← Chapters

အခန်း (၁၅၆၁-၁၅၆၂)

Vol. 120 Ch. 1561-1562

အခန်း (၁၅၆၁-၁၅၆၂)

Vol. 120 Ch. 1561-1562

အခန်း ၁၅၆၁ - ပေါ်ထွက်လာခြင်းနှင့် အလောင်းစောင့်ခြင်း

ထုံချန် လီယန်နှင့် ဟယ်ယွဲ့လျန်တို့ သုံးယောက် တစ်ဖန်မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ တစ္ဆေအိပ်မက်ကမ္ဘာကနေ လွတ်မြောက်ပြီး လက်တွေ့ကမ္ဘာဆီ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သက်သေပြနေလေသည်။

"ဒါက အိပ်စက်ပြီး အိပ်မက်တစ်ခုမက်ခဲ့သလိုမျိုးပဲ"

ထုံချန်က သူ၏မျက်လုံးများကို အနည်းငယ်မှေးကာ ပြောလိုက်သည်။ ယခုလေးတင် မျက်လုံးဖွင့်လိုက်စဖြစ်သဖြင့် အပြင်ဘက်က တောက်ပနေသော နေရောင်ခြည်နှင့် သူ အသားမကျသေးပေ။

"ဟယ်ယွဲ့လျန်ကို သတ်မပစ်လိုက်ရပေမဲ့ ပြဿနာကတော့ ပြေလည်သွားပြီလို့ ထင်တယ် ဒီတစ်ခါ ခေါင်းဆောင်ရဲ့ ဆုံးမမှုကို ခံရပြီးနောက်ပိုင်း သူ နောက်ထပ် ရမ်းကားရဲတော့မှာ မဟုတ်ဘူး"

လီယန်သည် မလှမ်းမကမ်းတွင် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် ထူးဆန်းသောပုံရိပ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ယန်ကျန့်ကတော့ အမြဲတမ်း စိတ်ချရတာပဲ သူက ပြဿနာအားလုံးကို ကြိုတွက်ထားတယ် မဟုတ်ရင် ဒီအချိန်မှာ ဟယ်ယွဲ့လျန်နဲ့ ရင်ဆိုင်ရဖို့က ငါတို့အတွက် ဖိအား တကယ်ကြီးမှာ"

ထုံချန်က ပြောလိုက်သည်။

ဟယ်ယွဲ့လျန်လည်း နိုးထလာလေသည်။ သူမ တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေကာ ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန်စွမ်းအားများကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း စောစောက အိပ်မက်ထဲက အဖြစ်အပျက်များကြောင့် ထိတ်လန့်နေဆဲဖြစ်၏။ သူမသည် ခေါင်းပေါ်က အနီရောင်ခေါင်းဆောင်းကို အလိုအလျောက် စမ်းကြည့်မိလေသည်။

ဒီသဘာဝလွန်ပစ္စည်းက တစ္ဆေအိပ်မက်၏ ကျူးကျော်မှုကို မတားဆီးနိုင်ခဲ့ပေ။ မဟုတ်လျှင် သူမ ဒီလောက်အထိ အရှက်တကွဲ ရှုံးနိမ့်မည်မဟုတ်ပေ။

ယခုအခါ ဟယ်ယွဲ့လျန်၏စိတ်ထဲတွင် ပြန်လည်ခုခံလိုသောစိတ်များ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယန်ကျန့်၏ သတိပေးမှုမှာ ဒီတစ်ကြိမ်သာ ရှိလိမ့်မည်ဖြစ်ကြောင်း သူမ နားလည်သည်။ နောက်တစ်ကြိမ်ဆိုလျှင် သူမ သေချာပေါက် သေရမည်ဖြစ်ပြီး မည်သည့်ဆုတ်လမ်းမှ ရှိလိမ့်မည်မဟုတ်ပေ။

"ယန်ကျန့်ပြောတာ မှန်တယ် ငါ သူ့ကို ပြန်ခုခံနိုင်ရင်တောင် နောက်ထပ် ကျန်းရှန်းကွမ်က ငါ့ကို စောင့်နေဦးမှာပဲ ငါတစ်ယောက်တည်းကတော့ ဒီလူနှစ်ယောက်ကို တစ်ပြိုင်နက် မယှဉ်နိုင်ဘူး ငါ့ဘဝကတော့ လွတ်လပ်ခွင့်နဲ့ ဝေးရဦးမှာပဲ"

ဒီလိုပဲ ဆက်လက်အသက်ရှင်နေထိုင်ခြင်းကလည်း ရွေးချယ်မှုအကောင်းတစ်ခု ဖြစ်နိုင်ကြောင်း ဟယ်ယွဲ့လျန် တွေးမိလိုက်သည်။ အနည်းဆုံးတော့ ယခုသူမတွင် လူအများကြောက်ရွံ့ရသော သဘာဝလွန်စွမ်းအားများ ရှိနေပြီး လူအများစု၏ မျက်နှာကို ကြည့်နေစရာမလိုတော့ပေ။ အရင်ဘဝနှင့် ယှဉ်လျှင် ဒါကလည်း လွတ်လပ်ခွင့်တစ်မျိုးဟု ဆိုနိုင်ပေသည်။

သဘောပေါက်သွားပြီးနောက် ဟယ်ယွဲ့လျန်သည် မိမိ၏မှတ်ဉာဏ်များ ပြင်ဆင်ခံရခြင်းရှိမရှိကို ဆက်လက်တွေးတောမနေတော့သလို ယန်ကျန့် သွေးကန်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းရှိမရှိကိုလည်း ဂရုမစိုက်တော့ပေ။

သူမသည် အရင်အတိုင်းသာ ဆက်လက်နေထိုင်သွားရန် ဆုံးဖြတ်လိုက်သည်။

"ကြည့်ရတာ ငါ ဌာနချုပ်ကို ပြန်ဝင်ပြီး သဘာဝလွန်ဖြစ်ရပ်တွေကို ပြန်ဖြေရှင်းပေးရတော့မယ် ထင်တယ်"

သူမသာ ငြိမ်ငြိမ်သက်သက် နေထိုင်ပါက ဘေးကင်းမည်ဖြစ်ကြောင်းနှင့် ယန်ကျန့်ကလည်း သူမကို အကြောင်းမဲ့ ရန်စလိမ့်မည်မဟုတ်ကြောင်း ဟယ်ယွဲ့လျန် နားလည်လိုက်သည်။

ထို့ကြောင့် သူမသည် ဒီနေရာတွင် ဆက်လက်မနေတော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် သွေးကန်မှာ အဆက်မပြတ် ဆူပွက်နေဆဲဖြစ်၏။ ဟယ်ယွဲ့လျန်က တစ္ဆေခေါ်ယူမှုကို ရပ်တန့်လိုက်ပြီဖြစ်သော်လည်း အရင်က သဘာဝလွန်စွမ်းအားများက သွေးကန်အပေါ် ဆက်လက်သက်ရောက်နေဆဲ ဖြစ်လေသည်။

ဒီအပြောင်းအလဲကြောင့် ထွက်ခွာရန် ပြင်နေသော ဟယ်ယွဲ့လျန်မှာ ခြေလှမ်းရပ်တန့်သွားပြီး ခေါင်းဆောင်းကို အနည်းငယ်မကာ သွေးကန်၏အလယ်ဗဟိုကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ ဟယ်ယွဲ့လျန် နင် လုပ်လိုက်တာလား"

လီယန်လည်း ဒီအပြောင်းအလဲကို မြင်သွားသဖြင့် သူမကို ချက်ချင်း မေးမြန်းလိုက်သည်။

"အနည်းဆုံးတော့ အခု ငါနဲ့ မဆိုင်ဘူး အရင်က သက်ရောက်မှုကြောင့်လားဆိုတာတော့ ငါလည်း မသိဘူး"

ဟယ်ယွဲ့လျန်က ပြန်ဖြေလိုက်သည်။

လီယန် မျက်နှာပျက်သွားသည်။

"ငါ အရင်က သတိပေးထားတယ်လေ ရမ်းမလုပ်နဲ့လို့ ပြဿနာတက်ရင် နင် တာဝန်မယူနိုင်ဘူး"

ဟယ်ယွဲ့လျန် ဘာမှပြန်မပြောဘဲ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။

သွေးကန်မှာ လှိုင်းထန်လာပြီး ပိုမိုဝေဝါးလာပြန်၏။ ဒီတစ်ကြိမ်မှာတော့ ခွေးဆိုးကြီး ထွက်မလာတော့ဘဲ ထူးဆန်းသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပေါ်လာလေသည်။ ပြတ်တောက်နေသော လက်မောင်းများ စုတ်ပြတ်နေသော အရေပြားများနှင့် သွေးသံရဲရဲ အရိုးများအပြင် မျက်နှာအရေပြားမရှိသော လူခေါင်းများကိုပါ မြင်တွေ့ရပေသည်။

အဝေးကကြည့်လျှင် ဆူပွက်နေသော ဟင်းရည်အိုးတစ်လုံးနှင့် တူနေလေသည်။

"အဲဒါတွေက ယန်ကျန့်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘူး သွေးကန်ထဲမှာ သေဆုံးခဲ့တဲ့သူတွေရဲ့ အကြွင်းအအကျန်တွေ ဖြစ်ရမယ်"

ထုံချန်က သွေးကန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သွေးကန်မှာ မှန်းဆလို့မရတဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီ ဒါတွေအားလုံးက ဟယ်ယွဲ့လျန်ကြောင့်ပဲ သူ့ရဲ့ တစ္ဆေခေါ်ယူမှုက သွေးကန်ထဲက သဘာဝလွန်မျှခြေကို ထိခိုက်စေခဲ့တယ် အခု ငါ မျှော်လင့်တာက ခေါင်းဆောင်ရဲ့ ကိစ္စတွေကို မနှောင့်ယှက်ဖို့ပဲ မဟုတ်ရင် ဒီကိစ္စက တကယ် ပြဿနာတက်လိမ့်မယ် ငါတို့လည်း ဒီအခြေအနေကို မဖြေရှင်းနိုင်ဘူး"

လီယန်က ပြောလိုက်သည်။

"မလောပါနဲ့ဦး အခြေအနေကို အရင်ကြည့်ရအောင်"

ထုံချန်က ပြောလိုက်သည်။

သူတို့ ဆက်လက်စောင့်ကြည့်နေကြသည်။

အချိန်ကြာလာသည်နှင့်အမျှ သွေးကန်မှာ ပိုမိုပြင်းထန်စွာ ဆူပွက်လာပြီး ထွက်ပေါ်လာသော အရာများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။

အစပထမတွင် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ဝက်ပြတ်နေသောအလောင်းများနှင့် လူခြေထောက်များ ပေါ်လာလေသည်။

ဒီအစိတ်အပိုင်းများတွင် တူညီသော အချက်တစ်ခုရှိသည်မှာ သွေးကန်ထဲတွင် စိမ်ထားခံရသဖြင့် တစ်ကိုယ်လုံး အရေခွံနွှထားသကဲ့သို့ ရဲရဲနီနေခြင်းပင် ဖြစ်သည်။

နောက်ဆုံးတွင် အကောင်းပကတိဖြစ်သော အလောင်းများ တစ်လောင်းပြီးတစ်လောင်း ပေါ်လာတော့သည်။

ထိုအလောင်းများမှာ လူရှင်အလောင်းများနှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော် လူရှင်အလောင်းများမှာ သွေးကန်ထဲတွင် အရည်ပျော်သွားမည်ဖြစ်ပြီး ဒီအတိုင်း ကျန်ရစ်နိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒီအလောင်းများမှာ တစ္ဆေများသာ ဖြစ်ရပေမည်။ တစ္ဆေများမှာ သွေးကန်ထဲတွင် စိမ်ထားခံရသဖြင့် နိုးထလာနိုင်ခြင်းမရှိဘဲ အလောင်းများအဖြစ်သာ ရှိနေကြခြင်း ဖြစ်သည်။

အလောင်းတစ်လောင်းစီမှာ တစ္ဆေတစ်ကောင်ကို ကိုယ်စားပြုနေသည်။

ဒီသွေးကန်ထဲတွင် တစ္ဆေမည်မျှများများ ရှိနေသလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။

"ဒါဟာ ယန်လီ တစ္ဆေနိုးထပြီးမှ ဖြစ်လာတဲ့ သွေးကန် လုံးဝ မဟုတ်ဘူး သူ့ရဲ့ တစ္ဆေသွေးက တစ္ဆေတွေကို ဒီလောက်အများကြီး စိမ်ထားနိုင်လောက်အောင် မကြောက်စရာကောင်းဘူး ငါခန့်မှန်းတာက ယန်လီရဲ့ တစ္ဆေသွေးက လမ်းစတစ်ခုပဲ ဒီသွေးကန်က ကြောက်စရာကောင်းတဲ့ သဘာဝလွန်နေရာတစ်ခုနဲ့ ချိတ်ဆက်နေတာပဲ ဒီတစ္ဆေအလောင်းတွေက အဲဒီအမည်မသိနေရာကနေ ထွက်လာတာ ယန်ကျန့်ရဲ့ တစ္ဆေရေကန်လိုမျိုးပေါ့ ရေအိုင်လေးတစ်ခုကနေ တကယ့်တစ္ဆေရေကန်ဆီကို ချိတ်ဆက်ထားတာမျိုးလေ"

ထုံချန်က သေချာစွာ လေ့လာပြီးနောက် ခွဲခြမ်းစိတ်ဖြာပြောဆိုလိုက်သည်။

"အဓိပ္ပာယ်ရှိတယ်"

လီယန်လည်း ခေါင်းညိတ်လိုက်ပြီး ထုံချန်၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ထင်မြင်မိသည်။

အကယ်၍ တစ္ဆေသွေးမှာ မှတ်တမ်းဖိုင်ထဲကအတိုင်းသာဆိုလျှင် ခေါင်းဆောင်ကို သဘာဝလွန်မျှခြေပြန်ရှာဖို့ မည်သို့ ကူညီပေးနိုင်မည်နည်း။ သေချာပေါက် လူမသိသူမသိသော တစ်ဖက်ခြမ်းရှိနေရမည် ဖြစ်ပြီး ယခုဖြစ်စဉ်မှာ ထိုတစ်ဖက်ခြမ်းကို ဖော်ပြနေခြင်း ဖြစ်ပေမည်။

သွေးကန်ထဲက ပေါ်လာသော အလောင်းများမှာ နစ်မြုပ်မသွားဘဲ ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေလေသည်။ ခဏအကြာမှာတော့ အလောင်းများက သွေးကန်လေးကို ပြည့်လျှံသွားစေ၏။ သွေးကန်မှာ ဆက်လက်ဆူပွက်နေပြီး အလောင်းများလည်း အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။ အလောင်းအသစ်များ ထပ်မံပေါ်လာချိန်တွင် အရင်အလောင်းများကို အတင်းတွန်းထုတ်သဖြင့် အလောင်းအတော်များများ သွေးကန်ဘေးသို့ လိမ့်ကျလာကြသည်။

သွေးသံရဲရဲ အလောင်းများမှာ သွေးကန်နှင့် ဝေးကွာသွားသည်နှင့် အလောင်းပေါ်ရှိ သွေးများမှာ လျင်မြန်စွာ ကွယ်ပျောက်သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။

တစ္ဆေသွေး၏ ကန့်သတ်ချက် မရှိတော့သဖြင့် ငြိမ်သက်နေသော အလောင်းများမှာ တဖြည်းဖြည်း နိုးထလာမည့် အရိပ်အယောင်များ ပြလာပေသည်။

"မကောင်းတော့ဘူး သွေးကန်ထဲက တစ္ဆေတွေ နိုးလာတော့မယ်"

ဒီအချိန်တွင် လီယန်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားလေသည်။

"ငါ ဖြေရှင်းလိုက်မယ်"

အမြဲတမ်း နှုတ်ဆိတ်နေသော ဟယ်ယွဲ့လျန်က ရုတ်တရက် ပြောလိုက်သည်။

"နင်လား"

တိုက်ခိုက်ရန် ပြင်နေသော လီယန်သည် သူမကို သံသယဖြင့် ကြည့်လိုက်သည်။

ဟယ်ယွဲ့လျန် ဘာမှထပ်မပြောပေ။ ယခုအချိန်တွင် သူမ၏ တန်ဖိုးကို သက်သေပြရန် တစ်ခုခုလုပ်ပြဖို့ လိုအပ်ကြောင်း သူမ သိလေသည်။ အကယ်၍ သူမသာ ဒီအတိုင်း လွှတ်ထားလိုက်လျှင် ချက်ချင်းပင် တစ္ဆေအိပ်မက်ကမ္ဘာထဲသို့ ပြန်လည်ဆွဲသွင်းခံရနိုင်ပေသည်။

ဒါကို သိထားသဖြင့် သူမသည် တွန့်ဆုတ်မနေဘဲ လှုပ်ရှားလိုက်သည်။

သွေးကန်ထဲက အလောင်းများ လုံးဝနိုးမလာခင်မှာပင် ဟယ်ယွဲ့လျန်က တစ္ဆေပန်းချီကား၏ စွမ်းအားကို အသုံးပြုပြီး ဒီအလောင်းတွေကို ဆီဆေးပန်းချီကားကမ္ဘာထဲကို အကုန်လုံး ဖမ်းချုပ်ပစ်လိုက်သည်။ လက်တွေ့ကမ္ဘာကို ထိခိုက်မှုမရှိအောင် ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။

မကြာမီ ဟယ်ယွဲ့လျန်၏ လက်ထဲတွင် ဆီဆေးပန်းချီကားတစ်ချပ် ပိုလာလေသည်။

ပန်းချီကားကမ္ဘာထဲတွင် မြေရိုင်းပြင်တစ်ခုရှိပြီး ထိုမြေရိုင်းပြင်၏ အလယ်တွင် သွေးကန်တစ်ခု ရှိနေသည်။ သွေးကန်ဘေးတွင်တော့ ထူးဆန်းသော အလောင်းများ စုပုံနေ၏။

လက်တွေ့ကမ္ဘာတွင်မူ သွေးကန်မှာ ရှိနေဆဲဖြစ်သော်လည်း ဘေးနားက သွေးသံရဲရဲ အလောင်းများမှာမူ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဟယ်ယွဲ့လျန်သည် သဘာဝလွန်စွမ်းအားကို အသုံးပြုပြီး ဆီဆေးပန်းချီကားတစ်ချပ်ကို အလွယ်တကူ ဖန်တီးနိုင်ပြီး ပန်းချီကားတစ်ချပ်စီမှာ သဘာဝလွန်နေရာတစ်ခု ဖြစ်လေသည်။ ထို့အပြင် ပန်းချီကားတစ်ချပ်စီကိုလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားနိုင်ပြီး နောက်ဆုံးတွင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားသော သဘာဝလွန်နေရာလွတ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုနေရာတွင် လူရှင်များပင် ပုံမှန်အတိုင်း နေထိုင်နိုင်ပေသည်။

သို့သော် ပန်းချီကားကမ္ဘာထဲသို့ ရောက်သွားသည်နှင့် ဟယ်ယွဲ့လျန်၏ စေခိုင်းမှုကို နာခံရမည်ဖြစ်ကြောင်း ဆိုလိုပေသည်။

သွေးသံရဲရဲ အလောင်းအုပ်စုကို ရှင်းလင်းပြီးနောက်တွင်လည်း သွေးကန်ထဲက အလောင်းများ ထပ်မံထွက်ပေါ်လာဆဲ ဖြစ်၏။

ဟယ်ယွဲ့လျန်သည် ဆက်တိုက်ဆိုသလို အုပ်စုပေါင်းများစွာကို ရှင်းလင်းခဲ့ရာ လက်ထဲတွင် ပန်းချီကား ဆယ်ချပ်ကျော် စုပုံလာခဲ့သည်။ နောက်ဆုံးတွင်မှ သွေးကန်ထဲက အလောင်းများ ထွက်မလာတော့ပေ။

"ဟယ်ယွဲ့လျန်က တကယ့်ကို ခေါင်းဆောင်အဆင့်ရှိတဲ့ စွမ်းအားရှိတာပဲ ငါနဲ့ ထုံချန်သာဆိုရင် ဒီအလောင်းအုပ်ကြီးကို ဖြေရှင်းဖို့ တကယ် မလွယ်ဘူး"

လီယန် စိတ်ထဲမှ တွေးလိုက်မိသည်။

သူတို့ ခဏလောက် ထပ်မံစောင့်ကြည့်နေကြသည်။

သွေးကန်မှာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည့် အရိပ်အယောင် ရှိလာ၏။

"ကျန်တဲ့ကိစ္စတွေကို ငါ ဖြေရှင်းပြီးပြီ ငါ သွားတော့မယ်"

အလောင်းများ ထပ်မံထွက်မလာတော့သည်ကို မြင်သောအခါ ဟယ်ယွဲ့လျန် ထွက်ခွာရန် ပြင်လိုက်သည်။

"နေဦး နောက်ထပ် အလောင်းတစ်လောင်း ကျန်သေးပုံပဲ"

ရုတ်တရက် ထုံချန်၏ အကြည့်များမှာ သွေးကန်ထဲက အရိပ်တစ်ခုအပေါ်တွင် ရပ်တန့်သွားသည်။

ထိုအရိပ် ပေါ်လာသည်နှင့်အမျှ သွေးကန်ထဲက နောက်ဆုံးအလောင်းတစ်ခု ပေါ်ထွက်လာလေသည်။

ဟယ်ယွဲ့လျန်က ထိုအလောင်းကိုပါ ရှင်းလင်းရန် အလိုအလျောက် ပြင်လိုက်သော်လည်း ချက်ချင်းပင် ကြောင်အမ်းသွားတော့သည်။ နောက်ဆုံးပေါ်လာသော အလောင်းမှာ တခြားသူမဟုတ်ဘဲ သူမကို ကြောက်ရွံ့စေသော အမျိုးသား ယန်ကျန့် ဖြစ်နေသောကြောင့် ပေတည်း။

"ယန်ကျန့်ရဲ့ အလောင်းပဲ"

ထုံချန်လည်း မှတ်မိသွားသဖြင့် မယုံနိုင်စရာမျက်နှာထားဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်ရဲ့ အလောင်း"

လီယန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး အနားသို့ အလိုအလျောက် တိုးကပ်သွားမိသည်။ သို့သော် အနီရောင်လှံရှည်၏ ခြိမ်းခြောက်မှုကြောင့် ဘေးကင်းသော အကွာအဝေးတွင်သာ ရပ်လိုက်ရ၏။

သို့သော် သူ အကြည့်မမှားပေ။

သွေးကန်ထဲတွင် ပေါလောပေါ်နေသော နောက်ဆုံးအလောင်းမှာ ယန်ကျန့်ပင် ဖြစ်လေသည်။

သို့သော် ယခုအခါ သွေးကန်ထဲက ယန်ကျန့်မှာ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပေ။ အလောင်းမှာလည်း ပုပ်ပွခြင်းမရှိဘဲ ယခုလေးတင် အသက်ထွက်သွားသကဲ့သို့ ရေမျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ မျောနေလေသည်။

ဟယ်ယွဲ့လျန်သည် သွေးကန်ဘေးတွင် ရပ်ကာ ယန်ကျန့်၏ အလောင်းကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိဘဲ နှုတ်ဆိတ်နေမိသည်။

ဒီလို ငြိမ်သက်မှုမှာ အချိန်အတော်ကြာခဲ့သည်။

နောက်ဆုံးတွင် လီယန်က စကားစလိုက်သည်။

"ခေါင်းဆောင်ရဲ့ အလောင်းကို ထိလို့မရဘူး ခေါင်းဆောင် နိုးထလာမယ့်နေ့အထိ အဲဒီမှာပဲ ထားရမယ် ဟယ်ယွဲ့လျန် နင့်မှာ တာဝန်အသစ် တစ်ခု ရှိတယ် အဲဒါက ဒီနေ့ကစပြီး ခေါင်းဆောင်ရဲ့ အလောင်းကို သူ နိုးလာတဲ့အထိ စောင့်ကြပ်ပေးရမယ်"

ဟယ်ယွဲ့လျန် ခေါင်းအနည်းငယ်လှည့်ကာ သူ့ကို ကြည့်လိုက်သည်။

"နင့်မှာ ငြင်းပိုင်ခွင့် မရှိဘူး အခု ခေါင်းဆောင် သွေးကန်ထဲမှာ ရှိနေတာကို တစ္ဆေဆရာ ဘယ်လောက်များများ သိနေလဲဆိုတာ မသိနိုင်ဘူး ခေါင်းဆောင်ကို အကြံအစည်ရှိနေတဲ့ လူတွေလည်း မနည်းဘူး တကယ်လို့ ဒီအတိုင်း လွှတ်ထားရင် ခေါင်းဆောင်ရဲ့ အလောင်းက အခိုးခံရနိုင်တယ် အလောင်းက သွေးကန်ထဲကနေ ထွက်သွားတာနဲ့ တစ္ဆေသွေးကို ထိန်းချုပ်နေတဲ့ လုပ်ငန်းစဉ် ပျက်စီးသွားလိမ့်မယ် အဲဒီအချိန်ကျရင် နင်ကော ဘေးကင်းနိုင်မယ်လို့ ထင်လား"

လီယန်၏ မျက်လုံးများမှာ အရောင်လက်နေ၏။

ဟယ်ယွဲ့လျန်တွင် အခြားရည်ရွယ်ချက်ရှိနေသည်ကို သူ သိသော်လည်း ထိုသို့ဖြစ်လေလေ သူမကို ခေါင်းဆောင်၏ အလောင်းကို စောင့်ကြပ်ခိုင်းလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ တစ်ယောက်တည်းသာ မရိုးသားသော ရည်ရွယ်ချက်ရှိသည့် လူများကို တားဆီးနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်မှာ မသေသေးဘဲ တစ္ဆေအိပ်မက်ကမ္ဘာထဲတွင် ရှိနေသေးသဖြင့် ဒီအချိန်တွင် ပတ်ဝန်းကျင်ကနေ စောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ခေါင်းဆောင်၏ အလောင်းမှာ ဟယ်ယွဲ့လျန်အတွက် ချုပ်ကိုင်မှုတစ်ခု ဖြစ်နေပြီး အကယ်၍ သူမသာ ရမ်းကားလာပါက သူမကို စောင့်ကြိုနေသည်မှာ ဒုတိယအကြိမ် အိပ်မက်ထဲ ဝင်ရောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဘေးနားက ထုံချန်လည်း ခဏမျှ စဉ်းစားပြီးနောက် လီယန်၏ အစီအစဉ်ကို ချက်ချင်း သဘောပေါက်သွားလေသည်။

ဟယ်ယွဲ့လျန် ထပ်မံ နှုတ်ဆိတ်သွားပြန်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ အချိန်အကြာကြီး မဟုတ်ပေ။ မကြာမီမှာပင် သူမ၏အသံမှာ အနီရောင်ခေါင်းဆောင်းအောက်မှ ထွက်ပေါ်လာသည်။

"ကောင်းပြီ ငါ သဘောတူတယ်"

သူမမှာ ရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျန့်၏ အလောင်းက သူမကို စောင့်ကြည့်နေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်၏။

သူမသည် ဒီအလောင်းစောင့်သူအဖြစ် သေချာပေါက် ဆောင်ရွက်ရပေမည်။ မဟုတ်လျှင် တာချန်းမြို့ထဲကနေ ထွက်သွားနိုင်မည် မဟုတ်ကြောင်း သူမ သိလေသည်။

အခန်း ၁၅၆၂ - ဆိုးရွားလာသော အခြေအနေ

ဟယ်ယွဲ့လျန်သည် ယန်ကျန့်၏ အလောင်းကို စောင့်ကြပ်ရန် သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဒီကိစ္စကို ဆုံးဖြတ်ပြီးနောက် ဒီနေရာသည် ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။

ထုံချန်နှင့် လီယန်တို့သည် ဒီနေရာတွင် ဆက်လက်မနေတော့ဘဲ တာချန်းမြို့သို့ ပြန်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသဖြင့် သွေးကန်ဘေးတွင် အချိန်ပြည့် ရှိမနေနိုင်သောကြောင့် ဖြစ်၏။

ဟယ်ယွဲ့လျန် ရှိနေခြင်းကြောင့် ယန်ကျန့်၏ အလောင်းသည်လည်း ဘေးကင်းသွားခဲ့သည်။ တစ္ဆေဆရာအချို့သည် ဒီနေရာသို့ ရမ်းကားပြီး မချဉ်းကပ်ရဲကြသလို တာချန်းမြို့ထဲ ဝင်ရောက်ရန်ပင် အသေအချာ စဉ်းစားကြရလေသည်။

ရက်အနည်းငယ်အကြာမှာတော့ ဟယ်ယွဲ့လျန် ရာထူးပြန်လည်ရရှိပြီး ခေါင်းဆောင်ပြန်ဖြစ်လာကြောင်း ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့လေသည်။

ဒီသတင်းကြောင့် တစ္ဆေဆရာလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ဟယ်ယွဲ့လျန် ခေါင်းဆောင်ပြန်ဖြစ်ခြင်းနှင့် သူမ တာချန်းမြို့သို့ ရောက်ရှိခြင်းမှာ ရက်ပိုင်းသာ ကွာခြားသဖြင့် သူမသည် ယန်ကျန့် အသက်ရှင်နေသေးကြောင်း အတည်ပြုနိုင်ခဲ့၍သာ ဌာနချုပ်ကို အလျှော့ပေးကာ ပြန်ဝင်လာခြင်း ဖြစ်နိုင်သည်ဟု လူတိုင်းက ယူဆကြသည်။

ဒီလို သိသာထင်ရှားသော အချက်ပြမှုကြောင့် မရိုးသားသော အကြံရှိသူများမှာလည်း သူတို့၏ အကြံအစည်များကို လက်လျှော့လိုက်ကြသဖြင့် တာချန်းမြို့၏ လျှို့ဝှက်အန္တရာယ်အချို့မှာလည်း အလိုအလျောက် ပြေလည်သွားခဲ့လေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သဘာဝလွန်ဖြစ်ရပ်များမှာ ပိုမိုများပြားလာပြီး ခေါင်းဆောင်များ တာဝန်ယူထားသော ဒေသများတွင်ပင် ဖရိုဖရဲဖြစ်လာသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။

သဘာဝလွန်ဖြစ်ရပ်များ များပြားလာသည်နှင့်အမျှ တစ္ဆေဆရာလောကတွင် မျက်နှာသစ် တစ္ဆေဆရာ အသစ်များစွာ ပေါ်ထွက်လာခဲ့သည်။ ဒီတစ္ဆေဆရာအသစ်များထဲတွင် အချို့မှာ လျင်မြန်စွာ နာမည်ကျော်ကြားလာခဲ့ကြသည်။

သို့သော် တစ္ဆေဆရာအသစ်များ ပေါ်ထွက်လာခြင်းက အခြေအနေကို ကောင်းမွန်မလာစေဘဲ ပို၍ပင် ဆိုးရွားလာစေသည်။

အဘယ်ကြောင့်ဆိုသော် ပေါ်ထွက်လာသော တစ္ဆေဆရာအသစ်များသည် ဌာနချုပ်သို့ ဝင်ရောက်သူ အလွန်နည်းပါးသောကြောင့်ပေတည်း။ သူတို့သည် မြို့အသီးသီး၏ ထောင့်များတွင် ကိုယ်ပိုင်နည်းလမ်းများဖြင့် နေထိုင်ကြသည်။ အချို့မှာ မြို့အတွက် ဒုက္ခပေးနေပြီး အချို့မှာတော့ ကိုယ်ပိုင်စည်းကမ်းအသစ်များကို ဖန်တီးနေကြသည်။

ဌာနချုပ်မှာတော့ လူအင်အား အလွန်အမင်း နည်းပါးနေသဖြင့် အရပ်ဘက် တစ္ဆေဆရာများကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန်အားနည်းနေခဲ့သည်။ ယန်ကျန့်မှာလည်း နိုးထမလာသေးသဖြင့် ခေါင်းဆောင်များကို စုစည်းပြီး စည်းကမ်းအသစ်များ ပြန်လည်မချမှတ်နိုင်ပေ။ ဒါဟာ တစ္ဆေဆရာလောကကို ရှုပ်ထွေးသော ကာလတစ်ခုဆီသို့ ဦးတည်သွားစေခဲ့လေသည်။

ဒီလို အပြောင်းအလဲများ ဖြစ်ပေါ်လာရန်အတွက် နှစ်လမပြည့်သော အချိန်သာ လိုအပ်ခဲ့သည်။ ယန်ကျန့် အိပ်မောကျသွားသည့် အချိန်မှစ၍ တွက်လျှင် ငါးလမပြည့်သေးပေ။

ငါးလဆိုသော အချိန်အတွင်းမှာပင် တစ္ဆေဆရာလောကသည် ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။

မျိုးဆက်ဟောင်းများကို လူများက မေ့လျော့နေကြပြီ ဖြစ်သလို ယန်ကျန့်ကိုပင် စိတ်ဝင်စားသူ နည်းပါးလာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့အကြောင်းကို ပြောလာလျှင်လည်း အားလုံး၏ အဖြေကတော့ အတူတူပင် ဖြစ်သည်။

"သေသွားပြီထင်တာပဲ"

သို့သော် ဘယ်သူမှတော့ ဒီသတင်းကို သွားရောက်အတည်မပြုရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ဟယ်ယွဲ့လျန်သည် သွေးကန်ဘေးတွင် အမြဲရှိနေပြီး ယန်ကျန့်၏ အလောင်းကို စောင့်ကြပ်နေသောကြောင့် ဖြစ်သည်။

ဒီကာလအတွင်းမှာတော့ တာချန်းမြို့တွင်လည်း အပြောင်းအလဲအချို့ ရှိခဲ့သည်။

ဝမ်ယုံ၏ တစ္ဆေနိုးထလာမှုမှာ ထိန်းချုပ်မရတော့ပေ။ သို့သော် သူသည် တစ္ဆေမှန်ကို အသုံးပြုပြီး အသက်ပြန်သွင်းရန် မရွေးချယ်ခဲ့ပေ။ ဒီခေတ်ကြီးထဲတွင် သဘာဝလွန်စွမ်းအားမရှိဘဲ နေထိုင်၍ မရနိုင်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ တစ္ဆေနိုးထမသေဆုံးမီတွင် သဘာဝလွန်ဖြစ်ရပ်များကို ဆက်တိုက်ဖြေရှင်းပေးခဲ့ပြီး လီယန်ထံမှ အခွင့်အရေးတစ်ခု တောင်းဆိုခဲ့သည်။ အဲဒါကတော့ ခေါင်းတလားထဲ ဝင်အိပ်ရန်ပင် ဖြစ်သည်။

လီယန်လည်း မငြင်းဆန်ခဲ့ပေ။ သူကိုယ်တိုင်လည်း ဝမ်ယုံကို အသုံးပြုပြီး စမ်းသပ်ကြည့်ချင်သဖြင့် အနီရောင်ခေါင်းတလားထဲ ဝင်အိပ်ရန် သဘောတူခဲ့လေသည်။

ရလဒ်ကတော့ မဆိုးလှပေ။

ဝမ်ယုံ မသေဆုံးခဲ့ဘဲ နိုးထလာသော တစ္ဆေမှာလည်း ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သို့သော် ပေးဆပ်ရသည့် တန်ဖိုးမှာတော့ သူသည် အနီရောင်ခေါင်းတလားထဲတွင် ပိတ်မိသွားပြီး ပြန်ထွက်လာနိုင်ခြင်း မရှိတော့ပေ။

လင်းယွင်ဟွေ့ကတော့ ဝမ်ယုံကို ဒီလိုပြောခဲ့သည်။ အကယ်၍ ခေါင်းတလားထဲတွင် အချိန်အကြာကြီး နေထိုင်ပါက တစ်နေ့နေ့တွင် ခန္ဓာကိုယ်ထဲက တစ္ဆေမှာ ပြန်လည်ငြိမ်သက်သွားနိုင်ပြီး ခေါင်းတလားထဲမှ ပြန်ထွက်လာနိုင်မည့် အခွင့်အရေး ရှိနိုင်ကြောင်း ပေတည်း။

ဝမ်ယုံ နှုတ်ထွက်သွားခြင်းမှာ အစပြုခြင်းသာ ဖြစ်သည်။

နောက်ပိုင်းတွင် ဟွမ်ကျိယာ၏ တစ်ကိုယ်လုံး သဘာဝလွန်စွမ်းအားများ တိုက်စားခံရမှုမှာ အလွန်ဆိုးရွားလာသဖြင့် အနားယူရန် ရွေးချယ်ခဲ့ရသည်။ သူမသည် လက်ရှိတွင် တစ္ဆေနိုးထမည့် အဆင့်သို့ မရောက်သေးသော်လည်း ဒီလိုသာ ဆက်လက်တိုက်စားခံနေရပါက တစ္ဆေနိုးထရန် သိပ်မဝေးတော့ပေ။

လီယန်နှင့် ထုံချန်တို့ နှစ်ယောက်စလုံးသည် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသော်လည်း သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းသည့် အကြိမ်ရေကို လျှော့ချခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သာ အလုပ်ကို ပြင်းပြင်းထန်ထန် ဆက်လုပ်နေပါက သူတို့ကိုယ်တိုင်လည်း တစ္ဆေနိုးထမည့် အန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ပေတည်း။

ဒီလိုလုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ တာချန်းမြို့အနီးရှိ မြို့အသီးသီးတွင် သဘာဝလွန်ဖြစ်ရပ်များ တဖြည်းဖြည်း တိုးပွားလာခြင်းပင် ဖြစ်သည်။

သတင်းဆိုးများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ခေါင်းဆောင်တစ်ယောက်ပင်လျှင် ပြဿနာတက်ခဲ့လေသည်။

စက္ကူရုပ် လျိုဆန်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့ပြီး မည်သည့်သတင်းမျှ မရရှိတော့ပေ။

ဒါဟာ ဌာနချုပ်မှ ရရှိသော အရေးကြီးသော သတင်းတစ်ခု ဖြစ်သည်။

အချို့က လျိုဆန်းသည် ယန်ကျန့်ကဲ့သို့ပင် တစ္ဆေနိုးထမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ကိုယ်ပိုင်ပြဿနာကို သွားရောက်ဖြေရှင်းနေသည်ဟု ခန့်မှန်းကြသည်။ အချို့ကတော့ လျိုဆန်းသည် ခေါင်းဆောင်တာဝန်ကို ရှောင်လွှဲပြီး အခြေအနေ မဟန်သဖြင့် ထွက်ပြေးသွားသည်ဟု ယူဆကြသလို အချို့ကလည်း ဝိညာဉ်ခေါ်သူ ဟဲယင်အာနှင့် တိုက်ခိုက်ရင်း ဟဲယင်အာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု ထင်ကြလေသည်။

မည်သို့ပင် ခန့်မှန်းကြစေကာမူ လျိုဆန်းကတော့ တကယ်ကို ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဒီလို အခြေအနေမျိုးတွင် ခေါင်းဆောင်တစ်ယောက် ထပ်မံလျော့နည်းသွားသဖြင့် ဌာနချုပ်မှာလည်း ဆက်လက်ရပ်တည်ရန် ခက်ခဲလာခဲ့သည်။ အကယ်၍ အချိုးအကွေ့တစ်ခုသာ ပေါ်မလာပါက ဌာနချုပ်မှာ နာမည်သာရှိပြီး အနှစ်သာရမရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သွားတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တာဟန့်မြို့ရှိ တစ္ဆေစာပို့တိုက်အတွင်း၌……..

ယခုအခါ တစ္ဆေစာပို့တိုက်၏ စီမံခန့်ခွဲသူ စွန်းရွေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ လမ်းမပေါ်တွင် လူသွားလူလာ တဖြည်းဖြည်း နည်းပါးလာသည်ကို ကြည့်ရင်း သူသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်လေသည်။

ဒီလပိုင်းအတွင်း တာဟန့်မြို့၏ အပြောင်းအလဲများကို သူ အကုန်လုံး မြင်တွေ့နေရသည်။

အစပထမတွင် တာဟန့်မြို့၏ လမ်းမများမှာ အလွန်စည်ကားခဲ့ပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လမ်းမများပေါ်တွင် ရုန်းရင်းဆန်ခတ်မှုများ အကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားပြီးတိုင်း လူသွားလူလာများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ယခုအခါ စည်ကားခဲ့သော လမ်းမများမှာ ခြောက်ကပ်နေပြီး လူအနည်းငယ်သာ စိုးရိမ်တကြီးဖြင့် အလျင်စလို ဖြတ်သန်းသွားကြတော့သည်။

အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။

တစ္ဆေစာပို့တိုက်အနီးရှိ လမ်းမများတွင် သဘာဝလွန်ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့ပြီး အချိန်အတော်ကြာသည့်တိုင်အောင် မဖြေရှင်းနိုင်ခဲ့သောကြောင့် ပေတည်း။

စွန်းရွေ့သည် တာဟန့်မြို့၏ တာဝန်ခံ ဖြစ်သော်လည်း တစ္ဆေစာပို့တိုက်ထဲတွင် ပိတ်မိနေသဖြင့် ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေသည်။

သူသည် အပြင်ထွက်ပြီး သဘာဝလွန်ဖြစ်ရပ်များကို မဖြေရှင်းနိုင်ဘဲ ဒီအတိုင်းသာ မျက်စိသူငယ်ဖြင့် ကြည့်နေရလေသည်။

"တာဟန့်မြို့တောင် ဒီလိုဖြစ်နေမှတော့ တခြားမြို့တွေကို ပြောနေလို့လည်း ထူးမှာမဟုတ်ဘူး"

ဟု စွန်းရွေ့က ညည်းတွားလိုက်သည်။ အပြင်ဘက်က အခြေအနေမှာ အလွန်ဆိုးရွားနေပြီ ဖြစ်ကြောင်း သူ နားလည်လေသည်။

"စွန်းရွေ့ သင်္ချိုင်းထဲ မြှုပ်ထားတဲ့ ဖုန်းချွမ်းနဲ့ ဝေ့ကျင်းတို့ဆီက ဘာသတင်းမှ မရသေးဘူးလား"

သိမ်းငှက်အိုကြီးသည် တစ္ဆေစာပို့တိုက်အတွင်း ပေါ်လာပြီး အခန်းထဲမှ ထွက်လာရင်း ထုံးစံအတိုင်း မေးမြန်းလိုက်သည်။

စွန်းရွေ့ကတော့ လှည့်ပင်မကြည့်ဘဲ လက်ကိုင်တုတ်ကို အားပြုကာ ခြောက်ကပ်နေသော လမ်းမများကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

"ဖုန်းချွမ်းနဲ့ ဝေ့ကျင်းတို့ သင်္ချိုင်းထဲကနေ ထွက်လာနိုင်မလားဆိုတာက အခုတော့ အရေးမကြီးတော့ဘူး သူတို့က ဘုရင်အဖွဲ့အစည်းနဲ့ တိုက်ပွဲကိုလည်း လွဲချော်ခဲ့သလို အခုလို သဘာဝလွန်ဖြစ်ရပ်တွေ ပေါက်ကွဲနေတဲ့ ခေတ်ကိုလည်း လွဲချော်နေပြီ အခု သူတို့ ချက်ချင်း ပေါ်လာပြီး တစ္ဆေစာပို့တိုက်ထဲက ထွက်သွားနိုင်ရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး"

"နောက်ကျသွားပြီ အရာအားလုံးက နောက်ကျသွားပြီ"

သူသည် ခေါင်းခါယမ်းလိုက်ပြီး ဖုန်းချွမ်းနှင့် ဝေ့ကျင်းတို့အပေါ် မျှော်လင့်ချက် မထားတော့ပေ။

"ငါ ဒီရက်ပိုင်း တွေးနေတာက တစ္ဆေစာပို့တိုက်ကို ပြန်ဖွင့်လိုက်ရင် ကောင်းမလားလို့ပဲ အခု အခြေအနေတွေက အရမ်းဆိုးနေတော့ တစ္ဆေစာပို့တိုက်ကို ပြန်ဖွင့်လိုက်ရင် တစ်ခုခုတော့ အထောက်အကူ ဖြစ်နိုင်လိမ့်မယ်"

စွန်းရွေ့ ခေါင်းငုံ့ကာ စဉ်းစားနေလေသည်။

သိမ်းငှက်အိုကြီးက ပြောလိုက်သည်။

"ဒါဆိုရင် စာပို့သမားတွေကို အသစ်ပြန်ပြီး စုဆောင်းရတော့မယ် လူတွေ အများကြီး ထပ်သေဦးမှာပဲ"

"အခု အခြေအနေအရဆိုရင်လည်း အပြင်မှာ သေနေတဲ့လူတွေက မနည်းပါဘူး"

စွန်းရွေ့က ပြန်ပြောလိုက်သည်။

"တကယ်လို့ အဲဒီလိုဆိုရင်တော့ အရင်က ယန်ကျန့် တစ္ဆေစာပို့တိုက်ကို အဆုံးသတ်ခဲ့တာက အဓိပ္ပာယ်မရှိသလို ဖြစ်သွားမှာပေါ့ အရာအားလုံးက မူလနေရာကို ပြန်ရောက်သွားတာပဲ"

သိမ်းငှက်အိုကြီးက ပြောလိုက်သည်။

"တစ်ပတ်လည်ပြီးမှ ပြန်သိရတာက မူလနေရာကပဲ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုတာပါပဲ"

စွန်းရွေ့ ထပ်မံသက်ပြင်းချလိုက်သည်။

"အနည်းဆုံးတော့ အဲဒီတုန်းက သဘာဝလွန်ဖြစ်ရပ်တွေကို ထိန်းချုပ်လို့ ရသေးတယ် အခုလို မဟုတ်ဘူး အခုက သဘာဝလွန်ဖြစ်ရပ်တွေကို ထိန်းချုပ်လို့မရရုံတင်မကဘူး ဖြေရှင်းပေးမယ့် လူတောင် ရှာမရတော့ဘူး"

"အရင်က သဘာဝလွန်ဖြစ်ရပ်တွေ မရှိခဲ့တာက တစ္ဆေစာပို့တိုက်ကြောင့် မဟုတ်ဘူး အဲဒီတုန်းက သဘာဝလွန်ဖြစ်ရပ်တွေက ထိန်းချုပ်လို့ရတဲ့ အဆင့်မှာ ရှိနေလို့ပဲ စာပို့သမားတွေရဲ့ အခန်းကဏ္ဍကတော့ လိုအပ်မှ သုံးရတဲ့ အရာမျိုးပဲလေ"

သိမ်းငှက်အိုကြီးက ပြောလိုက်သည်။

စွန်းရွေ့က ထပ်ပြောသည်။

"အဲဒါလည်း မဟုတ်သေးပါဘူး တကယ်လို့ တစ္ဆေစာပို့တိုက်က အမြဲတမ်း ပုံမှန် လည်ပတ်နေမယ်ဆိုရင် အခု ငါ့လက်ထဲမှာ ပဉ္စမထပ် စာပို့သမား အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်လောက် ရှိနေမှာ ပြီးတော့ နောက်ထပ် လေ့ကျင့်ပေးမှုတွေနဲ့ဆိုရင် တစ္ဆေစာပို့တိုက် တစ်ခုတည်းနဲ့တင် ဌာနချုပ် တစ်ဝက်စာလောက် အားကိုးလို့ ရတယ် တကယ်လို့ ဟယ်ယွဲ့လျန်က ငါ့ကို ကူညီပေးမယ်ဆိုရင် ဆီဆေးပန်းချီကားထဲက ဝိညာဉ်တွေကို အပြင်ကို ငါ လွှတ်ပေးလို့ ရတယ် အဲဒီအခါ ငါ့လက်ထဲမှာ အသုံးပြုနိုင်တဲ့ တစ္ဆေဆရာ တစ်ရာနီးပါး ရှိလာလိမ့်မယ် လူတစ်ရာလောက်နဲ့ဆိုရင် အနည်းဆုံး မြို့ကြီး ဆယ်မြို့နဲ့ ပတ်ဝန်းကျင်က အခြေအနေတွေကို ငါ တည်ငြိမ်အောင် လုပ်ပေးနိုင်တယ်"

"ဒါက မင်းရဲ့ စိတ်ကူးယဉ် အဆင့်ပဲ ရှိသေးတာပါ"

သိမ်းငှက်အိုကြီးက သူ၏ စိတ်ကူးယဉ်မှုကို ရိုက်ချိုးလိုက်သည်။

"မှန်ပါတယ် အခု တစ္ဆေစာပို့တိုက်ကို ပြန်ဖွင့်ရင်တောင် စာပို့သမားတွေကို လေ့ကျင့်ပေးဖို့ အချိန်မမီတော့ဘူး"

စွန်းရွေ့က ဆက်ပြောလိုက်သည်။

"ဒါကြောင့် ငါ အခု တွေးနေတာက အရင်က လုပ်ခဲ့တာတွေ မှားနေသလားလို့ပဲ မဟုတ်ပါဘူး အဲဒီတုန်းက ယန်ကျန့် လုပ်ခဲ့တာ မမှားပါဘူး ထိန်းချုပ်မရတဲ့ တစ္ဆေစာပို့တိုက်က တကယ်ပဲ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်ခဲ့တာ သူက အဲဒီဘေးဒုက္ခကို ရှင်းလင်းပေးခဲ့တာပဲ သူ အရမ်းတော်ပါတယ် ငါသာ မတော်တာပါ စတုတ္ထမြောက် စီမံခန့်ခွဲသူဖြစ်တဲ့ ငါက တာဝန်မကျေခဲ့ဘူး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူး"

ယခုအခါ သူသည် မိမိကိုယ်ကို ပြန်လည်အပြစ်တင်နေမိသည်။ သူသည် ဘာမှအသုံးမကျဘဲ နေရာယူထားသည့် လူညံ့တစ်ယောက်ဟု ခံစားနေရသည်။

ယန်ကျန့်က သူ့ကို ဒီနေရာသို့ တင်ပေးခဲ့သော်လည်း သူ ဘာမှမလုပ်နိုင်ခဲ့ပေ။

"မဖြစ်ဘူး ငါ တစ်ခုခု လုပ်မှ ရမယ် ဒီအတိုင်း စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး"

စွန်းရွေ့ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူသည် ကုလားထိုင်ပေါ်မှ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လက်ကိုင်တုတ်ကို အားပြုကာ ပထမထပ်ရှိ ခန်းမဆောင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

ခန်းမဆောင်၏ နံရံများပေါ်တွင် ဆီဆေးပန်းချီကားများစွာ ချိတ်ဆွဲထားလေသည်။

ပန်းချီကားတစ်ချပ်စီမှာ လူတစ်ယောက်ချင်းစီ၏ ပုံတူကားများ ဖြစ်ကြပြီး ထိုသူများမှာ တစ္ဆေစာပို့တိုက်၏ အရင်က စာပို့သမားများ ဖြစ်ကြသည်။

သဘာဝလွန်စွမ်းအားတစ်ခုက ဒီစာပို့သမားများ အသက်ရှင်စဉ်က အရာအားလုံးကို ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။

သို့သော် ဒီပဉ္စမထပ် စာပို့သမားများသည် ဆီဆေးပန်းချီကားထဲတွင်သာ ပေါ်လာနိုင်ပြီး လက်တွေ့ကမ္ဘာသို့ ဝင်ရောက်နိုင်စွမ်း မရှိကြပေ။

တစ္ဆေပန်းချီကား၏ သဘာဝလွန်စွမ်းအားကို အားကိုးမှသာ ပဉ္စမထပ် စာပို့သမားများသည် လက်တွေ့ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်နိုင်မည် ဖြစ်သည်။

"လူတစ်ယောက်တည်းရဲ့ ဉာဏ်ကတော့ နည်းတာပေါ့ လူအများကြီး ပေါင်းရင်တော့ နည်းလမ်းကောင်းတွေ ထွက်လာမှာပါ"

စွန်းရွေ့ တစ်ယောက်တည်း တွေးမနေတော့ဘဲ ပဉ္စမထပ် စာပို့သမား အားလုံး၏ ဉာဏ်ပညာကို စုစည်းပြီး ကောင်းမွန်သော အစီအစဉ်တစ်ခုကို ရေးဆွဲရန် ဆုံးဖြတ်လိုက်သည်။

ဒီပဉ္စမထပ် စာပို့သမားများသည် သာမန်လူများ မဟုတ်ကြဘဲ အရင်က တစ္ဆေစာပို့တိုက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူများ ဖြစ်ကြသည်။

စွန်းရွေ့ သူတို့ကို အကူအညီတောင်းခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်လေသည်။

သို့သော် စွန်းရွေ့ ကြိုးစားနေစဉ်မှာပင် အခြားတစ်ဖက်မှာတော့ တောင့်မခံနိုင်တော့သူတစ်ဦး ရှိနေပြီ ဖြစ်သည်။

၎င်းမှာ တာတုန်းမြို့မှ ဝမ်ချာလင်း ဖြစ်လေသည်။

နောက်ထပ် နှစ်လ ကြာမြင့်ပြီးနောက်တွင် ဝမ်ချာလင်းသည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ သေဆုံးတော့မည် ဖြစ်ပြီး ဆက်လက်တောင့်မခံနိုင်တော့ပေ။ တစ္ဆေနိုးထလာမည့် ပြဿနာက သူ့ကို နှိပ်စက်နေပြီ ဖြစ်သည်။

အကယ်၍ ယန်ကျန့်သာ ရှိနေလျှင် သူ့ကို တရုတ်တိုင်းရင်းဆေးတစ်ထုပ်ပေးပြီး အသက်ဆက်ခိုင်းကောင်း ဆက်ခိုင်းနိုင်ပေလိမ့်မည်။

သို့သော် ယန်ကျန့်မှာ ငြိမ်သက်နေဆဲ ဖြစ်၏။ ယန်ကျန့်ကိုယ်တိုင်လည်း ဒီတစ်ကြိမ်တွင် ဒီလောက်အထိ အချိန်အကြာကြီး ငြိမ်သက်နေလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ကိစ္စရပ်များစွာကို သူ ကြိုတင်မတွက်ချက်နိုင်ခဲ့ပေ။

အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ဟု ခံစားရသော ဝမ်ချာလင်းသည် နောက်ထပ် သုံးရက်ကို အတင်းအကျပ် တောင့်ခံထားခဲ့သည်။ နောက်ဆုံးတွင် စတုတ္ထမြောက်နေ့ ညနေခင်းတွင် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုပြီး သူ၏ နောက်ဆုံးအမိန့်ကို ပေးလိုက်လေသည်။

"ဝမ်မိသားစုရဲ့ စတုတ္ထမျိုးဆက်က ဒီနေ့ မဖြစ်မနေ မွေးဖွားလာရမယ်"

"ကောင်းပါပြီ ဒီကိစ္စကို အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"

ဖုန်းထဲမှ အသံမှာ အမျိုးသားတစ်ဦး၏ အသံဖြစ်ပြီး အားအင်အပြည့် ရှိနေသဖြင့် တစ္ဆေဆရာတစ်ဦး မဟုတ်ကြောင်း သိသာလှသည်။

"ကလေးမွေးပြီးရင် ငါ့ကို ချက်ချင်း အကြောင်းကြား"

ဟု ဝမ်ချာလင်းက ပြောလိုက်သည်။ ယခုအခါ သူ၏ အသံမှာ အက်ကွဲပြီး ထူးဆန်းနေပြီ ဖြစ်သည်။

"အလွန်ဆုံး တစ်နာရီပါ စိတ်ချပါ"

တစ်ဖက်က အာမခံချက် ပေးလိုက်သည်။

သိသာသည်မှာ ဝမ်ချာလင်းသည် အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီးဖြစ်ပြီး ဒီနေ့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။

သူ ဖုန်းချလိုက်သည်နှင့် တာတုန်းမြို့ရှိ ကိုယ်ပိုင် အရေးပေါ်လူနာတင်ကားတစ်စီးသည် အနီးနားရှိ သိပ်မထင်ရှားသော ကျေးရွာလေးတစ်ရွာဆီသို့ လျင်မြန်စွာ မောင်းနှင်သွားခဲ့လေသည်။

All Chapters