← Chapters

ပန်းမက်မွန်ကံဇာတာ ၂

Vol. 6 Ch. 53

ပန်းမက်မွန်ကံဇာတာ ၂

Vol. 6 Ch. 53

ရှောင်ယွီသည် ပြုံးရွှင်စွာဖြင့် အနားသို့ တိုးကပ်သွားခဲ့သော်လည်း တွေဝေငေးမောနေသော မျက်နှာတစ်ခုနှင့်သာ ဆုံလိုက်ရလေသည်။

မမတုန်းလို့ ခေါ်ပြီး ငါ့စက်ဘီးကို စီးချင်တုန်းက စီးခဲ့ပြီးတော့ အခုကျမှ ဘာလို့ အလှပြင်ဖေလ်တာ ပိတ်ထားတာလဲလို့ မေးနေရတာတုန်း။

“အလှပြင်ဖေလ်တာဆိုတာ ဘာလဲ။”

ရှောင်ယွီ နားမလည်နိုင် ဖြစ်သွားခဲ့၏။ ၎င်းသည် ချီးကျူးစကား မဟုတ်မှန်းတော့ သူမ အလိုလို သိနေခဲ့သည်။

“မင်းရဲ့ သဘာဝအလှကို ချီးမွမ်းနေတာပါ။”

ထို့နောက် တန်ဝမ်ကျဲ ဘယ်ဘက်သို့ မျက်နှာလွှဲလိုက်၏။ သူသည် လှပခြင်းမရှိသော အရာများကို ကြည့်ရန် ငြင်းဆန်သည့် စစ်မှန်သော လူကြီးလူကောင်း တစ်ဦး မဟုတ်ပါလား။

“ခစ်ခစ်”

ရှောင်ယွီသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ပျော်ရွှင်စွာ ရယ်မောကာ သူ့ကို ခဏခဏ ခိုးကြည့်နေခဲ့သည်။

သူမသာ လူပြန်ဝင်စားရန် အလောတကြီး ဖြစ်မနေပါက ချူရှန်းထက်ပင် ပိုချောသည့် တန်ဝမ်ကျဲ၏ မျက်နှာကို ကြည့်ရင်း...

အင်း...သူဘက်ကသာ အရင်စတင်ခဲ့မယ်ဆိုရင် သူမ ငြင်းမှာ မဟုတ်ပါဘူး။

“မင်း သရဲဖမ်းကျွမ်းကျင်သူ ဘယ်နှစ်ယောက် ရှာတွေ့ခဲ့လဲ။”

တန်ဝမ်ကျဲက ချက်ချင်းပင် အလုပ်ကိစ္စဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ရောက်နေခဲ့သော်လည်း ရှောင်ယွီ၏ ကြောက်မက်ဖွယ် ရုပ်ဆိုးလှသော မျက်နှာနှင့် အကြည့်ချင်း မဆုံမိစေရန်မှာ ခက်ခဲနေဆဲပင်။

ရှောင်ယွီသည် ထူးဆန်းသည်ဟု တွေးလိုက်မိသော်လည်း ပြန်ဖြေလိုက်၏။

“နှစ်ယောက် ရှာတွေ့ခဲ့တယ်။ တစ်ယောက်က ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတွေနဲ့ ဖုံးလွှမ်းနေတာ။ ငါ အနားတောင် မကပ်ရသေးဘူး...သူက ရိပ်မိသွားတော့မလို့။ နောက်တစ်ယောက်ကတော့ မိန်းမတစ်ယောက်ပဲ။ သူမရဲ့ မန္တန်တွေက သာမန်ပဲ။ အင်း.. ရုပ်ရည်ကလည်း အသင့်အတင့်ပါပဲ။”

တန်ဝမ်ကျဲက ရှောင်ယွီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရှောင်ယွီက ထိုမိန်းမ၏ ရုပ်ရည်ကို အသင့်အတင့်ဟု ပြောကတည်းက ထိုမိန်းမသည် သရဲပင် မနာလိုဖြစ်ရလောက်အောင် လှပနေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုမိန်းမက ဘယ်သူလဲဆိုသည်ကို သူ မသိသော်လည်း ပထမတစ်ယောက်မှာမူ စီနီယာအစ်ကိုကြီးရှီကျန့်ဖြစ်ရမည်မှာ သေချာပေသည်။ ကျယ်ပြောလှသော ဝိညာဉ်ရေးရာလောကတွင် လက်ဗလာဖြင့် လျှပ်စီးကို အမိန့်ပေးနိုင်သည့် တာအိုဆရာမျိုးကို ရှာရခက်ပေလိမ့်မည်။

“လျှပ်စီးနဲ့ တစ်ယောက်က ဘယ်မှာလဲ။”

“ကွမ်းရှီမှာ”

“အဲ့လောက်တောင် ဝေးတာလားဟ။ သူက အဲ့မှာ ချဉ်ဖက်သွားစားနေတာလား။”

မကြာခင်ကမှ လေးလုံးက သူ အနီးအနားမှာ ရှိသည်ဟု ပြောခဲ့သော်လည်း ယခုတော့ ကွမ်းရှီကို ရောက်သွားခဲ့ပြန်ပြီ။

ဒီတာအိုဆရာတွေကတော့ တကယ်ကို လွင့်မျောနေတော့တာပဲ။ သူတို့မှာ ကောင်းကင်ကို အံတုနိုင်တဲ့ စွမ်းအားတွေ ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ သေနတ်တစ်လက် ဒါမှမဟုတ် ငွေဒင်္ဂါး ဒါဇင်အနည်းငယ်နဲ့ အလွယ်တကူ ကိုင်တွယ်လို့ ရပါတယ်။ တစ်ခုပဲ စိုးရိမ်ရတာက သူတို့က လူယုတ်မာတွေဖြစ်ပြီး လူတွေကို ဒုက္ခပေးဖို့ ရည်ရွယ်ရင်တော့ တကယ်ကို ကာကွယ်ရ ခက်ခဲလိမ့်မယ်။

“နောက်တစ်ယောက်ကကော”

“ကျန်းကြားခိုမှာ”

တန်ဝမ်ကျဲသည် ရှောင်ယွီ၏ သရဲမျက်နှာကို ကြည့်ရင်း သူမ သူ့ကို နောက်နေသလားဟုပင် သံသယဝင်သွားမိ၏။ ကမ္ဘာကြီးသည် အလွန်ကျယ်ပြောလှသော်လည်း သူမက ပြည်နယ်အသီးသီးက လူများကို သွားရှာတွေ့ခဲ့သည်မှာ ထူးဆန်းလှပေသည်။

“ငါ့ရဲ့ လူပြန်ဝင်စားဖို့ ကိစ္စကကော...”

ရှောင်ယွီသည် သနားစဖွယ် အမူအရာ လုပ်ကာ တန်ဝမ်ကျဲ၏ မျက်နှာနားသို့ တိုးကပ်လာ၏။ တန်ဝမခကျဲမှာ လန့်ဖျန့်သွားပြီး နောက်သို့ ဆတ်ခနဲ ခုန်ဆုတ်လိုက်မိသည်။

“ပြောစရာရှိတာကို ပြောစမ်းပါ။ ဒီလောက်ကြီး တိုးမလာနဲ့။”

ချူရှန်းက တကယ် အစာအိမ် ခိုင်တာပဲ။ ပိုပြီးအံ့သြဖို့ကောင်းတာက ရှောင်ယွီရဲ့ အလှပြင်ဖေလ်တာပိတ်ထားတဲ့ ရုပ်ကို မြင်ပြီးတာတောင် သူက လွမ်းဆွတ်နေနိုင်သေးတယ်။

ရှောင်ယွီက ကျေနပ်စွာ ပြုံးလိုက်ပြီး လိမ္မာပါးနပ်စွာ နောက်သို့ ဆုတ်ပေးလိုက်သည်။

ထိုအရာကို မြင်သောအခါ တန်ဝမ်ကျဲက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့..ငါက မိန်းကလေးတွေကို ဘယ်တော့မှ မလိမ်ဘူး။ နောက်ရက်အနည်းငယ်အတွင်းမှာ ငါ တစ်ယောက်ယောက်ကို မေးပေးမယ်။ မင်း အရင်ပြန်နှင့်လိုက်တော့။ အရေးကြီးတဲ့ ကိစ္စမရှိရင် ငါ့ကို လာမရှာနဲ့။”

သူသည် ဖြောင့်မတ်မှန်ကန်ပြီး မည်သည့်သရဲ၏ ဆွဲဆောင်မှုတွင်မှ ပါမသွားသည့်သူအလား ဟန်ဆောင်ပြောဆိုလိုက်သည်။

“နင်က ငါ ကျေးဇူးဆပ်တာကို မလိုချင်ဘူးလား။”

ရှောင်ယွီသည် ပဝါတစ်ထည်ဖြင့် သူမ၏ မျက်နှာတစ်ခြမ်းကို ဖုံးကွယ်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ ဖုံးလိုက်သည်မှာ မပုပ်သေးသည့် ဘက်ခြမ်းဖြစ်ပြီး၊ သွေးချင်းချင်းနီကာ ပုပ်စပြုနေသည့် အခြမ်းမှာမူ ပေါ်နေဆဲပင်။

“ဂလု”

ရှောင်ယွီ သူ့ဆီသို့ ဖြည်းဖြည်းချင်း လွင့်မျောလာသည်ကို ကြည့်ရင်း တန်ဝမ်ကျဲမှာ နံရံနှင့် ကျောကပ်သွားသည်အထိ နောက်ဆုတ်လိုက်ရ၏။ ပြေးစရာ နေရာမရှိတော့သဖြင့် သူက ကြောက်ကြောက်လန့်လန့်ဖြင့် ရယ်မောလိုက်ရသည်။

“ဟားဟား မင်းကျေးဇူးဆပ်တယ်ဆိုတာ နောက်ဘဝကျရင် ငါ့ဆီမှာ ကျွန်တစ်ယောက်လို လာအစေခံမယ်လို့ ပြောတာမလား။”

“ငါ ဆိုလိုတာက...”

ရှောင်ယွီ၏ ပြူးထွက်နေသော မျက်လုံးများက တန်ဝမ်ကျဲကို စိုက်ကြည့်နေသော်လည်း သူမ၏ ရယ်သံမှာမူ နူးညံ့ကာ ဆွဲဆောင်မှု ရှိလှသည်။

“ကိုယ့်...ကိုယ်ကို... အပ်..နှင်း..ပြီး..အိမ်..ထောင်..ဖက်..အဖြစ်...။”

“အဲလောက်အထိ အားနာစရာ မလိုပါဘူး။”

“ခစ်ခစ်...ရှင်က စနောက်ရတာ တကယ်လွယ်တာပဲ။ ကျွန်မ သွားပြီ။”

ရှောင်ယွီက သူမ၏ အလှဖြင့် တန်ဝမ်ကျဲအား အလွယ်တကူ ညှို့ယူနိုင်ခဲ့သည်ဟု ယုံကြည်နေ၏။ သူ၏ “အပြစ်ကင်းစင်သော” ဘက်ကို မြင်လိုက်ရသဖြင့် သူမ ပျော်ရွှင်စွာ ပျံထွက်သွားခဲ့သည်။

တန်ဝမ်ကျဲ၏ ဘယ်ဘက်လက်ထဲတွင် သံတောင်ဝှေးနှင့် ညာဘက်လက်တွင် ဓားမကြီးကို ကိုင်ကာ အဆင်သင့် ဖြစ်နေသည်ကိုတော့ သူမ မသိခဲ့ပေ။

အကယ်၍ ရှောင်ယွီသာ ထပ်တိုးလာခဲ့လျှင် သူက...။

...

“အုအီအီးအူ....”

“ဘယ်ကောင်က ဒီနှိုးစက်ကို မွေးထားတာလဲဟ။”

တန်ဝမ်ကျဲသည် မျက်နှာကို လက်ဖြင့်ပွတ်ကာ မျက်လုံးကို အနိုင်နိုင် ဖွင့်လိုက်သည်။

မိုးက လင်းကာစသာ ရှိသေး၏။

တစ်နေ့တာ၏ အောင်မြင်မှုသည် နံနက်ခင်း၌ မူတည်ပေသည်။ နံနက်ခင်းသည် လေ့ကျင့်ခန်း လုပ်ရန် အကောင်းဆုံး အချိန်ဖြစ်ပြီး ကြိုးစားမှုတစ်ဝက်လောက်ဖြင့် နှစ်ဆသော ရလဒ်ကို ရရှိစေနိုင်သည်။

သူ့အတွက်တော့ နံနက်ခင်း အိပ်ချင်မူးတူးဖြစ်ရခြင်းကြောင့် စိတ်တိုရသည်ကို ထိန်းချုပ်ရန် ခက်ခဲနေဆဲပင်။

တန်အိမ်တော်၌ အစေခံ အနည်းငယ်သာ ရှိသည်။ အဝတ်လျှော်၊ ထမင်းချက်၊ အောက်ခြေသိမ်း အလုပ်များအတွက် စုစုပေါင်း လူတစ်ဒါဇင်ခန့်သာ ရှိသည်။

သူ ထလိုက်ပြီး စုံစမ်းကြည့်လိုက်ရာ မနက်စောစောက တွန်နေသော အရာမှာ သူ မှော်ဝင်ငွေ ၁၀ ပြားဖြင့် ဝယ်ထားသည့် ကြက်ဖကြီး ဖြစ်နေလေသည်။

“သခင်ကြီး ဒီကြက်ဖကို ဘယ်က ဝယ်လာတာလဲ။ အရမ်းလှတာပဲ။”

ငယ်ရွယ်သော အစေခံမလေးတစ်ဦးက တန်ဝမ်ကျဲအား သတ္တိမွေးကာ စကားပြောလိုက်သည်။

အနီရောင် အမောက်နှင့် ကြက်ဖကြီးသည် ရင်ကိုကော့ကာ ခြံဝန်းအတွင်း၌ လမ်းလျှောက်နေ၏။ တန်ဝမ်ကျဲကို မြင်သောအခါ ၎င်းက ခေါင်းစောင်းကာ ခဏတာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားခဲဘသည်။

တန်ဝမ်ကျဲက ပဝါဖြင့် မျက်နှာကို သုတ်လိုက်ပြီး ပြောလိုက်သည်။

“ဒီကြက်ဖက ထူးခြားတယ်။ ငါ သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားမှာ။ သေမသွားစေနဲ့။ ပုံမှန်အတိုင်း အစာနဲ့ ပိုးကောင်တွေ ကျွေးထားလိုက်။ ဪ...ပြီးတော့ ကြက်မ နည်းနည်းလောက် ခေါ်လာခဲ့။ ဒီကြက်ဖကို မျိုးပွားခိုင်းရမယ်။”

၎င်းသည် အလေးချိန်ပြည့်ပြီး “ပြီးပြည့်စုံတဲ့” ကြက်ဖကြီးဖြစ်ပြီး သူ၏မျိုးရိုးမှ ဆင်းသက်လာသည့် သားသမီးများသည်လည်း တကယ်ကို လတ်ဆတ်ပြီး အရသာရှိမှာ သေချာပေသည်။

မှော်ဝင်ငွေ ၁၀ ပြားသာ မပေးထားရပါက တန်ဝမ်ကျဲသည် ၎င်းကို အမှန်တကယ် မြည်းစမ်းကြည့်ချင်မိသည်။

သူ့မှာ ချမ်းသာကြွယ်ဝမှု ရှိသော်လည်း အစားအသောက်အတွက်ဖြင့် မှော်ဝင်ငွေ ၁၀ ပြား သုံးရသည်မှာ ဈေးကြီးလွန်းနေသေးသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး။”

မျက်နှာသစ်ပြီးနောက် တန်ဝမ်ကျဲသည် အိမ်နောက်ဖေးသို့သွားကာ အမွှေးတိုင် ထွန်းလိုက်၏။

အနာဂတ်တွင် ဆက်သွယ်ရမည့် နတ်ဘုရားများ ပိုမိုများပြားလာသည်နှင့်အမျှ သူသည် နောက်ဆုံးတွင် ဘုရားကျောင်းကြီးတစ်ခု တည်ဆောက်ရပေလိမ့်မည်။

သူသည် ကွမ်းယွီ သို့မဟုတ် စစ်သူကြီးကျိုးချန်ထံမှ မျက်နှာသာ မရသေးသော်လည်း ဆရာဘိုးဘေးမှာမူ အလွန်ပင် ယဉ်ကျေးပျူငှာလှပေသည်။

[ယနေ့အတွက် ကောင်းချီး- ပန်းမက်မွန်ကံဇာတာ +၂]

ဆရာဘိုးဘေး ခင်ဗျားက အောင်သွယ်တော် အလုပ်ပါ လုပ်နေတာလား။ နောင်လည်း ဒါမျိုးတွေ ပေးသနားပါဦး။ တခြားကြောင့် မဟုတ်ပါဘူး။ ကျုပ်ရဲ့ အားနည်းချက်တွေကို စမ်းသပ်ကြည့်ချင်လို့ပါ။

“နတ်ဘုရားတွေတင် မဟုတ်ဘူး။ နောင်ကျရင် လနတ်သားရုပ်ထုကိုပါ ပင့်ဆောင်ရမယ်။”

မနက်စာ စားပြီးနောက် တန်ဝမ်ကျဲသည် သူ၏ လက်ဝှေ့ပညာနှင့် မန္တန်များအား ကျွမ်းကျင်မှု တိုးစေရန် လေ့ကျင့်နေလိုက်သည်။ သူ၏ခွန်အား အမှတ် ၃၀ မပြည့်ခင်၌ မီးထိန်းချုပ်ခြင်းနှင့် မော်ရှန်းကျန်းမာရေး လေ့ကျင့်ခန်း လက်ဝှေ့သိုင်းတို့ကို အဆင့်တစ်ခု တိုးမြှင့်နိုင်မည်ဟု သူ ယုံကြည်နေခဲ့သည်။

သူ အနားယူနေစဉ်မှာပင် တစ်ယောက်ယောက်က အနားသို့ တိုးလာခဲ့သည်။

“သခင်ကြီး ဘေးမြို့က ဝိုင်ချက်စက်ရုံပိုင်ရှင် သူဌေးကျောက်က အလုပ်ကိစ္စ ဆွေးနွေးဖို့အတွက် လက်ဖက်ရည်ဆိုင်ကို ဖိတ်ထားပါတယ်။”

“သူဌေးကျောက်လား။ သူက ဒီလောက်စောစောကြီး ရောက်နေတာလား။”

တန်ဝမ်ကျဲ အံ့သြသွားခဲ့ပြီးနောက် ပြုံးလိုက်သည်။

“သူ မစောင့်နိုင်တော့ဘူးဆိုတာ ငါ သိသားပဲ။”

ထိုသရဲခြောက်သော ဝိုင်ချက်စက်ရုံမှာ ကိုင်တွယ်ရန် မလွယ်ကူလှပေ။ ဘေးမြို့တွင် ဦးလေးကျိုးရှိသဖြင့် သူ အမြတ်ထုတ်ရန်မှာ မှန်ကန်သော ကိစ္စပင် ဖြစ်သည်။

ဤသည်ကလည်း အဓိပ္ပာယ်ရှိပေသည်။ မဟုတ်လျှင် မြို့တိုင်းမှာသာ ဦးလေးကျိုး၏ ရင်ခွဲရုံ ရှိနေပြီး တပည့်များ အသီးသီး ထားရှိမည်ဆိုပါက ဦးလေးကျိုးသည် သမ္မတနိုင်ငံခေတ်၏ လုပ်ငန်းစုကြီး ပိုင်ရှင်ပင် ဖြစ်နေမည်ဖြစ်ပြီး သူသည် တန်ဝမ်ကျဲထက်တောင် ပို၍ချမ်းသာနေပေလိမ့်မည်။

တန်ဝမ်ကျဲ အကြိမ်ကြိမ် မေးဖူးသော်လည်း ဦးလေးကျိုးတွင် ရင်ခွဲရုံတစ်ခုတည်းသာရှိပြီး ၎င်းမှာလည်း ရန်ကျားမြို့တွင်သာ ရှိခြင်းဖြစ်သည်။

သူသည် အပြင်သို့ ထွက်ကာ မြင်းရထားပေါ် တက်ပြီး လက်ဖက်ရည်ဆိုင်သို့ အပြေးသွားလိုက်၏။

သူ ဆိုင်ထဲသို့ ဝင်လိုက်သောအခါ ဂျာကင်တို ဝတ်ထားသည့် လူလတ်ပိုင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူသည် ကောက်ကျစ်သော မျက်နှာထားနှင့် ကာမဂုဏ် လိုက်စားသော အကြည့်မျိုး ရှိကာ ဘေးစားပွဲက မိန်းကလေးတစ်ဦးကို ရယ်မောကာ စနောက်နေခဲ့သည်။

“အဟမ်း...သူဌေးကျောက်။”

တန်ဝမ်ကျဲ ချောင်းအသာ ဟန့်လိုက်၏။

“အို သူဌေးထန်။”

သူဌေးကျောက်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးမှာ အနည်းငယ် ရင်းနှီးကြပေသည်။ သူတို့သည် တန်မိသားစုမြို့ရှိ ရူယွီဂေဟာနှင့် သူဌေးကျောက်၏ ကျိုချွမ်းမြို့ရှိ ဖီးနစ်မျှော်စင် တစ်နည်းအားဖြင့် ပြည့်တန်ဆာအိမ်တို့တွင် ညဉ့်နက်သန်းခေါင်၌ အမှတ်မထင် ဆုံဖူးကြပေသည်။

ထိုနေရာများအပြင် အရှေ့ရွာရှိ ယီဟုန်မျှော်စင်လည်း ရှိသေးသည်။ ထိုနေရာများကို ဝန်းကျင်ရှိ အဓိက လည်ပတ်စရာ နေရာ ၃ ခုအဖြစ် သတ်မှတ်ထားကြ၏။

ယီဟုန်မျှော်စင်မှာ မာမိသားစု ဘိုးဘေးခန်းမနှင့် အလွန်နီးပေသည်။ ထိုနေရာမှာပင် သတ္တိခဲကျန်းသည် တစ်ညအိပ်ရန် လောင်းကြေးထပ်ခဲ့ပြီး ဖုတ်ကောင်နှင့် တိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနေရာ၏ အပြင်အဆင်မှာမူ သာမန်မျှသာဖြစ်သည်။ ကမ္ဘာကူးမလာခင်က တန်ဝမ်ကျဲသည် ထိုနေရာသို့ ဆယ်ကြိမ်ခန့်သာ ရောက်ခဲ့ဖူးပေသည်။

ယခု တစ်ဖန် ပြန်ဆုံသောအခါ သူဌေးကျောက်မှာ ယခင်ကအတိုင်း စုတ်ပြတ်နေဆဲ ဖြစ်သော်လည်း တန်ဝမ်ကျဲမှာမူ အတွင်းရော အပြင်ပါ အသစ်စက်စက် ဖြစ်နေပြီဖြစ်သည်။

ရောဂါကူးစက်ခံရလျှင် ကုသ၍ မရနိုင်ပေ။ ယန်စွမ်းအင် ကုန်ခမ်းပြီး အသက်တိုခြင်းက AIDS ဖြစ်ခြင်းထက် ပိုကောင်းပါသေးသည်။ ထို့ကြောင့် တန်ဝမ်ကျဲသည် ထိုကဲ့သို့သော နေရာများကို ရှောင်ကွင်းရန် ဆုံးဖြတ်ခဲ့သည်။ သူသည် လူရိုသေ၊ ရှင်ရိုသေ ဖြစ်လာကတည်းက သူဌေးကျောက်နှင့် ဆုံရန် အခွင့်အရေး မရှိတော့ပေ။ ယနေ့ အလုပ်ကိစ္စ ဆွေးနွေးရန် တွေ့ဆုံရခြင်းမှာ တကယ့်ကို “ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ပြန်လည်ဆုံတွေ့ခြင်း” ပင် ဖြစ်သည်။

“အို ဦးလေးတစ်ယောက် သေဆုံးသွားတာက လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ဒီလောက်တောင် ပြောင်းလဲသွားစေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။”

သူဌေးကျောက်က တန်ဝမ်ကျဲကို ပြုံးစစဖြင့် ကြည့်လိုက်၏။ သူ၏ စကားများမှာ အလွန်ပင် နားဝင်ဆိုးလှပေသည်။

“ကျုပ် ခင်ဗျားကို မဂုဏ်ပြုရသေးဘူး သူဌေးတန်။”

သူဌေးကျောက် ပြောသည်မှာ အမှန်ပင်။ တန်ဝမ်ကျဲသည် အသုံးမကျသော သခင်လေးဘဝမှ တန်သူဌေးကြီးသစ် ဖြစ်လာရခြင်းမှာ သူ၏ကြိုးစားမှုကြောင့် မဟုတ်ဘဲ သူ၏ ဦးလေးသေဆုံးသွားပြီး အမွေများ ထားရစ်ခဲ့သောကြောင့် ဖြစ်သည်။

တန်ဝမ်ကျဲ၏ အတွေ့အကြုံမှာ မိုင်ပေါင်း ရာချီအတွင်းရှိ မည်သူမဆို မနာလိုဖြစ်စေလောက်ပေသည်။ သူသာ မြို့တော်တွင် အရာရှိရာထူးကို စောစောစီးစီး မရရှိခဲ့ဘဲ သေနတ်ကိုင် ရဲတပ်ဖွဲ့ကို မဖွဲ့စည်းနိုင်ခဲ့လျှင် ဓားပြများ သို့မဟုတ် သူခိုးများသည် တန်အိမ်တော်၏ တံခါးကို “မတော်တဆ” ဝင်ရောက်လာပြီး လုယက်သွားကြသည်မှာ ကြာလှပြီ ဖြစ်သည်။

တန်ဝမ်ကျဲက ခေါက်ယပ်ကို ဖွားခနဲ ဖွင့်လိုက်ပြီး ထိုင်ချလိုက်၏။

“အကယ်၍ ဒီအမွေတွေကို ပြန်ပေးပြီး ကျုပ်ရဲ့ဦးလေးကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ကျုပ်—တကယ်—ကို—ဆန္ဒ—ရှိ—ပါတယ်။”

သူဌေးကျောက်က စိတ်ထဲကနေ ထွီခနဲ တံတွေးထွေးလိုက်မိသည်။ ဤမျှ မောက်မာသောသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။

ဒီသခင်လေးတန်ကတော့ တကယ်ကို သု့ရဲ့အသက်အပျောက်တွေကို မဖျောက်ပစ်နိုင်တဲ့ ကျားသစ်တစ်ကောင်ပဲ။ ဒီနေ့တော့ သူ့ကို ကောင်းကောင်း လိမ်စားပြီး ပြဿနာတွေကို သူ့ခေါင်းပေါ် ပုံချရမယ်။

ထိုသို့တွေးမိလိုက်သောအခါ သူဌေးကျောက်၏ မျက်နှာပေါ်၌ အပြုံးပန်းတစ်ခု ပွင့်လန်းလာခဲ့သည်။ သူသည် ငွေနှင့် ပတ်သက်လျှင် မည်သည့် အငြိုးအတေးကိုမှ အတားအဆီး မခံနိုင်ပေ။

သူသည် ယနေ့တွင် ဤကောင်အား သေချာပေါက် လိမ်စားတော့မည် ဖြစ်သည်။

All Chapters