အခန်း (၁၂၁)
Vol. 13 Ch. 121
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၁)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
ရှုထောင့်ပြောင်း၍ စဉ်းစားခြင်း
နန်လင်နိုင်ငံ၏ တောင်ပေါ်ရွာ၌ ရရှိထားသည့် သတင်းအချက်အလက်များ ခွဲခြမ်း စိတ်ဖြာပြီးနောက်တွင် ပိုင်ချူးရန်နှင့် တခြားသော ကိုယ်စားလှယ်များက လမ်းခွဲလိုက်ကြသည်။
သူဝောာ်စင် ဗုဒ္ဓဂိုဏ်းမှ တပည့်တချို့က တောင်ပေါ်ရွာအား ကာကွယ်ရန် နေခဲ့ကြ၏ ။ ကျန်နေသည့် တပည့်များက ဝေ့ချန်း ဘုန်းတော်ကြီးနှင့်အတူ ပုံသွင်းကောင်းကင်ရဲတိုက်သို့ လိုက်သွားသည်။ ကျန်နေသည့် ကိုယ်စားလှယ်များက သက်ဆိုင်ရာဂိုဏ်း အသီးသီးသို့ ပြန်သွားသည်။ ပိုင်ချူးရန်မှာ ခြေဦးတည့်ရာသွား၍ စူးစမ်းနေသည်။
သို့သော်လည်း ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုမှ ကျယ်ပြန့်လွန်းလှသည်။ ထို့ကြောင့် ပိုင်ချူးရန် အနေဖြင့် မည်သို့ပင် သွားစေကာမူ ရှေးဟောင်းမြို့ဖြင့် ကြုံမိခြင်း မရှိပေ။ သို့ရာတွင် လေ့လာသုံးသပ်မှုများ ကာလတခုကြာပြီးနောက်တွင် မဟာမိတ်အဖွဲ့ နှစ်ခုက ရှေးဟောင်းမြို့၏ လှုပ်ရှားမှုမှ သဲလွန်စတချို့အား ဖော်ထုတ်နိုင်ကြသည်။
ထိုသို့သော ရှာဖွေသုံးသပ်မှုများ၌ အချက်ငါးခု ပါဝင်နေသည်။ ပထမဆုံး အနေဖြင့် ရှေးဟောင်းမြို့၏ ပေါ်လာခြင်းနှင့် ပျောက်ကွယ်ခြင်း၏ အချိန်ကာလအား ခန့်မှန်းမိခြင်း ဖြစ်၏ ။ ပိုင်ချူးရန်နှင့် ဟွမ်ဖုဖိန်တို့မှ ကျောက်တိုင် အသက်ဝင်မှုအား ကြုံရစဉ် ကာလမှ စတင်၍ လက်ရှိ ပေါ်လာခြင်း၊ ပျောက်ကွယ်ခြင်း ဖြစ်စဉ်များအရ ရှေးဟောင်းမြို့မှ သုံးရက်တကြိမ် ပေါ်လာမည် ဖြစ်သည်။
ဒုတိယအချက်မှာ ရှေးဟောင်းမြို့ ပေါ်လာခြင်းနှင့် ပျောက်ကွယ်သွားခြင်း ဖြစ်စဉ်များတွင် မြူခိုးထု ပါဝင်ခြင်းတည်း။ တတိယအချက်မှာကား ရှေးဟောင်းမြို့၏ ဖြစ်စဉ် အကွာအဝေးမှာ ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုစလုံး အကျုံးဝင်နေခြင်းပင်။ သို့ရာတွင် ချင်ပြည်နယ်အား ဗဟိုထားကာ ဖြစ်စဉ်များ အကြိမ်ရေ လျော့နည်းလာသည်ကို သိရပြန်သည်။
နောက်ဆုံး သိမှတ်ရခြင်းမှာ ရှေးဟောင်းမြို့၏ လုပ်ဆောင်ပုံဖြစ်သည်။ လူသားများအား ဖမ်းဆီးရာ၌ ခေါင်းလောင်းသံကိုသာ အသုံးပြု၏ ။ အနီးပတ်ဝန်းကျင်၌ လူဦးရေ ပမာဏတခုအထိ ရှိနေပါက ထိုသူအကုန်လုံးအား ဖမ်းဆီးမည် ဖြစ်သည်။ ခေါင်းလောင်းသံဖြင့် မလုံလောက်ပါက အံ့အားသင့်ဖွယ် အနက်ရောင် မကောင်းဆိုးဝါးများ စေလွှတ်၍ တိုက်ခိုက်ပေလိမ့်မည်။ ထိုမကောင်းဆိုးဝါးများမှာ ဖမ်းဆီးခံထားရသူများအား ပြောင်းလဲထားခြင်းသာ ဖြစ်မည်။ သို့သော်လည်း လက်တလောကာလတွင် အသေးစိတ် အချက်အလက်များအား မသိရသေးပေ။ ခန့်မှန်းချက်များမှာ အကြီးအကဲလျို၏ ပုံရိပ်ကျောက်တုံးအား အခြေတည်ကာ စဉ်းစားထားခြင်း ဖြစ်သည်။
လက်ရှိအခြေအနေ၌ ဆန်းကြယ်ကျောင်းတော်မှ ရှေးဟောင်းမြို့တော် ပေါ်လာမည့် နေရာအား မှန်းဆရန် ကြိုးပမ်းနေကြသည်။ သဲလွန်စ ရှာမတွေ့သည့် ပိုင်ချူးရန်သည်လည်း လက်လျော့ကာ ပုံသွင်းကောင်းကင် ရဲတိုက်သို့ ပြန်လာသည်။
ဆန်းကြယ် ကျောင်းတော်မှ ရှေးဟောင်းမြို့ ပေါ်လာမည့် နေရာအား မှန်းဆနိုင်ပါက လူသားများတွင် အင်အားနှင့် အမြန်နှုန်း အကောင်းဆုံးဖြစ်သည့် ပိုင်ချူးရန်က သွားရောက် စူးစမ်းရန် သင့်တော်ပေလိမ့်မည်။
သို့သော်လည်း ပိုင်ချူးရန်မှ ဆန်းကြယ်ကျောင်းတော်၏ တပည့်များ ရှိရာသို့ သွားရောက်ချိန်တွင် တပည့်ဖြစ်သူ တန်ရော်ဝေနှင့် အမည်မသိရသည့် မိန်းကလေးတဦး ထွက်လာသည်ကို မြင်လိုက်ရသည်။
ပိုင်ချူးရန်က တပည့်ဖြစ်သူနှင့် အပေါင်းအပါအား မြင်ရချိန်၌ ရေရွတ်မိသည်။
"ဟေး ရော်ဝေရေ ငါတို့ မတွေ့တာ ဘယ်လောက်မှတောင် မကြာသေးဘူး မင်းကို တွေ့ရတိုင်း ဘေးနားမှာ အလှလေးတယောက်တော့ ပါပါလာတယ်… မင်းက တကယ်ပဲ လိင်မှားပြီး မွေးလာတာကိုး…"
"ဆရာ ဘာတွေ လျှောက်ပြောနေတာတုံး…"
ဆရာဖြစ်သူ၏ စကားကြောင့် တန်ရော်ဝေက မျက်လုံးပြူးမိသွားသည်။ ထို့နောက် အံကြိတ်လိုက်ကာ…
"ဆရာဒါ ကောင်းကင် နတ်ဆိုးဂိုဏ်းက စီနီယာ အစ်မ လိကျင်းယောင်… အစ်မက ဆရာနဲ့ တွေ့ချင်တယ် ပြောနေတာ…"
"ဟမ်… လိကျင်းယောင်…"
ထိုအမည်ကြောင့် ပိုင်ချူးရန်ပင် အံ့အားသင့်သွားသည်။
"နတ်ဆိုး မဟာမိတ်တွေ ဖုံးကွယ်ထားတဲ့ ကောင်းကင်နတ်ဆို ခန္ဓာပိုင်ရှင် မဟုတ်လား…"
"ချီမင်ဓားခေါင်းဆောင်လား…"
လိကျင်းယောင်က ပိုင်ချူးရန်အား ခေါင်းစခြေဆုံး စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
"မဆိုးဘူး… ရုပ်ရည်တော့ အဆင်ပြေတယ်…"
"ဆရာ…"
ထိုအချိန်၌ တန်ရော်ဝေက မေးခွန်းထုတ်မိသည်။
"ကောင်းကင် နတ်ဆိုးခန္ဓာဆိုတာ ဘာများလဲ…"
"အဲ့တာက နတ်ဆိုးဂိုဏ်းတွေရဲ့ ဂန္တဝင် အကြောင်းအရာထဲမှာ ရှိတဲ့ ဒဏ္ဍာရီလာ ခန္ဓာတခုပဲ… နတ်ဆိုး ကျင့်ကြံသူတွေအတွက်တော့ ကောင်းကင်အဆင့် စိတ်ဝိညာဉ် အမြစ်လိုပေါ့… အာနိသင်လည်း တူတယ်… ဘယ်နတ်ဆိုး နည်းလမ်းပဲဖြစ်ဖြစ် ကောင်းကင်နတ်ဆိုး ခန္ဓာရှင်က ဘေးထွက်ဆိုးကျိုး မကြုံဘဲ သင်ယူနိုင်တယ်… ဒီခန္ဓာက စာပေထဲမှာ ရှိဖူးတာ ကောလဟလတွေမှာလည်း နောက်ဆုံးခေတ်ကာလ မတိုင်ခင်မှာ ပေါ်လာဖူးတယ်တဲ့…"
ပိုင်ချူးရန်က လိကျင်းယောင်အား ကြည့်ကာ ပြောနေခြင်းဖြစ်သည်။
"အာ ဒီနှစ်သုံးထောင်ကာလမှ တဦးတည်းသော ကောင်းကင်နတ်ဆိုး ခန္ဓာရှင်က သူပဲ… နတ်ဆိုး မဟာမိတ်အဖွဲ့က သူ့ကို ဖုံးကွယ်ထားချင်တာလည်း ကိုယ်ချင်းစာပါတယ်လေ…"
"အာ ဒါဆိုရင် ဆရာက ဘယ်လိုသိထားတာလဲ…"
တန်ရော်ဝေက မေးလာပြန်သည်။
"စုရှန်းရွှယ် ပြောတာပေါ့…"
ပိုင်ချူးရန်က အဖြေပြန်ပေးသည်။
"သူနဲ့ ဝိုင်သောက်တုန်းက နည်းနည်း မြောက်ပေးတာနဲ့ ပျော်ပျော်ကြီး ပြောလာတော့တာပဲ…"