အခန်း (၂၀၁၇-၂၀၁၈)
Vol. 145 Ch. 2017-2018
အပိုင်း(၂၀၁၇)
အမည်မသိ ကပ်ဘေးကြီးတစ်ခု မကျရောက်မီ အချိန်ကလေးတွင်၊ နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ကြိုးစားခဲ့ကြသော သေမျိုးနှစ်ဦး၏ နှလုံးသားများမှာ နောက်ဆုံးတွင် တစ်သားတည်း ဆုံတွေ့သွားခဲ့ကြပြီ ဖြစ်သည်။
ဘဝ၏ အဆုံးအဖြတ်ကို ပေးမည့် ဤဖြစ်ရပ်ကြီး မတိုင်မီတွင် စုမေ့သည် သူမ၏ စစ်မှန်သော ခံစားချက်များကို နောင်တကင်းမဲ့စွာ ဝန်ခံခဲ့သည်။
ကံကြမ္မာက သတ်မှတ်ထားသော ဤအချိန်၌ ဝေ့ဝူယင်သည်လည်း ထိုခံစားချက်များကို စိတ်ရင်းမှန်ဖြင့် လက်ခံလိုက်ပြီး သူ၏ ခံစားချက်များကိုပါ ထုတ်ဖော်ပြသခဲ့သည်။
အီလီစီယမ် အသေး သင်္ဘော၏ ဦးပိုင်းအစွန်းတွင် သူတို့နှစ်ဦး ပုခုံးချင်းယှဉ် ထိုင်နေကြသည်။ ခြေထောက်များကို လေထဲတွင် တွဲလောင်းချထားရင်း သူတို့၏ အပေါ်၊ အောက်နှင့် ပတ်ပတ်လည်ရှိ ကြယ်တာရာများမှာ ယခင်ကထက် ပိုမိုတောက်ပနေသကဲ့သို့ ခံစားရသည်။ ညစ်နွမ်းမှုနှင့် ကြောက်ရွံ့မှု ကင်းစင်နေသော စုမေ့၏ မျက်ဝန်းများသည် ‘ကောင်းကင်နှလုံးသား ဂလက်ဆီ’ ဟူသော လှပသည့် စကြဝဠာ ဖြစ်စဉ်ကြီးကို ငေးကြည့်နေမိသည်။
တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်၏ အကြည့်များသည် စုမေ့၏ မျက်နှာထက်တွင်သာ မဖယ်မခွာဘဲ ကျေနပ်စွာ စွဲထင်နေ၏။
သူ၏ စိုက်ကြည့်နေသော အကြည့်ကို ခံစားမိသည့်အလား စုမေ့သည် သတ္တိမွေးကာ သူ၏ ပုခုံးကို သူမ၏ ပုခုံးဖြင့် အသာအယာ တိုးကပ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စစ်မှန်ပြီး နူးညံ့ကာ အပြစ်ပြောစရာမရှိသော အပြုံးအရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။
သူတို့နှစ်ဦးစလုံးသည် တစ်ဦး၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို တစ်ဦးက နားထောင်ရင်း ဖြည်းဖြည်းချင်း မျက်စိမှိတ်လိုက်ကြသည်။ တစ်နာရီခန့်ကြာအောင် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ဤစကြဝဠာကြီးထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိနေသကဲ့သို့ ငြိမ်သက်နေခဲ့ကြသည်။
‘သူတို့အားလုံးလည်း ဒီလိုပဲ ခံစားခဲ့ရတာလား...’
ယခင်က ရွှယ်ရီဖေး၊ နာ့ရှင်းရီ၊ ချောင်စွေ့ဖုန်း၊ လျူစုယင်၊ တရှန်း၊ နယ်လာရှားနှင့် အခြားသူများအပေါ် တိတ်တဆိတ် မနာလိုဖြစ်ခဲ့ရသော စုမေ့၏ နှလုံးသားမှာ ယခုအခါတွင်မူ ထိုမနာလိုမှုများအတွက် အဖြေကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ဝေ့ဝူယင်နှင့် အမှန်တကယ် အတူရှိနေချိန်တွင်၊ သူ၏ မျက်လုံးထဲ၌ သူမသည်သာ အရေးကြီးဆုံးအရာ ဖြစ်နေခဲ့သည်။ သူသည် သူတို့အတူရှိသမျှ ခဏတာတိုင်းကို အစွမ်းကုန် တန်ဖိုးထားသည်။ တစ်စက္ကန့်လေးပင် အလဟဿ မဖြစ်စေခဲ့ပေ။
၎င်းမှာ ယစ်မူးဖွယ်ရာ ခံစားချက်ဖြစ်ပြီး စွဲလမ်းစရာပင် ကောင်းလှသည်။ အဝေးမှ ကြည့်နေရုံဖြင့် ဤခံစားချက်ကို မည်သူက နားလည်နိုင်ပါမည်နည်း။ ဝေ့ဝူယင်သည် သူ၏ နှလုံးသားနှင့် ဝိညာဉ်ထဲတွင် မည်သည့် ဟန်ဆောင်မှုမျှ မရှိဘဲ ဤသို့ မည်သို့ လုပ်ဆောင်နိုင်ပါသနည်း။
စုမေ့သည် ဝေ့ဝူယင်၏ ခရီးလမ်းအစကတည်းက ခြေရာခံ လိုက်ပါခဲ့သူ ဖြစ်သဖြင့် အခြားသူများထက် သူ့ကို ပိုမို သိရှိနားလည်သည်။ ဧဒင်ကဲ့သို့ နက်နဲသော အစွမ်းများ မရှိသော်လည်း၊ သူမသည် သူ၏ အလေ့အကျင့်များနှင့် အတွေးအခေါ်များကို အခြေခံအဆင့်အထိ ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်သည်။
အနန္တ ကုန်းမြေတိုက်ကြီးတွင် မိစ္ဆာကျင့်ကြံသူ တစ်ဦး ကပ်ဘေးကို မကျော်လွှားနိုင်ဘဲ ကျရှုံးသွားသည်ကို မြင်တွေ့ခဲ့ရသည့် ထိုနေ့မှစ၍ ဝေ့ဝူယင်သည် သူ၏ စက္ကန့်တိုင်းကို အရာရာအတွက် ပုံအောရန် ပြောင်းလဲသွားခဲ့ကြောင်း သူမ သိသည်။ သူ ရှူလိုက်သော အသက်ရှူသံတိုင်းတွင် ဘဝ၏ စက္ကန့်တိုင်းအတွက် အနှိုင်းမဲ့သော မြှုပ်နှံမှုနှင့် ရှေ့သို့ တိုးရန် အားမာန်များ ပြည့်နှက်နေခဲ့သည်မှာ ထိုအချိန်မှ စတင်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
သူမ ထိုသို့ တွေးမိသည်။
၎င်းကို ကိုယ်တိုင် ကြုံတွေ့လိုက်ရသောအခါ သူမသည် သူ၏ အမျိုးသမီးများကိုသာမက၊ အဂ္ဂိရတ်တာအို၊ ကျင့်ကြံခြင်း လမ်းစဉ်နှင့် ဤလောကကြီးကိုပင် မနာလိုဖြစ်မိသည်။ အကြောင်းမှာ သူသည် ထိုအရာများကို အာရုံစိုက်သည့်အခါတွင်လည်း ဤကဲ့သို့ပင် မြှုပ်နှံမှုမျိုး ပေးအပ်မည် မဟုတ်ပါလား။ အကယ်၍ ထိုအရာများက စကားပြောနိုင်မည်ဆိုလျှင် ၎င်းတို့ မည်သို့ ခံစားရမည်နည်း။ ၎င်းတို့ ဘာပြောကြမည်နည်း။
“ရှင် ဘာတွေ တွေးနေတာလဲ...”
သူမ မစဉ်းစားဘဲ မေးလိုက်မိသည်။
“မင်းအကြောင်းပေါ့...”
ဝေ့ဝူယင်သည် လက်ကို ရွှေ့ကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ကလေးများမှာ အနည်းငယ် အေးစက်နေသော်လည်း စိတ်အေးချမ်းမှုကို ပေးစွမ်းပြီး သူ၏ နွေးထွေးမှုနှင့် ဟန်ချက်ညီနေသည်။
ဒုတ်... ဒုတ်...
သူမ ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ ၎င်းမှာ ထိုရိုးရှင်းသော စကားလုံးလေးတစ်လုံးကြောင့် မဟုတ်ဘဲ၊ ထိုအဖြေ၏ အကြွင်းမဲ့ စစ်မှန်မှုနှင့် ၎င်း၏ အဓိပ္ပာယ်များကြောင့် သူမကို သဘာဝကျကျနှင့် နက်နက်ရှိုင်းရှိုင်း ကျေနပ်သွားစေခြင်း ဖြစ်သည်။
‘သူတို့ ခံစားခဲ့ရတာ ဒါမျိုးပဲကိုး...’
လွန်ခဲ့သော ဆယ်စုနှစ် ခြောက်ခုအတွင်း လူအများရှေ့တွင် ပြုံးခဲ့ဖူးသမျှထက် ပိုမိုနက်ရှိုင်းသော အပြုံးတစ်ခု သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လာသည်။ သူမသည် ချောင်စွေ့ဖုန်း၊ ယွီစွန်းလီ လျူစုယင်နှင့် ရွှယ်ရီဖေးတို့ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ အထူးသဖြင့် လျူစုယင်၏ မျက်ဝန်းထဲမှ တောက်ပသော အလင်းရောင်၏ အဓိပ္ပာယ်ကို သူမ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
နာရီဝက်ခန့်ကြာအောင် သူတို့သည် အရေးမကြီးသော အကြောင်းအရာများကို စတင် ပြောဆိုကြသည်။ သူတို့ မကြာသေးမီက သဘောကျခဲ့သော အစားအစာ၊ ‘အဖြူရောင် အဘိဿဲလ် ဂလက်ဆီ’ ထဲတွင် မည်သည့် နေကြယ်ကို အကြိုက်ဆုံးလဲ စသည့် ရိုးရှင်းသော အရာများကို ပြောဖြစ်ကြသည်။
ယခင်က သူတို့၏ ဆက်ဆံရေး အခြေအနေကြောင့် မပြောဖြစ်ခဲ့သော စကားများဖြစ်သော်လည်း ယခုအခါတွင်မူ ထိုစကားလုံးများသည် သူတို့၏ နှုတ်ခမ်းမှ သဘာဝကျကျ ထွက်ပေါ်လာကာ တစ်ဦး၏ နားထဲသို့ တစ်ဦးက စီးဝင်သွားကြသည်။
“ဟယ်လန်းလဲ့ တစ်ယောက် နာ့ရှင်းရီတို့ဆီကနေ ထွက်ပြေးသွားပြီးနောက်မှာ ဘာဖြစ်သွားလဲဆိုတာ ကျွန်မ အမြဲ သိချင်နေခဲ့တာ...”
စုမေ့က တွေးတောရင်း ပြောလိုက်သည်။ သူ အသက်ရှင်လိမ့်မည်ဟု သူမ မထင်ထားပေ။ ယနေ့ထက်တိုင် ထိုလျှို့ဝှက်ချက်မှာ နာ့ရှင်းယီ၊ ဝူပိုင်ကျိုးနှင့် လင်းကျိရန်တို့ သုံးဦး၏ ခေါင်းထဲတွင် မရှင်းလင်းဘဲ ရှိနေဆဲ ဖြစ်သည်။
“သူလား...”
ဝေ့ဝူယင်သည် သူ၏ ညာဘက်လက်မောင်းကို ကိုင်လိုက်သည်။
“အခု အဲ့ဒီသုံးယောက်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ပိတ်ဆို့ထားတဲ့ နယ်မြေကနေ ထွက်ပြီး ‘ကြယ်တစ်လုံး ဂလက်ဆီ’ ကို သွားနေကြပြီဆိုတော့၊ သူ ဘာဖြစ်သွားလဲဆိုတာ သူတို့ ရှာတွေ့မှာပါ... အဲ့ဒါကိုတော့ ငါ မသံသယဖြစ်ပါဘူး... ဒါပေမဲ့ သူတို့ ဘယ်သူနဲ့ ဆုံမလဲ... ဘာတွေ ဆုံးဖြတ်ကြမလဲ... ဆိုတာကိုပဲ ငါ သိချင်မိတယ်...”
ဝေ့ဝူယင်သည် ဟယ်ယန်းလဲ့ ဘာဖြစ်သွားသည်ကို အတိအကျ သိရှိထားကြောင်းနှင့် ထိုအရာကို မိန်းကလေး သုံးဦး၏ ခရီးလမ်းတွင် ကိုယ်တိုင် ဖြေရှင်းနိုင်ရန် ချန်ထားခဲ့ခြင်းဖြစ်ကြောင်း စုမေ့ သဘောပေါက်လိုက်သည်။ ၎င်းက သူမ၏ သိချင်စိတ်ကို အနည်းငယ် ပြေပျောက်သွားစေသည်။ သူမ ပြန်ရောက်သည့်အခါ ရလဒ်ကို လင်းကျိယန်ထံမှ မေးကြည့်ရမည်။
ဝေ့ဝူယင်၏ ရှန့်ထို ထံမှ ကောင်းကင်ပြာရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ် သတင်းစကားတစ်ခု ရောက်ရှိလာသည်။ စုမေ့က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ဝေ့ဝူယင်သည် အလွန်ဝေးကွာသော နေရာအနှံ့မှ စိတ်ဝိညာဉ် သတင်းစကားများကို အမြဲတမ်း လက်ခံရရှိနေတတ်ကြောင်း သူမ သိသော်လည်း၊ ယခု သတင်းစကားမှာ သူတို့ အတူရှိနေသည့် အချိန်အတွင်း ရောက်ရှိလာခြင်း ဖြစ်သောကြောင့် အရေးကြီးပေလိမ့်မည်။
သတင်းစကားကို ဖတ်ပြီးနောက် ဝေ့ဝူယင်က ပြောလိုက်သည်။
“လူသား လျှို့ဝှက်နယ်မြေမှာ ပေါ်လာခဲ့တဲ့ ကောင်းကင်ဘုံရဲ့ အပိုင်းအစ ဝေ့ရှောင်ထျန်းကို ငါ ဒီကို ခေါ်လာခဲ့မယ်... မေးစရာ တစ်ချို့ ရှိလို့ပါ... သူ့ဆီမှာ မင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုးထွင်းသိမြင်မှုတွေ ရှိနိုင်တယ်...”
စုမေ့ မျက်တောင် ခတ်လိုက်မိသည်။ ထို့နောက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ရှင် အရင်က ပြောသလိုပဲလား... သူ့မှာ ကောင်းကင်ဘုံရဲ့ အသိပညာတွေ၊ လောကရဲ့ ထိုးထွင်းသိမြင်မှုတွေနဲ့ တာအိုကြီးတွေအပေါ် နားလည်မှုတွေ ရှိတာလား...”
“ကောလာဟလ အရပေါ့...”
ဝေ့ဝူယင်က မရေရာသော အပြုံးတစ်ခုကို ပြလိုက်သည်။ ဝေ့ရှောင်ထျန်းသည် သူ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့သော်လည်း၊ သူမသည် လွတ်လပ်စွာ နေထိုင်ချင်ပြီး ဝေ့ဝူယင်၏ ကျွန် သို့မဟုတ် စေခိုင်းရာ လုပ်ရမည့်သူ တစ်ဦးအဖြစ် မနေလိုကြောင်း ပြောခဲ့သည်။ ဝေ့ဝူယင်တွင်လည်း ထိုသို့သော ဆန္ဒမျိုး မရှိသဖြင့် သူမကို မည်သည့်ကိစ္စတွင်မျှ အတင်းအကျပ် မလုပ်ခဲ့ပေ။ ယနေ့ကို နောက်ဆုံးသတ်မှတ်ချက် အဖြစ်ထားပြီး သူမကို ဤလောကနှင့် အသားကျစေရန် အချိန်ပေးထားခဲ့ရာ၊ သူမသည် သူမ ရရှိသမျှ အချိန်များကို သူနှင့်အတူ မရှိဘဲ သေမျိုးလောကကို စူးစမ်းလေ့လာရန် အသုံးပြုခဲ့သည်။
သူ သူမကို သိပ်ပြီး နားမလည်သော်လည်း၊ စုမေ့ အဆင့်မတက်မီ တစ်ရက်အလိုတွင် လာရန် သဘောတူခဲ့သဖြင့် သူ စောင့်ဆိုင်းရသည်ကို စိတ်မရှိပေ။ အကယ်၍ သူမသာ အဖိုးတန်ပြီး ဆက်စပ်မှုရှိသော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်ပါက၊ သူသည် အစီအစဉ်များကို ပြင်ဆင်ခြင်း သို့မဟုတ် အရန်အစီအစဉ်များ ထပ်တိုးခြင်းတို့ကို ပြုလုပ်ရန် ‘အာရုဏ်ဦး လေပွေဇုန် ဆေးလုံး’ ကို အသုံးပြု၍ တစ်နှစ်နီးပါး အချိန်ပို ရယူနိုင်သေးသည်။
ထို့ပြင် သူသည် ဤအခိုက်အတန့်အတွက် ဆယ်စုနှစ်များစွာ ပြင်ဆင်ခဲ့ပြီးဖြစ်ရာ၊ ဤအမည်မသိ ကပ်ဘေးကို မည်သို့ ကျော်လွှားရမည်ကို သိရှိထားပြီးဖြစ်သည်ဟု ခံစားရသည်။ အကယ်၍ စုမေ့သာ ကောင်းမွန်စွာ အဆင့်တက်နိုင်ပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။ အကယ်၍ အဆင်မပြေပါက သူ့ထံတွင် အခြားအစီအစဉ်များ ရှိသေးသည်။ ထာဝရ ခြေချခြင်း ဆေးလုံးကို အသုံးပြု၍ သူမ၏ ကပ်ဘေးကို လျင်မြန်စွာ ပြီးဆုံးစေခြင်းမှာ အခြေခံ အစီအစဉ်ပင် ဖြစ်သည်။
ဝေ့ဝူယင် ထိုသို့ တွေးနေသော်လည်း အကြောင်းရင်းကို သိရလျှင် ပိုကောင်းမည်ဟု တွေးမိသည်။ သို့သော် ထိုကိစ္စတွင် သူ သိပ်ပြီး မျှော်လင့်ချက် မထားပေ။ လောက၏ အချို့သော လျှို့ဝှက်ချက်များမှာ နားလည်ရန် သို့မဟုတ် ကြားသိရန်အတွက် သီးခြား အသိပညာ သို့မဟုတ် ကျင့်ကြံခြင်း အဆင့်အတန်း လိုအပ်သည်။ ၎င်းတို့ မရှိဘဲနှင့် နားလည်ရန် ကြိုးစားခြင်းမှာ အလွန်အမင်း ခက်ခဲခြင်း သို့မဟုတ် မရေရာသော အန္တရာယ်များ ရှိနိုင်သည်။
ဥပမာအားဖြင့် ‘ငရဲ၏ ကပ်ဘေး’ များအကြောင်း သတင်းအချက်အလက်မျိုး ဖြစ်သည်။ ကောင်းချီးခံ တစ်ဦး အနေဖြင့်ပင် မင်ရှုဖုန်း ပေးအပ်သော အဓိပ္ပာယ်မရှိသည့် သတင်းများကြောင့် သူ ရူးလုနီးပါး ဖြစ်ခဲ့ရသည်။ ဝမ်မင်ယာသည် ငရဲ၏ လျှို့ဝှက်ချက်များကို သူ့ထံသို့ ပေးပို့ရန်အတွက် သူမ၏ အသက်ကိုပင် ရင်းခဲ့ရသော အစီအရင်တစ်ခုကို အသုံးပြုခဲ့ရသည်။
ထိုနှစ်ဦးမှာ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ အနေဖြင့် ကောင်းကင်တာအိုပေါ်တွင် လွင့်မြောနေသော ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ထိုသတင်းအချက်အလက်များကို အကျိုးဆက်မရှိဘဲ သိနိုင်ကြသော်လည်း အခြားသူများမှာမူ ထိုသို့သော အရည်အချင်း မရှိကြပေ။
***
အပိုင်း(၂၀၁၈)
“ကောလာဟလ အရ ဟုတ်လား...”
စုမေ့က တွေးတောရင်း ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး စုမေ့ကလည်း နောက်မှ လိုက်ပါလာသည်။ သူတို့သည် သင်္ဘော၏ ကုန်းပတ်ပေါ်သို့ လှည့်ကြည့်လိုက်ကြပြီး၊ ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း တစ်ခုကို လေထုထဲသို့ ဖိချလိုက်ကာ သူ၏ ‘ဟင်းလင်းပြင် နဂါး ကြယ်တာရာ စွမ်းအား’ ကို ထုတ်ဖော်လိုက်သည်။
ဝှစ်...
ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်ပေါက်လာ၏။ အမျိုးသမီးတစ်ဦး၏ အလှတရားကို ပုံဖော်ထားသော ပုံရိပ်တစ်ခု လမ်းလျှောက် ထွက်ပေါ်လာသည်။ သို့သော် စုမေ့၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ ‘နတ်သမီးတစ်မျှ လှပသော မျက်နှာ’ ဟူသော စကားလုံးကို အခြားတစ်ဦးတွင် အသုံးပြုနိုင်သည်ကို သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။ သူမ၏ အော်ရာနှင့် တည်ရှိမှုမှာ အနည်းငယ် နိမ့်ကျနေသော်လည်း၊ သူမသည် ဝေ့ဝူယင်၏ အကြိုက်နှင့် ကွက်တိကျသော အနှိုင်းမဲ့ အလှပိုင်ရှင်တစ်ဦး ဖြစ်နေသည်မှာ ငြင်းမရပေ။
သူမ အလွန် ရင်းနှီးနေသော အကြိုက်မျိုးပင်။
သို့သော်လည်း...
ထိုအမျိုးသမီးငယ်လေးသည် အလွန်အမင်း ပေါ့ပါးသွက်လက်သော အမူအရာ၊ ကိုယ်ဟန်အနေအထားနှင့် အဆုံးမဲ့သော ယုံကြည်ချက်တို့ဖြင့် လျှောက်လှမ်းလာသည်။ သူမ၏ လက်ထဲတွင် ငွေရောင်နှင့် ရွှေရောင် အလှဆင်ထားသော အနက်ရောင် လမ်းလျှောက်တုတ် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူမသည် ရှည်လျားသော ဆံပင်အနက်ရောင်များကို ဖြတ်တောက်ပစ်လိုက်ပြီး ပုခုံးထက် အနည်းငယ် ကျော်ရုံမျှသာ ရှိသော လှပကာ အနည်းငယ် ရှုပ်ပွနေသော လှိုင်းတွန့်ပုံစံ ဆံပင်တိုလေးအဖြစ် ပြောင်းလဲထားသည်။
သူမ၏ နတ်သမီး တမျှ လှပသော မျက်နှာထက်တွင် ငွေရောင်ဘောင်ပါသော ကြီးမားပြီး ဝိုင်းစက်သည့် မျက်မှန်တစ်စုံ ရှိနေပြီး၊ ၎င်းက သူမ၏ အမူအရာနှင့် စရိုက်တွင် အသိပညာနှင့် စူးစမ်းလိုစိတ် အရိပ်အယောင်များကို ထပ်လောင်း ပေးစွမ်းနေသည်။ သူမ၏ ခြေထောက်များမှာ ပေါ်လွင်နေပြီး ရွှေရောင်ဖဲကြိုးပါသော ဒေါက်မြင့် ဖိနပ်တိုလေးကို ဝတ်ဆင်ထားသည်။ သူမသည် မြင်တွေ့ရသူတိုင်း၏ မျက်စိကို အေးမြစေမည့် အလှပိုင်ရှင်လေးပင် ဖြစ်သည်။
သင်္ဘောပေါ်တွင် အခြေချပြီးနောက် သူမသည် လမ်းလျှောက်တုတ်ကို ကျွမ်းကျင်စွာ လက်တစ်ဖက်ဖြင့် လှည့်လိုက်ပြီး မှီထားသည့် ကိုယ်ဟန်အနေအထားဖြင့် ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်သည်။
“ဘယ်လိုနေလဲ... ကျွန်မ ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာ...”
“...”
စုမေ့ တစ်ခါမျှ... ဤကဲ့သို့သော သူမျိုးကို မမြင်ဖူးပေ။
ဝေ့ဝူယင်က မျက်တောင်တစ်ချက် မခတ်ဘဲ ရယ်မောလိုက်၏။
“ရင်သပ်ရှုမောစရာပါပဲ...”
“ကောင်းပြီလေ...”
ဝေ့ရှောင်ထျန်းက တောက်ပစွာ ပြုံးလိုက်သည်။ သူမသည် မိမိကိုယ်ကိုယ်နှင့် ဤလောကအကြောင်းကို ပိုမို စူးစမ်းလေ့လာလေ၊ သူမ၏ ကိုယ်ပိုင်ပုံစံမှာ ပေါ်ထွက်လာလေ ဖြစ်သည်။ ရက်သတ္တပတ် အနည်းငယ်သာ ရှိသေးသော်လည်း၊ သူမသည် အခြားသူများထက် သတင်းအချက်အလက်များကို ပိုမို စုပ်ယူနိုင်ပြီး သူမ၏ ကိုယ်ပိုင် အကြိုက်နှင့် မကြိုက်မှုများကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့သည်။ ဖြစ်နိုင်သည်မှာ... ‘ဝေ့ဝူယင်’ တစ်ယောက်၏ အသိပညာများနှင့် လောကအပေါ် ထိုးထွင်းသိမြင်မှုများကို အခမဲ့ ရရှိထားခြင်းကြောင့် ကလေးဘဝ၊ လူပျိုလူဖော်ဘဝ အဆင့်များကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ပြောရခက်လှသည်။
“...”
စုမေ့ ရှေ့သို့ လှမ်းသွားလိုက်သည်။ သူမက ဝေ့ရှောင်ထျန်းကို လေးစားစွာ နှုတ်ဆက်လိုက်၏။
“ကျွန်မက စုမေ့ပါ... တွေ့ရတာ ဝမ်းသာပါတယ်... ရှင်နဲ့ ပတ်သက်တဲ့ ကောင်းကြောင်းတွေကို ကြားဖူးပါတယ်...”
“အိုး...”
ဝေ့ရှောင်ထျန်း အနည်းငယ် အံ့အားသင့်သွားသည်။ ထို့ပိဟန် ပြောပြချက်အရ စုမေ့သည် အနည်းငယ် တိတ်ဆိတ်ပြီး အေးစက်ကာ၊ လေးစားမှုရှိပြီး တာဝန်ကျေပွန်သော်လည်း သူမ၏ အနီးအနားရှိ မည်သူမဆို ခံစားရနိုင်သော အနည်းငယ် ပိတ်ဆို့ထားသည့် ခံစားချက်မျိုး ရှိသည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် ယခုအခါတွင်မူ ပြောပြထားသည်ထက် ပိုမို ပွင့်လင်းပြီး ဖော်ရွေနေသည်ကို ခံစားရသည်။ သူမသည်... ပျော်ရွှင်နေပုံရသည်။
“ရှင့်လို လူမျိုးနဲ့ တွေ့ရတာ ကျွန်မက ပိုပြီး ဝမ်းသာပါတယ်... ရှင် သူ့ကို အရှင်ဝေ့ လို့ ခေါ်ရတာ ကြိုက်တယ်လို့ ကြားတယ်၊ ဒါကြောင့် ကျွန်မကိုလည်း သခင်မလေးဝေ့ လို့ ခေါ်ချင်ရင် ခေါ်နိုင်ပါတယ်... ဒါမှမဟုတ် ရှောင်ထျန်း ပေါ့... ကျွန်မကတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး... ကျွန်မလို လူမျိုးမှာလည်း ဘာရာထူးမှ ရှိတာ မဟုတ်ပါဘူး...”
ဝေ့ရှောင်ထျန်းက စုမေ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်မလို လူမျိုး ဟုတ်လား...”
ဝေ့ဝူယင်က မေးလိုက်သည်။
“ကျွန်မလို လူမျိုး ဟုတ်လား...”
စုမေ့ကလည်း မေးလိုက်သည်။
သူတို့၏ မေးခွန်းများမှာ လေထုထဲတွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ရှောင်ထျန်းမှာ သဘောကျသွားပုံရ၏။ သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လမ်းလျှောက်တုတ်ကို ကိုင်ဆောင်ကာ ကုန်းပတ်ပေါ်တွင် လှည့်ပတ် လမ်းလျှောက်နေသည်။ သူမ၏ မျက်လုံးများသည် အီလီစီယမ် အသေး သင်္ဘော၏ လက်ရာမြောက်လှသော အလှတရားများကို စူးစမ်းနေသည်။
“ဘယ်လောက်တောင် ဟန်ချက်ညီလိုက်သလဲ... စိတ်တစ်ခုတည်း၊ နှလုံးသား နှစ်ခုအဆင့်ကို ရောက်နေပြီပဲ... ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်ပါတယ်... ရှင်တို့နှစ်ယောက် ရင်းနှီးတဲ့ အခိုက်အတန့် ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အခိုက်အတန့်တစ်ခုမှာ ဟန်ချက်ညီသွားတာနဲ့ အဲ့တာကို တစ်ခါတည်း ထုတ်ဖော်နိုင်လိမ့်မယ်...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်သည်။ ဝေ့ဝူယင်၏ တည်ငြိမ်မှု ပျက်ပြားလာသည်ကို ခံစားမိသောအခါ ဝေ့ရှောင်ထျန်းက ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
“ရှင် သူမနဲ့ ပတ်သက်ပြီး ကျွန်မ ဘာသိလဲဆိုတာ သိချင်လို့ မဟုတ်လား... အမှန်တော့ ဒါက သိပ်ကြီးမားတဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး၊ ဘယ်သူမှ ရှိတယ်လို့ ဝန်မခံချင်ကြတဲ့ ရှေးဟောင်းပြီး ဝေဝါးတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ... ကောင်းကင်တာအိုလည်း မဟုတ်ဘူး... လောကကြီးလည်း မဟုတ်ဘူး၊ ပြီးတော့ သေချာတာကတော့...”
“ဘာပဲဖြစ်ဖြစ် တည့်တည့်ပြောရရင်တော့ အစ်မစု... ရှင်က ‘ဘေးဒုက္ခ ဖြစ်စဉ်’ တစ်ခုပဲ။ ရှင်က ကောင်းကင်ဘုံရဲ့ မမျှော်လင့်ထားတဲ့ ‘အမှား’ တစ်ခုပဲ...”
“ကောင်းကင်ဘုံရဲ့ မမျှော်လင့်ထားတဲ့ အမှားဟုတ်လား...”
စုမေ့နှင့် ဝေ့ဝူယင် နှစ်ဦးစလုံး ထိုဖော်ပြချက်ကြောင့် အံ့အားသင့်သွားကြသည်။ စုမေ့သည် သူမကိုယ်သူမ မွေးဖွားလာစဉ်ကတည်းက အခြားကျင့်ကြံသူများထက် ပိုမိုထူးခြားသည် သို့မဟုတ် အရေးပါသည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူမ၏ ကိုယ်ပိုင်အောင်မြင်မှုများနှင့် ဂုဏ်ပုဒ်များ ရရှိလာပြီးနောက်မှသာ သူမကိုယ်သူမ အနည်းငယ် ထူးခြားသည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။
ဝေ့ရှောင်ထျန်းသည် ဟင်းလင်းပြင်ကို စူးစမ်းနေသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက်၊ မကျေနပ်မှု၊ စိတ်ပျက်မှုတို့ဖြင့် သူမ၏ နှုတ်ခမ်းကို အနည်းငယ် စူလိုက်သည်။ သူတို့နှစ်ဦး မသိလိုက်ဘဲ၊ သူမသည် သူမ၏ ဝိညာဉ်ကို ရိုက်ခတ်လာသော ထင်ရှားသည့် သတိပေးချက်တစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ သူမသည် ပုခုံးတစ်ချက် တွန့်လိုက်ပြီး လမ်းလျှောက်တုတ်ကို တစ်ပတ်လှည့်လိုက်သည်။
“မှန်တယ်... အဲ့ဒါအတွက် နာမည်တစ်ခု ရှိတယ်... ဒါပေမဲ့ ကျွန်မရဲ့ ကျင့်ကြံခြင်း အဆင့်က အဲ့ဒါကို ထုတ်ပြောဖို့ နည်းနည်း နိမ့်လွန်းနေသေးတယ်... ဘာပဲဖြစ်ဖြစ် အစ်မစု... ရှင်က ရိုးရိုး ‘အမှား’ တစ်ခုတင် မဟုတ်ဘူး... ရှင်က ကျင့်ကြံနိုင်စွမ်းရှိတဲ့ ‘အမှား’ တစ်ခုပဲ...”
“ကျွန်မ ပြောနိုင်တဲ့အရာနဲ့ သေချာတဲ့အရာကနေ စပြောပါ့မယ်... အရင်က ပြောခဲ့သလိုပဲ ဒါက သိပ်ကြီးမားတဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး၊ လောကရဲ့ အင်အားစုတွေကြားမှာ မှန်ကန်တဲ့ လက်ဆင့်ကမ်းမှု မရှိတာကြောင့် ဝေဝါးပြီး ရှေးကျနေတာပါ... ကျွန်မတို့ ကမ္ဘာကို စောင့်ကြည့်နေတဲ့သူတွေရဲ့ ကူညီမှုမပါဘဲနဲ့ ‘ဗေဒင်ဆရာ’ တွေနဲ့ ‘ကောင်းကင် နိမိတ်ဖတ်သူ’ တွေတောင် ဒီလျှို့ဝှက်ချက်ကို မသိနိုင်ကြဘူး...”
“ရှင်က မရှိသင့်ဘဲ တည်ရှိနေတဲ့ ဖြစ်တည်မှုတစ်ခုပဲ... ‘ပြန်လည်မွေးဖွားခြင်း’ နဲ့ ‘လူဝင်စားခြင်း’ နိယာမတွေကို မလိုက်နာတဲ့၊ သံသရာနဲ့ ဖန်တီးခြင်းရဲ့ သဘာဝ နိယာမတွေထက် ကျော်လွန်နေတဲ့ သေမျိုးမျိုးဆက် တစ်ခုပေါ့... ရှင်က အစစ်အမှန် ဝိညာဉ် မရှိတဲ့ သက်ရှိတစ်ခုပဲ...”
ဝေ့ရှောင်ထျန်း၏ စကားလုံးများမှာ လေးနက်သော အငွေ့အသက်များနှင့်အတူ စီးထွက်လာသည်။
“အစစ်အမှန် ဝိညာဉ် မရှိတဲ့ သက်ရှိတစ်ခု ဟုတ်လား...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်သည်။ စုမေ့သည် ကျင့်ကြံနိုင်သည်ဖြစ်ရာ သူမတွင် ဝိညာဉ်နှင့် အစစ်အမှန် ဝိညာဉ် ရှိရမည် ဖြစ်သည်။ အကယ်၍ မရှိပါက သူမ၏ ‘ကျင့်ကြံခြင်း ဝိညာဉ်’ ကို ဘာနှင့် ဖန်တီးထားသနည်း။ သူမ ကျင့်ကြံနေစဉ် ထုတ်လွှတ်နေသော ဝိညာဉ်လှိုင်းများက ဘာတွေနည်း။
သို့သော် ဤအတွေးသို့ ရောက်ရှိလာချိန်တွင် ဝေ့ဝူယင်သည် ထို ‘အမှား’ ကို စတင် နားလည်လာသည်။ ‘ငရဲ’ နှင့် ‘ကောင်းကင်တာအို’ တို့၏ နက်နဲသော တည်ရှိမှုများ အပါအဝင် လောက၏ အခြေခံသဘောတရားများကို အခြားသူများထက် ပိုမိုနားလည်ထားသူ ဖြစ်သည့်အားလျော်စွာ၊ ထိုကန့်သတ်ချက်များ၏ ပြင်ပတွင် တည်ရှိနေခြင်း၏ ပြင်းထန်မှုကို သူ လက်ခံနိုင်ခဲ့သည်။
စုမေ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး၊ ထိုအဓိပ္ပာယ်များကြောင့် မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားသော်လည်း၊ များမကြာမီမှာပင် သူမသည် ရှုပ်ထွေးနေသော စိတ်ခံစားမှုများကို မြန်ဆန်စွာ ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။ သူမသည် လက်တွေ့ဆန်သော စိတ်ထားရှိသူဖြစ်ရာ သူမ၏ အခြေအနေကို လက်ခံရန်မှာ ထင်ထားသည်ထက် ပိုမိုလွယ်ကူနေသည်။ မည်သို့ပင် ဆိုစေကာမူ... လက်ရှိ အခြေအနေကို ပြောင်းလဲရန် သူမတွင် နည်းလမ်းမရှိသည်မှာ အမှန်ပင်။
သူတို့နှစ်ဦးစလုံး ဤသတင်းအား အေးအေးဆေးဆေး လက်ခံနိုင်သည်ကို မြင်သောအခါ ဝေ့ရှောင်ထျန်း အံ့အားသင့်သွားသည်။ ၎င်းမှာ အလွန်ကြီးမားသော ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာမူ ထိုအသိပညာနှင့် အသားကျနေပုံရသည်။ ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း အရိပ်အယောင်မျှမပြဘဲ သူမကိုသာ ထပ်မံပြောပြရန် စောင့်ဆိုင်းနေကြသည်။
ဝေ့ရှောင်ထျန်းပင် မသိလိုက်သော အချက်ကား... အစဉ်အလာများကို ရိုက်ချိုးခြင်း၊ စိတ်ကူးမယဉ်နိုင်သော အင်အားစုများကို တိုက်ခိုက်ခြင်း သို့မဟုတ် လက်ရှိ အခြေအနေကို တွန်းလှန်ခြင်း စသည့် ကိစ္စရပ်များတွင် ဝေ့ဝူယင်၌ အဆမတန် များပြားလှသော အတွေ့အကြုံများ ရှိနေခြင်းပင် ဖြစ်သည်။
သူသည် တစ်ကြိမ်မက၊ နှစ်ကြိမ်မကဘဲ ‘ငရဲကပ်ဘေး’ သုံးကြိမ်တိုင်တိုင်ကို ကျော်လွှားနိုင်ခဲ့သော သေမျိုးတစ်ဦး ဖြစ်သည်။ သူသည် ကောင်းကင်တာအိုကို စူးစမ်းဝံ့သော သေမျိုးတစ်ဦး ဖြစ်သည်။ သူသည် ‘အချိန်မြစ်’ ကို စော်ကားမိပြီး ၎င်း၏ ဒေါသကို ရင်ဆိုင်ခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်နေသူ ဖြစ်သည်။
သူသည် မဖြစ်နိုင်ဟု ထင်ရသော အရာများကို အောင်မြင်ခဲ့ရုံသာမက၊ သူ၏ ဘဝရှင်သန်ရန်အတွက်ပင် ထိုအရာများကို အောင်မြင်ရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ စုမေ့ ‘အမှား’ တစ်ခု ဖြစ်နေခြင်းမှာ ဆိုးဝါးသော ထုတ်ဖော်ချက်ထက် ကောင်းမွန်သော လက္ခဏာတစ်ခု ဖြစ်နေသည်။ ဆိုလိုသည်က သူမ၏ အခြေအနေအတွက် အခြေခံ အကြောင်းရင်းတစ်ခု ရှိနေခြင်းဖြစ်ပြီး၊ ထိုသတင်းအချက်အလက်မှာ ဤပြဿနာကို မည်သို့ကိုင်တွယ်ရမည်ကို နားလည်ရန် သိသာထင်ရှားသော တိုးတက်မှုပင် ဖြစ်သည်။
ဥပမာအားဖြင့်၊ ဝေ့ရှောင်ထျန်း ပေးအပ်သော အသိပညာကို အခြေခံ၍ စုမေ့၏ အခက်အခဲနှင့် ပတ်သက်ပြီး ဝေ့ဝူယင်တွင် ခိုင်မာသော သီအိုရီတစ်ခု ရှိလာပြီ ဖြစ်သည်။ အဘယ်ကြောင့် ကပ်ဘေးကို ကျော်လွှားခြင်းက ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး၊ ကပ်ဘေးကို စိန်ခေါ်ခြင်းက ခုခံမှုနှင့် ကြုံတွေ့ရသနည်းဟူသော အချက်ပင်။ ၎င်းမှာ ကောင်းကင်ဘုံက ၎င်း၏ အမှားများကို တက်ကြွစွာ ပြုပြင်နိုင်သည့် တစ်ခုတည်းသော အချိန်ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်သည်က... ၎င်းမှာ စုမေ့၏ တည်ရှိမှုကို ‘အမှား’ အဖြစ် အတည်ပြုနိုင်သည့် တစ်ခုတည်းသော အချိန်လည်း ဖြစ်နိုင်ပေသည်။
***