အခန်း (၁၁၅၉-၁၁၆၁)
Vol. 78 Ch. 1159-1161
အခန်း (၁၁၅၉) - ရန်သူအပေါင်းကို အောင်နိုင်၍ မိုးနှင့်မြေကြား အာဏာစက် ထက်မြက်ပါစေ
ဤတိတ်ဆိတ်မှုသည် အလွန် ဖိစီးလွန်းသဖြင့် တစ်ဖက်လူ၏ အဆုတ်ထဲမှ လေကိုပင် စုပ်ထုတ်နိုင်မတတ်ဖြစ်သည်။ ရွှယ်အန်းသည် မျက်လွှာချလျက် တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။ သို့သော် မုကုချင်းသည် အနည်းငယ် တုန်ယင်နေသည်။
ထိုက်ယင် ရေကန်၏ နတ်ဘုရား ဖြစ်လာပြီးသော သူမသည်ပင် ယခုအချိန်တွင် အရိုးထဲထိ စိမ့်ဝင်သော အေးစက်မှုကို ခံစားနေရသည်။ ဤသည်မှာ အအေးဓာတ်မဟုတ်ဘဲ ရွှယ်အန်းဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် ဖြစ်ကြောင်း မုကုချင်း သိနေသည်။ ဤသတ်ဖြတ်လိုစိတ်၏ အရှိန်အဝါ သက်သက်ဖြင့်ပင် ဤမျှ စွမ်းအားကြီးမားလှရာ မုကုချင်းမှာ မျက်နှာမဖြူဘဲ မနေနိုင်တော့ပေ။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ မုကုချင်းသည် သူမ၏ ရင်ထဲရှိ ကြောက်ရွံ့မှုကို အားကုန်သုံး၍ ဖိနှိပ်လိုက်ပြီး သတ္တိမွေးကာ တိုးတိုးလေး ပြောလိုက်သည်။
"အဈ... အရှင်..."
သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဆက်ပြောနေစရာ မလိုတော့ဘူး၊ ဒီတစ်ခါ သတင်းအချက်အလက်တွေ အများကြီး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သွားလိုက်ပါဦး... မင်းရဲ့ ဂိုဏ်းသားတွေကို အကြာကြီး စောင့်ခိုင်းမနေနဲ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားပြီး ထိုက်ယင် ရေကန်ထဲမှ တည့်တည့် ပျံသန်းထွက်ခွာသွားလေသည်။ မုကုချင်းသည် ထွက်ခွာသွားသော ရွှယ်အန်းကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ပြီး ခဏအကြာမှ မကြားတကြား သက်ပြင်းချလိုက်ကာ အလျင်အမြန် နောက်မှ လိုက်ပါသွားလေသည်။
ထိုအချိန်တွင် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ကျွန်းပေါ်တွင် ရွှယ်အန်းနှင့် မုကုချင်းတို့ကို စောင့်ဆိုင်းနေကြသည်။ လူအများစု၏ မျက်နှာများသည် ဝမ်းသာပီတိ ဖြစ်နေကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ ဂိုဏ်းချုပ်ဟောင်းသည် သေရာမှ ပြန်ရှင်လာခဲ့ပြီ ဖြစ်သည့်အပြင် ရွှယ်အန်းကဲ့သို့သော စွမ်းအားရှင်ကြီးက ကာကွယ်စောင့်ရှောက်ပေးထားသဖြင့် ထိုက်ယင် နတ်ဘုရားဂိုဏ်း၏ အနာဂတ်သည် တောက်ပနေပြီ မဟုတ်ပါလား
ထို့ကြောင့် သူတို့ ဝမ်းသာနေကြခြင်းမှာ သဘာဝကျပါသည်။ ကျုံးအန်းအန်း တစ်ယောက်သာ ထိုက်ယင် ရေကန်ကို စဉ်းစားဆင်ခြင်ဟန်ဖြင့် စိုက်ကြည့်နေသည်။ ရွှယ်အန်းနှင့် မုကုချင်းတို့ ရေကန်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသောအခါ လူတိုင်းက နှုတ်ဆက်ရန် အလုအယက် တိုးဝင်သွားကြသည်။
သို့သော် ကျုံးအန်းအန်းကမူ ရွှယ်အန်း၏ မျက်လုံးထောင့်များတွင် ကပ်ငြိနေသော သတ်ဖြတ်လိုစိတ်ကို သတိထားမိလိုက်သဖြင့် ရင်ထဲ တင်းကျပ်သွားကာ တုန်လှုပ်သွားသည်။ သူမ၏ ဆရာသခင်နှင့် အရှင်တို့ အထဲတွင် ဘာတွေ ဆွေးနွေးခဲ့ကြသနည်း။ အဘယ်ကြောင့် သူ၏ သတ်ဖြတ်လိုစိတ် ဤမျှ လွှမ်းမိုးနေရသနည်း။
ကျုံးအန်းအန်းသည် ရင်ထဲတွင် တွေးတောနေမိသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး အဆုံးတွင် သူမအပေါ် အကြည့်ရပ်တန့်လိုက်သည်။
"မိန်းကလေးကျုံး... ခင်ဗျားကို ကျွန်တော် ကတိပေးခဲ့တာတွေ ပြီးမြောက်သွားပြီ၊ ခင်ဗျားရဲ့ ဆရာသခင်လည်း နိုးထလာပြီ ဖြစ်သလို၊ အရပ်လေးမျက်နှာက ရန်သူတွေကိုလည်း ရှင်းလင်းပြီးပြီ၊ ကျန်တာကတော့ ခင်ဗျားတို့ ကိုယ်တိုင် စီမံခန့်ခွဲရမယ့် ကိစ္စတွေပဲ ဒါပေမဲ့ ဒါကို မှတ်ထားပါ..."
ရွှယ်အန်း၏ အကြည့်သည် ပိုမို အေးစက်လာပြီး သတိပေးလိုက်သည်။
"ဘယ်အချိန်ပဲ ဖြစ်ဖြစ်... အာဏာကြောင့် မင်းရဲ့ စိတ်ရင်းမှန်ကို မပျောက်စေနဲ့၊ နားလည်လား"
ထိုစကားကို ကြားသောအခါ ကျုံးအန်းအန်း၏ မျက်နှာထား လေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ အရှင်၊ အန်းအန်း နားလည်ပါပြီ"
ရွှယ်အန်းရ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒီလိုဆိုရင် ကျွန်တော် သွားတော့မယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း လှည့်ထွက်ရန် ပြင်လိုက်သည်။ ကျုံးအန်းအန်း ကြောင်အမ်းသွားသည်။ ရွှယ်အန်းက ဤမျှ ရုတ်တရက် ထွက်ခွာသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ အချိန်တစ်ခုကြာ ဆက်ဆံခဲ့ရမှု တစ်လျှောက်လုံးတွင် ကျုံးအန်းအန်းသည် ရွှယ်အန်းအပေါ် ပြင်းထန်သော လေးစားမှုများ ဖြစ်ပေါ်နေခဲ့သည်။ အထူးသဖြင့် သူက သူမ၏ ဆရာသခင်ကို ကယ်တင်ပေးခဲ့ခြင်းကြောင့် သူမ၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ထိတွေ့စေခဲ့သည်။
သေချာသည်မှာ သူမ၏ ခံစားချက်များသည် တစ်ဖက်သတ်သာ ဖြစ်ကြောင်း ကျုံးအန်းအန်း သိရှိသည်။ သို့သော် သူမသည် ခေါင်းမာသော အမျိုးသမီး ဖြစ်သည်။ ရွှယ်အန်း သူမကို မည်သို့ထင်သည် ဖြစ်စ သူမက သူ့ကို နှစ်သက်နေမိသည်ဖြစ်သည်။ တစ်စုံတစ်ယောက်ကို နှစ်သက်မိခြင်းအတွက် ဥပဒေဖြင့် တားမြစ်ထားသည် မဟုတ်ပေ။
ထို့အပြင် ကျုံးအန်းအန်း၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု အမြဲ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ မြင်ဖူးသမျှသော ရွှယ်အန်းကဲ့သို့ စွမ်းအားရှင်ကြီးများသည် ပုံမှန်အားဖြင့် အမျိုးသမီး တစ်ယောက်ထက်ပို၍ ပိုင်ဆိုင်လေ့ ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ရွှယ်အန်းက ဤမျှ ရုတ်တရက် ပြတ်ပြတ်သားသား ထွက်ခွာသွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ဤအရေးတကြီး အခြေအနေသည် သူမ၏ နှလုံးသားကို ပြည့်နှက်သွားစေပြီး၊ သူမသည် သူ့ကို ဆက်နေရန် ဖျောင်းဖျပြောဆိုတော့မည့် ဆဲဆဲတွင် မုကုချင်းက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
"ခဏလေးပါ အရှင်"
ရွှယ်အန်းသည် ခြေလှမ်း ရပ်တန့်သွားပြီး လှည့်ကြည့်ကာ နားမလည်နိုင်သော ပုံစံဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်မု... ဘာကိစ္စ ရှိသေးလို့လဲ"
မုကုချင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"အရှင်... အရှင်က တကယ်ပဲ အဲဒီနေရာကို သွားတော့မလို့လား"
မုကုချင်းသည် လက်ကိုမြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရွှယ်အန်းမှာ အနည်းငယ် အံ့သြသွားသော်လည်း ပြုံး၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါပေါ့... ဘာပဲဖြစ်ဖြစ် အဲဒီမှာ ကျွန်တော် ရှင်းရမယ့် စာရင်းတွေ အများကြီး ကျန်နေသေးတယ်လေ"
ထိုအဖြေကို သူမ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ရွှယ်အန်းထံမှ ဤမျှ ပြတ်သားသော အဖြေကို ကြားလိုက်ရချိန်တွင် မုကုချင်း၏ နှလုံးသား မတုန်ယင်ဘဲ မနေနိုင်တော့ပေ။
အဆင့်မြင့် နတ်ဘုရားနယ်ပယ်၊ နတ်ဘုရားနယ်ပယ် တစ်ခုလုံး၏ အမြင့်ဆုံးအလွှာ...
နတ်ဘုရားဟု ခေါ်ဝေါ်ခံရသော သ်ူတို့တောင်မှ အဲဒီနေရာကို မော့ကြည့်ရုံသာ တတ်နိုင်ကြသော်လည်း ဤလူငယ်လေးမှာ ထိုနေကိုသွားရန်ပြင်နေသည်။ တခြားအရာတွေကို ထားလိုက်ဦး... ဒီသတ္တိ တစ်ခုတည်းနဲ့တင် စိတ်လှုပ်ရှားဖို့ လုံလောက်နေပြီ...
"တခြားကိစ္စ ရှိသေးလား"
ရွှယ်အန်းက မေးလိုက်သည်။
"မရှိတော့ရင် ကျွန်တော် သွားတော့မယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် မုကုချင်း၏ ၏ မျက်ခုံးနှစ်ခုကြားတွင် ရှုပ်ထွေးသော တံဆိပ်တစ်ခု ပေါ်လာသည်။ ထိုတံဆိပ်မှ အလင်းတန်း ထောင်ပေါင်းများစွာ ဖြာထွက်လာသည်။
ထို့နောက် မုကုချင်းက လက်ဖြင့် ညွှန်ပြလိုက်ရာ တံဆိပ်သည် လျင်မြန်စွာ ပျံသန်းသွားပြီး ရွှယ်အန်း၏ ကျောဘက်တွင် တိုက်ရိုက် ရိုက်နှိပ်ခံလိုက်ရကာ ပျောက်ကွယ်သွားလေသည်။ ရွှယ်အန်းမှာ အံ့သြသွားပြီး သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကာ သက်ပြင်းချလိုက်သည်။
"ဂိုဏ်းချုပ်မု... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရတာလဲ"
မုကုချင်းက ပြုံးလိုက်သည်။
"အရှင်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက တရုတ်ဟွာမျိုးနွယ်စု နတ်ဘုရားတွေ ဒီကမ္ဘာမှာ ရှိနေတုန်းက အရမ်းကို လေးစားအားကျဖို့ ကောင်းခဲ့ပါတယ် နောက်ပိုင်း အဖြစ်အပျက် အမျိုးမျိုးကြောင့် သူတို့ရဲ့ စွမ်းအားတွေ မှေးမှိန်သွားခဲ့ပေမဲ့ တရုတ်ဟွာမျိုးနွယ်စုက တချိန်ကျရင် ထိပ်ဆုံးကို ပြန်ရောက်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ တကယ်လို့ ကျွန်မရဲ့ ထိုက်ယင် နတ်ဘုရားဂိုဏ်းက ဒီအခွင့်အရေးကို ဆုပ်ကိုင်ချင်တယ် ဆိုရင်တော့ သဘာဝကျကျ တစ်ခုခု ပေးဆပ်ရမှာပေါ့"
ထိုသို့ ပြောပြီးနောက် မုကုချင်း၏ မျက်နှာထား လေးနက်သွားပြီး ဦးညွှတ်လိုက်သည်။
"အရှင်... ဒီခရီးမှာ ရန်သူအပေါင်းကို အောင်နိုင်ပြီး ကမ္ဘာလောကကို လွှမ်းမိုးချုပ်ကိုင်နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်"
ရွှယ်အန်းသည် မုကုချင်းကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ခင်ဗျားမှာ ဒီလိုဆန္ဒရှိတယ် ဆိုမှတော့ ကျွန်တော် လက်ခံလိုက်ပါမယ်၊ သွားတော့မယ်"
ထိုသြိုပြောပြီးသည်နှင့် ရွှယ်အန်း၏ ဝတ်ရုံများ လေထဲတွင် တလွင့်လွင့် ဖြစ်သွားပြီး အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ၌ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ကျုံးအန်းအန်းသည် တိုးတိုးလေး လှမ်းခေါ်လိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်သော်လည်း ဝေးကွာသွားသော ရွှယ်အန်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ခါးသီးသော မျက်နှာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုအချိန်တွင် မုကုချင်းသည် သူမဘေးသို့ လျှောက်လာပြီး ဗလာဖြစ်နေသော ကောင်းကင်ပြင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အန်းအန်း... နင့်ရင်ထဲမှာ ဘာရှိလဲဆိုတာ ဆရာ သိပါတယ်၊ အရင်တုန်းကသာ ဆိုရင်တော့ အခွင့်အရေးရတုန်း ဆုပ်ကိုင်ထားဖို့ ဆရာ အကြံပေးမိမှာ ဒါပေမဲ့ အခု ဆရာ ပြောနိုင်တာ တစ်ခုပဲ ရှိတယ်၊ သူ့ရဲ့ ဇာစ်မြစ်က သာမန်လူတွေ စိတ်ကူးလို့ရတဲ့ အရာ မဟုတ်ဘူး၊ သူ့ရဲ့ မြင့်မြတ်မှုက စကားနဲ့ ဖော်ပြလို့ မရနိုင်ဘူး၊ ဒါပေမဲ့ သူ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးက သူ ပိုင်ဆိုင်ထားတာတွေထက် ပိုကြီးမားကောင်း ကြီးမားနိုင်တယ်"
ကျုံးအန်းအန်းသည် ကြောင်ငေးနေပြီး ခဏအကြာမှ အသံနိမ့်ဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ဘာလို့ ဆရာက သူ့ကို အသက်ဝိညာဉ် တံဆိပ် ပေးလိုက်ရတာလဲ"
မုကုချင်းက ရွှယ်အန်းကို ပေးလိုက်သော တံဆိပ်သည် သူမ နတ်ဘုရား ဖြစ်လာစဉ်က ရရှိခဲ့သော သူမ၏ အသက်ဝိညာဉ် တံဆိပ် အမှန်ပင် ဖြစ်သည်။ ဤအသက်ဝိညာဉ် တံဆိပ်၏ ထူးခြားချက်မှာ တစ်စုံတစ်ယောက်က ၎င်းကို ပိုင်ဆိုင်လိုက်သည်နှင့် ထိုနတ်ဘုရားသည် ပိုင်ဆိုင်သူနှင့် အသက်ခြင်း၊ သေခြင်း ဆက်နွယ်နေသော အစောင့်အရှောက်သဖွယ် ဖြစ်သွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရွှယ်အန်းက သက်ပြင်းချပြီး ဘာကြောင့်လဲ ဟု မေးခဲ့ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ မုကုချင်းသည် နားရွက်နားမှ ဆံနွယ်ကို သပ်တင်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဆရာက သေပြီးသားလူ ဖြစ်ခဲ့တယ် ဆိုတာကို ထားလိုက်ဦး အရှင်သာ ဝင်မပါခဲ့ရင် ဆရာ ပြန်ရှင်လာမှာ မဟုတ်ဘူး"
"နင် ပြောသလိုပေါ့၊ အကျိုးအမြတ် လိုချင်ရင် တစ်ခုခုတော့ ပေးဆပ်ရမှာပဲလေ၊ အခု ဆရာ လောင်းကြေးထပ်ချင်တယ်"
"လောင်းကြေး၊ ဘာကို လောင်းမှာလဲဟင်"
ကျုံးအန်းအန်းက သူမ၏ ဆရာသခင်ကို လှည့်ကြည့်လိုက်သည်။ မုကုချင်းက တိုးတိုးလေး ပြောလိုက်သည်။
"ဒီလူငယ်လေးက ဒီနယ်မြေမှာတင် မကဘူး၊ စကြာဝဠာတွေကြားမှာပါ တကယ့်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဆရာ လောင်းကြေးထပ်လိုက်တာ"
ကျုံးအန်းအန်းသည် တုန်လှုပ်သွားပြီး မုကုချင်း၏ ရည်ရွယ်ချက်ကို အဆုံးတွင် နားလည်သွားသည်။ ကိစ္စသေးသေးမွှားမွှားလေးများတွင် သူမ ပါးနပ်ကောင်း ပါးနပ်နိုင်သော်လည်း အရေးကြီးသော ကိစ္စများနှင့် ပတ်သက်လာလျှင် သူမ၏ ဆရာသခင်ကို မီရန် အများကြီး လိုသေးကြောင်း သဘောပေါက်လိုက်သည်။ ဒီဆုံးဖြတ်ချက် တစ်ခုတည်းနဲ့တင် သူမ အများကြီး နိမ့်ကျနေခဲ့ပြီ။
"ဒါပေမဲ့... သူက ဒီအရာအားလုံးကို တကယ်ပဲ တစ်ယောက်တည်း ရင်ဆိုင်တော့မှာလား"
ကျုံးအန်းအန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"နင် နားမလည်တာက... ဒါက သူ့ရဲ့ ကံကြမ္မာ မဟုတ်ဘဲ သူ့ရဲ့ ရွေးချယ်မှု ဆိုတာပဲ၊ ကဲ... အခု..."
မုကုချင်းက သူမ၏ တပည့်မလေးကို လှည့်ကြည့်လိုက်သည်။
"နင် သူ့ကို စောင့်နေချင်သေးလား"
ကျုံးအန်းအန်းသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"စောင့်နေချင်ပါတယ်"
မုကုချင်းက အံ့သြသွားသည်။
"နင် နားလည်ထားရမှာက... အခုအချိန်မှာ နင့်ရဲ့ စောင့်ဆိုင်းမှုက အဓိက အဓိပ္ပာယ် မရှိဘူး၊ ဘာလို့လဲဆိုတော့ သူက နင် စောင့်နေလို့ဆိုပြီး နင့်ကို ဒုတိယအကြိမ် လှည့်ကြည့်လာမှာ မဟုတ်ဘူး"
ကျုံးအန်းအန်းက ပြုံးလိုက်သည်။
"သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်က ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စပါ၊ သူက ဘာကိစ္စနဲ့ ကျွန်မကို ဒုတိယအကြိမ် လှည့်ကြည့်ပေးရမှာလဲ၊ ပြီးတော့..."
"ကျွန်မ သူ့ကို စောင့်နေတယ် ဆိုတာက တစ်စုံတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုကို လိုချင်လို့ မဟုတ်ပါဘူး၊ ကျွန်မ စောင့်ချင်လို့ ရွေးချယ်လိုက်တာမို့လို့ စောင့်နေတာပါ... ဒါပါပဲ”
အခန်း (၁၁၆၀) - ကျယ်ပြောသော ကြယ်တာရာ ပင်လယ်နှင့် လမင်းကိုနင်း၍ ပြန်ရောက်လာခြင်း
ရွှယ်အန်းသည် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ ထွက်ခွာပြီး ထျန်ကျောက် နယ်ပယ်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျိန်စာသင့်မြို့တော်သည်လည်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထိုနေ့က ရွှယ်အန်း တစ်ယောက်တည်း စကြာဝဠာ အရပ်လေးမျက်နှာသို့ သွားရောက်ခဲ့စဉ်က ထျန်ကျောက် နယ်ပယ် တစ်ခုလုံး တုန်လှုပ်ခဲ့ရသည်။ လူများစွာသည် မည်သို့သော ရလဒ်ထွက်ပေါ်လာမည်ကို သိလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ အစပိုင်းတွင် လူများစွာက အမျိုးမျိုး ပြောဆိုနေကြပြီး လေထုသည် ပေါ့ပါးနေသည်။
သို့သော် မကြာမီ စကြာဝဠာ အရပ်လေးမျက်နှာမှ သတင်းများ ပြန်ရောက်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ရွှယ်အန်းသည် သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ကောင်းကင်မီးတောက်၊ ရှေးဟောင်းဓား နှင့် ဝူထုံဟူသော နတ်ဘုရားဂိုဏ်းကြီး သုံးခုလုံးကို ချေမှုန်းပစ်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ လူတိုင်း ဆွံ့အလျက်သား ဖြစ်ကုန်ကြသည်။
ပွဲကြည့်ရန် ရည်ရွယ်ထားသူများသည် ဆောင်းတွင်းရောက် ပုစဉ်းများကဲ့သို့ တိတ်ဆိတ်သွားကြပြီး သတ္တိနည်းသူများ ဆိုလျှင် ကျိန်စာသင့်မြို့တော်နှင့် ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးချင်စိတ်ပင် ပေါက်နေကြသည်။ သို့သော် ထိုနောက်မှ နောက်ထပ် သတင်းတစ်ခု လိုက်ပါလာပြန်ရာ ထိုလူများကို စိတ်သက်သာရာ ရသွားစေသည်။
အကြောင်းမှာ ရွှယ်အန်းသည် ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားပြီးနောက် အစအနမကျန် ပျောက်ဆုံးသွားခြင်းကြောင့် ဖြစ်သည်။ ယခုအခါ လူများစွာသည် ရွှယ်အန်းမှာ မောက်မာလွန်းပြီး အန္တရာယ်များသော နေရာသို့ တစ်ကိုယ်တည်း သွားရဲသဖြင့် ယခုလို သင်ခန်းစာ ရသွားခြင်း ဖြစ်သည်ဟု တွေးကာ တိတ်တဆိတ် ဝမ်းသာနေကြသည်။
တစ်ချိန်တည်းမှာပင် ကျိန်စာသင့်မြို့တော်ရှိ လူတိုင်းလည်း ဤသတင်းကို ကြားသိလိုက်ကြသည်။ ကျိန်စာသင့် နတ်ဘုရားမ ချူရှောင်ယွင်၏ မျက်နှာ အရောင်ပြောင်းသွားသည်။
"ဘာ... အရှင်က ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲကို တစ်ယောက်တည်း ဝင်သွားတယ် ဟုတ်လား၊ ဒါ... ဒါက..."
ချူရှောင်ယွင်သည် အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေရှာသည်။ သူမသည် ဒေသခံ နတ်ဘုရားမ တစ်ပါးအနေဖြင့် ကောင်းကင်မီးတောက် ချောက်နက်ကြီး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူမ ကောင်းစွာ သိသည်။ မီးနတ်ဘုရားမျိုးနွယ်စုပင်လျှင် မဝင်မီ သေချာစွာ ပြင်ဆင်ရပြီး သို့မဟုတ်ပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ အရှင်၏ မဆင်မခြင် ဝင်ရောက်သွားမှုသည် ကံကောင်းခြင်းထက် ကံဆိုးခြင်းကိုသာ ယူဆောင်လာနိုင်ဖွယ် ရှိသည်။
ချူရှောင်ယွင်သည် အလွန်အမင်း စိုးရိမ်ပူပန်သွားပြီး အန်းယန်နှင့် ဟွီယင်တို့ထံသို့ ဤသတင်းကို ချက်ချင်း ပေးပို့လိုက်သည်။ သူမ အံ့အားသင့်ရသည်မှာ ဤသတင်းကို ကြားပြီးနောက် အန်းယန် တစ်ယောက်တည်းသာ စိုးရိမ်ပူပန်မှု ပြသခဲ့ခြင်း ဖြစ်သည်။ ကျန်သူများကမူ လုံးဝ ဂရုမစိုက်ကြဘဲ၊ အလေးအနက်ပင် မထားကြပေ။ ဟွီယင် ဆိုလျှင် ဂရုမစိုက်ဟန်ဖြင့် အန်းယန်ကို ပြောလိုက်သေးသည်။
"အစ်မယန်... တကယ်ပဲ စိတ်ပူနေစရာ မလိုပါဘူး၊ အစ်ကိုရွှယ် ဘာမှမဖြစ်ဘူးဆိုတာ ညီမရဲ့ အမြီးနဲ့ အာမခံရဲတယ်"
"ဒါပေမဲ့..."
အန်းယန်သည် စိုးရိမ်နေဆဲ ဖြစ်သည်။ ရွှယ်အန်း၏ ကြောက်မက်ဖွယ် ကျင့်ကြံမှုအဆင့်ကို သူမ သိသော်လည်း ချူရှောင်ယွင် ပြောပြသော ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အန္တရာယ်များကို ကြားလိုက်ရသောအခါ သူမ၏ နှလုံးသား တုန်လှုပ်သွားရသည်။ ဟွီယင်က ရယ်မောလိုက်သည်။
"မပူပါနဲ့ အစ်မယန်ရယ်၊ ဒီ အတွေ့အကြုံမရှိတဲ့ နတ်ဘုရားမလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊ ဘာ ကောင်းကင်မီးတောက် ချောက်နက်ကြီးလဲ... အစ်ကိုရွှယ်ရဲ့ ရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး"
ဟွီယင်၏ စကားများသည် ချူရှောင်ယွင်ကို အတွေ့အကြုံမရှိသူဟု တိုက်ရိုက်ပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် ချူရှောင်ယွင် ဘာမှ ပြန်မပြောနိုင်ပေ။ ၎သာမန် ကျင့်ကြံမှုအဆင့်သာ ရှိပြီး နတ်သမီးကဲ့သို့ လှပသော ဤမိန်းကလေးနှင့် ရင်ဆိုင်ရတိုင်း သူမ၏ သွေးစီးဆင်းမှု ရပ်တန့်မတတ် ဖိနှိပ်ခံရသလို ခံစားရကြောင်း သူမ သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ ဆိုလိုသည်မှာ ဤမိန်းကလေး၏ သွေးမျိုးဆက် စွမ်းအသည် စိတ်ကူး၍ မရနိုင်လောက်အောင် အလွန်အမင်း စွမ်းအားကြီးမားသည်ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် ဟွီယင်၏ စကားကို ကြားပြီးနောက် ချူရှောင်ယွင်သည် ခါးသီးစွာ ပြုံးလျက် ခေါင်းငုံ့နေရုံသာ တတ်နိုင်တော့သည်။ အန်းယန်၏ မျက်နှာထား အနည်းငယ် မည်းမှောင်သွားပြီး အသံကို ဆွဲ၍ ဆူပူသံလေးဖြင့် ခေါ်လိုက်သည်။
"ယင်းအာ..."
သူမ ပြောပုံဆိုပုံကို အန်းယန် မနှစ်သက်ကြောင်း ထင်ရှားသည်။ ယင်းအာက လျှာထုတ်ပြလိုက်သည်။
"ဆောရီးပါ အစ်မယန်၊ ညီမ နည်းနည်း ရိုင်းသွားတယ် ထင်တယ် ဒါပေမဲ့ တကယ်ပဲ ဟုတ်နေတာကိုး၊ အစ်ကိုရွှယ်အတွက် စိတ်ပူစရာ မလိုပါဘူး၊ သူ သေချာပေါက် အဆင်ပြေမှာပါ၊ မယုံရင် နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ကြတာပေါ့"
အန်းယန်လည်း ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
"ကောင်းပြီလေ၊ နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့၊ အဲဒီအချိန်ထိ ပြန်မလာသေးရင်တော့ ငါ သွားရှာမယ်"
ထို့နောက် အန်းယန်၏ အဖွဲ့သည် ကျိန်စာသင့်မြို့တော်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဤနေရာသို့ အာရုံစိုက်မှု ပိုမို များပြားလာပြီး လူများစွာသည် ကျိန်စာသင့်မြို့တော်၏ ကျဆုံးခန်းကို မြင်တွေ့ရန် ဝမ်းသာအားရ ပြင်ဆင်နေကြသည်။ တိတ်တဆိတ်ပင် အင်အားစု အများအပြားသည် ကျိန်စာသင့်မြို့တော်ကို လောဘတကြီး စိုက်ကြည့်နေကြပြီး တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေကြသည်။
ထိုကဲ့သို့သော အခြေအနေသည် ကျိန်စာသင့်မြို့တော် တစ်ခုလုံးကို မုန်တိုင်းကြားမှ လှေငယ်လေးကဲ့သို့ ဖြစ်စေပြီး အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိစေသည်။ အနည်းဆုံးတော့ ချူရှောင်ယွင်သည် ကြီးမားသော ဖိအားကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ သို့သော် အဖြစ်အပျက်များသည် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
နှစ်ရက်ခန့် ကြာပြီးသောအခါ...
ထိုနေ့တွင် ပုံမှန်အတိုင်း သူမသည် မြို့တော်ရှိ မျှော်စင်မြင့်ပေါ်သို့ တက်ရောက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သည်။ ထိုအချိန်တွင် အဝေးမှ ပျံသန်းလာသော အလင်းတန်း ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသဖြင့် သူမ ထိတ်လန့်သွားသည်။ ထိုအလင်းတန်းများသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် မြန်ဆန်ပြီး တစ်ခဏချင်းမှာပင် အနီးသို့ ရောက်ရှိလာကြသည်။
ထိုအခါမှသာ ချူရှောင်ယွင်သည် ထိုသူများမှာ ထျန်ကျောက် နယ်ပယ်၏ နယ်စပ်ဒေသများနှင့် ပတ်ဝန်းကျင် စကြာဝဠာမှ စွမ်းအားရှင်များ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဤအသိသည် ချူရှောင်ယွင်၏ ဆံပင်များကို ထောင်ထသွားစေသည်။
ဒီလူတွေ ဒီကို ဘာလာလုပ်ကြတာလဲ၊ ကျိန်စာသင့်မြို့တော်ကို ဝိုင်းတိုက်ဖို့ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေကြတာလား...
ထိုအတွေးနှင့်အတူ ချူရှောင်ယွင်သည် အရာအားလုံးအတွက် ချက်ချင်း ပြင်ဆင်လိုက်ပြီး သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမကို နေရာ၌ပင် ဆွံ့အလျက်သား ဖြစ်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
ထိုစွမ်းအားရှင်များသည် ကျိန်စာသင့်မြို့တော်၏ ရှေ့တွင် ရပ်တန့်လိုက်ကြပြီး ပြိုင်တူ ဦးညွှတ်ကာ အညံ့ခံကြောင်း ကြေညာလိုက်ကြသည်။ ချူရှောင်ယွင် သာမက ပွဲကြည့်ရန် ရောက်ရှိနေသူများလည်း လုံးဝ အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘာဖြစ်နေသလဲ ဆိုတာကို နားမလည်ကြသောကြောင့် ဖြစ်သည်။
သို့သော် မကြာမီ ထိုလူများ ယူဆောင်လာသော သတင်းကြောင့် သူတို့လည်း ထပ်မံ အံ့အားသင့်သွားကြသည်။
ရွှယ်အန်းသည် ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းတို့၏ ပိတ်ဆို့မှုကို တိုက်ရိုက် ဖောက်ထွက်ကာ နေကိုဝါးမြိုသေ ထျန်ကုကိုပင် မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် လက်သီးတစ်ချက်တည်းဖြင့် ပြိုင်ဘက်အားလုံးကို ချေမှုန်းပစ်ခဲ့ပြီး ယခုအခါ ထိုက်ယင် နတ်ဘုရားဂိုဏ်း၏ နယ်မြေသို့ သွားရောက်ကာ ကျိန်စာသင့်မြို့တော်သို့ မကြာမီ ပြန်ရောက်လာတော့မည် ဖြစ်သည်။
ဤသတင်းများသည် ယခင်က ရွှယ်အန်းကို လှောင်ပြောင်ခဲ့သူများ၏ ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သို့သော် ထိုလူများအတွက် ပါးရိုက်ခံရသည် ဟုတ်မဟုတ် အရေးမကြီးတော့ပေ။ ယခု အရေးကြီးသည်မှာ အကယ်၍ သူတို့ အမှားပြင်ဆင်ရန် နည်းလမ်းမရှာပါက ရွှယ်အန်း ပြန်ရောက်လာသောအခါ သူတို့၏ အသက်အန္တရာယ် ရှိလာနိုင်ခြင်း ဖြစ်သည်။
ထိုအတွေးနှင့်အတူ ထိုလူများသည် မိမိတို့၏ အင်အားစုများထံသို့ သတင်းကို အလျင်အမြန် ပေးပို့လိုက်ကြသည်။ ထို့ကြောင့် ဤသတင်းသည် ထျန်ကျောက် နယ်ပယ် တစ်ခုလုံးသို့ ကြောက်မက်ဖွယ် နှုန်းဖြင့် ပျံ့နှံ့သွားလေသည်။ လက်ဖက်ရည်တစ်အိုး ဆူပွတ်ချိန် မကြာမီတွင် အင်အားစု အားလုံးသည် ကျိန်စာသင့်မြို့တော်သို့ အသည်းအသန် ဦးတည်လာကြသဖြင့် ထျန်ကျောက် နယ်ပယ် တစ်ခုလုံး တောက်ပနေသည်ကို မြင်တွေ့နိုင်သည်။
အန်းယန်သညါ မြို့ရိုးပေါ်သို့ တက်လိုက်သောအခါ ကျိန်စာသင့်မြို့တော်၏ အပြင်ဘက်ရှိ ကွင်းပြင်တစ်ခုလုံးသည် အရပ်လေးမျက်နှာမှ ရောက်ရှိလာသော စွမ်းအားရှင်များဖြင့် ပြည့်နှက်နေလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အန်းယန် အံ့သြသွားသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး လူတွေ ဒီလောက် အများကြီး ရောက်နေရတာလဲ"
သူမဘေးမှ ဟွီယင်က ခစ်ခစ် ရယ်လိုက်သည်။
"ဘာများ ထူးဆန်းလို့လဲ၊ ဒီကောင်တွေက အစ်ကိုရွှယ် အပြစ်ပေးမှာ ကြောက်လို့ သစ္စာရှိကြောင်း လာပြကြတာလေ၊ ဟွန်း... အခြေအနေကြည့်ပြီး ပေါင်းတတ်တဲ့ ကောင်တွေ"
ဟွီယင်သည် သဘာဝကျကျပင် ဤလူများကို အထင်သေးသည်။ ထိုအချိန်တွင် ကလေးမလေး နှစ်ယောက် ရုတ်တရက် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
"ဖေဖေပဲ၊ ဖေဖေ ပြန်လာပြီ"
သူတို့က ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်ကြသည်။ ထိုအသံကို ကြားသောအခါ မြို့ရိုးပေါ်နှင့် အောက်ရှိ လူတိုင်း ပြိုင်တူ မော့ကြည့်လိုက်ကြသည်။ ထိုအချိန်၌ ညကောင်းကင်ယံတွင် တောက်ပသော လမင်းကြီး သာနေပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ ကြယ်တာရာ ပင်လယ်ကြီးသည်လည်း ကျယ်ပြောလှသည်။
ထိုမြင်ကွင်းအောက်တွင် အလင်းတန်းတစ်ခု ရုတ်တရက် ကောင်းကင်၌ ပေါ်လာသည်။ ထို့နောက် လမင်းကြီး တုန်ခါသွားပြီး ကြယ်တာရာ ပင်လယ်ကြီးသည် ထိုသူ ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အလား ဦးညွှတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် အလင်းတန်းသည် လူတိုင်း၏ ခေါင်းပေါ်သို့ ပျံသန်းရောက်ရှိလာသည်။
ရပ်တန့်လိုက်သောအခါ အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဝတ်ရုံများ လေထဲတွင် တလွင့်လွင့်ဖြင့် ကောင်းကင်ဘုံမှ ပြစ်ဒဏ်ချမှတ်၍ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေသည်။ ထို့နောက် လူငယ်သည် နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် မြို့ရိုးပေါ်ရှိ အန်းယန်ကို ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ယန်အာ... ကိုယ် ပြန်ရောက်ပြီ"
မှန်ပေသည်။ လမင်းကိုနင်းကာ ပြန်ရောက်လာသူမှာ ရွှယ်အန်းပင် ဖြစ်သည်။
အခန်း (၁၁၆၁) - မာန်မာနများ ဦးခိုက်ကြခြင်းနှင့် ကလေးမလေးများ၏ ချွဲနွဲ့တောင်းပန်မှု
ကွင်းပြင်တစ်ခုလုံး ပထမတော့ တိတ်ဆိတ်သွားပြီးနောက် ဆူညံသော အော်ဟစ်သံများဖြင့် ပွက်လောရိုက်သွားသည်။ ရေတွက်၍ မရနိုင်သော ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်များသည် ဤအခိုက်အတန့်တွင် ပြိုင်တူ ခေါင်းညွှတ်လိုက်ကြပြီး ရိုသေစွာ ရွတ်ဆိုလိုက်ကြသည်။
"အရှင်ရွှယ်အန်းကို ဂါရဝပြုပါတယ်"
ထိုအရှင် ဆိုသည်မှာ နယ်ပယ်တစ်ခုလုံးကို အမိန့်ပေး ကွပ်ကဲနိုင်သော အထွတ်အထိပ် အာဏာပိုင်တစ်ဦးကို ရိုသေလေးစားသမှုဖြင့် ခေါ်ဝေါ်သော ဘွဲ့ထူးဖြစ်သည်။ ယခုအခါ ရွှယ်အန်းသည် ဤနယ်ပယ်ရှိ ဂုဏ်သရေရှိ နတ်ဘုရားများ အားလုံးကို အောင်နိုင်ခဲ့ပြီး ပြိုင်ဘက်ကင်း အရှိန်အဝါဖြင့် ဤကမ္ဘာလောက၏ ထိပ်တန်း ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့လေသည်။ သဘာဝကျကျပင် အရှင်ဟူသော ဘွဲ့ထူးကို ပေးအပ်ရာတွင် မည်သူမျှ ကန့်ကွက်ရဲခြင်း မရှိကြပေ။
ဤကဲ့သို့ လူအုပ်ကြီး ဦးခိုက်နေသော မြင်ကွင်းကို ရေကြေးမုံ အမျိုးမျိုးမှတစ်ဆင့် လောကတစ်ဝှမ်းလုံးသို့ ထုတ်လွှင့်ပြသနေသည်။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော စွမ်းအားရှင် အားလုံး တိတ်ဆိတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံအထက် အမြင့်ဆုံးနေရာတွင် ရပ်တည်နေသော ထိုလူငယ်လေးသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူတို့ ရုတ်တရက် သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။
တစ်ချိန်တုန်းက သူပြောသော စကားတိုင်းကို လူတိုင်းက ဟာသအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဥပမာအားဖြင့် ထျန်ကျောက် နတ်ဘုရားများကို ချေမှုန်းမည်၊ သို့မဟုတ် အရပ်လေးမျက်နှာရှိ ဂုဏ်သရေရှိ ဂိုဏ်းများကို ဒူးထောက်စေမည် ဆိုသော စကားများကို ပထမဆုံး ကြားရစဉ်က မည်သူမျှ ထိုစကားများကို မယုံကြည်ခဲ့ကြပေ။
သို့သော် နောက်ပိုင်းတွင် ထိုလူငယ်လေးသည် စကားတစ်ခွန်းချင်းစီတိုင်းကို လက်တွေ့ လုပ်ပြခဲ့သည်။ သူ့ကို လှောင်ပြောင်ခဲ့သူများနှင့် ခေါင်းမာစွာ ခုခံခဲ့သူများသည် ယခုအခါ လုံးဝ ဇာတ်သိမ်းသွားကြသည်။ ဤကဲ့သို့ သိသာထင်ရှားသော ကွာခြားမှုသည် စွမ်းအားရှင် အားလုံး၏ ရင်ထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
ယခုအချိန်၌ အမောက်မာဆုံး စွမ်းအားရှင်များပင်လျှင် သူတို့၏ မာနကြီးသော ခေါင်းများကို အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးရှေ့၌ အလွန်အမင်း ရိုကျိုးစွာ ဦးညွှတ်လိုက်ရတော့သည်။
ချူရှောင်ယွင်သည် ဤမြင်ကွင်းကို ငေးမောကြည့်နေမိသည်။ ရွှယ်အန်းနှင့် အစောဆုံး ထိတွေ့ခဲ့သူ တစ်ယောက်အနေဖြင့် သူမသည် သူ၏ အမြင့်ဆုံး နေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပုံကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ယခုမှသာ ချူရှောင်ယွင် နားလည်လိုက်သည်မှာ အစမှ အဆုံးတိုင် ရွှယ်အန်းသည် မဖြစ်နိုင်သော အရာများမှ အံ့ဖွယ်အမှုများကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယခင်က သူမ သူ့ကို သံသယ ဝင်ခဲ့မိခြင်း၊ မတော်တဆမှုများ ကြုံတွေ့ရမည်ကို စိုးရိမ်ခဲ့မိခြင်းများသည် ရယ်စရာ ကောင်းလှသည်။ ထိုအချက်ကို တွေးမိရင်း ချူရှောင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအတွေးဖြင့် သူမကိုယ်ကို ချုပ်နှောင်ထားခြင်း ဆိုသည်မှာ ဘာလဲဆိုတာ သူမ နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ရွှယ်အန်းသည် မည်သည့် ထူးခြားသော အမူအရာမျှ မပြဘဲ ပေါ့ပါးစွာ ခြေလှမ်းလှမ်းလိုက်ရာ မြို့ရိုးပေါ်သို့ ရောက်ရှိသွားသည်။
သူ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် နျန်နျန်နှင့် ရှန်းရှန်းတို့ နှစ်ယောက်သည် ပျော်ရွှင်စွာ အော်ဟစ်ပြီး ပြေးလာကာ ရွှယ်အန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကြသည်။
"ဖေဖေ... ခုနက ဖေဖေ အရမ်းလန်းတာပဲ"
ရှန်းရှန်း၏ မျက်လုံးဝိုင်းကြီးများ တောက်ပနေသည်။
"ဟုတ်တယ်၊ ခုနက ကြည့်လို့ အရမ်းလန်းတာပဲ"
နျန်နျန်ကလည်း ဝင်ပြောသည်။
ဤကလေးမလေး နှစ်ယောက်သည် လန်းတယ်ဆိုတာ ဘာလဲဆိုတာ သေချာ နားမလည်ကောင်း နားမလည်နိုင်သော်လည်း သူတို့၏ မျက်လုံးထဲတွင်မူ ရွှယ်အန်း လုပ်သမျှ အရာအားလုံးသည် အလန်းဆုံးနှင့် အခမ်းနားဆုံးသာ ဖြစ်သည်။
အခြားသူများ၏ ချီးကျူးမှုကို ခံရသောအခါသို့မဟုတ် ကိုးကွယ်မှုကို ခံရသောအခါ ရွှယ်အန်းသည် ဘာမှ မခံစားရပေ။ သို့သော် သူ၏ သမီးအရင်းများထံမှ ချီးကျူးစကား ကြားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ထူးကဲစွာ တောက်ပသော အပြုံးကြီး ပေါ်လာသည်။
"ဒါပေါ့... သမီးတို့ အဖေက မလနဘဲ နေမလား"
ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
သူတို့၏ စကားပြောဆိုသံများကို ရွှယ်အန်းက လျှို့ဝှက်သိုင်းတစ်ခု သုံး၍ ဖုံးကွယ်ထားသဖြင့် မြို့ရိုးအောက်ရှိ လူများသည် မြင်ရကြားရခြင်း မရှိဘဲ မြို့ရိုးပေါ်ရှိ သူ့အနီးနားမှ လူများသာ ကြားရခြင်း ဖြစ်သည်။ အန်းယန်သည် အဆုံးတွင် စိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်နိုင်ပြီး၊ ကိုအာလာဝက်ဝံများအလား ရွှယ်အန်းကို တွယ်ကပ်ထားသော ကလေးမလေး နှစ်ယောက်ကို ကြည့်ကာ စိတ်ဆိုးချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"နင်တို့ ကောင်မလေး နှစ်ယောက် ဒီနေ့ စာကျက်ဦးမှာလား"
ထိုစကားကို ကြားသောအခါ ကလေးမလေး နှစ်ယောက် ပြိုင်တူ သက်ပြင်းချလိုက်ပြီး ကြွက်လေးများကဲ့သို့ ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ခေါင်းမြှုပ်ထားလိုက်ကြသည်။ ရှန်းရှန်းက စိတ်ပျက်လက်ပျက် တိုးတိုးလေး ပြောလိုက်သည်။
"ဖေဖေ ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ စာမကျက်ဘဲ အနားယူဖို့ ဆုံးဖြတ်လိုက်တာ"
"ဟုတ်တယ်"
နျန်နျန်က ချက်ချင်း ထောက်ခံသည်။
အန်းယန် မျက်လုံးပြူးပြလိုက်သည်။
"အနားယူမယ်၊ ငါ သဘောတူသေးလို့လား"
ရှန်းရှန်းသည် ရွှယ်အန်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာပြီး အန်းယန်ကို လျှာထုတ်ပြလိုက်ကာ ရွှင်မြူးစွာ ပြောလိုက်သည်။
"မေမေက သဘောမတူပေမဲ့ ဖေဖေက သေချာပေါက် သဘောတူမှာပဲ၊ ဟုတ်တယ်မလား ဖေဖေ"
ရှန်းရှန်းသည် မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။ ရွှယ်အန်းသည် ပြုံးရွှင်စွာ ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် အန်းယန်က နှာမှုတ်လိုက်သည်။ ရွှယ်အန်း၏ မျက်နှာပေါ်ရှိ အပြုံး တောင့်တင်းသွားသည်။
"အာ... အဲဒါက..."
အခြေအနေ မကောင်းမှန်း သိလိုက်သော ရှန်းရှန်းသည် ရွှယ်အန်း၏ မျက်နှာကို ဖက်လိုက်ပြီး ဘယ်ဘက်ပါးကို ပြွတ်ခနဲ နမ်းလိုက်သည်။ နျန်နျန်ကလည်း အားကျမခံ ရွှယ်အန်း၏ ညာဘက်ပါးကို နမ်းလိုက်သည်။ ထို့နောက် ကလေးမလေး နှစ်ယောက်သည် ချွဲနွဲ့တောင်းပန်ကြတော့သည်။
"အာ... ဖေဖေကလည်း... သမီးတို့ကို ဒီတစ်ရက်လေးပဲ နားခွင့်ပေးပါနော်... နော်လို့"
"ဟုတ်တယ် ဖေဖေ၊ သမီး အရမ်း ပင်ပန်းနေပြီ"
ကလေးမလေး နှစ်ယောက်၏ ချွဲနွဲ့မှုအောက်တွင် မျက်နှာအနှံ့ အနမ်းရာများဖြင့် ပြည့်နေသော ရွှယ်အန်းသည် ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ခေါင်းကို ဆက်တိုက် ညိတ်လိုက်တော့သည်။
"ကောင်းပြီ၊ နားကြ... သမီးတို့ သေချာပေါက် နားဖို့ လိုတာပေါ့၊ ဒီနေ့ စာမကျက်နဲ့တော့... သမီးတို့ ကြိုက်သလိုသာ ဆော့ကြ"
"တကယ်နော်"
ကလေးမလေး နှစ်ယောက်၏ မျက်လုံးများ တောက်ပသွားသည်။ ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"တကယ်ပေါ့"
"ဒါပေမဲ့ မေမေက..."
ကလေးမလေး နှစ်ယောက်က အန်းယန်ကို ခိုးကြည့်လိုက်ကြသည်။
"မပူပါနဲ့... သမီးတို့ အမေက ဖေဖေ ပြောတာကို မလွန်ဆန်ရဲပါဘူး"
ရွှယ်အန်းသည် သတ္တိရှိကာ ယောကျာ်းပီသသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ယေး..."
ကလေးမလေး နှစ်ယောက်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရွှယ်အန်း၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ ရှောင်ယွီနှင့် ဟွီယင်တို့ကို ဆွဲ၍ မှော်ရတနာအဆောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားကြသည်။
ဤကလေးမလေး နှစ်ယောက်သည် မကြာသေးမီက တိုက်ခိုက်ရေး ဂိမ်းများကို စွဲလမ်းနေကြပြီး အခွင့်အရေးရတိုင်း ဟွီယင်၊ ရှောင်ယွီတို့နှင့်အတူ မှော်ရတနာ အဆောင်တွင် ယှဉ်ပြိုင်ကစားလေ့ ရှိသည်။ ၎င်းတို့ ထွက်သွားပြီးနောက် ချူရှောင်ယွင်သည် လူအုပ်ကို ဦးဆောင်ကာ အလိုက်တသိဖြင့် အဝေးသို့ ဆုတ်ခွာသွားလိုက်သည်။ ရွှယ်အန်းကမူ အန်းယန်ကို ပြုံး၍ ကြည့်ကာ ချီးကျူးလိုက်သည်။
"ယန်အာ... ကိုယ် မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်၊ ဘာလို့ မင်းက ပိုပြီး လှလာရတာလဲ"
အန်းယန်သည် အစက တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားပြီး မရယ်မိအောင် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် သတိပေးနေခဲ့သည်။ သို့သော် ရွှယ်အန်း၏ နွေးထွေးသော အပြုံးကို မြင်လိုက်ရပြီး သူ့ထံမှ ဖျော့တော့သော ရနံ့ကို ရလိုက်သောအခါ သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သို့တိုင် သူမ၏ နောက်ဆုံး ခံတပ်ကို မစွန့်လွှတ်ဘဲ တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းရန် အံကို ကြိတ်ထားလိုက်သည်။
သို့သော် ရွှယ်အန်းကို မည်သို့ တုံ့ပြန်ရမလဲ စဉ်းစားနေစဉ်မှာပင် ရွှယ်အန်းသည် သူမအနားသို့ ရုတ်တရက် ရောက်ရှိလာပြီး၊ သူမကို ပွေ့ချီလိုက်ကာ ကပ်ဖားယပ်ဖား အပြုံးဖြင့် မြို့ထဲသို့ ပျံသန်းဝင်ရောက်သွားလေသည်။
မြို့ရိုးပေါ်နှင့် အောက်ရှိ များစွာသော စွမ်းအားရှင်များကို ပါးစပ်အဟောင်းသား ကျန်ရစ်စေခဲ့သည်။
ဒီ... ဒီအတိုင်းပဲ ထွက်သွားတာလား၊ ဒီအခွင့်အရေးကို သုံးပြီး စကားနည်းနည်းလောက် ပြောသင့်တာ မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် မျက်လုံးတွေ အားလုံးက ဒီနေရာကို စုပြုံနေတာလေ၊ ဒါက သူ့ရဲ့ အာဏာကို ပြသဖို့ အကောင်းဆုံး အချိန်ပဲ မဟုတ်လား
သို့သော် ရွှယ်အန်းသည် ဂရုမစိုက်ဘဲ သူ့မိသားစုနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သဘာဝကျကျပင် ဤအပြုအမူသည် လူများစွာကို အလွန်အမင်း အံ့အားသင့်သွားစေသည်။
ချူရှောင်ယွင်ကမူ ရွှယ်အန်း ထွက်ခွာသွားသော ပုံရိပ်ကို ခါးသီးသော အပြုံးဖြင့် ငေးကြည့်နေမိသည်။ သာမန်များ၏ အတွေးနှင့် အရှင့်ကို ဘယ်တော့မှ ခန့်မှန်းလို့ မရမှန်း သူမ အဆုံးတွင် နားလည်သွားသည်။
ဥပမာအားဖြင့် ယခု စွမ်းအားရှင် အားလုံး စုဝေးပြီး ရွှယ်အန်း၏ ညွှန်ကြားချက်ကို စောင့်မျှော်နေကြခြင်းသည် လူများစွာ အိပ်မက်မက်ကြသော အခွင့်အရေး ဖြစ်သည်။ သို့သော် ရွှယ်အန်းအတွက်မူ ထိုအရာသည် အန်းယန်၏ အပြုံးတစ်ပွင့်လောက်ပင် အရေးမပါပေ။ ထို့ကြောင့် သူ ဤမျှ ပြတ်ပြတ်သားသား ထွက်ခွာသွားခြင်း ဖြစ်သည်။
ထိုကဲ့သို့သော လုပ်ရပ်သည် လူများစွာအတွက် ရယ်စရာ ကောင်းနေပေလိမ့်မည်။ သို့သော် ရွှယ်အန်းအတွက်မူ ဤအရာသည် ကမ္ဘာပေါ်တွင် ပုံမှန်အဖြစ်ဆုံး ကိစ္စဖြစ်ကြောင်း ချူရှောင်ယွင် နားလည်သည်။
ထိုအချက်ကို တွေးမိကာ ချူရှောင်ယွင်သည် ခေါင်းငုံ့လိုက်မိသည်။ သူမ၏ နှလုံးသားထဲတွင် အန်းယန်အပေါ် အဆုံးမဲ့ အားကျမှုများ ပြည့်နှက်နေသည်။ မည်သို့ပင်ဖြစ်စေ ရွှယ်အန်းလို သူမအား တန်ဖိုးထားသည့် ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ရခြင်းမှာ မိန်းမတစ်ယောက်အတွက် အကြီးမားဆုံး ကံကောင်းခြင်းဖြစ်သည်။