အခန်း (၂၀၀၆-၂၀၁၀)
Vol. 106 Ch. 2006-2010
အခန်း (၂၀၀၆) - တရားမျှတမှု ဆိုတာ နောက်ကျချင် နောက်ကျမယ်... ဒါပေမဲ့ ဘယ်တော့မှ ပျောက်ဆုံးမသွားဘူး (၁)
~ပညာရှင် တစ်ယောက်နှင့် တူသော လူကြီးတစ်ဦး ဗော်လ်ဗို ကားပေါ်မှ ဆင်းလာသည်။
ထိုလူကြီး အခင်းဖြစ်ပွားရာ နေရာသို့ အမြန် လျှောက်လာသည်။
အခြေအနေကို နားလည်သွားသောအခါ၊ သူ စကား အများကြီး မပြောတော့ဘဲ သူ့နောက်မှ ယုံကြည်ရသော လက်ထောက်ကို တိုက်ရိုက် ပြောလိုက်၏။
"ဒီ သားအမိကို စီဘီ မိသားစုထဲကနေ ထုတ်ပယ်လိုက်"
"မူးယစ်ဆေး သုံးပြီး ကားမောင်းတယ်... လူ့အသက်ကို တန်ဖိုးမထားဘူး... ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်တယ်... သူတစ်ပါးကို အနိုင်ကျင့်တယ်... ငါတို့ စီဘီ မျိုးနွယ်မှာ ဒီလို မျိုးဆက်မျိုး မလိုအပ်ဘူး"
ထို့နောက် သူသည် ထိုအမျိုးသမီး၏ ကြောင်အသွားသော မျက်နှာထားကို လျစ်လျူရှုလိုက်ပြီး၊ သူမကို ကြည့်ပင် မကြည့်တော့ပေ။ အန်းကျူပရင့်စ်နှင့် ယဲ့ဖန် ဆီသို့ အမြန် လျှောက်လာပြီး တောင်းပန်သော လေသံဖြင့် ပြောလိုက်၏။
"တကယ်ကို တောင်းပန်ပါတယ် အန်းကျူလေး ရယ်... ဦးက သမီးနဲ့ သမီးရဲ့ ချစ်သူကို ဒုက္ခပေးမိပြီ"
...
"စိတ်မပူပါနဲ့... ဒီကိစ္စကို ဦး ကိုယ်တိုင် ကြီးကြပ်ပါ့မယ်... သမီးတို့ကိုရော၊ ဒီမှာ ရှိနေတဲ့ စိတ်ဓာတ် ကောင်းမွန်တဲ့ ပြည်သူတွေကိုရော၊ နစ်နာသူတွေကိုရော ကျေနပ်လောက်တဲ့ ဖြေရှင်းချက် ပေးပါ့မယ်လို့ အာမခံပါတယ်"
အန်းကျူပရင့်စ်၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်။
"သမီး သိပါတယ်... ကောင့်စီဘီ က တရားမျှတပြီး အကျိုးအကြောင်း သိတတ်တယ် ဆိုတာလေ... ဦးက လူတိုင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
"ဦးရဲ့ ပေါ့ဆမှုကြောင့်လည်း ပါပါတယ်"
ကောင့်စီဘီ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီက ကိစ္စတွေ ပြီးရင်... ပြန်ရောက်တာနဲ့ မိသားစု အတွင်းက ယဉ်ကျေးမှုတွေကို ပြုပြင်ပြောင်းလဲပါ့မယ်"
"နောက်နောင် ငါတို့ စီဘီ မိသားစု အတွက်ရော၊ အင်ပါယာ မှူးမတ်တွေ အတွက်ရော ရှက်စရာ ကောင်းတဲ့ အခြေအနေမျိုး ထပ်မဖြစ်စေရဘူးလို့ အာမခံပါတယ်"
အန်းကျူပရင့်စ်က သူနှင့် နှုတ်ခွန်းဆက် စကား အနည်းငယ် ပြောလိုက်၏။
ထို့နောက် သူမက ယဲ့ဖန်ကို တိုးတိုးလေး ရှင်းပြလိုက်၏။ ဒီ ‘ကောင့်’ က တော်တော် နာမည်ကောင်း ရှိကြောင်းနှင့် သူ့မိသားစု မျိုးဆက် အများစုမှာလည်း အရည်အချင်း ရှိကြကြောင်း ပြောပြလိုက်၏။
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။ နားလည်ကြောင်း ပြောရန် ပြင်လိုက်စဉ်၊ ကောင့်စီဘီ၏ အကြည့်များ သူ့ဆီသို့ ရောက်ရှိလာပြန်သည်။
ယဲ့ဖန်က ကြင်နာသော အပြုံးတစ်ခု ပြုံးပြလိုက်၏။
"ဒါ နဂါးနိုင်ငံက မစ္စတာ ယဲ့ဖန် မလား"
"မင်း အကြောင်း ဦး အများကြီး ကြားဖူးပါတယ်... ဒီနေ့မှ မြင်ဖူးတော့တယ်... တကယ့်ကို အရည်အချင်း ရှိတဲ့ လူငယ်လေး ဆိုတာ ပြောလို့ ရနေတယ်"
"တောင်းပန်ပါတယ် မစ္စတာ ယဲ့... ဒီနေ့ ဦးက မင်းနဲ့ အန်းကျူလေးကို လန့်သွားအောင် လုပ်မိသလို၊ အရှက်ရစေမိပြီ"
ကောင့်စီဘီ အနေဖြင့် ဒီဗွန်ရှိုင်းယား မိသားစု အကြောင်း ကောလာဟလ အချို့ ကြားထားပုံ ရသည်ဟု ယဲ့ဖန် ခန့်မှန်းလိုက်၏။ သူလည်း ကြင်နာစွာ ပြန်ပြုံးပြလိုက်၏။
"ဦးက သိပ်ပြီး ယဉ်ကျေးလွန်းနေပါပြီ... အန်းကျူ နဲ့ ကျွန်တော်က ငယ်ပါသေးတယ်... ဦးတို့လို လူကြီးတွေဆီက သင်ယူစရာတွေ အများကြီး ရှိပါသေးတယ် ခင်ဗျာ"
ဒါကို ကြားလိုက်ရသောအခါ ကောင့်စီဘီ၏ လေးစားမှုနှင့် အားကျမှုများ ပိုမို တိုးလာရသည်။
"ငါ့ရဲ့ စီဘီ မိသားစုမှာသာ မင်းလို အရည်အချင်း ရှိတဲ့ လူငယ်မျိုး ရှိခဲ့ရင်... မိသားစု မတိုးတက်မှာကို ပူစရာ မလိုတော့ဘူးကွာ"
ယဲ့ဖန်လည်း သူနှင့် နှုတ်ခွန်းဆက် စကား အနည်းငယ် ပြောလိုက်ပြီးနောက်၊ လျှောက်လာနေသော ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို ကြည့်လိုက်၏။
"မစ္စအန်းကျူ... ကောင့်စီဘီ... မစ္စတာ ယဲ့... ကျွန်တော် အခြေအနေကို လေ့လာပြီးပါပြီ... မြေကြီးပေါ်က မစ္စတာ စီဘီ နဲ့ သူ့ကောင်မလေးက ပြည်သူ့ ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်တယ်၊ မူးယစ်ဆေး သုံးစွဲပြီး ကားမောင်းတယ်၊ အရှိန် အလွန်အကျွံ မောင်းတယ်၊ ယာဉ်စည်းကမ်း ဖောက်ဖျက်တယ်၊ ပြီးတော့ တမင်ရည်ရွယ်ပြီး လူသတ်တယ်... လူတစ်ယောက် သေဆုံးပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရစေတယ်... ရဲမှူး ဟာရစ် နဲ့ သူ့လက်အောက်ငယ်သားတွေက ကိုယ်ကျိုးအတွက် အာဏာ အလွဲသုံးစား လုပ်တယ်... ဥပဒေကို သိရက်နဲ့ ချိုးဖောက်တယ်... မစ္စတာ စီဘီရဲ့ မိခင်နဲ့ မသင့်လျော်တဲ့ အကျိုးစီးပွား ဖလှယ်မှုတွေ ရှိတယ်လို့လည်း သံသယ ရှိရပါတယ်... အခြေအနေက လေးနက်ပါတယ်..."
ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စုံစမ်းစစ်ဆေးမှု ရလဒ်များကို သူတို့ သုံးဦးထံ အမြန် တင်ပြလိုက်၏။
ယဲ့ဖန်နှင့် အန်းကျူပရင့်စ် ချက်ချင်း ပြန်မဖြေကြပေ။
သို့သော် ကောင့်စီဘီက ပြတ်ပြတ်သားသား ပြောလိုက်၏။
"သူတို့ကို တင်းတင်းကျပ်ကျပ်နဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်... ပြီးရင် ရလဒ်ကို လူတိုင်း သိအောင် ကြေညာပေးဖို့ မမေ့နဲ့... စီဘီ မိသားစုရဲ့ ဆုံးဖြတ်ချက် ခိုင်မာပုံနဲ့ အင်ပါယာရဲ့ တရားမျှတမှုကို ပြည်သူတွေ မြင်ပါစေ"
ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒါကို ကြားသောအခါ၊ ယဲ့ဖန်နှင့် အန်းကျူပရင့်စ်၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်လိုက်ပြီးမှ ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ ခင်ဗျာ"
ပြောပြီးသည်နှင့် အမိန့်ကို အကောင်အထည် ဖော်ရန် ထွက်ခွာတော့မည် ပြုသည်။
ထိုအချိန်တွင် ယဲ့ဖန် ဖြည့်စွက် ပြောလိုက်၏။
"လူဆိုးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပေမဲ့... လူကောင်းတွေကိုလည်း ဆုချဖို့ မမေ့သင့်ဘူး"
"တရားမျှတတဲ့ ဥပဒေ စိုးမိုးရေး အတွက် ရပ်တည်ခဲ့ပြီး၊ အလုပ်ပြုတ်မယ့် အန္တရာယ်၊ အသက်အန္တရာယ်တွေကို ဂရုမစိုက်ဘဲ အာဏာကို မကြောက်ခဲ့တဲ့ ယာဉ်ထိန်းရဲကလည်း အရမ်း ရှားပါးပါတယ်"
"ပြီးတော့ လာကူညီပေးကြတဲ့ စိတ်အားထက်သန်တဲ့ ကားပိုင်ရှင်တွေလည်း ရှိပါသေးတယ်"
ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အနည်းငယ် ကြောင်အသွားသည်။
သို့သော် ကောင့်စီဘီ ချက်ချင်း ဝင်ထောက်ခံလိုက်၏။
"ဟုတ်တယ်... မစ္စတာ ယဲ့ ပြောတာ အရမ်း မှန်တယ်"
"ဒီ ယာဉ်ထိန်းရဲကို ဆုချပြီး ဂုဏ်ပြုရမယ်... စိတ်အားထက်သန်တဲ့ နိုင်ငံသား အများအပြားကိုလည်း ဆုချပြီး အားပေးရမယ်"
"ခင်ဗျားတို့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ပြုမှု အပြင်... ကျွန်တော်တို့ စီဘီ မိသားစုကလည်း ဒီလူတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ဆုချမယ့် အစီအစဉ် တစ်ခု ရေးဆွဲပါ့မယ်"
ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အသက်ပြင်းပြင်း ရှူလိုက်ပြီး အမြန် ပြန်ဖြေလိုက်၏။
"နားလည်ပါပြီ ခင်ဗျာ"
ပြောပြီးသည်နှင့် သူ အမိန့်ကို အကောင်အထည် ဖော်ရန် ထွက်ခွာသွားတော့သည်။
အခန်း (၂၀၀၇) - တရားမျှတမှု ဆိုတာ နောက်ကျချင် နောက်ကျမယ်... ဒါပေမဲ့ ဘယ်တော့မှ ပျောက်ဆုံးမသွားဘူး (၂)
~ယဲ့ဖန်နှင့် အန်းကျူပရင့်စ် တို့သည် ဤနေရာရှိ ကိစ္စရပ်များနှင့် ပတ်သက်၍ ထပ်မံ အနှောင့်အယှက် မဖြစ်လိုတော့ပေ။
သူသည် ပုံပျက်နေသော မေဘတ် (Maybach S680) ကို ကောင့်စီဘီ နှင့် အခြားသူများ ကိုင်တွယ်ဖြေရှင်းရန် ထားခဲ့ပြီး၊ လမ်းဘေးမှ တက္ကစီ တစ်စီးကို တားကာ ဟာရိုးလ် ဈေးဝယ် ပလာဇာ (Harold Shopping Plaza) သို့ သွားရန် ပြင်လိုက်၏။
သို့သော် ကောင့်စီဘီ က ကြိုတင် ပြင်ဆင်ထားလိမ့်မည်ဟု သူတို့ မထင်ထားမိခဲ့ပေ။ ဖုန်းတစ်ချက် ခေါ်လိုက်ပြီးနောက်၊ သူ့လက်အောက်ငယ်သားက အထူး စိတ်ကြိုက် ပြင်ဆင်ထားသော မေဘတ် ကားအသစ်စက်စက် တစ်စီးကို သူတို့ နှစ်ဦး ရှေ့သို့ မောင်းနှင်လာခဲ့သည်။ ထို့နောက် ကားသော့နှင့် ကားမှတ်ပုံတင် စာရွက်စာတမ်းများကိုပါ လွှဲပြောင်းပေးအပ်လိုက်၏။
ကောင့်စီဘီ က ၎င်းသည် သူတို့ နှစ်ဦး အတွက် လျော်ကြေးနှင့် ကျေးဇူးတင်ကြောင်း ပြသသည့် လက်ဆောင် အဖြစ် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ပြောကြားလိုက်၏။
သူက ကားအသစ် တစ်စီးကို ကြိုတင် ပြင်ဆင်ထားခဲ့သည်ကိုး။
...
အန်းကျူပရင့်စ်နှင့် ယဲ့ဖန် တို့သည် အစပိုင်းတွင် ငြင်းဆန်ချင်ခဲ့ကြသည်။
သို့သော် ကောင့်စီဘီ၏ စေတနာကို ငြင်းပယ်ရန် ခက်ခဲသောကြောင့်၊ သူတို့ လက်ဆောင်ကို လက်ခံလိုက်ပြီး ကားအသစ်ဖြင့် ဟာရိုးလ် ဈေးဝယ် ပလာဇာ သို့ မောင်းထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် စိတ်အားထက်သန်သော ဘေးလူများက အန်းကျူပရင့်စ်နှင့် ယဲ့ဖန် တို့၏ အထောက်အထားကို သိရှိသွားကြသလို၊ ဖော့ခ်စီးတီး ရဲတပ်ဖွဲ့နှင့် ကောင့်စီဘီ တို့က ရဲမှူး ဟာရစ် နှင့် ပုံမှန်မဟုတ်သော လူငယ် အပါအဝင် အခြားသူများကို မည်သို့ အပြစ်ပေး အရေးယူလိုက်သည်ကိုလည်း သိရှိသွားကြသည်။ ထို့ပြင် ဖော့ခ်စီးတီး ရဲတပ်ဖွဲ့နှင့် ကောင့်စီဘီ မိသားစုက စိတ်အားထက်သန်သော ပြည်သူများ အားလုံးကို ဆုချီးမြှင့်မည့် အကြောင်းကိုပါ သိရှိသွားကြ၏။
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး၊ မေဘတ် ကားကို အလျင်အမြန် လက်ပြ နှုတ်ဆက်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာ ယဲ့... ကျေးဇူးတင်ပါတယ် မစ္စစ် အန်းကျူ"
"ကျေးဇူးတင်ပါတယ်"
"ခင်ဗျားတို့ကြောင့် ဒီနိုင်ငံအတွက် မျှော်လင့်ချက် ရှိသေးတယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်လာရပါပြီ... လူတစ်ယောက် ကောင်းတာ ဆိုးတာက ချမ်းသာတာနဲ့ မဆိုင်ဘူး... အထက်တန်းလွှာတွေ ကြားထဲမှာလည်း လူကောင်းတွေ ရှိသေးတာပဲ"
"ကျွန်တော်တို့ ခင်ဗျားတို့ကို အမြဲတမ်း သတိရနေမှာပါ"
"ခင်ဗျားတို့က မေဘတ် ကားမောင်းပြီး ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်"
"..."
ယဲ့ဖန်လည်း သူတို့ကို ပြန်ပြုံးပြပြီး လက်ပြ နှုတ်ဆက်လိုက်၏။
ဒါကို မြင်သောအခါ အန်းကျူပရင့်စ် ကားမောင်းရင်း ယဲ့ဖန်ကို ပြုံးပြလိုက်၏။
"ဒီနေ့ မောင့်ရဲ့ စွမ်းဆောင်ရည်က တော်တော် မိုက်တယ်... ဟာရိုးလ် ဈေးဝယ် ပလာဇာ က ကုန်ကျစရိတ် အားလုံးကို အန်းကျူ.. ရှင်းပေးမယ်"
စောစောက သူမ ပုံမှန်မဟုတ်သော လူငယ်၏ လမ်ဘော်ဂီနီကို မျက်ခြည်ပြတ်လုနီးပါး ဖြစ်ခဲ့သည်။
အရေးကြီးသော အချိန်တွင် ဖြတ်လမ်း တစ်ခု ရှာတွေ့ခဲ့သော ယဲ့ဖန်ကို ကျေးဇူးတင်ရမည်။ သူ့ကားမောင်း ကျွမ်းကျင်မှုက ထိပ်တန်း အဆင့် ဖြစ်ပြီး၊ အချိန်ကိုက် လမ်ဘော်ဂီနီကို ဝင်တိုက်ကာ ဤရာဇဝတ်မှု ကျူးလွန်သော စူပါကားကို ရပ်တန့်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ အနေဖြင့် ဤလူယုတ်မာများကို ဆုံးမခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဤအရာများ အပြင်၊ မေဘတ် နှင့် လမ်ဘော်ဂီနီ တိုက်မိချိန်တွင် သူမ လုံးဝ ဒဏ်ရာ မရရှိခဲ့ခြင်းမှာလည်း ယဲ့ဖန်၏ အလွန် လျင်မြန်သော တုံ့ပြန်မှုနှင့် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်တို့ကြောင့် ဖြစ်သည်။
သူမ ယဲ့ဖန်ကို ကြည့်လိုက်သောအခါ၊ မျက်လုံးများတွင် ဂုဏ်ယူမှုနှင့် စွဲလမ်းမှုများ ပြည့်နှက်နေလေ၏။
ဒီယောကျာ်းက သူမအတွက် အမြဲတမ်း ယုံကြည်အားထားစရာ ဖြစ်နေ၏။ သူ့အကြိုက်နှင့် စိတ်နေစိတ်ထားက သူမနှင့် အလွန် လိုက်ဖက်ညီလှသည်။
ယဲ့ဖန် သူမ၏ အကြည့်ကို သတိထားမိသည်။ သူ၏ လက်ကို သူမ၏ လှပသော ပေါင်တံများ ပေါ်တွင် တင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်၏။
"မင်းက ဘီလ် ရှင်းပေးရုံပဲလား"
"ခုနက ကားတိုက်မှုရဲ့ အရှိန်ကို ခုခံဖို့ အတွက်၊ မင်းရဲ့ ယောကျာ်းက ကျောဘက်က လေအိတ်ရဲ့ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံလိုက်ရတယ်လေ... အခုထိ ငါ့ကျောက ထုံကျင်နေတုန်းပဲ"
အန်းကျူပရင့်စ် အလွန် အလိုက်သိစွာဖြင့် သူမ၏ ခြေချောင်းများကို ကားပေးလိုက်ရာ၊ ယဲ့ဖန် သူမ၏ ခြေထောက်များနှင့် ကစားရန် ပိုမို လွယ်ကူသွားသည်။ တချိန်တည်းမှာပင် သူမက ငြူစူသော မျက်နှာထားကို ပြသလိုက်၏။
"ဒါဆိုရင်လည်း... ယောကျာ်း လိုချင်တာ အကုန် လုပ်ပါ"
"ကျွန်မ နာခံပါ့မယ်"
"ဒါမှ ကိုယ့်မိန်းမ"
ယဲ့ဖန်က သူမ၏ အနက်ရောင် ခြေအိတ် ဖုံးအုပ်ထားသော ချောမွတ်ပြီး အချိုးကျသည့် ခြေထောက်များကို ကစားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ခုနက ဖော့ခ်စီးတီး ရဲတပ်ဖွဲ့က ရဲမေတချို့ ရောက်လာတာ တွေ့လိုက်တယ်... သူတို့ရဲ့ ဝတ်စုံတွေက မဆိုးဘူးလို့ ကိုယ် ထင်တယ်... မင်း ဝတ်ရင် အရမ်း ဆွဲဆောင်မှု ရှိမှာပဲ"
"ခဏနေကျရင် ကိုယ့်အတွက် ဝတ်စုံပြည့် ဝယ်ပေးတာ အပြင်... ဆင်တူတဲ့ ယူနီဖောင်း နှစ်စုံလောက်ပါ ဝယ်ပေးပါဦး"
အန်းကျူပရင့်စ် သူ့ကို မျက်စောင်းထိုးလိုက်၏။
"ရှင်က အလှအပကို ရှာဖွေရာမှာ တကယ် တော်တာပဲ"
ထိုစကားကိုတော့ ယဲ့ဖန် မှတ်ချက် မပေးပေ။
သူတို့ နှစ်ဦး ဟာရိုးလ် ဈေးဝယ် ပလာဇာ သို့ ရောက်ရှိပြီးနောက်၊ ယဲ့ဖန် နှင့် လိုက်ဖက်သော အဝတ်အစား တစ်စုံကို အမြန် ရွေးချယ်လိုက်ကြသည်။ ထို့နောက် ရဲမေ ယူနီဖောင်း အစုံအနည်းငယ်ကို သွားရောက် ဝယ်ယူလိုက်ကြသည်။
ယူနီဖောင်း ဝယ်ပြီးနောက်၊ အန်းကျူပရင့်စ် က အထောက်အကူပြု ပစ္စည်း အချို့ကိုပါ ထပ်မံ ဝယ်ယူလိုက်သေးသည်။
အိမ်ပြန်ရောက်သောအခါ၊ သူမ ဝတ်ဆင် ကြည့်သည်ကို မြင်လိုက်ရုံဖြင့် ယဲ့ဖန် စိတ်လှုပ်ရှားသွားရ၏။
သူ အန်းကျူပရင့်စ် ကို မထိန်းနိုင်ဘဲ ပွေ့ဖက်လိုက်မိသည်။
အန်းကျူပရင့်စ်သည် ယဲ့ဖန်၏ စိတ်ဆန္ဒ ပြင်းပြနေသည်ကို ခံစားမိလိုက်၏။ သူမ မျက်နှာ နီရဲလာပြီး စိတ်ကူးယဉ်မှုများ လွင့်မျောသွားတော့သည်။
သို့သော် အချိန် သိပ်မကျန်တော့သည်ကို မြင်သောအခါ၊ သူမ ရင်ထဲမှ မလိုလားမှုများကို ဖိနှိပ်လိုက်ပြီး ယဲ့ဖန်ကို တွန်းထုတ်လိုက်၏။
"ခဏနေ တော်ဝင် မိသားစုရဲ့ ညစာစားပွဲကို သွားတက်ရဦးမယ်... ဒီညထိ စောင့်လိုက်ပါဦး"
"အချိန်တွေ အများကြီး ကျန်ပါသေးတယ်"
---
အခန်း (၂၀၀၈) - နွေးထွေးတဲ့ ဘုရင်မကြီး
~"စိတ်ကျေနပ်အောင် အရင် လုပ်လိုက်ကြရအောင်"
ယဲ့ဖန် အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း၊ ပူးပေါင်း ဆောင်ရွက်လိုက်ပြီး အန်းကျူပရင့်စ် ကို လွှတ်ပေးလိုက်၏။
သို့သော် သူမကို မလွှတ်ပေးခင်၊ သူ အနည်းငယ်တော့ ပျော်ပါးလိုက်သေးသည်။
အန်းကျူပရင့်စ် သူနှင့် ပူးပေါင်း ဆောင်ရွက်လိုက်ပြီး တချိန်တည်းမှာပင် အဝတ်အစား လဲလှယ်လိုက်၏။
ဝတ်စုံပြည့် လဲလှယ်ပြီးနောက်၊ သူတို့ နှစ်ဦး တော်ဝင် မိသားစု ဆီသို့ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ဒီည ပွဲသည် တော်ဝင် မိသားစု၏ အတိုင်းအတာ သေးငယ်သော အောင်ပွဲခံ ပါတီပွဲ ဖြစ်ပြီး၊ လူနည်းစုကိုသာ ဖိတ်ကြားထားခြင်း ဖြစ်၏။
...
ယဲ့ဖန်နှင့် အန်းကျူပရင့်စ် တော်ဝင် မိသားစု၏ ဧည့်ခံပွဲ ခန်းမသို့ ရောက်ရှိသောအခါ၊ အန်းကျူ မြို့စားကြီး၊ အာဂျိုင်း မြို့စားကြီး၊ အာဂျိုင်းဟန်ဆန်၊ ဘတ်ကင်ဟမ် မြို့စားကြီး၊ အစ္စဘယ်လ်လာ နှင့် တော်ဝင် မိသားစု၏ အမာခံ အဖွဲ့ဝင် အနည်းငယ် ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့ နှစ်ဦးသည် အလွန် နွေးထွေးသော ကြိုဆိုမှုကို ချက်ချင်း ရရှိလိုက်ကြ၏။
အထူးသဖြင့် ယဲ့ဖန် သည် လူတိုင်း၏ အာရုံစိုက်မှုကို ခံရသော ဗဟိုချက် ဖြစ်လာတော့သည်။
အန်းကျူ မြို့စားကြီးက သူ့ကို ချီးကျူးသည်၊ အာဂျိုင်း မြို့စားကြီးက သူ့ကို လေးစား အားကျသည်၊ ဘတ်ကင်ဟမ် မြို့စားကြီးက အသက်အရွယ် ကွာခြားမှုကို ဂရုမစိုက်ဘဲ သူ့ကို မိတ်ဆွေ တစ်ယောက်လို ဆက်ဆံသည်။
လူတိုင်းက ယဲ့ဖန် အနားတွင် ဝိုင်းရံနေကြလေ၏။
ပွဲတက်ရောက်လာသော မင်းသား ပင်လျှင် နိုင်ငံခြားမှ လာသော ဤဧည့်သည်တော်ကို အနည်းငယ် ပိုမို လေးစားသော အကြည့်ဖြင့် ကြည့်နေမိသည်။
ခဏကြာ စကားစမြည် ပြောဆိုပြီး ယဲ့ဖန်ကို ချီးကျူးပြီးနောက်၊ ဘတ်ကင်ဟမ် မြို့စားကြီး တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားသည်။ သူ ယဲ့ဖန်၏ နားနား ကပ်ပြီး သတိပေးလိုက်၏။
"ဒါနဲ့... မစ္စတာ ယဲ့... မင်းကို ပြောပြဖို့ မေ့နေတာ တစ်ခု ရှိတယ်... ငါတို့ ဘုရင်မကြီးက အစားသရဲပါ... ဒါပေမဲ့ မကြာသေးခင်က တော်ဝင် သမားတော်ကြီးက အစာခြေလမ်းကြောင်း ချို့ယွင်းမှု ရှိတယ်လို့ ရောဂါသတ်မှတ်လိုက်တော့၊ ဘုရင်မကြီး အခု စိတ်ဆင်းရဲနေတယ်"
"မင်းရဲ့ ဆေးပညာက ငါ့ တစ်သက်တာမှာ မြင်ဖူးသမျှ အကောင်းဆုံးပဲ... ဒီည မင်း သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ် ဆိုရင်... ဒီ ဆုချီးမြှင့်မှု အပြင် ဘုရင်မကြီးရဲ့ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုကိုပါ ရရှိနိုင်လိမ့်မယ်"
ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။
သူ ခေါင်းလှည့်ပြီး ဘတ်ကင်ဟမ် မြို့စားကြီးကို ကြည့်လိုက်ရာ၊ မြို့စားကြီးက ကြင်နာသော မျက်နှာထားဖြင့် သူ့ကို တိုးတိုးလေး သတိပေးနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။
"မင်းက ဒီဗွန်ရှိုင်းယား မိသားစု ဆိုတဲ့ ကပ်ပါးကောင်ကြီးကို ဖွင့်ချလိုက်တယ်... ပြီးတော့ သူတို့က တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းနဲ့ ပူးပေါင်း ကြံစည်ခဲ့တာကိုတောင် ရှာဖွေ တွေ့ရှိခဲ့တယ်... ဒါက တော်ဝင် မိသားစု အတွက် ကြီးမားတဲ့ အကျိုးပြုမှု ဖြစ်ပေမဲ့၊ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်း အတွက်တော့ ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တာနဲ့ ဘာမှ မခြားနားဘူး"
"အထူးသဖြင့် တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက အထက်ပိုင်း ခေါင်းဆောင် တချို့ အတွက် ဆိုရင်၊ သူတို့ လုံးဝ အရှက်ကွဲသွားတာပဲ... သူတို့ အမြင်မှာ ဆိုရင် ဒီည ညစာစားပွဲ ပြီးလို့ ဒီကိစ္စကို ကြေညာလိုက်တာနဲ့၊ နေမဝင်အင်ပါယာရဲ့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက အထက်လူကြီးတွေက အသုံးမကျဘူး... နဂါးနိုင်ငံသား ဖြစ်တဲ့ မင်းလောက်တောင် အသုံးမဝင်ဘူး လို့ ကြေညာလိုက်သလို ဖြစ်နေမှာ"
"သူတို့က မင်းကို အပေါ်ယံမှာ ဘာမှ မလုပ်ရဲပေမဲ့၊ စိတ်ထဲမှာတော့ မကျေနပ်ချက် တချို့ ရှိနေမှာ သေချာတယ်... အကယ်၍ ဒီကိစ္စအတွက် ဂုဏ်ပြုခံရတာ အပြင် ဘုရင်မကြီးရဲ့ ခင်မင်ရင်းနှီးမှုကိုပါ မောင်ရင်.. ရရှိလိုက်မယ် ဆိုရင်... တချို့လူတွေ စိတ်ထဲမှာ မကျေနပ်ချက် ရှိရင်တောင် မျိုသိပ်ထားရုံပဲ ရှိတော့မယ်"
ဒီမြို့စားကြီး အိုကြီး၏ စကားလုံးများ နောက်ကွယ်က အဓိပ္ပာယ်ကို ယဲ့ဖန် ချက်ချင်း သဘောပေါက်လိုက်၏။
"ကျေးဇူးတင်ပါတယ်... ဘတ်ကင်ဟမ် မြို့စားကြီး ခင်ဗျာ"
သူ.. မြို့စားကြီးကို ရိုးသားစွာ ကျေးဇူးတင်လိုက်၏။
"အို..."
ဘတ်ကင်ဟမ် မြို့စားကြီး ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်၏။
"ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ... ငါကမှ မင်းကို ကျေးဇူးတင်ရမှာ... မင်းက ငါ့ကို ကူညီခဲ့တယ်... နေမဝင်အင်ပါယာကို ပိုပြီးတောင် ကူညီခဲ့သေးတယ်လေကွာ"
"ဘုရင်မ လမ်းမကြီး က အကျပ်အတည်း၊ ငါ့ မိတ်ဆွေဟောင်းရဲ့ ရောဂါ၊ ပြီးတော့ ဒီဗွန်ရှိုင်းယား မိသားစုကို ထုတ်ဖော်ခဲ့တာတွေ... ဒါတွေ အကုန်လုံးက အင်ပါယာနဲ့ ငါက ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ကျေးဇူးတွေပါပဲ"
ယဲ့ဖန်က မြို့စားကြီးကို ယဉ်ကျေးစကား ပြန်ပြောရန် ပြင်လိုက်စဉ်၊ ရှေ့မှ နှုတ်ခွန်းဆက်သံ ထွက်ပေါ်လာသဖြင့် အန်းကျူပရင့်စ် သူ့ကို တံတောင်ဖြင့် အသာအယာ တွန်းလိုက်၏။
"ဘုရင်မကြီး ကြွလာပြီ..."
"မင်္ဂလာ ညချမ်းပါ ဘုရင်မကြီး ခင်ဗျာ"
"ဘုရင်မကြီးက အမြဲတမ်း ကျက်သရေ ရှိနေတုန်းပါပဲ ခင်ဗျာ"
"မယ်တော်..."
တချိန်တည်းမှာပင် လူများ မတ်တပ်ရပ်သံများ ထွက်ပေါ်လာသည်။
ယဲ့ဖန် အသံလာရာ ဘက်သို့ ကြည့်လိုက်ရာ၊ ဇိမ်ခံ ညနေခင်း ဝတ်စုံကို ဝတ်ဆင်ထားသော ဘုရင်မကြီးကို တွေ့လိုက်ရ၏။ သူမသည် ဖော်ရွေသော အပြုံးဖြင့် ခြွေရံသင်းပင်းများနှင့် အတူ လျှောက်လှမ်းလာနေ၏။
"ဘုရင်မကြီး ခင်ဗျာ"
သူနှင့် ဘတ်ကင်ဟမ် မြို့စားကြီးလည်း မတ်တပ်ရပ်ပြီး ဘုရင်မကြီးကို နှုတ်ဆက်လိုက်ကြသည်။
ဘုရင်မကြီး၏ အကြည့်က လူတိုင်းကို ဖြတ်ကျော်သွားပြီး၊ တစ်ယောက်ချင်းစီကို တုံ့ပြန်ပြီးနောက်၊ သူမ၏ အကြည့်က ယဲ့ဖန် အပေါ်သို့ ရောက်ရှိလာကာ ညင်သာစွာ လျှောက်လာလေသည်။
"ဒါ နဂါးနိုင်ငံက မစ္စတာ ယဲ့ဖန် မလား"
"နဂါးနိုင်ငံ ဆိုတာ အံ့ဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံ တစ်ခုပါ... အဲ့ဒီမှာ အရည်အချင်း ရှိတဲ့သူတွေ အများကြီး ပေါ်ထွက်ခဲ့ဖူးတယ်... တို့.. အမြဲတမ်း လေးစား အားကျခဲ့ရတာပါ"
"မင်္ဂလာပါ မစ္စတာ ယဲ့... ဘုရင်မ လမ်းမကြီး ကိစ္စနဲ့ စတန့်စ်လေဆိပ် ကိစ္စတွေ အတွက် နေမဝင်အင်ပါယာနဲ့ တော်ဝင် မိသားစုက မင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်"
ဘုရင်မကြီးက ယဲ့ဖန်ထံသို့ လက်ကမ်းပေးလိုက်၏။
အခန်း (၂၀၀၉) - မြေအောက်လောက ဆိုတာ တိုက်ခိုက် သတ်ဖြတ်ခြင်း သက်သက် မဟုတ်ဘူး
~"ဘုရင်မကြီး... ဘုရင်မကြီးက သိပ်ကို သဘောထားကြီးလွန်းပါတယ်... နေမဝင်အင်ပါယာကသာ စစ်မှန်သော ပါရမီရှင်တွေ မွေးဖွားရာ နယ်မြေ ဖြစ်ပါတယ်"
ယဲ့ဖန်သည် ဘုရင်မကြီးနှင့် အလျင်အမြန် လက်ဆွဲနှုတ်ဆက်လိုက်၏။
ထို့နောက် သူသည် ဘုရင်မကြီးအား သူ၏ လက်များကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ခွင့် ပြုလိုက်ပြီး၊ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။
ထုံးစံအတိုင်း နှုတ်ဆက်ပြီးနောက်၊ ဘုရင်မကြီးသည် အစ္စဘဲလားနှင့် ခေတ္တ စကားစမြည် ပြောဆိုလိုက်၏။ ထို့နောက် အဓိက ထိုင်ခုံသို့ သွားရောက်ကာ စားသောက်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာလိုက်လေသည်။
ဘတ်ကင်ဟမ် မြို့စားကြီး ပြောခဲ့သည်များ မှန်ကန်ကြောင်း ယဲ့ဖန် သဘောပေါက်သွားသည့် အချိန်လည်း ဖြစ်ပေသည်။
ဘုရင်မကြီးသည် မငယ်ရွယ်တော့သော်လည်း၊ စားပွဲပေါ်မှ ရှားပါး ဇိမ်ခံ အစားအသောက်များကို မြင်လိုက်ရသောအခါ သနားစရာ ကောင်းသော ကလေးမလေး တစ်ယောက်ကဲ့သို့ ဖြစ်နေလေ၏။
...
ယဲ့ဖန်သည် ချက်ချင်း မေးမြန်းလိုက်၏။
"ဘုရင်မကြီး... ဘာဖြစ်လို့ပါလဲခင်ဗျာ... ဘာကြောင့် စားပွဲ အပြည့် ဟင်းလျာတွေကို စိုးရိမ်ပူပန်တဲ့ မျက်နှာထားနဲ့ ကြည့်နေရတာပါလဲ"
ဘုရင်မကြီးသည်လည်း ဖော်ရွေလှ၏။ သူမသည် ခါးသီးစွာ ပြုံးလိုက်ပြီး ပြောပြလေသည်။
"မစ္စတာ ယဲ့... မင်း မသိလောက်ပါဘူး... ငါ့ဘဝမှာ ဝါသနာ သိပ်မများပါဘူး... ရှားပါး ဇိမ်ခံ အစားအစာတွေ စားရတာက ငါ့ရဲ့ ဝါသနာ တစ်ခုပါပဲ"
"ဒါပေမဲ့ မနေ့ကပဲ... တော်ဝင် မိသားစု ဆေးဘက်ဆိုင်ရာ အဖွဲ့က ကျွန်မရဲ့ အစာခြေ စနစ် ယိုယွင်းလာပြီလို့ ပြောလာကြတယ်"
"အခုတော့... အရသာ ရှိတဲ့ အစားအစာတွေကို ဘယ်လောက်ပဲ ကြိုက်ကြိုက်... နည်းနည်းပဲ မြည်းစမ်းခွင့် ရှိတော့တယ်... စားသောက်မှု ပမာဏကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရတယ်... မဟုတ်ရင် အစာခြေ စနစ် လျင်မြန်စွာ ပျက်စီးလာနိုင်တယ် တဲ့..."
ယဲ့ဖန် ဆက်ပြောရန် ပြင်လိုက်စဉ်၊ အန်းကျူပရင့်စ်က ဦးစွာ ဝင်ပြောလိုက်၏။
"ဒါဆိုရင်... ဘုရင်မကြီး... ကျွန်မရဲ့ ချစ်သူကို ကြည့်ရှု စစ်ဆေးခိုင်းလိုက်ပါလားရှင်"
"သူ့ရဲ့ ဆေးပညာ စွမ်းရည်က အရမ်း အံ့သြဖို့ ကောင်းပါတယ်... နဂါးနိုင်ငံမှာတုန်းက သူ အရမ်း နာမည်ကြီးခဲ့တာပါ... ကျွန်မ ကိုယ်တိုင် မျက်မြင်သက်သေပါပဲရှင့်"
"အနောက်တိုင်း ဆေးပညာနဲ့ ကုသဖို့ နည်းလမ်း မရှိဘူးလို့ ထင်ရတဲ့ ရောဂါ တချို့ကိုတောင်... သူ့ရဲ့ ဆေးပညာ စွမ်းရည်နဲ့ အကောင်း ပကတိ ဖြစ်အောင် ကုသပေးနိုင်ပါတယ်"
ဘုရင်မကြီး အံ့သြသွားလေသည်။
"မစ္စတာ ယဲ့ က ဆေးပညာကိုပါ ကျွမ်းကျင်တာလား"
ယဲ့ဖန်သည် နှိမ့်ချစွာ ပြန်ဖြေလိုက်၏။
"မကျွမ်းကျင်ပါဘူး... ကျွန်တော့် ဆေးပညာက အသင့်အတင့် ရှိတယ် လို့ပဲ ပြောလို့ ရပါတယ်"
သို့သော် ဘတ်ကင်ဟမ် မြို့စားကြီးက ဝင်ပြောလိုက်၏။
"မစ္စတာ ယဲ့ ကတော့ အမြဲတမ်း နှိမ့်ချလွန်းပါတယ်"
"ကျွန်တော့် မိတ်ဆွေဟောင်း တစ်ယောက် ဆိုရင်... နေမဝင်အင်ပါယာရဲ့ ထိပ်တန်း ဆေးပညာရှင်တွေက သူ့နေ့ရက်တွေ ရေတွက်လို့ ရနေပြီလို့ အရင်က ရောဂါ ရှာဖွေခဲ့ကြတာပါ... အစ္စဘဲလား က မစ္စတာ ယဲ့ ကို အကူအညီ တောင်းပြီးနောက်... သူ ကျွန်တော့် မိတ်ဆွေကို ကယ်တင်ပေးခဲ့ပြီး အသက်ကို ရက်ပေါင်းများစွာ ဆွဲဆန့်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ"
"မစ္စတာ ယဲ့ ရဲ့ ဆေးပညာ စွမ်းရည်က ကျွန်တော် တခါမှ မမြင်ဖူးတဲ့ အရာမျိုးပါလို့ ပြောရင် လွန်မယ် မထင်ပါဘူးခင်ဗျာ"
ဘုရင်မကြီး အံ့သြ ဝမ်းသာသွားလေ၏။
သူမသည် မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်လိုက်၏။
"မစ္စတာ ယဲ့... ဖြစ်နိုင်ပါ့မလား"
သူမ ဘေးနားတွင် ထိုင်နေသော မင်းသားကြီးကလည်း ဝင်ပြောလိုက်၏။
"မစ္စတာ ယဲ့... နည်းလမ်း ရှိရင်... ကျေးဇူးပြုပြီး ငါ့ မယ်တော်ကို ကူညီပေးပါ"
"မယ်တော်က နေ့တိုင်း အရသာ ရှိတဲ့ အစားအစာ ပုံကြီးကို ကြည့်ပြီး မစားနိုင် ဖြစ်နေတာ... အဲ့ဒီ ခံစားချက်က အရမ်း နေရခက်ပါတယ်"
"ဒါ့အပြင်... မင်းက ဆရာဝန် တစ်ယောက်ပဲ... အစာခြေ စနစ် ယိုယွင်းလာခြင်းရဲ့ အကြီးမားဆုံး အန္တရာယ်က ဒီလောက်နဲ့ ရပ်တန့်မနေဘူး ဆိုတာ သိမှာပါ... ပိုအရေးကြီးတာက... ဒီအခြေအနေကို ပြန်မကောင်းအောင် မလုပ်နိုင်ရင်... မယ်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုပါ ဆိုးကျိုးတွေ အများကြီး သက်ရောက်လာနိုင်ပါတယ်"
အစာခြေ စနစ် ဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အင်ဂျင်စက်နှင့် တူလေသည်။ လူ့ခန္ဓာကိုယ်မှ စားသုံးလိုက်သော အာဟာရများကို ပုံမှန် အားဖြင့် ချေဖျက်ပြီး စုပ်ယူရ၏။ ထို့နောက်မှ ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများ ဆီသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ် အပါအဝင် ၎င်းတို့၏ ပုံမှန် လည်ပတ်မှုကို ထိန်းသိမ်းပေးနိုင်သည်။
အစာခြေ စနစ် ယိုယွင်းလာလျှင် သို့မဟုတ် ပျက်စီးသွားလျှင်၊ လူ့ခန္ဓာကိုယ် အပေါ် ကြီးမားသော ဆိုးကျိုးများ သက်ရောက်မည်မှာ အမှန်ပင် ဖြစ်၏။
ယဲ့ဖန်သည် ဘုရင်မကြီးနှင့် မင်းသားကြီး၏ စကားများကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်လေသည်။
"ဘုရင်မကြီး နဲ့ မင်းသားကြီး တို့ ပြောမှတော့... ကျွန်တော် ဘယ်လိုပဲ ဖြစ်ဖြစ် အစွမ်းကုန် ကြိုးစားပါ့မယ်ခင်ဗျာ"
ပြောရင်းနှင့် သူ မတ်တပ်ရပ်လိုက်ပြီး ဘုရင်မကြီး ဘေးနားသို့ လျှောက်သွားလိုက်၏။
မင်းသားကြီး နေရာ ဖယ်ပေးပြီးနောက်၊ သူ ဝင်ထိုင်လိုက်ပြီး ဘုရင်မကြီးကို မေးခွန်းများ စတင် မေးမြန်းလိုက်၏။
ရောဂါ ရှာဖွေမှု တစ်ကြိမ် ပြုလုပ်ပြီးနောက်၊ အခြေအနေကို သူ အကြမ်းဖျင်း နားလည်သွားလေသည်။
ဘုရင်မကြီး၏ အစာခြေ စနစ်သည် ယိုယွင်းလာနေသည် သို့မဟုတ် ပျက်စီးလုနီးပါး ဖြစ်နေသည်မှာ မှန်ကန်နေ၏။
အကြောင်းရင်းမှာ ဘတ်ကင်ဟမ် မြို့စားကြီး၏ မိတ်ဆွေဟောင်းနှင့် ဆင်တူလေသည်။
အဓိက အားဖြင့် သူမသည် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သလို၊ ဘုရင်မကြီးသည် တစ်နှစ်ပတ်လုံး အလွန်အကျွံ စားသောက်ခဲ့သဖြင့်၊ သူမ၏ အစာခြေ စနစ်ကို အတိုင်းအတာ တစ်ခု အထိ ကုန်ခမ်းစေခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြင်းထန်မှု အပိုင်းတွင်၊ ဘုရင်မကြီး၏ အခြေအနေသည် ဘတ်ကင်ဟမ် မြို့စားကြီး၏ မိတ်ဆွေဟောင်းလောက် မဆိုးရွားလှပေ။
သူမတွင် ပြဿနာ ရှိနေသည်မှာ အစာခြေ စနစ် တစ်ခုတည်းသာ ဖြစ်သည်။ အခြား ကိုယ်တွင်းအင်္ဂါများမှာ သိပ်မဆိုးလှပေ။ ဘတ်ကင်ဟမ် မြို့စားကြီး၏ မိတ်ဆွေဟောင်းကို ကုသရသည်ထက် အများကြီး ပိုလွယ်ကူလေ၏။
သို့သော် ဘုရင်မကြီးနှင့် ဘေးနားရှိ မင်းသားကြီး တို့ နှစ်ဦးစလုံး စိုးရိမ်နေကြသည်ကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန်သည် သူ၏ စကားလုံးများကို သေချာ စဉ်းစားလိုက်ပြီး၊ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဘုရင်မကြီးရဲ့ အခြေအနေက တကယ်ပဲ အရမ်း စိုးရိမ်ရပါတယ်ခင်ဗျာ”
အခန်း (၂၀၁၀) - လူမိုက်လောကမှာလည်း လူမိုက်စည်းကမ်း ရှိတယ်
~ယဲ့ဖန်၏ စကားကြောင့် ဘုရင်မကြီးနှင့် ဝီလျံတို့မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြတော့သည်။
တချိန်တည်းမှာပင်၊ ယဲ့ဖန်၏ ဤစကားသည် တော်ဝင် သမားတော်ကြီးများကိုလည်း မျက်နှာသာ ပေးရာ ရောက်သလို၊ သူတို့ အတွက် ဆုတ်လမ်း တစ်ခု ချန်ပေးလိုက်ခြင်းလည်း ဖြစ်လေသည်။
ထို့ပြင် ယဲ့ဖန် နောက်ပိုင်း ကုသပေးမည့် လုပ်ငန်းစဉ် အတွက်လည်း လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။
အကယ်၍ ယဲ့ဖန်က ဘုရင်မကြီး၏ ရောဂါသည် မပြင်းထန်ကြောင်း၊ သူ အလွယ်တကူ ကုသပေးနိုင်ကြောင်း ပြောလိုက်ပါက၊ နေမဝင်အင်ပါယာ၏ တော်ဝင် သမားတော်ကြီးများမှာ အသုံးမကျသူများ ဖြစ်သွားကြမည် မဟုတ်ပါလော။
သူတို့သည် ဘုရင်မကြီးနှင့် ရင်းနှီးသူများ ဖြစ်သဖြင့်၊ အကြောင်းမဲ့ သက်သက် သူတို့ကို ရန်စလိုက်ခြင်းသည် တန်ဖိုးရှိသော ကိစ္စ မဟုတ်ပေ။
...
ထို့ပြင် သူသာ အလွယ်တကူ ပြောလိုက်လျှင်၊ နောက်ပိုင်း သူ ဘုရင်မကြီးကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့လျှင်တောင်၊ သူ အားစိုက်ထုတ်ခဲ့ရသမျှက အရာမထင် ဖြစ်သွားနိုင်လေသည်။
ထိုအခါကျလျှင် ဘုရင်မကြီး မိသားစု၏ ကျေးဇူးတင်ရှိမှု အတိုင်းအတာသည်လည်း အများကြီး လျော့နည်းသွားနိုင်သည် မဟုတ်ပါလော။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ မစ္စတာ ယဲ့... ငါ့ မယ်တော်ရဲ့ ရောဂါ အခြေအနေ တိုးတက်လာဖို့ မျှော်လင့်ချက် ရှိပါသေးလား"
မင်းသား ဝီလျံက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ကျွန်တော် မဆင်မခြင် ကတိမပေးရဲပါဘူး... သေချာ စစ်ဆေးကြည့်ရပါဦးမယ် ခင်ဗျာ"
ယဲ့ဖန်၏ မျက်နှာထားသည် အလွန် လေးနက် တည်ကြည်နေပြီး၊ နောက်ထပ် ရောဂါရှာဖွေမှု တစ်ခုကို ထပ်မံ ပြုလုပ်လိုက်ပြန်သည်။
ဒုတိယအကြိမ် ရောဂါရှာဖွေမှု ပြီးဆုံးသွားသည့် အချိန်ကျမှသာ၊ သူသည် ဘုရင်မကြီးနှင့် မင်းသားကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ရောဂါရှာဖွေမှု ရလဒ် နှစ်ခုလုံးက အတူတူပါပဲ... ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်... ဘာမှတော့ အာမမခံနိုင်ပါဘူး"
"မစ္စတာ ယဲ့ က ကူညီပေးဖို့ ဆန္ဒရှိနေတာနဲ့တင် လုံလောက်ပါပြီ... ငါတို့ တော်ဝင် မိသားစု အနေနဲ့ မင်းရဲ့ စေတနာကို အမြဲတမ်း အမှတ်ရနေမှာပါ"
မင်းသားက ရိုးသားစွာ ပြောလိုက်၏။ ထို့နောက် သူ အလျင်စလို မေးလိုက်ပြန်သည်။
"မစ္စတာ ယဲ့ ဘာတွေ လိုအပ်ပါသလဲ... ငါ.. လူလွှတ်ပြီး အခုချက်ချင်း စီစဉ်ခိုင်းလိုက်ပါ့မယ်"
"ငွေအပ် တစ်စုံ၊ ပိုးသတ်ထားတဲ့ အရက်ပြန်မီးအိမ် တစ်လုံး၊ တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းနဲ့ ကြက်ပေါင်းရည် တစ်ခွက် လောက်ဆို ရပါပြီ"
ယဲ့ဖန် လိုအပ်သည်များကို ပြောပြလိုက်၏။
"ကျွန်တော် အခုချက်ချင်း စီစဉ်ပေးပါ့မယ်"
မင်းသား ကိုယ်တိုင်ကိုယ်ကျ သွားရောက် စီစဉ်ပေးပြီး၊ ယဲ့ဖန်နှင့် ဘုရင်မကြီး တို့ကို ဧည့်ခံပွဲ ခန်းမ ဘေးရှိ တိတ်ဆိတ်သော အခန်းတစ်ခန်း ဆီသို့ ခေါ်ဆောင်သွားလိုက်၏။
ပစ္စည်းများ ရောက်ရှိလာသော အခါ၊ ယဲ့ဖန်သည် ဘုရင်မကြီးကို အပ်စိုက် ကုသမှု စတင် ပြုလုပ်ပေးလိုက်၏။
တကယ်တမ်းတွင် အပ်စိုက် ကုသခြင်း လုပ်ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး လွယ်ကူလှသည်။
သို့သော် ယဲ့ဖန်သည် ရုပ်ရှင်မင်းသား တစ်ယောက်ကဲ့သို့ သရုပ်ဆောင်လိုက်၏။ အပ်တစ်ချောင်း စိုက်လိုက်တိုင်း အလွန် ခက်ခဲ ပင်ပန်းနေသည့် ပုံစံမျိုး လုပ်ပြလိုက်၏။ အပ်အနည်းငယ် စိုက်ပြီးသောအခါ၊ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်လာပြီး ခန္ဓာကိုယ်ပါ တုန်ရီလာလေသည်။
နောက်ဆုံး အပ်တစ်ချောင်းကို စိုက်လိုက်သည့် အချိန်တွင်၊ သူ့တစ်ကိုယ်လုံး မိုးရေချိုးထားသကဲ့သို့ ချွေးများဖြင့် စိုရွှဲနေရုံ သာမက၊ လဲကျလုနီးပါးပင် ဖြစ်နေရှာသည်။
လောကအကြောင်း နားလည်သော လူမိုက် တစ်ယောက် အနေဖြင့် တိုက်ခိုက် သတ်ဖြတ်ခြင်း တစ်ခုတည်းကိုသာ တွေးတောနေ၍ မရပေ။ လူမိုက် လောက၏ စည်းမျဉ်းများကိုလည်း နားလည်ထားရမည် မဟုတ်ပါလော။
မင်းသား ဝီလျံ အလွန် စိုးရိမ်သွားပြီး၊ ယဲ့ဖန်ကို လာရောက် တွဲကူပေးလိုက်၏။
"မစ္စတာ ယဲ့... အဆင်ပြေရဲ့လား"
ဘုရင်မကြီး ကိုယ်တိုင်လည်း စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"အံ့သြစရာ ကောင်းလိုက်တာ... မစ္စတာ ယဲ့ရဲ့ အပ်စိုက် ကုသမှုက တကယ်ကို နွေးထွေးပြီး သက်တောင့်သက်သာ ရှိတာပဲ"
"မစ္စတာ ယဲ့... အရမ်း ပင်ပန်းနေရင် အရင် နားလိုက်ပါဦး"
"ကိုယ့်ကိုယ်ကို အရမ်း မပင်ပန်းစေပါနဲ့"
"ရပါတယ်... ကျွန်တော် ကုသမှုကို ပြီးဆုံးအောင် လုပ်ရမယ်ခင်ဗျာ"
ယဲ့ဖန် ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားနေသည့် ပုံစံမျိုး ဟန်ဆောင်လိုက်၏။ မင်းသား၏ တွဲကူထားမှု အောက်တွင်၊ သူသည် ငွေအပ်များကို အသုံးပြုပြီး အတွင်းအား အချို့ကို ဘုရင်မကြီး၏ ခန္ဓာကိုယ် အတွင်းသို့ ပို့လွှတ်လိုက်၏။
ထို့နောက် ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်၏။
"ကဲ... ဘုရင်မကြီး အနေနဲ့ တော်ဝင် ကျွမ်းကျင် ပညာရှင်တွေကို ရလဒ် စစ်ဆေးခိုင်းလို့ ရပါပြီခင်ဗျာ"
"အခြေအနေ တိုးတက်လာမယ်လို့ ထင်ပါတယ် ခင်ဗျာ"
ဘုရင်မကြီးက ယဲ့ဖန်ကို ထပ်မံ ဂရုစိုက်ကြောင်း ပြသလိုက်၏။
ယဲ့ဖန်ကို ထိုင်ခုံတွင် ထိုင်စေပြီး ဂရုစိုက်ပေးရန် မင်းသားကို မှာကြားလိုက်ပြီးမှ၊ တော်ဝင် ဆေးဘက်ဆိုင်ရာ အဖွဲ့ကို ခေါ်ယူပြီး စစ်ဆေးမှု စတင် ပြုလုပ်ခိုင်းလိုက်၏။
ယဲ့ဖန် အသက်ရှူ ချောင်သွားသည့် အချိန်တွင်၊ တော်ဝင် ဆေးဘက်ဆိုင်ရာ အဖွဲ့၏ စစ်ဆေးမှုများလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူတို့ဘက်မှ တအံ့တဩ ရေရွတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အံ့ဖွယ်ပါပဲ... ဒါ တကယ့်ကို အံ့ဖွယ်ပါပဲ ဘုရင်မကြီး"
"ဘုရင်မကြီးရဲ့ အစာခြေ စနစ်က လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ကျန်းမာရေး အခြေအနေ အတိုင်း နီးပါး ပြန်ဖြစ်သွားပါပြီခင်ဗျာ... ဘုရင်မကြီးရဲ့ ခန္ဓာကိုယ် အခြေအနေကလည်း အများကြီး ပိုပြီး ငယ်ရွယ် ကျန်းမာလာပါတယ်"
"ဒါက ဘုရားသခင် နေမဝင်အင်ပါယာကို ကောင်းချီးပေးတာပါပဲ... ဘုရားသခင် ဘုရင်မကြီးကို ကောင်းချီးပေးပါစေ"
"ဒီနေ့က စပြီး... ဘုရင်မကြီး အနေနဲ့ အရင်တုန်းကလိုပဲ လောကကြီးရဲ့ အရသာရှိတဲ့ အစားအစာတွေကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီခင်ဗျာ... အစာအိမ် အလုပ်မလုပ်တော့မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး"
"..."
ထိုအခိုက်အတန့်၌၊ ဘုရင်မကြီးနှင့် မင်းသားတို့၏ မျက်လုံးများ အရောင်လက်လာကြသည်။
ဘုရင်မကြီးသည် တော်ဝင် ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ကျွမ်းကျင် ပညာရှင်များကို အကျဉ်းချုံး ပြန်ကြားလိုက်ပြီးနောက်၊ အနားယူနေဆဲ ဖြစ်သော မျက်နှာ ဖြူဖျော့နေသည့် ယဲ့ဖန် ဆီသို့ ချက်ချင်း လျှောက်လာခဲ့သည်။
သူမက ယဲ့ဖန်၏ အေးစက်ပြီး အားနည်းနေသော လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်သော လေသံဖြင့် ပြောလိုက်၏။
"မစ္စတာ ယဲ့က မစ္စတာ ယဲ့ရဲ့ နဂါးနိုင်ငံလိုပါပဲ...မင်းက အံ့ဖွယ်ရာတွေနဲ့ ထပ်တူကျနေတဲ့သူပါ"
"ဒီနေ့ အတွက် မင်းကို အရမ်း ကျေးဇူးတင်ပါတယ်"
"တို့နဲ့ တော်ဝင် မိသားစုက ဒီခင်မင်ရင်းနှီးမှုကို ထာဝရ အမှတ်ရနေမှာပါ”