့က နှုတ်ခမ်းကို စေ့လိုက်မိသည်။

သူတို့သာ အခြားတစ်စုံတစ်ယောက်၏ အကူအညီကို ယူလိုက်ပါက အရိပ်လ ကိုယ်ခံပညာခန်းမ၏ အကျိုးအမြတ် အတော်များများကို လက်လွှတ်ရတော့မည်ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။

“မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။” ဟန်ဟူရှောင့်က သမီးဖြစ်သူကို ချော့မော့လိုက်သည်။ “အရိပ်လ ကိုယ်ခံပညာခန်းမဆိုတာ ချွင်းလင်ခရိုင်မှာ ငါနှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားခဲ့ရတဲ့ စီးပွားရေးတစ်ခုပဲ။ ဒါကို တခြားလူလက်ထဲ မထည့်ချင်ပေမဲ့ အခုတော့ အခြေအနေက တော်တော်ဆိုးနေပြီ။ တခြားနည်းလမ်း မရှိတော့ဘူး။”

“ဒါ့အပြင် ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် တခြားလူတွေဆီမှာ သွားခိုလှုံချင်ရင်တောင် သူတို့က ငါတို့ကို ကူညီချင်ကြပါ့မလား။” ဟန်ဟူရှောင့်က စိတ်ပျက်အားလျော့စွာ ပြောလိုက်လေသည်။

ဟန်ဟူရှောင့်၏ စိတ်ပျက်နေသော ပုံစံကို မြင်သောအခါ ဟန်ယွဲ့ ထိတ်လန့်သွားရသည်။ ကြီးမားလှသော အရိပ်လ ကိုယ်ခံပညာခန်းမကြီးကို ဟန်ဟူရှောင့် တစ်ဦးတည်းကသာ ထိန်းထားရခြင်းဖြစ်ရာ မိမိကိုယ်ကိုယ် အသုံးမကျဟု ဟန်ယွဲ့ အပြစ်တင်မိနေသည်။

“အဖေ...” စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီးနောက် ဟန်ယွဲ့က မေးလိုက်သည်။ “ဘယ်သူ့ဆီကို သွားမှာလဲဟင်။”

“တတိယသခင်မလေးဖုန်ဆီကို။” ဟန်ဟူရှောင့်က ဆိုလိုက်သည်။ “သူက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။”

“ကောင်းပြီ... ငါ့အတွက် အဝတ်အစားတွေနဲ့ ရေနွေးအိုး တစ်လုံး ယူလာပေးပါဦး။” ဟန်ဟူရှောင့်က ပြောရင်း စားပွဲပေါ်ရှိ ဟန်ယွဲ့ ချထားသော ကြွေပုလင်းကို ယူလိုက်သည်။ ထို့နောက် အတွင်းမှ ဆေးပြားများအားလုံးကို သွန်ထုတ်ကာ ပါးစပ်ထဲသို့ အားလုံး ပစ်ထည့်လိုက်လေသည်။

ဟန်ယွဲ့က သူ့ကို တားချင်သော်လည်း စကားလုံးများက လည်ချောင်းဝမှာတင် တစ်နေသဖြင့် ဘာမှ မပြောနိုင်ခဲ့ပေ။ သူမသည် နောက်သို့လှည့်ကာ ဟန်ဟူရှောင့်အတွက် ရေနွေးနှင့် အဝတ်အစားများ ပြင်ဆင်ပေးရန် ထွက်သွားတော့သည်။

. . .

နာရီဝက်ခန့် ကုန်လွန်သွားသည်။ ဟန်ဟူရှောင့်သည် လောင်းကစားရုံတစ်ခုသို့ တစ်ဦးတည်း ရောက်ရှိလာခဲ့သည်။ သူက တံခါးဝတွင် ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ အတွင်းသို့ ဝင်လာခဲ့လေသည်။

လောင်းကစားရုံအတွင်း၌ ဆူညံသံများဖြင့် ပြည့်နှက်ကာ စည်ကားနေလေသည်။ အချို့က ပျော်ရွှင်နေကြပြီး အချို့က စိုးရိမ်နေကြကာ အချို့မှာမူ လောဘဇောနှင့် ရူးသွပ်နေကြ၏။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အစောင့်များက လူများ စိတ်ဓာတ်မကျဆင်းစေရန်နှင့် ပြဿနာမဖြစ်စေရန် ဟိုဟိုဒီဒီ ကင်းလှည့်နေကြသည်။

“နေကောင်းကြလား... ကျွန်တော် တတိယသခင်မ‌လေးဖုန်ကို တွေ့ချင်လို့ပါ။” ဟန်ဟူရှောင့်က အစောင့်တစ်ဦးကို လှမ်းဖမ်းကာ ပြောလိုက်သည်။ ပြောရင်းနှင့်ပင် သူ၏ သက်သေခံ တံဆိပ်ပြားကို ထုတ်ပြလိုက်၏။

အစောင့်က တံဆိပ်ပြားကို ယူကြည့်ပြီးနောက် “ဒီမှာ ခဏစောင့်ဦး။” ဟု ပြောကာ ထွက်သွားသည်။ ခဏအကြာတွင် အစောင့် ပြန်လာပြီး တံဆိပ်ပြားကို ဟန်ဟူရှောင့်ထံ ပြန်ပေးလိုက်လေသည်။

“တတိယသခင်မလေးက စတုတ္ထထပ်မှာ စောင့်နေပါတယ်။” အစောင့်က ဟန်ဟူရှောင့်ကို ပြောလိုက်သည်။ ဟန်ဟူရှောင့်က ကျေးဇူးတင်စကား ပြောကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။

စတုတ္ထထပ်သို့ ရောက်သောအခါ အစောင့်များက သူ့ကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းထဲတွင် လူလေးယောက်သည် စားပွဲတစ်ခု၌ ဝိုင်းထိုင်နေကြပြီး စားပွဲပေါ်တွင် အန်စာတုံးများနှင့် ရွှေစက္ကူများ ရှိနေသည်။

သူတို့အားလုံးသည် ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လက်အမူအရာများမှာပင် မြင့်မြတ်သော ဂုဏ်သရေ ရှိနေ၏။ ဟန်ဟူရှောင့်သည် ကစားနေသူများကို ကြည့်ရင်း တံခါးနားတွင် ရပ်နေကာ ဘာမှ မပြောပေ။ ဟန်ဟူရှောင့်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထိုလေးယောက်မှာ ဂရုမစိုက်ဘဲ ဆက်လက် ကစားနေကြသည်။

ဟန်ဟူရှောင့်မှာ ယခုအခါ ဒဏ်ရာရထားသော်လည်း တစ်နာရီတိတိ စောင့်ဆိုင်းနေခဲ့ရသည်။ ထို့နောက်တွင် သုံးယောက်မှာ ကစားရသည်ကို စိတ်ကျေနပ်သွားပုံရကာ အောက်ထပ်သို့ ဆင်းသွားကြတော့သည်။

ယခုအခါ စားပွဲတွင် အမျိုးသမီးငယ်တစ်ဦးသာ ကျန်ရစ်တော့သည်။ သူမသည် ဝါဖျော့ဖျော့ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ပေါ်တွင်လည်း လက်ရာမြောက်လှသော ဆံထိုးတစ်ချောင်းကို ပန်ဆင်ထားသည်။ သူမ၏ ပုံပန်းသဏ္ဌာန်မှာ တောက်ပကာ ဆွဲဆောင်မှု ရှိလှပေသည်။

“တတိယသခင်မလေးဖုန်... ကျွန်တော် ဟန်ဟူရှောင့်ပါ။” ချွင်းလင်ခရိုင်တွင် နာမည်ကျော် လူကုံထံတစ်ဦး ဖြစ်သော်လည်း ဟန်ဟူရှောင့်က နှိမ့်ချစွာ ပြောဆိုလိုက်သည်။ သူက အမျိုးသမီးငယ်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

“ဘာကိစ္စရှိလို့လဲ။” ဖုန်ချန်ယွီက တိုက်ရိုက်ပင် မေးလိုက်သည်။ သူမ၏ အမူအရာမှာ ပျင်းရိနေဟန် ပေါက်နေပြီး ဂရုမစိုက်သလို ရှိနေလေသည်။

“တတိယသခင်မ‌လေးဖုန်... ကျွန်တော့်ရဲ့ အရိပ်လ ကိုယ်ခံပညာခန်းမကို ကယ်တင်ပေးပါဦး။” ဟန်ဟူရှောင့် အချိန်ဆွဲမနေဘဲ သူလာရသည့် အကြောင်းအရင်းကို ချက်ချင်း ရှင်းပြလိုက်သည်။

“မင်းရဲ့ အရိပ်လ ကိုယ်ခံပညာခန်းမကို ကယ်ပေးရမယ် ဟုတ်လား။” ဖုန်ချန်ယွီက မျက်ခုံးပင့်ကာ နှုတ်ခမ်းလေးကို တွန့်လိုက်သည်။ “အကြောင်းပြချက် ပြောပြလေ။”

ဖုန်ချန်ယွီသည် စိတ်မရှည်တတ်ကြောင်း ဟန်ဟူရှောင့် သိထားသဖြင့် စကားလုံးအနည်းငယ်ဖြင့်သာ ရှင်းပြလိုက်သည်။ “တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ အရိပ်လ ကိုယ်ခံပညာခန်းမကို လုပ်ကြံဖို့ ကြိုးစားနေလို့ပါ။”

ဖုန်ချန်ယွီက အံ့သြခြင်း မရှိဘဲ မေးလိုက်၏။ “ဘယ်သူလဲဆိုတာ သိလား။”

“လောလောဆယ်တော့ မသေချာသေးပါဘူး။” ဟန်ဟူရှောင့်က အမှန်အတိုင်း ဖြေလိုက်သည်။ “ဒါပေမဲ့ ရက်အနည်းငယ် ကြာရင်တော့ တစ်ဖက်လူက သေချာပေါက် ပေါ်လာမှာပါ။”

ဖုန်ချန်ယွီ ပြုံးလိုက်သည်။ “ငါက မင်းကို ကူညီရင် မင်းက ငါ့ကို ဘာပြန်ပေးနိုင်မှာလဲ။”

“အရိပ်လ ကိုယ်ခံပညာခန်းမရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပေးပါ့မယ်။” ဟန်ဟူရှောင့်က ကမ်းလှမ်းချက် ပေးလိုက်သည်။

“၅၀ ရာခိုင်နှုန်း ဟုတ်လား။” ဖုန်ချန်ယွီက ရုတ်တရက် ရယ်မောလိုက်ပြီး ခေါင်းခါပြ၏။ “အားလုံးကို လိုချင်တာ။”

ဟန်ဟူရှောင့် လန့်သွားသည်။ ဖုန်ချန်ယွီက ဤမျှ လောဘကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“တတိယ်သခင်မ‌လေး...” ဟန်ဟူရှောင့် ဆက်ပြောရန် ကြိုးစားသော်လည်း ဖုန်ချန်ယွီက ကြားဖြတ် ပြောလိုက်လေသည်။

“ခန်းမသခင်ဟန်... ငါ ဒီကိစ္စမှာ ပါဝင်ဖို့ လိုမယ်လို့ မထင်ဘူး။” ဖုန်ချန်ယွီက ဆိုလိုက်သည်။ “ဘယ်သူကပဲ မင်းကို တိုက်ခိုက်နေပါစေ... ငါ့မျက်နှာကို ပြလိုက်ရုံနဲ့တင် သူတို့က ငါ့ကို အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းကို ပေးကြမှာပဲ။ ငါ ဘာမှ လုပ်စရာတောင် မလိုဘူး... ဒါက ပိုမကောင်းဘူးလား။”

ဟန်ဟူရှောင့် အံကြိတ်လိုက်သည်။ “တတိယသခင်မ‌လေး... ကျွန်တော် ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပေးပါ့မယ်။”

၎င်းမှာ အကျိုးအမြတ်သက်သက် မဟုတ်တော့ကြောင်း ဟန်ဟူရှောင့် ကောင်းစွာ သိသည်။ အရိပ်လ ကိုယ်ခံပညာခန်းမသာ ပြိုလဲသွားပါက သူတို့နောက်ကွယ်မှ ဆာလောင်နေသော ဝံပုလွေများနှင့် ကျားများက သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။ ထိုအချိန်တွင် သူ၏ မိသားစုဝင်များ၊ တပည့်များနှင့် လက်အောက်ငယ်သားများ အားလုံး အန္တရာယ်ရှိသွားပေလိမ့်မည်။

“၇၀ ရာခိုင်နှုန်း...” ဟန်ဟူရှောင့်၏ နောက်ဆုံး ကမ်းလှမ်းချက်ကို ကြားသောအခါ ဖုန်ချန်ယွီမှာ စိတ်ဝင်စားသွားပုံ ရသည်။

“မင်းက တော်တော် သတ္တိရှိတာပဲ။” ဖုန်ချန်ယွီ တိုးတိုးလေး ရယ်လိုက်မိသည်။ “၇၀ ရာခိုင်နှုန်းက ကောင်းပါတယ်... ဒါပေမဲ့ ငါ့မှာလည်း အခြေအနေတွေ ရှိသေးတယ်။”

“တတိယသခင်မ‌လေး... ပြောပါဦးခင်ဗျာ။” ဟန်ဟူရှောင့် နောက်ဆုံးတွင် မျှော်လင့်ချက် တွေ့လိုက်ရပြီ ဖြစ်သည်။

“ငါက အရိပ်လ ကိုယ်ခံပညာခန်းမကို ကာကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့ တစ်လကြာပြီးမှ။” ဖုန်ချန်ယွီ၏ စကားကြောင့် ဟန်ဟူရှောင့်မှာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။ သို့သော် ဟန်ဟူရှောင့်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

“ခန်းမသခင်ဟန်... မင်း နားလည်ထားရမှာက...” ဖုန်ချန်ယွီက ဆက်ပြောသည်။ “ငါက ဖုန်မိသားစုဝင် တစ်ယောက်ပဲ။ ငါ တစ်ခုခု လုပ်လိုက်ရင် တခြားလူတွေက အမြင်လွဲသွားနိုင်တယ်။ ငါ့မိသားစုကလည်း ငါ့ကို ဝေဖန်ကြလိမ့်မယ်။ ငါက မင်းကို ကာကွယ်ပေးစေချင်ရင် မင်းရဲ့ တန်ဖိုးကို အရင်ပြရမယ်။ ငါမပါဘဲ မင်းတို့က တစ်လတောင် မတောင့်ခံနိုင်ဘူးဆိုရင် ငါက အရိပ်လ ကိုယ်ခံပညာခန်းမဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘာလို့ လက်ခံရမှာလဲ။”

ဟန်ဟူရှောင့် ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။ ဖုန်ချန်ယွီက တစ်လ စောင့်ခိုင်းရခြင်းမှာ အရိပ်လ ကိုယ်ခံပညာခန်းမကို ဘယ်သူက လုပ်ကြံနေသလဲဆိုသည်ကို ကြည့်ချင်နေခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိလိုက်သည်။ အကယ်၍ ပြိုင်ဘက်က ကိုင်တွယ်ရ ခက်ခဲပါက ဖုန်ချန်ယွီသည်လည်း ရှောင်ထွက်သွားနိုင်ပေသည်။

သို့သော်ငြားလည်း ဟန်ဟူရှောင့်တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။

“တတိယသခင်မလေး... မင်းရဲ့ အခြေအနေကို ကျွန်တော် လက်ခံပါတယ်။” ဟန်ဟူရှောင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေတော့သည်။

All Chapters