သာမန်လူသားနယ်ပယ် အဆင့်ရှစ်
Vol. 10 Ch. 100
ရွှေပြား ၂၀၀ ဆိုသည်မှာ ရွှီနင် သေသေချာချာ စဉ်းစားပြီးမှ တောင်းဆိုလိုက်သည့် အခြေအနေပင် ဖြစ်သည်။
အကယ်၍ သူသည် ဤသို့ လှုပ်ခတ်နေသည့် လှေတစ်စင်းပေါ်တွင် လိုက်ပါစီးနင်းလိုပါက ဦးစွာ မိမိကိုယ်ကိုယ် ဘေးကင်းရန် အာမခံချက်ရှိအောင် လုပ်ဆောင်ရပေမည်။
လတ်တလောတွင် သူ၏ စွမ်းအင်လက်ကျန်မှာ ၄၅ ယူနစ် ရှိနေ၏။ အကယ်၍ ရွှေပြား ၂၀၀ ရရှိခဲ့ပါက ထိုငွေများဖြင့် ဝိညာဉ်ဆေးပင်အချို့ ဝယ်ယူနိုင်မည်ဖြစ်ပြီး စွမ်းအင် ၂၅၀ ခန့် ထပ်မံရရှိနိုင်ပေလိမ့်မည်။
ထိုအခါတွင် သူ၏ စုစုပေါင်းစွမ်းအင်မှာ ၃၀၀ နီးပါး ဖြစ်လာပေလိမ့်မည်။
စိတ်အာရုံနယ်ပယ်မှ စိတ်ဆန္ဒနယ်ပယ်သို့ အဆင့်မြှင့်တင်ရန်အတွက် စွမ်းအင် ၂၀၀ ယူနစ်သာ လိုအပ်သည်။
ထိုစွမ်းအင်ပမာဏဖြင့်ဆိုလျှင် သူသည် စိတ်ဆန္ဒနယ်ပယ်သို့ အလွယ်တကူ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
ထို့ပြင် အဆင့်တက်ပြီးသွားပါကလည်း သူ၏လက်ဝယ်တွင် စွမ်းအင် ၁၀၀ နီးပါး ကျန်ရှိနေဦးမည် ဖြစ်သည်။
ဟန်ဟူရှောင့် ဒဏ်ရာမရမီက သူသည် စိတ်ဆန္ဒနယ်ပယ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
စိတ်ဆန္ဒနယ်ပယ်ရှိ အစွမ်းဖြင့် ဟန်ဟူရှောင့်သည် အရိပ်လ ကိုယ်ခံပညာခန်းမကို အချိန်အတော်ကြာအောင် ကာကွယ်နိုင်ခဲ့ပေသည်။ ထို့ကြောင့် ရွှီနင်လည်း ထိုနယ်ပယ်သို့ ရောက်ရှိသွားပါက သူသာ သတိထားလျှင် မိမိကိုယ်ကိုယ် ဘေးကင်းအောင် ထိန်းသိမ်းရန် ခက်ခဲတော့မည် မဟုတ်ချေ။
“ရွှေပြား ၂၀၀ လား... ပြဿနာမရှိပါဘူး။”
ဟန်ဟူရှောင့်သည် ရွှီနင်၏ အခြေအနေကို သဘောတူရန် ဝေခွဲမနေခဲ့ပေ။
အမှန်စင်စစ် ဟန်ဟူရှောင့်အတွက် ရွှေပြား ၂၀၀ ဆိုသည်မှာ နည်းပါးလှသည့် ပမာဏ မဟုတ်ပေ။
အရိပ်လ ကိုယ်ခံပညာခန်းမသည် ချွင်းလင်ခရိုင်အတွင်း လုံခြုံရေးလုပ်ငန်းနှင့် သိုင်းပညာသင်ကြားရေးကဲ့သို့သော နယ်ပယ်များတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသော်လည်း သူတို့၏ တစ်နှစ်တာဝင်ငွေမှာ ရွှေပြားရာဂဏန်း အနည်းငယ်မျှသာ ရှိလေသည်။
ကုန်ကျစရိတ်အားလုံးကို နှုတ်လိုက်ပါက ဟန်ဟူရှောင့်၏ အိတ်ထဲသို့ အသားတင်ဝင်မည့် အမြတ်ငွေမှာ ရွှီနင်၏ ဝင်ငွေပမာဏထက် သိပ်မပိုလှပေ။
ထို့ကြောင့် ဤရွှေ ၂၀၀ မှာ သူတို့၏ စုဆောင်းငွေများထဲမှ ထုတ်ပေးရခြင်းပင် ဖြစ်ပေလိမ့်မည်။
“ဒုတိယခန်းမသခင်ရွှီ... ဒီလထဲမှာ ကျွန်တော်တို့ အသက်ရှင်မရှင် မသေချာပေမဲ့ ခင်ဗျားကိုတော့ ကျေးဇူးတင်ရမှာပါ။”
ဟန်ဟူရှောင့်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ “တကယ်လို့ အခြေအနေက တကယ်ကို ဆိုးလာပြီဆိုရင် ခင်ဗျား ဒီမှာနေပြီး အသေခံမနေပါနဲ့၊ လွတ်အောင်သာ ပြေးပါ။ အဲဒီအချိန်ကျရင် ဟန်ယွဲ့နဲ့ တုချဲ့ကိုပါ ခေါ်သွားပေးဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်ဘာသာကျွန်တော်တော့ ကာကွယ်နိုင်ပါတယ်။”
“ကောင်းပါပြီ။”
ရွှီနင်က နောက်ထပ် ကတိတစ်ခု ပေးလိုက်ပြန်လေသည်။
“ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ ခဏနေရင် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ကို လာပို့ပေးပါ့မယ်။”
ရွှီနင်ထံမှ ကတိရရှိပြီးနောက်တွင်မှ ဟန်ဟူရှောင့်မှာ စိတ်သက်သာရာ ရသွားတော့သည်။
…
ညအချိန်…
ညစာ စားပြီးနောက်…
ရွှီနင်၏ အခန်းအတွင်းရှိ စားပွဲပေါ်တွင် နေ့လယ်က သူဝယ်လာခဲ့သော ဝိညာဉ်ဆေးပင်များ ပြည့်နှက်နေလေသည်။
ဟန်ဟူရှောင့် ထွက်သွားပြီး မကြာမီမှာပင် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်နှင့် ရွှေပြားများကို ရွှီနင်ထံ လာပို့ခဲ့ခြင်း ဖြစ်သည်။
ရွှီနင်သည် ထိုရွှေပြားများကို အသုံးပြုကာ ဝိညာဉ်ဆေးပင်များ သွားရောက်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
တံခါးကို သေချာပိတ်ထားကြောင်း အတည်ပြုပြီးနောက် ရွှီနင်သည် ဝိညာဉ်ဆေးပင်များအတွင်းမှ စွမ်းအင်များကို စုပ်ယူလိုက်တော့သည်။
မကြာမီမှာပင် ဆေးပင်ပုံလေးမှာ ရွှီနင်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤရွှေပြား ၂၀၀ ဖြင့် ဝယ်ယူထားသော ဆေးပင်များက ရွှီနင်၏ စွမ်းအင်ကို ၂၅၃ ယူနစ်အထိ တိုးပွားစေခဲ့သည်။
ယခုအခါ သူ၏ စုစုပေါင်းစွမ်းအင်မှာ ၂၉၈ ယူနစ် ရှိနေပြီ ဖြစ်သည်။
—
အမည် - ရွှီနင်
သိုင်းပညာ - နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် သတ္တမအဆင့် - စိတ်အာရုံနယ်ပယ်) +
မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် (ပြီးပြည့်စုံသောအဆင့်)
လေပြင်းမုန်တိုင်းဓားနည်းစနစ် (ပြီးပြည့်စုံသောအဆင့်)
ပေါ့ပါးငှက်မွှေးလေးအတတ်ပညာ (အခြေခံအဆင့်) +
ရရှိနိုင်သော စွမ်းအင် - ၂၉၈ ယူနစ်
—
စွမ်းအင်လုံလောက်စွာ စုဆောင်းမိပြီ ဖြစ်သဖြင့် ရွှီနင်သည် သူ၏ အတွင်းအားကျင့်စဉ်ကို အဆင့်မြှင့်တင်လိုက်လေသည်။
—
နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၂၀၀ ယူနစ် အသုံးပြုပါမည်လား။
လုပ်မည် / မလုပ်ပါ
—
“လုပ်မည်။”
ရွှီနင်က အတည်ပြုလိုက်သည်။
စိတ်အာရုံနယ်ပယ်သို့ အဆင့်တက်စဉ်ကကဲ့သို့ပင် ရွှီနင်သည် ဦးစွာ ခေါင်းမူးသွားပြီးနောက် အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့် ခံစားချက်ကြီးမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာလေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို မျက်စိဖြင့် မမြင်ရသေးသော်လည်း ရွှီနင်သည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို အာရုံခံနိုင်နေပြီ ဖြစ်သည်။
ရွှီနင်သည် ရှေ့သို့ လက်ဖြင့် ရိုက်ထုတ်လိုက်ရာ လေထုထဲတွင် အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။
‘စိတ်အာရုံနယ်ပယ်ကနေ စိတ်ဆန္ဒနယ်ပယ်ကို အဆင့်တက်လိုက်တာက ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေတာပဲ။’
ရွှီနင်သည် သူ၏ ခန္ဓာကိုယ် ပြောင်းလဲလာမှုကို ခံစားနေရ၏။ ‘ငါ့ရဲ့ အတွင်းအားအပေါ် အာရုံခံနိုင်စွမ်းနဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားပြီ။ အရင်ကဆိုရင် ငါက ပေါက်ကွဲအား၊ ဆွဲဖြဲအားနဲ့ ဖိနှိပ်အားလိုမျိုး ရိုးရှင်းတဲ့ အားအသုံးပြုနည်းတွေကိုပဲ သုံးနိုင်တာ၊ အခုတော့ ခရုပတ် လည်ပတ်အားကိုပါ သုံးနိုင်ပြီဆိုတော့ တိုက်ခိုက်မှုတွေက ပိုပိုပြင်းထန်လာပြီး သတ်ဖြတ်နိုင်စွမ်းပါ ပိုပြီးတိုးတက်လာပြီ။’
‘ဒါ့အပြင် ငါ့ရဲ့ ခုခံနိုင်စွမ်းကလည်း တိုးတက်လာတယ်။ ပိုပြီး ကောင်းမွန်တဲ့အချက်က ငါက အတွင်းအားတွေအများကြီးကို သိုလှောင်ထားနိုင်တော့ အမြဲတမ်း အားအင်ပြည့်ဝနေမှာပဲ။ သန်မာလာတဲ့ အရေပြားကြောင့် ငါ့ခန္ဓာကိုယ်က ခံစားရမယ့် ဒဏ်ရာအများစုကိုလည်း ခုခံနိုင်ပြီဆိုတော့ ပိုပြီး သန်မာတဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်သွားပြီ။’
အင်အား တိုးတက်လာမှုကြောင့် ရွှီနင်၏ ယုံကြည်မှုမှာ နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြန်သည်။
ပြီးပြည့်စုံသောအဆင့် ပြင်ပသိုင်းနှစ်ခုနှင့် စိတ်ဆန္ဒနယ်ပယ် သိုင်းသမားတစ်ဦး၏ အင်အားဖြင့်ဆိုလျှင် သူသည် ယခုအခါ ဟန်ဟူရှောင့်ထက်ပင် ပိုမိုသန်မာနေပြီ ဖြစ်သည်။
‘ခန်းမသခင်ဟန်က အရင်တုန်းက ဒီအခြေအနေကို ကိုင်တွယ်နိုင်ခဲ့ရင် ငါ့အတွက်လည်း အခုချိန်မှာ ဒါက ပြဿနာရှိမှာ မဟုတ်တော့ဘူး။’
အရိပ်လ ကိုယ်ခံပညာခန်းမ မကြာမီ ရင်ဆိုင်ရတော့မည့် အကျပ်အတည်းတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်ဟု ရွှီနင် ယုံကြည်နေသည်။
‘ငါ အခု သာမန်လူသားနယ်ပယ် အဆင့်ရှစ်ကို ရောက်ပြီဆိုတော့ သာမန်လူသားနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်ကိုး ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်။’
ရွှီနင်တစ်ယောက် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
အတိတ်တုန်းကဆိုလျှင် မျှော်လင့်ရုံသာ တတ်နိုင်သည့် ထိုနယ်ပယ်မှာ ယခုအခါ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
‘ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ စွမ်းအင် ဘယ်လောက်လိုမလဲ ကြည့်ရအောင်။’
ရွှီနင်သည် နွေဦးလေပြည်ကျင့်စဉ် ဘေးရှိ “+” လက္ခဏာကို နှိပ်လိုက်သည်။
—
နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၃၀၀ ယူနစ် အသုံးပြုပါမည်လား
လုပ်မည် / မလုပ်ပါ
—
“လုပ်မည်။”
ရွှီနင်က စမ်းသပ်ကြည့်လိုက်သည်။
—
စွမ်းအင် မလုံလောက်ပါ၊ အဆင့်မြှင့်တင်မှု မအောင်မြင်ပါ။
—
ရွှီနင်သည် ဘာဖြစ်လာမည်နည်းဟု စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။
‘စွမ်းအင် ၃၀၀ ဆိုတာ သိပ်မများလှပါဘူး။’
ယခုအခါ သူ၏ နယ်ပယ် မြင့်တက်လာပြီး ပိုမိုသန်မာလာသည်နှင့်အမျှ စွမ်းအင်ယူနစ် အမြောက်အမြားကို ရရှိရန်မှာ ပိုမိုလွယ်ကူလာသည်ဟု ရွှီနင် ခံစားရသည်။
‘စွမ်းအင်သာ လုံလောက်ရင် ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို ရောက်ဖို့က လွယ်ကူတယ်။ ဒါပေမဲ့ ဟင်လင်းပြင်နယ်ပယ်ကို အဆင့်တက်ဖို့ကျရင်တော့ ဒုက္ခများလိမ့်မယ်။’
ရွှီနင်သည် ဟင်းလင်းပြင်နယ်ပယ်သို့ အဆင့်တက်ခြင်းနှင့် ပတ်သက်ပြီး ဝေ့ချန်ချင်းထံမှ ကြိုတင်လေ့လာထားပြီး ဖြစ်သည်။
သာမန်လူသားနယ်ပယ်နှင့် ဟင်လင်းပြင်နယ်ပယ်အကြားတွင် ကြီးမားသော ခြားနားချက် ရှိလေသည်။
သာမန်လူသားနယ်ပယ် အတွင်းအားကျင့်စဉ်နှင့် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်တို့မှာ အခြေခံအားဖြင့် ဆင်တူသယောင်ရှိသော်လည်း၊ နှစ်မျိုးစလုံးမှာ နယ်ပယ်တစ်ခုမှ တစ်ခုသို့ ချိုးဖျက်နိုင်စေသည့် ကျင့်စဉ်များပင် ဖြစ်သည်။
သို့သော် သာမန်လူသားနယ်ပယ် အတွင်းအားကျင့်စဉ်များအကြားတွင်မူ အမျိုးအစား ကွဲပြားသော်လည်း ထူးခြားသည့် ခြားနားချက် မရှိလှချေ။ မည်သည့်ကျင့်စဉ်ပင်ဖြစ်စေ ၎င်းတို့တွင် အားသာချက်နှင့် အားနည်းချက် ကိုယ်စီ ရှိကြသော်လည်း ကျင့်ကြံပြီးနောက် ရလဒ်မှာမူ သင်ရိုးညွှန်းတမ်း တူညီသော ဖတ်စာအုပ် အမျိုးမျိုးကဲ့သို့ပင် ဖြစ်သည်။
ဟင်လင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်များမှာမူ ထိုသို့ မဟုတ်ပေ။ ဝေ့ချန်ချင်း၏ အဆိုအရ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်များသည် ပိုမိုမြင့်မားသော စွမ်းအားနယ်ပယ်ကို ထိတွေ့နိုင်စေသဖြင့် ၎င်းတို့၏ အရည်အသွေးအပေါ်မူတည်၍ ကွာခြားချက်မှာ အလွန်ကြီးမားလှပေသည်။
အရည်အသွေးမြင့်မားသော ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်သည် ကျင့်ကြံသူကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေနိုင်သည့်အပြင် ပိုမိုအစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း ပေးစွမ်းနိုင်ပေသည်။
အရည်အသွေးနိမ့်သော လျှို့ဝှက်ကျင့်စဥ်မှာမူ ကျင့်ကြံသူ၏ အဆင့်ကို ကန့်သတ်ထားရုံသာမက ထိုသူအား တူညီသော နယ်ပယ်ရှိ အခြားသိုင်းသမားများ၏ အင်အားကိုပင် မမီနိုင်အောင် ဖြစ်စေတတ်သည်။
ရွှီနင်တွင် သိုင်းပညာမျက်နှာပြင် ရှိနေသဖြင့် မိမိကိုယ်ကိုယ် မျှော်လင့်ချက် မြင့်မားစွာ ထားရှိထားသည်။ ထို့ကြောင့် သူသည် အရည်အသွေးမြင့်မားသော ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်ကိုသာ ရရှိလိုနေခြင်း ဖြစ်သည်။
သို့သော် လက်တွေ့လောကမှာ ရက်စက်လှ၏။ အရည်အသွေးနိမ့်သော ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဥ်ကိုပင် သာမန်သိုင်းသမားများ ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရွှီနင်တွင်မူ ထိုကျင့်စဥ်များကို ထိတွေ့နိုင်မည့် လမ်းစပင် မရှိသေးချေ။
‘တစ်လှမ်းချင်းပဲ သွားရမှာပေါ့။’
ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်ကို ရရှိရန်မှာ ကံတရားအပေါ် များစွာ မူတည်နေကြောင်း ရွှီနင် သိထားသည်။
‘အရင်ဆုံး ခန်းမသခင် ဟန် ပေးထားတဲ့ ဟင်လင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ကို အရင် လေ့ကျင့်ကြည့်ရမယ်။’
ရွှီနင်သည် စားပွဲပေါ်သို့ ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ကို တင်လိုက်ပြီး ၎င်း၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုစာအုပ်ဟောင်း၏ မျက်နှာဖုံးတွင် “ဒီရေလက်သီး” ဟူသော စာလုံးများကို ထွင်းထုထားလေသည်။
‘ဒီရေလက်သီး...’
၎င်းမှာ ဟန်ဟူရှောင့်က သူ့အား ပေးအပ်ခဲ့သော ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ပင် ဖြစ်သည်။
‘ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်နဲ့ သာမန်လူသားနယ်ပယ် ပြင်ပသိုင်းပညာတွေကြားမှာ ဘာကွာခြားချက်တွေ ရှိမလဲ။’
ရွှီနင်သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
သူသည် စာအုပ်ကို ဖွင့်လှစ်ကာ စာမျက်နှာများကို လှန်ကြည့်လိုက်တော့သည်။
ယခု ရွှီနင် လုပ်ဆောင်ရမည့်အရာမှာ ဒီရေလက်သီးကျင့်စဉ်၏ အနှစ်သာရကို လေ့လာသင်ယူပြီး ၎င်းကို သူ၏ သိုင်းပညာမျက်နှာပြင်ပေါ်သို့ မှတ်တမ်းတင်နိုင်ရန်ပင် ဖြစ်လေတော့သည်။