← Chapters

အခန်း (၁၁၆၂-၁၁၆၄)

Vol. 78 Ch. 1162-1164

အခန်း (၁၁၆၂-၁၁၆၄)

Vol. 78 Ch. 1162-1164

အခန်း (၁၁၆၂) - ကောင်းကင်ကို ခွင်းသွားသော ဓားချက်နှင့် လေဟာနယ် ဝဲကတော့

တစ်ချိန်တည်းမှာပင် ကျိန်စာသင့်မြို့တော်ရှိ မျှော်စင်မြင့်ပေါ်၌...

အန်းယန်၏ ပါးပြင်လေးများသည် ပန်းနုရောင် သမ်းနေပြီး ရွှယ်အန်း၏ ပခုံးပေါ်တွင် မှီတွယ်ထားသည်။ ရွှယ်အန်းက သူမ၏ ရှည်လျားသော ဆံနွယ်များကို ဖြည်းညှင်းစွာ သပ်ပေးနေသည်။ လေထုသည် နွေးထွေးပြီး ချိုမြိန်နေသည်။

သို့သော် ဤငြိမ်းချမ်းသော အခိုက်အတန့်သည် ကြာရှည်မခံလိုက်ဘဲ အန်းယန်သည် ရုတ်တရက် ရွှယ်အန်း၏ လက်တစ်ဖက်ကို ဆွဲယူပြီး အားပါပါ ကိုက်လိုက်လေသည်။ ရွှယ်အန်း လန့်သွားပြီး လေပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

"ယန်အာ... ဘာလုပ်တာလဲ"

အန်းယန်က အနည်းငယ် ကျေနပ်နေသော မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။

"ဘာမှ မလုပ်ပါဘူး၊ ရုတ်တရက်ကြီး ကိုက်ချင်လာလို့လေ"

ရွှယ်အန်းသည် လက်ကောက်ဝတ်ပေါ်ရှိ ထင်ရှားသော သွားရာကို ကြည့်ကာ ရယ်မောလိုက်သည်။

"ကိုက်ချင်ရုံနဲ့ လက်ပတ်နာရီပုံ ပေါ်လာအောင် ကိုက်လိုက်တာပေါ့လေ"

အန်းယန်သည် နှုတ်ခမ်းဆူလိုက်သည်။

"အဲဒါ ခုနက နျန်နျန်နဲ့ ရှန်းရှန်း ရှေ့မှာ ကြွားခဲ့လို့လေ၊ နောက်တစ်ခါဆိုရင် နာရီကြိုးပါ ပေါ်လာအောင် ကိုက်ပစ်မယ်... မှတ်ထား"

ရွှယ်အန်းသည် ကြောင်အမ်းသွားသည်။

"ကြွားတယ် ဟုတ်လား၊ ကိုယ်က ဘာကြွားလို့လဲ"

အန်းယန်သည် မျက်စောင်းထိုးလိုက်သည်။

"ရှင် ပြောတာကို ကျွန်မက မလွန်ဆန်ရဲဘူးလို့ ပြောခဲ့တယ်မလား၊ အဲဒါ ကြွားတာ မဟုတ်လို့ ဘာလဲ"

ထိုအခါမှ ရွှယ်အန်း သဘောပေါက်သွားပြီး ရယ်မောလိုက်သည်။

"ဪ... အဲဒီကိစ္စလေးလား"

အန်းယန်က မကျေမနပ်ဖြင့် ခေါင်းညိတ်သည်။

"အဲဒါက မလုံလောက်လို့လား"

ရွှယ်အန်းက တဟားဟား ရယ်မောလိုက်ပြီး အန်းယန်၏ ဖောင်းနေသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်သည်။ သူသည် ချောမွေ့သော အထိအတွေ့ကို ခံစားရင်း သူက ပြောလိုက်သည်။

"ကောင်းပါပြီ၊ နောက်ဆို ကိုယ် အဲဒီလို မပြောတော့ပါဘူး၊ ဒီနေ့ကစပြီး ကိုယ့်မိန်းမ ပြောသမျှ အကုန်မှန်တယ်၊ တကယ်လို့ မှားနေခဲ့ရင်တောင်... တစ်ကမ္ဘာလုံးက မှားနေလို့သာ ဖြစ်ရမယ်၊ ဘယ်လိုလဲ"

အန်းယန် ခဏတာ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စိတ်ဆိုးသံဖြင့် ပြောလိုက်သည်။

"ရှင် ဆိုလိုတာက ကျွန်မက အကျိုးအကြောင်း မညီညွတ်ဘူးလို့ ပြောချင်တာမလား"

ရွှယ်အန်းသည် အားရပါးရ ရယ်မောလိုက်သည်။

"ကိုယ် အဲဒီလို မပြောပါဘူး၊ ဒါပေမဲ့ ယန်အာ... မင်းက ဘယ်တုန်းက ဒီလောက် ပါးနပ်သွားတာလဲ"

"လူယုတ်မာကြီး၊ ရှင်သာ ပိုပြီး ပါးနပ်လာတာ၊ ကျွန်မက အရင်ကတည်းက ပါးနပ်ပြီးသားပဲ၊ ရှင် ပြောပုံကြည့်ရတာ ကျွန်မက အရင်တုန်းက တုံးအတယ် ဆိုတဲ့ ပုံစံမျိုး ပေါက်နေပြီ"

အန်းယန်သည် ရွှယ်အန်းကို ဆူပူရန် ပြင်လိုက်သည်။ သို့သော် ပြောနေရာမှ သူမကိုယ်တိုင် မထိန်းနိုင်ဘဲ ဦးစွာ ရယ်မောမိလိုက်သည်။ ထိုအရာကို မြင်သောအခါ ရွှယ်အန်းက ပို၍ပင် ရယ်မောလိုက်သည်။ အန်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်သည်။

"စိတ်တိုစရာ ကောင်းလိုက်တာ၊ ရှင်နဲ့ကျမှ ကျွန်မ ဘာလို့ စိတ်ဆိုးလို့ မရတာလဲ မသိဘူး"

ထိုအခါ ရွှယ်အန်းသည် ရယ်မောကာ အန်းယန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ ပုတ်ပေးလိုက်သည်။

"ကဲပါ... တော်ပါတော့၊ ကိုယ် သိပါတယ်... နျန်နျန်နဲ့ ရှန်းရှန်း ရှေ့မှာ မင်း မျက်နှာပျက်မှာ စိုးလို့မလား၊ နောက်ဆို ကိုယ် ပိုသတိထားပါ့မယ်"

အန်းယန်သည် ဒေါသထွက်နေရာမှ ချက်ချင်း ဝမ်းသာသွားပြီး ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ မှီတွယ်လိုက်ကာ တိုးတိုးလေး ပြန်ဖြေသည်။

"အွန်း"

ထို့နောက် တိတ်ဆိတ်မှုများ တစ်ခဏ ဖြတ်သန်းသွားသည်။ ရွှယ်အန်းနှင့် အန်းယန်တို့သည် ဤရှားပါးသော ငြိမ်းချမ်းသည့် အချိန်လေးကို ခံစားနေကြသည်။ ထို့နောက် အန်းယန်က ခပ်တိုးတိုးလေး မေးလိုက်သည်။

"ယောကျာ်း... ကျွန်မတို့ ဘယ်တော့လောက် ပြန်ထွက်ခွာဖို့ စိတ်ကူးထားလဲ"

ရွှယ်အန်းက အန်းယန်ကို ငုံ့ကြည့်လိုက်ပြီး ခဏအကြာမှ ပြုံး၍ မေးလိုက်သည်။

"ထွက်ခွာရမယ့်အချိန် ရောက်ပြီဆိုတာ မင်း ဘယ်လိုသိလဲ"

အန်းယန်က ပုံမှန်ကိစ္စတစ်ခုလို ပြန်ဖြေသည်။

"ဒီမှာ လုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ သဘာဝကျကျ ထွက်ခွာရတော့မှာပေါ့၊ ကျွန်မတို့ အမြဲတမ်း ဒီလိုပဲ လုပ်လာတာ မဟုတ်ဘူးလား"

ရွှယ်အန်းသည် သူမကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ရုတ်တရက် ငုံ့၍ သူမ၏ နဖူးကို နမ်းလိုက်သည်။ ထို့နောက် နှမြောတသစွာဖြင့် ပြောလိုက်သည်။

"ယန်အာ... ကိုယ်နဲ့အတူ နေရာအနှံ့ လိုက်ပြီး သွားနေရတာ၊ မင်း တော်တော် ပင်ပန်းနေမှာပဲ"

အန်းယန်မှာ တောင့်တင်းသွားပြီးနောက် ရွှယ်အန်း၏ ခါးကို ဖက်ကာ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"မပင်ပန်းပါဘူး၊ ရှင်နဲ့ အတူရှိနေရသရွေ့... ဘယ်နေရာကိုပဲ သွားသွား၊ ဘယ်လောက်ပဲ ဝေးဝေး... ကျွန်မ ဘယ်တော့မှ ပင်ပန်းတယ်လို့ မခံစားရပါဘူး"

ရွှယ်အန်း၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု စီးဆင်းသွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"မနက်ဖြန် ထွက်ခွာဖို့ ကိုယ် စိတ်ကူးထားတယ်"

"အဲဒီလောက် မြန်မြန်ကြီးလား"

အန်းယန် အံ့သြသွားသည်။ ပုံမှန်အားဖြင့် ကမ္ဘာတစ်ခုရှိ ကိစ္စများကို ဖြေရှင်းပြီးလျှင် ရက်အနည်းငယ် နားပြီးမှ ထွက်ခွာလေ့ရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင် ရွှယ်အန်းက ချက်ချင်း ထွက်ခွာလိုသဖြင့် အန်းယန် အံ့သြသွားခြင်း ဖြစ်သည်။

ရွှယ်အန်း ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းမော့ကာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်သည် ညအမှောင်ထု အလွှာများကို ဖောက်ထွင်း၍ မသိနိုင်သော အဝေးတစ်နေရာသို့ ငေးကြည့်လိုက်ပြီးနောက် ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒီကိစ္စက အရင်ကနဲ့ မတူဘူး၊ အရှင်သခင်လီဟန်ရဲ့ လက်ထဲမှာ လူသားဟွာမျိုးနွယ်စု နတ်ဘုရားတွေ ရှိနေနိုင်ခြေ အရမ်းများတယ်၊ ဒါကြောင့် အမြန်ဆုံး ထွက်ခွာပြီး သူတို့ကို ကယ်ထုတ်ဖို့ နည်းလမ်းရှာရမယ်"

ရွှယ်အန်း၏ စကားကို ကြားသောအခါ အန်းယန်သည်လည်း လေးနက်သွားပြီး ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ရွှယ်အန်းသည် အဆင့်မြင့် နတ်ဘုရားနယ်ပယ်သို့ ထွက်ခွာတော့မည် ဆိုသည်ကို ကြားလိုက်ရသောအခါ ချူရှောင်ယွင် ဆွံ့အသွားသည်။

"အရှင်... အရှင်က တကယ်ပဲ အခု ထွက်ခွာဖို့ ရည်ရွယ်ထားတာလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အချိန်ဆွဲလို့ မရတော့ဘူး၊ မနက်ဖြန် သွားရမယ်"

"ဒါပေမဲ့..."

ချူရှောင်ယွင်သည် စိုးရိမ်ပူပန်သွားသည်။ ရွှယ်အန်း၏ အရည်အချင်းကို သူမ သံသယရှိခြင်း မဟုတ်ပေ။ သို့သော် နတ်ဘုရားနယ်ပယ်မှ လာသူတစ်ယောက် အနေဖြင့် အဆင့်မြင့် နတ်ဘုရားနယ်ပယ် ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း သူမ ကောင်းစွာ သိသည်။

သူမ၏ အမြင်တွင် ရွှယ်အန်းသည် အဆင့်မြင့် နတ်ဘုရားနယ်ပယ်မှ အရှင်သခင်လီဟန်ကဲ့သို့သော ထိပ်တန်း နတ်ဘုရားတစ်ပါးကို ရင်ဆိုင်မည် ဆိုပါက လုံလောက်သော ပြင်ဆင်မှုများ ဦးစွာ ပြုလုပ်သင့်သည်။ ဥပမာအားဖြင့် ထျန်ကျောက် နယ်ပယ် တစ်ခုလုံးနှင့် ပတ်ဝန်းကျင် စကြာဝဠာမှ အင်အားစုများကို စုစည်းပြီး ကြောက်မက်ဖွယ် တပ်မတော်ကြီးတစ်ခု ဖွဲ့စည်းကာ သေချာသော အစီအစဉ်ဖြင့် အဆင့်မြင့် နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ခြင်းမျိုး ဖြစ်သည်။ ထိုအရာက အသေချာဆုံးနှင့် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

သို့သော် ရွှယ်အန်းက မနက်ဖြန် ထွက်ခွာရန် စီစဉ်နေခြင်းသည် ချူရှောင်ယွင်ကို လုံးဝ အံ့အားသင့်သွားစေသည်။ ရွှယ်အန်းသည် ချူရှောင်ယွင်၏ အတွေးများကို သဘာဝကျကျပင် မြင်နေရသော်လည်း သူက ပြုံး၍ ပြောလိုက်သည်။

"ဒါပေမဲ့ ဆိုတာ မရှိဘူး၊ အခု မင်းက ဒီကျိန်စာသင့် နတ်ဘုရားရာထူးနဲ့ အပြည့်အဝ ပေါင်းစပ်ပြီးသွားပြီ ဆိုတော့ မင်းရဲ့ စွမ်းအားက ဒီနယ်ပယ်ကို ထိန်းချုပ်ထားဖို့ လုံလောက်နေပြီ၊ အဆင့်မြင့် နတ်ဘုရားနယ်ပယ် အတွက်ကတော့... လောလောဆယ် မင်းရဲ့ အကူအညီ မလိုသေးဘူး"

ချူရှောင်ယွင်သည် ရွှယ်အန်းကို ကြောင်ငေးကြည့်နေပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

အရှငိက အဆင့်မြင့် နတ်ဘုရားနယ်ပယ်ကို တစ်ယောက်တည်း သွားရင်ဆိုင်မှာလား၊ အရှင့်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ...

ချူရှောင်ယွင်သည် ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။

"နေဦး"

ရွှယ်အန်း သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"အရှင်... ဘာကိစ္စ ရှိသေးလို့လဲ"

ချူရှောင်ယွင်သည် ချက်ချင်း ရပ်တန့်လိုက်ပြီး ရိုသေစွာ မေးလိုက်သည်။ ရွှယ်အန်းက ခဏမျှ စဉ်းစားလိုက်သည်။

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ မင်းက အခု ဒီနယ်ပယ်ကို အုပ်ချုပ်နေပြီ ဆိုတော့... နတ်ဘုရားအမျက် ပင်လယ်ကိစ္စကို သေချာ ဖြေရှင်းဖို့ မမေ့နဲ့ဦး"

ချူရှောင်ယွင်သည် လေးစားစွာ ဦးညွှတ်လိုက်သည်။

"နားလည်ပါပြီ"

"သွားတော့"

ရွှယ်အန်းက လက်ဝှေ့ယမ်းလိုက်သည်။ ချူရှောင်ယွင်သည် လှည့်ထွက်သွားပြီး မျှော်စင်ပေါ်မှ ဆင်းသွားသည်။

သို့သော် သူမ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူမ၏ အနောက်ဘက်မှ အလွန်အမင်း ကြီးမားသော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ချူရှောင်ယွင် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ပြီး မော့ကြည့်လိုက်သည်။

ထိုအချိန်၌ မျှော်စင်ထိပ်မှ တောက်ပသော ဓားအလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ကောင်းကင်ယံကို ထိုးဖောက်ကာ ကောင်းကင်ပြင်ကြီးတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ မကြာမီ ကြီးမားသော လေဟာနယ် ဝဲကတော့ကြီးတစ်ခုမှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာသည်။

ဤကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေသော မြင်ကွင်းသည် သဘာဝကျကျပင် ရေတွက်၍ မရနိုင်သော လူများ၏ အာရုံကို ဖမ်းစားလိုက်သည်။ ထိုအချိန်တွင် ပုံရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ရွှယ်အန်းသည် လေဟာနယ် ဝဲကတော့ကြီး ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွှယ်အန်းသည် သူ့ခြေအောက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးပြကာ လေဟာနယ် ဝဲကတော့ကြီးထဲသို့ ခြေလှမ်းဝင်ရောက်လိုက်သည်။

ဝုန်း

သူ၏ ပုံရိပ်သည် အချိန်နှင့် လေဟာနယ်၏ ဖရိုဖရဲ အခြေအနေထဲတွင် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကြီးမားသော အပေါက်ကြီးသည် ချက်ချင်း ပြန်လည် ပိတ်သွားလေသည်။ ယခင်က လှုပ်ရှားနေသော လေနှင့် တိမ်တိုက်များသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ကောင်းကင်ကြီးသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

လူများသည် ကြောင်ငေးကြည့်နေကြပြီး စကားမပြောနိုင် ဖြစ်နေကြသည်။ ချူရှောင်ယွင် တစ်ယောက်တည်းသာ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရှင်... ဘေးကင်းစွာ သွားရောက်ပြီး... ဘေးကင်းစွာ ပြန်လာနိုင်ပါစေ”

အခန်း (၁၁၆၃) - လီဟန်ကောင်းကင်ဘုံအောက်၊ နတ်ဘုရားအကျဉ်းထောင်အတွင်း

လီဟန်ကောင်းကင်ဘုံ...

နတ်ဘုရားနယ်ပယ်၏ အမြင့်ဆုံး ကောင်းကင်ဘုံ ဖြစ်သည့်အလျောက် ဤနေရာ၌ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး ကောင်းကင်တာအို နီယာမများ ပြည့်စုံခိုင်မာမှုသည်မှာ ကြောက်မက်ဖွယ် အဆင့်ထိ ရောက်ရှိနေသည်။ ထို့ကြောင့် ဤနေရာတွင် နေထိုင်သူများသည် နတ်ဘုရားနယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။ သို့သော် မည်မျှပင် စွမ်းအားကြီးသော နတ်ဘုရား ဖြစ်ပါစေ လီဟန်ကောင်းကင်ဘုံ၏ အလယ်ဗဟိုရှိ နတ်ဘုရားကျောင်းတော်ကိုမူ လေးစားမှု ပြသရစမြဲဖြစ်သည်။

အကြောင်းမှာ အထဲတွင် နေထိုင်သူသည် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံး၏ အစွမ်းထက်ဆုံး အုပ်ချုပ်သူ အရှင်သခင်လီဟန်ဖြစ်သောကြောင့်ဖြစခသည်။

ဤအခိုက်အတန့်တွင် အလွန် ခမ်းနားထည်ဝါလှသော နတ်ဘုရားကျောင်းတော်ကြီးအတွင်း၌ ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အရှင်သခင်လီဟန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်သော အလင်းတန်းနှစ်ခုသည် လေဟာနယ်ကို ထိုးဖောက်သွားပြီး သူ့ရှေ့ရှိ ဆွေးမြေ့နေသော အရာများကို အပျက်အစီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သကဲ့သို့ လမ်းကြောင်းနှစ်ခု ဖြစ်ပေါ်သွားစေသည်။ ထိုအလင်းတန်းများ ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်တွင် နန်းတွင်းအပျိုတော် နှစ်ဦး မတော်တဆ ရပ်နေမိလျက်သား ဖြစ်သွားသည်။ ၎င်းတို့သည် အပျိုတော်များ ဖြစ်ကြသော်လည်း သူမတို့နှစ်ဦးစလုံးသည် မနိမ့်ကျသော ကျင့်ကြံမှုအဆင့်များကို ပိုင်ဆိုင်ထားကြသည်။

သို့သော် အရှင်သခင်လီဟန်၏ အကြည့်အောက်တွင် ထိုမိန်းကလေးနှစ်ယောက်သည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အစအနမကျန် ပျောက်ကွယ်သွားရလေသည်။

ဤမြင်ကွင်းကြောင့် ခန်းမဆောင်ကြီးထဲရှိ အစေခံအားလုံးသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး မြေပြင်ပေါ် ဒူးထောက်ကာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေကြတော့သည်။ စကားတစ်ခွန်းမျှပင် မဟရဲကြပေ။

ထိုအခါမှသာ အရှင်သခင်လီဟန်သည် သူ့ မျက်လုံးထဲမှ အလင်းရောင်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း သူ၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေဆဲ ဖြစ်သည်။ ထို့အပြင် သတိထားမိရန် ခက်ခဲသော စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။ ဟုတ်သည်။ စိုးရိမ်ပူပန်မှုပင်ဖြစ်သည်။

အကယ်၍ အခြားသော နတ်ဘုရားများသာ ရှိနေခဲ့လျှင် ဤမြင်ကွင်းကြောင့် သေချာပေါက် တုန်လှုပ်သွားကြပေလိမ့်မည်။ အရှင်သခင်လီဟန် ဆိုသည်မှာ နတ်ဘုရားနယ်ပယ်တွင် နံပါတ်တစ် နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရပြီး အဆင့်မြင့် နတ်ဘုရားနယ်ပယ်ဖြစ်သော လီဟန်ကောင်းကင်ဘုံကို နှစ်ပေါင်းသောင်းချီ အုပ်ချုပ်လာခဲ့သူ ဖြစ်သည်။ သူ၏ အင်အားသည် ခန့်မှန်း၍ မရနိုင်သလို သူ၏ အာဏာသည် ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလှရာ လူတိုင်းကို ကြောက်ရွံ့စေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ယခုအချိန်တွင် ထိတ်လန့်မှု အရိပ်အယောင် ပြသနေသည်တဲ့လား။

သူ့ကို ဤမျှအထိ တည်ငြိမ်မှု ပျက်ပြားသွားစေသော အရာက ဘာများလဲ။

သေချာသည်မှာ ခန်းမဆောင်ကြီးထဲရှိ အစေခံ မည်သူမျှ ဤအရာကို သတိမထားမိကြပေ။ ထိုအချိန်တွင် အရှင်သခင်လီဟန်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အသံနိမ့်ဖြင့် ပြောလိုက်သည်။

"မင်းတို့အားလုံး ခဏ ထွက်သွားကြ"

သူ့အသံသည် မကျယ်လောင်သော်လည်း အလွန် ကျယ်ဝန်းသော နတ်ဘုရားကျောင်းတော် ခန်းမဆောင်ကြီးထဲတွင် အာဏာပြင်းထန်လှသည်။ အစေခံအားလုံး တုန်လှုပ်သွားကြပြီး ခေါင်းများကို နက်ရှိုင်းစွာ ငုံ့လျက် ဖြည်းညှင်းစွာ ဆုတ်ခွာသွားကြသည်။

ကျယ်ပြောသော ခန်းမဆောင်ကြီးထဲတွင် အရှင်သခင်လီဟန် တစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နှလုံးသား အနည်းငယ် တုန်ခါသွားကာ သူ ခံစားလိုက်ရသော နိမိတ်ပုံရိပ်များကို ပြန်လည် တွေးတောနေမိသည်။ ထိပ်တန်း နတ်ဘုရားတစ်ပါး အနေဖြင့် အရှင်သခင်လီဟန်၏ အင်အားသည် သံသယဖြစ်စရာ မလိုအောင် စွမ်းအားကြီးမားလှသည်။ သူ ကျင့်ကြံနေစဉ် သူ၏ စိတ်ဝိဉာဉ်စွမ်းအားသည် ဤနယ်ပယ်ကို ဖြတ်သန်းသွားလာနိုင်ပြီး အတိတ်နှင့် အနာဂတ် ကံကြမ္မာ အခွင့်အလမ်းများကိုပင် တစေ့တစောင်း မြင်တွေ့နိုင်သည်။

သို့သော် ထိုအကြောင်းရင်းကြောင့်ပင် လွန်ခဲ့သော ခဏက သူသည် ပြင်းထန်သော ထိတ်လန့်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ ထိုခံစားမှုသည် ရုတ်တရက် ဆန်လွန်းပြီး ပြင်းထန်လွန်းလှသဖြင့် ရေလှိုင်းလုံးကြီးကဲ့သို့ ဝင်ရောက်လာကာ အရှင်သခင်လီဟန်၏ ငြိမ်းချမ်းနေသော ကျင့်ကြံခြင်း

အခြေအနေကို ရိုက်ချိုးပစ်လိုက်သည်။ ထို့ကြောင့်လည်း အချိန်ကြာမြင့်စွာ တရားမှတ်နေသင့်သော အရှင်သခင်လီဟန်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရခြင်း ဖြစ်သည်။

ခုနက ခံစားချက်က ဘာလဲ၊ ဘာကြောင့် ငါ့လိုလူကိုတောင် ကြောက်ရွံ့သွားစေတာလဲ...

အရှင်သခင်လီဟန်၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးနေသည်။ သူ ပို၍ တွေးလေလေ သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် သံသယများ ပိုမို ပြည့်နှက်လာလေ ဖြစ်သည်။ သို့သော် သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ ဤခံစားချက်သည် အခြေအမြစ်မရှိ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်းနှင့် တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့် နိမိတ်လက္ခဏာဖြစ်ကြောင်း သူ သိနေသည်။ ထိုအရာကြောင့် သူ ပိုပြီး ဂနာမငြိမ် ဖြစ်လေသည်။

ဒါ... အဲဒီကိစ္စနဲ့များ ပတ်သက်နေမလား...

အရှင်သခင်လီဟန်၏ ခေါင်းထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့သော အတွေးတစ်ခု ဝင်ရောက်လာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည်။ ဤအတွေး ဝင်လာသည်နှင့် အရှင်သခင်လီဟန်သည် ဆက်လက် ထိုင်မနေနိုင်တော့ဘဲ သူ၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားကာ ခန်းမဆောင်ကြီးထဲမှ ပျောက်ကွယ်သွားလေသည်။

အရာရာတွင် ယင်နှင့် ယန် ဒွန်တွဲနေသကဲ့သို့ပင် အပေါ်ယံကြည့်လျှင် ခမ်းနားထည်ဝါသော လီဟန်ကောင်းကင်ဘုံတွင် နေရောင်ခြည်မရရှိသော မှောင်မိုက်သည့် နေရာတစ်ခု ရှိလေသည်။

ထိုနေရာကို ထာဝရ အမည်းရောင် မြူခိုးများ ဖုံးလွှမ်းထားပြီး မြေပြင်သည် လွှသွားများကဲ့သို့ မညီညာသော ကျောက်ဆောင်များနှင့် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအက်ကွဲကြောင်းများထဲမှ အမည်းရောင် မီးခိုးငွေ့များ စိမ့်ထွက်နေပြီး သွေးစွန်းနေသော သွားများဖြင့် ပါးစပ်ဟထားသည့် သားရဲများကဲ့သို့ ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ တခါတရံ အရိုးများကို ဆွေးမြေ့စေပြီး ဝိညာဉ်များကို ပျက်စီးစေနိုင်သော ကြောက်မက်ဖွယ် မိုးမည်းများ ကောင်းကင်မှ ရွာသွန်းလေ့ရှိပြီး ဤကမ္ဘာရှိ သက်ရှိစွမ်းအားမှန်သမျှကို ညှစ်ကာ သတ်ဖြတ်လေ့ရှိသည်။

ထိုကဲ့သို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ရှုပ်ထွေးနေသော တောင်ကုန်းများကြား၌ အရိုးစုပုံများကို တွေ့မြင်နိုင်သည်။ ထိုအရိုးများသည် အလွန် ကြီးမားကြပြီး သံကြိုးများသည် သူတို့၏ လည်ပင်း သို့မဟုတ် ပခုံးများကို ဖောက်ထွင်းကာ မြဲမြံစွာ ချည်နှောင်ထားသည်။ ထိုသို့ ချည်နှောင်ခံထားရသော်လည်း သေဆုံးခါနီးအချိန်၌ ထိုအရိုးစုများသည် ထူးဆန်းသော ကိုယ်ဟန်အနေအထားများဖြင့် ကောင်းကင်ကို ညွှန်ပြနေကြသည်။ သေဆုံးသည့်တိုင် အရှုံးမပေးလိုသော ဝိညာဉ်များက ကောင်းကင်ယံသို့ နောက်ဆုံးအကြိမ် ဟိန်းဟောက်နေသည့်အလားထင်ရသည်။

ဤနေရာသည် လီဟန်ကောင်းကင်ဘုံ၏ အလျှို့ဝှက်ဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံး နေရာဖြစ်သည့် နတ်ဘုရားအကျဉ်းထောင်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အမည်းရောင် မြူခိုးများ လှုပ်ရှားသွားပြီး တစ်ခဏအတွင်းမှာပင် ပုံရိပ်တစ်ခု ဆင်းသက်လာကာ နတ်ဘုရားအကျဉ်းထောင်၏ အလယ်ဗဟိုရှိ ထူးဆန်းသော တောင်ထိပ်ပေါ်သို့ ကျရောက်သွားသည်။

ဤသည်မှာ အရှင်သခင်လီဟန် ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို အေးစက်သော မျက်နှာထားဖြင့် ကြည့်ရှုပြီးနောက် သူ၏ လက်များဖြင့် ရှုပ်ထွေးနက်နဲသော တံဆိပ်များကို စတင် ပုံဖော်လိုက်သည်။ လက်ဟန်တစ်ခု လုပ်လိုက်တိုင်း တောင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး အရှင်သခင်လီဟန်၏ မျက်နှာထားမှာ ပိုမို လေးနက်လာသည်။

၎င်းအှာ တစ်စုံတစ်ခုကို သော့ဖွင့်နေသည့်အလားပင် သူ့ကဲ့သို့ စွမ်းအားရှင်တစ်ဦးသည် ဤမျှ လေးနက်စွာ တံဆိပ်လက်ဟန်များ ဖော်နေရသည် ဆိုကတည်းက ဤအရာသည် သာမန်ကိစ္စ မဟုတ်ကြောင်း ထင်ရှားသည်။

ခဏအကြာတွင် တောင်ကြီး တစ်ခုလုံးသည် မိုးကြိုးပစ်သံကဲ့သို့ အသံမြည်လျက် အလယ်မှ ကွဲအက်သွားပြီး ပျံ့လွင့်နေသော မြူမည်းများကြားတွင် နက်ရှိုင်း၍ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ထိုလမ်းကြောင်းကို မြင်လိုက်ရသောအခါ အရှင်သခင်လီဟန်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။ ဤထဲတွင် ကြောက်ရွံ့ခြင်း၊ နာကြည်းခြင်းအပြင် ပိုမို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

လမ်းကြောင်းသည် သိပ်မရှည်လျားသော်လည်း အရှင်သခင်လီဟန်သည် အလွန် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ ထို့အပြင် မည်သည့်အချိန်က ထုတ်လိုက်မှန်း မသိသော မီးအိမ်တစ်ခု သူ၏ လက်ထဲတွင် ပေါ်နေသည်။ မီးအိမ်သည် လိမ္မော်နီရောင် အလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင် အမှောင်ထုကို ဖယ်ရှားပေးနေသည်။

အဆုံးတွင် လမ်းဆုံးသို့ ရောက်သောအခါ ရေပြင်ကဲ့သို့ ဂယက်ထနေသော အမည်းရောင် အလင်းလွှာတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ အရှင်သခင်လီဟန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အထဲသို့ ခြေလှမ်း ဝင်ရောက်လိုက်သည်။ အလင်းရောင်ကို ဖြတ်သန်းသွားသောအခါ မြင်ကွင်းသည် ရုတ်တရက် ရှင်းလင်းသွားသည်။

သူ့ရှေ့တွင် ကျယ်ပြောလှသော မြေရိုင်းပြင်ကြီးတစ်ခု ပေါ်လာသည်။ နေမင်း မရှိ၊ လေတိုက်သံပင် မရှိသည့်အပြင် အသက်ရှူကျပ်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေမှုသာ ရှိသည်။

ထိုကဲ့သို့သော ပတ်ဝန်းကျင်၏ အလယ်ဗဟိုတွင် မိုးမျှော်တိုက်ကဲ့သို့ မြင့်မားသော အနက်ရောင် မျှော်စင်ကြီး တစ်ဒါဇင်ကျော် တည်ရှိနေသည်။ အမည်မသိ သတ္တုဖြင့် ပြုလုပ်ထားသော ထိုမျှော်စင်များသည် နက်မှောင်နေပြီး အလွန် ခမ်းနားထည်ဝါသည်။ ထိုမျှော်စင်များ၏ ထိပ်မှ ဧရာမ သံကြိုးများစွာ ချိတ်ဆက်ထားသည်။ ပင့်ကူအိမ်ကဲ့သို့ ထိုသံကြိုးများသည် အလယ်ဗဟိုသို့ စုဆုံနေကြသည်။

အလယ်ဗဟိုတွင် ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းလျက် ခေါင်းငုံ့ထားသော အမျိုးသားတစ်ဦး ရှိနေသည်။ ထိုအမျိုးသားသည် အရပ်ရှည်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေပြီး အချို့ဒဏ်ရာများမှာ အရိုးပေါ်သည်အထိ နက်ရှိုင်းလှသည်။ သို့သော် ယခုအချိန်တွင် ထိုဒဏ်ရာများမှ သွေးထွက်ခြင်း မရှိတော့ဘဲ ခြောက်သွေ့နေသော နှုတ်ခမ်းများကဲ့သို့ ပွင့်ဟနေကြရာ တည့်တည့်ကြည့်ရန်ပင် ခက်ခဲလှသည်။

ထိုတင်မကသေးပဲ သံကြိုးများ၏ အဆုံးသတ်များသည် အမည်းရောင် ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို အထပ်ထပ် ရစ်ပတ်ထားကာ သူ့ကို လုံးဝ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသည်။ အရာအားလုံးမှာ ပုံမှန်အတိုင်း ရှိနေသည်ကို မြင်လိုက်ရမှ အရှင်သခင်လီဟန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မျှော်စင်သံကြိုးတောအုပ်၏ ရှေ့သို့ ရောက်ရှိသွားသည်။

ထို့နောက် အရှင်သခင်လီဟန်က ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နေသော အသံဖြင့် ရယ်မောလိုက်သည်။

"ကွမ်ခွန်အားလန်... မတွေ့တာ ကြာပြီပဲ"

တိတ်ဆိတ်မှုများ တစ်ခဏ ကြာပြီးနောက် ရုတ်တရက်ပင် သံကြိုးများ စတင် လှုပ်ရှားလာပြီး ထိုအမျိုးသားသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။ သူ၏ မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ချောမောခန့်ညားသော်လည်း အေးစက်ပြီး ဂရုမစိုက်သော အမူအရာ ရှိနေသည်။

ထို့အပြင် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက်မျက်လုံး တစ်လုံး ရှိနေသည်။

အခန်း (၁၁၆၄) - ကွမ်ခွန်အားလန် နှင့် ရှောင်ထျန် နတ်ဘုရားခွေး

ပြင်းထန်စွာ ဒဏ်ရာရထားပြီး လေးလံသော သံကြိုးများဖြင့် ချည်နှောင်ခံထားရသော်လည်း ထိုအမျိုးသား၏ မျက်လုံးများသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် တည်ငြိမ်နေသည်။ ၎င်းသည် မည်သည့် စိတ်လှုပ်ရှားမှု အတက်အကျမျှ မရှိဘဲ သန့်စင်နေသော တည်ငြိမ်မှုမျိုး ဖြစ်သည်။

ထိုမျက်လုံးများ၏ အကြည့်အောက်တွင် မူလက ကျေနပ်အားရနေသော အရှင်သခင်လီဟန်သည် အလိုအလျောက် တုန်ယင်သွားပြီး ခြေတစ်လှမ်းဝက်ခန့် နောက်ဆုတ်လိုက်မိသည်။

"မင်း ကြောက်နေတာပဲ"

ထိုအမျိုးသားက ရုတ်တရက် ပြောလိုက်သည်။ သူ၏ အသံသည် ဂရုမစိုက်ဟန် ဖြစ်နေသော်လည်း လှောင်ပြောင်မှု အရိပ်အယောင်များ ပါဝင်နေသည်။ အရှင်သခင်လီဟန်၏ မျက်နှာထား မည်းမှောင်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"ကြောက်တယ်၊ ရယ်စရာပဲ... ငါက တန်ခိုးကြီးတဲ့ ကောင်းကင်အရှင်သခင်လေ၊ ငါက ဘာကို ကြောက်ရမှာလဲ၊ မင်းကသာ ကြောက်သင့်တာ"

အရှင်သခင်လီဟန်သည် ယန်ကျန်းကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

"ယန်ကျန်း... ဒီလောက် ကာလကြာရှည် အထီးကျန်မှုကို ရူးသွပ်မသွားဘဲ သည်းခံနိုင်တာ တကယ်ကို လေးစားစရာ ကောင်းတာပဲ"

သို့သော် ယန်ကျန်းသည် သူ၏ စကားများထဲရှိ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ဆက်လက် ကြည့်နေသည်။ ခဏအကြာမှ သူ၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

"ငါ ခံစားလို့ ရတယ်၊ မင်း တကယ် ကြောက်နေတာပဲ"

ထိုစကားကို ကြားသောအခါ အရှင်သခင်လီဟန်၏ မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် မိုးမျှော်တိုက်ကဲ့သို့ မြင့်မားသော မျှော်စင်များပေါ်တွင် ရွှေရောင် သင်္ကေတများ ပေါ်လာပြီး ကြီးမားသော သံကြိုးများသည် ကျွီကျွီမြည်လျက် စတင် လည်ပတ်လာသည်။

တစ်ခဏအတွင်းမှာပင် သံကြိုးများသည် တင်းကြပ်သွားပြီး ယန်ကျန်း၏ ခြေလက်များကို ဆွဲဆန့်လိုက်ကာ တစ်စထက်တစ်စ ပိုမို လည်ပတ်လာသည်။ အရိုးများ ဆွဲဆန့်ခံရသည့် ကြေကွဲဖွယ် အသံများ ပဲ့တင်ထပ်သွားသည်။ ကြီးမားသော အားတစ်ခုကြောင့် ယန်ကျန်း၏ ခြေလက်များ စုတ်ပြဲထွက်တော့မည့် အသံများဖြစ်သည်။

ထိုမျှ ကြီးမားသော အားအောက်တွင် သူ၏ အရေပြားများပင် စုတ်ပြဲသွားပြီး သွေးများ အများအပြား စီးကျလာသည်။ သို့သော် သာမန်လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်လောက်သည့် နှိပ်စက်မှုကို ရင်ဆိုင်နေရသော်လည်း ယန်ကျန်းသည် မျက်မှောင်ပင် မကြုတ်ဘဲ အရှင်သခင်လီဟန်ကို အေးစက်စွာ ကြည့်နေဆဲဖြစ်သည်။

ဤလွန်ကဲသော တည်ငြိမ်မှုက အရှင်သခင်လီဟန်၏ မျက်ခွံများကို လှုပ်ခတ်သွားစေပြီး သူသည် ရက်စက်စွာဖြင့် ဟိန်းဟောက်လိုက်မိသည်။

"ယန်ကျန်း၊ မင်းက သေမှာ မကြောက်ဘူးဆိုတာ ငါသိတယ် ဒါပေမဲ့ ငါက မင်းကို ဒီအတိုင်း သေခွင့်ပေးမယ်လို့ မင်း ထင်နေတာလား၊ မင်းရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကြောင့် မင်းက နှစ်ပေါင်းသောင်းချီ အသက်ရှင်နေနိုင်တာလေ၊ မင်းကို စောင့်ကြိုနေတာက ပိုပြီးရှည်ကြာတဲ့ နာကျင်မှုတွေပဲ၊ ဖြည်းဖြည်းချင်း ခံစားပေတော့... ဟားဟား"

အရှင်သခင်လီဟန်သည် ယုတ်မာစွာ ရယ်မောလိုက်သည်။ သို့သော် သူ နှစ်ခွန်းမျှ မရယ်ရသေးမီမှာပင် ယန်ကျန်းကလည်း လိုက်လံ ရယ်မောလိုက်သည်။ သူ၏ အပြုံးတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။ သို့သော် ပါဝင်နေသည်မှာ လှောင်ပြောင်မှုပင် ဖြစ်သည်။

"ငါ သဘောပေါက်ပြီ၊ မင်း တစ်ခုခုကို အာရုံခံမိလို့ နေမှာပဲ၊ အဲဒါက လူသားဟွာမျိုးနွယ်စုနဲ့ ပတ်သက်နေလောက်တယ်၊ ဒါကြောင့် မင်း ဒီလောက် ထိတ်လန့်နေပြီး ငါ ထွက်ပြေးသွားပြီလား ဆိုတာကိုတောင် လာကြည့်တာမလား၊ ဟုတ်တယ်မလား အရှင်သခင်လီဟန်..."

ယန်ကျန်း၏ စကားများကြောင့် အရှင်သခင်လီဟန်၏ မျက်နှာသည် ဖြူဖပ်ရာမှ မီးခိုးရောင် သမ်းသွားပြီး မျက်လုံးများ ပိုမို အေးစက်လာသည်။

"မှန်တာ မမှန်တာ ထားလိုက်၊ လူသားဟွာ မျိုးနွယ်စုရဲ့ ကျဆုံးခန်းက သတ်မှတ်ထားပြီးသားပဲ၊ ဒါက ရှောင်လွှဲလို့မရတဲ့ ကံတရားပဲ၊ ဘယ်သူမှ ပြောင်းလဲလို့ မရဘူး! ဒါပေမဲ့ မင်းကတော့..."

အရှင်သခင်လီဟန်က ယန်ကျန်းကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

"ဒီလို စကားမျိုးတွေ ပြောနေရင် ပိုပြီး ပြင်းထန်တဲ့ နှိပ်စက်မှုတွေကို ခံစားရမှာ မကြောက်ဘူးလား"

ယခုအချိန်တွင် သံကြိုးများသည် ယန်ကျန်း၏ ခြေလက်များကို အကန့်အသတ်အထိ ဆွဲဆန့်ထားပြီး ဖြစ်ကာ သွေးများမှာ မိုးစက်ကဲ့သို့ ကျဆင်းနေပြီး သူ၏ မျက်နှာအဆင်းသည် ပို၍ ဖြူဖပ်လာသည်။ သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် အရှင်သခင်လီဟန်၏ စကားကို ကြားသောအခါ သူသည် မထိန်းနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်သည်။

"အရှင်သခင်လီဟန်... ငါ ယန်ကျန်းက လူသားဟွာမျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပါး အနေနဲ့ ဘယ်အရာကိုမှ မကြောက်ခဲ့ဖူးဘူး၊ ပြီးတော့ ဒီနှစ်ပေါင်းတစ်သောင်းအတွင်းမှာ မင်း ငါ့ကို ဘယ်လောက်ပဲ နှိပ်စက်ပါစေ၊ ငါ ခေါင်းငုံ့တာကို မင်း မြင်ဖူးလို့လား"

အရှင်သခင်လီဟန်၏ မျက်နှာ ဖြူသွားသည်။ ယန်ကျန်း၏ စကားများသည် မနှစ်မြို့ဖွယ်ရာ အတိတ်က အမှတ်တရများကို ဆွပေးလိုက်သည်မှာ ထင်ရှားလှသည်။ယန်ကျန်းက အေးစက်စွာ ပြောလိုက်သည်။

"အရှင်သခင်လီဟန်၊ ငါ အခုထိ တောင့်ခံထားရတဲ့ အကြောင်းရင်းက မင်းလိုကောင် ဘယ်လို ဇာတ်သိမ်းမလဲ ဆိုတာကို စောင့်ကြည့်ချင်လို့ပဲ၊ ပြီးတော့ မင်း နောက်ဆုံးပြောလိုက်တဲ့ စကားမှာ တစ်ခု မှားသွားတယ်"

"ဟွာမျိုးနွယ်စုရဲ့ ကံကြမ္မာကို ဘယ်သူမှ သတ်မှတ်ထားခြင်း မရှိဘူး"

"မင်း..."

ဒေါသထွက်သွားသော အရှင်သခင်လီဟန်သည် လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မျှော်စင်များပေါ်ရှိ သင်္ကေတများသည် ပိုမို တောက်ပလာသည်။ ထို့နောက် သံကြိုးများသည် ဧရာမ စပါးအုံးမြွေမည်းကြီးများ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ယန်ကျန်း၏ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် ရစ်ပတ်လိုက်ကြသည်။

စပါးအုံးမြွေကြီးများ လှုပ်ရှားလိုက်သောအခါ ကြေးခွံများ ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး ၎င်းတို့သည် ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ညှစ်လာကြသည်။

ကျွတ် ကျွတ်...

အသံများမှာ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်းမှာ မခံမရပ်နိုင်အောင် ဖိနှိပ်မှုအောက်တွင် ယန်ကျန်း၏ ခန္ဓာကိုယ် ကျိုးပဲ့သွားသော အသံများ ဖြစ်သည်။ သို့တိုင် ယန်ကျန်းသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး အရှင်သခင်လီဟန်ကို လှောင်ပြောင်သော မျက်နှာထားဖြင့် ဆက်လက် ကြည့်ရှုနေသည်။

"သူ့ကို ချေမွဇပစ်စမ်း"

အရှင်သခင်လီဟန်သည် အံကြိတ်၍ အမိန့်ပေးလိုက်သည်။ မကြာမီပင် ယန်ကျန်း၏ ခန္ဓာကိုယ်သည် သွေးနှင့် အသား အစုအဝေးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုအသားစများသည် လှုပ်ရှားလာပြီး လူပုံသဏ္ဌာန်အဖြစ် ပြန်လည် ဖွဲ့စည်းသွားကြသည်။ ခဏအကြာတွင် ယန်ကျန်း ပြန်လည် ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏ မျက်နှာအဆင်းသည် ယခင်ကထက် ပိုမို ဖြူဖပ်နေပြီး သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးသည်ပင် မှေးမှိန်ကာ အရောင်အဝါ ကင်းမဲ့သွားလေပြီ။

"ကွမ်ခွန်အားလန်... မင်းတို့ ဟွာမျိုးနွယ်စု နတ်ဘုရားတွေက အရိုးမာတယ် ဆိုတာ ငါသိပါတယ်၊ အဲဒီ စစ်ပွဲကြီးတုန်းက မင်းတို့ရဲ့ ဟွာနတ်ဘုရားနန်းတော်မှာ တိုက်ပွဲဝင်ရင်း သေဆုံးသွားသူတွေပဲ ရှိပေမယ့် တစ်ယောက်မှ အညံ့မခံခဲ့ကြဘူး၊ အထူးသဖြင့် မင်းက သံမဏိလိုပဲ မာကျောတယ်၊ ဒါပေမဲ့ ငါက မင်းကို ရိုးရိုးလေး နှိပ်စက်နေတာလို့ပဲ မင်း ထင်နေတာလား"

အရှင်သခင်လီဟန်က မဲ့ပြုံးပြုံးလိုက်သည်။ ယန်ကျန်း၏ မျက်နှာအမူအရာ အဆုံးတွင် ပြောင်းလဲသွားသည်။ ထိုအရာကို မြင်လိုက်ရသောအခါ အရှင်သခင်လီဟန်သည် ပိုမို ဂုဏ်ယူဝင့်ကြွားသွားသည်။

"ဟက်... မင်း ရိပ်မိမှာပါ၊ ဟုတ်တယ်... မင်းရဲ့ သစ္စာရှိတဲ့ ရှောင်ထျန် ခွေးလေးက အခု ငါ့လက်ထဲမှာ ရှိနေပြီ"

"ရှောင်ထျန်..."

ယန်ကျန်း အနည်းငယ် တုန်ယင်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် မော့ကြည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

"လီဟန်... မင်း ဘာလုပ်ချင်တာလဲ"

အရှင်သခင်လီဟန်က မောက်မာစွာ ပြုံးလိုက်သည်။

"ငါ ဘာလုပ်ချင်လဲ ဟုတ်လား၊ ဟက်... မပူပါနဲ့... ငါ သူ့ကို မသတ်ပါဘ၊ ဒါပေမဲ့ မှတ်မိလား... သူက မင်းကို ကယ်ဖို့ သူ့သဘောဆန္ဒနဲ့ ဒီအထိ လိုက်လာခဲ့တာလေ၊ သူ့မှာ တိုက်ခိုက်ရေး စွမ်းရည်ကောင်းတွေ ရှိတာ မြင်တော့ သတ်ပစ်လိုက်ရင် နှမြောစရာ ဖြစ်နေမှာပေါ့၊ ဒါကြောင့် ငါက သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအား' အကုန် ဆေးကြောပစ်လိုက်ရုံပါပဲ၊ အခုတော့ သူက ငါ့အမိန့်အောက်က သစ္စာရှိတဲ့ ခွေးတစ်ကောင် ဖြစ်သွားပြီ၊ ဟားဟားဟား"

အရှင်သခင်လီဟန်သည် အားရပါးရ ရယ်မောလိုက်သည်။ ထိုရယ်မောသံများကြားတွင် ယန်ကျန်း၏ မျက်နှာသည် ပိုမို ဖြူဖပ်သွားပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာသည်။

"ရှောင်ထျန်..."

ယန်ကျန်း နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားကာ ထိုနာမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် ဤနှစ်ကာလများ တစ်လျှောက်လုံး မည်သို့ပင် နှိပ်စက်ခံရပါစေ မျက်ရည်တစ်စက်မျှ မကျခဲ့သော သူ၏ မျက်လုံးများမှ သွေးမျက်ရည်ကြောင်း နှစ်ခု စီးကျလာလေသည်။

ထိုအချိန်တွင် အရှင်သခင်လီဟန်သည် ရယ်မောခြင်းကို ရပ်လိုက်ပြီး ရက်စက်သော အကြည့်ဖြင့် ပြောလိုက်သည်။

"ဟွာမျိုးနွယ်စုက တစ်ယောက်ယောက် ရောက်လာလိမ့်မယ်လို့ ငါ အာရုံခံမိတယ်၊ ဒါပေမဲ့ ဟွာမျိုးနွယ်စု အထွတ်အထိပ် ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက အချိန်ကာလလို့ မင်း ထင်နေတုန်းပဲလား"

"ငါ အားလုံး ပြင်ဆင်ပြီးသွားပြီ၊ အဲဒီအချိန်ကျရင် မင်းရဲ့ ရှောင်ထျန် ခွေးလေးက ရှေ့တန်းကနေ တိုက်ခိုက်လိမ့်မယ်၊ ကျွတ် ကျွတ်... ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့တဲ့ ဟွာမျိုးနွယ်စုက လူတွေဟာ သူတို့ကို ဟွာမျိုးနွယ်စု နတ်ဘုရားတစ်ပါးက စောင့်ကြိုနေတာ မြင်လိုက်ရရင် ဘယ်လို ခံစားရမလဲ ဆိုတာ ငါ တကယ် သိချင်မိတယ်၊ တွေးကြည့်လိုက်တာနဲ့တင် စိတ်လှုပ်ရှားစရာပဲ..."

"မလုပ်နဲ့"

ယန်ကျန်းသည် ဟိန်းဟောက်လိုက်သည်။ သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးသည် သွေးကဲ့သို့ နီရဲသွားပြီး ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။ သူ၏ ကြွက်သားများသည် လိမ်တွန့်လှုပ်ရှားနေပြီး သူ့ကို ချည်နှောင်ထားသော သံကြိုးများမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေသည်။

သတ္တုချင်း ရိုက်ခတ်သံများသာ ထွက်ပေါ်လာပြီး သံကြိုးများသည် အဆုံးစွန်ထိ တင်းကြပ်သွားကာ အရှင်သခင်လီဟန်နှင့် လက်တစ်ကမ်းအလိုတွင် ရပ်တန့်သွားသည်။ သို့သော် အရှင်သခင်လီဟန်သည် ရှောင်ပင် မရှောင်တိမ်းဘဲ အောင်နိုင်သူ အမူအရာဖြင့် ကြည့်နေသည်။

ထိုအချိန်တွင် မျှော်စင် ဒါဇင်ပေါင်းများစွာ၏ ထိပ်မှ သင်္ကေတများသည် ရုတ်တရက် ဆယ်ဆမက ပိုမို များပြားလာပြီး ရွှေရည်များ စီးဆင်းနေသကဲ့သို့ တောက်ပလာသည်။ ကြီးမားသော အားတစ်ခုသည် ယန်ကျန်းကို လေထဲမှ ပြန်လည် ဆွဲချလိုက်သည်။ ထို့နောက် သံကြိုးများသည် အမည်းရောင် မြွေပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ယန်ကျန်းကို အပြည့်အဝ ဝါးမြိုရန် ပြင်လိုက်သည်။ ထိုသို့ ဖြစ်နေသည့်တိုင် ယန်ကျန်းသည် မကျေနပ်သော ဟိန်းဟောက်သံကို ပြုလုပ်လိုက်သည်။

"လီဟန်... တစ်နေ့ကျရင် မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို ငါ အစအနမကျန် ချေမွှပစ်မယ်"

အရှင်သခင်လီဟန်က ဟားတိုက် ရယ်မောလိုက်သည်။

"ဝမ်းနည်းစရာ ကောင်းတာက... မင်းမှာ အဲဒီအခွင့်အရေး ရတော့မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးသည်နှင့် သူသည် အောင်နိုင်သူအလား ကျောခိုင်းကာ ထွက်ခွာသွားလေသည်။ အမည်းရောင် မြွေပင်လယ်ကြီး၏ ဝါးမြိုခြင်းကို အပြည့်အဝ မခံရမီ တခဏ၌ ယန်ကျန်းသည် အမည်းရောင် မြူခိုးလွှာများကို ဖြတ်ကျော်၍ ထွက်ခွာသွားသော အရှင်သခင်လီဟန်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးထောင့်မှ သွေးမျက်ရည် တစ်စက် စီးကျလာသည်။

ရှောင်ထျန်... ကျေးဇူးပြုပြီး မိုက်မဲတဲ့အလုပ်တွေ မလုပ်ပါနဲ့…

All Chapters