အခန်း (၁၂၇)
Vol. 13 Ch. 127
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၇)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
ဝိညာဉ်၌ပင် အဖော်ရှိသည်လော(၁)
ပိုင်ချူးရန် အနေဖြင့် မြို့အတွင်းသို့ ဝင်သွားချိန်၌ ရပ်တန့်ရလောက်သည်အထိ အားကောင်းသော နည်းလမ်းများ မရှိသည်ကို သတိပြုမိခဲ့သည်။ ငါးမိနစ် အချိန်ကာလ အတောအတွင်းတွင် ချူးရန်က ရှေးဟောင်းမြို့အား တိုက်ကွက်ကုန်စေခဲ့ပုံပင်။ မြို့အတွင်း၌ ထောင်ချောက်တချို့ ကျန်နေသေးလျှင်ပင် ချူးရန်အား ရပ်တန့်စေရန် စွမ်းသာမည် မဟုတ်ပေ။
ပိုင်ချူးရန် အနေဖြင့် မြို့၏ ရွေ့လျားမှုအား တားဆီးမှု မပြုနိုင်ပါက မြို့အား ဖျက်ဆီးပစ်မည် ဖြစ်သည်။
ကျန်နေသူများက သက်ဆိုင်ရာ တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ အကြီးအကဲရှုက မှတ်တမ်းအား ပြန်ကြည့်နေသည်။ စုရှန်းရွှယ်က ယွဲ့ချန်းလျန် အနီးသို့ ယွဲ့ချန်းရန်၏ အခြေအနေအား သွား၍ ပူပန်ကြောင်း ပြောနေသည်။
လက်တလောကာလ၌ အားလပ်နေသည့် ပိုင်ချူးရန်က ရင်းနှီးသည့် ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်ရသည်။ ထို့ကြောင့် ဘေးဘီသို့ ဝေ့ကြည့်လိုက်ရာ အနီးရှိ သစ်ပင်အောက်၌ ရင်းနှီးသူအား မြင်လိုက်သည်။ တခြားသူများမှာ ကိုယ်စီ အလုပ်များနေသည့်အတွက် ချူးရန်က ထိုသူဆီသို့ လျှောက်သွားသည်။
"ဟေး…"
အခြေအနေအား လေ့လာသုံးသပ်နေသည့် ရွှယ်လင်က ရင်းနှီးသည့် အသံအား ကြားလိုက်ရသည်။ ထို့ကြောင့် ခေါင်းလှည့်ကြည့်ရာ ပိုင်ချူးရန် လာနေသည်ကို မြင်သွား၏ ။
"ရွှယ်လင် ဘာလုပ်နေတာတုံး…"
"ဘာဖြစ်ဖြစ် ငါမင်းကို ဖမ်းဖို့ လာတာ မဟုတ်နေဘူး… စိတ်အေးအေးနေ…"
ရွှယ်လင်က ပြန်ဖြေလာသည်။
ထိုအချိန်တွင် ရွှယ်လင်၏ ဘေးမှ အမျိုးသမီး ဝိညာဉ်နုတ်သူက ရွှယ်လင်အား မေးခွန်းထုတ်သည်။
"အစ်ကိုရွှယ် ဒီလူက မြင်နိုင်နေတာလား… ဘယ်သူများပါလိမ့်နော်…"
ပိုင်ချူးရန်က ထိုဝိညာဉ်နုတ်သူမှာ လှပသည့် မိန်းကလေး ဖြစ်နေသည်ကို သတိပြုမိလိုက်၏ ။ ပြင်ဆင်ခြယ်သမှု နည်းပါးသော်လာ်း သန့်ရှင်းသပ်ရပ်ကာ နှစ်လိုဖွယ် ဖြစ်နေသည်။ ဖြူဖျော့နေသည့် မျက်နှာမှတပါး ပြစ်ချက်ဟူ၍ ရှိမနေပေ။ ထို့အပြင် ရင်သားအစုံမှ ဖွံ့ထွားလှပြီး ဝတ်စုံဖြင့်ပင် တင်းကြပ်နေသေးသည်။
ပိုင်ချူးရန်က ထိုအမျိုးသမီးမှ ရွှယ်လင်၏ ဝတ်ရုံအား ပြင်ဆင်ပေးနေသည်ကို မြင်လိုက်ရသည်။ ထိုခဏ၌ မနာလိုစိတ်ပင် ပေါ်လာသေးသည်။
…သေစမ်း…သရဲမှာတောင် ရည်းစား ရှိတာလား…
ပိုင်ချူးရန်က တွေးမိနေသည်။
"ဒီလူက သေခြင်းရှင်ခြင်း မှတ်တမ်းရဲ့ ရာဇဝတ်သားပေါ့… သေဆုံးခြင်းကနေ နှစ်သုံးထောင်ကျော် လွတ်မြောက်နေတဲ့ နာမည်ကြီး ပိုင်ချူးရန်ပဲ…"
ရွှယ်လင်က ပိုင်ချူးရန်အား လက်ညှိုးညွှန်၍ မိတ်ဆက်ပေးသည်။ သို့သော်လည်း ပိုင်ချူးရန်၏ မျက်နှာထားကြောင့် မေးခွန်းထုတ်ပြန်သည်။
"ဘာလဲ မင်းမှာ ပြောစရာ ရှိတာလား…"
ပိုင်ချူးရန်က ဝိညယဉ်နုတ်သူ မိန်းကလေးအား စိုက်ကြည့်ကာ…
"ဒါက ဘယ်သူများလဲ…"
"သူက မင်ယင် ငါရဲ့ လုပ်ဖော်ကိုင်ဖက် ပြီးတော့ လက်တွဲဖော်ပေါ့…"
ရွှယ်လင်က ပြောပြောဆိုဆိုဖြင့် မင်ယင်၏ လက်မောင်းအား ဆွဲကိုင်လိုက်သည်။ သို့ဖြစ်ရာ မင်ယင်၏ မျက်နှာထက်၌ နီမြန်းသွားတော့သည်။
ပိုင်ချူးရန်က ရွှယ်လင်၏ မျက်နှာသေထက်၌ လှောင်ပြုံးပေါ်လာသည်ကို မြင်လိုက်ရသည်။
"သေစမ်း မင်းလို သရဲဝိညာဉ်ကတောင် ရည်းစားရှိနေတယ် ငါကတော့ တကိုယ်တည်းပါလား… ဒီလောကကြီးက တကယ့်ကို မတရားတာပါလား…"
ပိုင်ချူးရန်က တိုးညှင်းစွာ ရေရွတ်နေလေသည်။
ထိုခဏတွင် ရွှယ်လင်က ဆန့်ကျက်ဘက် အရပ်သို့ အာရုံစိုက်လိုက်သည်။ တောင်စောင်းထက်မှ စုရှန်းရွှယ်က တကိုယ်တည်း ဖြစ်ကာ ရေရွတ်နေသည့် ပိုင်ချူးရန်အား စိုက်ကြည့်နေသည်။ ရွှယ်လင်က ထိုမြင်ကွင်းအား မြင်ရချိန်၌ အေးစက်စွာ ရေရွတ်လာသည်။
"ဟမ် ဒါက မင်းဘာသာမင်း ရွေးထားတာလေ…"
"ဟုတ်ပြီလေ ငါမပြောတော့ဘူး…"
ပိုင်ချူးရန်က ပြောလိုက်သည်။
"မင်းလူ့လောကထဲ ရောက်လာတာ ရှားပါတယ်… ဘာဖြစ်တာများလဲ…"
"မင်းသိသင့်ပါတယ်…"
ရွှယ်လင်က ရှားရှားပါးပါး ပင့်သက်ရှိုက်လိုက်သည်။
"အခုတလော ဒီမှာ အကြောင်းပြချက် မရှိဘဲ ဝိညာဉ်ထောင်ချီ ပျောက်နေတယ်… ဝိညာဉ်အကုန်လုံးကလည်း သတ်တမ်း ကုန်ကြသေးတာ မဟုတ်ဘူး… အဲ့တာကြောင့် စုံစမ်းဖို့ ငါရောက်လာတာ…"
"ဟုတ်ပြီလေ…"
ပိုင်ချူးရန်က အဝေးတနေရာသို့ ညွှန်ပြကာ…
"သူတို့တွေလား…"
"ငါကြည့်ပြီးပြီ… ခန္ဓာကိုယ်ကတော့ ဟုတ်တယ် ဒါပေမယ့် ဝိညာဉ် မရှိေတာ့ဘူးပဲ… အဲ့တော့ အသုံးမတည့်ဘူး…"
ရွှယ်လင်က ခေါင်းရမ်းကာ ပြောလာသည်။
"ငါက ဒီတလောလေးတင် ဒီကမ္ဘာရဲ့ စီမံမှုနေရာဆီ ရာထူးတိုးထားတာ ဒါကို ဒီဖြစ်ရပ်ကြီး ပေါ်လာပြန်ပြီ…"
"ဟမ်… ရာထူးတိုးပြီလား… ဂုဏ်ယူပါတယ်…"
ပိုင်ချူးရန်က ပြောလေသည်။
"ဒါဆို မင်းက အနာဂတ်မှာ ဒီကမ္ဘာနဲ့ ဆိုင်တဲ့ သေခြင်းရှင်ခြင်းအကုန် ဆုံးဖြတ်ရပြီပေါ့…"
မြေအောက် လောကဖြင့် ဆက်သွယ်ဖူးထားသည့် ပိုင်ချူးရန်က အင်မော်တယ် လောက၏ စီမံအုပ်ချုပ်မှု၌ ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုသာ မဟုတ်သည်ကို သိထားသည်။ တခြားသော နေရာများမှာ ကမ္ဘာများလည်း ပါနေသေးသည်။ ကျင့်ကြံမှု ခရီးလမ်း၏ အဆုံးသတ်မှာ အင်မော်တယ်လောကသာ ဖြစ်သည်။
"ဂုဏ်ပြုပေးတာလား… မင်းဘယ်လိုပဲ အပြောကောင်းကောင်း မင်းက သေနေပြီးပြီ… ငါတော့ သက်ညှာမှာ မဟုတ်ဘူး…"
ရွှယ်လင်က အေးစက်စွာ တုံ့ပြန်၏ ။
"ဒီတခေါက် သက်ရှည်ဆေးအတွက် လိုအပ်တဲ့ အမယ်တွေ အများကြီး ရထားလို့ ကံကောင်းသွားတယ်မှတ်… မင်းမှာ အချိန် နှစ်ရာချီ ကျန်နေသေးတယ် ကောင်းကောင်းတန်ဖိုးထား…"