← Chapters

အခန်း (၁၉၉၅-၁၉၉၈)

Vol. 106 Ch. 1995-1998

အခန်း (၁၉၉၅-၁၉၉၈)

Vol. 106 Ch. 1995-1998

အခန်း (၁၉၉၅) - အလှလေးရဲ့ လှည့်ကွက် တစ်ထောင် (၃)

~ဟိုက်ဒ် ပန်းခြံသည် (၁.၆) သန်း စတုရန်းမီတာ ကျယ်ဝန်းပြီး အင်ပါယာ၏ အကျော်ကြားဆုံး ပန်းခြံ ဖြစ်သည်။ (၁၈) ရာစု မတိုင်မီက ဤနေရာသည် တော်ဝင် မိသားစု၏ သမင်လိုက်ရာ ဥယျာဉ် ဖြစ်ခဲ့သည်။

အရှေ့တောင်ဘက်မှ ပန်းခြံထဲသို့ ဝင်ရောက်ရန် လမ်းကြောင်း သုံးခု ရှိသည်။ ဘယ်ဘက်တွင် အတော်အတန် ကျယ်ဝန်းသော ရော့တန်လမ်း ရှိပြီး၊ ထိုနေရာတွင် အထက်တန်းလွှာများ မြင်းစီးရသည်ကို နှစ်သက်ကြ၏။

အခြား လမ်းကြောင်း တစ်ခုမှာ ပန်းခြံလမ်း၏ အရှေ့မြောက်ဘက်သို့ ဖြန့်ကျက်ထားပြီး၊ အဆင့်မြင့် ဟိုတယ်များနှင့် လူနေ အဆောက်အအုံများစွာ ရှိ၏။ မြောက်ဘက်တွင် ကျော်ကြားသော စပီကာ ထောင့် ရှိပြီး၊ လူများက မိမိတို့၏ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်သည့် နေရာ ဖြစ်သည်။ လူများ ကြိုတင် ပြင်ဆင်မထားသော မိန့်ခွန်းများကို ပြောကြားလေ့ ရှိသည့် နေရာလည်း ဖြစ်ပါသည်။

ယဲ့ဖန်တို့ အဖွဲ့သည် ဘယ်ဘက်မှ ဝင်ရောက်ရန် ရွေးချယ်လိုက်ကြသည်။

ဤနေရာသို့ စတင် ဝင်ရောက်စဉ်က၊ နိုင်ငံသားများ အပန်းဖြေရန်၊ ဂီတဖျော်ဖြေပွဲများနှင့် နွေရာသီ ပွဲတော်များကို ခံစားရန် အကောင်းဆုံး နေရာ တစ်ခု ဖြစ်ကြောင်း မီလီ ပြောပြသည်ကို ကြားခဲ့ရသဖြင့်၊ ယဲ့ဖန် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့မိ၏။

သို့သော် တစ်ပတ် လျှောက်ကြည့်ပြီးနောက်၊ သူ စိတ်ထဲတွင် မညည်းညူဘဲ မနေနိုင်တော့ချေ။

'ဒီ ဖွံ့ဖြိုးပြီး နိုင်ငံ အဟောင်းကြီးက လူတွေမှာ ဒီထက် ကောင်းတာ ဘာမှ မရှိတော့ဘူး ထင်ပါရဲ့'

...

ဟိုက်ဒ် ပန်းခြံသည် ကြွားလုံးထုတ်ထားသလောက် မဟုတ်ဘဲ၊ ပြည်တွင်းက ပန်းခြံ အများအပြားနှင့် ယှဉ်လိုက်လျှင်၊ လူအများစုက အနောက်တိုင်းသားတွေ ဖြစ်နေတာက လွဲလျှင် သိပ်ပြီး ကွာခြားမှု မရှိလှပေ။

ရှုခင်းနှင့် ကစားစရာ ပစ္စည်းများ အပိုင်းတွင် ဆိုလျှင်၊ သူ၏ နေရပ် နိုင်ငံရှိ ထိပ်တန်း ပန်းခြံ အများအပြားလောက်ပင် မကောင်းလှပေ။

မီလီ ယဲ့ဖန်၏ အတွေးကို ရိပ်မိပုံ ရ၏။ သူ့ကို လိုက်ပြပြီးနောက် ပြောလိုက်၏။

"ဒီပန်းခြံက ဒုတိယပါ... အရေးကြီးဆုံးက ဒီက မြင်းစီးတဲ့ အတွေ့အကြုံပဲ..ဦး"

"ဒီပန်းခြံရဲ့ မြင်းစီးကွင်းက ကမ္ဘာတစ်ဝှမ်းက မြင်းစီးကွင်းတွေရဲ့ စံပြပဲ... နေရာက လှပပြီး ခမ်းနားတယ်... ရွေးချယ်စရာ မြင်းအမျိုးအစားတွေကလည်း အရမ်း စုံလင်တယ်"

"အင်ပါယာ တော်ဝင် မိသားစု ဖြစ်ဖြစ်၊ ကမ္ဘာ့ ထိပ်တန်း မြင်းစီး ဝါသနာရှင်တွေ ဖြစ်ဖြစ်... ဒါက မြင်းစီးဖို့ ပထမဆုံး ရွေးချယ်မှုပဲ"

သူမ၏ သူငယ်ချင်းများက အချိန်ကိုက် ဝင်ထောက်ခံလိုက်ကြသည်။

"ဟုတ်တယ်... ဟုတ်တယ်... ဒီက မြင်းစီးရတဲ့ အတွေ့အကြုံက အရမ်း ကောင်းပါတယ်"

"ဈေးနည်းနည်း ကြီးတာက လွဲရင်... ဘာမှ ပြောစရာ မရှိဘူးရှင့်"

"အတန်းဖော်တွေ အွန်လိုင်းမှာ တင်ထားတာ တွေ့ဖူးတယ်... အတွေ့အကြုံက အရမ်း ကောင်းပြီး ဓာတ်ပုံတွေကလည်း အရမ်း လှတယ်တဲ့... အတန်းထဲက ကျောင်းသား အများကြီး လာချင်နေကြတာရှင့်"

"ဦး... နဂါးနိုင်ငံ ရုပ်ရှင်တွေထဲမှာ သူရဲကောင်းတွေ မြင်းစီးတဲ့ အခန်းတွေ အများကြီး ပါတယ် မဟုတ်လား... ကြည့်ရတာ အရမ်း ခန့်ညားတာပဲ"

"ဦးသာ မြင်းစီးရင်... သူတို့လောက်တော့ မညံ့လောက်ပါဘူး"

"ဟီးဟီး...မမကြီးလည်း မြင်းစီးရတာ ကြိုက်ပုံရတယ်... အရင်က မိသားစုနဲ့ မကြာခဏ လာစီးလေ့ ရှိတယ် မလား"

ယဲ့ဖန် သူတို့ စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောအခါ၊ ဒါက မီလီ သူ့ကို ဟိုက်ဒ် ပန်းခြံသို့ ခေါ်လာရခြင်း၏ ရည်ရွယ်ချက် အစစ်အမှန် ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။

သူ မြင်းစီးကွင်း ဧရိယာကို လှမ်းကြည့်လိုက်ရာ၊ တကယ်ပင် အလွန် အဆင့်မြင့်သည်ကို တွေ့လိုက်ရ၏။ သူ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"ဒီမြင်းစီးကွင်းက တကယ် ကြည့်ကောင်းတာပဲ... ရောက်လက်စနဲ့ စီးကြည့်ကြတာပေါ့"

"သမီးဆီမှာ ဒေါ်လာ သိန်းဂဏန်းလောက် ပါတဲ့ ပလက်တီနမ် ကတ် ရှိတယ်... သမီး ရှင်းမယ်"

မီလီ ပြောရင်းနှင့် လူအုပ်ကြီးကို မြင်းစီးကွင်း အဝင်ဝဆီသို့ ကျွမ်းကျင်စွာ ဦးဆောင်သွားလိုက်၏။

သူမက ဒီနေရာ၏ ပုံမှန် ဧည့်သည်နှင့် VIP တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။ သူမ ပေါ်လာသည်နှင့် တပြိုင်နက်၊ မြင်းစီးကွင်း မန်နေဂျာက ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုလေသည်။

သူတို့ အဖွဲ့သည် အလွန် အဆင့်မြင့်သော ဧည့်ခံမှုကို ရရှိလိုက်ကြသည်။

မြင်းစီးကွင်း စည်းကမ်းများကို သိရှိပြီးနောက်၊ မန်နေဂျာက သူတို့ကို အတွင်းကွင်းသို့ ကိုယ်တိုင် လိုက်ပို့ပေးသည်။

ရှားပါး မျိုးစိတ်များနှင့် ကောင်းမွန်စွာ ပြုစုထားသော မြင်းများ အများအပြား ရှိရုံသာမက၊ မြင်းစီးရန် သင့်တော်သော အဝတ်အစားများ၊ သူရဲကောင်း ဝတ်စုံများ စသည်ဖြင့် အစုံအလင် ရှိနေ၏။ ထို့ပြင် ပတ်ဝန်းကျင်ကလည်း အလွန် အဆင့်မြင့်လှသည်။ ဧည့်သည် အချို့က အဝတ်အစားများ လဲလှယ်ပြီး မြင်းကြီးများ ပေါ်တွင် စီးနင်းနေကြပြီ ဖြစ်သည်။ ကြည့်ရတာ အလွန် ဆွဲဆောင်မှု ရှိလှသည်။

"ဝိုး..."

မီလီ၏ ညီမလေးများ ဒါကို မြင်လိုက်ရသောအခါ၊ မျက်လုံးများ အရောင်လက်လာကြသည်။

"အရမ်း မိုက်လွန်းနေပြီ"

"ဒီလို ဆွဲဆောင်မှုကို ဘယ်သူက တွန်းလှန်နိုင်မှာလဲ"

"ဒီဓာတ်ပုံက မဂ္ဂဇင်း မျက်နှာဖုံး တင်လို့ ရတယ်"

သူတို့ အဝတ်အစားများနှင့် မြင်းများကို စတင် ရွေးချယ်ကြပြီး၊ မန်နေဂျာ စီစဉ်ပေးသော မြင်းစီး နည်းပြကို ရှာဖွေလိုက်ကြသည်။

မီလီကမူ ယဲ့ဖန် အနားတွင် နေပြီး ပြုံးလျက် ပြောလိုက်၏။

"ဦး... သမီး ဦးရဲ့ နည်းပြ လုပ်ပေးမယ်လေ"

"အခမဲ့နော်... ပြီးတော့ ဒီက နည်းပြတွေထက် ပိုကောင်းအောင် သင်ပေးမယ်လို့ အာမခံတယ်"

ယဲ့ဖန် ပြုံးလျက် ပြန်ဖြေလိုက်၏။

"မလိုပါဘူး... မြင်းစီးတာလောက်ကတော့... ခုနက ဖြတ်သွားတဲ့ နည်းပြ တစ်ယောက်က မြင်းစီးနည်း အဓိက အချက်တွေကို သင်ပေးနေတာ ကြားလိုက်ရုံနဲ့တင် အခြေခံအားဖြင့် တတ်သွားပါပြီ"

"ဟင်..."

မီလီ ဦးနှောက် ခဏတာ ရပ်တန့်သွားသည်။

ဒီဇာတ်ကွက်က သူမ မျှော်လင့်ထားတာနဲ့ မတူပါလား။

---

အခန်း (၁၉၉၆) - သူ ထပ်ပြီး လုပ်လိုက်ပြန်ပြီ

~မူလက မီလီသည် ဤနေရာရှိ ပတ်ဝန်းကျင်နှင့် လေထုကို အသုံးပြုပြီး ယဲ့ဖန်ကို ဆွဲဆောင်ကာ၊ မြင်းစီးချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

ထို့နောက် ကျွမ်းကျင်သူ တစ်ယောက် အနေဖြင့်၊ သူမသည် ယဲ့ဖန်ကို အဆင့်ဆင့် စတင် သင်ကြားပေးမည် ဖြစ်သည်။

သူမ၏ ကိုယ်ပိုင် ဆွဲဆောင်မှု အချို့ကို ထုတ်ပြရန် အတွက် သဘာဝကျကျ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အချို့ ဖြစ်ပေါ်လာစေမည်။

ယဲ့ဖန်ကို အခြေခံများ သင်ပေးပြီးနောက်၊ သူမသည် နည်းပြ အနေဖြင့် ယဲ့ဖန်နှင့် အတူ မြင်းစီးပြီး သဘာဝကျကျ ရင်းနှီးလာအောင် လုပ်ဆောင်ကာ၊ ယဲ့ဖန် သူမအပေါ် ခံစားချက်များ တိုးပွားလာအောင် ကူညီပေးမည် ဖြစ်သည်။

‘ဒါပေမဲ့ အခု ဒါက ဘာလဲ။

ဦးက နည်းပြ မလိုဘူးလို့ ပြောလိုက်တယ်... သူက ကစားပွဲ အစမှာတင် သူမရဲ့ စစ်တုရင်ခုံကို လှန်ပစ်လိုက်တာလား။’

...

ယဲ့ဖန်က သူ ကြိုက်နှစ်သက်သော မြင်းတစ်ကောင်ကို ရွေးချယ်တော့မည်ကို မြင်လိုက်ရသောအခါ၊ မီလီ အမြန် သတိပေးလိုက်၏။

"ဦး... ဦးက အရမ်း စွမ်းတယ် ဆိုတာ သမီး သိပါတယ်... ဘက်စုံ ထူးချွန်တယ် ဆိုတာလည်း သိပါတယ်... ဒါပေမဲ့ မြင်း ဆိုတာက အပြင်ပန်း ကြည့်ရတာ ယဉ်ပါးတယ် ထင်ရပေမဲ့ လုံးဝ ကွာခြားပါတယ်... တကယ်တမ်း ယဉ်ပါးအောင် လုပ်ပြီး စီးမယ် ဆိုရင် အရမ်း အန္တရာယ် များတယ်နော်"

"အထူးသဖြင့် ကမ္ဘာကျော် မြင်းမျိုးစိတ် တချို့ဆိုရင် ပိုပြီး ဆိုးသွမ်းပါတယ်... ခွန်အားနဲ့ ခံနိုင်ရည် အတိုင်းအတာ တစ်ခုထိ မရှိရင်၊ တခြားသူတွေ စီးတာကို သူတို့က အကြီးအကျယ် ခုခံတတ်ကြပါတယ်... ပြုတ်ကျသွားရင် မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်"

"ရပါတယ်... ငါ မြင်းယဉ်ပါးအောင် လုပ်နည်း နည်းနည်းပါးပါး သိပါတယ်"

ယဲ့ဖန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ဟင်..."

မီလီ ဦးနှောက် ထပ်ပြီး ရပ်တန့်သွားပြန်သည်။

ဦးက မြင်းယဉ်ပါးအောင် လုပ်နည်း သိတယ် ဟုတ်လား။ ဒါက ကျွမ်းကျင် ပညာရှင်တွေမှ လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလား။ ကျွမ်းကျင် မြင်းယဉ်ပါးသူ တစ်ယောက်တောင်မှ မရင်းနှီးတဲ့ မြင်းတစ်ကောင်ကို ချက်ချင်း ယဉ်ပါးအောင် လုပ်နိုင်ချင်မှ လုပ်နိုင်မှာလေ။

ဦး ပြောတာ တကယ် ဟုတ်ရဲ့လား။

"ဦး... ဒီအချိန်မှာ နောက်မနေပါနဲ့"

မီလီ အကဲခတ်လိုက်၏။

ထိုအချိန်တွင် သူတို့ နှစ်ဦး မြင်းရွေးချယ်ရာ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လှပသော အရေခွံများ ရှိသည့် မြင်းအုပ်ကြီးကို သေချာစွာ ဂရုစိုက် ပြုစုထားသည်။

သော်ရိုဘရက် မြင်းများ (Thoroughbred)၊ အာရေဗျ မြင်းများ (Arabian)၊ အာဂျင်တီးနား ပိုလို မြင်းများ (Argentine Polo)၊ ကွာတား မြင်းများ (Quarter)၊ မဏိပေါ မြင်းများ (Manipur)၊ အာခါတီဂျင် မြင်းများ (ဖာဂါနာ မြင်းများ - Ferghana) နှင့် အခြား ရှားပါး မျိုးစိတ်များ ရရှိနိုင်လေသည်။

ယဲ့ဖန်နှင့် မီလီ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ၊ ကြမ်းတမ်းသော မြင်းအများအပြား ချက်ချင်း ခုန်တက်လိုက်ကြ၏။ နောက်သို့ ယိမ်းပြီး ခေါင်းမော့ကာ ဟိန်းဟောက်လိုက်ကြသည်မှာ ငြင်းဆန်ပြီး မကြိုဆိုသည့် ပုံစံမျိုး ဖြစ်နေ၏။

အချို့က ယဲ့ဖန်နှင့် မီလီကို နှာမှုတ်ပြီး ခြိမ်းခြောက်နေသကဲ့သို့ပင် ပြုမူနေကြသည်။

"တွေ့လား ဦး... ဒီက မြင်းအများစုက အရမ်း ကြမ်းတမ်းတယ်"

မီလီ ထပ်မံ သတိပေးရန် ပြင်လိုက်စဉ်၊ ယဲ့ဖန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး၊ သိမ်မွေ့သော အရှိန်အဝါ တစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

ထို့နောက် ပြသနေသော သို့မဟုတ် သူတို့ကို ခြိမ်းခြောက်ရန် ကြိုးစားနေသော ကြမ်းတမ်းသည့် မြင်းများသည် ကြောင်ကို တွေ့လိုက်ရသည့် ကြွက်များကဲ့သို့ လိမ္မာသွားကြတော့သည်။

အထူးသဖြင့် ယဲ့ဖန်၏ အကြည့်က သူတို့ကို ဖြတ်ကျော်သွားသည့် အခါ၊ သူတို့ အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်ပြီး ခေါင်းငုံ့လိုက်ကြ၏။

"ဟင်..."

မီလီ မှင်သက်သွားသည်။

ကျေနပ်အားရစွာဖြင့် မြင်းရွေးရန် လျှောက်သွားသော ယဲ့ဖန်ကို ကြည့်ပြီး၊ သူမ အလိုအလျောက် နောက်မှ လိုက်သွားမိသည်။

"ဦး... မှော်ပညာ တတ်တယ် မလား"

"ခုနက အကွက်က ဒီလောက်များတဲ့ မြင်းတွေကို ခြိမ်းခြောက်လိုက်နိုင်တယ်... မှော်ပညာ သုံးလိုက်တာလား"

"အာ၊ မင်း… ဟယ်ရီပေါ်တာ ကြည့်တာ များသွားပြီ"

ယဲ့ဖန် ထပ်မံ ရှင်းမပြတော့ပေ။ အလွန် အရည်အသွေး ကောင်းမွန်သော အရေခွံနှင့် ကြွက်သားများ ရှိသည့် ဖာဂါနာ မြင်း တစ်ကောင်ကို ရွေးချယ်လိုက်ပြီး၊ မြင်းစီးကွင်း ဘက်သို့ ဆွဲခေါ်သွားလိုက်၏။

မီလီ ပြောစရာ စကားမဲ့သွားရ၏။

သို့သော် ယဲ့ဖန် ထွက်သွားပြီးနောက်၊ ထိုမြင်းများ ပြန်လည် ဆိုးသွမ်းလာကြသည်ကို မြင်လိုက်ရသောအခါ၊ သူမ၏ ထင်မြင်ယူဆချက်က အကြောင်းပြချက် မရှိတာ မဟုတ်ဘူးဟု ခံစားလိုက်ရ၏။

မှော်ပညာ မဟုတ်လျှင် ဘာမှ အဓိပ္ပာယ် မရှိတော့ပါ။

သူ ဝန်မခံရသော အကြောင်းရင်းက မှော်ပညာကျောင်းက မဂ္ဂယ် (Muggle - သာမန်လူ) တွေရှေ့မှာ မှော်ပညာ မသုံးရဘူးဟု တားမြစ်ထား၍ ဖြစ်လောက်သည်။

မြင်းရွေးချယ်ရာ နေရာမှ ထွက်လာပြီး မြင်းစီးကွင်းသို့ ရောက်သောအခါ၊ ယဲ့ဖန် မည်သည့် အကာအကွယ် ပစ္စည်းမှ မဝတ်ဆင်ဘဲ ဖာဂါနာ မြင်းပေါ်သို့ တက်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့်၊ မီလီ အလိုအလျောက် သတိပေးချင်သွားသည်။

"ဦး..."

သို့သော် သူမ စကားမဆုံးခင်မှာပင်၊ ယဲ့ဖန် မြင်းပေါ်သို့ ခုန်တက်ပြီးနေပြီ ဖြစ်သည်။ သူ ဇက်ကြိုးကို လက်ဖြင့် ကိုင်လိုက်ပြီး၊ ခါးနှင့် ခြေထောက်များဖြင့် မြင်း၏ ကျောကုန်းကို တင်းကျပ်စွာ ညှပ်ထားကာ၊ မတ်တပ်ရပ်ပြီး ဇက်ကြိုးကို လှုပ်ခါလိုက်၏။

"သွားစမ်း..."

ဖာဂါနာ မြင်းထီးကြီးသည် စူပါကား တစ်စီးကဲ့သို့ ရှေ့သို့ ပစ်လွှတ်လိုက်သလို ထွက်သွားပြီး၊ တခဏချင်း လှပသော သွေးနီရောင် အရိပ်တစ်ခု အဖြစ် ပြောင်းလဲကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။

ယဲ့ဖန်ကမူ ထိုမြင်းပေါ်တွင် တိုင်စန် တောင်ကြီး (Mount Tai) ကဲ့သို့ တည်ငြိမ်စွာဖြင့် အေးအေးလူလူ ထိုင်လိုက်ပါသွားလေသည်။

အခန်း (၁၉၉၇) - သတင်းကောင်း နှစ်ခု

~တကယ်ကို ချောမော ခန့်ညားလွန်းသည်။

ယဲ့ဖန် မြင်းစီးနေသော ပုံစံသည် အလွန် ကြည့်ကောင်းလွန်းသဖြင့် မီလီ မှသင်သက်သွားမိသည်။

သူမ ဖုန်းကို အလိုအလျောက် မြှောက်လိုက်ပြီး ဓာတ်ပုံ နှစ်ပုံ ရိုက်လိုက်မိသည်။ သူမ၏ မျက်လုံးများတွင် ဘာမျှ မရှိတော့သကဲ့သို့ ဗလာကျင်းနေလေ၏။

ယဲ့ဖန် ဖာဂါနာ မြင်းကို စီးပြီး အဝေးသို့ ရောက်သွားပြီးနောက်၊ သူမ၏ သူငယ်ချင်းများ ဝိုင်းလာကာ ဘာဖြစ်တာလဲ ဟု မေးလိုက်မှသာ မီလီ အသိပြန်ဝင်လာတော့သည်။

"ငါတို့ တွက်တာ လွဲသွားပြီ... ဦးက ငါ သင်ပေးဖို့ လုံးဝ မလိုဘူး"

"သူက ကြမ်းတမ်းတဲ့ မြင်းတစ်ကောင်ကို ယဉ်ပါးအောင် လုပ်တတ်ရုံတင် မကဘူး... သူ့ရဲ့ မြင်းစီးစွမ်းရည်က ငါ့ထက်တောင် အများကြီး ပိုသာနေသေးတယ်"

...

မီလီ အနည်းငယ် စိတ်ပျက်သွားသည်။

သူမ၏ သူငယ်ချင်းများလည်း ခေါင်းကုတ်နေကြ၏။

"ဒါဆို ဘယ်လိုလုပ်မလဲ၊ မမကြီး"

"မြင်းစီး သင်ပေးလို့ မရတော့ဘူး ဆိုရင်... တခြား နည်းလမ်း ပြောင်းမလား"

"ဖော့ခ်စီးတီး ဘေးနားမှာ ရေပူစမ်း တစ်ခု ရှိတယ်... တော်တော် ကောင်းတယ်... ရေပူစမ်း သွားစိမ်ကြမလား... ပြီးတော့ ဦးကို ရေကူး သင်ပေးခိုင်းမလား... ဒါမှမဟုတ် နင်ကပဲ ဦးကို ရေကူး သင်ပေးမလား"

ထိုအချိန်တွင် မိန်းကလေး တစ်ယောက်၏ မျက်လုံးများ အရောင်လက်လာသည်။

"ဟုတ်တယ်... ဒီနည်းလမ်း အလုပ်မဖြစ်ရင် နောက်တစ်နည်း ပြောင်းလိုက်တာ အကောင်းဆုံးပဲ"

"ပြီးတော့ နောက်တစ်ခါကျရင် ငါတို့ အတွေ့အကြုံ ယူပြီး သင်ခန်းစာ ယူရမယ်... မမကြီး ရေကူးတတ်လား၊ မတတ်ဘူးလား ဆိုတာ အစကတည်းက ထုတ်မပြောနဲ့... ဟိုရောက်မှ အခြေအနေ ကြည့်ပြီး ကြံဖန် ပြောကြတာပေါ့"

"ဦး ရေကူးတတ်ရင်၊ မမကြီးက မကူးတတ်ချင်ယောင် ဆောင်လိုက်... ငါတို့လည်း မကူးတတ်ချင်ယောင် ဆောင်ပြီး ဦးကို သင်ပေးခိုင်းလိုက်မယ်... အကယ်၍ ဦး ရေမကူးတတ်ရင်၊ ငါတို့လည်း မကူးတတ်ချင်ယောင် ဆောင်လိုက်မယ်... အဲ့ဒီအခါကျရင် မမကြီးက ဦးရော ငါတို့ရော အကုန်လုံးကို သင်ပေးပေါ့"

"ဒါက အရမ်းကို သဘာဝကျပြီး ယုတ္တိ ရှိတယ်"

မီလီ စိတ်ဝင်စားသွားသည်။

ဖော့ခ်စီးတီး ဘေးနားက ရေပူစမ်းကို သူမ သိသည်။ မကြာခဏလည်း သွားလေ့ရှိပါ၏။

ထိုနေရာက ပတ်ဝန်းကျင်က တကယ် ကောင်းမွန်သည်။ ထို့ပြင် အဆင့်မြင့် ရေချိုးကန် တစ်ခုချင်းစီကလည်း အရမ်း ကျယ်ဝန်းပြီး ရေကူး၍၊ ကစား၍ ရ၏။

ထို့အပြင် သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန်ဆွဲဆောင်မှု ရှိပေသည်။ အကယ်၍သာ သင့်လျော်သော ရေကူးဝတ်စုံကို ရွေးချယ် ဝတ်ဆင်လိုက်ပါက အမျိုးသားများကို ဧကန်မုချ ဖမ်းစားနိုင်မည်ပင်။ ထိုကဲ့သို့သော နေရာမျိုးတွင် ရေကူးသင်ကြားသည့် အခွင့်အရေးကို အသုံးချ၍ ယဲ့ဖန်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ပြုလုပ်နိုင်လျှင် မြင်းစီးကွင်းတွင် ကြိုးပမ်းသည်ထက် များစွာ ပိုမို ထိရောက်လိမ့်မည်။

"ဒါပေမဲ့ အခုက နည်းနည်း နောက်ကျနေပြီ... အခု သွားရင် သိပ်အဆင်ပြေမယ် မထင်ဘူး... ပြီးတော့ ငါတို့ ပြင်ဆင်ချိန် ရမှာ မဟုတ်ဘူး..."

သူမ သူငယ်ချင်းများကို တိုးတိုးလေး ပြောလိုက်၏။

"မနက်ဖြန်မှ သွားကြမလား... အသေးစိတ်ကို နောက်မှ ဆွေးနွေးကြတာပေါ့"

"ဒီတစ်ခါတော့ ဘာအမှားမှ မရှိစေရဘူး"

သူမ၏ ညီမလေးများလည်း သဘောတူလိုက်ကြသည်။

တချိန်တည်းမှာပင် ယဲ့ဖန်သည် မြင်းစီးပြီး တစ်မျိုးတစ်ဖုံသော "အမြန်နှင့် အကြမ်း" (Fast and Furious) အရသာကို ခံစားပြီးနောက်၊ ဖာဂါနာ မြင်းကို ပြန်လှည့်လာခဲ့သည်။

အဝေးမှနေ၍ မီလီနှင့် သူမ၏ ညီမလေးများ တီးတိုး ပြောဆိုနေကြသည်ကို မြင်လိုက်ရသောအခါ၊ သူ တစ်ခုခုကို ရိပ်မိလိုက်၏။

သူသည် အနီးကပ် သွားပြီး အာရုံငါးပါးကို ဖွင့်ကာ သူတို့ ဘာလှည့်ကွက်သစ်တွေ ဆွေးနွေးနေလဲ ဆိုတာ နားထောင်ရန် ပြင်လိုက်စဉ်၊ သူ့ဖုန်းက ရုတ်တရက် တုန်ခါလာသည်။

ထုတ်ကြည့်လိုက်ရာ အန်းကျူပရင့်စ် ထံမှ ဖုန်း ဖြစ်နေ၏။ ဇက်ကြိုးကို ဆွဲပြီး ဖာဂါနာ မြင်းကို ရပ်တန့်လိုက်ကာ ဖုန်းကိုင်လိုက်၏။

မကြာမီမှာပင် အန်းကျူပရင့်စ်၏ တောင်းပန်သလို၊ ပင်ပန်းနေသလို၊ စိတ်လှုပ်ရှားနေသလို အသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"ဆောရီးပါ ၊ မောင်ရေ... ဒီရက်ပိုင်း တော်ဝင် မိသားစုက သတင်းတွေကို လျှို့ဝှက်ထားဖို့ တင်းတင်းကျပ်ကျပ် တောင်းဆိုထားလို့၊ အန်းကျူ ရှင့်ကို လျစ်လျူရှုမိသွားတယ်"

"အဘိုးရယ်၊ အဘိုးအာဂျိုင်းရယ်၊ အဘိုးဘတ်ကင်ဟမ်ရယ်၊ အန်းကျူရယ်... တော်ဝင် မိသားစု ကျင်းပတဲ့ အစည်းအဝေး အသစ်ကနေ အခုလေးတင် ပြန်ရောက်တာပါ"

"ဒီည အိမ်ပြန်လာခဲ့နော်... အန်းကျူ ရှင့်ကို ပြန်ပြီး အစားပေးပါ့မယ်... ပြီးတော့ သတင်းကောင်း နှစ်ခု ပြောပြစရာ ရှိတယ်"

ယဲ့ဖန် သူမ၏ အခြေအနေကို နားလည်ပေးနိုင်သည်။ ပထမ သတင်းကောင်းက ဘာလဲ ဆိုတာ သူ ခန့်မှန်းမိသော်လည်း၊ ဒုတိယ သတင်းကောင်း ရှိသေးသည် ဆိုသောအခါ သူ အံ့သြသွားရ၏။

သူ ချက်ချင်း သဘောတူလိုက်၏။

"ကောင်းပြီလေ"

"ကိုယ် ဒီမှာ ကိစ္စလေး တစ်ခု ရှိသေးလို့... ပြီးတာနဲ့ လာခဲ့မယ်"

"ဟုတ်ကဲ့... ကျွန်မ အရင် ရေချိုးပြီး စောင့်နေပါ့မယ်"

အန်းကျူပရင့်စ်က ဆွဲဆောင်မှု ရှိသော လေသံဖြင့် ပြန်ဖြေလိုက်၏။

ယဲ့ဖန် ဒါကို ကြားတော့ ပြုံးလိုက်၏။ သူမနှင့် ခဏ စကားပြောပြီးနောက် ဖုန်းချလိုက်၏။

ထို့နောက် သူ မီလီတို့ ပြောတာကို ဆက်ပြီး နားမထောင်ချင်တော့ပေ။ သူတို့ဆီ မြင်းစီးပြီး ပြန်သွားကာ ပြုံးလျက် ပြောလိုက်၏။

"ဒီ နှစ်ရက်လုံးလုံး အရမ်း ပျော်ဖို့ ကောင်းပါတယ်... ဒီည ငါ ဧည့်ခံပါ့မယ်... မင်းတို့ အဖော်ပြုပေးပြီး လိုက်ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

"ကောင်းတဲ့ စားသောက်ဆိုင်လေး ဘာလေး ညွှန်းပေးနိုင်မလား"

မီလီ သူမ သူငယ်ချင်းများနှင့် အသည်းအသန် ဆွေးနွေးနေဆဲ ဖြစ်သော်လည်း၊ ယဲ့ဖန်၏ အသံကို ကြားလိုက်ရသောအခါ ခဏတာ ထိတ်လန့်သွားပြီးမှ ပြန်လည် တုံ့ပြန်နိုင်လေသည်။ သူမ ယဲ့ဖန်ကို အမြန် ကြည့်ပြီး မေးလိုက်၏။

"ဦး... ဦး ဆိုလိုတာက ဦးရဲ့ အားလပ်ရက် ကုန်ဆုံးတော့မယ်... အလုပ် ပြန်လုပ်ရတော့မယ် ဆိုတဲ့ သဘောလား"

---

အခန်း (၁၉၉၈) - အန်းကျူပရင့်စ်ရဲ့ အံ့အားသင့်စရာ လက်ဆောင်

~မီလီ သူမ၏ မိသားစုထံမှ သတင်း ရရှိတော့မည်ဟု ယဲ့ဖန် ခန့်မှန်းလိုက်၏။

သူ ခေါင်းညိတ်ပြလိုက်၏။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စရဲ့ ရလဒ်တွေ ထွက်လာပြီလေ... ငါ ခဏလောက် အလုပ်ရှုပ်တော့မယ်"

မီလီ ချက်ချင်း သဘောပေါက်လိုက်၏။ သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး ပြောလိုက်၏။

"ဒါဆို ဦး အလုပ်သွားလုပ်ပါတော့"

"ဦး အားတဲ့ အချိန်ကျမှ သမီးတို့ ထပ်ကစားကြတာပေါ့"

"အချိန်ရရင် သမီးကို ဖုန်းဆက်လိုက်နော်"

"ကောင်းပြီလေ"

ဒီကောင်မလေး အပေါ် ထားရှိသော ယဲ့ဖန်၏ အမြင် ပိုမို ကောင်းမွန်လာပါသည်။

...

တခါတလေ သူမက နည်းနည်း ဉာဏ်များတတ်သော်လည်း၊ အချိန်အများစုမှာတော့ ဒီကောင်မလေးက တကယ်ကို အလိုက် သိတတ်သည်။

ထို့ပြင်၊ ဒီကောင်မလေး ဉာဏ်များသည် ဆိုရင်တောင်၊ ယဲ့ဖန်ကို သဘောကျ၍ ဖြစ်ခြင်း ဆိုတော့ နားလည်ပေး၍ ရပါသည်။

သူတို့ အဖွဲ့ မြင်းစီးပြီးနောက်၊ အနီးနားရှိ မီရှယ်လင်း (Michelin) စားသောက်ဆိုင် တစ်ခုသို့ သွားရောက် စားသောက်ကြသည်။

ထို့နောက် ယဲ့ဖန် တက္ကစီ ငှားပြီး သူနှင့် အန်းကျူပရင့်စ် တို့၏ အချစ်အသိုက်အမြုံဆီသို့ သွားလိုက်၏။

တိုက်ခန်းရှေ့ ရောက်သောအခါ၊ ယဲ့ဖန် ပန်းနံ့၊ ဝိုင်နံ့၊ ခေါင်းလျှော်ရည်နံ့ နှင့် ရေချိုးဆပ်ပြာနံ့များကို ရနေပြီ ဖြစ်သည်။

အန်းကျူပရင့်စ် ရေချိုးပြီးလောက်ပြီ၊ ဝိုင်နှင့် ပန်းတွေလည်း ပြင်ဆင်ထားပြီးလောက်ပြီ ဖြစ်သည်။

သူ စကားဝှက် ရိုက်ပြီး တံခါးဖွင့်လိုက်၏။ သူ ထင်ထားသည့် အတိုင်းပင်၊ ဧည့်ခန်းတံခါးမှ အိပ်ခန်းအထိ လမ်းတစ်လျှောက်တွင် နှင်းဆီ ပွင့်ဖတ်များ ခင်းကျင်းထားသည်။ ဧည့်ခန်းရှိ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် အန်းကျူပရင့်စ်သည် အိပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ အေးစက်နေသော ဝိုင်နီကို သောက်ရင်း ဖုန်းထဲမှ မက်ဆေ့ခ်ျများကို ပြန်နေသည်ကို တွေ့လိုက်ရ၏။

"ဝိုး... အံ့အားသင့်စရာတွေ ရှိနေတာပဲ"

ယဲ့ဖန် လူကြီး ဖြစ်နေပြီ ဆိုသော်လည်း၊၊ ဒီလို အခြေအနေမျိုးကို ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ တံခါးပိတ်လိုက်ပြီးနောက်၊ ကြမ်းပြင်နှင့် ဧည့်ခန်းရှိ အပြင်အဆင်များကို တစ်ချက် ကြည့်လိုက်ပြီးမှ အန်းကျူပရင့်စ် အပေါ် အကြည့် ရောက်သွားသည်။

သူ တကယ် စိတ်လှုပ်ရှားသွားသည်ဟု ပြောရမည်။

ယောကျာ်းက မိန်းမကို အလျော့ပေးရမည် ဆိုပြီး ငယ်ငယ်ကတည်းက သင်ကြားခံခဲ့ရသော နဂါးနိုင်ငံသားတွေ အတွက်တော့၊ ဒီလို ဆက်ဆံခံရမှုမျိုးက စိတ်ကူးတောင် မယဉ်ရဲစရာ ကောင်းလွန်းသည်။

"မောင်... ပြန်ရောက်ပြီလား"

သို့သော် အန်းကျူပရင့်စ် ဂရုမစိုက်ပေ။ ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူမ လုပ်သော ပထမဆုံး အလုပ်မှာ ဖုန်းကို ချလိုက်ခြင်း ဖြစ်သည်။ သူမ တောက်ပစွာ ပြုံးလိုက်ပြီး ယဲ့ဖန်ကို လာရောက် နှုတ်ဆက်ကာ၊ သူ့ခါးကို ဖက်လိုက်ပြီး ကိုအာလာ ဝက်ဝံလေး ကဲ့သို့ တွဲခိုလိုက်လေသည်။

"မတွေ့တာ ရက်နည်းနည်းတောင် ကြာသွားပြီ... ရှင့်ကို အရမ်း လွမ်းနေတာ"

"တကယ် ဆောရီးပါနော်... စတန့်စ်လေဆိပ် ကိစ္စ ပြီးသွားတာနဲ့ ရှင့်အခြေအနေကို ချက်ချင်း ဂရုမစိုက်နိုင်ခဲ့လို့ပါ"

"ရပါတယ်ကွာ... မင်းကို ဘုရင်မကြီးက တော်ဝင် မိသားစုဆီ ဆင့်ခေါ်ပြီး အခြေအနေ မေးမြန်းတာ၊ စုံစမ်းစစ်ဆေးမှုမှာ ကူညီခိုင်းတာတွေ ရှိမယ် ဆိုတာ ကိုယ် သိပါတယ်"

ယဲ့ဖန် နားလည်ကြောင်း ပြောလိုက်၏။

အန်းကျူပရင့်စ် သူ့ကို အစကတည်းက ရှင်းပြပြီး ကြိုတင် အသိပေးထားပြီးသားလေ။

ယဲ့ဖန် သူမကို ပွေ့ဖက်ပြီး ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်လိုက်၏။

"မင်း ဖုန်းထဲမှာ ပြောတုန်းက ကိုယ့်အတွက် သတင်းကောင်း နှစ်ခု ရှိတယ် ဆို... ဘာတွေလဲ"

အန်းကျူပရင့်စ် ယဲ့ဖန်၏ ပေါင်ပေါ်တွင် ထိုင်နေ၏။ သူမ ယဲ့ဖန် အတွက် ဝိုင်နီ တစ်ခွက် ငှဲ့ပေးလိုက်ပြီး၊ သူမ၏ ခွက်နှင့် တိုက်လိုက်၏။

"အောင်ပွဲခံတဲ့ အနေနဲ့ အရင် သောက်လိုက်ကြရအောင်... ပြီးမှ ပြောပြမယ်"

ယဲ့ဖန် ခွက်ချင်း တိုက်လိုက်၏။ သူ ဝိုင်နီကို တစ်ငုံ သောက်ရန် ပြင်လိုက်စဉ်၊ အန်းကျူပရင့်စ်က ဝိုင်နီကို ငုံထားပြီး သူ့ကို လှမ်းနမ်းလိုက်သည်ကို မမျှော်လင့်ထားမိပေ။

သူမ သူ့ကို (၁၉၈၂) ခုနှစ် လာဖိုက် (Lafite) ဝိုင်နီ အရသာ ပါဝင်သော အနမ်းတစ်ခု ပေးလိုက်၏။

နမ်းပြီးနောက် သူမ၏ မျက်နှာ နီရဲနေပြီး ပြောလိုက်၏။

"ပထမ သတင်းကောင်းကတော့... စတန့်စ်လေဆိပ် အဖြစ်အပျက်ကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီးသွားပြီ... ဒီဗွန်ရှိုင်းယား မိသားစုရဲ့ မျိုးဆက်သစ် အားလုံးကို ဖမ်းဆီးပြီး ဒီည အင်ပါယာရဲ့ အမှတ် (၁) အထူး အကျဉ်းထောင်ကို ပို့လိုက်ပြီ... နောက်ရက်နည်းနည်း ကြာရင် တော်ဝင် မိသားစုက လူသိရှင်ကြား စစ်ဆေး မေးမြန်းလိမ့်မယ်... အမာခံ အဖွဲ့ဝင်တွေ အားလုံး သေဒဏ် ကျလောက်တယ်... ကျန်တဲ့ ကြံရာပါတွေလည်း အနည်းဆုံး တစ်သက်တစ်ကျွန်း ကျလောက်တယ်... ဒီဗွန်ရှိုင်းယား မိသားစု ပျက်စီးသွားပြီလို့ ဒီနေ့ တရားဝင် ကြေညာလိုက်ပြီ"

"ဒါ့အပြင် တော်ဝင် အထူးအေးဂျင့် အဖွဲ့ဝင် တချို့နဲ့ ဒီဗွန်ရှိုင်းယား မိသားစု ပူးပေါင်း ကြံစည်ခဲ့တာကိုလည်း တော်ဝင် မိသားစုက အကြီးအကျယ် ဒေါသထွက်နေကြတယ်"

"အင်ပါယာ တော်ဝင် မိသားစုက ဆုံးဖြတ်လိုက်ပြီ... ဘုရင်မကြီး ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်မယ်... အထူးအေးဂျင့် အစ္စဘယ်လ်လာ က ဘုရင်မကြီးရဲ့ ကိုယ်ရံတော်တွေနဲ့ အတူတူ ဒီဖြစ်ရပ် တစ်ခုလုံးကို စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးလိမ့်မယ်... ပြီးတော့ အင်ပါယာ အထူးအေးဂျင့်တွေနဲ့ တော်ဝင် မိသားစုရဲ့ ဌာန အားလုံးကို သန့်ရှင်းရေး စစ်ဆင်ရေး စတင် လုပ်ဆောင်မယ်... အင်ပါယာ တော်ဝင် မိသားစုကို သစ္စာဖောက်တဲ့ သစ္စာဖောက်တွေ အားလုံးကို ဖမ်းဆီးရမယ်"

ယဲ့ဖန် အနည်းငယ် ခေါင်းညိတ်လိုက်၏။ အစ္စဘယ်လ်လာ အကြောင်း ကြားရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း၊ သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။

"ဒါက မျှော်လင့်ထားပြီးသားပါ... တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း ဆိုတာ အင်ပါယာ တော်ဝင် မိသားစုရဲ့ အစွမ်းထက်ဆုံး လှံတံလေ... အစွမ်းထက်ဆုံး လှံတံက သစ္စာဖောက်တာက ဒီဗွန်ရှိုင်းယား မိသားစုက တော်ဝင် မိသားစုကို သစ္စာဖောက်တာထက် ပိုပြီး ခွင့်မလွှတ်နိုင်စရာ ကောင်းတယ်"

"ဒုတိယ သတင်းကောင်းက ဘာလဲ"

All Chapters