အခန်း (၂၀၀၅-၂၀၀၆)
Vol. 144 Ch. 2005-2006
အပိုင်း(၂၀၀၅)
ထိုအချိန်တွင် တစ်လောကလုံးသည် ရပ်တန့်သွားခဲ့ပြီ ဖြစ်သော်လည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာမူ ကောင်းကင်တာအို၏ အချိန်ရပ်တန့်မှုဒဏ်ကို မခံရတော့ပေ။ သူ၏ ကြယ်တာရာ ဝိညာဉ်များသည်လည်း အသိစိတ်ရှိနေစေရန် အထူးအားထုတ်နေစရာ မလိုတော့ပေ။ ယခုအခါ သူ၏ ဦးခေါင်းထက်တွင် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းကွင်းတစ်ခု ဝန်းရံလျက် ရှိနေသည်။ ၎င်းမှာ ဖီဆန်လေး ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။
သူမတွင် ခါးပတ် ကိုးခု ရှိရာ၊ ထိုကိုးခုအနက် နှစ်ခုမှာ အပေါ်နှင့် အောက်တွင် ရှိသော အလင်းကွင်းများ ဖြစ်သည်။ ထို့ပြင် အပြင်ဘက်အလွှာနှင့် အတွင်းဘက်အလွှာ၌လည်း ခါးပတ်များ ရှိနေသေးသည်။
အပြင်ဘက်အလွှာတွင် ငြိမ်သက်စွာ လည်ပတ်နေသော ခါးပတ်သုံးခု ရှိပြီး၊ အတွင်းဘက်အလွှာတွင်မူ + ပုံစံ၊ x ပုံစံ၊ သို့မဟုတ် I နှင့် - ပုံစံများအဖြစ် အဆက်မပြတ် ကူးယှဉ်လှုပ်ရှားနေသော ခါးပတ်လေးခု ရှိသည်။ ထိုခါးပတ်များ တစ်တန်းတည်း ကျသွားသည့်အခါတိုင်း တစ်သားတည်းဖြစ်ခြင်း၏ အနှစ်သာရကို ခံစားရစေသည်။
ဝေ့ဝူယင်သည် ထိုအရာများကို အသေအချာ လေ့လာခဲ့ဖူးသည်။ အပြင်ဘက်မှ ခါးပတ်သုံးခုမှာ သေမျိုးရည်ရွယ်ချက် အော်ရာ၊ လျှို့ဝှက်ရည်ရွယ်ချက် အော်ရာ နှင့် တန်ခိုးရှင် အော်ရာတို့ ပိုင်ဆိုင်ထားကြောင်း သူ ကောက်ချက်ချထားသည်။
ထိုခါးပတ်များသည် တိုက်ပွဲအတွင်း လှုပ်ရှားမှု မရှိခဲ့ဘဲ ဝေ့ဝူယင်နှင့် ဖီဆန်လေးကိုသာ ဝန်းရံနေခဲ့ကြသည်။ လောကနယ်မြေကို ဖြန့်ကျက်လိုက်ချိန်တွင်ပင် ၎င်းတို့မှာ တုံ့ပြန်မှု မရှိခဲ့ပေ။
သို့သော် အတွင်းဘက်ရှိ ခါးပတ်လေးခုမှာမူ အနည်းငယ် တုံ့ပြန်မှု ပြခဲ့သည်။ ဝေ့ဝူယင်သည် ထိုအော်ရာများကို လေ့လာရင်း ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။ သူသည် တာအိုများ၊ အထူးသဖြင့် သူ့အား ကောင်းချီးပေးခဲ့သော မဟာတာအိုများနှင့် ထိတွေ့ဖူးသူ ဖြစ်ရာ၊ ထိုကွင်းများသည် တာအိုများ၏ အော်ရာကို ထုတ်လွှင့်နေကြောင်း သိလိုက်သည်။
ရုပ် တာအို နဲ့ နာမ် တာအို... ဝေ့ဝူယင်သည် ဝေ့ရှောင်ထျန်း၏ အသိပညာ မပါဘဲပင် ဤအော်ရာနှစ်ခုကို ခွဲခြားနိုင်ခဲ့သည်။
“ဒါက သားရဲတွေရဲ့ မူလတာအိုပဲ...”
ခရတိုက ဟိန်းဟောက်လိုက်သည်။ မူလတာအိုများစွာ ရှိသည့်အနက် မူလ ဟူသော စကားလုံးမှာ ဝေ့ဝူယင် မသိသေးသော ကြီးမားသော အဓိပ္ပာယ်တစ်ခု ရှိနေနိုင်သည်ဟု သူ ယူဆမိသည်။
“စိတ် တာအို...”
ဧဒင်ကလည်း လေးနက်စွာ ဝင်ပြောသည်။ ဧဒင်သည် အဂ္ဂိရတ်တာအိုနှင့် စိတ်တာအို နှစ်ခုလုံးကို ကျင့်ကြံထားသူ ဖြစ်ရာ ထိုခါးပတ်များ၏ အစွမ်းကို ခန့်မှန်းရန် ကြိုးစားနေသည်။
ကြယ်တာရာ ဝိညာဉ်တစ်ခုစီတွင် ကိုယ်ပိုင်လမ်းစဉ်နှင့် မဟာတာအိုများ ရှိကြသည်။ ကံမကောင်းစွာဖြင့် ဝေ့ဝူယင်သည် တာအိုအော်ရာများကို ခွဲခြားနိုင်သော်လည်း ၎င်းတို့၏ နက်နဲမှုကိုမူ အပြည့်အဝ နားမလည်သေးပေ။ သူတော်စင် နွေဦးကွင်းပြင်၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးမှသာ ပိုမိုနားလည်နိုင်ပေလိမ့်မည်။
“အပေါ်က အလင်းကွင်းကတော့ သံသယဖြစ်စရာမလိုအောင် ကောင်းကင်တာအိုရဲ့ အော်ရာပဲ... ဒါပေမဲ့ နည်းနည်းတော့ ထူးခြားနေတယ်... ပြီးတော့...”
ဝေ့ဝူယင်သည် သူ၏ ခြေဖဝါးအောက်ရှိ မှိန်ဖျော့နေသော အလင်းကွင်းကို ကြည့်လိုက်သည်။ အပေါ်ကွင်းမှာ ကောင်းကင်တာအို ဖြစ်လျှင် အောက်ကွင်းမှာမူ သူ၏ အပြစ်သားတက်တူးကဲ့သို့ အပြစ်သားအော်ရာကို ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်းမှာ နွေဦးကွင်းပြင်၏ အကုသိုလ်မြူတိုက်ကဲ့သို့ ရွံရှာဖွယ်ကောင်းခြင်း မရှိဘဲ စင်ကြယ်လှသည်။
ခါးပတ် တစ်ခုချင်းစီသည် တာအိုတစ်ခုစီ၏ အလင်းကွင်းများကဲ့သို့ပင်။ ဖီဆန်လေး၏ ပြောင်းလဲမှုမှာ ယခုမှ စတင်ရုံသာ ရှိသေးသည်။
သူ ဆက်လက်မစဉ်းစားရသေးမီမှာပင် ကောင်းကင်တာအို၏ ကမ္မ ကံကောင်းမှု ဆုလာဒ်မှာ ရွှေရောင်လေပြေနှင့် အရည်များအသွင်ဖြင့် သူ၏ထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာလေသည်။ ဝေ့ဝူယင်သည် မျက်တောင်တစ်ချက်မခတ်ဘဲ ထိုကောင်းချီးများ မိမိထံ စီးဝင်လာသည်ကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။
[ညာလက်မောင်း - မာန]
ကမ္မ တန်ဖိုး - ၁၅၉,၆၆၄.၃ → ၃၂၂,၈၀၁.၃
[ဘယ်လက်မောင်း - ရမ္မက်]
ကမ္မ တန်ဖိုး - ၇၄,၇၄၀ → ၂၃၇,၈၇၇
သူ၏ လက်မောင်းနှစ်ဖက်လုံးသည် ကမ္မကောင်းချီးများကို တူညီသော အားဖြင့် ဆွဲယူကာ အညီအမျှ ခွဲဝေလိုက်ကြသည်။ သို့သော် ရရှိလာသော ပမာဏမှာ ဝေ့ဝူယင်ကို အလွန်ပင် အံ့အားသင့်စေခဲ့သည်။ ထိုပမာဏက...။
သူ၏ ရမ္မက် အပြစ်သားတက်တူးပင်လျှင် ယခင်က မာန တက်တူး၏ အမြင့်ဆုံးတန်ဖိုးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဤမျှ များပြားသော ပမာဏမှာ တည်ရှိမှု ကွာခြားချက်ကြောင့်လော၊ ကျင့်ကြံခြင်း ကွာခြားချက်ကြောင့်လော၊ သို့မဟုတ် အကုသိုလ်မြူတိုက်၏ ပြင်းထန်မှုကြောင့်လော ဝေ့ဝူယင် မသိပါချေ။
၃၂၆,၂၇၄...
ဘုန်း...
ရုတ်တရက် ဝေ့ဝူယင်သည် ကောင်းကင်ယံကြီး တစ်ခုလုံး ကြေမွသွားသကဲ့သို့ ပြင်းထန်သော အသံကြီးကို ကြားလိုက်ရပြီး ညာလက်မောင်းတွင် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်။ ဘာဖြစ်သွားသည်ကို သူ မသိလိုက်မီမှာပင် အချိန်ယန္တရားသည် ပြန်လည်လည်ပတ်လာပြီး သူသည် ဟင်းလင်းပြင်အတွင်း လွင့်မျောနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“...”
ဝေ့ဝူယင် မိမိ၏ ညာလက်မောင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ မူလကရှိသော အနီရင့်ရောင် စာလုံးများကြားတွင် အနက်ရောင်နှင့် ရွှေရောင်ရောယှက်နေသော ပုံစံသစ်တစ်ခု တိုးလာလေပြီ။ ၎င်းမှာ တက်တူး၏ မူလအလှနှင့် လိုက်ဖက်ညီလှသော်လည်း ကောင်းကင်တာအိုကိုယ်တိုင် ရေးဆွဲထားသကဲ့သို့ ခန့်ညားထူးခြားလှသည်။
သူ မျက်တောင်တစ်ချက် ခတ်လိုက်သောအခါ အချိန်မှာ တစ်ဖန် ပြန်လည်ရပ်တန့်သွားပြန်သည်။ အဝေးတစ်နေရာတွင်တော့ လေမရှိဘဲ လွင့်ပျံနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အနက်ရောင် အရိုးစုမှာ တစ်ဖန် ပြန်လည်ပေါ်လာပြန်လေပြီ။
...
“...”
အမှောင်ဟင်းလင်းပြင်အတွင်း အနက်ရောင် အရိုးစု ၏ အဖြူရောင်ဝတ်ရုံစတို့သည် တဖျတ်ဖျတ် လွင့်ပျံနေသည်။ သူမသည် ဝေ့ဝူယင်နှင့် မီတာအနည်းငယ်အကွာတွင် လေဟာနယ်၏ ဆွဲငင်အားအတိုင်း တစ်ပြိုင်နက်တည်း လွင့်မျောပါလာ၏။ မိန်းမပျိုတစ်ဦး၏ ပုံသဏ္ဌာန်ရှိသော နက်မှောင်သည့် အရိုးစုကြီးမှာ ဝေ့ဝူယင်၏ မျက်စိရှေ့တွင် တဖိတ်ဖိတ် တောက်ပနေပြီး ခန္ဓာကိုယ်မှာမူ အနည်းငယ် ပွင့်လင်းမြင်သာနေသည်။
ဝေ့ဝူယင်သည် တစ်ချက်ကြည့်ရုံဖြင့် ဤအရိုးစုမှာ ကိုယ်တိုင်ရောက်ရှိလာခြင်း မဟုတ်ဘဲ၊ သူ၏ အပြစ်သားတက်တူး မှတစ်ဆင့် ပေါ်ထွက်လာသော ဝိညာဉ်အသိဓာတ်ပါသည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သိလိုက်သည်။
ယခင်က စန်းယွန်းလီ၏ အချိန်ခရီးသွား ပြန်လည်ဝင်စားမှု ဖြစ်ပေါ်စဉ်ကလည်း ဤအရိုးစုသည် တစ်ကြိမ် ပေါ်လာခဲ့ဖူးပြီး၊ အပြစ်သားမျိုးဆက်ဖြစ်သော သူ့အား ထိုကြောက်မက်ဖွယ် ကန့်သတ်ချက်များမှ လွတ်မြောက်အောင် ကူညီပေးခဲ့ဖူးသည်။
ယခုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။
အဖြူရောင်ဝတ်ရုံနှင့် အနက်ရောင် အရိုးစုကြီးအား အကြိမ်ကြိမ် တွေ့ဆုံဖူးပြီးနောက်တွင် ဝေ့ဝူယင်သည် သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသော အကြည့်များကြောင့် စိမ့်တက်လာသည့် ခံစားချက်မျိုး မရှိတော့ပေ။ ခဏအကြာတွင် အနက်ရောင် အရိုးစု၏ မေးရိုးများ လှုပ်ရှားလာသည်။
“ကောင်းကင်တာအိုဟာ တရားမျှတသလို၊ တစ်ဖက်မှာလည်း မတရားဘူး... သူမျက်နှာသာပေးတဲ့သူတွေဟာ ကောင်းချီးခံတွေ ဖြစ်လာပြီး အသက်ရှည်ရှည် နေရတယ်၊ လောကအနှံ့မှာ ထွန်းကားကြတယ်၊ အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ပြီး အဆုံးမဲ့ကြယ်တာရာတွေအောက်မှာ အုပ်ချုပ်သူတွေ ဖြစ်လာဖို့ အခွင့်အရေး ရကြတယ်... ဒါပေမဲ့ သူ့ကို ဆန့်ကျင်တဲ့သူတွေ၊ အပြစ် လုပ်တဲ့သူတွေအတွက်တော့ ကံဆိုးမိုးမှောင်ကျမှုနဲ့ မတရားမှုတွေကိုပဲ ပေးအပ်ပြီး အသက်ရှင်ဖို့အတွက် တောင်းပန်တိုးလျှိုး ရုန်းကန်စေတယ်... သူ့ရဲ့ စည်းမျဉ်းတွေဟာ သူ့ရဲ့ စည်းမျဉ်းတွေပဲ... အဲဒါက ငါတို့ရဲ့ စည်းမျဉ်းတွေ မဟုတ်ဘူး၊ ငါတို့ရဲ့ တာအို လည်း မဟုတ်ဘူး...”
သူမ ပြောလိုက်သော စကားလုံးတိုင်းမှာ ယခင်ကအတိုင်း တစ်လုံးမလွဲတူညီနေသည်။ ဤအရာသည် အပြစ်သားမျိုးဆက်များအတွက် ကြိုတင်သတ်မှတ်ထားသော သတင်းစကား ဖြစ်ကြောင်း ဝေ့ဝူယင် အတည်ပြုလိုက်နိုင်သည်။
“ဒါပေမဲ့ ကောင်းချီးခံရသူ တွေကြားမှာလည်း မတရားမှုတွေက ပျံ့နှံ့နေတာပဲ... တချို့က ကောင်းကင်တာအိုရဲ့ သန့်စင်ခြင်းသံသယကို တွန်းလှန်ရင်း ဝိညာဉ်ကို စွန်းထင်းစေပြီး ပြန်လည်မွေးဖွားလာတဲ့အခါမှာ ကုသိုလ်ကံကောင်းခြင်းတွေကို ရယူသွားကြတယ်... တချို့ကျတော့လည်း အတိတ်ဘဝမှာ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကို သိသိသာသာဖြစ်စေ၊ မသိလိုက်ဘဲဖြစ်စေ လိုက်နာခဲ့လို့ ကမ္မကံကောင်းမှုတွေ စုဆောင်းမိသွားကြတယ်...”
“ဘယ်သူက သာလဲ၊ ဘယ်သူက နိမ့်သလဲ... ဘယ်သူမှ မသာဘူး... နောက်ဆုံးတော့ သူတို့အားလုံးဟာ ကောင်းကင်တာအိုရဲ့ လျစ်လျူရှုတဲ့ အကြည့်အောက်မှာ ကောင်းချီးခံ အဆင့်အတန်းကိုပဲ ရကြတာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားလို့ မရဘူး... ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး... အပြစ်သား သွေးမျိုးဆက်... မင်းရဲ့ ခရီးလမ်းမှာ ကောင်းချီးခံတွေကြား ပဋိပက္ခဖြစ်တာကို ကြုံဖူးကောင်း ကြုံဖူးလိမ့်မယ်... ကောင်းကင်တာအိုဟာ တရားမျှတတယ်လို့ မင်း ယုံကြည်ကောင်း ယုံကြည်နိုင်သလို၊ ကံကောင်းခြင်း ပိုကြီးမားတဲ့သူရှိနေရင်တောင် ကောင်းကင်တာအိုက ဘာမှမလုပ်ဘဲ လျစ်လျူရှုထားတာကို သံသယဖြစ်နိုင်တယ်...”
“အဲဒီလိုဆိုရင်တော့ မတရားမှု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်း မကြာခင် နားလည်လာလိမ့်မယ်... မင်း ကောင်းကင်ကနေ ကံတရားတွေကို လုယူခဲ့လို့ ရလာတဲ့ ကမ္မကံတန်ဖိုးတွေကြောင့် ဘာရခဲ့သလဲဆိုတာ ငါပြောပြမယ်... ကမ္မကံ ကံကောင်းခြင်းတန်ဖိုး ၃၃၃,၃၃၃ ကို ရောက်ရှိသွားတဲ့အခါ မင်းရဲ့ ကောင်းချီးခံရသူ အဆင့်အတန်းဟာ ဆင့်ကဲပြောင်းလဲသွားပြီ... ကောင်းကင်တာအိုရဲ့ မျက်စိထဲမှာ မင်းရဲ့ ဘွဲ့အမည်နဲ့ မင်းရဲ့ တည်ရှိမှုက ပြောင်းလဲသွားခဲ့ပြီ...”
“အပြစ်သား သွေးမျိုးဆက်ဖြစ်တဲ့ မင်းဟာ ကောင်းကင်တာအိုရဲ့ သူတော်ကောင်း တစ်ဦးအဖြစ် သတ်မှတ်ခံရမယ့် အခွင့်အရေးကို ရရှိသွားပြီ... အဲဒါကတော့ ကောင်းချီးခံ သူတော်ကောင်းပဲ... ကောင်းကင်နဲ့ မြေကြီးမှာ မင်းကို အင်ပီရီယန်လို့ သိကြလိမ့်မယ်... မတရားမှုနဲ့ မညီမျှမှုတွေရဲ့ နက်နဲမှုဟာ အဲဒီကနေတစ်ဆင့် ပိုပြီးတော့ ကျယ်ပြန့်လာလိမ့်ဦးမယ်...”
“အင်ပီရီယန် တစ်ဦး ဖြစ်ခွင့်ကိုတော့ အတိတ်ဘဝမှာ ကောင်းကင်တာအိုအပေါ် အလွန်အမင်း သစ္စာရှိခဲ့သူတွေ၊ လက်ရှိဘဝမှာ ကောင်းကင်တာအိုရဲ့ စနစ်ကို ထိန်းသိမ်းဖို့ ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တဲ့ ကောင်းချီးခံရသူ တွေပဲ ရနိုင်တာ... ဒါမှမဟုတ်ရင်တော့...”
အနက်ရောင် အရိုးစုမှာ ထိုအချိန်တွင် ပြုံးလိုက်သယောင် ရှိသည်...
“မင်းလို အပြစ်သား သွေးမျိုးဆက်က ကောင်းကင်ဆီကနေ အဲဒီအခွင့်အရေးကို လုယူ လိုက်တာမျိုးပဲ...”
ဝေ့ဝူယင်သည် နှလုံးသား၊ စိတ်ဝိညာဉ်နှင့် အတွေးစတို့ အားလုံး တုန်လှုပ်ချောက်ချားသွားသည်ကို ခံစားလိုက်ရသည်။
“ဒါက ဘာကို ဆိုလိုသလဲဆိုတာကိုတော့ မင်းကိုယ်တိုင် ရှာဖွေရလိမ့်မယ်... သတိထားပါ အပြစ်သား သွေးမျိုးဆက်... မင်း ဒီလမ်းကို ဆက်လျှောက်လေလေ၊ အပြစ်တရားရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ကြိုးစားရာမှာ အန္တရာယ် ပိုကြီးလေလေပဲ... ဒါပေမဲ့ ဒါကိုတော့ မှတ်ထားပါ... ကောင်းချီးခံ နဲ့ အင်ပီရီယန် နှစ်ယောက်ကြားမှာ ဘယ်သူ့ကို ကယ်ပြီး ဘယ်သူ့ကို အသေခံရမလဲလို့ ရွေးချယ်စရာ ရှိလာရင် ကောင်းကင်တာအိုဟာ အမြဲတမ်း... အမြဲတမ်း... အင်ပီရီယန် ကိုပဲ ရွေးချယ်လိမ့်မယ်... အကယ်၍ အင်ပီရီယန် နှစ်ယောက်ဟာ ကံကြမ္မာ တစ်ခုအတွက် တိုက်ပွဲဝင်ကြရင်လည်း ကံကြမ္မာ ပိုကြီးမားတဲ့သူကို ကောင်းကင်တာအိုက အစွမ်းကုန် ကူညီပေးလိမ့်မယ်၊ ကျန်တဲ့တစ်ယောက်ကတော့ ဘာမှ ရမှာမဟုတ်ဘူး... အဲဒီလောက်အထိ ပြင်းထန်တဲ့ ကောင်းကင်တာအိုရဲ့ လွှမ်းမိုးမှုကို မင်းရဲ့ အပြစ်သားတက်တူးက တောင့်ခံနိုင်ဖို့ ခက်ခဲလိမ့်မယ်... အဲဒါကြောင့် မင်းရဲ့ အစစ်အမှန် အပြစ်သားဝိညာဉ် ကိုပဲ အားကိုးရလိမ့်မယ်... ကောင်းကင်ကနေ ထပ်ပြီး မလုယူခင်မှာ တတိယအဆင့်ကို ကျင့်ကြံထားဖို့ ငါ အကြံပေးချင်တယ်”
“သတိထားပါ မျိုးဆက်သစ်... မင်းရဲ့ အပြစ်သားခရီးလမ်းက ခုမှ စတာပဲ ရှိသေးတယ်...”
အနက်ရောင် အရိုးစု၏ ပုံရိပ်မှာ နောက်ဆုံးစကားလုံး ပြောပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
ရပ်တန့်နေသော ကမ္ဘာကြီးမှာ ပြန်လည်လှုပ်ရှားလာ၏။
ဝေ့ဝူယင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားရင်း စကြဝဠာ၏ စီးဆင်းမှုအတိုင်း လိုက်ပါစီးမျောကာ ထိုသတင်းအချက်အလက်များကို ပြန်လည်သုံးသပ်နေခဲ့သည်။
ကောင်းချီးခံ သူတော်ကောင်း... အင်ပီရီယန်... ကောင်းကင်တာအို၏ မတရားမှု... အပြစ်သားတက်တူး၏ အာနိသင်မရှိနိုင်မှု...
ဤသို့ဆိုလျှင် စန်းယွန်းလီသည် အင်ပီရီယန် တစ်ဦး ဖြစ်နေခဲ့သည်လား။
ထို့ပြင် အနက်ရောင် အရိုးစု ချန်ထားရစ်ခဲ့သော အရိပ်အမြွက်များကလည်း သူ့အား မရေမရာ ဖြစ်စေသည်။
***
အပိုင်း(၂၀၀၆)
[ညာလက်မောင်း]
ကမ္မတန်ဖိုး - ၃၃၃,၈၀၁.၃
ပထမကပ်ဘေး ရှင်သန်ခြင်း ... (၇/၇)
ဒုတိယကပ်ဘေး အောင်မြင်ခြင်း ... (၁/၁)
တတိယကပ်ဘေး အောင်မြင်ခြင်း ... (၃/၃)
စတုတ္ထကပ်ဘေး တားဆီးခြင်း... (၁ နှစ်)
...
“ဟူး...”
ဝေ့ဝူယင် သက်ပြင်းရှည် တစ်ချက် ချလိုက်မိသည်။ ဤမျှများပြားသော ဖြစ်ရပ်များ ကြုံတွေ့နေရသော်လည်း သူသည် သူတော်စင်တို့၏ အဆင့်သို့ပင် မရောက်သေးသလို၊ သူ၏ အစစ်အမှန်ဝိညာဉ်ကိုလည်း မကျင့်ကြံနိုင်သေးပေ။ အခြေအနေများအရ သူတော်စင်တို့၏ အဆင့် ဆိုသည်မှာ ပဲ့တင်သံ ဝိညာဉ် အဆင့် သို့မဟုတ် လျှို့ဝှက်အာဏာရှင် အဆင့်၏ အစစ်အမှန်ဝိညာဉ်အဆင့်ကို ဆိုလိုခြင်း ဖြစ်နိုင်သော်လည်း သူ အတည်မပြုနိုင်သေးပေ။
“ဟမ်...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များမှာ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားလာသည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကြောင့် သေမျိုးတာအို နှင့် လျှို့ဝှက်တာအို မဟာတာအိုကြီး နှစ်ခု ပြန်လည်ရောက်ရှိလာတော့မည်ကို သူ သိလိုက်သည်။ စောစောက သူ၏ အဖျက်စွမ်းအားကြီးသော ဆေဘာ ရည်ရွယ်ချက်ကြောင့် ထိုတာအိုနှစ်ခုလုံးမှာ စကားတစ်လုံးမှ မဆိုဘဲ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ထွက်ခွာသွားခဲ့သောကြောင့် လောကကြီးမှာ ပျက်စီးလွယ်နေခဲ့ပြီး သူ၏ ဓားအလင်း ဖြတ်သန်းသွားသော နေရာများမှာလည်း ဟင်းလင်းပြင်ကြီး ပြတ်တောက်နေခဲ့သည်။
တာအိုနှစ်ခု ပြန်လည်ရောက်ရှိလာပြီးနောက်... တစ်နာရီအတွင်းမှာပင် ထိုဟင်းလင်းပြင်နှင့် အာကာသ အလွှာသုံးလွှာစလုံးကို ပြန်လည်ပြုပြင်ပေးလိုက်ကြသည်။
ဝေ့ဝူယင်သည် ထိုအတောအတွင်း မလှုပ်မယှက် နေလျျက် သူတို့၏ အလုပ်လုပ်ပုံကို စောင့်ကြည့်နေခဲ့သည်။ သူ၏ စိတ်ထဲတွင် စဉ်းစားစရာများ လွန်စွာများပြားနေသဖြင့် ခေတ္တမျှ ငြိမ်သက်နေလိုခြင်းလည်း ပါဝင်သည်။ ဟင်းလင်းပြင် ပြတ်တောက်နေမှုကြောင့် ရှန့်ထိုလက်စွပ်၏ ဆက်သွယ်ရေး အာနိသင်ကိုလည်း အသုံးမပြုနိုင်ရာ၊ အချိန်ကာလ ယန္တရား အချိန် အတော်ကြာ စီးဆင်းမှု အတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် အရာအားလုံးနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။
တစ်နာရီကြာ စဉ်းစားခန်းဖွင့်ပြီးနောက်တွင် ဖီဆန်လေး၏ အတွင်းဘက်အလွှာမှ ခါးပတ်လေးခုအနက် နှစ်ခုမှာ လျင်မြန်စွာ လည်ပတ်လာသည်။ ဝေ့ဝူယင်နှင့် ဖီဆန်လေးတို့သည် သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့၏ အာရုံစိုက်မှုကို ခံစားလိုက်ရသည်။ အထူးသဖြင့် သေမျိုးတာအိုထံမှ အပြစ်တင်စကားများကို သူ မျှော်လင့်ထားခဲ့သည်။
သူ၏ အစွမ်းမှာ သေမျိုးတာအို၏ နယ်ပယ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ယခင်က သူ အစွမ်းအနည်းငယ် အသုံးပြုစဉ်ကပင် သေမျိုးတာအိုက သူ့အား ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် သတိပေးခဲ့ဖူးသည်။ ကံဆိုးစွာပင်... ဉာဏ်အလင်းရ သူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရာတွင် သူ အစွမ်းကုန် မသုံးဘဲ မနေနိုင်ခဲ့ပေ။ သို့သော်လည်း သေမျိုးတာအိုက ယခင်ကပင် နားလည်ပေးခဲ့သဖြင့် သူ စိတ်အေးသွားရသည်။
‘ကောင်းပါပြီ... ခင်ဗျားတို့အတွက် ကျွန်တော်က ပြဿနာတစ်ခု မဖြစ်ဘူး၊ ခင်ဗျားတို့ကို ထိခိုက်မိမှာလည်း ပူစရာမလိုတော့ဘူးဆိုတော့ စိတ်အေးရတာပေါ့...”
ဝေ့ဝူယင်သည် သူ၏ လက်ရှိဘဝတွင် သေမျိုးတာအို၏ နယ်ပယ်၌သာ ကျင်လည်ခဲ့ပြီး ၎င်း၏ ကောင်းချီးများကိုလည်း ရရှိခဲ့ရာ၊ ၎င်းအပေါ်တွင် သံယောဇဉ် ရှိနေခဲ့သည်။ သူ့အား ကူညီခဲ့သော တာအိုကို သူ မထိခိုက်စေလိုပေ။
သူ၏ ရှေ့မှောက်တွင်ရှိသော အာဏာရှင်အဆင့်သို့ တက်လှမ်းခြင်းကို တွေးမိသောအခါ အနည်းငယ် တုန်လှုပ်မိသော်လည်း၊ ၎င်းမှာ ရှောင်လွှဲ၍ မရနိုင်သောအရာပင်။ သူသည် သေမျိုးတာအို၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ရှေ့သို့ ဆက်လှမ်းရန်သာ ရှိတော့သည်။ သူသည် ကြယ်တာရာ အမြုတေအဆင့် အဆင့်ကိုးတွင်ပင် လျှို့ဝှက်လောက အဆင့် ဆေးပစ္စည်းများကို အသုံးပြုကာ ကျင့်ကြံနေခဲ့ပြီးဖြစ်ရာ၊ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ဖြင့်ပင် ထပ်မံတိုးတက်ရန် မရှိတော့လောက်အောင် ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။
ကန့်သတ်ချက်မှာ သူ၏ ဝိညာဉ် သို့မဟုတ် အမြုတေတို့ မဟုတ်ဘဲ၊ အနည်းငယ်မျှ ထပ်မံ၍ တိုးတက်အောင် လုပ်လိုက်သည်နှင့် သူ၏ အာဏာရှင်အဆင့်သို့ တက်လှမ်းခြင်း ကပ်ဘေးက အလိုအလျောက် ပေါ်လာတော့မည် ဖြစ်ပေသည်။ ယခုအချိန်တွင်ပင် သူ၏ ကြယ်တာရာ ဝိညာဉ်များသည် ထိုတက်လှမ်းလိုသော ဆန္ဒကို အောင့်အီးထိန်းချုပ်ထားရခြင်း ဖြစ်သည်။ ၎င်းမှာ စုမေ့၏ အခြေအနေနှင့်မူ မတူပေ။
“စုမေ့...”
ဝေ့ဝူယင်သည် မျက်လုံးများကို မှိတ်ထားရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ စုမေ့၏ အခြေအနေမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေပြီ။ ကံကောင်းစွာပင် သူသည် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ ထို့ပြင် သူ၏ ကိုယ်ပိုင်တက်လှမ်းမှုက မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးရာ၊ စုမေ့၏ တက်လှမ်းမှုကို လွဲချော်မသွားစေရန် သူ အစွမ်းကုန် ထိန်းထားရသည်။ အခြားသော ဘဝများတွင် သူ သူမကို အကြိမ်ကြိမ် ဆုံးရှုံးခဲ့ဖူးပြီး ဖြစ်သည်။
ယခုဘဝမှာတော့... လုံးဝ အဆုံးရှုံးမခံနိုင်တော့ပေ။
ဝေ့ဝူယင် မသိလိုက်သည်က... မဟာတာအိုကြီး နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပုံသဏ္ဌာန်မရှိသော ဆွေးနွေးမှုတစ်ခုကို ပြုလုပ်နေခဲ့ကြခြင်းပင်။ ထိုဆွေးနွေးမှု ပြီးဆုံးသွားသောအခါ သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့သည် ဝေ့ဝူယင်ထံသို့ အာရုံအပြည့်အဝ စိုက်လိုက်ကြရာ၊ လူငယ်မှာ ဆံပင်များ ထောင်ထလာပြီး မျက်လုံးများ ပွင့်လာခဲ့သည်။
“ဟင်...”
ချက်ချင်းပင် သူ၏ တည်ရှိမှုတစ်ခုလုံးသည် အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ ခါးပတ်ခုနစ်ခုနှင့် အလင်းကွင်းနှစ်ခုမှာ လည်ပတ်လာပြီး အလင်းတန်းများမှာ အမှောင်ဟင်းလင်းပြင်အတွင်း လှိုင်းတံပိုးများသဖွယ် ဖြာထွက်လာသည်။ သူသည် ဟာလာဟင်းလင်းဖြစ်နေသော ဟင်းလင်းပြင်ကို မျက်ခုံးတစ်ဖက် ပင့်ကာ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...”
သူ မေးလိုက်စဉ်မှာပင် အတွင်းဘက်ရှိ ခါးပတ်သုံးခုအနက် တစ်ခုမှာ စတင်တောက်ပလာသည်။ ၎င်း၏ အားနည်းသော အော်ရာမှာ လျင်မြန်စွာ အားကောင်းလာပြီး ဝေ့ဝူယင်သည် ထိုခါးပတ်ထံမှ သေမျိုးတာအို ၏ အော်ရာကို ခံစားလိုက်ရသည်။ ဖီဆန်လေး လေးမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုနေလေသည်။
သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း သေမျိုးတာအို၏ ဒုတိယမြောက် ကောင်းချီးကို လက်ခံရရှိလိုက်သည်။ ယခုတစ်ကြိမ် ကောင်းချီးမှာ အဆမတန် အားကောင်းလှသည်။ ယခင်က ကောင်းချီးမှာ ရေတစ်စက် စွန်းထင်းသကဲ့သို့ ဖြစ်လျှင်၊ ယခုတစ်ကြိမ်မှာမူ ရေကန်တစ်ခုလုံးအတွင်းသို့ ခန္ဓာကိုယ်တစ်ခုလုံး နှစ်မြှုပ်လိုက်သကဲ့သို့ပင်။ ခြားနားချက်မှာ အလွန်ပင် ကြီးမားလှသည်.
သူ၏ ခန္ဓာကိုယ်နှင့် ဖီဆန်လေးတို့သည် ထိုကောင်းချီးများကို စုပ်ယူလိုက်ကြပြီး၊ ခါးပတ်တစ်ခုအတွင်းသို့ ထိုစွမ်းအင်များ စီးဝင်သွားရာမှ ထူးဆန်းသော သင်္ကေတတစ်ခုနှင့် စာလုံးတစ်လုံး ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်လာသည်။ ဝေ့ဝူယင်သည် နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံနှင့် ဆင်တူသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
‘သေမျိုးသူတော်ကောင်း ခါးပတ်...’
“သူတော်ကောင်း...”
ထိုအမည်ကို ကြားလိုက်ရသောအခါ ဝေ့ဝူယင် အံ့သြသွားမိသည်။ ခါးပတ်အတွင်း ထိုသို့သော အပြောင်းအလဲကို ဖန်တီးပြီးနောက်တွင် သေမျိုးတာအိုသည် ဆုတ်ခွာသွားကာ တိတ်ဆိတ်သော စောင့်ကြည့်သူအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ လျှို့ဝှက်တာအိုထံမှလည်း မျှော်လင့်ချက်အပြည့်ရှိသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီးမှ တိတ်ဆိတ်သွားပြန်သည်။ သို့သော် ထိုခံစားချက်ထဲတွင် တစ်စုံတစ်ခုကို အောင်နိုင်လိုက်သကဲ့သို့... အောင်ပွဲခံသော အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
“...”
သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့၏ အကျိုးဆက်များအပေါ် ဇဝေဇဝါ ဖြစ်နေရသော်လည်း ဝေ့ဝူယင်သည် ထိုအတွေးများကို ခေတ္တဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ကို အားပါပါမှုတ်ထုတ်ကာ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ယမ်းလိုက်သည်။ ထို့နောက် မန်နာ အကူအညီဖြင့် ကောင်းကင်နှလုံးသား ဂလက်ဆီဆီသို့ ပြန်လည်ပျံသန်းလာခဲ့သည်။ ပျံသန်းမှုမှာ အလွန်အမင်း မမြန်လှသော်လည်း သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ထဲတွင်မူ လန်းဆန်းပေါ့ပါးသော အနားယူခြင်းရသတစ်ခု စီးဆင်းနေလေသည်။
ဂလက်ဆီများကို ဖြတ်ကျော်ကာ ရတနာတောင်ကြား ဂလက်ဆီသို့ လာခဲ့သော ဤခရီးစဉ်သည် သူ၏ အမြင်ကို များစွာ ကျယ်ပြန့်စေခဲ့သလို မမျှော်လင့်ထားသော အံ့ဖွယ်ဖြစ်ရပ်များစွာကိုလည်း ကြုံတွေ့စေခဲ့သည်။ လွန်ခဲ့သော ရာစုနှစ်တစ်ခုကမှ နယ်မြေငယ်လေးတစ်ခုတွင် ကလေးငယ်တစ်ဦးအဖြစ် ပျော်ရွှင်နေခဲ့သော သူသည် ယခုအခါ များပြားလှသော ပြဿနာများ၊ ကြယ်တာရာကဲ့သို့ လှပသော မိန်းမပျိုများ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် အင်ပါယာကြီးတစ်ခုတို့ကို ပိုင်ဆိုင်ထားရပြီဟု တွေးမိသောအခါ မယုံနိုင်စရာပင်။
မကြာသေးမီကပင် သူသည် မိမိ၏ ကိုယ်ပိုင်အစွမ်းဖြင့် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးကို တိုက်ခိုက်အနိုင်ယူခဲ့သည်။ အကိုကြီး သင်ကြားပေးခဲ့သော မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်ပါသည့် ဓားချက်ဖြင့်ပင် မဖြစ်နိုင်သောအရာကို စိန်ခေါ်ကာ လျှို့ဝှက်အာဏာရှင် အဆင့် အထွတ်အထိပ် တည်ရှိမှုကို ဖြိုလှဲနိုင်ခဲ့သည်။ သေမျိုးများအတွက်မူ ထိုအဆင့်ရှိ ပုဂ္ဂိုလ်များသည် နတ်ဘုရားများပင် ဖြစ်သည်။
မဟုတ်သေး... သာမန်နတ်ဘုရားများထက်ပင် သာလွန်ပေသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် လျှို့ဝှက်ကြယ်တာရာအဆင့်နှင့် လျှို့ဝှက်ဝိညာဉ်အဆင့်ရှိသူများကိုပင် နှစ်ပေါင်းထောင်ချီ၍ နတ်ဘုရားများအဖြစ် ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါလား။
“ဆရာ... ကျွန်မတို့ နောက်ထပ် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို သွားကြမှာလား...”
ပိုင်ရှုမှာ ဝေ့ဝူယင်၏ တောက်ပမှုကို အံ့သြနေမိသော်လည်း၊ သူနှင့် အချိန်ကြာမြင့်စွာ နီးကပ်စွာ နေခဲ့ရသူဖြစ်ရာ အထူးသဖြင့် သေမျိုးဘဝဖြင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်လာသည်ကို မြင်ဖူးထားသဖြင့် ဉာဏ်အလင်းရ သူတော်စင်ကို သတ်ဖြတ်နိုင်မှုမှာ သူမအတွက် ဖြစ်သင့်တာပဲ ဟုသာ မှတ်ချက်ပြုမိတော့သည်။
ဝေ့ဝူယင်ကို သာမန်အတွေးအခေါ် စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ကြောင်း၊ လူငယ်မှာ မေးခွန်းထုတ်စရာမလိုဘဲ အနိုင်မရနိုင်သူဖြစ်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထားလေသည်။
ဝေ့ဝူယင်က အဖြူရောင် ကောင်းကင် အမည်ရသည့် အဂ္ဂိရတ်ပညာရှင်အား အသက်ချမ်းသာပေးခဲ့ပြီးနောက် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသို့ သွားရန် စီစဉ်ထားမှုကို သူမ စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။ ထိုအမည်ကို ကြားလိုက်ရုံဖြင့်ပင် အဂ္ဂိရတ်ပညာရပ်များကို ပြေးမြင်မိစေသည်။
“ဟုတ်တယ်... သွားမှာပေါ့...”
ဝေ့ဝူယင်က ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ သူ၏ အကြည့်များမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသယောင် ရှိသည်။ သူသည် မျှော်လင့်ထားသည်ထက် ပိုမိုနက်ရှိုင်းသော လျှို့ဝှက်ချက်များကြားထဲတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားနေရသည်။
ကျရောက်လာတော့မည့် ကောင်းကင်တာအို၏ စမ်းသပ်မှုများ၊ ငရဲ၏ ကပ်ဘေး၊ စုမေ့၏ အာဏာရှင်အဆင့်သို့ တက်လှမ်းခြင်း၊ သေမျိုးသူတော်ကောင်း ခါးပတ်၊ အပြစ်သားမျိုးဆက်နှင့် ၎င်း၏ ရည်ရွယ်ချက်၊ အာရုဏ်ဦး အင်ပါယာ တည်ဆောက်ရေး၊ ယွီစွန်းလီနှင့် ထားခဲ့သော နှစ်နှစ်ကတိ၊ ဝေ့ရှောင်ထျန်း၏ တည်ရှိမှု၊ မူလအာဏာရှင်များ၏ ကျင့်ကြံခြင်း လမ်းစဉ်၊ စစ်ပွဲမျိုးစေ့ကို ရယူရန် သတ်မှတ်ချက်၊ ကောင်းချီးခံ ရီအင်ပါယာသို့ သွားရောက်ရန် အစီအစဉ်...။
သူသည် မူလကထက် များစွာ အစွမ်းထက်လာခဲ့သော်လည်း ၎င်းက သူ့အား ပြိုင်ဘက်ကင်း ဆိုသော ခံစားချက်မျိုး မပေးပေ။ သူ့အတွက်မူ ဝေ့ဝူယင် ဆိုသည်မှာ အလွန် ကြီးမားလှသော လောကကြီးထဲတွင် ရည်မှန်းချက်များဖြင့် တစ်လှမ်းချင်းစီ စိတ်ဓာတ်ခိုင်မာစွာ လျှောက်လှမ်းနေသော လူတစ်ယောက်သာ ဖြစ်သည်။
“ဘယ်လိုအရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်... ကျွန်တော်တို့ ခင်ဗျားနဲ့ အတူ ရင်ဆိုင်သွားမှာပါ...”
ဧဒင်၏ အသံက သူ၏ စိတ်နှင့် နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားရာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
“အမြဲတမ်း... အမြဲတမ်း... အမြဲတမ်းပဲ...”
အိုရီကလည်း သံသယကင်းစွာ ထောက်ခံလိုက်သည်။
“ငရဲပဲဖြစ်ဖြစ်၊ ကောင်းကင်ပဲဖြစ်ဖြစ်၊ လောကကြီးပဲဖြစ်ဖြစ်၊ သဘာဝတရားကို ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့ မြေခွေးအိုကြီးတွေပဲဖြစ်ဖြစ်၊ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အရူးမကြီးပဲဖြစ်ဖြစ်... ငါတို့တွေ အတူ ရှိနေတာကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး...”
ခရာတို၏ အသံမှာ ကြမ်းတမ်း ပြင်းထန်လှသော်လည်း နောက်ဆုံး စကားလုံးများတွင်မူ နူးညံ့မှု အနည်းငယ် ပါဝင်နေကာ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဖော်ပြနေသည်။
“ဟမ့်...”
ဘုရင်က အသံတစ်ချက်သာ ပြုလိုက်သော်လည်း ထိုအသံထဲတွင် မည်သည့် စကားလုံးများထက် မဆို ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
ဒြပ်စင် ကလည်း နူးညံ့သော ဓားဟိန်းသံကို ထုတ်လွှင့်လိုက်သည်။ ၎င်းသည် စကားမပြောနိုင်သော်လည်း သူ၏ ခံစားချက်များကို ဘုရင်နှင့် အိုရီတို့ကဲ့သို့ပင် ထင်ရှားစွာ ဖော်ပြနိုင်စွမ်း ရှိသည်။
ဖီဆန်လေးကလည်း ဝေ့ဝူယင်၏ စိတ်မျက်စိထဲတွင် နွေးထွေးလှသော နေမီးတောက်များကို ထုတ်လွှင့်ရင်း ဝေ့ဝူယင်၏ တစ်ကိုယ်လုံးကို ထိုနွေးထွေးမှုများ စီးဆင်းသွားစေသည်။
သူတို့ တစ်ဦးချင်းစီသည် ကွဲပြား ခြားနားသော နည်းလမ်းများဖြင့် ဖော်ပြကြသော်လည်း သူတို့ ပေးချင်သော အဓိပ္ပာယ်မှာ အတူတူပင်။ သူတို့သည် စိတ်ဝိညာဉ်တစ်ခုတည်း၊ အသက်တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကြပြီး အမြဲတမ်း အတူတူ ရှိနေကြမည်သာ ဖြစ်သည်။
မည်သည့်အရာကမျှ ထိုအချက်ကို မပြောင်းလဲနိုင်ပေ။
“...”
ဝေ့ဝူယင်သည် ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာ မိသားစုဝင်များ သတ်ဖြတ်ခံခဲ့ရစဉ် သူသည် လက်စားချေခြင်းလမ်းစဉ်ကို တစ်ဦးတည်း လျှောက်လှမ်းခဲ့ရသည်။ အရာအားလုံးမှာ ခက်ခဲလွန်းလှပြီး လက်စားချေပြီးသောအခါ သူသည် ထာဝရ အနားယူရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော် မေ့မေ့က သူ့အား ထိုသို့မဖြစ်အောင် တားဆီးပေးခဲ့သည်။ ယနေ့တွင် သူသည် ထိုစဉ်က သေကြောင်းမကြံစည်ခဲ့သည့်အတွက် ဝမ်းသာနေမိသည်။
သူသည် နှလုံးသားတွင် နက်ရှိုင်းသော ဒဏ်ရာများရခဲ့ပြီး အနီးကပ်ဆုံးအရာအားလုံးကို ဆုံးရှုံးခဲ့ရသော်လည်း၊ ရာစုနှစ်တစ်ခုနီးပါး ကြာပြီးနောက်တွင် သူ၏ အိပ်မက်များကို ဖြည့်ဆည်းနိုင်ခဲ့ရုံသာမက အံ့သြဖွယ်ကောင်းသော မိသားစုသစ်ကိုလည်း ပိုင်ဆိုင်ခဲ့ရပေသည်။ သူ၏ ရည်မှန်းချက်များကို လျှောက်လှမ်းရာတွင် ယခုအခါ သူသည် တစ်ဦးတည်း မဟုတ်တော့ပေ။
အကိုကြီးသာ သက်ရှိထင်ရှား ရှိနေခဲ့လျှင်... သူ့အတွက် ဂုဏ်ယူနေလိမ့်မည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။
***