← Chapters

အခန်း (၁၅၆၃-၁၅၆၄)

Vol. 120 Ch. 1563-1564

အခန်း (၁၅၆၃-၁၅၆၄)

Vol. 120 Ch. 1563-1564

အခန်း ၁၅၆၃ - စတုတ္ထမျိုးဆက်

ညနေစောင်းအချိန်

ဒါဟာ တာတုန်းမြို့နဲ့ နီးတဲ့ သိပ်မထင်ရှားတဲ့ ကျေးရွာလေး တစ်ရွာ ဖြစ်သည်။ ရွာလေးက သေးငယ်ပြီး နေထိုင်သူလည်း နည်းပါးလှသည်။ ပုံမှန်ဆိုရင် အပြင်လူ လာတာ ရှားသဖြင့် ကျေးရွာလေးက အလွန် တိတ်ဆိတ် ငြိမ်သက်နေပေသည်။ ဒီသဘာဝလွန် ခေတ်ကြီးမှာတောင် တစ္ဆေတွေက ဒီရွာလေးထဲ ကျူးကျော်ပြီး ဒီငြိမ်သက်မှုကို ဖျက်ဆီးခြင်း မရှိကြသေးပေ။

သို့သော် ဒီနေ့မှာတော့ အရေးပေါ် လူနာတင်ကား တစ်စီး ရောက်ရှိလာခြင်းက ရွာထဲရှိ ရွာသားအချို့ကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ဒီကားက လမ်းတစ်လျှောက် မောင်းနှင်လာပြီးနောက် မနှစ်ကမှ ဆောက်လုပ်ထားသော အပန်းဖြေ အိမ်ရာလေး တစ်ခုရှေ့မှာ ရပ်တန့်သွားလေသည်။

ထို့နောက် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အများအပြားသည် ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးစုံကို သယ်ဆောင်ကာ ဒီအိမ်ကြီးထဲသို့ ဝင်သွားကြတော့သည်။

မကြာမီ တံခါးကြီး ပြန်ပိတ်သွားပြီး မြင့်မားသော တံတိုင်းများက ရွာသားအချို့၏ သိချင်စိတ် ပြင်းပြနေသော အကြည့်များကို ပိတ်ဆို့ထားလိုက်သည်။ အရာအားလုံးက ပြန်လည် ငြိမ်သက်သွားပုံ ပေါက်နေလေသည်။

ဒီအပန်းဖြေ အိမ်ရာထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး နေထိုင်သည်။

သူမ နာမည်က အားကျိန်း ဖြစ်ပြီး ဒီနေရာကို ရောက်လာတာ ငါးလခန့် ရှိပြီ ဖြစ်သည်။

ဗိုက်အကြီးကြီးဖြင့် သူမ၏ နေထိုင်မှု ဘဝမှာ အဆင်မပြေမှုများ ရှိသော်လည်း ကံကောင်းသည်မှာ တစ်ပတ် တစ်ကြိမ် လုံလောက်သော လူသုံးကုန် ပစ္စည်းများကို တစ်စုံတစ်ယောက်က လာပို့ပေးသဖြင့် တစ်ယောက်တည်း နေထိုင်ရာတွင် ဘာပြဿနာမှ မရှိပေ။

"ဒီနေ့က ပစ္စည်းပို့ရမယ့် နေ့ မဟုတ်ဘူး ထင်တယ်"

အားကျိန်းက အပြင်က လှုပ်ရှားမှုကို ကြားသဖြင့် သိချင်စိတ်ဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။

ဒီနေရာကို ဝင်ထွက်ခွင့် ရှိသူက အလွန် နည်းပါးကြောင်း သူမ သိသည်။ ဝမ်ချာလင်း၏ ခွင့်ပြုချက် ရမှသာ တံခါးကို ဖွင့်နိုင်မည် ဖြစ်ပြီး အခြားသူများသာ ရမ်းကားပြီး ဝင်လာပါက မှန်းဆ၍ မရနိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ နောက်ဆုံး ရလဒ်ကတော့ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး အလောင်းတောင် ရှာမတွေ့တာမျိုး ဖြစ်ပေလိမ့်မည်။

အားကျိန်း အခန်းထဲမှ ထွက်လာသည်နှင့် အလျင်စလို လျှောက်လာသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တစ်စုကို မြင်လိုက်ရသည်။

"စလို့ ရပြီ"

ဝတ်စုံအပြည့် ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက အားကျိန်းကို မြင်သည်နှင့် ခေါင်းညိတ် ပြောလိုက်သည်။

ထို့နောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း နှစ်ဦးက ချက်ချင်း လျှောက်သွားပြီး အားကျိန်းကို ထိန်းချုပ်လိုက်ကြသည်။

"ရှင်တို့ ဘာလုပ်တာလဲ" အားကျိန်း အနည်းငယ် ထိတ်လန့်သွားသည်။

"မလောပါနဲ့ ဆရာဝမ် က ခိုင်းလိုက်တာပါ ဆရာဝမ် အမိန့် ရှိတယ် ဝမ်မိသားစုရဲ့ စတုတ္ထမျိုးဆက်က ဒီနေ့ မဖြစ်မနေ မွေးဖွားလာရမယ် မင်းဘက်က ပူးပေါင်းပေးပါ"

ဝတ်စုံဝတ် အမျိုးသားက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။ ငြင်းဆန်ရန် အခွင့်အရေး မပေးပေ။

ထို့နောက် ဘေးမှ ဝန်ထမ်း တစ်ဦးက မှတ်တမ်းဖိုင်ကို လှန်ကြည့်လိုက်သည်။

"မွေးရမယ့် ရက်ထက် ခြောက်ရက် စောနေသေးတယ် ဒါပေမဲ့ အခြေအနေ အားလုံးက ပုံမှန်ပဲ ခွဲစိတ်ဖို့ ပြင်ဆင်လိုက်"

"ငါ ငါ နားလည်ပါပြီ"

အားကျိန်းကလည်း ထက်မြက်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ဒီလိုနေ့မျိုး ရောက်လာမည်ကို သူမ ကြိုသိထားသဖြင့် အများကြီး ခုခံခြင်း မပြုတော့ပေ။

မကြာမီ ဝန်ထမ်းများက ဝှီးချဲ တစ်စီး တွန်းလာပြီး အားကျိန်းကို ထိုင်ခိုင်းကာ ကြိုတင် ပြင်ဆင်ထားသော အခန်း တစ်ခန်းထဲသို့ ခေါ်သွားကြသည်။

"စိတ်အေးအေးထားပါ ခွဲစိတ်တာက မကြာခင် ပြီးသွားမှာပါ"

ခွဲစိတ်ဆရာဝန်က အားပေးစကား ပြောလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"မေ့ဆေး ပြင်ဆင်"

အားကျိန်းသည် စိုးရိမ်ထိတ်လန့်စွာဖြင့် ဒီခွဲစိတ်မှုကို လက်ခံလိုက်ရသည်။

မေ့ဆေး ထိုးပြီးနောက် ခွဲစိတ်ဆရာဝန်က အချိန်ကို စောင့်ကြည့်နေပြီး မေ့ဆေး အာနိသင် ပြလာသည်ကို စောင့်ဆိုင်းနေလေသည်။

အချိန်ကျသည်နှင့် သူ ချက်ချင်း ခွဲစိတ်မှုကို စတင်လိုက်သည်။

သူ၏ လက်လှုပ်ရှားမှုမှာ အလွန် ကျွမ်းကျင်လှသည်။ ဆယ်မိနစ်ပင် မပြည့်သေးမီ ကလေးငိုသံ တစ်ခု အခန်းထဲမှ ထွက်ပေါ်လာတော့သည်။

တံခါးအပြင်ဘက်ရှိ ဝတ်စုံဝတ် အမျိုးသားသည် အသံကြားသည်နှင့် ဖုန်းကို ချက်ချင်း ခေါ်ဆိုလိုက်သည်။

"ဆရာဝမ် ကိစ္စ အားလုံး အဆင်ပြေသွားပါပြီ"

ဖုန်းတစ်ဖက်မှ ဝမ်ချာလင်းသည်လည်း ကလေးငိုသံကို ကြားလိုက်ရသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားတော့သည်။

"ငါ အရင်က မှာထားတဲ့အတိုင်း ဆက်လုပ်လိုက်တော့"

"ဟုတ်ကဲ့ပါ"

ဝတ်စုံဝတ် အမျိုးသားက ဖုန်းကို ချထားလိုက်ပြီး လက်ပတ်နာရီကို ကြည့်ကာ စောင့်ဆိုင်းနေလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အခန်းထဲမှ ထွက်လာကြသည်။

"အခုချက်ချင်း ဒီကနေ ထွက်သွားကြမယ် မှတ်ထားပါ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဘာမှ မဖြစ်ခဲ့သလိုမျိုး သဘောထားကြပါ နောက်ဆို ဘယ်သူ့ကိုမှ တစ်ခွန်းတောင် ဟခွင့် မရှိဘူး တကယ်လို့ တစ်လုံးတစ်ပါဒလောက် ပေါက်ကြားသွားရင် ငါ အပါအဝင် အားလုံး သေရလိမ့်မယ်"

ဝတ်စုံဝတ် အမျိုးသားက အလေးအနက် မှာကြားလိုက်သည်။

ကျန်ရှိသူများက အဆက်မပြတ် ခေါင်းညိတ်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ပမာဏ အလွန်များပြားသော ငွေကြေးကို လက်ခံထားကြပြီး ထိုငွေများက သူတို့၏ အသက်ကို ဝယ်ယူရန် လုံလောက်နေပေသည်။

မကြာမီ ဝတ်စုံဝတ် အမျိုးသားသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တစ်စုကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ဒီအပန်းဖြေ အိမ်ရာထဲတွင် မေ့ဆေး အရှိန် မကုန်သေးသော အားကျိန်းနှင့် ယခုလေးတင် မွေးဖွားလာသော ကလေးငယ် တစ်ဦးသာ ကျန်ရစ်ခဲ့သည်။

သို့သော် ဒီအချိန်တွင် တာတုန်းမြို့ရှိ ဝမ်ချာလင်းသည်လည်း သူ၏ ကန့်သတ်ချက်ကို ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လုံခြုံရေး အိမ်တော်ထဲရှိ ကုတင်လေးပေါ်တွင် လှဲလျောင်းနေပြီး သူ၏ နောက်ဆုံး စီစဉ်မှုကို ပြုလုပ်လိုက်သည်။ အဲဒါကတော့ လုံခြုံရေး အိမ်တော်၏ တံခါးကြီးကို ဖွင့်လိုက်ခြင်းပင် ဖြစ်သည်။

သူ သေပြီးနောက် သေချာပေါက် တစ္ဆေအဖြစ် ပြောင်းလဲသွားမည်ကို သူ သိသည်။ တကယ်လို့ လုံခြုံရေး အိမ်တော် တံခါးသာ ပိတ်ထားပါက သူသည် ဒီနေရာတွင် ထာဝရ ပိတ်မိနေလိမ့်မည်။ ဒါက သူ လိုချင်တဲ့ ရလဒ် မဟုတ်ပေ။ သူ သေပြီးနောက် သူ၏ ကလေးငယ် ဘေးနားသို့ သေချာပေါက် ပြန်သွားရမည် ဖြစ်ပြီး ဝိညာဉ် တစ်ခုအဖြစ် ဝမ်မိသားစု၏ စတုတ္ထမျိုးဆက်ကို ကာကွယ်ပေးရမည် ဖြစ်သည်။

"နောက်ဆုံးတော့ လွတ်မြောက်ရပြီပဲ"

ဝမ်ချာလင်း သူ၏ တစ်ဘဝလုံးကို ပြန်လည် စဉ်းစားကြည့်ရာ နောက်ဆုံးတွင် အရာအားလုံးက အချည်းနှီးသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်ပြီးနောက် နောက်ဆုံး ထွက်သက်ကို ရှူရှိုက်ကာ အသက်ထွက်သွားတော့သည်။

သူ သေဆုံးသွားခဲ့ပြီ။

ဒီနေ့ကစပြီး တစ္ဆေဆရာလောကမှာ ဝမ်မိသားစုရဲ့ တတိယမျိုးဆက် ဆိုတာ မရှိတော့ပေ။

သေဆုံးသွားပြီးနောက် ဝမ်ချာလင်း၏ ခန္ဓာကိုယ်မှာ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ အသားစိုင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လေထဲ လွင့်ပါသွားသကဲ့သို့ ဖြစ်သွားသော်လည်း အဖြူအမည်း အရောင်ရှိသော ပုံရိပ်တစ်ခုကတော့ ကုတင်ပေါ်မှာ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုပုံရိပ်က ဝမ်ချာလင်းနှင့် တစ်ပုံစံတည်း တူနေပြီး သူ၏ ဝိညာဉ် တစ်ခုကဲ့သို့ပင် ဖြစ်၏။

သို့သော် ဝိညာဉ်က အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ အိပ်မောကျနေသော တစ္ဆေတစ်ကောင်ကဲ့သို့ လူကို ထိတ်လန့်စေပေသည်။

ဝမ်မိသားစုရဲ့ ကျိန်စာက စတင် အလုပ်လုပ်ပြီ ဖြစ်သည်။

ဝမ်ချာလင်း ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး တစ်နာရီပင် မပြည့်သေးမီ အခြားတစ်ဖက်တွင် သတိလစ်နေသော အားကျိန်းသည် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။

နိုးလာသော အားကျိန်းသည် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို တွေ့လိုက်ရသည်။ သူမ၏ လက်မောင်းတွင်မူ ပိုက်များ တပ်ဆင်ထားဆဲ ဖြစ်ပြီး ဘေးနားရှိ ကလေးကုတင်လေးထဲတွင် တွန့်လိမ်နေသော ပန်းရောင် ကလေးငယ်လေး တစ်ဦး လဲလျောင်းနေလေသည်။

"ကြည့်ရတာ ခွဲစိတ်မှုက ပြီးသွားပြီပဲ အောင်လည်း အောင်မြင်တယ် ထင်တယ်"

အားကျိန်းသည် ထိုကလေးငယ်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူမ ထိုင်ရန် ကြိုးစားသော်လည်း မေ့ဆေး အာနိသင် ကျန်ရှိနေသေးသဖြင့် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သေးပေ။

သို့သော် မကြာမီ အားကျိန်းသည် ကုတင်ဘေးတွင် သေတ္တာလေး တစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

သေတ္တာလေးကို သေသပ်စွာ ထုပ်ပိုးထားပြီး လက်ဆောင်တစ်ခုနှင့် တူနေသည်။

"ဒါ ဝမ်ချာလင်း ငါ့ကို ပေးတဲ့ လက်ဆောင်လား"

အားကျိန်းသည် ထိုသို့ တွေးကာ ခန္ဓာကိုယ်ကို မနည်း အားတင်းပြီး သေတ္တာလေးကို ဖွင့်လိုက်သည်။

အတွင်းတွင် ပစ္စည်း သုံးမျိုး ပါဝင်သည်။

ရွှေရောင် စာရွက် တစ်ရွက် ဖြစ်ပြီး အပေါ်တွင် အရေးကြီးသော လိပ်စာ အချို့ကို ရေးသားထားသည်။

ထူးခြားသော သော့တွဲ တစ်တွဲ

ပြီးတော့ အဖြူအမည်း အရောင်ရှိသော ရှေးဟောင်း ဓာတ်ပုံ တစ်ပုံ ဖြစ်သည်။

"ဒါတွေက လုံခြုံရေး အိမ်တော်ရဲ့ လိပ်စာတွေနဲ့ သော့တွေပဲ"

အားကျိန်းသည် ပထမ ပစ္စည်း နှစ်မျိုးကို ချက်ချင်း မှတ်မိသွားသည်။

ဝမ်ချာလင်းက သူမကို လုံခြုံရေး အိမ်တော်ဆီ ခေါ်သွားဖူးသော်လည်း တစ်ခုတည်းကိုသာ ရောက်ဖူးခြင်း ဖြစ်သည်။ သို့သော် ရွှေရောင်စာရွက်ပေါ်တွင် မှတ်တမ်းတင်ထားသော လုံခြုံရေး အိမ်တော်မှာ ငါးခု တိတိ ရှိသည်။ အဲဒီအထဲက သုံးခုက တာတုန်းမြို့မှာ ရှိပြီး တစ်ခုက ဒီအိမ်၏ မြေအောက်ခန်းတွင် ရှိကာ နောက်ထပ် တစ်ခုကတော့ အခြား မြို့တစ်မြို့တွင် ရှိနေသည်။

ဒီလုံခြုံရေး အိမ်တော် ငါးခုက အားကျိန်းအတွက် နောင်တွင် အသက်ဘေးမှ ကာကွယ်ပေးမည့် နေရာများ ဖြစ်ရုံသာမက အတွင်းတွင်လည်း အမြောက်အမြားသော ဓနဥစ္စာများကို သိမ်းဆည်းထားသဖြင့် အားကျိန်း ဘဝပေါင်းများစွာ သုံးမကုန်နိုင်ပေ။

သို့သော် အားကျိန်းကို အဆွဲဆောင်နိုင်ဆုံးမှာ နောက်ဆုံး ပစ္စည်း ဖြစ်သည်။

သူမသည် ထိုအဖြူအမည်း ရှေးဟောင်း ဓာတ်ပုံကို ကိုင်ကြည့်လိုက်သောအခါ ချက်ချင်း အံ့အားသင့်သွားရသည်။

ဓာတ်ပုံ၏ နောက်ခံမှာ သမ္မတနိုင်ငံခေတ်က ရှေးဟောင်း အိမ်ကြီး တစ်လုံး ဖြစ်ပြီး ထိုအိမ်ရှေ့တွင် လူ ခြောက်ယောက် ရပ်နေကြသည်။ အနောက်ဆုံးတွင် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုနှင့် အဘွားအို နှစ်ဦး ရှိပြီး အလယ်တွင် အလယ်အလတ်အရွယ် ဇနီးမောင်နှံ တစ်ဦး ရှိသည်။ အရှေ့ဆုံးတွင်မူ ဝမ်ချာလင်းနှင့်... သူမ ကိုယ်တိုင် ဖြစ်သည်။

ဓာတ်ပုံထဲတွင် အားကျိန်းမှာ အထူးခြားဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓာတ်ပုံ တစ်ပုံလုံးတွင် သူမ ရှိသော နေရာ တစ်ခုတည်းသာ ဆေးရောင်စုံ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ဓာတ်ပုံထဲတွင် သူမသည် ကလေးငယ် တစ်ဦးကို ပွေ့ချီထားပြီး ထိုကလေးငယ်မှာ ဘေးရှိ ကလေးကုတင်ပေါ်က ကလေးနှင့် တစ်ပုံစံတည်း တူနေလေသည်။

ဒါဟာ ထူးဆန်းသော မိသားစု စုံညီ ဓာတ်ပုံ တစ်ပုံ ဖြစ်ပေသည်။

"ငါ ဝမ်ချာလင်းနဲ့ ဒီလို ဓာတ်ပုံမျိုး တစ်ခါမှ မရိုက်ဖူးပါဘူး"

အားကျိန်း ထိုသို့ တွေးလိုက်မိသည်။

သို့သော် ထိုအချိန်မှာပင် အခန်းထဲရှိ မီးလုံးများမှာ တဂျိဂျိဖြင့် စတင် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အေးစက်လာသကဲ့သို့ ခံစားလိုက်ရသည်။

မီးရောင်များ မှိတ်တုတ် ဖြစ်နေသည်နှင့်အတူ အားကျိန်းသည် ဒီအခန်းထဲတွင် ပုံရိပ်အချို့ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

သူမ ချက်ချင်း လန့်သွားပြီး ငါ မျက်စိမှားတာလားဟု သံသယ ဝင်မိသည်။

သို့သော် အားကျိန်း ခေါင်းလှည့်ကာ ကလေးကုတင်ဆီသို့ နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြီးမားသော အကြောက်တရား တစ်ခုက သူမကို လွှမ်းမိုးသွားတော့သည်။

ကလေးကုတင် ဘေးတွင် ထူးဆန်းသော ပုံရိပ် ငါးခု မတ်တပ်ရပ်နေလေသည်။ ထိုပုံရိပ်များမှာ ဝေဝါးနေပြီး အစစ်အမှန် မဟုတ်သကဲ့သို့ ဝိညာဉ်များကဲ့သို့ပင်။ ထို့အပြင် တစ်ကိုယ်လုံးမှာ ဆေးရောင် မရှိဘဲ အဖြူအမည်းသာ ဖြစ်နေသည်။

ဓာတ်ပုံနှင့် တိုက်ကြည့်လိုက်ပါက ဒီဝိညာဉ် ငါးခုသည် ဓာတ်ပုံထဲက လူများနှင့် တစ်ပုံစံတည်း တူနေကြောင်း တွေ့ရမည် ဖြစ်သည်။ ထို့အပြင် ဝိညာဉ် တစ်ခု၏ ပုံစံမှာ ဝမ်ချာလင်း အစစ်ပင် ဖြစ်သည်။

ဝိညာဉ် ငါးခု၏ မျက်လုံးများမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မျက်နှာပေးမှာလည်း တောင့်တင်းနေကာ ထူးဆန်းပြီး ကြောက်စရာ ကောင်းသော်လည်း အိပ်ပျော်နေသော ကလေးငယ်ကိုတော့ အန္တရာယ် မပြုကြပေ။ ဆန့်ကျင်ဘက် အနေဖြင့် ထိုကလေးကို ကာကွယ်ပေးနေသကဲ့သို့ ရှိသည်။ တစ်ချိန်တည်းမှာပင် ဘေးက အားကျိန်းကိုလည်း အန္တရာယ် မပြုကြပေ။

အဘယ်ကြောင့်ဆိုသော် အားကျိန်း လက်ထဲရှိ မိသားစု ဓာတ်ပုံက ဒီဝိညာဉ်တွေနဲ့ သူမဟာ မိသားစုဝင်တွေ ဖြစ်ကြောင်း သက်သေပြနေသောကြောင့် ဖြစ်သည်။

ဝိညာဉ်တွေက မိသားစုဝင်တွေကို အန္တရာယ် မပြုကြပေ။

သို့သော် ထိုသို့ ဖြစ်နေလင့်ကစား အားကျိန်းအနေဖြင့် ဒီလောက် ကြောက်စရာကောင်းသော မြင်ကွင်းကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။

"အား"

မှောင်မိုက်နေသော အခန်းထဲမှ အားကျိန်း၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

သို့သော် အော်ဟစ်သံ ပြီးဆုံးသည်နှင့် ကလေးငယ်၏ ကျယ်လောင်သော ငိုသံမှာ ထပ်ကြပ်မကွာ ထွက်ပေါ်လာတော့သည်။

ကလေးငိုသံ ပေါ်လာသည်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ် ငါးခုသည် အိမ်ကြီးထဲတွင် မငြိမ်မသက် လှည့်လည် သွားလာနေကြတော့သည်။

ဒီနေ့ကစပြီး ဒါဟာ တစ္ဆေအိမ်သစ် တစ်လုံး ဖြစ်လာတော့မည် ဖြစ်သည်။

အခန်း ၁၅၆၄ - ဘိုးဘွားကျောင်းဆောင်သစ်

"ဝမ်ချာလင်းလည်း သေသွားပြီလား"

ယခုအခါ ဌာနချုပ်၏ ရုံးခန်းအတွင်းရှိ စားပွဲတွင် ထိုင်နေသူမှာ ချောင်ယန်ဟွာ မဟုတ်တော့ဘဲ ဝမ်ကော်ချန် ဖြစ်လေသည်။

အသက် သုံးဆယ်ကျော်သာ ရှိသေးသော ဝမ်ကော်ချန်သည် အားအင်အပြည့် ရှိနေမည့် အရွယ် ဖြစ်သော်လည်း ဒီရာထူးတွင် ထိုင်ပြီးနောက် သူ၏ အားအင်များမှာ မလုံလောက်တော့ပေ။ နေ့စဉ် ဖြေရှင်းရသည့် ကိစ္စများမှာ မများသော်လည်း ကိစ္စတိုင်းက ခေါင်းခဲစရာ ဖြစ်နေသဖြင့် သူသည်လည်း ချောင်ယန်ဟွာ ကဲ့သို့ပင် နေ့တိုင်း မျက်မှောင်ကြုတ်ကာ ဆေးလိပ်သောက်နေရတော့သည်။

"အခြေအနေတွေက ပိုပိုပြီး ဆိုးလာပြီ။ ဌာနချုပ်ရဲ့ ခေါင်းဆောင်တွေက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြီ။ အရင်က ချမှတ်ခဲ့တဲ့ ခေါင်းဆောင်စီမံကိန်းကလည်း အလုပ်မဖြစ်တော့ဘူး။ အရင်က ဌာနချုပ်ကနေ ထွက်သွားတဲ့ ဟယ်ယွဲ့လျန် ပြန်ရောက်လာတယ် ဆိုပေမဲ့ သူက တာချန်းမြို့မှာပဲ နေပြီး ဘာတာဝန်မှ မယူဘူး။ ငါလည်း သူ့ကို အတင်းအကျပ် ခိုင်းလို့ မရဘူး။ မဟုတ်ရင် သူ စိတ်မချမ်းသာလို့ ရာထူးကနေ ထပ်နုတ်ထွက်သွားလိမ့်မယ်။"

ဝမ်ကော်ချန် သက်ပြင်းချလိုက်သည်။

"ဝမ်ချာလင်း သေသွားတာကတော့ အံ့သြစရာ မဟုတ်ဘူး လွန်ခဲ့တဲ့ သုံးလကတည်းက သူ့အခြေအနေက အရမ်း ဆိုးနေတာပဲ အဲဒါက ဘုရင်အဖွဲ့အစည်းနဲ့ တိုက်ခိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာတွေလေ။ အခုထိ တောင့်ခံနိုင်တာတောင် အံ့သြစရာပဲ"

"ဒါပေမဲ့ ဝမ်မိသားစုရဲ့ သဘာဝလွန် စွမ်းအားအရ ဝမ်ချာလင်း သေသွားရင် ဝမ်မိသားစုရဲ့ စတုတ္ထမျိုးဆက်က သေချာပေါက် မွေးဖွားပြီးလောက်ပြီ။"

"တစ္ဆေ ငါးကောင်ကို ထိန်းချုပ်နိုင်တဲ့ ကလေးငယ် တစ်ဦး ဆိုတာ အခု တစ္ဆေဆရာလောကမှာ အလွန် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှု တစ်ခုပဲ။ ဒါပေမဲ့ ဝမ်မိသားစုရဲ့ စတုတ္ထမျိုးဆက်က ငယ်လွန်းသေးတယ်။ အခုချိန်မှာ ဘာမှ လုပ်လို့ မရသေးဘူး။ သူ ကြီးပြင်းလာဖို့ အချိန် လိုသေးတယ်။"

"အခု ထိန်းချုပ်လို့ မရတဲ့ သဘာဝလွန် ဖြစ်ရပ်တွေကလည်း များသထက် များလာပြီ။ အခြေအနေတွေက လုံးဝ ပျက်စီးတော့မယ့်ဘက်ကို ဦးတည်နေတယ်။ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ယန်ကျန့် နိုးလာဖို့ပဲ။ ပြီးမှ လုံးဝ ကြီးမားတဲ့ စွမ်းအားနဲ့ ကျန်တဲ့ ခေါင်းဆောင်တွေကို စုစည်းပြီး တစ်လောကလုံးရဲ့ စွမ်းအားကို စုစည်းရမယ်။ ဒါဆိုရင်တော့ အခြေအနေကို ပြန်ထိန်းနိုင်ကောင်း ထိန်းနိုင်လိမ့်မယ်။"

ဝမ်ကော်ချန် စဉ်းစားခန်း ဝင်သွားသော်လည်း ချက်ချင်းပင် သူက ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

"ယန်ကျန့် လုပ်နိုင်ရင်တောင် ဘာထူးမှာလဲ။ ဘယ်လောက်ပဲ တော်တဲ့ တစ္ဆေဆရာ ဖြစ်ဖြစ် သဘာဝလွန် တိုက်စားမှုကို မတားနိုင်ဘူး။ တစ်နေ့နေ့တော့ တစ္ဆေဆရာတွေ သေကြမှာပဲ။ ဘုရင်အဖွဲ့အစည်းနဲ့ တိုက်ခိုက်ခဲ့တာက ဒီလုပ်ငန်းစဉ်ကို ပိုမြန်သွားစေတာပဲ ရှိတာ။"

"အနာဂတ်က ဘယ်ကို ဦးတည်သွားမှာလဲ"

သူ မျက်နှာကြက်ကို မော့ကြည့်လိုက်သော်လည်း မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုမျှ မမြင်ရပေ။

ရုတ်တရက် ရုံးခန်း တံခါးကို တစ်စုံတစ်ယောက်က လာခေါက်လေသည်။

"ဝင်ခဲ့"

ဝမ်ကော်ချန် သတိဝင်လာပြီး ချက်ချင်း ပြောလိုက်သည်။

ဝန်ထမ်း တစ်ဦး တံခါးဖွင့် ဝင်လာသည်။

"ဒုတိယ ဝန်ကြီး အရေးကြီး သတင်းပါ။ ဝန်ကြီး ချောင်ယန်ဟွာက အခုလေးတင် ရောဂါ အခြေအနေ ရုတ်တရက် ဆိုးရွားလာပြီး အရေးပေါ် ကုသပေမဲ့ မအောင်မြင်ဘဲ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။"

ဝမ်ကော်ချန် ခဏတာ ကြောင်အမ်းသွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ သိပြီ မင်း သွားလုပ်စရာ ရှိတာ သွားလုပ်တော့"

ဝန်ထမ်းက ခေါင်းညိတ်ပြီး တံခါးပိတ်ကာ ထွက်သွားတော့သည်။

"ဝန်ကြီး ချောင်လည်း ထွက်သွားပြီပေါ့"

ဝမ်ကော်ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။

ဝန်ကြီး ချောင်၏ ရောဂါ အခြေအနေ ရုတ်တရက် ဆိုးရွားလာခြင်းမှာ မကြာသေးမီက ဆက်တိုက် ရောက်ရှိလာသော သတင်းဆိုးများနှင့် ပတ်သက်နေကြောင်း သူ နားလည်သည်။ ဘာပဲဖြစ်ဖြစ် လူနာ တစ်ဦး အနေဖြင့် သူသည် လက်ရှိ အခြေအနေ ပြောင်းလဲမှုများကို အမြဲ စောင့်ကြည့်နေသူ ဖြစ်ရာ အခြေအနေတွေ ဒီလောက် ဆိုးနေတာကို သူ ဘယ်လိုလုပ် စိတ်အေးလက်အေး ဆေးကုသနိုင်ပါ့မလဲ။ စိတ်သောက ရောက်ပြီး ကွယ်လွန်သွားခြင်းက ပုံမှန်ပင် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဝမ်ကော်ချန်သည် ချောင်ယန်ဟွာ၏ ဈာပနကို တက်ရောက်ခဲ့သည်။

ချောင်ယန်ဟွာ အလုပ်၏ ထူးခြားချက်ကြောင့် သူ၏ ဈာပနမှာ ရိုးရှင်းလှပြီး တက်ရောက်သူလည်း နည်းပါးသည်။ ဌာနချုပ်မှ လုပ်ဖော်ကိုင်ဖက် အဟောင်း အချို့နှင့် ချောင်ယန်ဟွာ၏ အနီးကပ် ဆွေမျိုး အချို့သာ ရှိသည်။

"ဦးလေးဝမ် ခဏလောက် သီးသန့် စကားပြောလို့ ရမလား"

ဈာပနတွင် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ် တစ်ဦးက ဝမ်ကော်ချန်ကို လာရှာလေသည်။ သူက ချောင်ဘင် ဖြစ်ပြီး ချောင်ယန်ဟွာ၏ သား ဖြစ်သည်။

ငယ်ရွယ်ပုံ ပေါက်သော်လည်း ချောင်ဘင်မှာရွယ်တူများထက် ပို၍ တည်ငြိမ်ရင့်ကျက်မှု ရှိလေသည်။

"ကောင်းပြီ"

ဝမ်ကော်ချန် ခေါင်းညိတ်လိုက်သည်။ ချောင်ဘင် သူ့ကို လာရှာခြင်းမှာ အလွန် အရေးကြီးသော ကိစ္စ တစ်ခု ပြောရန် ရှိလိမ့်မည်ဟု သူ၏ အသိစိတ်က ပြောနေသည်။

သူတို့ နှစ်ယောက် တိတ်ဆိတ်သော နေရာတစ်ခုသို့ လျှောက်သွားကြသည်။

ဒီအချိန်တွင်မှ ချောင်ဘင်က အသံနှိမ့်ကာ ပြောလိုက်သည်။

"ဦးလေးဝမ် တကယ်တော့ ဒီကိစ္စကို အဖေ ကိုယ်တိုင် ပြောပြရမှာပါ။ ဒါပေမဲ့ အဖေက သူ တစ်နေ့နေ့ ရုတ်တရက် သေသွားမှာကို စိုးရိမ်လို့ ကြိုတင် ပြင်ဆင်ပြီး ဒီအရေးကြီးတဲ့ ကိစ္စကို ကျွန်တော့်ကို ပြောပြထားတာပါ တကယ်လို့ အဆိုးဆုံး အခြေအနေ ဖြစ်လာရင် ဦးလေးဝမ်ကို ကျွန်တော်ကတစ်ဆင့် ပြောပြဖို့ မှာထားပါတယ်"

"ငါ နားလည်တယ် မင်း စိတ်ချလက်ချ ပြောနိုင်တယ်"

ဝမ်ကော်ချန် ခေါင်းညိတ်လိုက်သည်။ ချောင်ယန်ဟွာ၏ သတိထားမှုကို သူ နားလည်ပေသည်။

ဘာပဲဖြစ်ဖြစ် သဘာဝလွန် ဖြစ်ရပ်တွေနဲ့ အမြဲ ထိတွေ့နေရသဖြင့် ဘယ်အချိန် ရုတ်တရက် သေသွားမလဲ မသိနိုင်ရာ အရေးကြီး သတင်းတွေကို လက်ဆင့်ကမ်းရန် ကြိုတင် ပြင်ဆင်ထားသင့်သည် မဟုတ်ပါလား။

"အဖေ မကွယ်လွန်ခင် စကားတစ်ခွန်း မှာခဲ့တယ် သူက ယန်ကျန့်က အဓိကသော့ချက်ပဲ ယန်ကျန့်ကို ဘယ်တော့မှ မမေ့နဲ့ လို့ ပြောခဲ့တယ်"

ချောင်ဘင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဝမ်ကော်ချန် မျက်မှောင်ကြုတ်သွားသည်။ ဒီစကား၏ အဓိပ္ပာယ်ကို သူ လုံးဝ နားမလည်နိုင်ပေ။

ချောင်ဘင်က ထပ်ပြောလိုက်သည်။

"အဖေ ပြောတာက ဒီစကားကို ဝမ်ပါမောက္ခက သူ့ကို ပြောခဲ့တာတဲ့ ပြီးတော့ အရမ်းလည်း အရေးကြီးတယ်တဲ့ ဦးလေးဝမ် ဒီစကားကို မှတ်ထားပြီး နောက်တက်လာမယ့် ဝန်ကြီးကိုလည်း သေချာ ပြန်ပြောပြဖို့ မှာပါတယ် တကယ်လို့ နောက်ပိုင်း ဌာနချုပ် ပျက်သွားရင်တောင် ဒီစကားကို အမြဲ မှတ်ထားပါတဲ့"

"ကောင်းပြီ ငါ နားလည်ပြီ"

ဝမ်ကော်ချန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သိသာသည်မှာ ဒီစကားထဲတွင် အရေးကြီးသော သတင်းအချက်အလက် တစ်ခုခု ပါဝင်နေသည်။ သူ ယခုထိ ဒီသတင်းကို အဓိပ္ပာယ် မဖော်နိုင်သေးသော်လည်း ဌာနချုပ်၏ အရေးကြီး ပုဂ္ဂိုလ်များကြား လက်ဆင့်ကမ်းနေသည့် စကား ဖြစ်သဖြင့် သေချာပေါက် အကြောင်းရင်း ရှိရမည် ဖြစ်သည်။

သူတို့ နှစ်ယောက် စကားပြောခြင်းမှာ အလွန် တိုတောင်းပြီး မကြာမီ ပြီးဆုံးသွားသည်။

ဝမ်ကော်ချန်သည် ဈာပန မပြီးဆုံးမီမှာပင် ထွက်ခွာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် လုပ်စရာ အလုပ်တွေ ရှိနေသဖြင့် နှစ်နာရီခန့် ခွင့်ယူနိုင်ခြင်းကပင် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။

တာယွမ်မြို့တွင်မူ…..

ဒါဟာ အသစ် တည်ဆောက်ထားသော တိုက်ဖိန်ရှေးဟောင်းမြို့ ဖြစ်သည်။

လအနည်းငယ် ကုန်ဆုံးသွားပြီးနောက် မူလက ခြောက်ကပ်နေသော တိုက်ဖိန်ရှေးဟောင်းမြို့ထဲသို့ လူအများအပြား ဝင်ရောက်လာကြသည်။ သူတို့က နိုင်ငံအနှံ့အပြားမှ လာကြသူများ ဖြစ်သည်။

ဒီခေတ်မီ ရှေးဟောင်းပုံစံ မြို့ငယ်လေးထဲသို့ လူတွေ လာရောက်ကြခြင်းမှာ ဒီမြို့ထဲတွင် ဌာနချုပ်၏ ကျန်ရှိနေသော ခေါင်းဆောင် တစ်ဦး နေထိုင်သောကြောင့် ဖြစ်သည်။

ဝိညာဉ်ခေါ်သူ ဟဲယင်အာ

ယန်ကျန့် ငြိမ်သက်နေပြီး လျိုဆန်း ပျောက်ဆုံးကာ လီလဲ့ဖိန်ကို လူတွေ မေ့လျော့နေပြီး ဟယ်ယွဲ့လျန် ရာထူးမှ နုတ်ထွက်သွားချိန်တွင် ဟဲယင်အာသည် အတည်ငြိမ်ဆုံး ခေါင်းဆောင်အဆင့် တစ္ဆေဆရာ ဖြစ်လာခဲ့သည်။

သာမန်လူ အများအပြားသည် သဘာဝလွန် ဖြစ်ရပ်များအကြောင်း သိရှိလာပြီးနောက် အကာအကွယ် ရရှိရန်အတွက် တာယွမ်မြို့သို့ လာရန် ရွေးချယ်ခဲ့ကြပြီး ဒီတိုက်ဖိန်ရှေးဟောင်းမြို့ထဲသို့ ဝင်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြလေသည်။

ဒီလို အခြေအနေတွေကြောင့် တိုက်ဖိန်ရှေးဟောင်းမြို့သစ်မှာ အလွန် စည်ကားလာခဲ့သည်။

သို့သော် ဟဲယင်အာကတော့ ဒါကို ဂရုမစိုက်ပေ။

ယခုအခါ သူမသည် အသစ် တည်ဆောက်ထားသော ဘိုးဘွားကျောင်းဆောင် တစ်ခုထဲတွင် ရှိနေသည်။

ဒီဘိုးဘွားကျောင်းဆောင်သစ်မှာ တိုက်ဖိန်ရှေးဟောင်းမြို့ဟောင်းက ကျောင်းဆောင်ထက် အများကြီး ပိုကြီးမားပြီး ကျောင်းဆောင် အနီးအနားကိုလည်း တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားသည်။ လူအနည်းငယ်သာ ဒီနေရာကို ဝင်ထွက်ခွင့် ရှိသည်။

ဟဲယင်အာသည် ကျောင်းဆောင်ထဲရှိ ခုံတန်းလေး တစ်ခုပေါ်တွင် ထိုင်နေပြီး သူမ၏ ဘေးတွင် သစ်သားတုံး တစ်ပုံ ရှိနေသည်။

သူမသည် ဓားငယ်လေး တစ်လက်ကို ကိုင်ကာ သစ်သားတုံးပေါ်တွင် အလွန် သေသေချာချာ ထွင်းထုနေလေသည်။

ခဏအကြာတွင် သစ်သားတုံး တစ်တုံးကို ထွင်းထုပြီးသွားသည်။

သစ်သားတုံးမှာ ဝိညာဉ်စင် တစ်ခု ဖြစ်သွားပြီး အပေါ်တွင် စာလုံး သုံးလုံး ထွင်းထားသည်။ ဝမ်ချာလင်း။

ဒီဝိညာဉ်စင်ကို ထွင်းပြီးနောက် ဟဲယင်အာသည် နောက်ထပ် သစ်သားတုံး တစ်တုံးကို ယူကာ ဆက်လက် ထွင်းထုနေပြန်သည်။

သူမ၏ ခန္ဓာကိုယ် အခြားတစ်ဖက်တွင် ထွင်းထုပြီးသား ဝိညာဉ်စင်တွေ အများကြီး ရှိနေပြီ ဖြစ်သည်။ အပေါ်တွင် သေဆုံးသွားပြီးသော တစ္ဆေဆရာများ၏ နာမည်များကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ ကျိုးဒန် လင်းပေ ချောင်းယန် လူကျိဝမ် နှင့် အရင်ကတည်းက သေဆုံးသွားသော တစ္ဆေဆရာတွေရဲ့ နာမည်တွေလည်း ပါဝင်သည်။ ဥပမာ - ကျန်းရှန်းပိုင် ဖန်ရှီမင်။

သေချာပေါက် အဲဒီအထဲမှာ ယန်ကျန့် လီယန် ဟွမ်ကျိယာ စတဲ့ လူတွေရဲ့ ဝိညာဉ်စင်တွေလည်း ပါဝင်နေသည်။

"ဝိညာဉ်စင် တစ်ခုစီရဲ့ အောက်မှာ သေတ္တာ တစ်ခုစီ ထားပေးမယ် အတွင်းမှာ သူတို့ အသက်ရှင်စဉ်က အမွေအနှစ်တွေကို ထည့်ထားမယ် သေဆုံးတာ အတည်ပြုပြီးသား လူတွေရဲ့ စင်ကိုတော့ အနက်ရောင် ဆေးသုတ်မယ် သေဆုံးတာ အတည်မပြုရသေးတဲ့ လူတွေရဲ့ စင်ကိုတော့ လောလောဆယ် ဆေးမသုတ်သေးဘူး"

ဟဲယင်အာ၏ မျက်လုံးများ လှုပ်ရှားသွားပြီး စိတ်ထဲမှ ထိုသို့ တွေးလိုက်သည်။

မကြာခင်မှာ ဒီဘိုးဘွားကျောင်းဆောင်သစ်ထဲမှာ ဝိညာဉ်စင် အမျိုးမျိုးနဲ့ ပြည့်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ဒီကျောင်းဆောင်ကို ပြုစုစောင့်ရှောက်ရန် သီးသန့် လူများကို သူမ ခန့်အပ်မည် ဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက်။

ဟဲယင်အာသည် ဝိညာဉ်စင်များကို ဆက်လက် ထွင်းထုနေလေသည်။ ဝိညာဉ်စင်ပေါ်က လူအချို့ကို သူမ သိသလို အချို့ကိုတော့ မသိပေ။ သို့သော် သေချာသည်မှာ ဝိညာဉ်စင်ပေါ်က လူတွေ အားလုံးသည် တစ္ဆေဆရာလောကမှာ စွမ်းအားရှိခဲ့ကြသူများ ဖြစ်သည်။

ဒီလူတွေ အားလုံးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။

သို့သော် အခုတော့ ဒီခေတ်ကြီးက ကုန်ဆုံးတော့မည် ဖြစ်ရာ ဟဲယင်အာသည် ဝိညာဉ်ခေါ်သူ တစ်ဦး အနေဖြင့် သူမ၏ တာဝန်ကို စတင် ထမ်းဆောင်နေခြင်း ဖြစ်သည်။ အမွေအနှစ် ပစ္စည်းတွေကို စုဆောင်းရ မခက်ခဲသေးခင်မှာ သူမသည် ဒီခေတ်က တစ္ဆေဆရာတွေရဲ့ စွမ်းအားကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားချင်နေသည်။

"ဟဲယင်အာ မင်းအတွက် ပါဆယ် တစ်ခု ရောက်နေတယ်"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ အသက် ငါးဆယ်ခန့် ရှိသော အမျိုးသား တစ်ဦး ကျောင်းဆောင်ထဲ ဝင်လာပြီး လက်ထဲတွင် ပါဆယ်ထုပ် တစ်ခု ကိုင်ထားလေသည်။

"ဘယ်သူ ပို့တာလဲ"

ဟဲယင်အာက မေးလိုက်သည်။

"မင်းဘာသာ ကြည့်လိုက်တော့ ငါ့မှာ ဟိုဘက်မှာ အလုပ်တွေ ရှိသေးတယ်"

လျိုသူဌေးက ပြောပြီးသည်နှင့် ပါဆယ်ကို ချထားကာ ချက်ချင်း ပြန်ထွက်သွားတော့သည်။

ဟဲယင်အာ တစ်ချက် ကြည့်လိုက်ရာ ပါဆယ်ပေါ်က နာမည်က သူမကို အံ့အားသင့်သွားစေသည်။

"ကျန်းရှန်းကွမ်"

"သူက ဘာလို့ ငါ့ကို ပစ္စည်း ပို့ရတာလဲ"

ဟဲယင်အာ အလွန် နားမလည်နိုင် ဖြစ်သွားသော်လည်း သိချင်စိတ်ဖြင့် ပါဆယ်ကို ဖွင့်ကြည့်လိုက်သည်။

ဖွင့်ကြည့်လိုက်သောအခါ ပါဆယ်ထဲတွင် ရှေးဟောင်း ပစ္စည်း အတိုအထွာတွေ အများကြီး ပါဝင်နေကြောင်း တွေ့လိုက်ရသည်။ သံချေးတက်နေသော ကတ်ကြေး အရောင်လွင့်နေသော ချီပေါင်ဝတ်စုံ ပျက်စီးနေသော ဖောင်တိန် နှင့် ဆေးတံ အဟောင်းများ စသည်တို့ ဖြစ်သည်။ ဒီပစ္စည်းတွေက အခုခေတ် ပစ္စည်းတွေနဲ့ မတူဘဲ သမ္မတနိုင်ငံခေတ်က ပစ္စည်းတွေ ဖြစ်ပုံရသည်။

"ဒီလိုကိုး"

ဟဲယင်အာ နားလည်သွားသည်။ ဒါဟာ ကျန်းရှန်းကွမ်က သူမကို ပေးပို့လိုက်သော သမ္မတနိုင်ငံခေတ်က တစ္ဆေဆရာတွေရဲ့ အမွေအနှစ် ပစ္စည်းတွေ ဖြစ်သည်။ ဒီပစ္စည်းတွေကို အသုံးပြုပြီး သူမသည် ထိုခေတ်က ကြောက်စရာကောင်းပြီး စွမ်းအားကြီးတဲ့ လူတွေကို ဝိညာဉ် ခေါ်ယူနိုင်မည် ဖြစ်သည်။

ဒီပစ္စည်းတွေကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့သော်လည်း ကျန်းရှန်းကွမ်၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမသည် ဒီလက်ဆောင်ကို မငြင်းဘဲ လေးလေးနက်နက် လက်ခံလိုက်သည်။ နာမည်မရှိ ဝိညာဉ်စင် အချို့ကိုလည်း ထွင်းထုရန် ပြင်ဆင်လိုက်သည်။ ဆေးအရောင် ဆိုရင်တော့... အနီရောင်ကိုပဲ ရွေးချယ်လိုက်မည်။

"ငါ ဒီဝိညာဉ်စင်တွေကို အကုန် တပ်ဆင်ပြီးသွားရင် တိုက်ဖိန်ရှေးဟောင်းမြို့သစ် ပြန်လည် တည်ဆောက်ရေး အလုပ်က အခြေခံအားဖြင့် ပြီးသွားပြီပဲ ဒါပေမဲ့ တစ္ဆေလမ်းကတော့ အရင် နေရာဟောင်းမှာ ရှိနေတုန်းပဲ ဒီကို ပြောင်းလာနိုင်ဖို့ နည်းလမ်း တစ်ခုခု စဉ်းစားရမယ်"

ဟဲယင်အာသည် တစ္ဆေလမ်း၏ တည်ရှိမှုကို မေ့မထားပေ။

တစ္ဆေလမ်း မရှိသော တိုက်ဖိန်ရှေးဟောင်းမြို့သည် ဘယ်တော့မှ ပြည့်စုံမှာ မဟုတ်ပေ။

တစ္ဆေလမ်းက ထူးဆန်းပြီး ကြောက်စရာ ကောင်းသော်လည်း ၎င်းမှာ တိုက်ဖိန်ရှေးဟောင်းမြို့၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်ပေသည်။

All Chapters