← Chapters

အခန်း (၂၀၁၉-၂၀၂၀)

Vol. 145 Ch. 2019-2020

အခန်း (၂၀၁၉-၂၀၂၀)

Vol. 145 Ch. 2019-2020

အပိုင်း(၂၀၁၉)

‘တကယ်လို့ အဲ့ဒါကြောင့်သာ ဆိုရင်... သူ အဆင့်တက်ဖို့အတွက် ကပ်ဘေးတံခါးကို ဟိုမမြင်ရတဲ့ အင်အားက ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ဖယ်ရှားပစ်တာမျိုး လုပ်နိုင်မလား...’

ဝေ့ဝူယင်၏ စိတ်မှာ လျင်မြန်ဖြတ်လတ်ပြီး အတွေးသစ်များဖြင့် ပြည့်နှက်နေသဖြင့် ဤကဲ့သို့သော ဖြစ်နိုင်ခြေရှိသည့် ရလဒ်ကို ချက်ချင်း တွေးမိလိုက်သည်။ ထို့အပြင် သူ ဖော်စပ်ထားသော အာရုဏ်ဦး လျှို့ဝှက် မူလ ဆေးလုံးမှာလည်း အကြောင်းပြချက် အချို့ကြောင့် အစွမ်းမပြဘဲ ဖြစ်သွားနိုင်သည်။

ထိုဆေးလုံးမှာ အခြေခံအားဖြင့် ကျင့်ကြံခြင်းကို အစားထိုးပေးသော အရာဖြစ်သဖြင့် စုမေ့ထံသို့ သူမကိုယ်တိုင် မသန့်စင်ထားသော ‘လျှို့ဝှက် သင်္ကေတ မျိုးစေ့ များကို ပေးအပ်မည် ဖြစ်ရာ သူမနှင့် လိုက်ဖက်ညီမှုမှာ အမြင့်ဆုံး ရှိမည်မဟုတ်ပေ။ အကယ်၍ သူမသည် သီးခြားနည်းလမ်းတစ်ခုဖြင့် အဆင့်တက်ရန် လိုအပ်နေပါက သူမ၏ ဝိညာဉ် သို့မဟုတ် ကျင့်ကြံခြင်း စိတ်ဝိညာဉ်က ၎င်းကို လုံးဝ ငြင်းပယ်လိုက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

အကယ်၍ ထိုခန့်မှန်းချက်များမှာ အနာဂတ် ရလဒ်များကို အံ့သြဖွယ် ကောင်းလောက်အောင် တိကျစွာ ထိမှန်နေသည်ကို ဝေ့ဝူယင် သိရှိပါက သူ အံ့သြမည် မဟုတ်ပေ။ ‘ဝိညာဉ်ဆေးလုံး’ ကို လေ့လာထားပြီး အဂ္ဂိရတ်တာအို၏ ‘လျှို့ဝှက်ကောင်းကင်’ အဆင့်ကို လှမ်းမြင်ထားသော အဂ္ဂိရတ်ပညာရှင်တစ်ဦး အနေဖြင့် ဤကောက်ချက်ကို အလွယ်တကူ မချနိုင်ပါက ပို၍ ထူးဆန်းနေပေလိမ့်မည်။

ဝေ့ရှောင်ထျန်းက သူတို့နှစ်ဦး ဤအချက်များကို နားလည်သွားပြီဟု ခံစားရသဖြင့် ထပ်လောင်း ပြောလိုက်သည်။

“အစစ်အမှန် ဝိညာဉ် မပါဘဲ မွေးဖွားလာသူတွေဟာ ဝိညာဉ် လုံးဝ မရှိတာ မဟုတ်ပါဘူး... အဲ့ဒီ ခြားနားချက်ကို နားလည်ဖို့ အရေးကြီးတယ်... အဲ့ဒီအကြောင်းကို ကျွန်မ ထပ်ပြီး ရှင်းပြဖို့ လိုဦးမလား...”

ဝေ့ဝူယင်နှင့် စုမေ့တို့မှာ ‘ဝိညာဉ်’ နှင့် ‘အစစ်အမှန် ဝိညာဉ်’ အကြား ကွဲပြားမှုများကို သိရှိထားကြသည်။ ဝိညာဉ်မှာ တစ်ဦးတစ်ယောက်၏ တည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်ပြီး၊ အစစ်အမှန် ဝိညာဉ်မှာမူ တည်ရှိမှု ကိုယ်တိုင် ဖြစ်ကြောင်းကို သူတို့ ထပ်မံ ရှင်းပြနေရန် မလိုပေ။ ၎င်းမှာ အရာအားလုံး၏ အခြေခံ ဖြစ်သည်။

ကောင်းကင်ဘုံ ဖယ်ခွာခြင်းများ ဖြစ်ပေါ်လာသော အခါတွင် နတ်ဆိုးများနှင့် ဝေ့ရှောင်ထျန်းကဲ့သို့သော သူများဟူ၍ ကွဲပြားမှု နှစ်ခု ရှိသည်။ မပြည့်စုံသော သူနှင့် ပြည့်စုံသော သူ... နတ်ဆိုးများတွင် အစစ်အမှန် ဝိညာဉ် မရှိကြပေ။ ထိုအချက်ကြောင့် သူတို့သည် ချို့ယွင်းချက်ရှိပြီး စက်ဆုပ်ဖွယ်ကောင်းကာ ထူးထူးဆန်းဆန်း ဖွံ့ဖြိုးလာပြီး သူတို့နှင့် ထိတွေ့သမျှ အရာအားလုံးကို အသွင်ပြောင်းလဲစေသည့် ဖြစ်တည်မှုများ ဖြစ်လာကြသည်။ သူတို့တွင် အစစ်အမှန် ဝိညာဉ် မရှိသော်လည်း ‘ကောင်းကင်ဘုံ ဖယ်ခွာခြင်း’ လုပ်ရပ်မှာ ဝိညာဉ်တစ်ခုကို ပေးသနားခြင်း ဖြစ်ရာ ၎င်းမှာ ပြီးပြည့်စုံသွားသည်။

သို့သော် အစစ်အမှန် ဝိညာဉ်များမှာမူ သံသရာ နိယာမအောက်တွင် မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ပြန်လည် အသုံးပြုခြင်း ခံရသည်။ ၎င်းတို့ကို ငရဲတွင် သူတို့၏ ကမ္မများ၊ သူတို့၏ တည်ဆောက်ပုံ အသွင်ပြောင်းမှုများနှင့် တစ်ဘဝစာ အမှတ်တရများကို သန့်စင်ပစ်ပြီးနောက်၊ လုံးဝ ကွဲပြားခြားနားသော ဖြစ်တည်မှုတစ်ခု အဖြစ် လောကထဲသို့ ပြန်လည် ပို့ဆောင်ပေးသည်။

စုမေ့သည် အစစ်အမှန် ဝိညာဉ် မပါဘဲ မွေးဖွားလာသူ ဖြစ်သဖြင့် သူမ၏ ဝိညာဉ်မှာ ကောင်းကင်ဘုံက ပေးသနားခြင်း မဟုတ်ဘဲ အခြားအရာတစ်ခုမှ ဖြစ်ပေါ်လာရမည် ဖြစ်သည်။

ဝေ့ရှောင်ထျန်းက စတင် ပြောပြသည်။

“ကျွန်မကို ကောင်းကင်ဘုံရဲ့ ကရုဏာတော်ကြောင့် အသက်ပေးထားတဲ့ ပြည့်စုံတဲ့ သက်ရှိတစ်ခုလို့ ယူဆနိုင်ရင်၊ နတ်ဆိုးတွေနဲ့ အစ်မစုကိုတော့ တစ်ဦးနဲ့တစ်ဦး ပြောင်းပြန် ဖြစ်နေတဲ့ သူတွေလို့ ယူဆနိုင်ပါတယ်... နှစ်ဦးစလုံးက အစစ်အမှန် ဝိညာဉ် မပါတဲ့အတွက် မွေးရာပါ ချို့ယွင်းချက် ရှိနေကြတာပါ... သူတို့ကြားက အဓိက ကွဲပြားချက်၊ တစ်ယောက်ကို ‘ချို့ယွင်းချက်ရှိသူ’ လို့ သတ်မှတ်ပြီး နောက်တစ်ယောက်ကို ‘အမှား’ လို့ သတ်မှတ်ရတဲ့ အကြောင်းရင်းကတော့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ ဝိညာဉ် ဘာကနေ ဖြစ်ပေါ်လာသလဲ ဆိုတဲ့ အချက်ပါပဲ... ကောင်းကင်ဘုံက နတ်ဆိုး အားလုံးကို ဖန်တီးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဝိညာဉ်တွေဟာလည်း အခြားသူတွေရဲ့ ဝိညာဉ်တွေနဲ့ မခြားနားပါဘူး...”

“အစ်မစုကတော့ မရည်ရွယ်ဘဲ ဖြစ်လာတဲ့ အမှားတစ်ခုပါ... ဒါ့အပြင် အဲ့ဒါက ပြဿနာ မရှိတာလည်း မဟုတ်ဘူး... စဉ်းစားကြည့်ပါ၊ နတ်ဆိုးတွေဟာ သူတို့မှာ တည်ရှိမှု မရှိတဲ့အတွက် သူတို့ရဲ့ တည်ရှိမှုနဲ့တင် လောကရဲ့ သက်ရှိတွေနဲ့ အရာဝတ္ထုတွေကို ကူးစက်စေပြီး ပုံပျက်စေနိုင်တယ်ဆိုရင်၊ အစ်မစုကလည်း သူတို့နဲ့ မခြားနားဘူးဆိုရင်... သူရဲ့ တည်ရှိမှုက ဘာကို ကူးစက်စေမှာလဲ... သူက ဘာကို ပုံပျက်စေမှာလဲ... ဒါမှမဟုတ် ပိုပြီး ကောင်းမွန်တဲ့ မေးခွန်းကတော့၊ ဘာက သူ့ကို ကူးစက်နေတာလဲ”

“...”

ထိုစကားအဆုံးတွင် ဝေ့ဝူယင်နှင့် စုမေ့တို့၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်နက်တည်း မှောင်မှိုင်သွားသည်။ သို့သော် သူတို့၏ အကြောင်းပြချက်များမှာ ကွဲပြားနေသည်။

ဝေ့ဝူယင်သည် စုမေ့ အနာဂတ်တွင် ပဲ့တင်သံ ဝိညာဉ် အဆင့် ကို မည်သို့ ရရှိနိုင်မည်နည်းဟု တွေးတောနေခြင်း ဖြစ်ပြီး၊ သူ၏ အတွေးများမှာ အလှမ်းဝေးကာ ထိုအနာဂတ်အပေါ်တွင် အကောင်းမြင်စိတ်ဖြင့် ခိုင်မာနေဆဲ ဖြစ်သည်။ ၎င်းမှာ သူ ကိုယ်တိုင် ကပ်ဘေးတစ်ခုစီကို ကျော်လွှားခဲ့ရသော အတွေ့အကြုံများနှင့် မခြားနားပေ။ သူသည် အကျိုးဆက်များကို မစဉ်းစားခြင်း သို့မဟုတ် အလေးအနက် မထားခြင်း မဟုတ်ဘဲ၊ သူ၌ ရှိသမျှ အရာအားလုံးဖြင့် မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသဖြင့် ကျရှုံးလိမ့်မည်ဟု အနည်းငယ်မျှ သံသယဖြစ်ရန် မလိုခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စုမေ့၏ အတွေးနှင့် စိတ်ခံစားမှုများမှာမူ လှိုင်းထန်နေသည်။ ၎င်းမှာ မျှော်လင့်ထားသော တုံ့ပြန်မှုပင်။ သူမ၏ ဝိညာဉ်မှာ သူမ စုပ်ယူထားဖွယ်ရှိသော အခြားအရာတစ်ခုမှ ဖြစ်ပေါ်လာရမည် ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

ဝေ့ရှောင်ထျန်းက လမ်းလျှောက်တုတ်ကို လှည့်ရင်း သက်ပြင်းချလိုက်၏။

“ကျွန်မက ဝိညာဉ်တွေနဲ့ ကောင်းကင်ဘုံရဲ့ အော်ရာတွေအပေါ် အလွန် အာရုံခံစားနိုင်စွမ်း ရှိပါတယ်... ပုံမှန်ဆိုရင် အစ်မစု... ရှင့်လိုလူမျိုးတွေဟာ ဝိညာဉ်နဲ့ ချိတ်ဆက်ဖို့ နေနေသာသာ ဖွံ့ဖြိုးဖို့တောင် ခက်ခဲပြီး ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ရှင့်ရဲ့ အခြေအနေက ပိုပြီး ထူးဆန်းနေတယ်... ဘာလို့လဲဆိုတော့ ကျွန်မ သိရသလောက်တော့ ရှင့်မှာ အစစ်အမှန် ဝိညာဉ် ရှိနေတယ်... ဒါမှမဟုတ် အနည်းဆုံးတော့ အဲ့ဒီရဲ့ တစ်ဝက် ရှိနေတယ်...”

“တစ်ဝက်...”

စုမေ့ အံ့အားသင့်သွားသည်။

ဝေ့ရှောင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ အမှားမလုပ်မိပါစေနဲ့... ရှင် မွေးဖွားလာတုန်းကတော့ အဲ့ဒါ မပါခဲ့ပါဘူး.... အဲ့ဒါကြောင့်လည်း ရှင် ကျင့်ကြံနိုင်နေတာပါ... နောက်ပြီး ရှင့်လို ဖြစ်တည်မှုမျိုး ဖြစ်နေတာက အကျိုးကျေးဇူး မရှိတာလည်း မဟုတ်ဘူး... ရှင့်ရဲ့ ခန္ဓာကိုယ်၊ ဦးနှောက်၊ စွမ်းအင်သွေးကြောတွေ၊ အသိစိတ်ပင်လယ် စတာတွေ အားလုံးက အခြားသူတွေနဲ့ အခြေခံကတည်းက ကွဲပြားနေတယ်... ရှင့်ရဲ့ ပုံမှန်မဟုတ်တဲ့ ပါရမီကို ရှင် သတိထားမိလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါမှမဟုတ် လောကရဲ့ ဆန္ဒအပေါ် ရှင့်ရဲ့ ထူးကဲလှတဲ့ ထိုးထွင်းသိမြင်မှုတွေပေါ့...”

“ရှင့် လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေကို သန့်စင်နေချိန်မှာ၊ အထူးသဖြင့် သန့်စင်ပြီးနောက်ပိုင်းမှာ အဲ့တာတွေကို နားလည်ဖို့အတွက် ရှင် အခက်အခဲ ရှိခဲ့ဖူးသလား... အကယ်၍ ကျွန်မ ရှင့်ကို ‘လျှို့ဝှက်တာအို’ အကြောင်း စမ်းသပ်မှုတစ်ခု ပေးမယ်ဆိုရင်၊ ရှင်က မြေကြီး ရှန့်ထို အဆင့် မှာရှိတဲ့ လျှို့ဝှက် အာဏာရှင် ၉၉% ကို အလွယ်တကူ ကျော်လွန်သွားလိမ့်မယ်လို့ ကျွန်မ သေချာပေါက် ပြောရဲပါတယ်... ဒါမှမဟုတ် ရှင့်မှာ အလင်း၊ အမှောင်၊ ယင်နဲ့ ယန် နိယာမမျိုးစေ့တွေ ရှိနေတာကလည်း၊ အဲ့တာတွေကို ဆည်းဆာ နဲ့ ယင်ယန် ဆိုတဲ့ အလွန်နက်နဲတဲ့ ဥပဒေသ မျိုးစေ့နှစ်ခုအဖြစ် ပေါင်းစပ်ဖို့ စောင့်ဆိုင်းနေတာပါ...”

“ဒါတွေအားလုံးက ရှင့်ရဲ့ ထူးခြားတဲ့ ‘နှစ်မျိုးစပ် ချို့ယွင်းချက်ရှိတဲ့ ဖြစ်တည်မှု’ ကြောင့် ရရှိလာတဲ့ ရလဒ်တွေပါပဲ... နောက်ပြီး ပြီးပြည့်စုံတဲ့ အစစ်အမှန် ဝိညာဉ် မပါဘဲနဲ့၊ ကိုယ်ပိုင် အတွေ့အကြုံတွေကနေ ကြီးထွားလာမယ့် ဝိညာဉ်တွေဟာ အရာရာကို ပုံပျက်စေပြီး၊ အဲ့ဒီ တစ်ဝက်စာ လွတ်နေတဲ့ နေရာလပ်ကို ကပ်ပါးကောင်တစ်ခုလို ဖြည့်ဆည်းပေးကာ ပြည့်စုံဖို့အတွက် ကောင်းကင်ဘုံရဲ့ ကံကြမ္မာတွေကို စုပ်ယူကြလိမ့်မယ်... အဲ့ဒီကိစ္စမှာ ရှင်က ကျွန်မထက်တောင် ပိုပြီး အဆင့်မြင့်နေသေးတယ်...”

“ပုံမှန်ဆိုရင် အစစ်အမှန် မပါဘဲနဲ့ ရှင်ဟာ ကျင့်ကြံဖို့အတွက် ခန္ဓာကိုယ် ပါရမီ မရှိသင့်ပေမယ့်၊ ကောင်းကင်ဘုံကပေးတဲ့ ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့နဲ့ ဝိညာဉ်တစ်ခု ဖန်တီးဖို့ ကြိုးစားတဲ့အတွက် အလွန်မြင့်မားတဲ့ ထိုးထွင်းသိမြင်မှုတွေ ရှိနေတာပါ... ရှင်ဟာ ‘မူလ ဝိညာဉ်ချည်နှောင်ခြင်း’ အဆင့်ရှိတဲ့ ရတနာ သို့မဟုတ် နတ်ဘုရားတစ်ပါးရဲ့ ကူညီမှု တွေလိုမျိုး အလွန်မြင့်မားတဲ့ ပြင်ပ အကူအညီ မပါဘဲနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဘယ်တော့မှ မစတင်နိုင်သင့်ဘူး... ရှင်းရှင်းလင်းလင်း ပြောရရင် ရှင့်ရဲ့ ‘အစစ်အမှန် ဝိညာဉ် တစ်ဝက်’ ဟာ ရှင့်ဝိညာဉ်က ပုံမှန် စုပ်ယူမယ့် အရာတွေကို ရယူရုံတင်မကဘဲ၊ အဲ့တာက ရှင့်ရဲ့ ခန္ဓာကိုယ် ပါရမီထဲကို စီးဝင်သွားပြီး အစစ်အမှန်ရဲ့ ဖော်ပြချက်တစ်ခု ဖြစ်လာခဲ့တာပါ...’

“ရှင့်ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ဟာ ရှင့်ရဲ့ ထိုးထွင်းသိမြင်မှုလိုပဲ ပုံမှန်မဟုတ်တာကို ရှင် သတိထားမိပြီးသား ဖြစ်မှာပါ...”

ဝေ့ရှောင်ထျန်းက သူမ၏ မျက်ဝန်းများထဲတွင် မနာလိုစိတ် အနည်းငယ်နှင့်အတူ ရှင်းပြလိုက်သည်။ အကယ်၍ သူမကို ကောင်းကင်ဘုံမှ မွေးဖွားလာသော ပြည့်စုံသည့် ဖြစ်တည်မှုတစ်ခုဟု ယူဆနိုင်ပါက၊ စုမေ့မှာမူ သူမ၏ အစစ်အမှန် ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က ကောင်းကင်ဘုံ၏ ကံကြမ္မာများကို စုပ်ယူထားသဖြင့် သူမကိုယ်တိုင် အလွန်သေးငယ်သော ‘ကောင်းကင်ဘုံ’ လေးတစ်ခု ဖြစ်လာခဲ့ခြင်းပင်။

ထို့အပြင် သူမတွင် အစစ်အမှန် ဝိညာဉ် တစ်ဝက်စာ ကောင်းချီးနှင့် ဝိညာဉ် မပါရှိခြင်းဟူသော စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ကောင်းချီးတို့ ရှိနေပြီး၊ ၎င်းနှစ်ခုစလုံးမှာ ကောင်းကင်ဘုံ၏ ကံကြမ္မာမှ စုပ်ယူခြင်း ခံထားရသည်။ ပထမတစ်ခုမှာ လက်ခံထားသော တုံ့ပြန်မှုနှင့် အနည်းငယ် တောင်းပန်မှုအဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ သူတို့၏ သဘာဝအတိုင်း ပုံပျက်စေသော စွမ်းရည်များကြောင့် ဖြစ်ပေါ်လာကာ၊ စုမေ့၏ ပုံမှန်မဟုတ်မှုများကို မတူညီသော်လည်း အပြန်အလှန် အထောက်အကူပြုစေသည့် အကျိုးသက်ရောက်မှု နှစ်ခုဖြင့် ပိုမို မြင့်မားစေခဲ့သည်။

***

အပိုင်း(၂၀၂၀)

“ဘာလို့ သူ့မှာ အစစ်အမှန် ဝိညာဉ် တစ်ဝက်ပဲ ရှိနေရတာလဲဆိုတာ မင်း သိသလား...”

ဝေ့ဝူယင်က တွေးတောရင်း မေးလိုက်သည်။ စုမေ့၏ ပုံမှန်မဟုတ်သော ထိုးထွင်းသိမြင်မှုနှင့် ပါရမီတို့နှင့် ပတ်သက်၍ သူ အံ့သြခြင်း မရှိပေ။ စုမေ့၏ ခန္ဓာကိုယ် ပါရမီမှာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ကဏ္ဍများစွာနှင့် အားစိုက်ထုတ်စရာ မလိုဘဲ ယှဉ်နိုင်နေသဖြင့် ၎င်းမှာ ထူးဆန်းလှသည် မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူမ၏ အရာရာအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းမှာ ‘ကျင့်ကြံခြင်း ဝိညာဉ်’ များနှင့်ပင် တန်းတူ ရှိနေသည်။

ဝေ့ဝူယင် ဥပဒေသ ခြောက်မျိုးကို ဖန်တီးနိုင်ခဲ့ခြင်းမှာ ပုံမှန်မဟုတ်သော်လည်း၊ အမှန်စင်စစ် ၎င်းမှာ ‘ကြယ်တာရာ ဝိညာဉ်များ’ ၏ ကျင့်ကြံခြင်း လမ်းစဉ်ကြောင့်သာ ဖြစ်သည်။ သူသည် ၎င်းတို့အတွက် ထိုဥပဒေသများနှင့် ပေါင်းစပ်နိုင်ရန်နှင့် ကြီးထွားရန်အတွက် လှုံ့ဆော်မှုနှင့် လမ်းညွှန်မှုပေးသူ အဖြစ်သာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းတို့ကို သာမည အာဏာထက် ကျော်လွန်အောင် ပြုစုပျိုးထောင်ပေးသော မိုးရေကဲ့သို့ ဆောင်ရွက်နေရသော်လည်း၊ ဥပဒေသများ၏ ကနဦး ဖန်တီးမှုတွင် ၎င်းတို့က အဓိက အစိတ်အပိုင်းမှ ပါဝင်ခဲ့ကြသည်။

သူသည် အကြောင်းပြချက် ရှိသော ‘ပုံမှန်မဟုတ်မှု’ တစ်ခု ဖြစ်သော်လည်း၊ စုမေ့မှာမူ မည်သည့် သိသာထင်ရှားသော အကြောင်းရင်းမှ မပါဘဲ သာလွန်နေသည့် ‘ပုံမှန်မဟုတ်မှု’ တစ်ခု ဖြစ်နေသည်။

ဝေ့ရှောင်ထျန်းက ခေါင်းခါလိုက်လိုက်၏။

“ရှင့်ရဲ့ ခန့်မှန်းချက်က ကျွန်မထက် ပိုမှန်နိုင်ပါတယ်... အစစ်အမှန် ဝိညာဉ် တစ်ဝက် ပျောက်ဆုံးနေရခြင်း ဒါမှမဟုတ် တစ်ဝက်တည်းနဲ့ မွေးဖွားလာရခြင်းအတွက် အကြောင်းပြချက် တစ်သောင်း ရှိနိုင်ပါတယ်... အဲ့ဒီလို မွေးဖွားလာသူတွေဟာ များသောအားဖြင့် စစ်မှန်တဲ့ ‘ကောင်းကင်ဘုံရဲ့ ကောင်းချီးခံ ပါရမီရှင်’ တွေ ဖြစ်တတ်ကြပေမယ့် သူတို့က ‘အမှား’ တွေတော့ မဟုတ်ကြပါဘူး... အစ်မစုက ဝိညာဉ် မပါဘဲ မွေးဖွားလာတာဖြစ်လို့ သူမဟာ မွေးဖွားပြီးနောက်မှာမှ သူမရဲ့ အစစ်အမှန် တစ်ဝက်ကို ရရှိခဲ့တာ ဖြစ်ရပါမယ်...”

“တကယ်တော့ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မ မသိပါဘူး... နတ်ဘုရားတစ်ပါးက သူမရဲ့ အစစ်အမှန် ဝိညာဉ်ကို ခွဲထုတ်ပြီး တစ်ဝက်ကို မွေးဖွားပြီးနောက်မှာ သူ့ဆီ ထည့်ပေးခဲ့တာမျိုး လို ထူးခြားတဲ့ အရာတစ်ခု ဖြစ်နိုင်သလို၊ မွေးဖွားပြီးတဲ့နောက် အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ ခွဲထုတ်လိုက်တဲ့ အမြွှာပူး တစ်ယောက် ဖြစ်နေတာမျိုး လိုမျိုး သာမန်ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီနှစ်ခုထဲက တစ်ခုခု ဖြစ်ခဲ့တယ်လို့ မဆိုလိုပါဘူး... ဖြစ်ရပ် နှစ်ခုစလုံးမှာ အစစ်အမှန် တစ်ဝက် ရှိလာနိုင်တယ်လို့ပဲ ပြောချင်တာပါ...”

“မရှိ...”

ဝေ့ရှောင်ထျန်း စကားစရပ်ကာ တိတ်ဆိတ်သွားသည်။

“...”

ဝေ့ဝူယင်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ဝေ့ရှောင်ထျန်း၏ ရုတ်တရက် ရပ်တန့်သွားမှုကို လျစ်လျူရှုကာ ခေါင်းညိတ်လိုက်သည်။ ဤသတင်းအချက်အလက်များအရ သူသည် ပြဿနာ၏ အနှစ်သာရကို သိရှိသွားပြီဟု ခံစားရသည်။ ၎င်းက သူ့အား ပိုမိုကြီးမားသော ယုံကြည်မှုများကို ပေးစွမ်းလိုက်သည်။

“နောက်ဆုံး မေးခွန်း... စုမေ့ရဲ့ ကောင်းကင်ဘုံရဲ့ ငြင်းပယ်မှုကို တွန်းလှန်နိုင်မယ့် နည်းလမ်း ရှိသလား...”

ဝေ့ဝူယင်က မေးလိုက်သည်။

“...”

စုမေ့ကတော့ တိတ်ဆိတ်နေဆဲ...။

“နည်းလမ်း ဟုတ်လား...”

ဝေ့ရှောင်ထျန်းသည် သူမ၏ မျက်ဝန်းထဲတွင် တွေးတောမှု အရိပ်အယောင်များနှင့်အတူ နှုတ်ခမ်းကို လက်ဖြင့် ပွတ်သပ်နေသည်။ ၁၅ မိနစ်ခန့်ကြာအောင် အမျိုးမျိုးသော မျက်နှာအမူအရာများ ပြောင်းလဲသွားပြီးနောက် သူမက ပြန်ဖြေလိုက်သည်။

“နည်းလမ်း ရှိပါတယ်...”

“ဒါက လွယ်ကူတဲ့ ဖြေရှင်းချက် ဖြစ်သလို ခက်ခဲတဲ့ ရွေးချယ်မှုလည်း ဖြစ်ပါတယ်... ရှင် ဘာကို စတေးဖို့ ဆန္ဒရှိလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်...”

ဝေ့ရှောင်ထျန်းက ဝေ့ဝူယင်ကို အလေးအနက် စိုက်ကြည့်ရင်း နက်နဲသော အကြည့်ဖြင့် ပြောလိုက်သည်။

စုမေ့သည် ဝေ့ဝူယင်ကို သူမအတွက် ဘာကိုမျှ မစတေးစေရန် တားဆီးမည့် စကားများကို ပြောချင်စိတ် ပေါ်လာသော်လည်း၊ ထိုစကားလုံးများမှာ သူမ၏ ရင်ထဲတွင်ပင် ရပ်တန့်သွားခဲ့သည်။ သူမ တားဆီးလျှင် ရှုံးနိမ့်မည်ကို သူမ သိသည်။ ထို့ကြောင့် သူမသည် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆုံးဖြတ်လိုက်ပြီး သူ့ကိုသာ ဆုံးဖြတ်ခွင့် ပေးလိုက်သည်။ သူမ အမြဲတမ်း လုပ်ဆောင်ခဲ့သကဲ့သို့ သူ့ကို ယုံကြည်လိုက်ပြီး၊ အကယ်၍ သူမဘက်မှ တစ်ခုခု ကူညီနိုင်မည်ဆိုလျှင် သူမ၌ ရှိသမျှ အရာရာထက်မက ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။

“အဲ့ဒါက ဘာလဲ...”

ဝေ့ဝူယင် ထိုအရာကို ကြားသိရန် စိတ်ဝင်စားသွားသည်။ တစ်ခုခုကို စတေးရန် လိုအပ်သည်ဟူသော အယူအဆမှာ သူ့အတွက် အမြဲတမ်း ဟာသတစ်ခုလိုပင်။ အကယ်၍ သူ လမ်းစဉ်ကို သိရှိပါက၊ ဆုံးရှုံးမှု တစ်ခုမျှ မရှိဘဲ သူ့အတွက် အကျိုးရှိစေမည့် နည်းလမ်းကို ရှာဖွေနိုင်မည်မှာ သေချာသည်။

သူ ဤသို့ပင် တွေးတောတတ်သည်။ ဤသို့သော အတွေးအခေါ်ကြောင့်ပင် သူသည် သာမန် သေမျိုးတစ်ဦး အနေဖြင့် ‘ဉာဏ်အလင်းရ သူတော်စင်’ တစ်ဦးကို သတ်ဖြတ်နိုင်သည့် အစွမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဝေ့ရှောင်ထျန်းသည် ဝေ့ဝူယင်၏ မျက်ဝန်းထဲမှ ထူးခြားလှသော မျှော်လင့်ချက်နှင့် ပရိယာယ် အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၏။ ကံမကောင်းစွာဖြင့်... သူမ၏ တည်ရှိမှုကိုယ်တိုင်ကပင် ထိုအလင်းရောင်၏ ရလဒ်ဖြစ်ကြောင်း သူမ မသိခဲ့ပေ။ အကယ်၍ ထိုစိတ်ဓာတ်မျိုးသာ မရှိခဲ့လျှင်...

...သူမ တည်ရှိလာမည် မဟုတ်ပေ။

သူမက စတင် ရှင်းပြလိုက်၏။

“ရှင် လုပ်ရမှာကတော့...”

...

ဝေ့ရှောင်ထျန်းသည် ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ရင့်ကျက်လာသည့် အတိုင်းအဆမရှိသော အသိပညာနှင့် လောကအမြင်များ၏ မြစ်ဖျားခံရာ တစ်ခုဖြစ်သည်။ သူမသည် ကလေးဘဝတွင်ပင် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်မှာ လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူမသည် သံသယဖြစ်စရာမလိုဘဲ ထူးခြားဆန်းပြားသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

ထိုနေ့က ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်မှာ အကျိုးသက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းမှာ လူတစ်ယောက်အနေနှင့်ရော ကျင့်ကြံသူတစ်ဦးအနေနှင့်ပါ သူ၏ မူဝါဒများနှင့် ကိုယ်ကျင့်တရားများကို ထပ်လောင်း အတည်ပြုပေးခဲ့ပြီး၊ သူ၏ ‘ကျင့်ကြံခြင်း နှလုံးသား’ နှင့် စိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့သည်။ ယနေ့တွင်မူ သူသည် သူရင်ဆိုင်ရတော့မည့် အခက်အခဲနှင့် စိန်ခေါ်မှုများအတွက် ဝေဝါးသော်လည်း အသုံးဝင်သော သတင်းအချက်အလက်များကို ရရှိခဲ့သည်။ ဤသတင်းအချက်အလက်မှာ အကြောင်းရင်းကိုသာမက ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်ကိုပါ ယူဆောင်လာခဲ့သည်။

ထို့ကြောင့် သူသည် တစ်လုံးချင်းစီကို မမှားယွင်းစေရန် အထူးအာရုံစိုက်၍ နားထောင်နေခဲ့သည်။

“ရှင် အစ်မစုရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရမယ်...”

သူမက ပြောလိုက်ရာ သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ဆက်ပြောလိုက်၏။

“ပြီးတော့ ဘယ်လို ကျင့်ကြံခြင်း လမ်းစဉ်ကိုမဆို စွန့်လွှတ်ရမယ်... အစ်မစုရဲ့ အခြေအနေအရ မကြုံစဖူး အန္တရာယ်ရှိတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေလို့သာ အာရုံစိုက်ခံနေရတာပါ... ဘာပဲဖြစ်ဖြစ် သူရဲ့ ဝိညာဉ်နဲ့ အစစ်အမှန် ဝိညာဉ်တွေက အရမ်းကို ပုံမှန်မဟုတ်ဘဲ မတည်ရှိသင့်တဲ့ အရာတွေ ဖြစ်နေတယ်... ရှင်ကိုယ်တိုင်လည်း မြင်သားပဲ... နှစ်ပေါင်း တစ်ရာလောက်အတွင်းမှာတင် အစ်မစုဟာ အခြားသူတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ ခန္ဓာကိုယ် ပါရမီကို ရရှိထားပြီးပြီ... ဒါက သူရဲ့ ကောင်းကင်ဘုံနဲ့ ပုံမှန်မဟုတ်တဲ့ ချိတ်ဆက်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ၊ ကောင်းကင်အောက်က အရာရာကို နားလည်ဖို့က လွယ်ကူသွားစေပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေတာပဲ...”

“ပုံမှန်ဆိုရင် ရှင့်လိုလူမျိုးတွေဟာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ဖို့တောင် ခက်ခဲတတ်ကြတယ်၊ မဖြစ်နိုင်သလောက်ပါပဲ... ဖြစ်လာခဲ့ရင်တောင် သူတို့ရဲ့ ထိုးထွင်းသိမြင်မှုက ထူးခြားကောင်း ထူးခြားနိုင်ပေမယ့်၊ ခန္ဓာကိုယ် ပါရမီကတော့ သနားစရာကောင်းလောက်အောင် အလွန်အမင်း နိမ့်ကျနေမှာပါ... တကယ်လို့ အစ်မစုသာ ကျင့်ကြံခြင်းလမ်းစဉ်ကို စွန့်လွှတ်လိုက်ရင်၊ ကောင်းကင်ဘုံက သူတို့ရဲ့ အမှားကို ပြုပြင်ဖို့အတွက် သူ့ကို တက်တက်ကြွကြွ တိုက်ခိုက်နေမှာ မဟုတ်တော့ဘူး...”

ဝေ့ရှောင်ထျန်းက နှုတ်ခမ်းကလေးကို စူကာ စကားကို အဆုံးသတ်လိုက်သည်။ သူမ၏ အလှတရားနှင့်ဆိုလျှင် ထိုသို့ နှုတ်ခမ်းစူလိုက်ခြင်းကပင် လူပေါင်းများစွာ၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သော်လည်း၊ ယခု အခြေအနေတွင်မူ ထိုအမူအရာက အခြေအနေအပေါ် အနည်းငယ်မျှ အားကိုးရာမဲ့ဖြစ်မှုကိုလည်း ဖော်ပြနေသည်။

“...”

စုမေ့ ခေါင်းငုံ့ကာ သင်္ဘောကုန်းပတ်ကိုသာ စိုက်ကြည့်နေမိသည်။ သူမ၏ ပတ်ဝန်းကျင်တွင် တွေးတောနေသော အငွေ့အသက်များ ရှိနေသည်။ ထိုမြင်ကွင်းကို ကြည့်ရုံဖြင့် စုမေ့သည် ဤလမ်းစဉ်ကို ထည့်သွင်းစဉ်းစားနေကြောင်း သိနိုင်သည်။ မည်သို့ပင် ဆိုစေ... ဤလောကကြီးကိုယ်တိုင်၊ ထိုမသိနိုင်သော ကောင်းကင်ဘုံကိုယ်တိုင်ကပင် ဤရလဒ်၏ အရင်းအမြစ်နှင့် အကြောင်းရင်း ဖြစ်နေသည်မဟုတ်ပါလား။

သူမ မည်သို့ တွန်းလှန်နိုင်ပါမည်နည်း။ လွန်ခဲ့သော နာရီအနည်းငယ်ကဆိုလျှင် သူမသည် ဤရွေးချယ်မှုကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပေလိမ့်မည်။ သူမ၏ ဘဝသည် ဝေ့ဝူယင်နှင့်အတူ ရှိနေချင်သော ဆန္ဒကြောင့်သာ အဓိပ္ပာယ်ရှိနေပြီး ၎င်းက သူမ၏ ဘဝတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ယူဆောင်လာပေးခြင်း ဖြစ်သည်။ အကယ်၍ သူမသည် ဝေ့ဝူယင်၏ ဘေးတွင် ရပ်တည်ရင်း ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူ မလျှောက်လှမ်းနိုင်တော့ဘူးဆိုလျှင်...

သို့သော် ယခုအခါတွင်မူ စုမေ့သည် သူမ၏ ရင်တွင်းခံစားချက်များကို ဝေ့ဝူယင်ထံ ဝန်ခံခဲ့ပြီးဖြစ်ကာ ကောင်းမွန်သော တုံ့ပြန်မှုကိုလည်း ရရှိထားပြီးဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းကို ဆုံးရှုံးသွားလျှင်ပင်၊ ဝေ့ဝူယင်၏ အဂ္ဂိရတ်စွမ်းရည်နှင့် ထူးကဲသော ကျင့်ကြံခြင်းတို့ဖြင့် သူမသည် အချိန်အကြာကြီး ရှင်သန်နိုင်ပါသေးသည်။ သူမသည် တစ်သက်လုံး အခြေချ နေထိုင်သွားနိုင်သည်။

သူမ... သူမ... သူမ...

သူမ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် သွေးထွက်လုနီးပါး ဖြစ်နေပြီး၊ ဂြိုဟ်များကိုပင် ဖောက်ထွက်နိုင်လောက်သော ခွန်အားဖြင့် သွားများကို တင်းတင်းကြိတ်ထားမိသည်။

“စုမေ့...”

စုမေ့ နားထဲတွင် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ မော့ကြည့်လိုက်ရာ သူမကို အမှောင်ထုထဲမှ ဆွဲထုတ်ခဲ့သည့် ထိုငွေရောင်မျက်ဝန်းများနှင့် သူမ၏ နှလုံးသားထဲတွင် ထာဝရ စွဲထင်နေသော ထိုတည်ငြိမ်သည့် အပြုံးကို မြင်လိုက်ရသည်။

“ငါတို့...”

စကားလုံး တစ်လုံးတည်း။ လူအများ၏ နားထဲတွင် ထိုစကားလုံးမှာ အဓိပ္ပာယ်မရှိသလို ဖြစ်နေပေလိမ့်မည်။ သို့သော် သူတို့နှစ်ဦးအတွက်မူ ၎င်းမှာ ဘယ်တော့မှ ရိုက်ချိုး၍မရသော၊ မအောင်နိုင်သော လေးနက်သည့် အဓိပ္ပာယ်များ ပြည့်နှက်နေသည်။

ဝေ့ဝူယင်သည် သေဒဏ်နှင့်အတူ ကြိုးစင်က စောင့်ကြိုနေသော နေသွေးနီနီဂိုဏ်းမှ ထွက်ခွာလာစဉ်၊ မကြာခင် မလွဲမသွေ ကျရောက်လာတော့မည့် အဆုံးသတ်ကို လက်ခံထားပြီး သူ၏ ဝိညာဉ်နှင့် တည်ရှိမှုတို့ မချုပ်ငြိမ်းမီ ကမ္ဘာလောကကို စူးစမ်းလေ့လာကာ ကလေးဘဝ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ရန်သာ ဆန္ဒရှိခဲ့ဖူးသည်။ ထိုစဉ်က... ထို ‘ငါတို့’ ဟူသော စကားလုံးသည်သာ အဆုံးမဲ့သော အမှောင်ထုထဲတွင် သူရှာတွေ့ခဲ့သည့် အလင်းတန်းလေးတစ်ခု ဖြစ်ခဲ့သည်။

ထို့ကြောင့် ထပ်မံပြောဆိုရန် သို့မဟုတ် စဉ်းစားနေရန် မလိုတော့ပေ။

“ငါတို့ အတူတူ အောင်မြင်မယ်၊ ဒါမှမဟုတ် အတူတူ ကျရှုံးမယ်... တတိယ ရွေးချယ်စရာ မရှိဘူး...”

ဝေ့ဝူယင်က တည်ငြိမ်ဆုံး လေသံနှင့် အတောက်ပဆုံး အပြုံးဖြင့် ပြောလိုက်သည်။

“ပြီးတော့ ငါတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး...”

“...”

***

All Chapters