အခန်း (၂၀၁၅-၂၀၁၆)
Vol. 144 Ch. 2015-2016
အပိုင်း(၂၀၁၅)
မိနစ်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဝေ့ဝူယင်သည် ခဏမျှ မျက်စိမှိတ်လိုက်၏။ သူ ပြန်ဖွင့်လိုက်ချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ပြတ်သားသော အလင်းတန်းများ ပေါ်လွင်နေသည်။
“အတွင်းဘက်မှာပေါ့...”
သူ အိပ်ရာပေါ်မှ ဖြည်းညင်းစွာ ထလိုက်သည်။ ချောင်စွေ့ဖုန်းသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ကျန်ရှိနေသော နွေးထွေးမှုကို ဖက်တွယ်ထားဆဲဖြစ်သည်။ သူမသည် သူ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း နိုးမလာခင် ခဏလေးအတွင်း စိတ်အေးလက်အေး ရှိနေခဲ့သည်။ သူမသည် မကြာသေးမီက မြင့်တက်လာသော ကျင့်ကြံခြင်းအခြေခံကြောင့် အာရုံခံစားမှုများမှာ ပိုမိုမြင့်မားနေသည်။
“ရှင် အခုပဲ သွားတော့မလို့လား...”
ချောင်စွေ့ဖုန်းက ဆွဲဆောင်မှုရှိသော အသံတိုးတိုးဖြင့် မေးလိုက်သည်။
ခက်ခဲကြမ်းတမ်းသော ခေတ်ကာလတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် ဤလှပသော အမျိုးသမီးကို ကြည့်ရင်း၊ သူမ၏ ကျင့်ကြံခြင်းအသိသစ်များနှင့် အော်ရာထဲမှ ထွက်ပေါ်နေသော ကျင့်ကြံခြင်းနှလုံးသားတို့ကို မြင်လိုက်ရသောအခါ ဝေ့ဝူယင်မှာ ပြုံးလိုက်မိသည်။
“ရက်အနည်းငယ်အတွင်း ပြန်လာခဲ့ပါ့မယ်... ကတိပေးတယ်...”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ပြီးရင် စုယင် ကိုလည်း ခေါ်ထုတ်လာခဲ့မယ်...”
....
ဘာသာပြန် မှတ်ချက်... အချိန်နောက်ပြန်ဆုတ်ဖို့ ကြိုးစားနေတဲ့ ဝေ့ဝူယင်ဟာ ညာဘက်လက်မောင်း တစ်ခုတည်းမှာပဲ အပြစ်သား တက်တူး ရှိသလို၊ ကမ္မ အမှတ်မှာလည်း အနည်းငယ် ပိုလျော့နည်း နေတာကို တွေ့ရမှာပါ၊ နောက်ပြီး စတုတ္ထ ကပ်ဘေး တားဆီးခြင်းကလည်း ၁၈ နှစ် ဆိုတော့ ကျွန်တော်တို့ရဲ့ ဝေ့ဝူယင် မဟုတ်ဘူး ဆိုတာ သတိထားမိမှာပါ။
....
ချောင်စွေ့ဖုန်း၏ ပါးပြင်လေးများမှာ နီမြန်းသွားခဲ့သည်။ လျူစုယင်နှင့် သူမသည် ပထမဆုံးသော အတွေ့အကြုံများစွာကို အတူတူ ဖြတ်သန်းခဲ့ကြပြီးနောက်၊ မျိုးဆက်ချင်း ကွာဟမှု ရှိလင့်ကစား ညီအစ်မရင်းပမာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ မကြာသေးမီက အတူတူ ခရီးသွားစဉ်တွင်လည်း ဝေ့ဝူယင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့နှစ်ဦးမှာ အိပ်ရာတစ်ခုတည်းကို မကြာခဏ မျှဝေသုံးစွဲလေ့ ရှိကြသည်။
အကယ်၍ လျူစုယင်သာ သူမ၏ ကျင့်ကြံခြင်းတွင် အရေးကြီးသော အလှည့်အပြောင်းတွင် ရောက်မနေပါက၊ သူတို့နှစ်ဦးသည် ‘နဂါးယန်တိုင်ကြီး’ ကို အတူတူ အောင်နိုင်ရန် စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုကို ဆင်နွှဲကြမည်မှာ သေချာလှသည်။ ရှုံးနိမ့်ရန် ရာခိုင်နှုန်း များနေသော်လည်း ထိုလုပ်ရပ်ကိုယ်တိုင်ကပင် သူတို့အတွက် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်နေမည် ဖြစ်သည်။
သူမ၏ ပါးပြင်ထက်မှ ဆွဲဆောင်မှုရှိသော ရှက်သွေးဖြာမှုမှာ ထိုအစီအစဉ်ကို တိတ်တဆိတ် သဘောတူလိုက်သည့် အထိမ်းအမှတ်ပင်။ ဝေ့ဝူယင်သည် ၎င်းကို ကျေနပ်သွားပြီး ခန္ဓာကိုယ်ကို အနည်းငယ် အကြောဆန့်လိုက်သည်။ သူ မထွက်ခွာမီ ချောင်စွေ့ဖုန်း၏ ရှက်ကိုးရှက်ကန်း အမူအရာလေးအောက်တွင် အိပ်ရာပေါ်သို့ တစ်ခေါက် ပြန်တက်သွားပြီး အနမ်းတစ်ပွင့် နှစ်ပွင့်ကို ခိုးယူလိုက်သေးသည်။ သူတို့သည် တစ်ဦး၏ နွေးထွေးမှုနှင့် အထိအတွေ့ထဲတွင် တစ်ဦးက နစ်မြောနေကြ၏။
ချောင်စွေ့ဖုန်း၏ ရင်ထဲတွင် တင်းတိမ်ရောင့်ရဲမှုများ စီးဆင်းသွားသည်။ ဤရိုးရှင်းသော အမူအရာ၊ ကျန်ရစ်နေသော နွေးထွေးမှုနှင့် သူမ၏ ဆံနွယ်၊ ပါးပြင်တို့ကို နူးညံ့စွာ ပွတ်သပ်ပေးမှုတို့က ဝေ့ဝူယင် သူမအပေါ် ထားရှိသော ခံစားချက်မှာ သူမကို ‘သူ့အမျိုးသမီး’ တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းထက် များစွာ သာလွန်ကြောင်း တစ်ဖန် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
သူမတွင် ‘ဇနီး’ ဟူသော ဘွဲ့အမည် မရှိသော်လည်း၊ ဝေ့ဝူယင်နှင့် အတူရှိနေရသော ခဏတိုင်းတွင် သူမကိုယ်သူမ ဇနီးတစ်ယောက်ကဲ့သို့ ခံစားရသည်။ သာမန်ဇနီးမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ကြောင့်တင်မကဘဲ နှလုံးသား၊ ဝိညာဉ်နှင့် စိတ်ဓာတ်တို့ပါ ချစ်မြတ်နိုးခြင်း ခံရသော ဇနီးတစ်ဦးအဖြစ် ခံစားရခြင်း ဖြစ်သည်။
ဝေ့ဝူယင်က အားပေးစကား အချို့ကို ချန်ထားခဲ့ပြီး၊ သူမ အိပ်ပျော်နေစဉ် သူမ၏ လက်စွပ်ထဲသို့ လွှဲပြောင်းပေးထားသော အဂ္ဂိရတ် ထုတ်ကုန်များ အကြောင်းကိုလည်း သတိပေးလိုက်သည်။ ထိုထုတ်ကုန်များကို မီးခိုးရောင် နှင်းဆီ အောင်မြင်မှုများ ရရှိသည့်အခါ သို့မဟုတ် သူမ ကောင်းမွန်သော အစေအပါးတစ်ဦး ဖြစ်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ပေးသနားနိုင်ရန် ဖြစ်သည်။ ထို့နောက်တွင်မူ သူသည် သင်္ဘောကပ္ပတိန် အခန်းထဲမှ ထွက်ခွာခဲ့တော့သည်။
ဝေ့ဝူယင် အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ၊ ကြည်လင်သော အလင်းတန်းတစ်ခုက သူ့ကို ခဏမျှ လွှမ်းခြုံသွားပြီးနောက် သူ၏ အမှတ်အသား ဝတ်စုံကို ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။ အနက်ရောင် ဝတ်ရုံပေါ်တွင် ငွေရောင်ဖျော့ဖျော့နှင့် အနက်ရောင် ငွေမှင်ရောင် အနားသတ်များ ပါရှိသည်။ အပြင်ဘက် ဝတ်ရုံမှာ ‘အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို’ အတွက် ဖြစ်ပြီး၊ အတွင်းဘက် ဝတ်ရုံမှာ ‘အာဏာရှင် အင်ပါယာ’ အတွက် ဖြစ်သည်။ ၎င်းကို အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ လွတ်လပ်ပေါ့ပါးသော အငွေ့အသက်နှင့် ဂုဏ်သိက္ခာ၊ စစ်သည်တော်တစ်ဦး၏ ခိုင်မာသော တည်ရှိမှုနှင့် ဧကရာဇ်တစ်ဦး၏ မချိုးဖောက်နိုင်သော ဂုဏ်ရည်တို့ ပေါင်းစပ်ထားသည့် ပုံစံဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ လက်မောင်းနှင့် ခြေထောက်များတွင် မီးခိုးရောင်ဖျော့ဖျော့ သတ္တုလက်ကာနှင့် ခြေကာများ ပေါ်ပေါက်လာပြီး တောက်ပနေသည်။ လက်ကာတစ်ခုစီတွင် ‘သာလွန် သန့်စင် အဂ္ဂိရတ်ကြယ်တာရာများ၏’ ပုံစံအတိုင်း ဒီဇိုင်းဖော်ထားသော ကြည်လင်သည့် ကျောက်မျက်ကြီး တစ်လုံးစီ ပါရှိသည်။ လက်ကာတစ်ခုစီတွင် ပတ်ပတ်လည် ရစ်ပတ်ထားသော မျဉ်းကိုးကြောင်း ပါရှိပြီး ‘ဖီဆန်လေး’ ပေါ်ရှိ ခါးပတ်ကိုးခုနှင့် ကိုက်ညီနေသည်။
အပြင်ဘက် ဝတ်ရုံမှာ လေမတိုက်ဘဲ ခန့်ညားစွာ လွင့်ပျံနေပြီး၊ ခါးပတ်ခုနစ်ခုနှင့် အလင်းကွင်းနှစ်ခု ပါရှိသည့် နေကြယ် တစ်ခုကို ဝန်းရံထားသော အသက်ဝင်ကာ ရင်သပ်ရှုမောဖွယ် ကောင်းသည့် နဂါးခြောက်ကောင် ပါရှိသည်။ ထိုနဂါးများမှာ လှုပ်ရှားမနေသော်လည်း ကောင်းကင်ဘုံက ဝိညာဉ်စွမ်းအားများ ပေးသနားထားသကဲ့သို့ အသက်ဝင်နေကာ ဖော်ပြမရနိုင်သော ခံ့ညားမှုမျိုးကို ပေးစွမ်းနေသည်။ သူ၏ ခါးတွင်မူ အနက်ရောင် ဓားအိမ်အတွင်းမှ ဆေဘာ တစ်လက် ရှိနေပြီး၊ ၎င်းပေါ်တွင် ရောင်စုံနဂါး ၁၈ ကောင်မှာ အတွင်းကမ္ဘာတစ်ခုထဲတွင် နေထိုင်နေကြသကဲ့သို့ ခန့်ညားလှပစွာ ပျံသန်းနေကြသည်။
ဝေ့ဝူယင်သည် ဤဝတ်စုံကို သူတော်စင် နွေဦးကွင်းပြင် ကို အနိုင်ယူပြီးနောက်တွင် ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်ပြီး ‘စစ် အမတေ’ အချို့ကို အသုံးပြု၍ သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ယခင်ကနှင့် ခြားနားစွာပင်... ပစ္စည်းတစ်ခုစီမှာ လျှို့ဝှက်တာအို အော်ရာများ လျှံထွက်နေသည့် အထွတ်အထိပ် လျှို့ဝှက် လောက အဆင့် လက်နက်များနှင့် ယှဉ်နိုင်စွမ်း ရှိသည်။
သူသည် မိမိ၏ နဖူးကို တစ်ချက် ထိလိုက်မိသည်။ အထွတ်အထိပ်သို့ ရောက်ရှိရန် တံခါးပိတ် ကျင့်ကြံခြင်း မဝင်မီက၊ သူသည် စုမေ့နှင့် တစ်သားတည်း ဖြစ်စေရန်နှင့် သူတို့၏ စွမ်းအင်များအကြား ပေါင်းစပ်မှုကို ပိုမိုကောင်းမွန်စေရန်အတွက် အရန်အစီအစဉ်အဖြစ် ‘ထာဝရသရဖူ အတု’ တစ်ခုကို ဖန်တီးချင်ခဲ့သေးသည်။ သို့သော်လည်း ယခုအခါတွင်မူ ထိုကိရိယာကို အားကိုးရန် မလိုတော့ပေ။ သူ၏ ကြယ်တာရာဝိညာဉ်များ၊ အထူးသဖြင့် ဧဒင်နှင့် ဖီဆန်လေးတို့၏ အသွင်ပြောင်းလဲမှုမှာ သူ၏ ကိုယ်ပိုင်အစွမ်းဖြင့်ပင် ထိုအရာကို ရရှိရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော်လည်း သူ၏ ‘အာဏာရှင် အင်ပါယာ’ အဆင့်အတန်းနှင့် လိုက်ဖက်မည့် သရဖူတစ်ခု ရှိလျှင် ကောင်းမည်ဟု သူ တွေးလိုက်မိသည်။
‘နောက်မှ တစ်ခုလောက် ဖန်တီးရမယ်... စစ်အမတေ အစား ဖီဆန်လေးရဲ့ အခြေခံ နေမင်းစွမ်းအင်တွေကို သုံးပြီး ဖန်တီးရင် ပိုကောင်းမယ်...’
ဤသို့ တွေးတောနေရင်း သူသည် အီလီစီယမ် သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအခါ သူသည် ရဲရင့်လှသော စုမေ့ကို ချက်ချင်း မြင်လိုက်ရသည်။ သူမကလည်း သူ့ကို သတိထားမိလိုက်သည်။ မိန်းကလေးမှာ နှုတ်ခမ်းဖြင့် ပြုံးလေ့မရှိသော်လည်း၊ သူမ၏ မျက်ဝန်းများထဲတွင် ပေါ်လွင်နေသော အပြုံးအရိပ်အယောင်မှာ နှလုံးသားကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် ထူးခြားလှသည်။
ဝေ့ဝူယင်ကလည်း တည်ငြိမ်အေးဆေးသော အပြုံးဖြင့် သူမအနားသို့ လျှောက်သွားကာ ကောင်းကင်ယံကို ကြည့်လိုက်၏။
“စိုးရိမ်နေလား...”
ဝေ့ဝူယင်က မေးလိုက်သည်။
“စိုးရိမ်တယ်...”
စုမေ့က ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာ ပြန်ဖြေသည်။
“ကောင်းတယ်...”
ဝေ့ဝူယင်က ပြန်ပြောလိုက်သည်။
“စိုးရိမ်စိတ် ရှိတယ်ဆိုတာ ကြုံတွေ့ရမယ့် အန္တရာယ်တွေကို မင်း သဘောပေါက်လို့ပဲ... အရာအားလုံး စတင်လာတဲ့အခါမှာ မင်းရဲ့ နှလုံးသားက အဆင်သင့် ဖြစ်နေလိမ့်မယ်၊ မင်းရဲ့ စိတ်ကလည်း မျှော်လင့်ချက်၊ ကာကွယ်မှုနဲ့ စောင့်ကြည့်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်...”
စုမေ့က အလွန်အမင်း သဘောတူသည့် အမူအရာဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ သူမသည် ဝေ့ဝူယင်၏ ခန့်ညားလွန်းလှသော ဘေးတိုက်ပုံရိပ်ကို ခဏမျှ ကြည့်လိုက်မိသည်။
ထိုပုံရိပ်မှာ မည်သည့်မိန်းကလေး၏ နှလုံးသားကိုမဆို အေးခဲသွားအောင် လုပ်နိုင်စွမ်း ရှိသည်။ ထို့နောက် သူမသည် ခေါင်းကို ပြန်လှည့်ကာ ဝေ့ဝူယင်နှင့်အတူ ကျယ်ပြောလှသော ကြယ်တာရာများနှင့် မကြာသေးမီက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သော်လည်း ငြင်းမရနိုင်အောင် လှပနေဆဲဖြစ်သော ‘ကောင်းကင်နှလုံးသား ဂလက်ဆီ’ ကို ငေးကြည့်နေခဲ့သည်။
ဝေ့ဝူယင် ပြောပြသော အန္တရာယ်များ သို့မဟုတ် ၎င်းတို့က မည်သို့ ရှိလာမည်ကို သူမ မသိသော်လည်း၊ သူမသည် ဝေ့ဝူယင်ကို အကြွင်းမဲ့ ယုံကြည်သည်။ သူမ၏ ‘ကြယ်တာရာ အမြုတေ အဆင့်’ အစပိုင်းကတည်းက သူက သူမကို မဆင်မခြင် အဆင့်မတက်ရန် သတိပေးခဲ့သလို၊ ဆက်တိုက်ဆိုသလို ပြင်ဆင်မှုများစွာ ပြုလုပ်နေသည်ကို မြင်ရသဖြင့် ဝေ့ဝူယင်သည် ဆိုးဝါးသော ရလဒ်တစ်ခု ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြောင်း သူမ နားလည်လိုက်သည်။ သူသည် သူမ ဤကပ်ဘေးတွင် အသက်ဆုံးရှုံးသွားမည်ကို သူ ကြောက်လန့်နေခြင်း ဖြစ်သည်။ သူမ သူ့ကို ထာဝရ စွန့်ခွာသွားမည်ကို သူ ကြောက်နေခြင်း ဖြစ်သည်။
‘ဉာဏ်အလင်းရ သူတော်စင်’ တစ်ဦးကို သေမျိုးနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့် သတ်ဖြတ်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါလျက်၊ သူ ဤမျှအထိ စိုးရိမ်နေသည်ဆိုပါက ဤကိစ္စမှာ သူ၏အတွက် အလွန်ပင် အရေးကြီးနေခြင်း ဖြစ်ပေလိမ့်မည်။
သူမသည် သူ၏အတွက် အလွန် အရေးကြီးလွန်းလှသည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး ပုခုံးချင်း ယှဉ်လျက် စကားတစ်လုံးမျှ မဆိုဘဲ ကြယ်တာရာများကို မိနစ်အတော်ကြာ ငေးကြည့်နေခဲ့ကြသည်။ သူတို့၏ အသက်ရှူသံများမှာ ဟန်ချက်ညီနေပြီး၊ အားနည်းသော နှလုံးခုန်သံ တစ်ခုနှင့် အားကောင်းသော နှလုံးခုန်သံ တစ်ခုတို့မှာလည်း တစ်ထပ်တည်း ကျနေသည်။ ၎င်းမှာ သူတို့ သိစိတ်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သလို၊ ထိုသို့ ဖြစ်နေသည်ကိုလည်း သူတို့ မသိကြပေ။
သူတို့၏ မျက်နှာအမူအရာများမှတစ်ဆင့် သူတို့၏ အတွေးများကို မည်သူမျှ မသိနိုင်ပေ။
“ကျွန်မ အရှင်ဝေ့ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး...”
စုမေ့က ရုတ်တရက် ပြောလိုက်သည်။ သူမ၏ စကားလုံးများမှာ နတ်ဘုရား သတ္တုကဲ့သို့ ခိုင်မာနေပြီး အစွမ်းကုန် ခိုင်မြဲနေသည်။
“ငါ သိပါတယ်...”
ဝေ့ဝူယင်က တစ်ခဏမျှ မဆိုင်းမတွဘဲ ပြန်ဖြေလိုက်သည်။
“ဒီအပြောကျယ်တဲ့ ကမ္ဘာကြီးကို ငါတို့ အတူတူ ခရီးလှည့်ကြမယ်... သေမျိုးတွေ အနေနဲ့တင် မဟုတ်ဘဲ လျှို့ဝှက် အာဏာရှင် အဆင့်တွေ အနေနဲ့ပေါ့.. ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာတွေကို မြင်တွေ့ရမယ်၊ များစွာသော စိန်ခေါ်မှုတွေကိုလည်း အတူတူ ရင်ဆိုင်ကြမယ်...”
“အင်း...”
စုမေ့က ခေါင်းညိတ်ပြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ထပ်လောင်းပြောလိုက်သည်။
“ကျွန်မတို့ အတူတူ သွားကြမယ်...”
***
အပိုင်း(၂၀၁၆)
ဝေ့ဝူယင်နှင့် စုမေ့တို့၏ အတွေးများမှာ အတိတ်ဆီသို့ ပြန်လည် စီးဆင်းသွားခဲ့သည်။ သူတို့နှစ်ဦးစလုံး သူတို့၏ မူလဘဝများကို ပြန်လည် အမှတ်ရနေကြသည်။ သူတို့သည် မတူညီသော ဘဝနှင့် ခြားနားသော အခြေအနေများတွင် ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။
ဝေ့ဝူယင်မှာ မြို့ငယ်လေးတစ်မြို့ရှိ မျိုးနွယ်စုတစ်ခုမှ သခင်လေးတစ်ဦး ဖြစ်ပြီး၊ ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာများအကြား ကြီးပြင်းလာခဲ့ကာ အကိုကြီး သင်ကြားပေးခဲ့သည့်အတိုင်း ကျိုးကြောင်းဆီလျော်စွာဖြင့် သူနှစ်သက်သလို နေထိုင်ခဲ့သူ ဖြစ်သည်။ သူသည် စိတ်ကူးပေါက်ရာမှ ‘တုလင်’ ကို ကယ်တင်ခဲ့သလို၊ တောင်တန်းများမှ နတ်ဆိုးမလေးတစ်ဦးကိုလည်း ချစ်မိခဲ့ဖူးသည်။
စုမေ့မှာမူ လယ်တောလေးတစ်ခုတွင် အလုပ်လုပ်သော မိသားစုမှ မွေးဖွားလာသည့် သာမန် လယ်သမားမလေး တစ်ဦး ဖြစ်သည်။ ထိုလယ်ကွင်းမှာ သူတို့ပိုင်သည် မဟုတ်ဘဲ သူဌေးအတွက် အလုပ်လုပ်ပေးရခြင်း ဖြစ်ကာ သူတို့မှာ ဆင်းရဲကြသည်။ သူမ ကြီးပြင်းလာချိန်တွင် အနန္တ ကုန်းမြေတိုက်ကြီး၏ ပုံပြင်များကို နားထောင်ခဲ့ရပြီး ကျင့်ကြံသူများ၏ ထူးခြားသော ဂုဏ်ရည်များ အကြောင်းကို ကြားသိခဲ့ရသည်။ သူမသည် တိုင်းပြည်တွင် အကြီးဆုံးဖြစ်သော နာမည်ကျော် ဂိုဏ်းကြီးတစ်ခုမှ ကျင့်ကြံသူတစ်ဦးနှင့် ဆုံတွေ့ခွင့်ရသည့် ကံကောင်းမှု ရရှိခဲ့ပြီး၊ ထိုသူ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ထို့နောက် များမကြာမီမှာပင် သူတို့နှစ်ဦးစလုံး မိသားစုကို စွန့်ခွာခဲ့ကြသည်။ ပထမတစ်ဦးမှာ သူ၏ မိသားစုဝင်များ တစ်ဦးပြီးတစ်ဦး သေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရပြီး၊ ဒုတိယတစ်ဦးမှာမူ ထိုကျင့်ကြံသူ၏ အကျိုးအမြတ်အတွက် အဓမ္မ လက်ထပ်ပေးခြင်းကို ခံခဲ့ရသည်။ အမှန်စင်စစ် သူမသည် ထိုသူ၏ အမြှောင်မယားအဖြစ် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူမသည် ထိုသူ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သော်လည်း အခြားသူများ၏ နှိပ်စက်ဆက်ဆံမှုမှာ အလွန်ပင် ဆိုးဝါးလှသည်။
သူတို့သည် ဘဝ၏ အနိမ့်ဆုံး အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။ အခြားသူများ၏ အမြင်တွင် ပြင်းထန်မှုချင်း မတူညီနိုင်သော်လည်း၊ ရှောင်လွှဲ၍ မရနိုင်သော လက်တွေ့ဘဝမှာမူ အတူတူပင် ဖြစ်သည်။
တစ်နေ့တွင် သူတို့ ဆုံတွေ့ခဲ့ကြသည်။ ငွေရောင်မျက်ဝန်းနှင့် လူငယ်လေးတစ်ဦးသည် အနက်ရောင်မျက်ဝန်းနှင့် အမျိုးသမီးငယ်လေး၏ မျက်ဝန်းထဲတွင် သူနှင့် ဆင်တူသော အလင်းရောင်တစ်ခုကို မြင်တွေ့ခဲ့သည်။ ထိုလူငယ်လေးသည် သူ၏ လက်တွေ့ဘဝမှ လွတ်မြောက်နိုင်မည် မဟုတ်သော်လည်း၊ ထိုအမျိုးသမီးငယ်လေးကိုမူ... သူ လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ပေးအပ်ခဲ့သည်။
ထိုအချိန်မှစ၍ သူတို့၏ ဘဝများ ပြောင်းလဲသွားခဲ့သည်။
စုမေ့သည် ဝေ့ဝူယင်၏ ယနေ့အထိ လုပ်ဆောင်ချက်များနှင့် ခရီးလမ်းကို ပြန်လည် စဉ်းစားနေမိသည်။ မိသားစုနှင့် စည်းစိမ်များ ဆုံးရှုံးခဲ့ရသော ဂျိုးငှက်နီမြို့ငယ်လေးမှ သခင်လေးဘဝမှ စတင်ကာ၊ ကျင့်ကြံသူတို့၏ ရက်စက်လှသော လမ်းစဉ်ပေါ်ရှိ အညစ်အကြေးများနှင့် အန္တရာယ်များအထက်သို့ တဖြည်းဖြည်း မြင့်တက်လာပြီး ကလဲ့စားချေနိုင်ခဲ့ပုံများကို သူမ ပြန်လည် မြင်ယောင်နေသည်။ ထိုနေရာမှစ၍ သူသည် ထိုတိုက်ကြီးထက် များစွာ ကျော်လွန်သော အမွေအနှစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဂြိုဟ်များ၊ ကြယ်စင်စုများ၊ ကြယ်တာရာ နယ်မြေများနှင့် ယခုအခါတွင် ဂလက်ဆီ တစ်ခုလုံးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
၎င်းတို့အားလုံးမှာ အစကတည်းက မည်သည့် ဆရာသမား သို့မဟုတ် အားကိုးရမည့် နောက်ခံအင်အားမှ မပါဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် သေမျိုးတစ်ဦး အနေဖြင့် ‘လျှို့ဝှက် အာဏာရှင် အဆင့်၏ ရှိ အဆင့်မြင့် ဖြစ်တည်မှု တစ်ဦးကို တစ်ဦးချင်း တိုက်ခိုက်ပြီး သတ်ဖြတ်နိုင်သည့်အထိ မကြုံစဖူးသော အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင် ကြိုးစားမှု၊ စိတ်ဓာတ်နှင့် ဉာဏ်ရည်တို့ဖြင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းကို မျက်မြင်တွေ့ရှိခဲ့ရခြင်းမှာ အံ့သြစရာ ကောင်းလှပေသည်။ ထို့အပြင် သူသည် အချို့သော အပိုင်းများတွင် ပြောင်းလဲသွားသော်လည်း၊ သူမ မှတ်မိနေသော ဝေ့ဝူယင်၊ သူမကို လက်ကမ်းပေးခဲ့သော ထိုသူသည် သူ၏ မူဝါဒများ၊ ယုံကြည်ချက်များနှင့် စိတ်ထား မြင့်မြတ်မှုတို့တွင် တစ်ခါမျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် များစွာသော အင်အားနှင့် စည်းစိမ်များ ရှိလာသော်လည်း ၎င်းတို့ကို သူ၏ နှလုံးသားကို ပြောင်းလဲရန် ခွင့်မပြုခဲ့ပေ။ ၎င်းမှာ ဖော်ပြမရနိုင်အောင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
သူသည် သူ၏ နှလုံးသားတစ်ခုလုံးဖြင့် ချစ်တတ်သူ ဖြစ်သည်။ သူ စိန်ခေါ်သမျှ အလုပ်တိုင်းတွင် သူ၏ ဖြစ်တည်မှု အစွမ်းကုန်ဖြင့် ဆောင်ရွက်တတ်သူ ဖြစ်သည်။ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့စဉ်ကတည်းက ရှိခဲ့သော မူဝါဒများနှင့် အမှားအမှန် ခွဲခြားသိမြင်စိတ်တို့ဖြင့် သူ ရပ်တည်နေဆဲ ဖြစ်သည်။ သူ့ထံတွင် ချစ်သူများစွာ ရှိလင့်ကစား၊ သူသည် မည်သူ့ကိုမျှ လျစ်လျူရှုခြင်း သို့မဟုတ် ပစ်ပယ်ခြင်း မရှိပေ။ ထိုသနားစရာကောင်းသော အမှိုက်ကောင်နှင့် ခြားနားစွာပင် သူကမူ...
“...”
စုမေ့၏ ရင်ထဲတွင် ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။ သူမ၏ တောက်ပ ကြည်လင်နေသော မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားသည်။
“အတိတ်အကြောင်းတွေကို အများကြီး မတွေးနဲ့... အရေးကြီးဆုံးက ငါတို့ရဲ့ အနာဂတ်ပဲ”
ဝေ့ဝူယင်က ရုတ်တရက် ပြောလိုက်သည်။
“...”
စုမေ့က ခေါင်းလှည့်ကာ ပြုံးနေသော ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမက အသိစိတ် မဲ့စွာဖြင့်...
“အရှင်ဝေ့ နားမလည်...”
ဟု ပြောရန် ပြင်လိုက်သော်လည်း စကားစကို အလယ်တွင် ဖြတ်ကာ တိတ်ဆိတ်သွားခဲ့သည်။ သူတို့ ပထမဆုံး ဆုံတွေ့စဉ်က သူမသည် အခြားသော ပတ်သက်မှုတစ်ခုကို တည်ဆောက်ရန် သို့မဟုတ် မည်သူနှင့်မဆို အတူရှိရန် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွင် မရှိခဲ့ပေ။ အမှန်စင်စစ် သူမသည် သူမ၏ ဘဝတစ်လျှောက်လုံး တစ်ယောက်တည်း နေထိုင်သွားရန်ပင် စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။
လခရမ်း ဂိုဏ်းကို လိုက်လံနှိမ်နင်းခြင်း ကဲ့သို့သော ပြင်ပ စူးစမ်းရှာဖွေရေး ခရီးစဉ်များတွင် ရှိနေစဉ်၊ ဝေ့ဝူယင် တစ်ညတွင် သူမ၏ တဲထဲသို့ ဝင်လာမည်ကို စိုးရိမ်ခဲ့ရသည့် အချိန်များပင် ရှိခဲ့ဖူးသည်။ အထူးသဖြင့် ထိုကဲ့သို့ ခန့်ညားလှသော အဓိက တပည့်တစ်ဦးမှာ သူ၏ ကျင့်ကြံခြင်းအတွက် အမျိုးသမီးများ၏ ယင်စွမ်းအင်ကို ထုတ်ယူတတ်သည်ဟူသော ကောလာဟလ ဆိုးများကြောင့် ဖြစ်သည်။
၎င်းမှာ ဝေ့ဝူယင်၏ လျင်မြန်သော တိုးတက်မှုကို အကြောင်းပြရန်နှင့် သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်အတွက် လုပ်ကြံထားသော သတင်းမှားများသာ ဖြစ်သော်လည်း၊ သူမသည် ခဏမျှ ထိုအရာကို ယုံကြည်ခဲ့ဖူးသည်။ ထို့အပြင် သူမသည် ထိုသို့သော အခြေအနေမျိုးအတွက် မိမိကိုယ်ကိုယ် ပြင်ဆင်ထားခဲ့ပြီး၊ သူသည် သူမကို ဆိုးဝါးသော ကံကြမ္မာမှ လွတ်မြောက်အောင် ကူညီပေးခဲ့သူဖြစ်သဖြင့် သူ အလိုရှိပါက သူမကို ပေးအပ်ရန် လုံလောက်သည်ဟု တွေးတောခဲ့ဖူးသည်။
နောက်ပိုင်းတွင် ဝေ့ဝူယင်၌ သူ၏ လက်အောက်ငယ်သားများနှင့် မည်သည့်အခါမျှ အတူမအိပ်ရဟူသော စည်းကမ်း ရှိကြောင်းနှင့် ထိုသို့သော ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ကြောင်း သူမ သိခဲ့ရသည်။ ထို့အပြင် သူသည် ယုတ်ညံ့သော ယင်စွမ်းအင် ထုတ်ယူသည့် နည်းလမ်းမျိုးကို မကျင့်ကြံကြောင်း ထိုစဉ်က သူ၏ အလွန်ပင် သန့်စင်ပြီး ခိုင်မာသော ‘ချီ’ စွမ်းအင်များကို ကြည့်ရုံဖြင့် ချက်ချင်း သက်သေပြနိုင်ခဲ့သည်။ ထိုစဉ်က ဘာကြောင့်မှန်း မသိသော်လည်း၊ သူမသည် စိတ်ပျက်သလို ခံစားခဲ့ရသည်။
ဝေ့ဝူယင် ဂိုဏ်းမှ ထွက်ခွာသွားပြီး ပြင်ပတွင် သေဆုံးသွားပြီဟု ကောလာဟလများ ထွက်ပေါ်လာချိန်မှသာ၊ သူမ၏ နှလုံးသားထဲမှ စစ်မှန်သော ခံစားချက်များမှာ အမှန်တရားနှင့်အတူ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စစ်မှန်သော စိတ်ပျက်အားငယ်မှုများက သူမ၏ ဝိညာဉ်ကို ရိုက်ခတ်ခဲ့သော်လည်း၊ ဝေ့ဝူယင်သည် ထိုမျှနှင့် သေဆုံးသွားမည့်သူ မဟုတ်ကြောင်း သူမ သိနေသဖြင့် သူမသည် လိုက်လံရှာဖွေကာ စောင့်ဆိုင်းနေခဲ့သည်။
သူမ စောင့်နေခဲ့သည်။
စောင့်နေခဲ့သည်။
ပြီးတော့ ဆက်ပြီး စောင့်နေခဲ့သည်။
ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ဝေ့ဝူယင်သည် သူ၏အမှတ်အသားဖြစ်သော တည်ငြိမ်သည့်အပြုံး၊ စကြဝဠာ၏ တောက်ပမှုများ ကိန်းဝပ်နေသည့် ငွေရောင်မျက်ဝန်းများနှင့်အတူ ပြန်လည်ရောက်ရှိလာချိန်မှသာ သူမ၏ အဆုတ်ထဲသို့ အသက်ရှူသံများ ပြန်လည်ဝင်ရောက်လာခဲ့သလို ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ သူမသည် သူကသာ သူမကို လက်ခံဖို့ ဆန္ဒရှိမည်ဆိုလျှင်... လောကအနှံ့ သူသွားရာနောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် ထိုအသက်ရှူရသလို ခံစားချက်နောက်ကွယ်တွင် ပိုမိုပြင်းထန်သော စိတ်ခံစားမှုတစ်ခု ပုန်းကွယ်နေခဲ့သည်။
သူတို့နှစ်ဦး၏ အနာဂတ်အတွက် စုမေ့အသက်ရှင်ကျန်ရစ်စေရန် အစွမ်းကုန် ကြိုးစားပေးနေသော၊ သူမကို နှလုံးသားထဲတွင် ဆယ်စုနှစ်များစွာ ထားရှိခဲ့သော ဝေ့ဝူယင်ကို ကြည့်ရင်း သူမ၏ ရင်ထဲ၌ မွန်းကြပ်လုမတတ် ပြင်းထန်သော ခံစားချက်ကို ဖော်ပြရန်ပင် ခက်ခဲလှသည်။ သူတို့သာ အစောကြီးကတည်းက ဆုံခဲ့ကြလျှင်...
သူမ မညစ်နွမ်းသေးခင် အချိန်ကသာ ဆုံခဲ့ကြလျှင်...
သခင်လေးတစ်ယောက်နှင့် လယ်သူမလေးတစ်ယောက်သည် တစ်ချိန်ချိန်၊ တစ်နေရာရာတွင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြပြီး၊ သိချင်စိတ်အပြည့်နှင့် အကြည့်ချင်းဆုံကာ တောက်ပသောအပြုံးများ ဖလှယ်နိုင်ခဲ့ကြလျှင်...
အကယ်၍သာ...
သူမသည် ဓားအိမ်ကို အသာအယာ ထိလိုက်မိသည်။ သူမ၏ နှလုံးသားထဲတွင် ‘ဆေဘာရည်ရွယ်ချက်’ များက ခပ်ဖျော့ဖျော့ ခုန်လှုပ်နေသည်။ ဤဆေဘာရည်ရွယ်ချက်သည် သူနှင့်အတူ အဆုံးအထိ ရှိနေရန်၊ သူ့ကို ကာကွယ်ရန်၊ မိမိကိုယ်ကိုယ် တည်ဆောက်ရန်နှင့် သူတို့၏လမ်းတွင် ပိတ်ဆို့နေသမျှ အတားအဆီးအားလုံးကို ခုတ်ပိုင်းပစ်ရန်ဟူသော ဆန္ဒမှ မွေးဖွားလာခြင်း ဖြစ်သည်။
“ဟမ်...”
ဝေ့ဝူယင်က သူ၏ ဘယ်ဘက်မျက်ခုံးကို စူးစမ်းလိုစိတ်ဖြင့် ပင့်လိုက်ကာ ရေရွတ်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကအတိုင်း သူသည် ဧဒင်၏ စွမ်းအားများကို အသုံးပြု၍ အခြားသူများ၏ စိတ်လုံခြုံမှုကို ကျူးကျော်ရန် ငြင်းဆန်ထားဆဲဖြစ်သည်။ မေမေ့အပေါ်တွင်လည်း ထိုသို့မလုပ်ခဲ့သလို၊ စုမေ့အပေါ်တွင်လည်း ထူးမခြားနားပင်။ ထင်ရှားသော စိတ်ခံစားမှုအချို့မှလွဲ၍ စုမေ့၏ အတွေးစများကို သူ မသိရှိပေ။ သူမ၏ ပြတ်သားသော စိတ်ဓာတ်မှာ ထက်မြက်ပြီး လွှမ်းခြုံနိုင်စွမ်းရှိသော ဆန္ဒတစ်ခုအဖြစ် တဖြည်းဖြည်း ခိုင်မာလာသည်ကိုသာ သူ သတိထားမိသည်။
စုမေ့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏ ရှုပ်ထွေးနေသော အတွေးစများကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ သူမသည် ဝေ့ဝူယင်ဘက်သို့ တစ်ကိုယ်လုံးလှည့်ကာ ကျောရိုးကို တည့်တည့်ထားပြီး မျက်လုံးချင်း တည့်တည့် ဆိုင်လိုက်သည်။
ဝေ့ဝူယင်သည် သူမ၏ စိတ်ဓာတ်ပြောင်းလဲသွားမှုကို ခံစားလိုက်ရသဖြင့် သူမဘက်သို့ လှည့်ကာ စိုက်ကြည့်လိုက်သည်။ သူမ တစ်ခုခု ပြောချင်နေသည်ကို သူ သိလိုက်ပြီ။ သူတို့၏ အကြည့်များ ဆုံမိသွားကြ၏။
“အရှင်... မဟုတ်ဘူး၊ ဝေ့ဝူယင်... ကျွန်မ လွတ်လွတ်လပ်လပ် စကားပြောခွင့် ရှိမလား...”
စုမေ့က မေးလိုက်သည်။ သူမက သူ၏အမည်ရင်းကို ခေါ်လိုက်သဖြင့် ဝေ့ဝူယင် ခဏမျှ အံ့အားသင့်သွားသည်။
“ပြောနိုင်ပါတယ်...”
သူ ခွင့်ပြုလိုက်သည်။
စုမေ့က ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင်... ကျွန်မ တစ်ကိုယ်ကောင်းဆန်ခွင့် ရှိမလား...”
“အမြဲတမ်း ရှိပါတယ်...”
ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် စိတ်ဝင်တစားရှိသော အပြုံးတစ်ခု ပေါ်လာသည်။ သူတို့ အတူတူ ခရီးစတင်ခဲ့စဉ်ကတည်းက စုမေ့သည် တစ်ခါမျှ တစ်ကိုယ်ကောင်းမဆန်ခဲ့ဖူးပေ။ အမြဲတမ်း သူ၏ဆန္ဒအတိုင်း လိုက်ပါခဲ့ပြီး သူ၏မူဝါဒများကို လိုက်နာခဲ့သည်။ သူမသည် တာဝန်ကျေပွန်ပြီး အပြစ်ပြောစရာမရှိသော အပြုအမူများ ရှိခဲ့သည်။ သူမသည် အမြဲတမ်း ခိုင်မာသော ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ရှိနေသူ ဖြစ်သည်။
နေသွေးနီနီဂိုဏ်း၏ တံခါးဝတွင် သူမသည် သူနှင့်လိုက်ပါရန် အရာအားလုံးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့သည် ဝေ့ဝူယင်အတွက် အမှောင်ဆုံး အချိန်ကာလတစ်ခု ဖြစ်ခဲ့သည်။ သူသည် နောင်တကင်းမဲ့စွာ နေထိုင်နေရပြီး အလွန်အမင်း အထီးကျန်နေချိန် ဖြစ်သည်။ အထူးသဖြင့် သူ့ အိမ်က သူ့ကို ကျောခိုင်းသွားပြီး သူချစ်မြတ်နိုးရသော အမျိုးသမီးက အခြားတစ်ယောက်နှင့် တာအို လက်တွဲဖော် ဖြစ်နေသည်ကို သိလိုက်ရချိန် ဖြစ်သည်။ တုလင်ပင်လျှင် ပြည့်စုံသော ဘဝတစ်ခုနှင့် ရှေ့ဆက်နေပြီဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင်ပင် သူမသည် မဆိုင်းမတွဘဲ သူနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ခဲ့သည်။
အကယ်၍ စုမေ့သာ တစ်ကိုယ်ကောင်းဆန်ချင်သည်ဆိုလျှင် သူ မည်သို့မျှ ငြင်းဆန်မည် မဟုတ်ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုမေ့သည် ဝေ့ဝူယင်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဒါကို ကျွန်မ ဘဝမှာ တစ်ကြိမ်တော့ ပြောရပါလိမ့်မယ်... အခု မပြောလိုက်ရရင် ကျွန်မ နောင်တရလိမ့်မယ်လို့ ခံစားနေရလို့ပါ...”
နောက်ဆုံးစကားက ဝေ့ဝူယင်ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးလိုက်သည်။ ထိုစကားလုံးများကို သူကိုယ်တိုင် တစ်ခါက ပြောခဲ့ဖူးသလိုပင်။
စုမေ့က ခိုင်မာသောလေသံ၊ ပြတ်သားလှသော မျက်ဝန်းများနှင့်အတူ ဆက်ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး ဝေ့ဝူယင်... ရှင် ဘယ်လောက်ဝေးဝေးကိုပဲ သွားသွား၊ ရှင် ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ဘာနဲ့ပဲ ရင်ဆိုင်ရပါစေ... ကျွန်မရဲ့ ဝိညာဉ် မချုပ်ငြိမ်းမချင်း ရှင့်ဘေးမှာ အမြဲရှိနေမှာပါ... ကျွန်မ ကတိပေးပါတယ်...”
“...”
ဝေ့ဝူယင်၏ နှလုံးသား တုန်လှုပ်သွားခဲ့၏။
“ဒါကြောင့် ကျေးဇူးပြုပြီး...”
သူမ၏ မျက်ဝန်းများတွင် မျက်ရည်စများ ဝေ့သီလာကာ အသံမှာလည်း နူးညံ့သွားသည်။
“... ကျွန်မကို မစွန့်ပစ်ပါနဲ့... ရှင့်ဘေးမှာပဲ အမြဲတမ်း နေချင်ပါတယ်...”
ဝေ့ဝူယင်သည် ရေကဲ့သို့ နူးညံ့ပြီး သံမဏိကဲ့သို့ ခိုင်မာသော ထိုအနက်ရောင်မျက်ဝန်းများကို ကြည့်ရင်း အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေခဲ့သည်။
သိနေခြင်းနှင့် ကြားလိုက်ရခြင်းမှာ လုံးဝကွဲပြားလှသည်။ စုမေ့အနေဖြင့် သူမ၏ ဆန္ဒကို ဤမျှအထိ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤအရာက မည်သို့လျှင် တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်နိုင်ပါမည်နည်း။
ဖြစ်နိုင်သည်က သူကိုယ်တိုင်ကသာ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်နေခဲ့ခြင်းပင်။
“စုမေ့... ငါ...”
သူ စကားပြောရန် ပြင်လိုက်စဉ်တွင် စုမေ့က ကြားဖြတ်ပြောလိုက်သည်။ သူမ စကားမဆုံးသေးပေ။
“ကျွန်မက မစင်ကြယ်ဘူးဆိုတာ သိပါတယ်... ကျွန်မက ရှင့်ရဲ့ လက်အောက်ငယ်သားဆိုတာလည်း သိပါတယ်၊ ရှင့်မှာ ချစ်သူတွေ အများကြီးရှိနေတာလည်း သိပါတယ်... ချက်ချင်းကြီး ဖြစ်ဖို့ မလိုပါဘူး... နောက်ထပ် နှစ်ပေါင်း တစ်သောင်း၊ တစ်သိန်း ဒါမှမဟုတ် သန်းပေါင်းများစွာ ကြာမှ ဖြစ်လည်း ရပါတယ်... တစ်နေ့မှာ ရှင့်အတွက် ကျွန်မဟာ အဲ့ဒီထက်ပိုတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရုံပါပဲ...”
“...”
ဝေ့ဝူယင် တိတ်ဆိတ်သွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်မှသာ ဝေ့ဝူယင်သည် အလွန်အမင်း ပျော်ရွှင်ကြည်နူးမှုများ ပါဝင်သော တောက်ပသည့် အပြုံးတစ်ခုကို ပြသလိုက်သည်။
“ငါကတော့ မင်း အဆင့်တက်ပြီးသွားရင် မင်းကို လက်ထပ်ခွင့် တောင်းတဲ့အခါ မင်းက တာဝန်တွေ ဒါမှမဟုတ် အခြားအကြောင်းပြချက်တွေနဲ့ ငြင်းလိုက်မှာကို စိုးရိမ်နေတာ... ခုနက မင်းပြောတဲ့ စကားတွေကြောင့် ငါ ဘာကို ကြောက်နေရဦးမှာလဲ...”
ဝေ့ဝူယင်သည် သူ၏ စစ်မှန်သော အတွေးများကို ပြောလိုက်ရာ ရင်ထဲမှ တောင်ကြီးတစ်လုံး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“အခု မင်းဘက်က ငြင်းဖို့ အကြောင်းပြချက်မှန်သမျှကို ဖယ်ရှားပစ်လိုက်ပြီပဲ... ဒါကြောင့် ငါလည်း နောက်ဆုတ်မှာ မဟုတ်ဘူး။”
“စုမေ့... ငါ့ရဲ့ စုမေ့... မင်းရဲ့ ခင်ပွန်းဖြစ်ခွင့်ပေးပြီးတော့ ငါ့ကို အနှိုင်းမဲ့ ဂုဏ်ပြုပေးနိုင်မလား... အခုအချိန်မှာတင် မဟုတ်ဘဲ ငါတို့ရဲ့ ဝိညာဉ်တွေ ချုပ်ငြိမ်းတဲ့အထိ၊ ငါတို့ အသက်ရှူနေသရွေ့ ခဏတာ မိနစ်တွေ၊ နာရီတွေ၊ ဆယ်စုနှစ်တွေ ဒါမှမဟုတ် ကမ္ဘာတည်သရွေ့ အတူရှိသွားကြရအောင်...”
စုမေ့သည် အခြေအနေကို သဘောပေါက်သွားချိန်တွင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမ ထိုစကားများကို ပြောရန် ဆုံးဖြတ်ခဲ့သော်လည်း ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ ထို့အပြင် ဝေ့ဝူယင်၏ စကားလုံးတိုင်းနှင့် ခံစားချက်တိုင်းမှာ စစ်မှန်နေကြောင်း သူမ သိလိုက်ရသည်။ သူမသည် အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားသဖြင့် စိတ်ကူးယဉ်မှုများကို ဖယ်ရှားရန် သို့မဟုတ် အိပ်မက်မှ နိုးလာရန် ‘စိတ်ပိုင်းဆိုင်ရာ အစီအရင်’ ကိုပင် ရွတ်ဆိုကြည့်သော်လည်း ဘာမျှ ပြောင်းလဲမသွားပေ။
မည်သို့ပင်ဖြစ်စေ သူမသည် စုမေ့၏ ပြတ်သားမှုအတိုင်းပင် ပြန်လည်ဖြေကြားခဲ့သည်။ သူမ၏ အသံတွင် ကြောက်ရွံ့မှု သို့မဟုတ် လောဆော်မှုမျိုး မပါဝင်ပေ။
“ကျွန်မ သဘောတူပါတယ်။”
ဝေ့ဝူယင်က လက်များကို ဆန့်ထုတ်ကာ သူမကို ပွေ့ဖက်ရန် ပြင်လိုက်စဉ်မှာပင် စုမေ့က ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြန်ဆန်စွာဖြင့် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။ ခဏအကြာတွင် သူမ ခေါင်းမော့ကြည့်လိုက်ရာ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော ငွေရောင်မျက်ဝန်းများနှင့် သူမ၏ နှလုံးခုန်နှုန်းကို မြန်စေသည့် အပြုံးကို မြင်လိုက်ရသည်။
ဝေ့ဝူယင် ဘာမှမပြောတော့ပေ။ ကြယ်တာရာများအောက်တွင် သူသည် ငုံ့လိုက်ကာ သူတို့နှစ်ဦး၏ ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သူမ၏ နှုတ်ခမ်းထက်မှ အနမ်းတစ်ပွင့်ကို ခိုးယူလိုက်တော့သည်။ ထိုအချိန်တွင် ကြယ်တာရာများမှာ ပိုမိုတောက်ပလာသလို ခံစားရပြီး စကြဝဠာကြီးတစ်ခုလုံးမှာလည်း အနည်းငယ် သေးငယ်သွားသကဲ့သို့ ထင်မှတ်ရပေတော့သည်။
...