← Chapters

မင်းရဲ့ အလှပြင် Filter တွေ ဘယ်ရောက်ကုန်တာလဲ (ပုံပါသည်၊ မကြောက်ရ)

Vol. 6 Ch. 52

မင်းရဲ့ အလှပြင် Filter တွေ ဘယ်ရောက်ကုန်တာလဲ (ပုံပါသည်၊ မကြောက်ရ)

Vol. 6 Ch. 52

ကံစမ်းမဲတစ်ကြိမ်နှိုက်လျှင် မှော်ဝင်ငွေ ၁၆၀ ကျသင့်မည်ဖြစ်သည်။

အမြည်းအနေနဲ့ ၁၀ကြိမ် ဆက်တိုက်နှိုက်ခြင်းနဲ့ စလိုက်ရအောင်။

သူ၏ အသိစိတ်အာရုံထဲတွင် ထုထည်ကြီးမားလှသော တစ္ဆေတံခါးကြီးတစ်ခု ရှိနေခဲ့သည်။ တန်ဝမ်ကျဲ အမှောင်အတိကျနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ သူ မှော်ဝင်ငွေ ၁၆၀၀ ကို ပစ်ထည့်လိုက်သည်နှင့် ကောင်းကင်ယံတွင် ဂျိန်းခနဲ မြည်သံနှင့်အတူ လျှပ်စီးတစ်ချက် လက်သွားပြီး မျက်စိရှေ့မှ အမှောင်ထုမှာ နှစ်ခြမ်းကွဲသွားခဲ့လေသည်။

သရဲတံခါးပွင့်သွားပြီ။

အရောင်အသွေးစုံလင်သော အလင်းတန်း ၁၀ ခု ဖြတ်ပြေးသွားခဲ့သည်။

အဖြူရောင် ၇ ခု၊ အစိမ်းရောင် ၂ ခုနှင့် အပြာရောင် ၁ ခု။

ပထမဆုံး အဖြူရောင်အလင်း ပွင့်လာ၏။

[တတ်နိုင်သမျှ ကူညီပါ — အဒေါ်မေ]

[အမြင့်ဆုံး သွေးပမာဏ +၁]

ကောင်းပြီ...ဘာမှမရှိတာထက်စာရင်တော့ တော်ပါသေးတယ်။

[နောက်ပိုင်း မင်းကိုပဲ အားကိုးရတော့မယ် — ရှောင်ဟောင်]

[အမြင့်ဆုံးခွန်အား +၁]

တတိယမြောက်၊ [ဒေါသကြီးသော တစ္ဆေများကို တစ်ချက်တည်းနှင့် နှိမ်နင်းနိုင်သူ၊ တရုတ်ပြည်နှင့် ကမ္ဘာကြီးကို တုန်လှုပ်စေသူ: စီချွမ်းဆရာကြီးနန့်ရန် ]

[အမြင့်ဆုံး မန်နာ +၁]

ဤသုံးခုဆက်တိုက် ရရှိခြင်းက တန်ဝင်ကျဲအား ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။ သူ ရက်ပေါင်းများစွာ စုဆောင်းထားသော ကံကောင်းခြင်းများမှာ အလကားဖြစ်သွားခဲ့ပုံပင်။

အနာဂတ်တွင် ဓနနတ်မင်း၊ ဂုဏ်ဒြပ်နတ်မင်းနှင့် အသက်ရှည်ခြင်းနတ်မင်းများကို အိမ်၌ ပင့်ဖိတ်ထားရမည်လော။ သို့သော် နတ်ဘုရားများမှာ အလွန်စေးနှဲကြပေသည်။ ယခင်ကတည်းက နှစ်သက်မှုသာမရှိပါက ရုတ်တရက် လမ်းညွှန်မှုတောင်းခံခြင်းကို အသိအမှတ်ပြုကြမည်မဟုတ်ပေ။

သူစဉ်းစားနေစဥ်မှာပင် စတုတ္ထမြောက် အဖြူရောင်အလင်း ပွင့်လာခဲ့သည်။

[ကြေးပြားမျက်နှာဖုံး (ဦးထုပ်) - မကောင်းဆိုးဝါးနှင့် အဆိုးအညံ့များကို ကာကွယ်ပေးသည်။ ဆိုးကျိုးခံနိုင်ရည် +၅%]

တန်ဝင်ကျဲ ရင်ခုန်သံမြန်သွား၏။ ဦးထုပ်တစ်လုံး ရလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဒါပေမဲ့ ဒါက ဖုတ်ကောင်ဦးလေးတုန်းရဲ့မျက်နှာမှာ ဝတ်ထားတဲ့ဟာကြီး မဟုတ်ဘူးလား။

သူစဉ်းစားနေစဉ်မှာပင် ကျန်ရှိသော အဖြူရောင်အလင်း သုံးခုစလုံး ပွင့်လာခဲ့ပြီး အားလုံးမှာ [ကြေးပြားမျက်နှာဖုံး] များသာ ဖြစ်နေခဲ့သည်။

နောက်ဆုံး၌ ၎င်းတို့မှာ ပေါင်းစပ်သွားခဲ့လေသည်။

[ကြေးပြားမျက်နှာဖုံး +၃ - မကောင်းဆိုးဝါးနှင့် အဆိုးအညံ့များကို ကာကွယ်ပေးသည်။ ဆိုးကျိုးခံနိုင်ရည် +၈%၊ အထူးအရည်အချင်း: တည်ငြိမ်သောစိတ်]

[တည်ငြိမ်သောစိတ် - အာရုံစူးစိုက်မှုကို ထိန်းသိမ်းရာ၌ ပိုမိုလွယ်ကူစေပြီး မကောင်းသောအတွေးများ စိတ်ကို မလွှမ်းမိုးနိုင်အောင် တားဆီးပေးသည်။]

ထို့နောက် အစိမ်းရောင် နှစ်ခုနှင့် အပြာရောင် တစ်ခု ကျန်သေးသည်။

အစိမ်းရောင် နှစ်ခုမှာ-

[ဗျောက်အိုး (သော့ပွင့်သွားပါပြီ): သရဲတစ္ဆေများကို ခြောက်လှန့်နိုင်သည်။]

[ကြက်ဖ (သော့ပွင့်သွားပါပြီ): ကိုယ်အလေးချိန်အပြည့်ရှိသော ကြက်ဖကြီး၊ မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်သည်]

နောက်ဆုံးတွင် အပြာရောင်အလင်းဖြစ်သည်။

[သေမင်းစေတမန် - စကင် (Skin)]

၁၀ ကြိမ်နှိုက်ခြင်း ပြီးဆုံးသွားခဲ့သည်။ တန်ဝမ်ကျဲသည် သွေး/မန်နာ/ခွန်အား တစ်ခုစီ +၁ ရရှိခဲ့လေသည်။

ထို့အပြင် [ကြေးပြားမျက်နှာဖုံး +၃] ၊ ပစ္စည်းအသစ်နှစ်ခုဖြစ်သော [ဗျောက်အိုး] နှင့် [ကြက်ဖကြီး]၊ နောက်ဆုံးတွင် [သေမင်းတမန်] စကင်တို့ကို ရရှိခဲ့သည်။

သူ သေမင်းတမန်စကင်ကို ချက်ချင်း ကြည့်လိုက်၏။

သူသည် စိတ်ကူးဖြင့် ၎င်းကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

မမျှော်လင့်ဘဲ သူ၏ လက်နက်များ၊ အသုံးအဆောင်များနှင့် မှော်ဂါထာများအားလုံး အလုပ်မလုပ်တော့ပေ။ ထို့နောက် ပြင်းထန်သော မသက်မသာဖြစ်မှုတစ်ခုက တန်ဝမ်ကျဲကို လွှမ်းခြုံသွားပြီး သူ၏ အသက်များ ချက်ချင်းလျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

သူ၏ အရပ်အမောင်းမှာ မပြောင်းလဲသော်လည်း ယခုအခါတွင် သူသည် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျိုးပဲ့နေသော ဆီစိမ်စက္ကူထီးတစ်လက်ကို ကိုင်ဆောင်ထားလေသည်။

ဆရာဘိုးဘေး၊ ကွမ်းယွီနှင့် စစ်သူကြီး ကျိုးချန်တို့ကို ပူဇော်ထားသည့် နောက်ဖေးဘက်သို့ ကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းများမှာ အလွန်ပင် စူးရှလွန်းလှသည်။ သူသည် ထိုအနားသို့မကပ်ရဲဘဲ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခုကိုပင် ခံစားနေခဲ့ရ၏။

“သိပ်ပြီး အသုံးမဝင်ဘူးပဲ။”

တန်ဝမ်ကျဲသည် သေမင်းတမန်စကင်ကို ချက်ချင်း ပြန်ချွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှံ့နွံထဲမှ ရုန်းထွက်လာခဲဘရသလို ခံစားလိုက်ရလေသည်။ သရဲတစ္ဆေအားလုံး အဘယ့်ကြောင့် လူဖြစ်ချင်ကြသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ တစ္ဆေဖြစ်ရသည့် ခံစားချက်မှာ အလွန်ဆိုးရွားလှပေသည်။

လူသားတစ်ယောက်က သေမင်းတမန်အဖြစ် ပြောင်းလဲလိုက်ရခြင်းကြောင့်သာ ဤမျှမသက်မသာ ဖြစ်ရခြင်း ဖြစ်နိုင်၏။ အလွန်အမင်း လိုအပ်မှသာလျှင် သူ ၎င်းကို အသုံးပြုတော့မည်ဖြစ်သည်။

ထို့နောက် သူ ကြေးပြားမျက်နှာဖုံးကို လှည့်ကြည့်လိုက်သည်။

ကပ်ဘေးကို ကာကွယ်ပေးသော ကြေးပြားများဖြင့် ပြုလုပ်ထားသည့် မျက်နှာဖုံးကို ဝတ်ဆင်လိုက်သောအခါ သေမင်းတမန်စကင်ကြောင့် ဖြစ်ပေါ်နေသော မသက်မသာဖြစ်မှုနှင့် စိုးရိမ်စိတ်များမှာ ဖြည်းဖြည်းချင်းပင် ငြိမ်သက်သွားတော့သည်။

တန်ဝင်ကျဲသည် မှန်တစ်ချပ်ကို ကိုင်ကာ အခန်းထဲ၌ လှည့်ပတ်သွားလာကြည့်လိုက်၏။ သူလှုပ်ရှားလိုက်တိုင်း မျက်နှာဖုံးမှ ကြေးပြားများမှာ တစ်ခုနှင့်တစ်ခု ထိခိုက်ကာ တချွင်ချွင်ဟူသောအသံများ ထွက်ပေါ်လာခဲဘသည်။ မှန်ထဲရှိ သူ၏ ပုံရိပ်မှာလည်း အနည်းငယ် ထူးဆန်းပြီး ကြောက်စရာကောင်းနေ၏။ ၎င်းကို မကောင်းဆိုးဝါးဟုလည်း မဆိုနိုင်သလို သူတော်စင်ဟုလည်း မပြောနိုင်ပေ။

ထို့နောက် သူ၏ ခေါင်းကို တစ်ချက်ပြန်လှည့်လိုက်သည်နှင့် ကြေးပြားမျက်နှာဖုံးမှာ အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။

ထို့အပြင် 【Preset Equipment {ပစ္စည်းကိရိယာ အစုအဝေး} (အမည်မတပ်ထားသော ၁)] သူသောအမည်ရှိသော အုပ်စုဖွဲ့စနစ်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းအပြင် သူသည် ဒုတိယမြောက် အုပ်စုတစ်ခုကိုလည်း တည်ဆောက်နိုင်သေးရာ မိုဘိုင်းဂိမ်းများ၏ အနှစ်သာရကို အပြည့်အဝ ဖော်ဆောင်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗျောက်အိုးနှင့် ကြက်ဖကြီးတို့သည် အရောင်းစာမျက်နှာ၌ ထွက်ပေါ်လာခဲ့သည်။

ဗျောက်အိုးမှာ မှော်ဝင်ငွေ ၅ ပြားဖြစ်ပြီး ကြက်ဖကြီးမှာ ၁၀ ပြား ဖြစ်သည်။ နှစ်ခုစလုံးမှာ မသက်သာလှပေ။

သူသညခ ကြက်ဖတစ်ကောင်ကို ဝယ်လိုက်ရာ မှော်ဝင်ငွေ ၁၀ ပြား လျော့နည်းသွားခဲ့သည်။

အနီရောင်အမောက်နှင့် ကြက်ဖကြီးတစ်ကောင် လေထဲမှ ရုတ်ချည်းထွက်ပေါ်လာခဲ့၏။ ၎င်းသည် ၈ ပိဿာကျော် လေးလံပြီး အလွန်ခန့်ညားလှပေသည်။

“လှလိုက်တဲ့ ကြက်ပဲ။”

တန်ဝမ်ကျဲက အံ့ဩတကြီး ပြောလိုက်မိသည်။ ဤကြက်ဖကြီး၏ ရုပ်ရည်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရန်ပင် ကောင်းလှသည်။ ငွေဒင်္ဂါး တစ်ပြား နှစ်ပြားနှင့်ပင် ဝယ်၍ရနိုင်မည်မဟုတ်ပေ။

အကယ်၍ ဤကဲ့သို့သော ကြက်ဖ၏ သွေးကို မကောင်းဆိုးဝါး နှင်ထုတ်ရန်နှင့် သရဲတစ္ဆေများကို ကုသရန် အသုံးပြုမည်ဆိုပါက မှော်ဝင်ငွေ ၁၀ ပြားမှာ တန်လှသည်။

ဗျောက်ကိုတော့ ခဏမေ့ထားလိုက်ပါ။ အခုလောလောဆယ် သူ့မှာ ခြောက်လှန့်စရာ တစ္ဆေမရှိသေးဘူး။

“ဒီနေ့က ကံကောင်းတဲ့နေ့ပဲ။ ဆက်နှိုက်မယ်။”

နောက်ထပ် ၁၀ ကြိမ်နှိုက်လိုက်ရာ မှော်ဝင်ငွေ ၁၆၀၀ ကုန်ဆုံးသွားခဲ့ပြီး ၃၀၃၉၀ ကျန်တော့သည်။

ယခုတစ်ကြိမ်တွင် အဖြူရောင် ၆ ခုနှင့် အစိမ်းရောင် ၄ ခု ထွက်လာခဲ့သည်။ သရဲတံခါးထဲမှ အလင်းတန်း ၁၀ ခု ထွက်ပေါ်လာ၏။ သေမင်းတမန်စကင်ကဲ့သို့ အရာမျိုးမှာ ရရှိရန် အလွန်ခက်ခဲမှန်း သူသိသော်လည်း အနည်းငယ်တော့ နှမြောမိပေသည်။

[ငါက ကြွက်သားတက်အောင် စတီးရွိုက်တွေ ထိုးထားတာကွ — ကြွက်သားကြီးသော သရဲပု]

[ကြေးပြားမျက်နှာဖုံး]

[ကြေးပြားမျက်နှာဖုံး]

[နန့်ရန် သံတောင်ဝှေး (မှော်လက်နက်): ဘယ်နတ်ဘုရားက မနာခံဘဲနေရဲလဲ။ ဘယ်တစ္ဆေက ခုခံရဲသလဲ။ မှော်စွမ်းအင် မြှင့်တင်မှု +၁]

[နန့်ရန် သံတောင်ဝှေး +၁: ဘယ်နတ်ဘုရားက မနာခံဘဲနေရဲလဲ။ ဘယ်တစ္ဆေက ခုခံရဲသလဲ။ မှော်စွမ်းအင် မြှင့်တင်မှု +၂]

[နန်ယန် သံတောင်ဝှေး +၂: ဘယ်နတ်ဘုရားက မနာခံဘဲနေရဲလဲ။ ဘယ်တစ္ဆေက ခုခံရဲသလဲ။ မှော်စွမ်းအင် မြှင့်တင်မှု +၃၊

စွမ်းရည်: နတ်နှိမ်တစ္ဆေသတ် ဂါထာ ]

[နတ်နှိမ်တစ္ဆေသတ် ဂါထာ: ပူဇော်ပွဲကို ပြင်ဆင်ပြီး ဂါထာကို ရွတ်ဆိုပါ၊ နတ်ဘုရားမီးတောက်နှင့်အတူ ပေါ်လာလိမ့်မည်။]

“အရှင်မြတ်က ငါ့ကို တစ္ဆေသတ်ဖို့ သင်ကြားပေးပြီး နတ်ဘုရား ဖော်မြူလာကို ပေးသနားခဲ့တယ်။”

“ငါ့ရှေ့မှာ အဝါရောင်နတ်ဘုရားရှိပြီး ငါ့နောက်မှာ ယွဲ့ကျန်းရှိတယ်။”

“နတ်ဘုရားသခင်က အစွမ်းထက်သူကိုပင် မညှာတာဘဲ သုတ်သင်တယ်။”

“အရင်ဆုံး နတ်ဆိုးတစ္ဆေများကို သတ်ဖြတ်မယ်။ ပြီးရင် ယဲ့ကွမ်းကို သတ်မယ်။”

“ဘယ်နတ်ဘုရားက မနာခံဘဲနေရဲလဲ။ ဘယ်တစ္ဆေက ခုခံရဲသလဲ။”

“ဥပဒေနှင့် အမိန့်အတိုင်း အလျင်အမြန် ဖြစ်စေ။”]

အစိမ်းရောင်အလင်း ၄ ခု။

[ကောက်ညှင်းက ကောက်ညှင်းကျော် လုပ်ဖို့တင် မဟုတ်ဘူး — အာယိုး ]

[အမြင့်ဆုံး မန်နာ +၃]

ဒုတိယ အစိမ်းရောင်အလင်း: [ကုန်းရှီဖားချိုင် — အားဖုန်း ]

[ရရှိသော ပါရမီ: ယင်ယန်မျကလုံး]

[ယင်ယန်မျက်လုံး အဆင့် ၁: တစ္ဆေများကို မြင်နိုင်သည်]

နောက်ဆုံးတော့ ရောက်လာခဲ့ပြီကွ။

သူ ယင်ယန်မျက်လုံးကို ရရှိခဲ့ချေပြီ။

ထို့နောက် တတိယ အစိမ်းရောင်အလင်း-

[လူတွေဟာ သေပြီးရင် တစ္ဆေဖြစ်သွားကြရတာပါပဲ — ဟွမ်ယုံဖား‌]

‌[ရရှိသော ပါရမီ: ယင်ယန်မျက်လုံး]

[ယင်ယန်မျက်လုံး အဆင့် ၂: တစ္ဆေများကို မြင်နိုင်သည်၊ လှည့်စားမှုများကို ဖောက်ထွင်းမြင်နိုင်စွမ်း ၅%]

စတုတ္ထတစ်ခု-

【ဓာတ်ကြီးငါးပါး သံလိုက်အိမ်မြှောင်: ဓာတ်ကြီးငါးပါး အကယအကွယ်၊ ဖုတ်ကောင်များကို နှိမ်နင်းခြင်းနှင့် မကောင်းဆိုးဝါးအား သုတ်သင်ခြင်း၊ ဖုတ်ကောင်ခြေရာများကို ရှာဖွေနိုင်သည် ပါရှိသော စွမ်းရည်: ဓာတ်ကြီးငါးပါး အကယအကွယ်]

[ဓာတ်ကြီးငါးပါး အကာအကွယ်: အကာအကွယ်ထဲသို့ ဝင်ရောက်ပြီး ဓာတ်ကြီးငါးပါးကို ထိန်းချုပ်ပါ။ သွေးသုံးစွဲမှု: ၂/ ၁မိနစ်၊ မန်နာသုံးစွဲမှု: ၂/ ၁စက္ကန့်၊ ခွန်အားသုံးစွဲမှု: ၂/ ၁စက္ကန့်။ အချိန်မှာ အမွှေးတိုင်တစ်တိုင်စာ ကြာမြင့်ပါက “ချက်ချင်းသေဆုံးမှု” ကို ဖြစ်ပေါ်စေပြီး သွေးသုညအထိ လျော့ကျသွားမည်။]

ဒုတိယအကြိမ် ၁၀ ကြိမ်တက်တိုက် မဲနှိုက်ခြင်းမှာ အာယိုးထံမှ အမြင့်ဆုံးမန်နာ +၃ သာ ရရှိခဲ့သော်လည်း ကောင်းမွန်သော ပစ္စည်းများစွာ ရခဲ့ပေသည်။

ဥပမာ ယင်ယန်မျက်လုံး အဆင့် ၂ သည် “စွမ်းရည်” အောက်တွင် မဟုတ်ဘဲ “ပါရမီ” အောက်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် “အဝတ်စုတ် အဆင့် ၁”၊ “မြေနင်းခြင်း အဆင့် ၁” နှင့် “လူပျိုကြီး အဆင့် ၁” တို့ကဲ့သို့ အမြဲတမ်း အလုပ်လုပ်နေသော Passive အကျိုးသက်ရောက်မှုများ ဖြစ်သည်။

[ကြေးပြားမျက်နှာဖုံး +၅] သည် ဆိုးကျိုးခံနိုင်ရည်ကို +၁၀% ဖြစ်သွားစေခဲ့သည်။ ၎င်းသည် ပထမဆုံး အဆင့်မြှင့်တင်ခံရမည့်အရာ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူသည် မှော်လက်နက် နှစ်ခုကိုလည်း ရရှိခဲ့သည်။ တစ်ခုမှာ ဓာတ်ကြီးငါးပါး သံလိုက်အိမ်မြှောင်ဖြစ်ပြီး အသုံးပြုပုံမှာ အလွန်ကြမ်းတမ်းလွန်းလှ၏။ အမွှေးတိုင်တစ်တိုင်စာအကြာတွင် သေဆုံးရမည်ဖြစ်သည်။ တန်ဝမ်ကျဲသည် ၎င်းကို ချက်ချင်းပင် အအေးနန်းဆောင်(အသုံးမလိုသော နေရာ)သို့ ပို့လိုက်သည်။

အခြားတစ်ဖက်တွင်မူ နန့်ရန်သံတောင်ဝှေးမှာမူ အလွန်စိတ်ဝင်စားဖို့ကောင်းလှ၏။ ၎င်းသည် ပါးစပ်တစ်ခုလုံး စုတ်ပြဲသွားသော ဆရာကြီးနန့်ရန် အသုံးပြုခဲ့သည့် တောင်ဝှေးဖြစ်ပုံရသည်။ ၎င်းတွင် မှော်စွမ်းအင် မြှင့်တင်သည့် စွမ်းရည်ပါလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မှော်လက်နက် နေရာနှစ်ခုမှာ လက်နက်များနှင့် မခြားနားလှသော်လည်း လက်တွေ့တွင် လက်နက်များသည် ရန်သူအတွက်ဖြစ်ပြီး မှော်လက်နက်များမှာမူ ဆုတောင်းခြင်း၊ ပူဇော်ခြင်းနှင့် မကောင်းဆိုးဝါး နှင်ထုတ်ခြင်းတို့အတွက် ဖြစ်ပေသည်။ တန်ဝမ်ကျဲ၏ ဓားမကြီးမှာမူ ထူးခြားပြီး လူရော၊ တစ္ဆေပါ သတ်ပစ်ရာ၌ သင့်တော်ပေသည်။

ယခုမဲနှိုက်ခြင်းမှ နောက်ဆုံးတစ်ခုအနေဖြင့် သူသည် သူ၏ဘေးတွင် ရပ်နေသော ကြွက်သားသရဲပုကို ကြည့်လိုက်၏။

ကြွက်သားသရဲပု

အဆင့်: ၁/၁၀ (၅၀)

စွမ်းရည်: -

ပါရမီ: -

ယခင်က မဟာအနက်ရောင ဗုဒ္ဓမယ်တော်နှင့် ကြုံခဲ့ဖူးသဖြင့် တန်ဝမ်ကျဲမှာ ကြွက်သားသရဲပုကို ရရှိခဲ့သည့်အတွက် မအံ့ဩတော့ပေ။

“ငလူး...”

ကြွက်သားသရဲပုသည် သူ့ကိုတွေ့သည်နှင့် ကျိန်ဆဲလိုက်၏။

“မင်း ငါ့ကို မှတ်မိသေးတာလား။”

တန်ဝမ်ကျယ် အံ့ဩသွားခဲ့သည်။

“ဒါက ဘယ်နေရာလဲ။ ငါက အသင်းခေါင်းဆောင် ရာထူးတိုးဖို့ လူတစ်ယောက်ပဲ လိုတော့တာကွ။ ငါ့ကို အခုချက်ချင်း ပြန်လွှတ်ပေးစမ်း။ မဟုတ်ရင် ငါ...”

ကြွက်သားသရဲပုသည် ပြောနေရင်းနှင့် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။ အဘယ်ကြောင့်သော် တန်ဝမ်ကျဲက သူ၏ ညာဘက်လက်ဖြင့် ဓားမကြီးကို မြှောက်လိုက်သောကြောင့်ပင်။

လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်သွားသော သရဲပုကို ကြည့်ပြီး တန်ဝမ်ကျဲ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

“ဒါက ပိုမကောင်းဘူးလား။”

ထို့နောက် သူ၏လက်တစ်ဖက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ရာ သရဲပုသည် “အိုး” ခနဲ အော်ဟစ်ကာ ပျောက်ကွယ်သွားပြီး တန်ဝမ်ကျဲ၏ [ဇာတ်ကောင်အဖွဲ့] ကော်လံထဲတွင် ပေါ်လာခဲ့သည်။

“အားလည်းနည်းတယ်၊ စိတ်ကလည်း တိုတတ်သေးတယ်။ အလွန်ဆုံးရှိမှ အမြောက်စာအဖြစ်ပဲ သုံးလို့ရမယ်။”

တန်ဝမ်ကျဲ၏ မဲနှိုက်မှုမှာ မပြီးဆုံးသေးပေ။

တတိယမြောက် ၁၀ ကြိမ်ဆက်တိုက်မဲနှိုက်ခြင်း။

အဖြူရောင် ၇ ခုနှင့် အစိမ်းရောင် ၃ ခု၊ အလင်းတန်း ၁၀ ခု။

ယခုတစ်ကြိမ်တွင် ပစ္စည်းများမှာ မထူးခြားတော့ပါ။ ကြေးပြားမျက်နှာဖုံး ၅ ခု၊ အဒေါ်မေ ၂ ခု၊ အာယိုး ၂ ခုနှင့် ဓာတ်ကြီးငါးပါး သံလိုက်အိမ်မြှောင် ၁တစ်ခု။

[ဓာတ်ကြီးငါးပါး အိမ်မြှောင် +၁] : ဓာတ်ကြီးငါးပါး အကာအကွယ်၊ ဖုတ်ကောင်များကို နှိမ်နင်းခြင်းနှင့် မကောင်းဆိုးဝါးအား သုတ်သင်ခြင်း၊ ဖုတ်ကောင်ခြေရာများကို ရှာဖွေနိုင်သည်။ ဖုတ်ကောင်များကို မှတ်သားနိုင်သည်။ ပါရှိသော စွမ်းရည်: ဓာတ်ကြီးငါးပါး အကာအကွယ်။

နောက်ထပ် မှော်ဝင်ငွေ ၁၆၀၀ ကို ထပ်ထည့်ကာ ဆက်နှိုက်လိုက်သည်။

အဖြူရောင် ၆ ခုနှင့် အစိမ်းရောင် ၄ ခု၊ အလင်းတန်း ၁၀ ခု။

နန့်ရန် သံတောင်ဝှေး ၃ ခု၊ ရှောင်ဟောင် ၂ ခု၊ အဒေါ်မေ ၁ ခု ပြီးနောက် အားဖုန်း ၂ ခု။ ၎င်းတို့က ယင်ယန်မျက်လုံးကို နောက်ထပ် နှစ်ဆင့် မြှင့်တင်ပေးလိုက်သည်။

နောက်ဆုံးတွင် တန်ဝမ်ကျဲသည် သူ၏ရှေ့တွင် ပေါ်လာသော ပုံရိပ်သုံးခုကို ကြည့်လိုက်သည်။

လက်ချင်းချိတ်ထားသော အမြွှာမိန်းကလေးများနှင့် မျက်နှာတစ်ခုလုံး ခြေမွခံထားရသော ဖုတ်ကောင်ဦးလေးတုန်း။

[ခန္ဓာမဲ့သော စိတ်ဝိညာဉ် — အမြွှာမိန်းကလေးများ]

အဆင့်: ၁/၂၀ (၀/၅၀)

ပါရမီ: -

စွမ်းရည်: တစ္ဆေ-ရုပ်အလောင်း ပေါင်းစည်းခြင်း

[စိတ်ဝိညာဉ်မဲ့သော ခန္ဓာ — ဖုတ်ကောင်ဦးလေးတုန်း]

အဆင့်: ၁/၂၀ (၀/၅၀)

ပါရမီ: -

စွမ်းရည်: တစ္ဆေ-ရုပ်အလောင်း ပေါင်းစည်းခြင်း

တန်ဝမ်ကျဲသည် ဆက်လက်၍ မဲနှိုက်ချင်သေးသော်လည်း Rigor Mortis ကမ္ဘာ၌ ကောင်းမွန်သောအရာများစွာ မရှိတော့ပေ။ အများကြီးနှိုက်ခြင်းက ဖြုန်းတီးရာရောက်ပေလိမ့်မည်။ ၁၀ ကြိမ်ဆက်တိုက်မဲနှိုက်ခြင်း သုံးကြိမ်မှာ စိတ်ကျေနပ်ရန် လုံလောက်နေပြီဖြစ်သည်။ ကျန်ရှိသော မှော်ဝင်ငွေ ၂၇၁၉၀ ကိုမူ ကံစမ်းမဲပေါက်ထဲ၌ ကောင်းတာလေးတွေရှိမှ သုံးပါတော့မည်။

သူသည် သူ့ကိုယ်သူ ထိန်းရမည်ဖြစ်ပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်စေ၍မရပေ။ အကောင်းဆုံးအရာမှာ သေချာပေါက် သေမင်းတမန်စကင်ပင် ဖြစ်သည်။ ၎င်းကို ရရှိပြီးပြီဖြစ်သဖြင့် ပိုက်ဆံများ ထပ်မံပုံအောနေစရာ မလိုတော့ပေ။

မဲနှိုက်ပြီးနောက် သူ၏ လက်ရှိ အရည်အချင်းများကို ကြည့်လိုက်၏။

တန်ဝမ်ကျဲ:

အဆင့်: ၁ (၀/၅၀)

သွေး (HP): ၁၅/၁၅

မန်နာ: ၂၀/၂၀

ခွန်အား : ၉/၉

အတွေ့အကြုံ: ၇၀၅

စွမ်းရည်များ:

ဓားလက်ချောင်း အဆင့် ၂ (၁/၂၅၀)၊ မန်နာသုံးစွဲမှု: ၂

မော်ရှန်း ကျန်းမာရေးလက်ဝှေ့သိုင်းကျင့်စဥ် အဆင့် ၂ (၁/၉၀)၊ အမြင့်ဆုံးမန်နာ +၄၊ အမြင့်ဆုံးခွန်အား +၁

မိုးကြိုးလက်ဝါး အဆင့် ၂ (၁/၂၅၀)၊ မန်နာသုံးစွဲမှု: ၃၊ သွေးသုံးစွဲမှု: ၁

မီးထိန်းချုပ်ခြင်း အဆင့် ၂ (၁/၄၀)၊ မန်နာသုံးစွဲမှု: ၄/၁စက္ကန့်

ပါရမီများ:

အဝတ်စုတ် အဆင့် ၁ (နေ့စဉ် ညသန်းခေါင်အချိန်တွင် ပိုက်ဆံမဆောင်ရ၊ ဆောင်ပါက ကံဆိုးမှု +၁၀၊ အပေါက်ပါသောအဝတ်ကို ဝတ်ရမည်၊ မဟုတ်ပါက ကံဆိုးမှု +၁၀)

မြေနင်းခြင်း အဆင့် ၁ (ဝိညာဉ်ပူးကပ်ခြင်းမှ ခန္ဓာကိုယ်ထိခိုက်မှု -၁၀%၊ ဝိညာဉ်ပူးနိုင်ခြေ +၁၀%)

လူပျိုကြီး အဆင့် ၁ (ကလေးရနိုင်ခြေ ၀%)

ယင်ယန်မျက်လုံး အဆင့် ၄ (တစ္ဆေများကို မြင်နိုင်သည်၊ လှည့်စားမှုများကို ဖောက်ထွင်းမြင်နိုင်စွမ်း ၇%)

အသုံးအဆောင်များ:

လက်နက်: ဓားမကြီး +၃

မှော်လက်နက် ၁: နန့်ရန် သံတောင်ဝှေး +၆

မှော်လက်နက် ၂: ဓာတ်ကြီးငါးပါး သံလိုက်အိမ်မြှောင် +၁

ဦးထုပ်: ကြေးပြားမျက်နှာဖုံး +၁၀

တိုက်ပွဲတွင် အတူလိုက်ပါရန် ဇာတ်ကောင်: အမြွှာမိန်းကလေးများ၊ ဖုတ်ကောင်ဦးလေးတုန်းနှင့် ကြွက်သားသရဲပု။

သို့သော် ၎င်းတို့၏ ခွန်အားမှာ အလွန်အားနည်းနေပြီး မူလစွမ်းအားကို ပြန်လည်ရရှိရန် အဆင့်မြှင့်တင်ရဦးမည်ဖြစ်သည်။

တန်ဝမ်ကျဲသည် သူ၏ ကိုယ်ပိုင်အဆင့်ကို မမြှင့်တင်ရသေးချေ။ သူ ကစားခဲ့ဖူးသော မိုဘိုင်းဂိမ်းများတွင် တိုက်ခိုက်ရေးမဟုတ်သော ကွပ်ကဲမှုအမျိုးအစား ဇာတ်ကောင်အနေဖြင့် အဆင့်မြှင့်တင်ရခြင်း၏ ရည်ရွယ်ချက်မှာ ပိုမိုခက်ခဲသော လျှို့ဝှက်နယ်မြေများကို ဖွင့်ရန်သာဖြစ်သည်။ တန်ဝမ်ကျဲ ကူးပြောင်းလာသည်မှာ ရက်ပေါင်း လေးဆယ်ကျော်သာ ရှိသေးပြီး သူ့ကို အဆင့်မြှင့်တင်ရန် တိုက်တွန်းသူ သို့မဟုတ် လိုက်လံဖမ်းဆီးသူမျိုး မရှိသေးပေ။

“မော်ရန်းကျန်းမာရေးလက်ဝှေ့သိုင်းကျင့်စဉ်” တစ်ခုတည်းနှင့် မလုံလောက်သေးချေ။ သူသည် ကျင့်စဉ်အသစ်များကို ရှာဖွေသင်ယူရဦးမည်ဖြစ်သည်။ စုဆောင်းထားသော အတွေ့အကြုံများကို အဆင့်မြှင့်တင်ခြင်း၌ အလဟဿ မဖြုန်းတီးနိုင်ပေ။

ညအချိန်တွင်....။

တန်ဝမ်ကျဲသည် သတင်းအချက်အလက်များ မေးမြန်းရန်အတွက် စက္ကူများနှင့် အမွှေးတိုင်များကို မီးရှို့ကာ အမျိုးသမီးတစ္ဆေ ရှောင်ယွီအား ဆင့်ခေါ်လိုက်သည်။ မိုင်တစ်ရာကျော် ခရီးမှာ လူတစ်ယောက်အတွက် အချိန်အကြာကြီး ကြာသော်လည်း တစ္ဆေတစ်ကောင်မှာမူ ပျံသန်းသွားနိုင်ပေသည်။

သို့သော် တန်ဝမ်ကျဲ အချက်တစ်ချက်ကို မေ့သွားခဲ့၏။ ၎င်းမှာ ယင်ယန်မျက်လုံးသည် တစ္ဆေများ၏ သေဆုံးစဉ်က ရုပ်သွင်ကို တိုက်ရိုက်မြင်ရခြင်း ဖြစ်သည်။

တစ်ချိန်က ကြယ်လေးများလို တောက်ပခဲ့သောတစ္ဆေသတို့သမီးမှာ ယခုအခါ မျက်နှာတစ်ခြမ်း ပုပ်ပွနေကာ၊ မျက်လုံးများ ပြူးထွက်နေပြီး ဆံပင်များမှာလည်း ဓာတိး်လိုက်ထားသလို ထောင်ထနေ၏။ ၎င်းကို ကြည့်ရသည်မှာ အလွန်ပင် မသက်မသာ ဖြစ်လှသည်။

“မင်းရဲ့ အလှပြင် Filter တွေ ဘယ်ရောက်ကုန်တာလဲ။”

တန်ဝမ်ကျဲ ရင်ထဲ၌ အကြီးအကျယ် ဝမ်းနည်းသွားခဲ့သည်။ ယင်ယန်မျက်လုံးနှင့်ဆိုလျှင် သူသည် “အမျိုးသမီးတစ္ဆေများ၏ အချစ်ကျော့ကွင်း” အခန်းကဏ္ဍသို့ မည်သည့်အခါမျှ ရောက်နိုင်တော့မည်မဟုတ်ပေ။

All Chapters