အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း (၆၄၃) - ပိုင်လီယွီဖုန်းနှင့် ဆုံတွေ့ခြင်း
~“အစ်ကိုကြီးဖုန်း... အာရုံခံမိပြီလား...”
မြောက်ပိုင်း နယ်နိမိတ်ချောက်နက်၏ အတွင်းပိုင်း တစ်နေရာတွင် ဖုန်းဝူချန်သည် မိနစ်အနည်းငယ်ကြာအောင် အာရုံစိုက်နေခဲ့သော်လည်း ဘာမှ မထူးခြားသဖြင့် လျိုချင်းယန် က မနေနိုင်ဘဲ မေးလိုက်၏။
ဖုန်းဝူချန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ခေါင်းခါလိုက်၏။
“ဘာမှ အာရုံခံလို့ မရဘူး...”
ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား အဆင့် (၇) အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အာရုံခံနိုင်စွမ်းသည် မီတာသောင်းချီသော အကွာအဝေးကို လွှမ်းခြုံနိုင်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
“ဒီနေရာမှာ မရှိတာများလား...”
လျိုချင်းယန် က မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။
“အစ်ကိုကြီးဖုန်း... တခြားနေရာ ပြောင်းပြီး ရှာကြည့်ရအောင်...”
လင်ရှောင်ရှောင် က အကြံပြုလိုက်၏။
မြောက်ပိုင်း နယ်နိမိတ်ချောက်နက်သည် အလွန် ကျယ်ပြန့်လှသည်။ တစ်နေရာတည်းတွင် ရှာရုံဖြင့် မဆုံးဖြတ်နိုင်ပေ။ ရတနာသည် ဗဟိုချက်မတွင် ရှိနေနိုင်သလို လူသူအရောက်အပေါက် နည်းပါးသော နေရာများတွင်လည်း ရှိနေနိုင်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်၏။ တစ်ကြိမ်တည်းနှင့် သူ လက်လျှော့မည် မဟုတ်ပေ။ ဒီအထိ ရောက်လာပြီးမှတော့ မြောက်ပိုင်း နယ်နိမိတ်ချောက်နက် တစ်ခုလုံးကို ပြောင်းပြန်လှန် ရှာဖွေရရင်တောင် ရှာဖွေရပေမည်။
ဖုန်းဝူချန်နှင့် အဖွဲ့သည် နေရာရွှေ့ပြောင်းရန် ပြင်လိုက်စဉ် ဖုန်းဝူချန် ရုတ်တရက် မျက်ခုံးတန်းများ တွန့်ချိုးလိုက်ပြီး ဘယ်ဘက်ရှိ တောင်ထိပ်တစ်ခုဆီသို့ လှမ်းကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်၏။
“ဘယ်သူလဲ...”
လင်ရှောင်ရှောင် နှင့် လျိုချင်းယန် တို့၏ မျက်နှာထားများ ချက်ချင်း လေးနက်သွားသည်။
“ဉာဏ်ကောင်းတဲ့ ကောင်လေး... ငါ့အရှိန်အဝါကို သတိထားမိတယ် ဆိုတော့... မဆိုးပါဘူး...”
ဖုန်းဝူချန် လှမ်းကြည့်လိုက်သော တောင်ထိပ်မှ အံ့သြသံ တစ်သံ ထွက်ပေါ်လာသည်။ အသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူရိပ်တစ်ခု လျှပ်စီးကဲ့သို့ ရောက်ရှိလာသည်။
“ထျန်းကျီဘုံ အဋ္ဌမအလွှာ...”
ဖုန်းဝူချန် မျက်ခုံးတန်းများ တွန့်ချိုးလိုက်၏။ ထိုလူ၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း သိလိုက်၏။
“မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ထဲမှာ ဒီလောက် စွမ်းအားကြီးတဲ့ ပညာရှင် ရှိနေတာလား...”
နန်းကုန်းကျန့် မျက်ခုံးတန်းများ တွန့်ချိုးကာ ပြောလိုက်၏။ သူ့မျက်နှာထား အလွန် လေးနက်နေသည်။ ဖုန်းဝူချန်သာ သတိမထားမိခဲ့လျှင် အမှောင်ထဲတွင် ပုန်းခိုနေသော အစွမ်းထက် ပညာရှင်ကို သူတို့ သတိပြုမိကြမည် မဟုတ်ပေ။
ရောက်ရှိလာသူမှာ နတ်ဆိုးမျိုးနွယ်မှ ဖန်ရွှီဟွိုင် ပင် ဖြစ်သည်။
“အစ်ကိုကြီးဖုန်း... သူက နတ်ဆိုးမျိုးနွယ်ပဲ...”
လင်ရှောင်ရှောင် ၏ မျက်နှာလေး အေးစက်သွားသည်။
“သူ့အရှိန်အဝါက ပြီးခဲ့တဲ့တစ်ခေါက်က လူနဲ့ အတူတူပဲ...”
ပေတိုယန် က အတည်ပြု ပြောလိုက်၏။
မြောင်ချင်းချင်း မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။
“နတ်ဆိုးမျိုးနွယ်က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ... သူတို့ ရည်ရွယ်ချက်က ငါတို့နဲ့ တူနေမလား...”
“ဖြစ်နိုင်ချေ များတယ်...”
လျိုချင်းယန် ခေါင်းညိတ်လိုက်၏။
“သြော်... ကောင်းကင်နတ်ဆိုး သူတော်စင်မလေး ကိုး... ငါ နတ်ဆိုးမျိုးနွယ်က ဆိုတာ သိနေတာ မဆန်းပါဘူး...”
ဖန်ရွှီဟွိုင် မဲ့ပြုံး ပြုံးလိုက်၏။ သူ့မျက်နှာပေါ်မှ အပြုံးသည် ကြည့်ရဆိုးပြီး နေရခက်စေသည်။
သူက လက်ပိုက်ကာ လှောင်ပြောင်လိုက်၏။
“ကောင်းကင်နတ်ဆိုး သူတော်စင်မလေး... မင်းရဲ့ မျက်နှာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ မင်းတို့ အသက်ကို ချမ်းသာပေးလိုက်မယ်... ဒါပေမဲ့ မင်းတို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြရင် ကောင်းမယ်...”
လင်ရှောင်ရှောင် ၏ နောက်ခံ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဖန်ရွှီဟွိုင် ကောင်းကောင်းကြီး သိထားသည်။ သူမ တစ်ယောက်တည်း ဖြစ်နေရင်တောင် မထိပါးရဲပေ။
“ဒီနေရာက မြောက်ပိုင်း နယ်နိမိတ်ချောက်နက်လေ... နတ်ဆိုးမျိုးနွယ်ရဲ့ ပိုင်နက် မဟုတ်ဘူး..ရှင်က ဘာအခွင့်အရေးနဲ့များ ကျွန်မကို ဘယ်သွားဘယ်လာ လုပ်ရမယ်လို့ လာပြောနေတာလဲ...”
လင်ရှောင်ရှောင် က အေးစက်စွာ တုံ့ပြန်လိုက်၏။
ထိုစကားကို ကြားသောအခါ ဖန်ရွှီဟွိုင် ၏ မျက်နှာထား အနည်းငယ် အုံ့မှိုင်းသွားသည်။
“ကောင်းကင်နတ်ဆိုး သူတော်စင်မလေး... ငါက မင်းနောက်ကွယ်က အင်အားစုကို ကြောက်လို့ မင်းကို လေးစားသမှု ပြနေတာ... မင်းကို ကြောက်လို့ မဟုတ်ဘူး... မင်းတို့ မထွက်သွားဘူး ဆိုရင် ငါ့မှာ ကိုင်တွယ်မယ့် နည်းလမ်း ရှိတယ်... ဒီနေရာက မြောက်ပိုင်း နယ်နိမိတ်ချောက်နက် ဆိုတာ မင်း သိပါတယ်... ငါ မင်းကို ဒီမှာ သတ်လိုက်ရင် ဘယ်သူ သိမှာလဲ...”
“ဒါဆိုလည်း စမ်းကြည့်လိုက်လေ...”
လင်ရှောင်ရှောင် က ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ တုံ့ပြန်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဖန်ရွှီဟွိုင် နှာခေါင်းရှုံ့လိုက်ကာ၊
“ကောင်းကင်နတ်ဆိုး သူတော်စင်မ... ယန်ဟွမ် သဲကန္တာ မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ငါ ကြားပြီးပြီ... မင်းတို့ မထွက်သွားရင် မင်းတို့ကို ရှင်းပစ်ရတာ ငါ့အတွက် ဂုဏ်ယူစရာပဲ... ငါက မျိုးနွယ်စုခေါင်းဆောင် ဖူယန် လို မအဘူး... မင်းတို့ ဘယ်သူတွေလဲ ဆိုတာ ငါ ခန့်မှန်းမိပြီးသား... မင်းက ဖူယန် ကို အရှက်ရစေခဲ့တဲ့ ဖုန်းဝူချန် မလား...”
“ခင်ဗျားသာ မအဘူး ဆိုရင် ကိုယ်ထင်ပြမှာ မဟုတ်ဘူး...”
ဖုန်းဝူချန်က ဂရုမစိုက်သလို ပြန်လည် ချေပလိုက်၏။
“ကောင်စုတ်လေး... ကောင်းကင်နတ်ဆိုး သူတော်စင်မရဲ့ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်သာ မရှိရင် မင်းကို သတ်ရတာ ပုရွက်ဆိတ်လောက်ပဲ ရှိတယ်ကွ...”
ဖန်ရွှီဟွိုင် က ဖုန်းဝူချန်ကို အထင်သေးစွာ ကြည့်လိုက်တော့သည်။
“အစ်ကိုကြီးဖုန်းသာ ထျန်းကျီဘုံ ပဉ္စမအလွှာလောက် ရောက်သွားရင် ရှင်လိုကောင်ကို သတ်ဖို့က ထျန်းကျီဘုံ အဋ္ဌမအလွှာရဲ့ စွမ်းအားတောင် လိုမှာ မဟုတ်ဘူး...”
ဟု လင်ရှောင်ရှောင် က ပြန်လည် ရန်တွေ့ပြောဆိုလာ၏။
“ဖုန်းဝူချန် ဟုတ်လား...”
လင်ရှောင်ရှောင် ၏ စကားဆုံးသည်နှင့် အံ့သြသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လူရိပ်တစ်ခု လေထုထဲတွင် ဘွားခနဲ ပေါ်လာသည်။
“နောက်တစ်ယောက် ရှိသေးတယ်ပေါ့...”
ယီထျန်းချင်း မျက်ခုံးတန်းများ တွန့်ချိုးလိုက်၏။
“နတ်ဆိုးမျိုးနွယ်ကပဲလား...”
ဟု နန်းကုန်းကျန့်က လေးနက်စွာ မေးလိုက်၏။
“မသိဘူး... ဒီလူက ပုန်းတာ တော်တော် ကောင်းတယ်... ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းလို့ မရဘူး...”
ပေတိုယန် ခေါင်းခါလိုက်သည်။ သို့သော် သေချာသည်မှာ ထိုလူသည် အလွန် စွမ်းအားကြီးလေ၏။
ရောက်ရှိလာသူမှာ ပိုင်လီယွီဖုန်း ဖြစ်ပေသည်။
ဖုန်းဝူချန်သည် ပိုင်လီယွီဖုန်း ကို အကဲခတ်ကြည့်လိုက်၏။ မရင်းနှီးသော မျက်နှာ တစ်ခုပင်။
“ထျန်းကျီဘုံ သတ္တမအလွှာ...”
“ထျန်းကျီဘုံ သတ္တမအလွှာ ဟုတ်လား...”
လျိုချင်းယန် အံ့သြတကြီး အော်ဟစ်လိုက်မိ၏။ ပိုင်လီယွီဖုန်း သည် သူတို့ထက် အသက်အနည်းငယ်သာ ကြီးပုံရသော်လည်း ကျင့်ကြံခြင်းအဆင့်သည် ဤမျှ မြင့်မားနေသည်။
ထိုစဉ်၊ ဖန်ရွှီဟွိုင် သည် ပိုင်လီယွီဖုန်း ကို ကြည့်ပြီး အံ့သြစွာ မေးလိုက်၏။
“သခင်လေး ပိုင်လီ... မင်းလည်း သူ့ကို သိတာလား...”
ပိုင်လီယွီဖုန်း ပြန်မဖြေပေ။ ဖုန်းဝူချန်ကို စိတ်ဝင်တစား အကဲခတ်ကြည့်နေသည်။
ပိုင်လီယွီဖုန်း ၏ လစ်လျူရှုမှုကြောင့် ဖန်ရွှီဟွိုင် အရှက်ရပြီး ဒေါသထွက်သွားသည်။ မျက်နှာ အုံ့မှိုင်းသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ သို့သော် ပြန်မပြောရဲဘဲ သည်းခံထားလိုက်ရသည်။
သို့သော် ဖန်ရွှီဟွိုင် က ပိုင်လီယွီဖုန်း ကို ခေါ်ဝေါ်လိုက်ပုံကြောင့် ဖုန်းဝူချန်နှင့် အဖွဲ့ မျက်ခုံးတန်းများ တွန့်ချိုးသွားကြ၏။
“နန်းတော်သခင်... သတိထား... သူတို့က အတူတူပဲ...”
ယီထျန်းချင်း တီးတိုး သတိပေးလိုက်၏။
“ဒီ သခင်လေး ပိုင်လီ ဆိုတဲ့လူက ပိုတောင် စွမ်းအားကြီးဦးမယ်...”
ဟု လျိုချင်းယန်က လေးနက်စွာ ပြောလိုက်သည်။
ဖုန်းဝူချန် ဘာမှမပြောပေ။
မြောက်ပိုင်း နယ်နိမိတ်ချောက်နက်တွင် ဤလူ နှစ်ယောက် ရောက်ရှိနေခြင်းကို ကြည့်ပြီး တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်၏။
“ရှင်က ပိုင်လီ မျိုးနွယ်စုရဲ့ သခင်လေး ပိုင်လီယွီဖုန်း မလား...”
လင်ရှောင်ရှောင် က မသေချာသလို မေးလိုက်၏။
ပိုင်လီယွီဖုန်းက ခေါင်းညိတ်လိုက်၏။
“ကောင်းကင်နတ်ဆိုး သူတော်စင်မလေး ... ကျွန်တော်တို့ တစ်ခေါက် တွေ့ဖူးပါတယ်...”
“စိတ်မရှိပါနဲ့ရှင်... ကျွန်မ မှတ်ဉာဏ် သိပ်မကောင်းလို့...”
လင်ရှောင်ရှောင် က အားနာသလို ပြောလိုက်၏။
ဖုန်းဝူချန်ကို ပြန်ကြည့်ပြီး ပိုင်လီယွီဖုန်း မေးလိုက်၏။
“ခင်ဗျားက ယန်ဟော် အင်ပါယာ ထျန်းယန် အကယ်ဒမီက ကျောင်းသား ဖုန်းဝူချန် မလား...”
“ခင်ဗျား ကျွန်တော့်ကို သိတယ်လား...”
ဖုန်းဝူချန် အံ့သြစွာ ပြန်မေးလိုက်မိ၏။ ပိုင်လီယွီဖုန်း ကို တစ်ခါမှ မမြင်ဖူးကြောင်း သူ သေချာပါသည်။
“သခင်လေး ပိုင်လီ... မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ကို လာတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့ဦး...”
ပိုင်လီယွီဖုန်း ပြန်မပြောခင်မှာပင် ဖန်ရွှီဟွိုင် က ဖြတ်ပြောလိုက်၏။
“ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး... ထွက်သွားလိုက်...”
ပိုင်လီယွီဖုန်း က အေးစက်စွာ မောင်းထုတ်လိုက်၏။ အမိန့်ပေးသံ ပါဝင်နေပြီး မျက်နှာထား ချက်ချင်း အေးစက်သွားသည်။
“မင်း...”
ဖန်ရွှီဟွိုင် ဒေါသထွက်သွားသည်။ ပိုင်လီယွီဖုန်း က သူ့ကို ဤမျှ မလေးမစား လုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဟွန်း...”
ပိုင်လီယွီဖုန်း ၏ ရက်စက်သော အကြည့်သည် ဖန်ရွှီဟွိုင် ကို စိုက်ကြည့်လိုက်၏။ သတ်ဖြတ်လိုစိတ်များ ရိပ်ခနဲ.. ဖြတ်သန်းသွားသည်။
“တောက်... ငါ့ကို ဒီလို လေသံနဲ့ ပြောရဲတယ်ပေါ့... ပိုင်လီယွီဖုန်း... မင်းကို ငါ လုံးဝ ခွင့်မလွှတ်ဘူး...”
ဖန်ရွှီဟွိုင် ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း ထိန်းချုပ်ထားလိုက်ရသည်။ နောက်ဆုံးတွင် သူ ပျောက်ကွယ်သွားတော့သည်။
ဖန်ရွှီဟွိုင် ထွက်သွားပြီးနောက် ပိုင်လီယွီဖုန်း က ပြောလိုက်၏။
“အထင်မလွဲပါနဲ့... သူနဲ့ ကျွန်တော်က အကျိုးတူ ပူးပေါင်းထားရုံ သက်သက်ပါ...”
ပိုင်လီယွီဖုန်း ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလာသည်။
“ကျွန်တော် ခင်ဗျားကို သိတာက... ကျွန်တော့် ညီလေးက ခင်ဗျား လက်ချက်နဲ့ ရှုံးခဲ့ဖူးလို့လေ...”
“ကျွန်တော့်လက်ချက်နဲ့ ရှုံးခဲ့ဖူးတယ် ဟုတ်လား...”
ဖုန်းဝူချန် အံ့သြသွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။
“ထျန်းယန် အကယ်ဒမီက ထျန်းရင်က ခင်ဗျား ညီလေးလား...”
“ထျန်းရင်...”
လျိုချင်းယန် နှင့် အခြားသူများ နားမလည်နိုင် ဖြစ်သွားကြ၏။
“ဟုတ်တယ်...”
ပိုင်လီယွီဖုန်း ခေါင်းညိတ်လိုက်၏။
“ဒါကြောင့်ကိုး... သူ့မှာ အဲ့ဒီလောက် ပါရမီတွေ ရှိနေတာ...”
ဖုန်းဝူချန် ပြုံးကာ ပြောလိုက်၏။ သို့သော် သူ နားမလည်သည်မှာ ပိုင်လီ မျိုးနွယ်စုက ထျန်းယင်း ကို ဘာကြောင့် ထျန်းယန် အကယ်ဒမီသို့ ပို့ထားရသနည်း ဆိုခြင်းပင်။
အိမ်မှာပဲ ကျင့်ကြံခိုင်းတာက ပိုမကောင်းဘူးလား။ ဒါမှမဟုတ် သန့်စင်သော ဝိညာဉ် အကယ်ဒမီကို ပို့တာက ပိုမကောင်းပေဘူးလား။
အခန်း (၆၄၄) - ဝူမီးတောက်ကို ရှာဖွေခြင်း
~ပိုင်လီ မျိုးနွယ်စု၏ တည်ရှိမှုကို ဖုန်းဝူချန်သည် နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များမှတစ်ဆင့် ကောင်းစွာ သိရှိထားပါသည်။
ပိုင်လီ မျိုးနွယ်စု၏ အင်အားသည် ယင်ယန် မိသားစုနှင့် တန်းတူ ဖြစ်သည်။
သို့သော် ယင်ယန် မိသားစုနှင့် မတူသည်မှာ ပိုင်လီ မျိုးနွယ်စုသည် ဖြောင့်မတ်မှန်ကန်သော မျိုးနွယ်စု ဖြစ်ခြင်းပင်။
“အဲ့ဒီကောင်လေးက ခင်ဗျားကို ရှုံးပြီးကတည်းက တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးသွားခဲ့ပြီ...”
ဟု ပိုင်လီယွီဖုန်း က ခေါင်းခါရင်း ပြောလိုက်၏။
ဖုန်းဝူချန်က ပြုံးကာ ၊
“ခင်ဗျား သူ့ကို ဆုံးမလိုက်ပြီ ထင်တယ်...”
“ထျန်းရင်ရဲ့ ပါရမီက အဆင့် (၈) မဟုတ်ဘူး... အဆင့် (၉) ပါရမီရှင်ပါ... သူ့ကို ထျန်းယန် အကယ်ဒမီကို လွှတ်လိုက်တာက အခက်အခဲတွေကို တွေ့ကြုံခံစားစေချင်လို့ပါ... ဖုန်းဝူချန်... ထျန်းယင်း သာ ကြိုးစားမယ် ဆိုရင် သူ့ရဲ့ ကျင့်ကြံနှုန်းက အရမ်း ကြောက်စရာ ကောင်းလာလိမ့်မယ်... မကြာခင် ခင်ဗျားကို ကျော်တက်သွားရင်တောင် အံ့သြစရာ မဟုတ်ဘူး...”
“ကျော်တက်နိုင်ရင် ကျော်တက်ပါစေဗျာ...”
ဖုန်းဝူချန်က ဂရုမစိုက်သလို ပခုံးတွန့်ပြလိုက်၏။
“ဒါနဲ့ ဖုန်းဝူချန်... ခင်ဗျား ခုနက ထုတ်သုံးလိုက်တဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားထဲမှာ နဂါးမျိုးနွယ်ရဲ့ အရှိန်အဝါ ပါနေတယ်... ခင်ဗျားက နဂါးမျိုးနွယ်ဝင်လား...”
ပိုင်လီယွီဖုန်း က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“နဂါးမျိုးနွယ် သွေးမျိုးဆက်ကို မတော်တဆ ရရှိခဲ့တာပါ...”
ဖုန်းဝူချန်က အတိုချုံး ရှင်းပြလိုက်၏။
“သြော်... ဒါကြောင့်ကိုး...”
ပိုင်လီယွီဖုန်း ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် တွေးတောနေမိသည်။
'ဖုန်းဝူချန်ရဲ့ နဂါးသွေးမျိုးဆက်က ပိုပြီး သန့်စင်နေတယ်... နတ်ဘုရား အဆင့်ကို ရောက်နေလောက်ပြီ…’
“ခုနက ခင်ဗျား ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာ ဘာကို ပြောတာလဲ...”
ဖုန်းဝူချန်က မေးလိုက်၏။
ပိုင်လီယွီဖုန်း နှင့် နတ်ဆိုးမျိုးနွယ်တို့ မည်သည့် ကိစ္စတွင် ပူးပေါင်းထားသနည်း ဆိုတာ သိချင်နေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုင်လီယွီဖုန်း က ပြောလိုက်၏။
“ခင်ဗျား ထုတ်သုံးလိုက်တဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားကို ကြည့်ခြင်းအားဖြင့်... ခင်ဗျား မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ကို လာတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့နဲ့ အတူတူပဲလို့ ထင်တယ်...”
“ဝူမီးတောက် လား...”
ဟု ဖုန်းဝူချန်က မေးလိုက်သည်။
ပိုင်လီယွီဖုန်း လေးနက်စွာ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... နတ်ဆိုးမျိုးနွယ်လည်း ဝူမီးတောက် ကို ရှာနေတာ... လူတော်တော်များများက ဝူမီးတောက် သတင်းကို ရထားကြပုံ ရတယ်...”
ခဏရပ်ပြီး ပိုင်လီယွီဖုန်း ဆက်ပြောလိုက်၏။
“ဖန်ရွှီဟွိုင် နဲ့ ကျွန်တော်က ဒီနေရာမှာ ရှာနေတာ တစ်လကျော်ပြီ... ဘာမှ မတွေ့သေးဘူး...”
“တစ်လကျော်ကြာတာတောင် ဘာမှ မတွေ့ဘူး ဟုတ်လား...”
ပိုင်လီယွီဖုန်း ၏ စကားကို ကြားသောအခါ လျိုချင်းယန် နှင့် အခြားသူများ အံ့သြသွားကြ၏။
‘ဝူမီးတောက် က ဒီလောက်တောင် ပုန်းနေတာလား…’
ဖုန်းဝူချန် မျက်ခုံးတန်းများ တွန့်ချိုးကာ မှတ်ချက်ပြုလိုက်သည်။
“ဝူမီးတောက် ကို ရှာရတာ ထင်သလောက် မလွယ်ကူဘူးနဲ့ တူတယ်...”
“ဝူမီးတောက် က ရှေးဦး ကမ္ဘာဦး မီးတောက် ဖြစ်ပြီး အစွမ်းအထက်ဆုံး မီးတောက်ကိုး... ရှာရတာ လွယ်မှာ မဟုတ်ဘူး...”
ဖုန်းဝူချန်ကို ကြည့်ပြီး ပိုင်လီယွီဖုန်းက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ခင်ဗျားမှာ ရှေးဦး ကမ္ဘာဦး စွမ်းအား ရှိတယ် ဆိုတော့... အများကြီး လွယ်ကူသွားမှာပါ...”
“အများကြီး လွယ်ကူသွားမယ် ဟုတ်လား... ဘာကို ဆိုလိုတာလဲ...”
“ကျွန်တော် ဒီနေရာမှာ ရှာနေတာ တစ်လကျော်ပြီ... သံသယဖြစ်စရာ နေရာတချို့တော့ တွေ့ထားတယ်... ခင်ဗျားကို အဲ့ဒီနေရာတွေကို ခေါ်သွားပေးလို့ ရတယ်... ဒါပေမဲ့ ဝူမီးတောက် ကို တွေ့ပြီ ဆိုရင်တော့... ကိုယ့်အရည်အချင်းနဲ့ကိုယ် လုယူကြတာပေါ့... ဘယ်လိုလဲ...”
ဟု ပိုင်လီယွီဖုန်း က ပြုံးကာ ကမ်းလှမ်းလိုက်တော့၏။
ဖုန်းဝူချန် စိတ်လှုပ်ရှားသွားပြီး တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်၏။
“ကောင်းပြီလေ... ပြဿနာ မရှိပါဘူး...”
ဖုန်းဝူချန် ချက်ချင်း သဘောတူလိုက်သည်ကို မြင်သောအခါ ပိုင်လီယွီဖုန်း ပြုံးလိုက်မိ၏။
“ဖုန်းဝူချန်... ခင်ဗျား တော်တော် ယုံကြည်မှု ရှိတာပဲ...”
“ခင်ဗျားက အဆင့် (၆) ဆေးပညာရှင်... ကျွန်တော်လည်း အဆင့် (၆) ဆေးပညာရှင်ပဲ... ခင်ဗျား ယုံကြည်မှု ရှိတယ် ဆိုရင် ကျွန်တော်လည်း ရှိတာပေါ့...”
ဟု ဖုန်းဝူချန်လည်း ပြုံးကာ ပြန်ပြောလိုက်၏။
“အဆင့် (၆) ဆေးပညာရှင်...”
လျိုချင်းယန် နှင့် အခြားသူများ ပိုင်လီယွီဖုန်း ကို အံ့သြတကြီး ကြည့်လိုက်ကြ၏။
“သြော်... ခင်ဗျားလည်း အဆင့် (၆) ဆေးပညာရှင်လား...”
ပိုင်လီယွီဖုန်း က ဖုန်းဝူချန်ကို အံ့သြတကြီး ကြည့်လိုက်မိသည်။
ထိုအခါ၊ ဖုန်းဝူချန်သည် ဝိညာဉ်စွမ်းအား အနည်းငယ် ထုတ်ဖော်ပြသလိုက်ပြီး သူ၏ ဆေးပညာ အဆင့်အတန်းကို သက်သေပြလိုက်၏။
“တကယ်ပဲ အဆင့် (၆) ဆေးပညာရှင်ပါလား...”
ပိုင်လီယွီဖုန်း အံ့သြသွားပြီး စိတ်ထဲတွင် တွေးတောနေမိသည်။
‘ဖုန်းဝူချန်ရဲ့ ဝိညာဉ်စွမ်းအားက လွှမ်းမိုးနိုင်စွမ်း ရှိပြီး သန်မာလိုက်တာ... ငါ့ထက် မလျော့ဘူး…’
“အချိန်မဆွဲဘဲ သွားကြစို့...”
ဖုန်းဝူချန်က ပြောလိုက်၏။ ပိုင်လီယွီဖုန်း ၏ အကူအညီဖြင့် ဝူမီးတောက် ကို ရှာဖွေရသည်မှာ ပိုမို လွယ်ကူမည်ဟု ယုံကြည်သည်။ အနည်းဆုံးတော့ လမ်းလွှဲသွားစရာ မလိုတော့ပေ။
ထို့နောက် ပိုင်လီယွီဖုန်း သည် ဖုန်းဝူချန်နှင့် အဖွဲ့ကို သံသယဖြစ်ဖွယ် နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
ဖုန်းဝူချန်နှင့် အဖွဲ့ ထွက်ခွာသွားသည်နှင့် ဖန်ရွှီဟွိုင် ရောက်ရှိလာပြီး ဒေါသတကြီး အံကြိတ်ကာ ကြိမ်းမောင်းလိုက်၏။
“သေစမ်း... ပိုင်လီယွီဖုန်း... မင်း ငါ့ကို လျှို့ဝှက်ချက်တွေ အများကြီး ဖုံးကွယ်ထားတာပဲ... ရတနာကို တစ်ယောက်တည်း ပိုင်ဆိုင်ဖို့ မကြံနဲ့... ငါ မျိုးနွယ်စုခေါင်းဆောင်ကြီးဆီ အခုချက်ချင်း သတင်းပို့လိုက်မယ်...”
“ဖုန်းဝူချန်မှာ ရှေးဦး ကမ္ဘာဦး အာရုံခံ စွမ်းအား ရှိတယ် ဆိုတော့... ငါတို့အတွက် အချိန်ကုန် သက်သာသွားတာပေါ့... ငါတို့က အသင့် စောင့်ယူရုံပဲ...”
ဖန်ရွှီဟွိုင်က ပြောရင်း ရက်စက်စွာ ပြုံးလိုက်၏။
*
မိနစ်အနည်းငယ် ကြာသောအခါ ပိုင်လီယွီဖုန်း နှင့် ဖုန်းဝူချန် အဖွဲ့သည် ချောက်ကမ်းပါး တစ်ခုသို့ ရောက်ရှိလာကြလေသည်။
ပိုင်လီယွီဖုန်း သည် ထူးခြားသော အမည်းရောင် ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ပြောလိုက်၏။
“ဒီကျောက်တုံးက ဝူမီးတောက် ကြောင့် မည်းနက်သွားတာ... မီးဓာတ် စွမ်းအင်တွေ အများကြီး ပါဝင်နေတယ်... ကျွန်တော် ဒီနေရာမှာ တစ်တုံး တွေ့ခဲ့တယ်... တခြား နေရာတွေမှာလည်း ရှိသေးတယ်...”
“အစ်ကိုကြီးဖုန်း... ဒါ ဝမ်ပူထို ပေးလိုက်တဲ့ ကျောက်တုံးနဲ့ တူနေတယ်...”
လျိုချင်းယန် ကျောက်တုံးကို မြင်သည်နှင့် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အလားတူ အမည်းရောင် ကျောက်တုံးတစ်တုံး သူ့လက်ဖဝါးထဲတွင် ပေါ်လာ၏။
ပုံစံနှင့် ကျောက်သား မတူညီသော်လည်း အရောင်နှင့် မီးဓာတ် စွမ်းအင် ပါဝင်မှုမှာ အတူတူပင် ဖြစ်သည်။ အရှိန်အဝါလည်း ထပ်တူကျနေ၏။
ဖုန်းဝူချန် ထုတ်ယူလိုက်သော ကျောက်တုံးကို မြင်သောအခါ ပိုင်လီယွီဖုန်း မအံ့သြပေ။
“ဝူမီးတောက် ရှိနိုင်တဲ့ နေရာတွေ အများကြီး ရှိတာလား... ဘာလို့ ဒီကျောက်တုံးတွေက နေရာအနှံ့ ရောက်နေရတာလဲ...”
ယီထျန်းချင်း နားမလည်စွာ မေးလိုက်၏။
ပိုင်လီယွီဖုန်း မျက်ခုံးတန်းများ တွန့်ချိုးကာ ၊
“ဒါကို ကျွန်တော်လည်း စဉ်းစားမရဘူး... ချောက်ကမ်းပါးပေါ်မှာ အများကြီး ရှိသေးတယ်... ဖန်ရွှီဟွိုင် လည်း တွေ့ထားမှာ သေချာတယ်...”
ဖုန်းဝူချန်သည် ပိုင်လီယွီဖုန်း ညွှန်ပြသော နေရာသို့ သွားကြည့်ရာ မည်းနက်နေသော ကျောက်တုံး အများအပြားကို တွေ့လိုက်ရသည်။
“ဝူမီးတောက် က ဒီနေရာမှာ ပေါ်လာခဲ့တာ သေချာတယ်...”
ဖုန်းဝူချန်က မည်းနက်နေသော ကျောက်တုံးများကို ကြည့်ပြီး သုံးသပ်လိုက်၏။ ထိုကျောက်တုံးများကို သိမ်းဆည်းလိုက်လေသည်။
ဒီကျောက်တုံးမည်းတွေက သူ့အတွက် အသုံးဝင်ပုံ ရသည်။
ထို့နောက် ကမ္ဘာပျက် စွမ်းအားကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။
မိနစ်အနည်းငယ် ကြာသောအခါ မျက်လုံးဖွင့်ပြီး ခေါင်းခါလိုက်သည်။
“ဘာမှ အာရုံခံလို့ မရဘူး... ဒီကျောက်တုံးမည်းတွေရဲ့ မီးဓာတ် စွမ်းအင် အရှိန်အဝါကလွဲရင် ဘာမှ မရှိဘူး...”
“ဒီနေရာမှာ မရှိဘူးနဲ့ တူတယ်...”
ဟု ပိုင်လီယွီဖုန်းက စိတ်ပျက်စွာ ရေရွတါလိုက်၏။
*
ထို့နောက် ပိုင်လီယွီဖုန်း သည် ဖုန်းဝူချန်နှင့် အဖွဲ့ကို အခြား သံသယဖြစ်ဖွယ် နေရာတစ်ခုသို့ ခေါ်သွားပြန်သည်။ ထိုနေရာတွင်လည်း ကျောက်တုံးမည်းများ ရှိသော်လည်း ဝူမီးတောက် ၏ အရှိန်အဝါကို အာရုံခံ၍ မရပေ။
“ဝူမီးတောက် ရဲ့ အရှိန်အဝါ မရှိဘူး ဆိုတော့... တခြားတစ်ယောက်ယောက်က အရင် ရသွားတာများလားဟင်...”
လန်ယွဲ့က စိုးရိမ်တကြီး မေးလိုက်၏။
ပိုင်လီယွီဖုန်း မျက်ခုံးတန်းများ တွန့်ချိုးကာ ၊
“နောက်ဆုံး တစ်နေရာ ကျန်သေးတယ်... အဲ့ဒီမှာမှ မရှိရင် တခြားတစ်ယောက်ယောက်က အရင် ရသွားတာ ဖြစ်နိုင်တယ်...”
မြောက်ပိုင်း နယ်နိမိတ်ချောက်နက်၏ အနောက်ဘက် အစွန်းဆုံးရှိ အောက်ခြေသို့ ရောက်ရှိသောအခါ ကျောက်တုံးမည်းများ၏ မီးဓာတ် စွမ်းအင် အရှိန်အဝါသည် သိသိသာသာ ပိုမို ပြင်းထန်လာသည်။
“ဒီနေရာမှာ မီးဓာတ် စွမ်းအင်တွေ အရမ်း များတာပဲ... ကျင့်ကြံဖို့ ကောင်းတဲ့ နေရာပဲ...”
ပေတိုယန် ပတ်ဝန်းကျင်ကို ကြည့်ပြီး ချီးကျူးလိုက်၏။
ပိုင်လီယွီဖုန်းက“ဒီက ကျောက်တုံးမည်းတွေက အပူဓာတ် ကျန်နေသေးတယ်... ဝူမီးတောက် က ဒီနားလေးမှာ ရှိမယ်လို့ ကျွန်တော် ထင်တယ်...” ဟု ပြောလိုက်၏။
ဤနေရာသည် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သဖြင့် သူ အလွန် မျှော်လင့်နေပါသည်။
ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို အသုံးပြုပြီး ကျောက်နံရံပေါ်တွင် လက်ဖဝါးကပ်ကာ မျက်လုံးမှိတ်ပြီး သေချာ အာရုံခံကြည့်လိုက်၏။
ဒါ နောက်ဆုံး နေရာ ဖြစ်သဖြင့် အားလုံး ဖုန်းဝူချန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။ ဝူမီးတောက် ကို တွေ့ရှိရန် မျှော်လင့်နေကြပါ၏။
“ဒါက...”
ခဏကြာ အာရုံခံပြီးနောက် ဖုန်းဝူချန် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
သူ့မျက်နှာပေါ်တွင် အံ့သြမှုများ ပြည့်နှက်နေသည်။
“ဘယ်လိုလဲ... ဝူမီးတောက် ကို အာရုံခံမိလား...”
ပိုင်လီယွီဖုန်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“အစ်ကိုကြီးဖုန်း... တွေ့ပြီလား...”
လျိုချင်းယန် လည်း ချက်ချင်း မေးလိုက်၏။
ဖုန်းဝူချန် ကြက်သေသေသွားပြီး ပြောလိုက်၏။
“ဒါက နတ်ဘုရား ဝိညာဉ် ကျောက်တုံး ပဲ…”
အခန်း (၆၄၅) - နတ်ဘုရား ဝိညာဉ် ကျောက်တုံးများ၏ ဘုရင်
~“နတ်ဘုရား ဝိညာဉ် ကျောက်တုံး ...”
ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ပိုင်လီယွီဖုန်း နှင့် လျိုချင်းယန် အပါအဝင် အားလုံး အံ့သြသွားကြ၏။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဆိုတာ ဘာလဲ...
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဆိုသည်မှာ နတ်ဘုရား လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုသော အဖိုးတန် ကျောက်တုံး ဖြစ်သည်။ အင်မော်တယ် ဝိညာဉ် ကျောက်တုံးထက် အဆပေါင်းသန်းချီ ပိုမို တန်ဖိုးရှိသည်။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ရှားပါးမှုမှာ တိုက်ကြီး၏ မျက်နှာပြင်တွင် လုံးဝ ရှာမတွေ့နိုင်လောက်အောင် ဖြစ်သည်။ အင်မော်တယ် လက်နက် စံအိမ်တွင်ပင် တစ်တုံးမှ မရှိပေ။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဆိုသည်မှာ ကံပါမှသာ ရရှိနိုင်သော ပစ္စည်းမျိုး ဖြစ်သည်။ ရှာဖွေရုံဖြင့် မတွေ့နိုင်ပေ။
လူအများစုသည် နတ်ဘုရား ဝိညာဉ် ကျောက်တုံး ရှိကြောင်းကိုပင် မသိကြပေ။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး မရှိဘဲ မည်သူမျှ နတ်ဘုရား လက်နက် မသွန်းလုပ်နိုင်ပေ။
ဒါက နတ်ဘုရား ဝိညာဉ် ကျောက်တုံး၏ တန်ဖိုးပင် ဖြစ်သည်။ နတ်ဘုရား လက်နက် သွန်းလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော အဓိက ကုန်ကြမ်းပစ္စည်း ဖြစ်သည်။
“ဒီ နတ်ဘုရား ဝိညာဉ် ကျောက်တုံးက အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ သက်တမ်း ရှိလောက်တယ်...”
ဖုန်းဝူချန် အလွန်အမင်း ပျော်ရွှင်နေပြီး မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထား၍ မရပေ။
ဝူမီးတောက်ကို ရှာမတွေ့ခဲ့သော်လည်း၊ အဖိုးတန် နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို မတော်တဆ ရှာတွေ့ခဲ့သည်လေ...။
“နတ်ဘုရား လက်နက် သွန်းလုပ်တဲ့ နတ်ဘုရား ဝိညာဉ် ကျောက်တုံး လား...”
ပိုင်လီယွီဖုန်း ပင်လျှင် အံ့သြသွားသည်။
ပိုင်လီ မျိုးနွယ်စုရဲ့ သခင်လေး အနေနှင့် သူက ဘယ်လို ရတနာမျိုးကို မမြင်ဖူးဘဲ နေမလဲ...
“နတ်ဘုရား လက်နက် သွန်းလုပ်တဲ့ နတ်ဘုရား ဝိညာဉ် ကျောက်တုံး ပေါ့...”
ယီထျန်းချင်း နှင့် အခြားသူများလည်း အလွန်အမင်း အံ့သြသွားကြ၏။ ဒီလို ရတနာမျိုးကို လူအများစု တစ်သက်လုံး မြင်တွေ့ခွင့် ရချင်မှ ရကြပေမည်။
“ဒီ နတ်ဘုရား ဝိညာဉ် ကျောက်တုံးက နတ်ဘုရား လက်နက် (၃) ခုလောက် သွန်းလုပ်လို့ ရတယ်...”
ဖုန်းဝူချန် ပိုမို စိတ်လှုပ်ရှားလာပြီး တောင်ကို ဖြိုခွင်းကာ ရတနာကို ထုတ်ယူရန် ပြင်လိုက်၏။
ပိုင်လီယွီဖုန်း က အလျင်အမြန် တားလိုက်သည်။
“ခဏလေး... ဝူမီးတောက် ကို အရင် အာရုံခံကြည့်ပါဦး...”
ဖုန်းဝူချန် ခဏတာ ကြောင်အသွားပြီး မျက်နှာပေါ်တွင် အားနာသော အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် ဆက်လက် အာရုံခံကြည့်လိုက်၏။
မိနစ်အနည်းငယ် ကြာသောအခါ ဖုန်းဝူချန် မျက်လုံးဖွင့်ပြီး မျက်ခုံးတန်းများ တွန့်ချိုးမိသွား၏။
“ထူးဆန်းတယ်... ဝူမီးတောက် ရဲ့ အရိပ်အယောင် ဘာမှ မရှိသေးဘူး... ဒါပေမဲ့ မြေအောက်နက်နက်ထဲမှာ မီးဓာတ် စွမ်းအင်တွေ အရမ်း များနေတယ်...”
“တကယ်ပဲ တခြားတစ်ယောက်ယောက်က အရင် ရသွားတာများလား...”
ပိုင်လီယွီဖုန်း လုံးဝ စိတ်ပျက်သွားသည်။ ဒါက နောက်ဆုံး သံသယရှိစရာ နေရာ ဖြစ်သည်။
ခုနက နတ်ဘုရား ဝိညာဉ် ကျောက်တုံး တွေ့လို့ စိတ်လှုပ်ရှားနေတာ... အခုကျတော့ လုံးဝ စိတ်ပျက်သွားရပြီ...
ပိုင်လီယွီဖုန်း ရှာဖွေတွေ့ရှိခဲ့သော သံသယရှိဖွယ် နေရာများအားလုံးတွင် ဝူမီးတောက် ၏ အရိပ်အယောင် မရှိပေ။
“တခြားတစ်ယောက်ယောက် ရသွားတာတော့ မဖြစ်နိုင်ဘူး... မြေအောက်ထဲက မီးဓာတ် စွမ်းအင်တွေနဲ့ မြင့်မားတဲ့ အပူချိန်ကို ကြည့်ရင် ဝူမီးတောက် ဒီနေရာမှာ ရှိခဲ့ဖူးတယ် ဆိုတာ သက်သေပြနေတယ်...”
မျက်ခုံးတန်းများ တွန့်ချိုးကာ ဖုန်းဝူချန်က.. ဆက်ပြောလိုက်၏။
“သူ ဒီမှာ ရှိခဲ့ဖူးတယ် ဆိုရင် ဘယ်သူမှ ယူသွားတာ မဟုတ်လောက်ဘူး... ပြီးတော့ ဝူမီးတောက် က အရမ်း စွမ်းအားကြီးတာ... ကြုံရာလူ ယူသွားလို့ ရတဲ့အရာ မဟုတ်ဘူး...”
ထိုအခါ၊ လျိုချင်းယန် မျက်လုံး ပြူးကျယ်ကာ မေးလိုက်၏။
“ဝူမီးတောက် က ရွေ့လျားတတ်လို့လား... ရွေ့လျားတတ်တယ် ဆိုရင် မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ထဲမှာ ရှိတော့မှာ မဟုတ်ဘူး...”
ဖုန်းဝူချန် ခေါင်းအနည်းငယ် ခါလိုက်ပြီး...
“ပြောရခက်တယ်...”
“ဒါဆိုရင် လူခွဲပြီး ဆက်ရှာကြည့်ရုံပဲ ရှိတော့တာပေါ့...”
ဟု ပိုင်လီယွီဖုန်း က ပြောလိုက်၏။
တစ်လကျော် ရှာဖွေခဲ့ပြီးပြီ ဖြစ်၍ သူ..,စိတ်ပင်ပန်းနေပြီ ဖြစ်သည်။
“မြေဓာတ် အစစ်အမှန်ယွမ်စွမ်းအားကို သုံးပြီး မြေအောက် အပူချိန်ကို အာရုံခံကြည့်တာက ဝူမီးတောက် ပုန်းခိုနေတဲ့ နေရာကို ရှာတွေ့ဖို့ ကူညီပေးနိုင်လိမ့်မယ်... ဒါပဲ နည်းလမ်း ရှိတော့တာ... ခင်ဗျားတို့ သွားရှာကြ... ကျွန်တော် နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို ထုတ်ယူလိုက်ဦးမယ်...”
ဟု ဖုန်းဝူချန်က ပြောလိုက်၏။
သူက နတ်ဘုရား ဝိညာဉ် ကျောက်တုံးကိုသာ စိတ်ရောက်နေသည်။
“ကောင်းတဲ့ အကြံပဲ... လူခွဲ ရှာကြမယ်... ဘယ်သူပဲ တွေ့တွေ့... အသံလွှင့်ပြီး အကြောင်းကြားကြ...”
ပိုင်လီယွီဖုန်းလည်း သဘောတူလိုက်၏။ နည်းဗျူဟာ ရရှိသွားပြီ ဖြစ်၍ သူ..စိတ်ဓာတ် ပြန်တက်ကြွလာသည်။
ယီထျန်းချင်း နှင့် အခြားသူများလည်း လူခွဲလိုက်ကြပြီး နေရာအနှံ့သို့ ဝင်ရောက် ပျောက်ကွယ်သွားကြတော့၏။
ပိုင်လီယွီဖုန်း ပျောက်ကွယ်သွားသည်နှင့် ဖုန်းဝူချန်က အသံလွှင့်လိုက်၏။
“သခင်လေး ပိုင်လီ... ဖန်ရွှီဟွိုင် က ပြဿနာကောင်ပဲ... ဝူမီးတောက် ကို တွေ့ရင် နတ်ဆိုးမျိုးနွယ်က ဝင်ပါလာမှာ သေချာတယ်နော်...”
ပိုင်လီယွီဖုန်း က တစ်ချက် ရယ်လေသည်။
“အဟား၊ မပူပါနဲ့... သူ နတ်ဆိုးမျိုးနွယ်က ပညာရှင်တွေကို မခေါ်နိုင်ပါဘူး...”
*
ထိုအချိန်တွင် ဖန်ရွှီဟွိုင် တစ်ယောက် အလွန်အမင်း ဒေါသူပုန်ထနေသည်။
သူက သတင်းပြန်ပို့ရန် ကြိုးစားသော်လည်း ပိုင်လီယွီဖုန်း က မြောက်ပိုင်း နယ်နိမိတ်ချောက်နက် အတွင်းတွင် ကြီးမားသော အကာအကွယ် တစ်ခု ဖန်တီးထားပြီး ဖြစ်ရာ မည်သည့် သတင်းအချက်အလက်မှ အပြင်သို့ ပေးပို့၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဖန်ရွှီဟွိုင် ကိုယ်တိုင်လည်း အကာအကွယ်ကို ဖျက်ဆီးပြီး ထွက်ပြေးနိုင်စွမ်း မရှိသလို ဖျက်ဆီးရန်လည်း မကြိုးစားရဲပေ။ ပိုင်လီယွီဖုန်း သတ်မည်ကို ကြောက်ရွံ့သောကြောင့်ပါ။
“အစ်ကိုကြီးဖုန်း... ဝူမီးတောက် ကို အာရုံခံမရတာ သေချာလားဟင်...”
လူတိုင်း ထွက်သွားပြီးနောက် လင်ရှောင်ရှောင် က မေးလိုက်၏။
“မင်းက ကိုယ့်အစ်ကိုကြီးက ပိုင်လီယွီဖုန်း ကို လိမ်နေတယ် ထင်လို့လား...”
..
“သူ့ကို လိမ်စရာ မလိုပါဘူး... သူ ဝူမီးတောက် ကို တွေ့ရင်တောင် ယူသွားနိုင်မှာ မဟုတ်ဘူး... တကယ်တော့ ဝူမီးတောက် ရဲ့ အရှိန်အဝါကို အာရုံခံမရတာ အမှန်ပဲ... ဒါပေမဲ့ ငါတို့အောက်မှာ ထူးခြားတာ တစ်ခုခု ရှိနေတယ်...”
“ထူးခြားတာ တစ်ခုခု ဟုတ်လား...”
“ဟုတ်တယ်... မြေအောက်ထဲက အေးစက်တဲ့ အရှိန်အဝါ တစ်ခုကို အာရုံခံမိတယ်... ပြီးရင် အတူတူ ဆင်းကြည့်ကြမယ်... အရင်ဆုံး နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို ယူလိုက်ဦးမယ်...”
ဖုန်းဝူချန်က ပြောရင်းဖြင့် သူ့လက်အိတ်ကို ဆင့်ခေါ်လိုက်ပြီး စွမ်းအားများကို စတင် စုစည်းလိုက်တော့၏။
“ဘုန်း...”
“ဝူး... ဝူး...”
တုံ့ဆိုင်းမနေဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ စူးရှသည့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ရှေ့မှ ကျောက်နံရံကြီး ပွင့်ထွက်သွားပြီး ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်လာကာ အက်ကွဲကြောင်းများ ကွဲဟသွားသည်။ ကြီးမားသော ကျောက်တုံးကြီးများ ပြိုကျလာတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
လက်သီးချက်များ ဆက်တိုက် ပစ်သွင်းလိုက်၏။
သူက ချောက်နက်ကြီး တစ်ခုလုံး ပျက်စီးသွားမည်ကို ဂရုမစိုက်ဘဲ နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို ရယူရန်သာ ဆုံးဖြတ်ထားသည်။
ရှေ့မှ အပေါက်ကြီး ပိုမို ကြီးမားလာသည်နှင့်အမျှ အပေါ်မှ ကျောက်တုံးကြီးများ ဆက်တိုက် ပြိုကျလာသည်။
နှစ်မိနစ်ခန့် ကြာသောအခါ နတ်ဘုရား ဝိညာဉ် ကျောက်တုံး၏ ကြီးမားသော အရှိန်အဝါကို အာရုံခံမိလိုက်တော့၏။
“မထင်မှတ်ထားတဲ့ တွေ့ရှိမှုပဲဟေး...”
ဖုန်းဝူချန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဘုန်း...”
လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများ လက်သီးတွင် စုစည်းပြီး ဖုန်းဝူချန် ရက်စက်စွာ ထိုးချလိုက်၏။
နားအူသော ဆူညံသံနှင့်အတူ ပြိုကျနေသော တောင်ကြီးကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။ ကျောက်တုံးများသည် အမှုန့်ဖြစ်သွားသည်။
တောင်ကြီး လုံးဝ ပျောက်ကွယ်သွားပြီး ဖုန်မှုန့်များကြားမှ မှိန်ဖျဖျ အလင်းတန်းများ တောက်ပလာသည်။
လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်သွားပြီး ဖုန်မှုန့်များကို သယ်ဆောင်သွား၏။
မျက်စိကျိန်းမတတ် အလင်းတန်းများသည် ချောက်နက်ကြီး တစ်ခုလုံးကို လင်းထိန်သွားစေသည်။
“အကြီးကြီးပဲ... နတ်ဘုရား ဝိညာဉ် ကျောက်တုံးက အကြီးကြီးပဲ...”
လင်ရှောင်ရှောင် အံ့သြတကြီး အော်ဟစ်လိုက်၏။ မျက်လုံးကလေးများ ပြူးကျယ်နေသည်။
“နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင်... ဒါ နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင်ပဲ...”
ဖုန်းဝူချန်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ကျောက်တုံးဆီသို့ အပြေးအလွှား သွားလိုက်၏။
ရှေ့မှ နတ်ဘုရား ဝိညာဉ် ကျောက်တုံးသည် ဘတ်စကက်ဘောလုံးလောက် အရွယ်အစား ရှိ၏။ ပုံမှန် နတ်ဘုရား ဝိညာဉ် ကျောက်တုံးများထက် (၁၀) ဆခန့် ပိုကြီးလေသည်။
“ဒီ နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင်က အနည်းဆုံး နှစ်ငါးထောင်လောက် သက်တမ်း ရှိမယ်...”
ဖုန်းဝူချန် လက်လှမ်းလိုက်ရာ လေးလံသော ကျောက်တုံးဘုရင်သည် မြေကြီးပေါ်မှ ကြွတက်လာသည်။
“နှစ်ငါးထောင်...”
လင်ရှောင်ရှောင် ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပြည့်နှက်နေသည်။
“သေချာတယ်... ဒီထက်တောင် ပိုရင် ပိုလိမ့်မယ်...”
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“နတ်ဘုရား ဝိညာဉ် ကျောက်တုံးရဲ့ အရှိန်အဝါ ပိုပြင်းလေ... ထုတ်လွှတ်တဲ့ အလင်းတန်း ပိုနက်လေ... သက်တမ်း ပိုရင့်လေပဲ... သက်တမ်း ရင့်တဲ့ ကျောက်တုံးနဲ့ သွန်းလုပ်တဲ့ နတ်ဘုရား လက်နက်က ပိုပြီး စွမ်းအားကြီးတယ်...”
“ဒီခရီးစဉ်မှာ ဒီလောက် ကြီးမားတဲ့ အံ့သြစရာ ရမယ်လို့ ထင်မထားခဲ့ဘူး...”
ဖုန်းဝူချန် ပျော်ရွှင်လွန်းသဖြင့် မထိန်းနိုင်အောင် ဖြစ်နေသည်။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင်ကို စိုက်ကြည့်ရင်း မျက်လုံး မခွာနိုင် ဖြစ်နေသည်။ သိုလှောင်လက်စွပ်ထဲ ထည့်ဖို့ပင် မေ့နေသည်။
“ကောင်စုတ်လေး... မင်း ပျော်နေတာ စောလွန်းနေပြီ... မင်းက နတ်ဘုရား ဝိညာဉ် ကျောက်တုံးကို ကိုင်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား...”
ဖုန်းဝူချန် ပျော်ရွှင်နေစဉ် အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။
“သွားပြီ...”
လင်ရှောင်ရှောင် ၏ မျက်နှာလေး ပြောင်းလဲသွားသည်။
“ဖန်ရွှီဟွိုင်...”
ဖုန်းဝူချန် မျက်ခုံးတန်းများ တွန့်ချိုးလိုက်၏။ မျက်နှာထား အလွန် သုန်မှုန်သွားရသည်။
“ရွှစ်...”
အမည်းရောင် အရိပ်တစ်ခု လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖုန်းဝူချန် လက်ထဲမှ နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင်မှာ ပျောက်ကွယ်သွားရသည်။
ရုတ်တရက် ပေါ်လာသော ပုံရိပ်သည် မြန်ဆန်လွန်းသဖြင့် ဖုန်းဝူချန်မှာ တုံ့ပြန်ချိန် မရလိုက်ပေ။
“ဖန်ရွှီဟွိုင်... သတ္တိရှိလှချည်လား... ငါ့ရတနာကို လုရဲတယ်ပေါ့...”
ဖုန်းဝူချန် ဒေါသထွက်လွန်းသဖြင့် မျက်နှာ အုံ့မှိုင်းနေပြီး သတ်ဖြတ်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဆိုသည်မှာ ရှားပါး ရတနာ ဖြစ်ပြီး နတ်ဘုရား ဝိညာဉ် ကျောက်တုံး ဘုရင် ဆိုလျှင် ပိုမို ရှားပါးလှသည်။
အခုမှ ရှာတွေ့ထားသည့် ရတနာကို အလုခံလိုက်ရသဖြင့် သူ အလွန်အမင်း ဒေါသထွက်နေတော့သည်။