← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၄)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ကျူးကျော်လာသူတဦး

"အခု ငါတို့ ခန့်မှန်းမှု မှန်မမှန် သိရဖို့က ရှေးဟောင်းမြို့တော် ပေါ်လာဖို့ပဲ လိုတော့တယ်…"

အကြီးအကဲရှုက ကိုယ်စားလှယ်များအား ပြောပြနေသည်။

"ဒါပေမယ့် ဒါက ငါတို့ရဲ့ ပထမခြေလှမ်းလေးပဲ… ရှေးဟောင်းမြို့တော် ပေါ်လာဖို့နဲ့ ပြန်ပျောက်သွားဖို့အတွက် ဘာတွေလိုလဲ မသိသေးဘူး… ဒါကိုသိမှ ငါတို့ အစီအစဉ် ဆက်လုပ်လို့ရမှာ… အခု ခန့်မှန်းချက်အရတော့ ရှေးဟောင်းမြို့က အလို‌အလျောက် သွားနေတယ်လို့ မြင်တယ်… မိုးမြေကြားက စွမ်းအင်သုံးပြီးတော့ ဟင်းလင်းပြင်ကြား ရွေ့လျားနေတာပေါ့… အခုလက်ရှိတော့ ငါတို့တွေရဲ့ နေရာရွေ့ပြောင်းချင်းက အမီမလိုက်နိုင်သေးဘူး… မြို့က တခြား ဟင်းလင်းပြင်ထဲ ဝင်သွားရင် ငါတို့ ခြေရာခံဖို့ ခက်လိမ့်မယ်… တခြား အချက်အလက်တွေကို ရှာဖို့လည်း လိုနေသေးတယ်…"

"ဒါတော့ ငါ့တာဝန်ထားလိုက်…"

ပိုင်ချူးရန်က ပြောလာသည်။

"ငါက ဒီမြို့ ထွက်ပြေးအောင် ဖိအားပေးကြည့်ချင်တယ်… အဲ့တာကြောင့်မို့ ဘာလှည့်ကွက်တွေ ရှိနေလဲ ငါသွားကြည့်လိုက်မယ်…"

………

လျန်ပြည်နယ်၌ လူသူ အရောက်အပေါက် နည်းပါးသည့် တောတွင်း နေရာတခုရှိသည်။ အကျယ်အဝန်းအားဖြင့် မိုင်ရာချီကျယ်ဝန်း၏ ။ ထိုနေရာ၌ လူတရပ်နီးပါး မြင့်မားသည့် ချုံနွယ်များ၊ နွံတောများနှင့် မြွေ၊ မိချောင်းနှင့် နဂါးမြွေဟောက်ကဲ့သို့သော အန္တရာယ်များသည့် သတ္တဝါများ ရှိနေသော မြစ်များ ရှိနေသည်။ သာမန်လူသားများ အနေဖြင့် ယခုနေရာသို့ လာရောက်ကြမည် မဟုတ်ပေ။

သို့သော်လည်း အကြီးအကဲရှု၏ တွက်ချက်မှုအရ ထိုနေရာသည် ရှေးဟောင်းမြို့တော် ပေါ်လာမည့် နေရာဖြစ်နေသည်။

ထိုနေရာ၌ ရှေးဟောင်းမြို့ ပေါ်လာပါက လူသားများအား ဖမ်းဆီးရန် ကြံရွယ်ထားခြင်း မဟုတ်သည်က သိသာပေလိမ့်မည်။ ထို့အပြင် ရှေးဟောင်းမြို့၏ ရွေ့လျားမှုမှာ အစီအရင် ဖန်တီးရန်ဟူသည့် ပိုင်ချူးရန်၏ မှန်းဆချက်အား အတည်ပြုပြီး ဖြစ်သွားမည်။

ပိုင်ချူးရန်က တရက်စော၍ နေရာယူထားကာ ပုန်းအောင်းနေသည်။ ရှေးဟောင်းမြို့ ပေါ်လာမည်ကို လာရောက် စောင့်ဆိုင်းခြင်းတည်း။ ကျန်နေသူများမှာ မိုင်ဆယ်ချီသည့် အကွာအဝေး၌ စောင့်နေကြသည်။ သို့မှသာ ခေါင်းလောင်းသံ၏ သက်ရောက်မှုအား ရှောင်ရှားနိုင်မည် မဟုတ်လော။

ပိုင်ချူးရန်က ပုန်းနေသော်လည်း အချိန်ကုန် သက်သာစေရန် မူလချီ ဖွဲ့စည်းနိုင်ရန် ကြိုးစားကြည့်နေသည်။ သူရိန်နေမင်း ငုပ်လျိုးသွားကာ တနေ့တာ ကုန်လွန်သွားတော့သည်။ သို့သော်လည်း မူလချီဖန်တီးရန် ကြိုးပမ်းရာ၌ အောင်မြင်မှု မရလိုက်ပေ။ ထိုခဏ၌ ပတ်ဝန်းကျင်၌ မြူထု ပေါ်လာသည်။

ပိုင်ချူးရန်က ပင့်သက်ရှိုက်လိုက်ကာ အဆင့်တက်လိုစိတ်အား ဖိနှိပ်ထား၏ ။ ထို့နောက် မတ်တပ်ထရပ်ကာ မြူထုဆီသို့ သွားလိုက်သည်။ မြူထုကြီးမှာ ခန့်မှန်း၍ မရလောက်ပုံပင်။ ထိုမြူအတွင်း၌ ရှေးဟောင်းမြို့ကြီး ပေါ်လာသည်ကို မြင်နေရသည်။

"ငါတို့ ခန့်မှန်းထားတာ မှန်နေပုံပဲ…"

ပိုင်ချူးရန်က မြို့ဂိတ်တံခါးအား စိုက်ကြည့်ကာ တွေးမိသည်။

ထို့နောက်တွင် ပိုင်ချူးရန်က လက်ဝါး၌ ချီများ စုစည်းလိုက်ကာ မြို့ဂိတ်တံခါးအား ရိုက်ခတ်ရန် ကြံရွယ်သည်။ အန္တရာယ်အား သတိပြုမိပုံရသည့် ဂိတ်တံခါးက အလျင်အမြန် ပွင့်သွားကာ ခေါင်းလောင်းသံများ တရစပ် ထွက်ပေါ်လာသည်။

"ဒေါင် ဒေါင် ဒေါင်…"

ခေါင်းလောင်းသံများက သိစိတ်အား တိုက်ခိုက်ရန် ကြံရွယ်ထားသော်လည်း ပိုင်ချူးရန်မှ သူ၏ သိစိတ်အား အကာအကွယ် အခိုင်အမာ ဖန်တီးထားသည်။ ထို့ကြောင့် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း၏ သက်ရောက်မှုအား အနည်းကျဉ်းမျှပင် ခံစားမိခြင်း မရှိပေ။

ချူးရန်အနေဖြင့် ခေါင်းလောင်းသံ၏ တိုက်ခိုက်စွမ်းအားအား တိုင်းတာရန် ကြံရွယ်ထားခဲ့သည်။ စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှု ပြုလာပါက ခေါင်းလောင်းသံ သက်ရောက်မှုအား ခံစားရမည် မဟုတ်ပေ။ သို့သော်လည်း နတ်အသွင်ပြောင်းအဆင့်များပင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေချိန်၌ ခေါင်းလောင်းသံ၏ စွမ်းအားကြောင့် အနှောင့်အယှက် ကြီးကြီးမားမား ကြုံရမည် ဖြစ်သည်။

ပိုင်ချူးရန်က ချီစွမ်းအင်များ စုစည်းထားသည့် လက်ဝါးအား ဝေ့ယမ်းကာ မြို့၏ ဂိတ်တံခါးသို့ လက်ဝါးချက် စေလွှတ်လိုက်သည်။

လက်ဝါးချက်ရှိ ချီစွမ်းအင်များက ရွှေရောင် လက်ဝါးချက် အဖြစ်သို့ ပြောင်းလဲသွားကာ ဂိတ်တံခါးဆီသို့ သွားရောက်ထိမှန်သည်။ ဂိတ်တံခါး၌ အမှောင်ထုများ ဖောင်းကြွလာ၏ ။ ထို့နောက် အနက်ရောင် မကောင်းဆိုးဝါးများ ပေါ်လာကာ လက်ဝါးချက်အား ပိတ်ဆို့ တားဆီးလာကြသည်။

သို့သော်လည်း ထိုသို့ ကာကွယ်ထားခြင်းမှာ အချည်းအနှီးသာ ဖြစ်၏ ။ လက်ဝါးချက်၏ စွမ်းအားကြောင့် မကောင်းဆိုးဝါးများ လွင့်စင်သွားသည့်အပြင် ဂိတ်တံခါးသည်လည်း အပိုင်းပိုင်းအစစဖြစ်ကာ ပျက်စီးသွားရသည်။

လက်ဝါးချက်မှ မမြင်ရသည့် စွမ်းအင်လှိုင်းသည်လည်း အဘက်ဘက်သို့ ပြန့်နှံ့သွားသေးသည်။ သို့ဖြစ်ရာ မြေပြင်၌ လှိုင်းထသွားပြီး ဂိတ်တံခါးဝမှ အမှောင်ထုသည်လည်း ပျောက်ကွယ်သွားတော့၏ ။ ထို့ကြောင့် ပိုင်ချူးရန် အနေဖြင့် မြို့အတွင်းသို့ အေးဆေးစွာ ဝင်သွားနိုင်သည်။

All Chapters