အလို... ငါက ငါ့ဦးလေးလို ဖြစ်နေပါလား
Vol. 6 Ch. 55
တန်ဝမ်ကျဲ မြင်းရထားနှင့် ကျူးမိသားစု၏ ပျော်ရွှင်ခြင်းခန်းမ စက္ကူပန်းပုဆိုင်ဝင်းထဲသို့ ရောက်ရှိလာသောအခါ တန်အိမ်တော်မှ အစေခံများမှာ အင်္ကျီလက်မောင်းရင်းများကို လိပ်တင်ကာ စက္ကူပန်းပုဆိုင်မှလူများနှင့် အပြင်းအထန် ငြင်းခုံနေကြသည်ကို တွေ့လိုက်ရလေသည်။
ဘေးပတ်ပတ်လည်တွင်လည်း စပ်စုကြည့်ရှုနေသူ အတော်များများ ရှိနေကြသည်။
“သခင်ကြီး ကြွလာပြီ။”
လူတစ်ဦးက လှမ်းအော်လိုက်သဖြင့် ဆူညံနေသော မြင်ကွင်းမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
တန်ဝမ်ကျဲသည် မြင်းရထားပေါ်မှ ဆင်းရင်း သူ၏ခါးကို အသာအယာ လှည့်လိုက်၏။ သူဌေးကြီးတန်လုပ်ရသည်မှာ တကယ်ကို မလွယ်ကူလှပေ။ မြင်းရထားစီးရသည်မှာ သူ၏ခါးကို နာကျင်စေပေသည်။
ဗိုက်ရွှဲရွှဲနှင့် လူဝကြီးတစ်ဦးမှာ သတ္တိခဲကျန်းနှင့် အတော်လေး ဆင်တူပြီး တံခါးဝတွင် သူ၏လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ ပိတ်ရပ်ထားခဲ့သည်။ တန်အိမ်တော်၏ အစေခံများမှာ ထိုသူနှင့် အခြေအတင် ဖြစ်နေကြပြီး အခြားသူများကလည်း ဘေးမှ ဝိုင်းပြောနေကြသည်။
သူ တစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ ကျူးမိသားစုမှ ထွားကျိုင်းသော လူတစ်ဒါဇင်ခန့်မှာ ရန်လိုသော အမူအရာရှိသော်လည်း တကယ်တမ်း လက်ပါသည်အထိတော့ မဖြစ်ကြသေးပေ။ တန်ဝမ်ကျဲ ပေါ်လာသည်နှင့် ဆူညံသံများ ရပ်တန့်သွားပြီး လူတိုင်းက သူ့ကို တစ်ညီတစ်ညွတ်တည်း စိုက်ကြည့်လာခဲ့ကြလေသည်။
“သခင်ကြီးတန်...။”
ထိုစဉ် လူအုပ်ထဲတွင် အကဲခတ်နေသော ဝိုင်ဟွားအဘိုးကြီးတစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူသည် တန်ဝမ်ကျဲကို ကူညီရသည်အား သဘောကျပေသည်။ အကြောင်းမှာ တန်ဝမ်ကျဲက လက်ဖက်ရည်ဖိုး ရက်ရက်ရောရော ပေးတတ်သောကြောင့် ဖြစ်ပြီး အလုပ်မရှိလျှင်ပင် သူနှင့်နီးစပ်ရုံဖြင့် အကျိုးအမြတ် တစ်ခုခု ရတတ်သောကြောင့် ပင်။
“ဆိုင်ရှင်က ဘယ်သူလဲ။”
တန်ဝမ်ကျဲက မေးလိုက်သော်လည်း သူ၏မျက်လုံးများမှာမူ ထိုလူဝကြီးဆီသို့သာ စိုက်ကြည့်နေခဲ့သည်။
ဒီမျက်နှာသာ ဘာမှထူးခြားမနေဘူးဆိုရင် ‘ဇာတ်လိုက်’ တစ်ယောက်ရဲ့ မျက်နှာပဲ ဖြစ်ရမယ်။
“ကျုပ်ပဲ...”
လူဝကြီးက သူ၏ရင်ဘတ်ကို မို့လိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“...ဒုတိယ ဦးလေးဘိုးဘိုးက ဆိုင်ရှင်ပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဒုတိယ ဦးလေးဘိုးဘိုး ဆုံးသွားပြီဆိုတာနဲ့ ကျုပ်က ကျူးမိသားစုရဲ့ ဆိုင်ရှင်အသစ် ဖြစ်လာမှာ။”
“ဆိုင်ရှင်လေးလား။ မင်း တာဝန်ယူနိုင်လို့လား။”
တန်ဝမ်ကျဲသည် ဤကိစ္စအတွက် ကိုယ်တိုင်လာရန် မလိုအပ်ပေ။ ဤသည်မှာ စက္ကူရုပ်များနှင့် စက္ကူမြင်းများ ဝယ်ယူရန်သာဖြစ်ပြီး သူ၏ လက်အောက်ငယ်သားများက ဤမျှအရေးမပါသော ကိစ္စလေးကိုပင် အဆင်ပြေအောင် မလုပ်နိုင်ဘဲ ရှုပ်ထွေးအောင် လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
“သူဌေးတန်...”
ထိုလူဝကြီးက ဝတ္ထုထဲမှ သိုင်းသမားတစ်ဦးကဲ့သို့ လက်ယှက်၍ အရိုအသေပေးလိုက်သည်။ ကြည့်ရသည်မှာ အနည်းငယ်တော့ ထုံအအနိုင်လှသည်။
“ကျုပ်က ခင်ဗျားနဲ့ စီးပွားရေး မလုပ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ညီအစ်ကိုအရင်းအခြာ မာနျန့်ချန်း ဆုံးသွားလို့ပါ။ သူ သွားရမယ့် ခရီးမှာ အဖော်ရအောင် စက္ကူရုပ်တွေနဲ့ စက္ကူမြင်းတွေကို စောင့်နေတုန်းပဲ။ သူ့ကို လေလွင့်နေတဲ့ တစ္ဆေတစ်ကောင် မဖြစ်စေချင်လို့ ခင်ဗျားတို့ရဲ့ အော်ဒါကို ငြင်းလိုက်ရတာပါ။ တခြားနေရာမှာသာ သွားဝယ်လိုက်ကြပါ။”
“မာနျန့်ချန်းလား။”
တန်ဝမ်ကျဲ မျက်မှောင်ကျုံ့လိုက်မိ၏။ ထိုအမည်ကို သူ မကြားဖူးပေ။
ဒါ ဘယ်ရုပ်ရှင်ထဲက ဇာတ်ကောင်လဲ။
“သူက မာမိသားစုရဲ့ တစ်ဦးတည်းသောသား မာလင်ရှန်းပါ။ မာနျန့်ချန်း ဆိုတာက သူ့ရဲ့ နာမည်ပြောင်ပါ။”
ဝိုက်ဟွားအဘိုးကြီးက ဘေးမှနေ၍ တိုးတိုးလေး ပြောပြလိုက်သည်။
“သခင်ကြီးမာက ခင်ဗျားရဲ့ ဦးလေးနဲ့ စီးပွားဖက်ဟောင်းတွေပါ။ မာနျန့်ချန်းက အသုံးမကျဘဲ အပြင်မှာ လျှောက်သွားနေတာလေ။ ပြီးခဲ့တဲ့ရက်ကမှ ရုတ်တရက်ကြီး အလောင်းအဖြစ် ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူက ကိုယ်ဝန်ရင့်မာနဲ့ မိန်းမတစ်ယောက်ကိုတော့ ခေါ်လာနိုင်ခဲ့လို့ မာမိသားစုမှာ အမွေဆက်ခံမယ့်သူ ကျန်ခဲ့တယ်လို့ ပြောရမယ်။”
အတင်းအဖျင်း သတင်းများနှင့် ပတ်သက်လာလျှင် ဝိုင်ဟွားအဘိုးကြီးကဲ့သို့ လူမျိုးထက် ပိုသိသူ မရှိပေ။
“သူ့နာမည်က ဘယ်သူလဲ။”
တန်ဝမ်ကျဲက လူဝကြီးကို ကြည့်ကာ မေးလိုက်သည်။
“ကျူးဟန်လီ။”
“ဟမ်။”
“ကျူးဟုန်လီလို့လည်း ခေါ်တယ်။ နာမည်ပြောင်က ‘ကျူးအူမကြီး’ပါ။”
ထိုအခါမှ တန်ဝမ်ကျဲ နားလည်သွားတော့သည်။ ယခင်က ရုပ်ရှင်ဇာတ်ကောင်များကို စုံစမ်းသည့်အခါက သူ ဘာကြောင့် ရှာမတွေ့ခဲ့သလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ နာမည်က နာမည်၊ နာမည်ပြောင်က နာမည်ပြောင် ဖြစ်နေသည်ကိုး။ ထို့အပြင် သူသည် ရုပ်ရှင်ဇာတ်ကောင်များနှင့် သုံးပုံတစ်ပုံ၊ ငါးပုံတစ်ပုံခန့်သာ ဆင်တူသဖြင့် ကိုယ်တိုင်မျက်မြင် မတွေ့ရလျှင် အချို့သော ဇာတ်ကောင်များကို လွဲချော်သွားရန်မှာ အလွန်လွယ်ကူလှပေသည်။
ဖြစ်နိုင်သည်မှာ သူသည် လမ်းပေါ်တွင် အရေးကြီးသော ဇာတ်ကောင်အချို့နှင့် ပုခုံးချင်းတိုက်မိခဲ့သော်လည်း သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။
သူ့ရှေ့တွင်ရှိနေသော စိတ်မနှံ့သလိုပုံစံနှင့် လူဝကြီးမှာ ‘The Haunted Cop Shop’ ဇာတ်ကားထဲမှ ကျူးအူမကြီး ဖြစ်နေခဲ့လေသည်။ ဤအခြေအနေနှင့် အမှန်တကယ်ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဇာတ်လမ်းက ရိုးရှင်းပါသည်။ မာလင်ရှန်းသည် လမ်းဘေးမှ နတ်ဆိုးတာအိုဆရာများနှင့် ပူးပေါင်းကာ မာမိသားစု၏ အသုဘအဆောင်အယောင် ပစ္စည်းများကို လိမ်လည်ရယူရန် သူ၏သေဆုံးမှုကို အတုပြုလုပ်ခဲ့သည်။ မမျှော်လင့်ဘဲ အဖိုးတန်သည့်အရာမှာ အဆောင်အယောင်ပစ္စည်းများ မဟုတ်ဘဲ သခင်ကြီးမာ ချန်ရစ်ခဲ့သော ငွေပြားတစ်သိန်းခွဲခန့် ရှိသည့် အမွေအနှစ်ကြီး ဖြစ်နေခဲ့လေသည်။
ထိုငွေများအတွက် နတ်ဆိုးတာအိုဆရာများက လူသေအတုကို လူသေအစစ်ဖြစ်အောင် မာလင်ရှန်းအား သတ်ပစ်လိုက်ကြ၏။ သေဆုံးသွားသော မာလင်ရှန်း၏ ဝိညာဉ်သည် ကူညီတောင်းရန်အတွက် ကျူးအူမကြီးကို လာရှာတော့လေသည်။
ကျူးအူမကြီးသည် အလွန်သစ္စာရှိသူဖြစ်ရာ ကလဲ့စားချေရန် သူ၏ကိုယ်ခန္ဓာကို မာလင်ရှန်းအား ခေတ္တငှားရမ်းပေးခဲ့သည်။ သို့သော် မာလင်ရှန်းသည် ကလဲ့စားချေပြီးနောက် သူ၏ကိုယ်ထဲမှ ပြန်မထွက်ဘဲ ထွက်ပြေးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် ကျူးအူမကြီးသည် လှည့်စားခံလိုက်ရပြီး သူ၏ကိုယ်ထဲသို့ ပြန်ဝင်ရမည့် အချိန်ကို လွဲချော်သွားကာ လူရှင်ဘဝမှ လူသေဘဝသို့ ပြောင်းလဲသွားခဲ့ရသည်။
သူ၏ စေ့စပ်ထားသူ ရှောင်ယွမ်သည် ကျူးအူမကြီး၏ ဒုတိယ ဦးလေးဘိုးဘိုး၏ လမ်းညွှန်မှုဖြင့် ကျူးမိသားစု၏ မျိုးဆက်မပြတ်စေရန် သေဆုံးပြီး ခုနစ်ရက်မြောက်နေ့တွင် ဝိညာဉ်ပြန်လာချိန်၌ ‘သေမင်းတမန်’ များထံမှ ကျူးအူမကြီး၏ ဝိညာဉ်ကို ပြန်လည်လုယူရန် ဆုံးဖြတ်ခဲ့လေသည်။
သေမင်းတမန်များနှင့် နတ်ဆိုးတာအိုဆရာများ....။ တန်ဝမ်ကျဲသည် ထိုကဲ့သို့သော ပြဿနာများထဲသို့ မပါဝင် မပတ်သက်ချင်ပေ။
“ဒုတိယ ဦးလေးဘိုးဘိုး ရောက်လာပြီ။”
ထိုစဉ် လူအုပ်ကြီးသည် ဘေးသို့ဖယ်ပေးလိုက်ကြပြီး လူနှစ်ဦး၏ ဖေးမမှုဖြင့် တုန်တုန်ချိချိနှင့် လျှောက်လာသော အိုမင်းမစွမ်း အဖိုးအိုတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။
ဒုတိယ ဦးလေးဘိုးဘိုး၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး စကားပြောလျှင်ပင် တုန်ယင်နေ၏။ သူ၏ ခြေထောက်များမှာလည်း အထိန်းအကွပ်မရှိ တုန်ယင်နေသဖြင့် အသက်အရွယ်အရ အိပ်ရာထဲ ဆီးသွားသည့်အရွယ်သို့ ပြန်ရောက်နေပြီဟုပင် ထင်ရသည်။
“ဘာတွေ ဖြစ်နေတာလဲ။”
“ဒုတိယ ဦးလေးဘိုးဘိုး၊ ဒါက သူဌေးတန်ပါ...”
လူတစ်ဦးက ရှေ့သို့တိုးကာ အခြေအနေအားလုံးကို ရှင်းပြလိုက်သည်။
၎င်းကို နားထောင်ပြီးနောက် ဒုတိယ ဦးလေးဘိုးဘိုးက ခေါင်းငြိမ့်လိုက်ပြီး တန်ဝမ်ကျဲဘက်သို့ လှည့်၍ လက်ယှက်အရိုအသေပေးလိုက်သည်။
“ဪ...နားလည်ပါပြီ။ သူဌေးတန် စိတ်အေးအေးထားပါ။ ကျုပ်တို့ ပျော်ရွှင်ခြင်းခန်းမက နာမည်ပျက်မရှိတဲ့ ဆိုင်ဟောင်းကြီးပါ။ စီးပွားရေးမှာ သစ္စာရှိမှုကို တန်ဖိုးထားပါတယ်။ ပစ္စည်းအားလုံးကို ဒီနေ့ အရောက်ပို့ပေးပါ့မယ်။ ခင်ဗျားတို့ရဲ့ လူကြီးမိဘတွေအတွက် အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး။”
မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့သည် ဘဝ၏ အဓိကကိစ္စရပ်များပင် ဖြစ်သည်။ ဘိုးဘေးများကို သင်္ဂြိုဟ်မည့် အရေးကြီးသည့်အချိန်တွင် ကတိဖျက်ခြင်းသည် မိတ်ဆွေကို ရန်သူအဖြစ်သို့ အလွယ်တကူ ပြောင်းလဲစေနိုင်ပေသည်။ ဒုတိယ ဦးလေးဘိုးဘိုးသည် မမေးဘဲနှင့်ပင် ဤအမှားအားလုံးမှာ ကျူးအူမကြီးကြောင့် ဖြစ်သည်ကို သိနေခဲ့လေသည်။
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်၏။ နားလည်မှုရှိသောသူနှင့် တွေ့ရသည်မှာ ကောင်းပါသည်။ သူကလည်း ဒုတိယ ဦးလေးဘိုးဘိုးကို ပြန်လည်နှုတ်ဆက်ရင်း ထိုလူကြီးကို မျက်နှာသာပေးလိုက်သည်။
“ဒုတိယ ဦးလေးဘိုးဘိုး။”
ကျူးအူမကြီးက စိုးရိမ်တကြီး ပြောလိုက်၏။
“စက္ကူရုပ်တွေနဲ့ စက္ကူမြင်းတွေ အားလုံးကို ရောင်းလိုက်ရင် လင်ရှန်းအတွက် ဘယ်လိုလုပ်ရမှာလဲ။”
“မင်း ဒီကိုလာခဲ့...။ ဘာလုပ်ရမလဲဆိုတာ ငါပြောပြမယ်။”
ဒုတိယ ဦးလေးဘိုးဘိုးက ပြုံးကာ လှမ်းခေါ်လိုက်သည်။
ကျူးအူမကြီးက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် အနားသို့ တိုးသွားချိန်တွင် အဖိုးအိုသည် ရုတ်တရက် သူ၏လက်မောင်းကို အားဖြင့်လွှဲကာ ကျူးအူမကြီး၏ ပါးကို ရိုက်ချလိုက်တော့သည်။
“ဖြန်း...။”
ပေါင်နှစ်ရာကျော်ရှိသော လူဝကြီးမှာ ဒုတိယ ဦးလေးဘိုးဘိုး၏ ပါးရိုက်ချက်ကြောင့် တစ်ပတ်လည်ကာ မြေကြီးပေါ်သို့ လွင့်စင်သွားတော့သည်။
“အိုး...”
ဒုတိယ ဦးလေးဘိုးဘိုးက သူ၏လက်ဖဝါးကို လေဖြင့် မှုတ်လိုက်၏။ အရေထူသော လူဝကြီးကို ရိုက်လိုက်ရသဖြင့် သူ၏လက်ဖဝါးမှာ အတော်လေး နာသွားပုံရသည်။
ကျူးအူမကြီးက ရုတ်တရက် ရောင်ကိုင်းသွားသော သူ၏ပါးကို ပွတ်သပ်လိုက်၏။ သူစကားပြောရန် ပြင်လိုက်စဉ်တွင် ဒုတိယ ဦးလေးဘိုးဘိုးက ဖြတ်ပြောလိုက်သည်။
“မာလင်ရှန်းက တခြားမြို့မှာ ဆုံးတာ ခုနစ်ရက်တောင် ကျော်နေပြီ။ စက္ကူရုပ်တွေ၊ မြင်းတွေအတွက် မင်းက ဘာလို့ ဒီလောက်လောနေတာလဲ။ နေ့စဉ်ဘဝမှာ ဘာမှအသုံးမကျဘဲ လူရယ်စရာ ဖြစ်အောင်ပဲ လုပ်တတ်တယ်။ မာလင်ရှန်းရဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနားတွေ ပြီးတဲ့အထိ စောင့်နေစမ်း။”
“ဟုတ်ကဲ့ပါ။”
ကျူးအူမကြီးက သူ၏ပါးကို ပွတ်ရင်း မတ်တပ်ထရပ်လိုက်သည်။
ဒါတွေအားလုံးက ပြဇာတ်တစ်ခုလိုပါပဲ။ ဒီပါးရိုက်ချက်က ဘာများပြောပလောက်လို့လဲ။
“အစ်ကိုကျူး...။”
ထိုစဉ် နူးညံ့ပျော့ပျောင်းသော ခေါ်သံလေးတစ်ခု လူအုပ်ထဲမှ ထွက်ပေါ်လာသဖြင့် လူတိုင်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
အပြာရောင်အဝတ်အစားများ ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးမှာ စိုးရိမ်တကြီးဖြင့် ကျူးအူမကြီး၏ အနားသို့ ပြေးလာခဲ့သည်။
“အစ်ကိုကျူး...ရှင် ဘာဖြစ်သွားသေးလဲ။”
“ရှောင်ယွမ် မင်း ဘာလို့ ဒီကိုရောက်နေတာလဲ...။”
ကျူးအူမကြီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူမနှင့် ဝေးရာသို့ ချက်ချင်း ခပ်ခွာခွာ နေလိုက်သည်။
သူသည် မိဘများ စီစဉ်ပေးထားသော ဤအိမ်ထောင်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်သည်။ သူကိုယ်တိုင်မှာ အသုံးမကျသူမှန်း သိသဖြင့် သူ့အနားက မခွာနိုင်အောင် ဖြစ်နေသော ရှောင်ယွမ်ကို အမြဲတစေ ခပ်စိမ်းစိမ်းသာ ဆက်ဆံလေ့ရှိသည်။
“ကျူးမိသားစုမှာ တစ်ခုခုဖြစ်နေတယ် ကြားလို့ လာကြည့်တာပါ။”
စကားပြောနေရင်း ရှောင်ယွမ်က တန်ဝမ်ကျဲကို မသိမသာ လှမ်းကြည့်လိုက်၏။ ထို့နောက် တည်ငြိမ်စွာပင် မျက်နှာပြန်လွှဲကာ ကျူးအူမကြီးဆီသို့သာ ဂရုတစိုက် ပြန်ကြည့်နေလိုက်ပြန်သည်။
ဒီညီမလေးကို ငါတစ်နေရာမှာ မြင်ဖူးသလိုပဲ။
ခဏတာ မြင်လိုက်ရခြင်း ဖြစ်သော်လည်း ထိုမိန်းကလေးမှာ ဟုန်ကူးနှင့် ငါးပုံ၊ ခြောက်ပုံခန့် ဆင်တူသည်ကို တန်ဝမ်ကျဲ သတိထားမိလိုက်သည်။ သို့သော် ဟုန်ကူး၏ ဆွဲဆောင်မှုနှင့် ညှို့ဓာတ်များ မပါဝင်ဘဲ ရိုးသားအေးဆေးသော မိန်းကလေးတစ်ဦး၏ ပုံစံသာရှိသဖြင့် အနည်းငယ်တော့ နှမြောစရာ ကောင်းလှသည်။
ထို့အပြင် ဤမိန်းကလေးသည် သူ၏ ခန့်ညားလှပသော ရုပ်ရည်ကို လျစ်လျူရှုနိုင်ကာ သာမန်လူတစ်ယောက်ကို ကြည့်သလို တစ်ချက်သာကြည့်ပြီးနောက် ဗိုက်ရွှဲ နားရွက်ကားနှင့် ကျူးအူမကြီးဆီသို့သာ အာရုံစိုက်နေသည်မှာ ထူးဆန်းလှသည်။
ငါ့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကို ဘယ်လိုဖြစ်လို့ မစွဲလမ်းနိုင်ရတာလဲ။ ပြဿနာ တစ်ခုခုတော့ ရှိရမယ်။
ပြဿနာရှိနေသည်မှာ တန်ဝမ်ကျဲ မဟုတ်ဘဲ ရှောင်ယွမ်သာ ဖြစ်သည်။
ကြည့်စမ်း...ရှေးရိုးစွဲဝါဒတွေက အမျိုးသမီးတွေကို ဘယ်လောက်တောင် နှိပ်စက်ထားသလဲဆိုရင် ခန့်ညားတဲ့ အမျိုးသားတွေကိုတောင် စေ့စေ့မကြည့်ရဲတော့တဲ့အထိပဲ။
အရွယ်ကောင်း မိန်းကလေးတစ်ယောက်မှာ မိဘစီစဉ်ပေးသည့် အိမ်ထောင်ရေးကြောင့် လင်သေရင်တောင် ကြက်ဖနှင့် လက်ထပ်ရမယ့် ကံကြမ္မာကို ဆုပ်ကိုင်ထားရသည်။ နောက်ပိုင်းမှာ သူမက သေမင်းတမန်ကို မောင်းထုတ်ပြီး ကျူးအူမကြီး၏ ဝိညာဉ်ကို ပြန်ခေါ်ပေးခဲ့သော်လည်း နောက်ဆုံးတော့ ကလေးတစ်ယောက်နှင့် မုဆိုးမဘဝနှင့်သာ အထီးကျန်စွာ နေသွားရသည့် ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရရှာ၏။
တန်ဝမ်ကျဲသည် ကြင်နာတတ်သူ ဖြစ်ရာ သူမအား ဤကံကြမ္မာလှောင်အိမ်ထဲမှ လွတ်မြောက်စေရန်နှင့် ခါးသီးသော ဘဝနောက်ပိုင်းအချိန်များကို ကယ်တင်ရန်အတွက် သူကိုယ်တိုင် စတေးခံကာ ကူညီပေးရပေတော့မည်။
“အထဲဝင်ပြီး ပစ္စည်းတွေ သယ်ကြ၊ ယဉ်ယဉ်ကျေးကျေး လုပ်ကြနော်။”
တန်ဝမ်ကျဲက အမိန့်ပေးလိုက်ပြီးနောက် ဒုတိယ ဦးလေးဘိုးဘိုးကို ပြောလိုက်သည်။
“နောက်ကျရင် စာရင်းတွေ ရှင်းဖို့အတွက် ပျော်ရွှင်ခြင်းခန်းမဆိုင်က စာရင်းကိုင်ကို တန်အိမ်တော်ဆီ လွှတ်လိုက်ပါ။”
“ဒါက လုပ်ရမှာပါ။”
ဒုတိယ ဦးလေးဘိုးဘိုးက ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြလိုက်၏။ ယနေ့ ဖြစ်ပျက်ခဲ့သော ပြဿနာမှာ သူ၏ ဆွေမျိုးသားချင်းကြောင့် ဖြစ်သဖြင့် သူကပင် အားနာနေရသည်။ တန်ဝမ်ကျဲက သူ့ကို လေးလေးစားစား ဆက်ဆံသဖြင့် သူကလည်း ယဉ်ကျေးရမည်သာ ဖြစ်သည်။ သင့်မြတ်ခြင်းက စည်းစိမ်ကို ယူဆောင်လာသည် မဟုတ်ပါလား။
“ခင်ဗျားတို့ သယ်စရာမလိုပါဘူး။ ကျုပ်တို့ သယ်ပေးပါ့မယ်။”
ပါးရိုက်ခံထားရသော ကျူးအူမကြီးမှာ ချက်ချင်းပင် အပြုံးမျက်နှာဖြင့် တန်ဝမ်ကျဲ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“သူဌေးတန် ဒီပစ္စည်းတွေအားလုံးကို ခင်ဗျားရဲ့ အိမ်တော်အရောက် ကျုပ်တို့ ပို့ဆောင်ပေးပါ့မယ်။”
ဤအချိန်တွင် ကျူးအူမကြီးသည် ရှောင်ယွမ်၏ အနှောင့်အယှက်မှ အမြန်ဆုံး လွတ်မြောက်ချင်နေရုံသာမက သူသည် ဖောက်သည်ကြီးတစ်ဦးကို ပြစ်မှားမိထားသဖြင့် ကောင်းကောင်း ဧည့်မခံပါက ဒုတိယ ဦးလေးဘိုးဘိုးက သူ့ကို အရှင်လတ်လတ် အရေခွံခွာလိမ့်မည်ကို သိနေခဲ့လေသည်။
ဤသည်မှာ အော်ဒါအကြီးကြီး တစ်ခုဖြစ်၏။ ၎င်းမှာ ပျော်ရွှင်ခြင်းခန်းမဆိုင်တစ်ခုလုံးရှိ ပစ္စည်းအားလုံးကို သိမ်းကျုံးဝယ်ယူခြင်း ဖြစ်သည်။ ကျူးအူမကြီး၏ ခေါင်းမာမှုသာ မရှိလျှင် မည်သူမဆို တန်ဝမ်ကျဲကို မြေကြီးမှာ ကပ်နေအောင် ဦးချနှုတ်ဆက်ကြမည်မှာ သေချာပေသည်။
တန်ဝမ်ကျဲ ဝယ်ယူလိုက်သော ပစ္စည်းများမှာ လမ်းမတစ်ခုလုံးရှိ သာမန်လူများအားလုံး အသုဘအခမ်းအနား ပြုလုပ်ရန် လုံလောက်သည်ဟု ပြောလျှင်ပင် မမှားပေ။
တန်ဝမ်ကျဲက စက္ကူရုပ်များနှင့် စက္ကူမြင်းများကို သယ်နေသော သူ၏အစေခံများကို လက်ညှိုးထိုးပြကာ “ဒီလောက်ဆို ရပြီ” ဟု ပြောလိုက်သည်။
အမှားအယွင်း မရှိစေရန်အတွက် သူ၏ လူများကိုသာ သယ်ခိုင်းခြင်းက ပို၍စိတ်ချရပေသည်။
ကျူးအူမကြီးက ခေါင်းကို ကုတ်လိုက်ပြီးနောက် တန်ဝမ်ကျဲ၏ မြင်းရထားကို လှမ်းမြင်သွားခဲ့၏။
“သူဌေးတန် ကျုပ် ခင်ဗျားရဲ့ ရထားမောင်းသမား လုပ်ပေးပါ့မယ်။ ရထားမောင်းတာက ကျုပ်ရဲ့ ကျွမ်းကျင်မှု တစ်ခုပဲ။”
“ဒါက... မသင့်တော်ဘူး ထင်တယ်...။”
တန်ဝမ်ကျဲက ရှောင်ယွမ်ကို မသိမသာ လှမ်းကြည့်လိုက်ရာ သူမသည် သူ့ကို တည်ငြိမ်စွာပင် တစ်ချက်ကြည့်ပြီးနောက် ကျူးအူမကြီးဆီသို့သာ ချစ်ခင်မြတ်နိုးသော အကြည့်များဖြင့် ပြန်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူဌေးကြီးတန်က ရထားထဲမှာ ထိုင်နေတယ်။ ကျူးအူမကြီးက ရထားမောင်းပေးနေတယ်။ လှပတဲ့ ရှောင်ယွမ်ကလည်း ရှိနေတယ်...။ ဘာလို့ ဒါက ရင်းနှီးနေသလို ခံစားနေရတာပါလိမ့်။
အလို... ငါက ငါ့ဦးလေးလို ဖြစ်နေပါရောလား။