← Chapters

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄) - သတိပေးခြင်း

~“ရွှေဒင်္ဂါးပြား ခြောက်သောင်း ဟုတ်လား... တကယ်ပဲလား... ငါတို့ အလိမ်ခံလိုက်ရတာပေါ့...”

“ဆရာဝမ် က ငါတို့ကို သုံးသောင်းပဲ ပေးခဲ့တာ... သူက အဆင့် (၄) ဆေးပညာရှင် ဖြစ်ပြီးတော့...”

“တခြား အပင်တွေအတွက်လည်း အလိမ်ခံရတာ ဖြစ်နိုင်တယ်...”

စားသောက်ဆိုင်ထဲတွင် လူအုပ်ကြီး ဆူညံအုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဆရာဝမ် ၏ လှည့်စားမှုကို သဘောပေါက်သွားကြ၏။

သို့သော် မည်သူမျှ မတ်တတ်ထရပ်ပြီး ကန့်ကွက်ရဲခြင်း မရှိပေ။ သူတို့ကိုယ်တိုင် သဘောတူ ရောင်းချခဲ့ခြင်း ဖြစ်သလို ဈေးနှုန်းအမှန်ကိုလည်း သူတို့ကိုယ်တိုင် မသိခဲ့ကြပေ။

ဆရာဝမ် သာမက အခြားသော ဆေးပညာရှင်များနှင့် လက်နက်ပညာရှင်များလည်း လှည့်စားခဲ့ကြမည်ကို စိုးရိမ်နေကြ၏။

ဆရာဝမ် ၏ မျက်နှာထားသည် အလွန်အမင်း အုံ့မှိုင်းနေပြီး ရက်စက်သော မျက်လုံးအိုကြီးများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်နေသည်။

ဖုန်းဝူချန်၏ စကားကြောင့် လူအုပ်ကြီးသည် ဆရာဝမ် အပေါ် ယုံကြည်မှု ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။ ဆရာဝမ် ၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းသွားတော့၏။

“ပေါက်ကရတွေ လျှောက်မပြောနဲ့... မင်းက ခြောက်သောင်းလို့ ပြောတာနဲ့ ခြောက်သောင်း ဖြစ်ရောလား... ငါက အဆင့် (၄) ဆေးပညာရှင်ပါကွ... ငါ မသိတဲ့ ဆေးဖက်ဝင် အပင် ရှိလို့လား... ဒီမှာ လာပြီး ပေါက်ကရတွေ လျှောက်မပြောနဲ့...”

“ဆရာဝမ် ပြောတာ ဟုတ်တယ်... ဒီကောင်လေးက လျှောက်ပြောနေတာ ဖြစ်နိုင်တယ်...”

“ဟုတ်တယ်... ဆရာဝမ် က အဆင့် (၄) ဆေးပညာရှင်ပဲ... ဒီကောင်လေးက ဆေးပညာရှင် ဖြစ်ရင်တောင် ဆရာဝမ် လောက် အဆင့်မမြင့်နိုင်ပါဘူး...”

“ငါတို့ အပင်တွေ အများကြီး ရောင်းခဲ့ဖူးတယ်... ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက် က အဈေးအကြီးဆုံးပဲ... တခြား အပင်တွေက တစ်ထောင် နှစ်ထောင်လောက်ပဲ တန်တာ... ဆရာဝမ် က ငါတို့ကို လိမ်မှာ မဟုတ်ပါဘူး...”

ဆရာဝမ် ၏ စကားကို ကြားသောအခါ လူအုပ်ကြီးလည်း သဘောတူလိုက်ကြပြီး ဖုန်းဝူချန်ကို သံသယ ဝင်လာကြ၏။

သူတို့က ဆရာဝမ် ကို နေ့တိုင်းလိုလို မြင်တွေ့နေရသော်လည်း ဖုန်းဝူချန်ကိုမူ ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူစိမ်းတစ်ယောက်ကို ဘယ်လိုလုပ် ယုံကြည်နိုင်ပါ့မလဲ။ ဖုန်းဝူချန်က မသမာသော ရည်ရွယ်ချက် ရှိနေရင် ဘယ်လိုလုပ်မလဲ။

လူအုပ်ကြီး၏ စကားသံကို ကြားလိုက်ရသောအခါ ဆရာဝမ် စိတ်သက်သာရာ ရသွားသည်။

သို့သော် ဆရာဝမ် သည် ဒေါသထွက်နေဆဲဖြစ်ပြီး ဖုန်းဝူချန်ကို သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်၏။

“ထားလိုက်ပါတော့ ဆရာဝမ်... ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ... စိတ်ဆိုးမနေပါနဲ့... ဒီအပင်တွေက ကျွန်တော် လိုချင်တာတွေ မဟုတ်ပါဘူး...”

ဖုန်းဝူချန်က ပြုံးကာ ပြန်ပြောလိုက်၏။ သူ့မျက်နှာထား လုံးဝ မပြောင်းလဲပေ။

“ကောင်စုတ်လေး... မင်း ဒီကိုလာပြီး ပေါက်ကရတွေ လျှောက်ပြောတယ်... ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက် က ခြောက်သောင်း တန်တယ် ဆိုပြီး ပြောတယ်... ငါ့ကို လူလိမ် ဖြစ်အောင် လုပ်ပြီး ငါ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးနေတာ... ဒီနေ့ မင်းကို သင်ခန်းစာ မပေးရင် တခြားလူတွေက ငါ ဆရာဝမ် ကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေကြလိမ့်မယ်...”

ဆရာဝမ် က အေးစက်စွာ ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ပြုံးကာ ၊

“ဆရာဝမ်... ဒါက အထင်လွဲမှု သက်သက်ပါ... ရွှေဒင်္ဂါးပြား သောင်းဂဏန်းလောက်က ကျွန်တော့်အဖို့ ဘာမှ မဟုတ်ပါဘူး... ပြီးတော့ ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက် ရဲ့ ဈေးနှုန်းက ခြောက်သောင်း ဆိုတာ ကျွန်တော် သေချာ သိပါတယ်... ဒီမှာက ခင်ဗျားအတွက် ဈေးပေါနေတာ ဖြစ်မှာပါ...”

“အထင်လွဲမှု ဟုတ်လား... မင်းမှာ တခြား ရည်ရွယ်ချက် ရှိနေတာ နေမှာပါ... မင်းက ယွမ်ဖုန်းမြို့သား မဟုတ်ဘူး... ရောက်တာနဲ့ ဆေးဖက်ဝင် အပင်တွေရဲ့ ဈေးနှုန်းကို မြှင့်တင်နေတယ်... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ... မင်းက ဘယ်အဆင့် ဆေးပညာရှင်မို့လို့ ဒီလောက် မောက်မာနေရတာလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်...”

ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်အပေါ် အပြစ်ပုံချလိုက်၏။

ဖုန်းဝူချန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဆေးဖက်ဝင် အပင် ဝယ်ချင်ရုံ သက်သက်ပါပဲ... ဘာလို့ ပြဿနာ ဖြစ်လာရတာလဲ...

ဆရာဝမ် သည် ဝိညာဉ်စွမ်းအားကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး ဖုန်းဝူချန်ဆီသို့ တိုးဝင်လာသည်။ ဖုန်းဝူချန်ကို သင်ခန်းစာ ပေးရန်အတွက် ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ရန် ရည်ရွယ်ထားသည်။

“မိုက်မဲလိုက်တာ...”

လျိုချင်းယန် ခေါင်းခါလိုက်၏။

“ဒီ အဘိုးကြီးက သေလမ်းရှာနေတာပဲ...”

ယီထျန်းချင်း လည်း ခေါင်းခါလိုက်လေသည်။

“ဘုန်း...”

ဆရာဝမ် ၏ လက်ဝါးသည် ဖုန်းဝူချန်ကို ထိမှန်သွားသည်။ ပြင်းထန်သော ဒဏ်ရာရသွားမည့် အသံကို မျှော်လင့်ထားသော်လည်း လက်ဝါး ရိုက်လိုက်သည့်အခါ နက်ရှိုင်းသော ပင်လယ်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဘာ...”

ဆရာဝမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အဆင့် (၄) ဆေးပညာရှင် တစ်ယောက်၏ ဝိညာဉ်စွမ်းအားသည် ဖုန်းဝူချန်ကို အနည်းငယ်မျှပင် တုန်ခါသွားအောင် မလုပ်နိုင်ခဲ့ပေ။

“မယုံနိုင်စရာပဲ... ဆရာဝမ် ရဲ့ ဝိညာဉ်စွမ်းအားကို သူ တားဆီးနိုင်လိုက်တယ်...”

“ဒီကောင်လေးက အဆင့် (၄) ဆေးပညာရှင်များ ဖြစ်နေမလား...”

“ပြောရခက်တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံလူသား အဆင့် ရောက်နေပြီ ဆိုတော့... အဆင့် (၄) ဆေးပညာရှင် ဖြစ်နိုင်တယ်...”

စားသောက်ဆိုင် တစ်ခုလုံး အံ့သြသွားကြ၏။ ဆရာဝမ် ၏ ဝိညာဉ်စွမ်းအားကို ဖုန်းဝူချန် ခုခံနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

“ဆရာဝမ်... ကျွန်တော်က လိုအပ်တဲ့ ဆေးဖက်ဝင် အပင်တွေ ဝယ်ချင်ရုံပါ... ဘာလို့ ကိုယ်ထိလက်ရောက် လုပ်ရတာလဲ... ကျွန်တော်လို လူငယ်တစ်ယောက်နဲ့ လာပြီး ရန်ဖြစ်နေတာက ခင်ဗျား သိက္ခာကျလွန်းမနေဘူးလား...”

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။ သူ့အသံ အနည်းငယ် အေးစက်လာသည်။

“ဟွန်း... ငါက စီနီယာ ဆိုတာ သိရဲ့သားနဲ့ မောက်မာရဲသေးတယ်ပေါ့... မင်းက ငါ့လို အဆင့် (၄) ဆေးပညာရှင်ကို လေးစားမှု မရှိဘူးပဲ...”

သတိဝင်လာသော ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဒီလက်ဝါးတစ်ချက်နဲ့ပဲ ကျေအေးလိုက်ကြရအောင်...”

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။ အချိန်မဖြုန်းချင်တော့ပေ။

လှည့်ထွက်သွားရင်း ဖုန်းဝူချန် ထပ်ပြောလိုက်၏။

“ဆရာဝမ်... ခင်ဗျား ဆက်ပြီး ခေါင်းမာနေရင်... ကျွန်တော့်ကို အပြစ်မတင်နဲ့နော်...”

ဖုန်းဝူချန်၏ စကားကြောင့် စားသောက်ဆိုင် တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

“ဒီကောင်လေးက မောက်မာလွန်းနေပြီ... ဆရာဝမ် ကိုတောင် ခြိမ်းခြောက်ရဲတယ်...”

“သူက ဆရာဝမ် ကို လုံးဝ အလေးမထားဘူး... အင်အားကြီးဂိုဏ်းက ပါရမီရှင် ဖြစ်ရင်တောင် ဆရာဝမ် ကို အပြစ်ပြုရင် ပြဿနာ အကြီးကြီး တက်မှာပဲ... ငါတို့ ယွမ်ဖုန်းမြို့မှာ အဆင့် (၆) ဆေးပညာရှင်တွေတောင် ရှိတယ်...”

“လူငယ် ဆိုတော့ သွေးဆူလွယ်တာပေါ့... သတိမထားဘူး...”

စားသောက်ဆိုင်ထဲမှ ကျင့်ကြံသူများ.. ဝေဖန်ပြောဆိုနေကြ၏။ ဖုန်းဝူချန်အား လွန်လွန်းသည်ဟု ထင်မြင်နေကြ၏။

“ကောင်စုတ်လေး... မင်း သေချင်နေတာပဲ...”

ဆရာဝမ် ၏ မျက်နှာအိုကြီးသည် အုံ့မှိုင်းရာမှ ရက်စက်သော အသွင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

ဖုန်းဝူချန်၏ စကားများသည် ဆရာဝမ် ကို လုံးဝ ဒေါသထွက်သွားစေ၏။

ခုနက လက်ဝါးရိုက်ချက်က ဖုန်းဝူချန်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့သဖြင့် ဆရာဝမ် အရှက်ရပြီး ဒေါသထွက်နေခဲ့သည်။

ယခု ဖုန်းဝူချန်၏ မောက်မာသော အပြုအမူကြောင့် ဆရာဝမ် ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။

“ဟွန်း...”

ဆရာဝမ် ၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သောအခါ ဖုန်းဝူချန် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ့မျက်လုံးများ အလွန် ရက်စက်ကြမ်းကြုတ်နေသည်။

လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာလေ၏။

“သွားပြီ...”

ဆရာဝမ် ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ ဖုန်းဝူချန် ထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဝိညာဉ်စွမ်းအားကြောင့် သူ ကြောက်လန့်တကြား ဖြစ်သွား၏။

“အ...”

လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ဆရာဝမ် သည် ဝိညာဉ်စွမ်းအားကို ထုတ်သုံးရန် အချိန်မရလိုက်ဘဲ ပါးစပ်မှ သွေးများ အန်ထွက်လာကာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွား၏။

စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒဏ်ရာရသွားသော ဆရာဝမ် ကို ကြောက်လန့်တကြား ကြည့်နေမိကြ၏။

မည်သည့် စွမ်းအင်လှိုင်းခတ်မှုကိုမှ အာရုံခံမရလိုက်မိပါ။ သို့သော်လည်း ဖုန်းဝူချန်၏ နှာခေါင်းရှုံ့သံ တစ်ချက်တည်းနှင့် ဆရာဝမ် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို တွေ့လိုက်ရသဖြင့် ဖုန်းဝူချန်၏ ဆေးပညာ အဆင့်အတန်းမှာ ဆရာဝမ် ထက် သာလွန်ကြောင်း အားလုံးက ခန့်မှန်းမိလိုက်ကြ၏။

ဆရာဝမ် သည် ဖုန်းဝူချန်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။ ဖုန်းဝူချန်က ဤမျှ ကြီးမြတ်သည့် ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။

‘ဒါ... ဒါ ဘယ်အဆင့် ဝိညာဉ်စွမ်းအားလဲ... ဘာလို့ သူ့ရဲ့ ဆေးပညာ အဆင့်အတန်းကို အာရုံခံလို့ မရတာလဲ…’

ဆရာဝမ် ကြောက်လန့်တကြား တွေးတောနေမိသည်။

“ဆရာဝမ်... အတင့်မရဲပါနဲ့... ကျွန်တော့်ကို သင်ခန်းစာ ပေးချင်ရင် ခင်ဗျား အရည်အချင်း မမီသေးဘူး... ဒါ သတိပေးတာပဲ...”

ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်၏။ သူ့စကားလုံးများသည် ကျောချမ်းစရာ ကောင်းလှသည်။

ပြောပြီးသည်နှင့် ဖုန်းဝူချန်သည် ဘာမှမဖြစ်ခဲ့သလို ဒုတိယထပ်သို့ ပြန်တက်သွားတော့သည်။

ခဏတာမျှ စားသောက်ဆိုင် အတွင်းရှိ လူတိုင်းသည် ဖုန်းဝူချန်ကို ကြောက်ရွံ့မှုနှင့် သတိထားမှုများဖြင့် ကြည့်နေကြ၏။

ဆရာဝမ် လုံးဝ မှင်သက်နေသည်။ အဆင့် (၄) ဆေးပညာရှင် တစ်ယောက် ဖြစ်ပါလျက်နှင့် လူငယ်လေး တစ်ယောက်၏ သတိပေးခြင်းကို ခံလိုက်ရသည်လေ။

ယွမ်ဖုန်းမြို့တွင် ဆရာဝမ် ၏ ဂုဏ်သတင်းကို မသိသူ မရှိပေ။ ဘယ်သူက သူ့ကို အပြစ်ပြုရဲသနည်း။

အားလုံးက သူ့ကို လေးစားသမှုဖြင့် ဆက်ဆံကြသည် မဟုတ်ပါလော။

ဆရာဝမ် ၏ မျက်နှာအိုကြီးသည် ဖြူဖျော့နေပြီး ရက်စက်သော အမူအရာများ ပေါ်နေသည်။

“ကောင်စုတ်လေး... မင်း ဘယ်သူပဲ ဖြစ်ဖြစ်... ဒီနေ့ ယွမ်ဖုန်းမြို့ကနေ အသက်ရှင်လျက် ထွက်မသွားစေရဘူး...”

ဆရာဝမ် အံကြိတ်ကာ ကြိမ်းဝါးလိုက်၏။

အခန်း (၆၃၅) - လက်သီးတစ်ချက်

~ဆရာဝမ် ၏ ခြိမ်းခြောက်မှုကို ဖုန်းဝူချန်က အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

“အားလုံး ဗိုက်ဆာနေပြီ... စားကြစို့...”

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။

“အစ်ကိုကြီးဖုန်းက ငြိမ်သွားပြီ ထင်နေတာ... လက်တုံ့ပြန်လိုက်တာ မြန်လိုက်တာ...”

လျိုချင်းယန်က တစ်ချက် ရယ်မောလိုက်၏။

ထမင်းစားရင်း ပေတိုယန် က ပြောလာသည်။

“ဒီအဘိုးကြီးက အကောင်းအဆိုးကို နားမလည်ဘူး... သင်ခန်းစာ ပေးပြီးတာတောင် နောင်တမရသေးဘူး... နန်းတော်သခင် သတ်ပစ်လိုက်သင့်တာ... ဒီလိုလူစားမျိုးက ဆေးပညာရှင် ဖြစ်ဖို့ မထိုက်တန်ပါဘူး...”

“ယွမ်ဖုန်းမြို့က လူတွေက သဘောတူပြီး ရောင်းခဲ့ကြတာလေ... အဲ့ဒီအဘိုးကြီးက အတင်းအဓမ္မ လုပ်ယူတာမှ မဟုတ်တာ... သူ့ကို အပြစ်တင်လို့ မရဘူး... သူက မသမာဘူးလို့ပဲ ပြောရမှာပေါ့...”

ဖုန်းဝူချန် ပခုံးတွန့်ပြရင်း ပြောလိုက်၏။

ဖုန်းဝူချန် စကားဆုံးသည်နှင့် စားပွဲထိုးလေးက အလျင်အမြန် ပြေးလာပြီး တိုးတိုးလေး ပြောလိုက်၏။

“သခင်လေးတို့... ကျွန်တော့်ကို အပိုတွေ ပြောတယ်လို့ သဘောမထားပါနဲ့... ဆရာဝမ် က သွားရှုပ်လို့ ကောင်းတဲ့လူ မဟုတ်ပါဘူး... သူ့နောက်ကွယ်မှာ ကျွန်တော်တို့ ယွမ်ဖုန်းမြို့ရဲ့ ဆရာကြီး ဖြစ်တဲ့ အဆင့် (၆) ဆေးပညာရှင် တစ်ယောက် ရှိပါတယ်... ပြဿနာ မဖြစ်ခင် အမြန်ဆုံး ထွက်သွားကြပါ...”

ထိုစကားကို ကြားသောအခါ လျိုချင်းယန် ပြုံးလိုက်ပြီး ပြောလိုက်၏။

“ကိစ္စမရှိပါဘူး... ကျွန်တော်တို့ကို စိတ်မပူပါနဲ့... ခင်ဗျားအလုပ် ခင်ဗျား ဆက်လုပ်ပါ...”

“ဒါ...”

စားပွဲထိုးလေး ကြောင်အသွားပြီးနောက် လေးစားစွာ ဆုတ်ခွာသွားသည်။

“သူတို့က မောက်မာလွန်းနေပြီ... ဆရာဝမ် ကို အပြစ်ပြုပြီးတော့ ဘာမှမဖြစ်သလို နေနေကြတယ်...”

“အခု မပြေးရင် နောက်ကျသွားလိမ့်မယ်...”

“တကယ် သေလမ်းရှာနေတာပဲ... အင်အားကြီးဂိုဏ်းက ပါရမီရှင်တွေ ဖြစ်တာနဲ့ပဲ ယွမ်ဖုန်းမြို့မှာ ကြိုက်သလို လုပ်လို့ရမယ် ထင်နေတာလား...”

စားသောက်ဆိုင်ထဲတွင် လူအုပ်ကြီး ဆွေးနွေးငြင်းခုံနေကြပြန်သည်။ ဖုန်းဝူချန်နှင့် အဖွဲ့သည် အင်အားကြီးဂိုဏ်း တစ်ခုခုမှ ဖြစ်မည်ဟု ထင်ကြသော်လည်း အထင်မကြီးကြပေ။

အဘယ်ကြောင့်ဆိုသော် ယွမ်ဖုန်းမြို့တွင် အစွမ်းထက်သော အဆင့် (၆) ဆေးပညာရှင် ရှိနေသောကြောင့် ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင်။

စားသောက်ဆိုင်မှ ထွက်ခွာသွားပြီးနောက် ဆရာဝမ် သည် အစွမ်းထက် ပညာရှင်များ၊ ဆေးပညာရှင်များ၊ လက်နက်ပညာရှင်များနှင့် သွန်းလုပ်ရေး ပညာရှင် အများအပြားကို ချက်ချင်း စုစည်းလိုက်၏။

သူ၏ အဆက်အသွယ် ကွန်ရက်သည် အလွန် ကျယ်ပြန့်လှသည်။ ခဏအတွင်းမှာပင် ယွမ်ဖုန်းမြို့ရှိ ပညာရှင် အများစု ရောက်ရှိလာကြ၏။

သူတို့ထဲတွင် ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံ ပညာရှင်များ ပါဝင်သည်။

ထျန်းကျီဘုံ ပညာရှင်များပင် ရောက်ရှိလာသည်ကို ကြည့်လျှင် ဆရာဝမ် ၏ ဩဇာအာဏာ မည်မျှ ကြီးမားကြောင်း သိသာထင်ရှားလှပေသည်။

အမှန်တကယ်တော့ အဆင့် (၄) ဆေးပညာရှင် တစ်ယောက် အနေဖြင့် ဤမျှ ကြီးမားသော ဩဇာအာဏာ မရှိနိုင်ပေ။ ထျန်းကျီဘုံ ပညာရှင်ကို ဆင့်ခေါ်ရန် အရည်အချင်း မရှိသလို ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကလည်း သူ့စကားကို နားထောင်ကြမည် မဟုတ်ပေ။

သို့သော် ယွမ်ဖုန်းမြို့ရှိ အဆင့် (၆) ဆေးပညာရှင်နှင့် ဆရာဝမ် တို့၏ ဆက်ဆံရေးသည် အလွန် ထူးခြားနေသည်။

ထို့ကြောင့်လည်း ဆရာဝမ် တွင် ဤမျှ ကြီးမားသော ဩဇာအာဏာ ရှိနေခြင်း ဖြစ်သည်။

ဤအချိန်တွင် ပညာရှင် အုပ်စုကြီးသည် စားသောက်ဆိုင်သို့ ဦးတည်လာနေသဖြင့် လမ်းပေါ်ရှိ လူများ ထိတ်လန့်တကြား လမ်းဖယ်ပေးနေကြရသည်။

ဤမျှ ကြီးမားသော အင်အားစုကို မည်သူမျှ ပိတ်ဆို့ရဲခြင်း မရှိပေ။

“ဘာဖြစ်တာလဲ... ဆရာဝမ် က ဘာလို့ ပညာရှင်တွေ အများကြီး ခေါ်လာတာလဲ...”

“လူတွေ အများကြီးပဲ... ဘယ်သူက ဆရာဝမ် ကို အပြစ်ပြုလိုက်တာလဲ... သေချာပေါက် သေပြီပဲ...”

“သွားကြည့်ရအောင်...”

ယွမ်ဖုန်းမြို့ လမ်းမများပေါ်တွင် ကျင့်ကြံသူ အများအပြားသည် အံ့သြထိတ်လန့်နေကြပြီး ဘာဖြစ်မလဲ ဆိုတာ သိချင်စိတ်ဖြင့် လိုက်ပါသွားကြ၏။

ဆရာဝမ် ခေါ်လာသော အင်အားစုသည် လူ (၅၀)၊ (၆၀) ခန့် ရှိသည်။

မကြာမီ ဆရာဝမ် နှင့် ပညာရှင် (၅၀)၊ (၆၀) ခန့်သည် စားသောက်ဆိုင် အပြင်ဘက်ရှိ လမ်းမကို ပိတ်ဆို့ထားလိုက်ကြ၏။ ယွမ်ဖုန်းမြို့မှ လာရောက်ကြည့်ရှုသူများနှင့် ပေါင်းလိုက်သောအခါ ပတ်ဝန်းကျင် လမ်းမများအားလုံး ပိတ်ဆို့သွားတော့သည်။

“ဘယ်သူ့ကိုမှ ပေးမထွက်နဲ့...”

ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်၏။ ပညာရှင် (၅၀)၊ (၆၀) ခန့်သည် ချက်ချင်း နေရာယူလိုက်ပြီး စားသောက်ဆိုင် တစ်ခုလုံးကို ဝိုင်းရံ ပိတ်ဆို့ထားလိုက်ကြ၏။

စားသောက်ဆိုင်ထဲရှိ ကျင့်ကြံသူ အများအပြားသည် ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် အားလုံး ထွက်ပြေးကုန်ကြ၏။

ခဏအတွင်းမှာပင် စားသောက်ဆိုင်သည် ခြောက်ကပ်သွားပြီး ဆိုင်ရှင်၊ စားပွဲထိုးလေးနှင့် ဖုန်းဝူချန် အဖွဲ့သာ ကျန်ရစ်တော့သည်။

“နန်းတော်သခင်... အစွမ်းထက် ပညာရှင်တွေ အများကြီး ရောက်လာတယ်...”

နန်းကုန်းကျန့် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။

ယီထျန်းချင်း က စိုးရိမ်တကြီး ပြောလိုက်၏။

“နန်းတော်သခင်... ထျန်းကျီဘုံ ပညာရှင် (၃) ယောက် ပါတယ်...”

“ဘာကြောက်စရာ ရှိလို့လဲ... သူတို့က ရှောင်ရှောင်ရဲ့ အကာအကွယ်ကို ဖြိုနိုင်မှာမှ မဟုတ်တာကွာ...”

လျိုချင်းယန်က ပခုံးတွန့်ပြလိုက်၏။ နည်းနည်းလေးမှ မကြောက်ပေ။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေတောင် လင်ရှောင်ရှောင် ၏ အကာအကွယ်ကို မဖြိုနိုင်ခဲ့တာ... ထျန်းကျီဘုံလောက်က ဘာပြောစရာ ရှိလို့လဲ... ထျန်းကျီဘုံ ပညာရှင် ဘယ်နှယောက်ပဲ လာလာ... သူတို့ မကြောက်ပေ။

“သခင်လေးတို့... အပြင်မှာ... အပြင်မှာ အစွမ်းထက် ပညာရှင်တွေ အများကြီး ရောက်နေတယ်...”

ဆိုင်ရှင်သည် ကြောက်လွန်းသဖြင့် တုန်ယင်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။

“မပူပါနဲ့... မပူပါနဲ့... ခင်ဗျားအလုပ် ခင်ဗျား ဆက်လုပ်ပါ... စိတ်မပူနဲ့...”

လျိုချင်းယန် က လက်ကာပြလိုက်၏။

“ဒါ...”

ဖုန်းဝူချန်နှင့် အဖွဲ့သည် နည်းနည်းလေးမှ စိုးရိမ်ပုံမရသည်ကို တွေ့လိုက်ရသဖြင့် ဆိုင်ရှင် ကြောင်အသွားပြီး မယုံနိုင်စွာ ကြည့်နေမိသည်။

ဒီလူတွေက ဘယ်လိုလူတွေလဲ... အစွမ်းထက် ပညာရှင်တွေ အများကြီး ရောက်နေတာ... ထျန်းကျီဘုံ ပညာရှင်တွေတောင် ပါတယ်... ဒါကို သူတို့က ဘာမှမဖြစ်သလို နေနေကြတယ်...

ဆိုင်ရှင် လုံးဝ စဉ်းစားလို့ မရနိုင်ပေ။

ဒီလူတွေက နောက်ခံ အင်အားကြီးတာ မဟုတ်ရင် အရူးတွေပဲ နေမှာ... ဆိုင်ရှင် တွေးတောလိုက်မိသည်။

ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့်... ဖုန်းဝူချန်တို့က အရူးတွေနဲ့ မတူပါဘူး...

“ကောင်စုတ်လေး... ထွက်လာပြီး အသေခံစမ်း...”

စားသောက်ဆိုင် အပြင်ဘက်တွင် ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်၏။ အစွမ်းထက် ပညာရှင်များ ပါလာသဖြင့် သူ ယုံကြည်မှု အပြည့်ရှိနေသည်။

မကြာမီ ဖုန်းဝူချန်နှင့် အဖွဲ့သည် စားသောက်ဆိုင် တံခါးဝမှ ထွက်လာကြ၏။ သူတို့ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မတွေ့ရပေ။

“သူတို့က ဘယ်သူတွေလဲ... မမြင်ဖူးပါဘူး... ယွမ်ဖုန်းမြို့သားတွေ မဟုတ်တာ သေချာတယ်...”

“ငယ်ငယ်ရွယ်ရွယ်နဲ့ မိုက်ရူးရဲ ဆန်လိုက်တာ... ဆရာဝမ် ကို အပြစ်ပြုရဲတယ် ဆိုတော့... သေလမ်းရှာတာပဲ...”

“သူတို့မှာ နောက်ခံ ရှိမှာပါ... ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံလူသား အဆင့် ရောက်နေကြတယ်... ပြီးတော့ တစ်ယောက်ဆိုရင် ကျင့်ကြံခြင်းအဆင့်ကိုတောင် အာရုံခံလို့ မရဘူး... သာမန်တော့ မဟုတ်လောက်ဘူး...”

လမ်းမပေါ်ရှိ လူအုပ်ကြီးသည် ဖုန်းဝူချန်နှင့် အဖွဲ့ကို အာရုံစိုက် ကြည့်ရှုနေကြပြီး အချို့မှာမူ ကဲ့ရဲ့ရှုတ်ချနေကြ၏။

“ဆရာဝမ် ကို အပြစ်ပြုရဲတဲ့ ကောင်စုတ်လေးတွေက မင်းတို့လား...”

ကောင်းကင်ဘုံလူသား အဆင့် (၅) ရှိသော အမျိုးသားတစ်ဦးက ရက်စက်သော အကြည့်များဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်၏။

ဖုန်းဝူချန်က လက်ကာပြရင်း မေးလိုက်၏။

“ဒါဆို ဘာဖြစ်လဲ...”

“သေလိုက်တော့...”

ထိုအမျိုးသားက အေးစက်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများကို ထုတ်ဖော်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ ပြေးဝင်လာသည်။

ထိုအမျိုးသား၏ အမြန်နှုန်းသည် အံ့မခန်း မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ် စွမ်းအားပါဝင်သော လက်ဝါးချက်သည် ဖုန်းဝူချန်ဆီသို့ ရက်စက်စွာ ဝင်ရောက်လာသည်။

“ဘုန်း...”

“အ...”

သို့သော် ထိုအမျိုးသား ထိတ်လန့်သွားရသည်။ သူ၏ တိုက်ခိုက်မှု ဖုန်းဝူချန်ဆီ မရောက်ခင်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုအမျိုးသား ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်သို့ ပစ်လွင့်သွားတော့သည်။

ဆရာဝမ် နှင့် အခြား ပညာရှင်များ မျှော်လင့်မထားကြပေ။ လွင့်စင်သွားသော ထိုအမျိုးသားသည် လူအုပ်ကြီးကို ဝင်တိုက်မိပြီး လူအများအပြား လဲကျသွားကြ၏။

ကောင်းကင်ဘုံလူသား အဆင့် (၅) ရှိသော ထိုအမျိုးသားသည် မြေကြီးပေါ်သို့ လဲကျသွားသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိကာ သတိလစ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း ဘာဖြစ်သွားမှန်း မသိလိုက်ရဘဲ ထိုအမျိုးသား အပြတ်အသတ် ရှုံးနိမ့်သွားခဲ့လေ၏။

“ဘုရားရေ..."

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှိနေသူအားလုံး အသက်ရှူမှားသွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ကြောက်ရွံ့နေကြ၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဆရာဝမ် ပင်လျှင် ကြောက်လွန်းသဖြင့် တောင့်ခဲသွားသည်။

ဖုန်းဝူချန် ဤမျှ ကြီးမြတ်သည့် စွမ်းအား ပိုင်ဆိုင်ထားလိမ့်မည်ဟု ဆရာဝမ် မယုံကြည်နိုင်ပေ။

ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံ ပညာရှင်များပင်လျှင် ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းရည်ကြောင့် အံ့သြနေကြ၏။

“ဒီလူငယ်လေးရဲ့ တိုက်ခိုက်စွမ်းရည်က တော်တော် ကြောက်စရာ ကောင်းတာပဲ... သူ့ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး ကောင်းကင်ဘုံလူသား အဆင့် (၅) အထက်မှာ ရှိတယ်...”

ဟု ထျန်းကျီဘုံ ပညာရှင်တစ်ဦးက အံ့သြတကြီး ပြောလိုက်၏။

“ဒီကောင်လေးက အစစ်အမှန်ယွမ်စွမ်းအားကိုတောင် မသုံးဘဲ လက်သီးစွမ်းအား သက်သက်နဲ့တင် ဒီလောက် ကြောက်စရာ ကောင်းနေတာ... တကယ် မယုံနိုင်စရာပဲ...”

“သူတို့မှာ နောက်ခံ အကြီးကြီး ရှိမှာ သေချာတယ်... သာမန် အင်အားကြီးဂိုဏ်းကတော့ မဟုတ်လောက်ဘူး... နတ်ဘုရား ဘုရင် နန်းတော်နဲ့ ပတ်သက်နေတာများလား...”

ထျန်းကျီဘုံနှင့် အခြား ပညာရှင်များ၏ မျက်နှာထားများ လေးနက်သွားကြ၏။ သူတို့၏ အမြင်အာရုံဖြင့် ဖုန်းဝူချန်နှင့် အဖွဲ့သည် သာမန်လူများ မဟုတ်ကြောင်း သိရှိလိုက်ကြ၏။

“ဘာရပ်ကြည့်နေကြတာလဲ... ဒီကောင်စုတ်ကို သတ်ပစ်ကြ...”

ဆရာဝမ် ဒေါသတကြီး ငေါက်ငမ်းလိုက်၏။ ပညာရှင် ဒါဇင်ပေါင်းများစွာက ဖုန်းဝူချန်နှင့် အဖွဲ့ကို မနိုင်နိုင်ဘူးဟု သူ လုံးဝ မယုံကြည်ပေ။

အခန်း (၆၃၆) - ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအား

~ကောင်းကင်ဘုံလူသား အဆင့် (၅) ရှိသော ကျင့်ကြံသူ တစ်ဦးကို ဖုန်းဝူချန်က လက်သီးတစ်ချက်တည်းနှင့် အလဲထိုးလိုက်ခြင်းသည် ဆရာဝမ် ၏ မျက်နှာကို ရက်စက်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ဆရာဝမ် သည် ဒေါသထွက်လွန်းသဖြင့် အသိဉာဏ်ကင်းမဲ့သွားကာ ရူးသွပ်စွာ အော်ဟစ်လိုက်၏။

ထျန်းကျီဘုံ ပညာရှင်များသည် နတ်ဘုရား ဘုရင် နန်းတော် သို့မဟုတ် ၎င်း၏ မဟာမိတ် အင်အားကြီးဂိုဏ်းများနှင့် ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် တုံ့ဆိုင်းနေကြသည်။

ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများကမူ လှုပ်ရှားရန် မဝံ့ရဲကြပေ။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် အတိမ်အနက်ကို မခန့်မှန်းနိုင်သော်လည်း လက်သီးတစ်ချက်တည်းနှင့် အဆင့် (၅) ပညာရှင်ကို အလဲထိုးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းမည်မှာ သေချာသည်။

ဖုန်းဝူချန်၏ လက်သီးချက်သည် ရှိနေသမျှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

မည်သူမျှ မလှုပ်ရှားသည်ကို တွေ့သောအခါ ဆရာဝမ် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ပေါက်ကွဲမတတ် ဖြစ်သွားပြီး အော်ဟစ်လိုက်၏။

“အဆင့် (၆) ဆေးလုံး လိုချင်တဲ့သူ အခု တိုက်ခိုက်ကြ... ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေတဲ့ အဆင့် (၆) ဆေးလုံး ပေးမယ်...”

ဆရာဝမ် ၏ စကားကို ကြားသောအခါ ပညာရှင် ဒါဇင်ပေါင်းများစွာ စိတ်လှုပ်ရှားသွားကြ၏။ ထျန်းကျီဘုံ ပညာရှင်များပင်လျှင် ဆေးလုံး၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။

အဆင့် (၆) ဆေးလုံး၏ ဆွဲဆောင်မှုသည် အလွန် ကြီးမားလှသည်။

ထျန်းကျီဘုံ ပညာရှင်အတွက် အဆင့် (၆) ဆေးလုံးသည် အသုံးမဝင်လှသော်လည်း ၎င်း၏ တန်ဖိုးက ကြီးမားနေဆဲပင်။

“တိုက်ကြ... အားလုံး ဝိုင်းတိုက်ကြ...”

ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တစ်ဦး အော်ဟစ်လိုက်၏။

“အဆင့် (၆) ဆေးလုံးအတွက်... အစွမ်းကုန် တိုက်ကြ...”

နောက်တစ်ယောက်ကလည်း ထပ်ဆင့် အော်ဟစ်လိုက်၏။

တစ်ယောက်နှစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ကျန်လူများလည်း လိုက်ပါ လှုပ်ရှားလာကြ၏။ ပညာရှင် ဒါဇင်ပေါင်းများစွာသည် ဖုန်းဝူချန်နှင့် အဖွဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြ၏။

“ရွှီး... ရွှီး... ရွှီး...”

ဖုန်းဝူချန်နှင့် အဖွဲ့သည် ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားကြ၏။ မြို့ထဲတွင် လူအများအပြား ရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားပါက အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရနိုင်ပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။

“သူတို့ကို ပေးမလွတ်နဲ့...”

ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ရွှီး... ရွှီး... ရွှီး...”

ပညာရှင် ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။ လေထုကို ခွဲဖြတ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မြင်ကွင်းကြီး ဖြစ်ပေါ်လာသည်။

ထျန်းကျီဘုံနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။

“ဝူး... ဝူး...”

ကြောက်မက်ဖွယ် စွမ်းအင်များ မြင့်တက်လာပြီး လေထုကြီး တုန်ခါသွားကာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။

“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်...”

လင်ရှောင်ရှောင် အေးစက်စွာ အော်ဟစ်လိုက်ပြီး ကြီးမားသော အစိမ်းရောင် အကာအကွယ်ကြီး တစ်ခုကို ဖန်တီးကာ သူတို့ကို လွှမ်းခြုံထားလိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

“အွတ်... အား...”

ပြင်းထန်သော တိုက်ခိုက်မှုများ အကာအကွယ်ကို ထိမှန်လိုက်သည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် စွမ်းအားများ ပြန်ကန်ထွက်လာသည်။ ပညာရှင် (၁၀) ယောက်ကျော် ပါးစပ်မှ သွေးများ အန်ထွက်ကာ နောက်သို့ လွင့်စင်သွားကြ၏။

ထျန်းကျီဘုံ ပညာရှင် (၃) ဦးနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၈)၊ (၉) ဦး အပါအဝင် ပညာရှင် (၁၀) ယောက်ကျော်သည် အကာအကွယ် တစ်ခုတည်းကြောင့် ဒဏ်ရာ ရရှိသွားကြ၏။

“မဖြစ်နိုင်ဘူး... ကောင်းကင်ဘုံလူသား အဆင့် (၅) လောက် ရှိတဲ့ အမျိုးသမီး ဖန်တီးထားတဲ့ အကာအကွယ်က ငါတို့ကို ဘယ်လိုလုပ် ဒဏ်ရာရစေတာလဲ...”

ကောင်းကင်ဘုံလူသား အဆင့် (၆) ရှိသော အမျိုးသား တစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“ဒါ... ဒါက နတ်ဘုရား အသွင်ပြောင်း အကာအကွယ်ပဲ...”

ထျန်းကျီဘုံ ပညာရှင်တစ်ဦး ကြောက်လန့်တကြား ပြောလိုက်သည်။

“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်... ဒါ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်ပဲ...”

နောက်ထပ် ထျန်းကျီဘုံ ပညာရှင်တစ်ဦးလည်း ထိတ်လန့်သွားပြီး နှလုံးခုန်ရပ်မတတ် ဖြစ်သွားသည်။

“ဘုရားရေ..."

ထိုမြင်ကွင်းကို ကြည့်ပြီး မြို့ထဲမှ ကျင့်ကြံသူများသည် အသက်ရှူမှားသွားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

ပညာရှင် ဒါဇင်ပေါင်းများစွာသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ကြောက်လွန်းသဖြင့် ရှေ့ဆက်မတိုးရဲတော့ဘဲ ရပ်တန့်လိုက်ကြ၏။ အစိမ်းရောင် အကာအကွယ်ကြီးကို ကြောက်လန့်တကြား ကြည့်နေမိကြ၏။

“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်... သူက နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“အဲ့ဒီ မိန်းကလေးက ကောင်းကင်ဘုံလူသား အဆင့် (၅) ပဲ ရှိတာလေ... ဘယ်လိုလုပ် နတ်ဘုရား အသွင်ပြောင်းဘုံ ရောက်နေရတာလဲ...”

“ကြောက်စရာ ကောင်းလွန်းတယ်... ငါတို့ ထွက်ပြေးကြတာ ပိုကောင်းမယ်... နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ကို အပြစ်ပြုမိရင် သေချာပေါက် သေမှာပဲ...”

ပညာရှင် ဒါဇင်ပေါင်းများစွာသည် ကြောက်လွန်းသဖြင့် ချက်ချင်း ထွက်ပြေးချင်စိတ် ပေါက်သွားကြ၏။

“ဆရာဝမ်... ခင်ဗျား ခေါ်လာတဲ့ လူတွေက မစွမ်းဆောင်နိုင်ဘူးနဲ့ တူတယ်...”

လျိုချင်းယန် က လှောင်ပြောင်လိုက်၏။

“တခြား ပညာရှင်တွေ ရှိသေးလား... ရှိရင် ထပ်ခေါ်လိုက်ပါဦး...”

ပေတိုယန် က ဖြည့်စွက် ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဆရာဝမ် ၏ မျက်နှာအိုကြီး အုံ့မှိုင်းသွားပြီး အံကြိတ်ကာ အော်ဟစ်လိုက်၏။

“ဘဝင်မြင့်မနေနဲ့... ရှေ့ဆုံးက ကောင်လေးက ဆေးပညာရှင်ပဲ... အားလုံး ဝိညာဉ်စွမ်းအားကို ပေါင်းပြီး တိုက်ခိုက်ကြ... အဲ့ဒီ ကောင်စုတ်လေးကို အရင် သတ်ပစ်...”

ကြောက်ရွံ့နေသော ထျန်းကျီဘုံနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များသည် တိတ်ဆိတ်သွားကြပြီး မည်သူမျှ ဆက်လက် မလှုပ်ရှားရဲကြတော့ပေ။

“တိုက်ကြလေ...”

ဆရာဝမ် ရူးသွပ်စွာ အော်ဟစ်လိုက်၏။

ဆေးပညာရှင်များ၊ လက်နက်ပညာရှင်များ၊ သွန်းလုပ်ရေး ပညာရှင်များနှင့် အင်းကွက်ပညာရှင်များ အားလုံးသည် ဝိညာဉ်စွမ်းအားများကို လျင်မြန်စွာ ထုတ်ဖော်ပြီး တိုက်ခိုက်လိုက်ကြ၏။

ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုများကို နတ်ဘုရား အသွင်ပြောင်း အကာအကွယ်က တားဆီးနိုင်မည် မဟုတ်ပေ။

ဒါဇင်ကျော်သော ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုများသည် ဖုန်းဝူချန်ဆီသို့ ရောက်ရှိလာသည်။ မမြင်နိုင်သော်လည်း ပြင်းထန်သော လေစီးကြောင်းနှင့် စုတ်ဖြဲခံရမည့် ခံစားချက်ကို ခံစားနေရသည်။

ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်လိုက်၏။ ဝိညာဉ်စွမ်းအားများသည် အလင်းတန်း ဒါဇင်ကျော်အဖြစ် ကွဲထွက်သွားပြီး ပြန်လည် တိုက်ခိုက်လိုက်၏။

ထိတိုက်မိသည့် အချိန်တွင် ဆေးပညာရှင်များ၊ လက်နက်ပညာရှင်များ၊ သွန်းလုပ်ရေး ပညာရှင်များနှင့် အင်းကွက်ပညာရှင်များ အားလုံး တပြိုင်နက်တည်း သွေးအန်ပြီး လွင့်စင်သွားကြ၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

လူအုပ်ကြီး ကြက်သေသေသွားသည်။

ဆရာဝမ် ၏ မျက်နှာအိုကြီး ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွားသည်။

အံ့သြမှု... အလွန်အမင်း အံ့သြမှု...

လူအများအပြား ပေါင်းစပ်ထားသော ဝိညာဉ်စွမ်းအားသည် စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် အစွမ်းထက်လှသည်။

သို့သော် ထိုသူအားလုံးသည် ဖုန်းဝူချန် တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားကြ၏။

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ...

ဆေးပညာရှင်များနှင့် လက်နက်ပညာရှင်များသည် မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ကြောက်လန့်တကြား ကြည့်နေမိကြ၏။

တစ်ယောက်တည်းနဲ့ လူအများကြီးကို ရင်ဆိုင်နိုင်တယ် ဆိုတာ လူမှ ဟုတ်သေးရဲ့လား... လူငယ်လေး တစ်ယောက်က ဒီလောက် ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဝိညာဉ်စွမ်းအားကို ဘယ်က ရခဲ့တာလဲ...

ထျန်းကျီဘုံနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များသည် ဖုန်းဝူချန်ကို ဘီလူးသရဲသဘက် တစ်ကောင်ကို ကြည့်သကဲ့သို့ ကြောက်လန့်တကြား ကြည့်နေမိကြ၏။

“ဒီကောင်လေးရဲ့ ဝိညာဉ်စွမ်းအားက သိပ်ကြောက်စရာ ကောင်းလွန်းမနေဘူးလား...”

“ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ အများကြီး... အဆင့် (၅) သွန်းလုပ်ရေး ပညာရှင်တောင် ပါတယ်... ဒါတောင် အဲ့ဒီကောင်လေးကို မယှဉ်နိုင်ကြဘူး...”

“ဒီကောင်လေးက အဆင့် (၆) ဆေးပညာရှင်များ ဖြစ်နေမလား...”

မြို့ထဲမှ ကြည့်ရှုနေသူများနှင့် ကောင်းကင်ယံမှ ပညာရှင်များသည် အံ့သြလွန်းသဖြင့် နှလုံးခုန်ရပ်မတတ် ဖြစ်ကုန်ကြ၏။

“ဆရာဝမ်... ခင်ဗျားက အသေးအဖွဲ ကိစ္စလေးနဲ့ ကျွန်တော်ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ခါထပ်ခါ စမ်းသပ်နေတယ်... အခု ကျွန်တော့်ကို သတ်ချင်နေတာပေါ့... ကျွန်တော်က ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား... ဒါမှမဟုတ် ခင်ဗျားကိုယ်ခင်ဗျား အရမ်း စွမ်းအားကြီးတယ်လို့ ထင်နေတာလား...”

ဖုန်းဝူချန် အေးစက်စွာ မေးလိုက်၏။ သူ့အသံသည် အရိုးထဲထိ အေးစိမ့်သွားစေပြီး စူးရှသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

ဆရာဝမ် သည် ရန်လိုနေသော်လည်း ဖုန်းဝူချန်သည် သတ်ဖြတ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

“ခင်ဗျား ဆေးဖက်ဝင် အပင်တွေကို ဈေးပေါပေါနဲ့ ဝယ်တာ ကျွန်တော်နဲ့ မဆိုင်ပါဘူး... ရောင်းတဲ့လူတွေကလည်း သဘောတူလို့ ရောင်းကြတာပဲ... ဒါပေမဲ့ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ခင်ဗျားက ကျွန်တော်ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်လွန်းနေတယ်...”

ဖုန်းဝူချန် ပြောရင်းဖြင့် လေထုထဲတွင် ခြေတစ်လှမ်းချင်း လှမ်းကာ ရှေ့တိုးလာသည်။

ကြောက်မက်ဖွယ် အရှိန်အဝါများ ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး လူတိုင်း၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

“ကောင်းကင်ဘုံလူသား အဆင့် (၇)...”

ဖုန်းဝူချန်၏ အရှိန်အဝါကို ခံစားမိလိုက်သောအခါ ပညာရှင် အများအပြား အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။

ကောင်းကင်ဘုံလူသား အဆင့် (၅) ပညာရှင်ကို လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်တာ မဆန်းပါဘူး... သူက ဒီလောက် စွမ်းအားကြီးတာကိုး...

“အဆင့် (၄) ဆေးပညာရှင်လောက်ကို... အမှန်အတိုင်း ပြောရရင် ကျွန်တော် မျက်လုံးထဲတောင် မထည့်ပါဘူး...”

ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ဆရာဝမ် ၏ ရှေ့တည့်တည့်သို့ ဆန်းကြယ်စွာ ရောက်ရှိသွားသည်။

ဖုန်းဝူချန် ရုတ်တရက် ရောက်ရှိလာသဖြင့် ဆရာဝမ် ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။

“ဒါဆို အဆင့် (၆) ဆေးပညာရှင် ဆိုရင်ရော...”

ဖုန်းဝူချန် စကားဆုံးသည်နှင့် အဘိုးအို တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“အဆင့် (၆) ဆေးပညာရှင် လီယန်ချင်း...”

“ဆေးပညာရှင် ဆရာလီယန်ချင်း...”

“ဆရာလီယန်ချင်း သာ ပါဝင်လာရင်... ဒီကောင်လေးကို သေချာပေါက် ဖိနှိပ်နိုင်မှာပဲ...”

အသံကို ကြားလိုက်သည်နှင့် ယွမ်ဖုန်းမြို့ရှိ လူတိုင်းသည် လီယန်ချင်း ဖြစ်မှန်း ခန့်မှန်းမိလိုက်ကြပြီး စိတ်လှုပ်ရှားသွားကြ၏။

လီယန်ချင်း... ယွမ်ဖုန်းမြို့၏ အဆင့် (၆) ဆေးပညာရှင်... ဆေးပညာလောကတွင် ဆရာလီ ဟု ကျော်ကြားသူ ဖြစ်ပေသည်။

All Chapters