အခန်း (၁၁၅၆-၁၁၅၈)
Vol. 78 Ch. 1156-1158
အခန်း (၁၁၅၆) ကံကြမ္မာကို အာခံခြင်းနှင့် မျှော်လင့်ချက် ရောင်ခြည်
ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အသိစိတ် ဝိညာဉ်လေး တစ်ခုလောက်ကများ ငါ့အမိန့်ကို အာခံရဲတယ်လား၊ ငါ့ကို ပြန်တိုက်ခိုက်ရဲသေးတယ်ဆိုရင် ဒီထိုက်ယင် ရေကန် တစ်ခုလုံးကို ဖြိုခွဲပစ်လိုက်မယ်... ယုံလား"
ရွှယ်အန်း၏ အသံကို ကြားသောအခါ ထိုက်ယင်ရေကန်သည် ခဏမျှ တုန်ခါသွားပြီးနောက် ဖြည်းညှင်းစွာ ပြန်လည် ငြိမ်သက်သွားသည်။ ထိုအခါမှသာ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါမှပေါ့၊ အခုကစပြီး မင်းက ဒီ မုကုချင်းနဲ့ တစ်သားတည်း ပေါင်းစပ်ရမယ်၊ ဒါက မင်းအတွက် အခွင့်အရေး တစ်ခုပဲ၊ မဟုတ်ရင် မင်းရဲ့ တုံးတဲ့ အသိစိတ်နဲ့ဆို လူပုံသဏ္ဌာန် ဖြစ်လာဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး"
ရွှယ်အန်း၏ စကားကို ကြားသောအခါ ထိုက်ယင် ရေကန်သည် သားရဲငယ်လေးတစ်ကောင် ဝမ်းနည်းစွာ ညည်းညူနေသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။ရွှယ်အန်းက ပြုံးလိုက်သည်။
"ကဲပါ... ခုနက နာကျင်သွားတာ နည်းနည်း များသွားတယ် ဆိုပေမဲ့ ဒါ မင်းကိုယ်တိုင် ရှာတဲ့ လမ်းပဲ"
ထို့နောက် ရွှယ်အန်းသည် မန္တာန်ဖြင့် ရစ်ပတ်ထားပြီး ဖြည်းညှင်းစွာ လည်ပတ်နေသော ရေခဲပန်းပွင့်လေးကို လှည့်ကြည့်ကာ အနည်းငယ် အော်ဟစ်လိုက်သည်။
"မုကုချင်း... အခု မနိုးထသေးရင် ဘယ်တော့မှ နိုးထတော့မှာလဲ"
ဤအော်ဟစ်သံကြောင့် ဖြည်းညှင်းစွာ လည်ပတ်နေသော ရေခဲပန်းပွင့်လေးသည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် အပိုင်းပိုင်းအစစ ကွဲထွက်သွားလေသည်။ ရုတ်တရက် အပြောင်းအလဲကြောင့် ထိုက်ယင်ဂိုဏ်းသားများ လုံးဝ အငိုက်မိသွားပြီး ကြောင်အမ်းကာ ရပ်နေမိကြသည်။ ရွှယ်အန်း တစ်ယောက်တည်းသာ မည်သည့် မျက်နှာအမူအရာမှ မပြဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။
ထိုအချိန်၌ ကွဲထွက်သွားသော အပိုင်းအစများသည် ရုတ်တရက် ပြန့်ကားသွားပြီးနောက် တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစပ်သွားကြသည်။ တစ်ချိန်တည်းမှာပင် အလင်းတန်း အမြစ်မျှင်များသည် ပန်းပွင့်လေးဆီမှ ထွက်ပေါ်လာပြီး ထိုက်ယင် ရေကန်၏ အနက်ရှိုင်းဆုံး နေရာသို့ တိုက်ရိုက် ထိုးဆင်းသွားကြသည်။
တစ်ခဏအတွင်းမှာပင် အလင်းစက်လေးများသည် ထိုအလင်းတန်း အမြစ်မျှင်များအတိုင်း အပေါ်သို့ တက်လာကြသည်။ ထို့နောက် ပန်းပွင့်လေးပေါ်တွင် ဖျော့တော့သော ပုံရိပ်ယောင်တစ်ခု စတင် ပေါ်ပေါက်လာသည်။ အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ထိုပုံရိပ်ယောင်၏ ပုံသဏ္ဌာန်အမှန်သည် လူတိုင်း၏ ရှေ့တွင် ပေါ်လာသည်။
ပထမ ကြည့်လိုက်လျှင် ထိုပုံရိပ်သည် မုကုချင်း၏ ကလေးပုံစံအဖြစ် ရှိနေပြီး မြေကြီးအထိ ရှည်လျားသော ဆံနွယ်များက သူမကို ဖုံးလွှမ်းထားကာ သူမ၏ နူးညံ့သိမ်မွေ့သော ညှပ်ရိုးလေးများကိုသာ ဖော်ပြထားသည်။ ထို့နောက် မုကုချင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူမ မျက်လုံးဖွင့်လိုက်သည့် ခဏ၌ ထိုက်ယင် ရေကန် တစ်ခုလုံးသည် ၎င်း၏ သခင် ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အလား အနည်းငယ် တုန်ခါသွားသည်။ ထိုအချိန်၌ပင် သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော သင်္ကေတပေါင်းများစွာ ပေါ်လာသည်။ သူမ၏ အရှိန်အဝါသည် အလွန် ပြင်းထန်လွန်းသဖြင့် သူမ၏ ပတ်လည်ရှိ ရေများသည် ချက်ချင်း ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် သူမ၏ နတ်ဘုရားအရှိန်အ၀ါကို ထုတ်ဖော်ပြသရန် ပြင်လိုက်စဉ်မှာပင် ရွှယ်အန်းသည် မည်သူမျှ သတိမထားမိလိုက်ဘဲ သူမ၏ ရှေ့သို့ ရောက်ရှိနေပြီး သူမ၏ ဖောင်းနေသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အရမ်းကောင်းတယ်၊ ငါ့ထင်မြင်ချက် မှန်ပုံရတယ်၊ ရွှယ်ယင်စွမ်းအင်က တကယ်ပဲ လူပုံသဏ္ဌာန် ဖွဲ့စည်းနိုင်တာပဲ၊ ထိတွေ့ရတာလည်း တော်တော် ကောင်းသား"
ဤစကားများနှင့်အတူ ရွှယ်အန်း၏ လုပ်ရပ်များသည် သူ့ကို ကလေးမလေးတစ်ယောက် ရှေ့တွင် စိတ်မထိန်းနိုင်သော ထူးဆန်းသည့် ဦးလေးကြီးတစ်ယောက်လို ဖြစ်နေစေသည်။ သို့သော် ရွှယ်အန်း၏ ရှေ့မှောက်တွင် ဤခမ်းနားထည်ဝါသော မုကုချင်း အသေးစားလေးသည် မလှုပ်ရှားရဲဘဲ တောင့်တောင့်ကြီး ရပ်နေရှာသည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဤသည်မှယ ကြောက်စရာကောင်းသော သခင်ကို မြင်လိုက်ရသည့် ကြောင်ပေါက်လေး တစ်ကောင်နှင့်တူသည်။ ဤအခြေအနေကြောင့် အနည်းငယ် ရှက်သွားသော ရွှယ်အန်းသည် လက်ကို ပြန်ရုပ်လိုက်ပြီး နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"အဟမ်း... မင်းက အခု ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်နဲ့ ပေါင်းစပ်သွားပြီ ဆိုတာ ငါ မေ့သွားလို့ပါ၊ ဆောရီး... ခုနက ရိုက်လိုက်တာ နည်းနည်းလေး ပြင်းသွားတယ်"
ရွှယ်အန်းက ရှင်းပြလေလေ မုကုချင်း၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုက ပိုမို နက်ရှိုင်းလေ ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် ကျုံးအန်းအန်းသည်လည်း တွေဝေမနေဘဲ အပြေးအလွှား ရောက်ရှိလာသည်။ မမျှော်လင့်စွာ ပုံမှန်အားဖြင့် ထိတွေ့၍ မရနိုင်သော ထိုက်ယင် ရေကန်သည် ယခုအခါ သူမကို မည်သည့် ခုခံမှုမှ မရှိဘဲ လက်ခံလိုက်သည်။
"ဆရာသခင်"
ရွှယ်အန်းသည် ဘေးသို့ ရောက်သည်နှင့် ကျုံးအန်းအန်းလည်း မစောင့်နိုင်တော့ဘဲ အော်ဟစ်ခေါ်လိုက်သည်။ ဤအခေါ်အဝေါ်ကြောင့် မုကုချင်း တုန်လှုပ်သွားပြီး ကျုံးအန်းအန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေမှုများ ပြည့်နှက်နေသည်။
"ဆရာသခင်... ကျွန်မကို မှတ်မိလားဟင်၊ ကျွန်မ အန်းအန်းလေ"
ကျုံးအန်းအန်းသည် တိမ်ဝင်နေသော အသံဖြင့် ပြောလိုက်သည်။ သို့သော် မုကုချင်းသည် ဤအရာကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။
"အရှင်... ဆရာက ဘာဖြစ်တာလဲဟင်"
ဤအခြေအနေကို သတိထားမိသော ကျုံးအန်းအန်းသည် ရွှယ်အန်းဘက်သို့ လှည့်မေးလိုက်သည်။ ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
"ငါ ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်ကို လျှော့တွက်မိပုံရတယ်၊ အခု သူတို့နှစ်ယောက် ပေါင်းစပ်သွားပြီ ဆိုတော့... မင်းရဲ့ ဆရာသခင် မုကုချင်းရဲ့ စိတ်ဆန္ဒက လွှမ်းမိုးနေတာလား၊ ဒါမှမဟုတ် ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်က လွှမ်းမိုးနေတာလား ဆိုတာ ငါ သေချာ မသိတော့ဘူး"
"ဒါဆိုရင်... ဘာလုပ်ကြမလဲ"
ကျုံးအန်းအန်းသည် စိုးရိမ်တကြီး မေးလိုက်ပြီး သူမ၏ မျက်နှာတွင် စိတ်ညစ်မှုများ ပြည့်နှက်နေသည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ခင်ဗျားရဲ့ ဆရာသခင် အသိစိတ် မြန်မြန် ပြန်ရမလား ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့တယ်၊ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က အချိန်အတော်ကြာလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ထိုက်ယင် ရေကန်က ဒီနယ်ပယ်ထဲမှာ ရှိနေတာ ကြာလွန်းလှပြီ၊ သူ့ရဲ့ မူလအသိစိတ်က တုံးအတယ် ဆိုပေမဲ့... စွမ်းအားကတော့ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကြီးမားတယ်၊ တကယ်လို့ သူမသာ အဲဒီအထဲမှာ ပျောက်ဆုံးသွားရင် ပြန်သက်သာလာဖို့ အချိန်အတော်ကြာလိမ့်မယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့..."
"အရာအားလုံးက သူမရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်"
ရွှယ်အန်း၏ စကားများသည် ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူအားလုံးကို စိတ်ပျက်အားငယ်သွားစေသည်။ သို့သော် ဤအခြေအနေသည် အကောင်းဆုံး ဖြစ်နိုင်ခြေ တစ်ခုဖြစ်နေပြီ ဆိုတာကိုလည်း သူတို့ သိနားလည်ကြသည်။ မည်သို့ပင်ဖြစ်စေ မုကုချင်း၏ မူလအခြေအနေသည် လမ်းဆုံးနေပြီ ဖြစ်သည့်အပြင် ချီရွှယ်ဖုန်းနှင့် အခြားသူများ၏ နှိပ်စက်မှုကို ခံခဲ့ရပြီးနောက် ယခုကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရရှိလာခြင်းသည်ပင် ရွှယ်အန်း၏ ကံကြမ္မာကို အာခံနိုင်မှုကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ကျုံးအန်းအန်းသည် မုကုချင်း သူမအား ပေးသနားခဲ့သော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"ဆရာသခင်... ဒီဓားကို မှတ်မိလားဟင်"
မုကုချင်း တိတ်ဆိတ်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပြပေ။ ကျုံးအန်းအန်းမှာ ပိုမို ဝမ်းနည်းလာသည်။
"ဆရာသခင်... ဒါ ဆရာသခင် အကြိုက်ဆုံး ဓားလေ၊ ကြည့်ပါဦး..."
ကျုံးအန်းအန်းသည် ဓားကို လွှတ်ပေးလိုက်ရာ ဓားသည် ကြည်လင်သန့်ရှင်းသော အလင်းရောင်များ တောက်ပလျက် မုကုချင်းထံသို့ ပျံသန်းသွားသည်။ မုကုချင်းသည် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ခုခံရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ဓားရှည်သည် သူမ၏ ပတ်လည်ကို အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် သူမ၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားကာ အလွန် ဝမ်းသာနေသည့်အလား တုန်ခါနေလေသည်။
ဤဓားရှည်ကို မြင်ပြီးနောက် မုကုချင်း သူမ၏ အသိစိတ် ပြန်ရလာလိမ့်မည်ဟု ဆုတောင်းကာ ကျုံးအန်းအန်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ပေါ်လာသည်။ သို့သော် သူမ စိတ်ပျက်သွားရသည်။ မုကုချင်းသည် သတိထားသော မျက်နှာထားဖြင့် ဓားကို ကြည့်နေရုံသာ ရှိပြီး မည်သည့် လှုပ်ရှားမှုမျှ မပြုပေ။
ဤအရာကို မြင်သောအခါ ကျုံးအန်းအန်းသည် မထိန်းနိုင်တော့ဘဲ ငိုကြွေးလိုက်သည်။
"ဆရာသခင်... ကျေးဇူးပြုပြီး နိုးထလာပါတော့၊ သမီး ဆရာသခင်ကို အရမ်းလွမ်းတယ်၊ တကယ် လွမ်းတာပါ၊ ဒီလိုပုံစံကြီး မနေပါနဲ့တော့ ဆရာသခင်ရယ်..."
ထို့နောက် ကျုံးအန်းအန်းသည် အတိတ်က ဖြစ်ရပ်အချို့ကို ပြန်ပြောင်း ပြောပြလေသည်။ သို့သော် မုကုချင်းထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိပေ။ ရွှယ်အန်းသည် ဤအရာကို မြင်သောအခါ သက်ပြင်းချလျက် ခေါင်းခါလိုက်ပြီး ကျုံးအန်းအန်း၏ ပခုံးကို ပုတ်လိုက်သည်။
"မိန်းကလေးကျုံး... ဒီကိစ္စက တစ်ညတည်းနဲ့ ဖြေရှင်းလို့ ရမယ့်ကိစ္စ မဟုတ်ဘူး၊ အနည်းဆုံးတော့ မင်း ဆရာသခင်ရဲ့ အသိစိတ်က လက်ဆင့်ကမ်းပြီးသွားပြီလေ၊ လောလောဆယ်တော့ ပြန်ကြရအောင်"
ကျုံးအန်းအန်းသည် မပြန်ချင်သော်လည်း အဆုံးတွင် လေးလံသော စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
ထိုသို့ပြောပြီးသည်နှင့် သူမ လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် မထွက်ခွာမီ သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လေးနက်စွာ ပြောလိုက်သည်။
"ဆရာသခင်... ကျွန်မတို့ကို အနိုင်ကျင့်ခဲ့တဲ့ မီးနတ်ဘုရားမျိုးနွယ်စုကို အရှင်က ချေမှုန်းပေးလိုက်ပါပြီ၊ သစ္စာဖောက် ရွှမ်ဟုန်လည်း အသတ်ခံလိုက်ရပါပြီ၊ အခု ဆရာသခင် စိတ်အေးအေး ထားလို့ ရပါပြီ"
ထိုသို့ ပြောပြီးနောက် သူမ လှည့်ထွက်လိုက်ပြီး လေးလံသော စိတ်ဖြင့် ရွှယ်အန်း၏ နောက်သို့ လိုက်ပါရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်လေးမှာပင် ကျုံးအန်းအန်း၏ စကားကို ကြားလိုက်ရသောအခါ ဇဝေဇဝါ ဖြစ်နေခဲ့သော မုကုချင်းသည် ရုတ်တရက် တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးများထဲရှိ တွေဝေမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကြည်လင်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် သူမသည် နှုတ်ခမ်းကို အနည်းငယ် ဟကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အန်း... အန်း"
ထိုခေါ်သံသည် အလွန် တိုးညင်းသော်လည်း ကျုံးအန်းအန်း၏ နားထဲတွင်မူ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်နေသည်။ သူမ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် မုကုချင်းကို ငေးကြည့်နေမိသည်။
ထိုအချိန်၌ မုကုချင်း၏ မျက်လုံးများထဲရှိ ကြည်လင်မှုသည် ပိုမို အားကောင်းလာပြီး အဆုံးတွင် သူမ ပြုံးလိုက်လေသည်။
"အန်းအန်း... မင်းရဲ့ ဆရာ ပြန်ရောက်လာပြီ”
အခန်း (၁၁၅၇) - နတ်ဆိုးမျိုးစေ့ ကြဲချခြင်းနှင့် ရောက်ရှိလာတော့မည့် အကျိုးဆက်များ
"ဆရာသ... ဆရာသခင်"
ကျုံးအန်းအန်းသည် မယုံကြည်နိုင်သော မျက်နှာဖြင့် မုကုချင်းကို ကြည့်လိုက်သည်။
မုကုချင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ငါပါ"
သူမ၏ စကားဆုံးသည်နှင့် ကျုံးအန်းအန်းသည် ရှေ့သို့ တိုးဝင်ကာ မုကုချင်းကို ပွေ့ဖက်၍ ဝမ်းသာအားရ ငိုကြွေးလေသည်။
"ဆရာသခင်... ကျွန်မ ဆရာသခင်ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်နေတာ၊ အခုလို ပြန်လာနိုင်တာ တကယ်ကို ဝမ်းသာစရာပဲ"
ယခုအချိန်၌ မုကုချင်း၏ ခန္ဓာကိုယ်သည် ကလေးမလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ကျုံးအန်းအန်း၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရခြင်းသည် သူမကို အနည်းငယ် နေရခက်စေသော်လည်း သူမက ကျုံးအန်းအန်း၏ ကျောပြင်ကို ဖြည်းညှင်းစွာ ပုတ်ပေးလိုက်သည်။
"ကဲပါ... ဝမ်းမနည်းပါနဲ့တော့၊ ဆရာ ပြန်ရောက်လာပြီပဲ မဟုတ်လား"
ထိုအချိန်တွင် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများသည်လည်း အပြေးအလွှား ရောက်ရှိလာပြီး ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ဂိုဏ်းချုပ်ဟောင်း"
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်မု"
ဤအော်ဟစ်သံများသည် ရိုးသားပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ မုကုချင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"အားလုံး ထကြပါ"
သူမ၏ စကားနှင့်အတူ နူးညံ့သိမ်မွေ့သော ရွှယ်ယင် စွမ်းအားတစ်ခုသည် ဒူးထောက်နေသော ထိုက်ယင် ဂိုဏ်းသား အားလုံးကို မတ်တပ်ရပ်စေလိုက်သည်။ ဤလုပ်ရပ်သည် လူအုပ်ကြီးကို စိတ်လှုပ်ရှားသွားစေသည်။ အဘယ်ကြောင့်ဆိုသော် မုကုချင်းသည် ယခုအခါ ထိုက်ယင် ရေကန်ကို ထိန်းချုပ်နိုင်နေပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ရွှယ်အန်း ပြောခဲ့သကဲ့သို့ပင် သူမသည် ထိုက်ယင် ရေကန်၏ နတ်ဘုရား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သဘာဝကျကျပင် လူများစွာသည် ဤအချက်ကြောင့် တုန်လှုပ်သွားကြသည်။ ထို့နောက် မုကုချင်းသည် ကျုံးအန်းအန်းနှင့် အခြားသူများကို ခေါင်းညိတ်ပြလိုက်သည်။
"အားလုံး အပြင်ထွက်နေပေးကြပါ၊ ငါ အရှင်ရွှယ်အန်းနဲ့ သီးသန့် ပြောစရာ ရှိတယ်"
ထိုသို့ပြောပြီးသည်နှင့် မုကုချင်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှယ်ယင် စွမ်းအား လှိုင်းတစ်ခုသည် ကျုံးအန်းအန်းနှင့် အခြားသူများကို ထိုက်ယင် ရေကန် အပြင်ဘက်သို့ ချက်ချင်း တွန်းထုတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ထိုက်ယင် ရေကန်ထဲ၌ ရွှယ်အန်းနှင့် မုကုချင်း နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
ရွှယ်အန်းသည် လက်နောက်ပစ်လျက် စိတ်ဝင်တစား ကြည့်နေသော်လည်း စကားမပြောပေ။ မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ရှေ့သို့ တိုးကာ ဒူးထောက်လိုက်ပြီး ရွှယ်အန်းကို လေးလေးနက်နက် သုံးကြိမ် ဦးညွှတ် ကန်တော့လိုက်သည်။ ထိုလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ရွှယ်အန်းသည် ရှောင်တိမ်းခြင်း မပြုဘဲ တည်ငြိမ်စွာ လက်ခံလိုက်သည်။
ကန်တော့ပြီးသောအခါ မုကုချင်းသည် ခေါင်းမော့လာပြီး လေးနက်စွာ ပြောလိုက်သည်။
"ထိုက်ယင် နတ်ဘုရားဂိုဏ်းရဲ့ ၁၈ ဆက်မြောက် ဂိုဏ်းချုပ် မုကုချင်းက အရှင့်ရဲ့ အသက်ကယ် ကျေးဇူးကို ကျေးဇူးတင်ရှိပါတယ်"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ထပါ... ခင်ဗျား အသက်ရှင်နိုင်ခဲ့တာက အကြောင်းအချက်များစွာ ပေါင်းစပ်သွားလို့ပါ ဒါမှမဟုတ်ရင် ကျွန်တော်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"
မုကုချင်းက မတ်တပ်ရပ်လိုက်သည်။
"ပြောပါ... ခင်ဗျားမှာ ဘာသံသယတွေ ရှိနေလို့လဲ"
မုကုချင်းက အလွန် လေးနက်သည့် ပုံစံဖြင့် ပြုမူပြီး ကျုံးအန်းအန်းကိုပင် ထွက်သွားခိုင်းသည်မှာ အကြောင်းပြချက် တစ်ခုခု ရှိရမည်ဟု ရွှယ်အန်း သိနေသည်။
မှန်ပေသည်။ မုကုချင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"အရှင်... အန်းအန်းက ကျွန်မကို အရှင့်အကြောင်း ပြောပြဖူးပါတယ်၊ အဲဒီတုန်းက သူမရဲ့ စကားတွေကို ကျွန်မ သိပ်မယုံခဲ့ဘူး၊ နည်းနည်း ပိုပြောလွန်းတယ်လို့ ထင်ခဲ့မိတယ်"
"ဒါပေမဲ့ အခုတော့ အရှင့်အပေါ် သူမရဲ့ နားလည်မှုက မလုံလောက်သေးဘူး ဆိုတာ သိလိုက်ရပါပြီ"
"အို... ဘာလို့ အဲဒီလို ပြောတာလဲ"
ရွှယ်အန်းက ပေါ့ပါးစွာ ရယ်မောရင်း မေးလိုက်သည်။ မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်မ ဒီ ထိုက်ယင် ရေကန်ထဲ ကျသွားပြီးနောက်မှာ သေတာလည်း မဟုတ်၊ ရှင်တာလည်း မဟုတ်တဲ့ အခြေအနေကို ရောက်သွားခဲ့တယ်၊ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပေမဲ့ စိတ်ကတော့ ကြည်လင်နေခဲ့တယ်"
"ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်ကို ကျွန်မ ခံစားမိခဲ့တယ်"
ထိုသို့ ပြောလိုက်စဉ် မုကုချင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
"အဲဒါက တခြား ဘယ်အရာနဲ့မှ မတူတဲ့ ဝိဉာဉ်စွမ်းအားမျိုးပဲ၊ နက်ရှိုင်းပြီး မှောင်မိုက်နေတဲ့ ရေကန်ကြီးလို အဆုံးကို မမြင်နိုင်လောက်အောင် နက်ရှိုင်းတယ်၊ တကယ်လို့ သူ့ရဲ့ အသိစိတ်က နုနယ်နေသေးလို့သာ မဟုတ်ရင် ကျွန်မကို အဲဒီနေရာမှာတင် ချက်ချင်း ဝါးမြိုပစ်လိုက်လောက်တယ်"
"ဒါပေမဲ့ ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်က ကျွန်မကို အသက်ချမ်းသာပေးထားတာက ကျွန်မရဲ့ ဝိညာဉ်ကို ဝါးမြိုပြီး သူ့ရဲ့ ကိုယ်ပိုင်အသိစိတ် အပြည့်အဝ နိုးထလာဖို့ ရည်ရွယ်ချက်နဲ့ ဆိုတာကို ကျွန်မ ခံစားမိနေတုန်းပဲ"
ထိုစကားကို ကြားသောအခါ ရွှယ်အန်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ ထိုအချိန်တွင် မုကုချင်းက ခါးသီးစွာ ပြုံးလိုက်သည်။
"အမှန်အတိုင်း ဝန်ခံရရင် အဲဒီတုန်းက ကျွန်မ တကယ်ကို မျှော်လင့်ချက်မဲ့နေခဲ့တာ၊ အဆုံးမဲ့ အေးစက်မှုနဲ့ အထီးကျန်မှုတွေက ကျွန်မရဲ့ စိတ်နှလုံးကို ဖြည်းဖြည်းချင်း တိုက်စားနေခဲ့တယ်၊ တကယ်လို့ အန်းအန်းနဲ့ တခြားသူတွေကို စိတ်မပူခဲ့ရင် ကျွန်မ ခုခံဖို့ လက်လျော့လိုက်ပြီး အမှောင်ထုထဲ ကိုယ့်ကိုယ်ကိုယ် ပစ်ချလိုက်မိမှာ"
"ဒါပေမဲ့ ကျွန်မ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ ကျွန်မကိုယ်တိုင်တောင် မသိခဲ့ဘူး၊ အရှင်နဲ့ မတွေ့ခင် အချိန်ထိပေါ့"
မုကုချင်း၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာသည်။
"နတ်ဘုရား မန္တန်နဲ့ အရှင်က ကျွန်မနဲ့ ထိုက်ယင် ရေကန်ရဲ့ မူလအသိစိတ်ကြားက ရှုပ်ထွေးမှုကို ဖြတ်တောက်ပေးခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ဝိညာဉ်ကို အတင်းအကျပ် သန့်စင်ပြီး တစ်သားတည်း ပေါင်းစပ်ပေးခဲ့တယ်၊ နောက်ဆုံးမှာ ကျွန်မကို ဒီနေရာရဲ့ နတ်ဘုရားအဖြစ် ခန့်အပ်ပေးခဲ့တယ်၊ ဒီလို လုပ်ရပ်မျိုးကို ကောင်းကင်ဘုံကို အာခံခြင်းလို့ပဲ ကျွန်မ တင်စားနိုင်တော့မယ်"
သူမ၏ စကားများသည် ပိုပြောလွန်းသည်ဟု ထင်ရသော်လည်း သူမ အမှန်တကယ် ခံစားရသည့်အတိုင်း ပြောနေခြင်း ဖြစ်သဖြင့် မုကုချင်းသည် အလွန် လေးနက်နေသည်။ ရွှယ်အန်းကမူ မောက်မာခြင်း အလျဉ်းမရှိဘဲ ဖျော့တော့စွာ ပြုံးရုံသာ ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ လုပ်ရပ်တွေက တကယ့် စွမ်းအားရှင်တစ်ယောက် ပီသလို့ ကျွန်တော် ကယ်ခဲ့တာပါ ဒါပေမဲ့ ကျွန်တော် အရင် ပြောခဲ့သလိုပဲ နိုးထလာနိုင်တာက ခင်ဗျားရဲ့ ကံကြမ္မာကြောင့်ပါ၊ ကျွန်တော်က တွန်းအားလေး နည်းနည်း ပေးလိုက်ရုံပါပဲ"
"ဒါနဲ့... ခင်ဗျား ပြောချင်တာ ဒါအကုန်ပဲလား"
ထိုစကားကို ကြားသောအခါ မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အလွန် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အရှင်... ကျွန်မ မမှားဘူးဆိုရင် အရှင်က လူသားဟွာမျိုးနွယ်စုက စွမ်းအားရှင်တစ်ဦး ဖြစ်ရမယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် တည်ငြိမ်နေသော ရွှယ်အန်း၏ မျက်နှာသည် ရုတ်တရက် လင်းလက်သွားပြီး သူ၏ အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားကာ ထိုက်ယင် ရေကန် တစ်ခုလုံးကို တုန်ခါသွားစေသည်။ မုကုချင်းသည်လည်း ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားရပြီး ရွှယ်အန်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ၎င်း အရှိန်အဝါ သက်သက်ဖြင့်ပင် ဤမျှ စွမ်းအားကြီးမားနေသည် ဆိုလျှင် ဤလူငယ်လေးက မည်မျှတောင် ကြောက်စရာ ကောင်းလိုက်သနည်း။ ထိုအချိန်တွင် ရွှယ်အန်းက လေးနက်စွာ ပြောလိုက်သည်။
"ခင်ဗျား လူသားဟွာမျိုးနွယ်စု အကြောင်း သိတယ်ပေါ့၊ တခြား ဘာတွေ သိသေးလဲ"
ယခုအချိန်၌ ရွှယ်အန်း၏ ရင်ထဲတွင်လည်း လှုပ်ရှားမှုအချို့ ဖြစ်ပေါ်နေသည်။ သူသည် နတ်ဘုရားလောကရှိ မည်သူ့ကိုမျှ သူ ဟွာ မျိုးနွယ်စုမှ လာကြောင်း ပြောပြခဲ့ဖူးခြင်း မရှိပေ။ သို့သော် မုကုချင်းက ထုတ်ပြောနိုင်သည် ဆိုကတည်းက သူမ တစ်စုံတစ်ခုကို သိထား၍သာ ဖြစ်ရမည်။ သို့သော် ရွှယ်အန်းသည် စိတ်လှုပ်ရှားလွန်းသွားသဖြင့် သူ၏ အရှိန်အဝါ မည်မျှ ပြင်းထန်နေကြောင်းကို ခဏတာ မေ့လျော့သွားခဲ့သည်။ သူ၏ အမိန့်ပေးသံကြောင့် မုကုချင်းသည် လေထဲသို့ မြောက်တက်သွားပြီး မျက်နှာထား ရှုံ့မဲ့ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"အ... အရှင်"
ဤအသံက ရွှယ်အန်းကို သတိပြန်ဝင်လာစေသည်။ သူ နောက်ဆုတ်လိုက်ပြီး အရှိန်အဝါကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော် သတိလက်လွတ် ဖြစ်သွားတာ ခွင့်လွှတ်ပါ၊ ကဲ... အခု ခင်ဗျား သိသမျှ အကုန်ပြောပြပါ"
မုကုချင်းသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရင်ဘတ်ကို ဖိကာ စိတ်ငြိမ်သက်သွားအောင် လုပ်ပြီးနောက် ရိုသေစွာ ပြောလိုက်သည်။
"အရှင်... အရင်ကတော့ အရှင့်ရဲ့ သွင်ပြင်လက္ခဏာနဲ့ ပတ်သက်ပြီး သံသယအချို့ပဲ ရှိခဲ့တာပါ၊ ဒါပေမဲ့ အခု အရှင်က လူသားဟွာမျိုးနွယ်စုက ဆိုတာ သေချာသွားပြီ ဖြစ်သလို ထိုက်ယင် နတ်ဘုရားဂိုဏ်းအပေါ်ထားတဲ့ အရှင့်ရဲ့ ကျေးဇူးတရားတွေကြောင့် ကျွန်မ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
ထိုသို့ပြောပြီးသည်နှင့် မုကုချင်းသည် ခေါင်းမော့လာပြီး တောက်ပ၍ အာရုံစိုက်ထားသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
"အရှင်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက စကြာဝဠာမှာ ဖြစ်ပျက်ခဲ့တဲ့ မငြိမ်သက်မှုကြီးကြောင့် အရှင် ဒီကို ရောက်လာတာမလား"
ရွှယ်အန်း၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
မုကုချင်းက ခါးသီးစွာ ပြုံးလိုက်ပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
"တကယ်ပါလား၊ အဲဒီတုန်းက သူတို့ စိုက်ပျိုးခဲ့တဲ့ နတ်ဆိုးမျိုးစေ့တွေက အခုတော့ ပြန်ပေးဆပ်ရမယ့်အချိန် ရောက်လာပြီပေါ့"
ထို့နောက် မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ဆက်ပြောသည်။
"အရှင်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက မငြိမ်သက်မှုကြီးကို ကျွန်မကိုယ်တိုင် မကြုံခဲ့ရပေမဲ့ မျိုးဆက်အလိုက် ဂိုဏ်းချုပ်တွေက ဒီနေ့ဒီရက် အတွက် ရည်ရွယ်ပြီး ပုံပြင်တွေ၊ မှတ်ဉာဏ်တွေကို လက်ဆင့်ကမ်းခဲ့ကြပါတယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ကျွန်မတို့ ထိုက်ယင် နတ်ဘုရားဂိုဏ်းဟာ အဖွဲ့ငယ်လေး တစ်ခုသာ ဖြစ်ခဲ့ပေမဲ့ တရုတ်ဟွာ မျိုးနွယ်စုရဲ့ နတ်ဘုရားတွေကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးကြီးထဲ ပါဝင်ဖို့ ဖိအားပေး ဆွဲသွင်းခံခဲ့ရပါတယ်"
မုကုချင်းက အလျင်အမြန် ဖြည့်စွက် ပြောလိုက်သည်။
"စိတ်ချပါ အရှင်၊ ကျွန်မတို့ ထိုက်ယင် နတ်ဘုရားဂိုဏ်းက တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေအပေါ် ဘယ်တုန်းကမှ မကောင်းမှု မကျူးလွန်ခဲ့ပါဘူး"
ထို့နောက် သူမ ဆက်ပြောသည်။
"အဲဒီ မငြိမ်သက်မှုကြီးက အရမ်း ကျယ်ပြန့်လွန်းလို့ နတ်ဘုရားလောက တစ်ခုလုံးရဲ့ အင်အားကိုတောင် ဆွဲယူသုံးစွဲခဲ့ရပါတယ်…”
အခန်း (၁၁၅၈) - မိုင်သုံးထောင်တိုင်တိုင် သွေးချောင်းစီးခြင်း၊ အရိုးများ တောင်ပုံ ထပ်ခြင်း
"ရေတွက်မရနိုင်တဲ့ နတ်ဘုရားတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်၊ စွမ်းအားရှင်တွေ မိုးစက်တွေလို တဖြုတ်ဖြုတ် ကြွေကျခဲ့ကြတယ်၊ နတ်ဘုရားသွေးတွေ ကောင်းကင်ယံမှာ ပြန့်ကျဲခဲ့တယ်၊ သတ်ဖြတ်မှုရဲ့ အတိုင်းအတာကတော့... ကျွန်မ ဆရာသခင်ရဲ့ ဘိုးဘေး ပြောစကားအရဆိုရင် မိုင်သုံးထောင်တိုင်တိုင် သွေးချောင်းစီးပြီး အရိုးတောင်တွေ ပုံ ထပ်သွားတာပါပဲ"
မုကုချင်းသည် ထိုအကြောင်းကို ပြောပြနေချိန်တွင် သူမကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ မည်သို့ပင်ဖြသ်စေ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို နှုတ်ဖြင့် ဖော်ပြရုံသက်သက်ဖြင့်ပင် ကျောချမ်းသွားစေနိုင်သည်။
"တိုက်ပွဲက သိပ်မကြာလိုက်ပါဘူး၊ အကြောင်းရင်းကို အရှင် သိမှာပါ၊ အဓိကအားဖြင့် ထျန်ကျောက် နတ်ဘုရားနန်းတော်ရဲ့ ရုတ်တရက် သစ္စာဖောက်မှုကြောင့် လူသားဟွာမျိုးနွယ်စု နတ်ဘုရားတွေရဲ့ တပ်ဖွဲ့တွေ ပြိုကွဲသွားပြီး ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရတာပါ"
"ဒါပေမဲ့ အဲဒီလို ဖြစ်နေတာတောင်မှ လူသားဟွာ မျိုးနွယ်စုရဲ့ နတ်ဘုရားတွေက အရှုံးမပေးဘဲ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ပြင်းထန်တဲ့ ဖောက်ထွက်စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြတယ်"
"ကျွန်မရဲ့ ဆရာသခင်က မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ လူငယ်တစ်ယောက်ရယ်၊ နဖူးမှာ ဒေါင်လိုက်မျက်လုံးပါတဲ့ နတ်ဘုရားစစ်သူကြီး တစ်ပါးရယ် သူတို့နှစ်ယောက်က ဘေးချင်းယှဉ် တိုက်ခိုက်ပြီး ဝိုင်းရံထားတဲ့ ရန်သူနတ်ဘုရားတွေကြားထဲမှာ သွေးစွန်းတဲ့ လမ်းကြောင်းတစ်ခု ဖောက်ထွက်ခဲ့ကြတယ်တဲ့"
"သူတို့ရဲ့ စွမ်းအားက အံ့မခန်းပါပဲ၊ ဆရာသခင် ပြောပြချက်အရဆိုရင်... ရန်သူစွမ်းအားရှင်တွေ မိုးစက်လို များပြားနေပေမဲ့ ဒီနတ်ဘုရားနှစ်ပါးရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် တောင့်ခံနိုင်တဲ့သူ မရှိခဲ့ဘူး တဲ့"
"ဒါပေမဲ့ သူတို့က ဒဏ်ရာပြင်းထန်စွာ ရထားတဲ့ တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေကို ဦးဆောင်ပြီး ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ လုပ်နေတုန်းမှာပဲ၊ ရုတ်တရက် စစ်ကူတွေ ရောက်လာခဲ့တယ်"
"စစ်ကူတွေ ဟုတ်လား"
ရွှယ်အန်းသည် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲအကြောင်းကို မျက်နှာအမူအရာ မပျက်ဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သော်လည်း စစ်ကူဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ခုံးများ ရုတ်တရက် ပင့်တက်သွားသည်။
"ဟုတ်တယ် စစ်ကူတွေပါ၊ အရှင် ဘာမေးချင်လဲဆိုတာ ကျွန်မ သိပါတယ်၊ ဝမ်းနည်းစရာက အဲဒီရောက်လာတဲ့သူတွေက ထူထဲတဲ့ မြူခိုးတွေ လွှမ်းခြုံထားပြီး သူတို့ရဲ့ ဇာစ်မြစ်ကို လုံးဝ ဖုံးကွယ်ထားကြတယ်"
ထိုစကားကို ကြားသော်လည်း ရွှယ်အန်းသည် စိတ်ပျက်သည့် အရိပ်အယောင် အနည်းငယ်မျှ မပြပေ။ ထိုအရာမှာ
သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ လူသားဟွာမျိုးနွယ်စုအပေါ် တိုက်ခိုက်မှုကို စတင်ခဲ့သူများသည် အလွန် စေ့စပ်သေချာစွာ စီစဉ်ခဲ့ကြပြီး မည်သည့် သဲလွန်စမျှ မကျန်ရစ်စေရန် လုပ်ဆောင်ခဲ့ကြသည်မှာ ထင်ရှားသည်။ ထိုက်ယင် နတ်ဘုရားဂိုဏ်း တစ်ခုတည်းကို အားကိုးရုံဖြင့် ကြီးမားသော သဲလွန်စ ရရှိနိုင်ဖွယ် မရှိပေ။
သို့သော် ထိုသို့ ဖြစ်လေလေ ရွှယ်အန်း၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်သည် ပိုမို ပြင်းထန်လာလေ ဖြစ်သည်။ ပူးပေါင်းကြံစည်မှုက မည်မျှပင် ကြီးမားနက်ရှိုင်းပါစေ ကုလားကာနောက်ကွယ်မှ ကြိုးကိုင်သူများကို တစ်နေ့တွင် သူ အမြစ်ပါမကျန် ဆွဲထုတ်မည်သာ။
"အဲဒီ အသစ်ရောက်လာတဲ့သူတွေရဲ့ ဇာစ်မြစ်ကို မသိရပေမဲ့ သူတို့ရဲ့ စွမ်းအားကတော့ အလွန်အမင်း ကြောက်စရာ ကောင်းလှပါတယ်၊ သူတို့ ရောက်လာတာနဲ့ တိုက်ပွဲအခြေအနေက ချက်ချင်း ပြောင်းလဲသွားခဲ့တယ်"
"ဒဏ်ရာပြင်းထန်စွာ ရထားပြီးသား လူသားဟွာ မျိုးနွယ်စု နတ်ဘုရားတွေက လုံးဝ ဝိုင်းရံပိတ်ဆို့ ခံလိုက်ရပြီး ထွက်ပြေးဖို့ လမ်းမရှိတော့ပါဘူး ဒါပေမဲ့ အဲဒီလို ဖြစ်နေတာတောင် သူတို့က လက်မလျော့ဘဲ ကြေကွဲစရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ကြတယ်"
"ကျွန်မ ဆရာသခင် ကိုယ်တိုင် မြင်ခဲ့ရတာပါ၊ စောင်း ကို ကိုင်စွဲထားတဲ့ နတ်ဘုရားတစ်ပါးက ရှေ့ကို တိုးဝင်သွားပြီး ရောက်လာတဲ့ ရန်သူစွမ်းအားရှင် တစ်ယောက်နဲ့ အတူသေဖို့အတွက် သူ့ရဲ့ နတ်ဘုရားဝိညာဉ်ကို စတေးပြီး ဖောက်ခွဲပစ်လိုက်တယ်တဲ့"
"မြင်ကွင်းက အရမ်းကို ကြေကွဲစရာကောင်းပြီး ခမ်းနားလွန်းလို့ လူတိုင်း ထိတ်လန့်ပြီး အဝေးကို ဆုတ်ခွာသွားခဲ့ရတယ်၊ များစွာတဲ့လူတွေက ဆက်ပြီးတောင် မကြည့်ရဲကြတော့ဘူး"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ၏ မျက်နှာထားသည် တည်ငြိမ်နေသော်လည်း မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ တဖြည်းဖြည်း ပေါ်လာသည်။
"ဝမ်းနည်းစရာ ကောင်းတာက... လူသားဟွာ မျိုးနွယ်စု နတ်ဘုရားတွေက ရန်သူအများအပြားကို သုတ်သင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အင်အားချင်း မမျှတာကြောင့် ခုခံနိုင်စွမ်း လုံးဝ ကုန်ဆုံးသွားခဲ့ရတယ်၊ အဲဒီအချိန်ကျမှ အရှင်သခင်လီဟန် ပေါ်လာခဲ့တာ၊ သူ ရောက်လာတာ အရမ်း နောက်ကျသွားပြီ"
"အရှင်သခင်လီဟန်လား"
ရွှယ်အန်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟုတ်ပါတယ်၊ အရှင်သခင်လီဟန်
ပါ... အရှင်က..."
မုကုချင်း ဆက်ပြောရန် ပြင်လိုက်စဉ် ရွှယ်အန်းက လက်ကာပြလိုက်သည်။
"ငါ သူ့ကို သိတယ်၊ မိတ်ဆက်ပေးနေစရာ မလိုဘူး"
မုကုချင်း ခဏ ရပ်တန့်သွားပြီးနောက် သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
"ပြီးတော့ရော"
ရွှယ်အန်းက မေးလိုက်သည်။
"ပြီးတော့..."
မုကုချင်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါက ကျွန်မ ဆရာသခင်နဲ့ မျိုးဆက်အလိုက် ဂိုဏ်းချုပ်တွေအတွက် အမြဲတမ်း အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့ပါတယ်၊ အဲဒါက အရှင့်ကို ကျွန်မ ဖွင့်ချပြချင်တဲ့ ပထမဆုံး ပဟေဠိကြီးပါပဲ"
"အို... ပဟေဠိ ဟုတ်လား"
မုကုချင်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ အရှင်သခင်လီဟန်က လီဟန်ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့အတူ ရောက်လာတုန်းက၊ တရုတ်ဟွာ မျိုးနွယ်စု နတ်ဘုရားတွေ အားလုံးကို တစ်ချက်တည်းနဲ့ အောင်နိုင်သူအနေနဲ့ ချေမှုန်းပစ်တော့မယ့်ပုံ ပေါက်နေခဲ့တာ..."
"အဲဒီအချိန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်"
ထိုအကြောင်းကို ပြောပြနေစဉ် မုကုချင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားပြီး တုန်ရီစွာ ပြောလိုက်သည်။
"ကျွန်မရဲ့ ဘိုးဘေးက ခဏတာ မူးဝေသွားသလို ခံစားလိုက်ရပြီး သတိပြန်ဝင်လာတဲ့အချိန်မှာ ပြင်းထန်စွာ ဝိုင်းရံခံထားရတဲ့ တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရား အများစု ပျောက်ဆုံးသွားတာကို အံ့သြဖွယ် တွေ့လိုက်ရတယ်တဲ့၊ အဲဒီမှာ ရေတွက်လို့ မရနိုင်တဲ့ အလောင်းတွေပဲ ကျန်ရစ်ခဲ့တယ်"
ရွှယ်အန်း မျက်မှောင်ကြုတ်သွားသည်။
"ပျောက်ဆုံးသွားတယ် ဟုတ်လား"
မုကုချင်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ပျောက်ဆုံးသွားတာပါ၊ အဲဒီတုန်းက ကျွန်မရဲ့ ဘိုးဘေးက သူ့ကျင့်ကြံမှုအဆင့် နိမ့်လွန်းလို့ လျှို့ဝှက်သိုင်းတစ်ခုခုရဲ့ သက်ရောက်မှုကို ခံလိုက်ရတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ မကြာခင်မှာပဲ သူမ သိလိုက်ရတယ်၊ သူမ တစ်ယောက်တည်း မဟုတ်ပဲ အဲဒီနေရာမှာ ရှိနေတဲ့ စွမ်းအားကြီးတဲ့ အရှင်သခင်လီဟန် အပါအဝင် နတ်ဘုရားအားလုံးက အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့ကြတာပါ"
ဤစကားကြောင့် ရွှယ်အန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ အကယ်၍ မှတ်ဉာဏ် ပြောင်းလဲခြင်း သက်သက်ဆိုလျှင် သိပ်မခက်ခဲလှပေ။ သို့သော် မုကုချင်း၏ စကားအရ ဆိုလျှင် ထိုအချိန်က တစ်စုံတစ်ယောက်သည် အကြောင်းအကျိုး ကြိုးမျှင်ကို အတင်းအကျပ် ဖြတ်တောက်လိုက်ပြီး တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားများကို ကယ်ထုတ်သွားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် ထိုနေရာတွင် ရှိနေသူ အားလုံးထံမှ အချိန်ကာလ အပိုင်းအခြား တစ်ခုကို ဆွဲယူဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးသည် သာမန် မဟုတ်ပေ။ အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ် ပင်လျှင် ဤအရာကို လုပ်ဆောင်နိုင်စွမ်း မရှိချေ။
ဒါဆိုရင် တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေကို ကယ်တင်သွားတဲ့ စွမ်းအားရှင်ကြီးက ဘယ်သူလဲ? ပြီးတော့ အဲဒီ တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေက အခု ဘယ်မှာလဲ?
ဤသတင်းသည် ရွှယ်အန်းကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေသည်။ မုကုချင်းသည် ပါးနပ်စွာပင် ပါးစပ်ပိတ်ထားလိုက်ပြီး ရွှယ်အန်း၏ တွေးတောမှုကို မနှောင့်ယှက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အဆင့်အတန်းမျိုးသည် ထိုက်ယင် နတ်ဘုရားဂိုဏ်းဝင် တစ်ယောက်အနေဖြင့် သူမနှင့် လုံးဝ မသက်ဆိုင်ကြောင်း သူမ ကောင်းစွာ သိသောကြောင့် ဖြစ်သည်။ နတ်ဘုရားနယ်ပယ်တစ်ခုလုံးရှိ နတ်ဘုရားများပင်လျှင် အရည်အချင်း မမီနိုင်ပေ။
အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် ရွှယ်အန်းသည် တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။
"ပြီးတော့ရော"
မုကုချင်းက ဆက်ပြောသည်။
"အဲဒီကိစ္စ ဖြစ်ပြီးတာနဲ့ ဆင်းသက်လာတဲ့ စွမ်းအားကြီး အရှိန်အဝါတွေ အားလုံး ကွဲပြယ်သွားကြတယ်၊ ပြီးတော့ အရှင်သခင်လီဟန်က တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေရဲ့ အလောင်းအားလုံးကို စုစည်းပြီး ယူဆောင်သွားခဲ့တယ်"
"ယူဆောင်သွားတယ်? အလောင်းတွေကိုပါလား"
ရွှယ်အန်းသည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ မုကုချင်းက ခေါင်းညိတ်သည်။
"ဟုတ်ပါတယ်၊ အဲဒါက အရှင့်ကို ကျွန်မ တင်ပြချင်တဲ့ ဒုတိယမြောက် သံသယပါပဲ"
"အဲဒီတုန်းက ဆင်းသက်လာတဲ့ အရှိန်အဝါတွေက အရမ်း လျှို့ဝှက်နက်နဲပေမဲ့... ထိတ်လန့်တကြား ဖြစ်သွားလို့ တစ်ခုခုကို သတိလွတ်သွားပုံ ရပါတယ်၊ ဒါကြောင့် ကျွန်မရဲ့ ဘိုးဘေး ဖမ်းမိလိုက်တဲ့ သဲလွန်စတစ်ခု ကျန်ရစ်ခဲ့တယ်"
"ဘာသဲလွန်စလဲ"
ရွှယ်အန်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်း မေးလိုက်သည်။
"သူတို့ လေဟာနယ်ကို ခွင်းပြီး ထွက်ခွာသွားတဲ့အချိန်မှာ ပိတ်ဆို့မှုက အရမ်း တင်းကျပ်ပေမဲ့ အက်ကွဲကြောင်း အသေးလေးတစ်ခု ကျန်ခဲ့တယ်၊ အဲဒီ အက်ကွဲကြောင်းကနေ စိမ့်ထွက်လာတဲ့ အေးစက်တဲ့ ယင်စွမ်းအင်က အရမ်းကို ထင်ရှားနေတာကို ကျွန်မ ဘိုးဘေး တွေ့ရှိခဲ့တယ်"
"အေးစက်တဲ့ ယင်စွမ်းအင်..."
ရွှယ်အန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"အရှင် သိတဲ့အတိုင်းပဲ၊ ကျွန်မတို့ ထိုက်ယင် နတ်ဘုရားဂိုဏ်းက သဘာဝအရ ထိုက်ယင် စွမ်းအငကို ကျင့်ကြံကြတာလေ၊ ဒါကြောင့် ဒီလို ယင်စွမ်းအင်မျိုးနဲ့ အရမ်း ရင်းနှီးတယ်၊ အဲဒီ စိမ့်ထွက်လာတဲ့ အေးစက်တဲ့ ယင်စွမ်းအင်က ထိုက်ယင် စွမ်းအင်နဲ့ မတူပေမဲ့... ရွှယ်ယင် အမျိုးအစားထဲမှာ ပါဝင်နေတာ သေချာတယ်"
ဤသတင်းစကားသည် အတော်လေး ဝိုးတဝါးဖြစ်သော်လည်း အနည်းဆုံးတော့ ယခင်ကကဲ့သို့ အမှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေခြင်းနှင့် မတူဘဲ ယေဘုယျ ဦးတည်ချက်တစ်ခုကို ပေးစွမ်းနိုင်သဖြင့် ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ငါ သဘောပေါက်ပြီ၊ တခြား ဘာရှိသေးလဲ"
မုကုချင်း၏ မျက်နှာပေါ်တွင် တွန့်ဆုတ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"အရှင်... အရင် သံသယနှစ်ခုက ကျွန်မ ဘိုးဘေး လက်ဆင့်ကမ်းခဲ့တာပါ ဒါပေမဲ့ ဒီတစ်ခုကတော့ ကျွန်မကိုယ်တိုင် သုံးသပ်ပြီး ကောက်ချက်ချထားတာပါ"
"အို... ဘာများလဲ"
မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
"အရှင်သခင်လီဟန်က အဆင့်မြင့် နတ်ဘုရားနယ်ပယ်ရဲ့ အရှင်သခင် တစ်ပါးအနေနဲ့ အမြဲတမ်း ခန့်မှန်းရခက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ဒီရာစုနှစ်အတွင်းမှာ သူ့လက်အောက်က လီဟန် နတ်ဘုရားတွေ ရုတ်တရက် လှုပ်ရှားလာကြပြီး သူတို့ရဲ့ အင်အားကလည်း အကြီးအကျယ် တိုးတက်လာခဲ့တယ်၊ ဒါပေမဲ့ သူတို့ ထုတ်ဖော်ပြသတဲ့ စွမ်းအားတွေမှာ တရုတ်ဟွာမျိုးနွယ်စုရဲ့ နတ်ဘုရားစွမ်းအား အရိပ်အယောင်တွေ ပါဝင်နေပါတယ်"
ရွှယ်အန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားသည်။
"မင်း ဆိုလိုတာက..."
မုကုချင်းက ခေါင်းညိတ်လိုက်သည်။
"အရှင်သခင်လီဟန်ရဲ့ လက်ထဲမှာ... အသက်ရှင် ကျန်ရစ်နေတဲ့ လူသားဟွာမျိုးနွယ်စု နတ်ဘုရားတွေ ရှိကောင်းရှိနေနိုင်တယ်လို့ ကျွန်မ သံသယရှိပါတယ်”