ကံကောင်းစေကြောင်း ဆုတောင်းခြင်း၊ ကံကောင်းခြင်းနှင့် ကံစမ်းမဲနှိုက်ချိန်
Vol. 6 Ch. 51
သမ္မတနိုင်ငံခေတ်၊ ရန်ကျားမြို့၊ လက်ဖက်ရည်ဆိုင်...။
တန်ဝမ်ကျဲသည် သူ၏တစ်သက်တာလုံး အိမ်မက်တစ်ခုထဲတွင် ကုန်ဆုံးသွားသကဲ့သို့ ခံစားနေရကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
“မင်းကိုယ်မင်း ညီအစ်ကိုလို့ ခေါ်ရင် ငါ့ကိုလာခုတ်လိုက်စမ်းပါ။ မင်း ဒီလောက်ညံ့လိမ့်မယ်လို့ ငါမထင်ထားဘူး။”
[လျှို့ဝှက်နယ်မြေ] ဆုလာဘ်များ သတ်မှတ်ပြီးပါပြီ။
စုစုပေါင်းမှော်ဝင်ငွေ ၃၃,၆၀၀ ရရှိခဲ့သဖြင့် တန်ဝမ်ကျဲ၏ ပိုက်ဆံအိတ်မှာ ဖောင်းကားသွားခဲ့ပြီး ကံစမ်းမဲ ၂၁၀ ကြိမ်ပင် နှိုက်နိုင်ပြီဖြစ်သည်။
ဤသည်မှာ ပိရမစ်စနစ်၏ ခေါင်းဆောင်အဖြစ် သိက္ခာရှိရှိ ဖြတ်တောက်ယူခဲ့သည့် သူ၏ဝေစုသာ ဖြစ်သည်။ သူသည် သရဲတစ်ကောင်စီထံမှ ယင်ကုသိုလ် အနည်းငယ်စီသာ ယူခဲ့ခြင်းဖြစ်ပြီး အကယ်၍ သူသာ အနည်းငယ်မျှ သိက္ခာမဲ့ခဲ့ပါက တစ်သိန်းကျော် သို့မဟုတ် ထို့ထက်မကပင် ရရှိနိုင်ဦးမည်ဖြစ်သည်။
သူ ထိုကမ္ဘာတွင် ကြာကြာနေလေ၊ ပိုမိုရရှိလေဖြစ်သည်။
“ထားလိုက်ပါတော့...ငါက သိက္ခာရှိတဲ့လူတစ်ယောက်ပဲ။”
အကယ်၍ ကော်မရှင်ခနှုန်းထားကသာ မြင့်လွန်းနေပြီး မည်သည့်သရဲကမှ ပါဝင်လိုစိတ်မရှိတော့ပါက သူသည် ထိုကမ္ဘာတွင် ပိတ်မိနေဦးမည်သာဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်အတွက် အရေးကြီးဆုံးမှာ ရောင့်ရဲတတ်ရန်ဖြစ်သည်။
အတွေ့အကြုံရမှတ်များမှာမူ နေရာအနှံ့မှ စုစုပေါင်း ၅၅၀ ရရှိခဲ့ပြီး သိပ်တော့မများလှပေ။
နောက်ဆုံးတွင် သူ မမျှော်လင့်ထားသော လျှို့ဝှက်နယ်မြေ ယာယီဝင်ခွင့်လက်မှတ်တစ်စောင်ကို ရရှိခဲ့ပေသည်။
[လျှို့ဝှက်နယ်မြေ ယာယီဝင်ခွင့်လက်မှတ် - အမည်မသိ ဆုလာဘ်လျှို့ဝှက်နယ်မြေတစ်ခုသို့ ယာယီ ကျပန်းဝင်ရောက်ခွင့်ပြုသည် (တစ်ကြိမ်သာ အသုံးပြုနိုင်သည်။)]
သူသည် ဤလက်မှတ်ကို လောလောဆယ် အသုံးမပြုသေးရန် ဆုံးဖြတ်လိုက်၏။ ပြီးခဲ့သည့် လျှို့ဝှက်နယ်မြေ၏ ရုန်းရင်းဆန်ခတ်ဖြစ်မှုများပြီးနောက် တန်ဝမ်ကျဲသည် သူ၏ဇာတိမြို့တွင် ကောင်းကောင်းအနားယူဦးမည်ဖြစ်သည်။ ထို့နောက် သင်ယူရန် မန္တန်အချို့ကို ရှာဖွေရန်နှင့် ရှီကျန့်ထံမှ ‘လျှပ်စီးမိုးကြိုးလက်သီး’ ကို သင်ယူရန်သာ ဆန္ဒရှိတော့သည်။
ထို့နောက် သူ သရဲတံခါးကို ဖွင့်လိုက်သောအခါ အတွင်းရှိ ဆုလာဘ်စာရင်းမှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ “ကျိန်စာ” ကမ္ဘာမှ မဲနှိုက်သည့်အပိုင်းမှာ ပျောက်ကွယ်သွားပြီး ယင်းအစား သူနှင့် ထိတွေ့မှုရှိခဲ့သော “ဖုတ်ကောင်” ကမ္ဘာမှ ပစ္စည်းများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ သရဲတံခါးအတွင်းသို့ တိုးဝင်သွားခဲ့ကြသည်။
အာယိုး၊ အာကျင်း၊ ရှောင်ဟောင်၊ အားဖုန်း၊ ဟွမ်ယုံဖား၊ ဖန့ဇီနင်၊ အမြွှာညီအစ်မ၊ ဖုတ်ကောင်ဦးလေးတုန်း၊ ကျန်းရွှယ်၊ နတ်ဆိုးညီအစ်ကိုဟေး၊ ကြွက်သားသရဲပု စသည်ဖြင့် ပြိုးပြိုးပြက်ပြက်ရှိလှသည်။ သူသည် ဓာတ်ကြီးငါးပါး သံလိုက်အိမ်မြှောင်နှင့် မက်မွန်သားဓားတို့ကိုပင် တွေ့လိုက်ရသည်။
“အရင်ဆုံး ၁၀ ကြိမ်လောက် အရင်နှိုက်ကြည့်လိုက်ရမလား။”
သူသည် မိမိ၏အဝတ်အစားများကို ငုံ့ကြည့်လိုက်ရာ သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံရှိသေး၏။
“ထားလိုက်ပါတော...လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကံက သိပ်မကောင်းဘူး။ အိမ်ပြန်ပြီး ဆရာဘိုးဘေးကို အရင်သွားကန်တော့လိုက်ဦးမယ်။”
ရန်ကျားမြို့၏ နေ့သစ်တစ်နေ့၊ မြို့အဝင်ဝ၌...။
“အားကျဲ မင်းက ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ပြန်ရတာလဲ။”
ရန်ဖားသည် ပြုံးရွှင်စွာဖြင့် တန်ဝမ်ကျဲအား လာရောက်နှုတ်ဆက်လိုက်၏။ သူ၏ဘေးနားရှိ ရန်ထင်ထင်သည်လည်း အနည်းငယ် နှမြောတသဟန်ဖြင့် ကြည့်နေခဲ့သည်။
“ရှင် ဒီလိုပဲ အစောကြီး ပြန်တော့မှာလား။”
တန်ဝမ်ကျဲသည် ရန်ကျားမြို့တွင် ရက်အနည်းငယ်သာ နေရသေးခြင်းဖြစ်သည်။ သူတို့အကြား ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ဘဲ နျန်ယင်းဆိုသည့် တတိယလူကလည်း အမြဲတမ်း ဘေးနားတွင် ရှိနေတတ်သော်လည်း သူ၏ချောမောသော မျက်နှာကို ကြည့်ရုံဖြင့်ပင် သူတို့၏ခံစားချက်များမှာ လျင်မြန်စွာ နွေးထွေးလာခဲ့သည်။
သူမ၏မောက်မာသော ဝမ်းကွဲညီအစ်ကို၏ တန်ဝမ်ကျဲအား ရိုကျိုးမှုကို မြင်ခဲ့ရသလို မိမိဖခင်၏ စီးပွားရေး ပိုမိုဆိုးရွားလာချိန်၌ တန်ဝမ်ကျဲ၏ စီးပွားရေးမှာ တစ်နေ့တခြား ကောင်းမွန်လာပြီး ဆန်ပြုတ်များပင် အလကားတိုက်ကျွေးနေခြင်းမှာ သူ့ကို ပိုမိုတောက်ပထင်ရှားစေခဲ့သည်။
ကံမကောင်းစွာဖြင့် စစ်မှန်သော သံယောဇဉ်အား မတည်ဆောက်နိုင်မီမှာပင် သူက အလျင်အမြန် ပြန်သွားရတော့မည်ဖြစ်သည်။
“ဟုတ်တယ်...တန်မိသားစုမြို့မှာ မပြီးသေးတဲ့ စီးပွားရေးကိစ္စတွေ ရှိနေလို့ပါ။”
တဝမ်ကျဲက ရှင်းပြလိုက်သည်။
“ကျုပ် ဝိုင်ချက်စက်ရုံတစ်ခု ဝယ်ဖို့ လုပ်ထားပေမဲ့ ဈေးနှုန်းမညှိနှိုင်းနိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ တစ်ဖက်လူက သဘောတူလိုက်ပြီဆိုတော့ ပြန်သွားပြီး စစ်ဆေးကြည့်ရမှာပါ။ ခဏနေရင် ပြန်လာခဲ့ပါမယ်။”
ဦးလေးကျိုးက ရန်ကျားမြို့၌ ရှိနေသလို ဆရာကြီးလေးလုံးကလည်း အခါအားလျော်စွာ ရောက်လာတတ်သောကြောင့် တန်ဝမ်ကျဲသည် ဤနေရာကို အလွယ်တကူ လက်လွှတ်မည်မဟုတ်ဘဲ တစ်လလျှင်တစ်ကြိမ်တော့ လာရောက်စစ်ဆေးရမည်ဖြစ်သည်။
“ဝိုင်ချက်စက်ရုံလား။ ဒါက တကယ့် စီးပွားရေးကြီးပဲ...။”
ရန်ဖား အံ့အားသင့်သွားခဲ့သည်။
ထိုအရာသည် ငွေဒင်္ဂါး ထောင်နှင့်သောင်းနှင့်ချီ၍ ရင်းနှီးရမည်ဖြစ်သည်။ သူကိုယ်တိုင်ပင် ဆိုင်ငယ်လေးများကိုသာ စီမံနေရခြင်းဖြစ်ပြီး ထိုကဲ့သို့ အတိုင်းအတာရှိသော စီးပွားရေးတွင် မပါဝင်နိုင်ပေ။ လွန်ခဲ့သော အနှစ် ၂၀ ကဆိုလျှင် ဖြစ်နိုင်ကောင်းသော်လည်း ယခု၌မူ ပါဝင်ရန် ရင်းနှီးငွေပင် မစုဆောင်းနိုင်တော့ပေ။
သို့သော် တန်ဝမ်ကျဲနှင့် စီးပွားရေးအဆက်အသွယ် တည်ဆောက်နိုင်ခြင်းကို တွေးမိလိုက်သောအခါ သူ၏ဖခင်ဂူသင်္ချိုင်းကိုလည်း ပြောင်းရွှေ့ပြီးပြီဖြစ်၍ နောင်တွင် ရန်မိသားစု အမှန်တကယ် ကြီးပွားလာနိုင်သည်ဟု တွေးကာ ရန်ဖား၏မျက်နှာတွင် အပြုံးများ ချက်ချင်းထွက်ပေါ်လာခဲ့တော့လေသည်။
“ဒါတွေက အသေးအဖွဲလေးတွေပါပဲ။ ကျုပ် ဦးလေးရန်ဆီက သင်ယူရဦးမှာတွေ အများကြီးရှိပါသေးတယ်။”
“ဟားဟား....ဟားဟား ငါတို့ ပြောကြတာပေါ့၊ ပြောကြတာပေါ့။”
အမျိုးသားနှစ်ဦးအနက် တစ်ဦးက အခြားတစ်ဦး၏သမီးကို ပိုးပန်းလိုပြီး အခြားတစ်ဦးက သူနှင့် စီးပွားရေးလုပ်လိုသဖြင့် နှစ်ဦးစလုံး အလွန်ရိုးသားစွာ ပြုံးနေခဲ့ကြသည်။
“အဆက်အသွယ်မပြတ်အောင် စာရေးလိုက်ပါဦး။”
တန်ဝမ်ကျဲသည် နောက်ဆုံးတွင် ထင်ထင်ကို ကြည့်လိုက်ပြီးနောက် သူမ၏ စွဲလမ်းတသဖြစ်နေသော အကြည့်များကြားမှ ထွက်ခွာလာခဲ့၏။
မြင်းရထားမှာလည်း တစ်လမ်းလုံး ခုန်ပေါက်လှုပ်ခါနေခဲ့သည်။
ပြည်နယ်မြို့တော်သို့ ရောက်သောအခါ နျန်ယင်းကိုလည်း ထိုနေရာသို့ ပို့ဆောင်ပေးခဲ့သည်။ နျန်ယင်းကို ကာကွယ်ရန် တာဝန်ယူထားသော စစ်သားများသည်လည်း သူမနှင့်အတူ ပြန်သွားခဲ့ကြသည်။ လူတိုင်း ထွက်ခွာခါနီးတွင် ပင်ပန်းကြမ်းတမ်းမှုအတွက် ဘောနပ်စ်တစ်ခုစီကို ရရှိခဲ့ကြပေသည်။
ခွဲခွာချိန်မှာပင် တန်ဝမ်ကျဲသည် နျန်ယင်းကို သူ့အပေါ် အခွင့်ကောင်းယူခွင့် မပေးခဲ့ပေ။
ခရီးစဉ်မှာ ပင်ပန်းလှပေသည်။ တန်မိသားစုမြို့သို့ ပြန်ရောက်သောအခါ တန်ဝမ်ကျဲမှာ လုံးဝပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ၏ စိတ်ဝိဉာည်နှင့် ခန္ဓာကိုယ်က ပင်ပန်းမှုကို ခံနိုင်ရည်ရှိသော်လည်း ၎င်းကို သူနှစ်သက်သည်ဟု မဆိုလိုပေ။
အခြားခရိုင်နှင့် မြို့နယ်များရှိ များပြားလှသော စီးပွားရေးလုပ်ငန်းများကို ပြန်တွေးကြည့်မိသောအခါ စာရင်းစစ်ရန်အတွက်ပင် လမ်းပေါ်တွင် အချိန်များစွာ ကုန်ဆုံးနေရသည်။ သူ၏ ကွယ်လွန်သူဦးလေးသည် သတ္တိခဲကျန်းကဲ့သို့သော မြင်းရထားမောင်းသူ တစ်ဦးကို အဘယ်ကြောင့် လိုအပ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
အရာရာကို ကိုယ်တိုင်လုပ်ဆောင်ခြင်းမှာ အလွန်ပင်ပန်းလှပြီး တန်ဝမ်ကျဲသည် သူဌေးကြီးတစ်ဦးဖြစ်ရခြင်းထက် အင်မော်တယ်တစ်ယောက်ဖြစ်ရသည်ကို ပို၍စိတ်ဝင်စားသူဖြစ်ရာ သူ၏ကွယ်လွန်သူဦးလေးကဲ့သို့ ပင်ပန်းခံမည်မဟုတ်ပေ။
သူသည် စာရင်းစာအုပ်ကို ကောက်ကိုင်ကာ စတင်စီစဉ်လိုက်သည်။ ထိုပြန့်ကျဲနေပြီး အဓိပ္ပာယ်မရှိသော စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံး ရှင်းလင်းပစ်ရန် လိုအပ်သည်။
“ငါ့ဦးလေး ဆုံးတာ ၄၉ ရက် ပြည့်တော့မယ် မဟုတ်လား။”
တန်ဝမ်ကျဲသည် လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး အစေခံမလေးတစ်ဦးက သူ့ကို ယပ်တောင်ဖြင့် ယပ်ခတ်ပေးနေခဲ့သည်။
အနီးရှိ အစေခံတစ်ဦးက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် သခင်ကြီး။ သခင်ကြီးရဲ့ ဦးလေးက ခုနစ်ရက် ခုနစ်လီ ပြည့်ပါတော့မယ်။”
“စက္ကူအရုပ်တွေနဲ့ စက္ကူမြင်းတွေ သွားဝယ်လိုက်တော့။ ကြိုတင်ပြင်ဆင်ထားရမယ်။”
တန်ဝမ်ကျဲက လက်ဟန်ပြလိုက်ပြီး စာရွက်တစ်ရွက်ပေါ်တွင် ရေးသားလိုက်သည်။
‘ရွှေရောင်လူငယ်ရုပ် ၁၀ ခု၊ ကျောက်စိမ်းမိန်းမပျိုရုပ် ၁၀ ခု၊ စက္ကူမြင်း ၆ ကောင်၊ လူရှစ်ယောက်ထမ်းသော ဝေါယာဉ်တစ်စီး၊ ရွှေတောင်ငွေတောင် လှည်းအစီး ၂၀...’
သူသည် ဝတ္တရားအကျေပွန်ဆုံးသော မိသားစုဝင်ဖြစ်ပြီး ဤအရာအချို့မှာ သရဲအရာရှိများကို လာဘ်ထိုးရန်အတွက်ဖြစ်ပေသည်။ ငွေကို အကျိုးရှိရှိ သုံးစွဲခြင်းဖြစ်ပြီး မသုံးစွဲပါက မှားယွင်းပေလိမ့်မည်။ တန်မိသားစု၏ များပြားလှသော ချမ်းသာကြွယ်ဝမှုများကို အကုန်မီးရှို့ပစ်ရန်မှာ ရက်ပေါင်းများစွာ ကြာပေလိမ့်မည်။ သို့သော် စက္ကူပိုက်ဆံမှာမူ... မီးရှို့လိုက်ရသည်မှာ ရှာရသည်လောက် မမြန်ပေ။
အားလုံးစီစဉ်ပြီးနောက် တန်ဝမ်ကျဲသည် စစ်သူကြီးကျိုးချန် နှင့် ကွမ်းယွီတို့အပြင်၊ အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း၏ ဆရာဘိုးဘေးတို့ကို သွားရောက်ကန်တော့လိုက်လေသည်။
ကွမ်းယွီမှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးသော်လည်း စစ်သူကြိုးကျိုးချန်၏ နှစ်သက်မှုမှာမူ +၁ တိုးလာခဲ့သည်။ ၎င်းမှာ သူတို့သည် “ဖုတ်ကောင်” ကမ္ဘာတွင် ဆုံတွေ့ခဲ့ဖူးသဖြင့် လူဟောင်းများ ဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။
ဆရာဘိုးဘေးကလည်း နှစ်သက်မှု +၁ နှင့်အတူ ကံကောင်းခြင်း +၁ ကိုပါ ပေးခဲ့သဖြင့် ဆရာဘိုးဘေးက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေသလားဟု တန်ဝမ်ကျဲကို တွေးတောမိစေခဲ့သည်။ သူသည် ထိုကံကောင်းခြင်းကို အမိအရ ဆုပ်ကိုင်ရပေလိမ့်မည်။
“တစ်ယောက်ယောက်... စက္ကူဆိုင်ကိုသွားပြီး အမွှေးတိုင်သွားဝယ်စမ်း။ ပိုထူလေ၊ ပိုကြီးလေ၊ ပိုများလေ ပိုကောင်းလေပဲ။”
တန်မိသားစုမြို့ရှိ အမွှေးတိုင်အားလုံးနီးပါးကို တန်ဝမ်ကျဲ တစ်ဦးတည်းက လက်ဝါးကြီးအုပ်ထားခဲ့သည်။ တန်အိမ်တော်၏ နောက်ဖေးခြံဝင်းမှာ မီးခိုးလုံးများဖြင့် ပြည့်နှက်နေပြီး လူများကို ချောင်းဆိုးများ တဟွတ်ဟွတ်ဆိုးစေခဲ့သည်။
ဆရာဘိုးဘေး၊ ကွမ်းယွီနှင့် အခြားသူများမှာ အမွှေးတိုင် မီးခိုးတိမ်တိုက်များကြားတွင် ဖုံးလွှမ်းနေခဲ့ကြ၏။
သူ့တွင် မှော်ဝင်ငွေရှိသဖြင့် ကံစမ်းမဲ နှိုက်နိုင်သော်လည်း တန်ဝမ်ကျဲက အလွန်စိတ်ရှည်သူဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က သူသည် အဝတ်စုတ်များကို ဝတ်ဆင်ကာ ပိုက်ဆံများကို မသယ်ဆောင်ခဲ့သည့်အပြင် ကံကောင်းခြင်းအတွက် ဆုတောင်းရန်နှင့် ကံကောင်းခြင်းများ ရရှိရန်အတွက် လက်ကိုလည်း မကြာခဏ ဆေးကြောခဲ့သည်။
ပထမနေ့တွင် ပူဇော်ကန်တော့ပြီးနောက် သူသည် ကံကောင်းခြင်း +၂ ကို ရရှိခဲ့လေသည်။ ထိုနေ့ညနေတွင် သူ မြင်းရထားပေါ်၌ စာရင်းစစ်နေစဉ် အိမ်နီးချင်းမြို့ရှိ သူပိုင်ဆိုင်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ စာတစ်စောင် ရောက်လာပြီး ရောင်းရန်ဈေးနှုန်းမှာ သင့်လျော်ကြောင်း သိလိုက်ရလေသည်။
ထိုမြို့တွင် မည်သည့်ထူးခြားချက်မျှ မရှိပေ။ ဦးလေးကျိုး မရှိ၊ တာအိုဆရာများ မရှိ၊ ခရစ်ယာန်ဘုရားကျောင်းပင် မရှိပေ။ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သင့်တင့်သော်လည်း လမ်းပန်းဆက်သွယ်ရေးမှာမူ အလွန်ခေါင်ပြီး တန်ဝမ်ကျဲ တည်ဆောက်နေသော စီးပွားရေးနယ်ပယ်နှင့် ဝေးကွာလှပေသည်။ ထို့အပြင် အမြတ်အစွန်းလည်း မရှိရာ တန်ဝမ်ကျဲသည် ၎င်းကို ရောင်းထုတ်ရန် အလွယ်တကူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သူ၏ဦးလေးသည် ထိုကဲ့သို့ ဝေးလံခေါင်သီသောနေရာတွင် လက်ဖက်ရည်ဆိုင် ဖွင့်ထားရခြင်း၏ အကြောင်းရင်းမှာ သူ၏ ကိုယ်ပိုင်ဝါသနာနှင့် ဆက်စပ်နေသောကြောင့်ပင်။ ၎င်းမှာ အိမ်ထောင်သည်အမျိုးသမီးများနှင့် အိပ်ရန် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ တန်ဝမ်ကျဲသည်မူ အခြားသူ၏ ဇနီးမယားများကို စိတ်မဝင်စားသဖြင့် အနီးနားတွင် အခွင့်အလမ်းများ ရှိနေပါလျက်နှင့် ဝေးလံသောနေရာတွင် ရှာဖွေနေရန် မလိုအပ်ပေ။
ဒုတိယနေ့ ပူဇော်ကန်တော့ပြီးနောက် သူသည် ကံကောင်းခြင်း +၁ အား ထပ်မံရရှိခဲ့သည်။
တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့... [နေ့စဉ်ဆုတောင်းခြင်း၊ သင်၏ ကံကောင်းခြင်း +၁]
နောက်ဆုံးတော့ ရောက်လာခဲ့ပြီ...ဘာကို စောင့်နေဦးမှာလဲ။
သရဲတံခါး...ကံစမ်းမဲ နှိုက်ရမယ့်အချိန်ပဲ။